အခန်း (၁၁၀၅-၁၁၀၆)
Vol. 94 Ch. 1105-1106
အခန်း ၁၁၀၅- ရန်သူ၏အညံ့ခံမှုကို လက်ခံခြင်းနှင့် ပုံတူဆွဲနိုင်သော ကိရိယာ
လော့လင်တန်သည် စစ်သည်သယ်ယူပို့ဆောင်ရေးယာဉ် စုစုပေါင်း အစီးရေ နှစ်ရာကို ဝယ်ယူထားခဲ့သည်။ ရှောင်းယီထံသို့ အုတ်မြစ်ကျောက်များ လွှဲပြောင်းပေးအပ်ပြီး ကောင်းကင်မိုးကြိုးအင်ပါယာ၏ အကောင့်ထဲတွင် ငွေပြန်ဖြည့်ပြီးသည်နှင့် သူသည် နောက်ထပ် ထပ်မံဝယ်ယူရန် စီစဉ်ထားသည်။ ဤယာဉ်များရှိနေခြင်းမှာ တကယ့်ကို အဆင်ပြေလွန်းလှသည်မဟုတ်ပါလော။
နန်းတွင်းစောင့်တပ်မှ တပ်ကြပ်ကြီးသည် ကိရိယာအသေးလေးတစ်ခုကို အသုံးပြု၍ အခြေအနေကို အစီရင်ခံနေသည်ကို မြင်သောအခါ ဧကရာဇ်နှစ်ပါးမှာ ထိုလူ့လက်ထဲရှိ ဖုန်းကို အံ့အားသင့်စွာ ကြည့်နေမိကြသည်။ သူတို့ကို စစ်သည်သယ်ယူပို့ဆောင်ရေးယာဉ်ပေါ်သို့ တွန်းတင်လိုက်သည့်အချိန်ရောက်မှသာ သူတို့၏အာရုံမှာ ယာဉ်ဆီသို့ ရောက်သွားတော့သည်။
ယာဉ်မှာ တော်ဝင်မြို့တော်ဆီသို့ အရှိန်အဟုန်ဖြင့် မောင်းနှင်နေစဉ် သူတို့၏မျက်လုံးထဲမှ အံ့အားသင့်မှုများမှာ ထိတ်လန့်တုန်လှုပ်မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
“ဒါက ဘာကြီးလဲ။ ဘာလို့ ဒီလောက်တောင် မြန်မြန်ပြေးနိုင်ရတာလဲ။”
“ငါတို့နိုင်ငံမှာ အကောင်းဆုံးဆိုတဲ့ မြင်းတွေထက်တောင် ပိုမြန်နေပါလား။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”
ဧကရာဇ်နှစ်ပါးမှာ နောက်ခန်းမှနေ၍ တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြစဉ် ရှေ့မှ ကားမောင်းနေသော ကောင်းကင်မိုးကြိုးအင်ပါယာ စစ်သည်မှာမူ ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြည့်နှက်နေတော့သည်။
“သူတို့ကိုယ်သူတို့ ဧကရာဇ်တွေလို့ ခေါ်နေကြတာလား။ သူတို့ရဲ့ အသိပညာက ငါလို သာမန်စစ်သားတစ်ယောက်ကိုတောင် မမီဘူး။”
မကြာမီပင် တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြရင်း ယာဉ်မှာ နန်းတော်တံခါးဝတွင် ရပ်တန့်သွားပြီး ဧကရာဇ်နှစ်ပါးမှာ အပြင်သို့ ပြန်လည်တွန်းထုတ်ခြင်း ခံလိုက်ရသည်။ သူတို့သည် နန်းတွင်းသုံးယာဉ်သို့ ပြောင်းစီးကာ လော့လင်တန်၏ စာကြည့်ခန်းသို့ ရောက်ရှိလာခဲ့သည်။
“အရှင်မင်းကြီး...ဧကရာဇ်ကူတာနဲ့ ဝမ်ကျိဧကရာဇ်တို့ ရောက်ရှိလာပါပြီ။”
လော့လင်တန်က မော့ကြည့်လိုက်ပြီး မင်းစိုးရာဇာနှစ်ပါးကို မြင်သောအခါ ရှေ့ရှိ လက်ပ်တော့ကို ပိတ်လိုက်သည်။
“အရှင်တို့...အခုလိုအချိန်မှာ ဒီကို ကိုယ်တိုင်ရောက်လာရတဲ့ အဓိပ္ပာယ်က ဘာများလဲ။”
ထိုအခါ ဧကရာဇ် ကူတာနှင့် ဝမ်ကျိဧကရာဇ်တို့က လက်အုပ်ချီ ဦးညွှတ်လိုက်ကြပြီး လျှောက်တင်လိုက်ကြသည်။
“အရှင်မင်းကြီး ကျုပ်တို့ ဒီတစ်ခေါက် လာရတာက အညံ့ခံဖို့အတွက်ပါပဲ။ အရှင်မင်းကြီးအနေနဲ့ သနားညှာတာသောအားဖြင့် စစ်မတိုက်တော့ဖို့ မျှော်လင့်ပါတယ်။!”
