← Chapters

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

အပိုင်း ၁၅

နောက်တစ်နေ့ နံနက်စောစောတွင် ထျဲလန်ယန်၏ အိမ်တံခါးကို တစ်စုံတစ်ဦးက လာခေါက်ခဲ့သည်။

တံခါးဝတွင် ယူနီဖောင်းဝတ် ရဲအရာရှိနှစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။

"ရဲဘော် ထျဲလန်ယန် ဟုတ်ပါသလား။ လူသတ်မှုနဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်မှုမှာ ပါဝင်ပတ်သက်နေတယ်လို့ တိုင်ကြားချက်အရ စုံစမ်းစစ်ဆေးဖို့ ရဲစခန်းကို လိုက်ခဲ့ပေးပါ..."

မနေ့ညက ကျန်းချွေ့ အသတ်ခံလိုက်ရပြီး ဟူကျူးဇီမှာလည်း အကြောများ အဖြတ်ခံရကာ တစ်ညလုံး သတိမေ့နေခဲ့သည်။

ယနေ့နံနက်တွင် ဟူရှောင်လျန်က သူတို့အခန်းထဲသို့ ဝင်ကြည့်ရာမှ ထိုကြောက်မက်ဖွယ် မြင်ကွင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ရဲအရာရှိများက အသေးစိတ် မေးမြန်းသောအခါ သူမ ပထမဆုံး သံသယရှိသူမှာ ထျဲလန်ယန် ဖြစ်နေတော့သည်။ "ထျဲလန်ယန် လက်ချက်ပဲ။ သူက ကျွန်မတို့ကို သိုလှောင်ခန်းထဲမှာ သုံးရက်ပိတ်ထားတယ်၊ ပြီးတော့ အိမ်ကပစ္စည်းတွေကိုလည်း တစ်ယောက်ယောက်နဲ့ ခိုးခိုင်းတယ်၊ အခုတော့ ကျွန်မအမေကိုတောင် သတ်ပစ်လိုက်ပြီ၊ သူက မိစ္ဆာမပဲ။"

ထျဲလန်ယန်က သူမတွင် အပြစ်မရှိကြောင်း ငြင်းဆိုသည်။ "ရဲအရာရှိတို့ရယ်... ကျွန်မရဲ့ သေးသေးကွေးကွေး ခန္ဓာကိုယ်လေးကို ကြည့်ပါဦး၊ လေတိုက်ရင်တောင် လွင့်သွားနိုင်တဲ့ဟာကို လူတစ်ယောက်ကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ။"

"ဒါ့အပြင် ကျွန်မအိမ်နားက အိမ်နီးနားချင်းတွေ အကုန်လုံး သိကြပါတယ်၊ ကျန်းချွေ့တို့ မိသားစုက ကျွန်မအပေါ် ဘယ်လောက်ကောင်းလဲဆိုတာ၊ အဲဒါကို ကျွန်မက ဘာလို့ သူတို့ကို သိုလှောင်ခန်းထဲ ပိတ်ထားရမှာလဲ။"

"ပြီးတော့ သူတို့အိမ်က ပစ္စည်းတွေ တစ်ညတည်းနဲ့ အကုန်ပြောင်သွားတာဆိုတော့ လူအများကြီး လိုမှာပေါ့၊ ကျွန်မလို မိန်းကလေးတစ်ယောက်က ဘယ်လိုလုပ် အဲဒီလောက် စွမ်းဆောင်နိုင်မှာလဲ။"

"ရဲအရာရှိတို့ ကျွန်မ ထင်တာကတော့ ရဲဘော် ဟူရှောင်လျန်က သူ့အမေ သေသွားလို့ စိတ်ဓာတ်ကျပြီး ယောင်ယမ်းပြီး ကျွန်မကို စွပ်စွဲနေတာ ဖြစ်ရမယ်။"

ရဲအရာရှိများမှာလည်း မူလကတည်းက ဤကိစ္စမှာ မဖြစ်နိုင်ဟု တွေးထားကြပြီး ယခု ထျဲလန်ယန်၏ ရှင်းပြချက်ကို ကြားသောအခါ ပို၍ပင် သေချာသွားကြသည်။ ဤသို့ဖြင့် ထျဲလန်ယန်သည် တစ်နာရီမပြည့်မီမှာပင် ရဲစခန်းမှ ပြန်ထွက်လာနိုင်ခဲ့သည်။

ဟူရှောင်လျန်သည် သူမနောက်သို့ အပြေးလိုက်လာခဲ့သည်။ သူမသည် ရူးသွပ်နေသူနှင့်တူနေပြီး ထျဲလန်ယန်၏ အကျီစကို ဆွဲကာ အံကြိတ်ပြီး ပြောလိုက်သည်။ "နင်ပဲ... နင်လုပ်တာ မဟုတ်လား။"

"နင်ဘာတွေ ပြောနေတာလဲ ငါမသိဘူး။"

