← Chapters

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အပိုင်း ၁၇

ချန်ကျန်း - "လန်ယန် မင်း အမြဲတမ်း အပြင်ထွက်နေတယ်လို့ အမေပြောတာ ကြားတယ်။ အဲဒါ မကောင်းဘူးနော်။ မင်းက မိန်းကလေးတစ်ယောက်ပဲ၊ အပြင် ခဏခဏ မထွက်သင့်ဘူး။ အိမ်မှာပဲနေပြီး အိမ်အလုပ်လုပ်တာတို့၊ အကျီချုပ်တာတို့ လုပ်တာက ပိုကောင်းပါတယ်။"

ထျဲလန်ယန် - ???

ဘာလဲဟ။

ဒီလူက ဘာလို့ သူများကိစ္စကို ဒီလောက် လိုက်စွက်ဖက်နေရတာလဲ။ အခုက ဘယ်ခေတ်ရောက်နေပြီလဲ။

အိမ်တွင်းအောင်းပြီး အေးအေးဆေးဆေး နေရမယ်ဆိုတဲ့ အယူအဆတွေကို လာပြောနေသေးတာလား။

ယခင်က အဒေါ်မာကို လူကောင်းတစ်ယောက်ဟု ထင်ခဲ့သော်လည်း ယခုတော့ စိတ်ပျက်သွားမိသည်။

ဒီလိုသားမျိုးရှိတဲ့ အမေကလည်း သိပ်တော့ ထူးခြားမှာ မဟုတ်ဘူး။

"ရှင်လည်း အလုပ်ရှုပ်မခံပါနဲ့တော့၊ ကျွန်မမှာ လုပ်စရာတွေ ရှိသေးလို့ အခု သွားတော့မယ်‌။"

ထျဲလန်ယန်သည် သူနှင့် စကားများပြီး အချိန်မဖြုန်းချင်သဖြင့် လှည့်ထွက်ရန် ပြင်လိုက်သည်။

သို့သော် ချန်ကျန်းက သူမ၏လက်မောင်းကို ဆွဲကာ ပြောလိုက်သည်။ "ဟေ့ နေဦးလေ... ငါ ပြောလို့မပြီးသေးဘူး..."

ထျဲလန်ယန် သူ့လက်ကို ခါချလိုက်ပြီး အေးစက်သော မျက်လုံးများဖြင့် ကြည့်ကာပြောလိုက်သည်။ "ရှင်နဲ့ ကျွန်မက သိပ်ရင်းနှီးတာမဟုတ်ဘူး၊ ပြောစရာ စကားလည်း မရှိဘူး။"

ချန်ကျန်း မျက်မှောင်ကြုတ်လိုက်သည်။ "ငါတို့က အိမ်နီးနားချင်းဖြစ်လာတာ နှစ်တွေအများကြီးရှိပြီလေ၊ ဘယ်လိုလုပ် မသိဘူးလို့ ပြောနိုင်ရတာလဲ။"

ထျဲလန်ယန်က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။ "ကောင်းပြီ စကားတွေ သွယ်ဝိုက်မနေနဲ့တော့၊ ပြောစရာရှိတာ အမြန်ပြော။"

ချန်ကျန်း၏ မျက်နှာမှာ ပျက်သွားသည်။

"မင်း... မင်းက တော်တော်ရိုင်းတာပဲ၊ မိန်းကလေးနဲ့တောင် မတူဘူး။"

သူက လိုရင်းကို မရောက်ဘဲ အဓိပ္ပာယ်မရှိသော စကားများကို တတွတ်တွတ် ဆက်ပြောနေတော့သည်။

ထျဲလန်ယန်သည် သူ့ကို ပါးရိုက်ပစ်ချင်စိတ် ပေါက်သွားသော်လည်း ထိန်းလိုက်သည်။

ယနေ့နံနက်ကမှ ရဲများရှေ့တွင် အားနွဲ့ဟန် ဆောင်ထားခဲ့သည်မဟုတ်ပါလား။ အခု လူတစ်ယောက်ကို ရိုက်လိုက်လျှင် ပုံစံပျက်သွားလိမ့်မည်။

"ရှင်နဲ့ မဆိုင်တာတွေကို လာမပြောနဲ့၊ ရှင့်အလုပ် ရှင်လုပ်ပါ။"

ထျဲလန်ယန်သည် လက်ဖြင့် မတုံ့ပြန်နိုင်သဖြင့် စကားဖြင့်သာ ပြန်တိုက်ခိုက်လိုက်သည်။

ချန်ကျန်းလည်း ဒေါသထွက်လာသည်။

"ငါက စေတနာနဲ့ ပြောနေတာကို မင်းက ရိုင်းရိုင်းစိုင်းစိုင်း ပြောနေတာပဲ။ အမေက မင်းကို လိမ္မာတယ်၊ စကားနားထောင်တယ်ဆိုပြီး အမြဲချီးကျူးနေတာ၊ အခုကြည့်ရတာတော့ အဲဒီလို လုံးဝမဟုတ်ဘူးပဲ။"

