စိတ်ဝိညာဉ်ပြောင်းလဲခြင်း ပဥ္စမအဆင့်
Vol. 4 Ch. 55
အခန်း (၅၅) စိတ်ဝိညာဉ်ပြောင်းလဲခြင်း ပဥ္စမအဆင့်
စုချီဟာ ဟန်ကျွယ်စကားကြောင့် ကြက်သေသေသွားပါတယ်။ အဲဒီနောက်မှာတော့ ကြောက်ရွံခြင်းနဲ့ မျှော်လင့်ချက်ကင်းမဲ့ခြင်းဟာ စုချီတစ်ကိုယ်လုံးကို လွှမ်းခြုံသွားပါတယ်။ ထိတ်လန့်ချောက်ချားမှုကြောင့် ခိုက်ခိုက်တုန်နေတဲ့ စုချီဟာ သူ့သတ္တိတွေကို စုစည်းပြီး မေးလိုက်ပါတယ် “ခင်ဗျားက ဘယ်သူလဲ? ဒါက ယွီဂျင်ဂိုဏ်းနောက်!” စုချီသိရသလောက် ယွီဂျင်ဂိုဏ်းလို လက်ယာဂိုဏ်းမျိုးက ဒီလိုမျိုးအလုပ်တွေကို မလုပ်ပါဘူး။
[စုချီသည် သင့်အပေါ် မုန်တီးသွားပြီ ဖြစ်သည်။ လက်ရှိ မုန်းတီးမှု: ကြယ်နှစ်ပွင့်။]
ဟန်ကျွယ် လေသံအေးအေးလေးနဲ့ ပြောလိုက်ပါတယ် “ငါက မင်းကို အခွင့်အရေးပေးတာကို မင်းက တန်ဖိုးမထားဘူး၊ အခုမင်းမှာ ရွေးချယ်စရာမရှိဘူး၊ ဒီနေရာမှာပဲ တစ်သက်လုံးနေတော့”
စုချီဟာ တုန်လှုပ်ချောက်ချားသွားပါတယ်။ အဲဒီနောက် အဖြစ်အပျက်တွေကို တွေးတောရင်း တစ်စုံတစ်ခု မှားယွင်းနေတယ်လို့ ခံစားလိုက်ရပါတယ် ‘ဒီလူက လူဆိုးဆိုရင် ငါ့ကို တစ်ခါတည်း သတ်ပစ်လိုက်မှာပဲ၊ ငါ့လိုသေမျိုးတစ်ယောက်ကို ဘာကိစ္စနဲ့ ဖမ်းဆီးထားရတာလဲ’
‘နေအုန်း... ဒီလူက ငါ့ကို စမ်းသပ်နေတာလား?’ ဒီလိုတွေးမိလိုက်တဲ့ စုချီဟာ ချက်ချင်းပဲ ငြိမ်ကျသွားပါတယ်။ အဲဒီနောက် စုချီဟာ လိုဏ်ဂူရဲ့ ထောင့်တစ်နေရာကို ချက်ချင်းလျှောက်သွားပြီး ဟန်ကျွယ်ပုံစံကိုအတူယူကာ တရားထိုင်လိုက်ပါတယ်။
[စုချီသည် သင့်အား အကောင်းမြင်စိတ် တိုးလာပြီဖြစ်သည်။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်သုံးပွင့်]
ဟန်ကျွယ်ဟာ ဒီစာကြောင်းကြောင့် မှင်သက်သွားပါတယ် ‘ဘာတွေဖြစ်နေတာလဲ? မုန်းတီးမှု ကြယ်နှစ်ပွင့်ကနေ မျက်နှာသာပေးမှု ကြယ်သုံးပွင့်ကို ဘယ်လိုလုပ်ပြီး ပြောင်းသွားရတာလဲ? ဒီကောင်လေးက စိတ်မနှံ့ဘူးလား?’ ဟန်ကျွယ်ဟာ စုချီကို လျစ်လျူရှူပြီး သူ့ကျင့်ကြံခြင်းကို အာရုံစိုက်ပါတယ်။
