အခန်း (၂၇၉-၂၈၀)
Vol. 28 Ch. 279-280
အခန်း။ ၂၇၉
"ရွှမ်တိန်... ရှေးဦးကမ္ဘာဦးမျိုးနွယ်ရဲ့ ထိပ်တန်းပါရမီရှင် ပြီးတော့ ဂူယန်ရန်ရဲ့ ငယ်သူငယ်ချင်းလည်း ဟုတ်တယ်မလား"
ချန်ကျီရှင်းက သူ၏သွယ်လျသော မျက်ဝန်းများကို မှေးစိုက်ကာ ဂူရွှမ်တိန်ကို ကြည့်ပြီး ပြုံးလိုက်သည်။
ဤလူသည် တစ်ခါက ချင်းကျိုးပြည်နယ်မှ မုန့်မိသားစုထံ သတင်းပေးပြီး သူ၏မည်သူမည်ဝါဖြစ်ကြောင်းကို ဖော်ထုတ်ခဲ့ဖူးသည်။ ထိုစဉ်က ချန်ကျီရှင်းသည် သူ့ကို စိတ်ထဲသိပ်မထားခဲ့ပေ။
အမှောင်တပ်ဖွဲ့၏ နောက်ခံစစ်ဆေးမှုများအရ ရှေးဦးကမ္ဘာဦးမျိုးနွယ်မှာ ရင်းနှီးဖော်ရွေမှုရှိပြီး ချန်မိသားစုနှင့် ရန်သူဖြစ်ရန် ရည်ရွယ်ချက်ရှိပုံမရသောကြောင့် ချန်ကျီရှင်းက တစ်ချက်လွှတ်ပေးထားခဲ့ခြင်းပင်။
သို့သော် သူက ဂူရွှမ်တိန်ကို ပြဿနာမရှာသော်လည်း ဂူရွှမ်တိန်က သူ့ကို အရင်လာရှာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
"မင်း ငါ့အကြောင်းကို စုံစမ်းထားတာလား"
ဂူရွှမ်တိန်၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။
ချန်ကျီရှင်းက ပြန်မဖြေဘဲ စိတ်ဝင်တစားဖြင့် ပြန်မေးလိုက်သည်။
"ပြောရရင် ငါ့မှာ ရှေးဦးကမ္ဘာဦးမျိုးနွယ်နဲ့ရော မင်းနဲ့ပါ ဘာရန်ငြိုးမှ အကြီးအကျယ်မရှိဘူး။ ဘာလို့ ငါ့ကို သတ်ဖို့ ဒီလောက်တောင် အတင်းအကျပ် ကြိုးစားနေရတာလဲ"
ထိုစကားကို ကြားသောအခါ ဂူရွှမ်တိန်သည် ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ပြတ်သားစွာ ပြောလိုက်သည်။
"ဘာလို့လဲဆိုတော့ ယန်အာက မင်းကို သတ်ချင်နေလို့ပဲ။ အဲဒါက လုံလောက်တဲ့ အကြောင်းပြချက် မဟုတ်ဘူးလား"
ချန်ကျီရှင်း ချက်ချင်းပင် နားလည်သွားသည်။
အော်... ငါက ဂူယန်ရန်ရဲ့ ချစ်သူလေးကို သတ်လိုက်မိတာကိုး။ ဒါကြောင့် ဂူယန်ရန်က လက်စားချေချင်တာ သဘာဝပါပဲ။ ဒါပေမဲ့ ဒီဂူရွှမ်တိန်ကျတော့...
"အင်း... ဒါကတော့ တစ်ဖက်သတ် အချစ်ရူးကြီး ဖြစ်နေတာပေါ့"
ချန်ကျီရှင်းက ရယ်မောလိုက်သည်။
"တစ်ဖက်သတ် အချစ်ရူးဆိုတာ ဘာကို ဆိုလိုတာလဲ ငါက ယန်ရန်အပေါ် သစ္စာရှိတာပဲ။ သူမအတွက်ဆို ဘာမဆို လုပ်ပေးနိုင်တယ်။ မင်းလို ချမ်းသာတဲ့ မိသားစုက ကလေးတစ်ယောက်က ငါ့ရဲ့ စင်ကြယ်တဲ့ ခံစားချက်တွေကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ"
ဂူရွှမ်တိန်က မကျေမနပ် ပြောလိုက်သည်။
သူသည် တစ်ဖက်သတ် အချစ်ရူးဆိုသည့် စကားလုံး၏ အနက်အဓိပ္ပာယ်ကို အတိအကျ မသိသော်လည်း ၎င်းမှာ တစ်စုံတစ်ဦးကို မြူဆွယ်ဖားယားနေခြင်းကို ဆိုလိုကြောင်း သိသာသဖြင့် ကောင်းသော အသုံးအနှုန်း မဟုတ်သည်မှာ အသေအချာပင်။
ချန်ကျီရှင်းက ဂူရွှမ်တိန်ကို သနားစဖွယ် အကြည့်ဖြင့် ကြည့်လိုက်သည်။
တကယ့်ကို အမာခံ အချစ်ရူးကြီးပါလား။
"မင်း သိလား... မင်းရဲ့ သခင်မလေးယန်ရန်က ဟိုးအရင်ကတည်းက ဟိုမုန့်ဟယ်တုန်းကို ကိုယ်ကိုတိုင် အပ်နှင်းထားပြီးသားလေ။ ဖြစ်နိုင်တာက သူမက မုန့်ဟယ်တုန်းကို အကုန်လုံး ပေးဆပ်ထားပြီးလောက်ပြီ"
ချန်ကျီရှင်းက လှောင်ပြောင်သည့်သံဖြင့် ပြောလိုက်သည်။
