အခန်း (၁၁၁-၁၁၂)
Vol. 12 Ch. 111-112
အခန်း။ ၁၁၁
အရာအားလုံး ငြိမ်သက်သွားသည့်အခါ ကျောက်စိမ်းဥ၏ မျက်နှာပြင်ထက်တွင် တောက်ပသော စိမ်းပြာရောင် အလင်းတန်းများ လှိုင်းထလျက် ရှိနေတော့သည်။
တစ်ချိန်တည်းမှာပင် စူးရှထက်မြက်သော အငွေ့အသက်များ စိမ့်ထွက်လာပြီး ဥအတွင်းရှိ အသက်ဓာတ်မှာလည်း ယခင်ကထက် များစွာ ပိုမိုကြွယ်ဝလာခဲ့ပြီ ဖြစ်သည်။
[ဤဥ၏ အဆီအနှစ်ကို ပြန်လည်ဖြည့်တင်းပြီးပါပြီ။ အကောင်ဖောက်လိုပါသလား]
"ဖောက်မယ်"
ကုယွမ်၏ ရင်ထဲတွင် လှုပ်ရှားသွားမိသည်။
ခရက်... ဂျောက်... ဂျောက်...
ကျောက်စိမ်းဥ မျက်နှာပြင်တစ်ခုလုံးတွင် သေးငယ်သော အက်ကြောင်းများ ပင့်ကူအိမ်သဖွယ် ပြည့်နှက်သွားတော့သည်။
အက်ကြောင်းများ အတိုင်းအတာတစ်ခုအထိ ကျယ်ပြန့်လာသည့်အခါ ဥခွံအစိပ်အပိုင်းတစ်ခု ပွင့်ထွက်သွားပြီး အထဲမှ စိမ်းပြာရောင် ဝဝဖိုင့်ဖိုင့် ပိုးကောင်လေးတစ်ကောင် တွားသွားကာ ထွက်လာသည်။
လက်မခန့် အထူရှိပြီး သုံးလက်မကျော် ရှည်လျားသော ထိုပိုးကောင်လေးသည် တွားသွားသည့်အခါ တုန်တုန်ချိချိနှင့် ဖိုင့်ထွားနေပြီး ကြည့်ရသည်မှာ အလွန်ပင် ချစ်စဖွယ် ကောင်းသည်။
[စိမ်းပြာရောင်ရိပ် ဓားလိပ်ပြာ အကောင်ဖောက်ခြင်း အောင်မြင်သည်]
စိမ်းပြာရောင် ပိုးကောင်လေးသည် အပြင်သို့ ရောက်လာသည်နှင့် နှမ်းစေ့ခန့်ရှိသော မျက်လုံးနက်လေးများဖြင့် ဟိုဟိုဒီဒီ ဝေ့ကြည့်လိုက်သည်။
ထို့နောက် ကုယွမ်ကို မြင်သွားသည့်အခါ သူ၏ လက်ဝါးထဲတွင် ကိုယ်လေးကို ဟိုဘက်ဒီဘက်ပွတ်သပ်ကာ ချွဲနွဲ့နေတော့သည်။
ချက်ချင်းဆိုသလိုပင် ကုယွမ်မျက်စိရှေ့၌ အသိပေးချက်တစ်ခု ပေါ်လာပြန်သည်။
[စိမ်းပြာရောင်ကျောက်စိမ်း ဓားလိပ်ပြာသည် သင့်ကို သခင်အဖြစ် အသိအမှတ်ပြုလိုသည်။ သဘောတူပါသလား]
ကုယွမ် အံ့ဩသွားမိသည်။
ဤဝိညာဉ်သားရဲစနစ်က အကောင်ဖောက်ပေးလိုက်ခြင်းကြောင့်လား သို့မဟုတ် သူကပဲ ပထမဆုံး မြင်လိုက်ရသည့်သူ ဖြစ်နေ၍လားတော့ မသိပေ။
ဤကောင်လေးက သူ့ကို သခင်အဖြစ် အသိအမှတ်ပြုချင်နေခြင်းပင်။
ဤအတွေး လျှပ်ခနဲ ပေါ်လာပြီးနောက် ကုယွမ်က တုံ့ဆိုင်းမနေဘဲ "သဘောတူတယ်" ဟု တိုက်ရိုက်ပင် ပြောလိုက်တော့သည်။
စကားဆုံးသည်နှင့် တပြိုင်နက် ပျောက်ကွယ်နေသည်မှာ ကြာပြီဖြစ်သော ခံစားချက်တစ်ခု ပြန်လည် နိုးထလာသည်။
သူ၏ ဝိညာဉ်စွမ်းအားများသည် အပြင်သို့ စဉ်ဆက်မပြတ် ဆွဲထုတ်ခံလိုက်ရပြီး စိတ်ကူးယဉ်ဆန်သော်လည်း လက်တွေ့ကျလှသော နက်နဲသည့် အဆောင်တစ်ခုအဖြစ် စုစည်းသွားသည်။
ထို့နောက် ထိုအဆောင်သည် စိမ်းပြာရောင်ရိပ် ဓားလိပ်ပြာ ပိုးလောင်းလေးပေါ်သို့ ပျံသန်းသွားတော့သည်။
အလင်းတစ်ချက် လျှပ်ခနဲ လက်သွားပြီးနောက် အဆောင်သည် ပိုးကောင်လေး၏ ကိုယ်ထဲသို့ ပေါင်းစပ်သွားကာ အရိပ်အယောင်ပင် မကျန်တော့ပေ။
[အသိအမှတ်ပြုခြင်း အောင်မြင်သည်။ သင်သည် စိမ်းပြာရောင်ရိပ် ဓားလိပ်ပြာကို အိမ်မွေးတိရစ္ဆာန်အဖြစ် ရရှိလိုက်ပြီ]
[စိမ်းပြာရောင်ရိပ် ဓားလိပ်ပြာ (ရွှေရောင်အဆင့်)]
[ဖော်ပြချက် - ဤသတ္တဝါသည် ရှေးဟောင်းထူးဆန်းပိုးမွှား စိမ်းပြာရောင်ကျောက်စိမ်း ဓားလိပ်ပြာ၏ မျိုးဆက်ဖြစ်ပြီး လောကတွင် ရှားပါးလှသော ဝိညာဉ်လိပ်ပြာမျိုးနွယ်ဖြစ်သည်။ မွေးရာပါ ထက်မြက်သော ဓားတာအို နတ်ဘုရားအတတ်ပညာများကို ပိုင်ဆိုင်သည်။ အတောင်ပံကို တစ်ချက်ခတ်ရုံဖြင့် စူးရှသော စိမ်းပြာရောင်ကျောက်စိမ်း ဓားအရှိန်အဝါများကို ထုတ်လွှတ်နိုင်ပြီး ဓားတစ်လက်ဖြင့် အတတ်ပေါင်းစုံကို ဖြိုခွင်းနိုင်ခြင်းဟူသော ကြောက်မက်ဖွယ် စွမ်းရည်ရှိသည်။
လောလောဆယ်တွင် ပိုးလောင်းအဆင့်သာ ရှိသေးသော်လည်း ဓားအလင်းတန်းများကို မှုတ်ထုတ်နိုင်ပြီး ထူးခြားသော နတ်ဘုရားအတတ်ပညာများကို ပိုင်ဆိုင်ထားဆဲပင်။
စိမ်းပြာရောင်ကျောက်စိမ်း ဓားလိပ်ပြာအဖြစ်သို့ ဆင့်ကဲပြောင်းလဲရန်မှာ ၎င်းသည် အကောင်ကြီးဘဝသို့ ရောက်ရှိရန် လိုအပ်ပြီး တာအိုနိမိတ်အမှတ် ၁၆၀,၀၀၀ အသုံးပြုရမည် ဖြစ်သည်]
[အခြေအနေ - ပုံမှန်]
[အဆင့် - ကြီးထွားမှုအဆင့် (၁%)]
...