ထျဲလန်ယန် -"ကျွန်မက ဘယ်လိုလူပဲဖြစ်ဖြစ် ရှင်နဲ့မဆိုင်ဘူး။ ခွေးကောင်းဆိုတာ လမ်းပိတ်မရပ်ဘူး၊ ဖယ်စမ်း။"

ထျဲလန်ယန် ထွက်သွားရန် ပြင်စဉ် ချန်ကျန််းက လက်မောင်းကို ထပ်ဆွဲရန် ကြိုးစားပြန်သည်။

ထျဲလန်ယန်က သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်ကာ ပြောလိုက်သည်။ "ချန်ကျန်း... ရှင် လမ်းမပေါ်မှာ မိန်းကလေးတစ်ယောက်ကို အတင်းဆွဲနေတာ ဒါ ကိုယ်ထိလက်ရောက်စော်ကားမှုပဲနော်။ ရှင့်ကို ကျွန်မ သွားတိုင်လိုက်ရမလား။"

ထိုစကားကို ကြားလိုက်ရသောအခါ ချန်ကျန်း၏ မျက်နှာမှာ ပြာနှမ်းသွားခဲ့သည်။ "ငါ ဘာမှမလုပ်ပါဘူး... လျှောက်မပြောနဲ့။"

"ကျစ်... သူရဲဘောကြောင်လိုက်တာ။"

ထျဲလန်ယန်က လှောင်ပြုံးပြုံးကာ ခြေလှမ်းကျဲကျဲဖြင့် ထွက်ခွာသွားတော့သည်။

ဤစိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စလေးက ထျဲလန်ယန်၏ ရတနာရှာဖွေလိုစိတ်ကို မတားဆီးနိုင်ပေ။

ယခုတစ်ခါတွင် သူမသည် မြို့မြောက်ဘက်ရှိ အဟောင်းဆိုင်သို့ သွားခဲ့သော်လည်း ဘာမှမတွေ့ရပေ။

ဘာမှမတွေ့ဘူးဆိုသည်မှာ အဖိုးတန်ပစ္စည်းများကို ဆိုလိုခြင်းဖြစ်သည်။ စာအုပ်အချို့ကိုမူ သိမ်းဆည်းနိုင်ခဲ့သည်။

သို့သော် ရွှေတုံး၊ ရှေးဟောင်းပစ္စည်း သို့မဟုတ် ပန်းချီကားကဲ့သို့ အဖိုးတန်များ မတွေ့ရသဖြင့် သူမ ကံမကောင်းနေခြင်း ဖြစ်နိုင်သည်။

"ကံကောင်းခြင်းတွေ လာပြီ... ကံကောင်းခြင်းတွေ လာပြီ... ကံကောင်းခြင်းတွေက ပျော်ရွှင်မှုနဲ့ အချစ်ကို ယူဆောင်လာပေးတယ်"

ထျဲလန်ယန်သည် သူမကိုယ်သူမ ကံကောင်းလာစေရန် "ကံကောင်းခြင်းတွေ လာပြီ" သီချင်းကို တညည်းညည်း ဆိုနေမိသည်။

မြောက်ဘက်အဟောင်းဆိုင် ငါလာပြီ။

သို့သော် ကံကောင်းခြင်းနတ်သမီးက ယခုထိ ပေါ်မလာသေးပေ။

ထျဲလန်ယန်မှာ စိတ်မပျက်ဘဲ နောက်ထပ်ဆိုင်တစ်ဆိုင်သို့ ဆက်သွားခဲ့သည်။

သို့သော် သူမ အဟောင်းဆိုင်သို့ ရောက်သည်နှင့် တံခါးစောင့်အဘိုးကြီးက သံတံခါးကြီးကို ပိတ်လိုက်တော့သည်။

ညနေစောင်းနေပြီဖြစ်ရာ ဆိုင်ပိတ်ချိန် ရောက်သွားပြီဖြစ်သည်။

ဒါက ထျဲလန်ယန်အတွက်တော့ ပြဿနာမဟုတ်ပေ။ ဝါယာကြိုးလေး တစ်ချောင်းရှိလျှင် အားလုံးအဆင်ပြေသွားမည်။

ဘာလဲ…

ဆိုလိုတာက ခွင့်မတောင်းဘဲ ယူတာက ခိုးတာလို့ ပြောချင်တာလား။

ထျဲလန်ယန် ဝန်ခံသည်။ သူမ ခိုးနေခြင်းဖြစ်သော်လည်း ပွင့်ပွင့်လင်းလင်း ခိုးခြင်းသာ ဖြစ်သည်။

လူသတ်ခြင်းက ပုံမှန်ကိစ္စဖြစ်နေသည့် ကမ္ဘာပျက်ကပ်ကြီးကို ဖြတ်ကျော်လာခဲ့သူဖြစ်ရာ ထျဲလန်ယန်အတွက် ကိုယ်ကျင့်တရားဆိုသည်မှာ အရေးမကြီးပေ။

