ရပ်တည်ရန် နည်းလမ်းရှာခြင်း
Vol. 27 Ch. 276
ဆိုင်ငယ်လေးမှ ထွက်ပြီးနောက် စုန့်ဝမ် မြို့ပြင်သို့ ထွက်ခွာခဲ့သည်။ မြို့ပြင်ရှိ တောအုပ်ထူထပ်သော နေရာတွင် နေ့ဝက်ခန့် လှည့်ပတ်သွားလာပြီး မည်သူမျှ နောက်ယောင်ခံ မလိုက်ကြောင်း သေချာမှ ဝေ့တင်းအသွင်သို့ ပြန်ပြောင်းကာ တောင်ဘက်မြို့သို့ ပြန်ဝင်လာခဲ့သည်။
မြို့ထဲ ရောက်သည်နှင့် စုံစမ်းမေးမြန်းပြီး ကြီးမားသော အဆောက်အအုံ တစ်ခုသို့ ရောက်ရှိလာသည်။ ဤနေရာမှာ ရှင်းမိသားစုက ကျင့်ကြံခြင်းဂူများကို ငှားရမ်းပေးသော နေရာဖြစ်သည်။ ဖန်မြို့တော် ပတ်ဝန်းကျင်တွင် ဝိညာဉ်စွမ်းအင် ကြွယ်ဝသော တောင်တန်းများစွာ ရှိသည်။ ဝိညာဉ်စွမ်းအင် အကောင်းဆုံး တောင်များကို ရှင်းမိသားစုက ပိုင်နက်နယ်အဖြစ် သိမ်းပိုက်ထားသည်။ ကျန်ရှိသော တောင်များကိုလည်း ရှင်းမိသားစုကပင် ထိန်းချုပ်ထားပြီး ဂူများစွာကို ဖန်တီးကာ ပြင်ပကျင့်ကြံသူများကို ဝိညာဉ်ကျောက် အမြောက်အမြားဖြင့် ငှားရမ်းပေးထားသည်။ ထိုဂူများကို အဆင့်လေးဆင့် ခွဲခြားထားသည်။
စုန့်ဝမ်သည် စဉ်းစားချင့်ချိန်ပြီးနောက် ဝိညာဉ်ကျောက်တုံး ခြောက်ထောင်ပေးကာ ဒုတိယအဆင့် ဂူတစ်ခုကို ငှားရမ်းလိုက်သည်။ ထိုဂူမှာ တောင်ဘက်မြို့၏ အနောက်တောင်ဘက် မိုင် ၃၀ ခန့်အကွာရှိ မြင့်မားသော တောင်တစ်ခုတွင် တည်ရှိသည်။ တောင်ထိပ်၏ နေရောင်မရသော ဘက်ခြမ်းတွင် ရှိပြီး မတ်စောက်သော ကျောက်ဆောင်များကြား တောင်၏အလယ်ခန့်တွင် တည်ရှိသဖြင့် အလွန် ဆိတ်ငြိမ်လှသည်။
စုန့်ဝမ်သည် ဂူ၏ တံဆိပ်ပြားဖြင့် အစီအရင်ကို ဖွင့်၍ ဝင်လိုက်သည်။ ဂူမှာ မကြီးလှဘဲ တစ်ဧကခန့်သာ ရှိသည်။ အတွင်းပိုင်းမှာ ဗလာနတ္ထိ ဖြစ်နေပြီး နံရံများမှာလည်း ဘာမှ မရှိပေ။ ဂူအတွင်းရှိ ဝိညာဉ်စွမ်းအင်မှာ အတော်ပင် ကြွယ်ဝပြီး သားရဲသခင်ဂိုဏ်းတွင် သူ ရရှိခဲ့သော ဂူနှင့်ပင် နှိုင်းယှဉ်၍ ရသည်။ စုန့်ဝမ်သည် ဂူအတွင်း၌ ဝိညာဉ်စုစည်းအစီအရင်၊ ကိုးနန်းဆောင်ယင်အစီအရင်၊ ဝိညာဉ်ဖုံးကွယ်အစီအရင်နှင့် ယင်ယန်လေးသွယ်အစီအရင် စသည်တို့ကို အတွင်းမှ အပြင်သို့ အဆင့်ဆင့် စီမံခင်းကျင်းထားလိုက်သည်။