လော့လင်တန်က မျက်ခုံးတစ်ချက် ပင့်လိုက်သည်။
“ခင်ဗျားတို့ စင်းနန်အင်ပါယာနဲ့ ထပ်မဆက်သွယ်ကြဘူးလား။”
မင်းစိုးရာဇာနှစ်ဦးစလုံးက ခါးသီးစွာ ပြုံးလိုက်ကြပြီး ဧကရာဇ် ကူတာက ပြောလိုက်သည်။
“ခုနတင် ကျုပ်တို့ စင်းနန်အင်ပါယာက သံတမန်နဲ့ တွေ့ခဲ့ပါတယ်။”
“စင်းနန်သံတမန်နဲ့ တွေ့ပြီးပြီဆိုမှတော့ ဒီကို ဘာလို့ အညံ့ခံဖို့ ရောက်လာရတာလဲ။”
လော့လင်တန်က အနည်းငယ် ဇဝေဇဝါဖြင့် မေးလိုက်သည်။
“ဒါက အဲ့ဒီသံတမန်က မသေမျိုးမျိုးနွယ်စုဝင် တစ်ယောက်ဖြစ်နေပြီး ကျုပ်တို့ရဲ့ တော်ဝင်မြို့တော်ထဲမှာ လေဟာနယ်တံခါးတစ်ခုကို ဖွင့်ချလိုက်လို့ပါ။”
ဧကရာဇ် ကူတာက ချက်ချင်း ပြန်ဖြေလိုက်သည်။
၎င်းကို ကြားလိုက်ရသောအခါ လော့လင်တန်၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
“ခင်ဗျားပြောချင်တာက ခင်ဗျားတို့ နန်းတော်ထဲမှာ မသေမျိုးမျိုးနွယ်စုရဲ့ လေဟာနယ်တံခါးတစ်ခု ရှိနေတယ်ပေါ့။”
“အမှန်ပဲ။ ကျုပ်တို့ အင်ပါယာလေးခုနဲ့ ကောင်းကင်မိုးကြိုးအင်ပါယာကြားက ပဋိပက္ခဟာ လူသားအချင်းချင်းကြားက ပြဿနာဖြစ်ပေမဲ့ မသေမျိုးမျိုးနွယ်စုတွေနဲ့တော့ ဘယ်လိုမှ မပူးပေါင်းနိုင်ဘူး။ ဒါက ကျုပ်တို့ရဲ့ အနိမ့်ဆုံးစည်းပဲ။ ဒါကြောင့် မသေမျိုးတွေနဲ့ ပူးပေါင်းမယ့်အစား အညံ့ခံဖို့ကိုပဲ ရွေးချယ်လိုက်တာပါ။”
ဧကရာဇ် ကူတာက လေးနက်သောလေသံဖြင့် ဆိုလိုက်သည်။
လော့လင်တန်က ချက်ချင်းပင် ဖုန်းကိုထုတ်ကာ ဂရိုးထံသို့ ဖုန်းဆက်လိုက်သည်။
“အခုချက်ချင်း တပ်ဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး ကူတာအင်ပါယာရဲ့ တော်ဝင်မြို့တော်ကိုသွား၊ နန်းတော်ကို ဝိုင်းထားလိုက်။ သူတို့နန်းတော်ထဲမှာ မသေမျိုးတွေ ပေါ်လာနေပြီ။ အခုချက်ချင်းသွား။ မြန်နိုင်သမျှ မြန်မြန်သွား။”
“ဟုတ်ကဲ့...။”
ဖုန်းထဲမှ စကားကို ကြားသောအခါ ဂရိုး၏ နှလုံးသားမှာ ထိတ်ခနဲ ဖြစ်သွားပြီး စစ်သည်များကို ချက်ချင်းစုစည်းကာ ထွက်ခွာသွားတော့သည်။
လက်ရှိတွင် ကောင်းကင်မိုးကြိုးအင်ပါယာ၏ နန်းတော်ထဲတွင်လည်း မသေမျိုးလေဟာနယ်တံခါးတစ်ခု ရှိနေသည် မဟုတ်ပါလော။ အကယ်၍ မသေမျိုးများကိုသာ ထွက်သွားခွင့်ပေးလိုက်ပါက တော်ဝင်မြို့တော်တစ်ခုလုံး ပျက်စီးသွားလိမ့်မည်ဖြစ်ကြောင်း သူက အခြားသူများထက် ပိုသိသည်။
ယခုတစ်ကြိမ်တွင် မသေမျိုးများမှာ ကူတာအင်ပါယာ၏ နန်းတော်ထဲ၌ ပေါ်လာခြင်းဖြစ်သော်လည်း လော့လင်တန်၏ အမြင်တွင် ပတ်ဝန်းကျင်ရှိ အင်ပါယာလေးခုစလုံးမှာ သူ၏လက်ခုပ်ထဲမှ ရေသာဖြစ်သည်။ ထို့ကြောင့် မသေမျိုးမျိုးနွယ်စုများကို လုံးဝ ခြေကုပ်ယူခွင့် မပေးနိုင်ပေ။
လော့လင်တန်က စစ်တပ်စေလွှတ်ရန် ချက်ချင်းစီစဉ်ပေးသည်ကို မြင်သောအခါ ဧကရာဇ် ကူတာမှာ အလွန်ပင် စိတ်လှုပ်ရှားသွားခဲ့တော့သည်။
“ကူတာအင်ပါယာကို ကိုယ်စားပြုပြီး အရှင်မင်းကြီးကို နောက်ဆုံးတစ်ကြိမ် ကျေးဇူးတင်စကား ပြောခွင့်ပြုပါ။”
မသေမျိုးများသာ ဖောက်ထွက်လာပါက ကူတာအင်ပါယာမှာ သေချာပေါက် ပျက်စီးသွားမည်ဖြစ်ကြောင်း သူသိနေသည်။