[သင်သည် စိမ်းပြာရောင်ရိပ် ဓားလိပ်ပြာ၏ ပါရမီဖြစ်သော ဓားနှလုံးသားကောင်းချီးကို ရရှိလိုက်သည်]
သခင်အဖြစ် အသိအမှတ်ပြုပြီးသည့်နောက်တွင် ကုယွမ်သည် ယခင်ကကဲ့သို့ စိတ်ပိုင်းဆိုင်ရာ နုံးချည့်ပင်ပန်းခြင်း မရှိတော့ပေ။ ဤသည်မှာ သူ၏ စိတ်ဆန္ဒစွမ်းအားများ ပိုမိုမြင့်မားလာခြင်းကြောင့် ဖြစ်ပေလိမ့်မည်။
ထို့နောက် ကုယွမ်သည် သူ၏စိတ်ထဲတွင် လှိုင်းအနည်းငယ် ထသွားသည်ကို ခံစားလိုက်ရသည်။ ငြိမ်သက်နေသော ရေကန်ထဲသို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ လှိုင်းလေးများမှာ အပြင်ဘက်သို့ ပြန့်ကားသွားသည်။
ထိုလှိုင်းလေးများသည် သူ၏ စိတ်အာရုံ အနှံ့အပြားသို့ ရောက်ရှိသွားတော့သည်။
ဤလှိုင်းလေးများ ပေါ်ထွက်လာသည်နှင့်အမျှ ကုယွမ်၏ စိတ်အာရုံမှာ ထူးဆန်းသော အလင်းတန်းများဖြင့် စတင်တောက်ပလာသည်။
ရှုပ်ထွေးသော အတွေးများ၊ အညစ်အကြေးများနှင့် စိတ်အာရုံကို မှုန်ဝါးစေသော အရာအားလုံးသည် ထိုအလင်းအောက်တွင် ပျောက်ကွယ်သွားပြီး စိတ်အာရုံတစ်ခုလုံးမှာ ဖန်သားကဲ့သို့ စင်ကြယ်ကာ ကြည်လင်သွားတော့သည်။
မမြင်နိုင်သော အံ့ဖွယ်ပြောင်းလဲမှုတစ်ခု သူ၏ စိတ်ထဲတွင် စတင်ဖြစ်ပေါ်လာသည်။ ဤပြောင်းလဲမှုအတွင်း သူလေ့ကျင့်ခဲ့ဖူးသော ဓားသိုင်းပညာရပ်များ တစ်ခုပြီးတစ်ခု ပေါ်လာသည်ကို ကုယွမ် ခံစားနေရသည်။
"မြေပြင်ပေါ်က မြွေတွေက တွားသွားတဲ့အခါ ကွေ့ကောက်လှည့်ပတ်ပြီး လမ်းကြောင်းခန့်မှန်းရ ခက်ခဲသလို... ဓားသွားကလည်း ဝေဟင်မှာ လှုပ်ရှားတဲ့အခါ ဝိညာဉ်မြွေတစ်ကောင်လို လျင်မြန်ဖြတ်လတ်ရမယ်... ဒါကြောင့်မို့..."
"မိုးမခပွင့်ဖတ်လေးတွေဟာ လေထဲမှာ ပေါ့ပါးလွင့်ပါးနေပြီး ဘယ်နေရာမှာ နားမယ်ဆိုတာ ခန့်မှန်းလို့ မရဘူး... အဲဒါက အပျော့စားသဘောတရားရဲ့ အနှစ်သာရပဲ... ဓားသိုင်းနဲ့ အတုယူတဲ့အခါ ပေါ့ပါးမှုထဲမှာ နူးညံ့မှု ပါရမယ်။ တည်ငြိမ်မှုထဲမှာတော့ ခိုင်မာမှု ရှိရမယ်..."
"လူသားမှာ အနှစ်သာရ၊ အသက်ဓာတ်နဲ့ ဝိညာဉ်ဆိုတဲ့ ရတနာသုံးပါး ရှိတယ်... အဲဒီသုံးပါးကို တစ်ခုတည်းအဖြစ် စုစည်းပြီး ဓားအဖြစ် ပြောင်းလဲလိုက်တဲ့အခါ ဘယ်နေရာမှာမဆို အနိုင်မရှိနိုင်တော့ဘူး... ဓားထဲမှာ ဝိညာဉ်ရှိပြီး ဝိညာဉ်ထဲမှာ ဆန္ဒရှိတယ်... ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ကို ဖျက်ဆီးနိုင်သလို အသက်ကိုလည်း နှုတ်ယူနိုင်တယ်..."
