အခန်း (၁၁၀၉-၁၁၁၀)
Vol. 94 Ch. 1109-1110
အခန်း ၁၁၀၉- ကာကွယ်ရေးဝတ်စုံများ ဝတ်ဆင်ထားသော နဂါးလူသားမျိုးနွယ်
ထျန်းဝူမှာ ခဏမျှ မှင်တက်သွားပြီးနောက် ရွှမ်းချီ ညွှန်ပြသည့်နေရာကို သေချာကြည့်လိုက်သည်။ ထိုနေရာတွင် ကျည်ဆန်တစ်တောင့်မှာ အမှန်တကယ်ပင် မြုပ်နေသည် မဟုတ်ပါလား။
ရွှမ်းချီသည် ထျန်းဝူကို ပြသရန်အတွက် ထိုကျည်ဆန်ကို တမင်တကာ မထုတ်ဘဲ ထားခဲ့ခြင်း ဖြစ်သည်။
“ဒါက ကျည်ဆန်လား။”
ထျန်းဝူက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ဟုတ်တယ်။ ကန္တာရလင်းယုန်နဲ့ အနီးကပ် ပစ်ခတ်လိုက်တဲ့ ရလဒ်ပဲ။”
ရွှမ်းချီက ရှင်းပြလိုက်သည်။
“အနီးကပ် ပစ်တာ ဟုတ်လား။”
ထျန်းဝူ၏ မျက်လုံးများ ပြူးကျယ်သွား၏။
ယီရန်ပင်းမဟာမိတ်အဖွဲ့မှ စစ်သည်တိုင်းတွင် ထိုလက်နက်များ ရှိကြသဖြင့် ထျန်းဝူအနေနှင့် ၎င်းတို့အကြောင်းကို အကြမ်းဖျင်း သိရှိထားပြီးဖြစ်သည်။ မသေမျိုးမျိုးနွယ်စုများအပေါ် ထိုလက်နက်များ၏ ထိရောက်မှုကို ကြည့်ခြင်းအားဖြင့် ၎င်းတို့၏ စွမ်းအားကို သူ ခန့်မှန်းနိုင်ပေသည်။
နဂါးလူသားမျိုးနွယ်စုဝင်များသည် သူတို့၏ လျှို့ဝှက်နည်းပညာများကို အသုံးပြုထားလျှင်ပင် ကန္တာရလင်းယုန်နှင့် အနီးကပ် အပစ်ခံရပါက ဒဏ်ရာရရှိနိုင်ခြေ ရှိသည်။ ယခု ဤဝတ်စုံက ထိုဒဏ်ကို အမှန်တကယ်ပင် တားဆီးနိုင်သည်လော။
ရွှမ်းချီက ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ်။ ဒီဝတ်စုံတွေရဲ့ ကာကွယ်နိုင်စွမ်းက ကျုပ်တို့ လျှို့ဝှက်ပညာ သုံးထားတဲ့အချိန်နဲ့ အတူတူလောက်ပါပဲ။ ဒါတွေသာရှိရင် ကျုပ်တို့ တိုက်ပွဲခဏတိုက်ပြီး နားနေစရာမလိုဘဲ မသေမျိုးတွေထဲကို အကြာကြီး ထိုးဖောက်တိုက်ခိုက်လို့ရပြီ။”
ထျန်းဝူက ခေါင်းညိတ်လိုက်သည်။
“ကျွန်းပိုင်ရှင်ရှောင်းမှာ ဒီလောက် အစွမ်းထက်တဲ့ ကိရိယာတွေ ရှိနေတာ တကယ့်ကို အံ့သြစရာပဲ။”
သူက ချီးကျူးလိုက်မိသည်။
“လူတိုင်းကို ဝတ်ခိုင်းလိုက်ပါ။ ရှေ့တန်းကိုသွားပြီး စမ်းကြည့်ရအောင်။”
ရွှမ်းချီက ပြောလိုက်သည်။
“ကောင်းပြီ။”
နဂါးလူသားအားလုံး ဘေးကင်းလုံခြုံရေးဝတ်စုံများကို ဝတ်ဆင်ပြီးနောက် ရှောင်းယီ ပြင်ဆင်ပေးထားသော စစ်သည်သယ်ယူပို့ဆောင်ရေးယာဉ်များပေါ်သို့ တက်ကာ အဝေးသို့ အရှိန်အဟုန်ဖြင့် ထွက်ခွာသွားကြတော့သည်။
ရှေ့တန်းမျက်နှာစာတွင် တည်နေရာကူးပြောင်းခြင်း အစီအရင်များကို တည်ဆောက်၍ မရသေးသဖြင့် အရင်ကဆိုလျှင် ခြေကျင်သာ သွားကြရသည်။ ယခု ရှောင်းယီ ထောက်ပံ့ပေးထားသော ကားများကြောင့် အရှိန်မှာ ပိုမိုမြန်ဆန်လာသည့်အပြင် လမ်းခရီးတွင်လည်း အနားယူနိုင်ကြသည်။
“ကျွန်းပိုင်ရှင်ရှောင်းရဲ့ လက်ထဲမှာ ပစ္စည်းကောင်းတွေ တော်တော်များတာပဲ။”
ထျန်းဝူက ရေရွတ်လိုက်သည်။ ရွှမ်းချီကလည်း ပြုံးကာ ပြောလိုက်သည်။
“ဟုတ်တယ်။ ဒီလောကမှာရှိတဲ့ အကောင်းဆုံးအရာတွေ အားလုံးက ကျွန်းပိုင်ရှင်ရဲ့ လက်ထဲမှာပဲ ရှိနေသလို ကျုပ် ခံစားရတယ်။”
