အခန်း (၅၇-၅၈)
Vol. 6 Ch. 57-58
57
ကျိုးဟောက်ယွီ ဆင်းမ်ကတ်ကို ဖုန်းအဟောင်းထဲ ပြန်ထည့်ပြီးနောက် ဒီဒီစနစ်ကို ဖွင့်ကာ အကြာကြီး စိုက်ကြည့်နေမိသည်။
ယခုအချိန်တွင် သူသည် ထိုက်ရှန်းလောင်ကျွင်းထံမှ အော်ဒါတစ်ခုခု ရလာပါစေဟု အသည်းအသန် ဆုတောင်းနေမိသည်။ ထိုသို့ဆိုလျှင် နတ်ဆေးလုံးအချို့ တောင်းခံပြီး လီယုဝမ်၏ ဝေဒနာကို သက်သာစေရုံတင်မက၊ သူမ မိခင်၏ရောဂါကိုပါ ကုသပေးနိုင်မည် မဟုတ်ပါလား။
သို့သော်လည်း လောကကြီးမှာ ကိုယ်ဖြစ်ချင်သလို အမြဲမဖြစ်တတ်ပေ။ ကျိုးဟောက်ယွီ တစ်ချိန်လုံး စောင့်ကြည့်နေသော်လည်း ထိုက်ရှန်းလောင်ကျွင်းသာမက အခြားမည်သည့် နတ်ဘုရားတစ်ပါးမှ အော်ဒါတင်ခြင်း မရှိခဲ့ချေ။
“မင်း တော်တော်ပင်ပန်းနေပုံရတယ်၊ တစ်ခုခုစားပြီး ပြန်နားလိုက်ပါဦး၊ ဒီမှာ ငါပဲ စောင့်ပေးထားမယ်”
ဆွန်းချန် ထမင်းဘူးကိုဖွင့်ကာ ကျိုးဟောက်ယွီထံ ကမ်းပေးလိုက်၏။
ကျိုးဟောက်ယွီ၏ ခန္ဓာကိုယ်မှာ တကယ်ပင် ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သော်လည်း စိတ်ကတော့ မနားချင်သေးပေ။
“မလိုပါဘူး၊ ငါ တကယ် အဆင်ပြေပါတယ်”
ကျိုးဟောက်ယွီ ထမင်းစားရင်း ဆိုသည်။
သူ တကယ်အဆင်ပြေသည်ဖြစ်စေ၊ ဟန်ဆောင်နေသည်ဖြစ်စေ ဆွန်းချန်ကတော့ သူ့သူငယ်ချင်းကို ဤအတိုင်း ဆက်မကြည့်ရက်တော့ပေ။
“မင်း ကိုယ်ခန္ဓာက အဆင်ပြေတယ်ဆိုရင်တောင် အိမ်ပြန်ပြီး ရေချိုး၊ အင်္ကျီလဲလိုက်ပါဦး၊ အခု မင်းပုံစံကြီးနဲ့ဆို အပြင်ထွက်ရင် ကလေးတွေတောင် လန့်ငိုကုန်ဦးမယ်”
ဆွန်းချန် အတည်အပေါက် ပြောတော့သည်။
တကယ်လည်း ကျိုးဟောက်ယွီသည် မတော်တဆမှု ဖြစ်ကတည်းက မျက်နှာပင် မသစ်ရသေးပေ။ မျက်နှာတစ်ခုလုံး သွေးခြောက်များဖြင့် ပေပွနေကာ စေးကပ်ညစ်ပတ်နေ၏။
“အေးပါ ငါ အိမ်ပြန် အင်္ကျီလဲပြီး ချက်ချင်း ပြန်လာခဲ့မယ်၊ ယုဝမ်ကို သေသေချာချာ ကြည့်ပေးထားပါဦး၊ ဟို ချမ်းသာတဲ့ မိန်းမနောက် လိုက်ပြေးပြီး ယုဝမ်ကို ပစ်မထားခဲ့နဲ့ဦးနော်”
ကျိုးဟောက်ယွီ နောက်ပြောင်သလိုနှင့် မျက်နှာပျက်ပျက် ပြောလိုက်၏။ ရေချိုးခြင်းထက် သူ ပိုပူနေရသည်မှာ ယမန်နေ့က ယွမ်ငါးထောင် စပေါ်တင်ထားပြီးပြီ ဖြစ်သော်လည်း ရှေ့ဆက်ရမည့် ဆေးရုံစရိတ်များကို မည်သို့ရှာရမည်နည်း ဆိုသည့် အချက်ပင်။
