← Chapters

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

53

နွားဦးခေါင်းနှင့် မြင်းမျက်နှာတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသော်လည်း ရှေ့သို့ထပ်တိုးရန် မဝံ့ရဲကြတော့ပေ။ သူတို့မျက်လုံးထဲတွင် ဝူခုန်းမှာ မည်သူမှ မယှဉ်နိုင်သော တန်ခိုးရှင်ဖြစ်ရာ ကျိုးဟောက်ယွီက မျောက်မင်းကို အကာအကွယ်ယူပြီး ဗိုလ်ကျနေသည်ကို သိသော်လည်း သူတို့ မည်သို့မှမတတ်နိုင်ကြချေ။

ဝူခုန်း ယမမင်းကို အောက်သို့ ပြန်ချပေးလိုက်သည်။ ယမမင်းမှာ ခြေထောက်ပင် ကောင်းကောင်းမရပ်နိုင်သေးဘဲ တိုင်လုံးကြီးကို မှီကာ အန်ဖတ်များ ထွက်လာသည်အထိ အန်တော့သည်။ တရားသူကြီးလည်း အပြေးအလွှားသွားကာ ကျောကို ပုတ်ပေးနေရ၏။ ယမမင်းမှာ သည်းခြေရည်များ ထွက်လာသည်အထိ အန်နေသည်။

ယမမင်း၏ဆံပင်များမှာ ဘယ်ဘက်သို့ အကုန်ထောင်နေပြီး မှောက်ခုံဖြစ်နေသော တံမြက်စည်းနှင့် တူနေသည်ကို ကျိုးဟောက်ယွီ မြင်သောအခါ လက်ခုပ်တီးပြီး တဟားဟား ရယ်လိုက်၏။

"ဟားဟား ဒီကေကတော့ အလန်းစားပဲဗျာ၊ Shamate စတိုင်ထက်တောင် ပိုမိုက်သေးတယ်"

ဝူခုန်း ယမမင်း၏မုတ်ဆိတ်မွေးကို ဆွဲမလိုက်ပြီး ဟောက်လိုက်သည်။

"ပြောစမ်း 'သေခြင်းရှင်ခြင်း မှတ်တမ်း' ဘယ်မှာလဲ"

"မျောက်မင်းကြီး မှတ်တမ်းက ကျွန်တော့်ဆီမှာ တကယ်မရှိပါဘူးဗျာ၊ သိချင်ရင် ကျောက်စိမ်းဧကရာဇ်ကိုသာ သွားမေးပါတော့"

ယမမင်းက မျက်လုံးပြူး မျက်ဆန်ပြူးဖြင့် ကြောက်လန့်တကြား ပြော၏။

ယမမင်းက အလျှော့မပေးသေးသည်ကို မြင်သောအခါ ဝူခုန်း နတ်လှံတံကိုတစ်ချက် ဝှေ့ယမ်းလိုက်ရာ နောက်ထပ် တိုင်လုံးကြီးတစ်လုံး ပြိုကျသွားပြန်သည်။

"မျောက်မင်းကြီး ဖြည်းဖြည်းလုပ်ပါဦး၊ ဒီနေရာက သိပ်ခိုင်ပုံမရဘူး၊ မင်းကြီး အကုန်ဖြိုချလိုက်ရင် ကျွန်တော်တို့အားလုံး ပိသေကုန်ပါဦးမယ်"

ကျိုးဟောက်ယွီ ပန်းသီးကိုတစ်ကိုက် ကိုက်လိုက်ရင်းမှ တစ်ခုခုကို သတိရသွား၏။

'နေဦး ငါက သေနေတာပဲကို၊ ပိသေစရာ အကြောင်းမရှိပါဘူး၊ ငါ ဘာကို ကြောက်နေတာလဲ’

ကျိုးဟောက်ယွီ ပန်းသီးကို မြေပေါ်သို့ ပစ်ချလိုက်ပြီး မတ်တတ်ရပ်ကာ အော်လိုက်သည်။

"မှတ်တမ်းစာအုပ်က တရားသူကြီးရဲ့ ရင်ဘတ်ထဲမှာ၊ အခုချက်ချင်း ထုတ်ပေးစမ်း"

ထိုသို့ပြောပြီး ကျိုးဟောက်ယွီသည် ကြောက်စိတ်မရှိဘဲ ရှေ့သို့ ပြေးတက်သွားသည်။ သူသည်လည်း ဝိညာဉ်ဖြစ်နေပြီဖြစ်ရာ မည်သည်ကိုမှ ကြောက်စရာမလိုတော့ဟု ယူဆကာ ကိုယ်တိုင်သွားလုရန် ကြံစည်ခြင်းဖြစ်၏။

