အခန်း (၂၇၁-၂၇၂)
Vol. 28 Ch. 271-272
အခန်း။ ၂၇၁
သူတို့တစ်ဦးချင်းစီသည် တစ်ချိန်က သူတို့နယ်ပယ်အသီးသီးတွင် အောင်မြင်မှုအလီလီဖြင့် အနှိုင်းမဲ့ တောက်ပခဲ့ကြပြီး အရှေ့ဘက်နယ်မြေတစ်ခုလုံးကို လွှမ်းမိုးနိုင်ခဲ့ကြသူများ ဖြစ်သည်။
အကယ်၍သာ သူတို့သည် ယခင်ခေတ်ကာလများတွင် မွေးဖွားခဲ့မည်ဆိုပါက တစ်ဦးချင်းစီမှာ ခေတ်တစ်ခုကို စိုးမိုးပြီး အရှေ့ဘက်နယ်မြေ၏ အကြီးမြတ်ဆုံးသော ဘွဲ့ထူးဂုဏ်ထူးများကို သိမ်းပိုက်နိုင်ကြသူများပင်။
သို့သော် ယခုမူ ဤပြိုင်ဘက်ကင်း ပါရမီရှင် သုံးဦးက တစ်ပြိုင်နက်တည်း တိုက်ခိုက်လာခြင်းပင်။
နိဗ္ဗာနအဆင့်ရှိသော လီဟွားထျန်းကဲ့သို့ ပုဂ္ဂိုလ်မျိုးပင်လျှင် သူတို့၏ ပူးပေါင်းစွမ်းအားကို ရှောင်ရှားရပေလိမ့်မည်။
လောကတစ်ခုလုံးမှာ သူတို့ကို ဘယ်သူက ယှဉ်ပြိုင်နိုင်မှာလဲ။
မသေမျိုးတောင်တန်း၏ အပြင်ဘက်၌မူ
"တကယ့်ကို ယုတ်မာတာပဲ သုံးယောက်တစ်ယောက်ဆိုတော့... မင်းတို့ တကယ်ပဲ အစွမ်းရှိရင် ငါ့သခင်လေးကို တစ်ယောက်ချင်းစီ လာရင်ဆိုင်ကြည့်ကြပါလား"
ဇီဝေချန်မိသားစု၏ သင်္ဘောကြီးပေါ်ရှိ အခန်းငယ်တစ်ခုအတွင်း၌ အမြဲတမ်း အတူမလိုက်ပါတတ်သော အစေခံမလေး ပိလော့က လက်သီးကို တင်းတင်းဆုပ်ကာ ဒေါသတကြီး ပြောဆိုနေသည်။
ဖြူဖွေးသော ဆံနွယ်များ ဖားလျားချထားသည့် ချန်တောက်ယန်မှာ ရှေ့ဆုံးတွင် ထိုင်နေရင်း ထိုစကားကို ကြားသောအခါ အနည်းငယ် ပြုံးလိုက်မိသည်။
"မျိုးနွယ်စုခေါင်းဆောင်... ကျွန်မ... ကျွန်မ သခင်လေးအတွက် တကယ်ပဲ စိတ်ပူလို့ပါ သူ တကယ်ပဲ အဆင်ပြေပါ့မလား"
အေးစက်သော ကျောက်ကုလားထိုင်ပေါ်တွင် အမှတ်မထင် ပြုံးနေသည့် ချန်တောက်ယန်ကို ကြည့်ကာ ပိလော့က စိုးရိမ်တကြီး မေးလိုက်သည်။
ချန်တောက်ယန်က ထိုမေးခွန်းကို တိုက်ရိုက် မဖြေဘဲ တည်ငြိမ်စွာပင် ပြောလိုက်သည်။
"ဒီနေ့တိုက်ပွဲမှာသာ ကျီအာ အောင်နိုင်ခဲ့ရင်... ဒီလောကမှာ သူ့ကို ယှဉ်နိုင်တဲ့သူ ရှိတော့မှာ မဟုတ်ဘူး"
မသေမျိုးတောင်တန်း၏ အရှေ့တောင်ဘက် ထောင့်တစ်နေရာ၌မူ ပညာရှိဝတ်ရုံများနှင့် စာဆိုဦးထုပ်များကို ဆင်မြန်းထားသည့် လူငယ်တစ်စုမှာ အလင်းမှန်ချပ်ကို အသေအချာ စိုက်ကြည့်နေကြသည်။ သူတို့မှာ ချန်ယန်ပညာသင်ကျောင်းမှ ကျောင်းသားများ ဖြစ်ကြ၏။
"ဝမ်ယီ... တတိယသခင်လေး အဆင်ပြေပါ့မလား"
ရွှီချင်းကျိုးက မျက်မှောင်ကြုတ်ကာ စိုးရိမ်တကြီး မေးလိုက်သည်။