ထိုစဉ် သူတို့စကားပြောသံကြောင့် လီယုဝမ် နိုးလာခဲ့သည်။
“အစ်ကို ဆွန်းချန်လည်း ရောက်နေတာလား”
ကျိုးဟောက်ယွီ၏ နွမ်းလျပေပွနေသောပုံစံကို မြင်လိုက်ရသောအခါ လီယုဝမ်၏မျက်ဝန်းတွင် မျက်ရည်များ ပြန်လည် ဝဲလာ၏။
ဆွန်းချန် သူမ၏စိတ်မကောင်းမှုကို ရိပ်မိသဖြင့် ကျိုးဟောက်ယွီကို တွန်းထုတ်ကာ ဆိုသည်။
“မြန်မြန်ပြန်တော့၊ ငါ့ညီမလေးက မင်းပုံစံကို ကြည့်ပြီး ထပ်ငိုနေဦးမယ်”
ကျိုးဟောက်ယွီလည်း စိတ်မကောင်းဖြစ်သွားကာ ချော့မော့ပြောဆိုပြီး ထွက်လာခဲ့၏။
“ယုဝမ် ငါ့အတွက် မငိုပါနဲ့၊ ငါ အဆင်ပြေပါတယ်၊ အိမ်ပြန် အင်္ကျီခဏသွားလဲလိုက်ဦးမယ်၊ မင်း အနားယူနေနော်”
လီယုဝမ်သည် ကျိုးဟောက်ယွီ၏ဘဝတွင် ပထမဆုံးအကြိမ် မျက်ရည်ကျအောင် လုပ်နိုင်ခဲ့သူ ဖြစ်သည်။ သူမကို တစ်သက်လုံး စောင့်ရှောက်မည်ဟုလည်း သူ တိတ်တဆိတ် ကြုံးဝါးထားသည်။
ကျိုးဟောက်ယွီ ဆေးရုံအပြင်ဘက်သို့ ခြေလှမ်းလိုက်သည်နှင့် ကလေးတစ်ယောက်မှာ သူ့ကိုမြင်ပြီး အော်ငိုတော့သည်။ ကလေးမိခင်မှာလည်း လန့်သွားကာ ကလေးကိုဆွဲပြီး ဆေးရုံထဲသို့ အမြန်ပြန်ဝင်သွား၏။ ကျိုးဟောက်ယွီ ကြောင်သွားပြီး စိတ်ထဲက ကျိန်ဆဲမိ၏။
‘တောက် ဆွန်းချန်ရဲ့ပါးစပ်က တကယ် နိမိတ်ဖတ်တာပဲ’
လမ်းတစ်လျှောက်လုံး လူများက သူ့ကို ရှောင်ဖယ်သွားကြသည်။ ပို၍ အံ့ဩဖို့ကောင်းသည်မှာ ဘတ်စ်ကားပေါ်တွင် အဘိုးအိုတစ်ဦးက သူ့ကို မြင်ပြီး နေရာဖယ်ပေးခြင်းပင်။ ထိုအဘိုးအို၏ စကားအရ ကျိုးဟောက်ယွီ၏ပုံစံမှာ အဘိုးအိုထက်ပင် ပို၍ ကျန်းမာရေး ဆိုးဝါးပုံပေါက်နေသဖြင့် သူလည်း အံကြိတ်ကာ ထိုင်လိုက်ရတော့သည်။
အိမ်ပြန်ရောက်ပြီး တံခါးဖွင့်လိုက်သောအခါ ကျိုးဟောက်ယွီ မှင်တက်သွားရသည်။ အိမ်ကြီးမှာ လီယုဝမ် သန့်ရှင်းရေး လုပ်ပေးထားသဖြင့် ပြောင်လက်နေပြီး သူ ပစ်ထားသော အဝတ်ဟောင်းများမှာလည်း လျှော်ဖွပ်ကာ ဝရန်တာတွင် လှန်းထားသည်ကို တွေ့ရသည်။ ထိုအခါ သူ၏ ရင်ထဲတွင် ဖော်မပြနိုင်သော ကျေးဇူးတင်စိတ်များ ပြည့်နှက်သွားရ၏။
