← Chapters

အခန်း (၁၁၃-၁၁၄)

Vol. 12 Ch. 113-114

အခန်း (၁၁၃-၁၁၄)

Vol. 12 Ch. 113-114

အခန်း။ ၁၁၃

သူ၏ လက်အောက်တွင် မွေးရာပါ စစ်သည်တော်ဆရာကြီးတစ်ဦး ပေါ်ထွက်လာခြင်းမှာ ကျောက်စိမ်းအိုးမျှော်စင်၏ ဂိုဏ်းချုပ်ဖြစ်သူ ရှမင်ယန်အတွက် အလွန်ပင် အရေးပါလှသည်။ ထိုသူနှင့် တွေ့ဆုံရန်မှာ သူ၏ တာဝန်ဝတ္တရားတစ်ခုပင် ဖြစ်သဖြင့် လျစ်လျူရှုထား၍ မရနိုင်ပေ။

"ကောင်းပါပြီ... တတိယသခင်မလေး လမ်းပြပေးပါဦး"

ကုယွမ်ကလည်း ဤအခြေအနေကို နားလည်သဖြင့် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

ရှရှို့ရွှယ်ကလည်း စကားအများကြီးမပြောတော့ဘဲ ချက်ချင်းပင် စထွက်ခဲ့သည်။

မကြာမီမှာပင် သူတို့နှစ်ဦးမှာ ကျောက်စိမ်းအိုးမျှော်စင်သို့ ရောက်ရှိလာခဲ့ကြသည်။

တတိယထပ်ရှိ အခန်းအတွင်းသို့ ဝင်လိုက်သည့်အခါ ကုယွမ်သည် ပြတင်းပေါက်နားတွင် လက်နောက်ပြန်ကိုင်ကာ အပြင်ဘက်သို့ မှေးမှိန်စွာ ငေးကြည့်နေသော ရှမင်ယန်ကို တွေ့လိုက်ရသည်။

"လက်အောက်ခံ ကုယွမ်... ဂိုဏ်းချုပ်ကြီးကို လာရောက်သတင်းပို့ပါတယ်"

ကုယွမ်က ရှေ့သို့ လှမ်းတက်ကာ လက်နှစ်ဖက်ကို ဆုပ်ကိုင်၍ လေးလေးစားစား ဂါရဝပြုလိုက်သည်။ သို့သော် သူ၏ စိတ်ထဲ၌မူ အံ့သြမှုတစ်ခု လှပ်ခနဲ ပေါ်ပေါက်သွားသည်။

သူ၏ အာရုံခံစားမှုအရ ရှမင်ယန်သည် ပတ်ဝန်းကျင်ရှိ လောကကြီးနှင့် တစ်သားတည်း ဖြစ်နေသယောင် ရှိနေသည်။

သူ၏ အရှိန်အဝါမှာ ကောင်းကင်နှင့် မြေကြီးကြားရှိ ချီစွမ်းအင်များနှင့် ပေါင်းစပ်ကာ စီးဆင်းနေ၏။ ပြီးခဲ့သည့်အကြိမ်ကနှင့် နှိုင်းယှဉ်လျှင် ကုယွမ်အပေါ် သက်ရောက်လာသော ဖိအားမှာ သိသိသာသာ ပိုမိုပြင်းထန်လာသည်။

ကုယွမ်သည်လည်း ယခင်က ကုယွမ်မဟုတ်တော့သဖြင့် ဤမျှသော ဖိအားအဆင့်ကို ခံနိုင်ရည် ရှိနေပါသည်။ သို့သော် ရှမင်ယန်၏ အခြေအနေကို ကြည့်ပြီး ကုယွမ်စိတ်ထဲ၌ အတွေးတစ်ခု ပေါ်လာသည်။

"ဒါဆို... ဂိုဏ်းချုပ်ရှက တာအိုအခြေခံကို တည်ဆောက်နိုင်ပြီး ကောင်းကင်ဘုံလူသားနယ်ပယ် ကျင့်ကြံသူတစ်ဦး ဖြစ်သွားပြီလား"

ကုယွမ် ဤသို့ တွေးမိသည်မှာလည်း မဆန်းပေ။ မွေးရာပါ စစ်သည်တော်များမှာ စိတ်ဆန္ဒစွမ်းအား ပြင်းထန်သဖြင့် ကောင်းကင်နှင့် မြေကြီး၏ မူလချီစွမ်းအင်များကို အာရုံခံနိုင်ကာ စစ်မှန်သော အသက်ဓာတ်အဖြစ် ပြောင်းလဲနိုင်ကြသည်။

သို့သော် ကောင်းကင်ဘုံလူသားနယ်ပယ်သို့ ရောက်ရှိသူများသာလျှင် ကိုယ့်၏ ဝိညာဉ်နှင့် ချီစွမ်းအင်များကို လောကကြီးနှင့် ပေါင်းစပ်ကာ မူလချီစွမ်းအင်များနှင့် တိုက်ရိုက် ဆက်သွယ်နိုင်ကြခြင်းပင်။ ယခု ရှမင်ယန်၏ အမူအရာမှာ ထိုလက္ခဏာရပ်များကို အထင်အရှား ပြသနေသည်။

စိတ်ထဲ၌ အံ့သြနေသော်လည်း ကုယွမ်က အပြင်ပန်းတွင်မူ မည်သည့်အရိပ်အယောင်မျှ မပြပေ။ သူ၏ ဓားနှလုံးသားပါရမီကြောင့်သာ ပတ်ဝန်းကျင်ကို ပိုမိုထိခိုက်လွယ်စွာ အာရုံခံနိုင်သဖြင့် ဤအချက်ကို သတိထားမိခြင်းပင်။

သို့မဟုတ်ပါက သူသည်လည်း ဤမျှ နက်နဲသော အပြောင်းအလဲများကို သတိပြုမိလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ရှမင်ယန်သည်လည်း သူ၏ အစွမ်းကို တမင်ဖုံးကွယ်ထားခြင်း ဖြစ်

