မှော်ရတနာဓား
Vol. 27 Ch. 284
တွေးရင်း ဒေါသထွက်လာပြီး ရှင်းရွယ်ရွယ်၏ ခန္ဓာကိုယ်မှ ပြင်းထန် ပုပ်ဟောင်နေသော အလောင်းကောင်အနံ့နှင့်အတူ အေးစက်သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသည်။ ခဏချင်းမှာပင် သူမသည် ခြောက်ကပ်နေသော အလောင်းကောင်နှင့်တူသည့် ပုံစံသို့ ပြောင်းလဲသွားပြီး မျက်နှာမှာ ခရမ်းရောင်သန်းကာ အစွယ်များလည်း ငေါထွက်လာသည်။
"ဝူး..."
ရှင်းရွယ်ရွယ်၏ မျက်ဝန်းများသည် အရူးအမူးဖြစ်ကာ သွေးဆာနေသည့်ပုံပေါ်လာပြီး အသိစိတ်မှာ လုံးဝ ပျောက်ဆုံးသွားသည်။
ထိုစဉ် သန်မာထွားကြိုင်းသော လူရိပ်တစ်ခုမှာ သူမဘေးတွင် ရုတ်တရက် ပေါ်လာသည်။ ထိုအမျိုးသားက "ငြိမ်ငြိမ်နေ" ဟု လေသံတိုးတိုးဖြင့် အမိန့်ပေးလိုက်သည်။ ထိုအသံမှာ ကျယ်လောင်ခြင်းမရှိသော်လည်း ရှင်းရွယ်ရွယ်အတွက်မူ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားသည်။
ရှင်းရွယ်ရွယ်၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်သွားပြီး မျက်ဝန်းထဲမှ သွေးဆာနေသော ရူးသွပ်မှုများ မှေးမှိန်သွားကာ တဖြည်းဖြည်း အသိစိတ် ပြန်ဝင်လာသည်။
သတိပြန်ဝင်လာသော ရှင်းရွယ်ရွယ် ဘေးသို့ လှည့်ကြည့်လိုက်ရာ အရပ်ရှည်ပြီး ခန့်ညားထည်ဝါသော အမျိုးသားတစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရမှ စိတ်အေးသွားသည်။ ထိုသူ၏ အကြည့်များမှာ ထက်မြက်စူးရှပြီး အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေသည်။ ထိုသူမှာ သူမ၏ ဖခင် ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူ ရှင်းကောင်းဟန်ပင် ဖြစ်သည်။
"ဖေဖေ... အဲဒီလူက ဝိညာဉ်ကျောက်တွေနဲ့ ပစ္စည်းတွေ ယူသွားပြီး အလောင်းဘုရင် သွေးသန့်စင်ပညာကို မပေးခဲ့ဘူး။ သိုလှောင်အိတ် ပါသွားတဲ့ ကူပိုးကောင် ဘယ်ကို သွားလဲဆိုတာ ဖေဖေ သိလား။ ကျွန်မ အဲဒီလူကို ရှာတွေ့မှ ဖြစ်မယ်၊ ရှာတွေ့ရင် သူ့ခန္ဓာကိုယ်ကို အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်" ဟု ရှင်းရွယ်ရွယ် အံကြိတ်ကာ ပြောလိုက်သည်။