သူမဘေးတွင် ရပ်နေသော ကျန်းဝမ်ယီမှာ ရွှီချင်းကျိုး၏ စိုးရိမ်ပူပန်နေသော မျက်နှာကို ကြည့်ကာ စိတ်ထဲတွင် ဒေါသနှင့် မနာလိုမှုများ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်လာသည်။
"ငါ့မျက်စိရှေ့တင် တခြားအမျိုးသားတစ်ယောက်အတွက် အခုလောက်အထိ စိတ်ပူနေတာကို ငါဘယ်လိုလုပ် ခံနိုင်ရည်ရှိမှာလဲ"
"ချန်ကျီရှင်း မပေါ်ခင်တုန်းက ရဲ့လျန်ချန်းက ဒီခေတ်ရဲ့ နံပါတ်တစ် ပါရမီရှင်ပဲ။ အရှေ့ဘက်နယ်မြေရဲ့ လူငယ်မျိုးဆက်တစ်ခုလုံးကို သူ စိုးမိုးခဲ့တာ"
"နောက်ပြီး ဒီကျွေးဆိုတဲ့လူကလည်း စစ်မှန်သောကိုယ်ပိုင် နဝမအဆင့်ကျွမ်းကျင်သူ ခုနစ်ယောက်ကို လက်ဖျစ်တစ်ချက်တည်းနဲ့ သတ်ခဲ့တာ။ သူ့ရဲ့ အောင်မြင်မှုတွေက ချန်ကျီရှင်းထက် မနိမ့်ဘူး။ ဒီလူရဲ့ အစွမ်းက တကယ့်ကို ခန့်မှန်းရခက်ပြီး ကြောက်စရာကောင်းတယ်"
"ဒီနှစ်ယောက်ထဲက တစ်ယောက်ယောက်ကတင် ချန်ကျီရှင်းကို ဒုက္ခပေးဖို့ လုံလောက်နေပြီ။ အခုက သူတို့နှစ်ယောက်တင်မကဘူး ရှန်ဆန်းပါ ပူးပေါင်းနေတာ"
"ငါ့အမြင်အရတော့... ဒီနေ့ ချန်ကျီရှင်း သေဖို့ပဲ ရှိတော့တယ်"
ကျန်းဝမ်ယီသည် စိတ်ထဲမှ မကျေနပ်မှုကြောင့် တမင်သက်သက် သက်ပြင်းချကာ ပြောလိုက်ခြင်းပင်။ သူ၏ အကြည့်က ရွှီချင်းကျိုး၏ မျက်နှာ ဖြူဖျော့သွားသည်ကို မြင်လိုက်ရသောအခါ စိတ်ထဲတွင် ကျေနပ်သွားတော့သည်။
သူသည် အလင်းမှန်ချပ်ထဲရှိ ချန်ကျီရှင်းကို ကြည့်ကာ ယနေ့တွင် ချန်ကျီရှင်း တစ်ယောက် ရဲ့လျန်ချန်းတို့လက်ထဲ၌ အပြီးတိုင် သေဆုံးသွားစေရန် ဆုတောင်းနေမိသည်။
သို့မှသာ ရွှီချင်းကျိုး၏ စိတ်ထဲတွင် ချန်ကျီရှင်းအပေါ် ရှိနေသော သံယောဇဉ်များ အမြစ်ပြတ်သွားမည်ပင်။
...
...
ရှေးဟောင်းနယ်မြေ ကမ္ဘာငယ်လေးအတွင်း။
"ဘာလို့ အသက်ရှင်နေရမယ့်အစား သေလမ်းကို ရှာနေကြတာလဲ"
သစ်ရွက်ကြားမှ ဖြာကျလာသော နေရောင်ခြည်က ချန်ကျီရှင်း၏ ကိုယ်တစ်ဝက်ကို လွှမ်းခြုံထားစဉ် သူက ခေါင်းကို ဖြည်းဖြည်းချင်း မော့ကာ ရဲ့လျန်ချန်းကို ကြည့်လိုက်သည်။
ထို့နောက် သူက တည်ငြိမ်စွာပင် မေးလိုက်သည်။
"မင်းတို့ဆီမှာ မသေမျိုးသိုင်းအမိန့်တော်ဘယ်နှစ်ခု ရှိပြီလဲ"
ရဲ့လျန်ချန်းက မျက်လုံးကို မှေးစိုက်ကာ ပြုံးလိုက်ပြီး "မင်းကို သတ်လိုက်တာနဲ့ ဒီကမ္ဘာငယ်လေးထဲက အမိန့်တော်အားလုံးက ငါတို့လက်ထဲ ရောက်လာမှာပဲ မဟုတ်လား"
"ဒါဆို အခု မင်းတို့ဆီမှာ တစ်ခုမှ မရှိသေးဘူးပေါ့..."