သို့သော် ဝမ်းနည်းနေရန် အချိန်မရှိပေ။ ကျိုးဟောက်ယွီ ရေချိုးပြီးနောက် အခန်းထဲရှိ အံဆွဲများနှင့် ဗီဒိုများကို မွှေနှောက်ရှာဖွေတော့သည်။ လီယုဝမ်၏ ဆေးရုံစရိတ် မည်မျှကုန်မည်ကို သူ မသိသော်လည်း ယွမ်ငါးထောင်နှင့်တော့ လုံးဝ မလောက်နိုင်မှန်း သူ သိနေသည်။ ထို့ကြောင့် အိမ်ထဲတွင် ပေါင်နှံနိုင်မည့် တန်ဖိုးရှိ ပစ္စည်းများ ရှိမလားဟု ရှာဖွေခြင်း ဖြစ်သည်။
သို့သော် ဤအိမ်စုတ်လေးထဲတွင် မည်သည့်တန်ဖိုးပစ္စည်း ရှိမည်နည်း။ သူ စုထားသမျှ ပိုက်ဆံများကို လီယုဝမ်ကို ပေးလိုက်ကတည်းက သူ့မှာ တစ်ပြားမှ မရှိတော့ချေ။ အဝတ်ဟောင်းများမှလွဲ၍ မည်သည်မှ ရှာမတွေ့သဖြင့် စိတ်ပျက်လက်ပျက်နှင့် ဆေးရုံသို့ ပြန်ရန်သာ ဆုံးဖြတ်လိုက်၏။
အောက်ထပ်သို့ ဆင်းလာချိန်တွင် ဖုန်းမြည်လာသည်။
“ဘယ်မှာလဲ၊ ငါနဲ့ ဈေးဝယ်လိုက်ခဲ့ဦး”
ဝေ့ရှီယု၏ အသံထွက်လာသည်။ သူမ၏ အအေးမိဝေဒနာ သက်သာသွားပုံရ၏။
ကျိုးဟောက်ယွီမှာ ဈေးဝယ်ထွက်ရန် စိတ်မပါသဖြင့် ဆိုသည်။
“ငါ အချိန်မရှိဘူး၊ တခြားသူကိုပဲ ရှာလိုက်ပါ”
“ငါ ပိုက်ဆံပေးမယ်လေ၊ တစ်ရက်လုံး ငါ့ကို အချိန်ပေး”
ဝေ့ရှီယု။အမိန့်ပေးသံဖြင့် ဆို၏။
သူမ ပိုက်ဆံဘယ်လောက်ပေးပေး ကျိုးဟောက်ယွီကတော့ သဘောမတူနိုင်ပေ။
“ငါ ဆေးရုံသွားရမှာမို့ တကယ် အချိန်မရှိတာပါ”
ဝေ့ရှီယု ကျိုးဟောက်ယွီ၏စကားကို ဂရုမစိုက်ဘဲ မောက်မာစွာ ဆိုသည်။
“ဒီဒီ မောင်းလို့ တစ်ရက်ကို ဘယ်လောက်ရမှာမို့လဲ၊ ငါက အဲဒီထက် အများကြီး ပိုပေးမယ်၊ ငါ့ကိုသာ အကောင်းဆုံး ပြုစု၊ ပိုက်ဆံက ပြဿနာမဟုတ်ဘူး”
ဝေ့ရှီယု၏ အပြောအဆိုနှင့် ဆေးရုံစရိတ်အတွက် ပူနေရသည့် သူ၏ အခြေအနေကို နှိုင်းယှဉ်မိကာ ကျိုးဟောက်ယွီ ဒေါသထွက်သွား၏။
“ပိုက်ဆံရှိတာ ဘာဖြစ်လဲ၊ ပိုက်ဆံနဲ့ အရာရာကို ဖြေရှင်းလို့ရတယ်လို့ ထင်နေရင် တခြားသူကိုသာ သွားရှာလိုက်၊ ငါ အချိန်မရှိဘူး”
သူ ဒေါသတကြီး ပြောကာ ဖုန်းချလိုက်သည်။
“ကျိုးဟောက်ယွီ နင်”
ဝေ့ရှီယု၏ဘဝတွင် သူမကို ပထမဆုံး ဖုန်းချသွားသူမှာ ကျိုးဟောက်ယွီ ဖြစ်လာသည်။ သူမ ဒေါသထွက်လွန်းသဖြင့် ဆိုဖာပေါ်မှ ထရပ်လိုက်မိပြီး ဖုန်းကို ရိုက်ခွဲပစ်ချင်စိတ် ပေါက်သွားရသည်။ သို့သော် ကျိုးဟောက်ယွီ ဆေးရုံသွားမည်ဟု ပြောသည်ကို သတိရကာ ဖုန်းပြန်ခေါ်ပြန်၏။