လော့လင်တန်က သူတို့ကို ကြည့်လိုက်သည်။
“အားနာနေစရာ မလိုပါဘူး။ ခင်ဗျားအနေနဲ့ ကူတာကို ကိုယ်စားပြုရမှာ ဒါနောက်ဆုံးအကြိမ် မဟုတ်ဘူး။ နောင်အနာဂတ်မှာလည်း ခင်ဗျားက ကူတာရဲ့ ရှင်ဘုရင်အဖြစ် ဆက်ရှိနေဦးမှာပါ။ ဒါပေမဲ့ ကောင်းကင်မိုးကြိုးအင်ပါယာရဲ့ စီမံခန့်ခွဲမှုအောက်မှာပဲ ရှိရလိမ့်မယ်။ နားလည်လား။”
ဧကရာဇ် ကူတာမှာ လုံးဝမှင်တက်သွားပြီး မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
“အရှင်မင်းကြီး... ကျုပ်ကို ကူတာကို ဆက်ပြီး စီမံခန့်ခွဲခွင့် ပေးဦးမှာလား။”
“ဒါပေါ့။ ငါတို့ကြားမှာ ဖြေရှင်းလို့မရတဲ့ ရန်ငြိုးရန်စတွေ ရှိနေတာမှ မဟုတ်တာ။ ခင်ဗျားက အညံ့ခံဖို့ ရွေးချယ်ပြီးပြီဆိုမှတော့ ဘာလို့ ခင်ဗျားကို အသုံးမချရမှာလဲ။ လူသစ်တစ်ယောက်ကို ရှာပြီး အလုပ်တွေ ကျွမ်းကျင်အောင် သင်ပေးဖို့ဆိုတာ ဘယ်လောက်ကြာမယ်မှန်း မသိနိုင်ဘူး။ ငါတို့အတွက် အချိန်က အရမ်းတန်ဖိုးရှိတယ်။”
လော့လင်တန်က ပြန်ဖြေလိုက်သည်။
ဧကရာ်ဇ်ကူတာတစ်ယောက် ချက်ချင်းပင် ဒူးထောက်လိုက်၏။
“ကျွန်တော်မျိုး အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။”
လော့လင်တန်က သူ့ကို ချက်ချင်းပင် ဆွဲထူလိုက်သည်။
“ကျွန်းပိုင်ရှင်က ပြောထားတယ်။ ဒီလို ဒူးထောက်နေစရာ မလိုဘူး။ မင်းရဲ့ နှလုံးသားထဲမှာ လေးစားမှုရှိရင် လက်အုပ်ချီ ဦးညွှတ်ရုံနဲ့တင် လုံလောက်ပြီ။”
“ကျွန်းပိုင်ရှင် ဟုတ်လား။”
ဧကရာဇ်ကူတာက လော့လင်တန်ကို ဇဝေဇဝါဖြင့် ကြည့်သည်။
“ငါတို့တွေ အပြင်လူလို့ ခေါ်ကြတဲ့သူပေါ့။ ငါလည်း သူ့ဆီမှာ အညံ့ခံထားတာပဲလေ။”
လော့လင်တန်က ကောင်းကင်မိုးကြိုးအင်ပါယာနှင့် ယဌရန်ပင်းမဟာမိတ်အဖွဲ့တို့၏ ဆက်ဆံရေးကို ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်သည်။
ထိုသတင်းက ဧကရာဇ်ကူတာကို ပို၍ပင် တုန်လှုပ်သွားစေခဲ့သည်။
ဘေးနားတွင် ရပ်နေသော ဝမ်ကျိဧကရာဇ်သည်လည်း ဆက်ပြီး ငြိမ်မနေနိုင်တော့ချေ။
“အရှင်မင်းကြီး... ဒါဆို ကျုပ်တို့ အင်ပါယာကကော ဘယ်လိုဖြစ်သွားမှာလဲ။”
သူက အလျင်အမြန် မေးလိုက်သည်။
“မင်းတို့ဘက်ကလည်း ကူတာအင်ပါယာလိုပါပဲ။ ကောင်းကင်မိုးကြိုးအင်ပါယာရဲ့ စီမံခန့်ခွဲမှုကို လိုက်နာသရွေ့ ခင်ဗျားက ဝမ်ကျိရဲ့ အရှင်ဘုရင်အဖြစ် ဆက်ရှိနေမှာပါ။”
လော့လင်တန်က ပြန်ဖြေလိုက်သည်။
“ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။”
ဝမ်ကျိဧကရာဇ်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
သူတို့ ဤနေရာသို့ ရောက်လာစဉ်က နယ်နှင်ဒဏ် အပေးခံရမည်ဟုသာ ထင်ထားခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု...ဘွဲ့အမည်သာ ပြောင်းသွားပြီး အာဏာကို ဆက်လက် ဆုပ်ကိုင်ထားနိုင်လိမ့်မည်ဟု...လုံးဝ မမျှော်လင့်ထားခဲ့ပေ။
ဤရလဒ်မှာ သူတို့၏ မျှော်လင့်ချက်ထက် များစွာ ကျော်လွန်နေသဖြင့် သူတို့ အလွန် ကျေနပ်သွားကြသည်။
ကလင်...ကလင်...ကလင်...။
လော့လင်တန်၏ ဖုန်းမှ အသံမြည်လာသဖြင့် သူ ချက်ချင်း ကိုင်လိုက်သည်။
“ဗိုလ်ချုပ်ကြီး ဂရိုး အခု အခြေအနေ ဘယ်လိုရှိလဲ။”
