အခန်း (၂၇၃-၂၇၄)
Vol. 28 Ch. 273-274
အခန်း။ ၂၇၃
ဝုန်း
လောကကြီးတစ်ခုလုံး ပြောင်းလဲသွားပြီး ထူးဆန်းသော ဖြစ်ရပ်များ ရုတ်တရက် ပေါ်ပေါက်လာတော့သည်။ ကမ္ဘာမြေကြီးတစ်ခုလုံးသည် နဂါးကြီးတစ်ကောင် နိုးထလာသကဲ့သို့ ပြင်းထန်စွာ တုန်ခါနေ၏။
ထို့နောက် မီးတောင်ပေါက်ကွဲသကဲ့သို့ ချန်ကျီရှင်း၏ ခြေဖဝါးအောက်ရှိ မြေပြင်မှာ အက်ကြောင်းကြီးများ ဆက်တိုက် ပွင့်ထွက်သွားသည်။
ထိုအက်ကြောင်းများအောက်တွင် နီရဲတောက်လောင်နေသော ချော်ရည်ပူများမှာ အတားအဆီးမဲ့ စီးဆင်းနေကြသည်။
ချက်ချင်းဆိုသလိုပင် မြေပြင်မှနေ၍ ကောင်းကင်သို့ ဦးတည်သော မီးတိုင်ကြီးများ ပေါက်ကွဲထွက်လာပြီး မြေနှင့်ကောင်းကင်ကို ဆက်သွယ်ပေးလိုက်တော့သည်။
နီရဲနေသော ကောင်းကင်ယံကြီး၏ အလယ်တွင် ရွှေရောင်နေမင်း ဆယ်စင်း ပေါ်ထွက်လာ၏။
ထိုအခိုက်အတန့်တွင် ပေတစ်သောင်းပတ်လည် နယ်ပယ်ကြီးမှာ ကောင်းကင်ဘုံကို လောင်ကျွမ်းစေပြီး ပင်လယ်ကို ဆူပွက်စေကာ ကြယ်စင်များကို အရည်ပျော်စေပြီး လမင်းကို မီးမြိုက်ပစ်မည့် ငရဲကမ္ဘာကြီးအဖြစ် ပြောင်းလဲသွားတော့သည်။
"မီးလျှံတာအိုလမ်းစဉ် ချန်ကျီရှင်းက ဘယ်တုန်းက မီးလျှံတာအိုလမ်းစဉ်ကို နားလည်သွားတာလဲ"
"ဟူး ခွန်အား အသိစိတ်အာရုံ ဓားလမ်းစဉ် ရုပ်ပိုင်းဆိုင်ရာ ဒြပ်ဆွဲအား အခုတော့ မီးလျှံတာအိုလမ်းစဉ်ပါ ထွက်လာပြီ ဒီ ဇီဝေတတိယသခင်လေးမှာ တာအိုလမ်းစဉ်တွေ ဘယ်နှစ်ခုတောင် ရှိနေတာလဲ"
"ပါရမီရှင်တစ်ယောက်က တာအိုလမ်းစဉ် တစ်ခုတည်းကိုတင် အဆုံးစွန်ထိ ရောက်အောင် ကျင့်ကြံနိုင်ဖို့ဆိုတာ တော်တော်ခဲယဉ်းတာ။ ချန်ကျီရှင်းက ဘယ်လိုလုပ်ပြီး တာအိုလမ်းစဉ် အများကြီးကို တစ်ပြိုင်နက် ပိုင်ဆိုင်ထားရတာလဲ"
"ကြောက်စရာကောင်းလိုက်တာ"
အဝေးမှ စောင့်ကြည့်နေကြသော ပါရမီရှင်များမှာ အံ့သြတုန်လှုပ်စွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်နေကြတော့သည်။
ချန်ကျီရှင်း၏ နောက်ကွယ်တွင် မီးလျှံအမျိုးမျိုး ပေါ်ထွက်လာသည်။
ချီလင်နတ်မီးလျှံ…
သစ်စိမ်းနတ်မျက်နှာ မီးလျှံ……
ဟင်းလင်းပြင်လောင်ကျွမ်း မီးလျှံ…..
မိုးကြိုးအကျဉ်းထောင် နတ်မီးလျှံ….
နက်ရှိုင်းသော ငရဲမီးလျှံ…
...
စုစုပေါင်း မီးလျှံ ခုနစ်မျိုးမှာ ချန်ကျီရှင်း၏ နောက်ကွယ်တွင် ပေါင်းစပ်သွားပြီး အဆုံးတွင် မီးလျှံပေါင်းများစွာဖြင့် ဖွဲ့စည်းထားသော ဧရာမဘီလူးကြီးတစ်ဦး ဖြစ်ပေါ်လာတော့သည်။
ဤဘီလူးကြီးမှာ ပေတစ်သောင်း မြင့်မားပြီး လောကရှိ မီးအားလုံးကို အုပ်စိုးသော မီးလျှံဧကရာဇ် နတ်ဘုရားတစ်ပါးအလား ခန့်ညားသည်။
၎င်းမှာ ချန်ကျီရှင်း၏ ဆဋ္ဌမမြောက် တာအိုလမ်းစဉ်ဖြစ်သော မီးလျှံဧကရာဇ်ပင်။
"ဒါက..."