နိုင်သဖြင့် ကုယွမ်ကလည်း သူသိရှိသွားကြောင်းကို ရိပ်မိအောင် မလုပ်ပေ။

ရှမင်ယန်က နောက်သို့ လှည့်ကြည့်ကာ ပြုံးလိုက်ပြီး "မင်းကလည်း ကျောက်စိမ်းအိုးမျှော်စင်ရဲ့ လူတစ်ယောက်ပဲလေ။ အဲဒီလောက်အထိ ယဉ်ကျေးနေဖို့ မလိုပါဘူး"

စကားပြောနေရင်း သူ၏ အကြည့်တို့က ကုယွမ်ထံတွင် ဝဲပျံနေပြီး မျက်ဝန်းထဲ၌ ထူးဆန်းသော အရိပ်အယောင်တစ်ခု စွဲထင်နေသည်။

သူ့ရှေ့တွင် ရပ်နေသော လူငယ်မှာ ချောမောပြေပြစ်သည့် ရုပ်ရည်ရှိကာ အချိုးအစားကျနပြီး ကြည်လင်သော မျက်ဝန်းများကို ပိုင်ဆိုင်ထားသည်။ တကယ်ပင် ခန့်ညားသော လူငယ်တစ်ဦးပင်။

သို့သော် ရှမင်ယန်ကဲ့သို့ အဆင့်မြင့် ကျင့်ကြံသူတစ်ဦးအတွက် လူတစ်ယောက်ကို အကဲခတ်ရာတွင် အပေါ်ယံ ရုပ်ရည်ထက် ဝိညာဉ်အရှိန်အဝါကို ပိုမိုဦးစားပေး ကြည့်လေ့ရှိသည်။

အချို့သောသူများသည် အပေါ်ယံတွင် ခန့်ညားထည်ဝါပြီး စကားကြီးစကားကျယ် ပြောတတ်ကြသော်လည်း အတွင်းစိတ်မှာမူ မှောင်မိုက်ညစ်ထေးကာ ဝိညာဉ်မှာ ကောက်ကျစ်သော မြေဖုတ်ဘီလူးနှင့် တူလှသည်။

အချို့မှာမူ ရုပ်ဆိုးကာ ခန္ဓာကိုယ် မပြည့်စုံသော်လည်း တည်ငြိမ်ခိုင်မာသော ဝိညာဉ်အရှိန်အဝါကို ပိုင်ဆိုင်ထားကြသဖြင့် မလှုပ်မယှက်နိုင်သော တောင်ကမ္ဘာပါးနှင့် တူလှသည်။

ရှမင်ယန်၏ အမြင်၌မူ ကုယွမ်၏ အရှိန်အဝါမှာ အလွန်ပင် စင်ကြယ်ကာ ဝိညာဉ်စွမ်းအားများ ပြည့်လျှံနေသည်။

ထိုစင်ကြယ်မှုထဲတွင် စူးရှထက်မြက်သည့် အငွေ့အသက်များ ပါဝင်နေပြီး အိမ်ထဲတွင် ဝှက်ထားသော အဖိုးတန်ဓားတစ်လက်နှင့် တူလှသည်။ သူ၏ ကျင့်ကြံမှု၌ ဖြစ်စေ၊ ဓားသိုင်းပညာ၌ ဖြစ်စေ မျှတမှုရှိလှသည်။

ဤမျှလောက်အထိ အပြစ်ပြောစရာမရှိအောင် စင်ကြယ်လှသော ဝိညာဉ်နှင့် စိတ်ဆန္ဒမျိုးကို သူ ခဲခဲယဉ်းယဉ်းသာ မြင်ဖူးသည်။

သူ ဆေးဘုရင်တောင်တန်းတွင် ရှိနေစဉ်ကပင် ဤကဲ့သို့သော အရှိန်အဝါမျိုး ပိုင်ဆိုင်သူ တစ်ဦးတစ်လေကိုသာ တွေ့ခဲ့ဖူးခြင်းပင်။ ယခုအခါ ရှမင်ယန်မှာ တကယ်ပင် အံ့အားသင့်သွားရပြီး သူ့ရှေ့က လူငယ်လေးကို သူ လျှော့တွက်ခဲ့မိကြောင်း ပထမဆုံးအကြိမ် သိလိုက်ရတော့သည်။

ဤကဲ့သို့သော ဝိညာဉ်အရှိန်အဝါမျိုး ရှိသူမှာ သာမန်လူတစ်ယောက် မည်သို့မျှ မဖြစ်နိုင်ပေ။

သူ သေချာမှတ်မိနေသည်မှာ ပြီးခဲ့သည့်အကြိမ်က ကုယွမ်နှင့် တွေ့ဆုံစဉ်က ကုယွမ်မှာ သံအရိုးပါရမီရှိသဖြင့် သူ့အပေါ် အထင်ကြီးစရာ ဖြစ်ခဲ့သော်လည်း အသင့်အတင့်အဆင့်တွင်သာ ရှိနေခဲ့သည်။

"သာမန်နောက်ခံကလာတဲ့ လူတစ်ယောက်က ဘာလို့ အချိန်တိုလေးအတွင်းမှာ ဒီလောက်တောင် အသွင်ပြောင်းသွားရတာလဲ...။

ဒီအကြောင်းကို ပြန်စဉ်းစားကြည့်ရင်းနဲ့မှ အဘိုးအိုချန်ကိုယ်တိုင်ကတောင် ဒီလူငယ်ကို အတော်လေး အထင်ကြီးလေးစားနေခဲ့တာ။ ဒါဆိုရင် ဒီလူငယ်မှာ ငါတို့မသိသေးတဲ့ တစ်စုံတစ်ရာသော လျှို့ဝှက်စွမ်းအားတွေများ ရှိနေတာလား"

