← Chapters

ရှေးဟောင်းတားမြစ်နယ်မြေ၊ လျှို့ဝှက်ဆန်းကြယ်သော သစ်သားပြား

Vol. 4 Ch. 56

ရှေးဟောင်းတားမြစ်နယ်မြေ၊ လျှို့ဝှက်ဆန်းကြယ်သော သစ်သားပြား

Vol. 4 Ch. 56

အခန်း (၅၆) ရှေးဟောင်းတားမြစ်နယ်မြေ၊ လျှို့ဝှက်ဆန်းကြယ်သော သစ်သားပြား

တာအိုသခင်ကျိုးတီဟာ လိုဏ်ဂူထဲကို ရောက်‌ရောက်ချင်း စုချီကို သတိထားမိသွားပါတယ် “သူက မိတ်ဆွေလေးရဲ့ တပည့်လား?”

ဟန်ကျွယ်ဟာ ခေါင်းခါကာ ပြန်ပြောလိုက်ပါတယ် “မဟုတ်ဘူး၊ အစေခံပါ”

စုချီဟာ တစ်စုံတစ်ခု ပြောချင်ပေမဲ့လည်း နောက်ဆုံးမှာတော့ ဘာမှမပြောဘဲ နေလိုက်ပါတယ်။

တာအိုသခင်ကျိုးတီဟာ စုချီကို သေသေချာချာ အကဲခတ်ပြီး မျက်လုံးတွေ တောက်ပသွားပါတယ် “ဒီကောင်လေးရဲ့ အရည်အချင်းက မဆိုးဘူးပဲ၊ သူ့လို အရည်အချင်းရှိတဲ့သူက အစေခံဖြစ်နေတာ ဖြုန်းတီးရာ ရောက်လွန်းတယ်၊ သူ့ကို ငါနဲ့ ပင်လယ်ရပ်ခြားကို ထည့်လိုက်ပြီး မြင့်မြတ်တဲ့တာအိုကို ရှာဖွေခိုင်းပါလား?”

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်လိုက်ပြီး နှလုံးခုန် မြန်သွားပါတယ် ‘အို ဘိုးဘေး! ကိုယ့်သေတွင်း ကိုယ်တူးနေတာလား?’

တာအိုသခင်ကျိုးတီဟာ စုချီကိုကြည့်ပြီး အပြုံးနဲ့ မေးလိုက်ပါတယ် “ကောင်လေး၊ မင်းငါနဲ့ လိုက်ခဲ့ချင်လား? ငါက ယွီဂျင်ဂိုဏ်းကို တည်ထောင်ခဲ့တဲ့ ဘိုးဘေးပဲ၊ ဒီဟာ တစ်သက်မှာတစ်ခါ မရနိုင်တဲ့ အခွင့်အရေးကြီးနော်!” တာအိုသခင်ကျိုးတီဟာ ဟန်ကျွယ်ကို ကျော်ပြီး စုချီကို တန်းမေးလိုက်ရတာက ဟန်ကျွယ်အကြောင်းကို သိနေလို့ပဲ ဖြစ်ပါတယ်။ ဟန်ကျွယ်ဟာ ပြဿနာတွေကို ကြောက်တဲ့အတွက် စုချီကို သူခေါ်သွားမယ်ဆိုရင် သူ့ကို ကျေးဇူးတင်လိမ့်မယ်ဆိုပြီး တာအိုသခင်ကျိုးတီ တွေးမိတာကြောင့် ဖြစ်ပါတယ်။

စုချီဟာ တာအိုသခင်ကျိုးတီရဲ့စကားကို ကြားလိုက်ရတဲ့အခါမှာ စိတ်လှုပ်ရှားသွားပါတယ်။

ဒီအချိန်မှာ ဟန်ကျွယ်က မနေနိုင်တော့ဘဲ ပြောလိုက်ပါတယ် “ဘိုးဘေး... ဒီကောင်လေးရဲ့ အခြေအနေက တစ်ခြားသူတွေနဲ့မတူဘူး၊ သူ့ကို တပည့်အဖြစ် လက်မခံတာက ဘိုးဘေးအတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်”

ဟန်ကျွယ် ဘာပြောနိုင်မှာလဲ? စုချီက ကြမ္မာဆိုးအင်မော်တယ် ဝင်စားတယ်လို့ ပြောရမှလား? ဒီလိုပြောရင်တောင် ဘယ်သူက ယုံကြည်မှလဲ?

