အခန်း (၁၁-၁၂)
Vol. 2 Ch. 11-12
အပိုင်း ၁၁
မှောင်ခိုစျေးတွင် တစ်မွန်းလွဲခင်းလုံး လှည့်ပတ်ကြည့်ရှုပြီးနောက် ညနေစောင်းသို့ ရောက်လာခဲ့သည်။ ထျဲလန်ယန်သည် အိမ်ပြန်ချက်ရန် မစောင့်နိုင်တော့သဖြင့် နေရာလွတ်ထဲမှာပင် တိုက်ရိုက်ချက်ပြုတ်ရန် ပြင်ဆင်လိုက်သည်။
ယခင်က အမယ်မစုံသဖြင့် ပဲတောင့်ရှည် ဝက်သားဆီပြန်ဟင်းလောက်သာ ချက်ရန် စိတ်ကူးခဲ့သော်လည်း ယခုမူ စားစရာများစွာ ရှိနေပြီဖြစ်ရာ ပိုကောင်းမွန်အောင် ချက်ရမည်။
ထို့ကြောင့် သူမသည် ဝက်သား၊ အမဲရိုး၊ ကြက်ဥနှင့် ပဲတောင့်ရှည်တို့ကို အိုးတစ်လုံးတည်းဖြင့် ရောနှောချက်ရန် ဆုံးဖြတ်လိုက်သည်။
ကံကောင်းသည်မှာ သူမသည် အိမ်ရှိ မီးဖိုချောင်သုံးပစ္စည်းများနှင့် ဟင်းခတ်အမွှေးအကြိုင်အချို့ကို နေရာလွတ်ထဲသို့ ကြိုတင်ထည့်ထားခဲ့သဖြင့် ယခုချက်ပြုတ်ရသည်မှာ အလွန်ပင် အဆင်ပြေလှသည်။
သူမသည် ဝက်သားကို ဆေးကြောကာ ပဲငံပြာရည်ဖြင့် နယ်ထားလိုက်ပြီး အမဲရိုးများကို သွေးနံ့ပျောက်အောင် ရေအေးဖြင့် ပြုတ်လိုက်သည်။ ပဲတောင့်ရှည်များကို ရေစိမ်ကာ ကြက်သွန်မြိတ်၊ ဂျင်း၊ ကြက်သွန်ဖြူနှင့် ငရုတ်သီးများကို ပြင်ဆင်လိုက်သည်။
ဒယ်အိုးထဲတွင် ဆီပူလာသောအခါ ဂျင်း၊ ကြက်သွန်ဖြူနှင့် ငရုတ်သီးများကို ထည့်ကာ အမဲရိုးများနှင့်အတူ မွှေးလာသည်အထိ လှော်လိုက်သည်။ ထို့နောက် ပဲငံပြာရည်အကြည်နှင့် အနောက်တို့ကို ထည့်ကာ ရေသုံးခွက်ခန့်လောင်း၍ မီးပြင်းပြင်းဖြင့် တည်လိုက်သည်။
အမဲရိုးများ ဆူပွက်နေစဉ်အတွင်း ထျဲလန်ယန်သည် ခေါက်ဆွဲစွပ်ပြုတ် တစ်ခွက်အတွက် မုန့်သားနယ်ရန် ပြင်ဆင်သည်။
ဂျုံမှုန့်များကို ဇလုံကြီးထဲထည့်ကာ ရေအနည်းငယ်စီထည့်ရင်း တူဖြင့် မွှေလိုက်သည်။ ဂျုံမှုန့်များ ပွလာသောအခါ လက်ဖြင့် လုံးကာ အဝတ်စိုဖြင့် အုပ်၍ နှပ်ထားလိုက်သည်။
ဤအလုပ်များ ပြီးသွားသောအခါ ထျဲလန်ယန်မှာ အလွန်ဆာလောင်နေပြီ ဖြစ်သည်။ သူမသည် ပန်းသီးအကြီးတစ်လုံးနှင့် ငှက်ပျောသီးတစ်လုံးကို အားရပါးရ စားလိုက်မှသာ ဗိုက်ထဲတွင် အနည်းငယ် သက်သာသွားတော့သည်။
သူမက အလျင်လိုနေသဖြင့် အမဲရိုးကို မီးပြင်းပြင်းဖြင့် တည်ထားရာ မိနစ် ၃၀ ခန့်တွင် နူးအိသွားခဲ့သည်။
ထျဲလန်ယန်သည် ရေစိမ်ထားသော ပဲတောင့်ရှည်များကို ထည့်ကာ အမဲရိုးများနှင့်အတူ လှော်လိုက်ပြီးနောက် နယ်ထားသော ဝက်သားများကို ထည့်ကာ တစ်မိနစ်ခန့် ထပ်မံ မွှေပေးလိုက်သည်။
နောက်ဆုံးတွင် ကြက်ဥနှစ်လုံးကို ဖောက်ထည့်ကာ အပေါ်မှ ကြက်သွန်မြိတ်များ ဖြူးလိုက်ပြီးနောက် အဖုံးအုပ်ကာ အနည်ငယ် ထပ်တည်ထားလိုက်သည်။
ဟင်းအိုးနှပ်နေစဉ်အတွင်း ထျဲလန်ယန်သည် နှပ်ထားသော မုန့်သားများကို ပါးပါးလှီးကာ မြေအိုးထဲတွင် ခေါက်ဆွဲပြုတ် တည်လိုက်သည်။