‘သူအအေးမိတာ ပိုဆိုးသွားတာလား’
ကျိုးဟောက်ယွီ ဖုန်းကို စိုက်ကြည့်ရင်း ရေရွတ်၍ ဘတ်စ်ကားစီးကာ ဆေးရုံသို့ ပြန်လာခဲ့သည်။
“တကယ် မတရားတာပဲ တချို့လူတွေကျတော့ ပိုက်ဆံတွေကို သုံးမကုန်အောင် မွေးဖွားလာပြီး၊ တချို့ကျတော့ ယွမ်အနည်းငယ်အတွက်တောင် ပူနေရတယ်”
သူ ဆေးရုံသို့ ရောက်ပြီး အခန်းတံခါးကို ဖွင့်ရန် ပြင်စဉ် တစ်စုံတစ်ယောက်က သူ့အင်္ကျီကို လှမ်းဆွဲလိုက်၏။
“နင် ငါ့ကို ရူးအောင် လုပ်နေတာလား၊ ငါပေးထားတဲ့ ဖုန်းကို ဘာလို့ သွားရောင်းလိုက်တာလဲ”
ဝေ့ရှီယုသည် သူမပေးထားသော ဖုန်းကို ကိုင်ကာ ကျိုးဟောက်ယွီထံမှ ရှင်းလင်းချက် တောင်းတော့သည်။
ယခုအချိန်တွင် ဝေ့ရှီယု မည်သို့သိသွားသည်ကို ကျိုးဟောက်ယွီ ဂရုမစိုက်တော့ပေ။
“ငါ ဖုန်းမရောင်းရင် ဆေးရုံစပေါ်တင်ဖို့ ပိုက်ဆံက ဘယ်ကရမှာလဲ”
ကျိုးဟောက်ယွီ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။
ဝေ့ရှီယု ခေတ္တမျှ ဆွံ့အသွားပြီး မေးသည်။
“ဆေးရုံစပေါ်လား၊ ငါပေးရမလား”
“အဓိပ္ပာယ်မရှိတာ”
ကျိုးဟောက်ယွီ အော်လိုက်၏။
“ကျိုးဟောက်ယွီ နင် နေမကောင်းဘူးလား၊ ငါက စေတနာနဲ့ လုပ်ပေးနေတာကို နင်က ဘာလို့ ငါ့ကို လာအော်နေတာလဲ”
ဝေ့ရှီယုလည်း ဒေါသထွက်ကာ ပြန်အော်တော့သည်။
တကယ်တော့ သူမသည် ကျိုးဟောက်ယွီမှ သူမကို ဆေးပေးခဲ့၍ ရောဂါပိုဆိုးသွားသည်ဟု ထင်ကာ စိတ်မကောင်းဖြစ်ပြီး ဆေးရုံသို့ လာတွေ့ခြင်း ဖြစ်သည်။ ထိုစဉ် ဖုန်းဆိုင်တွင် ဖုန်းကို ပြန်ရွေးပေးခဲ့ခြင်း ဖြစ်သည်။ ထိုဖုန်းမှာ သူမအတွက်တော့ အစားထိုးစရာ ပစ္စည်းတစ်ခုသာ ဖြစ်သော်လည်း သူတစ်ပါးကို ပေးထားသော ပစ္စည်းကို ပြန်ရောင်းခြင်းကို သူမ၏ မူဝါဒအရ လက်မခံနိုင်ခြင်း ဖြစ်၏။
“အေး ငါ ယာဉ်တိုက်မှု ဖြစ်တာ၊ ငါ့ဦးနှောက်က ပျက်စီးသွားပြီ၊ ဒါကြောင့် ငါ့ကို သနားမနေနဲ့တော့၊ သွားစမ်းပါ တခြားနေရာမှာ သွားပြီး အအေးခံလိုက်”
ကျိုးဟောက်ယွီ သူမကို စိုက်ကြည့်ကာ တံခါးတွန်းဖွင့်ပြီး အထဲဝင်သွားတော့သည်။
58
ဝေ့ရှီယု စင်္ကြံလမ်းတွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီး မှင်တက်ကာ ရပ်နေမိသည်။ သူမ သတိဝင်လာပြီး ကျိုးဟောက်ယွီ ထွက်သွားမှန်း သိလိုက်ရသောအခါ ဒေါသမှာ ပေါက်ကွဲသွားတော့သည်။
