← Chapters

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အပိုင်း ၂၅

ထျဲလန်ယန်သည် နေ့လယ်စာပင် မစားနိုင်တော့ဘဲ အိမ်ပြင်သို့ အပြေးအလွှား ထွက်လာခဲ့သည်။

အခုချိန်တွင် သူမ ဗိုက်ဆာရကောင်းမှန်းပင် မသိတော့ဘဲ ခေါင်းထဲတွင် ရတနာသိုက်အကြောင်းကိုသာ အထပ်ထပ် အခါခါ တွေးတောနေမိသည်။

ထိုရတနာများကို သူမ၏ နေရာလွတ်ထဲသို့ အမြန်ဆုံး ရွှေ့ပြောင်းထားနိုင်မှသာ စိတ်အေးရပေမည်။

အကယ်၍ တခြားတစ်ယောက်ယောက်ကသာ ဦးသွားခဲ့လျှင်တော့ သူမ ရင်ကျိုးရမှာ အသေအချာပင်။

ထျဲလန်ယန်၏ ဖခင် ရေးသားထားခဲ့သော ရတနာသိုက်တည်နေရာမှာ မြို့ပြင်ဘက်ရှိ တောင်တန်းတစ်ခုတွင် ရှိသည်။

သူမ၏ ဖခင်မှာ ထိုနေရာသို့ တစ်ကြိမ်သာ ရောက်ဖူးပြီး ခပ်သွက်သွက် ကြည့်ရှုကာ ချက်ချင်း ပြန်ထွက်လာခဲ့ခြင်းဖြစ်သည်။

သူသည် ဤကဲ့သို့ မမျှော်လင့်ဘဲ ရရှိလာသော ကြွယ်ဝမှုများကို မထိရဲခဲ့ပေ၊ အဘယ်ကြောင့်ဆိုသော် ထိုစည်းစိမ်များကြောင့် သူ၏ စိတ်ဓာတ်များ ပျက်စီးသွားမည်ကို စိုးရိမ်သောကြောင့်ပင် ဖြစ်သည်။

ထို့အပြင် ယခုခေတ်အခါက ချမ်းသာကြွယ်ဝခြင်းမှာ ဂုဏ်ယူစရာမဟုတ်ဘဲ အသက်အန္တရာယ်ကိုပင် ဖိတ်ခေါ်နေသကဲ့သို့ ဖြစ်နေတတ်သည်။

ထို့ကြောင့်ပင် သူသည် ဤလျှို့ဝှက်ချက်ကို သူ၏ ဇနီးနှင့် သမီးဖြစ်သူအား တစ်ခါမျှ ဖွင့်မပြောခဲ့ခြင်း ဖြစ်သည်။

သူမ၏ မိခင်မှာ ခင်ပွန်းဖြစ်သူက သမီးအတွက် စာတစ်စောင် ထားခဲ့သည်ကို သိသော်လည်း ထိုသစ်သားသေတ္တာလေးကို ဖွင့်ဖတ်ကြည့်ရန် တစ်ခါမျှ မကြိုးစားခဲ့ပေ။

ထို့ကြောင့် ယခုအခါတွင်တော့ ထျဲလန်ယန်မှာ ဤရတနာသိုက်အကြောင်းကို သိရှိသည့် ဒုတိယမြောက် လူသား ဖြစ်လာတော့သည်။

သူမသည် မြို့ပြင်တောင်တန်းများဆီသို့ ရောက်ရှိရန် သုံးနာရီခန့် ခရီးနှင်ခဲ့ရသည်။

စာထဲပါသည့် ဖော်ပြချက်များအတိုင်း လိုက်ရှာရာ တောင်ခြေရင်းရှိ ကြက်ခြေခတ်ပုံ ရေးထွင်းထားသော ကျောက်တုံးကြီး တစ်တုံးကို ထျဲလန်ယန် တွေ့ရှိခဲ့သည်။

သူမသည် ထိုကျောက်တုံးမှတစ်ဆင့် ရှေ့သို့ ဆက်လျှောက်လာရာ စမ်းချောင်းလေးတစ်ခုနှင့် ထူထပ်သော တောအုပ်ကို ဖြတ်ကျော်ပြီးနောက် နောက်ဆုံးတွင် ကမ်းပါးယံတစ်ခုသို့ ရောက်ရှိသွားသည်။

ယခင်ဘဝက ကမ်းပါးပေါ်မှ ခုန်ချကာ သေဆုံးခဲ့ရသူဖြစ်သဖြင့် ဤကဲ့သို့သော နေရာမျိုးကို မြင်လိုက်ရချိန်တွင် သူမ၏ စိတ်ထဲ၌ အနည်းငယ် ထိတ်လန့်တုန်လှုပ်သွားမိသည်။

ကမ်းပါးယံပေါ်တွင် စက်ကိရိယာ ခလုတ်တစ်ခုရှိပြီး ထိုခလုတ်ပေါ်တွင် ရွှေငါးလေးတစ်ကောင်၏ ပုံစံကို ရေးထွင်းထားသည်။

ထျဲလန်ယန် ထိုခလုတ်ကို အသာအယာ ဖိနှိပ်လိုက်သည်။

ဂျိန်း ဟူသော အသံကြီးမှာ ဟိန်းထွက်လာတော့သည်။

ကမ်းပါးယံပေါ်တွင် လှည့်ပတ်နိုင်သော ကျောက်တံခါးကြီးတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။

ထျဲလန်ယန်၏ မျက်လုံးများမှာ ဝင်းလက်သွားတော့သည်။

ဤမြေရှင်ကြီးမှာ တကယ့်ကို ပါးနပ်သူပင်၊ သူ၏ ရတနာများကို ဤကဲ့သို့သော နေရာမျိုးတွင် ဝှက်ထားသည်ကို ဘယ်သူကများ လာရှာတွေ့နိုင်ပါမည်နည်း။

