← Chapters

သန်းကြွယ်ရတနာခန်းမ

Vol. 27 Ch. 278

သန်းကြွယ်ရတနာခန်းမ

Vol. 27 Ch. 278

"ဝိညာဉ်ပုလင်းက လေးမိုင်တောင် မဝေးတော့ဘူး။ နေပါဦး .. ဒါက ငါ့ရဲ့ ဝိညာဉ်အာရုံနယ်ပယ်ထဲ ရှိနေတာတောင် အဲဒီလူရဲ့ အော်ရာကို ဘာလို့ အာရုံမရတာလဲ" ဟု ခေါင်းဆောင်ဖြစ်သူက အနည်းငယ် ဇဝေဇဝါဖြစ်စွာ မေးလိုက်သည်။

"ငါတို့လိုပဲ အော်ရာဖုံးကွယ်တဲ့ ကျင့်စဉ်ကို လေ့ကျင့်ထားလို့ ဖြစ်မှာပေါ့" ဟု အမျိုးသမီး ကျင့်ကြံသူက အေးအေးဆေးဆေးပင် ပြန်ဖြေသည်။

ဤစကားကို ကြားသောအခါ ခေါင်းဆောင်ဖြစ်သူမှာ တွန့်ဆုတ်မနေတော့ပေ။

"လှုပ်ရှားကြမယ်"

အမိန့်ပေးလိုက်သည်နှင့် တပြိုင်နက် ခေါင်းဆောင်ဖြစ်သူက ဝိညာဉ်အမှတ်အသားရှိရာ အရပ်သို့ ပြေးဝင်သွားတော့သည်။ ကျန်နှစ်ဦးကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာကြသည်။

ထိုသုံးဦး ဝိညာဉ်ပုလင်းရှိရာသို့ ရောက်ရှိသောအခါ အံ့အားသင့်သွားကြသည်။ ထိုနေရာတွင် ကျင့်ကြံသူတစ်ဦးတစ်ယောက်မျှ မရှိဘဲ ဝိညာဉ်ပုလင်းကို ပါးစပ်ဖြင့် ကိုက်ကာ အေးအေးလူလူ ပျံသန်းနေသော ကူပိုးကောင်တစ်ကောင်သာ ရှိနေသည်။

"ငါတို့ အလှည့်စားခံလိုက်ရပြီ။ ဆုတ်ကြ"

ခေါင်းဆောင်ဖြစ်သူက အော်ဟစ်လိုက်ပြီး လွတ်မြောက်ရန်အတွက် လှုပ်ရှားမှုနည်းစနစ်ကို အသုံးပြုလိုက်သည်။ သို့သော် သူတို့အတွက် ထွက်ပေါက် မရှိတော့ပေ။

ချက်ချင်းပင် နောက်ထပ် ကူပိုးကောင်ငါးကောင် ပေါ်လာပြီး ထိုသုံးဦးကို ဝိုင်းရံထားလိုက်သည်။ ဒုတိယအဆင့် အထွတ်အထိပ် ကူပိုးကောင်ခြောက်ကောင်၏ တိုက်ခိုက်မှုအောက်တွင် ထိုသုံးဦးမှာ လျင်မြန်စွာပင် ရှုံးနိမ့်သွားတော့သည်။

စုန့်ဝမ် ရောက်ရှိလာသောအခါ ခေါင်းဆောင်ဖြစ်သူသာ အသက်ရှူနိုင်သေးပြီး ကျန်နှစ်ဦးမှာ သေဆုံးသွားပြီ ဖြစ်သည်။

"ကျွန်တော့်ကို မသတ်ပါနဲ့။ ကျွန်တော်က ရှင်းမိသားစုဝင်တစ်ယောက်ပါ"

