← Chapters

ချန်တောင်က ကျောက်ဇီးလုန်

Vol. 4 Ch. 51

ချန်တောင်က ကျောက်ဇီးလုန်

Vol. 4 Ch. 51

အခန်း (၅၁) ချန်တောင်က ကျောက်ဇီးလုန်

ဝိညာဉ်သခင်ရှန့်ခွေရဲ့ ရုပ်ခန္ဓာ ပျက်စီးသွားတဲ့အခါမှာ သူ့ပဓာနဝိညာဉ် ထွက်ပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ အဲဒီဝိညာဉ်နား ချက်ချင်းရောက်သွားပြီး လမ်းခြောက်သွယ်စုပ်ယူခြင်းကို အသုံးပြုကာ သူ့လက်ထဲ စုပ်ယူလိုက်ပါတယ်။ အဲဒီနောက်မှာတော့ ဟန်ကျွယ်ဟာ ဝိညာဉ်သခင်ရှန့်ခွေရဲ့ ပဓာနဝိညာဉ်ကို ချေမွေပစ်လိုက်ပါတယ်။ ဒါကြောင့် ဝိညာဉ်သခင်ရှန့်ခွေဟာ လုံးဝ သေဆုံးသွားပါတော့တယ်။

ဟွမ်ဇွမ်တျန်ဟာ မျက်လုံးပြူးသွားပါတယ်။ ဒီအဖြစ်အပျက်ဟာ အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားတဲ့အတွက် ဟွမ်ဇွမ်တျန်ဟာ ကူညီချိန်တောင် မရလိုက်ပါဘူး။ ဟန်ကျွယ်ဟာ ဝိညာဉ်သခင်ရှန်ခွေ့ကို ပုရွက်ဆိတ်ပေါ် တက်နင်းသလို လွယ်လွယ်ကူကူနဲ့ သတ်လိုက်တာ ဖြစ်ပါတယ်။

“ဒီဟာက ထောင်ချောက်ကြီးပဲ!” ဟွမ်ဇွမ်တျန်ဟာ ချာခနဲလှည့်ပြီး ထွက်ပြေးပါတယ်။

ဟန်ကျွယ်ဟာ တိမ်ကျွမ်းထိုးကိုသုံးပြီး ဟွမ်ဇွမ်တျန်ရှေ့ကို မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားပါတယ်။ ဟန်ကျွယ်သွားနိုင်တဲ့ အကွာအဝေးဟာ သူအသုံးပြုတဲ့ လမ်းခြောက်သွယ် စိတ်ဝိညာဉ်ချီပေါ်မှာ မူတည်ပါတယ်။ မိုင်တစ်သိန်းကျော်ကို တစ်ခဏချင်းသွားဖို့က ခက်ခဲပေမဲ့ ဒီလိုအကွာအဝေးတိုလေးကတော့ ဟန်ကျွယ်အတွက် ဘာမှမပြောပလောက်ပါဘူး။

ဟွမ်ဇွမ်တျန်ဟာ သူ့ရှေ့ကို ရုတ်ခြည်းရောက်လာတဲ့ ဟန်ကျွယ်ကို တအံတဩကြည့်ကာ ကြက်သေသေသွားပါတယ်။

ဟန်ကျွယ်ဟာ ချီလင်ဓားကိုထုတ်ပြီး ဟွမ်ဇွမ်တျန်ကို ရွယ်လိုက်ပါတယ်။

“ခဏလေး နေပါအုန်း! မလှုပ်ရှားပါနဲ့အုန်း၊ မိုးကာဝတ်ရုံဂိုဏ်းက ငြိမ်းချမ်းရေးဆွေးနွေးအောင် ငါ လုပ်နိုင်တယ်!” ဟွမ်ဇွမ်တျန်ဟာ အသံတိုးတိုးနဲ့ ပြောလိုက်ပါတယ်။ ဒီအချိန် ဟွမ်ဇွမ်တျန်ရဲ့ နဖူးမှာ ချွေးသီးချွေးပေါက်တွေ ထွက်လာပါတယ်။

ဟန်ကျွယ်ဟာ မျက်ခုံးပင့်လိုက်ပါတယ် “ကျူပင်ခုတ်ရင် ကျူငုတ်မချန်ရဘူးဆိုတဲ့ စကားကို ကြားဖူးတယ်မလား?”