ကျောက်တံခါးအတွင်းဘက်တွင်မူ အမှောင်အတိ ကျနေသည်။ ထျဲလန်ယန်သည် နေရာလွတ်ထဲမှ ၂ မီတာခန့် ရှည်သော ဝါးလုံးတစ်လုံးကို ထုတ်ယူကာ ဖယောင်းတိုင်ထွန်း၍ ရှေ့သို့ အသာအယာ စမ်းတဝါးဝါး လျှောက်လှမ်းခဲ့သည်။

ကျဉ်းမြောင်းသော လမ်းကြားလေးတစ်ခုကို ဖြတ်ကျော်ပြီးနောက် နောက်ထပ် ကျောက်တံခါးတစ်ခုကို ထပ်တွေ့ရပြန်သည်။

ဤကျောက်တံခါးတွင်မူ သတ်မှတ်ထားသော ပုံစံများအတိုင်း လှည့်ပတ်ရမည့် စက်ယန္တရားတစ်ခု ပါဝင်သည်။

ဤမြေရှင်ကြီးမှာ တော်တော်လေးကို သတိကြီးသူဖြစ်ကြောင်း ပြောစရာပင် မလိုတော့ပေ။

စာထဲတွင်ပါသည့် နည်းလမ်းအတိုင်း လိုက်လံလုပ်ဆောင်ရာ ထျဲလန်ယန်သည် ဒုတိယမြောက် ကျောက်တံခါးကို အလွယ်တကူပင် ဖွင့်နိုင်ခဲ့သည်။

တံခါးပွင့်သွားသည်နှင့် မြင်လိုက်ရသော မြင်ကွင်းကြောင့် ထျဲလန်ယန်တစ်ယောက် မှင်တက်သွားတော့သည်။

ထိုအခန်းမှာ အကျယ်အဝန်းအားဖြင့် စတုရန်းမီတာ ၁၀၀ ခန့်သာ ရှိသော်လည်း ရာနှင့်ချီသော သစ်သားသေတ္တာကြီးများမှာ ပြည့်နှက်နေသည်။

ထျဲလန်ယန်သည် သစ်သားသေတ္တာတစ်လုံးကို အမှတ်မထင် ဖွင့်ကြည့်လိုက်ရာ ထွက်ပေါ်လာသော အလင်းရောင်ကြောင့် မျက်စိပင် ကျိန်းသွားရသည်။

ဘုရားရေ... ရွှေတုံးတွေ အများကြီးပါလား။

ထိုရွှေတုံးများမှာ တောက်ပလွန်းလှသဖြင့် ကြည့်ရသည်မှာ မျက်စိပင် ဝေဝါးသွားစေသည်။

ထျဲလန်ယန်၏ ရင်ခုန်သံများမှာ မြန်ဆန်လာတော့သည်။ သူမသည် နောက်ထပ် သေတ္တာအချို့ကို ထပ်မံဖွင့်ကြည့်ရာ အားလုံးတွင် ရွှေတုံးများဖြင့် ပြည့်နှက်နေသည်ကို တွေ့ရသည်။

နောက်ဆုံးတွင်တော့ သူမသည် သေတ္တာအားလုံးကို တစ်ဆက်တည်း ဖွင့်ချလိုက်တော့သည်။

ထိုအခါတွင်တော့ သူမ တကယ့်ကို အံ့အားသင့်သွားရတော့သည်။

အများကြီး၊ အများကြီးပဲ။ ရတနာတွေက တကယ့်ကို မနည်းမနောပါလား။

ရွှေတုံးသီးသန့်တင် သေတ္တာပေါင်း ၁၀၀ ကျော် ရှိလေသည်။

ထို့အပြင် ရွှေပြားများ၊ ရွှေတုံးများနှင့် ရွှေထည်၊ ငွေထည် ရတနာမျိုးစုံ ပါဝင်သည့် သေတ္တာပေါင်း ဒါဇင်နှင့်ချီ၍ ရှိနေပြန်သည်။

ပတ္တမြား၊ နီလာ၊ ကျောက်စိမ်း၊ မြ၊ ဂေါ်မုတ်နှင့် ရတနာမျိုးစုံ ထည့်ထားသော သေတ္တာပေါင်း ၁၀၀ ကျော်မှာလည်း တဖျတ်ဖျတ် တောက်ပနေပြီး အလွန်ပင် လှပလွန်းလှသည်။

ထို့နောက် ရှေးဟောင်း ကြွေထည်များ၊ ပန်းချီကားများနှင့် လက်ရေးမူများ၊ လက်မှုအနုပညာပစ္စည်းများ၊ ကျောက်ဆစ်လက်ရာများနှင့် ကြေးထည်ပစ္စည်းများ ပါဝင်သည့် သေတ္တာများစွာလည်း ရှိနေသေးသည်။

ထျဲလန်ယန်မှာ မြင်မြင်သမျှကို ကြည့်ရင်း အပြုံးမပျက်နိုင်အောင် ဖြစ်နေတော့သည်။

ဒါတွေအားလုံးက ပိုက်ဆံတွေချည်းပဲ။ အနာဂတ်မှာဆိုရင် ဒါတွေရဲ့ တန်ဖိုးက ဘီလီယံ ၁၀၀ ကျော်တောင် တန်မှာ။

ဟားဟားဟား။ ဒီနေ့တော့ တကယ့်ကို သူဌေးကြီး ဖြစ်ပြီပေါ့။

သူမသည် ဝမ်းသာအားရဖြင့် ကခုန်မိတော့သည်။

ထျဲလန်ယန် သူမ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ ရှေ့တွင်ရှိသော သစ်သားသေတ္တာအားလုံးမှာ သူမ၏ နေရာလွတ်ထဲသို့ ပျောက်ကွယ်သွားတော့သည်။

ထို့နောက် သူမသည်လည်း နေရာလွတ်ထဲသို့ လိုက်ဝင်သွားခဲ့သည်။

ရတနာဆောင်ထဲတွင် ပစ္စည်းအသစ်များ အများအပြား ရောက်ရှိလာသဖြင့် သူမ စနစ်တကျ ပြန်စီစဉ်ရဦးမည်။