လူဆိုတာ တစ်ခါတလေတော့လည်း ကိုယ်ကျိုးကြည့်ရတာပဲ မဟုတ်လား။

ထျဲလန်ယန်သည် အဟောင်းဆိုင်ထဲသို့ အောင်မြင်စွာ ဝင်နိုင်ခဲ့သည်။ သူမ ခဏကြာ ရှာဖွေပြီးနောက် တကယ့်ကို ကောင်းမွန်သော အရာအချို့ကို တွေ့ရှိခဲ့သည်။

ခြေတစ်ဖက်ကျိုးနေသော အဖိုးတန်သစ်မာ မှန်တင်ခုံတစ်လုံး၊ ကွဲနေသော အိုးထဲတွင် ဝှက်ထားသည့် နာမည်ကျော် ပန်းချီကားတစ်ချပ်နှင့် ဖုန်ထူနေသော အိုးဟောင်းကြီးတစ်ခုထဲမှ နီလာရတနာ အစုံလိုက်တို့ကို တွေ့လိုက်ရသည်။

ဤပစ္စည်းများကို စုပေါင်းလိုက်လျှင် အနည်းဆုံး ယွမ် သန်းပေါင်းများစွာ တန်ဖိုးရှိပေလိမ့်မည်။

ဟဲဟဲ... ဒီတစ်ခေါက်တော့ တကယ်ကို တန်သွားပြီ။

ထျဲလန်ယန်သည် အဟောင်းဆိုင်ထဲမှ တိတ်တဆိတ် ပြန်ထွက်လာခဲ့သည်။

မကြာမီမှာပင် လမ်းကြားလေးတစ်ခုထဲမှ အသံအချို့ကို ကြားလိုက်ရသည်။

ပုတိုတို လူတစ်ယောက်က ပြောလိုက်သည်။ "ခေါင်းဆောင် တကယ်ပဲ ဒီလှည်းပေါ်က ပစ္စည်းတွေကို အဟောင်းဆိုင်ထဲပစ်ပြီး မီးရှို့ပစ်မှာလား။ တကယ့်ကို နှမြောစရာကြီးဗျာ။"

ပခုံးကျယ်ကျယ်၊ လည်ပင်းတုတ်တုတ်နှင့် လူသန်ကြီးက ပြန်ပြောလိုက်သည်။ "နှမြောစရာ ဟုတ်လား။ အဲဒီအရင်းရှင်ခွေးကောင်က သေသွားပြီ၊ ဒါတွေက သူ့ပစ္စည်းတွေပဲ၊ အကုန်မီးရှို့ပစ်ရမယ်။"

နောက်တစ်ယောက်က ပြောလိုက်သည်။ "ဒီထဲမှာ အဖိုးတန်စုဆောင်းထားတာတွေ အများကြီးပဲ၊ မြေအောက်ခန်းထဲမှာ မတော်တဆ တွေ့ခဲ့တာ။ ဒါတွေကို တိတ်တဆိတ် ရောင်းလိုက်ရင် ဘယ်သူမှ သိမှာမဟုတ်ဘူး။"

လူသန်ကြီးက စိုက်ကြည့်ကာ ပြောလိုက်သည်။"မင်းတို့ သေချင်နေတာလား။ အခုအချိန်မှာ ဘယ်သူက ဒါတွေကို ဝယ်ရဲမှာလဲ။ အတိုင်ခံရရင် မင်းတို့ ဒုက္ခရောက်ကုန်မယ်။ ဒီလိုစကားမျိုး နောက်တစ်ခါ မပြောနဲ့တော့။"

ထိုလူက သက်ပြင်းချရင်း ပြောလိုက်သည်။ "ဟုတ်ပါတယ်၊ အခုတော့ ဒါတွေက အမှိုက်တွေလို ဖြစ်နေတာပဲ၊ ဘာတန်ဖိုးမှ မရှိတော့ဘူး။"

ပုတိုတို လူက မျက်နှာငယ်လေးနှင့် ပြောခဲ့သည်။ "ဆန် ၁၀ ပေါင်လောက်နဲ့ လဲရရင်တောင် ကျွန်တော် ရောင်းမိမှာပဲ၊ ကျွန်တော့်မိသားစု ငတ်သေတော့မယ်။"

နောက်တစ်ယောက်ကလည်း ပြောခဲ့သည်။ "ဟုတ်တယ်။ ဘာမှမရှိတာထက်စာရင် တော်သေးတာပေါ့။ ကျွန်တော်တို့ တစ်နေကုန် ပင်ပင်ပန်းပန်း လုပ်ထားရတာ။"

လူသန်ကြီးက မျက်မှောင်ကြုတ်ကာ တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ပြောလိုက်သည်။ "ဒါဆိုလည်း... မှောင်ခိုဈေးကို သွားကြည့်ကြမလား။"

ပုတိုတိုလူက ခေါင်းကုတ်ရင်း ပြောလိုက်သည်။ "ဒီလှည်းကြီးက အရမ်း သိသာလွန်းတယ်။ တကယ်လို့ အဖမ်းခံရရင်တော့ အကုန်လုံး သွားပြီ။"

ခေတ္တအကြာတွင် လူသန်ကြီးက အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "တကယ်လို့... ဘယ်သူမှမသိဘဲ ဒီပစ္စည်းတွေကို ရောင်းနိုင်ရင်တော့ သိပ်ကောင်းမှာပဲ။"