ရဲ့လျန်ချန်းသည် ခေါင်းကို မော့ကြည့်လိုက်ရာ သူ၏မျက်နှာမှာ အလွန်တရာ လေးနက်သွားသည်။ သူသည် ချန်ကျီရှင်း၏လက်ထဲတွင် ရှိနေသော ဤမီးလျှံတာအိုလမ်းစဉ်မှာ ယခင်ကထက် အဆပေါင်းများစွာ ပို၍ အစွမ်းထက်နေသည်ကို သတိပြုမိလိုက်သည်။
"ငါတို့... သူ့ကို အထင်သေးမိသွားပြီ"
ရဲ့လျန်ချန်း၏ ရင်ထဲတွင် လေးလံသွားခဲ့ရသည်။
"ဒီတာအိုလမ်းစဉ်အတွက်ကော မင်းတို့မှာ ဘာပြင်ဆင်မှု ရှိသေးလဲ"
ချန်ကျီရှင်း၏ ဝတ်ရုံနက်မှာ လေထဲတွင် တဖျတ်ဖျတ် လွင့်နေပြီး သူ၏မျက်ဝန်းများထဲတွင် မီးလျှံကြာပန်းများမှာ ထူးဆန်းလှပစွာ တောက်ပနေသည်။
နောက်တစ်ခဏတွင် ချန်ကျီရှင်းက သူ၏လက်ဝါးကို အောက်သို့ ရိုက်ချလိုက်သည်။
ဝုန်း …
မီးလျှံဧကရာဇ်ကြီးသည် ရှေ့သို့ တစ်လှမ်းတက်လိုက်ပြီး တောက်လောင်နေသော မီးလျှံလက်ကြီးဖြင့် ရဲ့လျန်ချန်းတို့ သုံးဦးကို ဖမ်းဆုပ်လိုက်တော့သည်။
"နိမိတ်ပုံ စစ်မီးလျှံဆက်နွယ်သော မြို့ပြများ"
ရဲ့လျန်ချန်းက အားကုန်အော်ဟစ်လိုက်ရာ သူ၏ရှေ့တွင် ရှေးဟောင်းခံတပ်တံတိုင်းကြီးတစ်ခု ပေါ်ထွက်လာပြီး ထိုမီးလျှံလက်ကြီးကို တားဆီးထားလိုက်သည်။
"နိမိတ်ပုံ ဟင်းလင်းပြင် ဖြိုခွဲသူ"
ရှန်ဆန်းကလည်း သူ၏လှံချွန်နှစ်စင်းကို ဟင်းလင်းပြင်ထဲသို့ ပစ်တင်လိုက်ရာ ပေတစ်သောင်းရှည်သော ရွှေရောင်လှံကြီးတစ်စင်း ဖြစ်ပေါ်လာပြီး မီးလျှံဧကရာဇ်ကြီးကို ခုတ်ပိုင်းချလိုက်သည်။
"ထွက်လာစမ်း... အထွတ်အထိပ် မျိုးနွယ်စု နတ်ဆိုး ခြောက်ပါး"
ကျွေး၏ လည်ချောင်းမှ ရူးသွပ်သော ရယ်သံထွက်ပေါ်လာပြီး သူ၏နောက်ကွယ်တွင် နတ်ဆိုးအငွေ့အသက်များ ဖုံးလွှမ်းနေသော နတ်ဆိုးကြီး ခြောက်ပါး ပေါ်ထွက်လာတော့သည်။
"ချန်ကျီရှင်း... ငါ့ဘဝမှာ မင်းလို ပါရမီရှင်တွေကို အများကြီး သတ်ခဲ့ဖူးတယ်"
ကျွေးက အော်ဟစ်ရင်း သူ၏နတ်ဆိုးကြီးများနှင့်အတူ မီးလျှံဧကရာဇ်ကြီးကို ပြန်လည် တိုက်ခိုက်တော့သည်။
"အများကြီး သတ်ခဲ့ဖူးတယ် ဟုတ်လား သမိုင်းမှာ မှတ်တမ်းတင်ခံရတဲ့ သူတွေလား"
ချန်ကျီရှင်းသည် မျက်လုံးများကို အနည်းငယ် မှေးစိုက်လိုက်မိသည်။
ဤနက်နဲလှသော ကျွေးဆိုသူမှာလည်း ရှေးဟောင်းအစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး၏ ပြန်လည်ဝင်စားလာသူများ ဖြစ်နေမည်လားဟု သူ တွေးတောနေမိသည်။
သို့သော် ချန်ကျီရှင်းသည် တွေဝေမနေဘဲ ခေါင်းကိုခါယမ်းကာ မီးလျှံဧကရာဇ်ကြီးကို ထိန်းချုပ်လိုက်ပြီး နောက်ထပ် လက်ဝါးတစ်ချက်ဖြင့် ဖိနှိပ်ချလိုက်ပြန်သည်။
ဝုန်း ….