ထျဲလန်ယန်သည် သူမ၏ စိတ်အာရုံကို အသုံးပြုကာ ပစ္စည်းများကို တစ်ခုချင်းစီ စနစ်တကျ နေရာချလိုက်သည်။

မကြာမီမှာပင် အခန်းတစ်ခုလုံးမှာ သပ်ရပ်လှပသော ရတနာများဖြင့် အပြည့်ဖြစ်သွားတော့သည်။

ဒါတွေအားလုံးက သူမ အိုစာမင်းစာအတွက် အရင်းအနှီးတွေပဲ၊ အားလုံးပေါင်းလိုက်ရင် ထရီလီယံနဲ့ချီပြီး တန်ဖိုးရှိမှာ အသေအချာပဲ။

အို... ဘုရားရေ။ မတော်တဆ သူဌေးကြီး ဖြစ်သွားရတာ ဘာကံများပါလိမ့်။

ဟီးဟီး။

ပစ္စည်းအားလုံးကို သိမ်းဆည်းပြီးနောက်တွင်တော့ ထျဲလန်ယန်တစ်ယောက် ဗိုက်ဆာလာခဲ့သည်။

လွန်ခဲ့သော ရက်အနည်းငယ်က အဒေါ်မာတို့အိမ်မှ သိမ်းယူလာခဲ့သော အသားခြောက်နှင့် ဝက်အူချောင်းများ ရှိနေသဖြင့် မြေအိုးအသားခြောက် ထမင်းတစ်အိုး ချက်စားရန် ဆုံးဖြတ်လိုက်သည်။

ထျဲလန်ယန်သည် စိတ်ပျော်ရွှင်နေချိန်တွင် အစားပိုစားနိုင်သည်ကို သတိပြုမိသည်။

ထို့ကြောင့် သူမသည် ဝက်အူချောင်းနှစ်ချောင်းနှင့် အသားခြောက်တစ်တုံးကို ယူကာ အကွင်းလိုက် လှီးဖြတ်ပြီး ပန်းကန်လုံးထဲတွင် ပဲငံပြာရည်၊ သကြားတို့ဖြင့် နယ်လိုက်သည်။

ထို့နောက် ဆန်နှစ်ပေါင်ခန့်ကို ဆေးကြောကာ ရေစိမ်ထားလိုက်သည်။

မြေအိုးထဲသို့ ဆီအနည်းငယ် သုတ်လိမ်းကာ ဆန်နှင့် ရေနွေးထည့်ပြီး မီးအေးအေးဖြင့် ၁၀ မိနစ်ခန့် တည်ထားလိုက်သည်။

ထမင်းကျက်လုနီးပါး အချိန်တွင်တော့ အိုးဖုံးကိုဖွင့်ကာ တူဖြင့် အပေါက်အချို့ ဖောက်လိုက်ပြီး နယ်ထားသော အသားခြောက်နှင့် ဝက်အူချောင်းများကို ထမင်းပေါ်တွင် တင်လိုက်သည်။

ထို့နောက် အိုးဖုံးကို ပြန်ပိတ်ကာ ၈ မိနစ်ခန့် ဆက်တည်ထားလိုက်သည်။ အချိန်စေ့သောအခါ မြေအိုးကို စားပွဲပေါ်တင်ကာ ခေတ္တမျှ အအေးခံထားလိုက်သည်။

နောက်ဆုံးတွင်တော့ အိုးဖုံးကိုဖွင့်ကာ ကြက်သွန်မြိတ်လေးများ ဖြူး၊ ဆီပူလေး ဆမ်းပြီးနောက် သမအောင် မွှေလိုက်ရာ မွှေးကြိုင်လှသော မြေအိုးအသားခြောက်ထမင်းလေးမှာ အဆင်သင့် ဖြစ်သွားတော့သည်။

ထျဲလန်ယန်သည် တစ်လုပ်စားကြည့်လိုက်ရုံနှင့် ထိုအရသာကို စွဲလန်းသွားတော့သည်။

တကယ့်ကို အရသာရှိလှသည်။

ထမင်း၏ အရသာမှာ စိမ့်ဝင်နေပြီး အသားခြောက်နှင့် ဝက်အူချောင်းတို့၏ အငန်၊ အချို အရသာမှာလည်း အချိုးကျလှသည်။

အထူးသဖြင့် အိုးအောက်ခြေရှိ ရွှေအိုရောင် ထမင်းဂျိုးလေးများမှာ ကြွပ်ရွနေပြီး ဝါးစားလိုက်တိုင်း တဂျွတ်ဂျွတ်နှင့် အလွန်ပင် ကျေနပ်စရာ ကောင်းလှသည်။

ထျဲလန်ယန်သည် ဗိုက်ပြည့်သည်အထိ အားရပါးရ စားသောက်လိုက်သည်။

သို့သော်လည်း ကျန်ရှိနေသော ထမင်းများကို ကုန်စင်အောင်ပင် ဆက်စားခဲ့သည်။

ပန်းကန်ထဲက ထမင်းတစ်စေ့ချင်းစီဟာ တောင်သူဦးကြီးတွေရဲ့ ပင်ပန်းဆင်းရဲမှုတွေပဲလေ။

အလုပ်သမားလူတန်းစားတွေရဲ့ ချွေးနည်းစာအတွက် ကျေးဇူးတင်ပါတယ်ဟု သူမ စိတ်ထဲက ရေရွတ်မိသည်။

ဒီနေ့ကတော့ တကယ့်ကို ပျော်စရာကောင်းတဲ့ နေ့တစ်နေ့ပဲ။

စားသောက်ပြီးနောက်တွင်တော့ ထျဲလန်ယန် တရေး အိပ်စက်အနားယူလိုက်သည်။

သူမ ပြန်နိုးလာချိန်တွင်တော့ အပြင်ဘက်၌ မှောင်စပြုနေပြီဖြစ်သည်။

"ကောင်းပြီ အလုပ်စဖို့ အချိန်တန်ပြီ။"