တာအိုသခင်ကျိုးတီဟာ ဟန်ကျွယ်ဘက် ပြန်လှည့်ပြီး အပြုံးနဲ့ မေးလိုက်ပါတယ် “ဘာဖြစ်လို့လဲ? မိတ်ဆွေလေးက သူ့ကို လက်မလွှတ်နိုင်ဘူးလား?”

ဒီအချိန်မှာ စုချီက ချက်ချင်း အဖြေပြန်ပေးလိုက်ပါတယ် “ဘိုးဘေးရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော် ဒီမှာပဲ ဆက်နေပါရစေ” စုချီဟာ ငတုံးငအ မဟုတ်ပါဘူး။ ဂိုဏ်းတည်ထောင်သူ ဘိုးဘေးက ဟန်ကျွယ်ဆီကို ကိုယ်တိုင်ကိုယ်ကျ အလည်လာတာကို ကြည့်ရုံနဲ့ ဟန်ကျွယ်ရဲ့ အဆင့်အတန်းက မနိမ့်ဘူးဆိုတာ သိနိုင်ပါတယ်။ ဟန်ကျွယ်က ဂိုဏ်းတည်ထောင်သူ ဘိုးဘေးနဲ့ တစ်တန်းတည်းလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် သိပ်ပြီးမကွာတာလည်း ဖြစ်နိုင်ပါတယ်။

“ကောင်းပြီလေ” တာအိုသခင်ကျိုးတီဟာ ဒေါသထွက်ခြင်းမရှိဘဲ ပြုံးလိုက်ပါတယ်။ အဲဒီနောက် တာအိုသခင်ကျိုးတီဟာ ဟန်ကျွယ်ဘေးကို လျှောက်သွားပြီး ထိုင်ချလိုက်ပါတယ်။

“မိတ်ဆွေလေး... ရန်ကျင့်ကြံခြင်းလောကမှာရှိတဲ့ ဂိုဏ်းတွေအကုန်လုံးကို ကျူပ်သွားခဲ့ပြီးပြီ၊ အနာဂတ်မှာ ယွီဂျင်ဂိုဏ်းက အန္တရာယ်ကျရောက်တော့မှာ မဟုတ်ဘူး၊ မိတ်ဆွေလေး စိတ်အေးလက်အေး ကျင့်ကြံအားထုတ်လို့ရတယ်”

ဟန်ကျွယ်ဟာ ပြုံးပြီး ပြောလိုက်ပါတယ် “ဘိုးဘေးက တကယ့်ကို အံမခန်းပါပဲ၊ ကျွန်တော် မလေးစားဘဲ မနေနိုင်ပါဘူး”

တာအိုသခင်ကျိုးတီဟာ သူ့မုတ်ဆိတ်ကို လက်ဖြင့်သပ်ကာ ရယ်မောလိုက်ပါတယ်။

“ကျုပ် ဒီတစ်ခေါက် အပြင်သွားတာ ရှေးဟောင်းတားမြစ်နယ်မြေတစ်ခုကို တွေ့လာခဲ့တယ်၊ အဲဒီအထဲမှာ ရင်းမြစ်တွေ တော်တော်လေး ပေါကြွယ်ဝတယ်၊ ကျုပ် အဲဒီနယ်မြေကို ယွီဂျင်ဂိုဏ်းရဲ့ လေ့ကျင့်ခြင်းနယ်မြေဖြစ်အောင် လုပ်မယ်လို့ စဉ်းစားထားတယ်၊ ဒီတားမြစ်နယ်မြေက ရှာတွေ့တာ မကြာသေးဖူးဆိုတော့ အထဲမှာ ရတနာတွေ အများကြီးရှိနေမှာ၊ မိတ်ဆွေလေး တစ်ချက်လောက် မကြည့်ချင်ဘူးလား?”

ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ်။ ရှေးဟောင်းတားမြစ်နယ်မြေလို့ ကြားလိုက်တာနဲ့ ဟန်ကျွယ်စိတ်ထဲမှာ စကားလုံးတစ်လုံး ပေါ်လာပါတယ်။ အဲတာကတော့ အန္တရာယ်ရှိတယ်ပဲ ဖြစ်ပါတယ် ‘ဒီတားမြစ်နယ်မြေက ကျိုးဖန် မတော်တဆ ဝင်မိသွားတဲ့ဟာများလား?’