ထျဲလန်ယန် သူမကို ပြုံးပြလိုက်သည်။

"ဒါပေမယ့် ငါသေချာတာ တစ်ခုကတော့ နင်သွားရမယ့် နယ်စပ်ဒေသက အရမ်းဆင်းရဲပြီး ပင်ပန်းတယ်တဲ့၊ နင် ဘယ်တော့မှ ပြန်လာနိုင်မှာ မဟုတ်ဘူး။"

ထိုစကားမှာ အလွန်ရင်းနှီးနေသည်။ ဟူရှောင်လျန်၏ မျက်နှာမှာ ဖြူဖျော့သွားပြီး တုန်ရီစွာဖြင့် ပြောလိုက်သည်။"နင်ပဲ... နင် ငါတို့ ပြောတာတွေကို ခိုးနားထောင်ခဲ့တာပဲ။ ပြီးတော့ ကလဲ့စားချေပြီး ငါတို့မိသားစုကို ဖျက်ဆီးပစ်တာ။"

"စကားကို လျှောက်မပြောနဲ့၊ နင့်မှာ သက်သေရှိလို့လား။"

ထျဲလန်ယန်သည် လှောင်ပြုံးပြုံးကာ ထွက်ခွာသွားတော့သည်။

ဟူရှောင်လျန်သည် ကြောင်တောင်တောင်ဖြင့် အိမ်သို့ လမ်းလျှောက်ပြန်လာခဲ့သည်။ အိမ်ရှေ့မရောက်မီမှာပင် ရပ်ကွက်ရုံးမှ ဝန်ထမ်းအမျိုးသမီးအချို့ ရောက်လာပြီး "ရဲဘော် ဟူရှောင်လျန်၊ ရထားထွက်တော့မယ်၊ ဘာလို့ အိမ်မှာ ရှိနေသေးတာလဲ၊ လာ... သွားကြစို့" ဟု ပြောကာ ခေါ်သွားကြတော့သည်။

ဟူရှောင်လျန်က မည်မျှပင် ရုန်းကန်အော်ဟစ်စေကာမူ သူမအား အတင်းအဓမ္မ ခေါ်ဆောင်သွားကြသည်။ သဲဖုန်များထူထပ်ပြီး ပင်ပန်းဆင်းရဲလှသော ခရီးစဉ်ကြီးက သူမကို စောင့်ကြိုနေတော့သည်။

သူတစ်ပါးကို ဒုက္ခပေးသူသည် မိမိထံသို့သာ ပြန်လည်သက်ရောက်တတ်သည် မဟုတ်ပါလား။ "မကောင်းမှုပြုသူသည် မကောင်းကျိုးကိုသာ ခံစားရမည်" ပင် ဖြစ်သည်။

………

ရဲစခန်းမှ ထွက်လာပြီးနောက် ထျဲလန်ယန်သည် ပစ္စည်း အဟောင်းဆိုင်သို့ သွားခဲ့သည်။ ကျန်းချွေ့တို့ မိသားစုကို ရှင်းလင်းပြီးနောက် မူလပိုင်ရှင်အတွက် ကလဲ့စားချေမှုလည်း ပြီးဆုံးသွားပြီ ဖြစ်သည်။ ထို့ကြောင့် သူမသည် ပစ္စည်းများ စုဆောင်းရန် ပို၍ စိတ်အားထက်သန်လာသည်။

ရှေးခေတ်နောက်ခံ ဝတ္ထုများထဲရှိ ဇာတ်လိုက်မများအတွက် အဟောင်းဆိုင်ဆိုသည်မှာ ရတနာသိုက်ပင် ဖြစ်သည်။ ထို့ကြောင့် သူမလည်း သွားရောက်စစ်ဆေးရပေမည်။

"ငါ ပိုက်ဆံကို ချစ်တယ်... ပိုက်ဆံရှိတာ သိပ်ပျော်ဖို့ကောင်းတယ်~"

ထျဲလန်ယန်သည် သီချင်းတညည်းညည်းဖြင့် အဟောင်းဆိုင်သို့ ရောက်လာခဲ့သည်။

တံခါးဝတွင် အဘိုးကြီးတစ်ဦး စောင့်နေသည်။

ဟေး... ဝတ္ထုတွေထဲကအတိုင်းပဲ။

"မယူသင့်တာကို မယူနဲ့" ဆိုသည့် စကားတစ်ခွန်းသာ ထပ်ပြောလိုက်လျှင် အပြည့်အစုံပင် ဖြစ်တော့မည်။

ဝတ္ထုထဲမှ ဇာတ်လိုက်မများအတိုင်း ထျဲလန်ယန်သည် ပိုက်ဆံ ၃ ပဲကို ကမ်းပေးလိုက်ပြီး ပြောလိုက်သည်။ "အဘိုး အိမ်မှာ မီးမွှေးဖို့ စက္ကူပြတ်သွားလို့ပါ၊ အဲဒါနဲ့ သတင်းစာအဟောင်းလေးတွေ လာရှာတာပါ။"

အဘိုးကြီး၏ မျက်လုံးများမှာ ရုတ်တရက် စူးရှသွားပြီး ဆေးတံသောက်နေသည်ကို ရပ်လိုက်သည်။