ထွက်ခွာသွားသော ယာဉ်တန်းကို ကြည့်ရင်း ရှောင်းယီက စဉ်းစားနေမိသည်။
“ကားတွေက နှေးနေသေးတာပဲ။ လေယာဉ်တွေသာ ရမယ်ဆိုရင် ကူညီပံ့ပိုးမှုတွေက အများကြီး ပိုလွယ်ကူသွားလိမ့်မယ်။”
စစ်သည်အားလုံးကို လိုအပ်သည့်နေရာများသို့ ပို့ဆောင်ပေးနိုင်ရန် လူအမြောက်အမြား တင်ဆောင်နိုင်သည့် ခရီးသည်တင် လေယာဉ်ကြီးမျိုးဆိုလျှင် ပိုကောင်းပေလိမ့်မည်။
သို့သော် ရှောင်းယီသည် လက်ရှိတွင် တိုက်လေယာဉ်များကို အလွယ်တကူ အသုံးမပြုရဲသေးပေ။ မဟာမိတ်အဖွဲ့မှ တိုက်လေယာဉ်များတွင် လက်ရှိ၌ မည်သည့်လက်နက်မှ တပ်ဆင်ထားခြင်း မရှိသေးသလို မသေမျိုးများတွင်လည်း လေကြောင်းတပ်ဖွဲ့များ ရှိနေသေးသည်။ မဆင်မခြင် ပျံသန်းခြင်းမှာ မသေမျိုးများ၏ ဖမ်းဆီးခြင်းကို ခံရနိုင်ခြေ များလှသည်။
အနည်းဆုံးတော့ တိုက်လေယာဉ်များတွင် လက်နက်စနစ်များ တပ်ဆင်ပြီးစီး၍ မသေမျိုး လေကြောင်းတပ်ဖွဲ့များကို ပြန်လည် တိုက်ခိုက်နိုင်သည့် အခြေအနေရောက်မှသာ ၎င်းတို့ကို အသုံးပြုနိုင်ပေလိမ့်မည်။
ယာဉ်တန်းသည် ရှေ့တန်းတွင် ဖောက်လုပ်ထားသော လမ်းကြောင်းအတိုင်း အရှိန်ဖြင့် မောင်းနှင်လာခဲ့သည်။ လေးနာရီခန့်အကြာတွင် ရွှမ်းချီနှင့် နဂါးလူသားများသည် သူတို့ ကူညီပေးရမည့် ခံစစ်ကြောင်းသို့ ရောက်ရှိလာခဲ့ကြသည်။
နတ်သူငယ်မျိုးနွယ်စုများလည်း လိုက်ပါလာကြသော်လည်း သူတို့တွင် ကာကွယ်ရေးဝတ်စုံများ မပါရှိပေ။ လက်ရှိတွင် ပိုလီအီသလင်း ထုတ်လုပ်မှုမှာ ကန့်သတ်ချက်ရှိနေသဖြင့် လူတိုင်းကို မထုတ်ပေးနိုင်သေးဘဲ ရှေ့တန်းမှ အနီးကပ်တိုက်ခိုက်ရသူများကိုသာ ဦးစားပေးထားခြင်း ဖြစ်သည်။
ဤခံစစ်ကြောင်းအပိုင်းကို မြင်းလူသားများက ကာကွယ်နေခြင်း ဖြစ်သည်။ မြွေလိမ်မြွေကောက် ယာဉ်တန်းကြီးကို မြင်သောအခါ ဆန်တောများသည် ယခင်က ဤကဲ့သို့ နည်းပညာပစ္စည်းမျိုးကို မမြင်ဖူးသဖြင့် အလွန်သတိကြီးစွာ စောင့်ကြည့်နေကြသည်။
ထျန်းဝူ ကားပေါ်မှ ဆင်းလာသည့်အချိန်ရောက်မှသာ ဆန်တောမျိုးနွယ်စု ခေါင်းဆောင် ဆန်တေးက လျှောက်လာခဲ့သည်။
“ထျန်းဝူ...ဒါတွေက ဘာတွေလဲ။”
ဆန်တေးက စပ်စုစွာ မေးလိုက်သည်။
“ဒါတွေကို ကားလို့ ခေါ်တယ်။ အပြင်လူတွေ ငါတို့ကို ပေးထားတာ။ အရှိန်အဟုန်နဲ့ မနားတမ်း သွားနိုင်တယ်။”
ထျန်းဝူက ပြန်ဖြေလိုက်သည်။
“အသေးစိတ်ကို နောက်မှ ပြောကြတာပေါ့။ အခုလောလောဆယ် မသေမျိုးတွေကို အရင် တိုက်ထုတ်ကြရအောင်။”
“ကောင်းပြီ။”
ဆန်တေးက ချက်ချင်းပင် တုံ့ပြန်လိုက်သည်။
“မနေ့ကစပြီး ဒီက မသေမျိုးတွေက ရုတ်တရက် နှစ်ဖွဲ့ကွဲသွားတယ်။ အရိုးစုကြီးတွေက ရှေ့ကနေ မားမားမတ်မတ် ရပ်နေပြီး အရိုးစုအသေးလေးတွေက ဘယ်ကနေ ရလာမှန်းမသိတဲ့ ဒူးလေးတွေကို ကိုင်ပြီး အနောက်ကနေ အရိုးမြှားတွေနဲ့ ငါတို့ကို အဆက်မပြတ် ပစ်နေကြတာပဲ။”