ရှင်းကောင်းဟန်က "အဲဒီကူကောင် ဘယ်ကို သွားလဲဆိုတာ ငါမသိဘူး။ ငါက မင်းလုံခြုံရေးကို စိုးရိမ်လို့ နောက်ကနေ အနီးကပ် လိုက်နေခဲ့တာ" ဟု ပြန်ဖြေသည်။
"ဒါဆို အဲဒီလူကို ဒီအတိုင်း လွှတ်ပေးလိုက်မှာလား"
ရှင်းကောင်းဟန်က ကျွန်းကို တစ်ချက် ငုံ့ကြည့်လိုက်ကာ "ကောက်ချက်ချဖို့ စောပါသေးတယ်" ဟု ဆိုသည်။
ရှင်းရွယ်ရွယ်က "ဖေဖေ... ဘာကို ဆိုလိုတာလဲ" ဟု အံ့သြတကြီး မေးလိုက်သည်။
ရှင်းကောင်းဟန်က ပြန်မဖြေဘဲ မြေပြင်ကိုသာ စိုက်ကြည့်နေသည်။ သူ့အကြည့်မှာ ကူကောင် ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည့် ကျောက်ဆောင်ကြားမှ အက်ကြောင်းငယ်လေးပေါ်တွင် တည်ရှိနေသည်။ ဖခင်၏ အကြည့်နောက်သို့ လိုက်ကြည့်ရင်း ရှင်းရွယ်ရွယ်လည်း ဇဝေဇဝါဖြင့် ထိုအက်ကြောင်းကို ကြည့်နေမိသည်။
ခဏအကြာတွင် ကူနှစ်ကောင် အက်ကြောင်းထဲမှ တွားသွား ထွက်လာကြပြီး တစ်ကောင်၏ ပါးစပ်တွင် ကျောက်စိမ်းပြားတစ်ခု ပါလာသည်။ ထိုကူကောင်က ကျောက်စိမ်းပြားကို မြေပြင်ပေါ်သို့ ချထားလိုက်ပြီး တောင်ပံများကို ခတ်ကာ အနောက်ဘက်သို့ ပျံသန်းသွားသည်။
ရှင်းရွယ်ရွယ်လည်း ဝိညာဉ်စွမ်းအားကို အသုံးပြု၍ ကျောက်စိမ်းပြားကို ဆွဲယူစစ်ဆေးလိုက်သည်။ ချက်ချင်းပင် သူမ မျက်နှာတွင် ဝမ်းသာရိပ်များ ပေါ်လာသည်။
"ဖေဖေ... ဒါက အလောင်းဘုရင် သွေးသန့်စင်ပညာ အပြည့်အစုံပဲ၊ ဒါပေမဲ့ ချီစုစည်းခြင်းနဲ့ အခြေတည်အဆင့်တွေအတွက်ပဲ ပါသေးတယ်"
ရှင်းကောင်းဟန်က "ဒါဆိုရင် ကောင်းတာပေါ့" ဟု ပြန်ဖြေသည်။
ရှင်းရွယ်ရွယ်က အဝေးသို့ ပျံထွက်သွားသော ကူကောင်များကို ကြည့်ရင်း "ဖေဖေ... ကျွန်မတို့ အဲဒီကူကောင်နောက်ကို လိုက်သွားရင် အဲဒီလူကို ရှာတွေ့နိုင်တယ်။ သူ့ဆီမှာ တခြား အဆင့်မြင့် ကျင့်စဉ်တွေလည်း ရှိနိုင်သေးတယ်" ဟု မေးလိုက်သည်။
"တော်တော့ ...ဒီကိစ္စ ဒီမှာတင် ပြီးပြီ။ အခြေတည်အဆင့်အတွက် ကျင့်စဉ် အပြည့်အစုံ ရပြီဆိုတော့ ကျင့်ကြံမှုကိုပဲ အာရုံစိုက်ပြီး ဖုတ်ကောင်အသွင်ပြောင်း ပြဿနာကို အမြန်ဆုံး ဖြေရှင်းလိုက်။ ရွှေအမြုတေအဆင့် ရောက်ပြီဆိုရင် တခြားကျင့်စဉ်တစ်ခုကို ပြောင်းလေ့ကျင့်လို့ ရပြီ"