ထျဲလန်ယန်သည် ကုတင်ပေါ်မှ ဂျွမ်းတစ်ပတ်လှည့်ကာ လျင်မြန်စွာ ဆင်းလိုက်သည်။

သူမသည် မှန်တင်ခုံရှေ့တွင် ထိုင်ကာ ပြင်ဆင်မှုများကို စတင်တော့သည်။

မိနစ် ၂၀ ခန့်အကြာတွင်တော့ မှန်ထဲ၌ အသားညိုညိုနှင့် လူလတ်ပိုင်း အမျိုးသမီးတစ်ဦး၏ ရုပ်အသွင်အပြင် ပေါ်ထွက်လာသည်။

"ဒီညတော့ ဒုတိယညွှန်ကြားရေးမှူးကျန်းရဲ့ အိမ်မှာ ကိစ္စကြီးတစ်ခု လုပ်ရမယ်။"

ထျဲလန်ယန်သည် နေရာလွတ်ထဲမှ ထွက်ကာ ကမ်းပါးယံ လှိုဏ်ဂူအတွင်းမှ ထွက်ခွာခဲ့သည်။

သူမသည် သူမ ကျန်ရစ်ခဲ့သော ခြေရာလက်ရာ အားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

အထဲတွင် ဘာမှမကျန်တော့သော်လည်း ဤနေရာကို နဂိုအတိုင်း ရှိနေစေရန် ထိန်းသိမ်းထားခြင်းက ပိုကောင်းလိမ့်မည်၊ နောင်တစ်ချိန်တွင် အသုံးဝင်လာနိုင်သည်မဟုတ်ပါလား။

.....

အချိန်မှာ ည ၈ နာရီခန့် ရှိနေပြီ ဖြစ်သည်။

ထျဲလန်ယန် ဒုတိယညွှန်ကြားရေးမှူးကျန်း၏ အိမ်သို့ ရောက်ရှိချိန်တွင် သူ၏ မိသားစုမှာ အိပ်စက်နေကြပြီဖြစ်သည်။

သို့သော်လည်း ဒုတိယညွှန်ကြားရေးမှူးကျန်းနှင့် သူ၏ ဇနီးမှာမူ မအိပ်သေးဘဲ ကုတင်ပေါ်တွင် လှဲလျောင်းရင်း စကားပြောနေကြဆဲပင်။

"လောင်ကျန်း နေ့ခင်းဘက်မှာ ထျဲ မိသားစုဆီ ခရီးထွက်တာ ဘယ်လိုလဲ။ အဲဒီမိန်းကလေးက ရှင့်ရဲ့တောင်းဆိုချက်ကို သဘောတူခဲ့လား။"

ဒုတိယညွှန်ကြားရေးမှူးကျန်း၏ ဇနီးက မေးမြန်းလိုက်သည်။

ဒုတိယညွှန်ကြားရေးမှူးကျန်းက ခေါင်းခါလိုက်သည်။ "သူ သဘောမတူဘူး၊ အဲဒီမိန်းကလေးက တော်တော်လေးကို ရဲတင်းတာပဲ၊ ဘာကိုမှ ကြောက်ပုံမရဘူး။"

ဒုတိယညွှန်ကြားရေးမှူးကျန်း၏ ဇနီး - "ကျွန်မကတော့ ဂရုမစိုက်ဘူး၊ ကျွန်မတူက ဒီအလုပ်ကို စောင့်နေတာ။ ဒါကို အမြန်ဆုံး ရှင်းပေးရမယ်၊ မဟုတ်ရင် ကျွန်မအိမ်ကလူတွေက ထပ်ပြီး နားပူနားဆာ လုပ်ကြဦးမယ်။"

"အေးပါ... ငါ သိပါတယ်။"

ဒုတိယညွှန်ကြားရေးမှူးကျန်း - "အဲဒီကောင်မလေးကို စဉ်းစားဖို့ သုံးရက် အချိန်ပေးထားတယ်။"

"တကယ်လို့ သူ သဘောမတူရင်တော့ သူ့အဖေရဲ့ နာမည်ပျက်အောင် တိုင်စာရေးပစ်လိုက်မယ်၊ အဲ့ဒီအခါကြမှ သူ ဘယ်လိုလုပ်မလဲ ကြည့်ရသေးတာပေါ့။"

ဒုတိယညွှန်ကြားရေးမှူးကျန်း၏ ဇနီးမှာ အနည်းငယ် တွေဝေသွားခဲ့သည်။ "သူ့အဖေက တကယ်ပဲ အဲဒီမြေရှင်ကြီးနဲ့ ပတ်သက်ခဲ့တာလား။ ရှင် ဘယ်လိုသိတာလဲ။"

ဒုတိယညွှန်ကြားရေးမှူးကျန်း - "အရင်က ကောလာဟလ ကြားဖူးတာပါ၊ ဒါပေမယ့် သေချာတော့ မသိဘူး။ အမှန်အတိုင်း ပြောရရင် ဒါက မဟုတ်လောက်ပါဘူး၊ အဲဒီကောင်မလေး ကြောက်သွားအောင် ခြောက်လိုက်တာပါ။"

"ဘာပဲဖြစ်ဖြစ် ငါ့ရာထူးနဲ့ဆိုရင် အလိမ်အညာတောင် အမှန်တရား ဖြစ်သွားစေရမယ်။"

ဒုတိယညွှန်ကြားရေးမှူးကျန်း၏ ဇနီးမှာ ရယ်မောရင်း သူ့ကို ထိုးလိုက်သည်။

"ရှင်ကတော့ တော်တော်ယုတ်မာတာပဲ... ကလေးမလေးကို အနိုင်ကျင့်နေတာပဲ..."

ဒုတိယညွှန်ကြားရေးမှူးကျန်း - "ငါ ဒါတွေအားလုံး ဘယ်သူ့အတွက် လုပ်နေတာလဲ၊ မင်းအတွက်ပဲလေ။"

"မိန်းမရေ... ငါတို့နှစ်ယောက် မလုပ်ဖြစ်တာလည်း ကြာပြီဆိုတော့... ဟဲဟဲ..."

