အခန်း (၁၉-၂၀)
Vol. 2 Ch. 19-20
အပိုင်း ၁၉
နောက်ထပ် ဓာတ်ပုံအယ်လ်ဘမ်ထဲမှာ ရှိနေတာကတော့ တံဆိပ်ခေါင်းတွေ ဖြစ်သည်။
ဤပစ္စည်းပိုင်ရှင်မှာ တကယ့်ကို အံ့ဩစရာကောင်းလှသည်ဟု ဆိုရမည်၊ တရုတ်ပြည်၏ ပထမဆုံး တံဆိပ်ခေါင်းအစုံကိုပင် စုဆောင်းထားနိုင်ခဲ့သည်။
၁၈၇၈ ခုနှစ်က ထုတ်ဝေခဲ့သော နဂါးတံဆိပ်ခေါင်းမှာ နောင်နှစ်ပေါင်းများစွာအကြာ လေလံပွဲတစ်ခုတွင် ယွမ် ၅ သန်းကျော်အထိ ဈေးပေါက်ခဲ့သည်။
ထို့ပြင် တရုတ်တံဆိပ်ခေါင်းများ၏ ဘုရင် ဟု လူသိများသော ပန်းနီတံဆိပ်ခေါင်းလည်း ပါဝင်နေပြီး ၎င်းမှာ ယွမ် ၂ သန်းကျော် တန်ဖိုးရှိသည်။
ထို့နောက် ၁၉၅၃ ခုနှစ်တွင် ထုတ်ဝေခဲ့သော စစ်ဘက်သုံး အပြာရောင်တံဆိပ်ခေါင်းလည်း ပါဝင်ရာ လက်ကျန်အရေအတွက် အလွန်နည်းပါးသဖြင့် ယွမ် ၃ သန်းကျော် တန်ဖိုးရှိသည်။
နောက်ဆုံးတစ်ခုမှာတော့ အကျော်ကြားဆုံးဖြစ်သည့် "တစ်ပြည်လုံး နီမြန်းစေရမည်" တံဆိပ်ခေါင်း ဖြစ်သည်။
၎င်းမှာ တရုတ်တံဆိပ်ခေါင်း သမိုင်းတွင် တစ်ခုတည်းဖြင့် ယွမ် ၇ သန်းကျော်အထိ စံချိန်တင် ရောင်းချခဲ့ရဖူးသည်။
ဤအယ်လ်ဘမ်ထဲတွင် တံဆိပ်ခေါင်း ၅၀ ပါဝင်ရာ စုစုပေါင်းတန်ဖိုးမှာ ယွမ် ၃၅ သန်းကျော် ရှိပေလိမ့်မည်။
ထျဲလန်ယန်သည် တံတွေးပင် အခါခါ မြိုချမိတော့သည်။
'ဒီနေ့ ငါ ရတနာသိုက်ထဲကိုများ ပြုတ်ကျသွားတာလား'
ပထမဆုံး အဟောင်းဆိုင်မှ ရှေးဟောင်းပစ္စည်းများကို ရခဲ့သည်၊ ထို့နောက် လူသုံးယောက်ထံမှ လှည်းတစ်စီးစာ အဖိုးတန် ပန်းချီကားများနှင့် ရှေးဟောင်းပစ္စည်းများကို ရခဲ့ပြီး ယခုအခါတွင်မူ ယွမ်သန်းပေါင်းများစွာ တန်သည့် ငွေစက္ကူများနှင့် တံဆိပ်ခေါင်းများကိုပါ ရရှိခဲ့ပြီဖြစ်သည်။
တစ်ခုပြီးတစ်ခု ကြုံလာရသည့် အံ့ဩစရာများကြောင့် ထျဲလန်ယန်၏ ဦးနှောက်ပင် အလုပ်မလုပ်တော့ပေ။ သို့သော် ဤခံစားချက်မှာ တကယ့်ကို ကောင်းမွန်လှသည်ဟု ဆိုရမည်။
ထျဲလန်ယန် - "အစ်ကိုကြီးနျို၊ ဒီထဲက စုဆောင်းထားတာတွေကို ကျွန်မ တကယ်သဘောကျတယ်။ ဒါကြောင့် ယွမ် ၅၀ နဲ့ ဝယ်ပါရစေ၊ ဒီဈေးက အစ်ကို့အတွက် အဆင်ပြေရဲ့လား။"
နျိုတပင်းမှာ အလွန်ဆုံးရလျှင် ယွမ် ၃၀ ဟု ထင်ထားခဲ့သော်လည်း ယခုကဲ့သို့ ပိုရသဖြင့် အလွန်ဝမ်းသာသွားသည်။
အခုတော့ အိမ်နီးနားချင်း အဘွားအိုအတွက် စိတ်ပူစရာ မလိုတော့ပေ။
သူတို့နှစ်ဦး ငွေနှင့် ပစ္စည်းကို အလဲအလှယ်ပြုလုပ်ပြီး တစ်ဦးကိုတစ်ဦး လွှဲပြောင်းပေးတော့မည့် ဆဲဆဲတွင် အရိပ်မည်းများထဲမှ လူရိပ်အချို့ ဝုန်းကနဲ ခုန်ထွက်လာကြတော့သည်။
"နျိုတပင်း ... မင်းကတော့ မရိုးသားဘူးပဲ၊ ဒါက ငါ အရင်မြင်ထားတဲ့ ပစ္စည်းလေ၊ ဘယ်လိုလုပ် တခြားလူကို ရောင်းနိုင်ရတာလဲ။"
