နယ်မြေစိမ်းရောက် စုန့်ဝမ်
Vol. 27 Ch. 275
လူစည်ကားရာနေရာ ဖြစ်နေသောကြောင့်လား မသိ၊ ရှန်းယွဲ့၏ အလိုလိုက်လွန်းသော အပြုအမူများက ရှင်းချန်ကို အနည်းငယ် နေမထိထိုင်မသာ ဖြစ်စေသည်။
ရှင်းချန်က မိခင်၏လက်ကို အသာအယာ ခါထုတ်လိုက်ပြီး "အဖိုးကြီးချီ သေသွားပြီ"ဟု ပြောလိုက်သည်။ အဖိုးကြီးချီ သေဆုံးမှုအပေါ် ပေါ့ပေါ့ပါးပါး ပြောခဲ့သလို၊ ဝမ်းနည်းပူဆွေးသည့် အရိပ်အယောင် လုံးဝမရှိပေ။
"နှမြောစရာပဲ၊ သူက အသက်တစ်ရာကျော်ပဲ ရှိသေးတာ။ တကယ်လို့ မသေဘူးဆိုရင် မင်းအတွက် နောက်ထပ် အနှစ်တစ်ရာလောက် အသုံးတော်ခံနိုင်ဦးမှာ" ဟု ရှန်းယွဲ့က ဆိုသည်။ သူမ၏ လေသံမှာ အရေးမစိုက်ဘဲ အေးစက်နေပြီး လိမ္မာရေးခြားရှိကာ အသုံးဝင်သော ခွေးတစ်ကောင် သေဆုံးသွားသကဲ့သို့သာ သဘောထားနေပုံရသည်။
အကယ်၍ အဖိုးကြီးချီသာ တမလွန်ကနေ သိနိုင်မည်ဆိုပါက ဘယ်လိုများ တွေးနေမည်နည်းဟု စုန့်ဝမ် တွေးမိသွားသည်။ သို့သော် သူ သိနိုင်တော့မည် မဟုတ်ပေ၊ သူ့ဝိညာဉ်မှာ စုန့်ဝမ်၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီး ရုပ်အလောင်းမှာလည်း ပြာဖြစ်အောင် မီးရှို့ပြီး ပင်လယ်ထဲသို့ ကြဲပက်ခြင်း ခံလိုက်ရသောကြောင့် ဖြစ်သည်။
"အမေ၊ ကျွန်တော် လူတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်တယ်။ အခုခရီးစဉ်မှာ သူ့ကျေးဇူးကြောင့် ကျွန်တော် အန္တရာယ်ကနေ နှစ်ကြိမ်တိုင်တိုင် လွတ်မြောက်ခဲ့တာ။ သူသာ မရှိရင် အမေ ကျွန်တော့်ကို နောက်ထပ် မြင်ရတော့မှာ မဟုတ်ဘူး"
ရှင်းချန်က စကားပြောရင်း ရှန်းယွဲ့ကို စုန့်ဝမ်၏ ရှေ့သို့ ခေါ်ဆောင်လာခဲ့သည်။
ရှင်းချန်က မိတ်ဆက်ပေးပြီးနောက် စုန့်ဝမ်က ရိုသေစွာဖြင့် ဦးညွှတ်ကာ "သသခင်မကြီးကို ဂါရဝပြုပါတယ်"ဟု နှုတ်ဆက်လိုက်သည်။
ရှန်းယွဲ့၏ အလွန်လှပသော မျက်နှာပေါ်တွင် ဟန်ဆောင်ပြုံးတစ်ခု ပေါ်လာသည်။ ထိုအပြုံးမှာ တမင်လုပ်ယူထားမှန်း အလွန်သိသာပြီး မောက်မာသော အရှိန်အဝါမျိုး ပေါ်လွင်နေသည်။ မြင့်မြတ်သော အရှင်သခင်တစ်ပါးက နိမ့်ကျသော သာမန်လူတစ်ယောက်ကို ဆုလာဘ်ပေးသကဲ့သို့ပင်။
"ငါ့သား အန္တရာယ်ကြုံနေချိန်မှာ ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"