ဒုတိယညွှန်ကြားရေးမှူးကျန်း၏ ဇနီး - "ဟွန်း။ ရှင်ကတော့လေ... တော်တော် စိတ်ရှုပ်ဖို့ကောင်းတာပဲ။"

မကြာမီမှာပင် ထိုအခန်းအတွင်းမှ ရွံရှာဖွယ်ရာ အသံမျိုးစုံနှင့် တိုးတိုးတိတ်တိတ် အသံများ ထွက်ပေါ်လာတော့သည်။

၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်

အပိုင်း ၂၆

ပြတင်းပေါက် အပြင်ဘက်တွင်မူ ထျဲလန်ယန်သည် တဟားဟားနှင့် လှောင်ရယ်နေတော့သည်။

အလိမ်အညာတွေက အမှန်တရား ဖြစ်လာနိုင်တယ် ဟုတ်လား။

တော်တော်လေးကို အာဏာပြချင်နေတဲ့ အရာရှိကြီးပဲ။

အခြေအနေက ဒီလိုဖြစ်နေမှတော့ သူမဘက်ကလည်း ဒုတိယညွှန်ကြားရေးမှူးကျန်းကို ရာထူးကနေ ဆွဲချပစ်ရန် ဆုံးဖြတ်လိုက်သည်။

သူက ငါ့ကို တိုင်မယ် ဟုတ်လား။

ငါကလည်း သူ့ကို ပြန်တိုင်မှာပေါ့၊ ပြီးတော့ အဲဒါကို အစစ်အမှန်ဖြစ်အောင် ငါ လုပ်ပြမယ်။

ဒီခေတ်ကာလမှာ လူတစ်ယောက်ကို ဖျက်ဆီးပစ်ဖို့ဆိုတာ အလွန်လွယ်ကူလှသည်။

ထျဲလန်ယန်သည် အဟောင်းဆိုင်မှ နိုင်ငံခြား ဝတ္ထုများနှင့် မဂ္ဂဇင်းအဟောင်းများစွာကို စုဆောင်းထားခဲ့ဖူးသည်။

ထိုစာအုပ်အချို့ကို ကုတင်အောက်တွင် ထည့်ထားလိုက်ရုံနှင့် ဒုတိယညွှန်ကြားရေးမှူးကျန်းကို သူ့အကွက်နှင့်သူ ပြန်မိအောင် လုပ်ရန် လုံလောက်သည်။

အခန်းထဲရှိ လူနှစ်ယောက်မှာ အချစ်ခန်းဖွင့်ကာ အလုပ်ရှုပ်နေကြစဉ် ထျဲလန်ယန်သည် ဧည့်ခန်းထဲသို့ တိတ်တဆိတ် ဝင်ရောက်သွားခဲ့သည်။

ဒုတိယညွှန်ကြားရေးမှူးကျန်း၏ အိမ်မှာလည်း ခြံဝင်းနှင့် အိမ်လေးဖြစ်သော်လည်း ထျဲလန်ယန်၏ အိမ်ထက် အနည်းငယ်ပိုကျယ်ပြီး အပြင်အဆင်မှာလည်း ပို၍ ခမ်းနားလှသည်။

ဧည့်ခန်းထဲသို့ ဝင်လိုက်သည်နှင့် သားရေဆိုဖာနှစ်လုံး၊ သစ်သား ကော်ဖီစားပွဲနှင့် စားပွဲပေါ်တွင် တင်ထားသော မင်္ဂလာနှစ်ဆ အမှတ်တံဆိပ် ရေနွေးအိုးနှင့် ကြွေခွက်အချို့ကို တွေ့ရသည်။

ကော်ဖီစားပွဲ၏ တစ်ဖက်တွင်မူ စားပွဲပုလေးတစ်လုံးရှိပြီး အပေါ်တွင် အဖြူအမဲ တီဗွီတစ်လုံးနှင့် ဘေးတွင် ပန်ကာအဟောင်းတစ်လုံး ရှိနေသည်။

နံရံဘက်တွင်မူ အပ်ချုပ်စက်တစ်လုံးရှိပြီး ဘေးရှိ ဗီဒိုပေါ်တွင် ရေဒီယိုနှင့် နှိုးစက်နာရီတစ်လုံးကို တင်ထားသည်။

တကယ့်ကို အရာရှိကြီးတစ်ယောက်၏ အိမ်ပီသပေသည်၊ ကောင်းပေ့ဆိုသည့် ပစ္စည်းများစွာ ရှိနေသည်မဟုတ်ပါလား။

သူမသည် မီးဖိုချောင်ထဲသို့ ခိုးဝင်သွားရာ ကြောင်အိမ်ထဲတွင် ဆန်၊ ဂျုံမှုန့်၊ ကန်စွန်းဥမှုန့်၊ အာလူး၊ ဝက်သားအချို့နှင့် မုန့်သေတ္တာအချို့အပြင် ဘဲကင်တစ်ကောင်ကိုပါ တွေ့ရှိခဲ့သည်။

ဘဲကင်မှာ ဆီစိမ်စက္ကူဖြင့် ထုပ်ထားပြီး အေးစက်နေသော်လည်း အလွန်ပင် မွှေးကြိုင်လှသည်။

'ကောင်းပြီလေ။ ဒီညတော့ ထမင်းချက်နေစရာ မလိုတော့ဘူး၊ အဆင်သင့် စားစရာတွေ ရပြီ။'

ဒုတိယညွှန်ကြားရေးမှူးကျန်း၏ သားနှင့် အမေဖြစ်သူမှာ ယနေ့ ကျေးလက်ရှိ ဆွေမျိုးများထံ အလည်သွားကြသဖြင့် သူတို့၏ အခန်းများမှာ အလွတ်ဖြစ်နေသည်။

ထျဲလန်ယန်သည် အရင်ဆုံး သားဖြစ်သူ၏ အခန်းထဲသို့ ဝင်သွားခဲ့သည်။

သူမ သေချာ ရှာဖွေကြည့်ရာ ခေါင်းအုံးအောက်တွင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော အပြာစာအုပ် အချို့ကို တွေ့ရှိခဲ့သည်။

