အခန်း (၁၁၇-၁၁၈)
Vol. 12 Ch. 117-118
အခန်း။ ၁၁၇
"နဂါးနီအမိန့်တော်ပြား"
နီမြန်းသော နဂါးပုံသဏ္ဌာန် ဝိညာဉ်အလင်းကို မြင်လိုက်ရသည့်အခါ ဝေချွမ်း၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး စကားလုံးတိုင်းကို လေးလေးနက်နက် ရေရွတ်လိုက်မိသည်။ ဤနဂါးနီ ဝိညာဉ်အလင်း၏ ဇစ်မြစ်ကို သူ မှတ်မိသွားပြီ ဖြစ်သည်။
သူ၏ မျက်လုံးများမှာ နီမြန်းလာပြီး အံတင်းတင်းကြိတ်လျက် တုန်လှုပ်မှု၊ မနာလိုမှုနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်နေတော့သည်
"ရှမင်ယန်... ဒီကောင်စုတ်က တကယ်ပဲ နဂါးနီအမိန့်တော်ပြားကို ရထားတာလား"
"အစောပိုင်းက ငါ ဘာတွေပဲပြောပြော ရှမင်ယန်ဘာလို့ ထွက်မလာခဲ့တာလဲ။ သူ့ရဲ့ သစ္စာရှိလက်ရုံး လော့ရှန်းအသတ်ခံလိုက်ရတာကိုတောင် ဘာလို့ လျစ်လျူရှုထားနိုင်တာလဲ ဆိုတဲ့အဖြေက အခုတော့ ရှင်းသွားပြီ။
တကယ်တော့ ရှမင်ယန်က နဂါးနီအမိန့်တော်ပြားကို သူ့အပိုင်ဖြစ်အောင် သန့်စင်နေတာကိုး။ ဒါကြောင့်မို့လို့လည်း သူ ဘယ်လိုမှ ထွက်မလာနိုင်ခဲ့တာပဲ..."
ဤအခိုက်အတန့်တွင် ဝေချွမ်းသည် ရှမင်ယန် ပျောက်ကွယ်နေရသည့် အကြောင်းရင်းကို ကောင်းစွာ နားလည်သွားပြီ ဖြစ်သည်။ သူက အံကြိတ်လျက် ပြောလိုက်သည်။
"ဘာလို့လဲ"
"ဘာလို့ ရှမင်ယန်လို ကောင်စုတ်က နဂါးနီအမိန့်တော်ပြားကို ရသွားရတာလဲ"
နဂါးနီအမိန့်တော်ပြားဆိုသည်မှာ နဂါးနီနတ်ဘုရားနန်းတော် ပေါ်ထွက်လာသည့်အခါ အတွင်းသို့ ဝင်ရောက်နိုင်မည့် တစ်ခုတည်းသော သော့ချက်ပင်။
ထိုအမိန့်တော်ပြား ရှိမှသာ နတ်ဘုရားနန်းတော်အတွင်းသို့ ဝင်ရောက်ကာ ကံထူးမှုများနှင့် ရတနာများကို ရှာဖွေနိုင်မည် ဖြစ်သည်။ အမိန့်တော်ပြား မရှိပါက နတ်ဘုရားနန်းတော် အပြင်ဘက်တွင်သာ ကြောင်စီစီဖြင့် ငေးကြည့်နေရုံမှလွဲ၍ ဘာမျှ မတတ်နိုင်ပေ။
" နဂါးနီနတ်ဘုရားနန်းတော်ထဲကို ဝင်ခွင့်ရဖို့ဆိုတာ တကယ်ကို ကြီးမားတဲ့ ကံတရားပဲ။ ဒါပေမဲ့ အဲဒါထက် ပိုပြီး အံ့ဩဖို့ကောင်းတာက နဂါးနီအမိန့်တော်ပြားတစ်ခုတည်းနဲ့ လူကိုးယောက်တောင် ခေါ်သွားလို့ရတာ"
ဤကဲ့သို့သော အရာမျိုးကို သူ၏ ရန်သူဟောင်းက ရရှိသွားရုံတင်မကဘဲ သူကိုယ်တိုင်ပင် သန့်စင်ပြီးစီးသွားပြီ ဖြစ်သည်။ ထိုအရာကို လုယူရန်ဆိုလျှင် ရှမင်ယန်ကိုယ်တိုင်က အတွင်းရှိ နတ်ဘုရားစိတ်အာရုံ အမှတ်အသားကို ဖယ်ရှားပေးရမည် သို့မဟုတ် သူ သေဆုံးမှသာ ရနိုင်ပေလိမ့်မည်။
သို့သော် ပြဿနာမှာ သာမန်လူများတွင် နဂါးနီအမိန့်တော်ပြားကို သန့်စင်နိုင်စွမ်း မရှိခြင်းပင်။ မွေးရာပါ စစ်သည်တော်ဆရာကြီးများပင် မတတ်နိုင်ဘဲ ကောင်းကင်ဘုံလူသားနယ်ပယ် ကျင့်ကြံသူဖြစ်မှသာ သန့်စင်နိုင်ခြင်းပင်။
ဤသည်မှာ ရှမင်ယန်သည် နဂါးနီအမိန့်တော်ပြားကို သန့်စင်ပြီးသွားပြီ ဖြစ်သလို ဝေချွမ်းထက် အရင်ဦးအောင် ကောင်းကင်ဘုံလူသား ကျင့်ကြံသူအဖြစ်သို့လည်း အောင်မြင်စွာ တက်လှမ်းသွားပြီဟု အဓိပ္ပာယ်ရသည်။
ထိုအရာကပင် ဝေချွမ်းအတွက် အသည်းအသန် လက်မခံနိုင်ဆုံး အချက် ဖြစ်သည်။ သူ့ကို သတ်လိုက်သည်ထက်ပင် ပို၍ ခံရခက်စေသည်။
"ကောင်းတယ်... ဂိုဏ်းချုပ်ကြီး တကယ်ပဲ အောင်မြင်သွားပြီ"
အဘိုးကြီးမိုမှာမူ အလွန်ဝမ်းသာသွားပြီး သူ၏ မျက်နှာတွင် ပျော်ရွှင်ရိပ်များ ယှက်သန်းလာသည်။ သူသည် ဤကိစ္စကို ကြိုတင်သိရှိထားပုံပင်။
"ဒါက တကယ်ပဲ နဂါးနီအမိန့်တော်ပြားပဲကိုး"
နဂါးနီအမိန့်တော်ပြားဟူသော စကားကို ကြားလိုက်ရသည့်အခါ ကုယွမ်မှာ မျက်ခုံးပင့်သွားပြီး အတော်ပင် အံ့သဩသွားရသည်။
"ရှမင်ယန်က တော်တော်လေး လျှို့ဝှက်နိုင်တာပဲ။ နတ်ဘုရားနယ်ပယ်ကို တိတ်တိတ်လေး တက်လှမ်းတာက တစ်ပိုင်း၊ နဂါးနီအမိန့်တော်ပြားကိုပါ ရပြီး သန့်စင်ထားတာက တစ်ပိုင်း... အဘိုးအိုချန်က ရှမင်ယန် တစ်ခုခု ကြံစည်နေတယ်လို့ သတိပေးတာ အံ့သြစရာ မဟုတ်တော့ဘူး"
"ဒါပေမဲ့..."