သို့သော် သူရောက်သွားချိန်တွင် ဝူခုန်းက ယမမင်းကို လွှတ်လိုက်ပြီး တရားသူကြီးကို ဖမ်းလိုက်သည်ကို တွေ့ရသည်။ တရားသူကြီးသည် စာအုပ်ကို ထုတ်ကာ ဘေးနားရှိ ယမမင်းထံ အမြန်ထိုးပေးလိုက်၏။ ဝူခုန်း တရားသူကြီးကို လွှတ်ပြီး ယမမင်းကို လှမ်းဖမ်းသောအခါ ယမမင်းက နွားဦးခေါင်းထံ လက်ဆင့်ကမ်းလိုက်ပြန်သည်။

နွားဦးခေါင်းမှ မြင်းမျက်နှာထံ ပေးသည်၊ မြင်းမျက်နှာက နောက်တစ်ယောက်ထံ ပေးသည်။ စာအုပ်မှာ သူတို့ကြားထဲတွင် တစ်ပတ်ပြီးတစ်ပတ် လည်နေတော့သည်။ ဝူခုန်းမှာ လုံးဝ အလှည့်စား ခံလိုက်ရ၏။

သို့သော် ဝူခုန်းမှာ မိုက်မဲသူ မဟုတ်ပေ။ သူသည် ဒေါသအလွန်ထွက်သွားကာ နတ်လှံတံကို ကောင်းကင်သို့ ထိုးတင်လိုက်ရာ ယမမင်းနန်းတော်၏ အမိုးမှာ အပေါက်ကြီး ဖြစ်သွားတော့သည်။ အရှိန်ပြင်းလွန်းသဖြင့် နန်းတော်တစ်ခုလုံး ပြိုကျတော့မယောင် တုန်ခါသွားရသည်။

"မျောက်မင်းကြီး စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ဦး"

ကျိုးဟောက်ယွီ အပြေးအလွှား သွားအော်၏။

ထိုစဉ်မှာပင် မြင်းမျက်နှာက 'သေခြင်းရှင်ခြင်း မှတ်တမ်း' ကို ကျိုးဟောက်ယွီ၏ လက်ထဲသို့ ဇွတ်အတင်း ထိုးထည့်ပေးလိုက်၏။ ကျိုးဟောက်ယွီမှာ စာအုပ်ကို ကိုင်ထားရင်း ကြောင်သွားပြီးမှ နောက်သို့ အမြန်ခုန်ဆုတ်ကာ လက်လှမ်းပြပြီး အော်တော့သည်။

"မျောက်မင်းကြီး စာအုပ်က ကျွန်တော့်လက်ထဲ ရောက်နေပြီဗျ"

တရားသူကြီး အဝေးမှ ကျိုးဟောက်ယွီထံ လက်ဝှေ့ယမ်းလိုက်ရာ စာအုပ်မှာ လေထဲသို့ ပျံတက်သွားပြီး တရားသူကြီးထံ ပြန်ရောက်သွားပြန်၏။

"မျောက်မင်းကြီး စိတ်လျှော့ပါဦး၊ အရင်တစ်ခေါက်က မင်းကြီး လူ့ပြည်က စာရင်းတွေကို လာပြင်သွားကတည်းက စနစ်ပြန်မှန်ဖို့ ကျွန်တော်တို့ နှစ်ပေါင်းထောင်ချီ ကြိုးစားခဲ့ရတာပါ၊ အဲဒီအတွက် ကျောက်စိမ်းဧကရာဇ်က ကျွန်တော့်လစာကို နှစ်ငါးရာ ဖြတ်ထားတာဗျ၊ ကျေးဇူးပြုပြီး သနားကြင်နာပါဦး”

ယမမင်း အသည်းအသန် တောင်းပန်သည်။

သို့သော် ဝူခုန်း မလုပ်ချင်လျှင် မည်သူမှ တားမရပေ။ သူ ဒေါသတကြီးဖြင့် နတ်လှံတံကို တစ်ပတ်လှည့်ကာ ဝှေ့ယမ်းလိုက်ရာ ထိမိသမျှ အရာအားလုံး ကြေမွကုန်တော့သည်။ ကျိုးဟောက်ယွီမှာ ငလျင်လှုပ်နေသကဲ့သို့ ခံစားလိုက်ရပြီး ကျောက်တုံးကြီးများ အပေါ်မှ မိုးရွာသလို ပြုတ်ကျလာသဖြင့် လွတ်ရာတွင် သွားပုန်းနေရ၏။