ထိုသို့ပြောလိုက်သူမှာ လမ်းကြားထဲတွင် နျိုတပင်းနှင့် စကားပြောခဲ့သော ထိုလူပင် ဖြစ်သည်။
သူသည် ထွက်မသွားဘဲ နျိုတပင်းနောက်သို့ တိတ်တဆိတ် လိုက်လာခဲ့ခြင်းဖြစ်ပြီး ဤအယ်လ်ဘမ်ကို လုယူရန် အခွင့်အရေး စောင့်နေခဲ့ခြင်း ဖြစ်သည်။
မမျှော်လင့်ဘဲ ထျဲလန်ယန်သည် ကြားထဲက ပေါ်လာသဖြင့် သူ၏ လူယုံများ ရောက်လာချိန်တွင် နှစ်ဖက်စလုံးကို ဓားပြတိုက်ရန် ခုန်ထွက်လာခြင်းဖြစ်သည်။
ရန်သူဘက်တွင် လူအများကြီး ပါလာသည်ကို မြင်သောအခါ နျိုတပင်းသည် ထျဲလန်ယန်ကို သူ၏ နောက်တွင် အမြန်ကာကွယ်ပေးလိုက်သည်။ "ညီမလေး... မကြောက်နဲ့၊ ငါ့ရဲ့ ခန္ဓာကိုယ်ကြီးနဲ့ဆို သူတို့ကို နှိမ်နင်းဖို့က မိနစ်ပိုင်းပဲ လိုတယ်။"
ထျဲလန်ယန် - "ကျွန်မ ကူညီဖို့ မလိုဘူးလား။"
နျိုတပင်းက ရင်ကိုကော့ကာ ပြောလိုက်သည်။ "ငါက ယောင်္ကျားတစ်ယောက်ပဲ၊ မိန်းကလေးတစ်ယောက်ကို ဘယ်လိုလုပ် အကူအညီ တောင်းရမှာလဲ။ ပြီးတော့ ညီမလေးက သေးသေးလေးရယ်၊ တစ်ချက် ရိုက်လိုက်တာနဲ့ လဲသွားမှာ စိုးရတာမို့ လုံးဝ အနားမကပ်နဲ့နော်။"
ထျဲလန်ယန်က မျက်ခုံးပင့်ကာ ပြုံးလိုက်သည်။ "ကောင်းပါပြီ... ဒါဆိုလည်း အစ်ကို့ရဲ့ စွမ်းဆောင်ရည်ကို ကျွန်မ ကြည့်နေပါ့မယ်။"
နျိုတပင်းမှာ မှင်တက်သွားခဲ့သည်။ "မင်း မပြေးဘူးလား။"
ထျဲလန်ယန်က လက်ပိုက်လိုက်ရင်း ပြောလိုက်သည်။ "ပြေးရမယ်ဟုတ်လား။ ဟင့်အင်း... ကျွန်မ ပွဲကြည့်ချင်လို့။"
နျိုတပင်းမှာ ပျာယာခတ်သွားခဲ့သည်။ "ညီမလေး... ငါ... ငါက..."
"တော်စမ်း ငါတို့က ပစ္စည်းလုဖို့ လာတာ၊ အပိုစကားတွေ နားထောင်ဖို့ အချိန်မရှိဘူး။"
ထိုလူက နျိုတပင်း၏ စကားကို ဖြတ်ပြောလိုက်ပြီး နောက်ကလူတွေကို လက်ဝေ့ယမ်းပြလိုက်သည်။
"မင်းတို့က နျိုတပင်းကို ကိုင်လိုက်၊ ငါကတော့ ဟိုကောင်မလေးဆီ သွားမလို့၊ ကြည့်ရတာ နူးနူးညံ့ညံ့လေးနဲ့ ကိုင်လို့ကောင်းမယ့်ပုံပဲ၊ ဟဲဟဲ။"
ထိုစကားကို ကြားသောအခါ နျိုတပင်းမှာ ဒေါသချောင်းချောင်း ထွက်သွားခဲ့သည်။ "စန်းဟန်ကျစ်၊ မင်းပြောစရာရှိရင် ငါ့ကိုပြော၊ မိန်းကလေးကိုတော့ အနိုင်မကျင့်နဲ့။"
စန်းဟန်ကျစ်က လှောင်ပြုံးပြုံးကာ နှာခေါင်းရှုံ့လိုက်သည်။ "နျိုတပင်း မင်း အရင်ဆုံး ဒီလူတွေကို နိုင်အောင်တိုက်ဦး၊ ပြီးမှ စကားပြောကြတာပေါ့။ သွားကြစမ်း။"
စန်းဟန်ကျစ်၏ အမိန့်ပေးသံနှင့်အတူ သူ၏လူအချို့မှာ ရှေ့သို့ ချက်ချင်းပြေးတက်လာပြီး နျိုတပင်းကို အလယ်တွင်ထားကာ ဝိုင်းရံလိုက်ကြသည်။
နျိုတပင်းမှာ ထျဲလန်ယန်တစ်ယောက် အနိုင်ကျင့်ခံရမည်ကို စိုးရိမ်သဖြင့် သူ၏လက်သီးများကို ရမ်းခါကာ အတင်းအဓမ္မ ပြန်လည်ခုခံ တိုက်ခိုက်တော့သည်။
