← Chapters

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

59

ထိုစဉ် ကျိုးဟောက်ယွီ၏ ဖုန်းမြည်လာသည်။

"ဟောက်ယွီ မင်း ယာဉ်တိုက်မှုဖြစ်တယ်လို့ ကြားတယ်၊ အဆင်ပြေရဲ့လား"

ဖုန်းထဲမှ ဝေ့ကျန်းဟွာ၏ စိုးရိမ်တကြီး မေးမြန်းသံ ထွက်ပေါ်လာ၏။

"ဦးလေးဝေ့ စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ်၊ ကျွန်တော် အဆင်ပြေပါတယ်"

ကျိုးဟောက်ယွီ ဖုန်းကိုကိုင်ကာ အပြင်သို့ ခဏထွက်ရင်း ပြန်ဖြေလိုက်သည်။

ကျိုးဟောက်ယွီ မည်သည်မှမဖြစ်မှန်း သိရသဖြင့် ဝေ့ကျန်းဟွာ စိတ်အေးသွားဟန်တူ၏။

"ဒါဆိုလည်း တစ်ခုခု အကူအညီလိုရင် ပြောနော်၊ အားမနာနဲ့"

ဝေ့ကျန်းဟွာ အခိုင်အမာ ဆိုသည်။ အကယ်၍ ကျိုးဟောက်ယွီသာ အကူအညီ လိုချင်ခဲ့လျှင် မနေ့ညကတည်းက သူ့ထံ ဖုန်းဆက်ခဲ့ပေလိမ့်မည်။

"ရပါတယ် ဦးလေးဝေ၊ ကျွန်တော် ဘာမှမလိုပါဘူး"

ကျိုးဟောက်ယွီ ယဉ်ယဉ်ကျေးကျေးပင် ငြင်းလိုက်သည်။ ဟိုတစ်ခါကပင် ဝေ့ကျန်းဟွာက ကျေးဇူးဆပ်သည့်အနေဖြင့် မည်သည့်အရာလိုချင်လဲဟု မေးခဲ့ဖူးသော်လည်း ကျိုးဟောက်ယွီမှ ခေါင်းမာစွာ ငြင်းခဲ့သေးသည် မဟုတ်ပါလား။

ဝေ့ကျန်းဟွာ ကျိုးဟောက်ယွီ၏မာနကြီးပုံကို သိထားသဖြင့် ဆိုသည်။

"ကောင်းပါပြီ၊ ငါ အခု အရေးကြီးတဲ့ အစည်းအဝေးတစ်ခု တက်နေလို့၊ လိုအပ်တာရှိရင်တော့ အားမနာဘဲ ပြောလိုက်နော်"

ကျိုးဟောက်ယွီသည် စင်္ကြံလမ်းရှိ ကုလားထိုင်တစ်ခုတွင် ထိုင်ချလိုက်ပြီး ခေါင်းကို လက်နှင့်အုပ်ကာ အတွေးနက်နေမိ၏။ ဆေးရုံစရိတ်များက သူ့ကို အသက်ရှူရကျပ်အောင် ဖိအားပေးနေသည်။ အချိန်အတော်ကြာ စဉ်းစားပြီးနောက်တွင်တော့ ထွက်ပြေးနေ၍ မထူးသဖြင့် ရင်ဆိုင်ရန်သာ ဆုံးဖြတ်လိုက်၏။

သူ ငွေကိုင်ကောင်တာသို့ သွားကာ မေးလိုက်သည်။

"မင်္ဂလာပါ၊ လူနာ လီယုဝမ်ရဲ့ ဆေးရုံစရိတ်က ခန့်မှန်းခြေ ဘယ်လောက်လောက် ကျနိုင်မလဲဆိုတာ သိပါရစေ"

"အခန်း ၃၀၂ က လီယုဝမ်လား"

ငွေကိုင်ဝန်ထမ်း ကွန်ပျူတာကို ကြည့်ရင်း မေး၏။

"ဟုတ်ကဲ့"

ကျိုးဟောက်ယွီ အမြန်ဖြေလိုက်သည်။

ဝန်ထမ်းမှ စစ်ဆေးကြည့်ပြီးနောက် ကျိုးဟောက်ယွီကို ကြည့်ကာ ဆို၏။

"သူ့အတွက် ဆေးရုံစရိတ် ယွမ်ငါးသောင်း သွင်းထားပြီးပါပြီ၊ သူ့ဒဏ်ရာက သိပ်မပြင်းထန်တော့ ဒီပိုက်ဆံက ပိုတောင် ပိုနေပါသေးတယ်"