သူ ထရပ်ပြီး လူခေါ်ရန် မပြင်မီမှာပင် ထျဲလန်ယန်သည် လျှပ်တပြက်အတွင်း ထွက်ပြေးသွားခဲ့သည်။

အဘိုးကြီးကတော့ အဘိုးကြီးပဲ၊ တစ်ခုခုမှားနေတာကို ချက်ချင်းရိပ်မိတာပဲ။

အတွက်အချက် မှားသွားသဖြင့် နောက်တစ်ကြိမ် ထပ်ကြိုးစားရပေမည်။

၁၀ မိနစ်အကြာတွင် အဟောင်းဆိုင်ရှိ သစ်ပင်ကြီးတစ်ပင်အောက်၌…

ထျဲလန်ယန်သည် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးအဖြစ် ဟန်ဆောင်ကာ အတွင်းသို့ ချောင်းကြည့်လိုက်သည်။

အဟောင်းဆိုင်ထဲသို့ ဝင်သူများသည် အဘိုးကြီးကို နှုတ်ဆက်ရုံသာ လိုအပ်သည်ကို သူမ တွေ့ရှိသွားခဲ့သည်။

"အဘိုးလီ ကျွန်မ အထဲဝင်ပြီး ခဏကြည့်လိုက်ဦးမယ်နော်။"

"အေးအေး မယူသင့်တာကို မယူနဲ့နော်။"

အင်း... ဤသည်မှာ ဖြစ်သင့်ဖြစ်ထိုက်သော အခြေအနေပင်။

မိနစ် ၂၀ အကြာတွင်…

အရင်ဝင်သွားသူမှာ ခြေတစ်ဖက်ကျိုးနေသော စားပွဲတစ်လုံးကို သယ်ကာ ယုံကြည်မှုအပြည့်ဖြင့် ထွက်လာသည်။ "အဘိုး ကျွန်မတို့အိမ်မှာ ထမင်းစားစားပွဲ မရှိလို့ပါ၊ ဒါလေးကို ဘယ်လောက်ပေးရမလဲ။"

အဘိုး - "၅ ဆင့်သာ ပေးလိုက်ပါတော့။"

"ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် အဘိုးလီ။"

ထျဲလန်ယန် -....

ဒီလောက်လွယ်တာလား။ ငါ အရင်က အများကြီး တွေးမိနေတာပဲ။

ထျဲလန်ယန်သည်လည်း အရင်လူကဲ့သို့ပင် အဘိုးလီကို နှုတ်ဆက်လိုက်ရာ သူက သူမကို အထဲပေးဝင်လိုက်သည်။

'ဟီးဟီး... ကံကောင်းသွားတယ်။'

အဟောင်းဆိုင်မှာ ဟောင်းနွမ်းနေသော ကုန်လှောင်ရုံကြီးတစ်ခုဖြစ်ပြီး အတွင်း၌ ပစ္စည်းများမှာ ဟိုတစ်ပုံ ဒီတစ်ပုံနှင့် ရှုပ်ပွနေသည်။

ဟောင်းနွမ်းနေသော ပရိဘောဂများ၊ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော စာအုပ်များနှင့် စက္ကူများ၊ ကွဲအက်နေသော ပန်းကန်ခွက်ယောက်များနှင့် အခြားအထွေထွေ ပစ္စည်းများရှိနေသည်။ ထိုအချိန်တွင် အထဲ၌ လူမရှိသဖြင့် ထျဲလန်ယန်သည် ချက်ချင်းပင် စတင်ရှာဖွေတော့သည်။

သူမသည် ပရိဘောဂဟောင်းများထဲတွင် လိုက်ရှာသော်လည်း ဝတ္ထုထဲတွင်ပါလေ့ရှိသော အဖိုးတန်သစ်နက်မျိုးကို မတွေ့ရပေ။ သို့သော် လက်ရန်းကျိုး၊ ခြေကျိုးနေသော ပရိဘောဂများနှင့် သစ်သားချောင်း အတော်များများကိုမူ တွေ့ရှိခဲ့သည်။

သူမသည် ထင်းအဖြစ် သုံးရန်အတွက် အချို့ကို နေရာလွတ်ထဲသို့ သိမ်းလိုက်သည်။ စားပွဲခြေထောက်များကိုလည်း လိုက်ခေါက်ကြည့်သော်လည်း အတွင်း၌ အခေါင်းပါသော ခြေထောက်တစ်ချောင်းမျှ မတွေ့ရပေ။

မည်သူမျှ မအပေ၊ အကယ်၍ အဖိုးတန်အရာရှိလျှင် သူတို့ အရင်ယူထားကြမည်သာ ဖြစ်သည်။ ပစ္စည်းကောင်းကို ဈေးပေါပေါနှင့်ရရန်မှာ သူတစ်ပါး ချန်ထားခဲ့သော အရာများထဲတွင်သာ ရှာဖွေရပေမည်။ ထျဲလန်ယန်သည် စိတ်မလျှော့ဘဲ ဆက်ရှာဖွေခဲ့သည်။

