← Chapters

အခန်း (၁၁၀၁-၁၁၀၂)

Vol. 94 Ch. 1101-1102

အခန်း (၁၁၀၁-၁၁၀၂)

Vol. 94 Ch. 1101-1102

အခန်း ၁၁၀၁ - အဆင့်မြင့်ဘီယာနှင့် ဂျက်ဖ်၏ တုန်လှုပ်မှု

လူပုမျိုးနွယ်စု၏တပ်ဖွဲ့မှာ ရှေ့တန်းစစ်မျက်နှာသို့ ချက်ချင်း အပြေးအလွှား ရောက်ရှိလာကြသည်။

စစ်သားများ၏ တညီတညွတ်တည်းရှိသော လှုပ်ရှားမှုများကို ကြည့်ပြီး ဂျက်ဖ်တစ်ယောက် နောက်တစ်ကြိမ် တုန်လှုပ်သွားရပြန်သည်။ လူပုမျိုးနွယ်စုဝင် စစ်သားများမှာ မည်သည့်အချိန်ကတည်းက ဤမျှ ပြင်းထန်သော စည်းကမ်းစနစ်များ ရှိနေခဲ့သနည်း။

ရှေ့တန်းသို့ ရောက်ရှိပြီးနောက် ၎င်းတို့သည် ခံစစ်စည်းများကို ချက်ချင်း တည်ဆောက်လိုက်ကြသည်။ ကျွမ်းကျင်လှသော လှုပ်ရှားမှုများကို ကြည့်ရင်း ဂျက်ဖ်က ကော်နာကို လက်မထောင်ပြကာ ချီးကျူးလိုက်လေသည် ။

“ဒီတပ်ဖွဲ့က တကယ်ကို မိုက်တာပဲ။ မင်း သူတို့ကို ဘယ်လိုများ လေ့ကျင့်ပေးထားတာလဲ။”

“အဲ့ဒါကိုတော့ နည်းပြကျန်းကိုပဲ မေးကြည့်ရမယ်။”

ကော်နာက ပြုံးကာ ပြန်ဖြေလိုက်သည်။

ကော်နာ၏ စကားကို ကြားသောအခါ ဂျက်ဖ် အနည်းငယ် မှင်သက်သွားပြီးနောက် ပြန်မေးလိုက်သည်။

“မင်းပြောတာ အဲ့ဒီ လူသားမျိုးနွယ်ကို ပြောတာလား။”

ထိုအချိန်တွင် ကျန်းယွင်ထျန်းသည် သူ၏တပ်ဖွဲ့ကို ဦးဆောင်ကာ ရှေ့တန်းမှ ပြန်လာနေပြီး ခံစစ်တာဝန်များကို လူပုစစ်သားများထံ လွှဲပြောင်းပေးအပ်နေချိန်နှင့် တိုက်ဆိုင်နေ၏။

ကော်နာက ခေါင်းငြိမ့်ပြကာ ပြောလိုက်သည်။

“တကယ်တော့ ကျုပ်တို့လည်း အစက လက်မခံနိုင်ခဲ့ကြဘူး။ ကျုပ်တို့ လူပုမျိုးနွယ်က အဲ့ဒီလူသားတွေထက် မနိမ့်ကျဘူးလို့ အမြဲထင်ခဲ့တယ်။ ဒါပေမဲ့ တိုက်ပွဲအချို့ကို ကြုံတွေ့ခဲ့ရပြီးတဲ့နောက်မှာ ကျုပ်တို့က အဲ့ဒီလူသားစစ်သားတွေကို တကယ်ပဲ မယှဉ်နိုင်ဘူးဆိုတာကို နောက်ဆုံးမှာ သဘောပေါက်သွားခဲ့တယ်။”

ဂျက်ဖ် ခေါင်းငြိမ့်လိုက်သည်။ ကျန်းယွင်ထျန်းသည် လူဆယ်ယောက်သာ ခေါ်ဆောင်လာသော်လည်း ထိုဆယ်ယောက်၏ စွမ်းဆောင်ရည်မှာ ဂျက်ဖ်၏ အသိအမှတ်ပြုမှုနှင့် လေးစားမှုကို ရရှိထားပြီးဖြစ်သည်။

“အဲ့ဒါကြောင့် လူသားမျိုးနွယ် စစ်သားတွေဆီကနေ လေ့ကျင့်မှု ခံယူဖို့ ကျုပ် ကျွန်းပိုင်ရှင်ဆီမှာ လျှောက်ထားခဲ့တာပဲ။”

ကော်နာက ဆက်ပြောလိုက်သည်။

“တကယ်တော့ ကျုပ်တို့ လူပုမျိုးနွယ်တင် မဟုတ်ဘူး၊ နတ်သူငယ်မျိုးနွယ်နဲ့ ဝံပုလွေလူသားမျိုးနွယ် စစ်သားတွေလည်း လူသားစစ်သားတွေဆီက လေ့ကျင့်မှု ခံယူခဲ့ကြတယ်။”

ဤသည်ကို ကြားသောအခါ ဂျက်ဖ် လုံးဝ အံ့အားသင့်သွားတော့လေသည်။

“မင်းတို့ရဲ့ မဟာမိတ်အဖွဲ့ထဲမှာ နတ်သူငယ်တွေနဲ့ ဝံပုလွေလူသားတွေလည်း ရှိနေတာလား။”

“ဟုတ်တယ်။ ဒါက ကျွန်းပိုင်ရှင်ရဲ့ ဆွဲဆောင်မှုကြောင့် ဖြစ်နိုင်တယ်။ ကျုပ်တို့လို မတူညီတဲ့ မျိုးနွယ်စုတွေက မဟာမိတ်အဖွဲ့တစ်ခုတည်းမှာ သဟဇာတဖြစ်ဖြစ် အတူတူ နေထိုင်နေကြတယ်လေ။”