စုန့်ဝမ် ချဉ်းကပ်လာသည်ကို မြင်သောအခါ ခေါင်းဆောင်ဖြစ်သူက အသည်းအသန် အော်ဟစ်တောင်းပန်သည်။ သူ့တောင်းပန်မှုမှာ ဓားချီတစ်ခုက သူ့ခန္ဓာကိုယ်ကို ဖောက်ထွက်သွားခြင်းဖြင့်သာ အဆုံးသတ်သွားသည်။

စုန့်ဝမ်လည်း ထိုသုံးဦး၏ ဝိညာဉ်များကို သူတို့၏ ခန္ဓာကိုယ်အတွင်း၌ပင် ပိတ်လှောင်လိုက်သည်။ ထို့နောက် အလောင်းများကို သိမ်းဆည်းကာ တောအုပ်ထူထပ်သော နေရာသို့ ပျောက်ကွယ်သွားခဲ့သည်။

မိုင်ပေါင်းများစွာ ခရီးနှင်ပြီးနောက် စုန့်ဝမ်သည် ဆိတ်ငြိမ်သော တောင်ခြေတစ်ခုတွင် ရပ်နားကာ သူတို့၏ ဝိညာဉ်များကို ရှာဖွေစစ်ဆေးတော့သည်။ ခေါင်းဆောင်ဖြစ်သူ၏ မှတ်ဉာဏ်များမှ အသုံးဝင်သော သတင်းအချက်အလက်အချို့ကို သိရှိခဲ့ရသည်။

ထိုခေါင်းဆောင်ဆိုသူမှာ သူပြောသကဲ့သို့ ရှင်းမိသားစုဝင် အစစ်အမှန် မဟုတ်ပေ။ ရှင်းမိသားစုက ငှားရမ်းထားသော လက်ကိုင်တုတ်တစ်ဦးသာ ဖြစ်သည်။

လစဉ် လဆန်း ၁ ရက်နှင့် ၁၅ ရက်နေ့များတွင် မှောင်ခိုဈေးရှိ သန်းကြွယ်ရတနာခန်းမ၌ အခြေတည်အဆင့် ကျင့်ကြံသူများအတွက် ဖလှယ်ပွဲတစ်ခု ကျင်းပလေ့ရှိသည့် စိတ်ဝင်စားဖွယ်အချက်ကိုလည်း သိရှိခဲ့ရသည်။ ထိုပွဲများတွင် အခြေတည်အဆင့် ကျင့်ကြံသူများသည် ဝိညာဉ်ဆေးပင်များ၊ ဆေးလုံးများ၊ လျှို့ဝှက်ကျင့်စဉ်များ သို့မဟုတ် ကျင့်ကြံခြင်းဆိုင်ရာ သိမြင်မှုများကို အချင်းချင်း ဖလှယ်နိုင်ကြသည်။

နောက်ဆုံးအနေဖြင့် ရှင်းမိသားစုသည် မကြာသေးမီက ကြီးကျယ်သော အစီအစဉ်တစ်ခုကို ရေးဆွဲနေပုံရပြီး ထိုအစီအစဉ်ကြောင့် အခြားအင်အားစုများမှ တပည့်များနှင့် အဖွဲ့ဝင်များ ဖန်မြို့တော်သို့ ရောက်ရှိလာကြခြင်း ဖြစ်ကြောင်းပင်။ ထိုသူ၏ အဆင့်အတန်းနိမ့်မှုကြောင့် ပွဲတော်တစ်ခု ကျင်းပမည်ဟုသာ သိရပြီး အသေးစိတ် အချက်အလက်များအား မသိခဲ့ရပေ။

ထိုသုံးဦး၏ သွေးအဆီအနှစ်နှင့် ဝိညာဉ်များကို ဝါးမျိုပြီးနောက် သူတို့၏ အလောင်းများကို နောင်တွင် အသုံးချရန်အတွက် သိုလှောင်လက်စွပ်တွင်း ထည့်သွင်း သိမ်းဆည်းထားလိုက်သည်။ ထို့နောက် ထိုသူတို့၏ သိုလှောင်လက်စွပ်အတွင်းရှိ ပစ္စည်းများကို စစ်ဆေးကြည့်သည်။

