← Chapters

ဖုတ်ကောင်အသွင်ပြောင်းပြဿနာ ဖြေရှင်းပေးမယ်

Vol. 27 Ch. 283

ဖုတ်ကောင်အသွင်ပြောင်းပြဿနာ ဖြေရှင်းပေးမယ်

Vol. 27 Ch. 283

အသက်ရှူကြိမ် အနည်းငယ်အကြာတွင် စုန့်ဝမ်သည် သူ့လက်ချောင်းကို ပြန်ရုပ်သိမ်းလိုက်သည်။ ရှင်းရွယ်ရွယ် ခန္ဓာကိုယ်အတွင်းရှိ အခြေအနေမှာ ယခင်က သူကိုယ်တိုင် ကြုံတွေ့ခဲ့ရသော ဖုတ်ကောင်အသွင် ပြောင်းလဲခြင်းနှင့် ထပ်တူပင် ဖြစ်သော်လည်း သူ ကြုံခဲ့ရသည်ထက် အဆပေါင်းများစွာ ပို၍ ပြင်းထန်နေသည်။

ထိုစဉ်က စုန့်ဝမ်သည် ချီကာဒါခေါင်းပွသစ်သားကို သုံးပြီး ဖုတ်ကောင်အသွင် ပြောင်းလဲခြင်းကို ယာယီ ထိန်းချုပ်နိုင်ခဲ့သည်။ သို့သော် ရှင်းရွယ်ရွယ်၏ ကျင့်ကြံမှုမှာ ထိုစဉ်က သူနှင့်ယှဉ်လျှင် အဆများစွာ သာလွန်နေသည်။ ရလဒ်အနေဖြင့် သူမ ခန္ဓာကိုယ်ထဲသို့ အလောင်းစွမ်းအင် ဝင်ရောက်မှု အတိုင်းအတာမှာလည်း အဆပေါင်းများစွာ ပို၍ ဆိုးဝါးနေခြင်း ဖြစ်သည်။

ဤအခြေအနေတွင် ပြင်ပစွမ်းအားများဖြင့် သူမ၏ ခန္ဓာကိုယ် ဖုတ်ကောင်အသွင် ဖြစ်လာမှုကို ဆက်လက် တားဆီးရန် မဖြစ်နိုင်တော့ပေ။ တစ်ခုတည်းသော ဖြေရှင်းနည်းမှာ အလောင်းဘုရင်သွေးသန့်စင်ပညာ အပြည့်အစုံကို လေ့ကျင့်ရန်သာ ဖြစ်ပြီး ၎င်းကသာ သူမခန္ဓာကိုယ်တွင်းရှိ အလောင်းစွမ်းအင်များကို အမှန်တကယ် သန့်စင်နိုင်စေကာ အလောင်းစွမ်းအင်နှင့် သူမ၏ ရုပ်ခန္ဓာကို ပြီးပြည့်စုံစွာ ပေါင်းစပ်နိုင်စေမည် ဖြစ်သည်။

"စိတ်မကောင်းပါဘူး၊ ကျွန်တော်လည်း မတတ်နိုင်ပါဘူး"

စုန့်ဝမ်သည် ထိုစကားကို ပြောပြီး ခေါင်းခါလျက် လှည့်ထွက်သွားခဲ့သည်။

စုန့်ဝမ်၏ စကားကို ကြားသောအခါ စိတ်ဓာတ် ကျဆင်းနေပြီဖြစ်သော ရှင်းရွယ်ရွယ်မှာ ဘာတုံ့ပြန်မှုမျှ မရှိပေ။ သူမက စုန့်ဝမ် ထွက်သွားသည်ကိုပင် ဂရုမစိုက်ခဲ့ပေ။

စုန့်ဝမ် အရောင်းဆိုင်အားလုံးကို ပတ်ကြည့်သော်လည်း စိတ်ဝင်စားစရာ ဘာမှမတွေ့သဖြင့် ထျန်းကျိုးကို နှုတ်ဆက်ကာ ရတနာစုဝေးပွဲမှ စောစော ထွက်ခွာခဲ့သည်။