ဤသည်မှာ ကမ္ဘာကြီးကိုပင် တုန်ဟိန်းသွားစေသော ထိပ်တိုက်တွေ့ဆုံမှုကြီးပင်။ ဧရာမတောင်ကြီးနှစ်လုံး အရှိန်အဟုန်ဖြင့် တိုက်မိကြသကဲ့သို့ ထွက်ပေါ်လာသော စွမ်းအားများမှာ လောကတစ်ခုလုံးကို အမှုန့်ခြေပစ်ရန် လုံလောက်နေသည်။
အလွန်ကျယ်လောင်သော အသံကြီးမှာ ခေတ္တမျှ တိတ်ဆိတ်သွားသကဲ့သို့ ခံစားလိုက်ရ၏
ထိုအခိုက်အတန့်တွင် အဝေးမှ စောင့်ကြည့်နေကြသော လူအုပ်ကြီးမှာ နားများပင် လဲသွားသကဲ့သို့ ခံစားလိုက်ရပြီး တုံ့ဆိုင်းမနေဘဲ နောက်သို့ အလုအယက် ဆုတ်ခွာလိုက်ကြရသည်။ ချန်ကျီရှင်းနှင့် ထိုသုံးဦးရှိရာ အရပ်မှ ဧရာမ မှိုပွင့်ပုံစံ မီးခိုးတိမ်တိုက်ကြီး တစ်ခု ပေါ်ထွက်လာပြီးနောက် မြေကမ္ဘာကို တုန်ခါသွားစေသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာတော့သည်။
ပါရမီရှင် အမြောက်အမြားမှာ သွေးများ ဆူပွက်လာပြီး ဦးခေါင်းတစ်ခုလုံး ကွဲအက်တော့မယောင် ခံစားလိုက်ရကာ သူတို့၏မျက်နှာများတွင် ကြောက်ရွံ့မှုများ အထိုင်းသား ပေါ်လာတော့သည်။
သူတို့လေးဦး တိုက်ခိုက်နေသည့် အရှိန်အဝါ အကြွင်းအကျန်လေးကတင် ဤမျှအထိ သက်ရောက်မှု ရှိနေသည်ဆိုလျှင် တိုက်ပွဲ၏ အလယ်ဗဟိုတွင်သာဆိုပါက မည်သို့မျှ စိတ်ကူးကြည့်၍ပင် ရနိုင်မည်မဟုတ်ပေ။
ဘုန်း ဘုန်း ဘုန်း….
ထူထပ်လှသော မီးခိုးတိမ်တိုက်များ တဖြည်းဖြည်း လွင့်စင်သွားသောအခါ...
မြေပြင်ပေါ်တွင် မိုင်ပေါင်းများစွာ ကျယ်ပြန့်သော စက်ဝိုင်းပုံ ချိုင့်ခွက်ကြီးတစ်ခု ပေါ်လာတော့သည်။
မြို့ရိုးတံတိုင်းကြီးမှာ ပြိုလဲသွားကာ ဧရာမလှံကြီးမှာ အက်ကွဲသွားပြီး နတ်ဆိုးကြီး ခြောက်ပါး၏ ခန္ဓာကိုယ်ပေါ်တွင်လည်း ကြောက်မက်ဖွယ်ရာ အက်ကြောင်းများဖြင့် ပြည့်နှက်နေကာ မီးလျှံဧကရာဇ်ကြီး၏ ကိုယ်ပေါ်တွင်လည်း ထင်ရှားသော ဒဏ်ရာများစွာ ရှိနေခဲ့သည်။
"ဟွတ်... ဟွတ်"
ရဲ့လျန်ချန်းသည် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။ သူ၏ ဆီးနှင်းအလား ဖြူဖွေးသော ဝတ်ရုံမှာ ပြာအဖြစ် ပြောင်းလဲသွားခဲ့ကာ ယခုမူ သူသည် တစ်ကိုယ်လုံး မီးလောင်ကျွမ်းထားသကဲ့သို့ မည်းမှောင်နေပြီး ဆံပင်များမှာလည်း ဖရိုဖရဲ ဖြစ်နေကာ ယခင်က ခန့်ညားထည်ဝါသော အရှိန်အဝါများ တစ်စက်မျှ မကျန်တော့ပေ။
သူ၏ ဘေးနားရှိ ရှန်ဆန်းနှင့် ကျွေးတို့မှာလည်း အခြေအနေ မကောင်းလှပေ။ တစ်ဦးမှာ လက်ဖဝါးများ အက်ကွဲကာ လက်ချောင်းများမှ သွေးများ တစစ စီးကျနေပြီး အခြားတစ်ဦးမှာမူ ပေရာချီ နောက်သို့ ဆုတ်ခွာသွားခဲ့ရကာ ခန္ဓာကိုယ်တစ်ခြမ်းမှာ ပြိုလဲလုနီးပါးပင်။
"တော်တော်လေး ခံနိုင်ရည်ရှိကြတာပဲ"
ချန်ကျီရှင်းက သူတို့သုံးဦးကို အေးဆေးစွာ ကြည့်လိုက်သည်။ သူ၏ နက်မှောင်သော ဆံနွယ်များမှာ လေမတိုက်ဘဲ ဝဲဖြာနေဆဲပင်။
"ဘာဆက်လုပ်ကြမလဲ"
ရှန်ဆန်းက ရဲ့လျန်ချန်းကို လှမ်းကြည့်ကာ မေးလိုက်သည်။ ယနေ့တွင် ချန်ကျီရှင်းကို သတ်ရန်မှာ မဖြစ်နိုင်တော့ကြောင်း ရှင်းလင်းနေပြီဖြစ်ပြီး သူတို့ကိုယ်သူတို့ ကာကွယ်ရန်ပင် ခဲယဉ်းနေ၏။
ရဲ့လျန်ချန်းသည် အံတင်းတင်းကြိတ်ကာ ချန်ကျီရှင်းကို မကျေမနပ် ကြည့်လိုက်သည်။
နောက်ထပ် နည်းနည်းလေးပဲ…
နောက်ထပ် နည်းနည်းလေးပဲ လိုတော့တာကို…..