"တောက် … ငမွဲကောင်တွေပဲ"

ရရှိသမျှ ပစ္စည်းအားလုံးကို စုပေါင်းလိုက်လျှင် ဝိညာဉ်ကျောက်တုံး ငါးသောင်းခန့်သာ ရှိပြီး အများစုမှာ ခေါင်းဆောင်ဖြစ်သူ၏ အိတ်ထဲမှ ဖြစ်သည်။ ထိုအုပ်စုတွင် ခေါင်းဆောင်ဖြစ်သူ တစ်ဦးသာ ရှင်းမိသားစု၌ ရာထူးငယ်တစ်ခု ရရှိထားပြီး ကျန်နှစ်ဦးမှာ လေလွင့်ကျင့်ကြံသူများ ဖြစ်ကြသည်။ လေလွင့်ကျင့်ကြံသူ အများစုမှာ သူတို့၏ နေ့စဉ်ကျင့်ကြံမှုအတွက်ပင် ဝိညာဉ်ကျောက်တုံး မလောက်မင ဖြစ်တတ်ကြရာ ထိုငွေကြေးဖိအားကြောင့်ပင် အခြားသူများကို လုယက်ခြင်းကဲ့သို့သော အန္တရာယ်ရှိသည့် အလုပ်များကို လုပ်ကိုင်ကြခြင်း ဖြစ်သည်။

…..

ဆယ်ရက်အကြာ ညသန်းခေါင်ယံတွင် စုန့်ဝမ်သည် မှောင်ခိုဈေးရှိ သန်းကြွယ်ရတနာခန်းမသို့ ရောက်ရှိလာသည်။ ဤနေ့သည် လဆန်းတစ်ရက်နေ့ ဖြစ်သဖြင့် အခြေတည်အဆင့် ကျင့်ကြံသူများ စုဝေးမည့်ရက်လည်း ဖြစ်သည်။ စုန့်ဝမ်က တက်ရောက်ရန်ထက် အခြေအနေ အကဲခတ်ရန်သာ စိတ်​ကူးထားသည်။

သန်းကြွယ်ရတနာခန်းမသည် ဝိညာဉ်အသုံးအဆောင်များကို အထူးပြုရောင်းချသော နေရာဖြစ်သည်။ ၎င်း၏ ပစ္စည်းအများစုမှာ နောက်ကြောင်းမရှင်းသော လမ်းကြောင်းများမှ ရောက်ရှိလာခြင်း ဖြစ်သောကြောင့် ဈေးနှုန်းများမှာ အတော်အတန် သက်သာသည်။

"စီနီယာ... ဘာပစ္စည်းများ ဝယ်ယူချင်လို့လဲရှင့်"

ချီစုစည်းခြင်း နှောင်းပိုင်းအဆင့် အမျိုးသမီး ဝန်ထမ်းလေးတစ်ဦးက စုန့်ဝမ်အနီး ချဥ်းကပ်လာပြီး ယဉ်ကျေးစွာ မေးမြန်းသည်။

"ငါ ဝိညာဉ်ပစ္စည်းတချို့ ရောင်းချင်တယ်။ မင်းတို့ဆိုင်က လက်ခံလား"

"လက်ခံပါတယ်ရှင့်၊ စီနီယာ ဘာပစ္စည်းများ ရောင်းချင်လို့လဲ။ ကျွန်မ တစ်ချက်လောက် ကြည့်လို့ရမလား"

စုန့်ဝမ်သည် လက်ကို လှုပ်လိုက်ရာ အလယ်အလတ်အဆင့် ဝိညာဉ်ဓားပျံတစ်လက် သူ့လက်ထဲတွင် ပေါ်လာသည်။ ဝန်ထမ်းလေးသည် တစ်ချက်ကြည့်လိုက်ရုံနှင့် သူမ၏ ကျင့်ကြံမှုအဆင့်အရ ဤဓား၏ တန်ဖိုးကို အတိအကျ မသတ်မှတ်နိုင်မှန်း သိလိုက်သည်။