ရတနာစုဝေးပွဲတွင် ရှင်းရွယ်ရွယ်သည် ဖုတ်ကောင်အသွင် ပြောင်းလဲခြင်းအတွက် မည်သည့်သဲလွန်စမျှ မတွေ့ခဲ့ရပေ။ သူမသည် ဓားပျံပေါ်သို့ တက်ကာ ဖန်မြို့တော်သို့ ဦးတည်ခဲ့သည်။ ရတနာစုဝေးပွဲနှင့် သုံးမိုင်ခန့်အကွာရှိ တောင်ထိပ်တစ်ခုကို ဖြတ်ကျော်စဉ်မှာပင် အောက်ဘက်ရှိ တောအုပ်ထဲမှ လူရိပ်တစ်ခု ရုတ်တရက် ခုန်ထွက်လာသည်။

ရောက်ရှိလာသူမှာ ဝတ်ရုံနက်ကို ခြုံထားပြီး အော်ရာကို ထိန်းချုပ်ထားသဖြင့် ထိုသူ၏ ကျင့်ကြံမှုအဆင့်ကို မသိနိုင်ပေ။

ရှင်းရွယ်ရွယ်က သတိထားရင်း "ရှင် ဘယ်သူလဲ။ ဘာလို့ ကျွန်မလမ်းကို ပိတ်တာလဲ"ဟု မေးလိုက်သည်။

"မိတ်ဆွေ... ငါ့မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး။ မိတ်ဆွေရဲ့ ခန္ဓာကိုယ် ဖုတ်ကောင်အသွင် ပြောင်းလဲနေတဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်လို့ ဒီမှာ စောင့်နေတာပါ"

ထိုလူမှာ စုန့်ဝမ်ပင် ဖြစ်သည်။ ရတနာစုဝေးပွဲတွင် ဤကိစ္စကို ထုတ်မပြောခဲ့ခြင်းမှာ ထိုကိစ္စအား အာရုံစိုက်မှု ရသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်ပြီး ၎င်းက မကောင်းသော ရည်ရွယ်ချက်ရှိသူများအား သူ့သရုပ်မှန်ကို ပေါ်ထွက်သွားနိုင်စေမည် ဖြစ်သည်။ ဝူရှန်းဟူသော အမည်မှာ စုန့်ဝမ်အတွက် အသုံးဝင်နေသေးသဖြင့် လောလောဆယ် စွန့်လွှတ်၍ မရသေးပေ။

ရှင်းရွယ်ရွယ်သည် စုန့်ဝမ်၏ စကားကို ကြားသော်လည်း သတိမလျော့ခဲ့ပေ။ သူမမျက်ဝန်းထဲတွင် အံ့သြရိပ်များ လျှပ်ခနဲ ပေါ်လာသလို သံသယနှင့် သတိထားမှုများလည်း ရောနှောနေသည်။

"ကျွန်မ ခန္ဓာကိုယ် ဖုတ်ကောင်အသွင် ပြောင်းလဲနေတာကို ရှင် ဘယ်လို သိတာလဲ။ ရှင်က ရတနာစုဝေးပွဲမှာ ပါဝင်ခဲ့တဲ့သူလား"

ရတနာစုဝေးပွဲတွင် ကျင့်ကြံသူ ငါးဆယ်ကျော်က သူမကို စစ်ဆေးခဲ့ကြသည်။ ထိုလူများ၏ ရုပ်ရည်များကို စိတ်ထဲတွင် အမြန် ပြန်လည် စဉ်းစားကြည့်သည်။ သို့သော်လည်း သူတို့ထဲတွင် ယခု သူမရှေ့မှ လူ၏ ရုပ်ရည်နှင့် တူသူ တစ်ဦးမျှ မပါဝင်ပေ။

စုန့်ဝမ်က "ဒီကိစ္စကို ငါ ဘယ်လို သိလဲဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာက မင်းရဲ့ အကျပ်အတည်းကို ဖြေရှင်းပေးနိုင်တာပါပဲ" ဟု ဆိုသည်။