သူ၏စိတ်ထဲတွင် အတွေးတစ်ခု ပေါ်ပေါက်လာသည်။

"ထိုင်ပါဦး"

ရှမင်ယန်က အနားရှိ ထိုင်ခုံတစ်ခုကို ညွှန်ပြကာ ကုယွမ်ကို ထိုင်ရန် ဖိတ်ခေါ်လိုက်ပြီး ရှရှို့ရွှယ်ကိုမူ လက်ဖက်ရည်ငှဲ့ပေးပြီးနောက် ထွက်သွားရန် အချက်ပြလိုက်သည်။

ရှရှို့ရွှယ် ထွက်သွားပြီးနောက် ရှမင်ယန်သည် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး မေးမြန်းလိုက်သည်။

"ရှို့ရွှယ်ကိုလွှတ်ပြီး မင်းကို ဘာလို့ခေါ်ခိုင်းရတယ်ဆိုတာ မင်းသိလား"

"ဒါကတော့..."

ကုယွမ်သည် အနည်းငယ် အံ့အားသင့်သွားဟန်ပြလိုက်ပြီးမှ ပြုံးလိုက်သည်။

"ဂိုဏ်းချုပ်ကြီးအနေနဲ့ ကျွန်တော့်ကို ပြုစုပျိုးထောင်သင့်တဲ့ ပါရမီရှင်တစ်ယောက်အဖြစ် မြင်လို့ ရှေ့လျှောက် အလေးပေး လေ့ကျင့်ပေးဖို့များလားခင်ဗျာ"

"မင်းက တကယ်ကို ထက်မြက်တာပဲ"

ရှမင်ယန်က ကုယွမ်ကို လေးနက်စွာ စိုက်ကြည့်လိုက်သည်။

အခြေခံအားဖြင့် သူသည် ကုယွမ်၏ ပါရမီနှင့် အလားအလာကို တန်ဖိုးရှိသည်ဟု မြင်သဖြင့် အသုံးချရန် သိမ်းသွင်းလိုသောကြောင့် ခေါ်ယူခြင်းပင်။

ကုယွမ်ကလည်း ဤအချက်ကို ရိပ်မိသဖြင့် ဂိုဏ်းချုပ်ကြီးက သူ့ကို မြှင့်တင်ပေးလိုခြင်းဖြစ်ကြောင်း နောက်ပြောင်သည့်သဘောဖြင့် ပြောလိုက်ခြင်းပင်။

နှစ်ဦးစလုံးမှာ အခြေအနေကို နားလည်ပြီးသားဖြစ်သဖြင့် ပွင့်ပွင့်လင်းလင်းပင် ဆက်ပြောကြတော့သည်။

"မင်းက မွေးရာပါအဆင့်ကို ဒီလောက်မြန်မြန် ရောက်သွားတာဟာ မင်းရဲ့ အခြေခံကောင်းမွန်မှုနဲ့ ထိုးထွင်းသိမြင်မှုအပြင် တခြားအခွင့်အရေးတစ်ခုခုလည်း ရှိဦးမှာပဲ"

"ကျွန်တော်တို့ ကျင့်ကြံသူတွေအတွက် မွေးရာပါ ပါရမီအပြင် ကံကောင်းထောက်မတဲ့ အခွင့်အရေးတွေကလည်း အလွန်အရေးကြီးပါတယ်"

ရှမင်ယန်က ပြုံးလိုက်ပြီး "ဒါပေမဲ့ မင်းက မွေးရာပါအဆင့်ကို ရောက်ပြီဆိုတော့ မင်းရဲ့ အနာဂတ်လမ်းကြောင်းအတွက် ဘာတွေစဉ်းစားထားလဲ"

ထိုစကားကို ကြားလိုက်ရသည့်အခါ ကုယွမ်သည် စိတ်လှုပ်ရှားသွားပြီး အဖြေပေးမည့်အစား ရိုသေစွာ ဂါရဝပြုလိုက်သည်။

"ဂိုဏ်းချုပ်ကြီးရဲ့ လမ်းညွှန်မှုကို ကျွန်တော် နှိမ့်ချစွာ လျှောက်ထားအပ်ပါတယ်ခင်ဗျာ"

ရှမင်ယန်၏ အပြုံးမှာ ပိုမိုနက်ရှိုင်းလာသည်။

"ဆေးဘုရင်တောင်တန်းက ငါးနှစ်တစ်ကြိမ် တပည့်သစ်တွေ ခေါ်တယ်ဆိုတာကို ဆရာကြီးချန် ပြောပြဖူးမှာပါ။ နောက်ဆုံးအကြိမ်က လွန်ခဲ့တဲ့ တစ်နှစ်ကမှ ပြီးသွားတာ။ ဒါ့အပြင် မင်းရဲ့ အသက်အရွယ်ကလည်း တပည့်သစ်အဖြစ် အရည်အချင်းစစ်ဖို့ သတ်မှတ်ထားတဲ့ အကန့်အသတ်ထက် နည်းနည်း ကျော်လွန်နေပြီ"

သူ၏ လေသံမှာ ပြောင်းလဲသွားပြီး "ဒါပေမဲ့ ဒါတွေက အမှန်တရားဖြစ်ပေမဲ့ မင်းမှာ အခွင့်အရေး လုံးဝမရှိတော့ဘူးလို့တော့ ဆိုလိုတာ မဟုတ်ဘူး"

"မကြာခင်မှာ ဆေးဘုရင်တောင်တန်းက အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဆင်းလာလိမ့်မယ်။ အဲဒီပုဂ္ဂိုလ်က လွတ်လပ်ပေါ့ပါးပြီး စည်းမျဉ်းစည်းကမ်းတွေအပေါ် သိပ်ပြီး အလေးမထားတတ်ဘူး။ ဒါက မင်းအတွက် အခွင့်အရေးပဲ"

