အခန်း (၂၁-၂၂)
Vol. 3 Ch. 21-22
အပိုင်း ၂၁
ထျဲလန်ယန်သည် အလုပ်ရှုပ်နေသဖြင့် ဘာမှပင် မမှတ်မိတော့ပေ။
ဗိုက်ထဲမှ အချက်ပေးသံမြည်လာမှသာ မွန်းတည့်နေပြီဖြစ်ကြောင်း သူမ သတိပြုမိတော့သည်။
ဟင်းကောင်းကောင်းချက်ရန် အချိန်မရှိသဖြင့် ရိုးရိုးရှင်းရှင်းပင် ပြင်ဆင်ရန် ဆုံးဖြတ်လိုက်သည်။
သူမသည် နေရာလွတ်ရှိ ရသာဆောင်ထဲမှ ပါဝင်ပစ္စည်းများကို ကြည့်လိုက်သည်။
ကြက်ဥများစွာ ကျန်နေသေးသဖြင့် ကြက်သွန်မြိတ် ကြက်ဥပန်ကိတ် လုပ်စားရန် ဆုံးဖြတ်လိုက်သည်။
သူမသည် ကြက်ဥ ၁၀ လုံး၊ လှီးထားသော ကြက်သွန်မြိတ် တစ်ပန်းကန်နှင့် ဂျုံမှုန့်တစ်ပန်းကန်တို့ကို ပြင်ဆင်လိုက်သည်။
ကြက်သွန်မြိတ်များကို အပိုင်းအစလေးများ လှီးဖြတ်ကာ ကြက်ဥကို ခက်ရင်းဖြင့် ခေါက်ပြီးနောက် နှစ်မျိုးလုံးကို ရောမွှေလိုက်သည်။
ဂျုံမှုန့်ကို ရေဖြင့်ဖျော်ကာ မုန့်နှစ်လုပ်ပြီး ကြက်သွန်မြိတ်၊ ကြက်ဥတို့နှင့် အတူတူ သမအောင် မွှေလိုက်သည်။
ထို့နောက် ဒယ်အိုးထဲတွင် ဆီပူပေးကာ မုန့်နှစ်များကို လောင်းထည့်ပြီး မီးအေးအေးဖြင့် ကြော်လိုက်သည်။
နှစ်ဖက်စလုံး ရွှေအိုရောင်သန်းလာသောအခါ ဆယ်ယူလိုက်ပြီး ကျန်ရှိသည်များကို ဆက်ကြော်ခဲ့သည်။
ထျဲလန်ယန်သည် သုံးခါခန့် ကြော်ပြီးနောက် မုန့်နှစ်များ အကုန်ကုန်သွားသည်။
သူမ မုယောနို့တစ်ခွက်ကိုလည်း အသင့်ဖျော်ထားခဲ့သည်။
လက်တစ်ဖက်က ပန်ကိတ်ကို ကိုင်စားရင်း အခြားလက်တစ်ဖက်က နို့သောက်ရင်းဖြင့် ခဏလေးအတွင်းမှာပင် အစားအစာအားလုံးကို ပြောင်စင်အောင် စားသောက်ပစ်လိုက်တော့သည်။
အနည်းငယ် ဗိုက်ဆာနေဆဲဖြစ်သောကြောင့် ထျဲလန်ယန်သည် ထရပ်လိုက်ပြီးနောက် ငှက်ပျောသီးတစ်လုံး ထပ်စားလိုက်သည်။
သူမတွင် သစ်သီးဖျော်စက် မရှိသည်မှာ နှမြောစရာပင်၊ အကယ်၍ ရှိလျှင် ငှက်ပျောသီးဖျော်ရည် လုပ်သောက်မိမှာ အမှန်ပင် ဖြစ်သည်။
နေ့လယ်စာစားပြီးနောက် အစာကြေစေရန် နေရာလွတ်ထဲတွင် လမ်းလျှောက်ထွက်ခဲ့သည်။
နောက်ဘက်ရှိ မြေနက်စိုက်ပျိုးရေးဧရိယာသို့ ရောက်သောအခါ မြေကြီးထဲမှ အစေ့အဆန်များမှာ အညှောက်ပေါက်သည့်အဆင့်ကို ကျော်လွန်ကာ အရွက်နုလေးများအဖြစ် တိုက်ရိုက်ကြီးထွားနေသည်ကို အံ့ဩစွာ တွေ့လိုက်ရသည်။
ဝိုး၊ သူမ စိုက်ပျိုးခဲ့သည်မှာ နှစ်ရက်သာ ရှိသေးသည်။ နေရာလွတ်ထဲရှိ ပတ်ဝန်းကျင်မှာ အလွန်ကောင်းမွန်ပြီး အချိန်မှာလည်း အပြင်ကမ္ဘာထက် ပိုမြန်သဖြင့် ကောက်ပဲသီးနှံများ ပိုမြန်ဆန်စွာ ကြီးထွားမည်ကို သိထားသော်လည်း ဤမျှအထိ မြန်ဆန်လိမ့်မည်ဟု မမျှော်လင့်ထားပေ။
ဤနှုန်းအတိုင်းဆိုလျှင် ပုံမှန်အားဖြင့် သုံးလေးလခန့် ကြာတတ်သည့် သီးနှံများမှာ တစ်လအတွင်းမှာပင် ရိတ်သိမ်းရန် အဆင်သင့် ဖြစ်နေလိမ့်မည်။
ဆိုလိုသည်မှာ နောက်တစ်လဆိုလျှင် သူမကိုယ်တိုင် စိုက်ပျိုးထားသော အစားအစာများကို စားရတော့မှာဖြစ်သည်။
ထိုအခါကြလျှင် အစားအစာ ဝယ်စားရန် မလိုတော့သည့်အပြင် မှောင်ခိုဈေးတွင် ပြန်ရောင်းကာ ပိုက်ဆံလည်း ရှာနိုင်တော့မည်။