"ဒါပေမဲ့ ဖေဖေ... အဲဒီလူက ဝိညာဉ်ကျောက်တုံး ၃ သန်းလောက် တန်တဲ့ ပစ္စည်းတွေကို ယူသွားတာလေ။ သူ့ကို ဒီအတိုင်း လွှတ်ပေးလိုက်ရမှာလား"
ရှင်းရွယ်ရွယ်က ထိုလူ့ထံတွင် အဆင့်မြင့် ကျင့်စဉ်များ ရှိဦးမည်ဟုသာ စိတ်စွဲနေသဖြင့် ဖခင်ကို ဆက်လက် ခြေရာခံရန် နားချနေသည်။
"ငါ ပြောပြီးပြီ... ဒီကိစ္စ ဒီမှာတင် ပြီးပြီ"
ရှင်းကောင်းဟန်၏ လေသံမှာ အေးစက်လာပြီး စကားဆုံးသည်နှင့် ဖန်မြို့တော်ဘက်သို့ ပျံထွက်သွားခဲ့သည်။
ရှင်းကောင်းဟန်သည် စုန့်ဝမ် ရရှိသွားသော သိုလှောင်အိတ်ရှိ ဝိညာဉ်ပစ္စည်းအချို့ကို သူ့ဝိညာဉ်အာရုံဖြင့် အမှတ်အသား လုပ်ထားခဲ့ကြောင်း ရှင်းရွယ်ရွယ်ကို ရှင်းပြခြင်း မရှိခဲ့ပေ။ သို့သော်လည်း လွန်ခဲ့သော နာရီဝက်ခန့်က ထိုအမှတ်အသားများအားလုံး ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့သည်။ ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် တစ်စုံတစ်ယောက်က သူ့အမှတ်အသားများကို ဖျက်ဆီးလိုက်ခြင်းမှာ ထိုသူသည်လည်း အဆင့်တူ ကျင့်ကြံသူတစ်ဦး ဖြစ်ကြောင်း သက်သေပြနေခြင်းပင်။
သူ့လို ချမ်းသာကြွယ်ဝသော မိသားစုခေါင်းဆောင် ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူက အဆင့်နိမ့် ဝိညာဥ်ကျောက် ၃ သန်းခန့်သာ တန်ဖိုးရှိသော ပစ္စည်းများအတွက် ဤမျှ အလုပ်ရှုပ်ခံမည် မဟုတ်ပေ။
ထို့အပြင် သမီးဖြစ်သူမှာ မိစ္ဆာအိုကြီးယင်ရှို့၏ လှည့်ဖြားမှုကြောင့် အလောင်းဘုရင် သွေးသန့်စင်ပညာ လေ့ကျင့်မိခဲ့ခြင်းကို ပြန်စဉ်းစားရင်း ဤဖြစ်ရပ်မှာ သူ့ကို တိုက်ရိုက် ရည်ရွယ်သည့် ကြီးမားသော ပူးပေါင်းကြံစည်မှုတစ်ခု ဖြစ်နိုင်သည်ဟု ရှင်းကောင်းဟန် သံသယဝင်လာသည်။
ရည်ရွယ်ချက်မှာ သူ့ကို အပြင်သို့ မျှားခေါ်ရန်ပင် ဖြစ်နိုင်သည်။ အကယ်၍ သူသာ ထိုကူကောင်နောက် ဆက်လိုက်နေလျှင် ရန်သူက ကြိုတင် ပြင်ဆင်ထားသည့် ထောင်ချောက်ထဲသို့ ကျရောက်သွားနိုင်ခြေ အလွန်များသည်။
ရှင်းရွယ်ရွယ်လည်း ထွက်ခွာသွားသော ဖခင်ဖြစ်သူကို ငေးကြည့်ရင်း နောက်ဆုံးတွင် ဘာမှ မတတ်နိုင်ဘဲ နောက်ကနေ လိုက်သွားခဲ့ရတော့သည်။
...