ဝိညာဉ်မြွေဓားသိုင်း၊ မိုးမခဓားသိုင်းနှင့် အသက်နှုတ်ဓားကျမ်းတို့၏ အနှစ်သာရနှင့် နက်နဲမှုအားလုံးကို ကုယွမ်သည် ယခုအခါတွင် အပြည့်အဝ နားလည်သဘောပေါက်သွားပြီ ဖြစ်သည်။ ယခင်က ဓားသိုင်းလေ့ကျင့်စဉ် ကြုံတွေ့ခဲ့ရသော ရှုပ်ထွေးနက်နဲသည့် ပြဿနာအားလုံးကို ယခုအခါ လွယ်လွယ်ကူကူပင် အဖြေရှာနိုင်ခဲ့သည်။
အထူးသဖြင့် အနက်နဲဆုံးနှင့် အကြမ်းတမ်းဆုံးဖြစ်သော အသက်နှုတ်ဓားကျမ်းနှင့် ပတ်သက်၍ ကုယွမ်သည် စိတ်ကူးစိတ်သန်းများ ပွင့်လင်းလာကာ ဤဓားကျမ်း၏ အနှစ်သာရကို ဆုပ်ကိုင်နိုင်ခဲ့သည်။
ဤအခိုက်အတန့်တွင် ပြင်းထန်ကာ ရက်စက်ပြီး လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိကာ စူးရှသည့် အရှိန်အဝါများ သူ၏ကိုယ်မှ စိမ့်ထွက်လာတော့သည်။
သူတစ်ကိုယ်လုံးမှာ အသက်ပေါင်းများစွာကို နှုတ်ယူခဲ့သော မိစ္ဆာဓားတစ်လက်ကို အိမ်ထဲမှ ဖြည်းဖြည်းချင်း ဆွဲထုတ်နေသကဲ့သို့ပင်။
ဓားအရှိန်အဝါက ဝိညာဉ်ကိုပင် ဖမ်းစားနိုင်စွမ်း ရှိနေသည်။ ထိုဓားအရှိန်အဝါထဲ၌ ပါဝင်နေသော အေးစက်လှသော သတ်ဖြတ်လိုစိတ်များက မည်သူ့ကိုမဆို ထိတ်လန့်တကြား ဖြစ်သွားစေနိုင်သည်။
ကုယွမ် လေ့ကျင့်နေသော အသက်နှုတ်ဓားကျမ်းသည် အသက်ရှူအကြိမ် တစ်ဆယ်ခန့်အတွင်းမှာပင် သူ၏ အနှစ်သာရကို နားလည်သဘောပေါက်စေခဲ့ပြီး အသက်နှုတ်ဓားဆန္ဒကို စုစည်းစေကာ အဆင့်မြင့်ဆုံး အောင်မြင်မှုအဆင့်သို့ တိုက်ရိုက် ရောက်ရှိသွားစေခဲ့သည်။
ဤအရာအားလုံးမှာ မျှော်လင့်ထားသည့်အတိုင်းပင် ချောမွေ့စွာ ဖြစ်ပျက်သွားခဲ့ခြင်းပင်။
ကုယွမ်သည် ကောင်းကင်ဘုံလူသားနယ်ပယ်သို့ ရောက်ရှိသွားသည်နှင့် တပြိုင်နက် အသက်
နှုတ်ဓားအရှိန်အဝါ နတ်ဘုရားအတတ်ပညာများကို လွယ်လွယ်ကူကူပင် စုစည်းကာ ကျင့်ကြံနိုင်တော့မည် ဖြစ်သည်။
ခေတ္တမျှကြာသော် ကုယွမ်သည် လေပူတစ်ချက်ကို ပြင်းပြင်းရှူထုတ်လိုက်၏။ သူ၏ စိတ်အာရုံအတွင်း၌ ဖြစ်ပေါ်နေသော အသွင်ကူးပြောင်းမှုများမှာ အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။
ယခုအခါ သူ၏ စိတ်အာရုံသည် တစ်စုံတစ်ရာသော ဆေးကြောသန့်စင်မှုကို ခံယူလိုက်ရသကဲ့သို့ အညစ်အကြေးကင်းစင်ကာ ဖန်သားကျောက်စိမ်းပမာ ကြည်လင်တောက်ပနေသည်ကို ခံစားနေရသည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် ရှုပ်ထွေးလှသည့် ပြဿနာနှင့် မေးခွန်းအဝဝတို့သည် သူ့အလိုလိုပင် အဖြေပေါ်ထွက်လာကြတော့သည်။
ယခင်က ကုယွမ်၏ ဓားသိုင်းပါရမီမှာ အသင့်အတင့်ကောင်းမွန်ရုံသာရှိပြီး ဓားတာအိုပါရမီရှင်ဟု အနိုင်နိုင် သတ်မှတ်၍ရခဲ့လျှင် ယခုမူ အနိုင်နိုင်ဆိုသည့် စကားလုံးကို ဖယ်ထုတ်ပစ်လိုက်နိုင်ပြီ ဖြစ်သည်။ သူသည် သံသယဖြစ်ဖွယ်မရှိသော စစ်မှန်သည့် ဓားတာအိုပါရမီရှင်တစ်ဦး ဖြစ်လာခဲ့ခြင်းပင်။
သူ၏ ဓားတာအိုပါရမီမှာ ဆယ်ဆမက အဆပေါင်းများစွာ တိုးတက်လာခဲ့သည်။ အခြားသူများ ဆယ်စုနှစ်တစ်ခုကြာအောင် လေ့ကျင့်ရမည့် ဓားသိုင်းအနှစ်သာရကို သူသည် ရက်
