← Chapters

အခန်း (၂၇၅-၂၇၆)

Vol. 28 Ch. 275-276

အခန်း (၂၇၅-၂၇၆)

Vol. 28 Ch. 275-276

အခန်း။ ၂၇၅

"မင်းက ရှေးဟောင်းခေတ်တုန်းက နိဗ္ဗာနအဆင့်မှာ ရှိခဲ့တာလား"

ချန်ကျီရှင်းက မေးလိုက်သည်။

"နိဗ္ဗာန"

ကျွေးသည် အလွန်ရယ်စရာကောင်းသော ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ အော်ဟစ်ရယ်မောတော့သည်။

"နိဗ္ဗာနအဆင့်ဆိုတာ ပြန်လည်ဝင်စားဖို့ အရည်အချင်းတောင် မရှိဘူး ဒီအရှင်က နိဗ္ဗာနအဆင့်ပဲ ရှိတယ်လို့ မင်း ပြောချင်တာလား"

"ဒါဆိုရင်တော့ အထွတ်အထိပ်အဆင့်ပေါ့"

ချန်ကျီရှင်းက နားလည်သွားသည်။

နောက်တစ်ခဏတွင် ချန်ကျီရှင်း၏ လည်ချောင်းထဲမှ နက်နဲလှသော ရယ်သံတစ်ခု ထွက်ပေါ်လာသည်။ သူ၏လက်ဝါးကြီးက နောက်တစ်ကြိမ် ဖိနှိပ်လိုက်ပြန်၏။

"အရင်က ကောင်းကင်ဘုရင် ချန်ယွီဆိုတဲ့ လူတစ်ယောက် ရှိခဲ့ဖူးတယ်။ သူလည်း အထွတ်အထိပ်အဆင့်ပဲလို့ ပြောတာပဲ"

"အထွတ်အထိပ်အဆင့် ဖြစ်နေတော့ကော ဘာဖြစ်လဲ ငါက အထွတ်အထိပ်အဆင့်တွေကိုလည်း သတ်ခဲ့ဖူးတာပဲ"

ဝုန်း …

မျက်တောင်တစ်ခတ်အတွင်းမှာပင် ရေခဲနဂါးနှင့် မီးလျှံဧကရာဇ်နိမိတ်ပုံ နှစ်ခုလုံးသည် ကျွေးကို သုတ်သင်ရန် တစ်ပြိုင်နက်တည်း ပြေးဝင်သွားကြတော့သည်။

"ကောင်းကင်ဘုရင် ချန်ယွီ တစ်ခါမှ မကြားဖူးဘူး"

ကျွေးသည် ချဉ်းကပ်လာသော နိမိတ်ပုံများကို အေးစက်စွာ တစ်ချက်ကြည့်ကာ လှောင်ပြုံးပြုံးလိုက်သည်။

"အပေါစား ပညာရပ်လေးတွေပါပဲ"

"ချန်ကျီရှင်း... သေသေချာချာ ကြည့်ထားလိုက်စမ်း စစ်မှန်တဲ့ ရှေးဟောင်း ရှုံးနိမ့်ခြင်းမရှိ ပညာရပ်ဆိုတာ ဘာလဲဆိုတာကို"

သူက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး တစ်လုံးချင်း အမိန့်ပေးလိုက်သည်။

"နေဆယ်စင်း၏ နိဂုံး မဟာမှောင်မိုက်ကောင်းကင်ယံ"

ဘုန်း

ရုတ်ချည်းဆိုသလိုပင် ချန်ကျီရှင်း၏ မျက်စိရှေ့မှောက်ရှိ လောကကြီးမှာ ထူထပ်လှသော အမှောင်ထုကြီးအဖြစ် ပြောင်းလဲသွားသည်။

နေမင်းပင် ကွယ်ပျောက်သွားကာ ကောင်းကင်ယံလည်း ပျောက်ကွယ်သွားပြီး အရာအားလုံးက အစအနမကျန်အောင် ပျောက်ကွယ်သွားတော့သည်။

ချန်ကျီရှင်း၏ အာရုံထဲတွင် မင်ရည်ကဲ့သို့ နက်မှောင်သော အမှောင်ထုကြီးသာ ကျန်ရှိတော့ပြီး သူ၏ နိမိတ်ပုံနှစ်ခုလုံးနှင့်လည်း အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။ အမှောင်ထုက အလင်းရောင်မှန်သမျှကို ဝါးမြိုပစ်လိုက်ပြီ ဖြစ်သည်။

"ဒါက..."

ချန်ကျီရှင်းက မျက်မှောင်ကြုတ်လျက် သူ၏လက်ကို ရှေ့သို့ အသာအယာ ဆန့်ထုတ်လိုက်သည်။ သူ၏ အမြင်အာရုံ၊ အကြားအာရုံနှင့် အထိအတွေ့အာရုံများမှာ တဖြည်းဖြည်း ရိုက်သိမ်းခံနေရကြောင်း သူ ရှင်းလင်းစွာ ခံစားမိနေသည်။

ခရက်….

ရုတ်တရက် အမှောင်ထုထဲတွင် ဧရာမ အနက်ရောင်မျက်လုံးကြီးများ အမြောက်အမြား ပေါ်ထွက်လာသည်။ ၎င်းတို့က ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထား၏။

"မြင်ပြီလား ဒါက ရှုံးနိမ့်ခြင်းမရှိတဲ့ ပညာရပ်ပဲ"

ကျွေး၏ အသံမှာ လူသားနှင့်မတူဘဲ ထပ်ဆင့်အသံပေါင်းများစွာ ပေါင်းစပ်ထားသည့် ကြောက်မက်ဖွယ် အသံလှိုင်းကြီးတစ်ခုအဖြစ် ဟိန်းထွက်လာသည်။ ထိုအသံထဲတွင် ထိန်းမနိုင်သိမ်းမရ ဖြစ်နေသော လောဘဇော အပူရှိန်များ ကိန်းအောင်းနေ၏။