အကယ်၍သာ ဤမီးလျှံတာအိုလမ်းစဉ်သာ မရှိခဲ့ပါက ယနေ့တွင် သူတို့သည် ချန်ကျီရှင်း၏ ရှုံးနိမ့်ခြင်းမရှိသော ဒဏ္ဍာရီကို ချိုးဖျက်နိုင်ခဲ့မည် ဖြစ်သည်။
သူ့ကို ထိုအမြင့်ဆုံး အထွတ်အထိပ်နေရာမှ ဆွဲချကာ နတ်ဘုရားကို သတ်ခြင်းဟူသော ကမ္ဘာကျော် လုပ်ရပ်ကို လုပ်ဆောင်နိုင်ခဲ့မည် ဖြစ်သည်။
ထိုအခါ ရဲ့လျန်ချန်းဖြစ်သူ သူသည်လည်း ချန်ကျီရှင်း၏ အလောင်းကို နင်းဖြတ်ကာ ဤရွှေရောင်ခေတ်ကာလ၏ စစ်မှန်သော နံပါတ်တစ် ပါရမီရှင် ဖြစ်လာပေလိမ့်မည်။
"သူတစ်ယောက်တည်းက ဘယ်လိုလုပ် တာအိုလမ်းစဉ်တွေ အများကြီး ပိုင်ဆိုင်ထားရတာလဲ။ သူ့မှာ တကယ်ပဲ အားနည်းချက်ဆိုတာ မရှိဘူးလား"
"ဒီလို လူမျိုးက ဒီကမ္ဘာမှာ မရှိသင့်ဘူး"
ရဲ့လျန်ချန်းသည် လက်သီးကို တင်းတင်းဆုပ်ကာ ကောင်းကင်ယံကို ကြည့်ရင်း သူ၏ ဒေါသများကို မထိန်းနိုင်တော့ပေ။
"ငါ တကယ်ကို မကျေနပ်နိုင်ဘူး။ ဘာကြောင့်များ ကောင်းကင်ဘုံက ဒီလိုခေတ်မျိုးမှာ ဒီလောက်အထိ ကြောက်စရာကောင်းတဲ့ မိစ္ဆာကောင်မျိုးကို မွေးဖွားပေးလိုက်ရတာလဲ"
သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး စိတ်ကို အတင်းအကျပ် ထိန်းချုပ်ကာ ပြတ်သားသော အကြည့်ဖြင့် စကားသုံးခွန်းကို ပြောလိုက်သည်။
"သွားကြစို့"
ရှန်ဆန်းက ခေါင်းညိတ်လိုက်သည်။
သို့သော် သူတို့နှစ်ဦးလုံး တစ်ပြိုင်နက်တည်း ဟင်းလင်းပြင်ထဲသို့ ပျံတက်လိုက်စဉ်မှာပင်...
"ထွက်သွားဖို့ ကြိုးစားနေတာလား"
ချန်ကျီရှင်းက မျက်မှောင်တစ်ချက် ပင့်လိုက်သည်။
"ချန်ကျီရှင်း... ဒီနေ့ ငါတို့ မင်းကို အထင်သေးမိသွားတာကိုတော့ ဝန်ခံပါတယ်။ အငြိုးအတေးတွေ အားလုံးကို ဒီမှာတင် အဆုံးသတ်လိုက်ကြရအောင်"
ရဲ့လျန်ချန်း၏ မျက်နှာမှာ တည်ငြိမ်မှု ပြန်လည်ရရှိလာပြီး ဆက်ပြောသည်။
"ငါတို့ သုံးယောက် ပူးပေါင်းရင်တောင် မင်းကို မယှဉ်နိုင်ဘူးဆိုတာ ငါ အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ ငါတို့ ထွက်သွားချင်တယ်ဆိုရင်တော့ မင်းတစ်ယောက်တည်းနဲ့ ငါတို့ကို တားနိုင်မှာ မဟုတ်ဘူး"
"တကယ်ပဲလား"
ချန်ကျီရှင်းက ခေါင်းခါယမ်းလိုက်ပြီး ဖြည်းညှင်းစွာ မေးလိုက်သည်။
"မင်းတို့ အေးစက်တဲ့ ကောင်းကင်ယံအထက်မှာ ထိုင်ရင်း ဆီးနှင်းပွင့်တွေ ဖူးပွင့်လာတာကို မြင်ဖူးကြလား"
ရဲ့လျန်ချန်းနှင့် ကျန်နှစ်ဦးမှာ ချန်ကျီရှင်း၏ ဆိုလိုရင်းကို နားမလည်ဘဲ မျက်မှောင်ကြုတ်သွားကြသည်။
နောက်တစ်ခဏတွင် ချန်ကျီရှင်းသည် လက်ကို ရှေ့သို့ ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်ပြီး သူ့ရှေ့မှ ဟင်းလင်းပြင်ကို ဖိနှိပ်လိုက်တော့သည်။
"နိမိတ်ပုံ..."
ချန်ကျီရှင်းက စကားလေးလုံးကို ပြောလိုက်သည်။
"အစွန်းရောက် အအေးဓာတ် နတ်ဘုရားအလင်း"
ဝုန်း
ချက်ချင်းဆိုသလိုပင်...