ချန်ကျီရှင်း၏ မျက်ဝန်းများတွင် စိတ်ပျက်ရိပ် အနည်းငယ် ပေါ်သွားသည်။
"ဟားဟားဟား... ချန်ကျီရှင်း သေခါနီးတောင်မှ အမိန့်တော်တွေအကြောင်းပဲ တွေးနေနိုင်သေးတာလား"
ရှန်ဆန်းက လှောင်ပြောင်ကာ ရယ်မောလိုက်သည်။
"မူး"
ထပ်ပြီးစကားပြောမနေတော့ဘဲ ချန်ကျီရှင်း၏ ပတ်ဝန်းကျင်တွင် တောက်ပသော ကြယ်စင်
အလင်းတန်းများ ထွက်ပေါ်လာပြီး ကျောနောက်တွင် ထားထားသော ဖြူစင်သည့် လက်တစ်ဖက်က လက်သီးအဖြစ် ချက်ချင်း ပြောင်းလဲသွားကာ ရှေ့သို့ အားကုန် ထိုးနှက်လိုက်တော့သည်။
ဝုန်း
သူ့နောက်ကွယ်ရှိ ဟင်းလင်းပြင်တွင် ရှေးဦးနွားမိစ္ဆာ၏ နတ်ဘုရားပုံရိပ်တစ်ခု ဘွားကနဲ ပေါ်ထွက်လာပြီးနောက် ချက်ချင်းပင် ပေါက်ကွဲသွားကာ အတိုင်းအဆမရှိသော ချီစွမ်းအင်များမှာ လက်သီးချက်အတွင်းသို့ စီးဝင်သွားတော့သည်။
ထိုအခိုက်အတန့်တွင် ချန်ကျီရှင်း၏ လက်ချောင်းများကြားမှ ကြောက်မက်ဖွယ်ရာ အနက်ရောင်အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာ၏။ လောကကြီးတစ်ခုလုံး ပြိုလဲတော့မယောင် ဖြစ်သွားပြီး နေနှင့်လပင် ဗရုတ်ဗရက် ဖြစ်သွားသလား ထင်မှတ်ရသည်။
ချန်ကျီရှင်း၏ လက်သီးချက်အရှိန်ကြောင့် ဟင်းလင်းပြင်ကြီးမှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး ဧရာမ အနက်ရောင်တွင်းကြီးတစ်ခုအဖြစ် ကြေမွသွားတော့သည်။
နွားမိစ္ဆာ ကောင်းကင်ဖြိုလက်သီး…
ကြယ်စင်ကောင်းကင်ယံကို ရိုက်ခွဲနိုင်ပြီး မိုးကုပ်စက်ဝိုင်းကို ဆွဲဖြဲကာ ကောင်းကင်ဘုံကိုပင် ဆန့်ကျင်နိုင်စွမ်းရှိသည့် ရှေးဦးနွားမိစ္ဆာ၏ ခွန်အားဖြင့် တွန်းအားပေးထားခြင်းပင်။ ဤသည်မှာ စစ်မှန်သော မသေမျိုးလက်သီးသိုင်းဖြစ်ပြီး ချန်ကျီရှင်း၏ အမှတ်အသားပြု သတ်ကွင်းတစ်ခုပင်။
"လာစမ်း အဲဒီ ရှေးဦးနွားမိစ္ဆာ ခွန်အားဆိုတာ ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုတာ ငါ ကိုယ်တိုင် ကြည့်ချင်သေးတယ်"
ရဲ့လျန်ချန်းသည် ကြောက်ရွံ့သွားခြင်းမရှိဘဲ ပြင်းပြသော တိုက်ပွဲဝင်စိတ်ဓာတ်များဖြင့် မျက်ဝန်းများ တောက်ပလာကာ ရယ်မောလိုက်သည်။
သူသည် သူ၏ညာလက်ကို ရှေ့သို့ တွန်းထုတ်လိုက်ရာ အားကောင်းလှသော အဖြူရောင်အလင်းတန်းတစ်ခုသည် ထိုလက်သီးချက်ကို ရင်ဆိုင်ရန် စမ်းချောင်းတစ်ခုအလား တိုးဝင်သွားတော့သည်။
ဘုန်း…
ချက်ချင်းဆိုသလိုပင် အဖြူရောင်အလင်းနှင့် အနက်ရောင်အလင်းတို့ ထိပ်တိုက်တွေ့ဆုံသွားကြသည်။
နားကွဲမတတ် ပေါက်ကွဲသံကြီးတစ်ခု အရင်ဆုံး ထွက်ပေါ်လာပြီးနောက် အဖြူရောင်အလင်းတန်းမှာ ထိတွေ့လိုက်သည်နှင့် တို့ဟူးကဲ့သို့ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသည်ကို မြင်လိုက်ရ၏။
လွှမ်းမိုးချုပ်ကိုင်နိုင်သော ခွန်အားများ ပါဝင်သည့် ထိုလက်သီးချက်သည် ရဲ့လျန်ချန်း၏ ရင်ဘတ်ပေါ်သို့ တိုက်ရိုက် ပေါက်ကွဲ၍ ဝင်ရောက်သွားတော့သည်။
ဘုန်း
မျက်တောင်တစ်ခတ်အတွင်းမှာပင် ရဲ့လျန်ချန်းမှာ ထိုလက်သီးချက်ကြောင့် ဝေဟင်မှ လွင့်စဉ်ကျသွားပြီး တောင်ထိပ်တစ်ခုကိုပင် ဖောက်ထွက်သွားသည်အထိ ပြင်းထန်သည်။
