← Chapters

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

55

ကျိုးဟောက်ယွီ ဝေ့ရှီယု၏ဖုန်းနံပါတ်ကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေမိသည်။

နောက်ဆုံးတွင် သူ သက်ပြင်းအရှည်ကြီးတစ်ချက်ချကာ နံပါတ်တစ်ခုကို နှိပ်လိုက်၏။

“ဟေး ချန်းဇီ၊ ဆေးရုံကို အခုချက်ချင်း လာခဲ့ဦး၊ ငါနဲ့ယုဝမ် ယာဉ်တိုက်မှု ဖြစ်လို့”

ကျိုးဟောက်ယွီ ဝေ့ရှီယုကို ဖုန်းမဆက်ဖြစ်ခဲ့ပေ။ အဓိကအကြောင်းရင်းမှာ ဝေ့ကျန်းဟွာကို အသိမပေးချင်၍ ဖြစ်သည်။ ယွမ်ငါးထောင်လေးအတွက်နှင့် သူက ဒူးထောက်အကူအညီတောင်းနေရသည်ဆိုသော သတင်းမျိုး အပြင်ထွက်သွားမည်ကို သူ စိုးရိမ်နေမိသည်။

“ဘာ ဘယ်လိုဖြစ်ပြီး ယာဉ်တိုက်မှု ဖြစ်ရတာလဲ”

အိပ်ချင်မူးတူးဖြစ်နေသော ဆွန်းချန်သည် ဖုန်းလက်ခံရရှိသည်နှင့် ထိတ်လန့်တကြား ထိုင်လျက်သား ဖြစ်သွား၏။

“ငါ ပြည်သူ့ဆေးရုံ မှာ ရောက်နေတယ်၊ အရင်လာခဲ့ဦး”

ကျိုးဟောက်ယွီသည် ယခုအချိန်တွင် မည်သည်ကိုမှ ရှင်းမပြချင်သကဲ့သို့ ရှင်းပြနိုင်စွမ်းလည်း မရှိတော့ပေ။ ဆွန်းချန်ကို ခေါ်ရခြင်းမှာ လီယုဝမ်ကို စောင့်ရှောက်ပေးရန်ဖြစ်ပြီး သူကိုယ်တိုင်မှာမူ ပိုက်ဆံရှာရန် နည်းလမ်းသွားရှာရမည် ဖြစ်သည်။

“အေးအေး ငါ အခုပဲ လာခဲ့မယ်”

ဆွန်းချန် ဖုန်းချကာ ဆေးရုံသို့ အပြေးအလွှားလာခဲ့၏။

ကျိုးဟောက်ယွီသည် သူ၏ဖုန်းကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်မိသည်။

“တခြားနည်းလမ်း မရှိတော့ဘူး၊ ဒီဖုန်းကို ရောင်းရုံပဲ ရှိတော့တယ်”

ဝေ့ရှီယုပေးထားသော iPhone X မှာ ဈေးကွက်ထဲတွင် ယွမ်တစ်သောင်းနီးပါး တန်ကြေးရှိပြီး သူ သုံးထားသည်မှာ ရက်ပိုင်းသာ ရှိသေးသည်။ အနည်းဆုံး ယွမ်ငါးထောင်တော့ ရလိမ့်မည်ဟု သူ တွက်ထား၏။

ဆေးရုံရှေ့တွင် ခဏစောင့်ပြီးနောက် တက္ကစီတစ်စီး ကျိုးဟောက်ယွီ၏ရှေ့တွင် ရပ်တန့်သွားသည်။ ဆွန်းချန် ကားပေါ်မှ ဆင်းလာပြီး သွေးများဖြင့် စိုရွှဲနေသော ကျိုးဟောက်ယွီကို မြင်သောအခါ ထိတ်လန့်တကြား မေးတော့သည်။

“ဟောက်ယွီ မင်း ဘာဖြစ်တာလဲ”

“ငါ အဆင်ပြေပါတယ်၊ ပွန်းပဲ့သွားတာလေး တင်ပါ၊ မင်း အထဲကိုဝင်ပြီး ယုဝမ်ကို ကြည့်ပေးထားဦး၊ ငါ အပြင်ကို ခဏသွားစရာ ရှိလို့”

ကျိုးဟောက်ယွီ အေးဆေးပင် ပြန်ဖြေလိုက်၏။

ဆွန်းချန်မှာတော့ သူငယ်ချင်း၏အခြေအနေကို ကြည့်ပြီး လုံးဝ မယုံပေ။

“မင်း ငါ့ကို နောက်နေတာလား၊ ဒီပုံစံကြီးနဲ့ကို ပွန်းပဲ့ရုံတင်ဆိုတာ ဟုတ်လို့လား”