ရှန်းယွဲ့၏ မျက်နှာပေါ်မှ အပြုံးကို ကြည့်ရင်း စုန့်ဝမ်သည် သူမ၏ အလှတရားကြောင့် မှင်တက်သွားသည့်အလား ခဏမျှ ငိုင်ကျသွားသည်။ ခဏအကြာမှ သတိပြန်ဝင်လာပြီး အမူအရာမှာ အနည်းငယ် ပျာယာခတ်ကာ စိုးရိမ်ပူပန်ဟန် ပေါ်လာသည်။
"သခင်မကြီး၊ ချီးမွမ်းလွန်းနေပါပြီ။ ကျွန်တော်က သာမန် လေလွင့်ကျင့်ကြံသူ တစ်ယောက်ပါ၊ သခင်မကြီးရဲ့ ကျေးဇူးတင်စကားကို ခံယူဖို့ မထိုက်တန်ပါဘူး"
ရှန်းယွဲ့က "အို... ဒါဆို ဝေ့တင်းက လေလွင့်ကျင့်ကြံသူပေါ့။ မင်း ရှင်းမိသားစုထဲကို ဝင်ချင်စိတ် ရှိလား။ ငါ့သားရဲ့ ကိုယ်ရံတော် ကံဆိုးမိုးမှောင်ကျသွားတာဆိုတော့ ဒီနေရာမှာ အစားထိုးဖို့ ယုံကြည်ရတဲ့သူတစ်ယောက် ငါတို့ အရေးတကြီး လိုအပ်နေတယ်" ဟု ဆိုလာသည်။
အင်အားကြီး ကျင့်ကြံခြင်း မိသားစုများတွင်းရှိ အာဏာလုပွဲများမှာ သာမန်လူသားတို့၏ နန်းတွင်းအာဏာလုပွဲများထက် အဆပေါင်း ရာချီ၍ ပိုမိုအန္တရာယ်များလှသည်။ တစ်ကြိမ်တစ်ခါ ပတ်သက်မိသည်နှင့် ခြေလှမ်းအမှားတစ်ခုက ပြန်လမ်းမရှိသော ချောက်ထဲသို့ တွန်းပို့နိုင်ပေသည်။ စုန့်ဝမ်သည် ရှင်းမိသားစု၏ အတွင်းပိုင်း အာဏာလုပွဲများတွင် မပါဝင်လိုပေ။ သူ့အနေဖြင့် ဝိညာဥ်ထိုးဖောက်ပညာကို ရယူရန် အကြံရှိသော်လည်း ထိုသို့ မလုပ်ဆောင်နိုင်ပေ။
စုန့်ဝမ် အတော်ကြာအောင် တွေဝေနေပြီးမှ နောက်ဆုံးတွင် ပြောလိုက်သည်။
"သခင်မကြီးရဲ့ ကမ်းလှမ်းချက်အတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်က လွတ်လပ်မှုကို ကျင့်သားရနေပြီဆိုတော့ ရှင်းမိသားစုရဲ့ စည်းမျဉ်းစည်းကမ်းတွေအောက်မှာ နေသားကျဖို့ ခက်ပါလိမ့်မယ်။ သခင်မကြီး နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"
စုန့်ဝမ်၏ ငြင်းဆိုမှုကို ကြုံရသော်လည်း ရှန်းယွဲ့သည် စိတ်ပျက်သည့် အရိပ်အယောင် မပြပေ။ စုန့်ဝမ်က သားဖြစ်သူကို ကယ်တင်ခဲ့သော်လည်း သူမက အလွယ်တကူ မယုံကြည်နိုင်ပေ။
"အင်းလေ .. မင်းက မလိုလားဘူးဆိုရင်လည်း ငါ အတင်းအကျပ် မတိုက်တွန်းပါဘူး။ တကယ်လို့ တစ်နေ့နေ့မှာ ရှင်းမိသားစုထဲ ဝင်ချင်လာရင် ငါ့ကို အချိန်မရွေး လာရှာနိုင်ပါတယ်"
ထို့နောက် ရှင်းချန်သည် စုန့်ဝမ်နှင့် သတင်းပို့ကျောက်စိမ်းပြားများ အပြန်အလှန် လဲလှယ်ပြီး ရှန်းယွဲ့နှင့်အတူ မြောက်ဘက်မြို့ဆီသို့ ဦးတည် ထွက်ခွာသွားကြသည်။