ထိုအခိုက်အတန့်တွင် လူတိုင်းမှာ အသက်ရှူပင် မှားသွားကြရသည်။ ဤလက်သီးချက်၏ ခွန်အားမှာ ကြောက်စရာကောင်းလွန်းလှပြီး ငါးပါးဓာတ် မိုးကြိုးဂိုဏ်းတွင် ချန်ကျီရှင်း ထုတ်ဖော်ခဲ့သော ပျံသန်းခြင်းမသေမျိုးဓားထက်ပင် မနိမ့်ကျပေ။
"ချန်ကျီရှင်းက လွန်ခဲ့တဲ့ လအနည်းငယ်ကထက် ပိုပြီး သန်မာလာတာပဲ"
အဝေးမှ စောင့်ကြည့်နေကြသော ပါရမီရှင် အမြောက်အမြားမှာ တုန်လှုပ်သွားကြပြီး သူတို့၏ရင်ထဲတွင် ကြောက်ရွံ့မှုများ စိမ့်ဝင်လာတော့သည်။
ရိုးရှင်းသော လက်သီးချက်တစ်ချက်တည်းနှင့်တင် ချန်ကျီရှင်း၏ အစွမ်းမှာ လွန်ခဲ့သော လအနည်းငယ်က သူ၏ မဟာနတ်ဘုရားစွမ်းအင်နှင့် ယှဉ်နိုင်နေပြီဖြစ်သည်။
ဒါဆိုရင် အခုအချိန်မှာ ချန်ကျီရှင်းကသာ အဲဒီ ပျံသန်းခြင်းမသေမျိုးဓားကို ထပ်ပြီး ထုတ်သုံးလိုက်ရင် ဘယ်လောက်တောင် အစွမ်းထက်နေမှာလဲ။
"ဒီတတိယသခင်လေးရဲ့ ခွန်အားက... အရမ်းကို မြန်မြန်ဆန်ဆန် တိုးတက်လာတာပဲ"
"ဖြစ်နိုင်တာက... ရဲ့လျန်ချန်းက လက်သီးတစ်ချက်တည်းနဲ့တင် ရှုံးနိမ့်သွားမှာလား"
ခေတ္တမျှအတွင်း စောင့်ကြည့်နေသူအားလုံးမှာ လက်သီးချက်ကြောင့် လွင့်စဉ်သွားသော ရဲ့လျန်ချန်းဆီသို့ အကြည့်များ ရောက်သွားကြသည်။
"တကယ့်ကို... ရင်တုန်စေတဲ့ ခွန်အားပဲ"
ရဲ့လျန်ချန်းသည် ဟင်းလင်းပြင်အတွင်းမှ ပြန်လည်လျှောက်လှမ်းလာခဲ့ပြီး သူ၏မျက်ဝန်းများမှာ အံ့သြမှုများဖြင့် ပြည့်နှက်နေသည်။ သူ၏ အဖြူရောင်ဝတ်ရုံမှာ ပျက်စီးသွားခဲ့သော်လည်း ၎င်း၏အတွင်း၌ ငွေရောင်သံကွင်းအင်္ကျီတစ်ထည်ကို မြင်တွေ့လိုက်ရသည်။
ထိုအင်္ကျီ၏ ရင်ဘတ်တည့်တည့်တွင် အနက်ရောင် လက်သီးရာကြီးတစ်ခုမှာ ထင်ထင်ရှားရှား ရှိနေ၏။
"နှမြောစရာပဲ... ငါတို့က ဘာပြင်ဆင်မှုမှမရှိဘဲ မင်းကို လာသတ်မယ်လို့ ထင်နေတာလား"
ရဲ့လျန်ချန်းက ခေါင်းခါလိုက်ပြီး နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခုဖြင့် ချန်ကျီရှင်းကို ငုံ့ကြည့်လိုက်သည်။
နောက်တစ်ခဏတွင်
"တိုက်ကြ"
ရဲ့လျန်ချန်းသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ ကောင်းကင်ယံထက်တွင် သူ၏ပုံရိပ်ယောင်များစွာ ချက်ချင်း ပေါ်ထွက်လာသည်။ ထိုပုံရိပ်ယောင်များသည် အရပ်မျက်နှာ အသီးသီးမှနေ၍ ချန်ကျီရှင်းဆီသို့ တိုးဝင်လာကြတော့သည်။
"ကျိယွီ"
ရှန်ဆန်း၏ မျက်ဝန်းများမှာ လက်ကနဲ ဖြစ်သွားပြီး ကျောပြင်ထက်မှ ကြက်ခြေခတ် ချိတ်ဆွဲထားသော လှံချွန်တို နှစ်စင်းကို ဆွဲထုတ်လိုက်သည်။
သူသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဝေဟင်သို့ ပျံတက်သွားကာ ချန်ကျီရှင်း၏ ဦးခေါင်းထက်သို့ ပြင်းထန်စွာ ထိုးဆင်းတိုက်ခိုက်တော့သည်။
"မဟာယွမ် နတ်ဘုရားသုတ်သင်ခြင်း အပိုင်းအခြား"
ဤတိုက်ကွက်သည် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကိုတင်မကဘဲ ဝိညာဉ်ကိုပါ တိုက်ရိုက်ထိခိုက်စေနိုင်သော အစွမ်းရှိသည်။
သို့သော် ကျွေးမှာမူ အေးအေးလူလူပင် ချန်ကျီရှင်းရှိရာသို့ တစ်လှမ်းချင်း လျှောက်လာရင်း ဟင်းလင်းပြင်ထဲသို့ လက်ညှိုးတစ်ချောင်းဖြင့် အသာအယာ ညွှန်ပြလိုက်သည်။