သူ ပြောပြီးသည်နှင့် တပြိုင်နက် ထူးဆန်းသောအသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ငါ ကူညီပေးမယ်။"

ထိုလူသုံးယောက်မှာ လန့်သွားကြသည်။

သူတို့မျက်စိရှေ့တွင် အမည်းရောင် အရိပ်တစ်ခု ဖျတ်ခနဲ လှုပ်ရှားသွားသည်ကို တွေ့လိုက်ရသည်။

စက္ကန့်ပိုင်းအတွင်းမှာပင် ထိုအရိပ်၊ လှည်းနှင့် ၎င်းပေါ်ရှိ ပစ္စည်းများ အားလုံး ပျောက်ကွယ်သွားပြီး ကြမ်းပြင်ပေါ်တွင် ပစ္စည်းပုံကြီး တစ်ပုံသာ ကျန်ရစ်တော့သည်။

ညီအစ်ကိုသုံးယောက်စလုံး မှင်တက်သွားကြသည်။ "ခေါင်း...ခေါင်းဆောင်... ကျွန်တော်တို့ သရဲနဲ့ တွေ့လိုက်တာလား။"

ပုတိုတိုနှင့်လူမှာ ကြောက်လွန်းသဖြင့် စကားပင် သေချာမပြောနိုင်တော့ပေ။

လူသန်ကြီးကမူ ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် ကြည့်နေသည်။

နောက်တစ်ယောက်က ရှေ့သို့တိုးကာ ကြည့်လိုက်သည်။

"အစ်ကို၊ ဆန်နဲ့ ဂျုံမှုန့်ပါ၊ ပေါင် သုံးဆယ် ဒါမှမဟုတ် လေးဆယ်လောက်ရှိတယ်! ကျွန်တော်တို့ အများကြီးရပြီ!"

ထိုသို့ ပြောလိုက်သည်နှင့် ကျန်နှစ်ယောက်မှာလည်း အံ့ဩသွားကြသည်။ သူတို့ သုံးယောက်စလုံးမှာ ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ ကြမ်းပြင်ပေါ်မှ စားစရာများကို အမြန်ကောက်ကာ ပြေးကြတော့သည်။

ဤအရာများသည် တကယ့်ကို အဖိုးတန်လှသော စားစရာများ ဖြစ်သည်။ သူတို့ ပြေးလွှားရင်း ထိုအရိပ်မှာ ဘယ်သူဖြစ်နိုင်မလဲဆိုသည်ကို ဆွေးနွေးကြတော့သည်။

နောက်ဆုံးတွင် သူတို့အားလုံးက တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြသည်။

ဒါ သူတို့အသံကိုကြားလို့ လာကူညီတဲ့ နတ်ဘုရား ဖြစ်ရမယ်။

နတ်ဘုရားဟု အခေါ်ခံလိုက်ရသော ထျဲလန်ယန်မှာမူ နေရာလွတ်ထဲတွင် ခါးထောက်ကာ အားရပါးရ ရယ်မောနေတော့သည်။

"ဟားဟားဟား ပိုက်ဆံတွေ အများကြီးပဲ၊ ငါတော့ ချမ်းသာပြီ"

၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်

အပိုင်း ၁၈

နေရာလွတ်ရှိ ဝါးတောဝင်းလေးထဲတွင်…

ဟောင်းနွမ်းစုတ်ပြတ်နေသော သစ်သားလှည်းကြီးတစ်စီးသည် ဝင်းအလယ်တွင် ရုတ်တရက် ပေါ်လာခဲ့သည်။

၎င်းကို ဖုံးအုပ်ထားသော အမည်းရောင်အစကို ဖယ်ရှားလိုက်ရာ အတွင်း၌ ပစ္စည်းမျိုးစုံကို တွေ့လိုက်ရသည်။

ထျဲလန်ယန်သည် ဓာတ်ပုံဘောင်တစ်ခုကို ပေါ့ပေါ့ပါးပါး ကောက်ကိုင်လိုက်ရာမှ သူမ၏ မျက်လုံးများမှာ ပြူးကျယ်သွားရတော့သည်။

ဘုရားရေ။ ငါ မျက်စိမှားနေတာလား။

ဤသည်မှာ ကမ္ဘာကျော် ပန်းချီဆရာကြီး လီယိုနာဒိုဒါဗင်ချီ၏ လက်ရာ "မိုနာလီဇာ" ပန်းချီကားကြီး ဖြစ်နေသည်။

ဖူး… ဒါကတော့ ပြိုင်ဘက်ကမ္ဘာတစ်ခုမို့လို့ နာမည်တွေ လာတူနေတာပဲ ဖြစ်မှာပါ။ "မုန့်" ဆိုတဲ့ အသံထွက်ချင်း တူနေပေမယ့် အဓိပ္ပာယ်ကတော့ လုံးဝကို ကွဲပြားခြားနားနေတာပဲ။

(ဒါက နောက်ပြောင်တာပါ၊ အတည်မယူလိုက်ပါနဲ့ဦး။)