စုချီတစ်ယောက် အစာရေစာ စားသောက်ပြီး အပေါ့အလေးသွားရင် သူ့လိုဏ်ဂူ ညစ်ပတ်မှာစိုးတဲ့အတွက် ဟန်ကျွယ်ဟာ စုချီကို အရိုးရှင်းဆုံး စိတ်ဝိညာဉ်ချီစုပ်ယူနည်း သင်ပေးလိုက်ပါတယ်။ ဒါတောင် ဟန်ကျွယ်ဟာ ပထမအဆင့်ပဲ သင်ပေးပါတယ်။ အများကြီးသင်ပေးမိရင် မထိန်းချုပ်နိုင်မှာကို စိုးရိမ်လို ဖြစ်ပါတယ်။ ဟန်ကျွယ်ဟာ စုချီရဲ့ ကျင့်ကြံခြင်းက သူ့ကို မီလာမှာကို လုံးဝမလိုလားပါဘူး။ ဟန်ကျွယ်ဟာ စုချီကို ပညာသင်ပေးပြီးတဲ့နောက် စုချီရဲ့ မျက်နှာသာပေးမှုကို ကြယ်ငါးပွင့်ထိ တိုးသွားပါတယ်။
ယွီဂျင်ဂိုဏ်းရဲ့ နှစ်တစ်ထောင်ပွဲတော်ကို ခမ်းနားကြီးကျယ်စွာ ကျင်းပပါတယ်။ လိုဏ်ဂူထဲမှာ ကျင့်ကြံနေတဲ့ ဟန်ကျွယ်နဲ့ စုချီတောင် လီချင်းဇဲ့ရဲ့ မိန့်ခွန်းကို အတိုင်းသား ကြားနိုင်ပါတယ်။ လီချင်းဇဲ့ဟာ ယွီဂျင်ဂိုဏ်းရဲ့ ကြီးမြတ်တဲ့ သမိုင်းကြောင်းကို ဝေဝေဆာဆာ ပြောတဲ့အတွက် စုချီရဲ့သွေးတွေဟာ ဆူပွက်သွားပါတယ်။
‘ငါက ယွီဂျင်ဂိုဏ်းထဲကို တကယ်ဝင်သွားတာပါ၊ ဒီလူက ယွီဂျင်ဂိုဏ်းရဲ့ ဆရာကြီးပဲ ဖြစ်ရမယ်၊ မဟုတ်ရင် နှစ်တစ်ထောင်ပွဲတော်ကို လျစ်လျူပြုရဲမှာ မဟုတ်ဘူး’ စုချီဟာ ဟန်ကျွယ်နဲ့အတူ စိတ်ပါလက်ပါ ကျင့်ကြံအားထုတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
နှစ်တစ်ထောင်ပွဲတော်ဟာ အလွန်လျင်မြန်စွာပဲ ပြီးဆုံးသွားပါတယ်။ တစ်ခြားဂိုဏ်းတွေ ပြန်သွားကြပေမဲ့ ယွီဂျင်ဂိုဏ်းဟာ ငြိမ်ကျမသွားဘဲ ပိုပြီးစည်ကားလာပါတယ်။
တာအိုသခင်ကျိုးတီနဲ့ လီချင်းဇဲ့ဟာ အတွင်းစည်းနဲ့ အပြင်စည်းတပည့်တွေအတွက် စည်းမျည်းစည်းကမ်းအသစ်တွေကို ပြင်ဆင်ထည့်သွင်းခြင်း ပြုလုပ်ပါတယ်။ ဒါ့အပြင် တာအိုသခင်ကျိုးတီဟာ ရတနာများစွာကို ဂိုဏ်းရတနာတိုက်ထဲ ထည့်ပေးလိုက်ပါတယ်။ အဲဒီထဲမှာ ကျင့်ကြံခြင်းကျင့်စဉ်တွေ၊ ထူးခြားဆန်းကြယ်တဲ့ ပညာရပ်တွေ၊ လက်နက်တွေ စသည်ဖြင့် အများကြီး ပါဝင်ပါတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် တာအိုသခင်ကျိုးတီဟာ ယွီဂျင်ဂိုဏ်းဆီ ပြန်လာဖို့ ကြိုတင်ပြင်ဆင်ခဲ့တယ်ဆိုတာ မြေကြီးလက်ခတ်မလွှဲပါပဲ။
မျက်တောင်တစ်ခတ်အတွင်းမှာ အချိန်သုံးနှစ် ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ စိတ်ဝိညာဉ်ပြောင်းလဲခြင်း စတုတ္ထအဆင့်ကို အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် တာအိုသခင်ကျိုးတီနဲ့ လီချင်းဇဲ့ရဲ့ ကူညီမှုကြောင့် ဟန်ကျွယ်တောင်ရဲ့ စိတ်ဝိညာဉ်ချီဟာ နဂိုကထက် ငါးဆကျော် ပိုသိပ်သည်းလာပါတယ်။