ကော်နာက ဆိုသည်။ ဂျက်ဖ်က စဉ်းစားဟန်ဖြင့် ခေါင်းငြိမ့်လိုက်သည်။

ကော်နာသည် စစ်သည်သယ်ယူပို့ဆောင်ရေးယာဉ်ပေါ်မှ ဘီယာနှစ်ပုလင်းကို ယူလိုက်ပြီး ဂျက်ဖ်ကို တစ်ပုလင်း ကမ်းပေးကာ ပြောလိုက်သည်။

“ရော့...မြည်းကြည့်လိုက်ဦး။”

ဂျက်ဖ်၏ မျက်လုံးများ ဝင်းလက်သွားခဲ့သည်။ ရှေ့တန်းစစ်မျက်နှာတွင် အရက်သေစာဟူသည်မှာ မရရှိနိုင်သလောက်ပင်။ အစားအသောက် ထောက်ပံ့မှုပင် ခက်ခဲနေချိန်တွင် အရက်များ ပို့ဆောင်ပေးရန်မှာ မဖြစ်နိုင်သော ကိစ္စဖြစ်သည်။

တည်နေရာကူးပြောင်းခြင်းအစီအရင်နှင့် ပတ်သက်၍မူ ၎င်းတို့ တစ်ကြိမ် တည်ဆောက်ရန် ကြိုးစားခဲ့သော်လည်း အသုံးမပြုနိုင်ခဲ့ပေ။

ဂျက်ဖ်သည် ကော်နာကို အတုယူကာ ပုလင်းအဖုံးကို ကိုက်ဖွင့်ပြီး တစ်ငုံ သောက်လိုက်ရာ သူ၏မျက်လုံးများ ပိုမို တောက်ပသွားတော့သည်။

“ဒါက အဆင့်မြင့် မုယောအရက်လား။”

ဂျက်ဖ်က တုန်လှုပ်စွာ မေးလိုက်သည်။

“ဟုတ်တယ်။ SSS အဆင့် ဘီယာပေါ့။ ဒါက ကျုပ်တို့ မဟာမိတ်အဖွဲ့ထဲမှာ ခေါ်တဲ့ နာမည်ပဲ။”

ကော်နာက ပြုံးရင်း ဆိုလိုက်သည်။

“SSS အဆင့်...ဟုတ်လား။ ဒါကို ထုတ်ကျွေးတာက မင်းတို့ သိပ်ကို ဇိမ်ကျလွန်းတာပဲ။”

ဂျက်ဖ်က ရေရွတ်လိုက်သည်။

“စိတ်မပူပါနဲ့။ ဒီပစ္စည်းတွေက မဟာမိတ်အဖွဲ့ဝင်တွေအတွက်ဆိုရင် ဝယ်ရတာ အရမ်း ဈေးပေါပါတယ်။ အရမ်းကိုမှ ဈေးချိုတယ်။”

ကော်နာက အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။

“ဒါဆိုရင် ငါ့အတွက် နည်းနည်းလောက် ဝယ်ပေးပါဦး။ ဒီအဆင့်မြင့်ဘီယာကို ရှေ့တန်းက စစ်သားတွေ တစ်ငုံနှစ်ငုံလောက် သောက်ရရုံနဲ့တင် သူတို့ ခွန်အားတွေ ပြန်ပြည့်ဖို့ အထောက်အကူ ဖြစ်စေမှာပဲ။ အဓိကကတော့ အရသာက တကယ် ထူးခြားတယ်။”

ဂျက်ဖ်က ချက်ချင်း ဆိုလိုက်သည်။

“ခင်ဗျားအတွက် တစ်သုတ်စာ ကြိုပြင်ထားပြီးသားပါ။ ခင်ဗျားရဲ့လူတွေကိုပဲ လာသယ်ခိုင်းလိုက်တော့။ ကားပေါ်မှာ ရှိတယ်။”

ကော်နာက ပြုံးကာ ပြောလိုက်သည်။

“အဆင့်စုံ ပါတယ်။ ခင်ဗျားတို့ရဲ့ ကိုယ်ပိုင် အဆင့်အလိုက် ခွဲသောက်ဖို့ အကြံပြုချင်တယ်။ အဲ့ဒါက ခင်ဗျားတို့ရဲ့ အဆင့် တိုးတက်မှုကို ပိုမြန်စေလိမ့်မယ်။”

“ဘာ...အဆင့်စုံ ရှိတယ် ဟုတ်လား။”

ဂျက်ဖ်တစ်ယောက် ပို၍ပင် တုန်လှုပ်သွားခဲ့သည်။

“မင်းတို့ မဟာမိတ်အဖွဲ့မှာ ဒီလို အဆင့်မြင့် အစားအစာတွေ ဘယ်လိုလုပ် ဒီလောက်အများကြီး ရှိနေတာလဲ။”

“ဒါကြောင့်လည်း ကျုပ် ကျွန်းပိုင်ရှင်နောက်ကို လိုက်ဖို့ ရွေးချယ်ခဲ့တာပေါ့။”

ကော်နာက ပြုံးကာ ပြန်ဖြေလိုက်သည်။

“အရင်တုန်းက အပြင်လူတွေဆီမှာလည်း အဆင့်မြင့်အစားအစာတွေ ရှိပေမဲ့ အဲ့ဒါတွေက သိပ်အဖိုးတန်တယ်လို့ ငါ ကြားဖူးတယ်။ ဟုတ်တယ်မလား။”

