← Chapters

ကန်းဟုန်၊ ရှင်းရွယ်ရွယ်တို့နှင့် တွေ့ဆုံခြင်း

Vol. 27 Ch. 282

ကန်းဟုန်၊ ရှင်းရွယ်ရွယ်တို့နှင့် တွေ့ဆုံခြင်း

Vol. 27 Ch. 282

စုန့်ဝမ်သည် လူကြားထဲ တိုးဝှေ့ပြီး စင်ပေါ်တက်ခြင်း မပြုပေ။ လူအများစု လုပ်သကဲ့သို့ပင် ရှေ့တွင် အဝတ်တစ်စ ခင်းလိုက်ပြီး ၎င်းပေါ်တွင် အဆင့်နိမ့် ဝိညာဉ်ဓား သုံးလက် တင်ထားသည်။ ဓားများ၏ ဘေးတွင် "ဆန်းကြယ်ဝိညာဉ်ဂျင်ဆင်းနှင့် တေးဆိုပန်း ဝယ်လိုသည်" ဟု ရေးထားသော သစ်သားဆိုင်းဘုတ်တစ်ခု ချထားသည်။

ပြသထားသော အဆင့်နိမ့် ဝိညာဉ်ဓား သုံးလက်က လူအများ အာရုံကို မဆွဲဆောင်နိုင်ခြင်း ဖြစ်နိုင်သလို၊ ဆန်းကြယ်ဝိညာဉ်ဂျင်ဆင်းနှင့် တေးဆိုပန်း လက်ဝယ်ရှိသူ မရှိခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ မည်သူမျှ သူ့အရောင်းဆိုင်ကို စိတ်မဝင်စားကြပေ။

လေလံပွဲ ပြီးဆုံးသွားပြီးနောက် ခဏမျှ ပျောက်ကွယ်သွားသော ကန်းဟုန်သည် စုန့်ဝမ်ဘေးတွင် ရုတ်တရက် ပေါ်လာသည်။

"တာအိုရောင်းရင်း ကြည့်ရတာ နည်းနည်း စိမ်းနေသလိုပဲ။ ဒါ ပထမဆုံးအကြိမ် လာတာလား"

ကန်းဟုန် ရုတ်တရက် ရောက်လာခြင်းက စုန့်ဝမ်ကို အံ့သြသွားစေသော်လည်း အနည်းငယ် အရိုအသေလိုက်ပြီး "ဂျူနီယာဝူရှန်းက စီနီယာကန်းကို နှုတ်ဆက်ပါတယ်။ အမှန်ပါပဲ၊ ရတနာစုဝေးပွဲကို ဒါ ပထမဆုံးအကြိမ် လာတာပါ။ သန်းကြွယ်ရတနာခန်းမက မိတ်ဆွေထျန်းကြောင့်သာ ပါဝင်ခွင့် ရခဲ့တာပါ" ဟု ပြန်ဖြေလိုက်သည်။

ကန်းဟုန်က စုန့်ဝမ်ကို သေချာအကဲခတ်နေသည်။ စုန့်ဝမ်က သူ့အော်ရာနှင့် ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားရန် မျက်နှာဖုံးကို ဝတ်ဆင်ထားသည်။ သို့သော် စုန့်ဝမ်၏ မျက်နှာပေါ်ရှိ သံမျက်နှာဖုံးမှာ အဆင့်မြင့် ဝိညာဉ်ပစ္စည်းတစ်ခုသာ ဖြစ်ကြောင်း သူ သိသည်။ အကယ်၍ စုန့်ဝမ်၏ ရုပ်ရည်နှင့် ကျင့်ကြံမှုကို အတင်းအဓမ္မ စစ်ဆေးလိုလျှင် ထိုသံမျက်နှာဖုံးက သူ့ဝိညာဉ်အာရုံကို တားဆီးနိုင်မည် မဟုတ်ပေ။ သို့သော် ကန်းဟုန်က ထိုသို့ မလုပ်ခဲ့ပေ။

"နားလည်ပြီ၊ သန်းကြွယ်ရတနာခန်းမ အဆက်အသွယ်နဲ့ လာတာကိုး။ မိတ်ဆွေလေး... မင်းက ရွှေဝိညာဉ်မျိုးစေ့ကို ဝယ်ခဲ့သလို ဆန်းကြယ်ဝိညာဉ်ဂျင်ဆင်းနဲ့ တေးဆိုပန်းကိုလည်း ရှာနေတာပဲ။ မင်းက တတိယအဆင့် ဆေးပညာရှင်လား"