ထို့နောက် တင်ပျဉ်ခွေထိုင်ပြီး ဝယ်ယူခဲ့သော ဆေးနည်းများကို ထုတ်ကာ အသေးစိတ် လေ့လာတော့သည်။ သေချာ စစ်ဆေးပြီးနောက်တွင် ဆေးနည်း ၆ မျိုး၌ သူ တစ်ခါမျှ မကြားဖူးသော ဝိညာဉ်ဆေးပင် အချို့ ပါဝင်နေကြောင်း စုန့်ဝမ် တွေ့ရှိလိုက်သည်။ သို့သော် ဝိညာဉ်ဆေးပင် အများစုမှာ ထျန်းယွမ်တိုက်ကြီးရှိ ဆေးပင်များနှင့် အတူတူပင်ဖြစ်ပြီး အမည်များသာ ကွဲပြားနေခြင်း ဖြစ်သည်။
ဆက်လက်၍ ရှင်းမိသားစု အချက်အလက်များကို လေ့လာသည်။ ဤအချက်အလက်များမှာ လျှို့ဝှက်ချက်များ မဟုတ်ဘဲ လူသိရှင်ကြား အချက်အလက်များသာ ဖြစ်သည်။ အချက်အလက်များအရ ရှင်းမိသားစုတွင် ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူ ၃ ဦးရှိပြီး အစောပိုင်း၊ အလယ်ပိုင်းနှင့် နှောင်းပိုင်း အဆင့်များ ဖြစ်ကြသည်။ ရှင်းချန်၏ ဖခင် ရှင်းကောင်းဟန်မှာ ရှင်းမိသားစုတွင် အဆင့်အမြင့်ဆုံး ကျင့်ကြံသူဖြစ်ပြီး ဝိညာဥ်သန္ဓေ နှောင်းပိုင်းအဆင့် ဖြစ်သည်။
ရှင်းကောင်းဟန်မှာ ကာမဂုဏ်လိုက်စားသူဖြစ်ပြီး ကိုယ်လုပ်တော်ပေါင်း တစ်ထောင်ကျော် ရှိသည်။ သားသမီး အရေအတွက်မှာမူ တစ်ရာကျော်သာ ရှိသည်။ သို့သော် တရားဝင် သားနှင့် သမီးမှာ ၃ ဦးသာ ရှိသည်။ နို့စို့အရွယ် တတိယသားမှလွဲ၍ ကျန်ရှိသော နှစ်ဦးမှာ အလွန် အရည်အချင်းရှိသော သူများ ဖြစ်ကြသည်။ သားကြီးမှာ ရှင်းလီရန်ဖြစ်ပြီး အသက် ၃၀၀ ကျော်ကာ ရွှေအမြုတေ နှောင်းပိုင်းအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။ ကောလာဟလများအရ သူသည် ရွှေအမြုတေအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်ဟု ဆိုကြသည်။ ဒုတိယသမီးမှာ ရှင်းရွှယ်ရွှယ်ဖြစ်ပြီး အသက် ၂၀ ခန့်သာ ရှိကာ အခြေတည်အဆင့် အထွတ်အထိပ်တွင် ရှိနေသည်။ အချက်အလက်များကို သေချာ ဖတ်ရှုပြီးနောက် လက်ထဲမှ ကျောက်စိမ်းပြားကို ဖွဖွလေး ဖျစ်ညှစ်လိုက်ရာ အမှုန့်ဖြစ်သွားသည်။
