← Chapters

​သဲလွန်စတစ်ခု

Vol. 27 Ch. 277

​သဲလွန်စတစ်ခု

Vol. 27 Ch. 277

စုန့်ဝမ် ထွက်သွားတော့မည်ကို မြင်သောအခါ ဝန်ထမ်းက စုန့်ဝမ်ကို အဆင့်မြင့် ဆေးဖော်စပ်သူတစ်ဦး ဖြစ်သည်ဟု ယူဆသွားပုံရပြီး အလျင်အမြန် လှမ်းပြောလိုက်သည်။

"ခဏလောက် စောင့်ပါဦး စီနီယာ။ အကယ်၍ ဆုလာဘ်ကို စိတ်တိုင်းမကျဘူးဆိုရင် သခင်မလေးက ရွှမ်ယင်ကျောက်နဲ့ ခရစ္စတယ်သဲကျောက်တွေကိုလည်း အခကြေးငွေအဖြစ် ပေးမယ်လို့ မှာကြားထားပါတယ်။ စီနီယာရဲ့ အချိန်ကို အများကြီး မယူပါဘူး၊ ဆေးနည်းကို တစ်ချက်လောက် ကြည့်ပေးရုံပါပဲ၊ ပြီးမှ အားတဲ့အချိန်မှာ စဉ်းစားပေးပါ။ စီနီယာ တစ်ခုခု သိမြင်လာခဲ့မယ်ဆိုရင် ကျွန်တော်တို့ဆိုင်က ကတိအတိုင်း သေချာပေါက် ဆောင်ရွက်ပေးမှာပါ"

စုန့်ဝမ် ခြေလှမ်းရပ်လိုက်ပြီး ဝန်ထမ်းကို လှည့်ကြည့်လိုက်သည်။ ရွှမ်ယင်ကျောက်နှင့် ခရစ္စသဲကျောက်တို့မှာ သူ အမှန်တကယ် လိုအပ်နေသော ပစ္စည်းများ ဖြစ်ကြသည်။ ပထမတစ်ခုမှာ တတိယအဆင့် ငွေရောင်ဖုတ်ကောင် သန့်စင်ရာတွင် မရှိမဖြစ် လိုအပ်သည်။ ရွှမ်ယင်ကျောက် များများရှိပါက ပိုမိုအစွမ်းထက်သော တတိယအဆင့် ငွေရောင်ဖုတ်ကောင်များကို ဖန်တီးနိုင်မည်ဖြစ်သလို လက်ရှိ ရှိနေသော ငွေရောင်ဖုတ်ကောင်၏ အစွမ်းကိုလည်း မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။

ခရစ္စတယ်သဲကျောက်မှာမူ အလောင်းစွမ်းအင်များ စုစည်းရာမှ ဖြစ်ပေါ်လာသော ကျောက်တစ်မျိုးဖြစ်ပြီး စင်ကြယ်သော အလောင်းစွမ်းအင်များ အမြောက်အမြား ပါဝင်သဖြင့် ရွှေအမြုတေအဆင့်ရှိ အလောင်းကျင့်ကြံသူများအတွက် အကောင်းဆုံးသော အားဆေးပင် ဖြစ်သည်။ ဆေးပင်တစ်ရာခန်းမက အဆိုပါကျောက်များအား ဆုလာဘ်အဖြစ် ပေးနိုင်ခြင်းမှာ ထိုဆိုင်၌ အင်အားကြီးသော နောက်ခံရှိနေခြင်း သို့မဟုတ် ဝန်ထမ်းပြောသော သခင်မလေးဆိုသူမှာ နတ်ဆိုးအင်အားစုနှင့် ကြီးကြီးမားမား ပတ်သက်နေခြင်းကို ပြသနေသည်။ သာမန် နတ်ဆိုးကျင့်ကြံသူများမှာ ထိုကျောက်များကို ထုတ်မပေးနိုင်ပေ။