အနည်းငယ်အတွင်း ဆုပ်ကိုင်နိုင်စွမ်း ရှိလာခဲ့ပြီ ဖြစ်သည်။
တစ်ရက်တာ ဓားသိုင်းသင်ယူခြင်းသည်ပင် အခြားသူများ၏ နှစ်ပေါင်းများစွာ အားထုတ်ကြိုးပမ်းမှုနှင့် ညီမျှနေတော့သည်။
သူ၏ ရင်ထဲ၌ ပေါ့ပါးလွတ်လပ်မှု၊ ငြိမ်းချမ်းမှုနှင့် သဘာဝကျမှုတို့ ကိန်းအောင်းနေတော့သည်။ ကုယွမ်သည် မမြင်နိုင်သော သံခြေကျင်းတစ်ခုကို ဖြုတ်ချလိုက်ရသကဲ့သို့ တစ်ခါဖူးမျှ မကြုံဖူးသော ပေါ့ပါးမှုကို ခံစားနေရ၏။
ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာအရ ဖြစ်စေ သဘာဝကျကျ လျှော့ချထားနိုင်ပြီ ဖြစ်သည်။
အကယ်၍ သူ၏ စိတ်ထဲ၌ အာရုံနောက်စရာများ ပေါ်ပေါက်လာပါကလည်း စိတ်ဓားတစ်လက် ပေါ်ထွက်လာကာ ထိုအရာများကို ဖြတ်တောက်၍ ဖယ်ရှားပစ်လိမ့်မည် ဖြစ်သည်။
ဤပြောင်းလဲမှုများသည် ဓားတာအိုဆိုင်ရာ ပါရမီနှင့် ထိုးထွင်းသိမြင်မှုတို့တွင်တင်မကဘဲ သူ၏ အတွေးအခေါ်၊ စိတ်ဓာတ်ခိုင်မာမှုနှင့် ဝိညာဉ်စွမ်းအားတို့တွင်ပါ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း ကုယွမ် ရှင်းရှင်းလင်းလင်း သိမြင်နေသည်။
ယခင်ကမူ သူ၏ စိတ်ထဲ၌ သံသယများစွာ ရှိနေတတ်ပြီး တစ်စုံတစ်ခုကို လုပ်ဆောင်ရန် ဆုံးဖြတ်ပြီးလျှင်ပင် ဝေခွဲမရသည့် အတွေးများက သူ၏ လုပ်ဆောင်ချက်များကို အနှောင့်အယှက် ပေးတတ်သည်။
ယခုမူ ထိုသို့မဟုတ်တော့ပေ။
သူသည် ဓား၏ လမ်းစဉ်နှင့် သဘောတရားကို အပြည့်အဝ ကိုယ်စားပြုနိုင်ခဲ့ပြီး ဓားကဲ့သို့ပင် ပြတ်သား၍ ထက်မြက်လာခဲ့ပြီ ဖြစ်သည်။
သူ၏ အတွေးများသည် ကိစ္စရပ်များ၏ အနှစ်သာရကို တိုက်ရိုက်ထိုးဖောက်နိုင်သဖြင့် အထိရောက်ဆုံးသော ဆုံးဖြတ်ချက်များကို ချမှတ်ကာ လက်တွေ့အကောင်အထည် ဖော်နိုင်တော့မည် ဖြစ်သည်။
"ဒီ ဓားနှလုံးသားပါရမီက တကယ်ကို ထူးခြားတာပဲ..."
ကုယွမ်၏ အကြည့်တို့သည် တောင်ပေါ်ရှိ ဆိတ်ငြိမ်သော ရေကန်ပမာ စင်ကြယ်ကြည်လင်နေပြီး ယခင်ကထက် ပိုမိုခိုင်မာသော ဆုံးဖြတ်ချက်များဖြင့် ပြည့်နှက်နေသည်။
သူသည် ဝေဝေဝါးဝါး ခံစားချက်တစ်ခုကိုလည်း ရရှိနေ၏။
ဤဓားနှလုံးသားပါရမီသည် သစ်သားဝိညာဉ်ခန္ဓာ သို့မဟုတ် ရေစင်ခန္ဓာတို့ကဲ့သို့သော ဝိညာဉ်ခန္ဓာမျိုးထက်ပင် နိမ့်ကျလိမ့်မည် မဟုတ်ပေ။
ဤပါရမီသည် သူ၏ ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းပုံကို ပြောင်းလဲပေးခြင်း သို့မဟုတ် ကျင့်ကြံခြင်း အရှိန်အဝါကို အဆမတန် မြှင့်တင်ပေးခြင်းမျိုး မရှိသော်လည်း သူ၏ စိတ်အာရုံကိုမူ အံ့မခန်း အသွင်ပြောင်းလဲပေးခဲ့သည်။
၎င်းသည် ကုယွမ်ကို ဓားတာအို၌ ထူးကဲသော ထိုးထွင်းသိမြင်မှုစွမ်းအားကို ပေးအပ်ခဲ့သည်။ အနည်းဆုံးတော့ အနာဂတ်တွင် သူလေ့ကျင့်မည့် မည်သည့်ဓားသိုင်းမဆို လျင်မြန်စွာ နားလည်သဘောပေါက်သွားမည်မှာ အသေအချာပင်။
"စိမ်းပြာရောင်ရိပ် ဓားလိပ်ပြာလေးတောင် ဒီလောက်စွမ်းတဲ့ ဓားနှလုံးသားပါရမီရှိနေတာ... အကယ်၍ စိမ်းပြာရောင်ကျောက်စိမ်း ဓားလိပ်ပြာအဖြစ် ပြောင်းလဲသွားရင်တော့ တကယ်ကို မယုံနိုင်စရာ ဖြစ်လာမှာပဲ..."
