အခန်း (၂၃-၂၄)
Vol. 3 Ch. 23-24
အပိုင်း ၂၃
ထျဲလန်ယန်၏ စကားများသည် မီးလောင်ရာလေပင့်လိုက်သကဲ့သို့ ဖြစ်သွားပြီး လူတိုင်းက ထိုစကားကို အဟုတ်မှတ်ကာ ယုံကြည်သွားကြတော့သည်။ လူအုပ်ကြီး၏ အကြည့်များတွင် အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
အဒေါ်မာမှာ ပျာပျာသလဲ ဖြစ်သွားပြီး မျက်လုံးများ နီရဲလျက် ဒေါသတကြီး အော်ဟစ်တော့သည်။ "ဘယ်သူလဲဟေ့။ ဘယ်သူက ကောလာဟလတွေ လျှောက်ဖြန့်နေတာလဲ၊ အရှက်မရှိတဲ့ လူယုတ်မာကောင်... ထွက်ခဲ့စမ်း။"
သူမ၏ ပျာယာခတ်နေသော အခြေအနေကို ကြည့်ပြီး အရိပ်ထဲတွင် ပုန်းနေသော ထျဲလန်ယန်မှာ ခိုး၍ ကျေနပ်နေမိသည်။ ဟွန်း... နင့်အဘွားက ထွက်မလာဘူးအေ့၊ နင် ဘာတတ်နိုင်သေးလဲ ကြည့်ရသေးတာပေါ့။
လူပျိုကြီးကတော့ ခေါင်းကိုတရမ်းရမ်းဖြင့် စိတ်ပျက်လက်ပျက်ဟန်ဖြင့် သက်ပြင်းချကာ ပြောလိုက်သည်။ "အဒေါ်မာရယ်... ဘာပဲဖြစ်ဖြစ် ငါတို့ကြားက ကိစ္စကိုတော့ ငြင်းလို့မရပါဘူး။ အခုတော့ နင်က ငါ့ကို မျက်နှာပျက်အောင် လုပ်နေပြီ၊ ငါဖြင့် ဘယ်သူ့ကိုမှ ရင်ဆိုင်ရဲတော့မှာ မဟုတ်ဘူး။"
ဘေးမှ ကြည့်နေသူများ -"...."
နင့်ရဲ့ အပေါက်ရာဗလပွနဲ့ မျက်နှာက ဘယ်မှာ ပျက်စရာမျက်နှာကျန်သေးလို့လဲ။
လူအုပ်ထဲမှ တစ်ယောက်ကတော့ မအောင့်နိုင်ဘဲ ထရယ်ချလိုက်သည်။ "အဒေါ်မာနဲ့ ဒီလူပျိုကြီး ပေါင်းလိုက်ရင် အသက်က တစ်ရာကျော်နေပြီ၊ ဒါကို အခုထိ ခိုးစားနေကြတုန်းပဲ။ ရယ်စရာကြီးလို့ မထင်ကြဘူးလား။"
ထိုစကားကြောင့် အဒေါ်မာမှာ ချက်ချင်း ဒေါသအိုး ပေါက်ကွဲသွားတော့သည်။ "ဒီအစုတ်ပလုတ်မ၊ ဘာတွေ လျှောက်ဖောင်ဖွဲ့နေတာလဲ၊ နင့်ပါးစပ်ကို ငါ ဆွဲဖြဲပစ်မယ်။"
အဒေါ်မာသည် လှောင်ပြောင်နေတဲ့ အဘွားအိုဆီကို ခုန်တက်ပြီး မျက်နှာကို ကုတ်ခြစ်လိုက်သည်။
အဘွားအိုသည်လည်း အနိုင်ကျင့်ခံမည့်သူ မဟုတ်ပေ။ သူမသည် ထိုအမျိုးသမီး၏ ဆံပင်ကို ဆွဲဆောင့်ကာ ခေါင်းပေါ်သို့ တံတွေးဖြင့် ထွေးပြီး အားရပါးရ ဆွဲလားရမ်းလား လုပ်တော့သည်။
"အီး... ဒီအဘွားကြီးကတော့။ နင်က အရှက်မရှိတဲ့ အလုပ်တွေ လုပ်ထားပြီး သူများပြောတာတော့ မခံချင်ဘူးလား၊ တကယ့်ကို အရှက်မရှိတဲ့ မိန်းမကြီး။"
တခြားသူများကလည်း ဝိုင်းဝန်းတားဆီးကြရင်း ရုတ်ရုတ်သည်းသည်းဖြစ်ကာ အခြေအနေမှာ ပို၍ ရှုပ်ထွေးသွားတော့သည်။
"အဒေါ်မာက ရိုက်တာ သိပ်မကျွမ်းဘူးပဲ၊ သူ့မျက်လုံးကို ထိုးပစ်လိုက်လေ။ ပြီးတော့ အဒေါ်ဝမ် တံတွေးနဲ့ထွေးတာက အလုပ်မဖြစ်ဘူး၊ ဆံပင်ကိုသာ အားနဲ့ဆွဲစမ်းပါ။"
သူတို့ဘေးတွင် ရပ်နေသော ဝတုတ်တုတ် အမျိုးသမီးကြီးတစ်ဦးမှာမူ ဖရဲသီးစေ့များကို ဝါးစားရင်း ဟိုဘက်ဒီဘက် မြှောက်ပေးနေကာ တံတွေးများလည်း ဟိုဟိုဒီဒီ စင်နေတော့သည်။ သူမ၏ လေသံအရ တိုက်ပွဲဖြစ်နေသည့် အမျိုးသမီးနှစ်ဦးလုံးနှင့် ရန်ငြိုးရှိနေပုံရသည်။
ထျဲလန်ယန်၏ မျက်လုံးများမှာ ဝင်းလက်သွားပြီး ပြုံးရွှင်စွာဖြင့် အနားသို့ တိုးသွားကာ ပြောလိုက်သည်။ "အဒေါ်ကတော့ တကယ့်ကို လူစွမ်းကောင်းပဲ။ ဟိုမှာ ကြည့်ပါဦး... သူတို့တွေ တော်တော် ပြင်းပြင်းထန်ထန် သတ်နေကြတာ၊ မျက်နှာတွေတောင် ကုတ်ခြစ်ရာတွေနဲ့ အကုန်စုတ်ပြတ်နေပြီ။"