"လာစမ်း ငါနဲ့ တစ်သားတည်း ဖြစ်သွားစမ်း။ ဒီကြီးကျယ်ခမ်းနားတဲ့ ဆင့်ကဲပြောင်းလဲမှုမှာ ပါဝင်လိုက်စမ်းပါ"

"ငါက မင်းရဲ့ ခန္ဓာကိုယ်ကို သုံးပြီး ငါတို့ရဲ့ ဂုဏ်သိက္ခာကို ပြန်လည် ထုဆစ်ပေးမယ်"

မင်ရည်ကဲ့သို့ အမှောင်ထုထဲမှ အနက်ရောင်လက်ဝါးကြီးတစ်ဖက် တိတ်ဆိတ်စွာ ထွက်ပေါ်လာပြီး ချန်ကျီရှင်း၏ ဦးခေါင်းကို ဖမ်းဆုပ်ရန် လှမ်းလာတော့သည်။

"မင်းကျင့်ကြံတဲ့ လမ်းစဉ်က အမှောင်ထု လမ်းစဉ်လား..."

ချန်ကျီရှင်းက ခေါင်းကို မော့ကြည့်ကာ ထိုအနက်ရောင်လက်ဝါးကြီးကို စိုက်ကြည့်လိုက်သည်။

"အဲဒါဆိုရင်တော့..."

ဘုန်း

နားကွဲမတတ် ကျယ်လောင်လှသော မိုးခြိမ်းသံကြီးတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာတော့သည်။

"ဒါဆိုရင် မိုးကြိုးတွေနဲ့ ဒီအမှောင်ထုကို ဖြိုခွဲပေးရတာပေါ့"

ဂျိမ်း

စူးရှတောက်ပလှသော လျှပ်စီးကြောင်းကြီးတစ်ခု လက်ခနဲ ဖြစ်သွားပြီး အဆုံးမရှိသော အမှောင်ထုကြီးကို အက်ကြောင်းထင်သွားစေသည်။

နောက်တစ်ခဏတွင်...

ဘုန်း ဘုန်း ဘုန်း ဘုန်း

ကမ္ဘာပျက်တော့မည့် အရှိန်အဝါများ ပါရှိသော ဖြူဖွေးလှသည့် မိုးကြိုးတိုင်ကြီးများမှာ ကောင်းကင်ယံမှနေ၍ အဆက်မပြတ် ဆင်းသက်လာတော့သည်။

မိုးကြိုးပေါင်း သောင်းချီတို့၏ ပြေးလွှားသံမှာ ကျယ်ပြောလှသော ပင်လယ်ကိုပင် ဖုန်မှုန့်အဖြစ် ပြောင်းလဲပစ်နိုင်စွမ်း ရှိသည်။

မိုးကြိုးတစ်စင်းချင်းစီတွင် ဓာတ်ကြီးငါးပါး၏ ချီစွမ်းအင်များ ပါဝင်နေပြီး၊ ရှေးဟောင်းမိုးကြိုးနဂါးကြီးများအလား ပါးစပ်ကို ဟကာ မြေနှင့်ကောင်းကင်ကို ဆွဲဖြဲပစ်နေကြတော့သည်။

ချန်ကျီရှင်းကို လွှမ်းခြုံထားသော အမှောင်ထုကြီးမှာ မျက်တောင်တစ်ခတ်အတွင်းမှာပင် အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားပြီး အလင်းရောင်များ ပြန်လည် ပေါ်ထွက်လာခဲ့၏။

မသေမျိုးတောင်တန်း၏ အတွင်းနှင့် အပြင်မှ စောင့်ကြည့်နေသူများမှာ ချန်ကျီရှင်းကို ဧရာမ အနက်ရောင် အလုံးကြီးတစ်ခုက ဖုံးအုပ်ထားသည်ကို မြင်လိုက်ရသော်လည်း ခေတ္တမျှအတွင်းမှာပင် မိုးကြိုးပေါင်းများစွာက ထိုအလုံးကြီးကို အမှုန့်ခြေဖျက်ဆီးပစ်လိုက်သည်ကို တွေ့လိုက်ကြရသည်။

ချန်ကျီရှင်း ရပ်နေသော နေရာမှာ ယခုအခိုက်အတန့်တွင် မည်သည့်သက်ရှိမျှ မချဉ်းကပ်ရဲသော ကြောက်မက်ဖွယ်ရာ မိုးကြိုးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားတော့သည်။

ဟိန်းဟောက်နေသော ထိုမိုးကြိုးပင်လယ်ကြီးအတွင်းဝယ် ရှေးဟောင်းမိုးကြိုးနဂါးများမှာ တစ်ကောင်ပြီးတစ်ကောင် ဖြတ်သန်းသွားလာနေကြပြီး ငွေရောင်မြွေနဂါးကြီးများမှာလည်း တစ်ကောင်နှင့်တစ်ကောင် ယှက်နွယ်၍ တွားသွားနေကြသည်။

မိုးခြိမ်းသံကြီးမှာ ရှေးဟောင်းမိုးကြိုးခြင်္သေ့ကြီးဟိန်းဟောက်နေသကဲ့သို့ လောကကြီးတစ်ခုလုံးကို အက်ကွဲစေတော့မည့်အလားပင်။

ထိုကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးပင်လယ်အတွင်း၌ မိုးကြိုးလျှပ်စီးပေါင်းများစွာ စုစည်းသွားပြီးနောက် ပေတစ်ထောင်နီးပါး မြင့်မားသော လူသားပုံသဏ္ဌာန် အရှိန်အဝါကြီးတစ်ခု တဖြည်းဖြည်း ဖြစ်ပေါ်လာတော့သည်။

"ဒါက... ဘာလဲ"

သူ၏ ပညာရပ် အချေဖျက်ခံလိုက်ရသဖြင့် ပြင်းထန်သော တုံ့ပြန်မှုကြောင့် မျက်နှာဖြူလျော်နေသော ကျွေးသည် ရုတ်တရက် မော့ကြည့်လိုက်မိသည်။