ဤစကားကို ကြားသောအခါ ရှင်းရွယ်ရွယ်၏ မျက်ဝန်းထဲတွင် ရှုပ်ထွေးသော ခံစားချက်များ လျှပ်ခနဲ ပေါ်လာသည်။ ထိုသူ ပြောသည်မှာ အမှန်လား၊ အမှားလား မသိသော်လည်း သူမတွင် တခြား ရွေးချယ်စရာ မရှိတော့သဖြင့် လောလောဆယ် ထိုသူကို ယုံကြည်ရန်သာ ရှိတော့သည်။ ထို့ကြောင့် ခေါင်းညိတ်ပြကာ ဆက်ပြောရန် အချက်ပြလိုက်သည်။

စုန့်ဝမ်က "မင်း ကျင့်ကြံနေတဲ့ နတ်ဆိုးပညာရပ်က မပြည့်စုံဘူး၊ အဲဒါကြောင့် အလောင်းစွမ်းအင်ကို အမှန်တကယ် မသန့်စင်နိုင်ဘူး ဖြစ်နေတယ်။ ငါ့မှာ အလောင်းဘုရင် သွေးသန့်စင်ပညာ အပြည့်အစုံ ရှိတယ်" ဟု ဆိုလိုက်သည်။

သူမ လေ့ကျင့်နေသော ပညာရပ်ကို စုန့်ဝမ်က ထောက်ပြလိုက်သောအခါ ရှင်းရွှယ်ရွှယ် ဝမ်းသာမည့်အစား ဒေါသများ ထွက်ပေါ်လာပြီး သူမ၏ လေသံမှာ အေးစက်သွားသည်။

"ရှင်က ဝူကျိကျွန်းကလား"

စုန့်ဝမ်သည် နားမလည်ဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ "မင်း... ဘာကို ပြောတာလဲ?"

"အလောင်းဘုရင် သွေးသန့်စင်ပညာက လျှို့ဝှက်ချက်ဖြစ်ပြီး အပြင်ကို ပေးမသိတဲ့ ပညာရပ်ပဲ။ ဝူကျိကျွန်းမှာတောင် အမာခံ တပည့်အနည်းငယ်ပဲ အဲဒါကို လေ့ကျင့်ခွင့် ရှိတာ။ အကယ်၍ ရှင်က ဝူကျိကျွန်းက တိုက်ရိုက် တပည့်မဟုတ်ရင် အလောင်းဘုရင် သွေးသန့်စင်ပညာကို ဘယ်လိုလုပ် ရနိုင်မှာလဲ"

စုန့်ဝမ် သူ့အော်ရာကို အနည်းငယ် ထုတ်ပြလိုက်သည်။ ထိုအော်ရာမှာ ဖြောင့်မတ်ပြီး ကြည်လင်နေကာ အလောင်းကျင့်ကြံသူများ၌ တွေ့ရလေ့ရှိသော အလောင်းစွမ်းအင်မျိုး လုံးဝ မပါဝင်ပေ။

"ငါက နတ်ဆိုးကျင့်ကြံသူ မဟုတ်သလို ဝူကျိကျွန်းက တိုက်ရိုက်တပည့်လည်း မဟုတ်ပါဘူး"

ရှင်းရွယ်ရွယ် အလွန်ပင် အံ့သြသွားသည်။

"ရှင်က နတ်ဆိုးကျင့်ကြံသူ မဟုတ်ဘူးပဲ။ ဒါဆို အလောင်းဘုရင် သွေးသန့်စင်ပညာကို ဘယ်လို ရခဲ့တာလဲ"

"ဒါကတော့ ငါ ထုတ်မပြောနိုင်တဲ့ ကိစ္စပါ။ အကယ်၍ မင်းသာ ဖုတ်ကောင်အသွင် ပြောင်းလဲတာကို ဖြေရှင်းချင်တယ်ဆိုရင် ဆက်မစုံစမ်းတာ ပိုကောင်းပါလိမ့်မယ်"

ရှင်းရွယ်ရွယ်က "ရှင့်မှာ အလောင်းဘုရင် သွေးသန့်စင်ပညာ အပြည့်အစုံ ရှိတယ်ဆိုတာ ကျွန်မ နည်းနည်း သံသယဖြစ်မိရုံပါ" ဟု ပြန်ဖြေသည်။ သူမ၏ဖခင် ရှင်းကောင်းဟန်ပင်လျှင် ကျင့်စဥ်အပြည့်အစုံကို ရရှိရန် ခက်ခဲနေသည်ဖြစ်ရာ သာမန် လေလွင့်ကျင့်ကြံသူ တစ်ဦးက အပြည့်အစုံ ရှိသည်ဟု ပြောခြင်းမှာ သဘာဝကျကျပင် သံယဝင်မိခြင်း ဖြစ်သည်။