ဝိုး။ နောက်ထပ် ရတနာသိုက်ကြီး တစ်ခုကို ပိုင်ဆိုင်လိုက်ရပြန်ပြီ။
ထျဲလန်ယန်သည် အလွန်ဝမ်းသာသွားသဖြင့် ခုန်ပေါက်ကာ ပတ်ချာလည် လှည့်နေမိတော့သည်။
ဤတစ်ကြိမ်တွင် သူမ လဲမကျတော့ဘဲ ဟန်ချက်ညီညီ ဆင်းသက်နိုင်ခဲ့သည်။
နေ့တိုင်း အာဟာရရှိသော အစားအစာများကို စားခဲ့သဖြင့် သူမ၏ ခန္ဓာကိုယ်မှာ များစွာ ပြန်လည်ကောင်းမွန်လာခဲ့ပြီပင်။
အခုဆိုလျှင် ထျဲလန်ယန်သည် ပါးလေးများ နီမြန်းကာ အားအင်အပြည့် ဖြစ်နေပြီဖြစ်သည်။
သူမသည် ယခင်ကကဲ့သို့ ဖြူဖျော့ပြီး အားနည်းနေသည့် ကလေးမလေး မဟုတ်တော့ပေ။
"ဟေး၊ ဟာ။"
ထျဲလန်ယန်သည် စိတ်ဓာတ်တက်ကြွနေကာ လက်ဝှေ့ကွက်များကို လေ့ကျင့်နေတော့သည်။
သူမ၏ ထိုးချက်များမှာ အားပါပြီး လျင်မြန်လှသဖြင့် ကြည့်ရသည်မှာ အလွန်ပင် ခံ့ညားလှသည်။
အကယ်၍ နျိုတပင်းသာ ဤနေရာတွင် ရှိနေလျှင် ပါးစပ်အဟောင်းသား ဖြစ်သွားပေလိမ့်မည်။
ပြီးခဲ့သည့်အကြိမ်က ထျဲလန်ယန် လူတွေကို ရိုက်နှက်စဉ် သူသည် ပတ်ချာလည် လှည့်နေရသဖြင့် ဘာမှမမြင်ခဲ့ရဘဲ သံသယများ ရှိနေခဲ့သေးသည်။
ထျဲလန်ယန်သည် လှုပ်လှုပ်ရှားရှား လုပ်လိုက်သဖြင့် အိပ်ငိုက်ခြင်း မရှိတော့ဘဲ နေ့လယ်ပိုင်း အိပ်စက်ရန်လည်း မလိုတော့ပေ။
သူမသည် စာပေရနံ့ဆောင်သို့ သွားကာ စာဖတ်ရန် ပြင်နေစဉ်မှာပင် ရုတ်တရက် အပြင်ဘက်မှ တံခါးခေါက်သံ ကြားလိုက်ရသည်။
"ဘယ်သူရှိလဲ..."
ထျဲလန်ယန် တံခါးဖွင့်လိုက်သောအခါ မျက်နှာဝိုင်းဝိုင်းနှင့် ပျော်ရွှင်နေပုံရသော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။
ထိုအမျိုးသမီးသည် အနီရောင်ဝတ်စုံကို ဝတ်ထားပြီး ခေါင်းတွင် ပန်းနီကြီးတစ်ပွင့် ပန်ထားကာ ပါးတွင်လည်း မျောက်ဖင်ကဲ့သို့ နီမြန်းနေသော ပါးနီများကို ခြယ်သထားသည်။
ထျဲလန်ယန်သည် သူမကို မသိသော်လည်း သူမ၏ ပုံစံအရ အောင်သွယ်တော် တစ်ဦးဖြစ်ကြောင်း ခန့်မှန်းလိုက်မိသည်။
သေချာပေါက်ပင် ခဏအကြာတွင် ထိုအမျိုးသမီးက ပြုံးကာ မိတ်ဆက်လာသည်။ "ရဲဘော် လန်ယန် ကျွန်မက အောင်သွယ်တော် ဝမ် ပါ။ ဝမ်းသာစရာပါပဲ၊ ဒီနေ့ ညီမလေးအတွက် သတင်းကောင်း ပါလာတယ်။ လူကုံထံ ရဲဘော်တစ်ယောက်က ညီမလေးကို လက်ထပ်ခွင့်တောင်းချင်လို့ပါတဲ့။"
ထျဲလန်ယန် ခဏမျှ မှင်တက်သွားပြီးနောက် မျက်နှာပျက်သွားကာ မေးလိုက်သည်။ "ရှင် ပြောနေတာက ဘေးအိမ်က အဒေါ်မာရဲ့ သား ချန်ကျန်း အကြောင်းတော့ မဟုတ်ပါဘူးနော်။"
အောင်သွယ်ဝမ်၏ မျက်လုံးများထဲတွင် အံ့ဩရိပ်များ ဖြတ်ပြေးသွားသည်။ "အို... မင်း သိနှင့်နေတာပဲ။ ဟုတ်ပါတယ်၊ သူပါပဲ။ သူက ချောလည်းချောသလို အလုပ်အကိုင်လည်း အခိုင်အမာ ရှိတယ်လေ။ တကယ့်ကို အရွေးချယ်သင့်ဆုံးသောသူပဲနော်။ အကယ်၍ မင်းသာ သဘောတူမယ်ဆိုရင် ဘဝတစ်ခုလုံး စည်းစိမ်တွေနဲ့ နေရမှာ။"
ထျဲလန်ယန် နှာခေါင်းရှုံ့ကာ ဘေးရှိ တံမြက်စည်းကို ကောက်ကိုင်ပြီး သူမကို မောင်းထုတ်လိုက်တော့သည်။