ဟေး…

ဖုန်ထူနေသော စာအုပ်များကြားတွင် စိတ်ဝင်စားစရာ အချို့ကို တွေ့လိုက်ရသည်။ ပြည်တွင်းပြည်ပမှ ဝတ္ထုအမျိုးမျိုး ဖြစ်ပြီး အချိန်ဖြုန်းရန်အတွက် သူမ သိမ်းထားလိုက်သည်။

ဆုတ်ပြဲနေသော ရှေးဟောင်းပန်းချီကား အချို့ကိုလည်း တွေ့ရသဖြင့် နှမြောစရာပဲ ဟု တွေးမိသည်။

ထျဲလန်ယန်သည် ထိုပန်းချီကားအပိုင်းအစအားလုံးကို သူမ၏ ဟင်းလင်းပြင်အတွင်းသို့ သိမ်းဆည်းလိုက်သည်‌။ နောင်တစ်ချိန်တွင် သူမ၌ တတ်နိုင်စွမ်းရှိလာပါက ရှေးဟောင်းပန်းချီ ပြုပြင်ထိန်းသိမ်းသူတစ်ဦးထံ၌ ပြန်ပြင်ဆင်ခိုင်းမည်ဖြစ်ပြီး ထိုပန်းချီကားများသည် အဖိုးတန်လာနိုင်သည်‌။

တိုင်းရင်းဆေးကျမ်းများ၊ စက်မှုလက်မှုဆိုင်ရာ စာအုပ်များ၊ ဘာသာပြန်စာအုပ်များ၊ ကလေးရုပ်ပြစာအုပ်များနှင့် မဂ္ဂဇင်း စသည်တို့ကိုလည်း သူမ သိမ်းဆည်းလိုက်သည်။

ကွဲအက်နေသော ပန်းကန်ခွက်ယောက်များကြားတွင် အပြာနှင့်အဖြူရောင် ပန်းကန်ကွဲ အချို့ကို တွေ့ရသဖြင့် ၎င်းတို့ကိုလည်း သိမ်းလိုက်သည်။ နောင်တွင် ပြန်ဆက်ကာ အလှဆင်ပစ္စည်းအဖြစ် သုံးနိုင်လိမ့်မည်။

သိမ်း... အကုန်သိမ်း။

ထျဲလန်ယန်သည် သူမမျက်စိထဲတွင် အဆင်ပြေမည့်အရာ အားလုံးကို မဆိုင်းမတွ သိမ်းဆည်းတော့သည်။ ဤအရာများမှာ အဟောင်းအစုတ်များသာ ဖြစ်သဖြင့် ယခုအချိန်တွင် တန်ဖိုးမရှိပေ။

သူမ မယူလျှင်လည်း အခြားသူများက ယူသွားမည် သို့မဟုတ် ဖျက်ဆီးပစ်ကြမည်သာ ဖြစ်သည်။ အထူးအဖိုးတန်သော အရာများ မတွေ့ရသေးသော်လည်း ယနေ့ ရရှိသမျှမှာ မဆိုးလှပေ။

ထျဲလန်ယန်သည် အမြဲတမ်း အကောင်းမြင်တတ်သူ ဖြစ်သည်။ ထိုသို့သော စိတ်ထားကြောင့်ပင် ကံကောင်းခြင်းများ ရောက်လာသည်ဟု ဆိုရပေမည်။ သူမ လက်လျှော့တော့မည့် အချိန်မှာပင်…

ထောင့်တစ်နေရာတွင် သော့ခတ်ထားသော ကြေးနီရေနွေးအိုး အဟောင်းကြီးတစ်ခုကို တွေ့ရှိခဲ့သည်။ ထိုရေနွေးအိုး၏ မျက်နှာပြင်မှာ စိမ်းဖန့်ဖန့် အရောင်ဖြစ်နေပြီး ၎င်းပေါ်ရှိ အစက်အပြောက်များက အလွန်ဟောင်းနွမ်းနေကြောင်း သက်သေပြနေသည်။

အဓိကအချက်မှာ ထိုရေနွေးအိုးရှိ သော့မှာ အတွင်းထဲတွင် မြှုပ်နေသဖြင့် သော့မရှိဘဲ မည်သူမျှ ဖွင့်၍မရခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ဤနေရာသို့ ရောက်နေခြင်း ဖြစ်လိမ့်မည်။

အခြားသူများအတွက် ထိုသော့ကို ဖွင့်ရန် ခက်ခဲနိုင်သော်လည်း ထျဲလန်ယန်အတွက်မူ အသေးအမွှားလေးသာ ဖြစ်နေတော့သည်။

၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်

အပိုင်း ၁၆

ပို၍စိတ်ချရစေရန် ထျဲလန်ယန်သည် ကြေးရေနွေးအိုးကို သူမ၏ နေရာလွတ်ထဲသို့ အရင်ထည့်ပြီးမှ စိတ်ဖြင့် ထိန်းချုပ်ကာ ဖွင့်လိုက်သည်။ မကြာမီမှာပင် ကြေးအိုးကြီး ပွင့်သွားတော့သည်။