"ကျောက်စိမ်းအိုးမျှော်စင်ရဲ့ ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ ငါက ဂိုဏ်းဆီကို ပါရမီရှင်တွေကို ထောက်ခံပေးဖို့ တာဝန်ရှိတယ်။ ငါးနှစ်အတွင်းမှာ နှစ်ယောက်ကို ထောက်ခံပေးလို့ရတယ်။ တကယ်လို့ မင်းက တကယ့်ကို ထူးချွန်ထက်မြက်တယ်ဆိုရင် မင်းအတွက် ဒီထောက်ခံမှုကို ဘာလို့ အသုံးမပြုပေးနိုင်ရမှာလဲ"

ထိုသို့ပြောပြီးနောက် ရှမင်ယန်သည် လက်ဖက်ရည်ကို အသာအယာ ငုံလိုက်သည်။

ကုယွမ်မှာ ငတုံးမဟုတ်သဖြင့် ထိုစကား၏ နောက်ကွယ်က အဓိပ္ပာယ်ကို သဘာဝကျကျပင် နားလည်လိုက်သည်။

" ပြုစုပျိုးထောင်ရကျိုးနပ်တယ်ဆိုတာက ဘာကို ဆိုလိုတာလဲ...။

တကယ်တော့ ဒါက ငါ့ကို အခြေအနေမှန်ကို သိအောင် သတိပေးလိုက်တာပဲ။ ရှမင်ယန်ရဲ့ လက်ထဲမှာ ဆေးဘုရင်တောင်တန်းဆီ တက်လှမ်းနိုင်မယ့် ထောက်ခံချက်လက်မှတ် ရှိနေတာလေ"

ကုယွမ်အနေဖြင့် ထိုဂိုဏ်းသို့ ဝင်လိုပါက အပေးအယူကို နားလည်ရမည် ဖြစ်သည်။

"ဂိုဏ်းချုပ်ကြီး စိတ်ချပါ"

ကုယွမ်က တည်ကြည်စွာ ဂါရဝပြုလိုက်ပြီး "ကျွန်တော်သာ ဆေးဘုရင်တောင်တန်းကို ဝင်ခွင့်ရခဲ့မယ်ဆိုရင် ဂိုဏ်းချုပ်ကြီးရဲ့ ထောက်ခံမှုနဲ့ ကျေးဇူးကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး"

အမှန်စင်စစ် သူသည် ဆေးဘုရင်တောင်တန်းသို့ ဝင်နိုင်ရန် ကူညီပေးပါက ဤကျေးဇူးကို မှတ်သားထားမည်ဖြစ်ပြီး အချိန်တန်လျှင် ပြန်လည်ပေးဆပ်မည်ဖြစ်သည်။

သို့သော် အကယ်၍ သူ့ကို အန္တရာယ်ပြုရန် သို့မဟုတ် သေတွင်းထဲသို့ ပို့ရန် ရည်ရွယ်ချက်ရှိနေပါကလည်း ပြန်လည် တုံ့ပြန်ရန် ဝန်လေးမည်မဟုတ်ပေ။

ကုယွမ်သည် အပြင်ပန်းတွင် တည်ကြည်ဖြောင့်မတ်ဟန် ပြသနေသော်လည်း အတွင်းစိတ်၌မူ အခြားသော အတွေးများကိုလည်း ဆင်ခြင်နေမိသည်။

ရှမင်ယန်သည် အကျိုးအမြတ်မပါဘဲ မည်သည့်အရာကိုမျှ လုပ်ဆောင်မည့်သူ မဟုတ်ကြောင်း ရှင်းလင်းသွားခဲ့ကာ ထောက်ခံချက်ကို မရယူမီ သူ၏ သစ္စာရှိမှုကို အရင်ဆုံး ပြသခဲ့ရသည်။

ရှမင်ယန်က ဤကဲ့သို့သော စကားမျိုးကို ကြားလိုသည်ဆိုလျှင် ပြောပေးလိုက်ရုံဖြင့် ဘာမျှမဖြစ်ပေ။

အကြီးအကဲချန်က ကုယွမ်ကို ရှမင်ယန်နှင့် ဝေးဝေးနေရန် သတိပေးခဲ့ဖူးပြီး သူသည် အလွန်အန္တရာယ်များသူဟု သတ်မှတ်ခဲ့သည်။ ကုယွမ်သည် ဤသတိပေးချက်ကို အလေးထားပြီး ရှမင်ယန်အပေါ် အစဉ်အမြဲ သတိနှင့် ဆက်ဆံနေခဲ့သည်။

သို့သော်လည်း ဆေးဘုရင်တောင်တန်းသို့ ဝင်ရောက်ရေးကဲ့သို့သော ကြီးမားသည့် ကိစ္စရပ်များတွင်မူ အစွန်းရောက်လွန်းရန် မလိုပေ။

အကယ်၍ ရှမင်ယန်က သူ့အပေါ် တကယ်ပဲ ကြံစည်ရန် ကြိုးစားလာပါကလည်း သူသည် အသာတကြည် အလျှော့ပေးမည့်သူ မဟုတ်ပေ။

ရှမင်ယန်၏ ထောက်ခံချက်မှာ အရေးကြီးနိုင်သော်လည်း ဆေးဘုရင်တောင်တန်းသို့ ဝင်

ရောက်နိုင်ရန်မှာ နောက်ဆုံးတွင် သူ၏ ပါရမီအပေါ်၌သာ မူတည်ကြောင်း ကုယွမ် ကောင်းကောင်း သိထားသည်။

အခန်း။ ၁၁၄

အကယ်၍ သူသာ ထူးခြားသော ဝိညာဉ်ခန္ဓာတစ်ခုခုကို ပိုင်ဆိုင်ထားခဲ့လျှင် ဤထောက်ခံချက်မရှိသော်လည်း ဆေးဘုရင်တောင်တန်းမှ ဆင်းလာမည့် အရှိန်အဝါကြီးမားသူထံတွင် ကိုယ့်ကိုကိုယ် တိုက်ရိုက်တင်ပြကာ ဂိုဏ်းအတွင်းသို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။