ထကြွသောင်းကျန်းနေသော မိုးကြိုးပင်လယ်ကြီး၏ အလယ်တွင် မိုးကြိုးလျှပ်စီးပေါင်း သောင်းချီဖြင့် ဝန်းရံထားသော ထိုဧရာမလူသားပုံရိပ်ကြီးမှာ ဖြည်းညှင်းစွာ ထရပ်လိုက်သည်။

နေမင်းနှင့် လမင်းကို ခြေဖြင့်နင်းကာ ကောင်းကင်ဘုံကို ငုံ့မိုးကြည့်နေသယောင် ၎င်း၏ ရုပ်သွင်ကို ရှင်းလင်းစွာ မမြင်ရသော်လည်း ဘယ်ဘက်လက်ထဲတွင် အဆုံးမရှိသော နတ်မိုးကြိုးများဖြင့် ဖွဲ့စည်းထားသည့် မိုးကြိုးနတ်ဘုရား လှံရှည်ကို ကိုင်ဆောင်ထားသည်။

ညာဘက်လက်တွင်မူ မိုးကြိုးအကျဉ်းထောင် ကမ္ဘာကြီးတစ်ခုကို မိုးထား၏။ ငါးရောင်ခြည် မိုးကြိုးလျှပ်စီးများမှာ ထိုဧရာမလူသားပုံရိပ်ကြီးအတွင်း စီးဆင်းနေပြီး လျှပ်စီးများမှာ ၎င်း၏ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် ပေါင်းစပ်ဝင်ရောက်နေကြသည်။

ဤကား မိုးကြိုးဧကရာဇ်၏ စစ်မှန်သောကိုယ်ထည်ပင်။

၎င်းသည် ချန်ကျီရှင်း၏ သတ္တမမြောက်တာအိုလမ်းစဉ် နိမိတ်ပုံဖြစ်သလို၊ တိုက်ခိုက်ရေးစွမ်းအားသက်သက်တွင် အကြောက်မက်ဖွယ်အကောင်းဆုံးသော နိမိတ်ပုံလည်း ဖြစ်သည်။

ရှူး….

မိုးကြိုးဧကရာဇ်ကြီးမှာ သူ၏ဘယ်ဘက်လက်ကို နောက်သို့ အသာဆွဲကာ ကိုင်ဆောင်ထားသော မိုးကြိုးနတ်ဘုရားလှံကို အားကုန်လွှဲ၍ ပစ်လွှတ်ရန် ပြင်လိုက်သည်။

နောက်တစ်ခဏတွင်...

ဝုန်း

မြေနှင့်ကောင်းကင်ကို တုန်ဟိန်းသွားစေသော ဟိန်းဟောက်သံကြီးနှင့်အတူ မိုးကြိုးနတ်ဘုရားလှံကို အားကုန်ပစ်လွှတ်လိုက်ရာ ဟင်းလင်းပြင်ကို ဖြတ်သန်းပြီး နေနှင့်လကိုပင် ထိုးဖောက်မည့်အလား ပြေးဝင်သွားတော့သည်။ လှံဖျားဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ ဟင်းလင်းပြင်မှာ လုံးဝဥဿုံ ပြိုကွဲပျက်စီးသွားခဲ့ရသည်။

ချွမ်း…..

လှံ၏အရှိန်မှာ အလွန်တရာ မြန်ဆန်လွန်းလှသဖြင့် ကျွေးမှာ ရှင်းလင်းစွာပင် မမြင်လိုက်ရဘဲ မိုးကြိုးလှံ၏ ထိုးဖောက်ခြင်းကို ခံလိုက်ရကာ မြေပြင်ပေါ်တွင် ရိုက်နှက်ခြင်း ခံလိုက်ရတော့သည်။

ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲအားရှိသည့် မိုးကြိုးချီစွမ်းအင်များမှာ သူ၏ခန္ဓာကိုယ်အတွင်း၌ တရစပ် ပေါက်ကွဲနေပြီး သူ၏ မဟာတာအိုလမ်းစဉ် အခြေခံအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

နောက်တစ်ခဏတွင် ချန်ကျီရှင်းသည် ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် ကျွေး၏ ရှေ့မှောက်သို့ ရောက်ရှိလာသည်။

သူသည် မိုးကြိုးများ ရစ်ပတ်နေသော သူ၏ဖြူစင်သွယ်လျသည့် လက်ကို ဆန့်ထုတ်ကာ ကျွေး၏ လည်ပင်းကို ညှစ်၍ ခွေးသေတစ်ကောင်အလား မြေပြင်မှ မလိုက်သည်။

သူသည် နှာခေါင်းမှ သွေးများ တရစပ် စီးကျနေပြီး မျက်ဝန်းထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေကာ အသက်ငင်နေသော ကျွေးကို ကြည့်လိုက်သည်။

ချန်ကျီရှင်း၏ မျက်ဝန်းများမှာ ပို၍နက်ရှိုင်းပြီး အေးစက်လာကာ သူ၏လက်ချောင်းများကို တင်းတင်းကြပ်ကြပ် ညှစ်လိုက်တော့သည်။

"ဆရာကြီး... ခေတ်တွေ ပြောင်းသွားပြီဗျ"

ချန်ကျီရှင်း၏ အပြုံးမှာ အေးစက်ပြီး ရက်စက်လွန်းသည်။

အဝေးတစ်နေရာရှိ တောင်ထိပ်တစ်ခုပေါ်မှ ဧရာမ သစ်ပင်ကြီးတစ်ပင်အောက်တွင် နဂါးဧကရာဇ် ဝတ်ရုံနက်ကို ဝတ်ဆင်ကာ မျက်နှာဖုံးစွပ်ထားသော ပုဂ္ဂိုလ်တစ်ဦးသည် ဤမြင်ကွင်းကို တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။ သူသည် ဖြစ်ပျက်နေသမျှကို အံ့သြပုံမရပေ။