“ကျွန်တော်မျိုးတို့ မသေမျိုးတွေကို နန်းတော်ဝင်းအတွင်းမှာပဲ ထိန်းချုပ်ထားလိုက်နိုင်ပါပြီ။ ဒါပေမဲ့ ဒီက မသေမျိုးတွေက ကျွန်တော်မျိုးတို့ဆီက မသေမျိုးတွေနဲ့ ပုံစံမတူဘူး။”
ဂရိုးက ပြန်ဖြေလိုက်သည်။
မသေမျိုးများကို နန်းတော်အတွင်းမှာပင် ပိတ်ဆို့ထားနိုင်ပြီဟု ကြားလိုက်ရသဖြင့် လော့လင်တန် အနည်းငယ် စိတ်အေးသွားခဲ့သည်။
“နန်းတော်ထဲမှာ သေဆုံးဒဏ်ရာရသူ ဘယ်လောက်ရှိလဲ။”
“ကိုယ်ရံတော် အနည်းငယ်ပဲ ဆုံးရှုံးခဲ့ပါတယ်။ ကျန်တဲ့သူတွေ အားလုံးကိုတော့ နန်းတော်ထဲကနေ ဘေးကင်းစွာ ရွှေ့ပြောင်းပေးနိုင်ခဲ့ပါပြီ။”
“အဲ့ဒီမသေမျိုးတွေကို နန်းတော်ဝင်းထဲမှာပဲ သေချာ ပိတ်ဆို့ထားပါ။ ပြီးရင် အဲ့ဒီမသေမျိုးတွေကို ဓာတ်ပုံရိုက်ပြီး ငါ့ဆီ ပို့လိုက်။”
လော့လင်တန်က အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ပါ...။”
လော့လင်တန် ဖုန်းချလိုက်သောအခါ ဧကရာဇ်ကူတာက မနေနိုင်ဘဲ မေးတော့သည်။
“အရှင်မင်းကြီး...အရှင်မင်းကြီးရဲ့ လက်ထဲက အဲ့ဒါက ဘာလဲ။”
“ဒါကို မိုဘိုင်းဖုန်းလို့ ခေါ်တယ်။ ချက်ချင်း ဆက်သွယ်လို့ရတဲ့ ကိရိယာပေါ့။ ကျွန်းပိုင်ရှင်က ငါတို့ဆီ ရောင်းပေးထားတာပဲ။”
လော့လင်တန်က ပြန်ဖြေလိုက်သည်။
“ခုနက ဖုန်းဆက်တာက အခု ကူတာနန်းတော်ဆီ ရောက်နေတဲ့ ဗိုလ်ချုပ် ဂရိုးပဲ။”
“အရှင်မင်းကြီး ပြောချင်တာက... အခု ကျွန်တော်မျိုးတို့ နန်းတော်ထဲ ရောက်နေတဲ့ ဗိုလ်ချုပ်ကြီး ဂရိုးနဲ့ အခုလေးတင် စကားပြောနေတာလား။”
ဧကရာဇ်ကူတာမှာ အံ့သြလွန်းသဖြင့် မျက်လုံးများပင် ပြူးကျယ်သွားတော့သည်။
လော့လင်တန်က ခေါင်းညိတ်ပြလိုက်သည်။ ဝမ်ကျိဧကရာဇ်သည်လည်း ထပ်တူပင် အံ့အားသင့်နေခဲ့သည်။
ခဏအကြာတွင် ဧကရာဇ်ကူတာက ချက်ချင်း မေးလိုက်သည်။
“နန်းတော်ထဲက တိုက်ပွဲ အခြေအနေ ဘယ်လိုရှိလဲ။”
“မသေမျိုးတွေကို နန်းတော်ထဲမှာပဲ ပိတ်ဆို့ထားနိုင်လိုက်ပြီ။ ကိုယ်ရံတော် အနည်းငယ် အသက်ပေးလိုက်ရတာကလွဲရင် ကျန်တဲ့သူတွေ အားလုံး နန်းတော်ထဲကနေ ထွက်လာနိုင်ကြပါပြီ။”
လော့လင်တန်က ပြန်ဖြေလိုက်သည်။ ဧကရာဇ်ကူတာမှာ ထိုအခါမှသာ သက်ပြင်းတစ်ချက် ချနိုင်တော့သည်။
ထိုအချိန်တွင် လော့လင်တန်သည် ဂရိုးပို့လိုက်သော ပုံကို လက်ခံရရှိလိုက်သည်။
ပုံကို နှိပ်ကြည့်လိုက်သောအခါ လော့လင်တန်သည် ဤနေရာမှ ဇွန်ဘီးများနှင့် လုံးဝမတူဘဲ ကွဲပြားနေသော မသေမျိုးများကို တွေ့လိုက်ရသဖြင့် ဇဝေဇဝါဖြစ်ကာ မျက်မှောင်ကြုတ်သွားခဲ့သည်။
“မင်းတို့ နန်းတော်ထဲက မသေမျိုးတွေဆိုတာ ဒါတွေလား။”
လော့လင်တန်က ဖုန်းကို ဧကရာဇ်ကူတာ၏ ရှေ့သို့ တိုးပေးပြီး မေးလိုက်သည်။
မသေမျိုးများ အုံနှင့်ကျင်းနှင့် ရှိနေသည့် ပုံကို မြင်လိုက်ရသောအခါ ဧကရာဇ်ကူတာမှာ ကြက်သီးဖြန်းဖြန်း ထသွားတော့သည်။ သူက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“မှန်ပါတယ်။ ဒါတွေပါပဲ။”
ဝမ်ကျိဧကရာဇ်မှာမူ ဖုန်းကို ကြည့်ပြီး အံ့သြတုန်လှုပ်စွာဖြင့် မေးလိုက်သည်။