တီဗီထဲမှာသာ မြင်ဖူးခဲ့သော ငရဲပြည်ကို ဝူခုန်း မွှေနှောက်သည့် ပြကွက်ကို ယနေ့တွင် သူသည် အပြင်မှာ မြင်တွေ့နေရခြင်း ဖြစ်သည်။ မိနစ်ပိုင်းအတွင်းမှာပင် ယမမင်းနန်းတော်မှာ အပျက်အစီးပုံကြီး ဖြစ်သွားတော့၏။ ဝူခုန်း အမောတကောဖြင့် မျက်လုံးများတောက်ပလျက် ယမမင်းကို စိုက်ကြည့်နေ၏။ ယမမင်းနှင့် တရားသူကြီးတို့မှာ ပုန်းစရာနေရာ မရှိတော့ဘဲ ပျာပျာသလဲ ဖြစ်နေကြသည်။

ထိုရုန်းရင်းဆန်ခတ်ဖြစ်မှုကြားတွင် ကျိုးဟောက်ယွီ သူ့ရှေ့သို့ ကန်ထုတ်လိုက်သော စာအုပ်တစ်အုပ်ကို မြင်လိုက်ရ၏။ ၎င်းမှာ 'သေခြင်းရှင်ခြင်း မှတ်တမ်း' ပင် ဖြစ်သည်။ သူ ဝမ်းသာအားရ ကောက်ယူလိုက်ပြီး ဝူခုန်းကို လှမ်းခေါ်ရန် ပြင်လိုက်သော်လည်း သူ၏သက်တမ်းကို သိချင်သဖြင့် စာအုပ်ကို အရင်လှန်ကြည့်လိုက်၏။

ပထမဆုံးတွေ့လိုက်ရသော အမည်ကို မြင်လိုက်ရသောအခါ ကျိုးဟောက်ယွီ၏ မျက်နှာမှာ အေးခဲသွားရသည်။ ၎င်းမှာ သူ၏အမည် မဟုတ်ဘဲ လီယုဝမ်၏ မိခင် ကျန်းချွေလျန် ဖြစ်နေသည်။ မှတ်တမ်းအရ သူမတွင် အသက်ရှင်ရန် ရက်သတ္တပတ် နှစ်ပတ်သာ ကျန်တော့၏။ ဤအချက်က သူကိုယ်တိုင် သေရသည်ထက်ပင် ပို၍ ထိတ်လန့်စရာ ကောင်းနေသည်။

"မဖြစ်ဘူး ငါ ယုဝမ်ရဲ့ အမေကို ကယ်ရမယ်"

ကျိုးဟောက်ယွီသည် စာအုပ်ကို ကိုင်ကာ မတ်တတ်ရပ်လိုက်သည်။ ထိုစဉ် သူ၏အာရုံမှာ ဘေးနားရှိ အတိတ်မှန်ထံသို့ ရောက်သွားသည်။ မှန်ထဲတွင် လီယုဝမ်က သူ၏အလောင်းကို ပွေ့ဖက်ကာ ငိုကြွေးနေသည်ကို တွေ့ရ၏။

သို့သော် အဓိကအချက်မှာ လမ်းဘေးတွင် ရပ်ထားသော ကားတစ်စီးထဲတွင် ရင်းနှီးနေသော လူတစ်ယောက်ကို သူမြင်လိုက်ရခြင်းပင်။ ၎င်းမှာ လုဟန် ဖြစ်နေခြင်းပင် လုဟန်သည် ကျိုးဟောက်ယွီ တိုက်ခံရပြီး သေဆုံးသွားသည်ကို ကြည့်ကာ ကျေနပ်စွာပြုံးနေပြီး ကားမှန်တင်ကာ မောင်းထွက်သွားတော့သည်။

ကျိုးဟောက်ယွီ ၎င်းမှာ မတော်တဆဟု လုံးဝမယုံကြည်တော့ပေ။ သူတွေးမိသည်။

'ဒါဟာ သာမန်ယာဉ်တိုက်မှု မဟုတ်ဘူး၊ အဲဒီကောင်နဲ့ သေချာပေါက် ပတ်သက်နေတာပဲ’

လုဟန်မှ သူ့ကို သေစေလိုသောဆန္ဒဖြင့် လုပ်ဆောင်ခဲ့သည်ဟု သိလိုက်ရသောအခါ ဒေါသများမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာပြီး စာအုပ်ကို တင်းတင်းဆုပ်ကိုင်ထားမိ၏။

ယခုအချိန်တွင် သူ၏စိတ်ထဲ၌ လူ့ပြည်သို့ပြန်ကာ လုဟန်ကို လက်စားချေရန်မှအပ အခြားမရှိတော့ပေ။ သူသေရလျှင် လုဟန်ကိုပါ အပါခေါ်သွားမည်ဟု သူကျုံးဝါးလိုက်သည်။