စုန့်ဝမ်မှာ ယခင်နေ့ ကြယ်တာရာရေကန်အား စစ်ဆေးပြီးချိန် လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အခြေချ လှုပ်ရှားရန် မိုင်တစ်ထောင် အကွာအဝေးရှိ မြေအောက်လှိုဏ်ဂူတစ်ခုကို ရွေးချယ်ခဲ့သည်။ ထိုလိုဏ်ဂူတွင် မြေအောက် အနက်ပိုင်းသို့ ဆင်းသွားပြီးနောက် မြေအောက်မြစ်တစ်ခုကို ရှာတွေ့ခဲ့သည်။
စုန့်ဝမ်လည်း ပိုမိုစိတ်ချရစေရန် မြစ်ကြောင်းအတိုင်း နှစ်မိုင်ကျော် ဆက်သွားခဲ့သည်။ ထို့နောက် ကူကောင်များကို ကျောက်ူားများအား စတင် တူးခိုင်းလိုက်သည်။ နာရီအနည်းငယ် ကြာပြီးနောက်တွင် ပေ ၅၀ ခန့် ရှည်သော ကျဉ်းမြောင်းသည့် ကျောက်သား လိုဏ်ခေါင်းတစ်ခု ဖြစ်ပေါ်လာသည်။ ထိုလိုဏ်ခေါင်းမှာ သိုလှောင်အိတ် တစ်လုံးသာ ဖြတ်သန်းနိုင်လောက်အောင် ကျဉ်းမြောင်းသည်။
ဤသို့ ကြိုးပမ်းရခြင်းမှာ သိုလှောင်အိတ် ပါသော ကူကောင်ကို တစ်စုံတစ်ယောက်က ခြေရာခံ လိုက်လာခြင်းမှ တားဆီးရန် ဖြစ်သည်။ ထိုလိုဏ်ခေါင်းမှာ ကျဉ်းမြောင်းလွန်းသဖြင့် ကျင့်ကြံသူများ ဖြတ်သန်း၍ မရနိုင်ပေ။ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးပင် ပေ ၅၀ ခန့် ထူသော ကျောက်သားထုကို ထိုးဖောက်၍ အာရုံခံရန် မလွယ်ကူပေ။
စုန့်ဝမ်ကမူ ပိုစိတ်ချရစေရန် မြေအောက်မြစ်ထဲတွင် စောင့်မနေခဲ့ပေ။ မြေအောက်မြစ်၏ ထွက်ပေါက်ရှိရာ မိုင်အနည်းငယ် အကွာရှိ တောင်ထိပ်ပေါ်တွင် စောင့်နေခဲ့သည်။ အကယ်၍ ကျင့်ကြံသူတစ်ဦးက ကူကောင်ကို ခြေရာခံ၍ လိုက်လာမည်ဆိုလျှင် ထို ပေ ၅၀ ထူသော ကျောက်သားထုကို ဖောက်ထွက်မှသာ ကူကောင်ကို ဆက်လက် ခြေရာခံနိုင်မည် ဖြစ်သည်။ ၎င်းက သေချာပေါက် ဆူညံမှုကို ဖြစ်စေမည် ဖြစ်ရာ စုန့်ဝမ်အနေဖြင့် မိုင်အနည်းငယ် အကွာမှနေ၍ လွယ်လွယ်ကူကူ သိနိုင်မည် ဖြစ်သည်။
အဆိုးဆုံး အခြေအနေတွင် ကူကောင်နှင့် ပစ္စည်းများကို စွန့်လွှတ်လိုက်ရုံသာ ရှိသည်။ စုန့်ဝမ်သည် မည်သည့်အခါမျှ မိမိကိုယ်ကို အန္တရာယ်ထဲသို့ အရောက်ခံမည် မဟုတ်ပေ။
