စိတ်ဝိညာဉ်ရတနာ စတုတ္တအဆင့်၊ အဆိပ်ဘုရင်၏ ဆက်ခံသူ
Vol. 4 Ch. 57
အခန်း (၅၇) စိတ်ဝိညာဉ်ရတနာ စတုတ္တအဆင့်၊ အဆိပ်ဘုရင်၏ ဆက်ခံသူ
အတန်ကြာတဲ့အခါမှာ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ မျက်လုံးတွေမှာ အံအားသင့်မှုတွေ အထင်းသား ပေါ်လွင်နေပါတယ်။ သစ်သားပြားထဲမှာ လျှို့ဝှက်ပညာရပ်တစ်ခု ရှိနေပါတယ်။
ကောင်းကင်ရုပ်သေးရုပ်!
ဒီရုပ်သေးရုပ်က စိတ်ဝိညာဉ်စွမ်းအားနဲ့ ပြုလုပ်ရတာ ဖြစ်ပါတယ်။ ဟန်ကျွယ်ဟာ သူနဲ့ကျင့်ကြံခြင်းအဆင့်တူတဲ့ ရုပ်သေးရုပ်ကို ဖန်တီးနိုင်ပါတယ်။ ဒါပေမဲ့ ဒီရုပ်သေးရုပ်ရဲ့ အားနည်းချက်က ကြာရှည်မခံတာပဲ ဖြစ်ပါတယ်။ စိတ်ဝိညာဉ်စွမ်းအား ကုန်သွားတာနဲ့ ဒီရုပ်သေးရုပ်ဟာ မရွေ့လျားနိုင်တော့ပါဘူး။ နောက်တစ်ခါ စိတ်ဝိညာဉ်စွမ်းအား ထပ်ထည့်ပေးမှ ထပ်ပြီးလှုပ်ရှားနိုင်မှာ ဖြစ်ပါတယ်။
ကောင်းကင်ရုပ်သေးရုပ်ဟာ သူ့ဘာသာ မတိုက်ခိုက်နိုင်ပါဘူး။ ဖန်တီးသူက ရုပ်သေးရုပ်ထဲကို ဝိညာဉ်အတွေး တစ်စွန်းတစ်စ ထည့်ပေးဖို့ လိုအပ်ပါတယ်။ ဒီရုပ်သေးရုပ်က ကိုယ်ပွားနဲ့ ဆင်တူပါတယ်။ ဒါပေမဲ့ ကောင်းကင်ရုပ်သေးရုပ် ပျက်စီးသွားရင် ဖန်တီးသူကို ဘာသက်ရောက်မှုမှ မရှိပါဘူး။ ဒါ့အပြင် ရုပ်သေးရုပ်ဖြစ်တဲ့အတွက် အသက်မရှူပါဘူး။ ဒါကြောင့် သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းထားလို့ ရပါတယ်။
ဒီကောင်းကင်ရုပ်သေးရုပ် လျှို့ဝှက်ပညာရပ်ဟာ ဟန်ကျွယ် ကာကွယ်ချင်တဲ့လူတွေကို ရုပ်သေးရုပ်တွေ ဖန်တီးပေးနိုင်တာကြောင့် တကယ်အသုံးဝင်တဲ့ ပညာရပ်တစ်ခု ဖြစ်ပါတယ်။ ဟန်ကျွယ်ဟာ ချက်ချင်းပဲ မတ်တတ်ထရပ်ကာ ပြောလိုက်ပါတယ် “ဒီဟာက ရတနာကောင်းပဲ၊ ငါပြန်သွားပြီး ကျင့်ကြံလိုက်အုန်းမယ်၊ နောက်ကျမှာပဲ မင်းဆီလာလည်တော့မယ်!” ဟန်ကျွယ်ဟာ ပြောဆိုပြီးတာနဲ့ ပျောက်ကွယ်သွားပါတယ်။
ရှင်းဟုန်ရွှမ်ဟာ တအံတဩ ဖြစ်သွားပြီး စိတ်မချမ်းမသာ ဖြစ်သွားပါတယ်။ ဒါပေမဲ့ တစ်ခဏအတွင်းမှာပဲ ပြန်ပျော်ရွှင်သွားပါတယ်။ အကြောင်းကတော့ ဟန်ကျွယ်ကို စိတ်မရှည်အောင် လုပ်နိုင်တာက ရတနာကောင်းပဲ ဖြစ်ရမယ်လို့ တွေးမိလိုက်တာကြောင့် ဖြစ်ပါတယ်။