ထို့ကြောင့် ကုယွမ်သည် ရှမင်ယန် ပြောဆိုနေသော ထောက်ခံချက်ဆိုသည့်အရာကို စိတ်ထဲ၌ သိပ်ပြီး အလေးမထားပေ။

အကယ်၍ ရှမင်ယန်က ကုယွမ်ကို သံအရိုးပါရမီသာ ရှိသေးသည်ဟု ထင်မှတ်ကာ ဤထောက်ခံချက်ဖြင့် လှည့်စားချုပ်ကိုင်ရန် ကြံစည်နေခြင်းဖြစ်ပါက သူ တကယ်ကို မှားသွားလိမ့်မည် ဖြစ်သည်။

သို့သော် ရှမင်ယန် ပြောပြသော ဆေးဘုရင်တောင်တန်းမှ အရေးပါသူတစ်ဦး ဆင်းလာမည့်

ကိစ္စမှာ ချင်ဟုန်ရှောင် ပြောပြခဲ့သည်နှင့် တိုက်ဆိုင်နေသည်။

ထိုအရှိန်အဝါကြီးမားသူသည်လည်း နဂါးနီနတ်ဘုရားနန်းတော် ကိစ္စအတွက် လာရောက်ခြင်းဖြစ်ကြောင်း ထင်ရှားသည်။

ကုယွမ်က အလိုက်သိစွာ ပြောဆိုဆက်ဆံသည်ကို မြင်ရသောအခါ ရှမင်ယန်မှာ ကျေနပ်သွားပြီး "ကောင်းပြီ... မင်းရဲ့ မွေးရာပါ ပါရမီနဲ့ဆိုရင် သတ်မှတ်ချက်တွေနဲ့ အပြည့်အဝ မကိုက်ညီရင်တောင် အဲဒီလူကြီးမင်းရဲ့ မျက်စိထဲ ရောက်သွားအောင် လုပ်နိုင်ရင် ဆေးဘုရင်တောင်တန်းရဲ့ အပြင်စည်းတပည့်တစ်ယောက် ဖြစ်ဖို့ကတော့ ပြဿနာမရှိပါဘူး"

သူသည် ကုယွမ်အတွက် အနာဂတ်အလားအလာကောင်းများကို စတင်၍ ပုံဖော်ပြတော့သည်။

"အပြင်စည်းတပည့်ဆိုတဲ့ အဆင့်အတန်းကို အထင်မသေးနဲ့ဦး။ အဲဒီနေရာကို ရောက်သွားပြီဆိုရင် မင်းရရှိမယ့် အကျိုးကျေးဇူးတွေနဲ့ အခွင့်အရေးတွေက လူအများအပြား အိပ်မက်မက်နေပေမဲ့ မရနိုင်တဲ့အရာတွေပဲ။ ဒါ့အပြင် မင်းသာ အသက်ငါးဆယ် မတိုင်ခင်မှာ ကောင်းကင်ဘုံလူသားနယ်ပယ်ကို တက်လှမ်းနိုင်ရင် အတွင်းစည်းတပည့်အဖြစ် အလိုအလျောက် ရာထူးတိုးမှာ ဖြစ်သလို နောင်တစ်ချိန်မှာ ရွှေအမြုတေကိုတောင် ပိုင်ဆိုင်နိုင်ပြီး အသက်ရှစ်ရာအထိ နေထိုင်နိုင်မယ့် ကျင့်ကြံသူကြီးတစ်ဦးအဖြစ် လူအများရဲ့ ရိုသေမှုကို ခံရဦးမှာပဲ"

အပြင်စည်းတပည့်လား။

ကုယွမ်၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု လျှပ်ခနဲ ဖြတ်ပြေးသွားသည်။

ဆေးဘုရင်တောင်တန်းသည် နှစ်ပေါင်းထောင်ချီသော အစဉ်အလာရှိသည့် ကြီးကျယ်ခမ်းနားသော နတ်ဘုရားဂိုဏ်းကြီးတစ်ခုဖြစ်သဖြင့် လူအများ၏ အမြင်တွင် အပြင်စည်းတပည့်တစ်ဦးဖြစ်ရခြင်းမှာပင် ဂုဏ်ယူစရာ အနေအထားတစ်ခု ဖြစ်ပေလိမ့်မည်။

သို့သော် ကုယွမ်မှာ ဘာမျှမသိသော လူသစ်တစ်ယောက် မဟုတ်ပေ။ အဘိုးအိုချန်ထံမှ ဂိုဏ်း၏ အဆင့်အတန်း ခွဲခြားမှုများအကြောင်း သူ ကြားဖူးနားဝ ရှိထားပြီးသား ဖြစ်သည်။

ဆေးဘုရင်တောင်တန်းတွင် တပည့်များကို အလုပ်အကျွေးပြုတပည့်၊ အပြင်စည်းတပည့်၊ အတွင်းစည်းတပည့်နှင့် စစ်မှန်သောတပည့်ဟူ၍ လေးမျိုးခွဲခြားထားသည်။

အလုပ်အကျွေးပြုတပည့်များမှာ တပည့်ဟု ခေါ်သော်လည်း အမှန်တကယ်တွင်မူ ခိုင်းဖတ်နှင့် အလုပ်သမားများသာ ဖြစ်ကြပြီး ကျွန်များကဲ့သို့ အနိမ့်ဆုံး အဆင့်အတန်းတွင် ရှိကြသည်။

သူတို့အတွက် ရာထူးတိုးရန် လမ်းကြောင်းရှိသည်ဆိုသော်လည်း လက်တွေ့တွင် ကောင်းကင်ဘုံလူသားနယ်ပယ်သို့ ရောက်ရှိကာ စစ်မှန်သော ကျင့်ကြံသူဖြစ်လာရန် အခွင့်အလမ်းမှာ အလွန်ပင် ကျဉ်းမြောင်းလှသည်။