"မျောက်မင်းကြီး ကျွန်တော် ဒီစာအုပ်ကို ပေးပါ့မယ်၊ ဒါပေမဲ့ ကျွန်တော့်ကို လူ့ပြည်ကို ပြန်ပို့ပေးနိုင်မယ့် နည်းလမ်းရှိလားဗျ"

ကျိုးဟောက်ယွီ ဝူခုန်းကို စာအုပ်ကမ်းပေးရင်း အသည်းအသန် မေးလိုက်၏။

ဝူခုန်း သူ၏ပုခုံးကို ပုတ်ကာ လှောင်ပြုံးလေး ပြုံးလိုက်ပြီး အေးဆေးပင် ဆိုသည်။

"ပြဿနာမရှိဘူး"

ကျိုးဟောက်ယွီ ဝူခုန်း သူ့ကို မည်သို့ ပြန်ပို့မည်နည်းဟု စဉ်းစားနေဆဲမှာပင် သူ၏ တင်ပါးထံမှ စူးရှသောနာကျင်မှုကို ခံစားလိုက်ရသည်။ ထို့နောက် သူ၏ခန္ဓာကိုယ်မှာ ဒုံးပျံတစ်စင်းကဲ့သို့ လေထဲသို့ လွင့်တက်သွားတော့၏။

"မျောက်မင်းကြီး မကန်ခင် ကြိုပြောသင့်တာပေါ့"

ကျိုးဟောက်ယွီမှာ သူ၏တင်ပါးများ ပွန်းပဲ့ကုန်ပြီလားဟု ထင်ရလောက်အောင် နာကျင်နေရသည်။

"ဝူး"

ကျိုးဟောက်ယွီ မြေအောက်မှ ဖောက်ထွက်လာသကဲ့သို့ ပေါ်လာသောအခါ လီယုဝမ်မှာ အသည်းအသန် ငိုကြွေးနေသည်ကို တွေ့ရသဖြင့် သူ စိတ်မကောင်းဖြစ်သွားရသည်။ သူ လှမ်းခေါ်ရန် ကြိုးစားသော်လည်း လီယုဝမ်က သူ့ကို မမြင်ရဘဲ သူ၏ဝိညာဉ်မှာ ကိုယ်ခန္ဓာထဲသို့ ပြန်လည် ဝင်ရောက်သွားတော့၏။

"အဟွတ် အဟွတ်"

ကျိုးဟောက်ယွီ လှုပ်ရှားလာသည်ကို မြင်သောအခါ လီယုဝမ် အံ့ဩဝမ်းသာ ဖြစ်သွားပြီး သူ၏မျက်နှာကိုကိုင်ကာ ပြန်ငိုပြန်သည်။

"အစ်ကိုဟောက်ယွီ သတိရလာပြီပဲ ညီမထင်နေတာက ဝါး"

သူမ၏အသံမှာ ငိုလွန်းသဖြင့် ဝင်နေပြီး ပူနွေးသော မျက်ရည်များက ကျိုးဟောက်ယွီ၏ အေးစက်နေသော မျက်နှာပေါ်သို့ ကျလာ၏။

"ငါက ဘယ်လိုလုပ် သေမှာလဲ၊ မငိုပါနဲ့တော့၊ ငါ တကယ်သေတဲ့အခါမှ ငိုဖို့ မျက်ရည် ချန်ထားဦး"

ကျိုးဟောက်ယွီ အတင်းပြုံးကာ ပြောလိုက်သည်။

လီယုဝမ်မှာ စိတ်တိုလည်းတို၊ ရယ်လည်းရယ်ချင် ဖြစ်သွားပြီး နှုတ်ခမ်းဆူပြ၏။

"အခုထိ နောက်ပြောင်နိုင်သေးတယ်ပေါ့၊ အစ်ကို့ကို စကားမပြောတော့ဘူး"

ကျိုးဟောက်ယွီသည် သူ၏တစ်ကိုယ်လုံး သွေးများဖြင့် စိုရွှဲနေသော်လည်း မည်သည့်ဒဏ်ရာကိုမှ မခံစားရသည်ကို သတိပြုမိပြီး အံ့ဩနေမိသည်။

'ငါ အသက်ပြန်ရှင်လာတော့ ဒဏ်ရာတွေ အကုန် ပျောက်သွားတာလား'

ကျိုးဟောက်ယွီ တွေးနေစဉ်မှာပင် သူ သနားစရာကောင်းသော မျက်နှာဖြင့် အော်ဟစ်လိုက်၏။

"အား ငါ့ကိုယ်ကြီး တစ်စစီ ဖြစ်နေပြီလား မသိဘူး"

54

လီယုဝမ် ကျိုးဟောက်ယွီ ဒဏ်ရာရထားသည်ကို သတိရသွားပြီး ပျာပျာသလဲ ထူပေးရင်း စိုးရိမ်တကြီး မေးသည်။