ချန်ကျီရှင်း၏ မင်ရည်ကဲ့သို့ နက်မှောင်သော ဆံနွယ်များမှာ ဆီးနှင်းအလား ဖြူဖွေးသွားကာ သူ၏မျက်သူငယ်အိမ်အတွင်းမှ မီးလျှံများမှာ ကွယ်ပျောက်သွားပြီး နက်မှောင်သော အပြာရောင်အဖြစ် ပြောင်းလဲသွားတော့သည်။
နှိုင်းယှဉ်၍မရနိုင်သော အအေးဓာတ် အရှိန်အဝါတစ်ခုမှာ သူ၏လက်ဖဝါးမှ ပေါက်ကွဲထွက်ပေါ်လာ၏ ကောင်းကင်နှင့် မြေကြီးကြားရှိ အပူချိန်မှာ ရုတ်ချည်း ထိုးဆင်းသွားတော့သည်။ ဤဖြူဖျော့သော အအေးဓာတ် အရှိန်အဝါမှာ လောကတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ပြီ
ဂျွတ်... ဂျွတ်... ဂျွတ်
ကျယ်ပြောလှသော ကောင်းကင်၊ မြေပြင်၊ တောင်ပေါ်လေများ၊ ဖုန်မှုန့်များ
ချန်ကျီရှင်း၏ ရှေ့မှောက်ရှိ လောကကြီးမှာ ချက်ချင်းပင် ခဲသွားပြီး အစွန်းရောက် အအေးကမ္ဘာကြီးအဖြစ် ပြောင်းလဲသွားတော့သည်။
ဝေါင်း…..
ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေသော နဂါးဟိန်းသံကြီးမှာ ကိုးထပ်တိမ်တိုက်လွှာများကြားတွင် ပေါက်ကွဲကာ ထွက်ပေါ်လာ၏။
ဧရာမတောင်ကြီးတစ်လုံးအလား ခန္ဓာကိုယ်ရှိပြီး၊ ကောင်းကင်သို့ ထိုးထွက်နေသော ရေခဲဦးချိုများနှင့် ရေခဲပွင့်များ ဖုံးလွှမ်းနေသည့် အားကောင်းလှသော ရေခဲနဂါးကြီးတစ်ကောင်မှာ ချန်ကျီရှင်း၏ ကျောနောက်မှ ထွက်ပေါ်လာတော့သည်။
ဤရေခဲနဂါးကြီးမှာ အလွန်မာကျောသော ရေခဲတောင်ကြီးတစ်ခုအလား ခွေပတ်နေပြီး ၎င်း၏အမြီးက ချန်ကျီရှင်းကို ဝန်းရံကာ၊ ရေခဲမျက်လုံးများဖြင့် ရှေ့သို့ စိုက်ကြည့်နေသည်။
ဤအေးစက်လှသော ငရဲကမ္ဘာအတွင်းဝယ် အနက်ရောင်ဝတ်ရုံ၊ ငွေရောင်မျက်မှောင်နှင့် အပြာရောင်မျက်ဝန်းများ ရှိနေသော ချန်ကျီရှင်းမှာ ရေခဲတာအိုလမ်းစဉ်ကို အုပ်စိုးသည့် နတ်ဘုရားတစ်ပါးအလား ဖော်ပြ၍မရနိုင်လောက်အောင် ခန့်ညားထည်ဝါနေတော့သည်။
ဘုန်း ဘုန်း ဘုန်း…
ယခုအခိုက်အတန့်တွင် မီးလျှံဧကရာဇ်က ဆင်းသက်လာပြီး ရေခဲနဂါးကလည်း ပေါ်ထွန်းလာကာ ချန်ကျီရှင်း၏ လောကကြီးမှာ ရေခဲနှင့် မီးဟူသော ကွဲပြားခြားနားလှသည့် နယ်ပယ်ကြီးနှစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
"ဒါက... ဘယ်လိုဖြစ်ပြီး"
မျက်တောင်တစ်ခတ်အတွင်းမှာပင် ရေခဲနဂါး၏ စိုက်ကြည့်ခြင်းကို ခံနေရသော ရဲ့လျန်ချန်းတို့ သုံးဦးမှာ ရေခဲအိမ်အတွင်းသို့ ပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး တစ်ကိုယ်လုံး အေးစက်လာတော့သည်။
သူတို့သည် ချန်ကျီရှင်းကို ကြည့်ကာ မျက်နှာများ ပျက်ယွင်းသွားပြီး မျက်ဝန်းများထဲတွင် ပြင်းထန်သော ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားတော့သည်။
"ရေခဲတာအိုလမ်းစဉ်"
"နောက်ထပ် မဟာတာအိုလမ်းစဉ် နိမိတ်ပုံတစ်ခု"
ထိုအခိုက်အတန့်တွင် မသေမျိုးတောင်တန်း၏ အတွင်းနှင့် အပြင် တစ်ခုလုံးမှာ လုံးဝ ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
အခန်း။ ၂၇၄
"ရေခဲတာအိုလမ်းစဉ်"
ထိုအခိုက်အတန့်တွင် မသေမျိုးတောင်တန်း၏ အတွင်းရော အပြင်မှာပါ မကြုံစဖူး တုန်လှုပ်ချောက်ချားမှုများ ချက်ချင်း ဖြစ်ပေါ်လာတော့သည်။
"အိုဘုရားသခင် သေချာရေတွက်ကြည့်ရင် ဒါက ချန်ကျီရှင်းရဲ့ ခုနစ်ခုမြောက် တာအိုလမ်းစဉ် မဟုတ်လား"
"ခွန်အား ဓားလမ်းစဉ် အသိစိတ်အာရုံ ရုပ်ပိုင်းဆိုင်ရာ ဒြပ်ဆွဲအား မီးလျှံ ပြီးတော့ အခု ရေခဲပြင်"