ခေါက်ဆွဲပြုတ်လည်း ကျက်သွားပြီဖြစ်သလို ဝက်သား၊ အမဲရိုး၊ ကြက်ဥနှင့် ပဲတောင့်ရှည် ဟင်းမှာလည်း အသင့်ဖြစ်သွားပြီ ဖြစ်သည်။
ထျဲလန်ယန်သည် ပန်းကန်ထဲသို့ပင် မထည့်တော့ဘဲ မြေအိုးကို အဝတ်ဖြင့်ကိုင်ကာ ဒယ်အိုးဘေးတွင် ထိုင်ရင်း အားရပါးရ စားသောက်တော့သည်။
မွှေးကြိုင်လှသော ခေါက်ဆွဲပြုတ်ကို သောက်လိုက်သောအခါ သူမ၏ ရင်ထဲတွင် နွေးထွေးသွားရသည်။ စပ်စပ်လေးနှင့် နူးအိနေသော အမဲရိုးကို လက်ဖြင့်ကိုင်ကာ စားလိုက်ရာ တကယ့်ကို အိစိအိစိနှင့် အရသာရှိလှသည်။
နူးညံ့သော ဝက်သားများကိုလည်း တစ်ခုပြီးတစ်ခု စားလိုက်ရာ အလွန်ပင် ကျေနပ်စရာ ကောင်းလှသည်။ အရသာရှိသော ကြက်ဥနှင့် လတ်ဆတ်သော ပဲတောင့်ရှည်တို့၏ ပေါင်းစပ်မှုမှာလည်း ပြောမပြနိုင်လောက်အောင်ပင်။
ထျဲလန်ယန်သည် ဤအစားအစာအတွက် အလွန်ပင် ကျေနပ်မိသည်။ စားသောက်ပြီးနောက် သူမသည် အချိန်မဖြုန်းနေဘဲ မြေဆီလွှာကောင်းသော နေရာသို့ လမ်းလျှောက်သွားကာ မည်သည့်သီးနှံများ စိုက်ရမလဲဟု စဉ်းစားနေမိသည်။
တစ်ပတ်လှည့်ကြည့်ပြီးနောက် ဝါးအိမ်ထဲရှိ ဝါးကုလားထိုင်ပေါ်တွင် ခေတ္တ အနားယူလိုက်သည်။ ဘာပဲဖြစ်ဖြစ် နေရာလွတ်ထဲမှ အချိန်က အပြင်ထက် ပိုမြန်သဖြင့် အချိန်အနည်းငယ် ပိုပေးလိုက်၍ ရသည်။
နေရာလွတ်ထဲမှ ပြန်ထွက်လာသောအခါ အပြင်တွင် ညနေ ၆ နာရီခွဲ ကျော်နေပြီ ဖြစ်သည်။ ထျဲလန်ယန်သည် အနီးဆုံး ဘတ်စ်ကားမှတ်တိုင်သို့ သွားကာ ကားတစ်နာရီကျော် စီးပြီးနောက် အိမ်သို့ ပြန်ရောက်လာခဲ့သည်။
အိမ်ကြီးမှာ မှောင်မည်းနေသည်။ နောက်ဘက်ရှိ ပစ္စည်းသိုလှောင်ခန်းမှာလည်း တိတ်ဆိတ်နေသည်။ ဤသည်မှာ ပုံမှန်မဟုတ်ပေ။
ကျန်းချွေ့တို့ မိသားစုမှာ တစ်နေ့နှင့် တစ်ညလုံး ပိတ်လှောင်ခံထားရသည်ဖြစ်ရာ ဤမျှလောက် ငြိမ်သက်နေစရာ အကြောင်းမရှိပေ။
ထျဲလန်ယန်သည် အသက်ကိုအောင့်ကာ ခြေဖျားနင်းပြီး တံခါးနားသို့ တိုးသွားလိုက်သည်။ မှန်းထားသည့်အတိုင်းပင် အတွင်းမှ စကားပြောသံ တိုးတိုးကို ကြားလိုက်ရသည်။
"အမေ သမီး တကယ် ဗိုက်ဆာနေပြီ၊ ဘယ်တော့မှ အပြင်ထွက်ရမှာလဲ။"
ဟူရှောင်လျန်၏ ညည်းညူသံ ထွက်လာခဲ့သည်။
ကျန်းချွေ့ - "နင့်အဘွားက နောက်ရက်ပိုင်းအတွင်း ငါတို့ဆီ လာနေမယ်လို့ ပြောထားတယ်၊ ဖြစ်နိုင်တာကတော့ မနက်ဖြန်ပေါ့၊ သူလာရင် ငါတို့ အပြင်ထွက်ရမှာပါ။"
ဟူရှောင်လျန် - "တကယ်လား၊ ကောင်းလိုက်တာ။ အပြင်ရောက်တာနဲ့ အဲဒီ မြေခွေးမ ထျဲလန်ယန်ကို လွယ်လွယ်နဲ့ အလွှတ်မပေးဘူး။"
ကျန်းချွေ့ - "အဲဒီ ကောင်မလေးက အိမ်ထဲက ဗုံးတစ်လုံးလိုပဲ၊ တစ်ခုခုတော့ လုပ်မှ ဖြစ်မယ်။"
ဟူကျူးဇီ - "သူ့ကို တစ်ယောက်ယောက်နဲ့ ပေးစားလိုက်ရင်ရော။ မိန်းမ မင်းရဲ့ ရွာမှာ မိန်းမရှာနေတဲ့ လူအတစ်ယောက် ရှိတယ် မဟုတ်လား..."