"လျှောက်မပြောနဲ့ သခင်မလေးယန်ရန်က အမြဲတမ်း စင်ကြယ်သူပဲ။ သူမက အဲဒီလို အကျင့်ပျက်တဲ့သူ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ဂူရွှမ်တိန်သည် ရင်ထဲတွင် ဆစ်ခနဲ နာကျင်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ ခဏအကြာတွင် သူက အသက်ကို ပြင်းပြင်းရှူကာ လှောင်ပြုံးပြုံးလျက်
"ဒါတင်မကသေးဘူး... သခင်မလေးယန်ရန်က အဲဒီမုန့်ဟယ်တုန်းကိုပဲ ပေးဆပ်ထားပါစေဦး။ ဘာဖြစ်လဲ တစ်စုံတစ်ယောက်ကို တကယ်ချစ်တယ်ဆိုတာ သူမရဲ့ အတိတ်ကို ဂရုမစိုက်တာပဲ"
"ပြီးတော့ ချစ်တယ်ဆိုတာ ပြန်ပေးဆပ်မှုကို မမျှော်လင့်ရဘူး။ ဒီလောကမှာ ကိုယ်ချစ်တဲ့သူ ပျော်ရွှင်နေတာကို မြင်ရတာထက် ပိုအရေးကြီးတဲ့အရာ ရှိလို့လား"
ခဏမျှ ချန်ကျီရှင်းပင် ဆွံ့အသွားပြီး ဤဂူရွှမ်တိန်ကို စစ်မှန်သော အချစ်စစ်သူရဲကောင်းဟု ခေါ်ရမလား သို့မဟုတ် လက်တွေ့မကျသော ငတုံးလေးဟု ခေါ်ရမလား မဝေခွဲနိုင်တော့ပေ။
"ငါထင်တာတော့... မင်း ငါ့ကို မသတ်သင့်ဘူး။ တကယ်ဆို မင်း ငါ့ကို ကျေးဇူးတင်သင့်တာ။ မင်းရော ဘယ်လိုထင်လဲ"
ချန်ကျီရှင်းက ရုတ်တရက် ပြောလိုက်သည်။
"ဘာကို ဆိုလိုတာလဲ"
ဂူရွှမ်တိန် မျက်မှောင်ကြုတ်လိုက်သည်။
"စဉ်းစားကြည့်လေ... ငါသာ မုန့်ဟယ်တုန်းကို သတ်ပြီး မင်းကို မကူညီခဲ့ရင် အခုလို မင်းအတွက် အခွင့်အရေး ရပါ့မလား"
ချန်ကျီရှင်းက သူ၏မျက်ဝန်းရှည်များကို မှေးစိုက်ကာ လှည့်စားသော အပြုံးဖြင့်
"ဒါကြောင့် မင်း ငါ့ကို မသတ်သင့်ဘူး။ ကျေးဇူးတင်သင့်တာ။ ငါသာ မရှိရင် မင်း ဂူယန်ရန်ကို ထိတွေ့နိုင်ဖို့ ဘယ်တော့မှ အခွင့်အရေး ရမှာ မဟုတ်ဘူး။ ဟုတ်တယ်မလား"
"ငါ လောင်းရဲတယ်... မုန့်ဟယ်တုန်း ငါ့လက်ချက်နဲ့ သေသွားပြီဆိုတာကို ကြားလိုက်ရတဲ့ အချိန်မှာ မင်း တိတ်တိတ်လေး ဝမ်းသာနေခဲ့တယ် မဟုတ်လား"
ထိုစကားများကို ကြားသောအခါ ဂူရွှမ်တိန်၏ မျက်နှာမှာ ချက်ချင်းပင် နီမြန်းသွားပြီး ချန်ကျီရှင်းကို လက်ညှိုးထိုးကာ ဒေါသတကြီး ပြောလိုက်သည်။
"အဓိပ္ပာယ်မရှိတာတွေ"
"ငါက အညစ်အကြေး စိတ်ဓာတ်ရှိတဲ့ လူယုတ်မာ မဟုတ်ဘူး။ မင်းကိုယ်တိုင်က စိတ်ပုပ်နေလို့ လူတိုင်းကို အညစ်အကြေးတွေလို မြင်နေတာ"
"မင်းရဲ့ ယုတ်ညံ့တဲ့ အတွေးတွေကို ငါ့အပေါ် လာပြီး ပုံမချနဲ့"
"ဟုတ်လို့လား"
ချန်ကျီရှင်းက ခပ်ဖွဖွ ရယ်မောလိုက်သည်။ သူ၏ အားကောင်းလှသော စိတ်ဝိညာဉ်အာရုံက ဂူရွှမ်တိန်၏ စိတ်ပင်လယ်မှာ သူ၏စကားများကြောင့် ပြင်းထန်စွာ တုန်လှုပ်နေသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိနေ၏။
"ပါးစပ်ပိတ်စမ်း"
ဂူရွှမ်တိန် နောက်ထပ် နားမထောင်နိုင်တော့ဘဲ ဒေါသတကြီးဖြင့် ချက်ချင်း တိုက်ခိုက်တော့သည်။ သူက မြေပြင်ကို ကန်ကျောက်လိုက်ရာ လေထဲတွင် ပေါက်ကွဲသံကြီး ထွက်ပေါ်သွားသည်။
ထို့နောက် သူသည် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ချန်ကျီရှင်း၏ မျက်နှာတည့်တည့်သို့ လေးလံသော လက်သီးဖြင့် ထိုးနှက်လိုက်တော့သည်။
"ဒီလောက်တောင် လောနေတာလား"
ချန်ကျီရှင်းက ပြုံးလျက် ခေါင်းကို အနည်းငယ် တိမ်းလိုက်ရာ လက်သီးမှာ သူ၏မျက်နှာဘေးမှ ဝှစ်ခနဲ ဖြတ်သွားတော့သည်။
"နှေးလွန်းတယ်"
နောက်တစ်ခဏတွင် ချန်ကျီရှင်းသည် ဂူရွှမ်တိန်၏ ရင်ဘတ်တည့်တည့်သို့ လက်သီးတစ်လုံး ပစ်လွှတ်လိုက်သည်။
ဘုန်း….