ဆွန်းချန် ကျိုးဟောက်ယွီကို ဆေးရုံထဲသို့ တွန်းပို့ရင်း ဆိုသည်။

“မင်း အထဲဝင်ပြီး ဆရာဝန်နဲ့ သေသေချာချာ အစစ်ဆေးခံစမ်းပါ၊ မဟုတ်ရင် ငါ မင်းရဲ့အလောင်းကို လာကောက်နေရလိမ့်မယ်”

စကားမှာ ခပ်ကြမ်းကြမ်း ဖြစ်သော်လည်း ကျိုးဟောက်ယွီ၏ ရင်ထဲတွင်တော့ နွေးထွေးသွားရ၏။

“ငါ့ကို ယုံစမ်းပါ၊ ငါ တကယ် ဘာမှမဖြစ်ဘူး”

ကျိုးဟောက်ယွီ ဆွန်းချန်၏လက်ကို ဖယ်ကာ တည်ငြိမ်သော မျက်နှာပေးဖြင့် ပြောလိုက်သည်။

“ယုဝမ်ကို ငါ့ကိုယ်စား ကြည့်ပေးထားပါ၊ ငါ ဆေးရုံစရိတ်အတွက် ပိုက်ဆံသွားရှာရဦးမယ်”

ကျိုးဟောက်ယွီ၏ နွမ်းလျနေသောပုံစံနှင့် လီယုဝမ်အတွက်ပူပန်နေမှုကို မြင်သောအခါ ဆွန်းချန်မှာ စိတ်တိုသလို၊ အားလည်းနာမိသည်။ သူငယ်ချင်းများ ဒုက္ခရောက်နေချိန်တွင် ပိုက်ဆံအထုပ်လိုက် ပစ်ပေးပြီး “လိုတာရှိရင် ထပ်ပြော” ဟု မောက်မာစွာ မပြောနိုင်ခြင်းကို သူ မကျေမနပ် ဖြစ်နေမိသည်။ လက်တွေ့တွင်တော့ သူ၏အိတ်ကပ်မှာ သူ၏မျက်နှာထက်ပင် ပို၍ ပြောင်ချောနေသည် မဟုတ်ပါလား။

“စိတ်မပူနဲ့၊ ငါ အမြန်ပြန်လာခဲ့မယ်”

ကျိုးဟောက်ယွီ ဆွန်းချန်၏စိတ်ကို ရိပ်မိသဖြင့် ပုခုံးကိုပုတ်ကာ ထွက်ခွာလာခဲ့၏။

သန်းခေါင်ကျော်နေပြီ ဖြစ်သဖြင့် လမ်းပေါ်ရှိ ဖုန်းဆိုင်အများစုမှာ ပိတ်နေကြပြီ ဖြစ်သည်။ ၂၄နာရီ ဖွင့်သော စတိုးဆိုင်များမှလွဲ၍ ကျန်ဆိုင်များမှာ မှောင်အတိ ကျနေ၏။ ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း ခြောက်ကပ်နေသည်။ သို့သော် ကျိုးဟောက်ယွီ၏ စိတ်ကတော့ ပြတ်သားနေသည် သူ ဖုန်းကိုရောင်းပြီး ဆေးရုံစရိတ် ရှာရမည်။

“ဂွီ”

လမ်းအနည်းငယ် လျှောက်ရသေးသည်။ ကျိုးဟောက်ယွီ၏ဗိုက်မှာ ဆာလောင်စွာ အော်လာသည်။ ဘေးနားရှိ စတိုးဆိုင်ကို လှည့်ကြည့်သော်လည်း ပေါင်မုန့်တစ်လုံး ဝယ်စားရန်ပင် သူ သတ္တိမရှိပေ။ သူ့လက်ထဲတွင် ယွမ်အနည်းငယ် ရှိသော်လည်း ၎င်းမှာ လီယုဝမ်၏ ဆေးရုံစရိတ်အတွက် လုံးဝ မလုံလောက်မှန်း သူ သိနေသည်။ ထို့ပြင် တိုက်ပြေးသွားသော ကားမောင်းသူမှာလည်း မည်သူမှန်း မသိသဖြင့် လျော်ကြေးရရန်လည်း မျှော်လင့်ချက် မရှိပေ။

ကားတစ်စီး အရှိန်ပြင်းစွာ ဖြတ်မောင်းသွားပြီး အေးစက်သော လေပြင်းများက ကျိုးဟောက်ယွီကို လာရောက်ရိုက်ခတ်ရာ သူ တုန်တုန်ယင်ယင် ဖြစ်သွားရသည်။ ဗိုက်လည်းဆာ၊ ချမ်းလည်းချမ်းနေသဖြင့် တံတွေးကိုသာ ခါးသီးစွာ မျိုချနေမိတော့သည်။

ထိုစဉ် အဝေးတစ်နေရာ၌ “ဖုန်းအဟောင်း ပြန်ဝယ်သည်” ဟူသော ဆိုင်းဘုတ်ကို သူ တွေ့လိုက်ရသည်။ ကျိုးဟောက်ယွီ ဝမ်းသာအားရ ပြေးသွားပြီး ဆိုင်တံခါးကို ထုကာ အော်ဟစ်တော့၏။