"သွင်းထားပြီးပြီ ယွမ်ငါးသောင်း"

ကျိုးဟောက်ယွီမှာ အံ့ဩလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ သူ မယုံနိုင်သေးသဖြင့် ထပ်ခါထပ်ခါ စစ်ခိုင်းသော်လည်း အဖြေက ထပ်တူပင်။ သူသည် ဤမြို့တွင် ဤမျှ ရက်ရောသော သူငယ်ချင်းမျိုး မရှိချေ။ မနေ့ညကစပြီး သူ ဆေးရုံရောက်နေမှန်း သိသူမှာ ဆွန်းချန် တစ်ယောက်သာ ရှိသည်။

အသေအချာ ပြန်စဉ်းစားကြည့်ပြီးနောက် ဖြစ်နိုင်ခြေ တစ်ခုသာ ရှိတော့၏။

‘ဒါ ဝေ့ရှီယု သွင်းပေးသွားတာပဲ ဖြစ်ရမယ်၊ ငါ ခုနက သူ့ကို အဲဒီလောက် ရိုင်းရိုင်းစိုင်းစိုင်း ပြောလိုက်တာတောင် သူက’

ထိုသို့တွေးမိသောအခါ ကျိုးဟောက်ယွီ သူ၏ ရိုင်းစိုင်းမှုအတွက် ရှက်စိတ်ဝင်သွားရသည်။ သို့သော် ဆေးရုံစရိတ်ကိစ္စ ပြေလည်သွားသဖြင့် သူ သက်ပြင်းချနိုင်သွား၏။

"ကျေးဇူးတင်ပါတယ်"

အခန်းထဲ ပြန်ဝင်လာသောအခါ လီယုဝမ်မှ သူ့ကို လှမ်းခေါ်သည်။

"အစ်ကိုဟောက်ယွီ သမီးကို တစ်ခုလောက် ကူညီပါဦး"

လီယုဝမ်၏ အသံမှာ ကြောက်လန့်နေသကဲ့သို့ အလွန်တိုးညင်းနေ၏။

ကျိုးဟောက်ယွီမှာတော့ စိတ်လက်ပေါ့ပါးနေသဖြင့် သိပ်သတိမထားမိဘဲ မေးလိုက်သည်။

"ဘာဖြစ်လို့လဲ"

"သမီး အိတ်ထဲမှာ ကတ်တစ်ခု ရှိတယ်၊ အဲဒါလေးယူပြီး ဘဏ်မှာ ပိုက်ဆံသွားထုတ်ပြီး ဆေးရုံစရိတ် သွင်းပေးလို့ ရမလားဟင်"

လီယုဝမ်၏အသံမှာ ပို၍ တိုးသွားကာ တိုးတိုးလေး ဖြစ်သွားသည်။ သူမ၏ ပုံစံမှာ ထူးဆန်းနေသဖြင့် ကျိုးဟောက်ယွီ စစ်မေးသလို မေးလိုက်၏။

"မင်း ဒီပိုက်ဆံတွေ ဘယ်ကရတာလဲ"

"သမီး အတန်းဖော်တစ်ယောက်ဆီက ချေးထားတာပါ"

လီယုဝမ် ထစ်ထစ်ငေါ့ငေါ့ ဖြေကာ ကျိုးဟောက်ယွီ၏ မျက်လုံးများကို ရှောင်ဖယ်လိုက်သည်။

ကျိုးဟောက်ယွီမှာ သူမသည် ချမ်းသာသော သူငယ်ချင်းတစ်ယောက်ထံမှ ချေးလိုက်သည်ဟု ထင်ကာ မည်သည်မှ ထပ်မတွေးတော့ပေ။

"ပိုက်ဆံကို အဲဒီသူငယ်ချင်းဆီ ပြန်ပေးလိုက်ပါ၊ ဆေးရုံစရိတ်က သွင်းပြီးသွားပြီ"

သူ ပြုံးရင်း ပြောလိုက်၏။

ထိုစကားကို ကြားသောအခါ ဆွန်းချန် အားရပါးရ ဖြစ်သွားပြီး ကျိုးဟောက်ယွီကို ပုခုံးပုတ်ကာ ဆိုသည်။

"မဆိုးဘူးပဲ ဟောက်ယွီ ခဏလေးအတွင်းမှာ ပိုက်ဆံရလာတယ်ပေါ့"