"ဂျူနီယာက အခြေတည်အဆင့်မှာပဲ ရှိပါသေးတယ်၊ ဘယ်လိုလုပ် တတိယအဆင့် ဆေးဆရာ ဖြစ်နိုင်မှာလဲ။ ကျွန်တော်က ကျွန်တော့်ဆရာရဲ့ အမိန့်အရ ဒီဝိညာဉ်ဆေးပင် သုံးမျိုးကို ဝယ်ယူဖို့ လာခဲ့တာပါ"

"မင်းရဲ့ဆရာက တတိယအဆင့် ဆေးပညာရှင်လား"

စုန့်ဝမ်က ခေါင်းညိတ်ပြလိုက်သည်။ ကန်းဟုန်၏ မျက်နှာမှာ ဝင်းပသွားသည်။

"ငါက လေလွင့်ကျင့်ကြံသူ တစ်ဦး ဖြစ်ပေမဲ့ ဖန်မြို့တော်မှာ နေလာတာ နှစ်ပေါင်းများစွာ ရှိပြီ။ ကျွန်းပေါ်က ရွှေအမြုတေအဆင့် ကျင့်ကြံသူ အားလုံးနီးပါးကို ငါ သိတယ်။ မင်းရဲ့ဆရာက ငါ သိတဲ့သူ ဖြစ်မလား။ သူငယ်ချင်းဟောင်းများလား"

စုန့်ဝမ်က ချက်ချင်းပင် လက်ဦးဆရာကျိယင်၏ အမည်ကို ယူသုံးလိုက်သည်။

"ကျွန်တော့်ဆရာနာမည်က ကျိယင်ပါ။ ကျွန်တော်နဲ့ ဆရာက ဖန်ကျွန်းကို ရောက်တာ မကြာသေးတော့ စီနီယာ သိမယ် မထင်ဘူး"

"မိတ်ဆွေလေး... မင်းဆရာနဲ့ ငါ့ကို မိတ်ဆက်ပေးနိုင်မလား။ ငါ မင်းဆရာနဲ့ ရင်းနှီးခွင့် ရချင်ပါတယ်"

ဤစကားကို ကြားသောအခါ စုန့်ဝမ်သည် ဗီဇအရ အနည်းငယ် သတိထားမိသွားသည်။ တတိယအဆင့် ဆေးပညာရှင်များမှာ ရှားပါးလှသည် မှန်သော်လည်း ရွှေအမြုတေအဆင့် နှောင်းပိုင်း ကျင့်ကြံသူတစ်ဦးအနေဖြင့် ဤမျှအထိ နှိမ့်ချပြီး ဆက်ဆံရေး တည်ဆောက်ရန် ကြိုးစားခြင်းမှာ ပုံမှန်မဟုတ်ပေ။ ထို့ပြင် ရွှေဝိညာဉ်မျိုးစေ့ လေလံတင်ခဲ့ပုံတွင်လည်း သံသယဖြစ်ဖွယ် အချက်များစွာ ရှိနေသည်။ လစဉ် ရတနာစုဝေးပွဲကို ဦးစီးကျင်းပနေသော ကန်းဟုန်အနေဖြင့် မည်သည့် ဝိညာဉ်ပစ္စည်းများက အရောင်းသွက်ပြီး မည်သည့်အရာများက ရောင်းရခက်သည်ကို သိသင့်သည်။ သို့သော် မည်သူမျှ ဈေးမခေါ်နိုင်သော ရွှေဝိညာဉ်မျိုးစေ့ကို ဘာကြောင့် ထုတ်ပြခဲ့သနည်းဆိုသည်မှာ စဉ်းစားစရာ ဖြစ်သည်။

သူသည် တတိယအဆင့် ဆေးပညာရှင်တစ်ဦးကို တမင်တကာ မြှူထုတ်ရန် ကြိုးစားနေခြင်း ဖြစ်မလား။

စုန့်ဝမ်က "စီနီယာ... ကျွန်တော့်ဆရာက တခြားသူတွေနဲ့ ဆက်ဆံရတာကို မနှစ်သက်ပါဘူး။ ဆရာ့ ခွင့်ပြုချက် မရဘဲ ကျွန်တော် သဘောအတိုင်း မိတ်ဆက်ပေးဖို့ မဝံ့ရဲပါဘူး။ ကျွန်တော် ပြန်သွားပြီး ဆရာ့ကို အရင် တိုင်ပင်ကြည့်ရပါဦးမယ်" ဟု အလိုက်အထိုက် ဖြေလိုက်သည်။