“ဘယ်သူ ရှိလဲဗျို့”

သံတံခါးကို ထုသံမှာ အလွန်ကျယ်လောင်သဖြင့် အထဲမှ ဆိုင်ရှင်မှာ လန့်နိုးလာသည်။

“ဘယ်သူလဲ ရူးနေတာလား”

အထဲမှ ဒေါသသံ ထွက်လာ၏။

သို့သော် ကျိုးဟောက်ယွီ ဂရုမစိုက်ဘဲ ပြန်အော်သည်။

“သူဌေး တံခါးလေး ဖွင့်ပေးပါဦး ကျွန်တော် အလုပ်ကိစ္စ ပြောချင်လို့ပါ”

‘ဖုန်းဆိုင်လေးတစ်ဆိုင်က ဘယ်လောက်အထိ အလုပ်ဖြစ်နိုင်မှာမို့လို့လဲ’

ဆိုင်ရှင် စိတ်မရှည်စွာဖြင့် ဆို၏။

“သွားစမ်းပါဗျာ၊ အိပ်နေတာကို လာမနှောင့်ယှက်နဲ့”

“သူဌေး တံခါးလေးပဲ ဖွင့်ပေးပါ၊ ကျွန်တော် အာမခံတယ်၊ သူဌေး တကယ် အံ့ဩသွားစေရမယ်”

ကျိုးဟောက်ယွီ အလျှော့မပေးဘဲ ဆက်တိုက် ထုနေသဖြင့် ဆိုင်ရှင်မှာလည်း မတတ်သာတော့ဘဲ ထလာပြီး တံခါးဖွင့်ပေးလိုက်ရတော့သည်။

“ဟာ သေစမ်း၊ လူလား ဝိညာဉ်လားဗျ”

ကျိုးဟောက်ယွီ၏ပုံစံကို မြင်လိုက်ရသောအခါ ဆိုင်ရှင်မှာ နောက်သို့လန့်ပြီး ခုန်ဆုတ်သွား၏။

“မကြောက်ပါနဲ့ သူဌေး၊ ကျွန်တော် လူပါ၊ နည်းနည်း ဒဏ်ရာရထားလို့ပါ”

ကျိုးဟောက်ယွီ ခြောက်ကပ်နေသော နှုတ်ခမ်းကို လျက်ရင်း ပြောလိုက်သည်။

ဆိုင်ရှင်သည် မြေပြင်ပေါ်မှ ကျိုးဟောက်ယွီ၏ အရိပ်ကို မြင်ရမှသာ သူ ဝိညာဉ်မဟုတ်ကြောင်း အတည်ပြုနိုင်တော့သည်။ အကယ်၍သာ ကျိုးဟောက်ယွီသည် ငရဲပြည်မှ လတ်လတ်ဆတ်ဆတ် ပြန်လာသူဖြစ်ကြောင်း သူ သိသွားလျှင်တော့ သေအောင် ကြောက်သွားပေလိမ့်မည်။

ကျိုးဟောက်ယွီမှာ လူတစ်ယောက် ဖြစ်နေသဖြင့် သူ မည်သည်ကိုမှ ကြောက်စရာ မရှိတော့ပေ။

“ဒီသန်းခေါင်ယံကြီး ဘာလို့ လာနှိုးရတာလဲ”

ဆိုင်ရှင် စိတ်တိုတိုနှင့် မေး၏။

ကျိုးဟောက်ယွီ သူ၏ဖုန်းကို ထုတ်ကာ ယဉ်ယဉ်ကျေးကျေး မေးလိုက်သည်။

“သူဌေး ဒီဖုန်းက ဘယ်လောက်လောက် ရနိုင်မလဲ”

ကျိုးဟောက်ယွီ၏ အဝတ်အစားများမှာ သွေးစွန်းနေသော်လည်း ၎င်းတို့မှာ လမ်းဘေးဈေးမှ ဝယ်ထားသည့် ဈေးပေါသော အဝတ်အစားများမှန်း သိသာလှသည်။ ထို့ပြင် ဤကဲ့သို့ ညဉ့်နက်သန်းခေါင်တွင် ဖုန်းလာရောင်းနေခြင်းက ဆိုင်ရှင်ကို သံသယ ဝင်စေသည်။ မည်သို့ပင် ကြည့်ကြည့် ကျိုးဟောက်ယွီကဲ့သို့ လူစားမျိုးမှာ iPhone X တစ်လုံးကို ဝယ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

“ဒီဖုန်းကို ဘယ်ကရတာလဲ”