"ကျိုးဟောက်ယွီ နင် စောက်ရူးပဲ ဘာလို့ ကားတိုက်ပြီး မသေသွားတာလဲ"
ဝေ့ရှီယု ဆေးရုံအပြင်ဘက်သို့ ဒေါသတကြီး ထွက်ခွာသွား၏။
သူမ၏ဘဝတွင် မည်သူမှ သူမကို ဤမျှအသံကျယ်ကျယ်ဖြင့် မအော်ဖူးချေ။ ကျား၊ မ၊ ကြီး၊ ငယ်မရွေး လူတိုင်းက သူမကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံကြသဖြင့် သူမသည် အမြဲတမ်း ဗိုလ်ကျအမိန့်ပေးတတ်သည့် အလေ့အကျင့်ရှိနေသူ ဖြစ်၏။ ယနေ့တွင်တော့ ကျိုးဟောက်ယွီ၏ အော်ဟစ်မှုကြောင့် သူမမှာ ရင်ကွဲမတတ် ဒေါသထွက်နေရသည်။
ကားပေါ်ရောက်သောအခါ ဝေ့ရှီယု အသက်ကို ပြင်းပြင်းရှူနေရ၏။ ခဏကြာမှ စိတ်နည်းနည်း ငြိမ်သွားကာ တွေးမိ၏။
"သူက အအေးမိနေတာ မဟုတ်ဘူးလား၊ ဘယ်လိုဖြစ်ပြီး ယာဉ်တိုက်မှု ဖြစ်ရတာလဲ"
သူမ ရေရွတ်မိရင်း ဆိုသည်။
‘ငါ သူ့ကို အထင်မှားသွားတာလား’
သို့သော်လည်း ခဏအကြာတွင် သူမ ခေါင်းခါယမ်းလိုက်ပြီး ဒေါသတကြီး ဆို၏။
"ငါက ဘာလို့ သူ့ကို စိတ်ပူနေရမှာလဲ၊ သူ သေသွားလည်း ထိုက်တန်တာပဲ"
ထို့နောက် ကျိုးဟောက်ယွီ၏ အခြေအနေကို ဝေ့ကျန်းဟွာထံ အကျဉ်းချုပ် အစီရင်ခံလိုက်ပြီး ထိုကိစ္စကို ခေါင်းထဲမှ ထုတ်လိုက်၏။ ဝေ့ကျန်းဟွာ ကျိုးဟောက်ယွီကို အထင်ကြီးလေးစားမှန်း သိထားသဖြင့် သတင်းပို့ရန် လိုအပ်သည်ဟု သူမ ယူဆခြင်း ဖြစ်သည်။
တစ်ဖက်တွင်လည်း ဆွန်းချန်သည် တံခါးဝမှနေ၍ သူတို့စကားပြောသံများကို အကုန်ကြားလိုက်ရသည်။ ကျိုးဟောက်ယွီ အခန်းထဲဝင်လာသောအခါ ဆွန်းချန် မျက်နှာပျက်ပျက်ဖြင့် ဆို၏။
"မင်း ဘာလို့ အဲဒီလို လုပ်လိုက်တာလဲ၊ ကြည့်ရတာ အဲဒီကောင်မလေးက မင်းကို တကယ်စိတ်ပူနေတာပါ၊ ဘာလို့ ကောင်းကောင်းမွန်မွန် စကားမပြောနိုင်ရတာလဲ"
"အဲဒီလို မောက်မာပြီး ဆက်ဆံရခက်တဲ့ သူဌေးသမီးနဲ့ ဘာစကားပြောနေစရာ ရှိလို့လဲ"
ကျိုးဟောက်ယွီလည်း ဒေါသအရှိန် မပြေသေးပေ။ သူသည် ဆွန်းချန်ကို တစ်ချက်ကြည့်ကာ လီယုဝမ်ကို ကြည့်ရန် အထဲဝင်သွားသည်။
အမှန်တော့ လီယုဝမ်သည်လည်း ထိုစကားများကို ကြားခဲ့ရသည်။ ကျိုးဟောက်ယွီနှင့် ဝေ့ရှီယုတို့မှာ အသံကျယ်ကျယ်ဖြင့် ငြင်းခုံခဲ့ကြသဖြင့် ဘေးအခန်းမှ လူများပင် ကြားနိုင်လောက်၏။