ထိုအမျိုးသမီးကြီးမှာ ချီးကျူးစကားကြောင့် သဘောကျသွားပြီး သူမ၏ အိတ်ကပ်ထဲမှ ဖရဲသီးစေ့တစ်ဆုပ်ကို နှိုက်ထုတ်ကာ ထျဲလန်ယန်ကို ပေးလိုက်သည်။ "ကောင်မလေးက အမြင်ရှိသားပဲ။ ကဲ... ဒီမှာ ဖရဲသီးစေ့လေး စားရင်းကြည့်။"
ထျဲလန်ယန်သည် လက်ထဲမှ ဖရဲသီးစေ့များကို ကြည့်ကာ ပြုံးလိုက်မိသည်။ ဖရဲစေ့ ရပြီဟေ့။
ပွဲကြည့်ရင်း ဝါးစားစရာပါ ရမှ တကယ့်ပွဲကြည့်ရကျိုးနပ်တာပေါ့။
မနက်ဖြန်ကြရင် သူမ သမဝါယမဆိုင်ကို သွားပြီး မြေပဲနဲ့ ဖရဲသီးစေ့တွေ အများကြီး ဝယ်ထားရမယ်၊ ပြီးရင် နေရာလွတ်ထဲမှာ ထည့်ထားပြီး စားချင်တဲ့အချိန်တိုင်း ထုတ်စားမယ်လို့ သူမ တေးထားလိုက်သည်။
ချန်ကျန်းသည် ရဲအရာရှိများနှင့်အတူ ရောက်ရှိလာမှသာ အခြေအနေမှာ ငြိမ်သက်သွားတော့သည်။
သူမ၏ သားဖြစ်သူ ပြန်ရောက်လာသည်ကို မြင်သောအခါ အဒေါ်မာမှာ အားကိုးရာ ရှာတွေ့သွားသကဲ့သို့ သူ့ထံသို့ ပြေးသွားကာ ငိုယိုကာ တိုင်လိုက်တော့သည်။
ဇာတ်လမ်းအစအဆုံးကို သိလိုက်ရသောအခါ ချန်ကျန်းမှာ ဒေါသပွက်ပွက်ဆူသွားသည်။ "ဒီအဘိုးကြီး... လိမ်တာ ရပ်စမ်း။ ကျွန်တော့်အမေနဲ့ ခင်ဗျားနဲ့ ဘာမှမဆိုင်ဘူး။"
လူပျိုကြီးကတော့ အတွင်းခံကို ထပ်မံထုတ်ယူကာ အရှက်မရှိ လက်ထဲတွင် ရမ်းပြရင်း ပြောလိုက်သည်။ "အားလုံးပဲ လာကြည့်ကြပါဦး။ ကျွန်တော့်ရဲ့ မယားပါသားက ကျွန်တော့်ကို ပထွေးလို့ အသိအမှတ်မပြုတဲ့အပြင် ကျွန်တော့်ကိုပါ ရိုက်ဖို့ လုပ်နေတယ်။ အားလုံးပဲ တရားမျှတအောင် ဆုံးဖြတ်ပေးကြပါဦး။"
အဒေါ်မာမှာ ဒေါသထွက်လွန်းသဖြင့် ရှိုက်ကြီးတငင် ငိုကြွေးနေတော့သည်။
ချန်ကျန်းမှာလည်း မျက်နှာတစ်ခုလုံး နီမြန်းလျက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ လူပျိုကြီးကို ထိုးရန် ပြင်လိုက်သည်။
လူပျိုကြီးမှာမူ ငါးရှဉ့်တစ်ကောင်ကဲ့သို့ ဖျတ်ခနဲ ရှောင်တိမ်းလိုက်လေသည်။
အခြေအနေမှာ တစ်ဖန်ပြန်၍ ရုတ်ရုတ်သည်းသည်း ဖြစ်သွားပြန်သည်။
ရဲအရာရှိများ၏ မျက်နှာမှာလည်း တင်းမာခက်ထန်သွားတော့သည်။
သူတို့က သူခိုးမှုအမှုကို ကိုင်တွယ်ရန် လာခဲ့ခြင်းဖြစ်ပြီး ဤကဲ့သို့သော ထူးဆန်းသည့် ပွဲကို ကြည့်ရန် လာခဲ့ခြင်း မဟုတ်ပေ။
"အားလုံး ရပ်ကြစမ်း။ ဒါက တကယ့်ကို အရှက်သိက္ခာမဲ့တာပဲ၊ မင်းတို့ ဘာတွေ လုပ်နေကြတာလဲ။"
ယုတ္တိရှိရှိပြောရလျှင် အထီးကျန်နေသည့် လူကြီးနှစ်ယောက်မှာ လူပျို၊ လူလွတ်များဖြစ်ကြသဖြင့် တစ်ဦးကိုတစ်ဦး အဖော်စပ်ကြသည်မှာ ပြဿနာ မဟုတ်ပေ။
သို့သော်လည်း ဤကိစ္စမှာ နှစ်ဦးသဘောတူ ဖြစ်ပုံမရဘဲ နောက်ကွယ်တွင် တစ်စုံတစ်ရာသော အကြောင်းရင်း ရှိရမည်။
အဒေါ်မာက မည်သို့ပင် ရှင်းပြစေကာမူ လူပျိုကြီးကတော့ သူနှင့် အဒေါ်မာမှာ ပတ်သက်မှုရှိသည်ဟုသာ ဇွတ်အတင်း ပြောနေတော့သည်။
သူသည် အိုမင်းမစွမ်းဖြစ်နေပြီး အိမ်စုတ်လေးထဲတွင် ငတ်ပြတ်စွာ နေထိုင်နေရသူ ဖြစ်သည်။
ယခုအခါ လမ်းတစ်ခု ရှာတွေ့သွားပြီဖြစ်ရာ သူသည် ထိုကိစ္စကို အသေဆုပ်ကိုင်ထားပြီး သွေးစုပ်တော့မည်မှာ အသေအချာပင် ဖြစ်သည်။
နောက်ဆုံးတွင် အဒေါ်မာသည် လူပျိုကြီး စိတ်ပြောင်းရန် ဆန္ဒမရှိမီ ယွမ် ၅၀ ပေးရန် သဘောတူခဲ့သည်။