"ဟူး တာအိုလမ်းစဉ် ခုနစ်မျိုးလုံးက လူတစ်ယောက်တည်းဆီမှာ စုစည်းနေတာလား... ဒါ ဘယ်လိုတောင် ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ စွမ်းအားမျိုးလဲ"
"စိတ်ကူးလို့တောင် မရဘူး နားလည်ရခက်လွန်းတယ်"
"သူက ဆယ်စုနှစ်တစ်ခုအတွင်းမှာတင် တာအိုလမ်းစဉ် ခုနစ်မျိုးကို ဘယ်လိုများ ပိုင်ဆိုင်နိုင်ခဲ့တာလဲ"
"ဒါက ရှေးခေတ်ကော နောင်အနာဂတ်မှာကော မရှိဖူးတဲ့ အဖြစ်ပဲ... ဇီဝေတတိယသခင်လေး ချန်ကျီရှင်းက တကယ့်ကို အကြီးကျယ်ဆုံး ပါရမီရှင်ဆိုတဲ့ ဘွဲ့နဲ့ ထိုက်တန်ပါတယ်"
"ဒီနေ့ကစပြီး ဒီခေတ်မှာ သူ့ကို ယှဉ်နိုင်မယ့်သူ ဘယ်သူမှ မရှိတော့ဘူး"
"ရွှေရောင်ခေတ်ကာလဆိုတာ... ဒါက ချန်ကျီရှင်း တစ်ယောက်တည်းအတွက် ဖန်တီးထားတဲ့ ခေတ်ပဲ"
တစ်ကမ္ဘာလုံးမှ ကျင့်ကြံသူများသည် အလင်းကြည့်မှန်ပြင်အတွင်းရှိ ချန်ကျီရှင်းကို အံ့သြတုန်လှုပ်မှု၊ ကြည်ညိုလေးစားမှုများဖြင့် စိုက်ကြည့်နေကြတော့သည်။
ဆက်လက်ဖြစ်ပွားမည့် တိုက်ပွဲကို မကြည့်ရသေးခင်မှာပင် ရလဒ်ကို သူတို့အားလုံး ခန့်မှန်းမိနေကြပြီ ဖြစ်သည်။
မီးလျှံဧကရာဇ် နိမိတ်ပုံတစ်ခုတည်းကပင် ရဲ့လျန်ချန်းတို့ သုံးဦးကို မခုခံနိုင်အောင် လုပ်ထားနိုင်ခဲ့ကာ ယခု အစွန်းရောက် အအေးဓာတ် နတ်ဘုရားအလင်း နိမိတ်ပုံပါ ထပ်တိုးလာသည်ဆိုလျှင် ရဲ့လျန်ချန်းတို့ သုံးဦးမှာ သေချာပေါက် အသက်ပျောက်ရတော့မည်သာ။
ထိုအခိုက်အတန့်တွင် ရှေးဟောင်းနယ်မြေငယ်အတွင်း၌ ရဲ့လျန်ချန်းတို့ သုံးဦးမှာ တည်ငြိမ်သောအမူအရာကို ဆက်လက်မထိန်းထားနိုင်တော့ဘဲ သူတို့၏မျက်နှာများမှာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
ပြင်းထန်လှသော အန္တရာယ်အငွေ့အသက်များက သူတို့၏ရင်ထဲတွင် လှိုင်းထနေပြီး ကျောပြင်တွင်လည်း အေးစက်သော ချွေးများဖြင့် စိုရွှဲနေသည်။
"ချန်ကျီရှင်း... အကြွေးတိုင်းမှာ အရင်းရှိတယ်။ ငါတို့က စီကုန်းမိသားစုအတွက် အလုပ်လုပ်ပေးရုံသက်သက်ပါ ဒါကြောင့်... ငါတို့ကို လွှတ်ပေးလို့ မရဘူးလား"
ရှန်ဆန်းက တံတွေးကို ခက်ခဲစွာ မျိုချရင်း ခြောက်သွေ့နေသော လည်ချောင်းဖြင့် ပြောလိုက်သည်။
ဖြောင်း….
ရဲ့လျန်ချန်းက ရှန်ဆန်း၏ ပါးကို ရိုက်ချလိုက်ပြီး အော်ဟစ်လိုက်သည်။
"မင်း ဘာတွေ လျှောက်ပြောနေတာလဲ ဒီလို အခြေအနေမျိုးမှာ တောင်းပန်ရုံနဲ့ အားလုံးက ပြီးသွားမယ်လို့ မင်း ထင်နေတာလား"
"အသနားခံနေတာက မသေခင်မှာ နောက်ဆုံးကျန်တဲ့ ဂုဏ်သိက္ခာကိုပါ ဖျက်ဆီးလိုက်တာပဲ"
ထိုသို့ပြောပြီးနောက် ရဲ့လျန်ချန်းသည် အသက်ကို ပြင်းပြင်းရှူကာ စိတ်ကို အတင်းအကျပ် ငြိမ်သက်အောင်လုပ်ပြီး ချန်ကျီရှင်းကို စိုက်ကြည့်လျက်
"ချန်ကျီရှင်း... လူသတ်တဲ့သူက အသတ်ပြန်ခံရစမြဲပဲ။ ဘာမှ ပြောနေစရာ မလိုတော့ဘူး။ ဒီနေ့ ငါတို့ မင်းလက်ထဲမှာ ရှုံးတယ်။ ငါတို့ရဲ့ အရည်အချင်းက မင်းကို မမီတာကို ဝန်ခံတယ်"
"လာစမ်း မင်း သတ်ချင်သတ်၊ နှိပ်စက်ချင် နှိပ်စက်... စိတ်ကြိုက်သာ လုပ်တော့"
ရဲ့လျန်ချန်း၏ မျက်နှာတွင် အရာအားလုံးကို နားလည်သဘောပေါက်သွားသည့် အမူအရာ ပေါ်လာသည်။ ကျင့်ကြံခြင်းလမ်းစဉ်ဆိုသည်မှာ အဆုံးတွင်တော့ မင်းသေ ငါရှင်သည့် တိုက်ပွဲများပင်။
သူသည် စိတ်ထဲတွင် ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်သည်။
"မင်းရဲ့ အရင်က မာနကြီးတဲ့ ပုံစံကိုပဲ ငါ ပိုသဘောကျတယ်"
ချန်ကျီရှင်းက ခေါင်းခါယမ်းလိုက်ပြီး ဘာမှ ထပ်မပြောတော့ဘဲ သူ၏လက်ကို ဆန့်ထုတ်ကာ အသာအယာ ဖိနှိပ်လိုက်သည်။
ဘုန်း….