…
ဟန်ကျွယ်ဟာ သူ့လိုဏ်ဂူကို ပြန်ရောက်တာနဲ့ ကောင်းကင်ရုပ်သေးရုပ်ကို ချက်ချင်း ဖန်တီးပါတယ်။ ဟန်ကျွယ်ဟာ သူ့စိတ်ဝိညာဉ်ချီကို လက်နှစ်ဖက်နဲ့ စုစည်းပြီး မမြင်နိုင်တဲ့လူရုပ်တစ်ရုပ်ကို ဖန်တီးလိုက်ပါတယ်။ လမ်းခြောက်သွယ် စိတ်ဝိညာဉ်ချီကို အသုံးပြုပြီး ကောင်းကင်ရုပ်သေးရုပ်ကို ဖန်တီးရာမှာ ဘာအခက်အခဲမှ မတွေ့ရပါဘူး။
ဟန်ကျွယ် ဆက်ခံရရှိခဲ့တဲ့ မှတ်ဉာဏ်အရဆိုရင် ကောင်းကင်ရုပ်သေးရုပ်ကို ဖန်တီးရတာက အရမ်းခက်ခဲပါတယ်။ ဒီအခက်အခဲက စိတ်ဝိညာဉ်ချီနဲ့ သက်ဆိုင်ပါတယ်။ သာမန်အခြေအနေမှာ စိတ်ဝိညာဉ်ချီက အစိုင်အခဲဖြစ်လာဖို့ အရမ်းခက်ခဲပါတယ်။ ရုပ်သေးရုပ်ဖန်တီးဖို့ဆိုတာ အဝေးကြီးပါ။
ဒါပေမဲ့ ကောင်းကင်ရုပ်သေးရုပ် လျှို့ဝှက်ပညာရပ်အရ ဒီကိစ္စက ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အလွန်တရာ ခက်ခဲရုံပါ။ တစ်ချိန်တည်းမှာပဲ ဝိညာဉ်အတွေးကို ဖန်တီးတာက အလွန်တရာရှားပါးတဲ့ ပညာရပ်ဖြစ်ပြီး တစ်ခြားပညာရပ်တွေ သိုင်းပညာတွေမှာတောင် အသုံးချနိုင်ပါတယ်။ ဝိညာဉ်အတွေးဆိုတာ မျက်လုံးတစ်စုံ အပိုရှိနေသလိုပါပဲ။
ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်အတွက် ကောင်းကင်ရုပ်သေးရုပ်တွေ ဖန်တီးပေးဖို့ စီစဉ်ထားပါတယ်။ ရှင်းဟုန်ရွှမ် ပြီးရင်တော့ ချန်ယွီအာနဲ့ နတ်မိမယ်ရှီရွှမ်အတွက် ဖန်တီးမှာဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ သူ့တတပည့် ရန်ထျန်တုန်းအတွက် ရုပ်သေးတစ်ရုပ် ဖန်တီးပေးဖို့လည်း ဆုံးဖြတ်လိုက်ပါတယ်။ သူတို့တွေ အန္တရာယ်ကြုံလာခဲ့ရင် သူ့ရုပ်သေးရုပ်တွေက သူတို့ရဲအသက်တွေကို ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဟန်ကျွယ်ဟာ ကောင်းကင်ရုပ်သေးရုပ် ဖန်တီးရတာရဲ့ ခက်ခဲမှုကို လျှော့တွက်ခဲ့ပါတယ်။ တစ်နှစ်လုံး ကြိုးစားပြီးမှ ဟန်ကျွယ်ဟာ ကောင်းကင်ရုပ်သေးရုပ် တစ်ရုပ်ပဲ ဖန်တီးနိုင်ခဲ့ပါတယ်။ ဒီကောင်းကင်ရုပ်သေးရုပ်က ဖန်တီးရတာ မခက်ခဲပေမဲ့ အသေးစိတ်လုပ်ရတာကြောင့် အချိန်နဲ့လုပ်အား တော်တော်လေး ကုန်ပါတယ်။