"မင်းတို့ခေတ် မဟုတ်တော့တာတောင် မာနတွေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေနဲ့ အရာအားလုံးကို ထိန်းချုပ်နိုင်မယ်လို့ ထင်နေတုန်းပဲလား"

"မင်းတို့လို လူမျိုးတွေ အသေမခံရင် ဘယ်သူ အသေခံရမှာလဲ"

ဝေတုလုံ သို့မဟုတ် ချန်ကျောက်ရှင်းက ခေါင်းကိုခါယမ်းကာ အကြည့်ကို ရုပ်သိမ်းလိုက်သည်။ ကျွေး၏ သေဆုံးမှုမှာ မျှော်လင့်ထားပြီးသား ဖြစ်သည်။ သို့သော် ချန်ကျီရှင်း၏ အင်အားမှာမူ သူ၏မျှော်လင့်ချက်ထက် များစွာ ကျော်လွန်နေခဲ့သည်။

"ငါ့ညီလေးရဲ့ အင်အားက လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ငါ စိတ်ကူးထားတာထက်တောင် အဆပေါင်းများစွာ ပိုပြီး တိုးတက်လာခဲ့ပြီ။ ရှေးဟောင်းစစ်နတ်ဘုရား ဝေတုလုံနဲ့ ပေါင်းစပ်ပြီးတဲ့နောက်မှာတောင်မှ ဒီစွမ်းအားက ငါကိုယ်တိုင် အဝေးကနေပဲ လေးလေးစားစား ငေးကြည့်နေရမယ့် အခြေအနေကို ရောက်နေခဲ့ပြီ။

မင်းက ငါ့ညီဖြစ်နေတာက တကယ့်ကို ကံကောင်းတာပဲ... ဒါပေမဲ့ မင်းက ငါ့ညီဖြစ်နေတာကလည်း တကယ့်ကို ကံဆိုးတာပဲ"

ချန်ကျောက်ရှင်းက ခပ်ဖွဖွ ပြုံးလိုက်ပြီးနောက် လှည့်ထွက်သွားကာ တောင်ထိပ်ပေါ်တွင် တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

မသေမျိုးတောင်တန်း၏ အပြင်ဘက်တွင်...

အရပ်ရပ်မှ ရောက်ရှိလာကြသော ကျင့်ကြံသူပေါင်းများစွာတို့သည် အလင်းကြည့်မှန်ပြင်ကို ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေကြသည်။ ချန်ကျီရှင်းက သူ၏လက်ထဲရှိ ကျွေးကို အမှုန့်ခြေပစ်လိုက်ပြီး လောကနှင့် ကောင်းကင်ကြားတွင် အလင်းစက်များအဖြစ် ပျောက်ကွယ်သွားစေသည့်တိုင်အောင် သူတို့အားလုံးမှာ သတိမဝင်နိုင်ကြသေးပေ။

လူအုပ်ကြီးဖြင့် ပြည့်နှက်နေသော မသေမျိုးတောင်ခြေတွင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေခဲ့သည်။ လေတိုးသံနှင့်အတူ လူတို့၏ ပြင်းပြင်းထန်ထန် အသက်ရှူသံများသာ ထွက်ပေါ်နေသည်။

အသက်ရှူရုံမျှ အချိန်ကြာပြီးနောက်...

"ရှုံးနိမ့်ခြင်းမရှိတဲ့သူ"

မသေမျိုးတောင်တန်း တစ်ခုလုံးမှာ မကြုံစဖူး ဆူပွက်သွားတော့သည်။

"အဋ္ဌမမြောက် မဟာတာအိုလမ်းစဉ်... မိုးကြိုးလမ်းစဉ်"

"ချန်ကျီရှင်း တစ်ယောက်တည်းမှာတင် မဟာတာအိုလမ်းစဉ် ရှစ်မျိုး ရှိနေတာလား"

"အကုန်လုံးကို အပြတ်အသတ် သုတ်သင်လိုက်တာပဲ ရဲ့လျန်ချန်းအပါအဝင် ထိပ်တန်းပါရမီရှင် သုံးဦးကို သတ်ပစ်လိုက်တာ... ဒါက စစ်မှန်တဲ့ ရှုံးနိမ့်ခြင်းမရှိတဲ့ စွမ်းအားပဲ"

"ဒဏ္ဍာရီတစ်ခုကို မျက်မြင်တွေ့ခွင့်ရတာ တကယ့်ကို ကံကောင်းတာပဲ"

"ချန်ကျီရှင်းနဲ့ စတင်လိုက်တဲ့ ဒီခေတ်ကြီးက မကြုံစဖူး ခမ်းနားတဲ့ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်လာတော့မယ်"

"လောကမှာ ပါရမီရှင် သုံးသောင်း ရှိတဲ့အထဲမှာ... ဇီဝေ တစ်ယောက်တည်းကသာ အထွတ်အထိပ်ပဲ"

"ဒီနေ့ တိုက်ပွဲဟာ သမိုင်းဝင်သွားပြီ။ ကမ္ဘာတည်သရွေ့ တောက်ပနေတော့မှာပဲ"

"သံသယဖြစ်စရာမလိုသလို ငြင်းခုံနေစရာမလိုတဲ့ အင်အားအကောင်းဆုံး စစ်မှန်သောကိုယ်ပိုင်အဆင့်ပဲ"

ထိုအခိုက်အတန့်တွင် မသေမျိုးတောင်ခြေတွင် မကြုံစဖူးသော အော်ဟစ်သံများ ပေါက်ကွဲ၍ ထွက်ပေါ်လာတော့သည်။

ကျင့်ကြံသူပေါင်းများစွာသည် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး တစ်စက်မျှ ဖုန်မတင်ဘဲ သန့်ရှင်းစင်ကြယ်နေသော ချန်ကျီရှင်းကို ကြည်ညိုလေးစားစွာဖြင့် စိုက်ကြည့်နေကြတော့သည်။