"တားမြစ်ခြင်း"
မျက်တောင်တစ်ခတ်အတွင်းမှာပင် မိုင်တစ်ရာ ပတ်လည်အတွင်းရှိ လေထု၊ ချီစွမ်းအင်များသာမက လေ၊ တိမ်တိုက်များ၊ မြက်ပင်နှင့် သစ်ပင်များအားလုံးမှာ အချိန်ကာလကြီး ရပ်တန့်သွားသကဲ့သို့ ရုတ်တရက် ငြိမ်သက်သွားတော့သည်။
ချန်ကျီရှင်းမှာ လှုပ်ရှားနိုင်စွမ်း ရှိနေသေးသော်လည်း ရွှံ့နွံအိုင်အတွင်းသို့ နစ်ဝင်နေသကဲ့သို့ သူ၏ လှုပ်ရှားမှုတိုင်းမှာ နှေးကွေးလေးလံသွားခဲ့ရသည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကျယ်ပြောလှသော ချီစွမ်းအင်စီးဆင်းမှုများပင်လျှင် ခက်ခဲစွာ စီးဆင်းနေရတော့သည်။
"ကောင်းကင်နှင့် မြေကြီး တားမြစ်ခြင်း"
ဤသည်မှာ လောကကြီးအတွင်း ပျောက်ကွယ်နေသည်မှာ ကြာပြီဖြစ်သော မဟာနတ်ဘုရားအတတ်တစ်ခုပင်။ တစ်ခဏချင်းမှာပင် သူတို့သုံးဦးမှာ သူတို့၏ သေစေနိုင်သော တိုက်ကွက်များဖြင့် ချန်ကျီရှင်းကို ဝိုင်းဝန်း၍ တိုက်ခိုက်ကြတော့သည်။
"ကြေမွစမ်း"
ချန်ကျီရှင်း၏ လက်သီးဆန္ဒမှာ ဟိန်းထွက်လာပြီး သူ၏နောက်ကွယ်တွင် ကစဉ့်ကလျား နတ်ဆိုးနတ်ဘုရားများထဲမှ တစ်ဦးဖြစ်သော ရှေးဦးနွားမိစ္ဆာ၏ နိမိတ်ပုံကြီးပေါ်ထွက်လာကာ လက်သီးချက်များကို တရစပ် ပစ်လွှတ်တော့သည်။
ကောင်းကင်နှင့် မြေကြီးမှာ ကွဲအက်ကုန်ပြီး ဟင်းလင်းပြင်ကြီးမှာလည်း ပြိုလဲသွားတော့သည်။ တာအိုလမ်းစဉ်အသွင်ဆောင်ကာ ကန့်သတ်ချက်များကို ချိုးဖျက်နိုင်သော ဤစွမ်းအားအောက်တွင် ကောင်းကင်နှင့် မြေကြီး တားမြစ်ခြင်း၏ နယ်ပယ်မှာ တိုက်ရိုက် ကြေမွသွားခဲ့ရသည်။
ထို့နောက် ချန်ကျီရှင်းသည် ပြင်းထန်သော လက်သီးချက်တစ်ချက်ကို ပစ်လွှတ်လိုက်ရာ ရဲ့လျန်ချန်း၏ အဆုံးမရှိသော ပုံရိပ်ယောင်များမှာ လွင့်စင်ပျက်စီးသွားတော့သည်။
ထို့နောက် အထက်သို့ ပင့်ထိုးလိုက်သော လက်သီးချက်မှာ အပေါ်မှ ခုတ်ပိုင်းဆင်းလာသော ရှန်ဆန်းကို ကိုးထပ်ကောင်းကင်ယံထက်သို့ ပြန်လည် လွင့်ထွက်သွားစေခဲ့သည်။
လက်သီးတစ်ချက်တည်းနှင့် နည်းပရိယာယ်အပေါင်းကို ချိုးဖျက်ခြင်းပင်။
သို့သော် ခဏအကြာမှာပင် ရဲ့လျန်ချန်း၊ ရှန်ဆန်းနှင့် ကျန်သူများမှာ ဟင်းလင်းပြင်အတွင်းမှ ပြန်လည် ထွက်ပေါ်လာကြသည်။
သူတို့၏ ဝတ်ရုံများမှာ ပျက်စီးသွားခဲ့ပြီဖြစ်ရာ သူတို့ ဝတ်ဆင်ထားသော ငွေရောင်သံကွင်းအင်္ကျီများကို မြင်တွေ့နေရပြီ ဖြစ်သည်။
"အပိုပဲ... ဒီသံကွင်းအင်္ကျီက မင်းရဲ့ ခွန်အားတွေကို တန်ပြန်ဖို့ စီကုန်းမိသားစုက လက်နက်သွန်းလုပ်ရေး ပညာရှင်ကြီးတစ်ယောက်ဆီမှာ အထူးတလည် မှာယူထားတာ။ မင်းရဲ့ ရှေးဦးနွားမိစ္ဆာ ခွန်အားရဲ့ ၉၀ ရာခိုင်နှုန်းကို ပျယ်ပြယ်သွားအောင် လုပ်နိုင်စွမ်းရှိတယ်"
ရဲ့လျန်ချန်းနှင့် ရှန်ဆန်းတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ စိတ်အေးလက်အေး ပြုံးလိုက်ကြသည်။ နောက်တစ်ခဏတွင် သူတို့နှစ်ဦးလုံးက ချန်ကျီရှင်းကို ကြည့်ကာ လှောင်ပြောင်
သရော်လိုက်ကြသည်။