အသစ်လုပ်စက်စက် ကောင်းကင်ရုပ်သေးရုပ်ဟာ စိတ်ဝိညာဉ်ချီအပြည့် ရှိနေပါတယ်။ ဒီရုပ်သေးရုပ်ဟာ သာမန်ကြည့်ရင် သစ်သားရုပ်သေးရုပ်နဲ့ ဘာမှမကွာပါဘူး။ ဟန်ကျွယ်ဟာ သူ့မျက်နှာကို ရုပ်သေးရုပ်မျက်နှာအဖြစ် မထားရဲပါဘူး။ ဒီလိုထားလိုက်ရင် အာရုံစိုက်ခံရမှာကို စိုးရိမ်လို့ပဲ ဖြစ်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ရဲ့ လိုဏ်ဂူထဲကို ဖျတ်ခနဲ ရောက်သွားပါတယ်။ ကျင့်ကြံအားထုတ်နေတဲ့ ရှင်းဟုန်ရွှမ်ဟာ ရုတ်တရက် ပေါ်လာတဲ့ ဟန်ကျွယ်ကြောင့် ထိတ်လန့်သွားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်မျက်နှာကို မြင်လိုက်ရတဲ့အခါမှာတော့ ရှင်းဟုန်ရွှမ်ဟာ ပျော်ရွှင်စွာ ပြုံးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်ရုပ်သေးရုပ်ကို ထုတ်ယူကာ ပြောလိုက်ပါတယ် “ဒီရုပ်သေးရုပ်ကို မင်းရဲ့သိုလှောင်လက်စွပ်ထဲ ထည့်ထားချည်၊ နောက်ကျလို့ မင်းဘယ်ကိုသွားသွား ဒီရုပ်သေးရုပ်ကို မင်းနဲ့အတူတူ ယူသွားရမယ်၊ အရေးကြီးအခြေအနေမှာ ဒီရုပ်သေးရုပ်က မင်းအသက်ကို ကယ်တင်နိုင်တယ်” ဟန်ကျွယ်ဟာ ပြောဆိုပြီးတာနဲ့ သူ့ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်သွားပါတယ်။
ရှင်းဟုန်ရွှမ်ဟာ အံအားသင့်သွားပြီး ကောင်းကင်ရုပ်သေးရုပ်ကို သေချာကြည့်လိုက်တဲ့အခါမှာ ဟန်ကျွယ်နဲ့ ရုပ်ချင်းဆင်တယ်လို့ ခံစားလိုက်ရပါတယ်။
အခြားတစ်ဖက်မှာတော့ ဟန်ကျွယ်ဟာ နောက်ထပ် ကောင်းကင်ရုပ်သေးရုပ်တွေကို ဆက်ဖန်တီးပါတယ်။ အတွေ့အကြုံနည်းနည်းရှိတာမို့ ဟန်ကျွယ်ဟာ ဒီနှစ်မှာ ကောင်းကင်ရုပ်သေးရုပ် နှစ်ရုပ်ကို ဖန်တီးနိုင်ခဲ့ပါတယ်။ ဒီကောင်းကင်ရုပ်သေးရုပ်တွေက ဟန်ကျွယ်ရဲ့ ကိုယ်ပွားနဲ့ သိပ်မခြားနားပါဘူး။ သူတို့မှာ ရတနာတွေမရှိတာကလွဲလို့ ဟန်ကျွယ်ရဲ့ စွမ်းအားအစစ်အမှန်ကို ထုတ်နိုင်ပါတယ်။