ထျဲလန်ယန်သည် တရုတ်ရှေးဟောင်းပစ္စည်းများ၊ လက်ရေးလှနှင့် ပန်းချီကားများကိုသာ လေ့လာခဲ့ဖူးသဖြင့် အနောက်တိုင်း ပန်းချီကားများနှင့် ပတ်သက်၍မူ သိပ်မကျွမ်းကျင်လှပေ။

သို့သော် ပန်းချီကားချပ်၏ သားရေသားမှာ နူးညံ့ပြီး ရုန်းကန်အားရှိကာ လက်ဖြင့်ထိလိုက်လျှင် အဖုအထစ်လေးများကို ခံစားရသည်။ ပန်းချီဆွဲချက်များမှာလည်း သေသပ်လှပပြီး အရောင်အသွေးများမှာလည်း ထင်ရှားနေသဖြင့် အတုနှင့်မတူပေ။

ဤပစ္စည်းစုဆောင်းသူမှာ တကယ့်ကို အမြင်ရှိသူတစ်ဦး ဖြစ်ပေလိမ့်မည်။

သူသည် လက်ရေးလှပညာရှင် ဝမ်ရှီးကျစ်၏ "ငြိမ်းချမ်းရေးကျောက်စာ" မိတ္တူကိုပင် စုဆောင်းထားသေးသည်။

ထိုအရာမှာ လေလံပွဲတစ်ခုတွင် ယွမ် ၃၀၈ သန်းအထိ ဈေးပေါက်ခဲ့ဖူးသည်။

ဤနှစ်ခုအပြင် အခြားသော ရှေးဟောင်းပန်းချီကားများစွာ ရှိနေသေးပြီး အားလုံးမှာ အစစ်အမှန်များ ဖြစ်ကြသည်။

ကြားဖူးသည်မှာ ဤပန်းချီကားသည် ၁၉၂၀ ပြည့်နှစ်ဝန်းကျင်က အီတလီမှ အခိုးခံရပြီးနောက် ပြင်သစ်သို့ ပြန်ရောက်သွားကာ အမျိုးသားရတနာအဖြစ် သတ်မှတ်ခံခဲ့ရသည်ပင်။

ထျဲလန်ယန်က ရဲရဲဝံ့ဝံ့ပင် ခန့်မှန်းလိုက်သည်။

ထိုစဉ်က ဤပန်းချီကားသည် ပြင်သစ်သို့ ပြန်မရောက်ဘဲ ပင်လယ်ကိုဖြတ်ကာ တရုတ်ပြည်သို့ ရောက်လာပြီး ဤပစ္စည်းစုဆောင်းသူထံသို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

အကယ်၍သာ ထိုသို့ဖြစ်ခဲ့လျှင် သူမသည် တကယ့်ကို သူဌေးကြီး ဖြစ်သွားပြီဖြစ်သည်။

ဤလက်ရာမှာ တန်ဖိုးဖြတ်၍မရပေ။

၁၉၂၅ ခုနှစ်တွင် ဒေါ်လာ ၃.၅ ဘီလီယံ တန်ဖိုးရှိခဲ့ပြီး နောင်ခေတ်များတွင်မူ အနည်းဆုံး ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်အထိ တန်ဖိုးရှိလာနိုင်ပေသည်။

ဒေါ်လာ ဘီလီယံပေါင်းများစွာကို ယွမ်ငွေအဖြစ် ပြောင်းလိုက်လျှင် ထရီလီယံ ချီနေပေလိမ့်မည်။

"ဘန်း ဘန်း ဘန်း"

သူမ၏ ခေါင်းထဲတွင် မီးရှူးမီးပန်းများ ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရပြီး မူးဝေသွားတော့သည်။

မဖြစ်ဘူး။

သူမ အသက်ရှူရတာ ကျပ်လာသဖြင့် တစ်ခုခုလုပ်မှ ဖြစ်တော့မည်။

ထျဲလန်ယန်သည် ပန်းသီးနီကြီးတစ်လုံးကို ချက်ချင်းယူကာ ကိုက်စားလိုက်သည်။

ချိုမြိန်လှသော ပန်းသီးရည်များ ပါးစပ်ထဲတွင် ပြည့်သွားသောအခါမှ သူမ ပြန်လန်းဆန်းလာတော့သည်။

ပန်းသီးတစ်လုံးရှိရင် အားလုံးအဆင်ပြေပါတယ်၊ ဟီးဟီး~

ပန်းချီကားများအပြင် လှည်းပေါ်တွင် တန်ဖိုးကြီးလှသော ပန်းကန်လုံးများနှင့် ရှေးဟောင်းပစ္စည်းများလည်း ပါဝင်သေးသည်။

အကယ်၍ ပန်းချီကားက အတုဖြစ်နေတယ်ပဲထား၊ ကျန်သည့်ပစ္စည်းများ၏ တန်ဖိုးမှာ ယွမ် ဘီလီယံပေါင်းများစွာ ရှိနေပေဦးမည်။