ဆိုင်ရှင်က ကျိုးဟောက်ယွီကို ဆိုင်ထဲပေးမဝင်ဘဲ တံခါးဝမှနေ၍ မေး၏။

“လူတစ်ယောက်က လက်ဆောင်ပေးထားတာပါ၊ အခု ပိုက်ဆံ အရမ်းလိုနေလို့ လာရောင်းတာ၊ သူဌေး အဲဒါတွေ ဂရုမစိုက်ပါနဲ့၊ ဈေးဘယ်လောက်ပေးနိုင်လဲသာ ပြောပါ”

ကျိုးဟောက်ယွီမှာ ဆေးရုံစရိတ်အတွက် အသည်းအသန် ဖြစ်နေသဖြင့် အလွန်ပင် စိတ်လှုပ်ရှားနေမိသည်။

ဆိုင်ရှင်ကတော့ ထိုစကားကို လုံးဝ မယုံပေ။

“လက်ဆောင်ပေးတယ်”

ဆိုင်ရှင်က လှောင်ပြုံးပြုံးကာ ခပ်အေးအေးပင် ဆိုလိုက်၏။

“မင်း ဒါကို ခိုးလာတာ မဟုတ်လား”

ကျိုးဟောက်ယွီ ဖုန်းကိုခိုးလာပြီး သူ၏ကိုယ်ပေါ်မှ ဒဏ်ရာများမှာလည်း အခိုးခံရသူက ပြန်ထုထောင်းထားခြင်း ဖြစ်လိမ့်မည်ဟု ဆိုင်ရှင် တွေးနေခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ပိုင်ရှင်က ရဲတိုင်မည် စိုးသဖြင့် ညတွင်းချင်း လာရောင်းနေခြင်းဟု သူ ယူဆလိုက်သည်။

ကျိုးဟောက်ယွီမှာတော့ အငြင်းအခုန် မလုပ်ချင်သဖြင့် တိုက်ရိုက်ပင် မေးလိုက်၏။

“ကျွန်တော် ခိုးလာတာ ဟုတ်မဟုတ် ခင်ဗျား ဂရုစိုက်မနေပါနဲ့၊ ဝယ်မှာလား မဝယ်ဘူးလား ပြောပါ”

“ဝယ်တာပေါ့၊ ဝယ်ရမှာပေါ့”

ဆိုင်ရှင် ကောက်ကျစ်သောအပြုံးတစ်ခုကို ပြုံးကာ ဆိုင်ထဲသို့ လှည့်ဝင်သွားသည်။ မေးခွန်းများ အများကြီးမေးရခြင်းမှာ အကျိုးအမြတ် ရှိသောကြောင့်ပင်။ ခိုးရာပါ ပစ္စည်းဆိုလျှင် ဈေးအနှိမ်ခံရမည် မဟုတ်ပါလား။

ကျိုးဟောက်ယွီလည်း ဆိုင်ထဲသို့ လိုက်ဝင်သွားပြီး မေးသည်။

“ဒါဆို ပြောပါဦး၊ ဘယ်လောက် ပေးမှာလဲ”

ဆိုင်ရှင်သည် ဖုန်းကို ဖွင့်ကြည့်လိုက်ရာ မျက်နှာတွင် အံ့ဩရိပ်များ ဖြတ်ပြေးသွားပြီး တိုးတိုးလေး ရေရွတ်မိ၏။

“ဟမ် မန်မိုရီက အမြင့်ဆုံးပဲ”

“ဘာပြောလိုက်တာလဲ”

ကျိုးဟောက်ယွီ ဆိုင်ရှင်၏ မူမမှန်မှုကို သတိထားမိသော်လည်း သူ့မှာ ရွေးချယ်စရာ မရှိပေ။

ဆိုင်ရှင် ပြန်မဖြေဘဲ ဖုန်းကို ဝှေ့ယမ်းပြကာ ဆိုသည်။

“မင်းဖုန်းက တကယ်ပဲ အသစ်အတိုင်းပါပဲ၊ ဒါပေမဲ့ ဒါက ခိုးရာပါ ဖြစ်နေတော့ ငါ ပြန်ရောင်းဖို့ ခက်တယ်၊ ဖမ်းမိရင် ငါပါ အမှုပတ်လိမ့်မယ်၊ ဒါပေမဲ့ မင်းကလည်း ပိုက်ဆံ အသည်းအသန် လိုနေတယ်ဆိုတော့ ငါ မင်းကို သနားလို့ ယွမ်လေးထောင်ပဲ ပေးနိုင်မယ်”

အမှန်တကယ်တော့ ဤဖုန်းမှာ အဟောင်းဈေးနှင့် ပြန်ရောင်းလျှင်ပင် ယွမ်ခြောက်ထောင်၊ ခုနစ်ထောင်ခန့် တန်သည်။ သို့သော် ဆိုင်ရှင်က ၎င်းမှာ ခိုးရာပါ ဖြစ်သည်ဟု စွပ်စွဲကာ ဈေးကို တမင် နှိမ်လိုက်ခြင်း ဖြစ်သည်။ ကျိုးဟောက်ယွီကတော့ ဆိုင်ရှင်၏ စကားများကို ဂရုမစိုက်သကဲ့သို့ ရှင်းပြနေရန်လည်း အချိန်မရှိပေ။