"ထွက်သွား၊ အခုချက်ချင်း ထွက်သွား။ ကျွန်မ သူ့ကို လက်မထပ်နိုင်ဘူး။ သူက မိန်းမနဲ့ ကွာရှင်းထားတဲ့ အဘိုးကြီးဖြစ်ပြီး မြက်နုလေးကို စားချင်နေတာပဲ၊ စိတ်ကူးတောင် မယဉ်နဲ့။"
ထျဲလန်ယန်သည် ဤတစ်ကြိမ်တွင် တကယ်ပင် ဒေါသထွက်သွားခဲ့သည်။
အဒေါ်မာမှာ တော်တော်လေးကို ဇွဲကောင်းလှသည်။ အောင်သွယ်တော်ကိုပင် အိမ်အရောက် လွှတ်ရဲသည်လား။
ထျဲလန်ယန်ဘက်က ဘာမှပြန်မလုပ်ရဲဘူးဟု သူမ ထင်နေတာလား။
ငါက အေးအေးဆေးဆေးနေလို့ အနိုင်ကျင့်ရလွယ်မယ် မမှတ်နဲ့။
ကောင်းပြီလေ... ဒီညကြရင်တော့ ငါ သူတို့အိမ်ကို သွားပြီး သားအမိနှစ်ယောက်လုံးကို အိတ်နဲ့စွပ်ပြီး သေအောင်ရိုက်ပြမယ်။
……
ထိုညတွင် ထျဲလန်ယန် ရုပ်ဖျက်လိုက်သည်။
အမည်းရောင်ဝတ်စုံကို ဝတ်ဆင်ကာ မျက်နှာနှင့် လက်များကို အမည်းရောင် ခြယ်သလိုက်သည်။
မျက်နှာကိုလည်း အမည်းရောင်အစဖြင့် အုပ်ထားပြီး မျက်လုံးနှစ်လုံးသာ ဖော်ထားသည်။
ပြင်ဆင်ပြီးသောအခါ ထျဲလန်ယန်သည် အဒေါ်မာ၏ အိမ်၀င်းထဲသို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သည်။
သူမ ပြတင်းပေါက်နားသို့ ရောက်သောအခါ အခန်းထဲမှ စကားသံများကို ကြားလိုက်ရသည်။
ချန်ကျန်း - "အမေ ဘာလို့ အောင်သွယ်တော်ကို ဒီလောက်အမြန် လွှတ်လိုက်တာလဲ။ လန်ယန်ရဲ့ မိဘတွေ ဆုံးတာ တစ်လပဲ ရှိသေးတာလေ၊ သူမ ဘယ်လိုမှ သဘောတူမှာ မဟုတ်ဘူး။"
အဒေါ်မာ - "နင်က ဘာသိလို့လဲ။ ဒီကလေးမက အခု အသားတုံးကြီးတစ်တုံး ဖြစ်နေပြီ၊ လူတွေအများကြီးက သူ့ကို မျက်စိကျနေကြတာ။ အရင်ကတော့ သူ့ဝမ်းကွဲအဒေါ် ကျန်းချွေ့ ရှိနေလို့ ဘယ်သူမှ မလှုပ်ရဲကြတာလေ။ အခုတော့ သူ့ဆွေမျိုးတွေလည်း မရှိတော့ဘူးဆိုတော့ လူတွေက စပြီး လှုပ်လှုပ်ရှားရှား ဖြစ်နေကြပြီ။ တကယ်လို့ နင်သာ လက်ဦးအောင် မလုပ်ရင် တခြားလူက အရင်ဦးသွားလိမ့်မယ်၊ အဲဒါဆို ငါတို့အတွက် အရှုံးကြီးပဲပေါ့။"
ချန်ကျန်း စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။ "ဒါပေမယ့် ဒီနေ့ အောင်သွယ်တော်လာတာကို သူက မောင်းထုတ်လိုက်တယ်လေ၊ သူ ကျွန်တော့်ကို လုံးဝ လက်ထပ်ချင်ပုံမရဘူး။"
အဒေါ်မာက တံတွေးထွေးကာ ပြောလိုက်သည်။ "ဒီကောင်မလေးက အတော်လေး ဘဝင်မြင့်နေတာပဲ။ ငါ့သားက ဒီလောက်ကောင်းတာကို သူက မလိုချင်ဘူးလား၊ သူကိုယ်သူ ဘာမှတ်နေတာလဲ။ မိဘမဲ့ အရူးမ တစ်ယောက်ပဲဟာ၊ ဦးနှောက်တောင် ကောင်းရဲ့လားမသိဘူး။ သူ့မိဘတွေ ချန်ထားခဲ့တဲ့ ပိုက်ဆံတွေသာ မရှိရင် ငါ့ချွေးမအဖြစ်နဲ့ လုံးဝ သဘောမတူဘူး။"
ချန်ကျန်း သက်ပြင်းချလိုက်သည်။ "အမေ အခု ဒါတွေပြောနေလို့ ဘာထူးမှာလဲ။ သူမက ငြင်းလိုက်ပြီဆိုတော့ ကျွန်တော်တို့အတွက် အခွင့်အရေး မရှိတော့ဘူး။"
တကယ်တော့ သူသည် ထျဲလန်ယန်ကို အတော်လေး သဘောကျသည်။
သူမ၏ အသားအရေမှာ ဖြူစင်ပြီး နူးညံ့လှသဖြင့် သူ့အကြိုက်ပင် ဖြစ်သည်။
အမေဖြစ်သူက သားဖြစ်သူ၏ စိတ်ကို အသိဆုံးပင်၊ ချန်ကျန်း သက်ပြင်းချနေသည်ကို မြင်သောအခါ အဒေါ်မာက သူ၏ စိတ်ကူးကို ခန့်မှန်းလိုက်မိသည်။