‘ဒီဟွမ်ဇွမ်တျန်က တကယ်ပဲ အညံခံတယ်! နောက်ပြီး ဒီကောင်က လူသတ်တာကို မကြိုက်ဘူးဆိုတော့ ယွီဂျင်ဂိုဏ်းကို တိုက်ခိုက်ချင်တာက သူ ဟုတ်ပါ့မလား?’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးတောလိုက်ပါတယ်။

ဟွမ်ဇွမ်တျန်က ကူကယ်ရာမဲ့စွာ ပြောလိုက်ပါတယ် “တကယ်တော့ ငါလည်း ဒီလိုပြဿနာတွေ မဖန်တီးချင်ပါဘူး၊ ဒါပေမဲ့ ငါက ဂိုဏ်းချုပ်ဆိုတော့ ဂိုဏ်းတစ်ခုလုံးအတွက် စဉ်းစားရတယ်၊ ယွီဂျင်ဂိုဏ်းတပည့်တွေကို မသတ်ဖို့ ငါအမိန့်ပေးထားတယ်၊ ငါသာ အမိန့်မပေးခဲ့ရင် အဲဒီယွီဂျင်ဂိုဏ်းတပည့်တွေ အခုအချိန်ထိ အသက်ရှင်နိုင်မှာ မဟုတ်ဘူး”

ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ရဲ့စကားကြောင့် ချီတုံချတုံဖြစ်သွားပါတယ်။ ကျိုးဖန်နဲ့ ရန်ထျန်တုန်းက အသက်ရှင်နေတုန်းဖြစ်တဲ့အတွက် ဟွမ်ဇွမ်တျန်ရဲ့စကားက လုံးဝမှန်ကန်ကြောင်း ဟန်ကျွယ် သိပါတယ်။

“တာအိုရောင်းရင်းသာ ကျုပ်ကို လွှတ်ပေးမယ်ဆိုရင် မိုးကာဝတ်ရုံဂိုဏ်းက ယွီဂျင်ဂိုဏ်းကို ဘယ်တော့မှ မတိုက်ခိုက်တော့ပါဘူး!” ဟွမ်ဇွမ်တျန်က လေးနက်စွာ ပြောလိုက်ပါတယ်။

ဒီစကားကြောင့် ဟန်ကျွယ်ဟာ မျက်တောင်ခတ်လိုက်ပါတယ်။ ဟွမ်ဇွမ်တျန်ဟာလည်း သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။ ဟွမ်ဇွမ်တျန် စိတ်သက်သာရ ရသွားတဲ့ အချိန်မှာပဲ ဟန်ကျွယ်က ရုတ်တရက် တိုက်ခိုက်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ကောင်းကင်ဒဏ်ပေး တစ္ဆေဓားနဲ့ ဟွမ်ဇွမ်တျန်ကို ခုတ်ပိုင်းလိုက်ပါတယ်။ ဟွမ်ဇွမ်တျန်ဟာ လန့်ဖျပ်သွားပြီး သူ့လက်ကိုချက်ချင်းမြှောက်ကာ ကြောက်မက်ဖွယ်ကောင်းတဲ့ ဓားချီကို ခုခံကာကွယ်လိုက်ပါတယ်။ ဒါပေမဲ့ အင်အားကြီးမားတဲ့ ဓားချီကြောင့် နောက်ကိုလွှင့်ထွက်သွားပြီး ပါးစပ်ထဲကနေ သွေးတွေ စီးကျလာပါတယ်။

“တာအိုရောင်းရင်း! ခင်ဗျား....” ဟွမ်ဇွမ်တျန်ဟာ ယမ်းပုံမီးကျ ဒေါသထွက်သွားပါတယ်။

[ဟွမ်ဇွမ်တျန်သည် သင့်အား မုန်းတီးသွားပြီ ဖြစ်သည်။ လက်ရှိ မုန်းတီးမှု: ကြယ်နှစ်ပွင့်]

ဟန်ကျွယ်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ်။ ဒီကိစ္စမှာ ဟွမ်ဇွမ်တျန်က ရွေးချယ်စရာမရှိတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီအတွက်နဲ့ ဟန်ကျွယ်က သူ့ကို မလွှတ်ပေးနိုင်ပါဘူး။ သူသာ မိုးကာဝတ်ရုံဂိုဏ်းကို အတိုက်ရပ်အောင် စွမ်းဆောင်နိုင်မယ်ဆိုရင် အရင်တုန်းက ဘာလို့ မလုပ်ခဲ့တာလဲ? သူ့ကိုသတ်ပြီး မိုးကာဝတ်ရုံဂိုဏ်းကို ဖျက်ဆီးလိုက်တာက သူ့ကိုလွှတ်ပေးလိုက်တာထက် ပိုကောင်းပါတယ်။