"မင်းမှာ တခြားအတတ်တွေ ရှိသေးလား ရှိတာအကုန် ထုတ်သုံးလိုက်လေ... ဟို ပျံသန်းခြင်းမသေမျိုးဓားဆိုတာလား ဒါမှမဟုတ် မင်းရဲ့ နတ်ဘုရားအာရုံစွမ်းအားလား"
"ငါတို့ အကုန်လုံးကို လက်ခံပေးပါ့မယ်"
အခန်း။ ၂၇၂
ထိုအခိုက်အတန့်တွင် ရဲ့လျန်ချန်းနှင့် သူ၏အဖော်နှစ်ဦးမှာ ဝေဟင်ထက်၌ ရပ်နေကြပြီး သူတို့၏မျက်နှာထက်တွင် စိတ်အေးလက်အေးရှိသော အပြုံးများ ပေါ်လွင်နေသည်။ သူတို့သည် ဤမြင်ကွင်းကို ကြိုတင်တွက်ဆထားပြီးဖြစ်ကြောင်း ထင်ရှားသည်။
အဝေးမှ စောင့်ကြည့်နေကြသော ပါရမီရှင် အမြောက်အမြားမှာမူ တစ်ဦးကိုတစ်ဦး ကြည့်ကာ လေးနက်တည်ကြည်သော အမူအရာများ ရှိနေကြသည်။
"မကောင်းတော့ဘူး... ချန်ကျီရှင်းရဲ့ စွမ်းရည်တွေကို ရဲ့လျန်ချန်းတို့က သေသေချာချာ သုတေသနလုပ်ထားပြီးပြီပဲ"
"အခုထိ ချန်ကျီရှင်း ပြသခဲ့တဲ့ အစွမ်းထက်ဆုံး ပညာရပ်တွေက ခွန်အား၊ ဓားလမ်းစဉ်နဲ့ နတ်ဘုရားအာရုံစွမ်းအားတွေပဲ။ ကျန်တဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားနဲ့ ဒြပ်ဆွဲအားတွေက သာမန်ပါရမီရှင်တွေကို ဖိနှိပ်နိုင်ပေမဲ့ ဒီလိုအဆင့်အတန်းမျိုးရှိတဲ့ ပြိုင်ဘက်တွေကိုတော့ ဒါတွေနဲ့တင် အနိုင်ယူဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး"
"အခုတော့ ရဲ့လျန်ချန်းတို့ သုံးယောက်က သူ့ရဲ့ အဓိက တိုက်ကွက် သုံးမျိုးလုံးကို ပိတ်ဆို့ဖို့ ပြင်ဆင်ထားပြီးသားဆိုတော့... ချန်ကျီရှင်း တစ်ယောက် အကြံကုန်နေပြီလား"
"ဒီနေ့မှာ ချန်ကျီရှင်းရဲ့ ရှုံးနိမ့်ခြင်းမရှိတဲ့ ဒဏ္ဍာရီကြီး တကယ်ပဲ နိဂုံးချုပ်သွားတော့မှာလား"
ခေတ္တမျှအတွင်း အဝေးမှ စောင့်ကြည့်နေသူများမှာ အသက်ရှူပင် မဝကြတော့ဘဲ ဓားနန်းတော်၏ အပြင်ဘက်ရှိ အခြေအနေကို စူးစိုက်ကြည့်နေကြတော့သည်။
တစ်ချိန်တည်းမှာပင် မသေမျိုးတောင်တန်း၏ အပြင်ဘက်၌လည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။ ကျင့်ကြံသူ အမြောက်အမြားမှာ ဟင်းလင်းပြင်ထက်၌ နဂါးကိုးကောင် ဆွဲလာသော ရွှေရောင်ရထားလုံးဆီသို့ အကြည့်များ ရောက်သွားကြ၏။
"စီကုန်းမိသားစုက တကယ့်ကို ရက်စက်တာပဲ"
"ချန်ကျီရှင်းကို သတ်ဖို့အတွက် ကမ္ဘာကျော် ပါရမီရှင် လေးယောက်ကို ဖိတ်ခေါ်ရုံတင်မကဘူး။ သူ့ကို တန်ပြန်ဖို့အတွက် အထူးစီမံထားတဲ့ ရတနာတွေကိုပါ ထုတ်ပေးလိုက်တာလား"
"ဇီဝေချန်မိသားစုကတော့ ရန်သူကို အထင်သေးမိသွားပြီ ထင်တယ်"
ရွှေရောင်ရထားလုံးအတွင်း၌မူ စီကုန်းရွှမ်ကျီးသည် သူ၏ ခရမ်းရောင်ဆံနွယ်များကို လေထဲတွင် ဝဲဖြာစေလျက် သူ၏လက်စွပ်ကို အသာအယာ လှည့်နေသည်။
သူသည် ပတ်ဝန်းကျင်မှ ကြောက်ရွံ့စိုးရိမ်နေသော အကြည့်များကို ခံစားမိသောအခါ ကျေနပ်စွာ ပြုံးလိုက်မိသည်။ ဤသည်မှာ သူဖြစ်ချင်သော ရလဒ်ပင်။
ချန်ကျီရှင်းကို သတ်ခြင်းဖြင့် စီကုန်းနန်အတွက် ကလဲ့စားချေရုံတင်မကဘဲ စီကုန်းမိသားစုကို စော်ကားလျှင် မည်သို့ဖြစ်မည်ကို အရှေ့ဘက်နယ်မြေတစ်ခုလုံးကို သတိပေးလိုက်ခြင်းပင်။
"ကျီအာက ရှုံးတော့မယ်လို့ တကယ်ပဲ ထင်နေတာလား"