သို့သော် မျှော်လင့်မထားဘဲ ဂရုတစိုက် ပြင်ဆင်မှုများမှာ အလဟဿ ဖြစ်သွားသည်။ ရှင်းကောင်းဟန်မှာ ရှင်းရွယ်ရွယ်နောက်ကို ကြယ်တာရာရေကန်အထိ လိုက်လာခဲ့သည်မှာ မှန်သော်လည်း သမီးဖြစ်သူ၏ လုံခြုံရေးကို ပိုမိုအလေးထားသဖြင့် သိုလှောင်အိတ် ပါသော ကူကောင်နောက်ကို မလိုက်ခဲ့ပေ။
ထို့ကြောင့် စုန့်ဝမ် စိတ်ပူနေသည့် အန္တရာယ်များ ဖြစ်ပေါ်ခြင်း မရှိခဲ့ပေ။
စုန့်ဝမ်သည် သိုလှောင်အိတ်ကို ရရှိပြီးနောက် အတွင်းရှိ ဝိညာဉ်ပစ္စည်းများကို စစ်ဆေးကြည့်သည်။ သဘောတူထားသည့်အတိုင်း အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်တုံး၊ ရွှမ်ယင်ကျောက် သုံးတုံးနှင့် ခရစ္စတယ်သဲကျောက် တစ်တုံး ပါဝင်သည်။ ဝိညာဥ်အမှတ်အသားအချို့ တွေ့ရှိခဲ့သော်လည်း ၎င်းတို့အားလုံးမှာ သူ့သိစိတ်ပင်လယ်ရှိ တွင်းနက်၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။
ထို့နောက် စုန့်ဝမ်သည် လမ်းလွှဲပေးနေသော ကူကောင်အား မြေအောက်တွင် ကြိုတင် မြှုပ်ထားခဲ့သော ကျောက်စိမ်းပြားကို ထုတ်ယူ ပေးပို့စေကာ အလဲအလှယ်ကို အောင်မြင်စွာ အဆုံးသတ်လိုက်သည်။
ထို့နောက် အော်ရာကို ထိန်းချုပ်ပြီး ခန္ဓာကိုယ် ခွန်အားသက်သက်ကိုသာ အသုံးပြု၍ ထူထပ်သော တောအုပ်အတွင်း ဖြတ်သန်း သွားလာခဲ့သည်။ မိုင်တစ်ထောင်ကျော် ခရီးနှင်ပြီးနောက် ဈေးတန်းလေးတစ်ခုသို့ ရောက်ရှိလာသည်။ ဤသည်မှာ အဆင့်နိမ့် လေလွင့်ကျင့်ကြံသူများ သွားလာလေ့ရှိသော ဈေးတန်းလေး ဖြစ်သည်။
ဈေးထဲတွင် လှည့်ပတ်သွားလာပြီးနောက် စုန့်ဝမ်သည် ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲကာ ချီစုစည်းခြင်း နဝမအဆင့် ကျင့်ကြံသူတစ်ဦးအဖြစ် ဟန်ဆောင်လိုက်သည်။ ထို့နောက် လှေပျံကို အသုံးပြု၍ ဖန်မြို့တော်သို့ ထွက်လာခဲ့သည်။
ကူနှစ်ကောင်မှာမူ မိုင်တစ်သောင်းကျော် လှည့်ပတ်ပျံသန်းပြီးနောက်တွင်မှ စုန့်ဝမ် ကြိုတင် တူးထားသော လိုဏ်ခေါင်းမှတစ်ဆင့် မြေအောက်မြစ်ထဲသို့ ဝင်ရောက်သွားခဲ့ကြသည်။ ၎င်းတို့မှာ မြေအောက်မြစ်ထဲ၌ အနားယူနေကြမည် ဖြစ်သည်။ စုန့်ဝမ်က တစ်လ၊ နှစ်လခန့် စောင့်ဆိုင်းပြီးမှသာ အခြား ကူတစ်ကောင်ကို လွှတ်၍ ထိုနှစ်ကောင်ကို ပြန်လည် ခေါ်ယူရန် စီစဉ်ထားသည်။
…..