"အစ်ကိုဟောက်ယွီ အဆင်ပြေရဲ့လား၊ ဘယ်နားက နာလို့လဲဟင်"

"ငါ့တင်ပါးက တော်တော်လေး နာနေတယ်"

ကျိုးဟောက်ယွီ မျက်မှောင်ကြုတ်ရင်း သူ၏တင်ပါးကို မသိစိတ်ဖြင့် လှမ်းကိုင်လိုက်မိ၏။

သူ့တစ်ကိုယ်လုံး သွေးတွေနှင့် ဖြစ်နေပြီး ဒဏ်ရာပြင်းထန်ပုံ ပေါက်နေပါလျက် တင်ပါးနာသည်ဟု ပြောနေခြင်းကြောင့် လီယုဝမ် သူ နောက်နေပြန်ပြီဟု ထင်သွားကာ နှုတ်ခမ်းဆူပြီး မျက်နှာလွှဲလိုက်သည်။

"အစ်ကိုဟောက်ယွီကတော့ တကယ်ပဲ စိတ်တိုစရာကြီး၊ အစ်ကို့ကို တကယ် စကားမပြောတော့ဘူး"

အမှန်စင်စစ် ကျိုးဟောက်ယွီသည် တင်ပါးကလွဲလျှင် ကျန်သည့်နေရာများ၌ မည်သည့်နာကျင်မှုကိုမှ မခံစားရချေ။

"ငါ တကယ်ပြောနေတာပါ၊ ငါ့တင်ပါး အရေခွံများ လန်သွားပြီလား ကြည့်ပေးပါဦး"

ထိုသို့ပြောပြီး ကျိုးဟောက်ယွီ လီယုဝမ်ဘက်ကို ကျောပေးကာ သူ၏တင်ပါးကို ကော့ပေးလိုက်၏။

ထိုသို့ တင်ပါးကော့ပြနေသည်ကို မြင်သောအခါ လီယုဝမ်မှာ ချက်ချင်းပင် ဒေါသထွက်သွားပြီး သူ့တင်ပါးကို တစ်ချက် ဆောင့်ကန်လိုက်တော့သည်။

"အား အမေ့"

ကျိုးဟောက်ယွီ တင်ပါးကို ဆုပ်ကိုင်ပြီး ခုန်ပေါက်နေ၏။

ငရဲပြည်တွင် ဝူခုန်း၏ အကန်ကိုခံရကတည်းက သူ၏တင်ပါးမှာ နာကျင်နေခဲ့ရာ ယခု လီယုဝမ်မှ ထပ်ကန်လိုက်သောအခါ ကျိုးဟောက်ယွီမှာ မည်သည့်အချိန်တွင်မှ ပြန်ထိုင်နိုင်တော့မည် မဟုတ်ဟုပင် ခံစားလိုက်ရသည်။ ခဏကြာအောင် ခုန်ပေါက်နေပြီး လီယုဝမ်ဘက်က မည်သည့်အသံမှ မကြားရသဖြင့် သူ ရေရွတ်လိုက်၏။

"ဒီကလေးမ တကယ်ပဲ စိတ်ဆိုးသွားတာလား"

သူ လှည့်ကြည့်လိုက်သောအခါ လီယုဝမ်မှာ သွေးအိုင်ထဲတွင် လဲကျနေသည်ကို တွေ့လိုက်ရသည်။

"ယုဝမ် အဆင်ပြေရဲ့လား၊ သတိထားပါဦး"

ကျိုးဟောက်ယွီ လီယုဝမ်ကို ပွေ့ချီကာ ပါးကို ပုတ်ပေးခြင်း၊ နှာခေါင်းအောက်က အကြောစု ကို ဖိပေးခြင်းများ လုပ်သော်လည်း မရပေ။

တကယ်တော့ လီယုဝမ်သည်လည်း ဒဏ်ရာရထားခြင်း ဖြစ်သည်။ သူမသည် ကျိုးဟောက်ယွီအတွက် စိုးရိမ်စိတ်ဖြင့်သာ အားတင်းထားခဲ့ခြင်း ဖြစ်ပြီး ယခု ကျိုးဟောက်ယွီ သတိရလာသည်ကို မြင်ရသောအခါမှ စိတ်အေးသွားကာ ဆက်ပြီး အားမတင်းနိုင်တော့ခြင်း ဖြစ်၏။

ကျိုးဟောက်ယွီသည် အခြေခံ ရှေးဦးသူနာပြုနည်းများကို သုံးကြည့်သော်လည်း မထူးခြားသဖြင့် လီယုဝမ်ကို CPR ပေးရန်ပင် ကြံစည်မိသေးသည်။ သို့သော် ဤအခြေအနေမှာ CPR ပေးရုံနှင့် မရမှန်း မည်သူမဆို သိနိုင်သည်။

