အခန်း (၁၂၁-၁၂၂)
Vol. 13 Ch. 121-122
အခန်း (၁၂၁)ဈေးဆစ်ခြင်း
သူက မျက်လုံးထောင့်ရှိ မှဲ့နက်ကြီးကို မသိမသာ စမ်းလိုက်ရင်း ပိုက်ဆံအိတ်ထဲမှ ယွမ်တစ်ရာတန် ငွေစက္ကူတစ်ရွက်ကို ဆွဲထုတ်လိုက်၏။
"ယွမ်တစ်ထောင့်ခြောက်ရာ..."
ဈေးတက်သွားသည်ကို ကြားလိုက်ရသောအခါ ဈေးထဲရှိ ဘေးမှ ကြည့်နေသူများက အံ့သြတကြီး ရေရွတ်လိုက်ကြသည်။
"ဝိုး... ဒုတိယသခင်ပေက တကယ့်ကို အထင်ကြီးစရာပဲ... သူက နောက်ထပ် ယွမ်တစ်ရာတောင် ထပ်တက်ပေးလိုက်တာ..."
"ဒါပေါ့... ကျွတ်ကျွတ်... ငါသာဆိုရင် မျက်စိမှိတ်ပြီး ပစ္စည်းကို သူတို့ဆီ အပ်လိုက်တာ ကြာလှပေါ့..."
လူအုပ်ထဲမှ အချို့က တကျွတ်ကျွတ် စုပ်သပ်လိုက်ကြပြီး ထိုလူငယ်ကို ကျေးဇူးကန်းလွန်းသည် ဟူသော အမူအရာဖြင့် ကြည့်လိုက်ကြ၏။
သို့သော်လည်း လဲ့ချန်က မတုန်မလှုပ် ရပ်နေဆဲ ဖြစ်သည်။
သူက အရူးမှ မဟုတ်ဘဲ။ ယွမ်တစ်ထောင့်ခြောက်ရာဟု ကြားလိုက်ရသောအခါ သူ၏ ရင်ထဲမှ ကြိုးတစ်ချောင်းက ပို၍ တင်းကျပ်သွား၏။
ဤဈေးနှုန်းက မိုးထိအောင် မမြင့်သော်လည်း ဝံပုလွေသားရေတစ်ခုလုံး၏ ယေဘုယျ တန်ဖိုးနှင့် သေချာပေါက် ထိုက်တန်ပေသည်။
သို့သော် ပြဿနာက ရှိနေ၏။ ဒုတိယသခင်ပေသည် ပါးနပ်သော်လည်း သူ၏ နှစ်ပေါင်းများစွာ ဒေသတွင်း စီးပွားရေးကို လက်ဝါးကြီးအုပ်ထားမှုအပေါ် မှီခိုကာ ငွေမက်သည့် မောက်မာမှု အငွေ့အသက် အနည်းငယ်လည်း ရှိနေသည်။
သူ့လိုလူမျိုးက ဈေးပိုပေးနိုင်သည်ဆိုလျှင် လဲ့ချန် လက်ထဲရှိ ဝံပုလွေဖြူဘုရင်သည် သာမန်ဝံပုလွေသားရေထက် သေချာပေါက် ပို၍ တန်ဖိုးရှိနေသည်။
ဆူညံနေသည့်ကြားမှ လဲ့ချန်က မျက်ခွံကို ပင့်ကာ ရုတ်တရက် ပြန်ပြောလိုက်၏။
"ဒီဝံပုလွေသားရေက ရှားပါးတယ်... ဒါပေမဲ့ သူ့ရဲ့ အကောင်းပကတိရှိနေမှုက ပိုပြီး တန်ဖိုးကြီးစေတာပဲ..."
ဒုတိယသခင်ပေမှာ မှင်တက်သွား၏။
ထို့နောက် သူက ပြုံး၍ ပြောလိုက်သည်။
"မင်းက တကယ့် ကျွမ်းကျင်သူပဲ ကောင်လေး..."
"မင်း ဒီဝံပုလွေကို သားရေဆုတ်လိုက်ရင် အလွန်ဆုံး ယွမ်တစ်ထောင်လောက်ပဲ တန်လိမ့်မယ်... ဒါပေမဲ့ အကောင်လိုက် နမူနာပြကောင် လုပ်လိုက်ရင်တော့ တန်ဖိုးက နှစ်ဆ တက်သွားမှာ... ငါ အဘိုးကြီးပေက တခြား းဝါသနာမရှိဘူး... ရှားပါးတဲ့ အရာတွေကို စုဆောင်းရတာကိုပဲ သဘောကျတာ..."
"ဘယ်လိုလဲ... အပြတ်ဈေး ယွမ်တစ်ထောင့်ခုနစ်ရာဆိုရင်ကော..."
လဲ့ချန်က ရင်ထဲတွင် ကြိတ်ရယ်လိုက်သော်လည်း အပြင်ပန်းတွင် တည်ငြိမ်စွာ ရှိနေဆဲဖြစ်ပြီး ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်၏။
"ဒုတိယသခင်ပေ... ခင်ဗျားရဲ့ ဈေးနှုန်းက အကောင် သားရေဆုတ်ခတောင် ပါမယ် မထင်ဘူးနော်..."
"ဒီဝံပုလွေဖြူဘုရင်က အကောင်းပကတိ ရှိနေတာ... အမွေးအမျှင်ကလည်း သန့်စင်ပြီး ရှားပါးမျိုးစိတ်ပဲ... နမူနာပြကောင်ကို သေသေချာချာ ပြင်ဆင်ပြီး ပြခန်းထဲမှာ ပြသထားမယ်ဆိုရင် ပြတိုက်ရဲ့ ရတနာတစ်ခု ဖြစ်လာမှာ... ခင်ဗျား အဲ့လိုမထင်ဘူးလား..."