"မဖြစ်ဘူး။"
ကျန်းချွေ့ - "အဲဒီကောင်မရဲ့ အရူးအင်အားနဲ့ဆိုရင် အဲဒီလူအကို သတ်ပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ။ အဲဒါဆို ငါပဲ တာဝန်ယူရမှာပေါ့၊ သူ့ကို အဝေးဆုံးကို ပို့ပစ်တာက အကောင်းဆုံးပဲ။"
ဟူရှောင်လျန်က ချက်ချင်း အကြံရသွားခဲ့သည်။ "အမေ သူ့ကို နယ်ဘက်ကိုသွားပြီး အလုပ်လုပ်ဖို့ စာရင်းသွင်းလိုက်ရင်ရော။ အဆင်းရဲဆုံးနေရာကို ပို့ပစ်လိုက်မယ်၊ ဒါဆို သူ ပြန်မလာနိုင်တော့ဘူး။"
ဟူကျူးဇီကလက်ခုပ်တီးလိုက်သည်။"ဟေး... ဒါ တကယ့်ကို အကြံကောင်းပဲ။"
ကျန်းချွေ့ - "အသံတိုးတိုးပြောစမ်း၊ အဲဒီကောင်မလေး ကြားသွားဦးမယ်။ အေး... ဒါက အကြံကောင်းပဲ၊ မနက်ဖြန် အပြင်ထွက်တာနဲ့ သူ့ကို နယ်ဘက်ပို့ဖို့ စာရင်းသွားသွင်းမယ်။"
"လျော်ကြေးငွေတွေကိုတော့ သူ နယ်မသွားခင် ရှာရမယ်၊ သူ ဘယ်လောက်ပဲ ဝှက်ထားပါစေ ငါရှာတွေ့အောင် ရှာပြမယ်။"
ဟူကျူးဇီ၏ မျက်လုံးများ ဝင်းခနဲ ဖြစ်သွားခဲ့သည်။ "ဒါဆို သူ့အဖေရဲ့ အလုပ်ကိုလည်း ရောင်းစားလို့ရတာပေါ့၊ ပိုက်ဆံအများကြီး ရမှာပဲ။"
ဟူရှောင်လျန် - "အဖေ... အလုပ်ကို မရောင်းပါနဲ့၊ အထည်ချုပ်စက်ရုံက လူကြီးတွေနဲ့ စကားပြောပြီး ပိုလွယ်တဲ့ အလုပ်တစ်ခုနဲ့ လဲလိုက်မယ်၊ အဲဒီအလုပ်ကို သမီးလုပ်မယ်။ ပိုတဲ့ပိုက်ဆံကိုတော့ အဖေ ယာယီအလုပ်တစ်ခုခု ရှာဖို့ပေးမယ်၊ ဒါဆို အဖေ့မှာလည်း အလုပ်ရှိတော့ ဘယ်သူမှ အထင်မသေးနိုင်တော့ဘူးပေါ့။"
"ဟီးဟီး... ငါ့သမီးက တော်လိုက်တာ၊ ငါသာ အလုပ်ရရင် ဘယ်သူက ငါ့ကို အာချောင်ရဲသေးလဲ ဆိုတာ ကြည့်ရသေးတာပေါ့။" ထိုသို့ဆိုကာ ဟူကျူးဇီက တဟားဟား ရယ်မောလေသည်။
ကျန်းချွေ့ - "လျော်ကြေးနဲ့ အလုပ်ကိုလည်း ရပြီဆိုရင် ဒီအိမ်ကိုပါ ရောင်းခိုင်းလိုက်မယ်၊ ပြီးရင် တခြားတစ်နေရာမှာ အိမ်အသစ်ဝယ်မယ်၊ ဒါဆို ဘယ်သူမှ ငါတို့အကြောင်း မပြောနိုင်တော့ဘူး။"
ထျဲလန်ယန် - ....