စုန့်ဝမ် ရပ်တန့်သွားသည်ကို မြင်သောအခါ ဝန်ထမ်းက ဝမ်းသာသွားပြီး ဟောင်းနွမ်းနေသော စာရွက်တစ်ရွက်ကို အလျင်အမြန် ထုတ်လိုက်သည်။ ထိုစာရွက်မှာ ရှေးဟောင်းဆေးနည်း အစစ်မဟုတ်ဘဲ ကူးယူထားသော မိတ္တူသာ ဖြစ်သည်။ ထိုရှေးဟောင်းဆေးနည်းမှာ မပြည့်စုံဘဲ ဝိညာဉ်ပစ္စည်း ၃၀ ကျော် ပါဝင်ရာတွင် ၁၀ မျိုးခန့် ပျောက်ဆုံးနေသဖြင့် သုံးပုံတစ်ပုံခန့် လိုအပ်နေခြင်း ဖြစ်သည်။ ၎င်းကို ပြန်လည်ဖြည့်စွက်ရန် မဖြစ်နိုင်သလောက်ပင်။ ထိုဆေးနည်းမှ ဖော်စပ်ရရှိမည့်အရာမှာ သောက်ဆေးမဟုတ်ဘဲ ခန္ဓာကိုယ်ကို သန့်စင်ရန်အတွက် အသုံးပြုသော ဆေးရည်ဖြစ်ပြီး အလောင်းကျင့်ကြံသူများအတွက် အထူးပြု ထုတ်ထားခြင်း ဖြစ်သည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် စုန့်ဝမ် ဤဆေးနည်းကို ချက်ချင်း မှတ်မိသွားသလို၊ အတော်လည်း အံသြသွားသည်။ ဤဆေးနည်းအပြည့်အစုံကို သူမြင်ဖူးထားသည်။ ဤသည်မှာ အလောင်းဘုရင် ပြန်လည်မွေးဖွားခြင်းကျင့်စဉ်မှ ခန္ဓာကိုယ်သန့်စင်ရန် အသုံးပြုသော အလောင်းကျိန်စာရေစင်ဆေးနည်း ဖြစ်သည်။ အလောင်းကျိန်စာရေစင်၏ စွမ်းပကားကို အပြည့်အဝ ထုတ်ဖော်နိုင်ရန်အတွက် ၎င်းကို အလောင်းဘုရင် ပြန်လည်မွေးဖွားခြင်းကျင့်စဉ်နှင့် ပေါင်းစပ်ရမည် ဖြစ်သည်။

စုန့်ဝမ် မအံ့သြဘဲ မနေနိုင်တော့ပေ။ အလောင်းကျိန်စာရေစင်ဆေးနည်းက အဆုံးမဲ့ပင်လယ်သို့ မည်သို့ ရောက်လာသနည်း။ ဝိညာဥ်နန်းတော်မှ တစ်ဦးဦးက ယူဆောင်လာခဲ့ခြင်းလော၊ တစ်စုံတစ်ယောက်က ဤဆေးနည်းကို ရရှိထားသည်ဆိုပါက ထိုသူသည် ကျင့်စဉ်ကိုပါ ပိုင်ဆိုင်ထားသလော၊ ဆေးနည်းတစ်ပိုင်းတစ်စကို ထုတ်ပြခြင်းမှာ အမှန်တကယ် ဖြည့်စွက်လို၍လော သို့မဟုတ် အပြည့်အစုံ ပိုင်ဆိုင်ထားသူကို မျှားထုတ်ရန် အကွက်ဆင်ခြင်းလော။

စုန့်ဝမ်ခေါင်းထဲ အတွေးများစွာ ပေါ်လာသော်လည်း မျက်နှာတွင်မူ မည်သည့်ခံစားချက်မျှ မပေါ်ပေ။ စုန့်ဝမ် ဝန်ထမ်းပေးသော ဆေးနည်းမိတ္တူကို ယူကာ မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