လူများကလည်း ပွဲကြည့်ရန် ပို၍ပို၍ စုရုံးလာကြသည်။
"တစ်ထောင့်ခုနစ်ရာ့ငါးဆယ်..."
ဒုတိယသခင်ပေက အံကြိတ်၍ ပြောလိုက်ရာ သူ၏ မျက်လုံးထောင့်ရှိ မှဲ့ပင် တုန်ခါသွား၏။
လဲ့ချန်က မတုန်မလှုပ် ရှိနေဆဲဖြစ်ကာ ခေါင်းကို အသာအယာ ခါယမ်းလိုက်ရုံသာ ပြုသည်။
"ဒုတိယသခင်ပေ... သေချာ ပြန်စဉ်းစားပါဦး... ဒီအကောင်က ဝံပုလွေဖြူဘုရင်လေ... သာမန် ဝံပုလွေမဟုတ်ဘူး..."
ထိုအခိုက်တွင် မျက်မှန်တပ်ကာ ကျုံးရှန်ဝတ်စုံ ဝတ်ဆင်ထားသည့် လူလတ်ပိုင်း တစ်ယောက်က လူအုပ်ထဲမှ တိုးထွက်လာပြီး သူ၏ မျက်မှန်ကို ပင့်တင်ကာ ဖြည်းညင်းစွာ ပြောလိုက်၏။
"လူငယ်လေး... မင်းပြောတာ မှန်တယ်... ဒီဝံပုလွေဖြူဘုရင်က ရှားပါးသတ္တဝါဖြစ်ပြီး ဇီဝဗေဒ သုတေသနမှာ အရမ်းကို တန်ဖိုးကြီးတယ်..."
"မြို့တော် သဘာဝသမိုင်းပြတိုက်မှာ ပြသထားတဲ့ ဝံပုလွေဖြူ နမူနာပြကောင်က တော်တော်လေးကို ဟိုးလေးတကျော် ဖြစ်ခဲ့တာ ငါ မှတ်မိသေးတယ်..."
"ကျွမ်းကျင်သူတွေက အဲ့နမူနာပြကောင်ကို ရဖို့အတွက် အခက်အခဲပေါင်းများစွာကို ခံစားပြီး ဆီးနှင်းဖုံးနေတဲ့ တောင်တန်းတွေဆီ အသက်စွန့် သွားခဲ့ရတယ်လို့ ပြောကြတယ်..."
ထိုလူလတ်ပိုင်း၏ စကားက လဲ့ချန်အတွက် သေချာပေါက် မီးလောင်ရာ လေပင့်ပေးလိုက်ခြင်းပင် ဖြစ်သည်။
ဒုတိယသခင်ပေ၏ မျက်နှာအမူအရာက အကြိမ်ပေါင်းများစွာ ပြောင်းလဲသွားပြီးနောက် နောက်ဆုံးတွင် သူ့ပေါင်ကို ခပ်ပြင်းပြင်း ရိုက်ချလိုက်၏။
"ကောင်းပြီ... လူငယ်လေး... မင်းက သတ္တိရှိတာပဲ... တစ်ထောင့်ရှစ်ရာ... အဲဒါ ငါပေးနိုင်တဲ့ အများဆုံးပဲ..."
ထိုအခါ လဲ့ချန်က အနည်းငယ် ပြုံး၍ ချက်ချင်းပင် သဘောတူလိုက်သည်။
အရောင်းအဝယ် ကိစ္စများ ပြီးစီးသွားပြီးနောက် ဒုတိယသခင်ပေက အလျင်စလို ထွက်မသွားချေ။ ထို့အစား သူက လဲ့ချန်ထံသို့ လိပ်စာရေးထားသော စာရွက်ပိုင်းလေး တစ်ရွက်ကို နွေးထွေးစွာ ကမ်းပေးလိုက်၏။
"လူငယ်လေး... မင်း နောက်ဆို ရှားပါးတဲ့၊ ထူးဆန်းတဲ့ ပစ္စည်းလေးတွေ ရလာရင် ငါ့ဆီကိုသာ လာခဲ့... ငါ့မှာ တခြားအရာတွေ မရှိတောင် ပိုက်ဆံကတော့ အများကြီးပဲ..."