တကယ်တော့ နျိုတပင်း၏ ကျန်းမာရေးမှာ သိပ်မကောင်းလှပေ။ သူသည် ငယ်စဉ်ကတည်းက ဖျားနာမှုတစ်ခုကြောင့် ဟော်မုန်းဆေး အမြောက်အမြား သောက်သုံးခဲ့ရသဖြင့် ကိုယ်အလေးချိန်တက်ကာ ဝလာခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင်လည်း မည်သို့မျှ ပြန်လည်၍ ဝိတ်မချနိုင်တော့ခြင်း ဖြစ်သည်။
သူ့ကြည့်ရသည်မှာ အသားအရေ ထွားကြိုင်းသော်လည်း တကယ်တမ်းမှာမူ အားနည်းလှသည်။
အချက်အနည်းငယ် တိုက်ခိုက်ပြီးနောက်တွင်ပင် သူ မောဟိုက်လာပြီး ကြမ်းပြင်ပေါ်သို့ ကန်ချခြင်း ခံလိုက်ရသည်။
သူ၏ ရင်ဘတ်မှာ အလွန်နာကျင်နေသော်လည်း နျိုတပင်းသည် အတင်းရုန်းကန်ထကာ ခေါင်းငိုက်စိုက်ဖြင့် ရန်သူများဆီသို့ တိုးဝင်သွားပြန်သည်။ "ညီမလေး... ပြေးတော့။ အမြန်ပြေး။"
နျိုတပင်းသည် နွားသိုးလေးတစ်ကောင်ကဲ့သို့ ကုန်းပြီး လျှောက်တိုက်နေကာ အော်ဟစ်နေရှာသည်။
သူသည် ထျဲလန်ယန် အနိုင်ကျင့်ခံရမှာကို တကယ်ပင် စိုးရိမ်နေခြင်း ဖြစ်သည်။
သို့သော် သူ တိုက်နေရင်းဖြင့် တစ်ခုခု မှားနေသည်ကို သတိပြုမိသွားသည်။ သူ ဘယ်သူ့ကိုမှ တိုက်မိခြင်း မရှိပေ။
သူ မော့ကြည့်လိုက်သောအခါ အံ့ဩစရာ မြင်ကွင်းကို တွေ့လိုက်ရသည်။
သူ့ကို ဝိုင်းရိုက်နေသော လူများမှာ ကြမ်းပြင်ပေါ်တွင် လဲကျနေပြီး ဗိုက်ကိုဖိကာ နာကျင်စွာ ညည်းတွားနေကြသည်။
ခေါင်းဆောင်ဖြစ်သူ စန်းဟန်ကျစ်မှာမူ ခွေးသေတစ်ကောင်ကဲ့သို့ မြေပြင်ပေါ်တွင် ဝပ်နေရပြီး ထျဲလန်ယန်က သူ့ကို ခြေထောက်ဖြင့် နင်းထားသည်။ သူ၏ နှာခေါင်းမှ သွေးများ စီးကျနေပြီး ကြည့်ရသည်မှာ အလွန်ပင် သနားစရာ ကောင်းလှသည်။
နျိုတပင်းသည် တံတွေးများကို ခက်ခက်ခဲခဲ မျိုချလိုက်ရသည်။ "ညီမလေး... ဘာတွေ ဖြစ်ကုန်တာလဲ။"
"သူတို့က အစ်ကို့ကို ရိုက်နေတာ မြင်တော့ ကျွန်မ စိတ်တိုသွားလို့ပါ။ စိတ်လိုက်မာန်ပါ လုပ်လိုက်မိတာ ဒီလို ဖြစ်သွားတာပဲ။"
ထျဲလန်ယန်က အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။
ကျန်ရှိနေသော လူများမှာ ထိုစကားကို ကြားသောအခါ တုန်လှုပ်သွားကြသည်။
ဘုရားရေ။ စိတ်လိုက်မာန်ပါ လုပ်တာနဲ့တင် ဒီလောက်ဖြစ်ကုန်တာလား။
သူမက သူတို့ကို သေအောင် သတ်တော့မည့်အတိုင်း ဖြစ်ခဲ့သည်မဟုတ်ပါလား။
ဤအမျိုးသမီးမှာ အားနွဲ့ဟန် ရှိသော်လည်း တကယ်တမ်းမှာမူ အလွန်သန်မာလှပြီး စက္ကန့်ပိုင်းအတွင်း သူတို့ကို နှိမ်နင်းနိုင်ခဲ့သည်။
နျိုတပင်းမှာ ထျဲလန်ယန်၏ စကားကို မယုံနိုင်သေးသော်လည်း မြင်ကွင်းအရ ယုံကြည်လိုက်ရတော့သည်။
"ဒါနဲ့... ညီမလေးရော ဘာမှမဖြစ်ဘူးမလား။"
ထျဲလန်ယန် မဖြေမီမှာပင် သူမခြေထောက်အောက်မှ စန်းဟန်ကျစ်က အော်ဟစ်ကာ ဖြေလိုက်သည်။