ဟန်ကျွယ်ဟာ ဒီရလဒ်ကို အလွန်တရာ ကျေနပ်အားရပြီး လိုဏ်ဂူအပြင်ဘက်ကို လမ်းတောင် ထွက်မလျှောက်ချင်တော့ပါဘူး။ တာအိုသခင်ကျိုးတီနဲ့ ပင်လယ်ရပ်ခြားကို လိုက်သွားဖို့ကတော့ အစောကြီးထဲက မေ့ပစ်လောက်ပါပြီ။
ဒီအတောအတွင်းမှာ ယွီဂျင်ဂိုဏ်းဟာ တပည့်သစ်တွေကို အကန့်အသတ်မရှိ လက်ခံပါတယ်။ ဒီလိုလက်ခံတဲ့အတွက် ယွီဂျင်ဂိုဏ်းရဲ့ တပည့်အရေအတွက်ဟာ အများကြီး ထိုးတက်သွားပါတယ်။ ဒါပေမဲ့ အတွင်းဂိုဏ်းထဲမှာရှိတဲ့ တပည့်အရေအတွက်ကတော့ သိပ်ပြီးပြောင်းလဲခြင်း မရှိပါဘူး။
ယွီဂျင်ဂိုဏ်းဟာ သူလျှိုတွေ ရောဝင်လာမှာစိုးတဲ့အတွက် သေမျိုးနွယ်တွေကိုပဲ လက်ခံပါတယ်။
ယွီဂျင်ဂိုဏ်းမှာ အတန်ကြာရှိနေတဲ့ တာအိုသခင်ကျိုးတီဟာ ဒီနှစ်မှာတော့ အဓိကတပည့်တွေခေါ်ပြီး ဂိုဏ်းကနေ ထွက်ခွာသွားပါတယ်။ ဒီအကြောင်းကို ဟန်ကျွယ်ဆီ အလည်ရောက်လာတဲ့ ချန်ယွီအာက ပြောပြတာ ဖြစ်ပါတယ်။
“မိုးကာဝတ်ရုံဂိုဏ်းက အဆုံးသတ်သွားပြီ၊ အခုဆိုရင် လူတိုင်း မုန်းတီးတာခံရပြီး အရိုက်ခံရတဲ့ခွေးတစ်ကောင်လိုပဲ!” ချန်ယွီအာဟာ စိတ်လှုပ်ရှားစွာ ပြောလိုက်ပါတယ်။
ချန်ယွီအာစကားကို ကြားလိုက်ရတဲ့ ပဋိပက္ခကောင်းကင်ခွေးဟာ ပေါက်ကွဲလုနီးဖြစ်သွားပါတယ် “ခွေးက ဘာဖြစ်နေလို့လဲ?”
စုချီနဲ့တွေ့ပြီး ချန်ယွီအာ ကံဆိုးမှာစိုးတဲ့အတွက် ဟန်ကျွယ်ဟာ ချန်ယွီအာကို အပြင်ထွက်တွေ့ပါတယ်။ စုချီနဲ့ ဟန်ကျွယ်ဟာ တောအုပ်ထဲမှာ စကားပြောနေကြခြင်း ဖြစ်ပါတယ်။ ငရဲကြက်နက်နဲ့ ပဋိပက္ခကောင်းကင်ခွေးဟာလည်း ဒီတောအုပ်ထဲမှာ နေနေကြတာ ဖြစ်ပါတယ်။
ချန်ယွီအာဟာ အပြုံးနဲ့ ပြောလိုက်ပါတယ် “ငါက သေမျိုးနွယ်တွေ မွေးတဲ့ခွေးကို ပြောတာပါ၊ မင်းက အဲဒီခွေးတွေနဲ့ မတူဘူး၊ ငါ့စကားကို စိတ်ထဲမထားနဲ့”
ထိုအခါကျမှ ပဋိပက္ခကောင်းကင်ခွေးဟာ ကျေနပ်သွားပါတယ်။
ချန်ယွီအာက ဆက်ပြောပါတယ် “တည်ထောင်သူဘိုးဘေးရဲ့ ဦးဆောင်မှုအောက်မှာ မိုးကာဝတ်ရုံဂိုဏ်းက ခွက်ခွက်လန် ရှုံးနိမ့်သွားတယ်၊ ဘိုးဘေးက အနာဂတ်မှာ ယွီဂျင်ဂိုဏ်း အသုံးပြုနိုင်ဖို့အတွက် မိုးကာဝတ်ရုံဂိုဏ်းရဲ့ ရင်းမြစ်တွေအကုန်လုံးကို ရှာဖွေသိမ်းဆည်းခဲ့တယ်”