ထို့နောက် စုန့်ဝမ်သည် ဂူထဲမှ ထွက်ခွာပြီး ဖန်မြို့တော်၏ တောင်ဘက်ရပ်ကွက်သို့ သွားကာ လိုအပ်နေသော ဝိညာဉ်ဆေးပင်များကို ဝယ်ယူသည်။ ဤနေရာတွင် အင်အားစုကြီးများက အလွန်အကျွံ လက်ဝါးကြီးအုပ်မှု မရှိသဖြင့် ထျန်းယွမ်တိုက်ကြီးကဲ့သို့ အခက်အခဲ မရှိချေ။ ဒုတိယအဆင့် ဆေးလုံး ၄ မျိုးအတွက် လိုအပ်သော ဝိညာဥ်ဆေးပင်များကို အလွယ်တကူ စုဆောင်းနိုင်ခဲ့သည်။ ရွှေကျောက်စိမ်းဆေးနှင့် ဝိညာဉ်စွမ်းအင်ဆေးတို့အတွက် တတိယအဆင့် ဝိညာဉ်ဆေးပင် တစ်မျိုး၊ နှစ်မျိုးသာ ရှာရခက်နေသည်။ ရွှေကျောက်စိမ်းဆေးလုံးအတွက် အဓိက ပါဝင်ပစ္စည်းဖြစ်သော ရွှေဝိညာဉ်အစေ့ လိုအပ်နေပြီး၊ ဝိညာဉ်စွမ်းအင်ဆေးလုံးအတွက်မူ နက်နဲဝိညာဉ်အမြစ်နှင့် ဗီဇပြောင်းပုလဲတို့ လိုအပ်နေသည်။ ဆိုင်များတွင် ထိုဆေးအမယ်များ ရှာမတွေ့သဖြင့် လေလွင့်ကျင့်ကြံသူများ ခင်းကျင်းရောင်းချသော လမ်းဘေးဈေးတန်းသို့ သွားခဲ့သည်။
ထိုဈေးတန်းများတွင် လိုအပ်သော ဆေးအမယ်များကို ရှာမတွေ့သော်လည်း လေလွင့်ကျင့်ကြံသူ အများအပြားမှာ နတ်ဆိုးကျင့်ကြံခြင်းဆိုင်ရာ ပစ္စည်းများကို လူသိရှင်ကြား ရောင်းချနေသည်ကို သတိထားမိလိုက်သည်။ ရှင်းမိသားစုမှာ နတ်ဆိုးအင်အားစု မဟုတ်သော်လည်း အဆုံးမဲ့ပင်လယ်၏ သဘောသဘာဝအတိုင်း နတ်ဆိုးလမ်းစဥ်နှင့် သမာသမတ်လမ်းစဉ်ကြား နက်ရှိုင်းသောရန်ငြိုး မရှိဘဲ နီးကပ်သော ဆက်ဆံရေး ရှိကြသည်။ ထို့ကြောင့် ဖန်မြို့တော်တွင် နတ်ဆိုးကျင့်ကြံသူအချို့ကို တွေ့ရသည်မှာ အံ့သြစရာ မဟုတ်ပေ။ သို့သော် နတ်ဆိုးအင်အားစု ထိန်းချုပ်နယ်မြေ မဟုတ်သဖြင့် ရောင်းချနေသော ပစ္စည်းများမှာ အဓိကအားဖြင့် ပထမအဆင့်သာဖြစ်ပြီး ဒုတိယအဆင့်ပစ္စည်းပင် အလွန်နည်းပါးသည်။ ရွှေအမြုတေအဆင့်သို့ ရောက်နေပြီဖြစ်သော စုန့်ဝမ်ကဲ့သို့ လူမျိုးအတွက် ထိုအဆင့်နိမ့် ပစ္စည်းများမှာ မည်သို့မျှ အသုံးဝင်စရာ မရှိပေ။