"ဒီဆေးနည်းက အတော်ထူးဆန်းတာပဲ။ ကျင့်ကြံသူတွေအတွက် ဆေးနည်းနဲ့ မတူဘဲ အလောင်းသန့်စင်တဲ့ နေရာမှာ သုံးတဲ့ ပစ္စည်းတွေနဲ့ တူနေတယ်။ နှစ်တစ်ရာကျော် ဆေးဖော်စပ်လာတဲ့ ငါ့သက်တမ်းမှာ ဒီလို ထူးဆန်းတဲ့ ဆေးနည်းမျိုး တစ်ခါမှ မတွေ့ဖူးဘူး။ ဒီဆေးနည်းကို ငါ စိတ်ဝင်စားသွားပြီ။ ဒါကို လေ့လာဖို့ ငါ ယူသွားမယ်။ တကယ်လို့ ငါ တစ်ခုခု ရှာတွေ့ခဲ့ရင် မင်းတို့ဆိုင်က ငါ့ကို ပေးရမယ့် ဆုကြေးကို မလိမ်ဖို့ မျှော်လင့်ပါတယ်"

"စိတ်ချပါ စီနီယာ။ ဆေးပင်တစ်ရာခန်းမက ရှင်းမိသားစုရဲ့ ပိုင်ဆိုင်မှုပါ။ ဝိညာဉ်ပစ္စည်း အနည်းငယ်အတွက်နဲ့ ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာကို အပျက်ခံမှာ မဟုတ်ပါဘူး"

စုန့်ဝမ် ခေါင်းညိတ်ပြလျက် ဆေးနည်းမိတ္တူကို သိမ်းဆည်းပြီး ဆိုင်ထဲမှ ထွက်လာခဲ့သည်။ စိတ်ထဲတွင်မူ သူ စဉ်းစားနေမိသည်၊ ဆိုင်ဝန်ထမ်းက ဤဆိုင်မှာ ရှင်းမိသားစု၏ ပိုင်ဆိုင်မှုဟု ပြောခဲ့သည်။ ထိုသခင်မလေးဆိုသူမှာ ရှင်းမိသားစုဝင်တစ်ဦး ဖြစ်ရမည်။ ရှင်းမိသားစုထဲမှ တစ်စုံတစ်ယောက်သည် နတ်ဆိုးကျင့်စဉ်ကို လေ့ကျင့်နေပုံရသည်​။

စုန့်ဝမ် ထွက်သွားပြီး မကြာမီမှာပင် ဝန်ထမ်းသည် နောက်ဖေးဝင်းဆီသို့ ဦးတည်သွားပြီး အခန်းတံခါးတစ်ခုကို ခေါက်လိုက်သည်။ အတွင်းမှ ခွင့်ပြုချက် ရရှိပြီးနောက် သူ တံခါးဖွင့်၍ ဝင်လိုက်သည်။ အခန်းအတွင်း၌ ပြင်းထန်သော အလောင်းစွမ်းအင်များ လှည့်ပတ်နေကာ အခန်းအလယ်တွင် ထက်ရှသော အစွယ်များရှိသည့် အမျိုးသမီးတစ်ဦး တင်ပျဉ်ခွေ ထိုင်နေသည်။ သူမ၏ ပုံစံမှာ စုန့်ဝမ် ဖုတ်ကောင်အဖြစ် ပြောင်းလဲသွားသည့်ချိန်က ပုံစံနှင့် အလွန်ပင် ဆင်တူလှသည်။

"ဘာကိစ္စလဲ" ဟု ထိုအမျိုးသမီးက မေးသည်။

"သခင်မလေး... ခုနက ဆေးဖော်စပ်တဲ့ ဆရာတစ်ယောက် ဆိုင်ကို လာပြီး ဆေးနည်းမိတ္တူ တစ်စောင် ယူသွားပါတယ်"

ထိုအမျိုးသမီး၏ ခြောက်ကပ်နေသော မျက်နှာမှာ အနည်းငယ် တွန့်သွားပြီး မျက်ဝန်းထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