ကုယွမ်သည် ကောင်းကင်ယံတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားသော နဂါးနီ ဝိညာဉ်အလင်းကို ကြည့်ရင်း လေထုမှာ ရုတ်တရက် လေးလံထိုင်းမှိုင်းလာသည်ကို ခံစားလိုက်ရကာ ဆင်ခြင်
မိသည်။
"နဂါးနီအမိန့်တော်ပြား ရတာကတော့ ကောင်းတဲ့ကိစ္စပါပဲ။ ဒါပေမဲ့ ဒီရတနာက အခုလို ဆူညံပွက်လောရိုက်အောင် လုပ်ပြလိုက်တာဆိုတော့ ကြီးမားတဲ့ ပြဿနာတွေကို ခေါ်ဆောင်လာတော့မှာ သေချာတယ်"
ကုယွမ် ဤသို့ တွေးလိုက်မိသည်နှင့် တစ်ပြိုင်နက် မလှမ်းမကမ်းရှိ အိမ်ခေါင်မိုးပေါ်တွင် လူရိပ်တစ်ခု ပေါ်လာသည်ကို သတိပြုမိလိုက်သည်။
"မိတ်ဆွေ ရှီးက နဂါးနီအမိန့်တော်ပြားကို ရထားလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ ငါလို အဘိုးကြီးတောင် တကယ်ကို မနာလိုဖြစ်မိတယ်..."
ထိုသူမှာ ဝဖြိုးပြီး ချမ်းသာကြွယ်ဝသော ပုံစံရှိသည့် အဘိုးအိုတစ်ဦး ဖြစ်သည်။ သူသည် အင်္ကျီတိုတစ်ထည်ကို ဝတ်ဆင်ထားပြီး စကားမပြောမီကတည်းက ပြုံးနေတတ်သည်။
သူ၏ ဘေးရှိ လမ်းကြားထဲတွင်မူ ရှည်လျားသော လက်မောင်းများရှိပြီး ဆီးနှင်းကဲ့သို့ ဖြူဖွေးကာ သန်မာထွားကြိုင်းသည့် မျောက်ဝံကြီးတစ်ကောင် တိတ်တဆိတ် ပေါ်လာသည်။
၎င်းမှာ အခြားဘာမျှ မလုပ်သေးသော်လည်း သုံးမီတာခန့် မြင့်မားသည့် ၎င်း၏ ခန္ဓာကိုယ်မှာ ကြီးမားသော မိစ္ဆာတစ်ကောင်ကဲ့သို့ အလွန်ပင် ခြိမ်းခြောက်မှု ပေးနေသည်။
ဤအဘိုးအိုမှာ ကုယွမ် လမ်းမပေါ်တွင် တွေ့ခဲ့ဖူးသော လျှို့ဝှက်ဆန်းကြယ်သည့် မျောက်ထိန်းပင်။
ယခု ကုယွမ်၏ အမြင်အရဆိုလျှင် ထိုအဘိုးအိုနှင့် ဆီးနှင်းရောင် မျောက်ဝံကြီး နှစ်ကောင်စလုံးမှာ ကောင်းကင်ဘုံလူသားနယ်ပယ် အဆင့်ရှိသူများ ဖြစ်ကြသည်။
အဘိုးအိုမှာ မျက်နှာတွင် အပြုံးများဖြင့် ဖော်ရွေပုံရသော်လည်း သူသည် သာမန်ကာလျှံကာ စကားပြောရန် ပေါ်လာခြင်းဖြစ်သည်ဟု မည်သူမျှ ထင်မည်မဟုတ်ပေ။ အနည်းဆုံးတော့ အဘိုးကြီးမိုမှာ နဖူးတွင် ချွေးစေးများ ပြန်လာကာ ဖိအားကို စတင်ခံစားနေရပြီ ဖြစ်သည်။
"အို... မိတ်ဆွေက ငါ့ရဲ့ နဂါးနီအမိန့်တော်ပြားကို စိတ်ဝင်စားနေတာလား"
ထိုအခိုက်တွင် ကျောက်စိမ်းအိုးမျှော်စင်အတွင်းမှ အနီရောင် အလင်းတန်းတစ်ခု ပျံထွက်လာပြီးနောက် အလင်းများ ပျောက်ကွယ်သွားကာ ရှမင်ယန်၏ ပုံရိပ် ပေါ်ထွက်လာသည်။
"ဂိုဏ်းချုပ်"
ရှမင်ယန်ကို မြင်လိုက်ရသည့်အခါမှ အဘိုးကြီးမိုမှာ သက်ပြင်းချနိုင်တော့သည်။
သို့သော် ဝေချွမ်းကမူ လှောင်ပြောင်ကာ သရော်လိုက်သည်။