လဲ့ချန်က တောင်ပိုင်းမြို့တော် သားရေပစ္စည်းဆိုင်ဟု ရေးထားသော ထိုစာရွက်ပိုင်းလေးကို ယူလိုက်သည်။
ဒုတိယသခင်ပေက သူ့ကို ရေရှည် ပစ္စည်းထောက်ပံ့သူအဖြစ် ပြောင်းလဲရန် ကြိုးစားနေခြင်း ဖြစ်၏။
ဈေးထဲတွင် ဆူညံသံများဖြင့် စည်ကားနေသည်။
ပထမဆုံး အကြိမ်အဖြစ် ဒုတိယသခင်ပေက သူ၏ လူများကို ဝံပုလွေဖြူဘုရင်အား လှည်းပေါ်မှ သူ၏ ဂျစ်ကားပေါ်သို့ ပြောင်းတင်ခိုင်းပြီးနောက် လဲ့ချန်ကို သူကိုယ်တိုင် ကားမောင်း၍ ပြန်ပို့ပေးခဲ့၏။
လမ်းတစ်လျှောက်တွင် ဒုတိယသခင်ပေက လဲ့ချန်နှင့် ရင်းနှီးရန် အဆက်မပြတ် ကြိုးစားနေပြီး ဝံပုလွေဖြူဘုရင်ကို မည်သည့်နေရာမှ ရခဲ့သနည်းဟု မေးမြန်းနေသည်။
လဲ့ချန်က သူ တောင်ပေါ်တွင် အမဲလိုက်ရင်း ရခဲ့ခြင်းဖြစ်သည်ဟု ပြန်ဖြေလိုက်၏။
ဤကောင်လေး တစ်စုံတစ်ရာကို ဖုံးကွယ်ထားကြောင်း ဒုတိယသခင်ပေက အသေအချာ သိနေသည်။
ထိုမျက်လုံးများ၊ ထိုခန္ဓာကိုယ် အချိုးအစား... သူက လေ့ကျင့်ထားသော သိုင်းသမား တစ်ယောက်ဖြစ်ကြောင်း ပြောနိုင်၏။ မည်သည့် သာမန်မုဆိုးက ထိုကဲ့သို့သော အရှိန်အဝါမျိုး ရှိမည်နည်း။
ထို့အပြင် ဝံပုလွေဖြူဘုရင်က အမွှေးတစ်ပင်မျှ အပြစ်အနာအဆာမရှိဘဲ ဖြူစင်နေကာ အရွယ်အစားမှာလည်း ဧရာမ ကြီးမားလှသဖြင့် သာမန် သတ္တဝါ မဟုတ်သည်မှာ ရှင်းလင်းနေ၏။
ဒုတိယသခင်ပေက သူ့ဘာသာ တွေးလိုက်သည်။
*ဒီကောင်လေးဆီမှာ ကောင်းတဲ့ ပစ္စည်းတွေ သေချာပေါက် ရှိရမယ်... ငါ သူ့ကို သိမ်းသွင်းပြီး ငါ့အတွက် ရေရှည် ပစ္စည်းသွင်းပေးအောင် လုပ်ရမယ်…*
ဂျစ်ကားက တအိမ့်အိမ့်နှင့် ဆောင့်ကာ သွားနေပြီး ဖုန်လုံးကြီးများ ထသွားသဖြင့် ရွာထဲမှ ကလေးများ၏ အာရုံကို ဆွဲဆောင်သွားကာ ကားနောက်သို့ လိုက်ပြေးကြရင်း အော်ဟစ်လိုက်ကြ၏။
"ကားလာပြီ... ကားလာပြီ..."
နှစ်သစ်ကူးပွဲတော်ထက်ပင် ပို၍ စည်ကားနေသကဲ့သို့ ခံစားရသည်။
ဤမြင်ကွင်းကို ကြည့်ရင်း လဲ့ချန်က ရင်ထဲတွင် ကြိတ်ရယ်လိုက်၏။
*ဒီဒုတိယသခင်ပေက လူတွေကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာ တကယ် သိတာပဲ... သူက သူ့အတွက် မျက်နှာပန်းလှအောင် ဘယ်လို လုပ်ရမလဲ ဆိုတာကိုလည်း သိတယ်…*
ဒုတိယသခင်ပေက ကားနောက်ကြည့်မှန်မှတစ်ဆင့် လဲ့ချန်ကို တစ်ချက်တစ်ချက် လှမ်းကြည့်ရင်း သူ့ဘာသာ တွေးလိုက်သည်။
*ဒီလူငယ်လေးက ငယ်ငယ်ရွယ်ရွယ်နဲ့ အရမ်းကို တည်ငြိမ်ပြီး အတွေ့အကြုံ ရင့်ကျက်လွန်းတယ်... သူက သာမန် မဟုတ်ဘူးပဲ…*
လဲ့ချန်ကလည်း ဒုတိယသခင်ပေ၏ မရိုးသားသော ရည်ရွယ်ချက်များကို သေချာပေါက် သိရှိနေသည်။
သို့သော် သူက ပိုက်ဆံရှိပြီး ကိုယ့်တွင် ပစ္စည်းရှိသည်။ ဤသည်က တစ်ယောက်စီ လိုအပ်သည်ကို ရယူခြင်းသာ ဖြစ်၏။
ဤကာလများတွင် ငွေရှာရန်မှာ မလွယ်ကူပေ။ ထို့ကြောင့် မည်သူက ငွေကို ငြင်းဆန်မည်နည်း။
ထို့အပြင် ဤဒုတိယသခင်ပေတွင် အဆက်အသွယ် များစွာရှိသည်။ အနာဂတ်တွင် သူက ကိုယ့်ကို ကူညီနိုင်ကောင်း ကူညီနိုင်မည်။
ရွာအဝင်သို့ ရောက်သောအခါ လဲ့ချန်က ကားပေါ်မှ ခုန်ဆင်းလိုက်ပြီး ဒုတိယသခင်ပေကို နှုတ်ဆက်လိုက်၏။
"ဒုတိယသခင်ပေ... ဂရုစိုက်သွားပါဦး... နောက်တစ်ခါ ပစ္စည်းကောင်း ရလာရင် ခင်ဗျားကို အရင်ဆုံး သတိရလိုက်ပါ့မယ်..."
လဲ့ချန်က သူ၏ လက်နှစ်ဖက်ကို ယှက်၍ နှုတ်ဆက်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် ယဉ်ကျေးသော အပြုံးတစ်ခု ရှိနေသည်။
"ကောင်းပြီ... လူငယ်လေး... ဆက်သွယ်ကြတာပေါ့... မင်း အကူအညီ လိုရင်သာ ငါ့ကို အသိပေးလိုက်..."
ဂျစ်ကား ထွက်သွားသည်ကို ကြည့်ပြီးနောက် လဲ့ချန်က လှည့်၍ အိမ်သို့ လမ်းလျှောက် ပြန်လာခဲ့၏။
အိမ်သို့ ရောက်၍ ခြံတံခါးကို ဖွင့်လိုက်သည်နှင့် သမီးဖြစ်သူ ရှောင်ရှောင်၏ ကြည်လင်သော အသံလေးကို ကြားလိုက်ရသည်။
"အဖေ ပြန်လာပြီ..."
ချီလန်က မီးဖိုနားတွင် အလုပ်ရှုပ်နေပြီး ညီမဖြစ်သူ လဲ့ချင်းက ရှောင်ရှောင်ကို ချီကာ ဆော့ကစားပေးနေ၏။
"ရှင် ပြန်လာပြီလား... ဒီနေ့ ဘာလို့ နောက်ကျတာလဲ..."