ချက်ချင်းဆိုသလိုပင် ဂူရွှမ်တိန်သည် ဧရာမတူကြီးနှင့် ထုနှက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး၊ ကျောကြီးကုန်းသွားကာ ပါးစပ်မှ သွေးပူများ အရှိန်အဟုန်ဖြင့် အန်ထုတ်လိုက်တော့သည်။ ထို့နောက် လက်သီး၏ အရှိန်အဝါမှာ ဂူရွှမ်တိန်၏ ရင်ဘတ်နှင့် ဝမ်းဗိုက်အတွင်း ပေါက်ကွဲသွားကာ သူ့ကို နောက်သို့ လွင့်စင်သွားစေတော့သည်။
သူသည် လမ်းတစ်လျှောက်ရှိ မြင့်မားသော သစ်ပင်ကြီးများနှင့် ကျောက်ဆောင်ကြီးများစွာကို တိုက်မိဖျက်ဆီးရင်း လွင့်ထွက်သွားခဲ့သည်။
"တန်လို့လား မင်းအပေါ် ဘာစိတ်မှမရှိတဲ့ လူတစ်ယောက်အတွက်နဲ့ အသေခံရတာကလေ"
ချန်ကျီရှင်းသည် ဖရိုဖရဲဖြစ်နေသော ဆံနွယ်များနှင့် တည်ငြိမ်နက်ရှိုင်းသော မျက်ဝန်းများဖြင့် ရင်ဘတ်ချိုင့်ဝင်ကာ သွေးအိုင်ထဲလဲနေသော ဂူရွှမ်တိန်ကို ငုံ့ကြည့်လျက် ပြောလိုက်သည်။
"ဘာစိတ်မှ မရှိဘူး ဟုတ်လား ယန်ရန်နဲ့ ငါက အတူတူ ကြီးပြင်းလာခဲ့တာ။ ငယ်သူငယ်ချင်းတွေလေ ဒီတစ်ခါ ငါပြန်သွားရင် သူက ငါ့ကို လက်ထပ်ဖို့တောင် သဘောတူထားတာ ဘယ်လိုဖြစ်လို့ ဘာစိတ်မှ မရှိဘူးလို့ ပြောနိုင်ရတာလဲ"
ဂူရွှမ်တိန်သည် ပါးစပ်ထောင့်မှ သွေးများကို သုတ်လိုက်ရင်း အံကြိတ်ကာ ပြောလိုက်သည်။
ဘုန်း
သူသည် ထပ်မံ၍ ပြေးဝင်လာပြန်သည်။ ရှေးဟောင်းအလင်းတန်းများမှာ သူ၏လက်မောင်းများတွင် ရုန်းကြွလာပြီး ချန်ကျီရှင်း၏ မျက်နှာကို ရိုက်နှက်ရန် ကြိုးပမ်းသည်။ ဟင်းလင်းပြင်ထဲတွင် သူ၏ ဒေါသတကြီး ဟိန်းဟောက်သံမှာ ပဲ့တင်ထပ်သွားတော့သည်။
"ငါနဲ့ ယန်ရန်ရဲ့ ကြားကကိစ္စကို မင်းရဲ့ အောက်တန်းကျတဲ့ အတွေးတွေနဲ့ လာပြီး မဆုံးဖြတ်နဲ့လို့ ငါပြောထားတယ်လေ"
ချန်ကျီရှင်းသည် လက်ကို ဆန့်ထုတ်လိုက်ပြီး ပြေးဝင်လာသော ဂူရွှမ်တိန်၏ မျက်နှာကို တိုက်ရိုက် ဖမ်းဆုပ်လိုက်သည်။
"ဟားဟား... သူမသာ မင်းအပေါ် တကယ် စိတ်ရှိတယ်ဆိုရင် ဘာလို့ မင်းကို အသေခံခိုင်းဖို့ ဒီကို လွှတ်လိုက်မှာလဲ"
ချန်ကျီရှင်းက လှောင်ပြုံးပြုံးရင်း ဂူရွှမ်တိန်၏ မျက်နှာကို ကိုင်ထားလျက် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဆောင့်ချလိုက်တော့သည်။
ဒိုင်း…
ချက်ချင်းပင် မြေပြင်မှာ အက်ကွဲသွားပြီး မြေစာနှင့် ကျောက်ခဲများ လွင့်စင်သွားတော့သည်။ ချန်ကျီရှင်းသည် ဂူရွှမ်တိန်၏ ဦးခေါင်းကို မြေကြီးထဲသို့ နစ်ဝင်သွားအောင် ဖိချလိုက်ခြင်းပင်။ သူသည် လက်ကို လွှတ်ကာ မတ်တပ်ရပ်လိုက်ပြီး အေးစက်စွာ ငုံ့ကြည့်လိုက်သည်။
ဂူရွှမ်တိန်၏ မျက်နှာတစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းနေပြီး ခန္ဓာကိုယ်မှာ နာကျင်မှုကြောင့် တွန့်လိမ်နေကာ မလှုပ်ရှားနိုင်တော့ပေ။