သူမ၏ မျက်လုံးများက တောက်ပလာခဲ့သည်။ "သား နင် တကယ်ပဲ သူ့ကို ယူချင်တာလား။ တကယ်လို့ ယူချင်တယ်ဆိုရင် အမေ့မှာ အကြံတစ်ခု ရှိတယ်။"
ချန်ကျန်း လန့်သွားခဲ့သည်။ "အမေ့မှာ ဘာအကြံ ရှိလို့လဲ။"
အဒေါ်မာက ကောက်ကျစ်သော အပြုံးဖြင့် ပြောလိုက်သည်။ "ငါတို့က သူ ငြင်းမရလောက်တဲ့အထိ အပိုင်ကိုင်လိုက်ကြတာပေါ့..."
….
အိမ်အောက်တွင် ရှိနေသော ထျဲလန်ယန်၏ မျက်နှာမှာ အေးစက်သွားတော့သည်။
မူလက သူမသည် သူတို့ကို ရိုက်နှက်ရန်သာ စိတ်ကူးထားခဲ့သော်လည်း အခုတော့ သူမ၏ စိတ်ကူး ပြောင်းသွားပြီဖြစ်သည်။
အဒေါ်မာက ဤမျှအထိ ကောက်ကျစ်ပြီး သူမကို ဒုက္ခပေးချင်နေမှတော့ သူမဘက်ကလည်း ပြန်လက်စားချေရတော့မည်။
ထျဲလန်ယန်၏ မျက်လုံးများထဲတွင် အေးစက်သော လှောင်ရယ်သံများ ပြည့်နှက်နေတော့သည်။
ဟမ့်။ ငါ့ကိုများ ကြံစည်ချင်သေးတယ်ပေါ့၊ နင်တို့တွေ ငိုစေရမယ်။
၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်
အပိုင်း ၂၂
သားဖြစ်သူ ချန်ကျန်းနှင့် စကားစမြည်ပြောဆိုပြီးနောက် အဒေါ်မာ တစ်ယောက် အိပ်စက်အနားယူရန် ဝင်သွားခဲ့သည်။
ထျဲလန်ယန်သည် သူမ၏ နေရာလွတ်ထဲသို့ဝင်ကာ လက်ဝှေ့ကို နှစ်နာရီကြာအောင် လေ့ကျင့်လိုက်သည်။
နေရာလွတ်ထဲမှ နှစ်နာရီမှာ ပြင်ပကမ္ဘာ၏ တစ်နာရီနှင့် ညီမျှသည်။
သူမ အချိန်စေ့၍ ပြန်ထွက်လာချိန်တွင်တော့ သားအမိနှစ်ယောက်စလုံးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေကြပြီဖြစ်သည်။
ထျဲလန်ယန်သည် ပြတင်းပေါက်မှတစ်ဆင့် အိမ်ထဲသို့ တိတ်တဆိတ် ကျော်ဝင်လိုက်သည်။
ပထမဆုံး အဒေါ်မာကို ဂုန်နီအိတ်ထဲ ထည့်စွပ်ကာ အားရပါးရ ရိုက်နှက်ဆုံးမပစ်လိုက်ပြီး ချန်ကျန်းကိုလည်း ထိုနည်းအတိုင်းပင် ပညာပေးလိုက်သည်။
ထို့နောက် သူတို့ဦးခေါင်းများကို အိတ်ဖြင့်စွပ်၊ ခြေလက်များကို တုပ်နှောင်ပြီး အခန်းထောင့်တစ်နေရာသို့ အမှိုက်ထုပ်သဖွယ် ပစ်ထားလိုက်တော့သည်။
နောက်ဆုံးတွင်တော့ သူမ အနှစ်သက်ဆုံးအပိုင်းဖြစ်သော ပစ္စည်းသိမ်းပွဲကို စတင်တော့သည်။
အဒေါ်မာ၏ ခင်ပွန်းမှာ မကွယ်လွန်မီက သံမဏိစက်ရုံ၏ အဓိကနည်းပညာရှင်တစ်ဦး ဖြစ်ခဲ့သဖြင့် လစာကောင်းကောင်း ရရှိခဲ့သူဖြစ်သည်။
ချန်မိသားစုမှာ လွန်ခဲ့သည့် နှစ်အနည်းငယ်က ဝင်ငွေမရှိခဲ့သော်လည်း စုဆောင်းထားသော ငွေကြေးများမှာ အတော်အတန် ရှိနေဦးမည်ဖြစ်သည်။
သူမသည် အဒေါ်မာ၏ ကုတင်ဘေးရှိ စားပွဲအံဆွဲကို ဖွင့်ကြည့်ရာ ငွေထည့်သည့် သံသေတ္တာအသေးလေးတစ်ခုကို တွေ့ရှိခဲ့သည်။
ထျဲလန်ယန် ရေတွက်ကြည့်သောအခါ ယွမ် ၃၀၀ သာ ရှိသည်။
'ဒါ မဖြစ်နိုင်ဘူး... တခြားနေရာမှာ ပုန်းဝှက်ထားတာ ရှိရမယ်'
ထျဲလန်ယန်သည် နံရံများကို ခေါက်ကြည့်ကာ ကုတင်အောက်များကိုပါ အနှံ့စစ်ဆေးခဲ့သော်လည်း ဘာမှမတွေ့ခဲ့ရပေ။
နောက်ဆုံး၌ သူမသည် ၎င်းကို မီးဖိုချောင်ထဲရှိ ဟင်းသီးဟင်းရွက်များ အချဉ်ဖောက်ရန်အသုံးပြုသည့် မြေအိုးတစ်လုံးထဲတွင် ရှာတွေ့ခဲ့သည်။
ထျဲလန်ယန် -....