"ငါ ဒီအတွင်းခံကို ကောက်ရတာပါ၊ ဘယ်သူ ပစ်ထားမှန်းလည်း မသိဘူး။ ရဲအရာရှိတို့ ကျွန်တော် ခဏလောက် လျှောက်ပြောမိတာပါ၊ ကျွန်တော့်ကိုတော့ မဖမ်းပါဘူးနော်။"
ရဲအရာရှိ - "ခင်ဗျားကို ဘယ်သူမှ တိုင်ထားတာ မရှိတဲ့အတွက် မဖမ်းပါဘူး။"
ဤကဲ့သို့ အသက် ၆၀၊ ၇၀ အရွယ် လူကြီးများကို ကြီးလေးသော ပြစ်မှုမကျူးလွန်ပါက ပုံမှန်အားဖြင့် မဖမ်းဆီးတတ်ပေ၊ အဘယ်ကြောင့်ဆိုသော် ထောင်ထဲတွင် အလကား ကျွေးထားရမည်ဖြစ်သဖြင့် ရိက္ခာဖြုန်းတီးရာ ရောက်သောကြောင့်ဖြစ်သည်။
အဒေါ်မာကလည်း ဤပြဿနာမှ ကင်းဝေးချင်ရုံသာ ဖြစ်သဖြင့် ထပ်၍ တရားမစွဲလိုတော့ပေ။
သို့သော် သူမအိမ်မှာ အကုန်အစင် အခိုးခံလိုက်ရသည်မဟုတ်ပါလား၊ ယခု လူပျိုကြီးကို ပေးလိုက်သည့် ယွမ် ၅၀ မှာ ဘယ်က ရောက်လာသနည်း။
အမှန်မှာ အဒေါ်မာသည် အရေးကြုံလျှင် အသုံးပြုရန်အတွက် သူမ၏ ဖိနပ်အောက်ခံတွင် ငွေအချို့ကို ဝှက်ထားတတ်သည့် အလေ့အကျင့်ရှိခြင်းပင် ဖြစ်သည်။
ထျဲလန်ယန် - .......
အိုး၊ သူမကို နေရာအနှံ့ ရှာဖို့ မေ့သွားခဲ့တာပဲ၊၊ နောက်တစ်ခါကြရင်တော့ ဒါကို သေချာမှတ်ထားရမယ်။
လူပျိုကြီးမှာ ပိုက်ဆံရပြီး ပြန်သွားခဲ့သော်လည်း အဒေါ်မာတို့အိမ်တွင် သူလုပ်သွားခဲ့သည့် ကိစ္စရပ်များကို လူတိုင်း သိရှိသွားကြပြီဖြစ်သည်။
ထိုကိစ္စမှာ ရပ်ကွက်ထဲတွင် ဟာသတစ်ခု ဖြစ်သွားတော့သည်၊ လူတိုင်းက ထိုအကြောင်းကို ပြောမိတိုင်း ရယ်မောနေကြတော့သည်။
အဒေါ်မာမှာလည်း အရှက်တကွဲ ဖြစ်သွားသဖြင့် အပြင်သို့ပင် မထွက်ရဲတော့ပေ။ ချန်ကျန်းမှာလည်း အလုပ်တွင် စိတ်မပါတော့ဘဲ အလုပ်ထုတ်ခံရလုနီးပါး ဖြစ်သွားသည်။
သားအမိနှစ်ယောက်စလုံးမှာ ပြဿနာပေါင်းစုံနှင့် ရှုပ်ထွေးနေသဖြင့် ထျဲလန်ယန်ကို ဒုက္ခပေးရန် အင်အား မရှိတော့ပေ။
ထျဲလန်ယန်မှာတော့ စိတ်အေးသွားရသည်။
သို့သော်လည်း သူမ၏ စိတ်အေးချမ်းမှုမှာ နှစ်ရက်ပင် မခံလိုက်ဘဲ နောက်ထပ် ပြဿနာတစ်ခု ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသည်။
"လန်ယန် အဒေါ့်မှာ တူတစ်ယောက် ရှိတယ်၊ သူက အရပ်ရှည်ပြီး သန်မာတယ်၊ စစ်တပ်ထဲမှာလည်း အမှုထမ်းနေတာ။ သမီးနဲ့ဆိုရင် တကယ့်ကို လိုက်ဖက်တဲ့ စုံတွဲပဲ၊ သူနဲ့ မိတ်ဆက်ပေးရမလား။"
ထိုသို့ပြောလိုက်သူမှာ ရှေ့တွင် အဒေါ်မာနှင့် အပြင်းအထန် ရန်ဖြစ်ခဲ့သည့် အဒေါ်ဝမ် ပင် ဖြစ်သည်။
အမှန်တကယ်တော့ အဒေါ်ဝမ်သည် သူမ၏ တူဖြစ်သူနှင့် ထျဲလန်ယန်ကို ပေးစားရန် အစောကတည်းက ကြံရွယ်ထားခြင်း ဖြစ်သည်။
အဒေါ်မာတို့ မိသားစုက အရင်ဦးအောင် ဝင်ရောက်စွက်ဖက်ခဲ့သဖြင့် သူမက မကျေမနပ် ဖြစ်နေခဲ့ခြင်း ဖြစ်သည်၊ ထို့ကြောင့်လည်း ထိုနေ့က ဒေါသတကြီး ရန်ဖြစ်ခဲ့ခြင်းပင်။
ယခုအခါ အဒေါ်မာတို့ဘက်က ပျက်ပြယ်သွားပြီဖြစ်ရာ သူမက ချက်ချင်း ထျဲလန်ယန်၏ အိမ်သို့ ရောက်လာပြီး ဤကိစ္စကို စကားစတော့သည်။
"ကျွန်မက ငယ်သေးတယ်၊ အခုလောလောဆယ် အိမ်ထောင်ပြုဖို့ စိတ်မကူးသေးပါဘူး။" ထျဲလန်ယန်က အေးစက်စက်ပင် ငြင်းဆိုလိုက်သည်။
