အခန်း (၂၇-၂၈)
Vol. 3 Ch. 27-28
အပိုင်း ၂၇
နံနက်ခင်း၏ လေညင်းလေးမှာ အလွန်ပင် သာယာလှသည်။
ထျဲလန်ယန်သည် သီချင်းတညည်းညည်းဖြင့် ရပ်ကွက်အုပ်ချုပ်ရေးရုံးဆီသို့ လျှောက်လှမ်းလာခဲ့သည်။
လမ်းဘေးတစ်နေရာတွင်တော့ အဒေါ်ကြီးတစ်စုမှာ အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် စကားကောင်းနေကြသည်။
ထျဲလန်ယန်သည် သူတို့ဘာတွေပြောနေကြလဲဆိုသည်ကို သိလိုသဖြင့် ခေတ္တရပ်ကာ နားစွင့်ကြည့်လိုက်သည်။
"ဟေ့... နင်တို့ ကြားပြီးကြပြီလား။ မနေ့ညက ဒုတိယညွှန်ကြားရေးမှူးကျန်းရဲ့အိမ် အခိုးခံရလို့ ပစ္စည်းတွေ အကုန်ပြောင်သွားသတဲ့အေ။"
"ကြားပြီးတာ ကြာလှပြီ၊ မိုးမလင်းခင်ကတည်းက ငါ့ယောက်မက ငါ့အိမ်အပြေးလာပြောတာ။ သူပြောရင်းနဲ့ ငါ့အိမ်က ပေါက်စီတွေကို အားရပါးရ စားသွားတာ ငါတောင် ဝအောင်မစားလိုက်ရဘူး။"
"ဒါက ဘာမှမဟုတ်သေးပါဘူး။ မနေ့ညက ငါ့တူမမိသားစုတွေ ငါ့အိမ်မှာ လာအိပ်တာ၊ ဒီလို သတင်းထူးကြီးသာ မကြားရရင် အဲဒီဆင်းရဲတဲ့ ဆွေမျိုးတွေကို ငါအိမ်ပေါ်ကတောင် မောင်းချချင်တာ။"
ထျဲလန်ယန် - .....
အတင်းအဖျင်းစကားဆိုတာ တစ်ညတောင် မခံဘူးဆိုတာ တကယ်ပဲ ဖြစ်ရမည်၊ မိုးလင်းတာနဲ့ တစ်မြို့လုံးကို ပျံ့နှံ့သွားသည့် အရှိန်မှာ တကယ့်ကို အံ့မခန်းပင်။
"ကြားတာတော့ ဒုတိယညွှန်ကြားရေးမှူးကျန်းနဲ့ သူ့မိန်းမက အရမ်းကြောက်သွားလို့ အဝတ်အစားတောင် မပါဘဲ အိမ်ပြင်ကို ကိုယ်လုံးတီး ပြေးထွက်လာကြတာဆိုပဲ။"
"ဟုတ်ပါ့... ငါ့ယောက်မပြောပြတာ ငါဖြင့် ရယ်လို့ကိုမဆုံးဘူး၊ ငါသာ အဲဒီမှာရှိရင် ရယ်ရလွန်းလို့ အသက်ထွက်သွားလောက်တယ်။"
"နင်တို့က မနေ့ညကကိစ္စပဲ သိတာ၊ ဒီနေ့မနက် ဘာတွေဖြစ်ကုန်ပြီလဲဆိုတာရော သိကြရဲ့လား။"
အသားဖြူဖြူ ဝဝ အဒေါ်ကြီးတစ်ဦးက လျှို့ဝှက်သည့်ဟန်ဖြင့် မေးလိုက်သည်။
သူမ ဆက်ပြောလိုက်သည်။ "ဒုတိယညွှန်ကြားရေးမှူးကျန်းတို့မိသားစု ဖမ်းခံလိုက်ရပြီတဲ့၊ သူ့သားက နိုင်ငံခြားက ပစ္စည်းတွေ ဝှက်ထားလို့တဲ့၊ အဲဒါတွေက အဲဒီ အပြာစာအုပ်တွေလို့ ပြောကြတာပဲ။"
ကျန်သည့်သူများမှာ အံ့အားသင့်သွားကြသည်။ "ဘုရားရေ... တော်တော်လေးကို ရဲတင်းတာပဲ၊ ဒီလိုမျိုး အပြစ်ကြီးကို ကျူးလွန်ရဲတယ်လို့။"
"သားသမီးဆိုတာ မိဘခြေရာ နင်းတာပဲလေ၊ ကျန်းမိသားစုတော့ တကယ့်ကို ဒုက္ခတွင်းထဲ ကျသွားပြီ။"