“သူတို့က သူတို့ရဲ့ တိုက်ခိုက်ပုံကို ပြောင်းလိုက်ပြီပေါ့။ ကောင်းပြီ...ဒါဆို ငါတို့လည်း အဲ့ဒီအတိုင်းပဲ လုပ်ကြတာပေါ့။ မျိုးနွယ်စုခေါင်းဆောင် ရွှမ်းချီ...ငါတို့က ရှေ့ကနေ ထိုးဖောက်မယ်။ ငါတို့ရဲ့ နတ်သူငယ်မျိုးနွယ်ဝင် ညီအစ်ကို မောင်နှမတွေကိုတော့ အနောက်ကနေ ပစ်ကူပေးခိုင်းမယ်..။ မင်းရော ဘယ်လိုထင်လဲ။”
ထျန်းဝူက ပြုံးကာ ပြောလိုက်သည်။ ရွှမ်းချီက ခေါင်းညိတ်လိုက်၏။
“အဲ့အတိုင်းပဲ တိုက်ကြတာပေါ့။”
ထို့နောက် ၎င်းတို့နှစ်ဦးသည် မိမိတို့၏ မျိုးနွယ်စုဝင်များကို ဦးဆောင်ကာ စစ်မြေပြင်အတွင်းသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားကြတော့သည်။
ဆန်တေးက ချက်ချင်းပင် အော်ပြောလိုက်၏။
“မျိုးနွယ်စုခေါင်းဆောင် ထျန်းဝူ...နေပါဦး။ ဒီအတိုင်း ဇွတ်ဝင်သွားတာက အရမ်းအန္တရာယ်များတယ်။”
“မျိုးနွယ်စုခေါင်းဆောင်...နဂါးလူသားတွေမှာ လျှို့ဝှက်ပညာရပ်တွေ ရှိပါတယ်။ အဲ့ဒီအရိုးစုတွေရဲ့ အရိုးမြှားတွေက သူတို့ကို အန္တရာယ်မပေးနိုင်လောက်ပါဘူး။”
ဘေးနားရှိ ဆန်တောစစ်သည်တစ်ဦးက ဆိုသည်။
“ဒါပေမဲ့ ဒီလို ဇွတ်တိုးတာက အရမ်း မဆင်မခြင်လုပ်ရာ ရောက်လွန်းတယ် “
ဆန်တေးက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“အားလုံး အတူတူ ထိုးစစ်ဆင်ကြမယ်။ အနည်းဆုံးတော့ နဂါးလူသားတွေရဲ့ လျှို့ဝှက်ပညာတွေ အာနိသင်ရှိနေတုန်းမှာ မသေမျိုးတွေကို တိုက်ထုတ်ကြတာပေါ့။”
သူက အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ပါ...။”
ဆန်တောစစ်သည်များမှာ ချက်ချင်းပင် ရှေ့သို့ ဒုန်းစိုင်းထွက်ခွာသွားကြရာ မြင်းခွာသံများ ဆူညံသွားပြီး မြေပြင်ပင် တုန်ခါလာတော့သည်။
ထိုအချိန်တွင် ထျန်းဝူနှင့် ရွှမ်းချီတို့မှာ မသေမျိုးမျိုးနွယ်စုများအတွင်းသို့ ရောက်ရှိနေပြီဖြစ်ရာ လက်နက်များကို ဝှေ့ယမ်းကာ ပတ်ဝန်းကျင်ရှိ မသေမျိုးများကို ရူးသွပ်စွာ သုတ်သင်နေကြသည်။
“ဟားဟားဟား...ဒါက အရမ်းကောင်းတာပဲ။ နောက်ဆုံးတော့ ငါ့ရဲ့ လျှို့ဝှက်ပညာ ကြာချိန်ကို တွက်ချက်နေစရာ မလိုတော့ဘူး။”
ရွှမ်းချီက ကျယ်လောင်စွာ ရယ်မောရင်း ပြောလိုက်သည်။ ထျန်းဝူကလည်း ခေါင်းညိတ်ကာ ကျယ်လောင်စွာ ရယ်မောလိုက်၏။
“ဒါဆိုရင် သူတို့ကို တစ်ခါတည်း အဝေးကြီးအထိ တိုက်ထုတ်လိုက်ကြတာပေါ့။”
“ကောင်းပြီ။ ဘယ်သူက ပိုသတ်နိုင်လဲ ကြည့်ကြတာပေါ့။”
ရွှမ်းချီက စိန်ခေါ်လိုက်သည်။
“ဒီအရိုးစုတွေကို မင်းပြန်ဆက်ပေးနိုင်လြိုလား။”
ထျန်းဝူက အားရပါးရ ရယ်မောလိုက်၏။
တစ်ဖက်တွင်လည်း ထျန်းဝူ၏ မျိုးနွယ်စုဝင်များမှာ အလွန်စိတ်အေးသွားကြသည်။ အကြောင်းမှာ အရိုးစုကြီးများ၏ လက်သီးချက်များမှာ သူတို့အပေါ် သက်ရောက်မှု အလွန်နည်းပါးသလို အရိုးစုအသေးလေးများ၏ အရိုးမြှားများ သူတို့ကို ထိမှန်သော်လည်း ဘာမှမခံစားရသောကြောင့်ပင်။
နဂါးလူသားများသည် ခံစစ်ကို လုံးဝဂရုမစိုက်တော့ဘဲ ရူးသွပ်စွာ ထိုးစစ်ဆင်နေကြသည်။ အနောက်မှ လိုက်ပါလာသော ဆန်တောမျိုးနွယ်စုများမှာမူ လုံးဝမှင်တက်သွားကြတော့သည်။