ဒီရုပ်သေးရုပ်တွေက အရမ်းအစွမ်းထက်တဲ့အတွက် ဟန်ကျွယ်ဟာ စစ်တပ်တစ်တပ် ဖန်တီးဖို့ စဉ်းစားလိုက်ပါတယ်။ ဒါပေမဲ့ ရုပ်သေးရုပ်သုံးလေးရုပ် လုပ်ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဒီအကြံကို ပယ်ချလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝိညာဉ်အတွေးကို ဖန်တီးရတာက သူ့ဝိညာဉ်ရဲ့ တစ်စွန်းတစ်စကို ပိုင်းဖြတ်လိုက်တာနဲ့ တူနေလို့ပါပဲ။ ဝိညာဉ်အတွေး လေးငါးခြောက်ခုက ပြဿနာမရှိပေမဲ့ သုံးလေးဆယ်ဆိုရင်တော့ ပြဿနာရှိလာပါပြီ။ ဒီထက်ပိုပြီး ပိုင်းဖြတ်မယ်ဆိုရင်တော့ ဟန်ကျွယ်ရဲ့ဝိညာဉ်က မပြည့်စုံတဲ့ဝိညာဉ်တစ်ခု ဖြစ်သွားမှာပါ။
ဒါ့အပြင် ကောင်းကင်ရုပ်သေးရုပ်ကို ဖန်တီးတာက သူ့ကျင့်ကြံခြင်းကို နှောင့်နှေးစေပါတယ်။ ဒီနှစ်နှစ်မှာ ဟန်ကျွယ်ရဲ့ ကျင့်ကြံခြင်းက တိုးတက်မှုလုံးဝ မရှိပါဘူး။ ဟန်ကျွယ်သာ ကောင်းကင်ရုပ်သေးရုပ် ဖန်တီးတာကို စိတ်ရောကိုယ်ပါ မြုပ်နှံမယ်ဆိုရင် သူလိုချင်တဲ့ပန်းတိုင်နဲ့ အလှမ်းဝေးကွာသွားမှာပါ။
‘ဒီလိုဖြစ်လို့ မရဘူး!’
ဟန်ကျွယ်ဟာ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ရုပ်သေးရုပ်နှစ်ရုပ်ကို သိမ်းဆည်းကာ ထွက်ခွာသွားပါတယ်။
စုချီဟာ ရုပ်သေးရုပ်နှစ်ရုပ်က တော်တော်လေး စိတ်ဝင်စားနေပါတယ်။ ဒီနှစ်နှစ်အတွင်းမှာ ဟန်ကျွယ်က ကောင်းကင်ရုပ်သေးရုပ်တွေ ဖန်တီးနေတာကို စုချီကိုယ်တိုင် မြင်ခဲ့ရတဲ့အတွက် ဒီရုပ်သေးရုပ်တွေက အံဩဖို့ကောင်းတယ်လို့ ခံစားလိုက်ရပါတယ်။ စုချီဟာ ဒီရုပ်သေးရုပ်တွေကို ဘာအတွက်အသုံးချလဲ စဉ်းစားလို့မရတာကြောင့် ဒီကိစ္စကို ဆက်မတွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ရုပ်သေးရုပ်နှစ်ရုပ်ကို ချန်ယွီအာနဲ့ နတ်မိမယ်ရှီရွှမ်ကို ပေးလိုက်ပါတယ်။ ချန်ယွီအာဟာ ဟန်ကျွယ်ပေးတဲ့ ရုပ်သေးရုပ်က အလွန်သဘောကျပြီး ဆက်တိုက်ချီးကျူးပါတယ်။ ဟန်ကျွယ်ဟာ ချန်ယွီအာလက်ကနေလွတ်ဖို့ ခေါင်းတော်တော်လေး စားလိုက်ရပါတယ်။
နတ်မိမယ်ရှီရွှမ်ကတော့ ထုံးစံအတိုင်း တည်ကြည်နေတဲ့အတွက် ဟန်ကျွယ်နဲ့ စကားသိပ်မပြောဖြစ်ပါဘူး။ ဒီဆရာတပည့်နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ဆန့်ကျင်ဘက်ပါ။ တစ်ယောက်က မီးလျှံလို စိတ်လှုပ်ရှားလွယ်ပြီး တစ်ယောက်လို ရေခဲလို အေးစက်လှပါတယ်။