ထိုနှစ်ယောက်၏ ကျောပြင်ကို ကြည့်ရင်း စုန့်ဝမ် စိတ်ပျက်လက်ပျက် ခေါင်းခါလိုက်မိသည်။ သူသည် ရှင်းချန်ကို နှစ်ကြိမ်တိုင်တိုင် ကယ်တင်ခဲ့သော်လည်း ဤသားအမိနှစ်ယောက်မှာ နှုတ်ဖြင့်သာ ကျေးဇူးတင်စကား အနည်းငယ်ပြောပြီး လက်တွေ့ကျကျ ကျေးဇူးဆပ်သည့် အပြုအမူမျိုး လုံးဝမပြကြပေ။ သို့သော် ရှန်းယွဲ့မှာ အမှန်တကယ်ပင် ရှားပါးသော မိန်းမလှတစ်ဦး ဖြစ်သည်၊ ထို့ကြောင့်လည်း ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူ ရှင်းကောင်းဟန်၏ မျက်စိကျခြင်းကို ခံရကာ သာမန်သေမျိုးလောကမှ ရှင်းမိသားစုထံ ခေါ်ဆောင်ကာ ဇနီးမယားအဖြစ် နေရာပေးခံခဲ့ရခြင်း ဖြစ်ပေမည်။ စုန့်ဝမ် မြင်ဖူးသမျှ အမျိုးသမီးများထဲတွင် ယန်ယုရှန်နှင့် လန်ချန်းတို့သာလျှင် သူမနှင့် အလှချင်း ယှဉ်နိုင်ပေလိမ့်မည်။
ရှုင်းချန်တို့သားအမိ ထွက်သွားသည်နှင့် စုန့်ဝမ်လည်း တောင်ဘက်မြို့ဆီသို့ ထွက်လာခဲ့သည်။ တောင်ဘက်မြို့အတွင်း၌ လေလွင့်ကျင့်ကြံသူ များစွာရှိပြီး အလွန်စည်ကားသည်။ လမ်းမကြီးများပေါ်တွင် ခဏတာ လျှောက်သွားပြီးနောက် ဆိတ်ငြိမ်သော နေရာတစ်ခုတွင် ရုပ်ဖျက်ကာ အရောင်းဆိုင်တစ်ခုသို့ ဝင်လိုက်သည်။ ဤကုန်စုံဆိုင်မှာ အဖိုးကြီးချီ၏ မှတ်ဉာဏ်များအရ သိရှိထားသော နေရာဖြစ်သည်။
ဆိုင်မှာ သေးငယ်သော်လည်း ပစ္စည်းအစုံရောင်းသည်။ ဆေးလုံးများ၊ ဝိညာဉ်ကိရိယာများ၊ ကျင့်စဉ်များ၊ လျှို့ဝှက်ပညာရပ်များ စသည်ဖြင့် ကျင့်ကြံသူတစ်ဦး လိုအပ်နိုင်သမျှကို ဤဆိုင်တွင် တွေ့နိုင်သည်။ ဆိုင်ရှင်မှာ အခြေတည် အစောပိုင်းအဆင့် သတ်လတ်ပိုင်း အမျိုးသား ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ စုန့်ဝမ် ဝင်လာသည်ကို မြင်သောအခါ ဆိုင်ရှင်က စိတ်အားထက်သန်စွာ ကြိုဆိုသည်။
"မိတ်ဆွေ၊ ဘာများ ဝယ်ချင်လို့လဲ"
"မြေပုံတွေ ရောင်းဖို့ ရှိလား"
"ရှိတာပေါ့၊ ဘယ်မြေပုံကို ရှာနေတာလဲ။ ဖန်ကျူးကျွန်းစုလား ဒါမှမဟုတ် ပင်လယ်ပြင်မြေပုံလား"
"ကျွန်တော် နှစ်မျိုးလုံး လိုချင်ပါတယ်၊ အသေးစိတ်လေ ပိုကောင်းလေပဲ"
စုန့်ဝမ် ဤသို့ပြောလိုက်သည်နှင့် ဆိုင်ရှင်၏ မျက်နှာမှာ ပြုံးရွှင်သွားသည်။ အတွေ့အကြုံအရ ငွေအမြောက်အမြား သုံးမည့် ဖောက်သည်ကြီးတစ်ဦးနှင့် တွေ့ပြီမှန်း သိလိုက်သည်။