"တနျို... သူက ဘာဖြစ်မှာလဲ။ ဒီမှာ ဒဏ်ရာရနေတဲ့သူက ငါဆိုတာ မမြင်ဘူးလား။ ငါ့ အရိုးတွေ ကျိုးကုန်ပြီထင်တယ်၊ သူ့ကို ဖယ်ပေးဖို့ ပြောပေးပါဦး။"
ယနေ့သည် တကယ့်ကို ကံဆိုးသော နေ့တစ်နေ့ပင်။ နောက်နောင်ကို ဤမိန်းမကြမ်းကြီးနှင့် လုံးဝ မဆုံအောင် ရှောင်ရပေမည်။
နျိုတပင်းက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ "အခုမှ လာတောင်းပန်နေတာလား၊ စောစောက မင်းရဲ့ မောက်မာတဲ့ အပြုအမူတွေ ဘယ်ရောက်ကုန်ပြီလဲ။"
ထျဲလန်ယန်သာ အရည်အချင်းမရှိခဲ့လျှင် ဖြစ်လာမည့် အကျိုးဆက်များမှာ တွေးဝံ့စရာပင် မရှိတော့ပေ။
သူသည်လည်း သူ့ကို ယခုကဲ့သို့ ပြဿနာတက်လုနီးပါး ဖြစ်စေသည့် ပွဲစားနှင့် မိတ်ဆက်ပေးခဲ့သော သူငယ်ချင်းဖြစ်သူကို နောက်ပိုင်းတွင် သေချာပေါက် ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းရပေမည်။
စန်းဟန်ကျစ်က ချက်ချင်းပင် အမှားဝန်ခံကာ ပြောလိုက်သည်။ "ကျွန်တော် မှားပါတယ် အစ်ကိုကြီးရယ်၊ အစ်ကို့သူငယ်ချင်း မျက်နှာကို ထောက်ပြီး ခွင့်လွှတ်ပေးပါ၊ နောက်တစ်ခါ မလုပ်ရဲတော့ပါဘူး။"
ထျဲလန်ယန်က သူ့ကျောကို ကန်လိုက်သည်။ "နောက်တစ်ခါ ထပ်ဖြစ်ဦးမှာလား။"
စန်းဟန်ကျစ် - "မရှိဘူး မရှိဘူး... မရှိတော့ပါဘူး။"
နောက်ဆုံးတွင် ထျဲလန်ယန်သည် နျိုတပင်းကို သူတို့ဆီက ပစ္စည်းတွေ ရှာခိုင်းလိုက်ပြီး တစ်ယောက်ချင်းစီကို တစ်ချက်စီ ကန်ကာ လွှတ်ပေးလိုက်သည်။
မတတ်နိုင်တော့ပေ။ မိုးချုပ်တော့မည်ဖြစ်ရာ ဆူဆူညံညံ ဖြစ်နေလျှင် လူမြင်သွားနိုင်သောကြောင့် ဖြစ်သည်။
ထိုလူများကို ရှာဖွေရာ ယွမ် ၁၀၀ ကျော်နှင့် လက်မှတ်အချို့ကို ရခဲ့သည်။ ထျဲလန်ယန်က နျိုတပင်းကို ယွမ် ၃၀ တိုက်ရိုက် ပေးလိုက်သည်။ "ဒါက ဒီနေ့အတွက် အစ်ကို့ရဲ့ ကာကွယ်ခပါ၊ ကျေးဇူးတင်ပါတယ် အစ်ကိုကြီးနျို"
နျိုတပင်းက ငြင်းဆန်ပြီး ပြောလိုက်သည်။ "ဒီပိုက်ဆံကို ငါမယူနိုင်ဘူး။ ငါ မင်းကိုတောင် မကာကွယ်ပေးခဲ့ဘူး။ အဲဒီအစား မင်းက ငါ့ကို ကာကွယ်ပေးခဲ့တယ်"
ထျဲလန်ယန် ပြုံးလိုက်သည်။ "ရပါတယ်၊ ကျွန်မတို့က သူငယ်ချင်းတွေပဲလေ၊ အေးအတူပူအမျှပါပဲ၊ ဒီပိုက်ဆံကို ယူထားလိုက်ပါ။"
သူ ငြင်းချိန်မရမီမှာပင် ထျဲလန်ယန်က ပိုက်ဆံများကို လက်ထဲထည့်ပေးပြီး အမြန်ထွက်ခွာသွားတော့သည်။
သူမ ထွက်သွားသည်ကို ကြည့်ကာ နျိုတပင်းမှာ မျက်ရည်ပင် ဝဲလာတော့သည်။
သူမက တကယ့်ကို စိတ်ရင်းကောင်းတဲ့ လူတစ်ယောက်ပဲ။
နောက်တစ်ခါ ဆုံလျှင်တော့ သူမကို ကျေးဇူးသေချာ ပြန်ဆပ်ရမည်ဟု သူ တေးထားလိုက်တော့သည်။
၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်
အပိုင်း ၂၀