စုန့်ဝမ်သည် ဟိုကြည့် ဒီကြည့်ဖြင့် လျှောက်သွားနေရင်း ဈေးဆိုင်တစ်ခုရှေ့အရောက် တစ္ဆေလမ်းစဉ်မှ အလယ်အလတ်အဆင့် ပစ္စည်းတစ်ခုကို ကောက်ကိုင်ကာ "ဒါကို ဘယ်က ရတာလဲ" ဟု မေးလိုက်သည်။ ထိုပစ္စည်းမှာ အနည်းငယ် ပျက်စီးနေသဖြင့် တိုက်ပွဲအကြွင်းအကျန် ဖြစ်ကြောင်း ထင်ရှားသည်။
ဆိုင်ရှင်မှာ အသက် ၂၀ ခန့်ရှိသော လူငယ်တစ်ဦး ဖြစ်သည်။ စုန့်ဝမ်၏ မြင့်မားသော အော်ရာကို ခံစားလိုက်ရသည့်အခါ ချက်ချင်း ပျာယာခတ်သွားသည်။
"စီနီယာ... ဒါကို ကျွန်တော် မှောင်မိုက်ကြယ်မှောင်ခိုဈေးက ဈေးပေါပေါနဲ့ ဝယ်ခဲ့တာပါ။ အမြတ်လေးရအောင် ပြန်ရောင်းဖို့ စီစဉ်ထားတာပါ၊ ကျွန်တော် ခိုးလာတာ မဟုတ်ပါဘူး။ တကယ်လို့ ဒီပစ္စည်းရဲ့ အရင်ပိုင်ရှင်က စီနီယာနဲ့ ပတ်သက်နေတယ်ဆိုရင် စီနီယာကို အဲဒီမှောင်ခိုဈေးကို ခေါ်သွားပြီး ရောင်းတဲ့သူကို လိုက်ရှာပေးလို့ ရပါတယ်"
"မှောင်ခိုဈေး"
စုန့်ဝမ်၏ မျက်လုံးများ ဝင်းလက်သွားသည်။
"အဲဒီ မှောင်မိုက်ကြယ်မှောင်ခိုဈေးက ဘယ်မှာလဲ။ ဘယ်လို ဝိညာဉ်ပစ္စည်းတွေကို ရောင်းတာလဲ"
ဤစကားကို ကြားမှ ဆိုင်ရှင်မှာ စိတ်အေးသွားသည်။ စုန့်ဝမ်သည် မှောင်ခိုဈေးအကြောင်းကိုပင် မသိသဖြင့် လက်စားချေရန် လာသူ မဟုတ်သည်မှာ သေချာသည်၊ ဖန်မြို့တော်သို့ အသစ်ရောက်လာပြီး အခြေအနေကို မသိသေးသဖြင့် စုံစမ်းရုံသာ ဖြစ်ပုံရသည်။
"မှောင်မိုက်ကြယ်မှောင်ခိုဈေးက ဖန်မြို့တော်ရဲ့ အရှေ့ဘက် မိုင်ခြောက်ရာအကွာမှာရှိတဲ့ တောင်ခြေရင်းမှာ ရှိပါတယ်။ အဲဒီမှာ ဝိညာဉ်ဆေးပင်တွေ၊ ဆေးလုံးတွေအပြင် သမာသမတ်လမ်းစဥ်နဲ့ နတ်ဆိုးလမ်းစဥ်က ကျင့်စဉ်တွေ၊ ပစ္စည်းတွေလည်း ရှိပါတယ်"
စုန့်ဝမ်သည် ခေါင်းညိတ်လိုက်ပြီး ဝိညာဉ်ကျောက်တုံး ၁၀ တုံး ချထားခဲ့ကာ လှည့်ထွက်လာခဲ့သည်။ ဈေးတန်းများတွင် လေလွင့်ကျင့်ကြံသူ အများအပြားမှာ ပင်လယ်သားရဲများ၏ အလောင်းများ၊ သွေးများနှင့် ဝိညာဉ်များကို အတော်ပင် ဈေးပေါပေါဖြင့် ရောင်းချနေကြသည်။ အဆုံးမဲ့ပင်လယ်တွင် သားရဲမျိုးစုံ ပေါကြွယ်ဝသောကြောင့် ဖြစ်နိုင်သည်။ ဈေးဆိုင်များတွင် ရောင်းချသော သားရဲအများစုမှာ ပထမအဆင့်များ ဖြစ်ကြပြီး ဒုတိယအဆင့်သားရဲမှာ အလွန် ရှားပါးသည်။