ချီလန်က သူမ လုပ်နေသည်များကို ချထားခဲ့ပြီး လာရောက် ဆီးကြိုလိုက်သည်။
လဲ့ချန်က သူ့အိတ်ကပ်ထဲမှ ထူထဲသော ငွေစက္ကူအုပ်ကြီးကို ဆွဲထုတ်လိုက်ပြီး စားပွဲပေါ်တွင် တင်လိုက်၏။
"ဘယ်လောက်ရှိလဲ ရေကြည့်လိုက်ဦး..."
ချီလန်၊ လဲ့ချင်းနှင့် ရှောင်ရှောင်တို့အားလုံး မှင်တက်သွားကြသည်။
"ဒါ... ဒါက..."
ချီလန်က စားပွဲပေါ်ရှိ ငွေများကို မယုံနိုင်စွာဖြင့် မျက်လုံးပြူး၍ ကြည့်နေ၏။
"ယွမ်တစ်ထောင့်ရှစ်ရာတောင်..."
ရေတွက်ပြီးသွားသောအခါ လဲ့ချင်းက အသက်ရှူမှားသွားသည်။
"အစ်ကို... အစ်ကို ဘဏ်ကို ဓားပြတိုက်လာတာလား..."
ရှောင်ရှောင်ပင်လျှင် လက်ခုပ်တီး၍ အားပေးလိုက်၏။
"ရေး... ပိုက်ဆံတွေ အများကြီးပဲ..."
လဲ့ချန်က အားရပါးရ ရယ်မောလိုက်သည်။
"ဒါ... ဒါက တကယ်ကြီး ဟိုဝံပုလွေဖြူကို ရောင်းပြီး ရလာတာလား... အဲ့ဝံပုလွေက လူတစ်ယောက်ထက်တောင် တန်ဖိုးကြီးနေသေးတယ်..."
လဲ့ချန်က သူတို့၏ အံ့သြနေသော အမူအရာများကို ကြည့်၍ ရယ်ချင်သွား၏။
ယွမ်တစ်ထောင့်ရှစ်ရာဆိုသည်က သာမန် အလုပ်သမား တစ်ယောက်၏ နှစ်နှစ်၊ သုံးနှစ်စာ လုပ်အားခနှင့် ညီမျှပေသည်။
သူက ပြောလိုက်သည်။
“သူက ဝံပုလွေဘုရင်လေ... အတော်လေးကို ရှားပါးတာ... အကယ်၍ နမူနာပြကောင် လုပ်နိုင်မယ်ဆိုရင် ငွေအများကြီး တန်တယ်..."
"ဝံပုလွေဘုရင်..."
ရှောင်ရှောင်၏ မျက်လုံးလေးများ ပြူးကျယ်သွားပြီး သူမ၏ ကလေးသံလေးဖြင့် မေးလိုက်၏။
"အဖေ... ဝံပုလွေဘုရင်က သရဖူဆောင်းပြီး နဂါးဝတ်ရုံ ဝတ်ထားတာလား..."
လဲ့ချန်က သူ၏ သမီးလေးကြောင့် ရယ်ချင်သွားပြီး သူမ၏ နှာခေါင်းလုံးလုံးလေးကို ညင်သာစွာ ဆွဲညှစ်လိုက်သည်။
"ရှောင်ရှောင်လေးက အရမ်းတော်တာပဲ... ဝံပုလွေဘုရင်က နဂါးဝတ်ရုံ မဝတ်ထားပေမဲ့ သူက အုပ်စုထဲမှာ အစွမ်းအထက်ဆုံး ဝံပုလွေပဲ..."
"သူက လူစားလားဟင်..."
ရှောင်ရှောင်က ခေါင်းလေးကို စောင်း၍ သိချင်စိတ် ပြင်းပြစွာဖြင့် ကြည့်နေ၏။
"သေချာပေါက် လူမစားဘူးပေါ့... အဖေ သူ့ကို သတ်လိုက်ပြီလေ... ပြီးတော့ အခု ငွေအဖြစ် ပြောင်းသွားပြီ..."
လဲ့ချန်က စကားပြောရင်းနှင့် စားပွဲပေါ်ရှိ ငွေများကို ပုတ်လိုက်သည်။
ထိုအခါမှ ချီလန်က သတိပြန်ဝင်လာပြီး လဲ့ချန်၏ လက်ကို ဆုပ်ကိုင်ကာ စိုးရိမ်တကြီး ပြောလိုက်၏။
"လဲ့ချန်... အဲ့ဒုတိယသခင်ပေက... ယုံရရဲ့လား... သူ လှည့်စားတာ မခံရစေနဲ့နော်..."
"စိတ်မပူပါနဲ့... ဒုတိယသခင်ပေက မြို့ထဲမှာ နာမည်ကြီးတဲ့ သားရေကုန်သည်ပါ... သူက ရိုးသားပြီး ယုံကြည်ရပါတယ်..."
၁၉၆၀ ခုနှစ်များက လူများမှာ ရိုးသားပြီး ဖြူစင်ကြသေးကြောင်း လဲ့ချန်က သူမကို နှစ်သိမ့်လိုက်သည်။ ဒုတိယသခင်ပေကဲ့သို့ ဒေသတွင်း၌ နာမည်ရနေသော စီးပွားရေးသမားများသည် ယေဘုယျအားဖြင့် လူများကို လွယ်လွယ်ကူကူ လိမ်လည်လေ့ မရှိကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ နာမည် ပျက်သွားပါက စီးပွားရေးလုပ်ရန် ခက်ခဲသွားမည် ဖြစ်သောကြောင့်တည်း။
သူက အိမ်ပတ်ပတ်လည်ကို ကြည့်လိုက်၏။
မိသားစု လေးယောက်က ဤကျဉ်းကျပ်လှသော နေရာလေးထဲတွင် စုပြုံနေရခြင်းက တကယ်ကို မသင့်လျော်ပေ။
"မိန်းမ... မနက်ဖြန်ကျရင် ခြံကို ပြန်ပြင်ပြီး ဒုတိယထပ်ဆောက်ဖို့ လူရှာလိုက်မယ်... ဒါဆို ငါတို့ မိသားစု ကျဉ်းကျပ်နေစရာ မလိုတော့ဘူး..."