ထျဲလန်ယန် အိမ်ပြန်ရောက်သောအခါ ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်အတိကျနေပြီဖြစ်သည်။
အိမ်ရှေ့တွင် လူရိပ်တစ်ခု ခေါက်တုံ့ခေါက်ပြန် လျှောက်နေပြီး သူမပြန်လာသည်ကို မြင်သည်နှင့် အပြေးအလွှား လာကြိုလေသည်။
သူမသည် ဘေးအိမ်မှ အိမ်နီးနားချင်း အဒေါ်မာပင် ဖြစ်သည်။ "လန်ယန်... ဘာလို့ ဒီလောက်တောင် နောက်ကျနေရတာလဲ။ အဒေါ်ဖြင့် စိတ်ပူလိုက်ရတာ။"
ယနေ့မွန်းလွဲပိုင်းက အဒေါ်မာ၏သားနှင့် ဖြစ်ပျက်ခဲ့သော ကိစ္စကြောင့် ထျဲလန်ယန်၏ စိတ်ထဲတွင် အဒေါ်မာအပေါ် ထားရှိသည့် အကောင်းမြင်စိတ်များ အကုန်ပျက်စီးသွားခဲ့ပြီဖြစ်သည်။
ဤသူသည် စိုးရိမ်စကားများ ပြောနေသော်လည်း သူမ၏ အပြုံးများမှာ မျက်လုံးထဲတွင် အသက်မပါနေဘဲ ဟန်ဆောင်နေမှန်း သိသာလှသည်။
ထျဲလန်ယန်သည် ယခင်ကကဲ့သို့ ယဉ်ယဉ်ကျေးကျေး မဆက်ဆံတော့ဘဲ အေးစက်စွာပင် မေးလိုက်သည်။ "ဘာကိစ္စရှိလို့လဲ။"
အဒေါ်မာက အပြစ်တင်သလို ကြည့်ကာ ပြောလိုက်သည်။ "အို... ဒီကလေးကတော့၊ ကိစ္စမရှိရင်တောင် စိတ်ပူလို့မရဘူးလား။ ငါတို့က အိမ်နီးနားချင်းဖြစ်လာတာ နှစ်တွေအများကြီး ရှိပြီပဲဟာ။"
"ဘာမှမရှိရင် ကျွန်မ အထဲဝင်တော့မယ်။"
ထျဲလန်ယန်က အားနာစရာမလိုတော့ဟု ယူဆကာ ပြတ်ပြတ်သားသား ပြောလိုက်သည်။
သူမသည် တစ်နေကုန် ပင်ပန်းနေပြီဖြစ်ရာ ဤလူနှင့် စကားများမနေချင်တော့ပေ။
သူမ အေးစက်နေသည်ကို မြင်သောအခါ အဒေါ်မာ၏ မျက်နှာမှ အပြုံးများ ပျောက်ကွယ်သွားသည်။ "လန်ယန်... ဒီနေ့ နင့်အစ်ကို ချန်ကျန်း ပြောလိုက်တဲ့ စကားတွေက နင်သဘောမကျစရာ ဖြစ်သွားရင်လည်း စိတ်ထဲမထားပါနဲ့။"
ထျဲလန်ယန် မျက်မှောင်ကြုတ်လိုက်သည်။ "သူ့မှာ မကောင်းတဲ့ရည်ရွယ်ချက် ရှိ၊ မရှိဆိုတာ သူအသိဆုံးပါပဲ၊ ကိစ္စမရှိရင် ကျွန်မအိမ်ကို မလာပါနဲ့တော့။"
အဒေါ်မာ၏ မျက်နှာမှာ ပျက်သွားသော်လည်း ရုတ်တရက် တစ်ခုခုကို သတိရသွားပုံရသည်။
ထို့နောက် သူမက အတင်းပြုံးကာ ပြောလိုက်သည်။ "လန်ယန် မိဘတွေ ဆုံးသွားလို့ နင် စိတ်မကောင်းဖြစ်နေတာ သိပါတယ်၊ ဒါပေမယ့် ဒီလိုတော့ စကားမပြောသင့်ဘူးလေ။ ချန်ကျန်းနဲ့ ငါက နင့်ကို ဂရုစိုက်ချင်ရုံတင်ပါ၊ နောင်ကြရင် ငါတို့က မိသားစုဝင်တွေ ဖြစ်လာနိုင်တာပဲလေ၊ အဲဒီအခါကြရင် အခုလို အစိမ်းသက်သက်ကြီး မနေပါနဲ့တော့။"
ထျဲလန်ယန် မှင်တက်သွားခဲ့သည်။ "မိသားစုဝင်တွေ ဟုတ်လား။"
အဒေါ်မာ - "ဟုတ်တယ်လေ၊ နင်က ငယ်ငယ်လေးပဲ ရှိသေးတယ်၊ မိဘတွေလည်း မရှိတော့ဘူးဆိုတော့ စောင့်ရှောက်မယ့်သူလည်း မရှိဘူးလေ။ ချန်ကျန်းက လူကောင်းတစ်ယောက်ပါ၊ နင် သူ့ကို သေသေချာချာ စဉ်းစားကြည့်ပါလား။"