ဟန်ကျွယ်ဟာ ခေါင်းချက်ချင်းခါပြီး ပြောလိုက်ပါတယ် “ထားလိုက်ပါ... ဂိုဏ်းထဲက တပည့်တွေကို အခွင့်အရေးပေးလိုက်ပါ”

တာအိုသခင်ကျိုးတီဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ် ‘ဒီကောင်လေးက သေရမှာကို တကယ်ကြောက်တာပဲ၊ ဒါလည်းကောင်းပါတယ်၊ တစ်ခြားကောင်တွေက အရမ်းစွန့်စားလွန်းတယ်၊ ဂိုဏ်းထဲမှာ ဒီလိုမျိုးကျင့်ကြံသူရှိတာ အစောင့်အရှောက် ရတာပေါ့’

တာအိုသခင်ကျိုးတီဟာ အပြုံးနဲ့ ဆက်ပြောပါတယ် “နှစ်နှစ်ဆယ်အတွင်းမှာ ကျုပ်ထွက်သွားဖို့ စီစဉ်ထားတယ်၊ အင်မော်တယ်ဗိမာန်က ပွင့်တောမယ်၊ အဲဒီအင်မော်တယ်ဗိမာန်ထဲကိုဝင်ပြီး မြင့်မြတ်တဲ့တာအိုနောက်ကို ကျုပ်လိုက်ရမယ်၊ ဒီအင်မော်တယ်ဗိမာန်ကရဲ့ နောက်ခံက အရမ်းထူးခြားတယ်၊ နှစ်တရာတိုင်းမှာ နတ်ပြည်တက်တဲ့ အင်မော်တယ်တွေ ပေါ်လာတယ်...”

ဟန်ကျွယ်ဟာ ဒီနာမည်ကို ရင်းနှီးနေတယ်လို့ ခံစားလိုက်ရပါတယ် ‘နေပါအုန်း၊ ဒီဟာက ရွှမ်ချင်းကျွင်း ငါနဲ့တွေ့တွေ့ချင်း ငါ့ကိုပေးမယ် ပြောတဲ့ အင်မော်တယ်ဗိမာန်ထိုကင်မလား?’ အဲဒီအချိန်တုန်းက ဟန်ကျွယ်ဟာ ရွှမ်ချင်းကျွင်းကို ငြင်းဆိုခဲ့ပါတယ်။ အခုကြည့်ရတာ ဟင်းလင်ပြင်ပေါင်းစပ်ခြင်း အဋ္ဌမအဆင့် ကျင့်ကြံသူတောင် ဝင်ချင်နေတာဖြစ်တဲ့အတွက် အံမခန်းနေရာတစ်ခုဖြစ်ကြောင်း ဟန်ကျွယ် ကောက်ချက်ချလိုက်ပါတယ်။

ဟန်ကျွယ်ဟာ စိတ်ရှည်လက်ရှည် နားထောင်သလို စုချီကလည်း နားထောင်ပါတယ်။

အချိန်အတော်အတန် ကြာသွားတဲ့အခါမှာတော့....

“ဟားဟားဟား... နောက်တစ်ခါ ကျုပ်ပြန်လာရင် ခန္ဓာကိုယ်ပေါင်းစပ်ခြင်းအဆင့်ကို ရောက်နေလောက်ပြီ၊ ကျုပ်တပည့်ကြီးက ပြောတယ်၊ မိတ်ဆွေလေးရဲ့ အရည်အချင်းက အရမ်းထူးချွန်တဲ့အတွက် ကျုပ်ကို နှစ်ရာချီအတွင်း အမှီလိုက်နိုင်တယ်တဲ့၊ အဲဒီအချိန်ကျရင် ကျုပ်နဲ့ မိတ်ဆွေလေး ဘယ်သူက ပိုစွမ်းမလဲဆိုတာ ကြည့်ကြတာပေါ့” တာအိုသခင်ကျိုးတီဟာ ဝင့်ကြွားစွာ ပြုံးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ တာအိုသခင်ကျိုးတီရဲ့ စကားကြောင့် ဆွံအသွားပါတယ်။ တာအိုသခင်ကျိုးတီဟာ သူထင်ထားသလို လူစာမျိုးမဟုတ်ကြောင်း ဟန်ကျွယ် ရုတ်တရက် သဘောပေါက်သွားပါတယ်။