ကျိုးဟောက်ယွီ၏ မျက်နှာပျက်သွားကာ အမှန်အတိုင်း ပြောလိုက်ရ၏။

"ဝေ့ရှီယု သွင်းပေးသွားတာ"

ဆွန်းချန် ခေတ္တမျှ ဆွံ့အသွားပြီး ဆရာလုပ်သလို ပြောတော့သည်။

"ဟောက်ယွီ မင်း လုပ်တာ မမှန်ဘူးနော်၊ သူက စေတနာနဲ့ လာကြည့်တာကို မင်းက အော်လွှတ်လိုက်တယ်၊ သူကတော့ အငြိုးမထားဘဲ ဆေးရုံစရိတ်ပါ သွင်းပေးသွားတယ်၊ ဒါက နည်းနည်းတော့ လွန်တာပေါ့"

ကျိုးဟောက်ယွီလည်း သူ မှားမှန်း သိနေသဖြင့် မည်သည်မှပြန်မငြင်းဘဲ ခေါင်းညိတ်လိုက်၏။

"ဒါဆို ဘာရပ်လုပ်နေတာလဲ၊ မြန်မြန်သွားပြီး တောင်းပန်လိုက်လေ"

ဆွန်းချန် ကျိုးဟောက်ယွီကို တွန်းထုတ်သည်။

ကျိုးဟောက်ယွီကတော့ ယခုချိန်မှာ ဝေ့ရှီယုကို မည်သို့ရင်ဆိုင်ရမည်အား မသိသေးပေ။

"မတွန်းစမ်းပါနဲ့၊ သူ အခု စိတ်ဆိုးနေမှာ သေချာတယ်၊ အခွင့်အရေးကို စောင့်ကြည့်ဦးမယ်"

ဆွန်းချန်ကတော့ သူငယ်ချင်းဖြစ်သူကို နောင်တမရစေချင်ပေ။

"အခွင့်အရေးဆိုတာ ကိုယ်တိုင်ဖန်တီးရတာကွ၊ ငုတ်တုတ်ထိုင်စောင့်နေလို့ မရဘူး"

သူ ဆက်တိုက် တိုက်တွန်းနေသဖြင့် ကျိုးဟောက်ယွီ စကားလမ်းကြောင်း လွှဲလိုက်ရ၏။

"မင်း ငါ့ကို လာပူမနေဘဲ ဘယ်နားမှာ သူဌေးမလေးတစ်ယောက် သွားရှာရမလဲဆိုတာပဲ စဉ်းစားစမ်းပါ"

အချစ်ရေးနှင့် ပတ်သက်လျှင် ကျိုးဟောက်ယွီသည် အမြဲတမ်း ဆင်ခြေပေးတတ်သည့် အကျင့်ရှိနေဆဲပင်။

"အေးပါကွာ ငါ တံတားပေါ်မှာ ကောင်မလေးလှလှလေးတွေ သွားကြည့်လိုက်ဦးမယ်၊ လိုတာရှိရင် ဖုန်းဆက်"

ဆွန်းချန်လည်း ကျိုးဟောက်ယွီ၏ အကျင့်ကို သိသဖြင့် အပြင်သို့ ထွက်သွားတော့၏။ ယခု ဆေးရုံစရိတ်ကိစ္စ ပြေလည်သွားပြီဖြစ်၍ သူလည်း အလုပ်ထွက်လုပ်ပြီး ပိုက်ဆံရှာရပေလိမ့်မည်။

ကျိုးဟောက်ယွီ လီယုဝမ်၏ ခုတင်ဘေးတွင် ပြန်ထိုင်လိုက်ရင်း စိုးရိမ်တကြီး မေးလိုက်သည်။

"ယုဝမ် အိပ်ချင်နေပြီလား၊ နည်းနည်းလောက် မှေးလိုက်ပါဦးလား"

လီယုဝမ် ခေါင်းညိတ်ပြပြီး မျက်နှာလွှဲလိုက်၏။ အမှန်တော့ သူမ မအိပ်ချင်သေးသော်လည်း ခုနက ဝင်လာသည့် မက်ဆေ့ခ်ျကြောင့် စိတ်မသက်မသာ ဖြစ်နေပြီး ကျိုးဟောက်ယွီကို စကားအများကြီး မပြောရဲခြင်း ဖြစ်၏။