ထျဲလန်ယန်၏ နှုတ်ခမ်းများမှာ ကွေးညွှတ်သွားသည်၊ အဆင်သင့် အထောက်အထားတွေ ရှိနေတာဆိုတော့ သူ့ကို ထောင်ချောက်ဆင်နေစရာတောင် မလိုတော့ဘူးပဲ။

သူမသည် ပို၍ သေချာသွားအောင် နိုင်ငံခြားဝတ္ထုနှစ်အုပ်ကို ဗီရိုအောက်တွင် ထည့်ထားလိုက်သည်။

ထို့နောက် ကုတင်နှင့် ဗီရိုမှလွဲ၍ ကျန်ရှိသော ပစ္စည်းအားလုံးကို သူမ၏ နေရာလွတ်ထဲသို့ သိမ်းကျုံးယူလိုက်တော့သည်။

ထို့နောက် ထျဲလန်ယန်သည် ဒုတိယညွှန်ကြားရေးမှူးကျန်း၏ အမေဖြစ်သူ အခန်းထဲသို့ဝင်ကာ အရာအားလုံးကို ပြောင်သလင်းခါအောင် သိမ်းယူလိုက်ပြန်သည်။

သူမသည် မည်သည့် သနားကရုဏာမှ ပြမည်မဟုတ်ပေ။

မိသားစုဝင်တွေကိုတော့ ဒုက္ခမပေးသင့်ဘူး ဆိုတဲ့ စကားကတော့ အပိုတွေပဲ။

သူတို့က သူမလို မိဘမဲ့တစ်ယောက်ကို သေကြောင်းကြံဖို့ ကြိုးစားနေမှတော့ သူမဘက်ကလည်း ပြင်းပြင်းထန်ထန် ပြန်လည် တုံ့ပြန်ရမည်။

အဲဒီအခန်းနှစ်ခန်းထဲက ပစ္စည်းတွေက သိပ်ပြီး တန်ဖိုးမကြီးလှပေ။ တန်ဖိုးကြီးတာတွေ အားလုံးက ဒုတိယညွှန်ကြားရေးမှူးကျန်းရဲ့ အခန်းထဲမှာပဲ ရှိနေပုံရသည်။

ထျဲလန်ယန်သည် မီးတိုင်တစ်ခုကို ထွန်းညှိကာ မီးဖိုချောင်ထဲသို့ ပစ်ထည့်လိုက်ရာ မကြာမီမှာပင် ထူထပ်သော မီးခိုးလုံးကြီးများ ထွက်ပေါ်လာတော့သည်။

ဒုတိယညွှန်ကြားရေးမှူးကျန်းနှင့် ဇနီးဖြစ်သူမှာ မီးခိုးနံ့ကြောင့် ထိတ်လန့်တကြား နိုးလာပြီး အဝတ်အစားပင် မဝတ်နိုင်ဘဲ မီးငြှိမ်းသတ်ရန် ပြေးထွက်သွားကြသည်။

သူတို့ ထွက်သွားသည်နှင့် ထျဲလန်ယန်သည် အခန်းထဲသို့ ချက်ချင်းဝင်ကာ အရာအားလုံးကို စတင် သိမ်းဆည်းတော့သည်။

အထဲတွင် ဘာတွေရှိလဲဆိုတာကိုတောင် သူမ မကြည့်တော့ဘဲ အခန်းတစ်ခုလုံးကို ခဏလေးအတွင်း ပြောင်သွားအောင် လုပ်လိုက်သည်။

ထို့နောက် ယခင်နည်းလမ်းအတိုင်းပင် လိုက်လံရှာဖွေရာ လျှို့ဝှက်တံခါးတစ်ခုကို တွေ့ရှိသွားပြီး အထဲသို့ ဝင်သွားခဲ့သည်။

'ဟော... ကြည့်စမ်းပါဦး။ ကောင်တာတစ်ခုလုံးမှာ မောင်းထိုင် အရက်ပုလင်းတွေနဲ့ ပြည့်နှက်နေတာပဲ'

၇၀ ခုနှစ်ဝန်းကျင်က မောင်းထိုင်အရက်မှာ အလွန်ပင် ဈေးကြီးလှပြီး ဝယ်ချင်လျှင်ပင် ဝယ်ရန် မလွယ်ကူသည့် ပစ္စည်းမျိုးဖြစ်သည်။

မောင်းထိုင်အရက်များ ထည့်ထားသည့် မှန်ဗီရိုဘေးရှိ ဗီရိုကြီးထဲတွင်လည်း တရုတ်စီးကရက်၊ တချန်းမန်စီးကရက်၊ ဟန်ရွှမ်ရှီးစီးကရက် စသည့် နာမည်ကြီး ဆေးလိပ်မျိုးစုံဖြင့် ပြည့်နှက်နေသည်။

ဆေးလိပ်နှင့် အရက်များသာမက အရောင်အသွေး စုံလင်လှသော အဝတ်စ လိပ်ပေါင်း ရာနှင့်ချီ၍လည်း ရှိနေသေးသည်။

ဒုတိယညွှန်ကြားရေးမှူးကျန်းမှာ အလွဲသုံးစားမှုများ ပြုလုပ်ထားသည်မှာ သိသာလှသည်။

မဟုတ်လျှင်တော့ အထည်အလိပ်စက်ရုံက ဒုတိယညွှန်ကြားရေးမှူး ရာထူးလေးနှင့် ဤကဲ့သို့သော ပစ္စည်းကောင်းများစွာကို မည်သို့မှ မပိုင်ဆိုင်နိုင်ပေ။

ဒီလောက်အဝတ်စတွေ အများကြီးရှိနေမှတော့ ထျဲလန်ယန်အတွက် အဝတ်အစားကိစ္စ ပူစရာမလိုတော့ဘူးပေါ့။

တကယ့်ကို အကျိုးရှိတာပဲ။

ထောင့်တစ်နေရာရှိ သေတ္တာကြီးများထဲတွင်လည်း ရွှေငွေရတနာများနှင့် ရှေးဟောင်းပစ္စည်းများဖြင့် ပြည့်နှက်နေသည်။

ကမ်းပါးယံလှိုဏ်ဂူထဲမှ ရတနာသိုက်လောက် မခမ်းနားသော်လည်း ဤပမာဏမှာလည်း မနည်းလှပေ။

…..