‘ဒီလူက တော်တော်လေး ကြွားချင်တာပဲ၊ ဒါလည်း ဖြစ်သင့်ပါတယ်၊ ဒီတစ်ခေါက် သူပြန်လာတာ ရန်ကျင့်ကြံခြင်းလောကကို တော်တော်လေး ဂယက်ရိုက်သွားတာပဲ၊ သူလို အစွမ်းထက်တဲ့သူက ကိုယ့်ဂုဏ်ကိုယ်ဖော်တာ မဆန်းပါဘူးလေ’

ဟန်ကျွယ်ဟာ ခေါင်းခါပြီး ပြောလိုက်ပါတယ် “ကျွန်တော်က နောက်ထပ် နှစ်ပေါင်းတစ်ထောင် ကျင့်ကြံရင်တောင် ဘိုးဘေးကို မမီနိုင်သေးပါဘူး!”

တာအိုသခင်ကျိုးတီဟာ ဟန်ကျွယ်ရဲ့အဖြေကို သဘောကျသွားပါတယ်။

[တာအိုသခင်ကျိုးတီသည် သင့်အပေါ်တွင် အကောင်းမြင်စိတ် ရှိလာပြီဖြစ်သည်။ လက်ရှိ မျက်နှာသာ‌ပေးမှု: ကြယ်တစ်ပွင့်။]

‘နောက်ဆုံးတော့ အကောင်းမြင်စိတ် ရှိလာပြီပဲ၊ ငါ ဒီလောက် ယွီဂျင်ဂိုဏ်းကို အကျိုးဆောင်ထားတာတောင် အကောင်းမြင်စိတ်မရှိတာ သူ့ကို မချီးကျူးလို့ကိုး’

တာအိုသခင်ကျိုးတီဟာ နောက်ဆုံးမှာတော့ စိတ်ကျေနပ်သွားပါပြီ။ တာအိုသခင်ကျိုးတီဟာ ယွီဂျင်ဂိုဏ်းထဲမှာ နတ်သတ်အကြီးအကဲက သူ့ထက် ဩဇာပိုကြီးနေတာကို သိပ်ပြီးဘဝင်မကျပါဘူး။ ဒါကလည်း သိပ်ပြီးထူးဆန်းတာတော့ မဟုတ်ပါဘူး။ တာအိုသခင်ကျိုးတီဟာ ယွီဂျင်ဂိုဏ်းကို အမြင့်တစ်ခုရောက်အောင် ဦးဆောင်ခဲ့တယ်ဆိုပေမဲ့ နတ်သတ်အကြီးအကဲက ယွီဂျင်ဂိုဏ်းတစ်ခုလုံးကို ကယ်တင်ခဲ့တာပါ။ ဘယ်သူမဆို ကိုယ့်အသက် ကယ်ခဲ့တဲ့လူကို ကိုယ့်ကိုချမ်းသာအောင် လုပ်ပေးတဲ့လူထက် ကျေးဇူးတင်ကြတာ ပုံမှန်ပါပဲ။

ဒါ့အပြင် တာအိုသခင်ကျိုးတီဟာ အတွင်းဂိုဏ်းထဲမှာ မကြာခဏ လျှောက်သွားတဲ့အတွက် တပည့်အားလုံးနီးပါးက သူ့ကို မြင်ဖူးကြပါတယ်။ ဒါပေမဲ့ နတ်အသတ်အကြီးအကဲကိုတော့ ကျောက်အေးတောင်ထိပ်ကလွဲလို ကျန်တပည့်အားလုံးနီးပါးဟာ မမြင်ဖူးကြဘူး။ နတ်အသတ်အကြီးကဲက အလွန်တရာမှ လျှို့ဝှက်ဆန်းကြယ်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ တပည့်တွေက နတ်သတ်အကြီးအကဲကို ပိုပြီးလေးစားအားကျကြပါတယ်။

တာအိုသခင်ကျိုးတီဟာ ဟန်ကျွယ်ကို နှုတ်ဆက်ပြီး စိတ်ကျေနပ်စွာ ထွက်ခွာသွားပါတယ်။ ဟန်ကျွယ်ကလည်း သိပ်အများကြီး မစဉ်းစားဘဲ သူ့ကျင့်ကြံခြင်းကိုသာ ဆက်အားထုတ်ပါတယ်။