“ဘာတွေဖြစ်နေတာလဲ။ နဂါးလူသားတွေရဲ့ ခုခံအားက ဒီလောက်တောင် ကောင်းတာလား။”
“ငါ လုံးဝနားမလည်တော့ဘူး။ နဂါးလူသားတွေရဲ့ လျှို့ဝှက်ပညာမှာ ကြာချိန်ကန့်သတ်ချက် မရှိဘူးလား။ ဒီလောက်အများကြီး အရိုက်ခံနေရတာက လျှို့ဝှက်ပညာရဲ့ ကြာချိန်ကို အများကြီး လျော့နည်းသွားစေမှာပဲ။ ဒီလိုမျိုး ဇွတ်အတင်းတိုးနေရင် ပြန်မလာနိုင်တော့မှာကို သူတို့ မစိုးရိမ်ကြဘူးလား။”
“မဟုတ်ဘူး။ သူတို့ လျှို့ဝှက်ပညာတွေကို သုံးမနေကြဘူး။”
မျိုးနွယ်စုခေါင်းဆောင် ဆန်တေးက လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
“ဘာ...။ လျှို့ဝှက်ပညာရပ် မသုံးဘဲ ဒီလို တိုးလို့လား။”
ဆန်တေးက ဆက်ပြောလိုက်သည်။
“သူတို့ဝတ်ထားတဲ့ ကိရိယာတွေကို သေချာကြည့်လိုက်။ အဲ့ဒီဝတ်စုံတွေက သူတို့ရမယ့် ဒဏ်ရာတွေကို ကာကွယ်ပေးနေတာ ဖြစ်ရမယ်။”
“ကိရိယာတွေ ဟုတ်လား။”
ထိုအခါမှ ဆန်တောများသည် နဂါးလူသားများ ဝတ်ဆင်ထားသည့် အရာများကို သတိပြုမိသွားကြသည်။
“ဒီဝတ်စုံတွေက အဲ့လောက်တောင် အစွမ်းထက်တာလား။ လက်သီးချက်တွေနဲ့ အရိုးမြှားတွေကို လုံးဝ ကာကွယ်ထားနိုင်တာပဲ။”
“ဟုတ်ပါ့။ ငါတို့မှာသာ ဒီလို အကောင်းစား ကိရိယာတွေရှိရင် ငါတို့လည်း အဲ့ဒီလို တိုးဝင်နိုင်တယ်။”
“သူတို့ထက်တောင် ပိုပြီး ကြမ်းပြနိုင်သေးတယ်။ ငါတို့က ဆန်တောမျိုးနွယ်တွေပဲ။ အရှိန်နဲ့ တိုးတိုက်တာက ငါတို့ရဲ့ အထူးပြုပညာပဲ။”
ထျန်းဝူ အရင်တစ်ခေါက် လာတုန်းက ဤကဲ့သို့ ကိရိယာမျိုး မပါသည်ကို ဆန်တေး မှတ်မိနေသည်။ ဤအရာမှာ ထိုအပြင်လူ ပေးလိုက်ပြန်သည်မှာ သေချာသလောက်ပင်။
“အားလုံးပဲ ဆွေးနွေးမနေကြနဲ့တော့။ မြန်မြန်...ငါတို့ရဲ့ နဂါးလူသား ညီအစ်ကိုတွေရဲ့ အကူအညီနဲ့ ဒီအရိုးစုတွေကို မောင်းထုတ်ကြမယ်။”
ဆန်တေးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“ဟုတ်ကဲ့ပါ။”
ဆန်တောမျိုးနွယ်စုများလည်း ထိုးစစ်အတွင်းသို့ ဝင်ရောက်သွားကြသည်။ ရှေ့တွင် နဂါးလူသားများက ရန်သူ၏ တိုက်ခိုက်မှုများကို ကာကွယ်ပေးထားသဖြင့် သူတို့မှာ မသေမျိုးများ၏ တိုက်ခိုက်မှု အနည်းငယ်ကိုသာ ရင်ဆိုင်ရန် လိုတော့သည်။
ထိုအချိန်တွင် မသေမျိုးစစ်တပ်အတွင်းရှိ အနက်ရောင်ဝတ်ရုံခြုံထားသော ပုံရိပ်တစ်ခုမှာ ရူးသွပ်စွာ ထိုးစစ်ဆင်နေသော နဂါးလူသားများကို ကြည့်ကာ အမိန့်ပေးလိုက်လေသည်။
“သုံးလီ နောက်ဆုတ်မယ်။”
အခန်း ၁၁၁၀- စနိုက်ပါသမားများ ရောက်ရှိလာခြင်း၊ အနက်ရောင်ဝတ်ရုံကို သုတ်သင်ခြင်းနှင့် ထိုးဖောက်ဝင်ရောက်ခြင်း
အနက်ရောင်ဝတ်ရုံခြုံထားသော ပုံရိပ်၏ အမိန့်ပေးမှုနောက်တွင် အရိုးစုစစ်တပ်မှာ ချက်ချင်းပင် နောက်ဆုတ်သွားတော့သည်။
ထိုအခါ စိတ်လှုပ်ရှားစွာ ထိုးစစ်ဆင်နေကြသော နဂါးလူသားများသည် သူတို့ရှေ့ရှိ ဟာလာဟင်းလင်းဖြစ်သွားသော နေရာလပ်ကို ကြည့်ကာ ကြောင်အသွားကြတော့လေသည်။
“သူတို့ တကယ်ကြီး နောက်ဆုတ်သွားတာလား။”