စုန့်ဝမ် မှောင်မိုက်ကြယ်မှောင်ခိုဈေးသို့ သွားရန် ပြင်ဆင်နေစဉ်မှာပင် ရှင်းချန်ထံမှ သတင်းတစ်ခု ရရှိလိုက်သည်။
‘ဝေ့တင်း... မင်း ဘယ်မှာလဲ။ အားရင် လေညင်းရိပ်သာကို လာခဲ့ပါဦး၊ စကားပြောရအောင်’
ကျောက်စိမ်းပြားပေါ်ရှိ သတင်းကို ကြည့်ရင်း စုန့်ဝမ်၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာသည်။ ရှင်းချန်ဟူသော ငါးစာကို သူ မစွန့်လွှတ်နိုင်သေးပေ၊ အဘယ်ကြောင့်ဆိုသော် လက်ရှိတွင် ထိုသူမှာ ရှင်းမိသားစုထဲမှ သူ သိရှိသည့် တစ်ဦးတည်းသောသူ ဖြစ်နေသောကြောင့်ပင်။
‘သခင်လေးရှင်း၊ ခဏလောက် စောင့်ပါ၊ ကျွန်တော် အခုပဲ လာခဲ့ပါ့မယ်’ဟု စုန့်ဝမ်က ပြန်ကြားလိုက်သည်။
၁၅ မိနစ်ခန့်အကြာတွင် စုန့်ဝမ် လေညင်းရိပ်သာသို့ ရောက်ရှိလာခဲ့သည်။ လေညင်းရိပ်သာဆိုသည်မှာ ကျင့်ကြံသူများ အချင်းချင်း တွေ့ဆုံ စကားပြောဆိုရန်အတွက် အထူးဒီဇိုင်းထုတ်ထားသော နေရာတစ်ခု ဖြစ်သည်။ ထိုနေရာတွင် သီးသန့်ခန်းများနှင့် ဝင်းခြံများ ရှိသည်။ သီးသန့်ခန်းများကိုမူ ကျင့်ကြံသူများအကြား တခြားသူများ ခိုးနားမထောင်နိုင်စေရန် အစီအရင်များဖြင့် ကာကွယ်ထားပြီး သီးသန့်ကိစ္စရပ်များကို ဆွေးနွေးရန် အဓိက အသုံးပြုကြသည်။
ရှင်းချန်က စုန့်ဝမ်အား ဤနေရာ၌ တွေ့ဆုံရန် ရွေးချယ်ရခြင်းမှာ စုန့်ဝမ်က သူ့ကို ကယ်တင်ခဲ့သည့်အကြောင်း အပြင်သို့ မပေါက်ကြားစေလိုသောကြောင့် ဖြစ်သည်။ အကယ်၍ ထိုသတင်း ပေါက်ကြားသွားပါက ရှင်းမိသားစုဝင်တစ်ဦးအနေဖြင့် သူ့ဂုဏ်သိက္ခာ ထိခိုက်စေနိုင်သောကြောင့် ဖြစ်သည်။
သီးသန့်ခန်းတစ်ခုအတွင်းတွင် စုန့်ဝမ်သည် ရှင်းချန်နှင့် တွေ့ဆုံခဲ့သည်။ ရှင်းမိသားစုနယ်မြေ ဖြစ်သဖြင့် ရှင်းချန်သည် အစောင့်အရှောက် မပါဘဲ တစ်ယောက်တည်း လာခဲ့ခြင်း ဖြစ်သည်။