"မင်းက ငါ့ကို မယုံဘူးဆိုရင်လည်း ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်လိုက်ကြတာပေါ့" ဟု စုန့်ဝမ်က ပြောကာ လှည့်ထွက်ရန် ပြင်လိုက်သည်။

"နေပါဦး" ရှင်းရွယ်ရွယ်က သူ့ကို အမြန် လှမ်းခေါ်လိုက်သည်။ "အဲဒီပညာရပ်ကို ကျွန်မ စစ်ဆေးကြည့်လို့ ရအောင် ပြနိုင်မလား"

စုန့်ဝမ်က အနည်းငယ် ပြုံးလိုက်မိသည်။ သူ့တွင် ဝိညာဉ်ကျောက်တုံးများ တကယ်ပင် လိုအပ်နေပြီး ထိပ်တန်း ဝိညာဉ်ကျောက်တုံး တစ်တုံး ရရှိရုံနှင့်ပင် လက်ရှိ အခြေအနေကို များစွာ အထောက်အကူ ဖြစ်စေလိမ့်မည်။ ထို့ကြောင့် အလောင်းဘုရင် သွေးသန့်စင်ပညာ၏ အကျဉ်းချုပ် ပါဝင်သော ကျောက်စိမ်းပြားတစ်ခု ပစ်ပေးလိုက်သည်။

ရှင်းရွယ်ရွယ်က ကျောက်စိမ်းပြားကို ယူ၍ စစ်ဆေးပြီး၊ ခဏအကြာတွင် "မိတ်ဆွေ... ရှင့်မှာ အလောင်းဘုရင် သွေးသန့်စင်ပညာ ရှိတာတော့ အမှန်ပဲ၊ ဒါပေမဲ့ လောလောဆယ် ကျွန်မဆီမှာ ထိပ်တန်း ဝိညာဉ်ကျောက်တုံး ပါမလာဘူး" ဟု ဆိုသည်။

"မင်းဆီမှာ ဝိညာဉ်ကျောက်တုံး မရှိဘူး ဟုတ်လား"

"မိတ်ဆွေ... အထင်မလွဲပါနဲ့။ ကျွန်မဆီမှာ ဝိညာဉ်ကျောက်တုံး အနည်းငယ်ပဲ ပါလာလို့ပါ။ ကျွန်မနေရာကို လိုက်ခဲ့မယ်ဆိုရင် ရှင့်ကို ဝိညာဉ်ကျောက်တုံးတွေ သေချာပေါက်ပေးပါ့မယ်။"

"မင်းက ငါ့ကို ကလေးလေးလို့ ထင်နေတာလား။ မင်းရဲ့ ဂူကို လိုက်ခဲ့ရမယ် ဟုတ်လား၊ ဝိညာဉ်ကျောက်တုံး မရခင် အသက် အရင် ထွက်သွားမှာကို ငါ စိုးရိမ်မိတယ်"

ရှင်းရွယ်ရွယ် နောက်ဆုံးတွင် ဖုတ်ကောင်အသွင် ပြောင်းလဲခြင်းကို ဖြေရှင်းရန် မျှော်လင့်ချက် တွေ့ရှိခဲ့ပြီ ဖြစ်ရာ ၎င်းကို အလွယ်တကူ လက်လွတ်မခံနိုင်ပေ။

"မိတ်ဆွေ... ဒါ ကျွန်မရဲ့ အမှားပါ။ အကယ်၍ ရှင်က ဒီပညာရပ်ကို ပေးမယ်ဆိုရင် ဝိညာဉ်ကျောက်တုံးတွေ ပိုပေးရမလား၊ ဒါမှမဟုတ် တခြား ဝိညာဉ်ပစ္စည်းတွေနဲ့ လဲမလား"