ကုယွမ်သည် သူ၏ လက်ဝါးထဲမှ ဥခွံကို ကုန်အောင်စားပြီး ပိုမိုဖိုင့်ထွားလာသော စိမ်းပြာရောင် ပိုးကောင်လေးကို ကြည့်ကာ အံ့ဩတသ ဖြစ်နေတော့သည်။
သူ၏ လက်ချောင်းလေးဖြင့် အကောင်လေးကို ခဏမျှ ကစားနေပြီးမှ အရေးကြီးသော မေးခွန်းတစ်ခုကို ရုတ်တရက် သတိရသွားသည်။
"နေပါဦး... ငါမှတ်မိသလောက်ဆိုရင် လိပ်ပြာပိုးလောင်းတွေက သစ်ရွက်စားရတာ မဟုတ်လား"
ထိုသို့တွေးမိသည်နှင့် ကုယွမ်သည် ခြံထဲရှိ သစ်ပင်မှ နုနယ်သော သစ်ရွက်အချို့ကို ဆွတ်ယူကာ ပိုးကောင်လေး၏ ပါးစပ်အနားသို့ ချပေးလိုက်သည်။
သို့သော်လည်း စိမ်းပြာရောင်ရိပ် ဓားလိပ်ပြာလေးသည် ထိုသစ်ရွက်များကို တစ်ချက်ကလေးတောင် လှည့်မကြည့်ဘဲ အခြားဘက်သို့ မျက်နှာလွှဲသွားတော့သည်။
ထိုသစ်ရွက်များကို အထင်အမြင်သေးပြီး မနှစ်မြို့သည့် အာရုံတစ်ခုပင် ကုယွမ်စိတ်ထဲသို့ စီးဝင်လာသည်။
"ကိုင်း... ကြည့်စမ်း။ ဒါတွေက နွေဦးဦးဆုံးထွက်တဲ့ အနုဆုံးသစ်ရွက်တွေပါဆိုမှ မင်းက အဖက်တောင် မလုပ်ဘူးပဲ... ထားပါလေ ရှေးဟောင်းထူးဆန်းပိုးမွှားရဲ့ မျိုးဆက်ဆိုတော့လည်း မင်းမှာ မင်းအဆင့်အတန်းနဲ့မင်း ရှိမှာပေါ့"
ကုယွမ်သည် သက်ပြင်းချကာ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် အခန်းထဲသို့ ပြန်ဝင်ကာ ဝိညာဉ်ဆေးပင် တစ်ပင်ကို ယူလာခဲ့သည်။
သူသည် ဝိညာဉ်ဆေးပင်မှ အရွက်တစ်ရွက်ကို ဆွတ်ယူကာ ပိုးကောင်လေးရှေ့သို့ ချပေးလိုက်သည်။ ထိုအခါမှသာ ဝဝဖိုင့်ဖိုင့် ပိုးကောင်လေးသည် သူ၏ ကိုယ်လေးကို တွားသွားလှုပ်ရှားကာ စတင်ကိုက်စားတော့သည်။
"ဝိညာဉ်ဆေးပင်ကိုမှ စားတာဆိုတော့ တကယ့်ကို ထူးဆန်းတဲ့ ပိုးမွှားမျိုးဆက်ပဲ။ တော်သေးတာပေါ့... လောလောဆယ်တော့ ငါမင်းကို ကျွေးမွေးနိုင်ပါသေးတယ်။ ဒါနဲ့... ငါမင်းကို နာမည်တောင် မပေးရသေးဘူးပဲ"
ကုယွမ်သည် ခဏမျှ စဉ်းစားလိုက်ပြီးနောက်
"မင်းက စိမ်းပြာရောင်ရိပ် ဓားလိပ်ပြာဖြစ်ပြီး နောင်ကျရင် စိမ်းပြာရောင်ကျောက်စိမ်း ဓားလိပ်ပြာအဖြစ် ပြောင်းလဲမှာဆိုတော့... နှစ်ခုလုံးမှာ စိမ်းပြာရောင်ပါနေတာပဲ။ ဒါကြောင့် မင်းကို ရှောင်ချင်းလို့ပဲ ခေါ်တော့မယ်"
အခန်း။ ၁၁၂
စိမ်းပြာရောင်ရိပ် ဓားလိပ်ပြာလေး၏ ဝိညာဉ်အာရုံမှာ အလွန်ပင် ထက်မြက်သည်။ ၎င်းသည် ကုယွမ်၏ ဆိုလိုရင်းကို အလွယ်တကူ နားလည်သဘောပေါက်သွားပြီး စိတ်လှုပ်ရှားနှစ်သက်သည့် အရိပ်အယောင်ကို ပြသကာ ဝိညာဉ်ဆေးပင်ကို ဆက်လက်စားသုံးနေတော့သည်။
ကုယွမ်သည် ဤအမူအရာကို မြင်လိုက်ရုံဖြင့် ၎င်းက ရှောင်ချင်းဟူသော နာမည်ကို လက်ခံလိုက်ပြီဖြစ်ကြောင်း သိလိုက်သည်။
သူသည် သစ်သားသေတ္တာတစ်လုံးကို ရှာဖွေကာ ရှောင်ချင်းကို အတွင်းသို့ ထည့်လိုက်ပြီး ဝိညာဉ်ဆေးရွက် အနည်းငယ်ပါ ထပ်ဖြည့်ပေးလိုက်သည်။
ထို့နောက် သေတ္တာကို သစ်ပင်ရိပ်အောက်၌ ထားခဲ့ကာ ခြံထဲရှိ ရေကန်ဆီသို့ လျှောက်လှမ်းလာခဲ့သည်။
ဖူး...
ထိုအခိုက်တွင် ရေကန်ထဲမှ အောက်တသည် ကုယွမ် လာနေသည်ကို သတိပြုမိသွားပြီး ရေပေါ်သို့ ခေါင်းပြူထွက်လာသည်။
၎င်းသည် ကုယွမ်ကို တည်ငြိမ်စွာ ကြည့်ကာ နှုတ်ဆက်သည့်အနေဖြင့် ခေါင်းကို အသာအယာ ညိတ်ပြသည်။
သို့သော် ကုယွမ်သည် အောက်တ၏ ကြီးထွားမှုအဆင့်မှာ ယခင်က ကိုးဆယ့်ရှစ်ရာခိုင်နှုန်းမှ ယခုအခါ ကိုးဆယ့်ကိုးရာခိုင်နှုန်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။ အနက်ရောင်ချပ်ဝတ် လိပ်ကြီးဘဝသို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည်။
သူသည် ရှောင်ချင်းကို ကျွေးရာမှ ကျန်ရှိနေသော ဝိညာဉ်ဆေးပင်တစ်ဝက်ကို အောင်းကြီးအား ပေးလိုက်သည်။