ချက်ချင်းဆိုသလိုပင် ကောင်းကင်သို့ ထိုးထွက်နေသော ဦးချိုများနှင့် တောင်ကြီးတစ်လုံးအလား ခန္ဓာကိုယ်ရှိသည့် ရေခဲနဂါးနှင့် မြင့်မားလှသော မီးလျှံဧကရာဇ်တို့သည် ရဲ့လျန်ချန်းတို့ သုံးဦးရှိရာသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားကြတော့သည်။
ဝုန်း
မည်သည့် ခုခံမှု သို့မဟုတ် ရုန်းကန်မှုမျှ မရှိခဲ့ပေ။ မီးလျှံဧကရာဇ်သည် သူ၏ဧရာမ ခြေဖဝါးကြီးကို မြှောက်ကာ ရဲ့လျန်ချန်းကို ပြင်းထန်စွာ နင်းခြေလိုက်သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် တစ်ခေတ်တစ်ခါ၏ ထိပ်တန်းပါရမီရှင် ရဲ့လျန်ချန်းသည် သွေးအိုင်တစ်ခုအဖြစ် ပြောင်းလဲကာ အမှုန့်ခြေခံလိုက်ရပြီးနောက် ချက်ချင်းပင် ပြာအဖြစ်သို့ လောင်ကျွမ်း၍ ပျောက်ကွယ်သွားတော့သည်။
အဝေးမှ စောင့်ကြည့်နေကြသော ပါရမီရှင် အမြောက်အမြားမှာ ထိုမြင်ကွင်းကြောင့် ရင်ထဲတွင် စိမ့်ခနဲ အေးသွားကြတော့သည်။
ဖြူလွှလွှတိမ်တိုက်တောင်တန်းမှ ရဲ့လျန်ချန်းသည် ချန်ကျီရှင်း ပေါ်မလာခင်အချိန်ထိ လူငယ်မျိုးဆက်သစ်များထဲတွင် ငြင်းပယ်၍မရသော အင်အားအကောင်းဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့ဖူးသည်။
သူ၏ အထွတ်အထိပ်အချိန်ရှိ မုန့်ဟဲတုန်းပင်လျှင် ရဲ့လျန်ချန်းထက် ပို၍ အလားအလာရှိသည်ဟုသာ ပြောနိုင်ခဲ့ပြီး အသက်အရွယ်ကွာခြားမှုကြောင့် လက်တွေ့အင်အားမှာမူ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားနေဆဲပင်။
သို့သော် ထိုကဲ့သို့သော ပါရမီရှင်တစ်ဦးမှာ ချန်ကျီရှင်း၏ နိမိတ်ပုံအောက်တွင် ဝါးလုံးကွဲမတတ် နင်းခြေခံလိုက်ရကာ ပွဲချင်းပြီး သေဆုံးသွားခဲ့ရသည်။
ဤမြင်ကွင်းမှာ ကြည့်ရသူတို့အဖို့ တကယ့်ကို စိတ်ပျက်အားလျော့စရာပင်။
"မလုပ်ပါနဲ့"
ရေခဲနဂါးနှင့် မီးလျှံဧကရာဇ်တို့ သူရှိရာသို့ ထပ်မံလျှောက်လှမ်းလာသည်ကို မြင်သောအခါ ရှန်ဆန်းသည် ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။ သူသည် ကြောက်ရွံ့မှုကို မထိန်းချုပ်နိုင်တော့ဘဲ နောက်သို့လှည့်ကာ ထွက်ပြေးတော့သည်။
"ငါ ဒီနေ့လို အခြေအနေမျိုးရောက်ဖို့ ဘယ်လောက်တောင် ခံစားခဲ့ရလဲ ငါ ဒီမှာ အသေမခံနိုင်ဘူး... လုံးဝပဲ"
"ငါ နိဗ္ဗာနအဆင့်ကို တက်လှမ်းချင်သေးတယ်။ အထွတ်အထိပ်အဆင့်အထိတောင် မျှော်လင့်ချက် ရှိသေးတာ ငါ ဘယ်လိုလုပ် ဒီနေရာမှာ သေနိုင်မှာလဲ"
ရှန်ဆန်း၏ မျက်နှာမှာ ဖြူလျော်နေပြီး အသက်လုကာ ထွက်ပြေးနေတော့သည်။
"အဓိပ္ပာယ်မရှိတာ"
ချန်ကျီရှင်းက ခေါင်းခါယမ်းလိုက်ပြီး ဟင်းလင်းပြင်ထဲသို့ လက်ကို ဆန့်ထုတ်ကာ ဖမ်းဆုပ်လိုက်သည်။
ဝူး…..