နေဝင်ရိုးရီအချိန်တွင် နတ်ဘုရား၏ တန်ခိုးကို ဝတ်ပြုကာ ကိုးကွယ်နေကြသည့် အကြည်ညိုဆုံးသော ဘာသာဝင်များအလားပင်။

အခန်း။ ၂၇၆

ထိုအခိုက်အတန့်တွင် မသေမျိုးတောင်တန်း၏ အတွင်းနှင့် အပြင်တွင် ရှိနေကြသော လူအပေါင်းတို့သည် ဟင်းလင်းပြင်ထဲ၌ ရပ်တန့်နေသော ထိုလူရိပ်ကို ငေးမောကြည့်နေကြတော့သည်။

သူ၏ နက်မှောင်သော ဆံနွယ်များမှာ အောက်သို့ ဖြာကျနေပြီး ဝတ်ရုံနက်ကို ဆင်မြန်းထားသော သူ၏ ပုံသဏ္ဌာန်မှာ လောကသို့ ခေတ္တဆင်းသက်လာသည့် နှင်ထုတ်ခံ နတ်ဘုရားတစ်ပါးအလား ခန့်ညားလှပလွန်းလှသဖြင့် လူတိုင်း၏ စိတ်ထဲတွင် စကားတစ်ခွန်းသာ ကျန်ရှိတော့သည်။

"ယောကျ်ားကောင်းတစ်ယောက်ဆိုတာ ဒီလိုပဲ ဖြစ်ရမယ်"

နဂါးစစ်စစ် ကိုးကောင် ဆွဲဆောင်သော ရွှေရောင်ရထားလုံးအတွင်းဝယ်...

"ခွေးမသား"

စီကုန်းရွှမ်ကျိသည် သူ၏လက်ထဲရှိ ကျောက်စိမ်းလက်စွပ်ကို မြေပြင်ပေါ်သို့ ပစ်ပေါက်ခွဲပစ်လိုက်ရာ သူ၏မျက်နှာမှာ ဒေါသကြောင့် ပြာနှမ်းနေတော့သည်။

သူ၏ အသက်ရှူသံများမှာ ပြင်းထန်နေပြီး ရင်ဘတ်မှာလည်း နိမ့်ချည်မြင့်ချည် ဖြစ်နေကာ သူ၏မျက်ဝန်းများထဲမှ ကြောက်မက်ဖွယ်ကောင်းသော အကြည့်များမှာ အဆက်မပြတ် ထွက်ပေါ်နေ၏။

သူသည် တိုက်ပွဲတစ်ခုလုံးကို အစအဆုံး စောင့်ကြည့်ခဲ့သူ ဖြစ်သည်။ ရဲ့လျန်ချန်းတို့ သုံးဦး ချန်ကျီရှင်း၏လက်တွင် သေဆုံးသွားရခြင်းမှာ သူတို့ အားနည်းသောကြောင့် မဟုတ်ဘဲ ချန်ကျီရှင်း၏ စွမ်းအားမှာ အဆမတန် ကြီးမားလွန်းနေသောကြောင့်သာ ဖြစ်သည်။

သူကိုယ်တိုင်ပင်လျှင် စစ်မှန်သောကိုယ်ပိုင်အဆင့်ရှိစဉ်က ရဲ့လျန်ချန်း၏ နေရာတွင် ရှိနေခဲ့ပါက ယခုထက် ပိုကောင်းအောင် လုပ်နိုင်မည်မဟုတ်ကြောင်း သူ နားလည်ထားသည်။

သို့သော် ဤအချက်ကပင် စီကုန်းရွှမ်ကျိ၏ ချန်ကျီရှင်းကို သတ်လိုသောဆန္ဒကို အထွတ်

အထိပ်သို့ ရောက်သွားစေခဲ့သည်။

"ဒီလူကို မသတ်နိုင်ဘူးဆိုရင် ငါတို့စီကုန်းမိသားစုရဲ့ နှစ်သန်းချီတဲ့ အခြေခံအုတ်မြစ်ကြီးက သူ့တစ်ယောက်တည်းလက်နဲ့တင် ပျက်စီးသွားလိမ့်မယ်"

စီကုန်းရွှမ်ကျိ၏ မျက်နှာမှာ အလွန်အမင်း တည်တင်းနေပြီး သူ၏နှလုံးသားထဲတွင် သိမြင်နားလည်မှုတစ်ခု ဖြစ်ပေါ်လာသည်။

"ချင်းဟုန်း... မိသားစုစောင့်ရှောက်ရေး စစ်သည်တော်တွေရဲ့ ပြင်ဆင်မှုက ဘယ်လိုရှိလဲ"

သူသည် အသက်ကို ပြင်းပြင်းရှူကာ သူ၏ဘေးနားရှိ အရိပ်တစ်ခုကို လှည့်မေးလိုက်သည်။

"အစီရင်ခံပါတယ် မျိုးနွယ်စုသခင်... အကြီးအကဲ ကြယ်ပွင့်ခုနစ်ပါးက စောင့်ရှောက်ရေးစစ်သည်တော်တွေရဲ့ တံဆိပ်ခတ်နှိပ်မှုကို ဖွင့်လိုက်ပါပြီ။ အခု ဒီဘက်ကို ပို့ဆောင်နေကြပါပြီ"

ထိုအရိပ်က ရိုသေစွာ ပြန်ဖြေလိုက်သည်။

"ကောင်းပြီ"

စီကုန်းရွှမ်ကျိက ခေါင်းကို အသာအယာ ညှိတ်လိုက်ပြီး စိတ်အေးသွားဟန် ရသည်။

"သေတွင်းတစ်ခုကို ပြင်ဆင်ထားလိုက်။ အရှေ့ပိုင်းဒေသပြိုင်ပွဲ အဆုံးသတ်လို့ ချန်ကျီရှင်းက ရှေးဟောင်းနယ်မြေငယ်ထဲကနေ ထွက်လာတဲ့အချိန်မှာ... ဘယ်လိုပေးဆပ်မှုမျိုးပဲ ဖြစ်ဖြစ် စောင့်ရှောက်ရေး အသက်ရှည်စစ်သည်တော်တွေကို အသုံးပြုပြီး ချန်ကျီရှင်းကို အဆုံးသတ်ပစ်ရမယ်"

စီကုန်းရွှမ်ကျိ၏ မျက်ဝန်းများမှာ ပြတ်သားနေပြီး ရက်စက်လှသော စကားများကို သွားကြားထဲမှ မနည်းညှစ်ထုတ်ကာ ပြောဆိုလိုက်တော့သည်။

ဇီဝေ ချန်မိသားစု၏ ဧရာမ သင်္ဘောကြီးပေါ်တွင်မူ...