“ဟုတ်တယ်။ အရင် မျိုးနွယ်စုခေါင်းဆောင် ပြောတာ ကြားဖူးတာတော့ အဆင့်မြင့်အစားအစာတွေက အဲ့ဒီလူတွေရဲ့ ကျွန်းပေါ်မှာ ပေါ်လာတတ်ပေမဲ့ ပမာဏ အများကြီး မရှိဘူးတဲ့။”

ဂျက်ဖ်က ပြန်ဖြေလိုက်သည်။

“ဒါပေမဲ့ ကျုပ်တို့ မဟာမိတ်အဖွဲ့မှာတော့ အဲ့ဒါတွေကို စားလို့တောင် မကုန်နိုင်ဘူး။ ပြီးတော့ အပြင်လူတွေကိုလည်း အရမ်းကိုမှ ဈေးသက်သက်သာသာနဲ့ ရောင်းချပေးနေတယ်။”

ကော်နာက ပြောလိုက်သည်။

“ကျွန်းပိုင်ရှင် ပြောတာ ကြားတာတော့ သူက အပြင်လူတွေအားလုံးကို SSS အဆင့်ဆီ တတ်နိုင်သမျှ အမြန်ဆုံး ရောက်စေချင်တယ်တဲ့။”

“မဟာမိတ်ခေါင်းဆောင်ရှောင်းက အဲ့လောက်တောင် အံ့သြဖို့ ကောင်းတာလား။”

ဂျက်ဖ်က တုန်လှုပ်စွာ ဆိုလိုက်သည်။

“ဒါပေါ့။ သူသာ အံ့သြဖို့ မကောင်းရင် ကျုပ်လည်း သူ့နောက်ကို လိုက်နေမှာ မဟုတ်ဘူး။ ဒီမှာ အခြေအနေတွေ တည်ငြိမ်သွားရင် ခင်ဗျားကို မဟာမိတ်အဖွဲ့ဆီ ခေါ်သွားပြီး ကိုယ်တိုင်ကြည့်ခိုင်းမယ်။ အခုတော့ မြန်မြန်လုပ်...။ ဘီယာတွေ သွားဝေလိုက်ဦး။”

“ကောင်းပြီ။”

ဂျက်ဖ်သည် ရိက္ခာကိုင်အရာရှိကို ဘီယာများ လာသယ်ရန် ချက်ချင်း လှမ်းခေါ်လိုက်သည်။

အရက်သယ်ရမည်ဟူသော သတင်းကို ကြားလိုက်ရသည်နှင့် ရိက္ခာကိုင်အရာရှိမှာ စိတ်လှုပ်ရှားစွာဖြင့် ပြေးလာပြီး ဘီယာသေတ္တာများကို မြင်သောအခါ ရှေ့တန်းသို့ သယ်ယူရန် လူများကို အမြန်ခေါ်လိုက်တော့သည်။

ရှေ့တန်းမှ စစ်သားများသည် သေတ္တာများ သယ်လာသည်ကို မြင်သောအခါ ဝေခွဲမရဖြစ်ပြီး မေးလာခဲ့ကြသည်။

“ဒါတွေက ဘာတွေလဲ။ ငါတို့ တစ်ခါမှ မမြင်ဖူးပါလား။”

ပစ်ခတ်နေသော ယီရန်ပင်း မဟာမိတ်အဖွဲ့မှ လူပုစစ်သားက သူတို့ကို လှည့်ကြည့်ကာ ပြောလိုက်သည်။

“ဘီယာလေ။ ဒါ ငါတို့ မဟာမိတ်အဖွဲ့က ထောက်ပံ့ပေးတာပဲ ဖြစ်ရမယ်။”

“ဒါက အရက်လား။”

ဂျက်ဖ်၏ လက်အောက်ခံ စစ်သားများမှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားခဲ့ကြသည်။

“အရှင်မင်းကြီးက တစ်ယောက်ကို တစ်ပုလင်းစီတဲ့...လာယူကြတော့။”

ရိက္ခာကိုင်အရာရှိက အော်ပြောလိုက်သည်။

အရက်ကို အသက်ထက်မြတ်နိုးသော လူပုမျိုးနွယ်စုများအတွက်မူ ဤသည်မှာ အားဆေးတစ်ခွက်ကဲ့သို့ပင်။ စစ်သားများသည် ဘီယာပုလင်းများကို တစ်ပုလင်းပြီးတစ်ပုလင်း ယူလိုက်ကြကာ အဖုံးကို ကိုက်ဖွင့်ပြီး တစ်ငုံချင်း သောက်လိုက်ကြသည်။

“အရသာက အံ့မခန်းပဲ။ ငါတို့ရဲ့ မုယောအရက်ထက် အဆတစ်ရာလောက် ပိုကောင်းတယ်။”

“အရသာရှိရုံတင် မဟုတ်ဘူး။ အဆင့်လည်း ရှိပုံရတယ်။ ငါ့ရဲ့ ကြံ့ခိုင်မှုက အဆင့်တက်တော့မယ့် အရိပ်အယောင်တွေ ပြနေသလိုပဲ။”

“ဟုတ်တယ်။ ဒါက တကယ်ပဲ မင်းတို့ မဟာမိတ်အဖွဲ့က ဘီယာလား။”

ယီရန်ပင်း မဟာမိတ်အဖွဲ့မှ လူပုစစ်သားက ပြုံးကာ ပြန်ဖြေလိုက်သည်။

“ငါတို့ မဟာမိတ်အဖွဲ့မှာ ဒါမျိုးတွေ အများကြီး ရှိတယ်။ ဒီတိုက်ပွဲပြီးလို့ ငါတို့ အနိုင်ရရင် မင်းတို့ကို ငါ အဝတိုက်မယ်။”