တစ်ညတည်းနှင့် သူမ ထျဲလန်ယန်မှာ ဘီလီယံနာသူဌေးမကြီး ဖြစ်သွားပြီ။

ဤကဲ့သို့ ပျော်ရွှင်စရာအချိန်တွင် ကောင်းမွန်သော အစားအစာတစ်ခုကို စားရမည်။

နေ့လယ်က ဘဲကင်စားခဲ့ပြီးပြီဖြစ်ရာ ညစာအတွက်မူ အာလူးနှင့် ဝက်သားနီချက်ကို စားရန် ဆုံးဖြတ်လိုက်သည်။

သူမသည် နေရာလွတ်ထဲမှာပင် တိုက်ရိုက်ချက်ပြုတ်လိုက်သည်။

ဝက်သားနှင့် အာလူးများကို တို့ဖူးတုံးအရွယ်လေးများ တုံးလိုက်ရာ စားရသည်မှာ ပို၍ အဆင်ပြေလှသည်။

အိုးထဲတွင် ဆီပူပေးကာ သကြားဖြူကို အရောင်တက်လာသည်အထိ မွှေပြီးနောက် ဝက်သားများကို ထည့်ကာ ဆီသတ်လိုက်သည်။

ဝက်သားအရောင် ပြောင်းသွားသောအခါ ကြက်သွန်မြိတ်၊ ဂျင်းနှင့် ကြက်သွန်ဖြူတို့ကို ထည့်ကာ မွှေးလာသည်အထိ ဆက်၍ဆီသတ်သည်။

ထို့နောက် ပဲငံပြာရည်၊ ဟင်းချက် ဝိုင်၊ ပဲငံပြာရည်အနောက်နှင့် ရေတို့ကို ထည့်ကာ အပူရှိန်လျှော့ပြီး နှပ်ထားလိုက်သည်။

မိနစ် ၂၀ ခန့် နှပ်ထားပြီးနောက် ရေစိမ်ထားသော အာလူးများနှင့် ငရုတ်သီးများကို ထည့်ကာ နောက်ထပ် မိနစ် ၃၀ ခန့် အတူတူချက်လိုက်သည်။

ထိုအချိန်အတွင်း ထျဲလန်ယန်သည် အငြိမ်မနေဘဲ နေ့လယ်က ဘဲကင်ခဲ့သည့် မြေကျင်းထဲသို့ ကန်စွန်းဥအချို့ကို ထည့်ကာ ဖုတ်လိုက်သည်။

မီးက အရှိန်အဟုန်ဖြင့် တောက်လောင်နေပြီး ဟင်းလျာများ ချက်ပြုတ်ပြီးစီးသည့် အချိန်တွင် ကန်စွန်းဥများမှာလည်း ကောင်းစွာ နူးအိကျက်သွားခဲ့ပြီ ဖြစ်သည်‌။

အရသာရှိလှသော အာလူးဝက်သားချက်တစ်အိုးနှင့် မွှေးပျံ့လှသော ကန်စွန်းဥဖုတ် တစ်ပန်းကန်တို့မှာ စားသုံးရန် အဆင်သင့် ဖြစ်လာတော့သည်‌။

စားကြစို့။

ရွှေအိုရောင် ဝက်သားနီချက်မှာ အလွန်ပင် အရသာရှိလှပြီး အဆီလည်း မများလှပေ။ တစ်ကိုက် စားလိုက်ရုံဖြင့် အသားနံ့မှာ မွှေးပျံ့သွားတော့သည်။

ထို့နောက် အာလူးကို စားကြည့်ရာ ပါးစပ်ထဲတွင် အရည်ပျော်သွားသကဲ့သို့ ခံစားရပြီး စပ်စပ်လေးနှင့် အရသာရှိလှသည်။ စပ်လာသောအခါတွင်မူ ချိုမြိန်ပြီး နူးညံ့လှသော ကန်စွန်းဥဖုတ်ကို တစ်ကိုက်စားလိုက်ရာ ရင်ထဲအထိ နွေးထွေးသွားရသည်။

ဤအစားအစာက ထျဲလန်ယန်ကို ထပ်၍စိတ်ကျေနပ်စေခဲ့သည်။

ဒီလိုမျိုး သာယာပျော်ရွှင်စရာကောင်းတဲ့ ဘဝက တကယ်ကို မျှော်လင့်ချက်တွေနဲ့ ပြည့်နှက်နေတာပဲ။

သူမသည် အိမ်ပြန်ရန် ကားဂိတ်သို့ အမြန်သွားစဉ် မလှမ်းမကမ်းတွင် ရင်းနှီးနေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။

သူသည်နျိုတပင်းပင် ဖြစ်သည်။

ဆေးရုံနားရှိ မှောင်ခိုဈေးကို ရှာဖွေစဉ်က မတော်တဆ ဆုံခဲ့သူ ဖြစ်သည်။

သူသည် လူကောင်းတစ်ယောက် ဖြစ်သဖြင့် သူမလည်း သွားရောက် နှုတ်ဆက်ရန် ဆုံးဖြတ်လိုက်သည်။

ထျဲလန်ယန် လမ်းလျှောက်သွားစဉ် သူသည် လမ်းကြားလေးတစ်ခုထဲသို့ သတိကြီးစွာဖြင့် ဝင်သွားသည်ကို တွေ့လိုက်ရသည်။