"ဝေ့တင်း... ပြီးခဲ့တဲ့ ရက်တွေက ငါ့မိသားစုက ငါ့ကို အပြင်ထွက်ခွင့် ပိတ်ထားတာ။ ဒီနေ့မှ အပြင်ထွက်ခွင့် ရတာနဲ့ မင်းကို လာတွေ့တာပဲ"
"သခင်လေးရှင်း ကျွန်တော့်ကို ဘာလို့ လာရှာတာပါလဲ"
"ဘာမှ အရေးကြီးတဲ့ ကိစ္စတော့ မဟုတ်ပါဘူး၊ ငါ့အသက်ကို ကယ်ခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောချင်လို့ပါ။ အဲဒီတုန်းက ငါ မင်းကို ဆုလာဘ်ပေးမယ်လို့ ကတိပေးခဲ့တယ်လေ၊ အခု အဲဒီကတိကို တည်ဖို့ လာခဲ့တာပါ"
ထိုသို့ပြောပြီးနောက် ရှင်းချန်က သိုလှောင်အိတ်တစ်အိတ်ကို စုန့်ဝမ်ထံ ပစ်ပေးလိုက်သည်။
ရှင်းမိသားစုမျိုးဆက်ဖြစ်သော ရှင်းချန်၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မြင့်မားသော အမူအရာကို ကြည့်ပြီး ထိုသိုလှောင်အိတ်ထဲတွင် တန်ဖိုးကြီးသည့် အရာတစ်ခုခု ပါဝင်လိမ့်မည်ဟု စုန့်ဝမ် ယူဆခဲ့သည်။ သို့သော်လည်း ဝိညာဉ်အာရုံကို အသုံးပြု၍ အိတ်ကို စစ်ဆေးကြည့်လိုက်သောအခါ မျက်နှာမဲ့ မသွားစေရန် မနည်းထိန်းလိုက်ရသည်။ သိုလှောင်အိတ်အတွင်း၌ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်ရာသာ ရှိသည်။
စုန့်ဝမ်လည်း ဟန်မပျက် ပြုံးပြရင်း "ရက်ရောတဲ့ ဆုလာဘ်အတွက် ကျေးဇူးတင်ပါတယ် သခင်လေးရှင်း" ဟု ကျေးဇူးစကား ဆိုလိုက်ရသည်။
ရှင်းချန်က လက်ကာပြလျက် "ဝိညာဉ်ကျောက်တုံး အနည်းငယ်ပါပဲ၊ ပြောနေစရာ မလိုပါဘူး" ဟု ဆိုသည်။
စုန့်ဝမ် မှင်တက်သွားသည်။ ဝိညာဉ်ကျောက်တုံး အနည်းငယ်၊ ပြောနေစရာ မလိုဘူးတဲ့လား၊ အဲဒါဆိုရင် နည်းနည်းလောက် ပိုပေးခဲ့လို့ ရတာပဲ။ ရှင်းချန်ကို ထမသတ်မိစေရန် စုန့်ဝမ် အတော်လေး စိတ်ထိန်းလိုက်ရသည်။
ရှင်းချန်က စုန့်ဝမ် စိတ်ခုသွားသည်ကို မရိပ်မိဘဲ ဟိတ်ဟန်အပြည့်ဖြင့် ဆက်ပြောသည်။
"မင်း ဖန်မြို့တော်မှာ အခြေချပြီးပြီလား"
"ကျွန်တော် ကျင့်ကြံခြင်းဂူတစ်ခု ငှားထားပါတယ်"
စုန့်ဝမ်က နေရာအတိအကျကို မပြောဘဲ ခပ်ဝါးဝါးသာ ပြန်ဖြေလိုက်သည်။