"အစ်ကိုဟောက်ယွီ ခုနက အစ်ကို့ရည်းစားနဲ့ ရန်ဖြစ်လာတာလားဟင်"
လီယုဝမ် အပြစ်မကင်းသလို ခံစားနေရကာ နီရဲနေသော မျက်ဝန်းများတွင် မျက်ရည်များ ဝဲနေသည်။
ကျိုးဟောက်ယွီကတော့ တည်ငြိမ်နေသော်လည်း ဒေါသက မပြေသေးပေ။ သူ အေးဆေးပင် ဖြေလိုက်သည်။
"မဟုတ်ပါဘူး၊ သူက ငါ့ရည်းစား မဟုတ်ဘူး"
"ဒါတွေအားလုံးက ညီမကြောင့်ပါ၊ ညီမသာ ဒီမှာ လဲမနေဘူးဆိုရင် အစ်ကို အခုလို ရန်ဖြစ်စရာ အကြောင်းမရှိပါဘူး"
လီယုဝမ် အလွန်အားနာနေမိကာ မျက်ရည်များက ပါးပြင်ပေါ်သို့ တိတ်တဆိတ် စီးကျလာ၏။
"အဲဒီလိုတွေ မပြောစမ်းနဲ့၊ နေကောင်းအောင်ပဲ အာရုံစိုက်ထား"
ကျိုးဟောက်ယွီ သူမကို ပြူးကြည့်ရင်း ခပ်ပြတ်ပြတ် ပြောလိုက်သည်။ လီယုဝမ်လည်း ကြောက်သွားကာ နှုတ်ခမ်းလေးဆူပြီး မည်သည်ကိုမှထပ်မပြောရဲတော့ပေ။
ကျိုးဟောက်ယွီသည် သူ၏လက်ထဲက iPhone X ကို ငုံ့ကြည့်ရင်း စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေမိသည်။ အခြားအချက်များကို ဖယ်ထားလျှင်တောင် ဝေ့ရှီယုသည် ယနေ့တွင် မည်သည်မှမှားယွင်းခဲ့ခြင်း မရှိပေ။ အကယ်၍ ဤမတော်တဆမှုသာ မဖြစ်ခဲ့လျှင် သူသည် ဝေ့ရှီယုပေးသော ပိုက်ဆံများကို ပျော်ပျော်ကြီး ယူပြီး သူမ၏အခြွေအရံအဖြစ် လုပ်နေနိုင်သေးသည်။
တကယ်တော့ ဤဒေါသများမှာ ဆေးရုံစရိတ်အတွက် ပူပန်နေရခြင်းနှင့် ချမ်းသာသူများအပေါ် အမြင်မကြည်လင်ခြင်းတို့ ပေါင်းစပ်ပြီး ဝေ့ရှီယုအပေါ် ပေါက်ကွဲမိသွားခြင်း ဖြစ်သည်။ သို့သော် ဝေ့ရှီယုသည် အဘယ်ကြောင့် ဖုန်းဆိုင်အထိသွားပြီး ဖုန်းကို ပြန်ရွေးပေးခဲ့သနည်းဆိုသည်ကို သူ နားမလည်နိုင်ပေ။
မည်သို့ပင်ဖြစ်စေ ဝေ့ရှီယုကို လူပုံအလယ်တွင် အရှက်ရစေခဲ့သည့်အတွက် သူ အနည်းငယ် အားနာမိသွားကာ တွေးလိုက်၏။
‘ငါ တကယ် လွန်သွားပြီ၊ သူ့ကို ဒီကိစ္စတွေထဲ ဆွဲမသွင်းသင့်ဘူး’
ဆွန်းချန် ကျိုးဟောက်ယွီ၏ ပုံစံကိုကြည့်ပြီး စိတ်မကောင်းဖြစ်ပြီး ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။
"ယုဝမ်ကို ကြည့်ထားပေးဦး၊ ငါ အပြင်ခဏ သွားလိုက်ဦးမယ်"