အိုးပွင့်သွားသည်နှင့် အတွင်းမှ အရာများကြောင့် သူမ၏ မျက်လုံးများပင် ကျိန်းသွားရသည်။

ဘုရားရေ။

၎င်းထဲတွင် ရွှေတုံးများ အပြည့် ဖြစ်နေပြီး အရေအတွက်အားဖြင့် ၂၀၀ တောင် ရှိနေသည်။

ဤကြေးအိုးကြီး ဘာကြောင့် ဒီလောက်လေးနေရသလဲဆိုသည်ကို သူမ အဖြေရသွားသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံခေတ်က ရွှေတုံးများသည် တစ်တုံးလျှင် ၃၁.၂၅ ဂရမ်ခန့် ရှိတတ်သည်။ ၂၀၀ ဆိုလျှင် ဂရမ်ပေါင်း ၆၂၅၀ တောင် ရှိပေလိမ့်မည်။

ခေတ်သစ်ကာလတွင် ရွှေဈေးမှာ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာရာ တစ်ဂရမ်လျှင် ယွမ် ၈၀၀ အထိပင် စံချိန်တင်ခဲ့ဖူးသည်။ ပျမ်းမျှဈေး ယွမ် ၇၀၀ နှင့် တွက်မည်ဆိုလျှင်ပင် ဤရွှေများသည် ယွမ် ၄ သန်းကျော် တန်ဖိုးရှိလိမ့်မည်။

ဟားဟား... ငါတော့ ချမ်းသာပြီ၊ ချမ်းသာပြီ။

တကယ့်ကို မမျှော်လင့်ထားသော အံ့ဩစရာပင် ဖြစ်သည်။

ဝတ္ထုတွေထဲက အတိုင်း အဟောင်းဆိုင်ဆိုတာ တကယ်ကို ရတနာသိုက်ပဲ။

ထျဲလန်ယန်သည် အလွန်ဝမ်းသာသွားသဖြင့် နှစ်ခါလောက် ခုန်ပေါက်မိသည်။ ထို့နောက် ကျန်ရှိနေသော အရာများကို ကြည့်လိုက်ရာ စာသင်ကြားရေး ပစ္စည်းအချို့ ဖြစ်နေသည်။

နေဦး... သေချာပြန်ကြည့်စမ်း။

အို့... ဘုရားရေ။

ဤသည်မှာ သင်္ချာ၊ ရူပဗေဒနှင့် ဓာတုဗေဒ ကိုယ်တိုင်လေ့လာမှု စာအုပ်တွဲကြီး ဖြစ်နေသည်။ အက္ခရာသင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဂျီဩမေတြီ စသည်ဖြင့် စုစုပေါင်း ၁၇ အုပ်တောင် ပါဝင်သည်။

၁၉၇၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများ ပြန်လည်စတင်ချိန်တွင် ဤစာအုပ်တွဲမှာ အလွန်ခေတ်စားခဲ့သည်။ လူများစွာမှာ စာအုပ်ဆိုင်သို့ ညအချိန်မတော် သွားဝယ်သော်လည်း မရနိုင်လောက်အောင်ပင် ဝယ်လိုအား မြင့်မားခဲ့သော စာအုပ်များ ဖြစ်သည်။

မမျှော်လင့်ဘဲ ယခုကဲ့သို့ တွေ့လိုက်ရသဖြင့် သူမ ချက်ချင်းပင် သိမ်းလိုက်သည်။ နောင်တွင် သူမလည်း တက္ကသိုလ်ဝင်စာမေးပွဲ ဖြေရမည်ဖြစ်ရာ နေရာလွတ်ထဲတွင် လေ့လာနိုင်သည်။

ထျဲလန်ယန်သည် ထိုစာအုပ်တွဲကို မီးခိုးရောင် အိတ်ထဲသို့ ထည့်ကာ အပြင်သို့ သယ်လာခဲ့သည်။ တံခါးစောင့်အဘိုးကြီးက မြင်သဖြင့် မေးခဲ့သည်။ "ဘာတွေ သယ်လာတာလဲ။"

ထျဲလန်ယန်က အိတ်ကိုဖွင့်ပြလိုက်ပြီး အသံတိုးတိုးဖြင့် ဖြေလိုက်သည်။ "အဘိုး၊ ဒါတွေက စာသင်ဖို့ စာအုပ်တွေပါ၊ ကျွန်မသမီးက အထက်တန်းတက်နေလို့ အိမ်ယူသွားပြီး လေ့လာခိုင်းမလို့ပါ။"

တံခါးစောင့်က ဆေးတံကို ဖွာရင်း နားထောင်နေသည်။ ထို့နောက် သူက ခေါင်းညိတ်ကာ ပြောလိုက်သည်။ "အင်း... နင့်ရုပ်က ကျောက်မီးသွေးလို မည်းနေပေမယ့် အမြင်တော့ တော်တော်ကျယ်မယ်လို့ မမျှော်လင့်ထားဘူး"

မျက်နှာတွင် အမည်းရောင်များ ခြယ်သထားသော ထျဲလန်ယန် - .......