ဤနေရာသည် အသိသာဆုံးဖြစ်သော်လည်း အမှတ်မထင်ကျော်သွားတတ်သော နေရာပင်၊ ထိုမိန်းမကြီးမှာ ပစ္စည်းဝှက်ရာတွင် တော်တော်ပါးနပ်ပေသည်။
မြေအိုးကြီးထဲတွင် ငွေယွမ် ၃၀၀၀ ကျော်နှင့် ရိက္ခာလက်မှတ် တစ်ဒါဇင်ခန့်ကို ဝှက်ထားသည်ကို တွေ့လိုက်ရသည်။
ထျဲလန်ယန်မှာ ကျေနပ်အားရစွာဖြင့် သိမ်းယူလိုက်တော့သည်။
ကျန်ရှိနေသော ဖုန်တက်နေသည့် မြေအိုးဟောင်းများကို ဆက်စစ်ဆေးရာ သူမကို ပို၍ပင် အံ့အားသင့်စေခဲ့သည်။
မြေအိုးများထဲတွင် ရွှေတုံးအချို့၊ ရွှေပြားတစ်ချပ်၊ ရှေးဟောင်းငွေတုံးများနှင့် ငွေဒင်္ဂါးပြားများအပြင် ငွေလက်ကောက်နှင့် ငွေနားကပ်များကိုပါ တွေ့ရှိခဲ့ရသည်။
ကြောင်အိမ်ထဲတွင်လည်း ပစ္စည်းမျိုးစုံ ရှိနေသည်။
ဆန်အိတ်ကြီးတစ်အိတ်၊ ဖန်အိုးထဲမှ ဂျုံမှုန့်ဖြူများ၊ သကြားညို နှစ်အိုး၊ ကြက်ဥ အလုံး ၃၀ နှင့် ဟင်းသီးဟင်းရွက် အနည်းငယ်တို့ကို တွေ့ရသည်။
ထို့အပြင် အသားခြောက်နှင့် ဝက်အူချောင်းများ၊ ငါးခြောက်များနှင့် ကိတ်မုန့်ဘူး တစ်ဘူးကိုပါ တွေ့ရှိလိုက်သည်။
ထျဲလန်ယန်သည် မနက်ဖြန်တွင် သမဝါယမဆိုင်သို့သွားကာ ရိက္ခာဝယ်ယူရန် စီစဉ်ထားသော်လည်း အခုတော့ သွားရန်မလိုတော့ပေ။
ဟဲဟဲ။ သူမ နေရာလွတါထဲရှိ ရသာဆောင်အတွက် ကုန်ပစ္စည်းအသစ်တွေ ရပြီပေါ့။
ထို့နောက်တွင်တော့ ထျဲလန်ယန်သည် အခန်းထဲရှိ ပစ္စည်းမှန်သမျှကို သိမ်းကျုံးယူလိုက်တော့သည်။
အဒေါ်မာနှင့် ချန်ကျန်းတို့၏ မျက်နှာပေါ်မှ အိတ်များကိုပင် ပြန်လည်ဖယ်ယူလိုက်သည်။
ကျန်ရစ်ခဲ့သည်မှာ မျက်လုံးများပင် ဖွင့်မရတော့လောက်အောင် ဖူးရောင်နေသော ဝက်ခေါင်းသဖွယ် သားအမိနှစ်ယောက်၏ မျက်နှာများသာ ဖြစ်တော့သည်။
ခြံဝင်းအတွင်းမှ ထွက်ခွာခါနီးတွင်၊
အဝတ်လှန်းကြိုးပေါ်၌ လှန်းထားသော အဒေါ်မာ၏ အတွင်းခံကို မြင်လိုက်ရသဖြင့် ထျဲလန်ယန်၏ ဦးနှောက်ထဲတွင် ကောက်ကျစ်သော စိတ်ကူးတစ်ခု ချက်ချင်းပေါ်လာခဲ့သည်။
အပြီးအပိုင် ဇာတ်လမ်းဆင်ပေးလိုက်ရင် ကောင်းမလား။
ဒီအသားခြောက်အိုကြီးကိုလည်း အသုံးချလို့ရတာပဲ။
ထျဲလန်ယန်သည် ရွံရှာဖွယ်ကောင်းသော ထိုအတွင်းခံကို သစ်ကိုင်းတစ်ချောင်းဖြင့် ကောက်ယူကာ အပြင်သို့ ထွက်လာခဲ့သည်။
သူမသည် လမ်းကြားများထဲသို့ လှည့်ပတ်သွားလာရင်း မှောင်မည်းနေသော လမ်းကြားတစ်ခုဆီသို့ ရောက်ရှိသွားခဲ့သည်။
ဟောင်းနွမ်းပျက်စီးနေသော အိမ်ဝင်းတစ်ခု၏ အဆုံးထိ လျှောက်သွားပြီး ကျောက်တုံးဖြင့် ပတ်ထားသော ထိုအတွင်းခံကို ပြတင်းပေါက်ဆီသို့ အားကုန်ပစ်ပေါက်လိုက်သည်။
ဂွမ်း။
ပြတင်းပေါက်မှန် ကွဲအက်သွားသဖြင့် အထဲတွင် အိပ်မောကျနေသော လူပျိုကြီးမှာ လန့်နိုးသွားသည်။