"အော်... ဘယ်လို ဝိညာဉ်ပစ္စည်းမျိုးမဆိုလား" ဟု စုန့်ဝမ်က မေးသည်။

"သေချာပေါက်ပေါ့၊ ကျွန်မ ပေးနိုင်တာမှန်သမျှ" ဟု ရှင်းရွယ်ရွယ်က ပြန်ဖြေသည်။

"အဆင့်မြင့် ဝိညာဉ်ကျောက် တစ်တုံး၊ ရွှမ်ယင်ကျောက် သုံးတုံးနဲ့ ခရစ္စတယ်သဲကျောက်တစ်တုံး"

စုန့်ဝမ် ခဏမျှ စဉ်းစားပြီးနောက် ကြီးမားသော တောင်းဆိုမှုတစ်ခု ပြုလုပ်လိုက်သည်။

ရွှမ်ယင်ကျောက် တစ်တုံးတည်းကပင် အဆင့်နိမ့် ဝိညာဉ်ကျောက် သုံးသိန်းခန့် တန်ဖိုးရှိသည်။ ခရစ္စတယ်သဲကျောက်မှာမူ ဝိညာဉ်ကျောက် ၈,၀၀၀ ခန့် တန်သည်။ အားလုံး ပေါင်းလိုက်လျှင် စုန့်ဝမ် တောင်းဆိုလိုက်သော ပစ္စည်းများ၏ စုစုပေါင်း တန်ဖိုးမှာ အဆင့်နိမ့် ဝိညာဉ်ကျောက် ၃ သန်းနီးပါး ရှိသည်။

စုန့်ဝမ်သည် ရှင်းရွယ်ရွယ် မည်သူမည်ဝါဖြစ်ကြောင်းကို မသိသော်လည်း သူမ၏ အခြေတည်အဆင့် အထွတ်အထိပ် ကျင့်ကြံမှုနှင့် ဝတ်ဆင်ထားသော မှော်ဝတ်ရုံကို ကြည့်ခြင်းဖြင့် သူမ၏ အဆင့်အတန်းမှာ မနိမ့်မှန်း သိနိုင်သောကြောင့် ဤမျှ မြင့်မားသော ဈေးနှုန်းကို တောင်းဆိုရဲခြင်း ဖြစ်သည်။

"မိတ်ဆွေ... ဒါက နည်းနည်းတော့ လောဘကြီးလွန်းရာ မရောက်ဘူးလား" ဟု ပြောလာသော ရှင်းရွယ်ရွယ်၏ အသံတွင် ဒေါသသံ အနည်းငယ်ပင် ပါလာသည်။

"စီးပွားရေးဆိုတာ နှစ်ဦးနှစ်ဖက် သဘောတူညီမှုပဲလေ။ မင်း မကျေနပ်ရင် ဒီမှာတင် ရပ်လိုက်လို့ ရပါတယ်" ဟု စုန့်ဝမ်က အေးစက်စက် ပြန်ဖြေသည်။

ရှင်းရွယ်ရွယ်လည်း ရွေးစရာ မရှိသည့်အဆုံး အံကြိတ်ကာ "ကောင်းပြီ၊ ရှင့်တောင်းဆိုတာ ကျွန်မ သဘောတူတယ်။ အလဲအလှယ်ကို ဘယ်လို လုပ်ကြမလဲ" ဟု ဆိုသည်။

"မနက်ဖြန် မွန်းတည့်ချိန်၊ ဖန်မြို့တော်ရဲ့ အနောက်ဘက် မိုင်တစ်ထောင်အကွာက ကြယ်တာရာကန်မှာ တွေ့မယ်။ ကန်ရဲ့ အလယ်ဗဟိုမှာရှိတဲ့ ကျွန်းငယ်လေးပေါ်မှာ ငါ မင်းကို စောင့်နေမယ်။ မှတ်ထားပါ... အလဲအလှယ် လုပ်တဲ့အချိန်မှာ တတိယလူ တစ်ယောက်ယောက် ပါလာတာတွေ့ရင် ငါ ပေါ်လာမှာ မဟုတ်ဘူး"