အဘိုးကြီးက သူမကို ချီးကျူးနေတာလား၊ ဆူနေတာလား မဝေခွဲနိုင်တော့ပေ။

နောက်ဆုံးတွင် ထျဲလန်ယန်သည် ပိုက်ဆံ ၅ ဆင့် ပေးလိုက်ပြီး စာအုပ်များကို ပျော်ရွှင်စွာ သယ်လာခဲ့သည်။ ယနေ့ ရရှိသမျှမှာ တကယ့်ကို တန်ဖိုးရှိလှသဖြင့် သူမ စိတ်ကျေနပ်မိသည်။

သူမ ဆက်ကြိုးစားရဦးမည်။

……

ထျဲလန်ယန် အိမ်ပြန်ရောက်ရုံပဲရှိသေး အိမ်နီးနားချင်း အဒေါ်မာက တံခါးလာခေါက်ခဲ့သည်။ "လန်ယန်. ပြန်ရောက်ပြီလား၊ ငါတို့အိမ်မှာ ညစာလာစားပါလား။"

အဒေါ်မာ၏ မျက်နှာမှာ အလွန်ပင် ဖော်ရွေလှသည်။

ထျဲလန်ယန် - "အဒေါ်မာ မလိုပါဘူး၊ ကျွန်ဘာသာ ရိုးရိုးရှင်းရှင်း ချက်စားပါ့မယ်၊ အလုပ်ရှုပ်မခံပါနဲ့။"

ယနေ့ နေ့လယ်စာအတွက် ဘဲသားကင်လုပ်စားရန် သူမ စီစဉ်ထားပြီးသား ဖြစ်ရာ အလွန်ပင် စိတ်လှုပ်ရှားနေမိသည်။

အဒေါ်မာ - "မဟုတ်တာ အဒေါ့်ကို အားနာမနေပါနဲ့၊ နင့်အစ်ကိုကျန်းလည်း ရှိနေတာမို့လို့ အဒေါ် ဟင်းတွေ အများကြီး ချက်ထားတယ်။"

ထျဲလန်ယန် - "တကယ် မလိုပါဘူး"

မည်သည့်ဟင်းက ဘဲသားကင်ကို ယှဉ်နိုင်မည်နည်း။

သူမမှာ သွားရည်ပင် ကျနေပြီဖြစ်သည်။

ထျဲလန်ယန်က ထပ်ခါထပ်ခါ ငြင်းနေသဖြင့် အဒေါ်မာ၏ မျက်နှာမှ အပြုံးများ ပျောက်ကွယ်သွားသည်။

"ကောင်းပြီလေ ဒါဆိုလည်း နင်ပဲ အလုပ်ရှုပ်နေလိုက်တော့၊ အဒေါ် မနှောင့်ယှက်တော့ဘူး။"

သူမသည် ထိုသို့ဆိုကာ လှည့်ထွက်သွားတော့သည်။

ထျဲလန်ယန်မှာ ထိုအကြောင်းကို အများကြီး မတွေးတော့ဘဲ တံခါးပိတ်ကာ နေရာလွတ်ထဲသို့ ဝင်ခဲ့သည်။

"ကွက်... ကွက်... ကွက်~"

နေရာလွတ်ရှိ စိမ်းလန်းသော မြက်ခင်းပေါ်တွင် ဘဲထီး၀ဝကြီးတစ်ကောင် လမ်းလျှောက်နေသည်။

ထိုမြင်ကွင်းကို ကြည့်ကာ ထျဲလန်ယန်မှာ အံ့ဩသွားရသဖြင့် မျက်ခုံးများပါ ပင့်လိုက်မိသည်။

ကြက်ကလေးများနှင့် ဘဲကလေးများသည် ထိုဘဲထီးကြီးကို သူတို့အမေဟု ထင်နေကြပုံရသည်။

ဒီနေ့ ဘဲကင် စားသင့်သေးရဲ့လား။

သူမ သူတို့အမေကို သူတို့ရှေ့မှာ သတ်လိုက်ရင် စိတ်ဒဏ်ရာ ရသွားကြမလား။

သူမသည် ၂ စက္ကန့်ခန့်သာ စဉ်းစားလိုက်သည်။ ထျဲလန်ယန်မှာ ဘာပဲဖြစ်ဖြစ် စားဖို့ ဆုံးဖြတ်လိုက်သည်။

ဤသည်မှာ ထိုကလေးများအတွက် လောကကြီး၏ ခါးသီးမှုကို ကြိုတင်သိရှိစေမည့် အခွင့်အရေးကောင်းပင် ဖြစ်သည်။