"ဘယ်သူလဲကွ။ တောက်... ဒီအချိန်ကြီး ငါ့ပြတင်းပေါက်ကို လာခွဲနေတာ ဘယ်က အကောင်လဲ။"
ထိုလူပျိုကြီးမှာ ဒေါသကြီးသူဖြစ်ပြီး အရက်မူးလျှင် လူရိုက်တတ်သည့် အကျင့်ရှိသူဖြစ်သည်။ သူ၏ ဇနီးဟောင်းမှာလည်း သူ၏ အကြမ်းဖက်မှုဒဏ်ကို မခံနိုင်သဖြင့် ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။
သူသည် အသက်ကြီးသော်လည်း အကျင့်စာရိတ္တ မကောင်းဘဲ အမျိုးသမီးငယ်များ ရေချိုးသည်ကို ချောင်းကြည့်ဖူးသဖြင့် ထောင်ကျကာ ပြုပြင်ပြောင်းလဲရေး စခန်းသို့ ပို့ဆောင်ခြင်း ခံခဲ့ရဖူးသူလည်း ဖြစ်သည်။
ထောင်မှ လွတ်လာသော်လည်း သူ၏ အကျင့်မှာ မပြောင်းလဲပေ။ တစ်ခါက သူသည် အရက်မူးပြီး မူလပိုင်ရှင်ကို လမ်းကြားတွင် ပိတ်ဆို့ကာ နှောင့်ယှက်ခဲ့ဖူးသည်။
မူလပိုင်ရှင်မှာ အရှက်အကြောက်ကြီးသူ ဖြစ်သဖြင့် မိဘများကိုပင် ဖွင့်မပြောခဲ့ဘဲ ထိုအချိန်မှစ၍ ထိုလူပျိုကြီးကို မြင်သည်နှင့် လမ်းလွှဲသွားတတ်ကာ စိတ်ထဲတွင် အမြဲကြောက်လန့်နေခဲ့ရသည်။
ထျဲလန်ယန်၏ ယနေ့ည အပြုအမူမှာ ပြဿနာနှစ်ခုကို တပြိုင်နက်တည်း ဖြေရှင်းလိုက်ခြင်းပင် ဖြစ်သည်။
ဟန်ဆောင်ကောင်းသည့် အဒေါ်မာနှင့် ယုတ်မာသည့် လူပျိုကြီး... ဘယ်သူက အသာစီးရမလဲဆိုတာ စောင့်ကြည့်ကြသေးတာပေါ့။
....
နောက်တစ်နေ့ နံနက်တွင်၊
ဘေးအိမ်မှ အော်ဟစ်ငိုယိုသံများကြောင့် ထျဲလန်ယန် နိုးလာခဲ့သည်။
သူမသည် မျက်နှာပင် မသစ်တော့ဘဲ အဝတ်အစား အမြန်လဲကာ အခင်းဖြစ်ပွားရာနေရာသို့ တန်းတန်းမတ်မတ် သွားတော့သည်။
သတင်းထူးတွေ ကြားရတော့မည်မဟုတ်ပါလား၊ ပွဲက အခုမှ အရှိန်တက်နေတာဆိုတော့ သူမ အရောက်သွားရမည်။
ထျဲလန်ယန် ရောက်သွားချိန်တွင် အဒေါ်မာ၏ ခြံထဲ၌ လူအများအပြား စုရုံးနေကြပြီဖြစ်သည်။
"အို့ ဘုရား... ဘုရား... ဘယ်သူကများ ငါ့အိမ်က ပစ္စည်းတွေကို အကုန်ခိုးသွားတာလဲ... ငါတော့ မနေချင်တော့ဘူး။"
အဒေါ်မာမှာ ဖူးရောင်နေသော သူမ၏ မျက်နှာကိုကိုင်ကာ မြေကြီးပေါ်တွင် ထိုင်ချ၍ ပေါင်ကိုတဖတ်ဖတ်ရိုက်ကာ အော်ဟစ်ငိုယိုနေတော့သည်။
ချန်ကျန်းမှာလည်း ဘာလုပ်ရမှန်းမသိဘဲ မှင်တက်ကာ ရပ်နေသည်။
အိမ်တံခါးမှာ ပွင့်နေပြီး အိမ်ထဲတွင်မူ ဘာမှမရှိတော့ဘဲ ဆံပင်တစ်မျှင်ပင် မကျန်လောက်အောင် ဟာလာဟင်းလင်း ဖြစ်နေတော့သည်။
လူအချို့က တိုးတိုးလေး ပြောနေကြသည်။ "ဒီသူခိုးက တော်တော်ရဲတာပဲ၊ ပစ္စည်းလည်းခိုးသေးတယ် လူလည်းရိုက်သေးတယ်။ သားအမိနှစ်ယောက်လုံး ကြည့်ရတာ သနားစရာကြီး။"