ကျိုးဟောက်ယွီ လီယုဝမ်ကို ကားဘေးတွင် မှီထားပေးလိုက်ပြီး ကားထဲမှ သူ၏ဖုန်းကို ရှာဖွေကာ အရေးပေါ်ဖုန်းနံပါတ် ၁၂၀ ကို ခေါ်လိုက်သည်။

"ဟယ်လို အရေးပေါ်ဌာနလား၊ ကျွန်တော်တို့ ယာဉ်တိုက်မှု ဖြစ်လို့ပါ၊ နေရာက"

ဖုန်းချပြီးနောက် လီယုဝမ်တစ်ကိုယ်လုံး ရွှဲရွှဲစိုနေကာ နှုတ်ခမ်းများဖြူလျော့နေသည်ကို မြင်လိုက်ရသည်။ သူ သူ၏အင်္ကျီအား အမြန်ချွတ်ကာ သူမကိုခြုံပေးလိုက်ပြီး နွေးထွေးသွားစေရန် သူမကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်၏။

လီယုဝမ်၏မိခင်အမည်ကို ‘သေခြင်းရှင်ခြင်း မှတ်တမ်း’ ထဲတွင် တွေ့ခဲ့ရသည်ကို ပြန်လည် အမှတ်ရမိသောအခါ ကျိုးဟောက်ယွီ၏ မျက်ဝန်းတွင် မျက်ရည်များ ဝဲလာ၏။ သူ လီယုဝမ်ကို ပို၍ တင်းတင်းပွေ့ဖက်ထားရင်း ဆိုလိုက်သည်။

"ယုဝမ် နင် နေကောင်းအောင် နေရမယ်နော်၊ ငါတို့တွေ နင့်အမေကို အတူတူ သွားကယ်ရဦးမယ်လေ"

မိုးမှာ ယခင်လောက် မသည်းတော့သော်လည်း ရေစိုနေသော မြေပြင်မှာ အေးစက်နေဆဲပင်။ ကျိုးဟောက်ယွီ ခြောက်ကပ်နေသော လမ်းမထက်တွင် လီယုဝမ်ကို ဖက်ထားရင်း ချမ်းတုန်နေမိသည်။ သို့သော် ထိုအအေးဓာတ်မှာ သူ၏ရင်ထဲမှ တောက်လောင်နေသော ဒေါသမီးကိုတော့ မငြှိမ်းသတ်နိုင်ပေ။ ယနေ့အတွက် သူ လက်စားမချေနိုင်လျှင် လူမဟုတ်တော့ဟု သူ တိတ်တဆိတ် ကျုံးဝါးလိုက်၏။

ငရဲပြည်သို့ပင် ရောက်ခဲ့ပြီးပြီမို့ သူ မည်သည်ကို ကြောက်စရာ ရှိတော့မည်နည်း။ လေငြိမ်သွားပြီး မိုးတိတ်သွားချိန်တွင် လူနာတင်ကား၏ ဥဩဆွဲသံက တိတ်ဆိတ်သောညကို ဖြတ်သန်းလာ၏။ ကျိုးဟောက်ယွီ လီယုဝမ်ကို အမြန်ချီကာ လူနာတင်ခုတင်ပေါ်သို့ တင်ပေးလိုက်ပြီး သူပါ လိုက်ပါသွားခဲ့သည်။

လူနာတင်ကားကြီးမှာ ဥဩသံပေးရင်း လမ်းပေါ်တွင် အရှိန်ပြင်းစွာ မောင်းနှင်နေသည်။ ကျိုးဟောက်ယွီ လီယုဝမ်၏ လက်ကို တင်းတင်းဆုပ်ကိုင်ထားကာ ရင်ထဲတွင် မခံမရပ်နိုင်အောင် ဝမ်းနည်းနေမိသည်။ အကယ်၍ သူသာ လီယုဝမ်နှင့်မသိခဲ့လျှင် သူမ ယနေ့ ဤမတော်တဆမှုတွင် ပါဝင်မည်မဟုတ်ဟု သူ ခံစားနေရသည်။ ထို့ပြင် သူမ၏မိခင်မှာလည်း အသက်ရှင်ရန် နှစ်ပတ်သာ လိုတော့သည်ကို သူ သိထားရပြန်၏။

ယခုအချိန်တွင် လီယုဝမ်သာ တစ်ခုခုဖြစ်သွားခဲ့လျှင် သူ ကိုယ့်ကိုယ်ကိုယ် မည်သည့်အချိန်တွင်မှ ခွင့်လွှတ်နိုင်မည် မဟုတ်ပေ။