ဆန်တေးက သူမြင်နေရသည့် မြင်ကွင်းကြောင့် အံ့အားသင့်ကာ ရေရွတ်လိုက်သည်။
သူ ဤနေရာကို ကာကွယ်လာခဲ့သည်မှာ အနှစ်နှစ်ဆယ်ကျော်ပြီဖြစ်သော်လည်း အရိုးစုများ မိမိအလိုအလျောက် နောက်ဆုတ်သွားသည်ကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
“မျိုးနွယ်စုခေါင်းဆောင် ဆန်တေး အခုချက်ချင်း တိုက်ပွဲစစ်မျက်နှာကို နှစ်လီ ရှေ့တိုးလိုက်ပါ။ ပြီးရင် ခံစစ်ကြောင်းအသစ် တည်ဆောက်လိုက်တော့။”
ထျန်းဝူက သတိပေးလိုက်သည်။
“အင်း... ကောင်းပြီ။”
ဆန်တေးက ခေါင်းညိတ်ပြီး သူ၏မျိုးနွယ်စုဝင်များကို သတိကြီးစွာဖြင့် ရှေ့တိုးရန် အမိန့်ပေးလိုက်သည်။ သူတို့သည် သတ်မှတ်ထားသော နေရာသို့ ရောက်ရှိသွားပြီး ခံစစ်ကြောင်းတစ်ခုကို စတင်တည်ဆောက်လိုက်ကြတော့သည်။
ထျန်းဝူသည်မူ မသေမျိုးမျိုးနွယ်စုများရှိရာဘက်သို့ စူးစိုက်ကြည့်နေ၏။ ရုတ်တရက် သူသည် အနက်ရောင်ဝတ်ရုံခြုံထားသူကို လှမ်းမြင်လိုက်သဖြင့် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ငါတို့မှာ ကျွန်းပိုင်ရှင်ရှောင်းရဲ့ လက်နက်တွေနဲ့ ပစ်ခတ်မှုအတတ်ပညာမျိုးသာ ရှိရင် အတော်ကောင်းမှာပဲ။ အဲ့ဒီအနက်ရောင်ဝတ်ရုံကိုသာ ပစ်သတ်နိုင်ရင် တိုက်ပွဲက အများကြီး ပိုလွယ်သွားလိမ့်မယ်။”
ဘေးနားရှိ ဆန်တေးကလည်း ထျန်းဝူ ကြည့်နေသည့်ဘက်သို့ လှမ်းကြည့်လိုက်ရာ အနက်ရောင်ပုံရိပ်ကို တွေ့လိုက်ရသည်။
“အဲ့ကောင်က အခုမှ ပေါ်လာတာပဲ။ ဒါပေမဲ့ သူက အမြဲတမ်း စစ်တပ်ရဲ့ အနောက်မှာပဲ ပုန်းနေတတ်တာ။ သူ့အနားကို ချဉ်းကပ်ဖို့တောင် မဖြစ်နိုင်ဘူး။ သတ်ဖို့ဆိုတာ ပိုတောင်ဝေးသေးတယ်။”
“ငါတို့ မလုပ်နိုင်ဘူး။ ဒါပေမဲ့ အဲ့ဒီအပြင်လူတွေကတော့ လုပ်နိုင်တယ်။ သူတို့မှာ အဝေးကြီးကို ပစ်လို့ရတဲ့ လက်နက်ရှိတယ်။ သူတို့ခေါ်တာက...ဘားရတ် ဂီဂီ သေနတ်လားမသိဘူး “
ထျန်းဝူက ပြောလိုက်သည်။ ထိုအခါ ရွှမ်းချီက ဘေးမှနေ၍ မနေနိုင်ဘဲ ဝင်ပြင်ပေးလိုက်သည်။
“အဲ့ဒါကို ဘာရတ် စနိုက်ပါ ရိုင်ဖယ်လို့ ခေါ်တာပါ။”
“အေး... အဲ့ဒီနာမည်ပဲ။”
ထျန်းဝူက ခေါင်းညိတ်လိုက်သည်။
“ငါတို့ စောင့်ကြပ်နေတဲ့ ခံစစ်ကြောင်းမှာလည်း အဲ့ဒီလို မသေမျိုးတစ်ကောင် ပေါ်လာသေးတယ်။ ကျွန်းပိုင်ရှင်ရှောင်းက နှစ်ကီလိုမီတာ အကွာအဝေးကနေ တစ်ချက်တည်းနဲ့ သူ့ခေါင်းကို ပွင့်ထွက်သွားအောင် ပစ်လိုက်တာ။ အဲ့ဒီတော့မှ ငါတို့ သရဲတံခါးတောင်ကြားကို ပြန်သိမ်းနိုင်ခဲ့တာ။”
“နှစ်ကီလိုမီတာ အကွာကနေ ခေါင်းကို တည့်တည့်ပစ်တာ ဟုတ်လား။”
ဆန်တေးအဖို့ ၎င်းမှာ ပုံပြင်တစ်ပုဒ်ကဲ့သို့ပင် ဖြစ်နေသည်။
ထျန်းဝူက လုံးဝသေချာကြောင်း အာမခံလိုက်သည်။
“ငါကိုယ်တိုင် မျက်မြင်မတွေ့ခဲ့ရင် အဲ့ဒီလောက် အကွာအဝေးကနေ အနက်ရောင်ဝတ်ရုံကို သတ်နိုင်တယ်ဆိုတာ ငါလည်း ယုံမှာမဟုတ်ဘူး။”
“ဒါဆိုရင် အဲ့ဒီအပြင်လူကို ဒီအနက်ရောင်ဝတ်ရုံခြုံထားတဲ့ မသေမျိုးကို ရှင်းထုတ်ပေးဖို့ အကူအညီတောင်းလို့ ရမလား။”