သူသည် ခက်ခဲစွာဖြင့် သွေးစွန်းနေသော လက်ကို ဆန့်ထုတ်ကာ ချန်ကျီရှင်း၏ ခြေကျင်းဝတ်ကို လှမ်းဖမ်းဆုပ်ရင်း ထရပ်ရန် ကြိုးစားနေသည်။
ချန်ကျီရှင်းကမူ အနည်းငယ် ခြေခါလိုက်ရုံဖြင့် အဝတ်ပေါ်မှ နှံကောင်တစ်ကောင်ကို ခါထုတ်လိုက်သကဲ့သို့ ဂူရွှမ်တိန်၏ လက်ကို လွယ်လွယ်ကူကူ ဖယ်ထုတ်လိုက်သည်။
"လူအချင်းချင်းကြားက ခံစားချက်ဆိုတာ အပြန်အလှန် သိနိုင်ပါတယ်"
"ဂူယန်ရန် မင်းအပေါ် တကယ် ဘယ်လိုသဘောထားလဲဆိုတာ မင်းရင်ထဲမှာ သိပြီးသားပါ။ မင်းပြောနေတဲ့ စကားကြီးစကားကျယ်တွေက ကိုယ့်ကိုကိုယ် ပြန်လှည့်စားနေတာသက်သက်ပဲ"
ချန်ကျီရှင်းက ရုတ်တရက် တည်ငြိမ်စွာ ပြောလိုက်သည်။ သူသည် ဂူရွှမ်တိန်ကို သနားစဖွယ် ပိုးကောင်ကလေးတစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်နေ၏။
ဂူရွှမ်တိန်၏ ခန္ဓာကိုယ်မှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တောင့်တင်းသွားပြီး ချန်ကျီရှင်းကို ကြောင်စီစီဖြင့် ငေးကြည့်နေမိသည်။
ထိုစကားလုံးများက သူ၏ ဝိညာဉ်ကို ထိုးနှက်လိုက်သကဲ့သို့ပင်။
သူသည် ငတုံးတစ်ယောက် မဟုတ်ပေ။ အခြားသူများ မြင်နိုင်သောအရာကို သူလည်း မြင်နိုင်ပါသည်။ သို့သော် ချန်ကျီရှင်း ပြောသကဲ့သို့ပင် သူသည် ကိုယ့်ကိုယ်ကိုယ် လှည့်စားကာ မျှော်လင့်ချက်အနည်းငယ်ကို ဆုပ်ကိုင်ထားခဲ့ခြင်းသာ ဖြစ်သည်။
"မိန်းကလေးတွေဆိုတာ သူတို့အပေါ် အမြဲတမ်း နာခံနေတဲ့ အမျိုးသားတွေကို ဘယ်တော့မှ မနှစ်သက်ကြဘူး။ ဘာအောင်မြင်မှုမှ မရှိတဲ့ ကြင်နာမှုဆိုတာ ဒီလောကမှာ တန်ဖိုးအနည်းဆုံးအရာပဲ"
ချန်ကျီရှင်းသည် ဂူရွှမ်တိန်၏ ဦးခေါင်းကို အသာအယာ ထိလိုက်ပြီး သူ၏ အပြုံးမှာ အဓိပ္ပာယ်များစွာ ပါဝင်နေ၏။
"ငါ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်။ ဒီရှေးဟောင်းနယ်မြေငယ်ထဲက တစ်ခြားပါရမီရှင်တွေကို သတ်ပြီး မသေမျိုးစစ်မိန့်တွေကို ငါ့ဆီ ယူလာပေးစမ်း"
"အဲဒါဆိုရင် ဂူယန်ရန်ကို မင်းပိုင်ဆိုင်နိုင်ဖို့ ငါ ကူညီပေးမယ်"
သူ ခဏမျှ ရပ်လိုက်သည်။ ထို့နောက် ချန်ကျီရှင်းက တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်မှာ
"ငါ့ကို ယုံစမ်း... နာခံမှုဆိုတာ လူသားတွေရဲ့ ပင်ကိုယ်အားနည်းချက်တွေထဲက တစ်ခုပဲ"
"အတင်းအကျပ် ရယူတဲ့ အချစ်က မချိုမြိန်ဘူးဆိုဦးတော့... သူမကို မင်းတစ်ယောက်တည်းပဲ ရှိတဲ့ ပိတ်လှောင်ထားတဲ့ ပတ်ဝန်းကျင်တစ်ခုထဲမှာ သီးသန့်ခွဲထားလိုက်ရင် သူမက အရင်ဆုံး ပြင်းပြင်းထန်ထန် တော်လှန်လိမ့်မယ်။ ဒါပေမဲ့ တော်လှန်လို့ မရတော့တဲ့အခါ သူမ ထုံကျင်သွားလိမ့်မယ်။ အဲဒီလို ထုံကျင်တာ ကြာလာတဲ့အခါမှာတော့ ကံကြမ္မာကို အရှုံးပေးသွားလိမ့်မယ်"
"လူတစ်ယောက်က ကံကြမ္မာကို အရှုံးပေးသွားပြီဆိုရင်... တစ်ချိန်က သူမ ပြင်းပြင်းထန်ထန် တွန်းလှန်ခဲ့တဲ့ မင်းက ဘာအားကိုးရာမှ မရှိတဲ့ ကမ္ဘာကြီးထဲမှာ သူမရဲ့ တစ်ဦးတည်းသော အားကိုးရာ ဖြစ်လာလိမ့်မယ်"