…

ရက်ကိုလစား လကိုနှစ်စားနဲ့ ဆယ်နှစ်တာကာလဟာ လျင်မြန်စွာပဲ ကုန်ဆုံးသွားပါတယ်။

ဒီဆယ်နှစ်မှာ ယွီဂျင်ဂိုဏ်းဟာ အလွန်လျင်မြန်စွာ ကြီးထားလာခဲ့သလို ဟန်ကျွယ်ကလည်း တိတ်တဆိတ် ကျင့်ကြံနေတုန်းပါပဲ။ ဟန်ကျွယ်ရဲ့ ကျင့်ကြံခြင်း စိတ်ဝိညာဉ်ပြောင်းလဲခြင်း ဆဋ္ဌမအဆင့်ကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲကို အသုံးပြုပြီး တာအိုသခင်ကျိုးတီနဲ့ တိုက်ခိုက်ပါတယ်။ ဒီတစ်ခါမှာတော့ ဟန်ကျွယ်ဟာ တာအိုသခင်ကျိုးတီနဲ့ တစ်နာရီကြာ တိုက်ခိုက်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးရလဒ်ကတော့ ရှုံးနိမ့်မှုပဲ ဖြစ်ပါတယ်။ ဟန်ကျွယ်ဟာ ဒီရလဒ်ကြောင့် သက်ပြင်းချလိုက်ပါတယ်။ ဟင်းလင်းပြင်ပေါင်းစပ်ခြင်း အဋ္ဌမအဆင့်ရှိတဲ့ တာအိုသခင်ကျိုးတီဟာ အရမ်းပဲစွမ်းလွန်းပါတယ်။

စိတ်မချမ်းသာတဲ့ ဟန်ကျွယ်ဟာ ဘေးဘီဝန်းကျင်ကို လျှောက်သွားကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ရုတ်တရက် တာအိုသခင်ကျိုးတီနဲ့ စုချီတွေ့ဆုံခဲ့တာကို ဟန်ကျွယ် သတိရသွားပြီး တာအိုသခင်ကျိုးတီ ကံဆိုးလားဆိုတာကို သိချင်သွားပါတယ်။ အဲဒါကြောင့် ဟန်ကျွယ်ဟာ ချက်ချင်းပဲ လူမှုဆက်ဆံရေးကို ဖွင့်ကြည့်လိုက်ပါတယ်။

[သင့်မိတ်ဆွေကောင်း မော့ဖူချိုသည် နတ်ဆိုးများ၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။]

[သင့်မိတ်ဆွေကောင်း မော့ကျူသည် နတ်ဆိုးများ၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။]

[သင့်မိတ်ဆွေကောင်း တာအိုသခင်ကျိုးတီသည် ကျင့်ကြံအားထုတ်နေစဉ် အတွင်းနတ်ဆိုးကို ကြုံတွေ့ခဲ့ရသည်။]

[သင့်မိတ်ဆွေကောင်း တာအိုသခင်ကျိုးတီသည် အတွင်းနတ်ဆိုး၏ တိုက်ခိုက်မှုကိုခံရပြီး နှစ်တစ်ရာ ကျင့်ကြံခြင်းအားထုတ်မှုအား ဆုံးရှုံးသွား၏။]

[သင့်မိတ်ဆွေကောင်း ကျိုးဖန်သည် သေဆုံးသွား၏။ သူ့ဝိညာဉ်သည် အစွမ်းရှိပုဂ္ဂိုလ်တစ်ယောက်၏ ပြန်လည်ခေါ်ယူမှုကြောင့် ပြန်လည်မွေးဖွားလာပြီ ဖြစ်သည်။]

…

ဟန်ကျွယ်ဟာ ပြုံးမိသွားပါတယ်။ တာအိုသခင်ကျိုးတီဟာ စုချီနဲ့စကားပြောခဲ့လို တကယ်ကို ကံဆိုးသွားရပါတယ်။ ကျိုးဖန်ကတော့ ဝတ္ထုထဲက ဇာတ်လိုက်နဲ့ လုံးဝချွတ်စွပ်ပါပဲ! သေသွားတာတောင် ပြန်ရှင်သန်အောင် လုပ်ပေးနိုင်မဲ့လူ ရှိနေပါတယ်။