"ဒီဂျူနီယာရဲ့ အသိပညာ နည်းပါးမှုကို ခွင့်လွှတ်ပါ၊ ဒီဓားရဲ့ တန်ဖိုးကို ကျွန်မ မသတ်မှတ်နိုင်ပါဘူး။ စီနီယာ... ကျွန်မနောက်ကို လိုက်ခဲ့ပါ၊ စီနီယာကို ဆိုင်တာဝန်ခံနဲ့ တွေ့ပေးပါ့မယ်"

သူမ၏ လမ်းညွှန်မှုအောက်တွင် စုန့်ဝမ်လည်း နောက်ဖေးဝင်းရှိ သစ်သားအဆောက်အအုံတစ်ခု ရှေ့သို့ ရောက်ရှိလာသည်။ စုန့်ဝမ်ကို ဧည့်ခန်းမဆောင်တွင် ထိုင်ရန် နေရာချပေးပြီးနောက် ဝန်ထမ်းလေးသည် အပေါ်ထပ်သို့ တက်သွားသည်။

မကြာမီမှာပင် ဆံပင်ဖြူဖြူနှင့် အဘိုးအိုတစ်ဦး ဝန်ထမ်းလေးနှင့်အတူ အောက်ထပ်သို့ ဆင်းလာသည်။ ဝန်ထမ်းလေးက ချက်ချင်းပင် ထွက်ခွာသွားရာ စုန့်ဝမ်နှင့် အဘိုးအိုတို့သာ ကျန်ရစ်တော့သည်။

ဆံပင်ဖြူ အဘိုးအိုက "လေးစားရတဲ့ ဧည့်သည်တော်... ဓားကို ကျွန်တော် စစ်ဆေးကြည့်လို့ ရမလား" ဟု မေးသည်။

စုန့်ဝမ်သည် ဓားကို ပေးအပ်ခြင်း မပြုဘဲ သူ၏ ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောလိုက်သည်။

"မင်းတို့ဆိုင်မှာ အခြေတည်အဆင့် ကျင့်ကြံသူတွေအတွက် ဖလှယ်ပွဲတစ်ခု ကျင်းပတယ်လို့ ကြားထားတယ်။ အဲဒီပွဲကို ငါ တက်ရောက်ခွင့် ရနိုင်မလား"

အဘိုးအိုက ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

"ဒါဆို မိတ်ဆွေက တခြားရည်ရွယ်ချက်နဲ့ လာတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ဆိုင်ရဲ့ ဖလှယ်ပွဲကို တက်ရောက်တဲ့သူတိုင်းက သန်းကြွယ်ရတနာခန်းမရဲ့ အရေးပါတဲ့ ဧည့်သည်တော်တွေ ဖြစ်ကြတယ်။ သူတို့လုံခြုံရေးကို ကာကွယ်ပေးဖို့က ကျွန်တော်တို့ရဲ့ တာဝန်ပဲ၊ ဒါကြောင့် ဘယ်သူမဆို ပါဝင်လို့တော့ မရဘူးဗျ"

ထိုစကား၏ ဆိုလိုရင်းကို နားလည်သွားသော စုန့်ဝမ်က "အရေးပါတဲ့ ဧည့်သည်တော် ဖြစ်ဖို့ ဘာလုပ်ရမလဲ" ဟု တိုက်ရိုက် မေးလိုက်သည်။

"ရိုးရိုးလေးပါပဲ၊ ကျွန်တော်တို့ဆိုင်မှာ ဝိညာဉ်ကျောက် ငါးသောင်းဖိုး ပစ္စည်းဝယ်ပါ။ ဒါမှမဟုတ် ငါးသောင်းတန် ရတနာတွေကို ကျွန်တော်တို့ဆီ ရောင်းချပါ"