နောက်ဆုံးတွင် သူတို့ကြီးလာလျှင်လည်း သူမ၏ စားစရာများ ဖြစ်လာကြမည်သာ မဟုတ်ပါလား။

ဘဲသတ်သည့် လုပ်ငန်းစဉ်မှာ ရိုးရှင်းပါသည်။

လည်ပင်းလှီးကာ သွေးဖောက်၊ ရေနွေးပူဖြင့် စိမ်ကာ အမွှေးများနှုတ်ပြီး အတွင်းကလီစာများကို သန့်ရှင်းရေး လုပ်လိုက်သည်။

ထို့နောက် ဘဲကိုယ်လုံးကို ပဲငါးပိရည်၊ ပဲငံပြာရည်အနောက်၊ ဆားနှင့် သကြားတို့ဖြင့် နယ်ကာ အသားထဲသို့ စိမ့်ဝင်သွားအောင် နှိပ်နယ်ပေးလိုက်သည်။

ပျားရည်မရှိသဖြင့် သကြားကိုသာ အစားထိုး သုံးလိုက်ရသည်။

ဘဲသားထဲ အရသာဝင်အောင် စောင့်နေစဉ် ထျဲလန်ယန်သည် မြေကြီးထဲတွင် ကျင်းတစ်ကျင်းတူးကာ ကင်ရန်အတွက် ဝါးစင်လေးတစ်ခု လုပ်လိုက်သည်။

အရသာနယ်ထားသော ဘဲကို ဝါးချောင်းဖြင့် ထိုးကာ မီးအရှိန်ပြင်းပြင်းဖြင့် စကင်တော့သည်။

ကင်နေစဉ်အတွင်း ထျဲလန်ယန်သည် ပန်းသီးနှစ်လုံးကို ကြိတ်ကာ ၎င်း၏အရည်များကို ဘဲသားပေါ်တွင် သုတ်လိမ်းပေးလိုက်သည်။ မကြာမီမှာပင် ပန်းသီးနံ့နှင့် အသားကင်နံ့များမှာ လေထဲတွင် မွှေးပျံ့လာတော့သည်။

ထျဲလန်ယန်၏ မျက်လုံးများ တောက်ပသွားပြီး သွားရည်ပင် ကျလာသည်။

ဂလု…

အရမ်းမွှေးတာပဲ။

ဘဲသားကင်က အဆီနည်းနည်း များနိုင်သဖြင့် သူမသည် ပဲပင်ပေါက်သုပ် တစ်ပန်းကန်ကိုပါ ပြင်ဆင်လိုက်သည်။

ကြက်သွန်မြိတ်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီး၊ ပဲငံပြာရည်၊ ရှာလကာရည်၊ ဆားနှင့် သကြားတို့ကို ပြင်လိုက်သည်။ ပဲပင်ပေါက်များကို ဆေးကြောကာ ရေနွေးဖျောပြီးနောက် ရေအေးထဲတွင် ခေတ္တစိမ်ထားလိုက်သည်။

ထို့နောက်တွင် သူမသည် ဒယ်အိုးအတွင်း၌ ဆီပူအောင်လုပ်ကာ ပါဝင်ပစ္စည်းများအားလုံးကို ထည့်၍ မွှေးပျံ့လာသည်အထိ ဆီသတ်လိုက်သည်‌။ ပြီးနောက် ၎င်းတို့ကို ပန်းကန်လုံးတစ်လုံးအတွင်းသို့ လောင်းထည့်ကာ ပဲပင်ပေါက်များနှင့် ရောနယ်လိုက်ရာ မကြာမီအချိန်အတွင်းမှာပင် ပဲပင်ပေါက်သုပ် တစ်ပန်းကန် အဆင်သင့် ဖြစ်လာတော့သည်‌။

ထျဲလန်ယန်သည် ပဲပင်ပေါက်ကို တစ်ကိုက် စားကြည့်လိုက်ရာ…

အင်း... လတ်ဆတ်ပြီး အရသာရှိလိုက်တာ။

ဘဲကင်နေစဉ်အတွင်း ဗိုက်ဆာသဖြင့် ပန်းသီးကြီးတစ်လုံးကိုလည်း ကိုက်စားနေမိသည်။

သူမသည် နေ့တိုင်း ပန်းသီးစားနေသဖြင့် အသားအရေမှာ ပို၍ ချောမွေ့လာသကဲ့သို့ ခံစားရသည်။ ဤခေတ်သို့ ရောက်လာသည်မှာ လေးငါးရက်ရှိပြီဖြစ်ရာ သူမသည် ဝဝလင်လင် စားသောက်နေရသည်။

ကိုယ်အလေးချိန် တိုင်းစက်မရှိသော်လည်း သူမ ကိုယ်အလေးချိန် နည်းနည်းတက်လာသည်ဟု ခံစားရသည်။

တစ်ပေါင် သို့မဟုတ် နှစ်ပေါင်ခန့် တက်လာမည်လား။

သူမ၏ ရည်မှန်းချက်ဖြစ်သော ပေါင် ၃၀ ပြည့်ရန်အတွက် ၂၈ ပေါင်ခန့် ထပ်တက်ရန် လိုအပ်နေသေးသည်‌။