ဟန်ကျွယ်ဟာ ချီလင်ဓားကို မြှောက်ပြီး ကောင်းကင်ကို ညွှန်ပြလိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်ထဲက လမ်းခြောက်သွယ် စိတ်ဝိညာဉ်ချီဟာ ရုတ်ခြည်းထွက်ပေါ်လာပြီး ကောင်းကင်ပေါ် ထိုးတက်သွားပါတယ်။ ချက်ချင်းဆိုသလိုပဲ ကောင်းကင်ပေါ်မှာ ပင်လယ်လို အပြာရောင်အလင်းတန်းတစ်ခု ပေါ်လာပါတယ်။ တောက်ပလွန်းတဲ့ အလင်းရောက်အောက်မှာ ဓားအရိပ်တွေ ထွက်ပေါ်လာဖြင့် လျင်မြန်စွာ အစိုင်အခဲ ဖြစ်သွားပါတယ်။

ဟွမ်ဇွမ်တျန်ကလည်း လက်နှစ်ဖက်နဲ့ လက်သင်္ကေတတွေ ထုတ်ဖော်လိုက်တဲ့အခါမှာ သူ့ကိုဗဟိုပြု လှည့်ပတ်နေတဲ့ ကြိမ်စကြာလေးခု ပေါ်လာပါတယ်။ ဟွမ်ဇွမ်တျန်ဟာ ကောင်းကင်ပေါ်က ဓားအရိပ်တွေကိုကြည့်ပြီး တုန်လှုပ်ချောက်ချားသွားပါတယ်။

‘ဒါက ဘယ်လိုပညာရပ်မျိုးလဲ? မဟုတ်ဘူး! ဒါက ဆန်းကြယ်စွမ်းအားပဲ!’

ဟန်ကျွယ်က ဓားတစ်သောင်းဆန်းကြယ်စွမ်းအားကို အသုံးပြုလိုက်ခြင်း ဖြစ်ပါတယ်။ ကောင်းကင်အမြင့်မှာ ဝဲပျံနေတဲ့ ဓားတစ်သောင်းဟာ မြင်ရသူအပေါင်းကို ဆွံအသွားစေမှာ အမှန်ပါပဲ။ ဒီဓားတွေအကုန်လုံးရဲ့ ဓားဦးဟာ ဟွမ်ဇွမ်တျန်ကို ညွှန်ပြနေကြပါတယ်။ ဟွမ်ဇွမ်တျန်ဟာ ဒီမြင်ကွင်းကြောင့် တစ်ကိုယ်လုံး အေးစက်သွားပါတယ်။

ဟွမ်ဇွမ်တျန်ဟာ ကြိမ်စကြာလေးခုကို အသုံးပြုပြီး လေးထောင်ပုံ အကာအကွယ်ကို ဖန်တီးလိုက်ပါတယ်။

ဟန်ကျွယ်ကလည်း ဓားတစ်သောင်းနဲ့ ဟွမ်ဇွမ်တျန်ကို တိုက်ခိုက်လိုက်ပါတယ်။

“ဝုန်း...”

ဓားတစ်သောင်းဟာ ဟွမ်ဇွမ်တျန်ရဲ့ အကာအကွယ်နဲ့ ဝင်တိုက်ပြီး ဘေးကို လွှင့်စဉ်ထွက်ကုန်ပါတယ်။ ဟွမ်ဇွမ်တျန်ရဲ့ ဝတ်ရုံဟာ လေထဲမှာ လှုပ်ခါနေပါတယ်။ ဟွမ်ဇွမ်တျန်ဟာ အံကြိတ်ပြီး အားကုန်ထုတ်ကာ ခုခံပါတယ် “တော်တော်ကြီးမားတဲ့ ဆန်းကြယ်စွမ်းအားပဲ!”