ဟန်ကျွယ်ဟာ အလွန်ပဲ ကျေနပ်အားရသွားပါတယ်။ တာအိုသခင်ကျိုးတီဟာ ယွီဂျင်ဂိုဏ်းကို ကူညီပြီး မိုးကာဝတ်ရုံဂိုဏ်းကို ရှင်းပစ်ခဲ့တဲ့အတွက် ယွီဂျင်ဂိုဏ်းဟာ မိုးကာဝတ်ရုံဂိုဏ်းရဲ့ ကလဲ့စားကို စိတ်ပူစရာ မလိုတော့ပါဘူး။ ဟန်ကျွယ်ဟာ တာအိုသခင်ကျိုးတီကို နည်းနည်း အကောင်းမြင်လာပါတယ်။
“မင်းရဲ့ ကျင့်ကြံခြင်းကရော အခြေအနေ ဘယ်လိုရှိလဲ? ဘယ်အချိန်ကျရင် ရွှေဓာတ်လုံးအဆင့်ကို ထိုးဖောက်မှာလဲ” ဟန်ကျွယ်ဟာ ချန်ယွီအာကို မေးလိုက်ပါတယ်။
ချန်ယွီအာဟာ မျက်တောင်ခတ်ကာ ပြောလိုက်ပါတယ် “ကျွန်မ ရှင့်ကို ပြောစရာရှိတယ်၊ ဆရာသခင်က ကျွန်မကို ဘိုးဘေးနဲ့ ပင်လယ်ရပ်ခြားကို လိုက်သွားစေချင်နေတယ်”
ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပြီး ဒီသတင်းကို အံအားသင့်ခြင်း မရှိပါဘူး။ တာအိုသခင်ကျိုးတီရဲ့ ဂရုစိုက်မှုအောက်မှာ ချန်ယွီအာရဲံ ကျင့်ကြံခြင်းဟာ လျင်မြန်စွာ တိုးတက်လာမှာ မလွဲဧကန်ပါပဲ။
“ရှင် ကျွန်မတို့နဲ့ တကယ်ပဲ မလိုက်ဘူးလား?” ချန်ယွီအာဟာ မျှော်လင့်တကြီး မေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ပင်လယ်ရပ်ခြားကို အတူလိုက်မယ်ဆိုရင် ရှင်းဟုန်ရွှမ်နဲ့ မော့ကျူအတွက် အခွင့်အရေး လုံးဝရှိတော့မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ခေါင်းခါပြီး ပြန်ပြောလိုက်ပါတယ် “ပင်လယ်ရပ်ခြားကို သွားဖို့က အရမ်းအန္တရာယ်များတယ်၊ နောက်ပြီး ယွီဂျင်ဂိုဏ်းက အင်အားကြီးမားလာတော့ ဒီမှာနေတာ လုံခြုံတယ်၊ ဒါပေမဲ့ မင်းလို သေမျိုးနွယ်ကျင့်ကြံသူတွေကတော့ လောကကြီးကို ထွက်ပြီးကြည့်ရှုသင့်တယ်”
ချန်ယွီအာဟာ မှင်သက်သွားပြီး သေလောက်အောင် ဒေါသထွက်သွားပါတယ်။
ဟန်ကျွယ်က လေးလေးနက်နက် ပြောလိုက်ပါတယ် “မင်း ပင်လယ်ရပ်ခြားကိုရောက်ရင် ဂရုတစိုက် ကျင့်ကြံအားထုတ်ချည်၊ တစ်ခြားယောက်ျားတွေ အရူးလုပ်တာကို မခံနဲ့၊ ကျင့်ကြံခြင်းလမ်းစဉ်က မင်းကြိုးစားမှုအပေါ်ပဲ အလုံးစုံမူတည်နေတာ၊ အချစ်ဆိုတဲ့အရာမျိုးက မင်းရဲ့ကျင့်ကြံခြင်းကို နှောင့်နှေးစေလိမ့်မယ်၊ ငါတို့တွေ ကြီးမြတ်တဲ့တာအိုကို အတူရှာဖွေပြီး အနာဂတ်ကျရင် သေမျိုးကမ္ဘာကို ခရီးထွက်ကြမယ်လေ၊ ဒီလိုဆိုရင် အရမ်းပျော်စရာကောင်းမှာ!”