လီယုဝမ် အိပ်ပျော်သွားပြီဟု ထင်ကာ ကျိုးဟောက်ယွီသည် အားနေသဖြင့် ရှန်နုံ၏ ဆေးကျမ်း ကို ထုတ်ဖတ်နေမိသည်။ ဤရှေးဟောင်းဆေးကျမ်းထဲတွင် ဆေးဖက်ဝင်အပင် ၃၀၀ ကျော်နှင့် ဆေးနည်းပေါင်းများစွာ ပါဝင်နေသည်။

ထူးဆန်းသည်မှာ ထိုကျမ်းထဲတွင် အပ်စိုက်ကုထုံးတစ်ခု ပါဝင်နေခြင်းပင်။ ကျောင်းတုန်းက သူဖတ်ဖူးသည့် ဆေးကျမ်းမူကွဲများတွင် အပ်စိုက်ကုထုံးအကြောင်း မပါဝင်ခဲ့သော်လည်း ဤစာအုပ်မှာ ရှန်းနုန်ကိုယ်တိုင် ပေးထားခြင်းဖြစ်သဖြင့် မူရင်း‌ဆေးကျမ်းဖြစ်မည်ဟု သူ ယုံကြည်လိုက်၏။

"ကိုးမိုးကောင်းကင် အသက်ဆက် အပ်စိုက်နည်း"

ကျိုးဟောက်ယွီ ဆေးနည်းများကို ကျော်ဖတ်ပြီး အပ်စိုက်နည်းကိုသာ အာရုံစိုက် ဖတ်ရှုတော့၏။ ၎င်းကို အသေးစိတ် ဖော်ပြထားသဖြင့် မည်သည်မှမသိသော သူပင်လျှင် နားလည်နိုင်စွမ်း ရှိသည်။ သူသည် ပုံစံများကို ကြည့်ကာ မိမိ၏ ကိုယ်ပေါ်ရှိ အပ်စိုက်မှတ်များကို စမ်းသပ်ကြည့်နေမိသည်။

သူ ဆက်ဖတ်ကြည့်သောအခါ ဤအပ်စိုက်နည်းကို ကျွမ်းကျင်လျှင် သေခါနီး လူတစ်ယောက်ကိုပင် ပြန်လည် အသက်ကယ်နိုင်စွမ်း ရှိကြောင်း သိရ၏။ သို့သော် ၎င်းမှာ အလွန်ကြီးမားသော ကျင့်ကြံမှုစွမ်းအင် လိုအပ်သည်။ စွမ်းအင်မရှိဘဲ ဤနည်းကို အတင်းအဓမ္မ သုံးစွဲပါက လူကို သေစေနိုင်သဖြင့် ‘အသက်နှင့် သေခြင်း အပ်စိုက်နည်း’ ဟု အမည်တွင်ခြင်း ဖြစ်၏။

60

ကျိုးဟောက်ယွီသည် မိမိကိုယ်ကိုယ် သာမန်လူတစ်ယောက်သာဖြစ်ကြောင်း သိထားသဖြင့် ထူးခြားဆန်းပြားသော ကုသမှုမျိုးစုံကို သင်ယူရန် စိတ်မကူးမိပေ။ သူ သာမန်ဝေဒနာလေးများကို ကုသပေးနိုင်မည့် ရိုးရှင်းသော ဆေးနည်းများကိုသာ သင်ယူချင်မိသည်။

ငယ်စဉ်ကတည်းက စာအုပ်ကိုမြင်သည်နှင့် အိပ်ပျော်တတ်သော သူသည် ယခုတစ်ကြိမ်တွင်တော့ မည်သည့်စာအုပ်ကိုမှ ဤမျှအာရုံစိုက်ပြီး ဖတ်ဖူးခြင်း မရှိခဲ့ချေ။ လီယုဝမ် သူ့ကို စကားအကြိမ်ကြိမ် လှမ်းပြောရန် ကြိုးစားသော်လည်း သူ၏ အာရုံစိုက်နေမှုကို မြင်ရသောအခါ မနှောင့်ယှက်ရက်တော့ပေ။

ပတ်ဝန်းကျင်ကမ္ဘာကြီးကိုပင် မေ့လျော့နေပြီး စိတ်အာရုံတစ်ခုလုံးမှာ သင်ယူလေ့လာမှုထဲတွင်သာ နစ်မြုပ်နေခြင်း ၎င်းမှာ ကျိုးဟောက်ယွီ၏ လက်ရှိအခြေအနေပင် ဖြစ်သည်။ သူ နေဝင်သည်အထိ စာအုပ်ထဲတွင်သာ အချိန်ကုန်ဆုံးနေခဲ့၏။