အခန်း (၁၂၂) အိမ်ဆောက်ခြင်း
မိုးလင်းသည်နှင့် လဲ့ချန်က ထလာသည်။ သူက နံနက်စာကို ကမန်းကတန်း နှစ်လုတ်၊ သုံးလုတ်မျှ စားပြီးနောက် ရွာထိပ်ဆီသို့ ထွက်လာခဲ့၏။
ယနေ့တွင် အိမ်ဆောက် ပစ္စည်းများ သွားရောက် သယ်ယူရန်အတွက် ရွာ၏ ကွန်မြူနစ်ရုံးမှ လယ်ထွန်စက်တစ်စီးကို မြို့ပေါ်သို့ မောင်းနှင်သွားရန် သူ စီစဉ်ထားခဲ့သည်။
ခပ်လှမ်းလှမ်းဆီမှ လယ်ထွန်စက် သံက တဖြည်းဖြည်း နီးကပ်လာပြီး မြေပြင်က အနည်းငယ် တုန်ခါသွား၏။ အရှေ့အရပ်မှ နီရဲနေပြီ တံဆိပ်လယ်ထွန်စက် တစ်စီးက မီးခိုးမည်းများ အူထွက်လျက် ဖြည်းညင်းစွာ မောင်းနှင်လာသည်။
ယာဉ်မောင်းဖြစ်သူ အဘိုးကြီးဝမ်က ဟောင်းနွမ်းနေသော လွတ်မြောက်ရေးတပ်မတော် ဦးထုပ် တစ်လုံးကို ဆောင်းထားပြီး သူ့ပါးစပ်တွင် ဆေးတံ တစ်တံကို ခဲထား၏။ လယ်ထွန်စက် နောက်ဘက်တွင် ကောက်ရိုးများ အပြည့်တင်ထားသည့် နောက်တွဲယာဉ် တစ်ခု ချိတ်ဆွဲထားပြီး ရွာသား အနည်းငယ်က ထိုအပေါ်တွင် ထိုင်၍ ရယ်မော စကားပြောနေကြသည်။
"နံနက်ခင်းပါ အဘိုးဝမ်..."
လဲ့ချန်က အပြုံးတစ်ခုဖြင့် နှုတ်ဆက်လိုက်၏။
"ဟေး... လဲ့ချန်... အစောကြီး ထပြီး မြို့သွားမလို့လား..."
အဘိုးကြီးဝမ်က ဆေးတံကို ဖြုတ်၍ ပြုံးပြလိုက်ရာ ရှေ့သွား တစ်ချောင်း ကျိုးနေသော ပါးစပ်ကို မြင်လိုက်ရသည်။
"သေချာတာပေါ့... အိမ်ဆောက်ဖို့ ပစ္စည်းတချို့ သွားဝယ်မလို့..."
လဲ့ချန်က သူ့ကိုယ်ပေါ်မှ ဖုန်များကို ခါချ၍ လယ်ထွန်စက်ပေါ်သို့ ခုန်တက်လိုက်၏။
"ဝိုး... မင်းကတော့ ကြီးပွားနေပြီပဲ... အိမ်ဆောက်တယ်ဆိုတာ အသေးအဖွဲကိစ္စ မဟုတ်ဘူး..."
အနီးရှိ ရွာသားတစ်ယောက်က အားကျသည့် လေသံဖြင့် ပြောလိုက်သည်။
လဲ့ချန်က ပြုံးရုံသာ ပြုံးနေပြီး ဘာမျှ ထပ်မပြောတော့ပေ။ မိမိကြွယ်ဝချမ်းသာမှုကို ထုတ်ဖော် မကြွားဝါသင့်သည့် သဘောတရားကို သူ နားလည်ထား၏။
မြို့ပေါ်သို့ ရောက်သည်နှင့် လဲ့ချန်က ထောက်ပံ့ရေးနှင့် ဈေးကွက်ရှာဖွေရေး သမဝါယမဆီသို့ တန်းတန်းမတ်မတ် ထွက်သွားသည်။
ထောက်ပံ့ရေးနှင့် ဈေးကွက်ရှာဖွေရေး သမဝါယမမှ စာရင်းကိုင် အဘိုးကြီးက မှန်ဘီလူးထူထူ တပ်ထားသည့် အသက်အရွယ် ကြီးရင့်သူတစ်ဦး ဖြစ်၏။ သူက ပုံမှန်အားဖြင့် တည်ကြည်လေးနက်သော မျက်နှာထား ရှိပြီး ပြုံးခဲလှသည်။ သို့သော်လည်း ယနေ့တွင် လဲ့ချန်ကို မြင်သောအခါ သူက ထူးထူးခြားခြားကို တက်ကြွနေခဲ့၏။
"လဲ့ချန်... မင်းလိုချင်တဲ့ အိမ်ဆောက် ပစ္စည်းတွေ အကုန်ပြင်ဆင်ပြီးပြီ... ဘိလပ်မြေ ဆယ်အိတ်နဲ့ မင်း အထူးတလည် တောင်းဆိုထားတဲ့ အပိုဆယ်အိတ်ပါ ရပြီ... ဘယ်လိုလဲ... ငါ သဘောကောင်းတယ် မဟုတ်လား..."