'ဝါး... ငါတော့ ဆွံ့အသွားပြီ။ ဒီမိန်းမနဲ့ ဒီမိသားစုက ငါ့ကို တစ်စစီ ဝါးစားဖို့ ပြင်နေကြတာပဲ၊ နည်းနည်းလေးတောင် အလွတ်ပေးမှာမဟုတ်ဘူး။'
အဲဒီလိုဆိုမှတော့ သူမလည်း ငြိမ်ခံနေမှာ မဟုတ်ဘူးပေါ့။ ထျဲလန်ယန်သည် ကျန်းချွေ့တို့ မိသားစုပိုင်ဆိုင်သမျှကို အရင်ဆုံး အပြောင်ရှင်းပစ်ရန် ဆုံးဖြတ်လိုက်သည်။
မျက်လုံးတစ်လုံးအတွက် မျက်လုံး၊ သွားတစ်ချောင်းအတွက် သွား... ဒီလို ကတ်ကတ်လန်အောင် ကလဲ့စားချေတာက အကောင်းဆုံးပဲ။
ကျန်းချွေ့တို့ မိသားစုသည် မြို့အနောက်ဘက်ရှိ ဟောင်းနွမ်းနေသော တိုက်ခန်းတစ်ခုတွင် နေထိုင်ကြသည်။ အစပိုင်းတွင် ကျန်းချွေ့သည် ဟန်ဆောင်ကောင်းသဖြင့် မူလခန္ဓာကိုယ်ပိုင်ရှင်ကို သူမအိမ်သို့ ခေါ်ကာ ထမင်းကျွေးဖူးသည်။
ထိုနေရာမှာ အလှမ်းဝေးသော်လည်း ထျဲလန်ယန်သည် သူမ၏ မှတ်ဉာဏ်ကို အသုံးပြု၍ ရှာတွေ့ခဲ့သည်။ ကလဲ့စားချေခြင်း ဆိုသည်မှာ တုံ့ပြန်လိုက်ရမှသာ အားရစရာ ကောင်းသည် မဟုတ်ပါလား။
ဒီညမှာတော့ ထျဲလန်ယန် တစ်ယောက် လူကြမ်းကြီး လုပ်တော့မည်။ ည ၉ နာရီ ကျော်နေပြီဖြစ်ရာ လူတိုင်း အိပ်ပျော်နေကြပြီ။
ထျဲလန်ယန်သည် အဝတ်အစား အမည်းရောင်များကို ဝတ်ဆင်ထားပြီး ဆံပင်ကို စည်းကာ မျက်နှာကိုလည်း အဝတ်အမည်းဖြင့် စည်းထားလိုက်သည်။ မှောင်နေသည့်အပြင် အနက်ရောင်များ ဝတ်ထားသဖြင့် မည်သူမျှ သူမကို မှတ်မိနိုင်မည် မဟုတ်ပေ။
ကမ္ဘာပျက်ကပ်အတွင်းတွင် ထျဲလန်ယန်သည် အသက်ရှင်သန်ရေး ပညာရပ်များစွာကို လေ့လာခဲ့ရာ သော့ဖွင့်ခြင်းမှာလည်း တစ်ခုအပါအဝင် ဖြစ်သည်။ ၅ စက္ကန့်တောင် မကြာလိုက်ဘဲ တံခါးမှာ ပွင့်သွားတော့သည်။
ထျဲလန်ယန်သည် အထဲသို့ အမြန်ဝင်သွားပြီး ကျန်းချွေ့၏ ယောက္ခမ အခန်းကို အရင်ရှာလိုက်သည်။ ဤအဘွားကြီးမှာလည်း လူကောင်းတစ်ယောက် မဟုတ်ပေ။
မူလခန္ဓာကိုယ်ပိုင်ရှင် ဤနေရာသို့ လာစဉ်က ထိုအဘွားကြီးသည် စောင်းမြောင်း ပြောဆိုခဲ့ဖူးသည်။ မူလပိုင်ရှင်မှာ ယဉ်ကျေးသိမ်မွေ့သူဖြစ်၍သာ တောင့်ခံနေခဲ့ခြင်း ဖြစ်သည်။
ကျန်းချွေ့တို့ မိသားစု သုံးယောက်မှာ သိုးရေခြုံထားသော ဝံပုလွေများဖြစ်ပြီး အဘွားကြီးမှာမူ ပါးစပ်သရမ်းသော ဖားပြုတ်မကြီးနှင့် တူလှသည်။ အားလုံးမှာ လူယုတ်မာများသာ ဖြစ်ကြသည်။
ဤအဘွားကြီးမှာ စောင်ခြုံပြီး အေးအေးလူလူ အိပ်ပျော်နေသည်။ ထျဲလန်ယန်က သူမကို ဤမျှ စိတ်ချလက်ချ အိပ်နေသည်ကို ကြည့်မရသဖြင့် ပါးကို နှစ်ချက်ဆင့်၍ အားရပါးရ ရိုက်ချလိုက်သည်။
'ဟွန်း။ အိပ်စမ်း... အိပ်... ငါကတော့ ဒီမှာ အလုပ်လုပ်နေရတယ်။'
အဘွားကြီးမှာ ပါးရိုက်ခံလိုက်ရသဖြင့် မျက်နှာတစ်ခုလုံး ထုံကျဉ်သွားရသည်။
သူမသည် ကြောင်တောင်တောင်ဖြင့် မျက်လုံးပွင့်လာသော်လည်း အော်ချိန်ပင် မရလိုက်ဘဲ ထျဲလန်ယန်က သူမ၏ လည်ပင်းကို လက်ဖြင့် ခုတ်ချကာ သတိမေ့သွားအောင် လုပ်လိုက်သည်။