ဤလူများသည် တကယ့်ကို အရှက်မရှိကြပေ၊ သူမ၏ မိဘများ ကွယ်လွန်သွားသည်မှာ မကြာသေးသော်လည်း သူတို့ကတော့ အိမ်ထောင်ချပေးရန် အလွန်ပင် စိတ်အားထက်သန်နေကြသည်။
အဒေါ်ဝမ် - "ရပါတယ် သမီးရဲ့၊ အရင်ဆုံး မိတ်ဆက်စကား ပြောကြည့်ရုံပါပဲ၊ နောက်တစ်နှစ်လောက်ကြာမှ လက်ထပ်ကြတာပေါ့။"
"မလိုပါဘူး၊ ကျွန်မ အိမ်ထောင်ပြုဖို့ အစီအစဉ် မရှိဘူး။ တကယ်လို့ ပြုဖြစ်ခဲ့ရင်တောင် ကျွန်မအိမ်ကို ခေါ်တင်မယ့် အမျိုးသားကိုပဲ ရှာမှာ၊ တခြားသူအိမ်ကို လိုက်မသွားနိုင်ဘူး။"
ထျဲလန်ယန်ကတော့ ထိုစကားကို အကြောင်းပြချက် တစ်ခုအနေဖြင့်သာ ပြောလိုက်ခြင်း ဖြစ်သော်လည်း လူအများက ထိုစကားကို အလေးအနက် မှတ်ယူသွားကြလိမ့်မည်ဟု သူမ မထင်မှတ်ခဲ့ပေ။
နောက်တစ်နေ့တွင်တော့ ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်မှာ သူမ၏ အိမ်ရှေ့သို့ ရောက်လာပြီး မိတ်ဆက်လေတော့သည်။
"လန်ယန် မင်းက ငါ့ရဲ့ လွတ်လပ်ခွင့်ကို ဝင်မစွက်ဖက်ဘဲ ငါ့ကို နေ့တိုင်း မုန့်ဖိုးလေး ပေးမယ်ဆိုရင် မင်းအိမ်ကို လိုက်နေဖို့ ငါ သဘောတူတယ်။"
ထျဲလန်ယန် - ဘာလဲ... ဒါက ဘယ်တော့မှ မပြီးတော့ဘူးလား။ သူမကို လူအ များမှတ်နေတာလား။
ထျဲလန်ယန်မှာ ဆက်ပြီး သည်းမခံနိုင်တော့ဘဲ သူမ၏ သံဒယ်အိုးကြီးကို ကောက်ကိုင်ကာ သူ့ကို ရိုက်ရန် ပြင်လိုက်သည်။ "ထွက်သွားစမ်း။ နင့်လို ကြက်ရိုးခြောက် ပုံစံနဲ့ကို ငါက လှည့်တောင် ကြည့်မှာ မဟုတ်ဘူး။"
ရိုက်နှက်ခံရပြီးနောက် လူငယ်သည် နာကျင်စွာ အော်ဟစ်ပြီး အမြန်ဆုံး ထွက်ပြေးသွားခဲ့သည်။
ထျဲလန်ယန်သည် သံဒယ်အိုးကြီးကို ကိုင်ကာ အိမ်ရှေ့တွင် ရပ်နေရင်း မျက်နှာကို တင်းမာထားကာ အော်ဟစ်လိုက်သည်။ "အားလုံး နားထောင်ကြ။ ဘယ်သူမဆို ငါ ထျဲလန်ယန်အပေါ် မကောင်းတဲ့ အကြံတွေ ရှိနေမယ်ဆိုရင် ငါ့လက်ထဲက ဒယ်အိုးကတော့ အားနာနေမှာ မဟုတ်ဘူးနော်။"
"ငါက မိဘမဲ့ တစ်ယောက်ပဲ၊ ငါ့မှာ ဘာမှမရှိဘူး၊ ငါ့အသက်ပဲ ရှိတယ်။ ငါက သေရမှာကိုလည်း မကြောက်ဘူး၊ ငါ သေသွားရင်တောင် ငါ့မိဘတွေဆီ သွားမှာပဲ။"
သူမ၏ စကားသံအဆုံးတွင် ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်သွားတော့သည်။
ဘေးအိမ်မှ သကြားလုံးခိုးစားသဖြင့် အဘွားဖြစ်သူ၏ အရိုက်ခံရ၍ ငိုနေသည့် ကလေးလေးပင် ငိုသံရပ်သွားသည်။
ထျဲလန်ယန်မှာ ထိုနေရာတွင် ခဏမျှ ရပ်နေသော်လည်း မည်သူမျှ ပြန်လည် တုံ့ပြန်ရဲခြင်း မရှိပေ။
ကောင်းပြီ၊ ခြောက်လှန့်လိုက်တာက အလုပ်ဖြစ်သွားပုံရသည်၊ အနည်းဆုံးတော့ ခဏလေးအတွင်း မည်သူမျှ လာနှောင့်ယှက်ရဲတော့မည် မဟုတ်ပေ။
သို့သော်လည်း ဤသည်မှာ ခဏသာ ဖြစ်လိမ့်မည်။ နောက်ပိုင်းတွင်လည်း တခြားသူများက ထိုကဲ့သို့ ထပ်မံ ကြံစည်လာကြဦးမည်မှာ အသေအချာပင်။
မည်သို့ပင်ဆိုစေ သူမသည် အကာအကွယ်မဲ့သည့် မိဘမဲ့တစ်ဦး ဖြစ်နေသည့်အပြင် လူတိုင်းက မျက်စိကျနေသည့် ပစ်မှတ်တစ်ခု ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
ထျဲလန်ယန်မှာ ကြောက်ရွံ့ခြင်း မရှိသော်လည်း နေ့ညမပြတ် အချိန်တိုင်းတော့ သတိထားနေ၍ မရနိုင်ပေ။
တကယ်လို့ တစ်ယောက်ယောက်က သူမ၏ ခုခံမှုကို ဖောက်ထွက်လာနိုင်လျှင် ကိုင်တွယ်ရသည်မှာ တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်စရာပင်။