ကုယွမ်က ၎င်း၏ခေါင်းကို အသာအယာ ပွတ်သပ်ရင်း
"စားပါ... များများစားစမ်းပါ။ ဒါတွေကုန်ရင်လည်း အများကြီး ထပ်ရှိသေးတယ်"
ဤရက်ပိုင်းအတွင်း အားဝူ၊ အားဟွမ်နှင့် ပါးစပ်ကြီးတို့သည်လည်း အပျင်းမနေကြဘဲ ယွမ်မုန့်တောင်တန်းအတွင်း၌ ဝိညာဉ်ဆေးပင်များ ရှာဖွေခြင်းနှင့် အမဲလိုက်ခြင်းတို့ကို အဆက်မပြတ် လုပ်ဆောင်နေခဲ့ကြသည်။
ထိုသုံးကောင် ပူးပေါင်းလုပ်ဆောင်မှုကြောင့် ရလဒ်များမှာလည်း အားရစရာကောင်းလှသည်။ ဝိညာဉ်ဆေးပင်များ ရရှိရုံတင်မကဘဲ မိစ္ဆာအချို့ကိုလည်း သတ်ဖြတ်နိုင်ခဲ့ကြသည်။
ရရှိလာသော ဝိညာဉ်ဆေးပင်အချို့နှင့် မိစ္ဆာသားရဲတို့၏ အသားများမှာ အောင်းကြီ၏ ဝမ်းဗိုက်အတွင်းသို့ ရောက်ရှိသွားကြသည်။ ဤသည်မှာလည်း အောင်းကြီး လျင်မြန်စွာ ကြီးထွားလာရသည့် အဓိကအကြောင်းရင်းပင်။
အောက်တသည် ဝိညာဉ်ဆေးပင်ကို မြိန်ယှက်စွာ စားသုံးပြီးနောက် ကုယွမ် ကျွေးသမျှ အခြားအရာများကိုပါ စားလိုက်သည်။ ဝမ်းဗိုက်ပြည့်သွားသည့်အခါ တိုးညင်းသော အသံတစ်ချက်ပြုကာ အနားယူရန် ရေအောက်သို့ ပြန်ဆင်းသွားတော့သည်။
လိပ်နှင့် အောင်းကြီးမျိုးနွယ်တို့သည် များသောအားဖြင့် နှေးကွေးပြီး လှုပ်လှုပ်ရှားရှားထက် ငြိမ်သက်မှုကို ပိုမိုနှစ်သက်ကြသည်။ သူတို့၏ နေ့စဉ်လုပ်ငန်းဆောင်တာမှာ နေပူစာလှုံခြင်း သို့မဟုတ် အိပ်စက်ခြင်းသာ ဖြစ်သည်။
ယခုအခါ အောင်းကြီးသည် အရေးကြီးသော အပြောင်းအလဲအဆင့်သို့ ရောက်ရှိနေသဖြင့် ယခင်ကထက်ပင် ပိုမိုလေးလံထိုင်းမှိုင်းနေတော့သည်။
ကုယွမ်သည် ၎င်းကို မနှောင့်ယှက်တော့ပေ။
သူသည် ရှေ့ခြံထဲရှိ သစ်ပင်အောက်၌ တင်ပျဉ်ခွေထိုင်ကာ ဝိညာဉ်ဆေးပင်တစ်ခက်ကို ထုတ်ယူလိုက်သည်။ ၎င်းကို ဝါးစားကာ မျိုချပြီးနောက် စစ်မှန်သောအသက်ဓာတ်ကို လည်ပတ်စေကာ သွေးများဆူပွက်လာအောင် ပြုလုပ်ပြီး ရိုးတွင်းခြင်ဆီများကို စတင်သန့်စင်ပြုစုပျိုးထောင်နေတော့သည်။
မကြာမီ ကုယွမ်သည် အာရုံတစ်ခုကြောင့် နိုးကြားသွားပြီး မျက်လုံးကို ချက်ချင်းဖွင့်ကာ ခြံဝင်းတံခါးဘက်သို့ လှမ်းကြည့်လိုက်သည်။
ဒေါက်... ဒေါက်... ဒေါက်...
မကြာမီမှာပင် တံခါးခေါက်သံ ထွက်ပေါ်လာသည်။ ကုယွမ် လျှောက်သွားကာ တံခါးဖွင့်လိုက်သည့်အခါ လှပသော မိန်းကလေးတစ်ဦးကို တွေ့လိုက်ရသည်။
လာရောက်သူမှာ ရှရှို့ရွှယ်ပင်။
"အော်... တတိယသခင်မလေးပါလား။ ကြွပါ... အထဲဝင်ပါဦး"
ကုယွမ်က အံ့ဩဟန်မပြဘဲ ခပ်ဖွဖွ ပြုံးပြကာ လမ်းဖယ်ပေးလိုက်သည်။
ရှရှို့ရွှယ်သည် သူမရှေ့ရှိ သိမ်မွေ့ထက်မြက်ကာ ချောမောခန့်ညားသော လူငယ်ကို ကြည့်ရင်း စိတ်ထဲတွင် တစ်မျိုးကြီး ခံစားလိုက်ရသည်။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူမက စကားစတင်လိုက်သည်။
"အစ်ကိုကု... ကျွန်မ ဝန်ခံရဦးမယ်။ အစ်ကိုက ကျွန်မကို တကယ်ပဲ အံ့အားသင့်အောင် လုပ်လိုက်တာပဲ"
သူမသည် ကုယွမ်ကို ပထမဆုံး မြင်တွေ့ခဲ့ရစဉ်က အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။
ထိုစဉ်က သူသည် ထူးခြားမှုမရှိသော လယ်သမားလေးတစ်ဦးမျှသာ ဖြစ်ခဲ့သည်။ ကျင့်ကြံမှုမှာလည်း သာမန်သာဖြစ်ပြီး ရုပ်ရည်မှာလည်း လူအများကြား၌ သတိပြုမိစရာ မရှိခဲ့ပေ။
"ဒါပေမဲ့... လွန်ခဲ့တဲ့ နှစ်လကျော်လေးအတွင်းမှာတင် ကုယွမ်က မွေးရာပါ စစ်သည်တော်ဆရာကြီးတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ"