"တိတ်တဆိတ် နတ်ဘုရားနယ်ပယ်ကို တက်လှမ်းရုံတင်မကဘဲ နဂါးနီအမိန့်တော်ပြားကိုပါ ရထားတာပဲ။ မင်းကတော့ အမြဲတမ်းလိုပဲ လျှို့ဝှက်ချက်တွေ များပြီး ကောက်ကျစ်စဉ်းလဲနေတုန်းပဲ"
ဝေချွမ်း၏ တင်းမာနေသော မျက်နှာကို ကြည့်ရုံဖြင့် သူသည် မနာလိုစိတ်ကြောင့် အရူးအမူး ဖြစ်နေရကြောင်း မည်သူမဆို သိနိုင်သည်။
ရှမင်ယန်က ဝေချွမ်းကို လျစ်လျူရှုကာ မျောက်ထိန်းအဘိုးအိုကို ကြည့်လျက် လက်နှစ်ဖက် ဆုပ်ကိုင် နှုတ်ဆက်လိုက်သည်။
"မိတ်ဆွေရဲ့ အမည်ကို သိပါရစေ"
"မပြောပလောက်ပါဘူး ငါ့နာမည်က မုန့်ဟုန်ပါ"
မျောက်ထိန်းအဘိုးအိုက ရယ်မောလိုက်သည်။
"ငါက အသက်ကြီးလာပြီဆိုတော့ အသက်ကြီးလေလေ သတ္တိနည်းလေလေပဲ။ သွေးထွက်သံယိုတွေကို ကြောက်တယ်။ သေရမှာကို ကြောက်သလို ပြဿနာတွေကိုလည်း ကြောက်တယ်။ ပြီးတော့ လူတွေကို အပြစ်ပြုမိမှာကို ပိုကြောက်တယ်။ ဒါကြောင့် ငါက တိုက်ခိုက်ရတာကို မကြိုက်ဘူး ကျိုးကြောင်းဆင်ခြင်ရတာကိုပဲ ကြိုက်တယ်။ ဘာလို့လဲဆိုတော့ ကျိုးကြောင်းဆင်ခြင်လို့ နားလည်သွားရင် ပြဿနာအတော်များများကို ဖြေရှင်းနိုင်လို့ပဲ။ ဒါကြောင့် မိတ်ဆွေ ရှီးအနေနဲ့ နဂါးနီအမိန့်တော်ပြားကို ငါ့ကို ပေးနိုင်မလားလို့ သိချင်မိတယ်"
"ဒါပေါ့... မိတ်ဆွေကိုလည်း အရှုံးမရှိစေရပါဘူး ရတနာတစ်ခုခုနဲ့ လဲလှယ်ပေးမှာပါ။ မိတ်ဆွေရှ ဘယ်လိုသဘောရလဲ"
"ရတနာတစ်ခုနဲ့ လဲမယ် ဟုတ်လား မိတ်ဆွေမုန့်က ငါ့ကို နောက်နေတာလား"
ရှမင်ယန်က အသာအယာ ရယ်မောလိုက်သည်။
"နဂါးနီအမိန့်တော်ပြားက လူကိုးယောက်ကို နဂါးနီနတ်ဘုရားနန်းတော်ထဲအထိ ခေါ်သွားနိုင်တာ။ အဲဒီထဲမှာ မရေမတွက်နိုင်တဲ့ ကံထူးမှုတွေ ရှိနေတာကို ဘယ်လိုရတနာမျိုးက ယှဉ်နိုင်မှာလဲ"
"အင်း..."
ရှမင်ယန်က ငြင်းပယ်လိုက်သည်ကို မြင်သောအခါ မုန့်ဟုန်က သက်ပြင်းချလိုက်သည်။
"မိတ်ဆွေ ရှီးနဲ့ ကျိုးကြောင်းဆင်ခြင်လို့ မရဘူးဆိုမှတော့ ငါလည်း တခြားနည်းလမ်းတွေ သုံးပြီး ဆက်ပြီး ကျိုးကြောင်းဆင်ခြင်ရတော့မှာပေါ့"
ရှမင်ယန်က အေးစက်စွာ ပြုံးလျက် စကားပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် ငွေခေါင်းလောင်းလေးများ မြည်သံကဲ့သို့ ကြည်လင်ပြီး ဆွဲဆောင်မှုရှိသော မိန်းမပျိုတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။
"နဂါးနီအမိန့်တော်ပြားလို ရတနာမျိုးကို ကျွန်မလည်း တော်တော်လေး စိတ်ဝင်စားမိတယ်။ ဂိုဏ်းချုပ်ရှအနေနဲ့ အဲဒါကို လက်လွှတ်ဖို့ ဆန္ဒရှိမလားဆိုတာ သိချင်မိသား..."