ဟွမ်ဇွမ်တျန်ဟာ ရင်တဒိတ်ဒိတ် ဖြစ်သွားသလို နောင်တလည်း ရသွားပါတယ်။ ဒီလိုဖြစ်မယ်မှန်းသာသိရင် ဟိုအရူးတွေရဲ့စကားကို နားယောင်ပြီး ယွီဂျင်ဂိုဏ်းကို တိုက်ခိုက်မှာမိမှာ မဟုတ်ပါဘူး။

ဟွမ်ဇွမ်တျန်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ်။ အဲဒီအချိန်မှာပဲ ဟွမ်ဇွမ်တျန်ရဲ့ အကာအကွယ်ဟာ အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားပါတယ်။ ပြင်းထန်တဲ့ ဓားအရိပ်တွေဟာ သူ့ခန္ဓာကိုယ်ကို ဝင်တိုက်တာကြောင့် ဟွမ်ဇွမ်တျန်ဟာ သွေးအန်ထွက်သွားပြီး နောက်ကို လွှင့်စဉ်ထွက်သွားပါတယ်။

ဟွမ်ဇွမ်တျန်ဟာ ဒီဓားချက်တွေအောက်မှာ အသက်ရှင်နေတုန်းပါပဲ။ ဒါကိုကြည့်ခြင်းအားဖြင့် ဟွမ်ဇွမ်တျန်က အားမနည်းဘူးဆိုတာကို သိသာထင်ရှားလှပါတယ်။

နောက်ကိုလွှင့်ထွက်သွားတဲ့ ဟွမ်ဇွမ်တျန်ဟာ ချာခနဲလှည့်ပြီး ထွက်ပြေးပါတယ်။ ဟွမ်ဇွမ်တျန်ဟာ ဆန်းကြယ်စွမ်းအားတစ်မျိုးကို သုံးလိုက်တဲ့အတွက် သူ့ခန္ဓာကိုယ်က အလင်းတန်းအသွင် ပြောင်းလဲသွားပြီး ရုတ်ခြည်း ပျောက်ကွယ်သွားပါတယ်။

ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ကို လုံးဝအလွတ်မခံပါဘူး။ တိမ်ကျွမ်းထိုးကို ချက်ချင်းအသုံးပြုပြီး နောက်ကနေလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ကို အသက်ရှင်လျက်မထားဖို့ ဆုံးဖြတ်ပြီး ဖြစ်တဲ့အတွက် အလွန်လျင်မြန်စွာပဲ လှုပ်ရှားလိုက်ပါတယ်။

ဟွမ်ဇွမ်တျန်ဟာ သူ့ရှေ့မှာရပ်နေတဲ့ ဟန်ကျွယ်ကို တွေ့လိုက်ရတာကြောင့် သေလောက်အောင် ကြောက်သွားပြီး သူ့လက်ကို ချက်ချင်း ဝှေ့ယမ်းလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ဟာ မီးမိစ္ဆာခေါင်းလောင်းကို ထုတ်ယူပြီး ဟွမ်ဇွမ်တျန်ကို တိုက်ချလိုက်ပါတယ်။

ဝုန်းခနဲ ကျယ်လောင်စွာ မြည်ဟိန်းသွားပြီး ဟွမ်ဇွမ်တျန်ရဲ့ ညာလက်ဖဝါးဟာ မီးမိစ္ဆာခေါင်းလောင်းနဲ့ ရိုက်မိသွားပါတယ်။ ဟွမ်ဇွမ်တျန်ဟာ အင်အားကြီးမားလှတဲ့ ရိုက်ခတ်မှုကြောင့် မူးနောက်ထွက်သွားပါတယ်။

ဒီအချိန်မှာပဲ မီးမိစ္ဆာခေါင်းလောင်းဟာ အလွန်လျင်မြန်တဲ့နှုန်းနဲ့ ကြီးထွားလာပါတယ်။ ဟန်ကျွယ်ဟာ သူ့ညာလက်ကို ဝှေ့ယမ်းလိုက်တဲ့အခါမှာ မီးမိစ္ဆာခေါင်းလောင်းဟာ အပေါ်ကိုအနည်းငယ် မြှောက်တက်သွားပြီး အလွန်ကြီးမားတဲ့ အလေးချိန်နဲ့ ဟွမ်ဇွမ်တျန်ကို ဖိချပစ်လိုက်ပါတယ်။ ဟွမ်ဇွမ်တျန်ဟာ တစ်ချက်တည်းနဲ့ တောအုပ်ထဲကို ပြုကျသွားပါတယ်။ မီးမိစ္ဆာခေါင်းလောင်းဟာ ဆက်တိုက်ဆိုသလို အပေါ်မြှောက်သွားလိုက် အောက်ကိုပြန်ပြုတ်ကျလာလိုက်နဲ့ ဟွမ်ဇွမ်တျန်ကို ဖိနှိပ်တာကြောင့် အဲဒီနားပတ်ဝန်းကျင်ဟာ ကွဲကြေထွက်သွားပါတယ်။