ရန်ထျန်တုန်းဟာ ဂိုဏ်းချုပ်နောက်ကို လိုက်သွားတာကြောင့် အမြဲတမ်းအပြင်ဘက်မှာချည်းပါပဲ။ အဲဒါကြောင့် ဟန်ကျွယ်ဟာ သူ့တပည်ကို လောလောဆယ်မှာ ရှာမတွေ့နိုင် ဖြစ်နိုင်ပါတယ်။
ဟန်ကျွယ်ဟာ မော့ကျူအတွက် ရုပ်သေးရုပ်တစ်ရုပ် ဖန်တီးပေးရင် ကောင်းမလားလို့ စဉ်းစားလိုက်ပါတယ်။ နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ ချန်ယွီအာဆီကနေ မော့ကျူက လျှို့ဝှက်ခန်းမမှာ ရောက်နေတယ်လို့ သိလိုက်ရပါတယ်။ ဒီလျှို့ဝှက်ခန်းမက တာအိုသခင်းကျိုးတီ ရှာတွေ့ထားတဲ့ ရှေးဟောင်းတားမြစ်နယ်မြေပဲ ဖြစ်ပါတယ်။ တာအိုသခင်ကျိုးတီဟာ ရှေးဟောင်းတားမြစ်နယ်မြေမှာ ခန်းမတစ်ခုကို တည်ဆောက်လိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရှေးဟောင်းနယ်မြေမှာ စိတ်ဝိညာဉ်ချီက အတွင်းဂိုဏ်းမှာရှိတဲ့ စိတ်ဝိညာဉ်ချီထက် ပိုမိုသိပ်သည်းနေလို့ပါပဲ။ ယွီဂျင်ဂိုဏ်းတပည့်တွေဟာ ဒီလျှို့ဝှက်ခန်းမထဲကို ဝင်ချင်ရင်တော့ အောက်ထစ်ဆုံးအနေနဲ့ လက်ရွေးစင်တပည့်ဖြစ်ဖို့ လိုအပ်ပါတယ်။
တစ်ခြားစကားနဲ့ ပြောရမယ်ဆိုရင် ယွီဂျင်ဂိုဏ်းဖွဲ့စည်းပုံက အသစ်ပြောင်းလဲသွားပါတယ်။ လျှို့ဝှက်ခန်းမ၊ အတွင်းဂိုဏ်း တောင်ထိပ် ၁၈ ထိပ်နဲ့ အပြင်ဂိုဏ်းတို့ပဲ ဖြစ်ပါတယ်။ ရှေးဟောင်းနယ်မြေကို အကုန်လုံး မရှာဖွေရသေးတဲ့အတွက် ဒီလျှို့ဝှက်ခန်းမက အလုံခြုံဆုံးနေရာ ဖြစ်ပါတယ်။ ဒီလျှို့ဝှက်ခန်းမနဲ့ အတွင်းဂိုဏ်းကို ပေါ်တယ်တစ်ခုနဲ့ ဆက်သွယ်ထားပါတယ်။
လျှို့ဝှက်ခန်းမရဲ့ စိတ်ဝိညာည်ချီဟာ ထူထပ်သိပ်သည်းတယ်ဆိုပေမဲ့ ဟန်ကျွယ်တောင်နဲ့တော့ နှိုင်းယှဉ်လို့မရပါဘူး။ အဲဒါကြောင့် ဟန်ကျွယ်ဟာ လျှို့ဝှက်ခန်းမဆီ နေရာရွှေ့ဖို့ စိတ်ကူးတောင် မရှိပါဘူး။ ဟန်ကျွယ်ဟာ သူ့ကျင့်ကြံခြင်းလိုဏ်ဂူထဲပြန်သွားပြီး စတင်ကျင့်ကြံလိုက်ပါတယ်။
မျက်တောင်တစ်ခတ်အတွင်းမှာပဲ အချိန်သုံးနှစ်ဟာ ကုန်ဆုံးသွားပါတယ်။
ရုတ်တရက်ဆိုသလို စာကြောင်းသုံးကြောင်းဟာ ဟန်ကျွယ်ရှေ့မှာ ပေါ်လာပါတယ်။