"ပြီးခဲ့တဲ့ နှစ်တွေမှာ ဆေးဖော်စပ်တဲ့သူ တစ်ထောင်ကျော်လောက် ဒီဆေးနည်းကို ယူသွားခဲ့ကြတယ်၊ ဒါပေမဲ့ တစ်ယောက်မှ အောင်အောင်မြင်မြင် မဖြည့်စွက်နိုင်ခဲ့ကြဘူး။ ဒီလို သေးငယ်တဲ့ ကိစ္စလေးအတွက်နဲ့ ငါကျင့်ကြံမှုကို လာနှောင့်ယှက်ရဲတယ်ပေါ့။ ငါ မင်းတို့အပေါ် အလိုလိုက်လွန်းသွားပုံရတယ်"

ဝန်ထမ်းသည် သခင်မလေး၏ မျက်နှာသာပေးမှုကို ရလိုသော်လည်း တကယ်တမ်းတွင်မူ ဒေါသကို ဆွပေးမိသလို ဖြစ်သွားသည်။ သူ့ခြေထောက်များ ပျော့ခွေသွားပြီး မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။ "ကျွန်တော် အမှားကို သိပါပြီ၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ သခင်မလေး" ဟု ပြောရင်း မြေကြီးနှင့် ဦးခေါင်းကို အဆက်မပြတ် တိုက်ကာ ရှိခိုးတော့သည်။

ဘုန်း... ဘုန်း... ဘုန်း...

သူ၏ နဖူးမှာ မာကျောသော မြေပြင်နှင့် ရိုက်မိသဖြင့် အသံကျယ်ကြီးများ ထွက်ပေါ်လာသည်။ မကြာမီမှာပင် သူ၏ နဖူး ကွဲသွားပြီး နီမြန်းသော သွေးများ စီးကျလာသည်။ သွေးများကို မြင်လိုက်ရသောအခါ သခင်မလေး၏ မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှုဖြင့် ဝင်းလက်သွားသည်။ ၎င်းမှာ အစာငတ်နေသော လူတစ်ယောက်က အစားအစာကို မြင်လိုက်ရသည့် ဆာလောင်မှုမျိုးပင် ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူမသည် ဝန်ထမ်း၏ ရှေ့သို့ ရောက်ရှိသွားသည်။ လက်တစ်ဖက်က ဝန်ထမ်း၏ ခေါင်းကို ကိုင်ထားပြီး အခြားတစ်ဖက်က ပုခုံးကို မြဲမြံစွာ ဖိထားသည်။ သူမပါးစပ် ဖွင့်လိုက်သည်နှင့် စူးရှသော အစွယ်များ ပေါ်လာသည်။

"သခင်မလေး... မလုပ်ပါနဲ့..."

ကြောက်လန့်နေသော ဝန်ထမ်း၏ စကားမဆုံးမီမှာပင် အစွယ်များက သူ့လည်ပင်းသားကို ဖောက်ဝင်သွားသည်။ ဂလု... ဂလု... ဟူသော မျိုချသံများ ထွက်ပေါ်လာပြီး ဝန်ထမ်း၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ပျော့ခွေသွားသည်။ သူ့အသားများမှာ ခြောက်ကပ်သွားပြီး သွေးများအားလုံး စုပ်ယူခြင်း ခံလိုက်ရသည်။

သခင်မလေးသည် ဝန်ထမ်း၏ အလောင်းကို ဘေးသို့ တွန်းထုတ်လိုက်သည်။ အတန်ကြာမှ သူမ၏ မျက်ဝန်းထဲမှ ရူးသွပ်မှုများ တဖြည်းဖြည်း လျော့ပါးသွားကာ ဖုတ်ကောင်အသွင် ပျောက်ကွယ်သွားပြီး လူသားပုံစံသို့ ပြန်လည် ပြောင်းလဲသွားသည်။ သူမသည် အရပ်ရှည်ပြီး ကျော့ရှင်းကာ အားမာန်အပြည့် ရှိပုံရသည်။ အနက်ရောင်ဝတ်စုံက ခန္ဓာကိုယ်အလှကို ပိုမို ပေါ်လွင်စေသည်။ သူမ၏ မျက်နှာမှာ နုနယ်လှပသော်လည်း မျက်ဝန်းထဲတွင်မူ နက်ရှိုင်းသော စိုးရိမ်ပူပန်မှုများ ရှိနေသည်။