ကုယွမ် လှည့်ကြည့်လိုက်သည့်အခါ လမ်း၏ အခြားတစ်ဖက်တွင် အလွန်လှပသော အမျိုးသမီးတစ်ဦး ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ထိုအမျိုးသမီး၏ ကိုယ်လုံးကိုယ်ပေါက်မှာ ပြေပြစ်လှပပြီး အချိုးအစားကျလှသည်။ သူမ၏ ရုပ်ရည်မှာ ဆွဲဆောင်မှုရှိလှသလို သူမ၏ မျက်ဝန်းများမှာလည်း ညှို့ဓာတ်များ ပြည့်နှက်နေသည်။ သူမကို တစ်ချက်ကြည့်လိုက်ရုံဖြင့် လူတစ်ယောက်မှာ အင်အားချည့်နဲ့သွားပြီး နှလုံးခုန် မြန်လာစေနိုင်သည်။
သူမကို မြင်လိုက်ရသည်နှင့် ကုယွမ်၏ စိတ်ထဲတွင် မြေခွေးမလေးဟူသော စကားလုံး ချက်ချင်း ပေါ်လာတော့သည်။
ထိုအမျိုးသမီး၏ ပတ်ပတ်လည်တွင် ပန်းရောင်အလင်းတန်းများ ဝန်းရံနေပြီး ပန်းပွင့်ဖတ်များ လွင့်ပျံ့နေသကဲ့သို့ မွှေးရနံ့များ ထွက်ပေါ်နေကာ သူမသည်လည်း ကောင်းကင်ဘုံလူသားနယ်ပယ် ကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း ထင်ရှားလှသည်။
ကုယွမ်၏ စိတ်ထဲတွင် ပေါ်လာသော မြေခွေးမလေးဟူသော စကားလုံးမှာ ဆဲဆိုခြင်းမဟုတ်ဘဲ ဝိညာဉ်သားရဲများနှင့် မိစ္ဆာများနှင့် အချိန်အတော်ကြာ ထိတွေ့ခဲ့ဖူးသဖြင့် လူမဟုတ်သော သက်ရှိများအပေါ် သူ၏ ထူးခြားသော အာရုံခံစားမှုကြောင့်ပင်။
သူမတွင် လူသားအငွေ့အသက် ရှိသော်လည်း မိစ္ဆာချီစွမ်းအင် အကြွင်းအကျန်အချို့ ပါဝင်နေသည်။ ထို့ကြောင့် ကုယွမ်အနေဖြင့် ဤအမျိုးသမီးသည် မိစ္ဆာများနှင့် မကြာခဏ ထိတွေ့နေသူ သို့မဟုတ် သူမကိုယ်တိုင်ကပင် ပြဿနာရှိနေသူဟု သံသယဝင်နေမိသည်။
"ဒီမိတ်ဆွေကကော ဘယ်သူလဲ"
ရှမင်ယန်၏ အကြည့်များမှာ တင်းမာသွားသည်။
"ကျွန်မက စုရှောင်ယွဲ့ပါ။ ဂိုဏ်းချုပ်ရှကို နှုတ်ဆက်ပါတယ်ရှင်..."
ထိုမိန်းမပျိုက ပါးစပ်ကလေးကို အုပ်ကာ တခစ်ခစ် ရယ်မောလိုက်ပြီး သူမ၏ အရှိန်အဝါမှာလည်း လျှော့တွက်၍ မရပေ။
"ဒီနေ့ကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးဆုံးမယ့်ပုံ မပေါ်တော့ဘူးပဲ..."
ရှမင်ယန်က အသာအယာ သက်ပြင်းချလိုက်သော်လည်း ကြောက်ရွံ့သည့် အရိပ်အယောင် လုံးဝမရှိပေ။
"မှန်တယ် ရှမင်ယန် မင်းမှာ နဂါးနီအမိန့်တော်ပြားကို အပ်နှံဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိဘူး"
လမ်း၏ အခြားတစ်ဖက်တွင် ပိန်ပါးသော လူရိပ်တစ်ခု ပေါ်လာသည်။ သူ၏ မျက်နှာမှာ အိုမင်းနေပြီး ကျောမှာ အနည်းငယ် ကုန်းနေကာ မျက်ဝန်းများမှာလည်း မှုန်မှိုင်းနေသည်။
သူက ကုယွမ်ကို တစ်ချက်ကြည့်လိုက်ပြီး ယုတ်မာသော လေသံဖြင့် ပြောလိုက်သည်။
"ပြီးတော့ မင်း ဒီကောင်လေးကိုလည်း ငါ့လက်ထဲ အပ်ရမယ်။ မဟုတ်ရင် ဒီကျောက်စိမ်းအိုးမျှော်စင်ကို ဖျက်ဆီးပစ်ဖို့ ငါ ဝန်မလေးဘူး"
နောက်ထပ် ကောင်းကင်ဘုံလူသားနယ်ပယ် ကျင့်ကြံသူတစ်ဦးလား။
ရှမင်ယန်၏ မျက်နှာမှာ မည်းမှောင်သွားတော့သည်။
ကုယွမ်မှာ အနည်းငယ် အံ့အားသင့်သွားပြီး ထိုအဘိုးအိုကို ကြည့်လိုက်သည်။ သူ၏ ရုပ်ရည်မှာ ဝူရွှမ်းနှင့် ဆင်တူလှသဖြင့် အနည်းငယ် နုပျိုသွားပါက ဝူရွှမ်းနှင့် ထပ်တူကျပေလိမ့်မည်။
"ဖားက သမ်းပြနေတာပဲ ဘယ်လောက်တောင် ရဲတင်းတာလဲ"
ကုယွမ်က စိတ်အေးလက်အေးဖြင့် သူ၏ ဓားကို ကျွမ်းကျင်စွာ ဝှေ့ယမ်းလိုက်ပြီး နှာခေါင်းရှုံ့လိုက်သည်။
"အဘိုးကြီး... မင်းရဲ့သားက သေထိုက်လို့ သေတာပဲ။ လက်စားချေချင်ရင်လည်း မြန်မြန်လုပ်
စမ်းပါ။ အပိုစကားတွေ ပြောမနေနဲ့"
"ပြီးတော့ မင်းက သားတစ်ယောက်ပဲ ဆုံးရှုံးရတာပဲ။ နတ်ဘုရားနယ်ပယ် ကျင့်ကြံသူက အသက် သုံးရာကျော်အထိ နေရတာပဲဟာ နောက်ထပ် သားသမီးတွေ အများကြီး ထပ်ယူလို့ ရပါသေးတယ်..."