ဂူအိမ်သို့ ပြန်ရောက်ပြီးနောက် စုန့်ဝမ်သည် ဆေးလုံးများ စတင် ဖော်စပ်တော့သည်။ ယခင်က ဝယ်ယူခဲ့သော ဒုတိယအဆင့် ဆေးနည်း ၄ မျိုးနှင့် တတိယအဆင့် ဆေးနည်း ၂ မျိုးအတွက် လိုအပ်သော ဆေးအမယ်များကို အဆင်သင့် ပြင်ထားပြီး ဖြစ်သည်။
ဤဆေး ၆ မျိုးမှာ အဆုံးမဲ့ပင်လယ်တွင် အတွေ့ရများပြီး အခြေတည်အဆင့်နှင့် ရွှေအမြုတေအဆင့် ကျင့်ကြံသူများ၏ နေ့စဉ်ကျင့်ကြံမှုအတွက် မရှိမဖြစ် လိုအပ်သော ဆေးများ ဖြစ်ကြသည်။ စုန့်ဝမ်သည် မိမိကိုယ်ကို ဆေးဆရာ တစ်ဦးအဖြစ် ဟန်ဆောင်ရန် စီစဉ်ထားသဖြင့် ဤဆေးများကို ဖော်စပ်နိုင်ရန် လိုအပ်သည်။
ဆေးမီးဖိုတွင်း ဆေးပင်များ နေရာချပြီးနောက် မြေကမ္ဘာမီးတောက်၏ အပြာနုရောင် မီးတောက် လက်ဖဝါးပေါ်တွင် တောက်လောင်လာသည်။ စုန့်ဝမ် လက်ကို ဝှေ့ယမ်းလိုက်ရာ အပြာနုရောင် မီးတောက်မှာ အောက်ရှိ ဆေးဖိုအတွင်းသို့ ကျသွားသည်။
စုန့်ဝမ်လည်း မြေကမ္ဘာမီးတောက်ကို ကျွမ်းကျင်စွာ အသုံးပြု၍ ဆေးဖော်စပ်မှုကို အလွယ်တကူ ပြုလုပ်နိုင်ခဲ့သည်။ ၎င်းက ဆေးလုံးများကို ပိုမို လျင်မြန်စွာ ဖော်စပ်နိုင်စေသည်။
မျက်စိတစ်မှိတ်အတွင်း သုံးလတာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
ထိုညနေတွင် စုန့်ဝမ်သည် ချိန်းဆိုထားသည့်အတိုင်း သန်းကြွယ်ရတနာခန်းမသို့ ရောက်ရှိလာပြီး ဝေ့ကျန်းကျစ်နှင့် ထျန်းကျိုးတို့ကို တွေ့ဆုံခဲ့သည်။
"နှုတ်ခွန်းဆက်ပါတယ် စီနီယာဝေ့၊ မိတ်ဆွေထျန်း"
"မိတ်ဆွေဝူ... ထိုင်ပါဦး"
ထျန်းကျိုးက နွေးထွေးစွာ နှုတ်ဆက်ပြီး စုန့်ဝမ်ကို နေရာပေးလိုက်သည်။
ဝေ့ကျန်းကျစ်က "မိတ်ဆွေလေး... မှော်လက်နက်ကို သန့်စင်ပြီးပါပြီ" ဟု ဆိုသည်။ စကားဆုံးသည်နှင့် လက်ကိုင်မပါသည့် တစ်ပေခန့် ရှည်သော ကွေးညွတ်နေသည့် ဓားတစ်စင်း သူ့ရှေ့ လေဟာနယ်ထဲမှ ရုတ်တရက် ပေါ်လာသည်။
ထိုဓားသည် စုန့်ဝမ်ထံသို့ ဖြည်းညှင်းစွာ ပျံလာသည်။ စုန့်ဝမ်က လက်ကို မြှောက်ကာ ဓားကို ဖမ်းယူလိုက်သည်။ ဓားကို ကိုင်မိသည်နှင့် ပြင်းထန်သော အအေးဓာတ်ကို ခံစားလိုက်ရသည်။ မလှုပ်ရှားရသေးသော်လည်း ဓားမှ ထွက်ပေါ်နေသော ထက်မြက်သည့် အရှိန်အဝါကို ရှင်းလင်းစွာ ခံစားနေရပြီး ၎င်းက မည်သည့်အရာကိုမဆို ဖြတ်တောက်နိုင်စွမ်း ရှိပုံရသည်။