စုန့်ဝမ် ငြင်းဆိုသည်ကို ကြားသော်လည်း ကန်းဟုန်က မကျေနပ်ဟန် မပြပေ။ အဆင့်မြင့် ဆေးပညာရှင်များသည် များသောအားဖြင့် တစ်ဦးတည်း အထီးကျန် နေထိုင်တတ်ကြပြီး သူစိမ်းများ၏ နှောင့်ယှက်မှုကို မနှစ်သက်ကြခြင်းမှာ သဘာဝပင် ဖြစ်သည်။

ကန်းဟုန်က ကျောက်စိမ်းသေတ္တာ နှစ်လုံးကို ထုတ်ယူပြီး စုန့်ဝမ်ထံ ကမ်းပေးလိုက်သည်။

"မိတ်ဆွေလေး... တိုက်တိုက်ဆိုင်ဆိုင် ငါ့ဆီမှာ ဆန်းကြယ်ဝိညာဉ်ဂျင်ဆင်းနဲ့ တေးဆိုပန်းတွေ ရှိနေတယ်"

စုန့်ဝမ်သည် ကျောက်စိမ်းသေတ္တာ နှစ်လုံးကို ယူ၍ ဖွင့်ကြည့်လိုက်သည်။ သေတ္တာတစ်လုံးစီတွင် ဆန်းကြယ်ဝိညာဉ်ဂျင်ဆင်းနှင့် တေးဆိုပန်း ဆယ်ပင်စီ အသီးသီး ရှိနေသည်။

"စီနီယာ့ကို ကျေးဇူးတင်ပါတယ်! အခုဆိုရင် ကျွန်တော် ဆရာ့ကို သွားပြီး အစီရင်ခံနိုင်ပါပြီ။ ဒီဆေးပင် ၂၀ အတွက် ကျွန်တော် ဘယ်လောက် ပေးရမလဲ"

ကန်းဟုန်က ခေါင်းခါလိုက်သည်။

"ဒီဆေးပင်တွေက မင်းရဲ့ဆရာအတွက် ငါ့လေးစားမှုကို ပြတဲ့အနေနဲ့ ပေးတဲ့ လက်ဆောင်ပါ။ ဝိညာဉ်ကျောက်တွေ ပေးစရာ မလိုပါဘူး"

စုန့်ဝမ်က ထိတ်လန့်သွားဟန်ဖြင့် "ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီဆေးပင်တွေက တန်ဖိုးကြီးတယ်၊ ကျွန်တော် ဘယ်လိုလုပ် အလကား လက်ခံနိုင်မှာလဲ။ ဆရာ သိသွားရင် ကျွန်တော့်ကို သေချာပေါက် ဆူပါလိမ့်မယ်"ဟု ဆိုလိုက်သည်။

"ဒါဆိုရင်လည်း ဝိညာဉ်ကျောက်တုံး နှစ်ထောင်ပဲ ပေးပါ"

စုန့်ဝမ်က ခေါင်းညိတ်ပြီး ဝိညာဉ်ကျောက်တုံး နှစ်ထောင်ကို အလျင်အမြန် ထုတ်ယူကာ ကန်းဟုန်ထံ ကမ်းပေးလိုက်သည်။ ဆန်းကြယ်ဝိညာဉ်ဂျင်ဆင်း ဆယ်ပင်နှင့် တေးဆိုပန်း ဆယ်ပင်ကို ဝိညာဉ်ကျောက်တုံး နှစ်ထောင်တည်းနှင့် ရခြင်းမှာ အလွန်ပင် တန်လှသည်။ နှစ်မျိုးစလုံးမှာ တတိယအဆင့် ဝိညာဉ်ဆေးပင်များ ဖြစ်ကြသော်လည်း ၎င်းတို့၏ ဈေးနှုန်းများမှာ အတော်ပင် ကွာခြားသည်။ ဆန်းကြယ်ဝိညာဉ်ဂျင်ဆင်းမှာ တစ်ပင်လျှင် ဝိညာဉ်ကျောက်တုံး နှစ်ထောင်ခန့် တန်ဖိုးရှိသည်။ တေးဆိုပန်းမှာ စျေးပေါသော်လည်း တစ်ပင်လျှင် ဝိညာဉ်ကျောက်တုံး လေးငါးရာခန့် ပေါက်ဈေး ရှိသေးသည်။