အခန်း။ ၁၁၈
အဘိုးကြီး၏ မျက်နှာမှာ တလှုပ်လှုပ်ဖြစ်သွားပြီး အသားအရောင်မှာလည်း မည်းမှောင်ကာ ရုပ်ဆိုးသွားတော့သည်။ သူသည် ဒေါသထွက်လွန်းသဖြင့် ဦးခေါင်းပေါက် ခုနစ်ပေါက်မှ မီးခိုးပင် ထွက်မတတ် ဖြစ်နေရရှာသည်။
သားတစ်ယောက်သေတာ ဘာဖြစ်လဲ။ နောက်ထပ် အများကြီး ထပ်ယူလို့ရတာပဲ ဆိုတဲ့ စကားမျိုးက လူတစ်ယောင်ပြောရမဲ့ စကားမျိုးလား။
ကုယွမ် ဤသို့ပြောလိုက်သည်နှင့် အဘိုးကြီးဝူ တစ်ဦးတည်း ဒေါသပေါက်ကွဲသွားသည်မဟုတ်ဘဲ ဘေးရှိ ရှမင်ယန်နှင့် အဘိုးကြီးမိုတို့ပင် ထူးဆန်းသော မျက်နှာအမူအရာများ ဖြစ်သွားကြသည်။
"ဒီကောင်လေး ကုယွမ်က ကျင့်ကြံမှုပါရမီလည်းရှိ၊ ရုပ်ရည်ကလည်း ချောမောပါရဲ့နဲ့... ပါးစပ်ကတော့ တကယ့်ကို အဆိပ်အတောက်ပဲ။ ကောင်းကင်ဘုံလူသားနယ်ပယ်ကျင့်ကြံသူတစ်ယောက်ကို ဒီလိုစကားမျိုး ပြောရဲတယ်ဆိုတော့... ဒီကောင်လေးက စကားအရာမှာ ထက်မြက်ရုံတင်မကဘူး။ သတ္တိကလည်း တကယ့်ကို အံ့မခန်းပဲ။ မွေးရာပါအဆင့်ပဲရှိသေးတာတောင် နတ်ဘုရားနယ်ပယ် ကျင့်ကြံသူကို ရဲရဲတင်းတင်း ရန်စရဲနေတာပဲ..."
စုရှောင်ယွဲ့ကမူ ပါးစပ်ကလေးကိုအုပ်ကာ တခစ်ခစ် ရယ်မောလိုက်ပြီး ကုယွမ်ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။
"ဒီလူငယ်လေးက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ..."
"မင်းလို တိရစ္ဆာန်လေးကတော့ သေဖို့ လမ်းရှာနေတာပဲ"
အဘိုးကြီးဝူသည် မူလက ကုယွမ်၏ ဓားသိုင်းပညာ ဇစ်မြစ်ကို မေးမြန်းရန် ကြံစည်ထားသော်လည်း ယခုတော့ ဒေါသကို မထိန်းနိုင်တော့ဘဲ ဝိညာဉ်အလင်းတန်းတစ်ခုကို ဝှေ့ယမ်းထုတ်လိုက်တော့သည်။
ထိုဝိညာဉ်အလင်းမှာ ဓားအရှိန်အဝါ ဆယ့်နှစ်တန်းအဖြစ် ကွဲထွက်သွားပြီး ကုယွမ်ထံသို့ ဦးတည်၍ ပြေးဝင်သွားသည်။
ထိုးဖောက်နိုင်စွမ်းရှိပြီး သတ်ဖြတ်လိုစိတ် ပြည့်နှက်နေသော ထိုဓားအရှိန်အဝါများသည် ကုယွမ်၏ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းကို လွှမ်းခြုံထားသည်။
ဓားအရှိန်အဝါ တစ်ခုချင်းစီမှာ သံကို ခဲကဲ့သို့ ဖြတ်နိုင်သော နတ်ဘုရားလက်နက်တစ်ခုကဲ့သို့ အလွန်ထက်မြက်လှသည်။ ၎င်းတို့သည် တစ်လွှာချင်းစီ ထပ်လျက် ကုယွမ် ထွက်ပြေးနိုင်မည့် လမ်းစအားလုံးနှင့် ပတ်ဝန်းကျင် ဟင်းလင်းပြင်ကိုပါ ပိတ်ဆို့ထားလိုက်ပြီ ဖြစ်သည်။
သူသည် ရှောင်တိမ်း၍မရဘဲ တိုက်ရိုက်ခုခံရန်သာ ရှိတော့သည်။
ကုယွမ်သည် ဝူရွှမ်းထက် ဆယ်ဆမျှ ပိုမိုပြင်းထန်သော အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။ ကောင်းကင်ဘုံလူသားနယ်ပယ် ကျင့်ကြံသူတစ်ဦးမှာ တကယ့်ကို သာမန်မဟုတ်ပေ အထူးသဖြင့် ဤဓားအရှိန်အဝါ နတ်ဘုရားကျင့်စဉ်မှာ သူနှင့် အလွန်ရင်းနှီးနေသည်။ ၎င်းမှာ အသက်နှုတ်ဓားကျမ်းကို အောင်မြင်မှုအဆင့်အထိ လေ့ကျင့်ပြီးနောက် ဖော်ထုတ်နိုင်သော ဓားအရှိန်အဝါ ကျင့်စဉ်ပင်။