သူမ ဘယ်သူမှ မသိတဲ့ နေရာတစ်ခုကို သွားနိုင်ရင် သိပ်ကောင်းမှာပဲ။
ဒါဆိုရင် သူမရဲ့ နောက်ခံကို ဘယ်သူမှ သိမှာမဟုတ်သလို သူမလည်း ဘာအနှောင်အဖွဲ့မှမရှိဘဲ လွတ်လွတ်လပ်လပ် နေနိုင်လိမ့်မည်။
သို့သော်လည်း ဤခေတ်ကာလတွင် ခရီးသွားလာရန်မှာ အလွန် ခက်ခဲလှသည်၊ ခရီးဝေးသွားမည်ဆိုလျှင် ထောက်ခံစာ လိုအပ်သလို အချိန်အကြာကြီးလည်း နေထိုင်ခွင့်မရပေ။
ထျဲလန်ယန်မှာ တွေးရင်းတွေးရင်းဖြင့် ဖြစ်နိုင်ခြေ တစ်ခုကိုသာ ရှာတွေ့တော့သည်။ ငါ... ကျေးလက်ကို ဆင်းသွားရမလား။
အလွန်ဆုံးရှိလှ နှစ်နှစ်ပေါ့... နှစ်နှစ်ကြာရင် စာမေးပွဲဖြေပြီး မြို့ကို ပြန်လာလို့ ရတာပဲ၊ အဲ့ဒီအချိန်ကြရင်တော့ ဘယ်သူမှ သူမကို မျက်စိကျနေတော့မှာ မဟုတ်ဘူး။
၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်
အပိုင်း ၂၄
ထျဲလန်ယန်သည် စိတ်ထဲတွင် ဝေခွဲမရဖြစ်ကာ တွေဝေနေဆဲပင် ဖြစ်သည်။
သို့သော် နှစ်ရက်ခန့်အကြာတွင် သူမကို ဆုံးဖြတ်ချက်ပြတ်သားသွားစေမည့် ကိစ္စတစ်ခု ပေါ်ပေါက်လာခဲ့သည်။
" လန်ယန်မလား။ ဦးလေးက အထည်အလိပ်စက်ရုံက ဒုတိယညွှန်ကြားရေးမှူး ကျန်း ပါ၊ သမီးအဖေနဲ့လည်း ရင်းနှီးတဲ့ မိတ်ဆွေဟောင်းတွေပေါ့။"
ကြင်နာတတ်သော မျက်နှာထားရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် မုန့်သေတ္တာတစ်လုံးကို ကိုင်ဆောင်ကာ အိမ်ရှေ့တွင် ပြုံးလျက် ရပ်နေသည်။
"ဦးလေးကျန်း... မင်္ဂလာပါ၊ အိမ်ထဲဝင်ပြီး ရေသောက်ပါဦး။"
ထျဲလန်ယန်သည် သူ့ကို အိမ်ထဲသို့ ဖိတ်ခေါ်ကာ သကြားညိုရေ တစ်ခွက် ဖျော်ပေးလိုက်သည်။
ဒုတိယညွှန်ကြားရေးမှူးကျန်းသည် ပြုံးလျက်ပင် ထိုသကြားရေခွက်ကို မသောက်ဘဲ စားပွဲပေါ်တွင် တင်လိုက်ကာ ယနေ့လာရင်းကိစ္စကို တိုက်ရိုက်ပင် စတင်ပြောဆိုတော့သည်။
"ဦးလေးက အထည်အလိပ်စက်ရုံ ကိုယ်စား သမီးတို့မိသားစုအတွက် ဝမ်းနည်းစကားလာပြောတာပါ။ ပြီးတော့ သမီးအဖေရဲ့ အလုပ်နေရာကိစ္စကို ဘယ်လိုစီစဉ်မလဲဆိုတာ သိချင်လို့ လာခဲ့တာ။"
ထျဲလန်ယန်၏ ဖခင်မှာ အထည်အလိပ်စက်ရုံတွင် လုပ်သက် ၁၀ နှစ်ကျော်ရှိသည့် ကုန်တင်ကားဒရိုင်ဘာတစ်ဦး ဖြစ်သည်။
သူသည် တစ်လလျှင် လစာ ယွမ် ၄၀ ရရှိပြီး အချိန်ပိုကြေး ယွမ် ၁၀ နှင့်ပေါင်းလျှင် တစ်လဝင်ငွေမှာ ယွမ် ၆၀ နီးပါးအထိ ရှိသည်။
အကယ်၍ ထျဲလန်ယန်၏ မိခင်မှာ ကျန်းမာရေးမကောင်းသဖြင့် ဆေးဝါးများ အမြဲဝယ်ယူနေရခြင်း မရှိပါက သူတို့မိသားစု၏ စုဆောင်းငွေမှာ ယခုထက် ပိုများပြားနေမည်မှာ အမှန်ပင်။
ဤကဲ့သို့ ကောင်းမွန်သောအလုပ်မျိုးမှာ လူအများ မနာလိုဖြစ်လောက်သည့် အနေအထားမျိုးဖြစ်သည်။
စက်ရုံမှ တာဝန်ရှိသူများက ဝမ်းနည်းခြင်း အထိမ်းအမှတ် ငွေကြေးများ လာရောက်ပေးအပ်စဉ်ကလည်း သူမ၏ ဖခင်အလုပ်နေရာကို ဆက်ခံမည့်ကိစ္စနှင့် ပတ်သက်၍ ထျဲလန်ယန်နှင့် ဆွေးနွေးခဲ့ဖူးသည်။
ထိုစဉ်က ထျဲလန်ယန်မှာ စိတ်မကြည်မလင် ဖြစ်နေသဖြင့် ဘာကိုမှ မစဉ်းစားချင်သေးသောကြောင့် ခေတ္တခဏ စဉ်းစားဦးမည်ဟုသာ ပြန်ပြောခဲ့သည်။
ထျဲလန်ယန် - "ဦးလေးကျန်း... သမီး အဖေ့ရဲ့ အလုပ်နေရာကို ရောင်းချင်ပါတယ်။"