ကန်းဟုန်က ဝိညာဉ်ကျောက်များကို ယူလိုက်ပြီး စုန့်ဝမ်ဆီ ကျောက်စိမ်းပြားတစ်ခု ကမ်းပေးသည်။

"ဒါက ရတနာဖလှယ်ပွဲရဲ့ ဝင်ခွင့်တံဆိပ်ပြားပဲ။ လတိုင်းရဲ့ ၁၀ ရက်နေ့မှာ ဒါကို သုံးပြီး စုဝေးပွဲကို တက်ရောက်နိုင်တယ်"

"စီနီယာ့ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ"

ကန်းဟုန်က ခေါင်းညိတ်ပြပြီး လှည့်ထွက်သွားခဲ့သည်။

ထွက်ခွာသွားသော ကန်းဟုန်၏ ကျောပြင်ကို ကြည့်ရင်း စုန့်ဝမ် တွေးရခက်နေသည်။ ကန်းဟုန်၏ ရက်ရောမှုမှာ တတိယအဆင့် ဆေးပညာရှင် တစ်ဦးနှင့် မိတ်ဆွေဖွဲ့ရန် စစ်မှန်သော ကြိုးစားမှုသက်သက်သာ ဖြစ်ပြီး မကောင်းသော ရည်ရွယ်ချက် မရှိခြင်းလည်း ဖြစ်နိုင်သည်ဟု တွေးမိသည်။ တတိယအဆင့် ဆေးပညာရှင်မှာ အလွန်ရှားပါးသလို လက်တွဲအလုပ်လုပ်ခွင့်ရပါက အကျိုးအမြတ် ကြီးကြီးမားမား ရနိုင်သည် မဟုတ်ပါလား။

လိုအပ်သော ဆေးပင်များကို ရရှိပြီဖြစ်၍ စုန့်ဝမ်လည်း အရောင်းဆိုင်ကို သိမ်းပြီး အခြားသော အရောင်းဆိုင်များကို လှည့်လည်ကြည့်ရှုခဲ့သည်။ ပြထားသော ပစ္စည်းအများစုမှာ ဒုတိယအဆင့် ဝိညာဉ်ပစ္စည်းများသာ ဖြစ်သဖြင့် စုန့်ဝမ် စိတ်ဝင်စားခြင်း မရှိပေ။

နောက်ဆုံးတွင် သစ်သားဆိုင်းဘုတ်တစ်ခု ရှိနေသော ဆိုင်ရှေ့အရောက် စုန့်ဝမ် ရပ်လိုက်သည်။ ထိုဆိုင်းဘုတ်တွင် "ခန္ဓာကိုယ်ထဲ အလောင်းစွမ်းအင် ဝင်ရောက်မှုကြောင့် ဖြစ်ပေါ်လာသော ဖုတ်ကောင်အသွင် ပြောင်းလဲခြင်းအတွက် ဖြေရှင်းနည်း ရှာဖွေနေပါသည်။ ဆုလာဘ်အဖြစ် အဆင့်မြင့် ဝိညာဉ်ကျောက် တစ်တုံး သို့မဟုတ် တန်ဖိုးတူ ရှားပါးဝိညာဉ်ပစ္စည်း ပေးပါမည်"ဟု ရေးထားသည်။

ဆိုင်ပိုင်ရှင်မှာ ပိုးပဝါစဖြင့် မျက်နှာကို ဖုံးအုပ်ထားသော ဝတ်ရုံရှည် ဝတ်ဆင်ထားသည့် လူငယ်အမျိုးသမီး ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ ထိုဝတ်ရုံမှာ သာမန်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ ထိုအမျိုးသမီး၏ မျက်နှာနှင့် ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားပေးသော မှော်ပစ္စည်းတစ်ခု ဖြစ်နေသည်။

ရက်ရောသော ဆုလာဘ်ကြောင့် ရွှေအမြုတေအဆင့် ကျင့်ကြံသူ အချို့ အပါအဝင် ကျင့်ကြံသူများစွာမှာ ထိုနေရာ၌ ရပ်တန့်ကာ ကြည့်ရှုနေကြသည်။ လူငယ်အမျိုးသမီးထံမှ ခွင့်ပြုချက် ရရှိပြီးနောက် ကျင့်ကြံသူများသည် သူမ၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ကြသော်လည်း အားလုံးက မျက်မှောင်ကြုတ်ကာ ခေါင်းခါလျက် လှည့်ထွက်သွားကြသည်။

...