ထို့နောက် သူမသည် နံစော်နေသော ခြေအိတ်တစ်ဖက်ကို ယူကာ အဘွားကြီး၏ ပါးစပ်ထဲသို့ ထိုးထည့်လိုက်ပြီး လက်နှစ်ဖက်ကို ကုတင်တိုင်တွင် ချည်ထားလိုက်သည်။ ထို့နောက်တွင်မူ ထျဲလန်ယန်သည် ပစ္စည်းများကို စိတ်ကြိုက် စတင်သိမ်းကျုံးတော့သည်။
၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်
အပိုင်း ၁၂
ကျန်းချွေ့၏ အိမ်မှာ ၇၀ ခုနှစ်များက စံပြတိုက်ခန်းပုံစံမျိုး ဖြစ်သည်။ မီးဖိုချောင်မှာ လူသွားလမ်းတွင်ရှိပြီး အိမ်သာမှာ အောက်ထပ်ရှိ အများသုံးအိမ်သာကို သုံးရသည်။ အခန်းမှာ သုံးခန်းသာ ရှိပြီး ဧည့်ခန်းအကျယ်တစ်ခု၊ အိပ်ခန်းတစ်ခန်းနှင့် အိပ်ခန်းအသေးတစ်ခန်းတို့ ဖြစ်ကြသည်။
ကျန်းချွေ့၏ ယောက္ခမမှာ အိပ်ခန်းအသေးတွင် အိပ်ပြီး သူမ၏ မြေးမလေး ဟူရှောင်လျန်နှင့်အတူ တိုးဝှေ့အိပ်ရလေ့ရှိသည်။
ထိုအိပ်ခန်းအသေးလေးမှာ အလွန်ကျဉ်းလှပြီး ကုတင်တစ်လုံး၊ ဗီရိုအသေးတစ်လုံးနှင့် စားပွဲတစ်လုံးသာ ရှိသည်။ ထျဲလန်ယန်သည် ကုတင်ဘေးရှိ စားပွဲအံဆွဲကို အရင်ဖွင့်ကြည့်ရာ အတွင်းတွင် ခြေအိတ်များ၊ မုန့်များနှင့် မြေပဲခွံများ ရောထွေးကာ ရှုပ်ပွနေသည်ကို တွေ့လိုက်ရသည်။
မုန့်ဘူးထဲတွင် အကြွေစေ့အချို့ ရှိနေပြီး စုစုပေါင်း ၃၇ ယွမ် ၈၅ ဆင့်နှင့် ဂွမ်းကူပွန်တစ်စောင် ရှိနေသည်။
သိမ်းလိုက်ပြီ။
ဗီရိုထဲတွင် ဟူရှောင်လျန်၏ အဝတ်အစားများက အများဆုံးဖြစ်ပြီး တောက်တောက်ပြောင်ပြောင်များ ဖြစ်ကြသည်။ ထျဲလန်ယန်က ၎င်းတို့ကို သဘောမကျသော်လည်း အဝတ်အစားများနှင့် ဗီရိုကိုပါ သိမ်းဆည်းလိုက်သည်။ စားပွဲကိုလည်း မချန်ဘဲ သိမ်းလိုက်ရာ ဘာမျှပင် ကျန်မနေတော့ပေ။
အိပ်ခန်းအသေးလေးထဲတွင် အဘွားကြီးနှင့် သူမအိပ်နေသော ကုတင်သာ ကျန်တော့သဖြင့် အခန်းမှာ ရုတ်တရက် ဟာလာဟင်းလင်း ဖြစ်သွားသည်။
ဘာမှမချန်ရဟူသော မူဝါဒအတိုင်း ထျဲလန်ယန်သည် နောက်ဆုံးတွင် ကုတင်ကိုပါ သိမ်းပစ်လိုက်သည်။
ပါးစပ်ထဲတွင် နံစော်နေသော ခြေအိတ် အထိုးခံထားရသည့် အဘွားကြီးမှာ ကြမ်းပြင်ပေါ်တွင် သနားစဖွယ် လဲလျောင်းနေရှာသည်။ ကံကောင်းထောက်မစွာပင် သူမမှာ သတိမေ့နေသဖြင့်သာဖြစ်ပြီး မဟုတ်ပါက ထခုန်ကာ "သရဲ... သရဲ..." ဟု အော်ဟစ်နေလိမ့်မည်။
ကုတင်ဘေး စားပွဲပေါ်တွင် သော့ခတ်ထားသော အရာတစ်ခုရှိရာ ထျဲလန်ယန်က အတင်းအဓမ္မ ဖွင့်လိုက်သည်။ အတွင်းတွင် သံမုန့်ဘူးတစ်ဘူး ရှိနေပြန်သည်။
သူမ ဖွင့်ကြည့်လိုက်သောအခါ…
'ဝိုး... ပိုက်ဆံတွေ အများကြီးပါလား'
ရေတွက်ကြည့်ရာ စုစုပေါင်း ၄၇၈ ယွမ် ၃၂ ဆင့် ရှိပြီး ဆန်ကူပွန်၊ အဝတ်အထည်ကူပွန်နှင့် အသားကူပွန်တို့လည်း ပါဝင်သည်။ ဤသည်မှာ ကျန်းချွေ့တို့ မိသားစုပိုင်ဆိုင်သမျှ အားလုံး ဖြစ်လိမ့်မည်။