ဆန်တေးက မေးလိုက်သည်။ ထျန်းဝူက ရွှမ်းချီကို ကြည့်လိုက်ရာ ရွှမ်ချီက ပြန်ဖြေလိုက်သည်။
“ကျုပ် သွားမေးကြည့်လိုက်မယ်။”
ရွှမ်းချီသည် ထိုသို့ပြောရင်း ယာဉ်တန်းရှိရာသို့ လျှောက်သွားလိုက်သည်။ ယာဉ်မောင်းအားလုံးမှာ ယီရန်ပင်းမဟာမိတ်အဖွဲ့မှ စစ်သည်များ ဖြစ်ကြသည်။
“မင်္ဂလာပါ။ ဒီမှာလည်း အနက်ရောင်ဝတ်ရုံခြုံထားတဲ့ မသေမျိုးတစ်ကောင် ပေါ်လာလို့ ကျွန်းပိုင်ရှင်ကို ဒီကိုလာပြီး အဲ့ဒါကို ပစ်ခတ်ရှင်းလင်းပေးဖို့ ကူညီတောင်းပေးလို့ ရမလား။”
ရွှမ်းချီက ယာဉ်တန်းခေါင်းဆောင်ကို ရှာပြီး မေးလိုက်သည်။
ရွှမ်းချီ၏ တောင်းဆိုမှုကို ကြားသောအခါ ခေါင်းဆောင်က ပြန်ဖြေလိုက်သည်။
“ခဏစောင့်ပေးပါ။ ကျုပ် ကျွန်းပိုင်ရှင်ကို ဆက်သွယ်လိုက်ပါ့မယ်။”
ယာဉ်တန်း၏ ရေရှည်ခံနိုင်ရည်နှင့် ဆက်သွယ်ရေး လွယ်ကူစေရန်အတွက် ယာဉ်တန်းတွင် သီးသန့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခုကို သယ်ဆောင်လာခဲ့သည်။ ဖုန်းများကို အသုံးမပြုနိုင်သော်လည်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များမှာမူ အလုပ်လုပ်ဆဲပင်။
ခေါင်းဆောင်သည် လေဟာနယ်တံခါးအနီးရှိ ကျောက်တိုင်ထံသို့သွားကာ သတင်းပို့လိုက်သည်။
“ဆန်တောမျိုးနွယ်စုရဲ့ ခံစစ်ကြောင်းမှာ အနက်ရောင်ဝတ်ရုံခြုံထားတဲ့ မသေမျိုးတစ်ကောင် ပေါ်လာပါတယ်။ တပ်မှူးဖြစ်နိုင်ခြေ ရှိပါတယ်။ တစ်ဖက်က အဲ့ဒါကို သုတ်သင်ဖို့ စနိုက်ပါသမားတွေ လွှတ်ပေးဖို့ တောင်းဆိုနေပါတယ်။”
ထိုသတင်းကို ရရှိပြီးနောက် ကျန်းယွင်ထျန်းက ရှောင်းယီထံ ချက်ချင်း အစီရင်ခံလိုက်၏။ ရှောင်းယီက အနည်းငယ် စဉ်းစားပြီး ပြောလိုက်သည်။
“အင်း... စနိုက်ပါအဖွဲ့တစ်ဖွဲ့ ခေါ်လိုက်ပါ။ ငါတို့ အတူတူ သွားကြည့်ကြတာပေါ့။ အားလုံး မြို့ပြန်ကျောက်တွေကို သုံးကြမယ်။”
“ဟုတ်ကဲ့...။”
ယာဉ်တန်းရှိ ကားများတွင် ကျောက်တိုင်များ ပါရှိသဖြင့် မြို့ပြန်ကျောက်ကို အသုံးပြု၍ ထိုနေရာသို့ လွယ်ကူစွာ သွားရောက်နိုင်သည်။
မြို့ပြန်ကျောက်များတွင် တည်နေရာသတ်မှတ်ပြီးနောက် ရှောင်းယီနှင့် အခြားသူများမှာ ချက်ချင်းပင် အသုံးပြုလိုက်ကြရာ နောက်တစ်ခဏ၌ သူတို့၏ ပုံရိပ်များသည် ယာဉ်တန်းရှိ ကျောက်တိုင်ဘေးတွင် ထွက်ပေါ်လာတော့သည်။
“မြို့ပြန်ကျောက်တွေကို သုံးလို့ရနေသေးတာပဲ။ အကြီးစား တည်နေရာကူးပြောင်းခြင်း အစီအရင်တွေပဲ ပျက်နေတာပေါ့။”
ရှောင်းယီက စိတ်ထဲမှ တွေးတောရင်း ရှေ့သို့ လှမ်းထွက်ခဲ့လိုက်သည်။
ရှောင်ယီ ချက်ချင်း ရောက်ရှိလာသည်ကို မြင်သောအခါ ထျန်းဝူ၏ မျက်လုံးများမှာ တောက်ပသွားခဲ့သည်။ ဤကဲ့သို့ တည်နေရာကူးပြောင်းခြင်းနည်းလမ်းမျိုးလည်း ရှိသေးသည်လော။
“ကျွန်းပိုင်ရှင်ရှောင်း ကျုပ်တို့ကို ကူညီဖို့ ရောက်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”
ထျန်းဝူက ရှေ့တက်ကာ နှုတ်ဆက်လိုက်သည်။