ရှင်းရွယ်ရွယ်မှာ တစ်နေ့ထက် တစ်နေ့ စိတ်ပျက် အားငယ်နေခဲ့သည်။ သူမ၏ ခန္ဓာကိုယ် ဖုတ်ကောင်အဖြစ် ပြောင်းလဲလာမှုမှာ တစ်နေ့ထက်တစ်နေ့ ပိုမို ပြင်းထန်လာသည်။

လွန်ခဲ့သော ရက်အနည်းငယ်က သူမသည် အားကိုးရာမဲ့စွာဖြင့် ဖခင်ဖြစ်သူ ရှင်းကောင်းဟန်ထံ သွားရောက်ပြီး ကြားဝင်ကူညီပေးရန်နှင့် မိစ္ဆာအိုကြီး ယင်ရှို့ထံမှ ဖုတ်​ကောင်အသွင် ပြောင်းလဲခြင်းအတွက် ဖြေရှင်းနည်းကို တောင်းပေးရန် တောင်းဆိုခဲ့သည်။ မိမိ၏ တစ်ဦးတည်းသော သမီးအရင်းမှာ မိစ္ဆာအိုကြီး ယင်ရှို့၏ လျှို့ဝှက် ကြိုးကိုင်မှုကို ခံခဲ့ရပြီး နတ်ဆိုးပညာရပ်များကို လေ့ကျင့်နေခဲ့ရကြောင်း သိလိုက်ရသောအခါ ရှင်းကောင်းဟန်မှာ အလွန်ပင် ဒေါသထွက်ခဲ့သည်။

ထို့ပြင် ဤကိစ္စကို ဖုံးကွယ်ထားနိုင်ရန် ယင်ရှို့က ရှင်းရွယ်ရွယ်ကို သူမ ခန္ဓာကိုယ်ထဲမှ အလောင်းစွမ်းအင်များအား ဖုံးကွယ်ထားနိုင်သည့် မှော်ပစ္စည်းတစ်ခုပင် ပေးထားခဲ့သည်။

ရှင်းကောင်းဟန်မှာ ဒေါသပေါက်ကွဲသွားတော့သည်။ သမီးဖြစ်သူ၏ အခြေအနေကို စစ်ဆေးပြီးနောက်တွင် ပြင်ပအကူအညီဖြင့် သူမခန္ဓာကိုယ်ထဲမှ အလောင်းစွမ်းအင်များကို ဖယ်ရှားရန် မဖြစ်နိုင်ကြောင်း အတည်ပြုလိုက်သည်။ ၎င်းကို ဖြေရှင်းနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ နတ်ဆိုးပညာရပ်များမှ တဆင့်သာ ဖြစ်သည်။

ရှင်းကောင်းဟန်က "ငါ မိစ္ဆာအိုကြီးယင်ရှို့နဲ့ ဆက်သွယ်လိုက်မယ်၊ ဒါပေမဲ့ မင်းကို နတ်ဆိုးပညာရပ်တွေ လေ့ကျင့်အောင် လမ်းပြခဲ့ကတည်းက သူ့မှာ မကောင်းတဲ့ ရည်ရွယ်ချက် တစ်ခုခု ရှိနေမှာပဲ။ ဒါဆို ဖြေရှင်းနည်းကို အလွယ်တကူ ပြောပြမှာ မဟုတ်ဘူး။ အဆိုးဆုံးအတွက် ပြင်ထားလိုက်တော့"ဟု ပြောပြီးနောက် ရှင်းကောင်းဟန်သည် မန္တန်စွမ်းအားကို အသုံးပြု၍ သမီးဖြစ်သူကို နေအိမ်ပြင်ပသို့ ပို့ဆောင်လိုက်သည်။

ရှင်းရွယ်ရွယ်သည် သူမဂူအိမ်သို့ ပြန်လာပြီး ရက်အတော်ကြာ စောင့်ဆိုင်းနေခဲ့သော်လည်း ဖခင်ဖြစ်သူထံမှ ဘာသတင်းမျှ မကြားရပေ။ ထိုင်ပြီး အသေမခံလိုသဖြင့် သူမ၏ လက်အောက်ခံများကို ဖြေရှင်းနည်းများ စုံစမ်းခိုင်းခဲ့သည်။