"ကြားတာတော့ အဒေါ်မာရဲ့ အတွင်းခံကိုပါ ခိုးသွားတယ်ဆိုပဲ။ ပိုက်ဆံ ဘယ်လောက်တောင် လိုနေလို့ အတွင်းခံပါ မကျန်အောင် ခိုးရတာလဲမသိဘူး။"
လူအုပ်ကြားထဲမှ လူပျိုကြီးမှာ ထိုစကားကို ကြားသောအခါ သူ၏ အိတ်ကပ်ထဲမှ ပစ္စည်းကို အမှတ်မထင် စမ်းကြည့်မိသွားသည်။
ပြောဆိုမှုများမှာ ဆက်ရှိနေဆဲပင်။
"ဒါကတော့ လုပ်နေကျင့်ရှိတဲ့ သူခိုးတွေ ဖြစ်ရမယ်။ မြို့အနောက်ဘက်က အိမ်တစ်အိမ်လည်း မနေ့ညက ဒီလိုပဲ အခိုးခံရတယ်တဲ့၊ လုပ်ပုံလုပ်နည်းတွေက တစ်ပုံစံတည်းပဲ။"
"ဒုက္ခပါပဲ... ငါ့အိမ်ကိုလည်း လာဦးမှာလားမသိဘူး၊ ပစ္စည်းတွေ အမြန်ရွှေ့ထားမှ ဖြစ်မယ်။"
ဘေးမှ နားထောင်နေသော ထျဲလန်ယန် - .....
အဟမ်း။ သူမမှာ ခိုင်မာတဲ့ စည်းမျဉ်းစည်းကမ်းတွေတော့ ရှိပါသေးတယ်၊ ဟုတ်ပြီလား။
သူမ၏ စိတ်ရှည်နိုင်စွမ်းကို လာမထိခိုက်ပါက ဤမျှအထိ လုပ်ဆောင်မည်မဟုတ်ပေ။
ခြံထဲတွင်တော့ အဒေါ်မာမှာ ငိုမြဲငိုနေဆဲဖြစ်ပြီး ချန်ကျန်းမှာလည်း ကြောင်တောင်တောင် ဖြစ်နေတုန်းပင်။
စိတ်ကောင်းရှိသော အိမ်နီးနားချင်းတစ်ဦးက ရဲစခန်းကို အကြောင်းကြားရန် သတိပေးမှသာ ချန်ကျန်းတစ်ယောက် သတိဝင်လာပြီး တွေဝေစွာဖြင့် ထွက်သွားတော့သည်။
ချန်ကျန်း ထွက်သွားသည်နှင့် လူအုပ်ထဲမှ အသံတစ်သံ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။
"အဒေါ်မာရယ်... မငိုပါနဲ့တော့၊ အဒေါ်ငိုနေတာ မြင်ရတာ ကျွန်တော့်ရင်ထဲမှာ မခံစားနိုင်လို့ပါ။ ကျွန်တော် မျက်ရည်သုတ်ပေးပါရစေ။"
ခဏအကြာတွင် မျက်နှာတွင် အပေါက်ရာများရှိသော လူပျိုကြီးမှာ ပြုံးစိစိဖြင့် လျှောက်လာသည်။
သူသည် စကားပြောရင်း လက်ကိုင်ပ၀ါ ထုတ်ပေးမည့်ဟန်ဖြင့် အိတ်ထဲမှ နှိုက်ထုတ်လိုက်သည်။
သူသည် လက်ကိုင်ပ၀ါကို ရှာမတွေ့ဘဲ အနီရောင် အတွင်းခံကြီး တစ်ထည်သာ ထွက်ပေါ်လာတော့သည်။
လူပျိုကြီးမှာ အလန့်တကြားဖြစ်သွားပြီး ထိုအတွင်းခံကို အိတ်ထဲသို့ အမြန်ပြန်ထည့်လိုက်ရင်း အပြစ်ရှိသလိုဟန်ဖြင့် မျက်နှာပျက်သွားခဲ့သည်။
"အားလုံးပဲ အထင်မလွဲကြပါနဲ့၊ ဒါက အဒေါ်မာ ကျွန်တော့်ဆီမှာ ထားခဲ့လို့ ပြန်ပေးမလို့ပါ။"
ရောက်နေသူအားလုံးမှာ မှင်တက်ကုန်ကြသည်။
ဒါ ဘာတွေ ဖြစ်ကုန်တာလဲ၊ ငါတို့ဖြင့် ဘာမှနားမလည်နိုင်တော့ဘူး။
ငိုယိုနေသော အဒေါ်မာမှာလည်း ချက်ချင်း ထရပ်လိုက်ပြီး လူပျိုကြီးကို လက်ညှိုးတငေါက်ငေါက်ထိုးကာ ဆဲဆိုတော့သည်။
"ဒီခွေးအိုကြီး၊ ပါးစပ်ပိတ်ထားစမ်း။ နင်နဲ့ ငါနဲ့ ဘာမှမဆိုင်ဘူး။"
"နင်ပဲ ငါ့အိမ်ကို ခိုးပြီး ငါ့အတွင်းခံကိုပါ ယူသွားတာဖြစ်ရမယ်။ အခုတော့ အရှက်မရှိ ဒီမှာ ပေါ်လာရဲသေးတာလား၊ နင် တော်တော် အရှက်မရှိတာပဲ။"