"ဝူကျိကျွန်းရဲ့ နတ်ဆိုးကျင့်စဉ်တွေက ကျင့်ကြံမှု မြန်ဆန်ပြီး အစွမ်းထက်တာ မှန်ပေမဲ့ ဘေးထွက်ဆိုးကျိုးကတော့ အရမ်းများလွန်းတယ်။ ဒီကျင့်စဉ်ကို ပေးခဲ့တဲ့ ယင်ရွှမ်းအကြီးအကဲက ရွှေအမြုတေအဆင့် ရောက်သွားရင် ဖုတ်ကောင်အဖြစ် ပြောင်းလဲသွားတာကို ထိန်းချုပ်နိုင်မယ်လို့ ပြောခဲ့တာပဲ။ ဒါပေမဲ့ ငါ့ရဲ့ အခုအခြေအနေနဲ့ဆိုရင် နှလုံးသားနတ်ဆိုးစမ်းသပ်ချက်ကို ဘယ်လို ကျော်ဖြတ်ပြီး ရွှေအမြုတေကို ဖွဲ့စည်းနိုင်မှာလဲ။ အဲဒီတုန်းက ဂိုဏ်းကို အသိမပေးဘဲ ဒီနတ်ဆိုးကျင့်စဉ်ကို ခိုးပြီး မလေ့ကျင့်ခဲ့သင့်ဘူး" ဟု သူမ နောင်တရစွာဖြင့် စဉ်းစားနေမိသည်။

"ဟွန့်... ယင်ရှို့အကြီးအကဲရဲ့ ကျင့်စဉ်မှာ တစ်ခုခု ချို့ယွင်းချက် ရှိရမယ်။ မဟုတ်ရင် ဝူကျိကျွန်းမှာ ဒီလို ဘေးထွက်ဆိုးကျိုးတွေ ရှိနေတာတောင် ဘာလို့ ရွှေအမြုတေအဆင့် အလောင်းကျင့်ကြံသူတွေ အများကြီး ရှိနေရတာလဲ။ အလောင်းကျိန်စာရေစင်က ဖုတ်ကောင်အဖြစ် ပြောင်းလဲသွားတဲ့ လက္ခဏာတွေကို ကုသပေးနိုင်မယ်လို့ သူပြောတာလည်း လိမ်ညာတာပဲ ဖြစ်ရမယ်။ သူက ငါ့ကို သုံးပြီး အလောင်းကျိန်စာရေစင်ဆေးနည်းကို အပြည့်အစုံ ဖြည့်စွက်ချင်နေတာပဲ" ဟု တွေးရင်း သူမ၏ မျက်နှာမှာ ဒေါသကြောင့် တွန့်လိမ်သွားသည်။

"မဟုတ်ဘူး... ငါ အဖေ့ကို အကူအညီ တောင်းပြီး ယင်ရှို့အကြီးအကဲဆီက ပြည့်စုံတဲ့ ကျင့်စဉ်ကို တောင်းရမယ်။ မဟုတ်ရင် ငါ့စိတ်အာရုံတွေ ပျောက်ဆုံးသွားပြီး အသိဉာဏ်မဲ့တဲ့ ဖုတ်ကောင် ဖြစ်သွားလိမ့်မယ်"

မိန်းမပျိုလေးက တီးတိုးရေရွတ်ရင်း ထရပ်လိုက်ပြီး လျှို့ဝှက်အခန်းထဲမှ ထွက်ကာ ကောင်းကင်သို့ ပျံတက်လျက် ဖန်မြို့တော်ဆီသို့ ဦးတည်သွားတော့သည်။

......