ယခင်ကဆိုလျှင်တော့ ထျဲလန်ယန်အနေဖြင့် စက်ရုံတွင်ပင် ပေါ့ပေါ့ပါးပါး အလုပ်တစ်ခုခုဝင်လုပ်ရန် စဉ်းစားမိကောင်း စဉ်းစားမိလိမ့်မည်။
သို့သော် အခုအချိန်တွင်တော့ သူမသည် ထိုအလုပ်ကို ဆက်ခံရန် လုံးဝဆန္ဒမရှိတော့ပေ။
စက်ရုံတွင် သူမကို သိသူများပြားလှသဖြင့် လူစည်ကားသော ပတ်ဝန်းကျင်၌ သူမ၏ လှုပ်ရှားမှုများမှာ ကန့်သတ်ခံရနိုင်ပြီး အလွန်ပင် အဆင်မပြေဖြစ်လိမ့်မည်။
ဒုတိယညွှန်ကြားရေးမှူးကျန်းက ပြုံးလျက် ပြောလိုက်သည်။ "ကောင်းတဲ့ စိတ်ကူးပဲ။ ဦးလေးသိတဲ့လူတစ်ယောက်က ဒီအလုပ်ကို လိုချင်နေတာနဲ့ အတော်ပဲ၊ ဦးလေးဆီကိုပဲ ရောင်းလိုက်ပါ။"
ထျဲလန်ယန် ခေါင်းညိတ်လိုက်သည်။ "ကောင်းပါပြီ။"
ဒုတိယညွှန်ကြားရေးမှူးကျန်းသည် အိတ်ကပ်ထဲမှ ငွေအချို့ကို နှိုက်ယူကာ သူမထံသို့ ကမ်းပေးလိုက်သည်။ "ဒီမှာ ယွမ် ၅၀၀။ သေချာရေကြည့်ဦး။"
ထျဲလန်ယန်၏ မျက်နှာမှာ ချက်ချင်းပင် တင်းမာသွားတော့သည်။ "ဘယ်လောက်လဲ။"
"ယွမ် ၅၀၀ လေ။"
ဒုတိယညွှန်ကြားရေးမှူးကျန်းက ရှင်းပြခဲ့သည်။ "သမီးအဖေရဲ့ အလုပ်က ဒီထက်ပိုမတန်ပါဘူး၊ ဒီလောက်ပဲ ရမှာပေါ့။"
ထျဲလန်ယန်၏ မျက်နှာမှာ အေးစက်ခက်ထန်သွားတော့သည်။
"ဦးလေးကျန်း ကျွန်မမိဘတွေ မရှိတော့ဘူးဆိုပြီး အကာအကွယ်မဲ့နေတဲ့ မိဘမဲ့တစ်ယောက်ကို အခုလို အနိုင်ကျင့်နေတာလား။"
ဒုတိယညွှန်ကြားရေးမှူးကျန်း၏ မျက်နှာပေါ်မှ အပြုံးများ ပျောက်ကွယ်သွားခဲ့သည်။ "သမီးက ဒီပမာဏက မလုံလောက်ဘူးလို့ ပြောချင်တာလား။"
ထျဲလန်ယန်က လှောင်ရယ် ရယ်လိုက်ပြီး သူ့ကို ပြန်မေးလိုက်သည်။ "ဦးလေးရော ဘယ်လိုထင်လဲ။"
ဒုတိယညွှန်ကြားရေးမှူးကျန်း - "ဒါဆို သမီးက ဘယ်လောက် လိုချင်တာလဲ။"
ထျဲလန်ယန်က လက်နှစ်ချောင်း ထောင်ပြလိုက်သည်။ "ယွမ် နှစ်ထောင်... တစ်ပြားမှ မလျော့နိုင်ဘူး။"
အထည်အလိပ်စက်ရုံမှ ကုန်တင်ကားဒရိုင်ဘာနေရာမှာ လူတိုင်းလိုချင်နေသည့် နေရာဖြစ်ပြီး ပေါက်ဈေးအရဆိုလျှင်ပင် ယွမ် ၁၀၀၀ ခန့်အထိ တန်ဖိုးရှိသည်။
ဒုတိယညွှန်ကြားရေးမှူးကျန်းကတော့ သူမကို ဘာမှမသိသည့် ကလေးတစ်ယောက်ဟု ထင်ကာ ဈေးကို ထက်ဝက်တိတိ နှိမ်လိုက်ရုံသာမက သူမအပေါ် အထင်အမြင်သေးသည့် အကြည့်များဖြင့် ကြည့်နေခဲ့ခြင်း ဖြစ်သည်။
အခြေအနေက ထိုသို့ဖြစ်နေမှတော့ သူမကလည်း သူ့ကို အရှက်ခွဲသည့်အနေဖြင့် ပေါက်ဈေးထက် နှစ်ဆပိုတောင်းကာ တုံ့ပြန်လိုက်ခြင်းပင် ဖြစ်သည်။
သူမ မျှော်လင့်ထားသည့်အတိုင်းပင် ဒုတိယညွှန်ကြားရေးမှူးကျန်းမှာ တကယ့်ကို ဒေါသထွက်သွားတော့သည်။
"ထျဲလန်ယန်။ နင်ကတော့ မိုးပေါ်က ကြယ်ကို လှမ်းတောင်းနေတာပဲ။ ငါ့ကို ငအမှတ်နေတာလား။"
ထျဲလန်ယန်က အေးအေးဆေးဆေး ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်တယ်၊ ဦးလေးကို ငအလို့ပဲ ထင်တယ်။ ဘယ်သူက ဦးလေးကို အဲဒီလောက်အထိ လောဘကြီးခိုင်းလို့လဲ။"
ဒုတိယညွှန်ကြားရေးမှူးကျန်း၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားတော့သည်။
"ဒီမိန်းကလေးကတော့ ပါးစပ်တော်တော် သွက်တာပဲ။ ငါသာ လုပ်လိုက်ရင် နင် တစ်ပြားတစ်ချပ်မှ မရဘဲ လက်ဗလာ ဖြစ်သွားမယ်ဆိုတာကိုရော ယုံလား။"