“မျိုးနွယ်စုခေါင်းဆောင် ထျန်းဝူက အားနာစရာတွေ ပြောနေပြန်ပါပြီ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“မသေမျိုးမျိုးနွယ်စုဆိုတာ ကျုပ်တို့အားလုံးရဲ့ ဘုံရန်သူပဲ။ သူတို့ကို ရင်ဆိုင်ဖို့ ကျုပ်တို့အားလုံး လက်တွဲလုပ်ဆောင်ကြရမှာပေါ့။”
ထျန်းဝူက ခေါင်းညိတ်ပြီး ရုတ်တရက် မေးလိုက်သည်။
“ကျွန်းပိုင်ရှင်ရှောင်း ဒီကို ဘယ်လိုရောက်လာတာလဲ။”
ရှောင်းယီက မြို့ပြန်ကျောက်တုံးကို ထုတ်ပြလိုက်သည်။
“ဒါနဲ့လာခဲ့တာ။ သူက တစ်ယောက်ချင်းစီပဲ ကူးပြောင်းလို့ရတယ်။ အရေအတွက်လည်း ကန့်သတ်ချက်ရှိတယ်။ ပြီးတော့ နေရာကို အတည်ပြုဖို့အတွက် ဒီဟာရှိဖို့လည်း လိုအပ်တယ်။”
ထိုသို့ပြောရင်း သူ့ဘေးရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ပုတ်ပြလိုက်သည်။
ထျန်းဝူနှင့် အခြားသူများက နားလည်သည့်သဘောဖြင့် ခေါင်းညိတ်လိုက်ကြသည်။
“အခု အခြေအနေ ဘယ်လိုရှိလဲ။”
ရှောင်းယီက စကားလမ်းကြောင်း ပြောင်းလိုက်သည်။
“အရမ်းကောင်းတယ်။ မင်းပေးထားတဲ့ ကာကွယ်ရေးဝတ်စုံတွေက အရမ်းအစွမ်းထက်လွန်းတယ်။ တစ်ခါတည်း ထိုးစစ်ဆင်လိုက်တာနဲ့တင် ရန်သူတွေကို သုံးလီလောက် နောက်ဆုတ်သွားအောင် ခြောက်လှန့်နိုင်ခဲ့တယ်။”
ထျန်းဝူက ဝမ်းသာအားရ ပြောပြလိုက်သည်။
“အသုံးဝင်တယ်ဆိုရင် ကောင်းပါတယ်။ အဲ့ဒီအနက်ရောင်ဝတ်ရုံက ဘယ်မှာလဲ။”
ရှောင်းယီက ဆက်မေးလိုက်သည်။
ဆန်တေးနှင့် ထျန်းဝူတို့သည် ရှောင်းယီကို ရှေ့တန်းစစ်မျက်နှာဆီသို့ ချက်ချင်း ဦးဆောင်ခေါ်သွားလိုက်ကြသည်။
ကျန်းယွင်ထျန်း ခေါ်ဆောင်လာသော စနိုက်ပါသမားများသည် ဆန်တေးနှင့် အခြားဆန်တောများကို မြင်သောအခါ အလွန်အံ့သြသွားကြသည်။ ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့မှာမူ အရင်ကတည်းက လူပုဘုရင်ထံမှ ဤမျိုးနွယ်စုအကြောင်း ကြားဖူးထားသဖြင့် ယခုမြင်လိုက်ရခြင်းမှာ အလွန်အမင်း တုန်လှုပ်စရာ မဖြစ်ခဲ့ပေ။
ရှေ့တန်းသို့ ရောက်သောအခါ ထျန်းဝူက လမ်းကြောင်းတစ်ခုကို ညွှန်ပြပြီး ပြောလိုက်သည်။
“မင်း ကြည့်ကြည့်... ဟိုမှာ။”
ရှောင်းယီသည် ထျန်းဝူညွှန်ပြသည့်ဘက်သို့ ကြည့်လိုက်ရာ အနက်ရောင်ဝတ်ရုံခြုံထားသော ပုံရိပ်ကို အမှန်တကယ် မြင်လိုက်ရသည်။
“နက်ခရိုမန်စာ - S အဆင့် မသေမျိုးမျိုးနွယ်စု၊ ခုခံအားနည်းသည်။ အရိုးစုစစ်တပ်ကို ထိန်းချုပ်နိုင်သည်။”
ယခုတစ်ကြိမ်တွင်မူ စနစ်က သတိပေးချက်ကို အမှန်တကယ် ထုတ်ပေးလိုက်ပြီ ဖြစ်သည်။
“စနစ်... အရင်တစ်ခေါက်က ဘာလို့ သတိပေးချက် မပေးတာလဲ။”
ရှောင်းယီက သူ၏စိတ်ထဲမှ မနေနိုင်ဘဲ မေးလိုက်၏။ စနစ်က တိတ်ဆိတ်ခြင်းဖြင့်သာ တုံ့ပြန်ခဲ့သည်။
“မင်းရဲ့ ဒီစနစ်က တစ်ခါတလေကျရင် အလုပ်လုပ်ပြီး တစ်ခါတလေကျရင် အလုပ်မလုပ်သလိုပဲ။ အထူးသဖြင့် ကမ္ဘာ့စစ်မြေပြင်ကို ရောက်လာပြီးနောက်ပိုင်း ပိုတောင် ဆိုးလာသေးတယ်။”
ရှောင်းယီက စိတ်ထဲမှ ဆက်လက် ဗျစ်တောက်ဗျစ်တောက် ပြောနေမိသည်။
စနစ်က ဆက်လက် တိတ်ဆိတ်နေဆဲပင်။