ဒုတိယညွှန်ကြားရေးမှူးကျန်းနှင့် ဇနီးဖြစ်သူမှာ မီးငြှိမ်းသတ်ပြီးနောက် အိပ်ရာထဲသို့ ပြန်ဝင်လာကြသည်။

"ဘာဖြစ်တာလဲ။ ဘာသံတွေလဲ။" ဒုတိယညွှန်ကြားရေးမှူးကျန်းက မေးလိုက်သည်။

"တစ်ခုခုတော့ မဟုတ်သေးဘူး၊ အိမ်ကြီးက ဘာလို့ ဟာလာဟင်းလင်းကြီး ဖြစ်နေတာလဲ..."

ဘာတွေဖြစ်ကုန်တာလဲ၊ အိမ်ထဲမှာ ဘာလို့ ဘာမှမရှိတော့တာလဲ။

သူတို့နှစ်ဦးစလုံးမှာ ရင်တထိတ်ထိတ်နှင့် အခန်းထဲသို့ ပြေးဝင်သွားရာ ဘာမှမကျန်တော့သည်ကို တွေ့လိုက်ရသည်၊ သူတို့၏ အဝတ်အစားများပင် အခိုးခံလိုက်ရပြီဖြစ်သည်။

အဆိုးဆုံးမှာတော့ လျှို့ဝှက်ခန်းထဲရှိ တန်ဖိုးကြီးပစ္စည်းများအားလုံး ပျောက်ဆုံးသွားခြင်းပင်။

ဒါက မဖြစ်နိုင်တာ။

မိနစ်ပိုင်းအတွင်းမှာ အရာအားလုံးက ဘယ်လိုလုပ် ပျောက်သွားနိုင်မှာလဲ။

သရဲခြောက်နေတာလား။

ဒုတိယညွှန်ကြားရေးမှူးကျန်းနှင့် ဇနီးဖြစ်သူမှာ အလွန်အမင်း ထိတ်လန့်သွားပြီး အကူအညီတောင်းရန် အပြင်သို့ ပြေးထွက်သွားကြသည်။

သို့သော်လည်း သူတို့နှစ်ဦးစလုံးမှာ ကိုယ်လုံးတီးဖြစ်နေသည်ကို လုံးဝမေ့လျော့နေခဲ့ကြသည်။

အိမ်နီးနားချင်းများ ရောက်လာချိန်တွင်တော့ ထိုမြင်ကွင်းကြောင့် အားလုံး အံ့အားသင့်ကုန်ကြသည်။

"အို... ဒုတိယညွှန်ကြားရေးမှူးကျန်း၊ အဝတ်အစားမပါဘဲ ဘာလို့ အပြင်ထွက်လာတာလဲ။ အဝတ်အစား သွားဝတ်ဦးလေ။"

"ဘုရားရေ... ငါဖြင့် မျက်စိမှားနေတာလားပဲ၊ သန်းခေါင်ယံကြီးမှာ ကိုယ်လုံးတီးနဲ့... အရှက်မရှိလိုက်တာ။"

အေးစက်သော လေညင်းတစ်ချက်ကြောင့် သူတို့နှစ်ဦးစလုံး တစ်ကိုယ်လုံး တုန်တက်သွားတော့သည်။

ထိုအခါမှသာ ဒုတိယညွှန်ကြားရေးမှူးကျန်းနှင့် သူ၏ဇနီးတို့မှာ သူတို့၏ အခြေအနေကို သတိပြုမိသွားပြီး အော်ဟစ်လျက် အိမ်ထဲသို့ အမြန်ပြန်ပြေးဝင်သွားကြတော့သည်။

သူတို့သည် သားဖြစ်သူ၏ အခန်းထဲမှ အဝတ်အစားအချို့ကို ကယောင်ကတမ်း ရှာဖွေဝတ်ဆင်ကာ အပြင်သို့ ပြန်လည် ထွက်ခွာခဲ့ကြသည်။

ဤအချိန်တွင်တော့ ထျဲလန်ယန်သည် နေရာလွတ်ထဲ၌ ပိုက်ဆံများကို အေးအေးဆေးဆေး ထိုင်ရေနေသည်။

ဒုတိယညွှန်ကြားရေးမှူးကျန်းတို့မိသားစုမှာ တကယ်ပင် ချမ်းသာလှသည်၊ ငွေစုထားသည်မှာ ယွမ် ၁၀၀၀၀ ကျော်နှင့် ကူပွန်လက်မှတ်များစွာ ရှိနေသည်မဟုတ်ပါလား။

ဟားဟား။ နောက်ထပ် စည်းစိမ်အချို့ ရပြန်ပြီ။

ထို့အပြင် ဒုတိယညွှန်ကြားရေးမှူးကျန်း၏ဇနီး အသုံးပြုသည့် အဝတ်အစားများ၊ အလှကုန်ပစ္စည်းများနှင့် မိတ်ကပ်များလည်း ပါဝင်သေးသည်။

ယခင်ကဆိုလျှင် ထျဲလန်ယန်သည် ကမ္ဘာပျက်ကပ်အတွင်းမှ ရရှိထားသော သက်တမ်းကုန် မိတ်ကပ်များကိုသာ အသုံးပြုခဲ့ရသော်လည်း ယခုအခါတွင်တော့ အသစ်စက်စက် အလှကုန်ပစ္စည်းများ ရရှိသွားပြီဖြစ်သည်။