“ဒီဖုန်းက ပုံတူတွေတောင် ဆွဲနိုင်တာလား။ ဘယ်လိုလုပ် ဒီလောက်တောင် အသက်ဝင်အောင် ဆွဲနိုင်ရတာလဲ။”
“ဒါကို ဓာတ်ပုံရိုက်တယ်လို့ ခေါ်တယ်။ ဘယ်အရာဝတ္ထုကိုမဆို အရှိကိုအတိုင်း ဖမ်းယူနိုင်တယ်။”
လော့လင်တန်က ချက်ချင်းပင် ဖုန်းကို အသုံးပြု၍ သရုပ်ပြလိုက်သည်။
ဧကရာဇ်ကူတာနှင့် ဝမ်ကျဧကရာဇ်တို့၏ မျက်လုံးများမှာ ပို၍ ပို၍ပင် ပြူးကျယ်လာကြတော့သည်။
အခန်း ၁၁၀၆- ဂူးလ်များ တစ်ကျော့ပြန်ပေါ်လာခြင်း၊ ရူးသွပ်ခြင်းနှင့် ခုခံကာကွယ်ခြင်း
“ဒီမိုဘိုင်းဖုန်းရဲ့ လုပ်ဆောင်ချက်တွေက တကယ့်ကို အစွမ်းထက်လွန်းတယ်။”
ဧကရာဇ် ကူတာက ရေရွတ်လိုက်သည်။
“ဒီအကြောင်းကို နောက်မှပြောကြတာပေါ့။ အခုလောလောဆယ် ဒီက အခြေအနေကို ကျွန်းပိုင်ရှင်ဆီ အရင်ဆုံး အစီရင်ခံဖို့ လိုတယ်။”
လော့လင်တန်က ထိုသို့ပြောလိုက်ပြီး ရရှိထားသော ဓာတ်ပုံများကို ရှောင်းယီထံသို့ ပို့ကာ အခြေအနေအရပ်ရပ်ကို ရှင်းပြလိုက်သည်။
ထိုအချိန်တွင် ရှောင်းယီမှာ ရှေ့တန်းမျက်နှာစာသို့ ရောက်ရှိနေသဖြင့် ဤသတင်းအချက်အလက်များကို လက်မခံနိုင်သေးပေ။
ပုံများကို ပို့ပြီးနောက် လော့လင်တန်မှာ စောင့်ရင်းစောင့်ရင်း ရှောင်းယီထံမှ မည်သည့်တုံ့ပြန်မှုမှ မရရှိခဲ့ပေ။
“ဘာဖြစ်တာလဲ။ ကျွန်းပိုင်ရှင်က ငါပို့တဲ့စာကို မမြင်တာလား။”
လော့လင်တန်က မျက်မှောင်ကြုတ်လျက် ပြောပြီး အန်းယွဲ့ထံသို့ ချက်ချင်း စာပို့လိုက်သည်။
“အကြီးအကဲအန်း ကျုပ် မသေမျိုးမျိုးနွယ်စုရဲ့ အခြေအနေအချို့ကို ကျွန်းပိုင်ရှင်ဆီ အစီရင်ခံထားပေမဲ့ သူပြန်မဖြေလို့ပါ။ ဘာဖြစ်လို့လဲဆိုတာ ခင်ဗျားသိလား။”
လော့လင်တန်က အသံဖိုင် ပို့လိုက်သည်။ယခုတစ်ကြိမ်တွင်မူ လော့လင်တန် ချက်ချင်းပင် အကြောင်းပြန်ချက် ရရှိခဲ့သည်။
“ကျွန်းပိုင်ရှင်က လေဟာနယ်တံခါးကနေတစ်ဆင့် ရှေ့တန်းမျက်နှာစာကို သွားနေတာ ဖြစ်ရမယ်။ ရှေ့တန်းက ကျုပ်တို့နဲ့ အရမ်းဝေးတော့ အဲ့ဒီမှာ ဖုန်းလိုင်းမမိဘူး။”
အန်းယွဲ့က ပြန်ဖြေလိုက်သည်။
“သူ့ကိုသွားအကြောင်းကြားဖို့ လူလွှတ်လိုက်ပါ့မယ်။ ခဏလောက် စောင့်ပေးပါဦး။”
“ဟုတ်ကဲ့ပါ။ ကျေးဇူးတင်ပါတယ် အကြီးအကဲအန်း။”
လော့လင်တန်က ပြန်ပြောလိုက်သည်။
လက်ရှိတွင် သရဲတံခါးတောင်ကြားသို့ ရောက်ရှိနေသော ရှောင်းယီသည် ၎င်းတို့၏ ခံစစ်ကို မနားတမ်း တိုက်ခိုက်နေသော မသေမျိုးမျိုးနွယ်စုများကို မျက်မှောင်ကြုတ်လျက် ကြည့်နေမိသည်။ ဤမျှ ပြင်းထန်လှသော တိုက်ပွဲ၏ အသုံးစရိတ်မှာ မနည်းလှပေ။ မည်မျှပင် များပြားသော သတ္တုသိုလှောင်မှုများ ရှိနေပါစေ...ဤနှုန်းအတိုင်းဆိုလျှင် ရေရှည်ခံနိုင်မည်မဟုတ်ပေ။
ထို့ကြောင့် လက်ရှိတွင် ရှေ့တန်းမျက်နှာစာ၌ သတ္တုများ ပြန်လည်ရရှိရန် ကျည်ခွံများကို လိုက်လံကောက်ယူ သိမ်းဆည်းသည့် နည်းလမ်းများကို အသုံးပြုနေရသည်။
သို့သော် မသေမျိုးများ၏ အရေအတွက်မှာ များလွန်းလှသည်။ ထိုအချိန်တွင် ကျန်းယွင်ထျန်းက ပြေးလာပြီး ပြောလိုက်သည်။
“ကျွန်းပိုင်ရှင် လော့လင်တန်က မသေမျိုးတွေကို ထပ်တွေ့လို့ မင်းဆီ စာပို့ထားတယ်။”