“အေးပါကွာ... မင်းက စနစ်ပဲ။ မင်းက ဆရာကြီးပါ။”
ရှောင်းယီက အားမလိုအားမရဖြင့် ခေါင်းခါလိုက်သည်။
ဤစနစ်၏ အဓိကလုပ်ဆောင်ချက်မှာ နေ့စဉ်လက်မှတ်ထိုးဝင်ခြင်းသာ ဖြစ်နိုင်ပြီး သတိပေးချက်များမှာမူ သေချာမွမ်းမံမထားသော အရံလုပ်ဆောင်ချက်မျှသာ ဖြစ်ပေလိမ့်မည်။
“ကျွန်းပိုင်ရှင် အကွာအဝေးက နှစ်ကီလိုမီတာတောင် မပြည့်ဘူး။ ငါတို့လူတွေကို လက်တည့်စမ်းခွင့် ပေးလိုက်ပါဦး။”
ကျန်းယွင်ထျန်းက အခြေအနေကို ခဏစောင့်ကြည့်ပြီးနောက် ပြောလိုက်သည်။
“အင်း... မင်းတို့ပဲ ကိုင်တွယ်လိုက်ကြတော့။”
ရှောင်းယီက ခေါင်းညိတ်ကာ ခွင့်ပြုလိုက်သည်။
ကျန်းယွင်ထျန်းက စနိုက်ပါသမားအားလုံးကို မတူညီသော နေရာများတွင် နေရာယူခိုင်းလိုက်သည်။
“ငါ ပစ်ဖို့ အမိန့်ပေးတာနဲ့ နံပါတ် (၁)၊ (၂) နဲ့ (၃) တစ်ပြိုင်တည်း ပစ်ကြ။ ကျန်တဲ့သူတွေက သူထွက်ပြေးမယ့် လမ်းကြောင်းကို စောင့်ကြည့်ထား။”
ကျန်းယွင်ထျန်းက လေသံနှိမ့်၍ ပြောလိုက်သည်။
“ဟုတ်ကဲ့...။”
အဖွဲ့သားများက တိုးတိုးပင် တုံ့ပြန်လိုက်ကြသည်။
အားလုံး အသင့်ဖြစ်သောအခါ ကျန်းယွင်ထျန်းသည် အနက်ရောင်ဝတ်ရုံကို ချိန်ရွယ်လိုက်ပြီး “ပစ်...” ဟု အမိန့်ပေးလိုက်၏။
ဒိုင်း
ကျန်းယွင်ထျန်းနှင့် ပထမစနိုက်ပါသမား သုံးဦးတို့သည် တစ်ချိန်တည်းနီးပါး ပစ်ခတ်လိုက်ကြရာ သေနတ်သံပင် တစ်သံတည်းကဲ့သို့ ထွက်ပေါ်လာခဲ့သည်။
ဂျွတ်...
အဝေးမှ အနက်ရောင်ဝတ်ရုံ၏ ဦးခေါင်းမှာ ချက်ချင်းပင် ပွင့်ထွက်သွားပြီး ခေါင်းမပါသော အလောင်းမှာ နောက်သို့ လန်ကျသွားတော့သည်။
ဘေးမှ ကြည့်နေသော ဆန်တေးမှာလည်း လုံးဝမှင်တက်သွားခဲ့သည်။
“ဒီလောက်အဝေးကြီးကနေ... ဒီလောက်တောင် ပြင်းထန်ပြီး အစွမ်းထက်တာလား။”
ဆန်တေးက တိုးတိုးကလေး ရေရွတ်နေမိသည်။ ထိုအခါ ထျန်းဝူက သူ့ကို ဘေးမှနေ၍ ဆွဲယူကာ ပြောလိုက်သည်။
“သူတို့တပ်မှူး သွားပြီဆိုတော့ ဒါ ငါတို့အတွက် အခွင့်အရေးပဲ။ ထိုးစစ်ဆင်မယ်။”
ဆန်တေးမှာ သတိပြန်ဝင်လာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
“တိုက်ကြ....”
အနက်ရောင်ဝတ်ရုံ သေဆုံးသွားခြင်းက မသေမျိုးစစ်တပ်တစ်ခုလုံးကို ထင့်ခနဲ ဖြစ်သွားစေခဲ့သည်။ နဂါးလူသားများနှင့် ဆန်တောများသည် ထိုအခွင့်အရေးကို အသုံးချကာ ထိုးဖောက်ဝင်ရောက်သွားကြပြီး နတ်သူငယ်မျိုးနွယ်များကလည်း အနောက်မှလိုက်၍ အဆက်မပြတ် တိုက်ခိုက်ကြတော့သည်။
တပ်မှူးမရှိသောအခါ နဂါးလူသားများနှင့် အခြားသူများ၏ ထိုးစစ်က မသေမျိုးများ၏ စစ်ကြောင်းကို လုံးဝ ဖရိုဖရဲ ဖြစ်သွားစေခဲ့သည်။
ရှေ့တန်းမှ အသားဒိုင်းများပင် နဂါးလူသားများနှင့် ဆန်တောများ၏ ရိုက်ခတ်မှုကို မည်သို့တားဆီးရမည်မှန်း မသိသောအခါ အနောက်မှ ခုခံအားနည်းသော တိုက်စစ်သမားများမှာ လုံးဝ အသုံးမဝင်တော့ပေ။
ဤတိုက်ပွဲသည် တစ်နာရီခန့်သာ ကြာမြင့်ခဲ့ပြီး နဂါးလူသားများနှင့် ဆန်တောများ၏ ကြီးကျယ်သော အောင်ပွဲဖြင့် ပြီးဆုံးသွားခဲ့လေတော့သည်။