[သင်သည် အသက် ၂၀၀ ရှိပြီ ဖြစ်သည်။ သင်သည် အချိန်အတန်ကြာ ရှင်သန်ခဲ့ပြီးဖြစ်သည်။ သင့်၏ အနာဂတ်ကျင့်ကြံခြင်းအတွက် အောက်ပါရွေးချယ်မှုများရှိသည်။]
[၁။ ယခုကဲ့သို့ပင် ကုပ်ကုပ်လေးဖြင့် ကျင့်ကြံအားထုတ်ပါ။ တိတ်တဆိတ် ကျင့်ကြံအားထုတ်ပြီး နာမည်ကျော်ကြားမှုအတွက် မတိုက်ခိုက်ပါနှင့်။ ယခုအချိန်မှစ၍ ဆုလာဘ်များသည် ကုပ်ကုပ်လေး ကျင့်ကြံခြင်းအား မျက်နှာသာပေးလိမ့်မည်။ သင်သည် စိတ်ဝိညာဉ်ရတနာတစ်ပါးအား ရရှိမည်။]
[၂၊ လူရှေ့သူရှေ့ထွက်ပြီး တစ်လောကလုံး နာမည်ကျော်ကြားအောင် လုပ်မည်။ ယခုအချိန်မှစ၍ ဆုလာဘ်များသည် လူသိများခြင်းအား မျက်နှာသာပေးလိမ့်မည်။ သင်သည် အသုံးအဆောင်ပစ္စည်းတစ်ခု၊ ပညာရပ်တစ်မျိုးနှင့် ဆန်းကြယ်စွမ်းအား အမွေတစ်ခုကို လက်ခံရရှိမည်။]
ဘာသိဘာသာနဲ့ ဟန်ကျွယ်ဟာ အသက် ၂၀၀ ပြည့်သွားပြီ ဖြစ်ပါတယ်။ အချိန်ကုန်ဆုံးတာက တကယ့်ကို မြန်ဆန်လှပါတယ်။ ဟန်ကျွယ်ဟာ တုံ့ဆိုင်းခြင်းမရှိဘဲ ပထမကို ရွေးချယ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ နာမည်ကျော်ကြား လူသိများတာကို လုံးဝမနှစ်သက်ပါဘူး။ လူသိများရင် ရန်သူများလို့ပဲ ဖြစ်ပါတယ်။
‘ငါ့အရည်အချင်းကပဲ အံဩဖွယ် ကောင်းနေပြီ၊ ဘာလို့ နာမည်ကျော်ကြားအောင် လုပ်ရမှာလဲ? မြင့်မြတ်တဲ့တာအိုကို ရသွားရင် လောကတစ်ခုလုံးကို ငါ ကြိုက်သလို ခရီးသွားနိုင်တာပဲဟာကို’ ဟန်ကျွယ်ဟာ ဝင့်ကြွားစွာ တွေးတောလိုက်ပါတယ်။
[သင်သည် ကုပ်ကုပ်ကလေးနေ၍ ကျင့်ကြံမည်ဟု ရွေးချယ်လိုက်သောကြောင့် စိတ်ဝိညာဉ်ရတနာတစ်ပါးကို ရရှိမည်။]
[စိတ်ဝိညာဉ်ရတနာ စတုတ္ထအဆင့် ရေခဲသခင်၏သရဖူအား ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]
[ရေခဲသခင်၏သရဖူ: စိတ်ဝိညာဉ်ရတနာ စတုတ္ထအဆင့်။ ဤသရဖူသည် ဟင်းလင်းပြင်ပေါင်းစပ်ခြင်း အဆင့်အောက်ရှိ အချို့သော ဆန်းကြယ်စွမ်းအားများလွဲ၍ ကျန်တိုက်ခိုက်မှုများကို ပြန်ကန်ထွက်နိုင်သည်။ ထို့အပြင် ဝိညာဉ်တိုက်ခိုက်မှုများအား အကောင်းဆုံး ခုခံပေးနိုင်သည်။]