စာရင်းကိုင်အဘိုးကြီးက ပြုံး၍ ပြောလိုက်ရာ မျက်မှန်နောက်မှ သူ၏ မျက်လုံးများမှာ မှေးစင်းသွားသည်။
စာရင်းကိုင် အဘိုးကြီးက သူ ဝံပုလွေဖြူဘုရင်ကို ရောင်းချခဲ့သည့် သတင်းကို ကြားထားသောကြောင့် ယခုကဲ့သို့ အလေးအထား ဆက်ဆံနေခြင်းဖြစ်ကြောင်း လဲ့ချန် စိတ်ထဲမှ သိနေ၏။ သို့သော်လည်း မိမိကို ကူညီမည့်သူ ရှိနေခြင်းက သေချာပေါက် ကောင်းမွန်သော ကိစ္စတစ်ခု ဖြစ်သည်။
"ကျေးဇူး အများကြီး တင်ပါတယ်... စာရင်းကိုင်ကြီးက ကျွန်တော့်ကို တကယ် အကူအညီ ပေးတာပဲ..."
လဲ့ချန်က သူ၏ လက်နှစ်ဖက်ကို ယှက်၍ နှုတ်ဆက်လိုက်ပြီး နောက်တစ်ကြိမ်တွင် စာရင်းကိုင် အဘိုးကြီးအတွက် စီးကရက်ကောင်းကောင်း တချို့ ယူလာပေးရမည်ဟု စိတ်ထဲမှ တွေးလိုက်သည်။
ဘိလပ်မြေများ တင်ပြီးသွားသောအခါ လဲ့ချန်က သစ်လုံးများနှင့် အုတ်ခဲတချို့ သွားဝယ်လိုက်၏။ နောက်ဆုံးတွင် ရှောင်ရှောင်နှင့် လဲ့ချင်းတို့အတွက် အိမ်ပြန်ယူသွားရန် သကြားလုံး တချို့ကိုပါ သူ တကူးတက သွားဝယ်ခဲ့သည်။
ရွာသို့ အပြန်လမ်းတွင် လဲ့ချန်က အမိုးအုတ်ကြွပ်ပြား အပြာရောင် နှစ်စည်းကို ထပ်မံ ဝယ်ယူခဲ့၏။ ဤအပြာရောင် အမိုးအုတ်ကြွပ်ပြားများက ထိုခေတ်အခါ၌ ရှားပါး ကုန်ပစ္စည်း တစ်ခု ဖြစ်သည်။ လူများက ၎င်းတို့ကို ဝယ်ယူ၍ အိမ်မဆောက်နိုင်ကြဘဲ မိသားစုအများစုမှာ သက်ငယ် သို့မဟုတ် ကောက်ရိုးများကိုသာ အသုံးပြုကြ၏။
လယ်ထွန်စက်က ကျေးလက်လမ်းလေး တစ်လျှောက် ဖြည်းညင်းစွာ ပြန်လည် မောင်းနှင်လာစဉ် လမ်းဘေးတွင် ရပ်နေကြသော ရွာသားတစ်စုက မနာလို အားကျစွာ စုတ်သပ်လိုက်ကြသည်။
"ကြည့်စမ်း... ကြည့်စမ်း... လဲ့ချန်က ဒီတစ်ကြိမ်ရော ဘယ်လို အကြီးအကျယ်တဲ့ကိစ္စတွေ လုပ်ပြမလို့လဲ... ကားပေါ်မှာလည်း ဘိလပ်မြေတွေ၊ အုတ်ကြွပ်ပြားတွေ အပြည့်နဲ့... သူက တကယ်ပဲ ရွာမှာ ပထမဆုံး နှစ်ထပ်အိမ် ဆောက်မယ့်သူ ဖြစ်လာတော့မှာလား..."
ခေါင်းမြီးခြုံထားသော အမျိုးသမီးတစ်ဦးက ခါးထောက်၍ လှောင်ပြောင်လိုက်၏။ "
“ဟွန့်... လဲ့ချန်ကတော့ ပြဿနာတွေ ရှာနေပြန်ပြီ... ကွယ်ရာမှာ သူ ဘယ်လိုတွေများ ပိုက်ဆံရှာနေလဲ ဘယ်သူက သိမှာလဲ..."
"ဟဲဟဲ... နင့်မှာ အရည်အချင်း ရှိနေသရွေ့တော့ လုံလောက်ပါတယ်..."
မည်သူကများ မိမိဘဝကို အနည်းငယ်မျှ ပိုမို တောက်ပလာစေရန် မလိုလားဘဲ နေမည်နည်း။
"လဲ့ချန်က သူ့အရည်အချင်းနဲ့ သူ ရခဲ့တာပဲ... ငါ ဘာမှ ထပ်မပြောတော့ဘူး... ပြန်တော့မယ်... ငါ့ယောက်ျားကို ငါတို့ရဲ့ ယိုယွင်းနေတဲ့ အိမ်ကြီးကို ဘယ်တော့ ပြင်မှာလဲ သွားမေးရဦးမယ်..."
လယ်ထွန်စက်က ရွာထိပ်အထိ တောက်လျှောက် မောင်းနှင်လာခဲ့၏။ လဲ့ချန် ခုန်မဆင်းရသေးမီမှာပင် ကလေးငယ် အနည်းငယ်က သူ့အနားသို့ ပျားအုံကဲ့သို့ ဝိုင်းအုံလာကြပြီး လယ်ထွန်စက်ပေါ်ရှိ ဘိလပ်မြေအိတ်များနှင့် အပြာရောင် အုတ်ကြွပ်ပြားများကို မျက်လုံးများ အရောင်တလက်လက်ဖြင့် ကြည့်နေကြသည်။
လဲ့ချန်က အပြာရောင် အုတ်ကြွပ်ပြား တစ်ပြားကို ဆွဲထုတ်၍ ကလေးငယ် တစ်ယောက်ထံ ကမ်းပေးကာ ပြောလိုက်သည်။
"ရော့... ဒါလေးယူပြီး သွားဆော့ချေ..."