စုန့်ဝမ်သည် ဓားကို လေထဲတွင် အသာအယာ ဝှေ့ယမ်းလိုက်သည်။ တောက်ပသော အအေးဓာတ် အလင်းတစ်ခုမှာ လေထုကို ဖြတ်တောက်သွားသည်။ ထိုအလင်း ဖြတ်သန်းသွားသည့် နေရာတွင် လေထုမှာ နှစ်ခြမ်းကွဲသွားသကဲ့သို့ ဖြစ်သွားပြီး စူးရှရှ အသံများပင် ထွက်ပေါ်လာသည်။
"တကယ့်ဓားကောင်းတစ်လက်ပဲ"
စုန့်ဝမ်၏ မျက်ဝန်းများမှာ တောက်ပသွားပြီး မချီးကျူးဘဲ မနေနိုင် ဖြစ်သွားသည်။ ဝေ့ကျန်းကျစ်မှာ အမှန်ပင် ထူးချွန်သော မှော်ရတနာပညာရှင်ဟု အသိအမှတ် ပြုလိုက်ရသည်။
သူ သန့်စင်ထားသော မှော်လက်နက်က ဤကဲ့သို့ ချီးကျူးမှု ရရှိသည်ကို မြင်သောအခါ ဝေ့ကျန်းကျစ်သည်လည်း ဂုဏ်ယူစွာ ပြုံးလိုက်သည်။
"မိတ်ဆွေလေး စိတ်ကျေနပ်တာ တွေ့ရလို့ ဝမ်းသာပါတယ်။ ဒီဓား သန့်စင်တော့ ကောင်းကင်မီးကျောက်တချို့ အထူး ပေါင်းစပ်ပေးထားတယ်။ ဒါက ဓားကို ပိုထက်မြက်စေရုံ မကဘူး၊ အတွင်းမှာ ဝိညာဉ်မီးတောက်တွေကိုပါ ထိန်းသိမ်းထားနိုင်စေတယ်။ ဒီဓားကို သန့်စင်ပြီးရင် ဒန်တန်ထဲမှာ ထားပြီး ဝိညာဉ်မီးတောက်တွေနဲ့ ပြုစုပျိုးထောင်လိုက်ပါ။ အချိန်တန်ရင် ဓားမှာ ဝိညာဉ်မီးတောက်ရဲ့ အငွေ့အသက်တွေ သဘာဝအလျောက် ကိန်းအောင်းလာလိမ့်မယ်"
စုန့်ဝမ်က ဓားကို သိမ်းလိုက်ပြီး အရိုအသေပြုကာ ကျေးဇူးတင်စကား ပြောလိုက်သည်။
"စီနီယာဝေ့ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။"
ထို့နောက် သိုလှောင်အိတ်တစ်ခုကို ထုတ်ယူကာ ကမ်းပေးလိုက်သည်။
အိတ်အတွင်း၌ မီးလျှံအကြေးခွံသစ်သား တစ်ခု၊ အဆင့်မြင့် ဝိညာဉ်ကျောက် ၅၀ နှင့် အရောင်းအဝယ် ပြုလုပ်ခဲ့ကြောင်း သက်သေအဖြစ် အသုံးပြုသည့် ရွှေတံဆိပ်ပြားတို့ ပါဝင်သည်။
အိတ်အတွင်းရှိ ပစ္စည်းများကို စစ်ဆေးပြီးနောက် ဝေ့ကျန်းကျစ် စိတ်ကျေနပ်စွာ ပြုံးလိုက်သည်။
"မိတ်ဆွေလေး... နောက်နောင် မှော်လက်နက်တွေ သန့်စင်ဖို့ လိုအပ်ရင် ငါ့ကို ရှာဖို့ မမေ့ပါနဲ့။ မင်းအတွက် အထူးလျှော့ဈေး ပေးမယ်လို့ ငါ ကတိပေးပါတယ်"