သူက သူ၏ အာဏာနှင့် အဆက်အသွယ်များကို အသုံးချပြီး သူမကို ခြိမ်းခြောက်နေခြင်းလား။
ထျဲလန်ယန်ကတော့ ထိုသို့သော ခြိမ်းခြောက်မှုများကို ဂရုစိုက်မည့်သူ မဟုတ်ပေ။
သူမ လှောင်ပြုံးပြုံးလိုက်သည်။"ဒါဆိုလည်း စမ်းကြည့်လိုက်လေ၊ ကျွန်မ စောင့်နေပါ့မယ်။"
မျက်တောင်တစ်ချက် မခတ်ဘဲ လူတစ်ယောက်ကို သတ်ရဲသည့် သူမအတွက် ဘာကိုမှ ကြောက်နေစရာ မလိုပေ။
"ထျဲမိသားစုကနေ ဒီလောက် ခေါင်းမာတဲ့ကလေး ထွက်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။"
ဒုတိယညွှန်ကြားရေးမှူးကျန်းက သူမကို မဲ့ပြုံးဖြင့် ကြည့်လိုက်သည်။
"လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက နင့်အဖေ မြေပိုင်ရှင်ကြီးတစ်ယောက်ကို တိတ်တဆိတ် ကူညီပေးခဲ့ဖူးတယ်ဆိုတာရော နင် သိရဲ့လား။"
"ငါသာ ဒါကို တိုင်လိုက်မယ်ဆိုရင် စက်ရုံကနေ နင့်အဖေရဲ့ အရင်က ကောင်းမှုကုသိုလ်တွေကို အကုန်ပယ်ဖျက်လိုက်မှာပဲ။ ဒါဆိုရင်တော့ ဒီအလုပ်နေရာကလည်း အလိုအလျောက် ပျောက်ကွယ်သွားတော့မှာပေါ့။"
ထျဲလန်ယန်၏ မျက်နှာအမူအရာမှာ ခေတ္တမျှ ပျက်ယွင်းသွားခဲ့သည်။
"ကောင်မလေး... နင် စဉ်းစားဖို့ အချိန် ရက်အနည်းငယ် ပေးမယ်။ ယွမ် ၅၀၀ ယူမလား ဒါမှမဟုတ် ဘာမှမရဘဲ လက်ဗလာနဲ့ နေမလားဆိုတာ နင့်အပေါ်မှာပဲ မူတည်တယ်။"
ပြောပြီးသည်နှင့် သူသည် ထိုင်ရာမှထကာ ထွက်ခွာရန် ပြင်ခဲ့သည်။
"နေဦး။ ဦးလေး သကြားရေ မသောက်ရသေးဘူးလေ။"
ထျဲလန်ယန်သည် စားပွဲပေါ်မှ ကြွေခွက်ကို ကောက်ကိုင်လိုက်ပြီး ထိုသကြားရည်များကို သူ၏ မျက်နှာပေါ်သို့ အားကုန် ပက်ထုတ်လိုက်တော့သည်။
"နင်... နင်ကတော့ တကယ့်ကို မယုံနိုင်စရာပဲ။ သုံးရက်... သုံးရက်ထက် ပိုမစောင့်နိုင်ဘူး။"
ဒုတိယညွှန်ကြားရေးမှူးကျန်းမှာ ဒေါသတကြီးဖြင့် ထွက်ခွာသွားတော့သည်။
သုံးရက်တဲ့လား။
ထျဲလန်ယန်က နှာခေါင်းရှုံ့လိုက်သည်။
သူမကတော့ ဒီညမှာတင် လက်စားချေတော့မည်ဖြစ်သည်။
သူက သူမကို အေးအေးဆေးဆေး မနေစေချင်မှတော့ သူလည်း အေးဆေးနေရမှာ မဟုတ်ဘူး။
……
ထျဲလန်ယန်သည် သူမ၏ နေရာလွတ်ထဲသို့ ဝင်လိုက်သည်။
သူမသည် ယခင်ကတည်းက သူမ၏ မိဘများနှင့် မူလပိုင်ရှင်၏ ပစ္စည်းအားလုံးကို ပြန်လည်ဆုံစည်းရာဂေဟာ အတွင်း၌ စနစ်တကျ သိမ်းဆည်းထားခဲ့သည်။
ယခုအခါတွင်တော့ သူမသည် တစ်စုံတစ်ရာသော သဲလွန်စများ ရှာတွေ့နိုင်မလားဟု လိုက်လံရှာဖွေကြည့်ရန် ပြင်ဆင်လိုက်သည်။
မူလပိုင်ရှင်၏ အမှတ်တရများအရ သူမ၏ ဖခင်မှာ အလွန်နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်သူတစ်ဦး ဖြစ်သည်။
သူသည် စက်ရုံတွင်လည်း ဝီရိယရှိရှိ အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ပြီး လူတိုင်း၏ လေးစားမှုကို ခံရသည့် နာမည်ကောင်းရှိသူတစ်ဦး ဖြစ်ခဲ့သည်။
ဤကဲ့သို့ ကြင်နာပြီး ရိုးသားသောလူတစ်ယောက်မှာ သူကွယ်လွန်ပြီးမှ မတရားစွပ်စွဲချက်များဖြင့် နာမည်ဖျက်ခံရတော့မည်ဖြစ်သည်။
ထျဲလန်ယန်ကတော့ ထိုသို့ဖြစ်လာအောင် လုံးဝခွင့်ပြုမည်မဟုတ်ပေ။
သို့သော်လည်း သူမသည် ပြန်လည်ဆုံစည်းရာဂေဟာအတွင်း အချိန်အတော်ကြာအောင် ရှာဖွေသော်လည်း သံသယဖြစ်ဖွယ် ဘာကိုမှ မတွေ့ရပေ။