ချန်ယွီအာရဲ့ မျက်လုံးတွေဟာ တောက်ပသွားပါတယ် ‘ဂျူနီယာ စကားတွေက... ငါသိပြီ! ငါက သူ့နှလုံးသားထဲမှာ ရှိနေတာကို! သူပြောတာမှန်တယ်! ကျင့်ကြံခြင်းလမ်းစဉ်မှာ အချစ်က အတားအဆီး တစ်ခုပဲ!’ ဒီလိုတွေးမိလိုက်တဲ့ ချန်ယွီအာဟာ ပိုလိုပင် ပြုံးပျော်သွားပါတယ်။
ချန်ယွီအာနဲ့ ဟန်ကျွယ်ဟာ နောက်ထပ်နှစ်နာရီခန့် စကားပြောပြီးမှ လမ်းခွဲလိုက်ကြပါတယ်။
ချန်ယွီအာ ထွက်သွားတဲ့အခါ ပဋိပက္ခကောင်းကင်ခွေးဟာ ငရဲကြက်နက်ဘေးမှာ ခြေပစ်လက်ပစ်လဲပြီး ပြောလိုက်ပါတယ် “အစ်ကိုကြက်... အဲဒီမိန်းမက ကျွန်တော်တို့သခင်ကို အရမ်းကြိုက်ပုံပဲ” ပဋိပက္ခကောင်းကင်ခွေးဟာ ကံတရားအထောက်အပံ့ရှိတဲ့ နတ်သားရဲမို့ သေမျိုးပဲရှိသေးတဲ့ ငရဲကြက်နက်လို မတုံးအပါဘူး။
ငရဲကြက်နက်က တည်ကြည်လေးနက်စွာ ပြောလိုက်ပါတယ် “အဲဒါက လောဘပဲ၊ သူက သခင်ကို စားချင်နေတာ၊ အနာဂတ်မှာ မင်းကိုစိတ်ဝင်းစားတဲ့ တစ်ခြားခွေးတွေကိုတွေ့ရင် သူတို့ကို မင်းရှောင်ရှားရလိမ့်မယ်၊ မဟုတ်လို့ရှိရင် ကြီးမြတ်တဲ့တာအိုကို မင်းဘယ်တော့မှရမှာ မဟုတ်ဘူး”
“အစ်ကိုကြက်က အတွေးလွန်နေပြီ”
“ငါက တကယ်ပြောနေတာ၊ သခင်က ငါ့ကို ဒီလိုပဲ သင်ထားတာ”
“အစ်ကိုကြက်... အစ်ကိုကြက်က တုံးအတဲ့ကြက်တစ်ကောင်ပဲ၊ ကြက်တစ်ကောင်က ဘယ်လိုလုပ်ပြီး ဖီးနစ်ဖြစ်လာမှာလဲ?”
“ဘာကွ?!”