သူမလည်း စူးစမ်းလိုစိတ်ဖြင့် တိတ်တဆိတ် နောက်က လိုက်သွားခဲ့သည်။

လမ်းကြားထဲသို့ ဝင်ပြီး မကြာမီမှာပင် နျိုတပင်းသည် အခြားလူတစ်ယောက်နှင့် တွေ့ခဲ့သည်။

"အစ်ကို ဒါတွေက ကျွန်တော့်အိမ်နီးနားချင်း အဘွားရဲ့ စုဆောင်းထားတဲ့ ပစ္စည်းတွေပါ၊ အကုန်လုံး ပစ္စည်းကောင်းတွေချည်းပဲ၊ ကြည့်ပါဦး။"

နျိုတပင်းက ထိုသို့ဆိုကာ သူ၏ ကျောပိုးအိတ်ထဲမှ ဓာတ်ပုံအယ်လ်ဘမ် တစ်ခုကို ထုတ်ပြလိုက်သည်။

ထိုလူက ခေါင်းခါရင်း ပြောလိုက်သည်။ "ဒါတွေက ငွေစက္ကူဟောင်းတွေနဲ့ တံဆိပ်ခေါင်းတွေပဲဟာ၊ တချို့ဆို ပုံနှိပ်တာတောင် မှားနေသေးတယ်၊ တန်ဖိုးသိပ်မရှိပါဘူး။ ငါ့သူငယ်ချင်း မိတ်ဆက်ပေးလို့သာ ငါ ၅ ယွမ်ပဲ ပေးနိုင်မယ်၊ အဲဒီထက်တော့ ပိုမပေးနိုင်ဘူး။"

နျိုတပင်းက စိတ်မကောင်းစွာဖြင့် ပြောလိုက်သည်။ "အစ်ကို နည်းနည်းလောက် ပိုပေးပါဦး၊ အိမ်နီးနားချင်း အဘွားရဲ့ မြေးလေး နေမကောင်းလို့ ဆေးဖိုးလိုနေလို့ပါ။ ဒါကြောင့်လည်း သူ့ယောင်္ကျား နှစ်ပေါင်းများစွာ ဝှက်ထားတဲ့ ပစ္စည်းတွေကို ထုတ်ရောင်းခိုင်းတာပါ။ ဈေးလေး နည်းနည်းလောက် တင်ပေးပါဦး၊ မိဘမဲ့မြေးလေးနဲ့ အဘွားအိုအတွက် မလွယ်ကူလို့ပါ။"

ထိုလူက လက်ခါပြကာ ပြောလိုက်သည်။ "မရဘူး ၅ ယွမ်ပဲ၊ ရောင်းရင်ရောင်း မရောင်းရင်လည်း နေတော့၊ ငါ တခြားနေရာတွေ သွားစရာ ရှိသေးတယ်။"

နျိုတပင်းက ဓာတ်ပုံအယ်လ်ဘမ်ကို အိတ်ထဲ ပြန်ထည့်လိုက်သည်။ "ထားလိုက်ပါတော့ မရောင်းတော့ဘူး။"

ထျဲလန်ယန်သည် နျိုတပင်း ထွက်သွားသည့်ဘက်ကို စိုက်ကြည့်နေပြီးနောက် လှည့်ထွက်လာခဲ့သည်။

၁၀ မိနစ်အကြာတွင် သူမသည် အခြားထွက်ပေါက်တစ်ခု၌ နျိုတပင်းနှင့် မတော်တဆ ပြန်ဆုံခဲ့သည်။

"အစ်ကိုကြီးနျို။"

"အို့ ညီမလေးပါလား၊ တိုက်ဆိုင်လိုက်တာ။"

နျိုတပင်းက သူမကို အံ့ဩစွာ ကြည့်ကာ မေးလိုက်သည်။ "မိုးချုပ်နေပြီလေ၊ ဘာလို့ လျှောက်သွားနေတာလဲ။ အိမ်မှာ တစ်ခုခုဖြစ်လို့လား၊ ငါ့အကူအညီ လိုလား။"

ထျဲလန်ယန် - ........

သူမ စကားကို ဘယ်လိုစပြောရမလဲဆိုတာ အကြံထုတ်ရင်း ခေါင်းခြောက်နေရတာ၊ ဒီလူကတော့ အကုန်လုံးကို ဝုန်းကနဲ ထုတ်ပြောချလိုက်တာပဲ။ သူက တကယ့်ကို သစ္စာရှိတဲ့လူပဲ။

"အိမ်မှာ ကိစ္စလေးတစ်ခု ရှိလို့ပါ၊ ဒါပေမယ့် အစ်ကို ကူညီနိုင်မှာ မဟုတ်ပါဘူး။"

ထျဲလန်ယန်က သက်ပြင်းချဟန် ဆောင်လိုက်သည်။

နျိုတပင်းက ရင်ကိုကော့ကာ ပြောလိုက်သည်။ "ညီမလေး ပြောမှာသာပြောစမ်းပါ။ ငါကူညီနိုင်တာဆိုရင် အကုန်ကူညီမှာပါ။ နျိုတပင်းဆိုတာ အကူအညီပေးရတာကို အပျော်ဆုံးပဲဆိုတာ လူတိုင်းသိပါတယ်။"