ဒုတိယညွှန်ကြားရေးမှူးကျန်းက သူမကို လိမ်ပြောနေတာလား။
ဒါမှမဟုတ် သူမအဖေက ဘာသဲလွန်စမှ မကျန်အောင် အဲဒီမြေရှင်ကြီးကို တိတ်တဆိတ် ကူညီခဲ့တာလား။
ထျဲလန်ယန်သည် မျက်မှောင်ကြုတ်ရင်း စဉ်းစားနေစဉ် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားခဲ့သည်။
ဟုတ်သားပဲ။ သေတ္တာအသေးလေးထဲမှာ ပါတဲ့စာကို သူမ မဖတ်ရသေးဘူးပဲ။
သူမမှာ အလုပ်တွေရှုပ်နေခဲ့သဖြင့် ထိုစာအကြောင်းကို လုံးဝမေ့လျော့နေခဲ့ခြင်း ဖြစ်သည်။
ထျဲလန်ယန်က စိတ်လှုပ်ရှားစွာဖြင့် စဉ်းစားလိုက်ရာ သစ်သားသေတ္တာလေးမှာ သူမ၏ လက်ထဲသို့ ချက်ချင်းရောက်ရှိလာတော့သည်။
သေတ္တာကို ဖွင့်ကြည့်လိုက်ရာ အထဲတွင် ဝါကျင့်ကျင့်ဖြစ်နေသော စာအိတ်တစ်အိတ်ကို တွေ့လိုက်ရသည်။
ထျဲလန်ယန်သည် ထိုစာအိတ်ကို အမြန်ဖွင့်ကာ သေချာ ဖတ်ကြည့်လိုက်သည်။
၎င်းမှာ သေတမ်းစာ တစ်စောင်ပင် ဖြစ်သည်။
ထျဲလန်ယန်၏ ဖခင်သည် သူနှင့် သူ၏ဇနီးတို့ သေဆုံးမည့်အကြောင်းကို လွန်ခဲ့သော အချိန်ကတည်းက ကြိုတင်အိပ်မက်မြင်မက်ခဲ့ဖူးသဖြင့် ကြောက်ရွံ့စိတ်ဖြင့် ဤစာကို ရေးသားထားခဲ့ခြင်းဖြစ်သည်။
စာ၏ ပထမဆုံးစာကြောင်းမှာ "သမီးလေး လန်ယန်... အဖေ တောင်းပန်ပါတယ်..." ဟူ၍ ဖြစ်သည်။
ထျဲလန်ယန်၏ လည်ချောင်းထဲတွင် တစ်ဆို့သွားကာ ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း ဖော်ပြမရနိုင်သော ဝမ်းနည်းမှုများ ပျံ့နှံ့သွားတော့သည်။
သူမသည် ထိုစာကို အဆုံးထိဖတ်ရန် ၁၀ မိနစ်ခန့် အချိန်ယူလိုက်ရသည်။
စာ၏ ပထမပိုင်းတွင် အားပေးနှစ်သိမ့်စကားများစွာ ပါဝင်ပြီး ဒုတိယပိုင်းတွင်မူ မိသားစု၏ အခြေအနေ၊ ပိုင်ဆိုင်မှုများနှင့် ဒုက္ခရောက်ချိန်တွင် မည်သူ့ထံ၌ အကူအညီတောင်းရမည်ကို ဖော်ပြထားသည်။
ရယ်စရာကောင်းသည်မှာ ထိုစာရင်းထဲတွင် ဒုတိယညွှန်ကြားရေးမှူးကျန်း၏ အမည်ပါ ပါဝင်နေခြင်းပင်။
သနားစရာကောင်းသော သူမ၏ ဖခင်ကြီးမှာ သူ့ကို ယုံကြည်ရသော မိတ်ဆွေတစ်ဦးဟု သတ်မှတ်ခဲ့သော်လည်း သူကမူ ဖခင်ကွယ်လွန်ပြီးနောက် သမီးဖြစ်သူကို အနိုင်ကျင့်နေခဲ့ခြင်း ဖြစ်သည်။
ထိုစာထဲတွင် အလွန်အရေးကြီးသော အချက်တစ်ချက်ကိုလည်း ဖော်ပြထားသေးသည်။
လွန်ခဲ့သော နှစ်နှစ်ခန့်က သူမ၏ ဖခင်သည် မြေရှင်ကြီးတစ်ဦးကို တကယ်ပင် ကူညီခဲ့ဖူးသည်။
ထိုမြေရှင်ကြီးမှာ ဖခင်ငယ်စဉ်က ပေါင်မုန့်အချို့ ပေးကမ်းခဲ့ဖူးသူဖြစ်ရာ ဖခင်မှာ ထိုကျေးဇူးကို အမြဲအောက်မေ့နေခဲ့ပြီး အခွင့်ကြုံချိန်တွင် တိတ်တဆိတ် ကျေးဇူးပြန်ဆပ်ခဲ့ခြင်းဖြစ်သည်။
ဝမ်းနည်းစရာမှာ ထိုမြေရှင်ကြီးမှာ နှိပ်စက်ညှဉ်းပန်းမှု အမျိုးမျိုးကြောင့် ခြောက်လခန့်အကြာတွင် ကွယ်လွန်သွားခဲ့ရှာသည်။
သူမကွယ်လွန်မီတွင်တော့ သူ၏ ပိုင်ဆိုင်မှု ရတနာသိုက်ကြီးကို သူမ၏ ဖခင်အား အခမဲ့ ပေးအပ်ခဲ့သည်။
ထျဲလန်ယန်၏ မျက်လုံးများမှာ ချက်ချင်းပင် ဝင်းလက်တောက်ပသွားတော့သည်။
မြေရှင်ကြီးရဲ့ ရတနာသိုက် ဟုတ်လား။
ဒါဆိုရင်တော့ ရွှေတွေ၊ ငွေတွေ၊ ရတနာတွေအပြင် ရှေးဟောင်းပစ္စည်းတွေနဲ့ ပန်းချီကားတွေ အများကြီး ရှိနေမှာ အသေအချာပဲ။