‘နောက်ထပ် ခံစစ် စိတ်ဝိညာဉ်ရတနာပါလား! စနစ်က ငါ့အကြောင်းကို ကောင်းကောင်းသိတာပဲ’ ဟန်ကျွယ်ဟာ တအံတဩ တွေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ရေခဲသခင်၏သရဖူကို ချက်ချင်းထုတ်ယူပြီး သူ့သွေးကို အသုံးပြုကာ ရီဖိုင်းလုပ်လိုက်ပါတယ်။ ဒီသရဖူဟာ ခရမ်းနုရောင်နဲ့ အပြာရောင် ရောစပ်ထားပြီး အလွန်တရာမှ ကြည့်လို့ရှုလို့ကောင်းပါတယ်။
အခုအချိန်ကစပြီး ဟန်ကျွယ်ရဲ့ ခေါင်းအစခြေအဆုံး စိတ်ဝိညာဉ်ရတနာတွေချည်း ဖြစ်သွားပါပြီ။ စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူတွေက ဟန်ကျွယ်ရဲ့ ဆံခြည်တစ်မျှင်ကိုတောင် ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်တော့ပါဘူး။ ဟင်းလင်းပြင်ပေါင်းစပ်ခြင်း ကျင့်ကြံသူတွေကတော့ ဟန်ကျွယ်ကို တစ်ချက်တည်းနဲ့ ဘယ်လိုမှ သတ်နိုင်မှာ မဟုတ်ပါဘူး။
စုချီဟာ ရေခဲသခင်၏သရဖူကို ကြည့်ပြီး မျက်လုံးပြူးသွားပါတယ်။ ဒီလောက်ကြည့်ကောင်းတဲ့ သရဖူကို စုချီ ပထမဆုံးအကြိမ် မြင်ဖူးတာပါ။
နေ့ဝက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ရေခဲသခင်၏သရဖူကို ရီဖိုင်းလုပ်လို့ ပြီးစီးသွားပါတယ်။ ဟန်ကျွယ်ဟာ သရဖူကို ခေါင်းမှာဆောင်းလိုက်တဲ့အခါ ပိုလုံခြုံသွားတယ်လို့ ခံစားလိုက်ရပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ပျော်ပျော်ရွှင်ရွှင် ဆက်ကျင့်ကြံပါတယ်။
…
နောက်ထပ်ငါးနှစ်အကြာမှာတော့ တာအိုသခင်ကျိုးတီဟာ တပည့်တွေကိုဦးဆောင်ပြီး ပင်လယ်ရပ်ခြားကို ဦးတည်ထွက်ခွာသွားပါတယ်။ သူတို့တွေ ထွက်မသွားခင်မှာ ချန်ယွီအာဟာ ဟန်ကျွယ်ကို လာပြီး နှုတ်ဆက်ပါတယ်။ ဟန်ကျွယ်ဟာ ငိုယိုနေတဲ့ သူ့စီနီယာအစ်မကို အချိန်တော်တော်လေးယူပြီး အားပေးစကား ပြောလိုက်ရပါတယ်။
တာအိုသခင်ကျိုးတီ ထွက်ခွာသွားတဲ့အခါမှာ ဟန်ကျွယ်ဟာ ပျင်းရိလာပါတယ်။ အဲဒါကြောင့် အသွင်တူလက်ရည်စမ်းပွဲကို အသုံးပြုပြီး ယွီဂျင်ဂိုဏ်းထဲက သူကလွဲလို့ အစွမ်းထက်ဆုံးလူကို ရှာဖွေလိုက်ပါတယ်။
[လီချန်းလုံ: စိတ်ဝိညာဉ်ပြောင်းလဲခြင်း ပဥ္စမအဆင့်၊ အဆိပ်ဘုရင်၏ အရိုက်အရာဆက်ခံသူ]