“ဒါ မင်းပြောတာနော်။ ပြောပြီးသားစကားကို ပြန်ပြင်လို့ မရဘူး။ ငါ မှတ်ထားလိုက်ပြီ။”

“ငါလည်း မှတ်ထားလိုက်ပြီ။”

ထိုစစ်သားက ရဲရဲဝံ့ဝံ့ပင် ပြန်ပြောလိုက်သည်။

“စိတ်မပူပါနဲ့။ ငါတို့ လူပုတွေက ပြောပြီးရင် ပျက်ခဲတယ်။ ဘယ်တော့မှ စကားပြန်မပြင်ဘူး။”

ထိုစဉ် လူပုတစ်ယောက်က တိုးတိုးလေး ကပ်မေးလိုက်သည်။

“မင်းမှာ အဲ့လောက် ပိုက်ဆံရှိလို့လား။ ဒါတွေက ဈေးမချိုလောက်ဘူး မဟုတ်လား။”

“စိတ်မပူပါနဲ့။ ငါက မဟာမိတ်အဖွဲ့ရဲ့ စစ်သားပဲ။ ငါ့ရဲ့ တစ်လစာ ထောက်ပံ့ကြေးက မင်းတို့ကို နှစ်လလောက် တိုက်ဖို့ လုံလောက်တယ်။”

ထိုစစ်သားက ဂုဏ်ယူစွာ ပြောလိုက်သည်။

“မင်းတို့ မဟာမိတ်အဖွဲ့ရဲ့ ခံစားခွင့်တွေက အရမ်းကောင်းတာပဲ။”

“ဒါပေါ့။ ငါတို့ ကျွန်းပိုင်ရှင် ပြောတာကတော့ စစ်သားတွေက တိုက်ပွဲမှာ ရှေ့တန်းကနေ အသက်နဲ့ရင်းပြီး တစ်ဖွဲ့လုံးရဲ့ ဘေးကင်းလုံခြုံရေးကို ကာကွယ်ပေးနေတာဖြစ်လို့ သူတို့က အကောင်းဆုံး ခံစားခွင့်တွေကို ရသင့်တယ်တဲ့။”

စစ်သားက ပြန်ဖြေလိုက်သည်။

“မင်းတို့ ကျွန်းပိုင်ရှင်က တကယ့် ပုဂ္ဂိုလ်ထူးပဲ။”

ထိုအချိန်တွင် ကျွန်းပိုင်ရှင်ဖြစ်သူ ရှောင်းယီမှာ ရှေ့တန်းသို့ နောက်တစ်ကြိမ် ရောက်ရှိလာပြီဖြစ်သည်။ သူသည် နဂါးလူသားမျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင် ထျန်းဝူကို သွားတွေ့ပြီး မေးလိုက်သည်။

“မျိုးနွယ်စုခေါင်းဆောင် ထျန်းဝူ ရှေ့တန်းမှာ လူသားမျိုးနွယ်ဝင်တွေ ဘာလို့ တစ်ယောက်မှ မရှိတာလဲ။”

ထျန်းဝူက အနည်းငယ် မှင်သက်သွားပြီးနောက် ပြန်ဖြေလိုက်သည်။

“အဲဒါကိုတော့ ကျုပ် တကယ် မသိဘူး။ လူသားတွေက အားနွဲ့လွန်းလို့ ဖြစ်နိုင်တယ်။”

ထိုစကားကို ကြားသောအခါ ရှောင်းယီ စိတ်ပျက်သွားမိ၏။ အကယ်၍ ခန္ဓာကိုယ် ကြံ့ခိုင်မှုကိုသာ ကြည့်မည်ဆိုလျှင် လူသားမျိုးနွယ်မှာ အမှန်တကယ်ပင် အားအနည်းဆုံး ဖြစ်သော်လည်း လူသားများတွင် လက်နက်ကိရိယာများ ရှိပေသည်။

“ဒါဆိုရင် ကျုပ်တို့က ရှေ့တန်းကို ပထမဆုံး ဝင်လာတဲ့ လူသားမျိုးနွယ်အဖွဲ့လား။”

ရှောင်းယီက ဆက်မေးလိုက်သည်။

“ငါ သိသလောက်တော့ မင်းတို့က ပထမဆုံးပဲ။”

ထျန်းဝူက ပြန်ဖြေလိုက်သည်။ ရှောင်းယီက ခေါင်းငြိမ့်ပြီး ဆက်မေးလိုက်သည်။

“ဒါဆိုရင် အဲ့ဒီ မသေမျိုးမျိုးနွယ်စုတွေက ဘယ်ကနေ ရောက်လာတာလဲ။”

“ကြားရသလောက်တော့ မသေမျိုးမျိုးနွယ်စုတွေရဲ့ ပင်မတပ်ဖွဲ့တွေရဲ့ အနောက် အဝေးကြီးမှာ ဟင်းလင်းပြင် အက်ကြောင်းကြီးတစ်ခု ရှိတယ်...။ အဲ့ဒီကနေ မသေမျိုးမျိုးတွေ တိုးထွက်လာကြတာလို့ ပြောကြတယ်။”

ထျန်းဝူက ဖြေလိုက်သည်။

ရှောင်းယီ သက်ပြင်းချလိုက်မိ၏။ ထျန်းဝူက ဘာကိုမဆို သူတစ်ပါးပြောစကားကိုသာ အခြေခံနေပုံရသည်။ ဤကဲ့သို့ မရေရာသော သတင်းအချက်အလက်များမှာ တကယ်ကို အနှောင့်အယှက် ဖြစ်စေသည်။