"မိတ်ဆွေဝူ... အသက်လည်း ကြီးနေပြီကို ဘာလို့ ဒီလို လူငယ်လေးတစ်ယောက်နဲ့ ဖက်ပြိုင်နေရတာလဲ"
ကုယွမ်သည် ချိုးရွှေဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် သူ၏ အဆင့်အတန်းကို ကိုယ်တိုင် စမ်းသပ်ရန် ပြင်လိုက်သော်လည်း ရှမင်ယန်က လက်ကိုမြှောက်ကာ တားဆီးလိုက်သည်။
ရှမင်ယန်သည် နီမြန်းသော သံအမိန့်တော်ပြားတစ်ခုကို ဝှေ့ယမ်းလိုက်ရာ ၎င်းမှာ နဂါးနီပုံသဏ္ဌာန် ဝိညာဉ်အလင်းအဖြစ် ပြောင်းလဲသွားပြီး ဓားအရှိန်အဝါများကို အပိုင်းပိုင်းခြေဖျက်ပစ်လိုက်သည်။
ထိုဓားအရှိန်အဝါများမှာ ပူပြင်းလှသော အနီရောင်အလင်းအောက်တွင် မီးခိုးဖြူများအဖြစ် လောင်ကျွမ်းပျောက်ကွယ်သွားတော့သည်။
"နဂါးနီအမိန့်တော်ပြား"
သူ၏ နတ်ဘုရားကျင့်စဉ် ပျက်ပြယ်သွားသည်ကို မြင်လိုက်ရသည့်အခါ အဘိုးကြီးဝူ၏ မျက်နှာမှာ ပျက်ယွင်းသွားသော်လည်း နီမြန်းသော အမိန့်တော်ပြားကို ကြည့်သည့် သူ၏မျက်လုံးများတွင် လောဘရိပ်များ ဖြတ်ပြေးသွားသည်။
သူသည် မှုန်မှိုင်းသော အမူအရာဖြင့် အေးစက်စွာ မေးခွန်းထုတ်လိုက်သည်။
"ရှမင်ယန်... မင်းက တကယ်ပဲ ဒီကောင်လေးကို ကာကွယ်ပေးဖို့ ဆုံးဖြတ်ထားတာလား"
"မိတ်ဆွေဝူ... နောက်နေတာလား"
ရှမင်ယန်က လှောင်ပြုံးပြုံးလိုက်သည်။
"ကုယွမ်က ငါ့ရဲ့ ကျောက်စိမ်းအိုးမျှော်စင်က လူပဲ။ ကျောက်စိမ်းအိုးမျှော်စင်ရဲ့ ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ ငါ့လူကို ငါမကာကွယ်ပေးရင် မင်းလက်ထဲကို ဒီအတိုင်း အပ်လိုက်ရမှာလား"
သူ၏ စကားများမှာ ဟန်ပြသက်သက် မဟုတ်ပေ။
ကုယွမ်သည် အစောပိုင်းက ဝူရွှမ်းကို တားဆီးပေးခဲ့သဖြင့်သာ သူသည် နဂါးနီအမိန့်တော်ပြားကို အဆင်ပြေပြေ သန့်စင်နိုင်ခဲ့ခြင်းပင်။ အကယ်၍ သူသာ ယခုအချိန်တွင် ကုယွမ်ကို မကာကွယ်ပေးခဲ့လျှင် ယနေ့နောက်ပိုင်း၌ သူ၏ ဂုဏ်သိက္ခာမှာ မြေကျသွားပေလိမ့်မည်။
လူတစ်ယောက်သည် ဟန်ဆောင်ကောင်းသူ၊ ကောက်ကျစ်သူ သို့မဟုတ် ရက်စက်သူ ဖြစ်နိုင်သော်လည်း၊ လုပ်သင့်လုပ်ထိုက်သည့် ကိစ္စနှင့် မလုပ်သင့်သည့် ကိစ္စကိုမူ ခွဲခြားသိမြင်ရမည် ဖြစ်သည်။
ကုယွမ်မှာ အခြားသူများ၏ အမြင်တွင် သူ၏ လက်အောက်ငယ်သား ဖြစ်သည်။ သူ့အတွက် အလုပ်လုပ်ပေးနေသော လူကိုပင် မကာကွယ်နိုင်ပါက နောင်တွင် မည်သူကမှ သူ့အတွက် အလုပ်လုပ်ပေးမည် မဟုတ်ပေ။
ထို့အပြင် ကုယွမ်၏ ပါရမီမှာလည်း သူကိုယ်တိုင် ထွက်၍ ကာကွယ်ပေးရန် ထိုက်တန်သည်။
"မင်းတို့ကြားမှာ ဘယ်လို ရန်ငြိုးတွေ ရှိနေတယ်ဆိုတာ ငါစိတ်မဝင်စားဘူး..."