"ယုဝမ် နင် ဘာမှ မဖြစ်ရဘူးနော်"

ကျိုးဟောက်ယွီ၏အသံမှာ တုန်ယင်နေပြီး မျက်ရည်များ စီးကျလာသည်။

လူနာတင်ကားမှာ ဆေးရုံသို့ ဆိုက်ရောက်သွားသည်။ ဆရာဝန်မှ တံခါးကို ဖွင့်ကာ လီယုဝမ်ကို အတွင်းသို့ တွန်းပို့လိုက်သည်။ ဆရာဝန်နှင့် သူနာပြုအချို့က ကျိုးဟောက်ယွီ၏ တစ်ကိုယ်လုံး သွေးများစိုရွှဲနေပြီး လီယုဝမ်ထက်ပင် ဒဏ်ရာပြင်းပုံပေါက်နေသဖြင့် သူ့ကို စစ်ဆေးရန် ခေါ်သွားကြ၏။

အပြင်ပန်းကြည့်လျှင် ကျိုးဟောက်ယွီမှာ ဒဏ်ရာပြင်းပုံရသော်လည်း တကယ်တမ်း၌ သူ၏ ကိုယ်ခန္ဓာမှာ တင်ပါးနာသည်မှလွဲ၍ မည်သည်မှမဖြစ်ပေ။

"ကျွန်တော် ဘာမှမဖြစ်ဘူး၊ ကျွန်တော့်ညီမကို အခုချက်ချင်း စစ်ဆေးပေးပါ"

ကျိုးဟောက်ယွီ ဒေါသတကြီး အော်ဟစ်လိုက်သည်။

ဆရာဝန်များလည်း သူ၏ပြောဆိုပုံကို ကြည့်ပြီး လီယုဝမ်ဘက်သို့ လှည့်သွားကြသည်။ သူတို့နောက်သို့ ကျိုးဟောက်ယွီ လိုက်သွားသော်လည်း အရေးပေါ်ခန်းရှေ့တွင် တားဆီးခြင်း ခံလိုက်ရသည်။ အရေးပေါ်ခန်း တံခါးပိတ်သွားသောအခါ ကျိုးဟောက်ယွီသည် ထောင့်တစ်နေရာတွင် ကပ်ထိုင်ကာ ခေါင်းကို လက်နှင့်အုပ်ပြီး နာကျင်စွာ ငြိမ်နေမိ၏။

အေးစက်ပြီး လူသူမရှိသော စင်္ကြံလမ်းတွင် ကျိုးဟောက်ယွီ ကလေးတစ်ယောက်ကဲ့သို့ ငိုကြွေးနေမိ၏။ အားကိုးရာမဲ့ခြင်း ထိုအားကိုးရာမဲ့မှုမှာ ကြောက်ရွံ့ခြင်းအဖြစ် ပြောင်းလဲသွားပြီး ကျိုးဟောက်ယွီ၏ နှလုံးသားကို ဝါးမြိုနေတော့သည်။

အချိန်များကုန်လွန်သွားပြီးနောက် အရေးပေါ်ခန်း တံခါး ပွင့်လာ၏။

"ဆရာ ကျွန်တော့်ညီမ ဘယ်လိုနေလဲ"

ကျိုးဟောက်ယွီ ရှေ့သို့ ပြေးထွက်ကာ ဆရာဝန်ကို လှမ်းဖမ်းပြီး မေးလိုက်သည်။

ဆရာဝန်မှာ ချွေးများကို သုတ်ကာ နှာခေါင်းစည်းကို ချလိုက်ပြီး ဖြေ၏။

"လူနာက အရိုးအချို့ ကျိုးသွားပေမဲ့ အသက်အန္တရာယ် မစိုးရိမ်ရပါဘူး၊ ခေါင်းမှာတော့ ဒဏ်ရာ အနည်းငယ် ရထားလို့ ရက်အနည်းငယ် ဆေးရုံတင်ပြီး စောင့်ကြည့်ရပါလိမ့်မယ်"

လီယုဝမ် အသက်ဘေးမှ လွတ်မြောက်သွားပြီဟု ကြားရသောအခါမှ ကျိုးဟောက်ယွီ ရင်ထဲက အလုံးကြီး ကျသွားတော့သည်။

"ဆရာ ကျေးဇူးတင်ပါတယ်၊ ကျွန်တော် အထဲကို ဝင်ကြည့်လို့ ရပြီလား"

"မေ့ဆေးရှိန် မပြေသေးလို့ သတိမရသေးဘူး၊ ခဏနေရင်တော့ ရိုးရိုးလူနာဆောင်ကို ပြောင်းပေးမယ်၊ အရင်ဆုံး ဆေးရုံစရိတ် သွားသွင်းလိုက်ဦး၊ ပြီးမှ လူနာဆောင်မှာ သွားတွေ့လိုက်"