“အဲ့ဒီ ဟင်းလင်းပြင် အက်ကြောင်းရဲ့ အခြေအနေက ဘယ်လိုလဲ။ ဘယ်သူမှ အဲ့ဒါကို ပိတ်ပစ်ဖို့ မကြိုးစားကြဘူးလား။”

မရေမရာ ဖြစ်နေသော်လည်း ရှောင်းယီတွင် အခြား သတင်းရယူရန် လမ်းစမရှိသဖြင့် ဆက်၍သာ မေးနေရတော့သည်။

အခန်း ၁၁၀၂- မသေမျိုးမျိုးနွယ်စု၏ သတင်းအချက်အလက်နှင့် ခေါင်းခဲစရာကိစ္စများ

“ဟင်းလင်းပြင်အက်ကွဲကြောင်းကို ပိတ်ဆို့ဖို့လား။”

ထျန်းဝူတစ်ယောက် အနည်းငယ် မှင်တက်သွားခဲ့သည်။

“ငါ သိသလောက်တော့ အဲ့ဒီလိုလုပ်ဖို့ ဘယ်သူမှ စိတ်မကူးခဲ့ဖူးဘူး။”

ရှောင်းယီက အနည်းငယ် စဉ်းစားပြီး ဆက်မေးလိုက်သည်။

“အဲ့ဒီဟင်းလင်းပြင်အက်ကွဲကြောင်း ဘယ်နေရာမှာရှိလဲဆိုတာ ခင်ဗျားသိလား။”

“ဒီနေရာကနေဆိုရင် ကီလိုမီတာ ၅၀၀၀ လောက် ဝေးတယ်။”

ထျန်းဝူက ပြန်ဖြေလိုက်သည်။

“အဲ့ဒီလောက်တောင် ဝေးတာလား။”

ရှောင်းယီက အံ့အားသင့်သွား၏။

“ဒါဆို အဲ့ဒီ ကီလိုမီတာ ၅၀၀၀ ကျော်မှာကော ဘာတွေရှိလဲ။”

“အဲ့ဒါတွေကလည်း မသေမျိုးမျိုးနွယ်စုတွေပဲလေ။”

ထျန်းဝူက ချက်ချင်းပြန်ဖြေပြီး ရှင်းပြတော့သည်။

ဤကမ္ဘာပေါ်ရှိ မျိုးနွယ်ခြားများသည် မသေမျိုးမျိုးနွယ်စုများ ကျူးကျော်ဝင်ရောက်လာသည်ကို သိရှိချိန်တွင် ၎င်းတို့ကို ချက်ချင်းပင် ဝိုင်းရံပိတ်ဆို့ခဲ့ကြသည်။ ထို့ကြောင့် လက်ရှိတွင် မသေမျိုးမျိုးနွယ်စုများ သိမ်းပိုက်ထားသော ဧရိယာမှာ ဟင်းလင်းပြင်အက်ကွဲကြောင်းကို ဗဟိုပြု၍ အချင်းဝက် ကီလိုမီတာ ၅၀၀၀ ခန့်ရှိသော စက်ဝိုင်းပုံသဏ္ဌာန် ဖြစ်နေခြင်းပင်။

ရှောင်းယီ ရုတ်တရက် သဘောပေါက်သွား၏။

“ခင်ဗျားတို့အားလုံး မသေမျိုးမျိုးနွယ်စုတွေ ကျူးကျော်တာကို သိနေကြတာပဲ။ ဘာလို့ သူတို့ကို ကီလိုမီတာ ၅၀၀၀ အထိ ပျံ့နှံ့ခွင့်ပေးမယ့်အစား အက်ကွဲကြောင်းနားမှာတင် မတားဆီးခဲ့ကြတာလဲ။”

“ငါတို့လည်း တားချင်တာပေါ့။ ဒါပေမဲ့ မတားနိုင်ခဲ့ဘူး။”

ထျန်းဝူက သက်ပြင်းချလိုက်သည်။

“အခုလည်း ငါတို့ တဖြည်းဖြည်း နောက်ဆုတ်ပေးနေရတုန်းပဲ။”

ဤမျှကျယ်ဝန်းလှသော ဧရိယာကို ယီရန်ပင်း မဟာမိတ်အဖွဲ့ တစ်ခုတည်းနှင့် လုံးဝ မကိုင်တွယ်နိုင်ပေ။ ကျန်ရှိနေသော အသက်ရှင်ကျန်ရစ်သူ မဟာမိတ်အဖွဲ့များအားလုံးကို စုစည်းလိုက်လျှင်ပင် မဖြစ်နိုင်သေးပေ။ ဤကမ္ဘာအတွင်းရှိ အင်အားစုအားလုံး စုစည်းလှုပ်ရှားမှသာ မသေမျိုးမျိုးနွယ်စုများကို ဟင်းလင်းပြင်အက်ကွဲကြောင်းဆီသို့ လုံးဝမောင်းထုတ်နိုင်ခြေ ရှိပေမည်။

ထို့အပြင် ဤသည်မှာ ရေရှည်တိုက်ပွဲဖြစ်ပြီး တစ်ညတည်းနှင့် ပြီးပြတ်သွားမည့်အရာ မဟုတ်သည်မှာလည်း သေချာသည်။ မိမိကိုယ်တိုင်ပင် မသေမျိုးမျိုးနွယ်စုပြဿနာကို ဤနေရာတွင် တစ်ယောက်တည်း ဖြေရှင်းမည်ဟု စိတ်ကူးခဲ့မိသည်မှာ အနည်းငယ် နုနယ်လွန်းပြီး မာန်တက်ခဲ့မိကြောင်း ရှောင်းယီ ရုတ်တရက် သဘောပေါက်သွားခဲ့သည်။