ဟန်ကျွယ်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။ ဒီသတင်းကြောင့် ဟန်ကျွယ်ရဲ့စိတ်ဟာ အနည်းငယ် လန်းဆန်းလာပါတယ်။ ဟန်ကျွယ်ဟာ အပြင်ဘက်ကိုထွက်သွားဖို့ ထိုင်ရာကနေ ထလိုက်ပါတယ်။

စုချီကတော့ ကျင့်ကြံနေတုန်းပဲ ဖြစ်ပါတယ်။ ဟန်ကျွယ်ဟာ စုချီကို ဘာမှထပ်ပြီး မသင်ပေးပါဘူး။ စုချီဟာ ဟန်ကျွယ်ပေးထားတဲ့ ကျင့်စဉ်တစ်ဝက်တစ်ပျက်ကို ကျင့်ကြံနေတာ အခုအချိန်အထိပါပဲ။ စုချီဟာ နုပျိုခြင်းကို ထိန်းသိမ်းတဲ့ဆေးတွေကို မမှီဝဲရတာကြောင့် အရင်လို ကြော့ရှင်းတဲ့ လူငယ်တစ်ယောက် မဟုတ်တော့ဘဲ ရင့်ကျက်တဲ့လူတစ်ယောက်အသွင် ဖြစ်နေပါပြီ။

ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ဆီ အလည်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီဟာက ရှင်းဟုန်ရွှမ်ရဲ့ ကျင့်ကြံခြင်းလိုဏ်ဂူကို ဟန်ကျွယ် ပထမဆုံးအကြိမ်သွားရောက်ခြင်း ဖြစ်ပါတယ်။

ဟန်ကျွယ်ရောက်လာတာကို တွေ့လိုက်ရတဲ့ ရှင်းဟုန်ရွှမ်ဟာ အလွန်စိတ်လှုပ်ရှားသွားပြီး ဟန်ကျွယ်ကို ထွက်ကြိုဆိုပါတယ်။ သူတို့နှစ်ဦး လိုဏ်ဂူထဲဝင်သွားတဲ့အခါမှာတော့ ရှင်းဟုန်ရွှမ်ဟာ သူ့လက်ကိုဝှေ့ယမ်းပြီး လိုဏ်ဂူတံခါးကို ပိတ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ရဲ့ ကျင့်ကြံခြင်းလိုဏ်ဂူကို သေချာကြည့်လိုက်ပါတယ်။ လိုဏ်ဂူဆိုပေမဲ့ ပန်းချီကားများစွာကို လိုဏ်ဂူနံရံမှာ ချိတ်ဆွဲထားတာကြောင့် တစ်မူထူးခြားတဲ့ အငွေ့အသက်တွေ ရှိနေပါတယ်။ အဲဒီနောက် ဆွတ်ဆွတ်ဖြူနေတဲ့ ကျောက်စိမ်းခုတင်ကိုလည်း ဟန်ကျွယ် တွေ့လိုက်ရပါတယ်။

ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်လက်မောင်းကို ချက်ချင်းပွေ့ဖတ်ပြီး စားပွဲဆီ ဆွဲခေါ်သွားပါတယ်။ အဲဒီနောက် အချိုသာဆုံးအပြုံးနဲ့ ပြောလိုက်ပါတယ် “ယောက်ျားလာတာနဲ့ အတော်ပဲ၊ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကျွန်မ ရှေးဟောင်းတားမြစ်နယ်မြေကိုသွားတာ ရတနာတစ်ချို့ ရလာတယ်၊ ယောကျ်ားကြည့်ပြီး ကြိုက်တာတွေ့ရင် ယူသွားချည်”

ရှင်းဟုန်ရွှမ်ဟာ သူ့ညာလက်ကို ဝှေ့ယမ်းလိုက်တဲ့အခါမှာ စားပွဲပေါ်မှာ ရတနာတွေ ပေါ်လာပါတယ်။ ကျောက်စိမ်းတွေ၊ အသုံးအဆောင်ပစ္စည်းတွေ၊ သဘာဝရတနာတွေ အစရှိသဖြင့် အမျိုးအစား စုံလင်လှပါတယ်။ ဒါပေမဲ့ သူတို့အားလုံးမှာ တူညီတဲ့အချက်တစ်ခု ရှိနေပါတယ်။ အဲဒါကတော့ အရမ်းသေးငယ်တာပါ။