ရှောင်းယီက ခေါင်းညိတ်ပြလိုက်ပြီး ကားပေါ်တက်ကာ လေဟာနယ်တံခါးရှိရာသို့ အမြန်မောင်းထွက်ခဲ့လိုက်သည်။
လေဟာနယ်တံခါးမှတစ်ဆင့် အပြင်သို့ ထွက်လာသောအခါ ရှောင်းယီ၏ဖုန်းထဲသို့ လော့လင်တန် ပို့ထားသော စာများ ချက်ချင်း ရောက်ရှိလာတော့သည်။
လော့လင်တန်ပို့ထားသော စာကို မြင်လိုက်ရသောအခါ ရှောင်းယီ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ ဤသတ္တဝါမှာ သူခုနလေးတင် တွေ့ခဲ့သော ဂူးလ် မဟုတ်ပါလား။
“ဒီမသေမျိုးတွေကို ဘယ်မှာ တွေ့တာလဲ။”
ရှောင်းယီက လော့လင်တန်ထံသို့ ချက်ချင်း ဖုန်းခေါ်၍ မေးလိုက်သည်။
“ကျွန်းပိုင်ရှင်ကို အစီရင်ခံပါတယ်။ ကူတာအင်ပါယာမှာပါ။”
လော့လင်တန်က ချက်ချင်းပင် ရိုသေသေ ပြန်ဖြေလိုက်သည်။
“ကူတာအင်ပါယာလား။ အရင်က စင်းနန်အင်ပါယာနဲ့ မဟာမိတ်ဖွဲ့ခဲ့တဲ့ တစ်ခုလား။”
ရှောင်းယီက မျက်ခုံးတစ်ချက် ပင့်ကာ မေးလိုက်သည်။
အရင်တစ်ခေါက် မုခိုင်ကို သွားရောက်ကယ်တင်စဉ်က ကျန်းယွင်ထျန်းသည် စနိုက်ပါသမား အနည်းငယ်ကို ခေါ်ဆောင်သွားပြီး အင်ပါယာလေးခု၏ မဟာမိတ်အဖွဲ့ကို ဖြိုခွဲခဲ့သည်။ ထိုအထဲတွင် ကူတာအင်ပါယာ ပါဝင်သည်ကို ရှောင်းယီ မှတ်မိနေခြင်းဖြစ်သည်။
“ဟုတ်ကဲ့။ သူတို့ ကျုပ်တို့ဆီမှာ အညံ့ခံပြီးပါပြီ။”
လော့လင်တန်မှာ ရှောင်းယီ ယခုထက်ထိ မှတ်မိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
“ခဏစောင့်...ကျုပ်လာကြည့်မယ်။”
ရှောင်းယီက ပြန်ပြောပြီးနောက် ကောင်းကင်မိုးကြိုးအင်ပါယာဆီသို့ တည်နေရာကူးပြောင်းလိုက်သည်။
ထို့နောက် လော့လင်တန်၊ ဧကရာဇ် ကူတာ၊ ဝမ်ကျိဧကရာဇ်တို့နှင့်အတူ ကူတာအင်ပါယာဆီသို့ ထပ်မံကူးပြောင်းခဲ့လိုက်သည်။
လမ်းတွင် လော့လင်တန်က ဧကရာဇ် ကူတာနှင့် အခြားတစ်ဦးကို ရှောင်းယီနှင့် မိတ်ဆက်ပေးပြီးဖြစ်သည်။
“အင်း... ကျုပ်တို့က မသေမျိုးမျိုးနွယ်စုတွေနဲ့ မွေးရာပါ ရန်သူတွေပဲ။ မသေမျိုးတွေနဲ့ ပူးပေါင်းဖို့ ရွေးချယ်တယ်ဆိုတာ ဦးနှောက်မရှိတဲ့သူတွေ လုပ်တဲ့အလုပ်ပဲ။”
ရှောင်းယီသည် ဧကရာဇ် ကူတာ၏ တုံ့ပြန်မှုအပေါ် အလွန်ကျေနပ်သွားခဲ့သည်။
“ကျွန်းပိုင်ရှင် ပြောတာ မှန်ပါတယ်။”
ထိုနှစ်ဦးမှာ အလျင်အမြန် တုံ့ပြန်လိုက်ကြသည်။
“ခင်ဗျားတို့က ကျုပ်တို့မဟာမိတ်အဖွဲ့ဆီမှာ အညံ့ခံပြီးပြီဆိုတော့ တကယ်လို့ တစ်ခုခု လိုအပ်တာရှိရင် အရှင်မင်းကြီး လော့လင်တန်ဆီမှာ တောင်းဆိုလို့ရပါတယ်။ သူကနေတစ်ဆင့် မဟာမိတ်အဖွဲ့ဆီ သင့်တော်သလို အစီရင်ခံပေးပါလိမ့်မယ်။”
ရှောင်းယီက ဆိုသည်။
“ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”
စကားပြောနေရင်း ရှောင်းယီနှင့် အဖွဲ့မှာ ကူတာအင်ပါယာ၏ တော်ဝင်နန်းတော်ရှေ့သို့ ရောက်ရှိလာခဲ့သည်။ နန်းတော်မြို့ရိုးပေါ်၌ သေနတ်သံများ ထွက်ပေါ်နေဆဲပင်။
အဖွဲ့သားများသည် အပြင်ဘက်မှနေ၍ မြို့ရိုးပေါ်သို့ တက်ကြည့်လိုက်သောအခါ နန်းတော်ဝင်းအတွင်း၌ ဂူးလ်များဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရလေသည်။
ရှောင်ယီနှင့် အခြားသူများ ရောက်လာသည်ကို မြင်သောအခါ ဂရိုးက ချက်ချင်း ရှေ့ထွက်လာပြီး နှုတ်ဆက်လိုက်သည်။