ကျိုးဟောက်ယွီ ဆွန်းချန် မည်သည်အားလုပ်မည်ကို သိသဖြင့် တားလိုက်၏။
"မင်းပဲ ကြည့်ထားပေးပါ၊ ငါပဲ သွားစရာရှိတာ သွားလိုက်မယ်"
သူတို့နှစ်ဦးမှာ သိလာခဲ့သည်မှာ ကြာပြီဖြစ်ရာ တစ်ယောက်၏စိတ်ကူးကို တစ်ယောက်က ကောင်းကောင်း သိကြ၏။ ဆွန်းချန်သည်လည်း ဤမြို့သို့ ရောက်သည်မှာ မကြာသေးသဖြင့် ဆေးရုံစရိတ်ရှာရန် နည်းလမ်းမရှိမှန်း ကျိုးဟောက်ယွီ သိနေသည်။
"အစ်ကိုဟောက်ယွီ"
လီယုဝမ်၏ခေါ်သံကြောင့် ကျိုးဟောက်ယွီ လှည့်ကြည့်ကာ မေး၏။
"ဘာဖြစ်လို့လဲ"
"ဆေးရုံစရိတ်အတွက် ပူနေတာလားဟင်၊ အစ်ကို့ရည်းစားပေးတဲ့ ဖုန်းကို နောက်တစ်ခါ ထပ်မရောင်းပါနဲ့တော့၊ အကယ်၍ ထပ်ရောင်းလိုက်မယ်ဆိုရင် ညီမ နေကောင်းသွားရင်တောင် တစ်သက်လုံး စိတ်မကောင်း ဖြစ်နေရမှာ"
လီယုဝမ်သည် ထိုဖုန်းမှာ သူတို့ရန်ဖြစ်ရသည့် အဓိကအကြောင်းရင်းမှန်း သိနေ၏။ ကျိုးဟောက်ယွီ သူမ၏ ဆေးရုံစပေါ်တင်ရန် ဖုန်းကို ရောင်းခဲ့သဖြင့် သူ၏ရည်းစား စိတ်ဆိုးသွားသည်ဟု သူမ ထင်နေခြင်း ဖြစ်သည်။
"မဟုတ်ပါဘူး၊ မင်းက ပြန်ကောင်းဖို့ပဲ အာရုံစိုက်၊ တခြားဘာမှ ပူစရာမလိုဘူး"
ကျိုးဟောက်ယွီ မည်သို့မှမဖြစ်သလို ပြုံးပြသော်လည်း ထိုအပြုံးမှာ အလွန်တောင့်တင်းနေ၏။
ထိုပုံစံကို မြင်ရသောအခါ လီယုဝမ်မှာ ပို၍ စိတ်မကောင်းဖြစ်ကာ ဆိုသည်။
"ညီမက နိမိတ်မကောင်းတဲ့သူ ဖြစ်နေပြီလား မသိဘူး၊ ညီမနဲ့ ဆုံပြီးကတည်းက အစ်ကို့မှာ အဆင်မပြေတာတွေပဲ ဖြစ်နေတယ်၊ အခုကစပြီး ညီအနဲ့ ဝေးဝေးမှာပဲ နေပါတော့၊ ညီမ မဖြစ်စေချင်ဘူး"
"ပါးစပ်ပိတ်ထားစမ်း"
ကျိုးဟောက်ယွီ သူ၏လေသံ ပြင်းသွားမှန်း သိလိုက်သဖြင့် ခုတင်ဘေးသို့ ပြန်လာကာ ချော့မော့လိုက်၏။
"ယုဝမ် အဲဒီလို မတွေးစမ်းနဲ့၊ ငါနဲ့ ချန်းဇီက တစ်ဦးတည်းသော သားတွေချည်းပဲ၊ နင့်လို ညီမလေးတစ်ယောက် ရတာကို ငါတို့ တကယ် ဝမ်းသာတာပါ၊ အစ်ကိုက ညီမလေးကို စောင့်ရှောက်တာ သဘာဝပဲလေ၊ ဘယ်လိုလုပ် နိမိတ်မရှိဘူးလို့ တွေးရမှာလဲ"
"ဟုတ်တယ် ငါလည်း ငယ်ငယ်ကတည်းက ညီမလေး တစ်ယောက်လောက် လိုချင်နေတာ၊ အမေကတော့ ထပ်မမွေးပေးဘူးလေ၊ အခုတော့ မင်းက ငါ့ရဲ့ ငယ်ဘဝဆန္ဒကို ဖြည့်ဆည်းပေးလိုက်တာပဲ၊ ဒါကြောင့် မင်းကို စောင့်ရှောက်ဖို့က ငါတို့ရဲ့ တာဝန်ပဲ"