"တကယ်တော့ လူသားတွေဆိုတာ ဒီလောကမှာ အထီးကျန်မှုနဲ့ အားကိုးရာ ရှာဖွေမှုဒဏ်ကို အခံရနိုင်ဆုံး သတ္တဝါတွေပဲ မဟုတ်ဘူးလား"
အခန်း။ ၂၈၀
ချန်ကျီရှင်း၏ စကားများအဆုံးတွင် ဂူရွှမ်တိန်သည် ချန်ကျီရှင်းကို ကြည့်ရင်း သူ၏ အမူအရာမှာ တဖြည်းဖြည်း ပြောင်းလဲသွားသည်။
သူ့ရှေ့တွင် ရှိနေသော ဝတ်ရုံနက်နှင့် နတ်ဘုရားတစ်ပါးအလား ချောမောလှပသည့် ချန်ကျီရှင်းမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ထိုနေရာတွင် လူမျက်နှာဖုံးစွပ်ထားပြီး လှည့်ဖြားဖျောင်းဖျမှုများ ပြည့်နှက်နေသည့် ဟန်ဆောင်အပြုံးနှင့် မိစ္ဆာတစ်ကောင်သာ အစားထိုး ရောက်ရှိနေသကဲ့သို့ပင်။
ဂူရွှမ်တိန်သည် ရုတ်တရက် အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် သူ၏ ခွန်အားရှိသမျှကို အသုံးချကာ ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။
"မင်းက ငါ ဂူရွှမ်တိန်ကို..."
ဝုန်း
မျက်တောင်တစ်ခတ်အတွင်းမှာပင် ဂူရွှမ်တိန်သည် ဒေါသအဟုန်ဖြင့် ခုန်တက်လာပြီး ချန်ကျီရှင်းကို လက်သီးဖြင့် အားကုန်လွှဲ၍ ထိုးနှက်လိုက်သည်။
".... ဘယ်လိုလူစားမျိုးလို့ ထင်နေတာလဲ"
ဝှစ်…
ဖြူဖွေးသွယ်လျသော လက်ဝါးတစ်ဖက်က ဂူရွှမ်တိန်၏ လက်သီးကို လေထဲမှာတင် မြဲမြံစွာ ဖမ်းဆုပ်လိုက်သည်။
"တကယ်ကို မြင့်မြတ်ပြီး ချီးကျူးစရာကောင်းတဲ့ စိတ်ဓာတ်ပဲ"
ချန်ကျီရှင်း၏ နှုတ်ခမ်းများမှာ အေးစက်သော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားပြီး သူ၏ လက်ချောင်းများမှာ တဖြည်းဖြည်း အားစိုက်၍ ညှစ်လိုက်သည်။
ဂွပ်... ဂွပ်... ဂွပ်။
အရိုးများ ကြေမွသွားသည့် အသံမှာ ပတ်ဝန်းကျင်၌ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
"မင်းကို အခွင့်အရေးပေးတာတောင် အသုံးမကျမှတော့....."
ဘုန်း ….
အတိုင်းအဆမရှိသော ငါးရောင်ခြယ် မိုးကြိုးလျှပ်စီးများမှာ ချန်ကျီရှင်း၏ လက်မောင်းမှတစ်ဆင့် ဂူရွှမ်တိန်ထံသို့ တရကြမ်း စီးဝင်သွားတော့သည်။
"... မင်း သေလိုက်တော့"
ဘုန်း ဘုန်း ဘုန်း
ချက်ချင်းဆိုသလိုပင် မိုးကြိုးချီစွမ်းအင်များမှာ ဂူရွှမ်တိန်၏ ခန္ဓာကိုယ်အတွင်း၌ ပေါက်ကွဲသွားပြီး သူ၏ အသားမျှင်များ၊ သွေးကြောများ၊ ဝိညာဉ်ပင်လယ်နှင့် မဟာတာအိုလမ်းစဉ်၏ အုတ်မြစ်တို့ကိုပါ အလုံးစုံ ဖျက်ဆီးပစ်လိုက်တော့သည်။
ဂူရွှမ်တိန်၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး ချွေးပေါက်တိုင်းမှ သွေးများ ပန်းထွက်လာ၏။ သူ၏ မျက်စိသူငယ်အိမ်များမှာ ပြူးကျယ်သွားပြီးနောက် ဇီဝိန်မှာ တဖြည်းဖြည်း လွင့်စင်သွားကာ မီးခိုးရောင်သို့ ပြောင်းလဲသွားတော့သည်။
"ငါ....."