"သူ့ကို အခုထိ ဒုတိယညွှန်ကြားရေးမှူးလို့ ခေါ်နေကြတုန်းလား၊ ဒီလိုဖြစ်သွားမှတော့ စက်ရုံကလည်း သူ့ကို အရေးယူတော့မှာပဲ၊ သူတို့ဘဝတော့ သွားပြီပေါ့။"
အဒေါ်ကြီးတစ်ဦးက ဝင်ပြောခဲ့သည်။ "ဟေ့... နင်တို့က ကျန်းမိသားစုအကြောင်းပဲ ပြောနေကြတာ၊ ဘယ်သူကမှ အဲဒီသူခိုးအကြောင်း မပြောကြဘူးလား။ လွန်ခဲ့တဲ့ ရက်ပိုင်းကလည်း အိမ်နှစ်လုံး အခုလိုပဲ အခိုးခံရသေးတယ်၊ အဲဒါ လူတစ်ယောက်တည်းပဲလားမသိဘူး။"
သူမပြောလိုက်သည်နှင့် ဝဝနှင့်အဒေါ်ကြီးက ချက်ချင်းပင် တားလိုက်သည်။ "မပြောပါနဲ့။ အဲဒီအကြောင်းပြောရတာ ကျောချမ်းစရာကြီး။"
ကျန်သည့်သူများက သူမကို စူးစမ်းစွာ ကြည့်လိုက်ကြသည်။
ဝဝနှင့်အဒေါ်ကြီးက ဆက်ပြောခဲ့သည်။ "ငါ့တူရဲ့သူငယ်ချင်းက ရဲဝန်ထမ်းလေ၊ သူပြောတာတော့ အဲဒီသူခိုးက ခြေရာလက်ရာမကျန်အောင် ကျွမ်းကျင်တာတဲ့၊ ဘယ်သူမှလည်း သူ့မျက်နှာကို မမြင်လိုက်ရဘူး။ အဓိကက ပစ္စည်းတွေ အများကြီးကို လူတွေ မနိုးအောင် ယူသွားနိုင်တာက တကယ့်ကို အံ့ဩစရာပဲ။"
"ဘုရားရေ... အဲဒီသူခိုးက လူမှဟုတ်ရဲ့လား၊ ဒါမှမဟုတ်..."
သရဲလား။
နောက်ဆုံးစကားလုံးကိုတော့ သူမ မပြောရဲပေ၊ ယခုခေတ်အခါက မိရိုးဖလာ အယူသီးမှုများကို တင်းကြပ်စွာ တားမြစ်ထားသောကြောင့် အမှားမခံပေ။
ကျန်သည့်အဒေါ်ကြီးများလည်း ဝေခွဲမရဖြစ်နေကြသည်။
ဝဝနှင့်အဒေါ်ကြီး - "ဘာပဲဖြစ်ဖြစ် ဒီအကြောင်းတွေ သိပ်မပြောကြတာ အကောင်းဆုံးပဲ၊ မတော်လို့ ငါတို့အိမ်တွေဆီ လာရင် ဒုက္ခပဲ။"
"အေးပါ... မပြောတော့ဘူး၊ တကယ်လို့ သူခိုးက ကြားသွားလို့ ငါတို့အိမ်ကို ညဘက် လာခိုးရင်တော့ ငိုနေရမယ်။"
ထျဲလန်ယန် - ........
တကယ့် တရားခံက သူတို့ရှေ့မှာ ရှိနေတာကိုသာ သိသွားရင် သူတို့တွေ သေလောက်အောင် ကြောက်သွားကြမလားပဲ။
သူတို့ကို အနှောင့်အယှက် မပေးဘဲ စကားဆက်ပြောခွင့် ပေးထားလိုက်တာက ပိုကောင်းလိမ့်မည်။
ထျဲလန်ယန် ပြုံးလျက် ထွက်လာခဲ့သည်။
သူမသည် ရပ်ကွက်ရုံးသို့ ရောက်သောအခါ အိမ်ထောင်စုစာရင်းကို ထုတ်ပြလိုက်ပြီး ဝန်ထမ်းကို ပြောလိုက်သည်။
"ရဲဘော် ကျွန်မ ကျေးလက်ဆင်းဖို့ နာမည်စာရင်း ပေးချင်လို့ပါ။"
ဒီမြို့မှာ ဆက်နေရင် ပြဿနာတွေ အများကြီး ရှိလာနိုင်တာမို့ ကျေးလက်ဆင်းတာက အကောင်းဆုံးပင် ဖြစ်သည်။
မိမိအလိုအလျောက် ကျေးလက်ဆင်းရန် အမည်စာရင်း လာပေးသည်ကို မြင်သောအခါ ဝန်ထမ်းမှာ အံ့အားသင့်သွားပြီး အလွန်ပင် ဖော်ဖော်ရွေရွေဖြင့် ပြောခဲ့သည်။