တစ်ဖက်တွင်မူ စုန့်ဝမ်သည် မှောင်ခိုဈေးအတွင်းရှိ ဆိုင်တိုင်းကို လိုက်လံကြည့်ရှုခဲ့သော်လည်း သူလိုအပ်သော ဝိညာဉ်ဆေးပင်များကို ရှာမတွေ့ခဲ့ပေ။ သို့သော်လည်း ဈေးဆိုင်တစ်ခုတွင် သားရဲသွေးများနှင့် ဝိညာဉ်များအား ဈေးပေါပေါဖြင့် ရောင်းချနေသည်ကို တွေ့ရသဖြင့် အများအပြား ဝယ်ယူလိုက်သည်။

ဝိညာဉ်များ ထည့်ထားသော ကျောက်စိမ်းပုလင်းကို ယူလိုက်သောအခါ တစ်ခုခု ထူးဆန်းနေသည်ကို စုန့်ဝမ် သတိထားမိလိုက်သည်။ ထိုပုလင်းပေါ်တွင် သေးငယ်သော ဝိညာဉ်အမှတ်အသားတစ်ခု ရှိနေသည်။ တစ်စုံတစ်ယောက်က အမှတ်အသားပြုထားခြင်း ဖြစ်သည်။ စုန့်ဝမ်က ဘာမှမသိသလိုပင် မှောင်ခိုဈေးအတွင်း နှစ်နာရီခန့် ဆက်လက် လှည့်ပတ်သွားလာပြီးမှ ထွက်ခွာခဲ့သည်။

စုန့်ဝမ်က ပျံသန်းခြင်းမပြုဘဲ တမင်သက်သက် တောအုပ်ထူထပ်သော လမ်းမှတဆင့် ဖြတ်သန်းသွားသည်။ သူ့အရှေ့ မိုင် ၃၀ ခန့်အကွာတွင် ကြက်ဥခန့်ရှိသော ကူပိုးကောင် တစ်ကောင်မှာ ဝိညာဉ်ပုလင်းကို ပါးစပ်ဖြင့် ကိုက်ပြီး အေးအေးလူလူ ပျံသန်းနေသည်။

......

မှောင်ခိုဈေးမှ ဖန်မြို့တော်သို့ သွားသော လမ်းတွင် အခြေတည်အဆင့် ကျင့်ကြံသူ သုံးဦး သစ်ပင်ပေါ်တွင် ပုန်းကွယ်နေကြသည်။ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်ပြီး ထိုအမျိုးသမီး ကျင့်ကြံသူမှာ စုန့်ဝမ်အား သားရဲသွေးနှင့် ဝိညာဉ်များကို ရောင်းချခဲ့သော ဆိုင်ရှင်အမျိုးသမီး ဖြစ်သည်။ ကျန်အမျိုးသား နှစ်ဦးမှာမူ အခြေတည်အဆင့် အထွတ်အထိပ်နှင့် နှောင်းပိုင်းအဆင့်များ ဖြစ်ကြသည်။ သူတို့၏ အော်ရာများကိုလည်း သေချာစွာ ဖုံးကွယ်ထားကြသည်။

"ဒီလူက ငမွဲမဟုတ်ဘူးဆိုတာ မင်း သေချာလား" ဟု အထွတ်အထိပ်အဆင့် အမျိုးသားက မေးလိုက်သည်။

အမျိုးသမီးက "အစ်ကိုကြီး... ဒီလူက သားရဲသွေးနဲ့ ဝိညာဉ်တွေကို တစ်ခါတည်းနဲ့ ဝိညာဉ်ကျောက်တုံး တစ်သောင်းကျော်ဖိုးအထိ မျက်တောင်မခတ်ဘဲ ဝယ်သွားတာနော်။ ဒီလောက်အထိ သုံးနိုင်တာဆိုတော့ အရမ်းချမ်းသာမှာ သေချာတယ်" ဟု ပြန်ဖြေသည်။