ထိုစဉ် ဆွန်းချန် ထမင်းဘူးများကိုင်ကာ အခန်းထဲသို့ ဝင်လာ၏။ ကျိုးဟောက်ယွီ စာဖတ်နေသည်ကို မြင်လိုက်ရသောအခါ သူသည် ကမ္ဘာပေါ်သို့ ကြယ်တံခွန် ကျလာသည်ထက်ပင် ပို၍ အံ့ဩသွားတော့သည်။

"အိုး ငါတို့ရဲ့ မဟာကျိုးဟောက်ယွီ ရှေးဟောင်းဆေးပညာတွေ လေ့လာနေတာလားဟေ့"

ဆွန်းချန် ထမင်းဘူးများကို ထုတ်ရင်း သူငယ်ချင်းဖြစ်သူကို နောက်ပြောင်ရန်လည်း မမေ့ပေ။

ထိုအခါမှ ကျိုးဟောက်ယွီသည် အပြင်တွင် မှောင်နေပြီဖြစ်ကြောင်း သတိထားမိတော့သည်။ သူ အနည်းငယ် ညောင်းညာနေသော လည်ပင်းကို ဆန့်လိုက်ရင်း အမှတ်မထင် ပြောလိုက်၏။

"အားနေတာနဲ့ နည်းနည်းလောက် ဖတ်ကြည့်နေတာပါ”

စာအုပ်ကို ဘေးချလိုက်ပြီးနောက် လီယုဝမ်ကို ကြည့်ကာ မေးလိုက်သည်။

"ယုဝမ် အခု ဘယ်လိုနေသေးလဲ၊ သက်သာရဲ့လား"

"အင်း သက်သာပါတယ်"

လီယုဝမ် တုံ့ပြန်ရင်း ခုတင်ပေါ်တွင် ဖြည်းဖြည်းချင်း ထိုင်လိုက်၏။

သူမ၏ စိတ်ရွှင်လန်းနေသော ပုံစံကို မြင်ရသဖြင့် ကျိုးဟောက်ယွီလည်း စိုးရိမ်စိတ် လျော့သွားကာ ထမင်းဘူးကို ဖွင့်ပြီး သူမထံ ကမ်းပေးလိုက်၏။ သူတို့သုံးယောက်သည် ဈေးပေါသော ထမင်းဘူးများကို စားသောက်ရင်း အလွန်ပင် စိတ်ကျေနပ် ပျော်ရွှင်နေကြသည်။

လီယုဝမ်သည် ကျိုးဟောက်ယွီ၏ နှုတ်ခမ်းထောင့်တွင် ပေနေသော ထမင်းလုံးလေးကို လက်ဖြင့် လှမ်းဖယ်ပေးလိုက်ရာ နှစ်ယောက်သား ပြုံးမိသွားကြ၏။

"ယုဝမ် မနက်ဖြန် ဘာစားချင်လဲ၊ ငါ အိမ်ပြန်ရင် ချက်ခဲ့ပေးမယ်"

ကျိုးဟောက်ယွီ အပြင်စာများသာ စားနေရခြင်းမှာ အာဟာရမဖြစ်ဟု ယူဆသဖြင့် နေမကောင်းသူဖြစ်သော လီယုဝမ်ကို အားရှိစေမည့် အရာတစ်ခုခု ကျွေးချင်နေသည်။

"အင်း ထူးထူးခြားခြား စားချင်တာတော့ မရှိပါဘူး၊ စွပ်ပြုတ်လေးပဲ သောက်ချင်တယ်"

လီယုဝမ် စဉ်းစားပြီး ပြောလိုက်၏။

"အေးပါ ဒါဆို မနက်ဖြန် အိမ်ပြန်ရင် မင်းအတွက် စွပ်ပြုတ်ချက်ခဲ့ပေးမယ်"

ကျိုးဟောက်ယွီ အလွယ်တကူပင် သဘောတူလိုက်သည်။

"အစ်ကိုဟောက်ယွီ ကျွန်တော်လည်း စွပ်ပြုတ်သောက်ချင်တယ်"

ဆွန်းချန် အရှက်မရှိဘဲ မိန်းကလေးငယ်လေးတစ်ယောက်၏ လေသံဖြင့် ချွဲနွဲ့လိုက်၏။

ကျိုးဟောက်ယွီမှာ ပါးစပ်ထဲက ထမင်းတွေပင် ပြန်ထွက်မတတ် ဖြစ်သွားကာ ဆွန်းချန်ကို စိုက်ကြည့်ရင်း ဟောက်လိုက်တော့သည်။