သို့သော် ယွမ်လေးထောင်ဆိုသည်မှာ နည်းလွန်းနေသည်။ ကျိုးဟောက်ယွီ မျက်မှောင်ကြုတ်ကာ တွေးနေမိ၏။

‘ငါးထောင်လိုတာကို လေးထောင်ဆိုတော့ နောက်ထပ် တစ်ထောင် လိုနေသေးတာပဲ၊ အချိန်ကလည်း မရှိတော့ဘူး၊ ငါ ဘယ်ကနေ ထပ်ရှာရမှာလဲ’

56

အခြားရွေးချယ်စရာ မရှိတော့သည့်အဆုံး ကျိုးဟောက်ယွီ လေသံကို လျှော့ကာ ယဉ်ယဉ်ကျေးကျေးပင် ဆိုလိုက်သည်။

"သူဌေး ဒီဖုန်းအသစ်စက်စက်က ယွမ်တစ်သောင်းကျော် တန်တာဗျ၊ ကျွန်တော် သုံးထားတာလည်း ရက်ပိုင်းပဲ ရှိသေးတယ်၊ အခုလိုမျိုး တစ်ဝက်မက ဈေးနှိမ်တာကတော့ တကယ် မတရားဘူး"

သူ ဖုန်းကိုပြန်ယူပြီး ထွက်သွားချင်သော်လည်း လက်ထဲတွင် ပိုက်ဆံတစ်ပြားမှ မရှိသဖြင့် ဆိုင်ရှင်နှင့် ဆက်လက်ညှိနှိုင်းနေရခြင်း ဖြစ်သည်။ ဆိုင်ရှင်သည် ကျိုးဟောက်ယွီမှာ သူထင်သလောက် အရူးမဟုတ်ကြောင်း ရိပ်မိသွား၏။

"ညီလေးရာ ငါက မင်းကို ကူညီချင်တာပါ၊ ဒါပေမဲ့ ဒါက ခိုးရာပါပစ္စည်း ဖြစ်နေတော့ ငါလည်း မတတ်နိုင်ဘူးလေ"

ဆိုင်ရှင်မှ အပြစ်ကင်းစင်ဟန်ဖြင့် ဆိုသည်။ ဤကဲ့သို့သော လူစားမျိုးနှင့် စကားအရှည်မပြောချင်တော့သဖြင့် ကျိုးဟောက်ယွီ တိုက်ရိုက်ပင် မေးလိုက်တော့သည်။

"ယွမ်ငါးထောင် အပြတ်ပဲ၊ ဝယ်မှာလား"

ဆိုင်ရှင်က ကျိုးဟောက်ယွီသည် ဤထက်ပိုသော ဈေးကို တောင်းလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ယခုဈေးမှာ သူ့အတွက် အလွန်ပင် ကိုက်လှ၏။

"ညီလေးက ပွင့်ပွင့်လင်းလင်း ရှိလှချည်လား၊ ဒါဆိုလည်း ငါက ဈေးဆစ်နေရင် လူမဆန်ရာ ကျတော့မှာပေါ့၊ ကဲ ဒီဈေးနဲ့ပဲ အတည်ပြုလိုက်မယ်"

ဆိုင်ရှင်က တရားမျှတဟန်ဆောင်ကာ ကျိုးဟောက်ယွီကို ပြောလိုက်သည်။

"ဒီမှာ ခဏစောင့်၊ ငါ အခုပဲ ပိုက်ဆံသွားယူပေးမယ်"

ကျိုးဟောက်ယွီ ဆေးရုံစပေါ်တင်ရန် ယွမ်ငါးထောင်ကို မနည်းစုဆောင်းရရှိသွားသဖြင့် တိတ်တဆိတ် သက်ပြင်းချနိုင်တော့သည်။ ပိုက်ဆံရသည်နှင့် ဖုန်းကိုပေးကာ ဆိုင်ထဲမှ နောက်လှည့်မကြည့်ဘဲ ထွက်လာခဲ့၏။

"ညီလေး နောက်ခါ ဒီလိုအလုပ်မျိုးရှိရင် ငါ့ဆီ လာခဲ့ဦးနော်"

ဆိုင်ရှင်၏ စိတ်အားထက်သန်သောအသံက နောက်မှ လှမ်းထွက်လာသည်။ ဆိုင်ရှင်အတွက်တော့ ဤဖုန်းမှာ အမြတ်ကြီးစားရခြင်းပင်။ ဖုန်းကို ဘူးထဲပြန်ထည့်လိုက်လျှင် အသစ်အတိုင်း ပြန်ဖြစ်သွားမည် မဟုတ်ပါလား။