ကျိုးဟောက်ယွီသည် ယခုမှ ဆေးရုံစရိတ်အတွက် ပူပန်သွားကာ အကူအညီမဲ့စွာ မေးလိုက်၏။

"ဆရာ ကျွန်တော်တို့ အခုလေးတင် ယာဉ်တိုက်မှု ဖြစ်လာတာဆိုတော့ လက်ထဲမှာ ပိုက်ဆံမပါလာဘူးဗျ၊ မနက်ဖြန်မှ ယူလာပေးလို့ ရမလား”

သူသည် ပိုက်ဆံမပါရုံတင်မကဘဲ တကယ်လည်း မရှိသူ ဖြစ်သည်။ သို့သော် လီယုဝမ်အတွက်ဆိုလျှင် သူ၏သွေး သို့မဟုတ် ကျောက်ကပ်ကို ရောင်းပြီးတော့ပင် သူမကို ကုသပေးရန် ဝန်လေးမည့်သူ မဟုတ်ပေ။

ဆရာဝန် ကျိုးဟောက်ယွီမှာ ပိုက်ဆံမရှိသူမှန်း မြင်သောအခါ အေးအေးဆေးဆေးပင် ဆိုသည်။

"သူငယ်ချင်းတွေဆီက ချေးကြည့်ပေါ့၊ ဒီညအတွက် အနည်းဆုံး ယွမ်ငါးထောင်တော့ စပေါ်တင်ရပါမယ်"

ငါးထောင်ဆိုသည်မှာ သိပ်မများသော်လည်း ကျိုးဟောက်ယွီအတွက်တော့ ယခုအချိန်တွင် အလွန်များပြားသော ပမာဏ ဖြစ်နေသည်။ ထို့ပြင် သူသည် ဤမြို့တွင် သူငယ်ချင်းဟူ၍လည်း မရှိရာ သူ တွေးနေ၏။

‘ဘယ်သူ့ဆီက ချေးရမှာလဲ’

"ဟုတ်ကဲ့ ဆရာ၊ ကျွန်တော် နားလည်ပါပြီ၊ အခုချက်ချင်း နည်းလမ်းရှာပါ့မယ်၊ ကျေးဇူးပြုပြီး သူမအတွက် လူနာဆောင်လေး စီစဉ်ပေးထားပါဦးနော်"

ကျိုးဟောက်ယွီ အထဲကို တစ်ချက်လှမ်းကြည့်ပြီး ဆေးရုံအပြင်ဘက်သို့ ထွက်လာခဲ့သည်။

သူ့မှာ သူငယ်ချင်းရှိသည်ဆိုလျှင် ယခုမှ မြို့ကို ရောက်လာသော ဆွန်းချန်သာ ရှိသည်။ သို့သော် ဆွန်းချန်မှာလည်း ယနေ့မှ လမ်းဘေးဈေး စတင်ရောင်းသူဖြစ်ရာ ယွမ်ငါးထောင်ကို မည်သည့်‌နေရာမှ ရမည်နည်း။

ယွမ်ငါးထောင်က ကျိုးဟောက်ယွီကို အလွန်ပင် စိတ်ညစ်သွားစေသည်။ သူ၏ သနားစရာကောင်းသော အခြေအနေကို တွေးမိရင်း မျက်ရည်များ ပြန်ဝဲလာပြန်၏။

"မဟုတ်ဘူး ငါ အမြန်ဆုံး နည်းလမ်းရှာရမယ်"

ကျိုးဟောက်ယွီ မျက်ရည်များကို သုတ်ကာ သူ၏ဖုန်းကို ထုတ်ပြီး ဆက်သွယ်ရန်စာရင်းကို ဖွင့်လိုက်သည်။

စာရင်းထဲတွင် အမည်အနည်းငယ်သာ ရှိသည်။ မိဘများ၊ ဆွန်းချန်၊ လီယုဝမ်၊ ဝေ့ရှီယု နှင့် ဝေ့ကျန်းဟွာ။

သူ့မိဘများကိုတော့ သူ လုံးဝ ဖုန်းမဆက်နိုင်ပေ။ ပိုက်ဆံရနိုင်သော်လည်း သူတို့ကို စိတ်မပူစေချင်ချေ။ လီယုဝမ်မှာ ဆေးရုံတင်ထားရသည်ယ ဆွန်းချန်တွင် ပိုက်ဆံမရှိပေ။ သို့ဖြစ်ရာ သူ၏တစ်ခုတည်းသော မျှော်လင့်ချက်မှာ ဝေ့ရှီယုသာ ရှိတော့၏။

All Chapters