"မိတ်ဆွေ၊ ကျွန်တော့်မှာ ဖန်ကျူးကျွန်းစုရဲ့ အသေးစိတ် မြေမျက်နှာသွင်ပြင် မြေပုံနဲ့ ပင်လယ်ပြင်မြေပုံတွေ ရှိပါတယ်။ အတွင်းပင်လယ် တစ်ခုလုံးရဲ့ ကျွန်းစုတွေနဲ့ အင်အားစု ပျံ့နှံ့ပုံ မြေပုံတွေလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ ဈေးကတော့ နည်းနည်းကြီးတယ်၊ မိတ်ဆွေ ဝယ်နိုင်ပါ့မလား"
"ဘယ်လောက်လဲ"
"အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်ထောင်ပါ"
ဆိုင်ရှင်က အတော်ပင် မြင့်မားသော ဈေးနှုန်းကို ပြောလိုက်သည်။ လျှို့ဝှက်နယ်မြေ မြေပုံများမှလွဲ၍ ပုံမှန်မြေပုံများမှာ ကျင့်ကြံသူများအတွက် အသုံးမဝင်လှပေ။ ထို့ပြင် ကျင့်ကြံသူများမှာ ပျံသန်းနိုင်သဖြင့် မြေပုံဆွဲရန် လွယ်ကူသောကြောင့် ကျင့်ကြံခြင်းလောကတွင် မြေပုံများမှာ ဈေးပေါလှသည်။
စုန့်ဝမ်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်သော်လည်း ဈေးမဆစ်ပေ။
"ဖြစ်နိုင်ရင် မြေပုံကို အရင် စစ်ကြည့်ချင်တယ်"
"ရတာပေါ့"
ဆိုင်ရှင်က စုန့်ဝမ်ကို ကျောက်စိမ်းပြား တစ်ခု ပေးလိုက်သည်။
စုန့်ဝမ် ကျောက်စိမ်းပြားကို ယူကာ ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်သည်။ ကျောက်စိမ်းပြားအတွင်း၌ ဖန်ကျူးမြို့တော် ပတ်ဝန်းကျင် မြေပုံမှာ အလွန်ပင် အသေးစိတ်လှပြီး တောင်ထိပ်များ၊ မြစ်များ၊ လွင်ပြင်များ၊ ချိုင့်ဝှမ်းများနှင့် မြေအောက်မြစ်များအထိ မှတ်သားထားသည်။
စုန့်ဝမ်က "မြေပုံက အတော်အသေးစိတ်ပါတယ်၊ ဒါပေမဲ့ ဈေးက နည်းနည်း များနေသလိုပဲ။ ငါးရာ ဆိုရင်ကော"ဟု စျေးဆစ်လိုက်သည်။
ဆိုင်ရှင်သည် တွန့်ဆုတ်မနေဘဲ နောက်ထပ် ကျောက်စိမ်းပြား တစ်ခုကို စုန့်ဝမ်အား ကမ်းပေးလိုက်သည်။ "သဘောတူတယ်"
ကျောက်စိမ်းပြားကို စစ်ဆေးပြီး ဖန်ကျူးကျွန်းစုနှင့် ပင်လယ်ပြင် မြေပုံများ ပါဝင်ကြောင်း အတည်ပြုပြီးနောက် စုန့်ဝမ်သည် ဆိုင်ရှင်အား ဝိညာဉ်ကျောက် ငါးရာ ပေးချေလိုက်သည်။
"မိတ်ဆွေ၊ တခြား ဘာလိုသေးလဲ" ဟု ဆိုင်ရှင်က မေးသည်။
"ဆေးဖော်စပ်နည်းများ ရောင်းဖို့ ရှိသလား"
"ရှိတာပေါ့၊ ဘယ်လို အမျိုးအစား လိုချင်တာလဲ"