“ကောင်းပြီ။ ကျုပ် နားလည်ပြီ။ မျိုးနွယ်စုခေါင်းဆောင် ထျန်းဝူ ခင်ဗျားကို အကူအညီတစ်ခုလောက် တောင်းချင်ပါတယ်။ ဟင်းလင်းပြင်အက်ကွဲကြောင်းနဲ့ မသေမျိုးမျိုးနွယ်စုတွေအကြောင်း သတင်းအချက်အလက်တွေကို စုဆောင်းပေးပါ။ များများနဲ့ အသေးစိတ်လေ ပိုကောင်းလေပဲ။”

ရှောင်းယီက လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

“ကျုပ် ခင်ဗျားအတွက် အဆင့်မြင့်ရိက္ခာတွေ အများကြီး ပံ့ပိုးပေးပါ့မယ်။”

“အဆင့်မြင့်ရိက္ခာတွေ အများကြီး ဟုတ်လား။”

ထျန်းဝူ၏ မျက်လုံးများ အရောင်တောက်သွားခဲ့လေသည်။

ယီရန်ပင်းမဟာမိတ်အဖွဲ့တွင် အဆင့်မြင့်ရိက္ခာများစွာ ရှိကြောင်း ရွှမ်းချီက ထျန်းဝူကို ပြောပြထားပြီးသားဖြစ်သည်။ အနည်းဆုံးတော့ မျိုးနွယ်ခြား (၃) ခုမှာ လေဟာနယ်တံခါးမှ ထွက်ပေါ်လာသော မသေမျိုးမျိုးနွယ်စုများကို ကူညီခုခံပေးစဉ်က ၎င်းတို့သည် နေ့စဉ် အဆင့်မြင့်ရိက္ခာများကို အဆင့်ပေါင်းစုံ စားသုံးခဲ့ရသည်။

ရှောင်းယီထံမှ အဆင့်မြင့်ရိက္ခာများ မည်သို့ဝယ်ယူရမည်ကို ထျန်းဝူ အမြဲစဉ်းစားနေခဲ့ခြင်းဖြစ်သည်။ အကြောင်းမှာ ၎င်းတို့ နဂါးလူသားမျိုးနွယ်တွင် အုတ်မြစ်ကျောက်များ မရှိသောကြောင့်ပင်။ ယခုမူ ရှောင်းယီကိုယ်တိုင်က ရိက္ခာရရှိမည့်လမ်းစကို ကမ်းလှမ်းလာသဖြင့် ထျန်းဝူ ချက်ချင်းပင် သဘောတူလိုက်သည်။

“ကောင်းပြီ။ ငါ တခြားမျိုးနွယ်စုတွေအားလုံးကို ဆက်သွယ်ပြီး မသေမျိုးမျိုးနွယ်စုတွေအကြောင်း စုံစမ်းပေးပါ့မယ်။”

ထျန်းဝူက သူ၏ရင်ဘတ်ကိုပုတ်၍ ကတိပေးလိုက်သည်။

“ကောင်းပြီ။ ခင်ဗျားဆီကို အဆင့်မြင့်ရိက္ခာတစ်သုတ် ပို့ပေးဖို့ ကျုပ် အခုချက်ချင်း စီစဉ်လိုက်ပါ့မယ်။”

ရှောင်းယီ ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် ရှောင်းယီသည် မဟာမိတ်အဖွဲ့ဆီသို့ ပြန်လာပြီး ရိက္ခာကိစ္စကို အန်းယွဲ့အား စီစဉ်ခိုင်းလိုက်ကာ သူကိုယ်တိုင်မှာမူ ဖုန်းမှ သတင်းအချက်အလက်များကို စစ်ဆေးနေလိုက်သည်။ ယီထျန်း ဂရုချတ်အတွင်းရှိ လူတိုင်းမှာ ရှေ့တန်းမျက်နှာပြင်မှ ကိစ္စရပ်များကို ဆွေးနွေးနေကြဆဲဖြစ်သည်။

“ငါ့ဘက်မှာတော့ ကင်းထောက်တာ ပြီးသွားပြီ။ ဒါပေမဲ့ ရှေ့တန်းက မျိုးနွယ်ခြားတွေနဲ့ ဆက်သွယ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဘာသာစကားက မတူဘူးလေ။”

“ဘာသာစကား တူရင်တောင် သူတို့ မင်းကို ယုံအောင်လုပ်ဖို့ဆိုတာ မလွယ်ကူဘူး။”

“ဟုတ်တယ်။ အဲ့ဒီလူကြီးက သူတို့ကို ဘယ်လိုများ စည်းရုံးပြီး အတူတူတိုက်ခိုက်အောင် လုပ်လိုက်လဲ မသိဘူး။”

၎င်းကို မြင်သောအခါ ရှောင်းယီက ချက်ချင်းပင် ဝင်ပြောလိုက်သည်။

“ကျုပ်ဘက်မှာ ရင်ဆိုင်နေရတာက နဂါးလူသားမျိုးနွယ်စုပဲ။ ကျုပ်ကို ကူညီနေတဲ့ မျိုးနွယ်ခြားတွေထဲမှာလည်း နဂါးလူသားတွေ ပါနေတော့ မျိုးနွယ်တူအချင်းချင်း ဆက်သွယ်ရတာ ပိုအဆင်ပြေသွားတာပါ။”

“ဒါဆိုရင်တော့ ဟုတ်ပြီ။ ငါ့ဆီမှာလည်း မျိုးနွယ်တူတစ်ယောက် ရှိနေတာနဲ့ အတော်ပဲ။ ငါလည်း စမ်းကြည့်လိုက်ဦးမယ်။”