ထျဲလန်ယန် - "ဒီလိုပါ... ကျွန်မရဲ့ အဘိုး ဆုံးသွားလို့။ သူက ငွေစက္ကူတွေနဲ့ တံဆိပ်ခေါင်းတွေ စုရတာ အရမ်းဝါသနာပါတယ်၊ ဒါပေမယ့် အိမ်ပြောင်းတုန်းက အဲဒါတွေ ပျောက်သွားလို့ပါ။"

နျိုတပင်း၏ မျက်လုံးများမှာ ချက်ချင်းပင် တောက်ပလာတော့သည်။

"ညီမလေး... ငါ့ဆီမှာ နင်လိုချင်တာတွေ အတိအကျ ရှိနေတယ်၊ ဒါပေမယ့် ဒါက သူများ ရောင်းခိုင်းထားတာ။ အကယ်၍ ဈေးကောင်းပေးနိုင်ရင် ငါ နင့်ကို ရောင်းပေးမယ်။"

ထျဲလန်ယန်မှာ ဝမ်းသာသွားသော်လည်း ဟန်ထိန်းကာ ပြောလိုက်သည်။

"ဟိုတစ်ခါ အမဲရိုးတွေ ဝယ်တုန်းက အိမ်ကပိုက်ဆံတွေ ကုန်သွားလို့၊ အခု ကျွန်မဆီမှာ ယွမ် ဆယ်ဂဏန်းလောက်ပဲ ကျန်တော့တယ်။"

နျိုတပင်း - "ရတယ် အဲဒါဆိုလည်း ရပါတယ်။ အရင်ကြည့်လိုက်ဦး၊ ကြိုက်လားလို့။"

ပြောပြောဆိုဆိုဖြင့် သူ၏ အိတ်ထဲမှ ဓာတ်ပုံအယ်လ်ဘမ်ကို ထုတ်ပေးလိုက်သည်။

၎င်းမှာ မီးခိုးရောင် အဖုံးနှင့် အယ်လ်ဘမ်အဟောင်းလေး တစ်ခုဖြစ်ပြီး ပွတ်တိုက်ထားသော အမှတ်အသားများအရ မူလပိုင်ရှင်မှာ အလွန်တန်ဖိုးထားကြောင်း သိသာလှသည်။

ထျဲလန်ယန်သည် ပထမဆုံး စာမျက်နှာကို လှန်ကြည့်လိုက်သည်။ ထိုနေရာတွင် မျက်နှာစာတန်ဖိုး ယွမ် ၅၀၀၀၀ တန် ငွေစက္ကူဟောင်းများကို တွေ့လိုက်ရသည်။

ဤငွေစက္ကူများကို ၁၉၄၈ ခုနှစ်တွင် ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး ယခုခေတ်တွင် တစ်စုံလျှင် သန်းနှင့်ချီ တန်ဖိုးရှိသည်။ ဤအယ်လ်ဘမ်ထဲတွင် တစ်စုံလုံး အပြည့်အစုံ ပါဝင်နေသည်။ ထျဲလန်ယန်မှာ သူမ၏ စိတ်လှုပ်ရှားမှုကို ထိန်းကာ ဆက်ကြည့်လိုက်သည်။

နောက်စာမျက်နှာမှာမူ အနက်ရောင်တစ်ဆယ် ဖြစ်နေသည်။

၎င်းမှာ ဒုတိယမြောက် ငွေစက္ကူစီးရီးများတွင် ဘုရင်တစ်ဆူဖြစ်ပြီး တန်ဖိုးမှာ ၅ သောင်းမှ ၁ သိန်းခွဲအထိ ရှိတတ်သည်။

အရေအတွက် ၁၀၀ တောင် ရှိနေပြီး အားလုံးမှာ အခြေအနေ အလွန်ကောင်းမွန်သဖြင့် စုစုပေါင်းတန်ဖိုးမှာ အနည်းဆုံး ဆယ်သန်းကျော်ပေလိမ့်မည်။

အထက်ဖော်ပြပါ ငွေစက္ကူနှစ်မျိုးအပြင် အခြားသော ငွေစက္ကူများလည်း ရှိနေသေးသည်‌။ ၎င်းတို့အားလုံးမှာ လှည့်လည်သုံးစွဲမှုမှ ရုတ်သိမ်းထားပြီးဖြစ်၍ သုံးစွဲ၍မရတော့သော်လည်း လက်ဝယ်ရှိသူ အလွန်ရှားပါးလှသဖြင့် စုဆောင်းသူများအတွက်မူ အလွန်ပင် တန်ဖိုးဖြတ်မရနိုင်အောင် ဖြစ်နေတော့သည်‌။

ကြည့်ရတာ ဤအဘိုးအိုမှာ တကယ့်ကို အမြင်ရှိသော စုဆောင်းသူတစ်ဦး ဖြစ်ပေလိမ့်မည်။

All Chapters