သူသည် ပါးစပ်ကို ဟကာ တစ်စုံတစ်ခု ပြောရန် ကြိုးစားသော်လည်း စကားပြောရန် အင်အား မရှိတော့ပေ။ သူသည် ကောင်းကင်ယံကိုသာ မော့ကြည့်ရင်း ရှုပ်ထွေးလှသော ခါးသီးသည့် အပြုံးတစ်ခုကိုသာ ပြုံးနိုင်တော့သည်။
ယန်ရန်... ငါ မင်းကို ကတိပေးခဲ့တဲ့အတိုင်း လုပ်ခဲ့ပြီနော်... အခုရော မင်း ကျေနပ်ပြီလား
ဘုန်း….
ဂူရွှမ်တိန်၏ ခန္ဓာကိုယ်မှာ နောက်သို့ လေးလံစွာ လဲကျသွားပြီး အသက်ကင်းမဲ့သွားခဲ့ကာ ရုပ်ခန္ဓာနှင့် ဝိညာဉ်ပါ နှစ်ခုစလုံး ပျက်စီးသွားခြင်းပင်။
ချန်ကျီရှင်းသည် သူ၏လက်ကို ပြန်ရုပ်လိုက်ပြီး ဟင်းလင်းပြင်ကို ငေးကြည့်နေသော ဂူရွှမ်တိန်ကို တစ်ချက်ကြည့်လိုက်သည်။
"အေးအေးချမ်းချမ်း အနားယူပါတော့။ နောက်နောင် အခွင့်အရေးရရင် မင်းအနားမှာ အဖော်လုပ်ပေးဖို့ ဂူယန်ရန်ကို ငါ ပို့ပေးလိုက်ပါ့မယ်"
ချန်ကျီရှင်းက တိုးညှင်းစွာ သက်ပြင်းချရင်း ဂူရွှမ်တိန်၏ မျက်လုံးများကို အသာအယာ ပိတ်ပေးလိုက်သည်။ ဤလူသည် ရှားပါးလှသော အချစ်ရူးတစ်ယောက် သို့မဟုတ် သနားစရာကောင်းသူတစ်ယောက် ဖြစ်ကောင်း ဖြစ်နိုင်ပေလိမ့်မည်။
နောက်တစ်ခဏတွင်...
ဘုန်း
ချန်ကျီရှင်းက မြေပြင်ကို အားဖြင့် ကန်ကျောက်လိုက်ရာ ဂူရွှမ်တိန်၏ ရုပ်အလောင်းမှာ ချက်ချင်းပင် ကြေမွသွားတော့သည်။ ထိုအသားပုံကြီးထဲမှ မှိန်ဖျော့သော အဖြူရောင်အလင်းတန်းများ ဖြာထွက်နေသည့် ရှေးဟောင်း ကျောက်စိမ်းပြား သုံးခု ထွက်ပေါ်လာသည်။
"မသေမျိုးစစ်မိန့် သုံးခုတည်းလား ဒီလောက်တောင် နည်းတာလား"
ချန်ကျီရှင်းက စိတ်ပျက်သောအမူအရာဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။ ထို့နောက် သွေးအိုင်ထဲမှ အဖြူရောင် ကျောက်စိမ်းပြား သုံးခုကို ကောက်ယူလိုက်သည်။
"ဒီတစ်ခေါက် ငါ မသေမျိုးစစ်မိန့် စုစုပေါင်း နှစ်ဆယ့်ငါးခု ရထားပြီ။ ငါ မဟာတာအိုလမ်းစဉ် ဖိုကျမ်းကို မရနိုင်ဘူးလို့တော့ မယုံဘူး"
ချန်ကျီရှင်းသည် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ကာ မြေပြင်ပေါ်တွင် ပုံရိပ်ယောင်များသာ ချန်ထားခဲ့ပြီး ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားတော့သည်။
...
...