အပြင်စည်းတပည့်များမှာ အခြေအနေ မဆိုးဘူးဟု ဆိုနိုင်သော်လည်း အတွင်းစည်းတပည့်များနှင့် နှိုင်းယှဉ်လျှင်မူ အခွင့်အရေးနှင့် ခံစားခွင့်များစွာ ကွာခြားလှသည်။

ဥပမာအားဖြင့် အပြင်စည်းတပည့်တစ်ဦးသည် တစ်လလျှင် ကျင့်ကြံခြင်းအတွက် အဝါရောင်စပါးဆေးလုံးငါးလုံးသာ ရရှိသည်။ ထိုပမာဏမှာ မလုံလောက်သဖြင့် ကျန်ရှိသော လိုအပ်ချက်များအတွက် ကိုယ့်ဘာသာ နည်းလမ်းရှာကြရသည်။

ဂိုဏ်း၏ တာဝန်များကို ထမ်းဆောင်ခြင်း၊ ဝိညာဉ်ဆေးခင်းများတွင် ဆေးပင်များ စိုက်ပျိုးပေးခြင်း သို့မဟုတ် မိစ္ဆာသားရဲများကို အမဲလိုက်ကာ ဝိညာဉ်ကျောက်တုံးများနှင့် လဲလှယ်ခြင်း စသည်ဖြင့် ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ရုန်းကန်ကြရသည်။

ဤသို့ဖြင့် အဖိုးတန်သော ကျင့်ကြံချိန်များကို အလုပ်များထဲ၌ အချိန်ဖြုန်းလိုက်ရသဖြင့် ကိုယ်ပိုင်ကျင့်ကြံမှု တိုးတက်မှုကို ထိခိုက်စေသည်မှာ ငြင်းမရသော အချက်ပင်။

ဆန့်ကျင်ဘက်အားဖြင့် အတွင်းစည်းတပည့်များမှာမူ တစ်လလျှင် အဝါရောင်စပါးဆေးလုံးအလုံး ၃၀ အပြင် ဝိညာဉ်ကျောက်တုံး ၁၅ တုံးကိုပါ လစဉ်ကြေးအဖြစ် ရရှိကြသည်။

ထို့ကြောင့် သူတို့မှာ ဝင်ငွေအတွက် အပင်ပန်းခံ အလုပ်လုပ်စရာမလိုဘဲ ကျင့်ကြံခြင်းအပေါ်၌သာ အပြည့်အဝ အာရုံစိုက်နိုင်ကြသည်။

ထို့အပြင် ကျင့်ကြံခြင်းဆိုင်ရာ ကျမ်းစာများနှင့် ပတ်သက်၍လည်း ကွာခြားမှုများ ရှိသည်။ အတွင်းစည်းတပည့်များမှာ ဂိုဏ်းသို့ ဝင်သည်နှင့် တစ်ပြိုင်နက် စစ်မှန်သော တာအိုကျင့်စဉ်များကို သင်ယူခွင့်ရသည့်အပြင် အကြီးအကဲများထံတွင်လည်း ပုံမှန် လမ်းညွှန်မှု ခံယူနိုင်ကြသည်။

အပြင်စည်းတပည့်များမှာမူ စစ်သိုင်းပညာရပ်များမှသာ စတင်လေ့ကျင့်ရပြီး အခက်အခဲရှိပါက ဝိညာဉ်ကျောက်တုံးများပေး၍ မေးမြန်းကြရသည်။

ကောင်းကင်ဘုံလူသားနယ်ပယ်သို့ မရောက်မီအထိ တာဝန်များကို ထမ်းဆောင်ကာ ဂိုဏ်းအတွက် အကျိုးပြုမှတ်များ စုဆောင်းပြီးမှသာ စစ်မှန်သော တာအိုကျင့်စဉ်များနှင့် လဲလှယ်ခွင့် ရရှိကြသည်။

ဤအခြေအနေမှာ အပြင်စည်းတပည့်နှင့် အတွင်းစည်းတပည့်ဟူသည် မိထွေးနှင့် သားရင်းကဲ့သို့ ကွာခြားနေခြင်းပင်။

စစ်မှန်သောတပည့်များအကြောင်းမှာမူ ပြောနေစရာပင် မလိုတော့ပေ။ သူတို့မှာ အထူးအခွင့်အရေးများစွာကို ခံစားခွင့်ရှိပြီး ဂိုဏ်းအတွင်း အမြင့်ဆုံး အဆင့်အတန်းနှင့် လမ်းညွှန်မှုများကို ရရှိကြသည်။

အကောင်းဆုံးသော ကျမ်းစာများနှင့် ဆေးလုံးများကို သုံးစွဲခွင့်ရသည့်အပြင် သူတို့ နေထိုင်ရာ နေရာများမှာလည်း ဝိညာဉ်ချီစွမ်းအင် အကြွယ်ဝဆုံး နေရာများ ဖြစ်ကြသည်။ သူတို့ကို ဆရာသခင်များကဲ့သို့ပင် ဆက်ဆံကြပြီး အခွင့်အရေးမှာ ဂိုဏ်း၏ အကြီးအကဲများနှင့်ပင် တန်းတူလှသည်။

သို့သော် စစ်မှန်သောတပည့်တစ်ဦး ဖြစ်လာရန်မှာ ပါရမီထူးချွန်ရုံတင်မကဘဲ အခြားသော လိုအပ်ချက်များစွာနှင့်လည်း ပြည့်စုံရမည် ဖြစ်သည်။

"ကျွန်တော့်ရဲ့ လိုလားချက်က သိပ်မမြင့်ပါဘူး... အတွင်းစည်းတပည့်တစ်ယောက် ဖြစ်ရင်ပဲ လုံလောက်ပါပြီ။ အပြင်စည်းတပည့်ဆိုတာကိုတော့ မေ့ထားလိုက်ပါတော့"