"တတိယသခင်လေး"

"ဟားဟားဟား... တကယ့်ကို အားရစရာပဲ။ တကယ့်ကို အားရဖို့ကောင်းလိုက်တာ"

"နောင်တစ်ချိန်မှာ တတိယသခင်လေးက ဇီဝေချန်မိသားစုကို ဦးဆောင်တဲ့အခါ ငါတို့မိသားစု ဘယ်လောက်တောင် စည်ပင်ဝပြောလာမလဲ"

"ငါတို့ ဇီဝေချန်မိသားစုဟာ ဒီလို ဂုဏ်ယူစရာကောင်းတဲ့ အချိန်မျိုးကို စောင့်စားခဲ့ရတာ တော်တော်ကြာပါပြီ"

"ငါတော့ တတိယသခင်လေး မိသားစုကို ဦးဆောင်တာကို မြင်ချင်လှပြီ"

"ငါတို့မိသားစုမှာ ဒီလို ချီလင်သားရတနာမျိုး မွေးဖွားလာတာ တကယ့်ကို ကံကောင်းတာပဲ"

ကျယ်ဝန်းလှသော သင်္ဘောခန်းမအတွင်းဝယ် ချန်မိသားစု၏ တောင်ထိပ်အသီးသီးမှ အကြီးအကဲများမှာ မျက်နှာများ ဝင်းပနေကြပြီး သူတို့၏ မုတ်ဆိတ်များကို သပ်ကာ အားရပါးရ ရယ်မောနေကြသည်။

ပညာရှိဆန်ဆန် ဝတ်ဆင်ထားသော ချန်ထျန်းချန်ကလည်း ပြုံးလျက် သက်ပြင်းချကာ ပြောလိုက်သည်။

"ဒုတိယအစ်ကို ပြန်လာလို့ ကျီအာလေး လုပ်ခဲ့တာတွေကို သိရင် သူ့ပါးစပ်ကြီး ပိတ်လို့တောင် ရမှာမဟုတ်ဘူး ထင်တယ်နော်"

ချန်မိသားစုမှ အခြားသော လူငယ်မျိုးဆက်သစ်များ၏ မျက်နှာများတွင်လည်း အလွန်အမင်း ကြည်ညိုလေးစားမှုများနှင့် အားကျမှုများဖြင့် ပြည့်နှက်နေတော့သည်။

"မင်းတို့အားလုံးကလည်း စိတ်စောလှချည်လား... ငါ အခုပဲ အနားယူပေးလိုက်ရမလား"

ချန်တောက်ယန်က အကြီးအကဲများကို ကြည့်ကာ တစ်ဝက်နောက်ပြောင်သလို ပြောလိုက်သည်။ ချက်ချင်းဆိုသလိုပင် စကားတရစပ် ပြောနေကြသော အကြီးအကဲများမှာ လည်ချောင်း အဖြတ်ခံလိုက်ရသကဲ့သို့ တိတ်ဆိတ်သွားပြီးနောက် ခပ်ခြောက်ခြောက် ရယ်မောလိုက်ကြရသည်။

"မဟုတ်တာ မဟုတ်တာ... မျိုးနွယ်စုသခင်က အခုမှ အားအင်အပြည့်နဲ့ ငယ်ရွယ်တုန်းရှိသေးတာပဲ။ ဘယ်လိုလုပ် အနားယူလို့ ဖြစ်မှာလဲ"

"ဟုတ်ပါတယ်... ကျွန်တော်တို့က မျိုးနွယ်စုသခင်ရဲ့ လက်အောက်မှာ နောက်ထပ် နှစ်ပေါင်း တစ်ရာလောက် အလုပ်လုပ်ချင်သေးတာ"

အကြီးအကဲများအားလုံး ကသိကအောက် ဖြစ်စွာ ရယ်မောလိုက်ကြသည်။

"ကဲပါ... ငါက နောက်တာပါ စိတ်မလှုပ်ရှားကြပါနဲ့"

ချန်တောက်ယန်က ပြုံးလျက် လက်ဝှေ့ယမ်းလိုက်ပြီးနောက် အလင်းကြည့်မှန်ပြင်ထဲရှိ ချန်ကျီရှင်းကို ချစ်ခင်မြတ်နိုးမှု၊ တန်ဖိုးထားမှု အပြည့်ဖြင့် ကြည့်လိုက်သည်။

"ငါလည်း အိုပါပြီ... တစ်နေ့ကျရင် ဇီဝေချန်မိသားစုဟာ ကျီအာရဲ့ လက်ထဲကို ရောက်သွားမှာပဲ"

ချန်တောက်ယန်၏ အပြုံးမှာ တဖြည်းဖြည်း တည်ငြိမ်သွားပြီး သူ၏အကြည့်မှာ ပြတင်းပေါက်မှတစ်ဆင့် စီကုန်းမိသားစု၏ ရွှေရောင်ရထားလုံးဆီသို့ ရောက်သွားသည်။

"ဒါပေမဲ့ ကျီအာ တာဝန်မယူခင်မှာ... ငါက သူ့အတွက် အဟန့်အတားမှန်သမျှကို ဖယ်ရှားပေးရလိမ့်မယ်။ မကြုံစဖူး ခိုင်မာတောင့်တင်းတဲ့ ဇီဝေချန်မိသားစုကြီးကို သူ့လက်ထဲ အပ်နှံပေးရမယ်"

တာလျို တာအိုလမ်းစဉ် နယ်မြေရှိ မသေမျိုးဂိုဏ်း၏ နောက်ကွယ်တွင်မူ...