နာရီဝက်ခန့်အကြာတွင် ညစ်ပတ်ပေရေနေသော ဝတ်ရုံနက်ကို ဆင်မြန်းထားပြီး ဖရိုဖရဲဖြစ်နေသော ဆံနွယ်များနှင့် မုတ်ဆိတ်မွေးများ၊ ပိန်ချောင်နေသော မျက်နှာနှင့် သေခြင်းတရား အရှိန်အဝါများ ပြည့်နှက်နေသည့် မျက်ဝန်းများရှိသော အဘိုးအိုတစ်ဦးသည် တစ်လှမ်းချင်း လျှောက်လှမ်းလာသည်။
"ဟမ် ဒါ ဘယ်သူလဲ"
ယခင်က ချန်ကျီရှင်း ကယ်တင်ခဲ့သော ပါရမီရှင် လူငယ်များမှာ ထိုအဘိုးအိုကို အံ့အားသင့်စွာ ကြည့်နေကြသည်။
"ဒီအရှေ့ပိုင်းဒေသပြိုင်ပွဲက အသက် ၃၀ အောက် လူငယ်တွေပဲ ယှဉ်ပြိုင်ခွင့်ရှိတာ မဟုတ်ဘူးလား"
"ဒီအဘိုးအိုက ဘယ်လိုဖြစ်ပြီး ဒီရောက်နေတာလဲ"
"မိစ္ဆာဂိုဏ်းက ကျင့်စဉ်မှားပြီး အရွယ်မတိုင်ခင် အိုမင်းသွားတဲ့ ပါရမီရှင်တစ်ယောက်များလား"
ပါရမီရှင် လူငယ်အချို့မှာ မယုံကြည်နိုင်သော အမူအရာများဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ညစ်ပတ်သော ဝတ်ရုံနက်နှင့် အဘိုးအိုမှာ တစ်လှမ်းချင်း လျှောက်လှမ်းလာပြီး ထိုလူငယ်များ၏ ရှေ့တွင် ရပ်တန့်လိုက်သည်။
သူသည် သေခြင်းအရှိန်အဝါများ ဖုံးလွှမ်းနေသော မီးခိုးရောင်မျက်ဝန်းများကို မြှင့်ကာ သံပြားနှစ်ချပ် ပွတ်တိုက်သံကဲ့သို့ အက်ရှရှအသံဖြင့် မေးလိုက်သည်။
"ချန်ကျီရှင်း ဘယ်မှာလဲ"
ပါရမီရှင် လူငယ်များမှာ မျက်မှောင်ကြုတ်လိုက်ပြီး "မိတ်ဆွေ... မင်းက ဘယ်သူမို့လို့ တတိယသခင်လေးအကြောင်းကို ချက်ချင်း မေးနေရတာလဲ"
"ငါ ထပ်မေးမယ်... ချန်ကျီရှင်း ဘယ်မှာလဲ"
ညစ်ပတ်သော ဝတ်ရုံနက်နှင့် အဘိုးအိုက တည်ငြိမ်စွာပင် ထပ်မေးလိုက်တော့သည်။
ထိုစကားများအဆုံးတွင် ပါရမီရှင်လူငယ်များထဲမှ တစ်ဦးက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"အား... ဒါက ဘယ်လိုလေသံလဲ တစ်ခုခုကို မေးချင်တာ အဲဒီလို လေသံနဲ့လား ငါ မင်းကို မပြောပြနိုင်ဘူး....."
ဘုန်း
သူ စကားပင် မဆုံးသေးမီ ညစ်ပတ်ပေရေနေသော ဝတ်ရုံနက်နှင့် အဘိုးအိုသည် ခြောက်ကပ်နေသော သူ၏လက်ကို ဆန့်ထုတ်လိုက်ကာ ထိုလူငယ်၏ ဦးခေါင်းကို ပြင်းထန်စွာ ဖိချလိုက်သည်။
"ဝိညာဉ်ရှာဖွေခြင်း"
မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုလူငယ်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး မျက်နှာတွင် နာကျင်မှုကြောင့် တွန့်လိမ်နေသော အမူအရာများ ပေါ်လာတော့သည်။ ခဏအကြာတွင် ပျက်စီးယိုယွင်းနေသော သစ်တောတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။
ညစ်ပတ်သော ဝတ်ရုံနက်နှင့် အဘိုးအိုသည် ချန်ကျီရှင်း ထွက်ခွာသွားသောဘက်သို့ မျက်လုံးများကို မှေးစိုက်ကြည့်လိုက်သည်။ နောက်တစ်ခဏတွင် သူသည် ထိုဘက်သို့ တစ်လှမ်းချင်း လျှောက်လှမ်း ထွက်ခွာသွားတော့သည်။
တစ်ဖက်တွင်လည်း ဂူတစ်ခု၏ အရှေ့တွင် ချန်ကျီရှင်းတွင် မူလကရှိထားသော မသေမျိုးစစ်မိန့် ၁၉ ခုနှင့် ယခု ထပ်မံရရှိထားသော ၂၅ ခု၊ စုစုပေါင်း ၄၄ ခုရှိနေပြီဖြစ်သည်။ ဤအရေအတွက်က ချန်ကျီရှင်း၏ အဆင့်ကို ပြိုင်ပွဲတွင် တတိယနေရာသို့ တွန်းတင်ပေးလိုက်ပြီ ဖြစ်သည်။
သူ၏အရှေ့တွင် ဓားသခင်လေး ဖူချင်းရွှီနှင့် အဆင့်တစ်နေရာမှ ဝေတုလုံတို့သာ ကျန်ရှိတော့သည်။
"ထပ်လုပ်ဦးမယ်"
ချန်ကျီရှင်းသည် မသေမျိုးစစ်မိန့်တစ်ခုကို ကိုင်ကာ သူ၏စစ်မှန်သော ချီစွမ်းအင်များကို အသက်သွင်းလိုက်သည်။ ချက်ချင်းပင် အဖြူရောင် အလင်းတန်းတစ်ခု ကောင်းကင်သို့ ထိုးတက်သွားသည်။
သို့သော် အချိန်အတော်ကြာ စောင့်ဆိုင်းနေသော်လည်း ကောင်းကင်မှ မည်သည့်အရာမျှ ကျဆင်းမလာပေ။
"ဒီစစ်မိန့်က တစ်ယောက်ယောက် အသက်သွင်းပြီးသား ဖြစ်နေတာလား ဒါကြောင့် ဘာဆုလာဘ်မှ မကျလာတော့တာလား"
ချန်ကျီရှင်းသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီးနောက် ဆက်တိုက်ဆိုသလို စစ်မိန့် ၁၀ ခုကို အသက်သွင်းလိုက်ပြန်သည်။ သို့သော် ထို ၁၀ ခုလုံးမှာလည်း ဗလာဖြစ်နေပြီး ကောင်းကင်မှ ဘာမှကျမလာခဲ့ပေ။
ပုံမှန်အားဖြင့် ပါရမီရှင်လူငယ်များသည် မသေမျိုးစစ်မိန့်တစ်ခုကို ရရှိသည်နှင့် ချက်ချင်းအသက်သွင်းကာ ဆုလာဘ်ကို ရယူလေ့ရှိကြသည်။
ထို့ကြောင့် အခြားသူများထံမှ လုယူရရှိထားသော စစ်မိန့်များက ဆုလာဘ်များ ရယူပြီးသား ဖြစ်နေတတ်သည်။
ဘုန်း ဘုန်း ဘုန်း…
ဘုန်း ဘုန်း ဘုန်း…..