စုန့်ဝမ် မျက်ခုံးပင့်သွားသည်။ အဆင့်နိမ့်ဝိညာဉ်ကျောက် ငါးသောင်း။ ၎င်းမှာ နည်းသော ပမာဏ မဟုတ်ပေ၊ ထို့ပြင် ၎င်းမှာ ဖလှယ်ပွဲသို့ တက်ရောက်ခွင့် ရရှိရုံသာ ရှိသေးသည်။ အကယ်၍ ထိုပွဲတွင် သူရှာနေသော အရာကို မတွေ့ခဲ့လျှင် ကြီးမားသော ဆုံးရှုံးမှု ဖြစ်ပေလိမ့်မည်။

စုန့်ဝမ်က ထုတ်ပြထားသော အလယ်အလတ်အဆင့် ဓားပျံကို အဘိုးအိုထံ ကမ်းပေးလိုက်သည်။

"ဒီဓားအတွက် မင်းတို့ဆိုင်က ဘယ်လောက်ပေးမလဲ"

အဘိုးအိုက ဓားကို ခဏမျှ စစ်ဆေးပြီးနောက် "ဝိညာဉ်ကျောက် ၂,၀၀၀ ပါ။ ဒီဈေးကို မိတ်ဆွေ သဘောကျရဲ့လား" ဟု ပြန်ဖြေသည်။

စုန့်ဝမ် မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။ အလယ်အလတ်အဆင့် ဓားပျံတစ်လက်မှာ ပုံမှန်အားဖြင့် ဝိညာဉ်ကျောက် ၁၀,၀၀၀ ခန့် တန်သော်လည်း သန်းကြွယ်ရတနာခန်းမကမူ တန်ဖိုး၏ ၂၀ ရာခိုင်နှုန်းကိုသာ ပေးနေခြင်း ဖြစ်သည်။

စုန့်ဝမ်၏ မကျေနပ်မှုကို သတိပြုမိသွားပုံရသော အဘိုးအိုက "လေးစားရတဲ့ ဧည့်သည်တော်... ကျွန်တော်တို့က ဝယ်ယူတဲ့ ပစ္စည်းတွေရဲ့ အရင်းအမြစ်ကို ဘယ်တော့မှ မမေးသလို၊ ရောင်းချသူရဲ့ အချက်အလက်တွေကိုလည်း ဘယ်တော့မှ ထုတ်မပြောပါဘူး။ ကျွန်တော်တို့ဆီ ရောင်းတာက စိတ်အအေးရဆုံးပါပဲ" ဟု ထပ်လောင်းပြောကြားသည်။

စုန့်ဝမ်သည် ချက်ချင်း ပြန်မဖြေဘဲ စဉ်းစားနေသည်။ သူ့လက်ထဲတွင် တရားမဝင်ဟု သတ်မှတ်နိုင်သော ပစ္စည်းများမှာ ထိုလေလွင့်ကျင့်ကြံသူ သုံးဦးထံမှ ရရှိခဲ့သော ဝိညာဉ်ပစ္စည်းများသာ ရှိပြီး ၎င်းတို့၏ တန်ဖိုးမှာ ငါးသောင်းခန့် ရှိလိမ့်မည်။ ထိုပစ္စည်းများကို ရတနာသိုက်ဆောင်သို့ ရောင်းချပါက ဝိညာဉ်ကျောက် တစ်သောင်းခန့်သာ ရရှိမည် ဖြစ်သည်။ ၎င်းမှာ လိုအပ်နေသော ငါးသောင်း ပမာဏနှင့် အလှမ်းဝေးနေသေးသည်။