“ဒါဆိုရင်တော့ ငါတို့ ကံမကောင်းဘူးပဲ။ ငါတို့ကို ကူညီနေတဲ့ မျိုးနွယ်ခြားတွေထဲမှာ သူတို့နဲ့ မျိုးနွယ်တူတာ တစ်ခုမှ မပါဘူး။”

ရှောင်းယီက သူတို့ကို မနေနိုင်ဘဲ သတိပေးလိုက်သည်။

“မျိုးနွယ်တူဖြစ်နေရင်တောင်မှ တစ်ဖက်လူက သံသယဝင်နေနိုင်သေးတယ်။ ဒါကြောင့် အားလုံးက ဒီကိစ္စကို သတိထားကြပါ။ လေဟာနယ်တံခါးထဲကို စွတ်ရွတ်ပြီး ဇွတ်မတိုးကြပါနဲ့။”

“ဟုတ်ကဲ့ပါ။ သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သူဌေး။”

ဤကိစ္စများဖြင့် ရှုပ်ယှက်ခတ်နေရင်း ညစာစားချိန်သို့ပင် ရောက်ရှိလာခဲ့သည်။

ကျန်းယွင်ထျန်းလည်း ညစာစားရန် အပြေးအလွှား ပြန်ရောက်လာခဲ့သည်။ ရှေ့တန်းမျက်နှာစာရှိ သရဲတံခါးတောင်ကြားရှိ ခံတပ်နှစ်ခုမှာ တည်ဆောက်ပြီးစီးသွားပြီဖြစ်၍ ထိုနေရာကို ခုခံရန် ပြဿနာမရှိတော့သည်ဖြစ်ရာ သူ အမြဲတမ်း ရှိနေစရာမလိုတော့ပေ။

လူပုမျိုးနွယ်စုဘက်မှ ခံစစ်ကြောင်းကြောင်းတွင်မူ ကော်နာသည် မဟာမိတ်အဖွဲ့မှ လူပုစစ်သည်များကို ထိုနေရာသို့ ခေါ်ဆောင်သွားခဲ့ပြီး အခြေအနေမှာ တည်ငြိမ်သွားခဲ့ပြီဖြစ်သည်။ ဘီယာသောက်ပြီးနောက် သွေးနှင့် မန်နာ အပြည့်ဖြင့် ပြန်လည် နိုးထလာကြသော လူပုများနှင့်ပူးပေါင်းကာ မသေမျိုးမျိုးနွယ်စုများကို တစ်ကီလိုမီတာခန့်အထိပင် ပြန်လည် တွန်းထုတ်နိုင်ခဲ့ကြသည်။

ညစာစားပွဲတွင် ရှောင်းယီက သူယခုလေးတင် ရရှိထားသော သတင်းအချက်အလက်များကို လူတိုင်းအား ပြောပြလိုက်သည်။

“နောက်ထပ် ဟင်းလင်းပြင်အက်ကွဲကြောင်းတစ်ခု ရှိနေလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။”

ကျန်းယွင်ထျန်းက အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။

“အဲ့ဒီအက်ကွဲကြောင်းကိုသာ မပိတ်နိုင်ရင် မသေမျိုးမျိုးနွယ်စုတွေနဲ့ တိုက်နေရတာ ဘယ်တော့မှ ပြီးမှာမဟုတ်ဘူး မဟုတ်လား။”

“ဒါပေမဲ့ အခုလောလောဆယ်တော့ အဲ့ဒီအက်ကွဲကြောင်းကို ဘယ်လိုပိတ်ရမလဲဆိုတာ ငါတို့ မသိသေးဘူး။”

ရှောင်းယီက ခေါင်းခါလိုက်သည်။

“ဗုံးနဲ့ စမ်းကြည့်ရင်ကော။”

ဒူခန်းက အကြံပြုလိုက်သည်။

“ပြင်းထန်တဲ့ ပေါက်ကွဲမှုက ဟင်းလင်းပြင် တုန်ခါမှုတွေကို ဖြစ်စေနိုင်တယ်လေ။”

“ပြဿနာ နှစ်ခုရှိတယ်။ အဲ့လောက်ဝေးတဲ့ ခရီးကို ဗုံးကို ဘယ်လိုသယ်သွားမလဲ။ ငါတို့ရဲ့ လက်ရှိ သယ်ယူပို့ဆောင်ရေး ကိရိယာတွေအရ လေကြောင်း ခံတပ်ကိုပဲ အားကိုးလို့ရမယ်။”

အန်းယွဲ့က ပြန်ဖြေလိုက်သည်။

“ဒါပေမဲ့ လေကြောင်းခံတပ်ရဲ့ အရှိန်က သိပ်မမြန်ဘူး။ အကယ်၍ မသေမျိုးမျိုးနွယ်စု လေကြောင်းတပ်ဖွဲ့တွေရဲ့ ပစ်မှတ်ထားတာ ခံလိုက်ရရင် လွတ်အောင်ပြေးဖို့ အရမ်းခက်လိမ့်မယ်။”

“တိုက်လေယာဉ် သုံးလို့ရတာပဲ။ တိုက်လေယာဉ်ရဲ့ အရှိန်က မြန်တယ်လေ။”

ဒူခန်းက ထပ်မံ အကြံပြုလိုက်ပြန်သည်။

“ဒါပေမဲ့ တိုက်လေယာဉ်ထဲက နေရာက ကျဉ်းတယ်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် တပ်ဆင်ဖို့ နေရာမရှိဘူး။ အဲ့ဒါကို ငါတို့ စမ်းကြည့်ပြီးပြီ။”