အဖြူရောင် အလင်းတန်းများမှာ ကောင်းကင်သို့ တစ်ခုပြီးတစ်ခု ထိုးတက်သွားသည်။ ၁၆ ခုမြောက် စစ်မိန့်ကို အသက်သွင်းလိုက်ချိန်တွင်မူ ရွှေရောင်ရှေးဟောင်း စက္ကူချပ်တစ်ခုမှာ ကောင်းကင်မှ ဖြည်းညှင်းစွာ ဝဲပျံကျဆင်းလာသည်။
"မဟာတာအိုလမ်းစဉ် ဖိုကျမ်းလား"
ချန်ကျီရှင်း၏ မျက်ဝန်းများ တောက်ပသွားသည်။ သူသည် လက်ကို ဆန့်ထုတ်ကာ ထိုရွှေရောင်စက္ကူချပ်ကို ဖမ်းဆုပ်လိုက်၏။
စက္ကူချပ်ပေါ်ရှိ ရှေးဟောင်းစာလုံးများကို ကြည့်လိုက်ရာ အပေါ်ဆုံးတွင် ရေးသားထားသော စာလုံးလေးလုံးမှာ သေသောသူကိုအသက်ပြန်ရှင်စေသော ဆေးဖော်နည်းဖြစ်နေသည်။
"ရှေးဟောင်း ဆေးဖော်နည်းလား"
ချန်ကျီရှင်းသည် မျက်ခုံးပင့်ကာ ၎င်းကို သေချာစွာ လေ့လာလိုက်သည်။
ဤဆေးသည် သေခါနီးလူကို ပြန်လည်အသက်သွင်းနိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော အာနိသင်ရှိရုံသာမက ပျက်စီးသွားသော မဟာတာအိုလမ်းစဉ် အုတ်မြစ်ကို အမြစ်ပြတ် ကုသပေးနိုင်သည့် ရှားပါးဆေးလည်း ဖြစ်သည်။ ၎င်းမှာ ရောဂါကို ဖိနှိပ်ထားရုံမျှမကဘဲ လုံးဝဥဿုံ ကုသပေးနိုင်ခြင်းပင်။
"ဒီဆေးဖော်ဖို့ လိုအပ်တဲ့ ရတနာတွေကလည်း တိုက်တိုက်ဆိုင်ဆိုင် ဒီခရီးစဉ်မှာ အကုန်စုမိထားပြီးသားပဲ"
ချန်ကျီရှင်း၏ မျက်ဝန်းများတွင် စဉ်းစားခန်းဝင်သွားသည်။
"ဒီဆေးသာရှိရင် ငါ့အဖေ ခံစားနေရတဲ့ နာတာရှည်ရောဂါကို အမြစ်ပြတ်အောင် ကုသပေးနိုင်မှာ အသေအချာပဲ"
"ထပ်လုပ်ဦးမယ်"
ချန်ကျီရှင်းသည် အသက်ကို ပြင်းပြင်းရှူကာ ပြတ်သားသော အမူအရာဖြင့် မသေမျိုးစစ်မိန့်များကို ဆက်လက်အသက်သွင်းလိုက်သည်။
၁၇ ခု ၁၈ ခု ၁၉ ခု... ၂၃ ခု ၂၄ ခု
ဝုန်း …..
ရုတ်တရက် ၂၄ ခုမြောက် မသေမျိုးစစ်မိန့်ကို အသက်သွင်းလိုက်ချိန်တွင် တောက်ပလှသော အဖြူရောင်အလင်းတန်းကြီး ကောင်းကင်သို့ ထိုးတက်သွားသည်။
ထို့နောက် အဖြူရောင်အလင်းတန်းမှာ လှည့်ပတ်ဆင်းသက်လာပြီး နက်မှောင်သော ရှေးဟောင်းစာအုပ်ပါးလေးတစ်အုပ် ကောင်းကင်မှ ကျဆင်းလာခဲ့သည်။
ချန်ကျီရှင်းသည် ၎င်းကို ဖမ်းဆုပ်ကာ သေချာစွာ ကြည့်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ချန်ကျီရှင်း၏ မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှုများဖြင့် အရောင်
တောက်လာပြီး ထိန်းမနိုင်သိမ်းမရနိုင်အောင် ဝမ်းသာပီတိ ဖြစ်သွားတော့သည်။
အဘယ်ကြောင့်ဆိုသော် ထိုစာအုပ်အမည်းလေးပေါ်တွင် ကျော့ရှင်းစွာ ရေးထွင်းထားသော စာလုံးငါးလုံးမှာ မဟာတာအိုလမ်းစဉ် ဖိုကျမ်းဖြစ်နေသောကြောင့်ပင်။