ကျိုးဟောက်ယွီ ဆေးရုံသို့ ပြန်ရောက်သောအခါ စပေါ်ငွေသွင်းပြီး လီယုဝမ်၏အခန်းသို့ သွားခဲ့သည်။ အခန်းထဲတွင် ရှိနေသော ဆွန်းချန်မှာ ကျိုးဟောက်ယွီ ပြန်မလာသေးသဖြင့် စိုးရိမ်တကြီး လမ်းလျှောက်နေသည်။

"ယုဝမ် သတိမရသေးဘူးလား"

ကျိုးဟောက်ယွီ တံခါးကို ညင်သာစွာ ပိတ်လိုက်၏။

ကျိုးဟောက်ယွီ ပြန်လာသည်ကို မြင်သောအခါ ဆွန်းချန် အပြေးအလွှား မေးတော့သည်။

"ဘာတွေဖြစ်ကုန်တာလဲ"

"ငါ ပြောပြီးပြီပဲ၊ သူ ယာဉ်တိုက်မှု ဖြစ်တာလေ"

ကျိုးဟောက်ယွီ အများကြီး ရှင်းမပြချင်ပေ။ အထူးသဖြင့် ဤကိစ္စမှာ သာမန်ယာဉ်တိုက်မှု မဟုတ်နိုင်မှန်း သူ သိနေသည်။ ဆွန်းချန်ကို မပြောရခြင်းမှာ ပထမအချက်အနေဖြင့် ဆွန်းချန် စိတ်လိုက်မာန်ပါ လုပ်မည်ကို စိုးရိမ်၍ဖြစ်ပြီး၊ ဒုတိယအချက်မှာ သူကိုယ်တိုင် အရင်စုံစမ်းချင်၍ ဖြစ်၏။

ဆွန်းချန်မှာ မည်သို့မှ စဉ်းစား၍မရပေ။ သူတို့သုံးယောက် အတူတူ သောက်စားခဲ့ကြပြီးမှ ယခုတော့ တစ်ယောက်က သွေးအိုင်ထဲရောက်၊ တစ်ယောက်က ဆေးရုံခုတင်ပေါ် ရောက်နေရသည် မဟုတ်ပါလား။

"ယာဉ်တိုက်မှု ဖြစ်တယ်ဆိုရင်တောင် ကားမောင်းတဲ့သူက ဘယ်မှာလဲ"

ဆွန်းချန် ဒေါသတကြီး မေးသည်။ သူသာ ထိုသူကိုတွေ့လျှင် သေသေချာချာ ပညာပေးမည်ဟု တေးထားသည်။

"သူ ထွက်ပြေးသွားတယ်"

ကျိုးဟောက်ယွီက တည်ငြိမ်အေးစက်သော လေသံဖြင့် ဆို၏။

ထိုစကားကို ကြားသောအခါ ဆွန်းချန်မှာ ပို၍ပင် ဒေါသထွက်သွားကာ ပြောလိုက်သည်။

"ဘယ်လိုလုပ် ထွက်ပြေးနိုင်ရတာလဲ၊ ကားနံပါတ်ရော ဘာကားမျိုးလဲဆိုတာ မင်း မြင်လိုက်လား"

ကျိုးဟောက်ယွီ မှတ်မိသည်မှာ ကုန်တင်ကားကြီး တစ်စီး ဖြစ်သည်။ ယခု သူ ပြန်စဉ်းစားမိတိုင်း ထိုကုန်တင်ကားထဲတွင် ကျေနပ်စွာ ပြုံးနေသော လုဟန်၏ မျက်နှာကိုသာ မြင်ယောင်နေမိ၏။

"ငါ မသိဘူး"

ကျိုးဟောက်ယွီ ခေါင်းခါကာ ပြန်ဖြေလိုက်သည်။

ဆွန်းချန် ပို၍ပင် ဒေါသထွက်လာသဖြင့် ကျိုးဟောက်ယွီ ခုတင်ဘေးတွင် ဝင်ထိုင်လိုက်၏။

"အခု ဒါတွေ ပြောနေလို့ ဘာထူးမှာလဲ၊ စိတ်လျှော့စမ်းပါ၊ ယုဝမ် အနားယူတာကို မနှောင့်ယှက်ပါနဲ့ဦး"

သူ ထိုကိစ္စများကို ဆက်မဆွေးနွေးချင်တော့ပေ။

"ဟူး"

ဆွန်းချန် သက်ပြင်းအရှည်ကြီး ချလိုက်ပြီး တိုးတိုးလေး မေးသည်။

"အက်စီးဒင့်က ဘယ်နားမှာ ဖြစ်တာလဲ၊ ငါ အခု သွားကြည့်လိုက်မယ်"