ဒုတိယညွှန်ကြားရေးမှူးကျန်းတို့အိမ်မှ ပရိဘောဂများမှာလည်း အလွန်ပင် ကောင်းမွန်လှသဖြင့် သူမ၏ နေရာလွတ်ထဲရှိ ပစ္စည်းများနှင့် အလဲလှယ်အသုံးပြုဖို့အတွက် အတော်လေးကို အဆင်ပြေနေတော့သည်‌။

ထျဲလန်ယန်တစ်ယောက် ပစ္စည်းများ သိမ်းဆည်းပြီးချိန်တွင်တော့ အပြင်ဘက်၌ အခြေအနေမှာ တော်တော်လေးကို ရုတ်ရုတ်သည်းသည်း ဖြစ်နေပြီဖြစ်သည်။

သူမအနေဖြင့် ဤကဲ့သို့သော မြင်ကွင်းမျိုးကို လက်လွတ်မခံနိုင်သည်မှာ အမှန်ပင်။

ထျဲလန်ယန်သည် နေရာလွတ်ထဲမှ ဘဲကင်ကို ထုတ်ယူကာ အမှောင်ထဲတွင် ပုန်းလျှိုးရင်း ဘဲကင်စားကာ ပွဲကြည့်နေတော့သည်။ ဤသည်မှာ တကယ့်ကို အရသာရှိလှသော အချိန်ပင်။

သူမသည် ရုပ်ဖျက်ထားသဖြင့် မည်သူမျှ မှတ်မိနိုင်မည်မဟုတ်သလို ဘေးကင်းမည်မှာလည်း သေချာလှသည်။

အကယ်၍ အန္တရာယ်တစ်ခုခု ကြုံလာလျှင်ပင် သူမ၏ နေရာလွတ်ထဲသို့ ဝင်ပုန်းလိုက်ရုံသာ ရှိသည်မဟုတ်ပါလား။

အခင်းဖြစ်ပွားရာနေရာတွင်တော့ ဒုတိယညွှန်ကြားရေးမှူးကျန်းနှင့် သူ၏ဇနီးမှာ ရူးမတတ် ဖြစ်နေကြရှာသည်။

သူတို့၏ မျက်စိအောက်တွင်ပင် အိမ်ထဲရှိ ပစ္စည်းအားလုံး အခိုးခံလိုက်ရခြင်းမှာ တကယ့်ကို ထိတ်လန့်စရာပင် ဖြစ်နေသည်။

အဓိကအချက်မှာ သူခိုးကိုလည်း မမိသလို ဆုံးရှုံးသွားမှုများအတွက်လည်း မည်သူ့ထံမှ လျော်ကြေးတောင်းရမှန်း မသိခြင်းပင် ဖြစ်သည်။

နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သမျှမှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသဖြင့် ဒုတိယညွှန်ကြားရေးမှူးကျန်း၏ဇနီးမှာ မြေကြီးပေါ်တွင် လှဲချကာ ငိုကြွေးနေတော့သည်။

"ငါ ဘာတွေများ မှားခဲ့လို့လဲ... ဘာလို့ ငါ့ကို ဒုက္ခပေးကြတာလဲ... သောက်သူခိုး..."

ဘေးနားရှိ လူတစ်ယောက်က ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ် ခင်ဗျား မထိခိုက်တာပဲ ကံကောင်းလှပါပြီ၊ ခင်ပွန်းဖြစ်သူကလည်း အစွမ်းအစရှိတာပဲဆိုတော့ နောက်ပိုင်းကြရင် ပြန်ရှာလို့ ရမှာပါ။"

ကျန်တဲ့လူတွေကလည်း သူတို့ကို နှစ်သိမ့်ပေးဖို့ ဝိုင်းအုံလာကြပြီး စိတ်မပူကြဖို့၊ တစ်ယောက်တစ်လက် ပစ္စည်းလေးတွေ ခေတ္တငှားရမ်းပေးကြမှာဖြစ်သလို ဒီခက်ခဲတဲ့အချိန်ကို ကျော်ဖြတ်နိုင်အောင် ဝိုင်းဝန်းကူညီပေးကြမှာဖြစ်ကြောင်း ပြောဆိုကြသည်‌။

ဒုတိယညွှန်ကြားရေးမှူးကျန်း၏ မျက်လုံးများမှာ နီရဲနေပြီး စိတ်လှုပ်ရှားနေပုံဖြင့် ပြောလိုက်သည်။ "အားလုံးကို ကျေးဇူးတင်ပါတယ်၊ ကျွန်တော် အားလုံးကို စိတ်မပျက်စေရပါဘူး။"

ဤလူမှာ သရုပ်ဆောင် တော်တော်ကောင်းပေသည်၊ သူမနှင့် စကားပြောစဉ်က ရုပ်နှင့် လုံးဝကို ကွဲပြားလှသည်။

ပြန်ပြီး နာမည်ကြီးလာဖို့ ကြိုးစားနေတာလား။

အိပ်မက်ပဲ မက်နေလိုက်တော့။

ထျဲလန်ယန်သည် မပြန်မီ ခြံဝင်းအတွင်းရှိ သော့ခတ်ထားသော ခိုပျံ စက်ဘီးကိုပါ ယူဆောင်သွားခဲ့သည်။

ခရီးသွားရန်အတွက် ဤသည်မှာ အလွန်အရေးပါသည်မဟုတ်ပါလား။

စာတိုက်ရှေ့မှ ဖြတ်သွားစဉ် ထျဲလန်ယန်သည် တိုင်စာတစ်စောင်ကို စာတိုက်ပုံးထဲသို့ ထည့်လိုက်သည်။

ဒီညပြီးရင်တော့ ဒုတိယညွှန်ကြားရေးမှူးကျန်းမိသားစုမှာ ဘာမှမရှိတဲ့ ဘဝကို ရောက်သွားတော့မည်မှာ အသေအချာပင် ဖြစ်သည်။

ဤသည်မှာ သူမကို လာရောက်စိန်ခေါ်မိသည့်အတွက် ရရှိလာသော နောက်ဆက်တွဲရလဒ်ပင် ဖြစ်သည်။

All Chapters