"ဒုတိယအဆင့်နဲ့ တတိယအဆင့် ဆေးနည်းတွေဆိုရင် အကုန်ယူမယ်"
အဆုံးမဲ့ပင်လယ်သို့ ရောက်ရှိလာချိန်တွင် စုန့်ဝမ်အတွက် ဝိညာဉ်ကျောက်တုံးများ ရှာဖွေရန် နည်းလမ်းများ လိုအပ်နေသည်။ လက်ရှိတွင် ဆေးဆရာတစ်ဦးအဖြစ် ရပ်တည်ခြင်းက အကောင်းဆုံး ရွေးချယ်မှု ဖြစ်မည်။ အဆုံးမဲ့ပင်လယ်၏ ပတ်ဝန်းကျင်မှာ ထျန်းယွမ်တိုက်ကြီးနှင့် အလွန်ကွာခြားသဖြင့် ဝိညာဉ်ဆေးပင်များမှာလည်း ကွဲပြားခြားနားသည်။ ထို့ကြောင့် ဆေးနည်းအချို့မှာလည်း အနည်းငယ် ကွဲပြားနိုင်သည်။
ထျန်းယွမ်တိုက်ကြီးတွင် အဆင့်မြင့်ဆေးနည်းများနှင့် ဝိညာဉ်ဆေးပင်များကို အင်အားကြီး ကျင့်ကြံခြင်းအဖွဲ့များက တင်းကျပ်စွာ ထိန်းချုပ်ထားသဖြင့် လေလွင့်ကျင့်ကြံသူများအတွက် ထိုအဖိုးတန် အရင်းအမြစ်များကို ရယူရန် မဖြစ်နိုင်သလောက်ပင်။ ဤအချက်တွင် အဆုံးမဲ့ပင်လယ်မှာ ကွဲပြားသည်၊ ဝိညာဉ်ကျောက်တုံး လုံလောက်စွာ ရှိပါက အသုံးများသော ဒုတိယအဆင့်နှင့် တတိယအဆင့် ဆေးနည်းများ၊ ဝိညာဥ်ဆေးပင်များကို တိုက်ရိုက် ဝယ်ယူနိုင်သည်။
ဆိုင်ရှင်က စုန့်ဝမ်ကို ကျောက်စိမ်းပြား တစ်ခု ကမ်းပေးရင်း "ဒီမှာ ဆေးနည်းတွေ ရှိတယ်၊ ကိုယ်တိုင် ရွေးပါ" ဟု ပြောသည်။
စုန့်ဝမ် ကျောက်စိမ်းပြားကို ယူကာ ဝိညာဉ်အာရုံဖြင့် စတင်စစ်ဆေးသည်။ ကျောက်စိမ်းပြားထဲတွင် ဆေးနည်း ၂၅ မျိုး ပါဝင်ပြီး အများစုမှာ ဒုတိယအဆင့်ဖြစ်ကာ တတိယအဆင့်မှာ နှစ်မျိုးသာ ပါဝင်သည်။ ဆေးနည်းများမှာ အပြည့်အစုံ မဟုတ်ဘဲ အမည်များနှင့် ဆေးစွမ်းအာနိသင် အကျဉ်းချုပ်ကိုသာ ဖော်ပြထားသည်။
စုန့်ဝမ်လည်း ဒုတိယအဆင့် ဆေးနည်း ၄ မျိုးနှင့် တတိယအဆင့် ဆေးနည်း ၂ မျိုးကို ရွေးချယ်လိုက်သည်။ ဒုတိယအဆင့် ၄ မျိုးမှာ ကျင့်ကြံမှု မြှင့်တင်ပေးသော ဝိညာဉ်ငါးပါးဆေးလုံး၊ ကုသရေးအတွက် ပြန်လည်နာလန်ထူဆေးလုံး၊ အဆိပ်ဖြေဆေးလုံးနှင့် ခန္ဓာကိုယ်ကျင့်ကြံသူများ အသုံးပြုသော ခန္ဓာသန့်စင်ဆေးလုံးတို့ ဖြစ်ကြသည်။ ကျန်သည့် ဒုတိယအဆင့် ဆေးနည်းများမှာ ထျန်းယွမ်တိုက်ကြီးမှ ဆေးနည်းများနှင့် ဆင်တူနေပြီး ဆေးပင်အမည်များသာ ကွဲပြားနေသဖြင့် တန်ဖိုးမရှိလှပေ။