"အေး ပြီးတော့ ရဲနဲ့ အာမခံကုမ္ပဏီကိုလည်း အကြောင်းကြားပေးဦး၊ စာရွက်စာတမ်းတွေက ငါ့ကားထဲမှာ ရှိတယ်၊ ငါကတော့ ဒီရက်ပိုင်း ယုဝမ်ကို ပြုစုဖို့ ဆေးရုံမှာပဲ နေရမှာဆိုတော့ မင်းကိုပဲ အားကိုးရတော့မယ်"

ကျိုးဟောက်ယွီ မတော်တဆမှု ဖြစ်ပွားခဲ့သော နေရာကို ပြောပြလိုက်၏။

"ငါတို့က ညီအစ်ကိုတွေပဲ၊ ဒါတွေ ပြောနေဖို့ လိုလား"

ဆွန်းချန် ကျိုးဟောက်ယွီ၏ပုခုံးကို ပုတ်ကာ အခန်းထဲမှ အမြန်ထွက်သွားသည်။

"ဒီကလေးမလေးကို သေသေချာချာ စောင့်ရှောက်လိုက်ပါ၊ ငါ မနက်ဖြန်မှ ပြန်လာခဲ့မယ်"

ကျိုးဟောက်ယွီသည် ဖြူလျော့နေသော လီယုဝမ်၏မျက်နှာကို ကြည့်ကာ အလွန်ပင် စိတ်မကောင်း ဖြစ်နေမိသည်။ တစ်ချိန်တည်းမှာပင် လုဟန်ပေါ်ထားသော သူ၏အမုန်းတရားများမှာ ပို၍ နက်ရှိုင်းလာတော့သည်။ လီယုဝမ်၏ မျက်နှာလေးကို သူ၏လက်ထဲတွင် အုပ်ကိုင်ထားရင်း မျက်ရည်များ ပြန်လည် ဝဲလာပြန်၏။

ထိုစဉ် လီယုဝမ် တဖြည်းဖြည်း သတိပြန်ရလာကာ မျက်လုံးများကို ညင်သာစွာ ဖွင့်ကြည့်လိုက်သည်။

"အစ်ကိုဟောက်ယွီ ဒါ ဘယ်နေရာလဲဟင်"

လီယုဝမ် အားနည်းသောအသံဖြင့် မေး၏။

လီယုဝမ် သတိရလာသည်ကို မြင်ရသဖြင့် ကျိုးဟောက်ယွီ ဝမ်းသာသွားပြီး တိုးတိုးလေး ဖြေလိုက်သည်။

"ဒါ ဆေးရုံပါ၊ မင်း ခုနက မေ့လဲသွားလို့"

သတိရလာသောအခါ လီယုဝမ်သည် သူမ၏ တစ်ကိုယ်လုံး တစ်စစီ ပြုတ်ထွက်မတတ် နာကျင်နေသည်ကို ခံစားလိုက်ရသည်။ သို့သော် သွေးများစိုရွှဲနေသော ကျိုးဟောက်ယွီကို မြင်သောအခါ သူမကပင် စိုးရိမ်တကြီး မေးပြန်၏။

"အစ်ကိုဟောက်ယွီ ဆရာဝန်နဲ့ ပြပြီးပြီလား၊ အစ်ကို ဘာမှမဖြစ်ဘူးလို့ ဆရာဝန်က ပြောလားဟင်"

ထိုအချိန်က မြင်ကွင်းကို ပြန်တွေးမိတိုင်း လီယုဝမ်မှာ ကြောက်လန့်တုန်လှုပ်နေမိဆဲ ဖြစ်၏။ ကျိုးဟောက်ယွီ သေသွားပြီဟု ထင်ကာ သူမ အလွန်အမင်း မျှော်လင့်ချက်မဲ့ခဲ့ရသည် မဟုတ်ပါလား။

"အေး ပြပြီးပြီ၊ ငါ ဘာမှမဖြစ်ဘူး၊ စိတ်မပူနဲ့၊ ဒါနဲ့ မင်းရော အခု ဘယ်လိုနေသေးလဲ"

ကျိုးဟောက်ယွီ လီယုဝမ်ကို စိတ်အေးစေရန် လိမ်ပြောလိုက်ပြီး သူမ၏အခြေအနေကိုသာ ဂရုတစိုက် မေးမြန်းလိုက်သည်။

ကျိုးဟောက်ယွီ ဤနေရာတွင် ရှိနေသဖြင့် လီယုဝမ်လည်း သူ တကယ် မည်သည်မှမဖြစ်ဟု ယုံကြည်သွား၏။

"တစ်ကိုယ်လုံးလည်း နာတယ်၊ ခေါင်းထဲမှာလည်း မူးနေတုန်းပဲ"

သူမ အားနည်းစွာ ဖြေသည်။

"ဒါဆိုရင် ခဏလောက် ထပ်အိပ်လိုက်ဦး၊ မနက်ဖြန်ကျမှ ဆရာဝန်က သေသေချာချာ ပြန်စစ်ပေးလိမ့်မယ်"