မျောက်ထိန်းအဘိုးအို မုန့်ဟုန်သည် ကုယွမ်ကို ကြည့်ရင်း စိတ်ရှည်မှု တဖြည်းဖြည်း ကုန်ဆုံးလာကာ ရှမင်ယန်ဘက်သို့ လှည့်လိုက်သည်။
"ဂိုဏ်းချုပ်ရှ... မင်းသာ နဂါးနီအမိန့်တော်ပြားကို ပေးမယ်ဆိုရင် ငါ မင်းကို ကျေးဇူးတစ်ခု တင်သွားမယ်။ မင်း ဘာပဲခိုင်းခိုင်း ငါ လိုက်နာပေးမယ်။ ဘယ်လိုလဲ"
"ကျွန်တော့်ဆရာက စိတ်ထားကောင်းလွန်းနေတယ်လို့ ထင်တယ်။ ရတနာဆိုတာ ထိုက်တန်တဲ့သူနဲ့ပဲ ဆိုင်တာပဲ။ ဆရာ ကြိုက်တယ်ဆိုရင် တိုက်ရိုက် လုယူလိုက်ရုံပဲလေ။ အခုတော့ ဆရာက လဲလှယ်ဖို့ပဲ လုပ်နေသေးတယ်"
သူ၏ဘေးရှိ ဆံပင်ဖြူ မျောက်ဝံကြီးမှာ လည်ပင်းကို တွန့်လိမ်လျက် ထက်မြက်သော သွားများကို ဖြဲပြကာ ပြောလိုက်သည်။
"ဂိုဏ်းချုပ်ရှ... ကျွန်တော့်ဆရာက ခင်ဗျားကို မျက်နှာသာ ပေးနေတာနော်။ အဲဒီမျက်နှာသာကို အလဟဿ မဖြစ်စေနဲ့လို့ ကျွန်တော် အကြံပေးပါရစေ"
မျောက်ဝံကြီး၏ အသံမှာ အောရှရှနှင့် ထူးဆန်းနေသော်လည်း ထိုစကားကို ကြားလိုက်ရသည့်အခါ လူအများ၏ မျက်နှာမှာ ပျက်ယွင်းသွားကြသည်။
ဒီမျောက်ဝံကြီးက လူစကားကို ပြောနိုင်တာလား။
၎င်းမှာ ရှင်းလင်းစွာပင် အရိုးသန့်စင်မှုအဆင့်ကို ကျော်လွန်ကာ မြင့်မားသော တာအိုကျင့်စဉ်ကို ရရှိထားသည့် ကောင်းကင်ဘုံလူသားနယ်ပယ် မိစ္ဆာတစ်ကောင် ဖြစ်နေပြီ ဖြစ်သည်။
"ဒီလောက်အထိ ကြောက်စရာကောင်းတဲ့ မိစ္ဆာမျိုးကိုတောင် ယဉ်ပါးအောင် လုပ်နိုင်တယ်ဆိုရင်... မုန့်ဟုန်ရဲ့ အစွမ်းက တကယ်ပဲ ဘယ်လောက်အထိ တောင် ရှိနေမှာလဲ"
သို့သော် ကုယွမ်မှာမူ ထိုမျောက်ဝံကြီးကို အကြိမ်ကြိမ်ကြည့်ကာ စိတ်ဝင်စားဟန်ပြနေသည်။
သူမွေးမြူထားသော ဝိညာဉ်သားရဲငါးကောင်ထဲတွင် ကြွက်၊ မြွေ၊ လိပ်၊ ကင်းခြေများ နှင့် ရှေးဟောင်းပိုးမွှားမျိုးနွယ်ဝင် စိမ်းရိပ်ဓားလိပ်ပြာတို့ပါဝင်ပြီး တစ်ကောင်ချင်းစီမှာ ထူးခြားလှသည်။ အထူးသဖြင့် အောင်းကြီးနှင့် ရတနာရှာကြွက် အားဟွမ်တို့မှာ အသိဉာဏ်အမြင့်ဆုံးဖြစ်သည်။
သို့သော် သူတို့ထဲမှ တစ်ကောင်မျှ စကားမပြောနိုင်သေးပေ။ ၎င်းမှာ သူတို့၏အဆင့်နိမ့်၍မဟုတ်ဘဲ ကြီးထွားမှုကနဦးအဆင့်မှာသာ ရှိသေးသောကြောင့်ပင်။ တည်ငြိမ်စွာ ကြီးပြင်းလာပြီး ကျင့်ကြံမှုနှင့် တာအိုအသိအမြင်များ လုံလောက်လာပါက သူတို့၏ မွေးရာပါနတ်ဘုရားကျင့်စဉ်များကို စုံလင်စွာ တတ်မြောက်လာမည်ဖြစ်ပြီး စကားပြောနိုင်ရန်မှာ အချိန်ကိစ္စသာဖြစ်သည်။
"မျောက်မျိုးနွယ်တွေက သူတို့ရဲ့ဉာဏ်ရည်ကြောင့် လူသိများကြတာပဲ။ သာမန်မျောက်တွေတောင် တခြားတိရစ္ဆာန်တွေထက် ဉာဏ်ရည်ပိုမြင့်ကြတယ်။ မိစ္ဆာအသွင်ပြောင်းထားတဲ့ မျောက်ဝံကြီးဆိုရင်တော့ လူတွေထက် မနိမ့်တဲ့အသိဉာဏ်ရှိမှာပဲ။ သူတို့က အလုပ်အချို့ကိုလည်း လုပ်ပေးနိုင်တော့ အဖော်ကောင်း တစ်ယောက်ဖြစ်မှာပဲ..."