ရတနာစုဝေးပွဲအကြောင်း သိရသောအခါ ပါဝင်သူ အများစုမှာ လေလွင့်ကျင့်ကြံသူများထဲမှ ထူးချွန်သူများ ဖြစ်ကြသဖြင့် သူတို့၏ ကွဲပြားသော နည်းလမ်းများမှတဆင့် ဖြေရှင်းနည်း တစ်ခုခု တွေ့နိုင်လိမ့်မည်ဟု မျှော်လင့်ကာ သူမ ကိုယ်တိုင် တက်ရောက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ရွှေအမြုတေအဆင့် လေလွင့်ကျင့်ကြံသူ အချို့နှင့် အခြေတည်အဆင့် ကျင့်ကြံသူ ၂၀ ကျော် စစ်ဆေးပြီးသည့်တိုင် အားလုံးက မကူညီနိုင်ကြောင်းသာ ပြောခဲ့ကြသည်။

၎င်းက ရှင်းရွယ်ရွယ်၏ စိတ်ကို ပို၍ လေးလံသွားစေသည်။ သူမ ဆုပ်ကိုင်ထားခဲ့သော မျှော်လင့်ချက်မှာ အဓိပ္ပာယ်မရှိဘဲ ရယ်စရာကောင်းနေမှန်း ရုတ်တရက် သတိထားမိသွားသည်။ ဝိညာဥ်သန္ဓေ နှောင်းပိုင်းအဆင့်၌ ရှိသော သူမ၏ ဖခင်ပင်လျှင် ဖုတ်ကောင်အသွင် ပြောင်းလဲခြင်းအပေါ် ဖြေရှင်းရန် မတတ်နိုင်ခဲ့ရာ ဤလေလွင့်ကျင့်ကြံသူတစ်စုက မည်သို့ ဖြေရှင်းပေးနိုင်မှာနည်း။

"မိတ်ဆွေ... ကျွန်တော် စမ်းကြည့်လို့ ရမလား"

အသံတစ်ခု သူမ၏ နားထဲသို့ ရုတ်တရက် ဝင်လာသည်။ ရှင်းရွယ်ရွယ် ခေါင်းမော့ကြည့်လိုက်ရာ သံမျက်နှာဖုံး စွပ်ထားသော အမျိုးသားတစ်ဦးကို မြင်လိုက်ရသည်။

မျှော်လင့်ချက်အားလုံး ပျောက်ဆုံးနေပြီ ဖြစ်သော်လည်း လက်ကို မြှောက်ကာ မျက်နှာဖုံးနှင့် အမျိုးသားထံ ကမ်းပေးလိုက်သည်။

စုန့်ဝမ် ရှင်းရွယ်ရွယ်၏ လက်ကောက်ဝတ်ပေါ်သို့ လက်ညိုး တင်လိုက်သည်။ ရှင်းရွယ်ရွယ်သည် သူမ၏ အရှိန်အဝါကို ဖုံးကွယ်ရန် မှော်ဝတ်ရုံကို ဝတ်ထားသဖြင့် အခြေအနေကို စစ်ဆေးရန် ခန္ဓာကိုယ်ချင်း ထိတွေ့မှု လိုအပ်သည်။

စုန့်ဝမ်၏ လက်ချောင်းမှတဆင့် ဝိညာဉ်စွမ်းအင် အနည်းငယ် စီးဆင်းသွားပြီး ရှင်းရွယ်ရွယ်၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်။ စွမ်းအားများ နက်ရှိုင်းလာသည်နှင့်အမျှ ရှင်းရွယ်ရွယ်၏ ကျင့်ကြံမှုနှင့် ဝိညာဉ်စွမ်းအင် စီးဆင်းမှုပုံစံမှာ စုန့်ဝမ်၏ စိတ်ထဲတွင် တဖြည်းဖြည်း ရှင်းလင်းလာသည်။

ထိုအချိန်တွင် စုန့်ဝမ် အနည်းငယ် စိတ်လှုပ်ရှားသွားပြီး ရှင်းရွယ်ရွယ်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်မိသည်။ ရှင်းရွယ်ရွယ် လေ့ကျင့်နေသော ပညာရပ်မှာ အလောင်းဘုရင် သွေးသန့်စင်ခြင်းပညာဖြစ်ပြီး အခြေတည်အဆင့် အထွတ်အထိပ်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။

……..

All Chapters