"သွားစမ်းပါကွာ"

"ဟားဟား အစ်ကိုဆွန်းချန်ကတော့ တကယ် အရှက်မရှိတာပဲ"

လီယုဝမ် အားရပါးရ ရယ်မောလိုက်၏။

သူမ၏ အပြစ်ကင်းစင်သော အပြုံးလေးကို မြင်လိုက်ရသောအခါ ကမ္ဘာကြီးမှာ ပို၍ သာယာသွားသည်ဟု ကျိုးဟောက်ယွီ ခံစားလိုက်ရသည်။

ညစာစားပြီးနောက် အားနေကြသဖြင့် အခန်းထဲတွင် ဖဲအနည်းငယ် ကစားဖြစ်ကြသည်။ ဖဲတစ်ခါမှ မကစားဖူးသော လီယုဝမ်မှာ နောက်ဆုံးအထိ အမြဲတမ်း နိုင်နေတော့သည်။ သူမ၏ "အစ်ကို" နှစ်ယောက်က သူမကို အနိုင်ပေးနေမှန်း သိသော်လည်း သူမ အလွန်ပင် ပျော်ရွှင်နေမိ၏။

ညဆယ်နာရီခန့်တွင် ဆွန်းချန် ကျိုးဟောက်ယွီကို အိမ်ပြန်အိပ်ရန် ပြောလိုက်ပြီး ယနေ့ည သူပင် စောင့်ပေးမည်ဟု ဆို၏။ ဆွန်းချန် ရှိနေသဖြင့် ကျိုးဟောက်ယွီလည်း စိတ်မပူတော့ဘဲ လီယုဝမ်ကို အပ်နှံကာ အိမ်သို့ အရင်ပြန်ခဲ့သည်။ အိမ်ပြန်ရောက်သောအခါ အများကြီး မစဉ်းစားတော့ဘဲ တန်းအိပ်လိုက်တော့သည်။

နောက်တစ်နေ့မနက်တွင် ကျိုးဟောက်ယွီသည် အိတ်ထဲ၌ ပိုက်ဆံ သိပ်မရှိသော်လည်း ကြက်တစ်ကောင်ဝယ်ကာ လီယုဝမ်အတွက် ကြက်စွပ်ပြုတ် ချက်ပေးခဲ့၏။ အချိန်များမှာ အရှိန်အဟုန်ဖြင့် ကုန်ဆုံးသွားသည်။ ရက်အနည်းငယ်မှာ ခဏလေးအတွင်း ဖြတ်သန်းသွားခဲ့၏။

ကျိုးဟောက်ယွီနှင့် ဆွန်းချန်တို့၏ ဂရုတစိုက် ပြုစုမှုကြောင့် လီယုဝမ်သည် ထင်ထားသည်ထက် ပို၍ လျင်မြန်စွာ ပြန်လည် ကျန်းမာလာခဲ့သည်။ ဤအတောအတွင်း ကျိုးဟောက်ယွီ လီယုဝမ်နှင့် စကားပြောလိုက်၊ ဆေးကျမ်းကို အာရုံစိုက်ဖတ်လိုက်ဖြင့် အချိန်ကုန်ဆုံးခဲ့၏။ ရက်အနည်းငယ်ကြာ လေ့လာပြီးနောက်တွင်တော့ သူသည် တိုးတက်မှုအချို့ ရှိလာပြီဟု ခံစားလိုက်ရသည်။ သူ လိုအပ်လျှင် အသုံးပြုရန် ငွေအပ် တစ်စုံကိုပင် ပြင်ဆင်ထားခဲ့သည်။

"နေမင်းကြီး မတွေ့ရတာ ကြာပြီနော်"

ဆေးရုံအဝင်ဝတွင် ရပ်ရင်း လီယုဝမ် သူမ၏လက်များကို ဆန့်ကာ၊ ခေါင်းလေးမော့ပြီး မျက်လုံးလေးမှိတ်ရင်း သူမ၏ ခံစားချက်ကို ဖော်ပြနေသည်။ သူမ စကားပြောပြီးသည်နှင့် ကောင်းကင်တွင် တိမ်ညိုများ ဖုံးလွှမ်းသွားကာ နေရောင်ပျောက်ကွယ်သွား၏။