ကုယွမ်မှာ အားကျစိတ်ဖြစ်ပေါ်လာပြီး အတွေးတစ်ခု ပေါ်လာသည်။
"ငါလည်း မျောက်တစ်ကောင်လောက် မွေးသင့်လား"
သူ့တွင်ရှိသော ဝိညာဉ်သားရဲငါးကောင်အနက် အားဟွမ်မှာ အသုံးအဝင်ဆုံးဖြစ်ပြီး သူ့ကို ပါရမီသုံးမျိုး ပေးထားသည့်အပြင် ဝိညာဉ်ဆေးပင်များကိုလည်း မကြာခဏ ရှာဖွေပေးတတ်သည်။ သို့သော် အားဟွမ်တွင်လည်း အကန့်အသတ်များရှိသည်။
"ထားလိုက်ပါတော့... နောက်မှပဲ စဉ်းစားတော့မယ်"
ကုယွမ်က ထိုအတွေးကို ဖယ်ထုတ်လိုက်သည်။
"အခုရှိနေတဲ့ ဝိညာဉ်သားရဲ ငါးကောင်ကို ထောက်ပံ့ဖို့တောင် ငါ တော်တော်လေး ရုန်းကန်နေရတာ အခုဆို အားဟွမ်၊ အမည်းလေးနဲ့ ပါးစပ်ကြီးတို့ဆိုရင် ယွန်မုံတောင်တန်းထဲမှာ သူတို့ဘာသာ အမဲလိုက်ပြီး ဝမ်းစာရှာနေကြရတာလေ။
ဒီကြားထဲ နောက်ထပ် မျောက်ဝံတစ်ကောင်ကို ထပ်မွေးဖို့ဆိုတာ... သူ့ရဲ့ကြီးမားတဲ့ ခန္ဓာကိုယ်နဲ့ စားသောက်မှု ပမာဏကို ငါ ဘယ်လိုလုပ်ပြီး တတ်နိုင်မှာလဲ။ ဆေးဘုရင်တောင်တန်းကို ရောက်လို့ အရာအားလုံး အခြေကျသွားတဲ့အထိ စောင့်ကြည့်တာကမှ အကောင်းဆုံး ဖြစ်လိမ့်မယ်"
"တိရစ္ဆာန်တစ်ကောင်ကများ ငါ့ကို ခြိမ်းခြောက်ရဲတယ်ပေါ့လေ"
မျောက်ဝံကြီးက သူ့ကို ထိုသို့ပြောရဲသည်ကို မြင်သောအခါ ရှမင်ယန်က နှာခေါင်းရှုံ့လိုက်သည်။
"တိရစ္ဆာန် ဟုတ်လား"
မျောက်ဝံကြီးက သွားဖြဲကာ ရယ်မောလိုက်ပြီး သူ၏လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ အရိုးချင်းရိုက်ခတ်သံများ ထွက်ပေါ်လာသည်။ သူ၏ကိုယ်ပေါ်မှ ပြင်းထန်သော မိစ္ဆာချီစွမ်းအင်များနှင့် တောင်တန်းကြီးတစ်ခုကဲ့သို့ လေးလံသောအရှိန်အဝါများ ထွက်ပေါ်လာသည်
"ဂိုဏ်းချုပ်ရှက ကျွန်တော့်ကို ဂရုစိုက်ဖို့မလိုတဲ့ မျောက်တစ်ကောင်လို့ ထင်နေတာလား။ ဒါဆိုရင် ခင်ဗျားပဲ ကျွန်တော့်ကို သတ်မလား ဒါမှမဟုတ် ဒီမျောက်ကပဲ ခင်ဗျားရဲ့ခေါင်းကို ဖြုတ်ယူမလားဆိုတာ ကြည့်ကြသေးတာပေါ့"
"ဟားဟား... ကောင်းတယ် သိပ်ကောင်းတယ် ရှမင်ယန်... မင်းက ကောင်းကင်ဘုံလူသားနယ်ပယ်ကို တက်လှမ်းနိုင်ခဲ့ရင်တောင် ဘာဖြစ်လဲ"
ရှမင်ယန်ကို ဝိုင်းကြည့်နေကြသည်ကို မြင်သောအခါ ဝေချွမ်း၏မျက်နှာတွင် လှောင်ပြောင်လိုသော အမူအရာ ပေါ်လာသည်။
"ဒီနေ့ မင်း ဘယ်လိုအဆုံးသတ်မလဲဆိုတာကို ငါ တကယ်ကြည့်ချင်နေပြီ"
ယခုအခါ ဤနေရာတွင် မျောက်ထိန်းနှင့် သူ၏ဝိညာဉ်သားရဲ၊ စုရှောင်ယွဲ့ နှင့် အဘိုးကြီးဝူ တို့ကဲ့သို့သော ကောင်းကင်ဘုံလူသားများ ရောက်ရှိနေရုံတင်မကဘဲ အခြားသော စစ်သည်တော်ဆရာကြီးများနှင့် မွေးရာပါစစ်သည်တော်များစွာမှာလည်း ဆူညံသံများကြောင့် ရောက်ရှိလာပြီး အဝေးမှ စောင့်ကြည့်နေကြသည်။
သူတို့မှာ အပြင်ပန်းတွင် မြင်နေရသူများသာဖြစ်ပြီး အမှောင်ရိပ်ထဲတွင် မည်မျှရှိနေဦးမည်ကို မည်သူမျှမသိနိုင်ပေ။ ဤမျှလောက် လူအများအပြားရှိနေသည့်ကြားတွင် သူ၏ရန်သူဟောင်း ရှမင်ယန်မှာ မည်မျှပင် အရည်အချင်းရှိပါစေ ယနေ့တွင် အသာစီးရရန်မှာ မလွယ်ကူလှပေ။
ရှမင်ယန်က ဝေချွမ်းကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး လျစ်လျူရှုကာ လူအုပ်ကြီးကို ကြည့်ရင်း စိတ်ထဲတွင် အလွန်ပင် ခက်ခဲနေတော့သည်။
နဂါးနီအမိန့်တော်ပြား၏ ဆွဲဆောင်မှုမှာ အလွန်ပင် ကြီးမားသည်။
"တစ်ယောက်ချင်းစီဆိုရင်တော့ ငါမကြောက်ပေမဲ့... ဒီလူတွေအားလုံးသာ စုပေါင်းပြီး တိုက်ခိုက်လာရင် ငါ တကယ်ပဲ ရင်ဆိုင်နိုင်ပါ့မလား။
ပြီးတော့ ဆေးဘုရင်တောင်တန်းက အရှိန်အဝါကြီးတဲ့သူကရော အခုအချိန်ထိ ဘာလို့ ရောက်မလာသေးတာလဲ"