“ကျွန်းပိုင်ရှင်...အရှင်မင်းကြီး။”
“သူတို့ကို လေဟာနယ်တံခါးထဲ ပြန်မောင်းထုတ်နိုင်မလား။”
ရှောင်းယီက ခေါင်းညိတ်ပြရင်း မေးလိုက်သည်။ ဂရိုးက ခေါင်းခါလိုက်သည်။
“ကျုပ်တို့ရဲ့ လက်ရှိ ပစ်အားနဲ့ဆိုရင်တော့ ခက်ပါလိမ့်မယ်။”
“ဒါဆိုရင် ပစ်အားကို ဆက်တိုးရမယ်။ မဟာမိတ်အဖွဲ့ကနေ နောက်ထပ် စက်သေနတ်အပေါ့စား တစ်ထောင်လောက် ပံ့ပိုးပေးရင် ရနိုင်မလား။”
ရှောင်းယီက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ရပါတယ်။”
ဂရိုးက စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်းပြန်ဖြေလိုက်သည်။
ကောင်းကင်မိုးကြိုးအင်ပါယာတွင် စက်သေနတ်အပေါ့စား တစ်ထောင်ရှိသော်လည်း မြောက်ဘက်တွင် စင်းနန်အင်ပါယာက ခြိမ်းခြောက်နေဆဲဖြစ်သဖြင့် ၎င်းတို့အားလုံးကို ဤနေရာတွင် အသုံးပြုရန် မဖြစ်နိုင်ပေ။
၎င်းအပြင် ဤနေရာမှာ ကူတာအင်ပါယာသာ ဖြစ်သည်။ ၎င်းတို့၏ နန်းတော်ဝင်းအတွင်း မသေမျိုးများကို ပိတ်ဆို့ထားနိုင်အောင် ကူညီပေးခြင်းမှာပင် ၎င်းတို့ကို များစွာ မျက်နှာသာပေးထားခြင်း ဖြစ်သည်။
သို့သော်လည်း ဤနေရာကို လာရောက်ကူညီရင်း စက်သေနတ် တစ်ထောင် ထပ်ရမည်ဆိုပါက ဂရိုးအတွက် အလွန်ကျေနပ်စရာပင်။
ရှောင်းယီက ဆက်ပြောလိုက်သည်။
“ဒီစက်သေနတ် တစ်ထောင်ကို မသေမျိုးတွေ အပြင်ကို ဖောက်ထွက်မလာနိုင်အောင် ဒီကူတာအင်ပါယာမှာပဲ ထားရှိသွားမယ်။”
ဂရိုးမှာ ထိုစကားကို ကြားသောအခါ မှင်တက်သွား၏။
ဒီတစ်ထောင်က သူ့အတွက် မဟုတ်ဘူးလား။
ရှောင်းယီသည် ကြောင်တောင်တောင် ဖြစ်ကျန်ခဲ့သော ဂရိုးကို ဂရုမစိုက်ဘဲ ရှေ့သို့ လှမ်းသွားကာ မနားတမ်း တိုးဝှေ့တက်လာနေသော ဂူးလ်များကို ကြည့်လိုက်သည်။
“သူတို့က အမြဲတမ်း ဒီပုံစံအတိုင်းပဲလား။”
ရှောင်းယီက ရုတ်တရက် မေးလိုက်သည်။ ဂရိုးတစ်ယောက် အနည်းငယ် တုံ့ဆိုင်းသွားပြီးမှ “ဘာကို ဆိုလိုတာလဲ။” ဟု ဇဝေဇဝါ ပြန်မေးလိုက်သည်။
“သူတို့မှာ တခြား အခြေအနေပုံစံမျိုးတွေ မရှိဘူးလား။”
ရှောင်းယီက ပြန်ပြောလိုက်သည်။
“မရှိပါဘူး။ သူတို့က အသွင်ပြောင်းလို့ ရလို့လား။”
ဂရိုးမှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားတော့သည်။
ဂရိုး၏ စကားပင် မဆုံးသေးမီမှာပင် ထိုဂူးလ်များသည် ရှောင်းယီ၏ စကားကို တုံ့ပြန်သည့်အလား အရောင်မှာ ပို၍ နက်မှောင်သွားပြီး အနက်ရောင်အလင်းများ တောက်ပလာတော့သည်။
“သတိထား...အခုချက်ချင်း အင်အားအပြည့်နဲ့ တိုက်ခိုက်ကြ။”
ရှောင်းယီက ချက်ချင်းပင် အော်ဟစ် သတိပေးလိုက်၏။
နန်းတော်မြို့ရိုးပေါ်တွင် ကူတာအင်ပါယာမှ စစ်သည်များစွာ ရှိနေသေးသည်။ ၎င်းတို့သည် ရှောင်းယီ၏ စကားကို ကြားသောအခါ တုံ့ဆိုင်းသွားကြ၏။ အကြောင်းမှာ ၎င်းတို့သည် ဤလူကို မသိသည့်အတွက် သူခိုင်းသည့်အတိုင်း ဇွတ်အတည် လိုက်လုပ်ရန် မဖြစ်နိုင်သောကြောင့် ဖြစ်သည်။
သို့သော် ဧကရာဇ် ကူတာက ချက်ချင်းပင် ဟိန်းဟောက်လိုက်သည်။
“ကျွန်းပိုင်ရှင် ခိုင်းတဲ့အတိုင်း မြန်မြန်လုပ်ကြစမ်း။”