ထိုကလေးငယ်က အပြာရောင် အုတ်ကြွပ်ပြားကို လက်တစ်ဖက်ဖြင့် ဖက်ထားရင်း ခြေဆောင့်၍ အော်ဟစ်လိုက်၏။
"ဝိုး... အတော်လေး လေးတာပဲ... ဦးလေးလဲ့... အိမ်ကို ဘယ်လောက် အမြင့် ဆောက်မှာလဲ... ရွာက နတ်ကွန်းထက် ပိုမြင့်မှာလား..."
"ဟားဟား… အဲ့တာက ဘာမှ မဟုတ်သေးပါဘူး..."
လဲ့ချန်က မျက်နှာပေါ်ရှိ အပြုံးတစ်ခုနှင့်အတူ ကလေးငယ်၏ ဆံပင်များကို ပေါ့ပေါ့ပါးပါး ဖွချလိုက်ပြီးနောက် နောက်ဆုံး ဘိလပ်မြေအိတ်ကို ထမ်း၍ သူ၏ ခြံဝင်းဆီသို့ ထွက်လာခဲ့သည်။
ချီလန်က ခြံဝင်းထဲတွင် အဝတ်လှန်းနေစဉ် လဲ့ချန် တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေသည်ကို မြင်သောအခါ သူ့အနားသို့ ကမန်းကတန်း ပြေးလာခဲ့၏။
"ရှင် ဘာလုပ်နေတာလဲ... ကူညီဖို့ တစ်ယောက်ယောက်ကို ဘာလို့ မခေါ်တာလဲ..."
“.ဒီလောက် အလုပ်လေးက ခေါ်စရာ မလိုပါဘူး... မနက်ဖြန်ဆိုရင် လက်သမားတွေ ရောက်လာတော့မှာ... ငါတို့ရဲ့ အိမ်သစ်ကြီးက မကြာခင် ဆောက်ပြီးသွားတော့မှာပဲ..."
လဲ့ချန်က သူ့ကိုယ်သူ ဖုန်ခါရင်း ရွှင်လန်းစွာ ပြောလိုက်သည်။
ချီလန်က လျှော်ထားသော အဝတ်များကို ကျွမ်းကျင်စွာ ခါထုတ်ရင်း လဲ့ချန်ကို စွေကြည့်ကာ ပြောလိုက်၏။
"ရှင်ကတော့ ကြွားကို ကြွားလွန်းတယ်... ဘိလပ်မြေတွေက ဒီလောက် များတာ... ခါးနာမှာကို မကြောက်ဘူးလား... အကုန်လုံး ဆောက်ပြီးသွားမှ ပုံစံကို မကြိုက်ရင် ရှင် ငိုနေရလိမ့်မယ်..."
လဲ့ချန်က ဟက်ခနဲ ရယ်မောလိုက်ရာ ဖြူဖွေးသော သွားတန်းများ ပေါ်လာသည်။
"စိတ်မပူပါနဲ့ မိန်းမရယ်... ကိုယ် ဘာလုပ်နေလဲ ဆိုတာ ကိုယ်သိပါတယ်... အိမ်ပုံစံကို သေချာ စဉ်းစားထားပြီးသား... အိမ်ထဲ ပြောင်းနေပြီးရင် မင်း အပြင်တောင် ထွက်ချင်မှာ မဟုတ်တော့ဘူးလို့ ကိုယ် အာမခံတယ်..."
သူက ပြောပြောဆိုဆိုနှင့်ပင် ချီလန်၏ နားအနီးသို့ ကပ်၍ ပြောလိုက်၏။
"အချိန်ကျလာရင် မင်းအတွက် သီးသန့် မိတ်ကပ်လိမ်းတဲ့ မှန်တင်ခုံတစ်ခု ဝယ်ပေးမယ်... မြို့ပေါ်က သူဌေးအိမ်တွေမှာရှိတဲ့ ဟာတွေထက်တောင် ပိုပြီး ခမ်းနားဦးမှာ..."
ချီလန်မှာ သူ၏ စကားကြောင့် ရယ်ချင်သွားပြီး တံတွေးထွေးလိုက်သည်။
"အဓိပ္ပာယ် မရှိတာတွေ... အလုပ်သွားလုပ်တော့... လျှောက်ပြောမနေနဲ့..."
လဲ့ချင်းနှင့် ရှောင်ရှောင်တို့ကလည်း ခြံဝင်းကို ရှင်းလင်းသည့် အဖွဲ့တွင် ဝင်ရောက် ပါဝင်လာကြ၏။
ရှောင်ရှောင်က အသက်ငယ်သေးသဖြင့် ဂေါ်ပြားငယ်တစ်ချောင်းကို ကိုင်၍ မြေကြီးပေါ်မှ မြက်များကို တူးဆွနေဟန် ပြုလုပ်နေပြီး လဲ့ချန်ကို အားကျမြတ်နိုးမှု အပြည့်ပါသော မျက်လုံးများဖြင့် မကြာခဏ မော့ကြည့်နေသည်။ လဲ့ချင်းမှာမူ များစွာ ပိုမို သွက်လက်ပြီး ထောင့်တစ်နေရာမှ ပေါင်းပင်များကို အချိန်တိုအတွင်း ရှင်းလင်းပစ်နိုင်ခဲ့၏။
"အစ်ကို... ကြည့်ပါဦး... ရတနာသိုက်တူးရပြီ..."
လဲ့ချင်းက အနည်းငယ် ပဲ့နေသော မြေအိုးတစ်လုံးကို သူမ၏ လက်ထဲတွင် ကိုင်ထားရင်း ရုတ်တရက် အော်ဟစ်လိုက်သည်။
လဲ့ချန်က လျှောက်သွား၍ ကြည့်လိုက်ပြီးနောက် ရယ်မောလိုက်၏။
"ဝိုး... ဒါက ရှေးဟောင်းပစ္စည်းပဲ... ချင်းမင်းဆက် ခေတ်ကတောင် ဖြစ်နိုင်တယ်..."