ကုယွမ်၏ ရည်မှန်းချက်မှာ အစကတည်းက အပြင်စည်းတပည့်အဆင့်မျှသာ မဟုတ်ခဲ့ပေ။

သူ၏ ဓားနှလုံးသားပါရမီတစ်ခုတည်းကပင် ဝိညာဉ်ခန္ဓာအဆင့်ရှိသော ပါရမီရှင်တစ်ဦးနှင့် ရင်ဘောင်တန်းနိုင်စွမ်း ရှိသည်။

နောင်တစ်ချိန်တွင် အောက်တသာ အဆင့်တက်သွားပါက သူသည်လည်း အပိုဆောင်းပါရမီသစ်များကို ရရှိဦးမည်ဖြစ်သည်။

ဤသို့သော အခြေအနေမျိုးတွင် ဆေးဘုရင်တောင်တန်း၏ အတွင်းစည်းတပည့်တစ်ဦး ဖြစ်လာရန် မျှော်လင့်ခြင်းမှာ အလွန်အကျွံ တောင်းဆိုနေခြင်း မဟုတ်ပေ။

သို့သော် ဤအတွေးများကို ရှမင်ယန်အား ဖွင့်ဟပြောဆိုနေရန် မလိုပေ။

ကုယွမ်က လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ မေးမြန်းလိုက်သည်။

"ဂိုဏ်းချုပ်ကြီးကို မေးပါရစေ... အခု တောင်ပေါ်က ဆင်းလာမယ့် အရှိန်အဝါကြီးမားသူက ဘယ်အကြီးအကဲပါလဲခင်ဗျာ"

ချင်ဟုန်ရှောင် ပြောပြချက်အရ ဆေးဘုရင်တောင်တန်းတွင် အဓိက အုပ်စုကြီးနှစ်စု ရှိသည်။ သူတို့မှာ မျိုးရိုးမြင့်မျိုးနွယ်စု အုပ်စုနှင့် ဂိုဏ်းသားစစ်စစ် အုပ်စုတို့ ဖြစ်ကြပြီး အချင်းချင်းလည်း အားပြိုင်မှုများ ရှိကြသည်။

မျိုးရိုးမြင့်မျိုးနွယ်စု အုပ်စုမှာ သွေးမျိုးဆက်နှင့် ဂုဏ်ဒြပ်ကို ဦးစားပေးပြီး စည်းမျဉ်းများကို ဂရုမစိုက်တတ်ကြပေ။ သူတို့သည် ဂိုဏ်းကို မိသားစုပိုင် ပုဂ္ဂလိကပစ္စည်းတစ်ခုကဲ့သို့ ဖြစ်စေချင်ကြသည်။

ကုယွမ်ကဲ့သို့သော နောက်ခံမျိုးနှင့်ဆိုလျှင် ထိုအုပ်စု၏ လက်ခံမှုကို ရရှိရန် ခဲယဉ်းလှသည်။ လက်ခံခြင်း ခံရလျှင်ပင် အမာခံအဆင့်သို့ မည်သို့မျှ ရောက်ရှိနိုင်မည် မဟုတ်သဖြင့် ဂိုဏ်းသားစစ်စစ် အုပ်စုထဲသို့ ဝင်ရောက်ခြင်းကသာ သူ၏အတွက် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

"စီနီယာအစ်ကိုချန်ကတော့ တော်တော်လေး လက်လွန်နေပြီပဲ... ဒီကောင်လေးကို ဂိုဏ်းတွင်းက ကိစ္စတွေအထိ ပြောပြထားတာကိုး"

ကုယွမ်က ဤကဲ့သို့ မေးမြန်းလာသဖြင့် ရှမင်ယန်မှာ အနည်းငယ် အံ့အားသင့်သွားပြီး အဘိုးအိုချန်အပေါ် စိတ်တိုင်းမကျဖြစ်သွားသော်လည်း သတင်းအချက်အလက်ကိုမူ ဖုံးကွယ်မထားခဲ့ပေ။

"တောင်ပေါ်က ဆင်းလာမယ့်သူကတော့ ကိုးယောက်မြောက် အကြီးအကဲဖြစ်တဲ့ ဟယ်လင်ဆရာသခင်ကြီးပဲ"

ကိုးယောက်မြောက် အကြီးအကဲလား။

ကုယွမ်က ခေါင်းကို အသာအယာ ညိတ်လိုက်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ဆေးဘုရင်တောင်တန်းတွင် တစ်စုံတစ်ဦးမှာ အကြီးအကဲအဖြစ် ရာထူးတိုးမြှင့်ခံရပြီး အဆင့်ကိုးနေရာတွင် ရှိကြောင်း အဘိုးအိုချန်က တစ်စုံတစ်ယောက်နှင့် စကားပြောရင်း မတော်တဆ ထည့်ပြောဖူးသည်ကို သူ မှတ်မိလိုက်သည်။

ပို၍ အရေးကြီးသည်မှာ ထိုကိုးယောက်မြောက် အကြီးအကဲသည် ဂိုဏ်းသားစစ်စစ် အုပ်စုမှ လာသူ ဖြစ်ခြင်းပင်။ ထင်ရှားလှသည်မှာ ဤသည်မှာ ကုယွမ်အတွက် သတင်းကောင်းပင်။

"ကဲ... လက်ဖက်ရည် သောက်ပါဦး"

ရှမင်ယန်က စားပွဲကို အသာအယာ ခေါက်လိုက်သည်။

"ဟုတ်ကဲ့ပါ"