သို့သော် ထိုအချိန်တွင် ရူးသွပ်နေသော ဂူးလ်များမှာ မြို့ရိုးပေါ်သို့ ရောက်ရှိနေပြီဖြစ်ရာ ကိုယ်ရံတော်များမှာ ရှောင်းယီ၏ စကားကို ထိုအခါမှ သဘောပေါက်သွားကြတော့သည်။
ရှောင်းယီသည် သူ၏ရွှမ်းယွမ်ဓားကို ဆွဲထုတ်လိုက်ပြီး လျင်မြန်သော လှုပ်ရှားမှုအနည်းငယ်ဖြင့် ဂူးလ်များစွာ တက်လာသည့် နေရာသို့ ရောက်ရှိသွားခဲ့သည်။
ရွှမ်းယွမ်ဓားမှာ ဓားကြီးတစ်လက် ဖြစ်သော်လည်း ရှောင်းယီသည် ၎င်းကို ကျွမ်းကျင်ပေါ့ပါးစွာ ကိုင်တွယ်ပြီး ဂူးလ်အားလုံးကို လျင်မြန်စွာ သုတ်သင်ပစ်လိုက်သည်။
ကောင်းကင်မိုးကြိုးအင်ပါယာမှ စစ်သည်များမှာ ရှောင်းယီ၏ စကားကို လုံးဝနာခံသူများ ဖြစ်သဖြင့် ၎င်းတို့သည် မည်သည့်တုံ့ဆိုင်းမှုမှမရှိဘဲ သူ၏အမိန့်ကို လိုက်နာခဲ့ကြသည်။
ရှောင်းယီနှင့် ဂရိုးတို့၏ အကူအညီဖြင့် ဤဂူးလ်များ၏ တိုက်ခိုက်မှုကို နောက်ဆုံးတွင် တွန်းလှန်နိုင်ခဲ့သည်။
ရှောင်းယီသည် ရွှမ်းယွမ်ဓားကို ဓားအိမ်ထဲ ပြန်ထည့်ကာ လျှောက်လာခဲ့လိုက်သည်။
“ကျွန်းပိုင်ရှင်... ခုနက အခြေအနေက ဘာကြီးလဲ။”
လော့လင်တန်က အလျင်အမြန် မေးလိုက်သည်။
မသေမျိုးများမှာ အရောင်များ နက်မှောင်သွားပြီးနောက် ၎င်းတို့၏ အရှိန်နှင့် တိုက်ခိုက်နှုန်းမှာ ပိုမိုမြန်ဆန်လာသည်ကို အားလုံး မြင်တွေ့လိုက်ရသည်။
“ဒီလို မသေမျိုးမျိုးနွယ်စုကို ဂူးလ်လို့ ခေါ်တယ်။ သူတို့မှာ ရူးသွပ်ခြင်းဆိုတဲ့ စွမ်းရည်တစ်ခုရှိတယ်။”
ရှောင်းယီက ရှင်းပြလိုက်သည်။
“အဲ့ဒီစွမ်းရည်ကို အသုံးပြုလိုက်ရင် သူတို့ရဲ့ အရှိန်နဲ့ တိုက်ခိုက်နှုန်းက မြင့်တက်လာပေမဲ့ ခုခံနိုင်စွမ်းကတော့ လျော့ကျသွားတယ်။ ကံကောင်းလို့ ဒီက ဂူးလ်တွေက အဆင့်မမြင့်လို့ပေါ့။ မဟုတ်ရင် ဒီတစ်သုတ်ကို ခုခံနိုင်မှာ မဟုတ်ဘူး။”
ရှောင်းယီ၏ ရှင်းပြချက်ကို ကြားပြီးနောက် လော့လင်တန်နှင့် အခြားသူများမှာ မှင်တက်သွားကြတော့လေသည်။
ကျွန်းပိုင်ရှင်က မသေမျိုးမျိုးနွယ်စုတွေအကြောင်း၊ သူတို့ရဲ့ စွမ်းရည်တွေအကြောင်းအထိ ဘာလို့ ဒီလောက်တောင် သိနေရတာလဲ။
၎င်းတို့၏ အံ့သြမှုကို မြင်သောအခါ ရှောင်းယီက ဆက်ပြောလိုက်သည်။
“မကြာသေးခင်က ဒီလိုမျိုး မသေမျိုးတွေကို ကျုပ်ရင်ဆိုင်ခဲ့ရလို့ သူတို့အကြောင်းကို တော်တော်များများ သိနေတာပါ။”
“ဒါကြောင့်ကိုး...။”
လော့လင်တန်နှင့် အခြားသူများ ရုတ်တရက် သဘောပေါက်သွားခဲ့ကြသည်။
“ကျွန်းပိုင်ရှင်ရဲ့ အသိပညာကြောင့်သာပေါ့။ မဟုတ်ရင်တော့ ကျုပ်တို့ သူတို့ကို တားနိုင်မှာ မဟုတ်ဘူး။”
ဂရိုးက ကြောက်စိတ်ဖြင့် ထွက်လာသော ချွေးအေးများကို သုတ်ရင်း ပြောလိုက်သည်။
အကယ်၍ နန်းတော်မြို့ရိုး၏ ခံစစ်တစ်ခုသာ ပေါက်ထွက်သွားပါက ကျန်သည့်နေရာများကို မည်မျှပင် ကောင်းကောင်း ခုခံထားပါစေ အလကား ဖြစ်သွားပေလိမ့်မည်။
အားလုံးက ခေါင်းညိတ်လိုက်ကြသည်။
ထိုအချိန်တွင် ပစ်ခတ်နေသော စစ်သားတစ်ဦးက ရုတ်တရက် အော်ပြောလိုက်သည်။
“အားလုံး ကြည့်ကြစမ်း... သူတို့တွေ နောက်ဆုတ်နေကြပြီ။”
မသေမျိုးမျိုးနွယ်စုတွေကလည်း နောက်ဆုတ်တတ်တာပဲလား။