ကျန်ရှိသော ပစ္စည်းများမှာ ထျန်းယွမ်တိုက်ကြီးမှ ယူဆောင်လာခြင်း ဖြစ်သည်။ ထိုပစ္စည်းများကို မှောင်ခိုဈေးတွင် ရောင်းစရာ အကြောင်းမရှိပေ၊ ဖန်မြို့တော်ရှိ တရားဝင်ဆိုင်များတွင် ရောင်းပါက စျေးကောင်း ရရှိနိုင်သည်။ ပစ္စည်းများကို ရတနာသိုက်ဆောင်သို့ ဈေးပေါပေါဖြင့် ရောင်းရန်မှာ မဖြစ်နိုင်သော်လည်း ထိုဖလှယ်ပွဲကိုမူ တက်ရောက်လိုသေးသည်။ တစ်ခုတည်းသော ရွေးချယ်မှုမှာ ဝိညာဉ်ကျောက်တုံး ငါးသောင်းဖိုး ပစ္စည်းဝယ်ယူရန်ပင် ဖြစ်သည်။

စုန့်ဝမ်က မျက်မှောင်ကြုတ်ကာ "မင်းတို့ဆိုင်မှာ အပြင်မှာ ပြထားတာထက် ပိုကောင်းတဲ့ ရတနာတွေ ရှိသေးလား"ဟု မေးလိုက်သည်။

"အော်... ဧည့်သည်တော်က အပြင်က ပစ္စည်းတွေကို အဆင့်မမီဘူးလို့ ထင်နေတာကိုး။ ဒါက လွယ်ပါတယ်။ ကျွန်တော်တို့ဆိုင်မှာ စိတ်ကြိုက်မှာယူနိုင်တဲ့ ဝန်ဆောင်မှုလည်း ရှိပါတယ်။ မိတ်ဆွေရဲ့ လိုအပ်ချက်ကို ပြောပါ၊ ဒါမှမဟုတ် ပစ္စည်းတွေ ပေးအပ်ပါ၊ မိတ်ဆွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမယ့် ဝိညာဉ်ရတနာတွေကို ကျွန်တော်တို့ သန့်စင်ပေးပါ့မယ်"

"မင်းတို့ဆိုင်မှာ ဝိညာဥ်ရတနာ သန့်စင်ပေးတဲ့ ပညာရှင်တွေ ရှိတာလား။ သူတို့အဆင့်ကို သိလို့ရမလား" ဟု စုန့်ဝမ်က စိတ်ဝင်တစား မေးလိုက်သည်။ ဝိညာဥ်ရတနာများအား သန့်စင်ပြီး ပြုပြင်ပေးခြင်း၊ အဆင့်မြှင့်ပေးခြင်းသည်လည်း ရှားပါးနက်နဲသော အတတ်ပညာပင် မဟုတ်ပါလား။

ဆံပင်ဖြူ အဘိုးအိုက ယုံကြည်မှုရှိသော အပြုံးဖြင့် ခေါင်းညိတ်ပြသည်။

"ကျွန်တော်တို့ ရတနာသိုက်ဆောင်က မှောင်ခိုဈေးမှာ ရပ်တည်လာတာ အနှစ်တစ်ရာကျော်ပါပြီ၊ ရတနာ အမျိုးမျိုးကို အထူးပြုပါတယ်။ ဒါကြောင့် ကိုယ်ပိုင် ပညာရှင်တွေ ရှိတာကတော့ သဘာဝပါပဲ။ သူတို့ရဲ့ အဆင့်ကိုတော့ ထုတ်ပြောဖို့ မသင့်တော်ပါဘူး။ ဒါပေမဲ့ စိတ်ချပါ မိတ်ဆွေ... မိတ်ဆွေ လိုအပ်တဲ့ ဘယ်လို ဝိညာဥ်ရတနာမျိုးကိုမဆို ကျွန်တော်တို့ သွေးပေးနိုင်ပါတယ်"

"မှော်ရတနာတွေကိုရော သန့်စင်ပေးနိုင်လား"

"ဘာ.. မှော်ရတနာကို သန့်စင်ချင်တာလား။ ဒါဆို မိတ်ဆွေက..."