တတိယအဆင့် ဆေးနည်း နှစ်မျိုးမှာ ရွှေကျောက်စိမ်းဆေးလုံးနှင့် ဝိညာဉ်စွမ်းအင်ဆေးလုံးတို့ ဖြစ်သည်။ ပထမတစ်ခုမှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူများ ကျင့်ကြံမှု မြှင့်တင်ရန် ထောက်ကူဆေးဖြစ်ပြီး၊ ဒုတိယတစ်ခုမှာ ကျင့်ကြံသူ၏ ဝိညာဉ်အာရုံကို ပြန်လည် ဖြည့်တင်းပေးသော ဆေးဖြစ်သည်။ ဤဆေးနည်း ၆ မျိုးအား ဝိညာဉ်ကျောက်တုံး တစ်သောင်းဖြင့် ဝယ်ယူခဲ့သည်။
"မိတ်ဆွေ၊ ဒီဆိုင်မှာ ရှင်းမိသားစုနဲ့ ပတ်သက်တဲ့ အသေးစိတ် သတင်းအချက်အလက်တွေ ရှိသလား"
စုန့်ဝမ်က အသံကို နှိမ့်ကာ မေးလိုက်သည်။
ဤစကားကို ကြားသည်နှင့် ဆိုင်ရှင်၏ အမူအရာမှာ တောင့်တင်းသွားပြီး စုန့်ဝမ်ကို သံသယစိတ်ဖြင့် စိုက်ကြည့်လိုက်သည်။ ဖန်မြို့တော်ထဲတွင် ရှင်းမိသားစုအကြောင်း စုံစမ်းရဲသူမှာ ပတ်သတ်သင့်သူ မဟုတ်ပေ။ စုန့်ဝမ်သည်လည်း အသက်ကို ခပ်မှန်မှန်ရှူလျက် ဆိုင်ရှင်ကို အာရုံစိုက်ထားပြီး ဆိုင်ရှင်က တစ်ခုခု ထူးထူးခြားခြား ပြုမူသည်နှင့် တိုက်ခိုက်ရန် အသင့်ပြင်ထားသည်။ ဆိုင်တစ်ခုလုံးတွင် သူတို့ နှစ်ဦးတည်းသာ ရှိသည်။ စုန့်ဝမ်သည် ဆိုင်ရှင်ကို မည်သူမျှ မရိပ်မိစေဘဲ သတ်ပစ်နိုင်ကြောင်း ယုံကြည်မှု ရှိသည်။ ယခုအချိန်တွင် သူ့ရုပ်သွင်နှင့် အော်ရာကို ဖုံးကွယ်ထားရာ အကယ်၍ သတ်လိုက်ရလျှင်လည်း မြို့ပြင်သို့ လွယ်လွယ်ကူကူ ထွက်သွားပြီး ရုပ်ဖျက်ကာ မြို့ထဲသို့ ပြန်ဝင်လာရုံသာ ဖြစ်သည်။
ဆိုင်အတွင်းရှိ လေထုမှာ ရုတ်တရက် တင်းမာသွားသည်။ ခဏကြာ နှုတ်ဆိတ်နေပြီးနောက် ဆိုင်ရှင်က နောက်ဆုံးတွင် စကားပြောလိုက်သည်။ "မိတ်ဆွေ၊ ရှင်းမိသားစုရဲ့ သတင်းကို ရှာရဲတာ တော်တော် သတ္တိရှိတာပဲ။ ကျွန်တော့်ဆီမှာ အသေးစိတ်တော့ မရှိဘူး၊ အများသိတဲ့ အချက်အလက်တချို့ပဲ ရှိတယ်" ဟု ပြောရင်း ဆိုင်ရှင်က ကျောက်စိမ်းပြား တစ်ခုကို စုန့်ဝမ်ထံ ပစ်ပေးလိုက်သည်။
စုန့်ဝမ်က ကျောက်စိမ်းပြားကို လှမ်းဖမ်းလိုက်ပြီး "စျေးဘယ်လောက်လဲ" ဟု မေးသည်။ ဆိုင်ရှင်က ခေါင်းခါလိုက်ပြီး "မလိုပါဘူး၊ လက်ဆောင်လို့ပဲ သဘောထားပါ။ ကျွန်တော့်ဆိုင်ကနေ အမြန်ထွက်သွားပေးပါ၊ မိတ်ဆွေ ဒီကို လာခဲ့တာကိုလည်း မသိဘူးလို့ပဲ သဘောထားလိုက်မယ်။ နောင်ကိုလည်း ကျွန်တော့်ဆိုင်ကို မလာပါနဲ့တော့" ဟု ဆိုသည်။
"ကျေးဇူးတင်ပါတယ်" ဟု ပြောပြီး စုန့်ဝမ် နောက်လှည့်ထွက်လာခဲ့သည်။
........