ချီလန်က မြေအိုးကို ယူ၍ သေသေချာချာ စစ်ဆေးကြည့်လိုက်သည်။
"အတော်လေး ခိုင်သေးတာပဲ... ဆေးကြောပြီးရင် သုံးလို့ ရဦးမယ်... ရှောင်ရှောင်... ရေတစ်ဇလုံ သွားခပ်ချေ..."
ရှောင်ရှောင်က ရေသွားခပ်ရန် ပြေးထွက်သွားစဉ် ချီလန်က မြေအိုးကို ပြောင်စင်အောင် ဆေးကြောလိုက်ပြီး ခြံဝင်းထဲမှ တောဂန္ဓမာပန်း အနည်းငယ်ကို တူးယူ၍ စိုက်ပျိုးကာ ပြတင်းပေါက် ဘောင်ပေါ်တွင် တင်ထားလိုက်၏။
"ဟမ်း... အတော်လေး ကြည့်ကောင်းတာပဲ..."
လဲ့ချန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"အခု အိမ်သစ်ဆောက်ပြီးရင် သေသေချာချာ အလှဆင်ရမယ်..."
ထိုအချိန်မှာပင် လဲ့အားကော်က တစ်ဝက်တစ်ပျက် စားလက်စ ပြောင်းဖူးမုန့် တစ်ခုကို လက်တွင် ကိုင်လျက် အေးအေးလူလူ ဝင်လာခဲ့၏။
"အစ်ကိုချန်... အိမ်ဆောက်မယ်လို့ ကြားတယ်... ကျွန်တော် လာကူမယ်လေ..."
လဲ့အားကော်က ရိုးအအဖြင့် ပြုံးလိုက်ရာ သူ၏ ရှေ့သွား နှစ်ချောင်း ပေါ်လာသည်။
"အားကော်... မင်း လာတာ အချိန်ကိုက်ပဲ..."
လဲ့ချန်က လဲ့အားကော်၏ ပခုံးကို ဖက်လိုက်၏။
"ပစ္စည်းတွေချဖို့ ဘယ်သူ လာကူပေးမလဲလို့ စိတ်ပူနေတာ... လာ... တစ်လက်လောက် ကူပေးဦး..."
လဲ့အားကော်က သူ၏ စားလက်စ မုန့်ကို အောက်ချလိုက်ပြီး လက်မောင်းကို ခေါက်တင်ကာ အလုပ်စလုပ်တော့၏။
သူက အလွန် ခွန်အား ကြီးမားလှသည်။ သူ တစ်ယောက်တည်းနှင့်ပင် ဘိလပ်မြေ နှစ်အိတ်ကို ထမ်းနိုင်၏။ လဲ့ချန်က သူ့ကို ချီးကျူးလိုက်သည်။
"တော်လိုက်တာ အားကော်ရာ... မင်းက နွားတစ်ကောင်ထက်တောင် ပိုသန်မာသေးတယ်..."
လဲ့အားကော်က ချီးကျူးခံရပြီးနောက် ရှက်ကိုးရှက်ကန်းဖြင့် သူ၏ ခေါင်းကို ကုတ်လိုက်၏။
ပစ္စည်းများ ချပြီးသောအခါ လဲ့ချန်က လဲ့အားကော်ကို ဘေးသို့ ဆွဲခေါ်သွားပြီး အိမ်ဟောင်းနှင့် ၎င်းဘေးရှိ မြေကွက်လပ်ကို လက်ညှိုးထိုးပြကာ သူ၏ ကြီးကျယ်ခမ်းနားသော အစီအစဉ်အကြောင်းကို ရှည်လျားစွာ စတင် ပြောပြတော့သည်။
"အားကော်... ကြည့်စမ်း... ဒီအိမ်ဟောင်းကို အရင် မဖျက်သေးဘူး... ပြုပြင်လိုက်ရင် လူနေလို့ ရသေးတယ်..."
"ပြီးတော့... ဒီဘေးနား၌ပင် အိမ်သစ်တစ်လုံး ဆောက်မယ်... နှစ်ထပ်တိုက်ကြီး... အုတ်ကြွပ်ပြား အပြာတွေနဲ့... တပ်မဟာ ခေါင်းဆောင်ရဲ့ အိမ်ထက်တောင် ပိုပြီး ခမ်းနားဦးမှာ..."
လဲ့အားကော်၏ မျက်လုံးများက အံ့သြမှုကြောင့် ပြူးကျယ်သွား၏။
"အစ်ကိုချန်... အဲ့တာက တကယ် မိုက်တာပဲ... နှစ်ထပ်တောင်... ပိုက်ဆံ ဘယ်လောက်တောင် ကုန်သွားလဲ..."
"မင်း မေ့သွားပြီလား... အရင်က ငါတို့ ဝံပုလွေဖြူဘုရင်ကို အနိုင်ယူခဲ့တယ်လေ... အခု ငါ့လက်ထဲမှာ ပိုက်ဆံတွေ ရှိနေပြီ..."
လဲ့ချန်က ပြောရင်းဆိုရင်း ပိုမို စိတ်လှုပ်ရှားလာသည်။
"အချိန်ကျလာရင်... အားကော်... မင်းလည်း ပြောင်းလာခဲ့လေ... ငါတို့ ညီအစ်ကိုတွေ အိမ်နီးချင်းနေပြီး တစ်ယောက်ကို တစ်ယောက် စောင့်ရှောက်လို့ ရတာပေါ့..."
လဲ့အားကော်မှာ အံ့အားသင့်သွား၏။
"အစ်ကိုချန်... ဒါက... ဒါက တောင်းဆိုဖို့ များလွန်းပါတယ်..."