ကျန်းချွေ့မှာ တစ်မိသားစုလုံးတွင် အလုပ်လုပ်သည့် တစ်ဦးတည်းသောသူဖြစ်ရာ ဤမျှလောက်သော ငွေကို စုဆောင်းရန် မလွယ်ကူလှပေ။ နှစ်ပေါင်းများစွာ ချွေတာစုဆောင်းလာသမျှ ငွေများ ပျောက်ကွယ်သွားသည်ကို သိလျှင် သူမ သွေးအန်သွားနိုင်လောက်သည်၊ ဟားဟား။
ထျဲလန်ယန်သည် နံရံများနှင့် ကြမ်းပြင်များကို လိုက်ခေါက်ကြည့်ရာ လျှို့ဝှက်အကန့်လေး တစ်ခုကို တွေ့ရှိခဲ့သည်။ ထိုအခန်းငယ်ထဲတွင် ရွှေတုံးလေးနှစ်တုံးနှင့် ရွှေအစစ်လက်စွပ် အချို့ရှိနေသည်။
ဒါတွေက ရွှေအစစ်တွေပဲ၊ မြန်မြန်သိမ်းမှ။
ထျဲလန်ယန်မှာ အလွန်ဝမ်းသာသွားပြီး ပတ်ဝန်းကျင်ကို ထပ်ရှာဖွေသော်လည်း ဘာမျှမတွေ့တော့ပေ။ နောက်ဆုံးတွင် သူမသည် အခန်းတစ်ခုလုံးကို ဒေါသတကြီးဖြင့် အကုန်အစင် ရှင်းပစ်လိုက်သည်။
ကုတင်၊ ဗီရို၊ ရေနွေးအိုး၊ ဖန်ခွက်၊ မျက်နှာသစ်ဇလုံ... နောက်ဆုံး ကျင်ငယ်ခွက်ကအစ…
ကျင်ငယ်ခွက်တော့ မယူချင်ပါဘူး၊ ကျန်တာ အကုန်လုံးကို သူမ သိမ်းကျုံးယူလိုက်တော့သည်။
အိပ်ခန်းကို ရှင်းပြီးနောက် ထျဲလန်ယန်သည် ဧည့်ခန်းသို့ သွားသည်။ ဧည့်ခန်းရှိ ဗီရိုပေါ်တွင် သော့ခတ်ထားသော ရိက္ခာစာအုပ်နှင့် အိမ်ထောင်စုစာရင်းတို့ကို တွေ့လိုက်ရသည်။
အိမ်ထောင်စုစာရင်းကို မြင်လိုက်ရသောအခါ ထျဲလန်ယန်၏ ခေါင်းထဲတွင် အကြံတစ်ခု ရသွားသည်။ ဟူရှောင်လျန်က လူတွေကို နယ်ဘက်ပို့ဖို့ စာရင်းသွင်းရတာ သိပ်ဝါသနာပါနေမှတော့ သူမကိုယ်တိုင်လည်း အဲဒီအရသာကို မြည်းစမ်းကြည့်ရမည်။
ဗီရို၏ အောက်ထပ်တွင် အိုးခွက်ပန်းကန်များ၊ ဆန်အနည်းငယ်နှင့် ပေါင်မုန့်လုံးအချို့အပြင် အာဟာရမှုန့်တစ်ပုလင်းပါ ရှိနေသည်၊ သိမ်းလိုက်ပြီ။
ဆိုဖာ၊ ထမင်းစားစားပွဲ၊ ကုလားထိုင်အချို့၊ နောက်ဆုံး နံရံပေါ်က ပြက္ခဒိန်နဲ့ မှန်ပါမကျန် အကုန်သိမ်းသည်။ အပြင်ဘက် လူသွားလမ်းတွင် ထားထားသော မီးသွေးဖိုလေးကိုပင် မချန်ဘဲ ယူလိုက်သည်။
အလုပ်ရှုပ်ပြီးသွားသောအခါ အဘွားကြီးနှင့် ကျင်ငယ်ခွက်မှလွဲ၍ တစ်အိမ်လုံး ဟာလာဟင်းလင်း ဖြစ်သွားတော့သည်။
ထျဲလန်ယန်သည် သူမ၏ လက်ရာကိုကြည့်ကာ အလွန်ကျေနပ်သွားခဲ့သည်။
'ဟမ့်.. နင်တို့က ငါ့ပိုင်ဆိုင်မှုတွေကို ယူဖို့ ကြံစည်နေတာကိုး၊ အခုတော့ နင်တို့အိမ်ကို ငါ အပြောင် ရှင်းပေးလိုက်ပြီ၊ ဘာတတ်နိုင်သေးလဲ ကြည့်ရသေးတာပေါ့'
ကျန်းချွေ့တို့အိမ်မှ ထွက်လာပြီးနောက် ထျဲလန်ယန်သည် အိမ်သို့ အမြန်ပြန်လာခဲ့သည်။ နေရာလွတ်ထဲတွင် ကိုယ်လက်သန့်စင်ပြီးနောက် ပန်းသီးတစ်လုံးစားရင်း ယနေ့ည သိမ်းဆည်းရမိသော ပစ္စည်းများကို ရေတွက်ကြည့်သည်။
ကျန်းချွေ့တို့အိမ်မှ ပရိဘောဂများမှာ အလွန်ဟောင်းနွမ်းနေသဖြင့် ၎င်းတို့ကို ဝါးအိမ်၏ ဝင်းထဲတွင် ခေတ္တချထားလိုက်သည်။ ထင်းအဖြစ် သုံးရန်သင့်မသင့် နောက်မှ စဉ်းစားရပေမည်။
အဝတ်အစားများနှင့် ပတ်သက်၍မူ သန့်ရှင်းပြီး အသစ်အဆန်း ဖြစ်နေသည်များကို သိမ်းထားပြီး ဟောင်းနွမ်းနေသည်များကိုမူ အကုန်မီးရှို့ပစ်လိုက်သည်။