ကုယွမ်က လက်ဖက်ရည်ခွက်ကို မကာ အရသာခံ သောက်လိုက်သည်။ လက်ဖက်ရည်မှာ စသောက်ခါစတွင် အနည်းငယ် ခါးသယောင်ရှိသော်လည်း မကြာမီမှာပင် ချိုမြိန်သော အရသာသို့ ပြောင်းလဲသွားပြီး ခံတွင်းထဲ၌ လက်ဖက်နံ့သင်းသင်းလေးမှာ စွဲကျန်ရစ်နေတော့သည်။

ထို့ထက် ပို၍ ထူးခြားသည်မှာ စင်ကြယ်သော ဝိညာဉ်ချီစွမ်းအင်များ ထွက်ပေါ်လာပြီး စစ်မှန်သော အသက်ဓာတ်ဖြင့် အလွယ်တကူ ပေါင်းစပ်ကာ ကုယွမ်၏ တစ်ကိုယ်လုံးကို နွေးထွေးသွားစေခြင်းပင်။

"အစမှာ ခါးပေမဲ့ အဆုံးမှာ ချိုမြိန်ပြီး အရသာက လျှာပေါ်မှာ စွဲကျန်နေတာပဲ... တကယ့်ကို ထူးကဲတဲ့ လက်ဖက်ရည်ပါပဲ"

ကုယွမ်က မချီးကျူးဘဲ မနေနိုင်တော့ပေ။

"ဒါကတော့ လက်ဖက်ရည်ကောင်းဆိုတာ သေချာတာပေါ့။ ဒီလက်ဖက်ရည်ကို ဆေးဘုရင်တောင်တန်းရဲ့ ဝိညာဉ်စိုက်ခင်းတွေမှာ စိုက်ပျိုးထားတာ။ သက်တမ်းက နှစ်ပေါင်းတစ်ရာကျော်နေပြီဖြစ်သလို နေ့တိုင်းလည်း တစ်ယောက်ယောက်က သေချာ ပြုစုပေးနေရတာ။ အရွက်အနည်းငယ်တင် ဝိညာဉ်ကျောက်တုံး ဆယ်တုံးလောက် တန်ဖိုးရှိတဲ့အတွက် ဝိညာဉ်လက်ဖက်ရည်လို့တောင် ခေါ်လို့ရတယ်"

ရှမင်ယန်က ပြုံးလျက် ရှင်းပြနေစဉ် သူ၏ စကားလုံးများထဲ၌ ဂုဏ်ယူဝင့်ကြွားမှုနှင့် သာလွန်မှု အငွေ့အသက်များ ပါဝင်နေသည်။

သူသည် ဆေးဘုရင်တောင်တန်း၏ အပြင်စည်းတပည့်မျှသာ ဖြစ်သော်လည်း ဂိုဏ်းအတွင်း၌ နက်ရှိုင်းသော အဆက်အသွယ်များ ရှိနေသည့်အပြင် ကျောက်စိမ်းအိုးမျှော်စင်၏ ဂိုဏ်းချုပ်လည်း ဖြစ်သဖြင့် သာမန်လူများ မမီနိုင်သော အခြေခံအုတ်မြစ်ကို ပိုင်ဆိုင်ထားခြင်းပင်။

"အဲဒီလိုလား... ဒါဆိုရင်တော့ ကျွန်တော် များများသောက်ရမှာပေါ့"

ထိုစကားကို ကြားရသည့်အခါ ကုယွမ်၏ မျက်ဝန်းများမှာ တောက်ပသွားသည်။ သူသည် လက်ဖက်ရည်ကို အကုန်မော့ချလိုက်ရုံတင်မကဘဲ လက်ဖက်ခြောက်ဖတ်များကိုပါ ဝါးစားပစ်လိုက်သည်။

ထို့နောက် အနားရှိ လက်ဖက်ရည်အိုးနှင့် ဘူးကို ယူကာ သူ့ဘာသာ နောက်ထပ်တစ်ခွက်ကို ခပ်သွက်သွက်ပင် ထပ်မံ ဖျော်လိုက်တော့သည်။

ဤသည်ကို မြင်လိုက်ရသော ရှမင်ယန်မှာ နှမြောလွန်းသဖြင့် ပါးစပ်ပင် တလှုပ်လှုပ် ဖြစ်သွားရသည်။

တစ်အောင်စကို ဝိညာဉ်ကျောက်တုံး ဆယ်တုံးတန်တဲ့ ငါ့ရဲ့ ဝိညာဉ်လက်ဖက်ရည်လေး...

တောက်... ဒီကောင်လေးကတော့ တကယ့်ကို နွားရှေ့နှင်းဆီဖတ် ကျွေးနေရသလိုပဲ... ဘာအရသာမှလည်း မသိဘဲနဲ့...

ကျောက်စိမ်းအိုးမျှော်စင်မှ ထွက်ခွာလာပြီးနောက် ကုယွမ်သည် သူ၏ နေအိမ်သို့ ပြန်လာခဲ့သည်။

နောက်ပိုင်းရက်များတွင် သူသည် အောင်းကြီးနှင့် ရှောင်ချင်းလေးတို့ကို အစာကျွေးရုံမှလွဲ၍ ကျန်အချိန်များကို ဓားသိုင်းပညာရပ်များ ဆင်ခြင်ခြင်းနှင့် အရိုးများကို သန့်စင်ခြင်းတို့ဖြင့်သာ ကုန်လွန်စေခဲ့သည်။

ဓားနှလုံးသားပါရမီက သူ၏ စိတ်နယ်ပယ်ကို မြှင့်တင်ပေးထားသဖြင့် ဓားသိုင်းပညာအပေါ် ထိုးထွင်းသိမြင်မှုကို ပိုမိုအားကောင်းစေသည်။

ကုယွမ်သည် အသက်နှုတ်ဓားကျမ်းကို ပြန်လည်ဆင်ခြင်သည့် အကြိမ်တိုင်းတွင် ထူးခြားသော အသိအမြင်သစ်များကို အမြဲတစေ ရရှိနေတော့သည်။

All Chapters