အခြားတစ်ဖက်တွင်မူ သူမသည် သူမဖခင်၏ လမ်းညွှန်မှုနှင့် ကန့်သတ်ချက်မရှိသော ကျင့်ကြံရေးအရင်းအမြစ်များကို ရရှိထားသော်လည်း ယခုအချိန်အထိ ကြွက်သားလေ့ကျင့်ရေးအဆင့်မှာပင် ရှိနေသေးသည်။ ထိုနှစ်ဦးကြားရှိ ကွာခြားချက်မှာ အလွန်ပင် ပေါ်လွင်နေတော့သည်။
အစ်ကိုကုဟူသော ခေါ်ဝေါ်မှုကို ကြားလိုက်ရသည့်အခါ ကုယွမ်သည် မျက်ခုံးတစ်ချက် ပင့်လိုက်ပြီးမှ ပြုံးလျက် ပြန်ပြောလိုက်သည်။
"တတိယသခင်မလေးက ကျွန်တော် မွေးရာပါအဆင့်ကို ရောက်သွားတာကို တော်တော်လေး အံ့သြနေပုံပဲနော်"
စကားပြောရင်းနှင့်ပင် သူတို့နှစ်ဦးမှာ ခြံဝင်းအတွင်းသို့ ဝင်လာခဲ့ကြပြီး သစ်ပင်ရိပ်အောက်ရှိ ကျောက်စားပွဲတွင် တစ်ဖက်တစ်ချက်စီ နေရာယူလိုက်ကြသည်။ ကုယွမ်က သူမအတွက် လက်ဖက်ရည် ငှဲ့ပေးလိုက်၏။
မွေးရာပါ စစ်သည်တော်ဆရာကြီးအဆင့်သို့ တက်လှမ်းနိုင်ခြင်းက သူ၏ စွမ်းအားကို တိုးတက်စေရုံတင်မကဘဲ ပတ်ဝန်းကျင်ရှိ လူများ၏ ဆက်ဆံရေးကိုပါ သိသိသာသာ ပြောင်းလဲစေသည်ကို ကုယွမ် ခံစားနေရသည်။
ဥပမာအားဖြင့် ယခင်က သူ့ကို ကုယွမ်ဟုသာ ခေါ်ခဲ့သော သခင်မလေးရှမှာ ယခုမူ အစ်ကိုကုဟု ပြောင်းလဲခေါ်ဝေါ်နေပြီ ဖြစ်သည်။
ဤသည်မှာ လောကသဘာဝအရ လက်တွေ့ဆန်လွန်းသော်လည်း ငြင်းပယ်၍မရသော အမှန်တရားပင်။
"ဟုတ်ပါတယ်... ကျွန်မ တကယ့်ကို အံ့သြမိတာပါ"
ရှရှို့ရွှယ်ကလည်း မငြင်းဘဲ ဝန်ခံလိုက်သည်။
"ဒီလို မွေးရာပါအဆင့်ကို ရောက်ဖို့အတွက် ကျွန်တော် ဘယ်လောက်တောင် ကြိုးစားအားထုတ်ခဲ့ရတယ်ဆိုတာ ဘယ်သူမှ မမြင်နိုင်တဲ့ ကိစ္စပါ"
ကုယွမ်က ထိုအကြောင်းအရာကို ဆက်လက်မဆွေးနွေးလိုသဖြင့် ခပ်တိုးတိုးသာ ဆိုလိုက်ပြီးနောက် သူမကို တည့်တည့်ကြည့်ကာ ပွင့်ပွင့်လင်းလင်းပင် မေးလိုက်သည်။
"ဒါပေမဲ့ ဒီနေ့ တတိယသခင်မလေး ကိုယ်တိုင်လာတာက ကျွန်တော့်ကို လာပြီး အပြစ်တင်ဖို့တော့ မဟုတ်လောက်ဘူး ထင်တယ်"
"ဒါက အပြစ်တင်တာ မဟုတ်ပါဘူး။ ထားလိုက်ပါတော့... ဒီအကြောင်းတွေကို ဆက်မပြောကြရအောင်"
ရှရှို့ရွှယ်၏ မျက်နှာပေါ်တွင် စိတ်အနှောင့်အယှက်ဖြစ်ဟန် အနည်းငယ် ပေါ်လာပြီးနောက် သူမက အလျင်အမြန်ပင် သစ်သားသေတ္တာတစ်လုံးကို ထုတ်ကာ ကုယွမ်ထံသို့ ကမ်းပေးလိုက်သည်။
"ဒါက အစ်ကို မွေးရာပါအဆင့်ကို ရောက်ရှိသွားတဲ့အတွက် ဖခင်ဖြစ်သူက ပေးလိုက်တဲ့ ဂုဏ်ပြုလက်ဆောင်ပါ"
"အော်... ဂိုဏ်းချုပ်ကြီး ပေးတဲ့ ဂုဏ်ပြုလက်ဆောင်လား"
ကုယွမ်က အနည်းငယ် အံ့သြသွားဟန်ရှိသော်လည်း တည်ငြိမ်နေဆဲပင်။
သူက သေတ္တာကို ဖွင့်ကြည့်လိုက်သည့်အခါ အတွင်း၌ ကျောက်စိမ်းပုလင်း နှစ်လုံးကို တွေ့လိုက်ရသည်။
ပုလင်းတစ်လုံးမှာ ကျားရိုးရိုးတွင်းခြင်ဆီ ပြုစုဆေးဖြစ်ပြီး ရိုးတွင်းခြင်ဆီ သန့်စင်ရန်အတွက် အလွန်ပင် အကျိုးပြုသော ဝိညာဉ်ဆေးလုံး ဖြစ်သည်။ အခြားတစ်လုံးမှာမူ အဝါရောင်စပါးဆေးလုံးဖြစ်သည်။
ပထမဆေးလုံးကို ကုယွမ်က သိပ်ပြီး အလေးမထားပေ။ အကြောင်းမှာ သူ့တွင် ဝိညာဉ်ဆေးပင်များ ရှာဖွေပေးမည့် အားဟွမ် ရှိနေခြင်းကြောင့်ဖြစ်ပြီး သူ၏ လက်ရှိကျင့်ကြံမှု အရှိန်အဝါအရ ထိုဆေးလုံးမရှိလျှင်ပင် အလွန်အမင်း နှေးကွေးသွားမည် မဟုတ်ပေ။ သို့သော် ဒုတိယဆေးလုံးကမူ သူ့ကို အနည်းငယ် အံ့အားသင့်သွားစေသည်။
ကျင့်ကြံခြင်းဆိုသည်မှာ မိမိ၏ ရုပ်ခန္ဓာနှင့် ဝိညာဉ်စွမ်းအားကို မြှင့်တင်ကာ သာမန်လူသားဘဝမှ နတ်ဘုရားအဆင့်သို့ တက်လှမ်းခြင်းပင်။
စစ်သည်တော်အဆင့်နှင့် မွေးရာပါ စစ်သည်တော်အဆင့်တို့မှာ အခြေခံအားဖြင့် ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ခိုင်မာစေခြင်း၊ ကိုယ်တွင်းရှိ အညစ်အကြေးများကို ဆေးကြောသန့်စင်ခြင်းတို့ ဖြစ်သည်။