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

နတ်သမီးတစ်ပါးကဲ့သို့ လှပသော ပုံရိပ်မှာ အံ့သြတုန်လှုပ်မှုများဖြင့် အလင်းကြည့်မှန်ပြင်ထဲရှိ ချန်ကျီရှင်းကို စိုက်ကြည့်နေမိသည်။

မဟာတာအိုလမ်းစဉ် ရှစ်မျိုးကို ပခုံးထက်မှာ ထမ်းပိုးထားတာလား။

ဒါက... ရှေးယခင်ကော နောင်မှာပါ မရှိနိုင်တဲ့ အဖြစ်ပဲ။

ဤချန်ကျီရှင်းဆိုသော လူငယ်မှာ သမိုင်းတစ်လျှောက်ရှိ ဒဏ္ဍာရီအားလုံးကို ချိုးဖျက်ကာ သမိုင်း၏ အထွတ်အထိပ်သို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်သည်။

"ငါ မင်းကို ပြောသားပဲ... စစ်မှန်သောကိုယ်ပိုင်အဆင့်မှာတင် ရှင်ခြင်းနှင့်သေခြင်း တာအိုလမ်းစဉ်ကို နားလည်ထားတဲ့သူက ဒီလောက် လွယ်လွယ်နဲ့ ရှုံးမှာမဟုတ်ဘူးလို့"

ခရမ်းရွှေရောင် သရဖူကို ဆင်မြန်းထားသော ခန့်ညားထည်ဝါသည့် လူလတ်ပိုင်း အမျိုးသားက ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။ နောက်တစ်ခဏတွင် သူသည် လက်တစ်ဖက်ဖြင့် လုံကြင်ယာတော်ကို သူ၏ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်၏။

သူ၏ လက်ဖဝါးကြီးဖြင့် ကြင်ယာတော်လုံ၏ ဆံနွယ်များကို သပ်ကာ ပါးပြင်ကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။

"စိတ်မပူပါနဲ့... ငါ မင်းကို ကတိပေးထားတဲ့အတိုင်း ငါ့စကားကို တည်ပါ့မယ်"

ထိုအမျိုးသားက ပြုံးလိုက်ပြီးနောက် သူ၏နောက်ကွယ်ရှိ ပုံရိပ်တစ်ခုကို လှည့်ကြည့်ကာ အေးဆေးစွာ အမိန့်ပေးလိုက်သည်။

"အနက်ရှိုင်းဆုံး တရားရုံးကို ပြင်ဆင်ခိုင်းလိုက်... ငါတို့ စတင် လှုပ်ရှားကြရအောင်"

ရှေးဟောင်းနယ်မြေငယ်အတွင်းဝယ် မီးလျှံများ ငြိမ်းသတ်သွားခဲ့ကာနှင်းခဲများလည်း အရည်ပျော်သွားခဲ့သည်။

မိုးကြိုးဧကရာဇ်၏ စစ်မှန်သောကိုယ်ပိုင်ပင်လျှင် ကောင်းကင်နှင့် မြေကြီးကြားတွင် လွင့်စင်ပျောက်ကွယ်သွားသော အလင်းစက်များအဖြစ် ပြောင်းလဲသွားခဲ့သည်။

ချန်ကျီရှင်းသည် ထိုနေရာမှ ထွက်လာပြီး အဝေးမှ စောင့်ကြည့်နေကြသော ပါရမီရှင်အပေါင်းကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။

ဝုန်း…

မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုပါရမီရှင်အုပ်စုကြီးမှာ ငှက်ကလေးများ၊ သားရဲကလေးများ လန့်ဖျန့်ပြေးကြသကဲ့သို့ အရပ်ရပ်သို့ လူစုကွဲသွားကြတော့သည်။

ချန်ကျီရှင်းက ခေါင်းကို အသာအယာခါယမ်းကာ လှည့်ထွက်ခဲ့ပြီး ဓားနန်းတော်အတွင်းသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်သွားတော့သည်။

ဓားနန်းတော်၏ ခန်းမဆောင်ကြီးအတွင်း၌ အပြင်ဘက်တွင် မိုင်ပေါင်းရာချီ ပျက်စီးသွားစေသည့် ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့သော်လည်း ဤဓားနန်းတော်မှာမူ မည်သည့်ထိခိုက်မှုမျှမရှိဘဲ ခန့်ညားထည်ဝါစွာ မတ်တပ်ရပ်လျက် ရှိနေဆဲပင်။

"အိပ်မောကျနေတုန်းပဲလား"

ချန်ကျီရှင်းသည် ဟင်းလင်းပြင်ထဲတွင် ငြိမ်သက်စွာ ဝဲပျံနေသော စိမ်းပြာရောင်ဓားကို ကြည့်ကာ မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။ စိမ်းပြာရောင် နတ်ဘုရားဓားတစ်လက်ဖြစ်သော ချင်းလွမ်းဓား၏ အရှိန်အဝါမှာ အလွန်နှေးကွေးသော်လည်း အလွန်ခိုင်မာသော နှုန်းထားဖြင့် နိဗ္ဗာနအဆင့်သို့ ဦးတည်၍ တိုးတက်နေသည်။

သူ အတန်ကြာအောင် စောင့်ကြည့်နေပြီးနောက်...