မီးဖိုချောင်သုံး ပစ္စည်းများထဲမှ အသုံးဝင်သည်များကို ဝါးအိမ်၏ မီးဖိုချောင်ထဲတွင် ထည့်ထားလိုက်ပြီး အသုံးမဝင်သည်များကိုလည်း မီးရှို့ပစ်လိုက်သည်။
အရာအားလုံး စီစဉ်ပြီးနောက် မုန့်ဘူးထဲမှ ပိုက်ဆံများကို ရေတွက်ကြည့်ရာ ၅၀၀ ယွမ်ကျော် ရှိနေသည်။ ရွှေတုံးနှစ်တုံး၊ ရွှေလက်စွပ်အချို့နှင့် သက်တမ်းကုန်ခါနီး ကူပွန်အချို့လည်း ပါဝင်သည်။
ဟေး... တိုက်ဆိုင်လိုက်တာ။
နေ့ခင်းက ၅၀၀ ယွမ်ကျော် ကုန်သွားသမျှကို ညဘက်မှာ ပြန်ရလိုက်ပြီ မဟုတ်ပါလား။
ထျဲလန်ယန်သည် ပိုက်ဆံများပြည့်နေသော မုန့်ဘူးကို လှုပ်ခါကြည့်ရင်း သွားရှစ်ချောင်းလုံး ပေါ်အောင် ပြုံးလိုက်မိသည်။ တစ်နေ့တာလုံး၏ ခရီးစဉ်အတွက် သူမ အလွန်ကျေနပ်မိသည်။
လိမ္မော်သီးအချို့ကို နွှာစားပြီးနောက် ဗိုက်ဝဝဖြင့် အိပ်ရာဝင်လိုက်ရာ မိုးလင်းသည့်တိုင်အောင် အိပ်ပျော်သွားတော့သည်။
"ဒီနေ့ကတော့ နေ့သစ်တစ်ခုပဲ၊ သွားကြစို့။"
ထျဲလန်ယန်သည် အားအင်အပြည့်ဖြင့် အိပ်ရာမှ ထလိုက်သည်။
ယနေ့ နံနက်စာမှာ အလွန်ပင် ပြည့်စုံလှသည်။ ကြက်ဥပြုတ် ၃ လုံး၊ ပန်းသီး ၁ လုံး၊ ငှက်ပျောသီး ၂ လုံးနှင့် အာဟာရဖျော်ရည် ၁ ခွက်။
ထျဲလန်ယန်သည် ဝမ်းသာလွန်းသဖြင့် မျက်ရည်ပင် ဝဲကာ အားရပါးရ စားသောက်လိုက်သည်။ နံနက်စာစားပြီးနောက် သူမသည် နေရာလွတ်ထဲတွင် လက်ဝှေ့ လေ့ကျင့်ခန်းအချို့ လုပ်လိုက်သည်။
တိုက်ခိုက်ရေး စွမ်းရည်ရှိသော်လည်း ခန္ဓာကိုယ်ကလည်း ကြံ့ခိုင်ရန် လိုအပ်သည် မဟုတ်ပါလား။ လွန်ခဲ့သော နှစ်ရက်လုံး စားကောင်းသောက်ဖွယ်များ စားခဲ့ရသဖြင့် အားအင်အပြည့်ရှိနေသော ထျဲလန်ယန်သည် တစ်နာရီကြာအောင် လေ့ကျင့်ပြီးမှ နားလိုက်သည်။
ထို့နောက် မနေ့ကဝယ်လာသော ကြက်မကြီးကို သတ်ကာ နေ့လယ်စာအတွက် ကြက်စွပ်ပြုတ်ချက်ရန် ပြင်ဆင်လိုက်သည်။
အလုပ်များပြီးနောက် သူမသည် အမြန်ရေချိုး၊ အဝတ်အစားလဲကာ အပြင်သို့ ထွက်လာခဲ့သည်။ ယနေ့တွင် သူမလုပ်ဆောင်ရမည့် အရေးကြီးသော ကိစ္စနှစ်ခု ရှိနေသည်။
ပထမတစ်ခုမှာ ဟူရှောင်လျန်ကို နယ်ဘက်ပို့ရန် စာရင်းသွင်းရန်ဖြစ်ပြီး ဒုတိယတစ်ခုမှာ သမဝါယမဆိုင်သို့ သွားကာ မျိုးစေ့များဝယ်ယူရန်နှင့် သက်တမ်းကုန်ခါနီး ကူပွန်များကို သုံးပစ်ရန် ဖြစ်သည်။
ရပ်ကွက်ရုံးသို့ ရောက်သောအခါ အဘွားကြီးတစ်ဦးအဖြစ် ဟန်ဆောင်ထားသော ထျဲလန်ယန်က ဝန်ထမ်းကို မေးမြန်းလိုက်သည်။ "ရဲဘော်... နယ်ဘက်ကိုသွားပြီး အလုပ်လုပ်ရတဲ့နေရာတွေထဲမှာ ဘယ်နေရာက အခက်ခဲဆုံးလဲဟင်။"
"ကျွန်မ တူမလေးက ကမ္ဘာသစ်ကို တည်ဆောက်ဖို့အတွက် နယ်ဘက်ကိုသွားပြီး အလုပ်လုပ်ချင်တယ်လို့ ဇွတ်အတင်း ပြောနေလို့ပါ၊ သူက အခက်ခဲဆုံးနေရာကို သွားချင်တယ်ဆိုတော့ ကျွန်မလည်း မတားနိုင်တော့ဘူးလေ... အို့။"