ဟွမ်ဇွမ်တျန်ရဲ့ ရုပ်ခန္ဓာဟာ ပျက်စီးသွားပြီး ရုပ်ခန္ဓာထဲက ထွက်ပေါ်လာတဲ့ ပဓာနဝိညာဉ်ဟာ ထွက်ပြေးဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ သူ့အလျင်က ဟန်ကျွယ်ကို လုံးဝမယှဉ်နိုင်တဲ့အတွက် ဟန်ကျွယ်ဖမ်းတာ ခံလိုက်ရပါတော့တယ်။

ဒီလိုနဲ့ မိုးကာဝတ်ရုံဂိုဏ်းရဲ့ တိုက်ခိုက်မှုဟာ အဆုံးသတ်သွားရပါတော့တယ်! စိတ်ဝိညာဉ်ပြောင်းလဲခြင်း နဝမအဆင့်ရှိတဲ့ ဟွမ်ဇွမ်တျန်ဟာ တွမ်ထုံးထျန်လိုပဲ တစ်ချက်ကလေးတောင် ပြန်မတိုက်ခိုက်နိုင်ခင်မှာ ဟန်ကျွယ်ကို ရှုံးနိမ့်သွားပါတယ်။

‘နောက်ထပ် အကောင်ကြီးတစ်ကောင်လည်း ငါ့ကို ရှုံးနိမ့်သွားပြန်ပြီ! ငါက တော်တော်လေး အစွမ်းထက်တာပဲ!’

ဟန်ကျွယ်ဟာ ကျေနပ်အားရစွာ ပြုံးလိုက်ပြီး ယွီဂျင်ဂိုဏ်းကို ပြန်သွားပါတယ်။ ဒီတိုက်ပွဲရဲ့ ရိုက်ခတ်မှုကို ခံစားမိတဲ့ ယွီဂျင်ဂိုဏ်းရဲ့ အကြီးအကဲတွေဟာ တိုက်ပွဲနေရာကို ရောက်လာကြပါတယ်။ ဒါပေမဲ့ သူတို့တွေ ရောက်မလာခင်မှာပဲ ဟန်ကျွယ်ဟာ လေနတ်သားသိုင်းကို အသုံးပြုပြီး သူ့ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်သွားပါတယ်။

ငရဲကြက်ဟာ ဟန်ကျွယ်ဝင်လာတာကို မြင်လိုက်တာနဲ့ ချက်ချင်းမေးလိုက်ပါတယ် “သခင်... အခြေအနေ ဘယ်လိုရှိလဲ? ကျွန်တော်တို့တွေ ပြေးကြမှာလား? ထွက်ပြေးဖို့ ကျွန်တော် အသင့်ဖြစ်နေပြီ!”

ငရဲကြက်ရဲ့စကားကြောင့် ဟန်ကျွယ်ရဲ့ မျက်လုံးအိမ်ဟာ အပေါ်ကို မြင့်တက်သွားပါတယ် “မင်းသခင် ငါက ကိုယ်ကိုယ်ကို ယုံကြည်မှုမရှိဘဲ ရန်သူကို မတိုက်ခိုက်ဘူး၊ တိုက်ခိုက်မယ်ဆိုရင်လည်း ရန်သူက ကျိန်းသေပေါက် သေတယ်”

ငရဲကြက်ဟာ တစ်ခဏ မှင်သက်သွားပြီးနောက် ကြမ်းပြင်ပေါ် ပြန်လဲလိုက်ပါတယ်။

ဟန်ကျွယ်ဟာလည်း သူ့အိပ်ရာပေါ်မှာ ထိုင်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ သူ့လက်ကိုမြှောက်ပြီး ဟွမ်ဇွမ်တျန်ရဲ့ ပဓာနဝိညာဉ်ကို လွှတ်လိုက်ပါတယ်။ လမ်းခြောက်သွယ်စိတ်ဝိညာဉ်ချီရဲ့ ချုပ်နှောင်ထားမှုကြောင့် ဟွမ်ဇွမ်တျန်ရဲ့ ပဓာနဝိညာဉ်ဟာ ထွက်မပြေးနိုင်ပါဘူး။ ဟန်ကျွယ်ကို မြင်လိုက်ရတဲ့ ဟွမ်ဇွမ်တျန်ဟာ အလွန်အမင်း ကြောက်ရွံသွားပြီး တုန်ယင်စွာ မေးလိုက်ပါတယ်။