ငရဲကြက်နက်ဟာ ပဋိပက္ခကောင်းကင်ခွေးကို စပြီးရိုက်နှက်ပါတော့တယ်။ တစ်ခဏအတွင်းမှာ တောအုပ်တစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်သွားပြီး သစ်ရွက်တွေ မြေကြီးပေါ် ပြုတ်ကျကုန်ပါတော့တယ်။
…
ဆယ်နှစ်တာကာလဟာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားပါတယ်။
ဒီဆယ်နှစ်အတွင်းမှာ ဟန်ကျွယ်ဟာ စိတ်ဝိညာဉ်ပြောင်းလဲခြင်း ပဥ္စမအဆင့်ကို ရောက်ရှိသွားသလို စုချီကလည်း အခြေခံအဆင့်ကို ရောက်ရှိသွားပါတယ်။ စုချီရဲ့ အရည်အချင်းက တကယ့်ကို ဩချစရာပါ။ အခြေခံအဆင့်ကို ဆေးလုံးတွေ မသုံးဘဲ အလွယ်လေး ကျော်ဖြတ်သွားပါတယ်။
စုချီဟာ ကျင့်ကြံခြင်းကို ခံစားတက်လာပါတယ်။ ဆယ်နှစ်ကျော် ကြာသွားပေမဲ့ စုချီဟာ အပြင်ထွက်လိုစိတ် လုံးဝမရှိပါဘူး။ ဒါ့အပြင် သူဟာ ဟန်ကျွယ်ကိုလည်း အရမ်းလေးစားလာပါတယ်။
တစ်နေ့မှာတော့ တာအိုသခင်ကျိုးတီဟာ အဓိကတပည့်တွေကို ပြန်ခေါ်လာတဲ့အတွက် ယွီဂျင်ဂိုဏ်းတစ်ဂိုဏ်းလုံး ပျော်ရွှင်မှုတွေ လျှံတက်သွားကြပါတယ်။ ဟန်ကျွယ်ဟာ ဒီအသံတွေကြောင့် ကျင့်ကြံရာက နိုးထသွားပါတယ်။ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး လူမှုဆက်ဆံရေးကို စစ်ဆေးလိုက်ပါတယ်။
[သင့်တပည့် ရန်ထျန်တုန်းသည် မိစ္ဆာကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။]
[သင်၏ တာအိုလက်တွဲဖော် ရွှမ်ချင်းကျွင်းသည် နတ်ဆိုးများ၏ တိုက်ခိုက်မှုကို ခံရပြီး ပြင်းဒဏ်စွာ ဒဏ်ရာရသွားခဲ့သည်။]
[သင်၏ တာအိုလက်တွဲဖော် ရွှမ်ချင်းကျွင်းသည် မဟာယာနဂိုဏ်းသားများ၏ တိုက်ခိုက်မှုကို ခံရပြီး ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။]
[သင်၏ တာအိုလက်တွဲဖော် ရွှမ်ချင်းကျွင်းသည် အသတ်ခံရပြီး ပြန်လည်ရှင်သန်လာခဲ့သည်။]
[သင်၏ မိတ်ဆွေကောင်းကျိုးဖန်သည် ရှေးတားမြစ်နယ်မြေတစ်ခုကို မတော်တဆ ဝင်ရောက်မိပြီး ကံတရားများ ပြောင်းလဲသွားခဲ့သည်။]
ဟန်ကျွယ်ဟာ မှင်သက်သွားပါတယ် ‘ရွှမ်ချင်းကျွင်းက အသတ်ခံလိုက်ရတာလား? ကြည့်ရတာ သူ့ရဲ့သေမျိုးခန္ဓာကိုယ်က အကြိမ်ကြိမ်ပြန်ရှင်သန်နိုင်ပုံပဲ’ ဟန်ကျွယ်ဟာ ရွှမ်ချင်းကျွင်းကို မပူပန်ပါဘူး။ ဘာတွေပဲဖြစ်ဖြစ် ရွှမ်ချင်းကျွင်းဟာ နှစ်ပေါင်းများစွာ အသက်ရှင်သန်ခဲ့တဲ့ နတ်ဆိုးသခင်ပါ။
ဟန်ကျွယ်ဟာ ကျိုးဖန်ရဲ့ကံတရားက ပြောင်းလဲသွားတာကို သတိထားမိပါတယ်။ ဒါပေမဲ့ ဘယ်လိုပြောင်းလဲသွားတာ ဆိုတာကိုတော့ မတွေ့နိုင်ပါဘူး။
“ဟားဟားဟား.... မိတ်ဆွေလေးဟန်၊ ကျုပ် မင်းဆီလာလည်တာ” တာအိုသခင်ကျိုးတီရဲ့ ရယ်မောသံ ထွက်ပေါ်လာပြီး လေလိုလျင်မြန်တဲ့အမြန်နှုန်းနဲ့ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ဝင်လာပါတယ်။
စုချီဟာ မျက်လုံးဖွင့်ကြည့်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ မကောင်းတော့ဘူးလို့ သိလိုက်ပါတယ်။ ကြမ္မာဆိုးအင်မော်တယ် ဝင်စားသူက သူ့ဘေးနားမှာ ရှိနေတဲ့အတွက် တာအိုသခင်ကျိုးတီ ကံဆိုးရှာမှာကို ဟန်ကျွယ် စိုးရိမ်သွားပါတယ် ‘ဒီကောင်က ကြမ္မာဆိုးဆိုပေမဲ့ ခဏလေးနဲ့တော့ လူတစ်ယောက် ကံမဆိုးစေလောက်ဘူးမလား?’