ချက်ချင်းဆိုသလိုပင် ရေခဲနဂါးကြီးသည် ပါးစပ်ကို ဟကာ ရှည်လျားစွာ ဟိန်းဟောက်လိုက်သည်။ ဖြူဖျော့သော အအေးဓာတ် အငွေ့အသက်များမှာ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာ၏။ ရှန်ဆန်းသည် ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးသော်လည်း သူ၏ခြေထောက်အောက်တွင် စိမ့်ခနဲ အေးသွားသည်ကို ခံစားလိုက်ရသည်။
ဖြူဖျော့သော အအေးဓာတ်မှာ သူ၏ခြေထောက်များမှတစ်ဆင့် ခန္ဓာကိုယ်အထက်ပိုင်းသို့ လျင်မြန်စွာ ကူးစက်သွားတော့သည်။ အသက်ရှူရုံမျှ အချိန်အတွင်းမှာပင် ရှန်ဆန်းသည် ကြည်လင်နေသော ရေခဲရုပ်ထုကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့၏။
သူ ရုန်းကန်ခွင့်ပင် မရလိုက်ခင်မှာပင်...
ဝုန်း
ရှေးဟောင်းရေခဲနဂါးကြီး၏ အမြီးမှာ ပြင်းထန်စွာ ဝှေ့ယမ်းလိုက်ရာ ရှန်ဆန်း၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် အမှုန့်ခြေခံလိုက်ရတော့သည်။
ရဲ့လျန်ချန်းပြီးနောက် နောက်ထပ် ထိပ်တန်းပါရမီရှင်တစ်ဦး ထပ်မံ ကျဆုံးသွားခဲ့ပြန်သည်။
ယခုအခိုက်အတန့်တွင် ချန်ကျီရှင်းကို သတ်ရန် ရောက်လာကြသော ထိပ်တန်းပါရမီရှင် သုံးဦးထဲတွင် ကျွေးတစ်ဦးသာ ကျန်ရှိတော့သည်။ ရေခဲနဂါးကြီးမှာ ဝဲပျံနေပြီး မီးလျှံဧကရာဇ်မှာလည်း ရှေ့သို့ လှမ်းတက်လာကာ နှစ်ဦးလုံးမှာ ကျွေးရှိရာသို့ ဦးတည်နေကြသည်။
ကျွေး၏ အမူအရာမှာမူ တစ်လျှောက်လုံး တည်ငြိမ်နေခဲ့သည်။
ဧရာမ ရေခဲနဂါးကြီးနှင့် မီးလျှံဧကရာဇ်တို့ ချဉ်းကပ်လာသည်ကို မြင်နေရသော်လည်း သူ၏မျက်ဝန်းထဲတွင် ကြောက်ရွံ့မှု အနည်းငယ်မျှသာ ရှိပြီး ထိုအစား စိတ်ဝင်စားမှုများက ပို၍ ကိန်းအောင်းနေ၏။
"ချန်ကျီရှင်း... ငါပြောရမှာကတော့ မင်းရဲ့ ပါရမီနဲ့ ခွန်အားက တကယ့်ကို အထင်ကြီးစရာပဲ။ ရှေးဟောင်းခေတ်မှာတောင် မင်းကို ယှဉ်နိုင်တဲ့သူ အနည်းငယ်ပဲ ရှိလိမ့်မယ်"
ကျွေးက ချန်ကျီရှင်း တစ်ဦးတည်းသာ ကြားနိုင်လောက်သည့် အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ရှေးဟောင်းခေတ်က ပြန်လည်ဝင်စားလာတဲ့သူ တစ်ယောက်ပဲ... တကယ်ပဲ"
ချန်ကျီရှင်း၏ မျက်နှာတွင်လည်း စိတ်ဝင်စားသော အမူအရာ ပေါ်လာသည်။ ချန်ကျောက်ရှင်းပြီးလျှင် ဤသူမှာ သူတွေ့ဖူးသမျှထဲတွင် ပထမဆုံးသော စစ်မှန်သည့် ရှေးဟောင်းဝင်စားသူပင်။
"အို မင်းက ပြန်လည်ဝင်စားခြင်းအကြောင်းကိုတောင် သိတာလား မင်း တော်တော်များများ သိထားပုံပဲ"
ကျွေးက မျက်မှောင်တစ်ချက် ပင့်လိုက်ပြီးနောက် သူ၏ လက်ဖဝါးကို ငုံ့ကြည့်ကာ စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
"စစ်မှန်သောကိုယ်ပိုင်အဆင့်... တကယ့်ကို အားနည်းပြီး စိမ်းသက်တဲ့ အငွေ့အသက်ပဲ"
နောက်တစ်ခဏတွင် ကျွေးက ချန်ကျီရှင်းကို ကြည့်ကာ ခပ်တိုးတိုး ရယ်မောလိုက်ပြီး ပြောလိုက်သည်။
"မင်းသိလား... ရှေးဟောင်းခေတ်မှာဆိုရင် မင်းက ငါနဲ့တွေ့ဖို့တောင် အရည်အချင်းမရှိဘူး။ မင်းရဲ့ အဖိုးဖြစ်သူ ချန်တောက်ယန်တောင် ငါ့ကိုမြင်ရင် စီနီယာကျွေးလို့ ရိုရိုသေသေ ခေါ်ရမှာပဲ"