"ထားလိုက်တော့... ဆက်မစောင့်တော့ဘူး"

ချန်ကျီရှင်းသည် ခေါင်းခါယမ်းလိုက်ပြီး ဓားနန်းတော်ထဲမှ ခြေလှမ်းကျဲကြီးများဖြင့် ပြန်လည်ထွက်ခွာလာခဲ့သည်။

နောက်တစ်ခုအနေဖြင့် သူသည် မသေမျိုးစစ်မိန့်ကို စတင်ရှာဖွေတော့သည်။ အလွန်တရာ ထူးခြားလှသော ကံကောင်းခြင်းအမှတ် ၁၀၀၀၏ အစွမ်းကြောင့် နာရီအနည်းငယ်အတွင်းမှာပင် တောင်ဂူတစ်ခု၏ အဝင်ဝတွင် မသေမျိုးစစ်မိန့်တစ်ခုကို သူ တွေ့ရှိသွားခဲ့သည်။

"ဟေး... အဲဒီမသေမျိုးစစ်မိန့်ကို ချထားလိုက်စမ်း။ အဲဒါ ငါ့ဟာ... အိုး ချန်ကျီရှင်းလား ကျွန်တော် သွားပြီ... ကျွန်တော် သွားပြီဗျ"

သန်မာထွားကြိုင်းသော ခန္ဓာကိုယ်ရှိပြီး ရုပ်ကြမ်းလှသော ကျင့်ကြံသူတစ်ဦးမှာ မူလက အော်ဟစ်ငေါက်ငမ်းရန် ပြင်လိုက်သော်လည်း ရှေ့တွင်ရှိနေသူ၏ ရုပ်သွင်ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် အမြီးကုပ်၍ အရိပ်ပင်မမြင်ရအောင် ထွက်ပြေးသွားတော့သည်။

"..."

ချန်ကျီရှင်းက အသာအယာ ပြုံးလျက် ခေါင်းခါယမ်းလိုက်မိသည်။ ပြန်စဉ်းစားကြည့်လျှင် ရဲ့လျန်ချန်းနှင့် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲကြောင့် သူ၏အလုပ်များမှာ များစွာ သက်သာသွားခဲ့သည်ဟု ဆိုရမည်။

သူ လမ်းလျှောက်သွားသည့် နေရာတိုင်းတွင် ပါရမီရှင်များမှာ ထိတ်လန့်တကြားဖြင့် သူ့အတွက် လမ်းကို အလျှိုလျှို ဖယ်ပေးကြတော့သည်။

"ဒီတစ်ခါတော့ မဟာတာအိုလမ်းစဉ် ဖိုကျမ်းကို ရှာတွေ့ဖို့ မျှော်လင့်ရတာပဲ"

ချန်ကျီရှင်းက အသက်ကို ပြင်းပြင်းရှူကာ မျက်လုံးများကို မှေးစိုက်လျက် မသေမျိုးစစ်မိန့်ကို ကြည့်လိုက်သည်။ ဤတစ်ခေါက် ရှေးဟောင်းနယ်မြေငယ်ထဲကို ဝင်လာရခြင်းမှာ ၎င်းကို ရရှိရန်သာဖြစ်ပြီး လုံးဝ လက်လွတ်ခံ၍ မဖြစ်ပေ။

"လာစမ်း"

ချန်ကျီရှင်းက ရေရွတ်လိုက်ရင်း သူ၏ စစ်မှန်သော ချီစွမ်းအင်များကို ချက်ချင်း အသက်သွင်းကာ မသေမျိုးစစ်မိန့်အတွင်းသို့ ထည့်သွင်းလိုက်သည်။

နောက်တစ်ခဏတွင် လက်မောင်းခန့် တုတ်ခိုင်သော ဖြူဖွေးသည့် အလင်းတန်းကြီးတစ်ခုမှာ မသေမျိုးစစ်မိန့်မှနေ၍ ကောင်းကင်ယံသို့ ထိုးတက်သွားတော့သည်။ ထိုအလင်းတန်းမှာ ကောင်းကင်ယံမှ ဖြည်းညှင်းစွာ ပြန်လည်ဆင်းသက်လာပြီး အရာဝတ္ထုတစ်ခုကို သယ်ဆောင်လာခဲ့သည်။

၎င်းမှာ ရှည်လျားပြီး မြရောင်သန်းနေသော အကိုင်းအခက်များ၊ အရွက်ခုနစ်ရွက်နှင့် အကိုင်းဖျားတွင် လက်သီးဆုပ်ခန့်ရှိသော အနက်ရောင်အသီးတစ်လုံး ရှိနေသည့် အပင်တစ်ပင်ပင်။

"ဒါက..."

ချန်ကျီရှင်း၏ မျက်ဝန်းများမှာ ပို၍ မှေးစိုက်သွားသည်။ သူသည် ထိုအရာကို အသေအချာ စစ်ဆေးကြည့်ပြီးနောက် နောက်ဆုံးတွင် မှတ်မိသွားခဲ့သည်။

စစ်မှန်သောကိုယ်ပိုင်ပန်းပဲ။

ကောင်းကင်နှင့် မြေကြီး၏ ရတနာများထဲမှ တစ်ခုပင် ပြင်ပလောကတွင် စစ်မှန်သောကိုယ်ပိုင် အသီးတစ်လုံးတည်းပင်လျှင် ဝိညာဉ်ကျောက်တုံး ပေါင်းသောင်းချီ၍ တန်ဖိုးရှိလှသည်။ ဤကဲ့သို့ ပန်းတစ်ပွင့်လုံးကို ပိုင်ဆိုင်ထားခြင်းမှာ ဝိညာဉ်ကျောက်တုံး သန်းနှင့်ချီ၍ ရရှိနိုင်ပေလိမ့်မည်။

အကယ်၍ မိသားစုတစ်ခုက ဤအရာကို ပိုင်ဆိုင်ထားပါက အရည်အသွေးမြင့် စစ်မှန်သောကိုယ်ပိုင် ဆေးလုံးများကို အမြောက်အမြား ဖော်စပ်နိုင်မည်ဖြစ်ပြီး မိသားစု၏ အခြေခံအုတ်မြစ်ကို များစွာ မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။

All Chapters