“ခင်ဗျားက ဘယ်သူလဲ? ဘာလို့ ဒီလောက်တောင် အစွမ်းထက်နေရတာလဲ?” ဟွမ်ဇွမ်တျန်ဟာ သတိကြီးတဲ့ဆိုပေမဲ့ သူ့ကိုယ်သူလည်း ယုံကြည်မှုရှိပါတယ်။ ဒီလိုမျိုး ဆိုးဆိုးရွားရွား ရှုံးနိမ့်လိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ပါဘူး။

ဟန်ကျွယ်ဟာ ခံစားချက်ကင်းတဲ့မျက်နှာနဲ့ ပြန်ဖြေလိုက်ပါတယ် “ချန်တောင်က ကျောက်ဇီးလုန်”

ငရဲကြက်ဟာ ခေါင်းရှုပ်သွားပါတယ် ‘ကျောက်ဇီးလုန်က ဘယ်သူလဲ?’

“ချန်တောင်က ဘယ်ဂိုဏ်းလဲ?” ဟွမ်ဇွမ်တျန်က နားမလည်နိုင်စွာ မေးလိုက်ပါတယ်။

“မင်းတို့ဂိုဏ်းမှာ မဟာအကြီးအကဲ မရှိဘူးမလား? ဟုတ်တယ်မလား?” ဟွမ်ဇွမ်တျန်ရဲ့ ပဓာနဝိညာဉ်ကို ဟန်ကျွယ် မဖျက်ဆီးတာက သတင်းအချက်အလက် နှိုက်ထုတ်ချင်လို့ပဲ ဖြစ်ပါတယ်။ ဟန်ကျွယ်ဟာ လမ်းခြောက်သွယ်စိတ်ဝိညာည်ချီကို အသုံးပြုပြီး ပဓာနဝိညာဉ်နဲ့ သာမန်ဝိညာဉ်တွေကို ချိပ်ပိတ်နိုင်စွမ်း ရှိတဲ့အတွက် စစ်ဆေးရာမှာ ပိုလွယ်ကူသွားပါတယ်။

ဟွမ်ဇွမ်တျန်က တုံ့ဆိုင်းနေပြီးမှာ ပြန်ဖြေပါတယ် “ရှိပါတယ်၊ ဒါပေမဲ့ သူက ရန်နိုင်ငံမှာ မရှိတော့ဘူး၊ အခုအချိန် မိုးကာဝတ်ရုံဂိုဏ်းမှာ ကျုပ်က အစွမ်းထက်ဆုံးပဲ၊ ခင်ဗျား ကျုပ်ကို လွှတ်ပေးနိုင်မလား၊ မလွှတ်ပေးနိုင်ဘူးဆိုရင်လည်း ကျုပ် မိုးကာဝတ်ရုံဂိုဏ်းကနေထွက်ပြီး ယွီဂျင်ဂိုဏ်းထဲဝင်မယ်!” အသက်ရှင်သန်ဖို့အတွက် ဟွမ်ဇွမ်တျန်ဟာ ဘာကိုမှ ဂရုမစိုက်တော့ပါဘူး။

ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် ‘ဒီကောင့် စိတ်နေစိတ်ထားက ငါ့စိတ်နေစိတ်ထားနဲ့ နည်းနည်းတော့ ဆင်သားပဲ!’ ဟန်ကျွယ်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “မင်းစကားက စိတ်ရင်းအမှန်လားဆိုတာ ငါ အကဲခတ်အုန်းမယ်”

အဲဒီနောက်မှာတော့ ဟန်ကျွယ်ဟာ ဟန်ကျွယ်ဟာ သူ့ညာလက်ကို ဆုပ်ကိုင်လိုက်ပြီး သူ့ဝိညာဉ်ရဲ့ အနက်ရှိုင်းဆုံးတစ်နေရာမှာ ထောင်ချလိုက်ပါတယ် ‘ဟွမ်ဇွမ်တျန် မရှိတော့ဘူးဆိုတော့ မိုးကာဝတ်ရုံဂိုဏ်းကို စိတ်ပူစရာ မလိုတော့ဘူး၊ အေးအေးဆေးဆေး ကျင့်ကြံအားထုတ်လို့ရပြီ!’

ဟန်ကျွယ်ဟာ ပြုံးလိုက်ပြီးနောက် ဆက်လက်ကျင့်ကြံပါတယ်။

All Chapters