အဘိုးအို၏ မျက်လုံးများမှာ အံ့သြမှုကြောင့် ပြူးကျယ်သွားပြီး ရုတ်တရက် ထရပ်ကာ အလေးအနက် ဦးညွှတ်လိုက်သည်။

"ကျွန်တော် မျက်စိမွဲလို့ စီနီယာက ရွှေအမြုတေအဆင့် ကျင့်ကြံသူမှန်း မသိခဲ့တာကို ခွင့်လွှတ်ပါ..."

စကားမဆုံးမီမှာပင် စုန့်ဝမ်က ကြားဖြတ်ပြောလိုက်သည်။

"မင်း အထင်လွဲနေပြီ။ ငါက ရွှေအမြုတေအဆင့် ကျင့်ကြံသူ မဟုတ်ဘူး။ ငါ့ရဲ့ ဆရာကသာ ရွှေအမြုတေအဆင့် ကျင့်ကြံသူပါ။ သူက ငါ့ကို မှော်ရတနာတစ်ခု သန့်စင်ဖို့ လွှတ်လိုက်တာ"

ဤစကားကို ကြားသောအခါ အဘိုးအိုမှာ သံသယ ဖြစ်သွားပြီး စုန့်ဝမ်ကို ဝိညာဉ်အာရုံဖြင့် အကြိမ်ကြိမ် စစ်ဆေးကြည့်သည်။ စုန့်ဝမ်၏ ကျင့်ကြံမှုမှာ အခြေတည် နှောင်းပိုင်းအဆင့်တွင်သာ ရှိကြောင်း အတည်ပြုပြီးနောက်မှ အဘိုးအိုမှာ စိတ်အေးသွားတော့သည်။

"ကျွန်တော်တို့ဆီမှာ မှော်ရတနာတွေကို သန့်စင်ပေးနိုင်တဲ့ စွမ်းရည် အမှန်တကယ် ရှိပါတယ်၊ ဒါပေမဲ့ အချိန်အတော်ယူရပါတယ်။ လိုအပ်တဲ့ ပစ္စည်းတွေကလည်း ရှားပါးတာကြောင့် ကုန်ကျစရိတ်က အလွန်များပါတယ်"

စုန့်ဝမ်က နားလည်ကြောင်း ခေါင်းညိတ်ပြသည်။ မှော်ရတနာများကို သန့်စင်ရသည်မှာ မလွယ်ကူပေ၊ အချိန်နှင့် ဝိညာဉ်ကျောက်တုံးများစွာ လိုအပ်မည်မှာ သဘာဝပင်။

"အကယ်၍ ငါက အဓိက ပစ္စည်းတွေကို ထုတ်ပေးမယ်ဆိုရင် မှော်ရတနာဓားတစ်လက် သန့်စင်ဖို့ ဘယ်လောက် ကုန်ကျမလဲ"

"လေးစားရတဲ့ ဧည့်သည်တော်... ဒါက ကျွန်တော့်ကို အခက်တွေ့စေပါတယ်။ မှော်ရတနာတိုင်းက တစ်ခုနဲ့တစ်ခု မတူသလို၊ လိုအပ်တဲ့ ပစ္စည်းတွေကလည်း အများကြီး ကွာခြားပါတယ်။ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးအနေနဲ့ ကျွန်တော်က မှော်ရတနာရဲ့ ဈေးနှုန်းကို သတ်မှတ်လို့ မရပါဘူး။ အကယ်၍ မိတ်ဆွေက အမှန်တကယ် သွေးချင်တယ်ဆိုရင် နောက်သုံးရက်အကြာ ညသန်းခေါင်မှာ ပြန်လာခဲ့ပါ။ အဲဒီအချိန်ကျရင် တတိယအဆင့် မှော်ရတနာပညာရှင်တစ်ဦးက မိတ်ဆွေနဲ့ အသေးစိတ် ဆွေးနွေးပေးပါလိမ့်မယ်"