"ကြည့်ရတာ မင်းက သူ့ရဲ့ ကလေးအရင်းမဟုတ်ဘူးထင်တယ်၊ နေမင်းကြီးကတောင် မင်းကို မကြည်ဘူး"

ဆွန်းချန် ကောင်းကင်ကို ကြည့်ကာ သက်ပြင်းချရင်း နောက်လိုက်သည်။

"အစ်ကိုကတော့ တကယ် စိတ်ရှုပ်ဖို့ကောင်းတာပဲ ဟွန့်"

လီယုဝမ် နှုတ်ခမ်းလေးဆူကာ မျက်နှာလွှဲသွား၏။

ကျိုးဟောက်ယွီ ပြုံးပြီး ဆိုသည်။

"တော်ကြတော့၊ လာ ယုဝမ် ဆေးရုံဆင်းတာကို ဂုဏ်ပြုတဲ့အနေနဲ့ အပြင်မှာ သွားစားကြစို့"

ဝေ့ရှီယု သွင်းပေးထားသော ယွမ်ငါးသောင်းထဲမှ တစ်သောင်းခန့်သာ ကုန်ကျသေးသဖြင့် ကျိုးဟောက်ယွီ၏ အိတ်ထဲတွင် ယွမ်သုံးလေးသောင်းခန့် ကျန်ရှိနေသေးရာ သူ ပို၍ ယုံကြည်မှု ရှိနေသည်။ ကျိုးဟောက်ယွီ၏ ကားမှာလည်း မနေ့ကမှ ပြင်ပြီးသွားပြီ ဖြစ်၏။ ကံကောင်းထောက်မစွာဖြင့် အာမခံအပြည့်အစုံ ရှိထားသဖြင့် ပြင်ဆင်စရိတ်မှာ တစ်ပြားမှ မကုန်ခဲ့ပေ။

ဝေ့ရှီယုပေးထားသော ပိုက်ဆံများကိုတော့ သူက နောက်မှ အသုံးပြုရန် သိမ်းထားရန် ဆုံးဖြတ်ထားသည်။ အကြောင်းမှာ လီယုဝမ်၏ ကျန်းမာရေးမှာ သိပ်မကောင်းသေးသဖြင့် ပိုက်ဆံလိုအပ်နိုင်သောကြောင့် ဖြစ်သည်။ ထိုပိုက်ဆံကို ဝေ့ရှီယုထံမှ ခဏချေးထားသည်ဟု သဘောထားကာ သူ ပိုက်ဆံရလာသည်နှင့် ပြန်ဆပ်ရန် စီစဉ်ထား၏။

"ဟေး ပျော်စရာကြီး အသားမစားရတာ တော်တော်ကြာပြီ"

လီယုဝမ် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ တကယ်လည်း ဤရက်ပိုင်းအတွင်း သူတို့မှာ အပြင်စာများသာ စားခဲ့ရပြီး အသားဟင်း သိပ်မပါခဲ့ပေ။ လီယုဝမ်သာမက ကျိုးဟောက်ယွီနှင့် ဆွန်းချန်တို့ပါ မခံနိုင်တော့ချေ။

"ကားပေါ်တက်"

ကျိုးဟောက်ယွီ ကားတံခါး ဖွင့်ပေးလိုက်သည်။ လီယုဝမ်နှင့် ဆွန်းချန်တို့ ကားပေါ်သို့ အစီအရင်လိုက် တက်သွားကြသည်။

ယခုအချိန်တွင် သူတို့၌ ပိုက်ဆံရှိနေပြီဖြစ်သော်လည်း ကျိုးဟောက်ယွီ မဖြုန်းတီးပေ။ သူသည် သက်တောင့်သက်သာရှိသော စားသောက်ဆိုင်တစ်ဆိုင်ကိုသာ ရှာဖွေပြီး သီးသန့်ခန်းတစ်ခု ယူလိုက်၏။

"ယုဝမ် ဆေးရုံဆင်းတာကို ဂုဏ်ပြုပါတယ် Cheers"

စားသောက်ဆိုင်ထဲတွင် သူတို့သုံးဦးသည် ပြုံးရွှင်စွာဖြင့် ဖန်ခွက်များကို မြှောက်လိုက်ကြသည်။ အချိန်အတော်ကြာ ဖိအားများအောက်တွင် နေခဲ့ရသဖြင့် အားလုံးက စိတ်လက်ပေါ့ပါးစွာ ပျော်ရွှင်နေကြ၏။ အထူးသဖြင့် ဆွန်းချန်မှာ သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်သည်။