ထျဲလန်ယန်မှာ ဒေါသထွက်လွန်းသဖြင့် ရယ်ပင်ရယ်မိတော့သည်။
ကျန်းချွေ့တို့ မိသားစုကို ရှင်းထုတ်ပြီးကာစရှိသေး၊ အခု နောက်တစ်ယောက်က သူမ၏ အမွေတွေကို မျက်စိကျလာပြန်ပြီ။
အဓိကအချက်မှာ အဒေါ်မာ၏သား ချန်ကျန်းသည် လွန်ခဲ့သည့် နှစ်နှစ်က အိမ်ထောင်ကျခဲ့သော်လည်း ဇနီးဖြစ်သူက ကလေးမရနိုင်သဖြင့် ကွာရှင်းထားသူဖြစ်သည်။
လွန်ခဲ့သည့် နှစ်နှစ်အတွင်း ချန်ကျန်းသည် မိန်းကလေးများစွာနှင့် တွေ့ဆုံခဲ့သော်လည်း အဒေါ်မာက တစ်ယောက်မှ သဘောမကျခဲ့ပေ။ ယခုမူ သူမက ထျဲလန်ယန်ကို မျက်စိကျနေခြင်းဖြစ်သည်။
ထျဲလန်ယန်သည် မိဘမဲ့တစ်ယောက်ဖြစ်သဖြင့် အနိုင်ကျင့်ရလွယ်မည်ဟု ထင်ကာ ဤကဲ့သို့ ရှက်ရွံ့ခြင်းမရှိ ပြောဆိုနေခြင်းပင် ဖြစ်သည်။
အကယ်၍ ထျဲလန်ယန်၏ မိဘများသာ အသက်ရှင်နေဦးမည်ဆိုလျှင် သူမအနေဖြင့် ဤကဲ့သို့ပြောရန် ဆယ်ဘဝစာလောက် သတ္တိမွေးရလိမ့်မည်။
သူမသည် အားကြီးသူကို ကြောက်ပြီး အားနည်းသူကိုသာ ရွေးနှိပ်စက်သည့် လူစားမျိုးပင်။
ယခင်က အဒေါ်မာ ပြသခဲ့သည့် ကြင်နာမှုအားလုံးမှာ အတုအယောင်များသာဖြစ်ကြောင်း ထျဲလန်ယန် နားလည်သွားသည်။
အခုတော့ သူမ၏ စိတ်ဓာတ်အစစ်အမှန် ပေါ်လာပြီဖြစ်သည်။
ကျန်းချွေ့တို့ မိသားစုလိုပင် သူမသည်လည်း အမွေကိုသာ မက်မောနေခြင်း ဖြစ်သည်။
ဟမ့်၊ သူတို့က သေမင်းကို လှမ်းခေါ်နေသလိုပဲ!
သူတို့က တကယ်ပဲ သူမ ထျဲလန်ယန်ကို အနိုင်ကျင့်ရတာ အရမ်းလွယ်တယ်လို့ ထင်နေကြတာလား။
"မလိုပါဘူး၊ ချန်ကျန်းက ကျွန်မထက် အများကြီး ကြီးတဲ့အပြင် ကြည့်ရတာလည်း အိုနေပြီ၊ ကျွန်မ သူ့ကို လုံးဝ မကြိုက်ဘူး။"
ထျဲလန်ယန် ညှာတာမှုမရှိဘဲ ပြန်ပြောလိုက်သည်။
အဒေါ်မာ၏ မျက်နှာမှာ တင်းသွားခဲ့သည်။ "နင်ကတော့ တော်တော်ရိုင်းတဲ့ကလေးပဲ၊ ငါ့သားက ကြည့်ရတာ ရိုးအေးပေမယ့် လူကောင်းတစ်ယောက်ပါ။ ငါတို့ ချန်မိသားစုထဲကို နင် ရောက်လာရင် နင့်ကို ဘုရင်မတစ်ပါးလို ထားမှာပေါ့။ ငါတို့ ချန်မိသားစုအတွက် ထွားထွားကြိုင်းကြိုင်း သားယောက်ျားလေးတစ်ယောက် မွေးပေးပြီး အိမ်မှာပဲ ကလေးထိန်းနေရရင် ဘဝက ဘယ်လောက်တောင် သက်တောင့်သက်သာ ရှိလိုက်မလဲ။"
ထျဲလန်ယန် နှာခေါင်းရှုံ့လိုက်သည်။ "ရယ်ရတယ်နော်၊ အခုလည်း ကျွန်မက ဘုရင်မလို စားသောက်နေတာပဲ၊ ဘာလို့ ရှင့်သားကို ယူရမှာလဲ။ ရှင့်ရဲ့ ရည်ရွယ်ချက်ကို ကျွန်မ မသိဘူး မမှတ်နဲ့၊ ကျွန်မရဲ့ အမွေတွေကို ယူချင်နေတာမလား၊ လုံးဝ မရစေရဘူး။"
ဤသည်မှာ ဆက်ဆံရေးကို လုံးဝဖြတ်တောက်လိုက်ခြင်းပင် ဖြစ်သည်။
အဒေါ်မာမှာ အရှက်ရသွားပြီး မရိုးသားစွာ ဆင်ခြေပေးနေသေးသည်။ "လန်ယန်... ငါတို့အပေါ် အဲဒီလို မကောင်းမမြင်ပါနဲ့... အဲဒီလို မဟုတ်ပါဘူး..."
"ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ ဂရုမစိုက်ဘူး။ နောက်ဆို ကျွန်မအိမ်ကို လုံးဝ မလာနဲ့၊ ဒါမှမဟုတ်ရင် ကျွန်မဘက်ကလည်း ရိုင်းရိုင်းစိုင်းစိုင်း တုံ့ပြန်မိမှာကို အပြစ်မတင်နဲ့။"
ထျဲလန်ယန်သည် အိမ်တံခါးကို ဝုန်းခနဲ ဆောင့်ပိတ်လိုက်တော့သည်။
အဒေါ်မာကဲ့သို့ လူစားမျိုးကို မျက်နှာသာပေး၍ မရပေ။ မဟုတ်လျှင် သူမက ပိုပြီးတော့ အခွင့်အရေးယူလာလိမ့်မည်။
ထျဲလန်ယန်သည် သူမ တန်ပြန်တိုက်ခိုက်မှု ပြုလုပ်ရန် ကြောက်ရွံ့ခြင်း မရှိပေ။
လာခဲ့၊ ဘယ်သူက ဘယ်သူ့ကို ကြောက်နေတာလဲ။
သူမရှေ့မှာ ထပ်ပြီး ပေါ့ပေါ့ဆဆ ပြုမူရဲရင် သူမက သူတို့ကို ကောင်းကောင်းရိုက်လိမ့်မယ်၊ တစ်ချက်ရိုက်ရုံနဲ့ မလုံလောက်ရင် နောက်တစ်ခါ ထပ်ရိုက်လိမ့်မယ်။
ဘာပဲဖြစ်ဖြစ် သူမက ရူးကြောင်ကြောင်နိုင်တယ်လို့ နာမည်ကြီးနေတာပဲ၊ ပြဿနာတက်မှာကိုလည်း သူမက ကြောက်နေမှာ မဟုတ်ဘူး။
…….
အခန်းထဲသို့ ရောက်သောအခါ ထျဲလန်ယန်သည် အမြန်ရေချိုးပြီး မုယောနို့တစ်ခွက် ဖျော်သောက်လိုက်သည်။
ချိုမြိန်လှသော နို့အရသာကြောင့် ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်မှာ လန်းဆန်းသွားရသည်။
ယနေ့သည် အလွန်ပင်ပန်းသော နေ့တစ်နေ့ဖြစ်သော်လည်း အကျိုးအမြတ်များစွာ ရရှိခဲ့သည်။
ထျဲလန်ယန်သည် ပစ္စည်းများ သိမ်းဆည်းရန် အားမရှိတော့သဖြင့် ကုတင်ပေါ်သို့ တိုက်ရိုက်လှဲချကာ အိပ်ပျော်သွားတော့သည်။
နောက်တစ်နေ့ နံနက်တွင် ထျဲလန်ယန် စောစောထကာ ကြက်ဥနှင့် ကန်စွန်းဥများကို ပြုတ်စားလိုက်သည်။
ယနေ့တွင် သူမ အပြင်မထွက်တော့ဘဲ နေရာလွတ်ထဲရှိ ဝါးတောအိမ်လေးကို ရှင်းလင်းရန် ဆုံးဖြတ်လိုက်သည်။
ဝါးတောအိမ်လေးတွင် အခန်းပေါင်းများစွာရှိပြီး အခန်းတစ်ခန်းလျှင် စတုရန်းမီတာ ၁၀၀ ကျော် ကျယ်ဝန်းသည်။ ထျဲလန်ယန်သည် သူမ စုဆောင်းထားသော ရှေးဟောင်းပစ္စည်းများနှင့် ပန်းချီကားများကို ထားရှိရန် အခန်းတစ်ခန်းကို သီးသန့် ဖယ်ထားလိုက်သည်။
မနေ့က သူမ စုဆောင်းထားခဲ့သော ပစ္စည်းများစွာမှာ ကြမ်းပြင်ပေါ်တွင် ဖရိုဖရဲ ပြန့်ကျဲနေကြသည်။
ထျဲလန်ယန်သည် သူမ၏ စိတ်အာရုံကို အသုံးပြုကာ ဝါးတောထဲမှ ဝါးအချို့ကို ခုတ်ယူလိုက်ပြီး ဝါးစင်များကို အစီအရီ ပြုလုပ်လိုက်သည်။ ထို့နောက် သူမ စုဆောင်းထားသော ပစ္စည်းများကို ထိုစင်များပေါ်တွင် သေသေချာချာ စီထည့်ထားလိုက်တော့သည်။
တစ်နာရီခန့်အကြာတွင် အခန်းမှာ သေသပ်လှပသွားတော့သည်။
သူမသည် ထိုအခန်းကို "ရတနာအိမ်" ဟု အမည်ပေးလိုက်ပြီး တံခါးတွင်လည်း ဆိုင်းဘုတ်လေးတစ်ခု ချိတ်ထားလိုက်သည်။
ထို့နောက် အခြားအခန်းများကို ဆက်ပြင်ဆင်ခဲ့သည်။
သူမ အိပ်စက်ရန်အတွက် အိပ်ခန်းကိုလည်း ပြင်ဆင်ရန် လိုအပ်သည်။ သူမ အမြဲတမ်း အပြင်မှာ အိပ်ပြီး သီးခြားနေရာမှာ မအိပ်ရသေးချေ။
ကျန်းချွေ့တို့အိမ်မှ ရလာသော ကုတင်မှာ သေးငယ်လှသော်လည်း လောလောဆယ်တော့ ဤကုတင်နှင့်ပင် ဖြစ်သလို နေရဦးမည်။ နောက်တစ်ခါ အခွင့်အရေးရရင် ပိုကြီးတဲ့ ခုတင်တစ်လုံး ၀ယ်ရမည်။