ဆွန်းချန်လည်း ချက်ချင်းပင် ဝင်ပြောလိုက်သည်။
သူတို့နှစ်ဦး သူမအပေါ် ဤမျှ စေတနာရှိမှန်း သိလိုက်ရသောအခါ လီယုဝမ်မှာ ထပ်ပြီး ငြင်းဆန်နေခြင်းသည် သူတို့ကို အားနာစရာ ဖြစ်မည်ဟု ယူဆလိုက်သည်။ သူတို့၏ စကားများက သူမကို အလွန်ပင် နွေးထွေးသွားစေ၏။
"အစ်ကိုဟောက်ယွီ ညီမဖုန်းလေး ပေးပါလား"
လီယုဝမ် လက်လှမ်းလိုက်သည်။ ကျိုးဟောက်ယွီလည်း စားပွဲပေါ်မှ သူမဖုန်းကို ကမ်းပေးလိုက်သည်။
လီယုဝမ် ဖုန်းထဲတွင် တစ်ခုခုကို ရိုက်နှိပ်နေပြီးနောက် မျက်နှာတွင် ဖော်မပြနိုင်သော ခံစားချက်မျိုးဖြင့် ဖုန်းကို ပြန်ပိတ်လိုက်သည်။ ကျိုးဟောက်ယွီ တစ်ခုခု မူမမှန်မှန်း သိသော်လည်း ပြောမည့် စကားကို ပြန်မျိုချလိုက်၏။
‘သူ့အိမ်ကို ဖုန်းဆက်တာလား၊ ဒါပေမဲ့ သူ့အိမ်ကလည်း အခြေအနေမကောင်းဘူးလေ’
သူမ၏မိခင်တွင် သက်တမ်း နှစ်ပတ်သာ ကျန်တော့သည်ကို သတိရမိတိုင်း သူ ကျောချမ်းနေမိသည်။
"ယုဝမ် ဒီရက်ပိုင်း မင်းအမေနဲ့ ဖုန်းဆက်သေးလား"
လီယုဝမ် ခေါင်းလေးခါယမ်းကာ ဆို၏။
"မဆက်ဖြစ်တာ ကြာပြီ"
"အော် ဒါဆို မင်း ဆေးရုံကဆင်းရင် ငါ မင်းနဲ့အတူ အိမ်လိုက်လည်မယ်လေ"
ကျိုးဟောက်ယွီ လီယုဝမ် သံသယမဝင်အောင် အမှတ်မထင် ပြောလိုက်ခြင်း ဖြစ်သည်။ သို့သော် လီယုဝမ်မှာ ထူးဆန်းသွားပြီး ဇဝေဇဝါ မေးတော့သည်။
"ကျောင်းမဖွင့်ခင်တော့ အိမ်ပြန်ရမှာပါ၊ ဒါပေမဲ့ အစ်ကိုဟောက်ယွီက ဘာလို့ ညီမတို့အိမ်ကို လိုက်ချင်ရတာလဲ"
ကျိုးဟောက်ယွီ စိတ်ထဲက တွက်ချက်ကြည့်သည်မှာ ကျောင်းဖွင့်ရန် တစ်ပတ်ခန့် လိုသေးသဖြင့် အချိန်မီနိုင်သေး၏။
"ငါ့မှာ ကားရှိတယ်လေ၊ မင်းကို အိမ်ပြန်ပို့ပေးမလို့ပေါ့"
သူ ဆင်ခြေပေးလိုက်သည်။
လီယုဝမ်သည် ကျိုးဟောက်ယွီမှာ သူမအပေါ် မညိသည့်ခံစားချက်မှ မရှိမှန်း သိထားသဖြင့် မိဘများနှင့် ပေးတွေ့ရန် အိမ်လိုက်မည်ဆိုသည်မှာ မဖြစ်နိုင်ဟု တွေးမိကာ အနည်းငယ် စိတ်ပျက်သွားရ၏။
ထိုစဉ် လီယုဝမ်၏ ဖုန်းထဲသို့ မက်ဆေ့ခ်ျတစ်ခု ဝင်လာသည်။ သူမ ဖုန်းကို ကြည့်လိုက်သောအခါ မျက်ဝန်းများမှာ မှေးမှိန်သွားပြီး အသက်ရှင်လိုစိတ် မရှိတော့သည့်ပုံစံမျိုး ဖြစ်သွားသည်။