ရှင်းရွယ်ရွယ်က ခေါင်းညိတ်ပြပြီး ဖန်မြို့တော်ဘက်သို့ ဆက်ထွက်သွားသည်။ သူမ ထွက်သွားပြီးနောက် စုန့်ဝမ်သည် ဂူရှိရာသို့ မပြန်ဘဲ ကြယ်တာရာရေကန်သို့ တိုက်ရိုက် ဦးတည်ခဲ့သည်။ ထိုအမျိုးသမီးမှာ လွယ်ကူသောသူ မဟုတ်နိုင်သဖြင့် စုန့်ဝမ် မပေါ့ဆရဲပေ။ ကျွန်းပေါ်သို့ အရင်ရောက်ရှိပြီး ကာကွယ်ရေးအတွက် ပြင်ဆင်ထားမှသာ စိတ်အေးနိုင်မည် ဖြစ်သည်။

ကြယ်တာရာကန်မှာ မိုင် ၁၀၀ ပတ်လည်ခန့် ရှိသည်။ ဤနေရာတွင် ဝိညာဉ်စွမ်းအင် နည်းပါးသဖြင့် ကျင့်ကြံသူများ လာရောက်လေ့ မရှိသလို၊ ကန်ထဲတွင်လည်း စွမ်းအားကြီးသော ရေသားရဲများ မရှိပေ။ ထိုအချက်များကြောင့်ပင် စုန့်ဝမ်က ဤနေရာကို အလဲအလှယ် လုပ်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ကန်အလယ်ရှိ ကျွန်းမှာ သေးငယ်ပြီး မိုင်အနည်းငယ်ခန့်သာ ကျယ်ဝန်းသည်။

စုန့်ဝမ်သည် ကြယ်တာရာကန် တစ်ခုလုံးနှင့် ကျွန်းကို အကြိမ်ကြိမ် စစ်ဆေးကာ တခြား ကျင့်ကြံသူနှင့် သားရဲများ မရှိကြောင်း အတည်ပြုပြီးနောက် ကျွန်းပေါ်တွင် ကူနှစ်ကောင်ကို ထားခဲ့ကာ ပြန်လည်ထွက်ခွာခဲ့သည်။

……

နောက်တစ်နေ့ မွန်းတည့်ချိန်တွင် ရှင်းရွယ်ရွယ်လည်း ချိန်းဆိုထားသည့်အတိုင်း ရောက်ရှိလာသည်။ သို့သော် သူမ၏ ဝိညာဉ်အာရုံဖြင့် ကျွန်းပေါ်တွင် အကြိမ်ကြိမ် စစ်ဆေးသော်လည်း မည်သည့် ကျင့်ကြံသူကိုမျှ မတွေ့ရပေ။ "သူ တစ်ခုခု သိသွားတာလား" ဟု စိုးရိမ်တကြီး ရေရွတ်ရင်း တောင်ဘက် မိုးကုပ်စက်ဝိုင်းဆီသို့ လှမ်းကြည့်လိုက်မိသည်။

ထိုအချိန်တွင် ကြက်ဥခန့်ရှိသော ကူနှစ်ကောင် ကျွန်းပေါ်ရှိ နေရာတစ်ခုမှ ပျံထွက်လာသည်။ ကူတစ်ကောင်၏ ပါးစပ်တွင် ကျောက်စိမ်းပြား တစ်ခုကို ကိုက်ထားသည်။ ၎င်းက ခေါင်းကို ခါယမ်းလိုက်ရာ ကျောက်စိမ်းပြားမှာ ရှင်းရွယ်ရွယ်ထံသို့ လွင့်လာသည်။ ရှင်းရွယ်ရွယ် ကျောက်စိမ်းပြားကို ဖမ်းယူလိုက်ပြီး စစ်ဆေးကြည့်ရာ စုန့်ဝမ်၏ သတင်းစကား ပါဝင်နေသည်ကို တွေ့ရသည်။

"ဝိညာဉ်ပစ္စည်းတွေကို ကူကောင်ဆီမှာ ပေးလိုက်ပါ။ တခြား ကူတစ်ကောင်က ကျင့်စဉ် ပါဝင်တဲ့ ကျောက်စိမ်းပြား ရှိတဲ့နေရာကို မင်းကို ခေါ်သွားလိမ့်မယ်"