ခေတ္တမျှ စကားပြောဆိုပြီးနောက် စုန့်ဝမ် ပြန်ထွက်ခဲ့သည်။
စုန့်ဝမ်၏ ပုံရိပ် မြင်ကွင်းမှ ပျောက်ကွယ်သွားသည်နှင့် ထျန်းကျိုး၏ အပြုံးမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး အေးစက် ပြတ်သားသော အမူအရာက အစားထိုးလာသည်။
"ဆရာကြီးဝေ့... ဒီလူငယ်နောက်ကို လူလွှတ်ပြီး ခြေရာခံခိုင်းကာ မှော်လက်နက်ကို ပြန်လုယူရမလား"
ဝေ့ကျန်းကျစ်က ခေါင်းယမ်းရင်း "ဒီလူငယ်ကို ကိုင်တွယ်ဖို့က လွယ်ပါတယ်၊ ဒါပေမဲ့ သူ့နောက်ကွယ်မှာ ရှိတဲ့ ဆရာက အတော်လေး ထူးဆန်းတယ်။ မီးလျှံအကြေးခွံသစ်သား ရပြီဆိုတော့ မလိုအပ်ဘဲ ပြဿနာ ရှာပြီး ရန်သူ တိုးအောင် မလုပ်တာက ပိုကောင်းပါတယ်" ဟု ပြန်ဖြေသည်။
စုန့်ဝမ်လည်း ထွက်ခွာခဲ့ပြီး ဘာမှ မသိသလို ဟန်ဆောင်ကာ ဈေးတန်းထဲတွင် သွားလာရင်း နောက်ယောင်ခံလိုက်သူ ရှိ၊ မရှိ သေချာအောင် သတိကြီးစွာဖြင့် စောင့်ကြည့်နေခဲ့သည်။
အတန်ကြာသည်အထိ မည်သူမျှ လိုက်မလာခြင်းကြောင့် အတော်လေး အံသြသွားသည်။ အဆုံးမဲ့ပင်လယ်ရှိ ကျင့်ကြံသူများ၏ ကျင့်ဝတ်စံနှုန်း အတော်ကောင်းသည်ဟုပင် တွေးမိလုမတတ် ဖြစ်သွားသည်။
သို့သော်လည်း စုန့်ဝမ်က လုံးဝ စိတ်မချသေးဘဲ ဈေးတန်းမှ ထွက်လာပြီးနောက် ထူထပ်သော တောအုပ်အတွင်း မိုင်တစ်ထောင်ကျော် ခရီးနှင်ကာ သူ့နောက်ကို မည်သူမျှ လိုက်မလာကြောင်း အကြိမ်ကြိမ် အတည်ပြုခဲ့သည်။ လုံးဝစိတ်ချရမှသာ ဖန်မြို့တော် အပြင်ဘက်ရှိ သူ၏ ဂူသို့ ပြန်လာခဲ့သည်။
ဂူထဲသို့ ဝင်ရောက်ပြီးနောက် ဓားကို ထုတ်ယူကာ ခဏမျှ ကြည့်ပြီးနောက် သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဒီနေ့ကစပြီး မင်းကို လေဟာနယ်ခွဲဓားလို့ ခေါ်မယ်"
ထို့နောက် တင်ပျဉ်ခွေထိုင်ကာ ဝိညာဥ်စွမ်းအားကို အသုံးပြု၍ ဓားကို စတင် သန့်စင်တော့သည်။ အလယ်အလတ်အဆင့် မှော်လက်နက် ဖြစ်သဖြင့် လေဟာနယ်ခွဲဓားကို သန့်စင်ရန်မှာ အလွန်ပင် အချိန်ကုန်လှသည်။ အပြီးသတ် သန့်စင်နိုင်ရန် နှစ်လကျော် အချိန်ယူခဲ့ရသည်။
…