စုန့်ဝမ်က တိုက်ရိုက် ပြန်မဖြေဘဲ "မိတ်ဆွေရဲ့ နာမည်ကို သိလို့ရမလား" ဟု မေးလိုက်သည်။

"ကျွန်တော်က ထျန်းကျိုး" ဟု အဘိုးအိုက ဖြေသည်။

"တွေ့ရတာ ဝမ်းသာပါတယ် တာအိုရောင်းရင်းထျန်း။ ကျွန်တော်က ဝူရှန်းပါ။ နောက်သုံးရက်အကြာမှာ ကျွန်တော် သေချာပေါက် ပြန်လာပါ့မယ်။ ဒါပေမဲ့ ကျွန်တော့်ဆရာရဲ့ အမိန့်အရ တတိယအဆင့် ဝိညာဉ်ဆေးအချို့ကိုလည်း ဝယ်ယူဖို့ လိုအပ်နေပါတယ်။ ဒါကြောင့် ဒီညရဲ့ ဖလှယ်ပွဲကို တက်ရောက်ခွင့်ပြုဖို့ ကူညီပေးနိုင်မလား"

"တာအိုရောင်းရင်းဝူ... စိတ်ပျက်ရလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ဆိုင်ရဲ့ ဖလှယ်ပွဲတွေက အခြေတည်အဆင့် ကျင့်ကြံသူတွေအတွက်ပဲ ဖြစ်တာကြောင့် တတိယအဆင့် ပစ္စည်းတွေကို တွေ့ရခဲပါတယ်။ အကယ်၍ မိတ်ဆွေက တတိယအဆင့် ပစ္စည်းတွေကို ရှာနေတာဆိုရင် လဆန်း ၁၀ ရက်နေ့ ညမှာ ပြန်လာခဲ့ပါ။ အဲဒီနေ့ကျရင် တတိယအဆင့် ဝိညာဉ်ဆေးတွေ ရနိုင်တဲ့ ရတနာဖလှယ်ပွဲကို ကျွန်တော် ကိုယ်တိုင် ခေါ်သွားပေးပါ့မယ်"

စုန့်ဝမ်သည် ထျန်းကျိုးကို နက်ရှိုင်းစွာ စိုက်ကြည့်လိုက်သည်။ ဤလူ ထျန်းကျိုးမှာ သူ့အတွက် အကျိုးအမြတ် မရှိလျှင် ဘာမှလုပ်မည့်သူမျိုး မဟုတ်။ ဆယ်ရက်မြောက်ညတွင် ရတနာဖလှယ်ပွဲသို့ ခေါ်သွားမည်ဟု ပြောခြင်းမှာ စုန့်ဝမ်သည် သုံးရက်အကြာတွင် မှော်ရတနာကို အမှန်တကယ် လာရောက် သန့်စင်ခြင်း ရှိ၊ မရှိကို စောင့်ကြည့်လိုသောကြောင့် ဖြစ်သည်။ ထိုအခါမှသာ သူသည် စုန့်ဝမ်ကို ရတနာဖလှယ်ပွဲသို့ ခေါ်သွားရန် ဆုံးဖြတ်မည် ဖြစ်သည်။

"ခင်ဗျားပြောတာ သေချာလား" ဟု စုန့်ဝမ်က မေးသည်။

"ကျွန်တော်တို့ သန်းကြွယ်ရတနာခန်းမက ဂုဏ်သိက္ခာကို တန်ဖိုးထားပါတယ်။ စိတ်ချပါ တာအိုရောင်းရင်းဝူ" ဟု ထျန်းကျိုးက ပြန်ဖြေသည်။

"ကောင်းပြီ၊ သုံးရက်နေရင် ငါ ပြန်လာခဲ့မယ်"

……….

All Chapters