ကျန်းယွင်ထျန်းက ပြန်ပြောလိုက်သည်။

“တိုက်လေယာဉ် သက်သက်ကိုပဲ အားကိုးမယ်ဆိုရင် သူ့ရဲ့ ပျံသန်းနိုင်စွမ်းက ကီလိုမီတာ ၂၀၀၀ ပဲရှိတယ်။ အသွားအပြန်ကို တွက်မယ်ဆိုရင် ကီလိုမီတာ ၁၀၀၀ ပဲ သွားနိုင်မယ်။”

“အဲ့ဒီလိုဆိုရင်တော့ ဘာမှလုပ်လို့ မရတော့ဘူးပေါ့။”

ဒူခန်းက မျှော်လင့်ချက်ကင်းမဲ့သွားဟန်ဖြင့် ခေါင်းခါလိုက်သည်။

“ကျုပ်တို့ ပိုပြီး အဆင့်မြင့်တဲ့ လက်နက်တွေ ရလာအောင်ပဲ စောင့်ရတော့မယ်။ တုံဖန်း အမြန်ချောပို့ (Dongfeng Express - တရုတ်နိုင်ငံထုတ် ပဲ့ထိန်းဒုံးကျည်) ရလာရင်တော့ အကောင်းသား။ ဒါဆို အဲ့ဒါကို လှမ်းပစ်လိုက်ရုံပဲ။”

ထိုအခါ အန်းယွဲ့က ရှောင်းယီကို ပြုံးကာ ကြည့်လိုက်သည်။

“ဒါဆိုရင်တော့ ကျွန်းပိုင်ရှင်ပေါ်မှာပဲ မူတည်သွားပြီ။”

“ကျုပ်ကို လာမကြည့်နဲ့။ အဲ့ဒီလို အဆင့်မြင့်တာတွေ ရတဲ့လူတွေက ကံကောင်းလို့ပဲ။ ကျုပ်က ကံမကောင်းတတ်ဘူး။ အဲ့ဒီလို အဆင့်မြင့်တာတွေကို ဖွင့်လို့မရဘူး။”

ရှောင်းယီက ပခုံးတွန့်ရင်း ရယ်မောကာ ပြောလိုက်သည်။ အားလုံးက ဝိုင်းရယ်ကြတော့သည်။

ရှောင်းယီက ထမင်းတစ်လုပ် စားလိုက်ပြီးနောက် ဆက်ပြောလိုက်သည်။

“တကယ်လို့ ကျုပ် တုံဖန်း အမြန်ချောပို့ ရခဲ့ရင်တောင် အဲ့ဒါကို သုံးမှာမဟုတ်ဘူး။”

“ဘာလို့လဲ။”

ဒူခန်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။

“မင်းပြောသလိုပဲ ပြင်းထန်တဲ့ ပေါက်ကွဲမှုက ဟင်းလင်းပြင် တုန်ခါမှုကို ဖြစ်စေတယ်။ ဒါပေမဲ့ အဲ့ဒါက အက်ကွဲကြောင်းကို ပိတ်သွားစေမှာလား ဒါမှမဟုတ် ပိုကျယ်လာစေမှာလားဆိုတာ ဘယ်သူမှ မသေချာဘူး။ တကယ်လို့ ပိုကျယ်သွားရင် ငါတို့ မသေမျိုးမျိုးနွယ်စုတွေကို ပိုပြီး ရင်ဆိုင်ရလိမ့်မယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။ ဒူခန်းတစ်ယောက် အနည်းငယ် မှင်တက်သွားခဲ့သည်။

“အဲ့ဒါလည်း ဟုတ်သားပဲ။ ကျုပ်တို့ တကယ်ပဲ စည်းမဲ့ကမ်းမဲ့ ဗုံးကြဲလို့ မရဘူး။ အနည်းဆုံးတော့ အဲ့ဒီဟင်းလင်းပြင် အက်ကွဲကြောင်းကို အရင် လေ့လာရဦးမယ်။”

“ငါတို့က အနားတောင် မကပ်နိုင်တာ။ ဘယ်လိုလုပ် လေ့လာမှာလဲ။”

ကျန်းယွင်ထျန်းက ခေါင်းခါလိုက်သည်။

ရှောင်းယီက အနည်းငယ် စဉ်းစားလိုက်၏။

“ဟင်းလင်းပြင်အက်ကွဲကြောင်းကို လေ့လာဖို့လား...။ ဟုတ်သားပဲ။ ငါတို့ ဟင်းလင်းပြင်ရဲ့ သဘောတရားတွေကို နားလည်အောင် လုပ်ရမယ်။”

“ဟို... ကျုပ်က စကားအဖြစ် ပြောလိုက်တာပါ။ အဲ့ဒီမှာ မသေမျိုးတွေ အများကြီး ရှိနေမှာပဲ။ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့။”

ဒူခန်းက အလန့်တကြား တားလိုက်သည်။ ရှောင်းယီက ပြုံးလိုက်၏။

“ငါက ဟင်းလင်းပြင်အက်ကွဲကြောင်းဆီ သွားမယ်လို့ ဘယ်သူပြောလို့လဲ။ ငါတို့ဆီမှာ လေဟာနယ်တံခါးတစ်ခု အဆင်သင့်ရှိနေတာပဲ မဟုတ်လား။”

“မင်းပြောတာက မသေမျိုးမျိုးနွယ်စုတွေရဲ့ လေဟာနယ်တံခါးကို လေ့လာမယ်လို့လား။”

အန်းယွဲ့က ခေါင်းညိတ်လိုက်သည်။

“စိတ်ကူးကောင်းပဲ။”

All Chapters