တာလျိုတာအိုလမ်းစဉ် နယ်မြေအတွင်းရှိ ခရမ်းရွှေရောင်သရဖူ ဆင်မြန်းထားသော ပုဂ္ဂိုလ်က ပြုံးလျက် မေးလိုက်သည်။
"ဘာလို့လဲ သူ့ရဲ့ အဓိက တိုက်ကွက် သုံးမျိုးလုံးက အပိတ်ခံထားရပြီလေ။ သူ ဘယ်လိုများ အခြေအနေကို ပြောင်းပြန်လှန်နိုင်ဦးမှာလဲ"
ဝေဝါးသော လူရိပ်က ပြန်မေးသည်။
သရဖူနှင့်လူက အေးဆေးစွာပင် ပြောလိုက်သည်။
"သေသေချာချာ ကြည့်ထားလိုက်ပါ။ စစ်မှန်သောကိုယ်ပိုင်အဆင့်နဲ့တင် ရှင်ခြင်းနှင့် သေခြင်း တာအိုလမ်းစဉ်ကို နားလည်သဘောပေါက်ထားတဲ့သူက ဒီလောက်လွယ်လွယ်နဲ့တော့ ရှုံးမှာမဟုတ်ဘူး"
နတ်ဘုရားနန်းတော်အတွင်း၌လည်း ဆံပင်ဖြူအဖွားအိုနှင့် မိုချင်းယွဲ့တို့ စောင့်ကြည့်နေကြသည်။
"ချင်းယွဲ့... မင်းရဲ့အစ်ကိုအပေါ် ထားတဲ့ အကဲဖြတ်ချက်ကို နည်းနည်း လျှော့ချရမယ်ထင်
တယ်"
အဖွားအိုက ပြောလိုက်သည်။
သို့သော် မိုချင်းယွဲ့က ပြုံးလျက် "ကျွန်မကတော့ အကဲဖြတ်ချက်ကို ပိုမြှင့်ရမယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ အရင်က သူ့ကို အကဲဖြတ်ခဲ့တာက နိမ့်လွန်းနေလို့ပဲ သူ ကြိုတင်ပြင်ဆင်မှု မလုပ်ခဲ့တာက မာနကြီးလို့မဟုတ်ဘူး... စီကုန်းမိသားစုရဲ့ လှည့်ကွက်တွေကို ဂရုစိုက်စရာမလိုလောက်အောင် သူက အစွမ်းထက်နေလို့ပဲ"
"ရွှမ်ယွဲ့"
"မဟာယွမ် နတ်ဘုရားဖြိုခွဲခြင်း အပိုင်းအခြား"
"ကောင်းကင်နှင့် မြေကြီး ပြောင်းပြန်လှန်ခြင်း"
ဝေဟင်ထက်တွင် ရဲ့လျန်ချန်းတို့ သုံးဦးမှာ ချန်ကျီရှင်းကို ထပ်မံ ဝိုင်းဝန်းတိုက်ခိုက်ကြပြန်သည်။
ချန်ကျီရှင်း၏ ရုပ်ပိုင်းဆိုင်ရာနှင့် နတ်ဘုရားအာရုံစွမ်းအားမှာ တစ်ပြိုင်နက်တည်း လှုပ်ရှားလာသည်။ သူက လက်သီးဖြင့် ထိုးနှက်လိုက်သလို သူ၏ အသိစိတ်အာရုံမှာလည်း ဧရာမ ရွှေရောင်တူကြီးတစ်ခုအဖြစ် ပြောင်းလဲကာ သူတို့၏ စိတ်ဝိညာဉ်ကို ထုနှက်လိုက်သည်။
သို့သော် ထိုအာရုံစွမ်းအားမှာ ရဲ့လျန်ချန်းတို့၏ စိတ်အတွင်းသို့ ရောက်သည်နှင့် ပင်လယ်ထဲသို့ ရွှံ့နွားတစ်ကောင် ဆင်းသွားသကဲ့သို့ တိတ်ဆိတ်စွာ ပျောက်ကွယ်သွားခဲ့သည်။
ထို့အတူ ကြယ်စင်များကို ပေါက်ကွဲစေနိုင်သော သူ၏ လက်သီးချက်မှာလည်း သံကွင်းအင်္ကျီများကြောင့် ကိုးဆယ်ရာခိုင်နှုန်းခန့် ပျယ်ပြယ်သွားခဲ့ရသည်။
ရဲ့လျန်ချန်းတို့ သုံးဦးမှာ နောက်သို့ လွင့်စဉ်သွားသော်လည်း ချန်ကျီရှင်း၏ ခန္ဓာကိုယ်ပေါ်တွင်လည်း ဒဏ်ရာအနည်းငယ် ရရှိသွားခဲ့သည်။
"ဟားဟားဟား... ချန်ကျီရှင်း မင်း တကယ်ပဲ အကြံကုန်နေပြီပေါ့လေ"
ရဲ့လျန်ချန်းက အမောတကော ပြောလိုက်သော်လည်း သူ၏မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေသည်။
ချန်ကျီရှင်းက သူတို့ကို ဖိနှိပ်ထားနိုင်ဆဲ ဖြစ်သော်လည်း သူတို့ကို အပြတ်အသတ် မသတ်နိုင်သရွေ့တော့ အချိန်ဆွဲ တိုက်ခိုက်ခြင်းဖြင့် ချန်ကျီရှင်းကို အနိုင်ယူနိုင်မည်ဟု သူ ယုံကြည်နေတော့သတည်း။
ရှန်ဆန်း၏ နှုတ်ခမ်းများမှာ အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားပြီး သူ၏လက်ထဲရှိ လှံချွန်တိုကို ပေါ့ပေါ့ပါးပါးပင် မြှောက်ပင့်ကစားနေသည်။
ဓားနန်းတော်၏ ရှေ့မှောက်ဝယ်...