ကျိုးဟောက်ယွီ သူမကို ညင်သာစွာ ချော့သိပ်လိုက်၏။

လီယုဝမ် ခေါင်းလေးခါယမ်းကာ ဆိုသည်။

"မအိပ်ချင်သေးဘူ၊ အစ်ကို ညီမဘေးမှာ ခဏလောက် ထပ်နေပေးဦး"

ကျိုးဟောက်ယွီ မည်သည်ကိုမှပြန်မပြောဘဲ ခေါင်းညိတ်ပြလိုက်သည်။ လီယုဝမ် ဤကဲ့သို့ ဖြစ်ရခြင်းမှာ သူ၏အပြစ်ဟု သူ အမြဲ ခံစားနေရသည်။ ထို့ကြောင့် သူမကို သူ သေသေချာချာ စောင့်ရှောက်ရမည်။

"အစ်ကိုဟောက်ယွီ ညီမ ရေနည်းနည်း သောက်ချင်လို့"

ကျိုးဟောက်ယွီ သူမကို စိတ်ချရန်အကြည့်ဖြင့် ကြည့်ပြီးနောက် ရေသွားယူပေးသည်။ ရေနွေးတစ်ခွက်ကို ခပ်ယူပြီးနောက် အပူလျော့သွားအောင် မှုတ်ပေးကာ ဇွန်းဖြင့် တစ်ဇွန်းချင်း တိုက်ပေး၏။

ရေတိုက်ပြီးနောက် ကျိုးဟောက်ယွီ လီယုဝမ်နှင့် စကားပြောနေမိသည်။ သို့သော် သူ သိချင်နေသည်မှာ သူမ၏ မိခင်အခြေအနေ ဖြစ်သဖြင့် သူမ၏ မိသားစုအကြောင်းကို မေးကြည့်လိုက်သည်။ လီယုဝမ်လည်း ကျိုးဟောက်ယွီကို သူမ၏ မိသားစုဝင် တစ်ယောက်ကဲ့သို့ သဘောထားပြီး အခြေအနေအားလုံးကို အမှန်အတိုင်း ပြောပြတော့သည်။

လီယုဝမ်၏ပြောပြချက်အရ သူမ၏မိခင်မှာ ကျန်းမာရေး အမြဲတမ်း မကောင်းလှသော်လည်း ဆေးရုံကြီးများ၌ သွားပြရန် ပိုက်ဆံမရှိသဖြင့် ရောဂါကို အောင့်အည်းသည်းခံနေရခြင်း ဖြစ်သည်။ အခြေအနေ ဆိုးလာမှသာ ဆေးခန်းလေးတွေမှာ ဝေဒနာ သက်သာရုံ ဆေးဝယ်သောက်ရုံသာ ရှိ၏။

ကျိုးဟောက်ယွီ လီယုဝမ်၏ မိသားစုအခြေအနေကို အကြမ်းဖျင်း သိသွားပြီးနောက် ညဉ့်နက်နေပြီဖြစ်သဖြင့် သူမကို အိပ်ခိုင်းလိုက်၏။ ထို့နောက် သူကိုယ်တိုင်လည်း ခုတင်ဘေးတွင် မှီကာ အိပ်ပျော်သွားတော့သည်။

နောက်တစ်နေ့တွင် ဆွန်းချန် အစားအသောက်များကို စောစောစီးစီး ယူဆောင်လာခဲ့သည်။ တံခါးဖွင့်သံကြောင့် ကျိုးဟောက်ယွီ နိုးလာခဲ့၏။

"ရောက်ပြီလား"

ကျိုးဟောက်ယွီ မျက်လုံးများကိုပွတ်ရင်း မေးသည်။

ဆွန်းချန်က ခေါင်းညိတ်ကာ အထုပ်များကို ချထားပြီး ဆို၏။

"အားလုံး စီစဉ်ထားပြီးပြီ၊ ကားကိုတော့ ဝပ်ရှော့ကို ပို့ထားတယ်၊ တစ်ပတ်လောက်ကြာရင် ပြင်ပြီးမှာပါ၊ ရဲတွေကလည်း စီစီတီဗွီ မှတ်တမ်းတွေကို စစ်ဆေးပေးမယ်၊ သတင်းရရင် ချက်ချင်း အကြောင်းကြားမယ်လို့ ပြောတယ်"

ကျိုးဟောက်ယွီထံ ဖိုင်တွဲတစ်ခု ကမ်းပေးလိုက်သည်။

ထိုဖိုင်တွဲထဲတွင် မတော်တဆမှု ဖြစ်ပွားရာနေရာ၌ သူ တွေ့ရှိခဲ့သော ဖုန်းနှစ်လုံးနှင့် ကျိုးဟောက်ယွီ၏ ကားထဲမှ အရေးကြီးသော ပစ္စည်းအချို့ ပါဝင်နေ၏။

All Chapters