အစ်ကိုကြီးဆိုသူက တွန့်ဆုတ်နေသော အမူအရာဖြင့် "ဒီလောက်အထိ သုံးနိုင်တာဆိုတော့ သူက ရှင်းမိသားစု ဒါမှမဟုတ် တခြား အင်အားကြီးအဖွဲ့တစ်ခုခုက တပည့်များလား" ဟု မေးသည်။

အခြားအမျိုးသားတစ်ဦးက "ကျွန်တော် သူ့ကို စောင့်ကြည့်နေတာ ကြာပြီ။ သူက မှောင်ခိုဈေးထဲက ဆိုင်တိုင်းလိုလိုကို ဝင်နေတာ၊ ကြည့်ရတာ ဖန်မြို့တော်ကို အသစ်ရောက်လာတဲ့ လေလွင့်ကျင့်ကြံသူပဲ ဖြစ်ရမယ်။ သူက ရှင်းမိသားစုက မဟုတ်တာတော့ သေချာတယ်။ တခြား အင်အားကြီးအဖွဲ့ကလား ဆိုတာကတော့ ပြောရခက်တယ်" ဟု ဆိုသည်။

"အစ်ကိုကြီး... ကျွန်မတို့ လုယက်လာတာ အကြိမ်ပေါင်း မနည်းတော့ပါဘူး။ အခုကျမှ ဘာလို့ ဒီလောက် တွန့်ဆုတ်နေရတာလဲ" ဟု အမျိုးသမီးက မေးလိုက်သည်။

အစ်ကိုကြီးဆိုသူက "လောလောဆယ် ရှင်းမိသားစုက တစ်ခုခု လုပ်ဖို့ ပြင်နေပုံရတယ်၊ အဲဒါကြောင့် တခြားအဖွဲ့တွေက တပည့်တွေလည်း ဖန်မြို့တော်ကို အများကြီး ရောက်နေကြတယ်။ အကယ်၍ ဒီလူက အဲဒီအဖွဲ့တွေက ထိပ်တန်းတပည့် ဖြစ်နေရင် သူ့လူကြီးတွေက သူ့ပေါ်မှာ ဝိညာဉ်အမှတ်အသား တင်ထားနိုင်တယ်။ ငါတို့ သူ့ကို သတ်လိုက်ရင် အဲဒီအမှတ်အသားက ငါတို့ဆီ ပြောင်းလာလိမ့်မယ်" ဟု ပြန်ဖြေသည်။

"အင်အားကြီးအဖွဲ့က ထိပ်တန်းတပည့်ဆိုရင် သားရဲသွေးနဲ့ ဝိညာဉ်တွေကို ဘာလို့ ဒီမှာ လာဝယ်နေမှာလဲ။ ဒီလူက လေလွင့်ကျင့်ကြံသူ ဒါမှမဟုတ် အရေးမပါတဲ့ အဖွဲ့ဝင်တစ်ယောက်ပဲ ဖြစ်ရမယ်" ဟု အမျိုးသမီးက အတင်းအကျပ် ပြောဆိုသည်။

"မင်းပြောတာလည်း ဟုတ်တာပဲ။ ဒါဆို သတ်ကြတာပေါ့"

အစ်ကိုကြီးဆိုသူ၏ တွန့်ဆုတ်မှုများ ပျောက်ကွယ်သွားပြီး အေးစက်သော သတ်ဖြတ်လိုစိတ်များ ပေါ်လာသည်။ မကြာမီမှာပင် သူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

"သူ လာနေပြီ"

ဝိညာဉ်ပုလင်းပေါ်မှ အမှတ်အသားအရ သူတို့နှင့် ပစ်မှတ်ကြား အကွာအဝေးမှာ လေးမိုင်အောက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

.........

All Chapters