"မင်းတို့ တကယ်ပဲ ငါ့အကြောင်းကို သေသေချာချာ လေ့လာထားကြတာပဲ"
ချန်ကျီရှင်းက ခေါင်းခါယမ်းလိုက်ပြီး စိတ်လှုပ်ရှားမှုအချို့ဖြင့် မေးလိုက်သည်။
"ငါ့အကြောင်းနဲ့ ဒီနေ့ အခြေအနေတွေကို နားလည်ဖို့အတွက် မင်းတို့ တော်တော်လေး အားစိုက်ခဲ့ရမှာပဲ မဟုတ်လား"
"ဒါပေါ့"
ရဲ့လျန်ချန်းက ခပ်တိုးတိုးရယ်မောရင်း ပြောလိုက်သည်။
"မင်းမသိနိုင်တာက... ဒီနေ့တိုက်ပွဲအတွက် ငါတို့ အကြိမ်ပေါင်း တစ်ထောင်ကျော် လေ့ကျင့်ခဲ့ကြတာ။ ငါတို့ ဝတ်ထားတဲ့ ဒီသံကွင်းအင်္ကျီ တစ်ထည်ချင်းစီက ဝိညာဉ်ကျောက်တုံး သန်းချီ တန်ဖိုးရှိတယ်။ နတ်ဘုရားအာရုံစွမ်းအားကို ခုခံနိုင်တဲ့ ဒီလက်စွပ်ကဆိုရင် ပိုပြီးတောင် ဈေးကြီးသေးတယ်"
ခေတ္တမျှ ရပ်နားပြီးနောက် ရဲ့လျန်ချန်းသည် သူ၏ခါးမှ ကျောက်စိမ်းဆွဲပြားတစ်ခုကို ထုတ်ယူကာ အသာအယာ လှုပ်ယမ်းပြလိုက်သည်။
"အမှန်အတိုင်း ပြောရရင်... မင်းရဲ့ ပျံသန်းခြင်းမသေမျိုးဓားကို ခုခံဖို့အတွက် စီကုန်းမိသားစုရဲ့ မျိုးနွယ်စုခေါင်းဆောင်ကိုယ်တိုင် ထုလုပ်ပေးထားတဲ့ ဒီရှေးဟောင်းကျောက်စိမ်းလည်း ရှိသေးတယ်"
ရဲ့လျန်ချန်းက တည်ငြိမ်စွာ ပြုံးလိုက်ပြီး ဆက်ပြောသည်။
"ချန်ကျီရှင်း... ငါပြောချင်တာကတော့ မင်း ဒီနေ့ ဒီနေရာမှာ သေသွားခဲ့ရင်တောင် ဂုဏ်ယူဖို့ ကောင်းနေပါပြီ"
ဖြောင်း... ဖြောင်း... ဖြောင်း...
ချန်ကျီရှင်းက လက်ခုပ်တီးလိုက်သည်။
"တကယ့်ကို ချီးကျူးဖို့ ကောင်းပါတယ်။ ငါ့ကို သတ်ဖို့အတွက် ဘာမှမချန်ဘဲ နည်းလမ်းပေါင်းစုံ သုံးခဲ့ကြတာပဲ"
ချန်ကျီရှင်း၏ မျက်ဝန်းများတွင် အထင်ကြီးလေးစားမှုများ ပေါ်လွင်နေပြီး ရဲ့လျန်ချန်း သို့မဟုတ် သူတို့နောက်ကွယ်မှ စီကုန်းမိသားစု၏ လုပ်ရပ်များမှာ ယုတ်မာသည် သို့မဟုတ် မတော်မလျော်ဖြစ်သည်ဟု သူ မခံစားရပေ။
မူလကတည်းက သူတို့မှာ ရန်ဘက်များ ဖြစ်ကြပြီး သူသည်လည်း အကန့်အသတ်မရှိသော ပါရမီရှင်တစ်ဦးပင်။ အကယ်၍ သူသာ ထိုသူတို့၏ နေရာမှာဆိုလျှင်လည်း ဤကဲ့သို့ ကြီးမားလှသော ခြိမ်းခြောက်မှုကို အစောတည်းက အမြစ်ဖြတ်ရန် မည်သည့်တန်ဖိုးကိုမဆို ပေးဆပ်မည်သာ ဖြစ်သည်။
သို့သော် သူ အနည်းငယ် နှမြောမိသည်မှာ...
"နှမြောစရာကောင်းတာက... မင်းတို့ တစ်ခု မေ့နေတာပဲ အချိန်တွေက ပြောင်းလဲနေသလို လူတွေကလည်း ပြောင်းလဲနေတယ်ဆိုတာကိုပေါ့"
ချန်ကျီရှင်းသည် သူ၏လက်နှစ်ဖက်ကို ဖြန့်လိုက်ပြီး မျက်လုံးကို ဖြည်းဖြည်းချင်း မှိတ်လိုက်သည်။ သူ၏နောက်ကွယ်တွင် မင်ရည်ကဲ့သို့ နက်မှောင်သော ဆံနွယ်များမှာ လေမတိုက်ဘဲ အလိုအလျောက် ဝဲပျံလာတော့သည်။
စီ... စီ... စီ...
သူ၏ ပတ်ဝန်းကျင် ဟင်းလင်းပြင်ထဲ၌ မီးလျှံကြာပန်းများ စတင် ဖူးပွင့်လာကြကာ ကောင်းကင်နှင့် မြေကြီးကြားရှိ အပူချိန်မှာလည်း ရုတ်ချည်း မြင့်တက်လာတော့သည်
မြေပြင်ပေါ်တွင် မီးခိုးငွေ့များ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံးမှာ လောင်မြိုက်နေသော နယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
လေထု၏ အပူချိန်မှာ အရှိန်အဟုန်ဖြင့် မြင့်တက်လာကာ ပေါက်ကွဲသံများပင် ထွက်ပေါ်နေတော့သည်။ ပေတစ်သောင်မြင့်သော ကောင်းကင်ယံကြီးမှာ မီးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။
"မင်းတို့ရဲ့ အားထုတ်မှုတွေနဲ့ သေချာလေ့လာထားတာတွေဆိုတာ... အဆုံးမှာတော့ ငါ မနေ့က ချန်ထားခဲ့တဲ့ အရိပ်တွေကို လိုက်ဖမ်းနေတာနဲ့တင် တူနေတာပဲ"
"အဲဒါတွေက ဒီနေ့ရဲ့ ငါ့ကို ဘယ်လိုများ ယှဉ်နိုင်မှာလဲ"
ချန်ကျီရှင်း၏ မျက်ဝန်းများမှာ ရုတ်တရက် ပွင့်လာတော့သည်။
ဝုန်း
သူ၏ မျက်သူငယ်အိမ်အတွင်း၌ အနက်ရောင် မီးလျှံကြာပန်းနှစ်ပွင့်မှာ ရုတ်တရက် ကခုန်ကာ အသက်ဝင်လာတော့သည်။