"ရော့ ယုဝမ်၊ ဒါလေး အများကြီးစား"

ကျိုးဟောက်ယွီ နံရိုးတစ်တုံးကို လီယုဝမ်၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်၏။

ဆွန်းချန်သည် ကျိုးဟောက်ယွီကို ကြည့်ကာ သက်ပြင်းချရင်း ခေါင်းခါယမ်းလိုက်သည်။

"မင်း ဘာဖြစ်နေတာလဲ၊ စားလေ"

ကျိုးဟောက်ယွီ သူ့ကို တစ်ချက်ကြည့်ကာ စားသောက်နေ၏။

ဆွန်းချန်က နှုတ်ခမ်းကို လျက်ကာ အတည်အပေါက် ပြောတော့သည်။

"မင်းက တကယ်ကို ကြင်နာတတ်တဲ့သူပဲ၊ မင်း ယုဝမ်အပေါ် ကောင်းပေးတာကို မြင်တော့ ငါတောင် မနာလိုဖြစ်လာတယ်၊ ငါသာ မိန်းမဖြစ်ရင် မင်းကိုပဲ ယူလိုက်တော့မယ်"

ဤစက်ဆုပ်ဖွယ် စကားလုံးများကြောင့် ကျိုးဟောက်ယွီမှာ ကြက်သီးများပင် ထသွားရ၏။ သို့သော် လီယုဝမ်မှာမူ ထိုစကားကို ကြားသောအခါ မျက်နှာလေး နီမြန်းသွားတော့သည်။ ဤရက်ပိုင်းအတွင်း ကျိုးဟောက်ယွီမှ သူမကို အစစအရာရာ ဂရုစိုက်ပေးခဲ့သဖြင့် သူမမှာ မကြာခဏဆိုသလို စိတ်ကူးယဉ်မိနေတတ်၏။

"စားစရာရှိတာ စားစမ်းပါ၊ ရွံစရာတွေ ပြောမနေနဲ့"

ကျိုးဟောက်ယွီ ဆွန်းချန်ကို စိုက်ကြည့်ရင်း ဟောက်လိုက်သော်လည်း စိတ်ထဲတွင်တော့ တွေးမိသည်။

‘ကြင်နာတတ်တော့ ဘာထူးမှာလဲ၊ ငါ့ရည်းစားကတော့ တခြားသူနောက် လိုက်သွားတာပဲ’

အတိတ်က အကြောင်းအရာများမှာ ပြန်တွေးရန် နာကျင်စရာ ကောင်းလှ၏။

ကျိုးဟောက်ယွီ ထိုကိစ္စများကို ဆက်မတွေးတော့ဘဲ လီယုဝမ်အတွက် ဟင်းများကို ဆက်လက် ထည့်ပေးနေသည်။

"သူက မင်းညီမလေးတင် မဟုတ်ဘူး၊ ငါ့ညီမလေးလည်း ဖြစ်တယ်"

ဆွန်းချန် ကျိုးဟောက်ယွီ ထည့်ပေးထားသော အသားများကို လီယုဝမ် ပန်းကန်ထဲမှ ပြန်နှိုက်ယူရင်း ဆို၏။

"ယုဝမ် အသားတွေ မစားနဲ့၊ ဝလာလိမ့်မယ်၊ ငါပေးတဲ့ ပုစွန်လေးပဲ စား"

ကျိုးဟောက်ယွီလည်း အလျှော့မပေးဘဲ ပြန်ထည့်ပေးသည်။

"အသားစားမှ ခွန်အားရှိမှာပေါ့၊ ယုဝမ်က အရမ်းပိန်လွန်းတယ်၊ နည်းနည်းလေး ဝလာမှ ပိုကြည့်ကောင်းမှာ"

ထို့နောက်တွင်တော့ သူတို့နှစ်ဦးမှာ ဤကိစ္စနှင့် ပတ်သက်၍ အပြင်းအထန် ငြင်းခုံနေကြတော့သည်။ လီယုဝမ်မှာ ကြားထဲမှ ဗျာများနေရတော့၏။

"ကဲ တော်ကြပါတော့ အသားရော ပုစွန်ရော နှစ်ခုလုံး စားပါ့မယ်၊ ဖြစ်ပြီလား"

လီယုဝမ် သူတို့နှစ်ယောက် ရန်မဖြစ်အောင် အကုန်လုံးကို သဘောတူလိုက်ရတော့သည်။

All Chapters