ရှင်းချန်က ခေါင်းညိတ်ပြလျက် "ကောင်းပြီ။ နောင်ကို ငါကိုယ်တိုင် မကိုင်တွယ်နိုင်တဲ့ ကိစ္စတွေ ရှိလာရင် မင်းကို အားကိုးရလိမ့်မယ်။ စိတ်မပူပါနဲ့၊ မင်း ငါ့ကို ကူညီပေးတဲ့အတွက် ဆုလာဘ်ကောင်းကောင်း ရစေရပါမယ်" ဟု ဆိုသည်။
စုန့်ဝမ်က "ဂရုတစိုက်ရှိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေးရှင်း" ဟူ၍သာ ရေလိုက်ငါးလိုက် ပြန်ပြောလိုက်သည်။
"အင်း"
ရှင်းချန်က ခေါင်းညိတ်ပြကာ လက်ကို နောက်ပစ်လျက် သီးသန့်ခန်းထဲမှ ထွက်ခွာသွားတော့သည်။
ထွက်ခွာသွားသော စုချန်း၏ ကျောပြင်ကို ကြည့်ရင်း စုန့်ဝမ် တစ်ခုကို နားလည်လိုက်သည်။ ယခုလို ဝိညာဉ်ကျောက်များ ပေးခဲ့ခြင်းမှာ ကျေးဇူးတင်လွန်း၍ မဟုတ်ဘဲ နောင်တွင်လည်း သူ့အတွက် ဆက်လက် အသုံးတော်ခံစေရန် မျှော်လင့်ချက်ပေးပြီး ဆွဲထားခြင်းသာ ဖြစ်ပေလိမ့်မည်။
.....
ထိုညတွင် စုန့်ဝမ်သည် မျက်နှာဖုံး တပ်ဆင်လျက် မှောင်မိုက်ကြယ်မှောင်ခိုဈေးသို့ ရောက်ရှိလာခဲ့သည်။ ထိုမှောင်ခိုဈေးမှာ မြင့်မားသော တောင်ခြေရင်းတွင် တည်ရှိပြီး အတော်ကျယ်ဝန်းကာ လူသူစည်ကားလှသည်။ အကယ်၍ ဤမှောင်ခိုဈေးမှာ ညဘက်မှသာ ဖွင့်လှစ်ခြင်း မဟုတ်ပါက မှောင်ခိုဈေး မဟုတ်ဘဲ သာမန်ဈေးတစ်ခုဟု စုန့်ဝမ် ထင်မိပေလိမ့်မည်။
ဤမျှ လူသိရှင်ကြား စည်ကားနေခြင်းမှာ ၎င်း၌ အင်အားကြီးသော နောက်ခံရှိနေသဖြင့် ဘာကိုမျှ ဖုံးကွယ်နေစရာ မလိုခြင်းပင် ဖြစ်မည်။ မှောင်ခိုဈေးအတွင်း သွားလာနေသော လူအများစုမှာ မျက်နှာဖုံးများ သို့မဟုတ် ဝတ်ရုံရှည်များ ဝတ်ဆင်ထားကြပြီး သူတို့၏ မည်သူမည်ဝါဖြစ်ကြောင်း ဖုံးကွယ်ထားကြသည်။
စုန့်ဝမ်သည် မှောင်ခိုဈေးအတွင်းရှိ အကြီးဆုံး ဝိညာဉ်ဆေးပင်ဆိုင်ဖြစ်သော ဆေးပင်တစ်ရာခန်းမသို့ ဝင်လိုက်သည်။
"ကြိုဆိုပါတယ်၊ ဘယ်လို ဝိညာဉ်ဆေးပင်မျိုး ဝယ်ချင်လို့လဲ"
စုန့်ဝမ် ဝင်လာသည်ကို မြင်သောအခါ ဆိုင်ဝန်ထမ်း လူငယ်တစ်ဦးက ရှေ့သို့တိုးကာ မေးမြန်းသည်။
စုန့်ဝမ် ဆိုင်အတွင်းကို လှည့်ပတ်ကြည့်လိုက်သည်။ ခင်းကျင်းထားသော ဝိညာဉ်ဆေးပင် အမျိုးအစားများမှာ အလွန်များပြားသော်လည်း တတိယအဆင့် ဆေးပင်မှာမူ အနည်းငယ်သာ ရှိသည်။