ရှင်းရွယ်ရွယ် မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားသည်။ ထိုသူမှာ တကယ်ပင် သတိကြီးလှသည်။ သူကိုယ်တိုင် ပေါ်မလာဘဲ ကူပိုးကောင်ကိုသာ အလဲအလှယ် လုပ်ခိုင်းခြင်း ဖြစ်သည်။ ကျင့်စဉ်ပါသော ကျောက်စိမ်းပြားကလည်း ဤနေရာတွင် မရှိသေးပေ။ ၎င်းက ရှင်းရွယ်ရွယ်ကို စိုးရိမ်သွားစေပြီး ဝိညာဉ်ကျောက်များသာ ယူသွားပြီး ကျင့်စဉ် မပေးမည်ကို ကြောက်နေမိသည်။

သို့သော် သူမ၏ ဖခင် ရှင်းကောင်းဟန်ကို ဤခရီးတွင် အတူလိုက်ပါလာရန် ဖျောင်းဖျထားနိုင်ခဲ့သည်ကို ပြန်လည် သတိရလိုက်သည်။ ထိုအချိန်တွင် ဝိညာဥ်သန္ဓေ နှောင်းပိုင်းအဆင့်ရှိ သူမ၏ ဖခင်ကိုယ်တိုင် ကြယ်တာရာကန်နှင့် မိုင်တစ်ရာအဝေးရှိ ထူထပ်သော တောအုပ်တစ်ခုထဲတွင် ပုန်းကွယ်နေသည်။ ဖခင် ရှိနေသရွေ့ ဘာမှ ဆိုးဆိုးဝါးဝါး မဖြစ်နိုင်ဟု သူမ ယုံကြည်သည်။

ခဏမျှ စဉ်းစားပြီးနောက် ရှင်းရွယ်ရွယ် သူမခါးရှိ သိုလှောင်အိတ်ကို ဖြုတ်ယူကာ ကူပိုးကောင်ထံသို့ ပစ်ပေးလိုက်သည်။ ကူတစ်ကောင်က အိတ်ကို ဖမ်းယူလိုက်ပြီး တောင်ဘက်သို့ ပျံသန်းသွားသည်။ ကျန်သည့် ကူတစ်ကောင်မှာမူ မြောက်ဘက်သို့ ပျံသွားသည်။ ရှင်းရွယ်ရွယ်လည်း တွန့်ဆုတ်မနေဘဲ မြောက်ဘက်သို့ လိုက်ပါသွားသည်။

ကူပိုးကောင်က မြန်မြန်ဆန်ဆန် မပျံသန်းဘဲ ဟိုယိမ်းဒီယိမ်းဖြင့် သွားနေသည်။ တစ်နာရီအကြာတွင် မိုင်တစ်ထောင်ခန့်သာ ရောက်ရှိသေးသည်။ ၎င်းက ရှင်းရွယ်ရွယ်ကို အလွန်ပင် မကျေမနပ် ဖြစ်စေပြီး သူမကို တမင်တကာ ကစားနေသည်ဟု သံသယဝင်လာသည်။

ထိုအချိန်တွင် ကူပိုးကောင်က ရုတ်တရက် လှည့်ပြန်လာပြီး တောင်ဘက်သို့ ပျံသန်းသွားတော့သည်။ နာရီဝက်အကြာတွင် ကူပိုးကောင်သည် ကြယ်တရာကန်၏ အလယ်ကျွန်းသို့ ပြန်ရောက်လာပြီး၊ ကျောက်ဆောင်များကြားရှိ အက်ကြောင်းငယ် တစ်ခုအတွင်းသို့ လျင်မြန်စွာ ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။

ရှင်းရွယ်ရွယ် အလွန်တရာ ဒေါသထွက်သွားသည်။ သူမ အလိမ်ခံလိုက်ရပြီဟု ယုံကြည်သွားတော့သည်။ ထိုသူမှာ သူမအား အလောင်းဘုရင် သွေးသန့်စင်ပညာ ပေးအပ်ရန် ရည်ရွယ်ချက် မရှိသလို၊ အစကတည်းက ထိုပညာရပ် မရှိတာလည်း ဖြစ်နိုင်သည်ဟု သူမ သံသယဝင်သွားတော့သည်။

………

All Chapters