ထျဲလန်ယန်သည် လိမ့်နေလျှင်ပင် ပြုတ်မကျနိုင်သည့် ကုတင်အကြီးစားမျိုးကို နှစ်သက်သူဖြစ်သည်။ ကုတင်ဘေးရှိစားပွဲကလည်း ကျန်းချွေ့ရဲ့ မိသားစုအပိုင်ဖြစ်သည်။ နည်းနည်းတော့ အသစ်စက်စက်လို့ ထင်ရပေမယ့် အဆင်ပြေပါတယ်။
ထို့အပြင် သူမသည် အဝတ်အထည်ဗီရို၊ စားပွဲ၊ ကုလားထိုင်၊ ရေနွေးအိုး၊ မျက်နှာသစ်ဇလုံနှင့် မှန်တစ်ချပ်တို့ကိုပါ ထည့်သွင်းပြင်ဆင်လိုက်သည်။
အခန်းလွတ်ထဲမှာ ရုတ်တရက် ပစ္စည်းအသစ်တွေ တစ်ဝက်လောက် ရှိလာသည်။
အခုတော့ ဒီလောက်နဲ့ပဲ ထားလိုက်ရအောင်။ နောက်မှ တဖြည်းဖြည်းနဲ့ ပိုကောင်းတဲ့ ပစ္စည်းတွေကို ထပ်ထည့်ပြီး အလှဆင်ရမယ်။
အခန်းမှာ ရိုးရှင်းသော်လည်း သူမက "နွေးထွေးသော အသိုက်အမြုံ" ဟု အမည်ပေးလိုက်သည်။ ဤနေရာသည် သူမ ဘယ်နေရာ ဘယ်အချိန်မှာမဆို အိပ်စက်နိုင်မည့် နေရာလေး ဖြစ်သည်။
နောက်တစ်ဆင့်အနေဖြင့် သူမသည် စာကြည့်ခန်းကို ပြင်ဆင်မွမ်းမံလိုက်သည်။
ထျဲလန်ယန်သည် သူမ၏ စိတ်အာရုံကို အသုံးပြုကာ ဝါးစင်များကို နောက်ထပ် တစ်တန်း ထပ်ဖန်တီးလိုက်ပြီး အဟောင်းဆိုင်မှ ဝယ်ယူလာခဲ့သော စာအုပ်များကို ထိုစင်များပေါ်တွင် အစီအရီ တင်ထားလိုက်သည်။
သူမထိုင်ပြီး စာဖတ်နိုင်ရန် စင်ဘေးတွင် ဝါးထိုင်ခုံအနည်းငယ်နှင့် စားပွဲတစ်လုံးထားထားသည်။
ထိုစာကြည့်ခန်းလေးကိုလည်း "မွှေးပျံ့သော စာအုပ်ရနံ့ဆောင်" ဟု အမည်ပေးထားရာ အလွန်ပင် အနုပညာဆန်လှသည်။
ကောက်နှံများ၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် အသားများကို သီးသန့်ထားသည့် အခန်းကိုမူ "အရသာဆောင်" ဟု အမည် ပေးလိုက်သည်။ ထိုအမည်ကို မြင်သည်နှင့် ထျဲလန်ယန် တစ်ယောက် ဗိုက်ဆာလာတော့သည်။
ထို့နောက် ဘာမှမရှိဘဲ ဟာလာဟင်းလင်းဖြစ်နေသော ဧည့်ခန်းကိုမူ "ဗလာနန်းဆောင်" ဟု အမည်ပေးလိုက်သည်။
မူလပိုင်ရှင်နှင့် သူမ၏ မိဘများ၏ ပစ္စည်းများကို သိမ်းဆည်းရန်အတွက် အခန်းတစ်ခန်းကို သီးသန့်ထားကာ "ပြန်လည်ဆုံစည်းရာဆောင်" ဟု အမည်ပေးလိုက်သည်။
သူမ၏ မိသားစုဝင်များ နောက်ဘဝတွင် ပျော်ရွှင်စွာ ပြန်လည်ဆုံစည်းနိုင်ပါစေဟု ဆုတောင်းပေးလိုက်သည်။
နောက်ဆုံးတွင် မီးဖိုချောင်နှင့် ရေချိုးခန်းတို့အတွက် အတော်ကြာအောင် စဉ်းစားသော်လည်း အမည်ကောင်း မရခဲ့ပေ။
အရာရာကို စနစ်တကျရှိမှ ကျေနပ်တတ်တဲ့သူတစ်ယောက်ဖြစ်တာကြောင့် သူမဟာ တံခါးအပြင်ဘက်မှာ "ချက်ပြုတ်ရာနေရာ" နှင့် "သန့်စင်ရာနေရာ" ဆိုသည့် ဆိုင်းဘုတ်လေးများကို ချိတ်ဆွဲထားလိုက်သည်။
ဟင်းး စိတ်ကျေနပ်စရာပဲ။ ပြီးပြည့်စုံပြီ။
ထျဲလန်ယန်သည် တစ်ခုချင်းစီ ပြင်ဆင်ရင်း စိတ်ကျေနပ်မှုများ ရရှိနေသည်။
ဤသည်မှာ သူမ၏ အိမ်စစ်စစ် ဖြစ်သည်။
သူမ တစ်ဦးတည်း ပိုင်ဆိုင်သည့်နေရာ ဖြစ်သည်။
အခုတော့ သူမမှာ အိမ်မရှိမှာကို ကြောက်နေစရာ မလိုတော့ပေ။
ဤအရာအားလုံးအတွက် ဘုရားသခင်ကို ကျေးဇူးတင်မိသည်။
သူမ တကယ်ကို စိတ်ကျေနပ်မိပြီး ဤနေရာလေးကို အရမ်းချစ်မြတ်နိုးမိတော့သည်။