စုန့်ဝမ်က ရှာမနေတော့ဘဲ ဝန်ထမ်းကို "မင်းတို့ဆီမှာ ရွှေဝိညာဉ်အစေ့၊ နက်နဲဝိညာဉ်အမြစ်နဲ့ ဗီဇပြောင်းပုလဲ ရှိလား"
ဝန်ထမ်းက တိုက်ရိုက် ပြန်မဖြေဘဲ "စီနီယာက ဆေးဖော်စပ်တဲ့ ဆရာတစ်ယောက်လား" ဟု ပြန်မေးသည်။
စုန့်ဝမ် မျက်မှောင်ကြုတ်လိုက်ပြီး "မင်းတို့ဆိုင်က ဝယ်သူရဲ့ နောက်ကြောင်းကို မသိရင် ပစ္စည်းရောင်းဖို့ ခက်ခဲနေလို့လား" ဟု အေးစက်စက် မေးလိုက်သည်။
ဝန်ထမ်းက "စီနီယာ၊ ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့။ စီနီယာ လိုချင်တဲ့ ဆေးပင်တွေက တတိယအဆင့် ဆေးပင်တွေဖြစ်ပြီး အဲဒီထဲမှာမှ ရှားပါးတဲ့ အမျိုးအစားတွေပါ။ ဈေးကွက်ထဲမှာ တွေ့ရခဲသလို ကျွန်တော်တို့ဆိုင်မှာလည်း မရှိပါဘူး" ဟု ပြာပြာသလဲ ရှင်းပြသည်။
ထို့နောက် စုန့်ဝမ်အနား တိုးကပ်လာပြီး ခပ်တိုးတိုး ရှင်းပြသည်။
"လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်တော်တို့ သခင်မလေးက ဆုကြေးတစ်ခု ထုတ်ထားပါတယ်။ သူ့မှာ မပြည့်စုံတဲ့ ရှေးဟောင်းဆေးနည်းတစ်ခု ရှိတယ်၊ အကယ်၍ စီနီယာက အဲဒီဆေးနည်းကို အပြည့်အစုံ ဖြည့်စွက်ပေးနိုင်မယ်ဆိုရင် စီနီယာ ရှာနေတဲ့ ဆေးပင်တွေကို သေချာပေါက် ပေးအပ်မှာပါ"
ထိုစကားကို ကြားသောအခါ စုန့်ဝမ် ခေါင်းခါလိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။ ရှေးဟောင်းဆေးနည်းတစ်ခုကို ဖြည့်စွက်ရန်မှာ မလွယ်ကူသော ကိစ္စဖြစ်သည်။ ထို့ပြင် ကံကောင်း၍ ဆေးနည်းကို ဖြည့်စွက်နိုင်ခဲ့လျှင်ပင် ပေးမည့် ဆေးပင်အနည်းငယ်မှာ သူ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည် မဟုတ်ပေ။ စုန့်ဝမ်က ဝိညာဉ်ကျောက်တုံးများ ရရှိရန်အတွက် ရွှေကျောက်စိမ်းဆေးလုံးနှင့် ဝိညာဉ်စွမ်းအင်ဆေးလုံးတို့ကို အမြောက်အမြား ဖော်စပ်ရောင်းချရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ဆေးပင် အနည်းငယ်မှာ သူ့အတွက် အသုံးမဝင်လှပေ။
...........