"ငါ... ငါ ဘာမှမခိုးဘူးနော်... ငါ့ကို လာမစွပ်စွဲနဲ့။"
လူပျိုကြီးမှာ ပျာယာခတ်သွားပြီး ဘာပြန်ပြောရမှန်း မသိတော့ပေ။
သူသည် အရက်မူးမှသာ ရဲတတ်သူဖြစ်သည်။ သူက အဓိပ္ပါယ်မရှိတဲ့စကားတွေ အများဆုံးပြောရတာ ကြိုက်ပေမယ့် ငြင်းခုံတဲ့နေရာမှာတော့ ဘယ်တော့မှ မတော်ချေ။
ထျဲလန်ယန်ကတော့ ထိုသို့ ဖြစ်၍ မရဘူးဆိုတာ သိလိုက်သည်။ သူမ သူတို့ကို တစ်ယောက်နှင့်တစ်ယောက် သေလောက်အောင် တိုက်ခိုက်စေချင်သည်။ ထို့ကြောင့် မီးလောင်ရာ လေပင့်လိုက်ပြန်သည်။
"ဒီလူပျိုကြီးတစ်ယောက်တည်းက ပစ္စည်းတွေကို ဘယ်လိုလုပ် သယ်နိုင်မှာလဲ။ သူခိုးငှားဖို့လည်း ပိုက်ဆံမရှိပါဘူး။"
"ဖြစ်နိုင်တာက အဒေါ်မာ မနေ့ညက သူ့ဆီ သွားလည်နေတုန်း တံခါးမပိတ်ထားခဲ့လို့ သူခိုးဝင်သွားတာ နေမှာပေါ့။"
ထျဲလန်ယန်သည် ထိုစကားကို ခပ်တိုးတိုး ပြောလိုက်ပြီးနောက် တခြားတစ်နေရာသို့ အမြန်ကူးကာ ပွဲဆက်ကြည့်နေလိုက်သည်။
အားလုံးက သတင်းထူးကိုသာ အာရုံစိုက်နေသဖြင့် သူမကို မည်သူမျှ သတိမထားမိကြပေ။
ထိုစကားကို ကြားသောအခါ လူပျိုကြီးက ချက်ချင်း ငြင်းဆိုတော့သည်။
"ဟုတ်တယ်၊ အဲဒီလိုပဲ ဖြစ်ရမယ်။ ငါ ဘာမှမခိုးဘူး၊ မယုံရင် ငါ့အိမ်ကို လာရှာကြည့်။"
သူသည် အဒေါ်မာကို အပြစ်ပုံချကာ အခွင့်အရေးယူချင်ရုံသာ ဖြစ်သော်လည်း သူခိုးအဖြစ်တော့ အဖမ်းမခံလိုပေ။
ထိုအခိုက်အတန့်တွင် လူအားလုံးက အဒေါ်မာကို ပြောစရာစကားပျောက်ဆုံးနေသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
သူမက ဘာကြောင့် ဤကဲ့သို့ အရက်မူးပြီး လူရိုက်တတ်သည့် လူပျိုကြီးကို စိတ်ဝင်စားရတာလဲ။
နှစ်ပေါင်းများစွာ မုဆိုးမဖြစ်နေလို့ အဖော်မရှိဖြစ်နေတာများလား။
အဒေါ်မာမှာ အိမ်အခိုးခံရသဖြင့် စိတ်ဓာတ်ကျနေချိန်ဖြစ်သည်။
အခုတော့ လူတွေ၏ အကြည့်များကြောင့် သူမ၏ စိတ်အခြေအနေမှာ လုံးဝ ပေါက်ကွဲသွားတော့သည်။
"အား... ပါးစပ်ပိတ်ကြစမ်း။ ဒီအဘိုးကြီး... နင် ဘာတွေ လျှောက်ပြောနေတာလဲ။"
"နင့်အိမ်ကို ငါ ဘယ်တုန်းက လာလို့လဲ။ နင့်အိမ်က ခွေးတောင် မကြည့်ချင်တဲ့ အမှိုက်ပုံကြီးပဲဟာ၊ ငါက ဘာလို့ သွားရမှာလဲ။"
"လူခိုးဖို့ သွားတာနေမှာပေါ့။ အန်တီက အဲဒီလို အကြိုက်မျိုးရှိလို့ နေမှာပါ၊ မဟုတ်ရင် အဘိုးကြီးဆီမှာ အန်တီ့အတွင်းခံ ဘယ်လိုရောက်နေမှာလဲ။"
ထျဲလန်ယန်ကတော့ ဤဇာတ်လမ်းကို အဆုံးထိကြည့်ချင်သဖြင့် ထပ်၍ မီးလောင်ရာ လေပင့်လိုက်ပြန်သည်။
ထိုသို့ပြောပြီးနောက် သူမသည် လူအုပ်ကြားထဲတွင် ကိုယ်ကိုကိုင်းကာ နေရာရွှေ့ပြီး ပွဲဆက်ကြည့်နေတော့သည်။
ဟင်း... သူမက တကယ့်ကို ပါးနပ်တာပဲ။