ဟန်ကျွယ်ဟာ ထိုင်ခုံမှာထိုင်လိုက်ပြီး သူ့အာရုံနဲ့ ရတနာတွေကို သာမန်ကာလျှံကာ ကြည့်ရှုလိုက်ပါတယ်။ ရှင်းဟုန်ရွှမ်က ရွှေဓာတ်လုံးအဆင့်ကျင့်ကြံသူဆိုပေမဲ့ သူ့အတွက် အသုံးဝင်တဲ့ ရတနာကို ရှာတွေ့နိုင်ဖို့က ဖြစ်နိုင်ချေ နည်းပါးလွန်းပါတယ်။

“ဟင်?” ဟန်ကျွယ်ဟာ ရုတ်တရက် အံဩတကြီး ဖြစ်သွားပြီး သူ့အကြည့်ကာ ကမ္ပည်းတိုင်နဲ့တူတဲ့ သစ်သားပြားတစ်ပြားဆီကို ရောက်သွားပါတယ်။

ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ရဲ့ အမူအရာကို သတိထားမိတာမို့ ကျေနပ်အားရစွာ ပြုံးလိုက်ပါတယ် “ဘယ်လိုလဲ? ယောက်ျား ကြိုက်တာတွေ့ရင် ယူသွားချည်၊ ကျွန်မပိုင်တာ အကုန်လုံးကို ယောက်ျားလည်း ပိုင်တယ်”

ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကို ပြန်မကြည့်ဘဲ သစ်သားပြားကို ကောက်ယူလိုက်ပါတယ်။ သစ်သားပြားပေါ်မှာ ဘာစာမှမရေးထားသလို သာမန်သစ်သားပြားနဲ့ ဘာမှမခြားနားပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဒီသစ်သားပြားထဲကနေ စိတ်ဝိညာဉ် သေးသေးမွှားမွှားလေးတစ်ခုကို အာရုံခံမိလိုက်ပါတယ်။ ဒီစိတ်ဝိညာဉ်က အတော်လေးကို အားပျော့ပါတယ်။ သာမန်စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူက ဒီစိတ်ဝိညာဉ်ကို အာရုံခံနိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။

ဟန်ကျွယ်ဟာ မျက်လုံးမှိတ်လိုက်ပြီး သူ့အာရုံနဲ့ သစ်သားပြားထဲက စိတ်ဝိညာဉ်ကို ထိုးနှက်လိုက်ပါတယ်။

‘ဝုန်း...’

စွမ်းအားကြီးလှတဲ့ နတ်အာရုံဟာ သစ်သားပြားထဲက စိတ်ဝိညာဉ်ကို ချိုးဖျက်နိုင်သွားပါတယ်။ ချက်ချင်းဆိုသလိုပဲ မှတ်ဉာဏ်တစ်ခုဟာ ဟန်ကျွယ်ခေါင်းထဲကို တိုးဝင်လာပါတယ်။

ရှင်းဟုန်ရွှမ်ဟာ ခေါင်းမော့ပြီး ဟန်ကျွယ်ကို ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်ကို ဒီလိုနီးနီးကပ်ကပ် မကြည့်ရတာ အတော်ကြာခဲ့ပါပြီ။ အချိန်အများကြီး ကြာသွားပေမဲ့ ဟန်ကျွယ်မျက်နှာဟာ ချောမောမှု လျော့မကျသွားဘဲ ပိုလိုတောင် ချောမောလာပါတယ်။

ရှင်းဟုန်ရွှမ်ဟာ အရင်လို မိန်းမငယ်လေးတစ်ယောက် မဟုတ်တော့ပါဘူး။ သူဟာ မကြာခဏဆိုသလို အပြင်ထွက်ပြီး လေ့ကျင့်ပါတယ်။ အဲဒါကြောင့် ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ထက် အတွေ့အကြုံပိုများပြီး ဗဟုသုတပိုရှိတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ရှင်းဟုန်ရွှမ်ဟာ အရည်အချင်းရှိတဲ့သူတွေ အများကြီးကို ဘယ်လိုပဲ တွေ့ကြုံရပါစေ သူ့စိတ်ထဲမှာတော့ ဟန်ကျွယ်က အမြဲတမ်း အတော်ဆုံးပါပဲ။

ဟန်ကျွယ်ဟာ သူ မြင်မြင်ချင်း ချစ်ကြိုက်မိခဲ့တဲ့ တစ်ဦးတည်းသောယောက်ျား ဖြစ်ပါတယ်။

All Chapters