သွားရမည့်ခရီးက ရှည်လျားလွန်းသော်လည်း သူမကတော့ ခိုင်မာသော စိတ်ဓာတ်ဖြင့် ဆုံးဖြတ်ချက် ချထားပြီးသား ဖြစ်သည်‌။

တစ်နာရီခန့် အပူပြင်းပြင်းဖြင့် ကင်ပြီးနောက် ဘဲသားကင်မှာ အသင့်ဖြစ်သွားပြီ ဖြစ်သည်။

ထျဲလန်ယန်သည် ဘဲပေါင်ကြီးကို ဆွဲဖြုတ်ကာ ချက်ချင်း ကိုက်စားလိုက်သည်။

ထိုအရသာ သူမ၏ လျှာဖျားပေါ်သို့ ထိတွေ့လိုက်သည့် ခဏမှာပင် သူမ အံ့အားသင့်သွားရတော့သည်‌။

ဘဲအရေခွံမှာ ရွှေညိုရောင်သန်းပြီး ကြွပ်ရွနေကာ အတွင်းသားမှာမူ နူးညံ့ပြီး အရည်ရွှမ်းလှသည်‌။ အရသာမှာ လေးပင်သော်လည်း အဆီမများလှဘဲ နူးညံ့အိစက်နေသည့်အပြင် တစ်လုတ်ချင်းစီတိုင်းက သူမ၏ အရသာခံအာရုံကို အစွမ်းကုန် လှုံ့ဆော်နေတော့သည်‌။

ထျဲလန်ယန်သည် ပါးစပ်တွင် ဆီများပင် ပေကျံသည်အထိ ဘဲကင်ကို အားရပါးရ စားလိုက်တော့သည်။

"ရှလွတ် ရှလွတ်~"

"ကွက် ကွက် ကွက်"

ကြက်ကလေးများနှင့် ဘဲကလေးများသည် မြက်ခင်းပေါ်တွင် ပျော်ရွှင်စွာ ခုန်ပေါက်နေကြသည်။ ထျဲလန်ယန်၏ လက်မှ ကျလာသော ဘဲသားအပိုင်းအစများကို မြင်သောအခါ သူတို့မှာ အပြေးအလွှား လာလုစားကြတော့သည်။

ထျဲလန်ယန် - ........

သူမ၏ စိုးရိမ်မှုများမှာ အလကားပင်။

ဒီကောင်လေးတွေက ဘာမှ ဂရုမစိုက်ကြပါလား။

ဝဝလင်လင် စားပြီးနောက် အိပ်စက်ရန် အချိန်ရောက်ပြီ ဖြစ်သည်။

ထျဲလန်ယန်သည် နေ့လယ် ၂ နာရီအထိ အိပ်ပျော်သွားပြီး နိုးလာသောအခါ အားအင်များ ပြည့်ဝနေတော့သည်။

သူမ အပြင်သွားရန် ပြင်ဆင်လိုက်သည်။

ကျင်းမြို့တော်ထဲတွင် အဟောင်းဆိုင် အတော်များများ ရှိရာ သူမသည် နံနက်က တစ်ဆိုင်တည်းသာ သွားရသေးသဖြင့် ကျန်သည့်ဆိုင်များကိုလည်း သွားကြည့်ရဦးမည်။

ဝင်းတံခါးကို ပိတ်နေစဉ် အရပ်ရှည်ရှည် ပိန်ပိန်နှင့် လူတစ်ယောက် လမ်းလျှောက်လာခဲ့သည်။

"လန်ယန်၊ အပြင်သွားမလို့လား။"

ထိုလူမှာ အကျီဖြူနှင့် မျက်မှန်အမည်း တပ်ထားပြီး ရိုးသားဖြောင့်မတ်သော မျက်နှာရှိသည်။

သူသည် ဘေးအိမ်က အဒေါ်မာ၏သား ချန်ကျန်း ဖြစ်ပြီး မူလပိုင်ရှင်နှင့်လည်း ပုံမှန်ဆက်ဆံရေး ရှိသူဖြစ်သည်။

ထျဲလန်ယန် သူ့ကို နှုတ်ဆက်လိုက်သည်။

ချန်ကျန်းက သူ၏မျက်မှန်ကို အသာပင့်လိုက်ပြီး ပြုံးကာ မေးခဲ့သည်။ "ဘယ်ကို သွားမလို့လဲ။ ကျွန်တော် လိုက်ခဲ့ပေးရမလား။"

ထျဲလန်ယန် - "မလိုပါဘူး၊ ကျေးဇူးတင်ပါတယ်။"

သို့သော် သူမ စိတ်ထဲတွင် တစ်မျိုးကြီး ခံစားလိုက်ရသည်။ သူတို့က အဲဒီလောက်အထိ ရင်းနှီးတာမှ မဟုတ်တာလေ။

ထျဲလန်ယန်၏ ထင်မြင်ချက်မှာ မှန်ကန်နေသည်။

ထို့နောက် ချန်ကျန်းက အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းသောအရာကို ပြောလိုက်တော့သည်။

All Chapters