ထိုအခါမှသာ အတွင်းအပြင် ကြည်လင်လာပြီး ကောင်းကင်နှင့် မြေကြီး၏ မူလချီစွမ်းအင်များကို အာရုံခံကာ ကျင့်ကြံခြင်းအခြေခံဖြစ်သည့် တာအိုအခြေခံကို တည်ဆောက်နိုင်မည် ဖြစ်သည်။
ဤဖြစ်စဉ်အတွင်းမှာပင် လောကီအညစ်အကြေးများ မဝင်ရောက်စေရန် အထူးဂရုစိုက်ရသည်။ အင်အားကြီးသော နတ်ဘုရားဂိုဏ်းများမှ တပည့်များမှာ ဝိညာဉ်ဆေးလုံးများနှင့် ဝိညာဉ်စာများကိုသာ စားသုံးကြလေ့ရှိသည်။
ထိုအရာများမှာ အာဟာရဓာတ် ကြွယ်ဝရုံတင်မကဘဲ စင်ကြယ်သော ချီစွမ်းအင်များပါဝင်ကာ အညစ်အကြေးကင်းစင်သဖြင့် ကျင့်ကြံသူများအတွက် အထူးသင့်လျော်သည်။
အပြန်အလှန်အားဖြင့် သာမန်လောကီ စစ်သည်တော်များမှာမူ အသားငါး၊ သစ်သီးဝလံနှင့် ဆန်ရေစပါးများကိုသာ စားသုံးကြရသဖြင့် ရေရှည်တွင် ကိုယ်တွင်း၌ အညစ်အကြေးချီစွမ်းအင်များ စုပုံလာကာ ကျင့်ကြံမှုကို အဟန့်အတားဖြစ်စေပြီး အဆင့်ပြန်ကျသွားသည်အထိ ဖြစ်နိုင်သည်။
ဤသည်မှာ တစ်ကိုယ်တော်ကျင့်ကြံသူများကြားတွင် ထူးချွန်သူ ပေါ်ထွက်လာခဲရသည့် အဓိက အကြောင်းရင်းပင်။
"စနစ်တကျတောင် မစားသောက်နိုင်ဘဲနဲ့... ကျင့်ကြံခြင်းအကြောင်းကို ဘယ်လိုများ ဆွေးနွေးနိုင်ပါ့မလဲ"
ထို့ကြောင့်ပင် လူအများမှာ နတ်ဘုရားဂိုဏ်းများသို့ ဝင်ရောက်ကာ ဂိုဏ်းသားဖြစ်ချင်ကြခြင်းပင်။
ဂိုဏ်း၏ အစဉ်အလာ ပညာရပ်များကို ရရှိနိုင်ရုံတင်မကဘဲ တပည့်များအတွက် ပေးအပ်ထားသော ဝတ်စုံ၊ အစားအသောက်နှင့် အခြားသော အထောက်အပံ့များကို ရရှိနိုင်ခြင်းကြောင့်လည်း ဖြစ်သည်။ သာမန်လောက၌ နေထိုင်သူများမှာ ထိုကဲ့သို့သော အချက်များကို သိရှိရန်ပင် ခဲယဉ်းလှသည်။
မွေးရာပါ စစ်သည်တော် အများအပြားမှာ သူတို့ကိုယ်သူတို့ မသိလိုက်ဘဲ လောကီအညစ်အကြေးများ စွဲကပ်လာသဖြင့် ရှေ့ဆက်မတိုးနိုင်ဘဲ ကောင်းကင်ဘုံလူသားနယ်ပယ်သို့ တက်လှမ်းမည့် လမ်းစမှာ ပိတ်ဆို့သွားတတ်ကြသည်။
ကုယွမ်မှာမူ အဘိုးအိုချန်၏ လမ်းညွှန်မှုကြောင့် မိစ္ဆာသားရဲအသားများနှင့် ဝိညာဉ်ဆေးပင်များကို စားသုံးနေသဖြင့် ခန္ဓာကိုယ်၏ စင်ကြယ်မှုကို ထိန်းသိမ်းထားနိုင်ခြင်းပင်။
ဤ အဝါရောင်စပါးဆေးလုံးမှာ အဝါရောင်ဝိညာဉ်စပါး၏ အဆီအနှစ်နှင့် ဝိညာဉ်ဆေးပင် ဆယ်မျိုးကျော်ကို ပေါင်းစပ်ဖော်စပ်ထားသည့် ဆေးလုံးဖြစ်သည်။
တစ်လုံးစားသုံးရုံဖြင့် နှစ်ရက်တိုင်တိုင် အစာမစားဘဲ နေနိုင်သလို ကျင့်ကြံခြင်းအတွက်လည်း များစွာ အကျိုးရှိသည်။ ပုလင်းထဲ၌ ဆေးလုံးပေါင်း ၃၀ ခန့် ပါရှိသဖြင့် ကုယွမ်၏ နှစ်လစာ နေ့စဉ်ကျင့်ကြံမှုအတွက် လုံလောက်သည်။
"ဒါက ဂိုဏ်းချုပ်ကြီး ပေးတဲ့ လက်ဆောင်ဆိုမှတော့ ကျွန်တော် မငြင်းတော့ပါဘူး။ ကျွန်တော့်ကိုယ်စား ကျေးဇူးတင်စကား ပြောပေးပါဦး သခင်မလေး"
ကုယွမ်က လက်ဆောင်ကို ချောချောမွေ့မွေ့ပင် လက်ခံလိုက်သည်။ ဤသည်မှာ ရှမင်ယန်က သူ့အပေါ် စေတနာပြကာ သိမ်းသွင်းလိုခြင်းဖြစ်ကြောင်း သူ ကောင်းကောင်းနားလည်သည်။ သို့သော် ဤကဲ့သို့သော အရာလေးများဖြင့် သူ့ကို လွယ်လွယ်နှင့် စည်းရုံးနိုင်မည် မဟုတ်ပေ။
ကုယွမ်မှာ လက်ဆောင်ကို လက်ခံသည့်အခါ၌ပင် အံ့သြဝမ်းသာဟန် မပြဘဲ တည်ငြိမနေသည်ကို မြင်လိုက်ရသဖြင့် ရှရှို့ရွှယ်မှာ မျက်ခုံးအနည်းငယ် တွန့်သွားမိသည်။
ကုယွမ်၏ အပြုအမူမှာ သူမ မျှော်လင့်ထားသည်နှင့် အနည်းငယ် ကွဲလွဲနေသောကြောင့်ပင်။
သူမက ကုယွမ်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
"တကယ်တော့ ဒီနေ့ ကျွန်မလာတာ လက်ဆောင်လာပေးဖို့ တစ်ခုတည်း မဟုတ်ပါဘူး။ အဖေက အစ်ကို့ကို တွေ့ချင်နေလို့ပါ"