ဝန်ထမ်းဖြစ်သူမှာ အံ့အားသင့်စွာဖြင့် သူမကို ကြည့်နေသည်။
ဘာ၊ ငါကြားတာ မှန်ရဲ့လား။
၁၉၇၅ ခုနှစ် ရောက်နေပြီဖြစ်ရာ ပညာတတ်လူငယ် အများစုမှာ ယခင်ကကဲ့သို့ စိတ်အားမထက်သန်ကြတော့ပေ။ နယ်ဘက်သို့သွားရခြင်းမှာ မည်မျှပင် ခက်ခဲကြမ်းတမ်းကြောင်း လူတိုင်း သိနေကြပြီ ဖြစ်သည်။
ယခုအခါ နယ်ဘက်သို့ သွားရမည်ဆိုပါက လူတိုင်းက သက်တောင့်သက်သာရှိမည့် နေရာကိုသာ ရွေးချယ်ချင်ကြသည်။ ယခုကဲ့သို့ ဒုက္ခခံချင်လှပါသည်ဆိုသော သူမျိုးကို သူမ ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။
သို့သော်လည်း ဤသည်မှာ သူတို့မိသားစုကိစ္စဖြစ်သဖြင့် သူမအနေဖြင့် ဘာမျှဝင်ပြော၍ မရပေ။ ထို့အပြင် နယ်ဘက်ပို့ရန် လူစာရင်းမှာလည်း မပြည့်သေးပေ။ ယခုကဲ့သို့ ကိုယ်တိုင်ဆန္ဒပြုသူ ရှိလာပြီဖြစ်ရာ သူမဘက်ကလည်း လျင်မြန်စွာ ဆောင်ရွက်ပေးရပေမည်။
"အစ်မကြီး နယ်စပ်ဒေသကိုသာ ပို့လိုက်ပါ၊ အဲဒီမှာ အရမ်းခက်ခဲတယ်၊ တစ်နှစ်ပတ်လုံး သဲတွေပဲရှိတာ။ အစ်မကြီးရဲ့ တူမလေးလည်း ကျေနပ်သွားမှာပါ။"
ထျဲလန်ယန်၏ စိတ်ထဲတွင် ဝမ်းသာသွားရသည်။ ဟူရှောင်လျန်က အပြင်အဆင် အလွန်ဝါသနာပါသူ ဖြစ်ရာ နေ့တိုင်း သဲ စားနေရမည်ဆိုလျှင် သူမ ရူးသွားနိုင်လောက်သည်။
"ကောင်းပြီ... ဒါဆို နယ်စပ်ကိုပဲ စာရင်းသွင်းပေးပါ၊ ဘယ်ရထားက အမြန်ဆုံးလဲ၊ အဲဒီရထားနဲ့ပဲ စာရင်းသွင်းပေးပါ။"
ထျဲလန်ယန်သည် ဟူမိသားစု၏ အိမ်ထောင်စုစာရင်းကို ထုတ်ပေးလိုက်သည်။
ဝန်ထမ်းမှာ ပါးစပ်လေး တွန့်သွားရသည်။ ဤအမျိုးသမီးမှာ သူမတူမအပေါ် ရန်ငြိုးရှိနေလားဟုပင် ထင်မိတော့သည်။ ဘာပဲဖြစ်ဖြစ် နယ်စပ်ကို သွားချင်သူမှာ ရှားလှသဖြင့် သူမ အမြန်စီစဉ်ပေးလိုက်သည်။
ဒီလအတွက် လူစာရင်း ပြည့်သွားပြီ။
ဝန်ထမ်း - "အစ်မကြီး... ဒါက နယ်ဘက်သွားမယ့်သူတွေအတွက် ထောက်ပံ့ကြေး ၄၅ ယွမ်ပါ၊ တူမလေးကို ပေးလိုက်ပါဦး။ ရထားက သန်ဘက်ခါ ထွက်မှာဆိုတော့ မနက်ဖြန်ကြရင် ရထားလက်မှတ်အတွက် အိမ်ကို လူတစ်ယောက်ယောက် လာပြောပါလိမ့်မယ်၊ အဲဒါလေး သတိထားပေးပါဦး။"
ထျဲလန်ယန် ပြုံးလိုက်သည်။ "ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ်။"
၄၅ ယွမ်ကို အလကားရလိုက်ပြီ မဟုတ်ပါလား၊ တကယ့်ကို အလန်းစားပဲ။
ဟူရှောင်လျန်၏ ဘဝမှာတော့ ဒုက္ခပင်လယ် ဝေပေတော့မည်။ သူမ ဒုက္ခရောက်လေလေ ထျဲလန်ယန် ပိုပျော်လေလေပင် ဖြစ်သည်။
ဒီမိသားစုက သူမကို ဝါးစားဖို့ ကြံစည်ခဲ့ကြသည် မဟုတ်ပါလား၊ ဤသည်မှာ သူတို့နှင့် ထိုက်တန်သော ပြစ်ဒဏ်ပင်။
ထျဲလန်ယန်မှာ အငြိုးအတေး အလွန်ကြီးသူ ဖြစ်သည်။
သူမကို လာရောက် စိန်ခေါ်သူ မည်သူ့ကိုမဆို သူမက အသားကို တစ်စစီ ဖဲ့ယူကာ ကလဲ့စားချေတတ်သည်။
ပိုကောင်းမွန်သော ဘဝကို ပိုင်ဆိုင်ရန်အတွက် တစ်ခါတရံတွင် ရက်စက်ရန်လည်း လိုအပ်သည် မဟုတ်ပါလား။