"ဟုတ်ကဲ့ပါ ရဲဘော်၊ နာမည်၊ လိပ်စာနဲ့ မိသားစုဝင် ဘယ်နှစ်ယောက် ရှိလဲဆိုတာ ပြောပြပေးပါ။"
ထျဲလန်ယန်က သူမ၏ အခြေအနေများကို တစ်ခုချင်းစီ ရှင်းပြလိုက်သည်။
သူမသည် မိဘမဲ့တစ်ယောက်ဖြစ်ပြီး မိဘနှစ်ပါးစလုံး ကွယ်လွန်သွားပြီဖြစ်ကြောင်း သိလိုက်ရသောအခါ…
ဝန်ထမ်းက ကိုယ်ချင်းစာသော မျက်နှာထားဖြင့် ပြောခဲ့သည်။ "ညီမလေးရဲ့ အခြေအနေအရဆိုရင် ကျေးလက်ဆင်းစရာ မလိုပါဘူး၊ မိသားစုထဲမှာ တစ်ယောက်တည်း ရှိတာဆိုတော့ မြို့မှာပဲ အလုပ်တစ်ခုခု ရှာလုပ်တာက ပိုကောင်းမယ်ထင်တယ်။"
ထျဲလန်ယန် - "ဒါက ကျွန်မရဲ့ ရည်မှန်းချက်ပါ၊ ကျွန်မ ပိုပြီးကျယ်ပြန့်တဲ့ ကမ္ဘာသစ်ဆီကို သွားပြီး နိုင်ငံတော် တည်ဆောက်ရေးမှာ ပါဝင်ကူညီချင်ပါတယ်။"
ဝန်ထမ်းက ထိုစကားကို ကြားသောအခါ အားရကျေနပ်သွားခဲ့သည်။ "ရဲဘော်ငယ်လေးရဲ့ စိတ်ဓာတ်ကို တကယ်ပဲ လေးစားမိပါတယ်။ စိတ်မပူပါနဲ့၊ ညီမလေးအတွက် အဆင်ပြေမယ့် နေရာကောင်းတစ်ခု ကျွန်မ စီစဉ်ပေးပါ့မယ်။"
ထျဲလန်ယန် ပြုံးလိုက်သည်။ "ကျေးဇူးတင်ပါတယ် အစ်မကြီး၊ အစ်မက တကယ်ကို စိတ်သဘောထား ကောင်းတာပဲ။"
အစ်မကြီးဖြစ်သူ ဝန်ထမ်းကလည်း ပြုံးလျက် ပြောလိုက်သည်။"ညီမလေးက ပါးစပ်လေးကလည်း ချိုလိုက်တာ၊ လာခဲ့ အစ်မကြီး စာရွက်စာတမ်းတွေ အမြန် လုပ်ပေးပါ့မယ်။"
ထိုအစ်မကြီးမှာ အလုပ်အလွန်သွက်သူဖြစ်သဖြင့် စာရွက်စာတမ်းကိစ္စများမှာ ခဏလေးအတွင်း ပြီးစီးသွားသည်။
"ဒီမှာ ကျေးလက်ဆင်းမယ့်သူတွေအတွက် ထောက်ပံ့ကြေး ၄၅ ယွမ်ပါ။ တကယ်လို့ အမြန်သွားချင်တယ်ဆိုရင် မနက်ဖြန် နေ့လယ် ၁၂ နာရီမှာ ထွက်မယ့် ရထားရှိတယ်၊ အကုန်အဆင်သင့် ပြင်ထားနော်၊ လက်မှတ်ကိုတော့ ဝန်ထမ်းတွေက ကြိုပြီး လာပို့ပေးလိမ့်မယ်။"
ထျဲလန်ယန် - "ဟုတ်ကဲ့ပါ၊ ကျေးဇူးတင်ပါတယ်"
ရပ်ကွက်ရုံးမှ ထွက်လာပြီးနောက် ထျဲလန်ယန်သည် မှောင်ခိုဈေးသို့ သွားရန် ပြင်ဆင်လိုက်သည်။
သူမသည် လွန်ခဲ့သည့် ရက်အနည်းငယ်က အိမ်အချို့မှ ပစ္စည်းများနှင့် အစားအစာများကို သိမ်းယူထားသဖြင့် အတော်ကြာအောင် စား၍ရသည်။
သူမ မှောင်ခိုဈေးသို့ သွားခြင်းမှာ ပစ္စည်းဝယ်ရန် မဟုတ်ဘဲ လူတစ်ယောက်ကို ရှာရန်ဖြစ်သည်။
သူမ၏ အိမ်လေးကို ဒီအတိုင်း ပစ်မထားချင်သဖြင့် ငှားရမ်းလိုပြီး သူမ ယုံကြည်ရသည့်သူတစ်ဦးကို ရှာဖွေလိုခြင်း ဖြစ်သည်။
ထျဲလန်ယန် နျိုတပင်းကို သတိရသွားခဲ့သည်။
ထိုသူမှာ စိတ်ရင်းကောင်းပြီး တက်ကြွသူဖြစ်ကာ အသိမိတ်ဆွေလည်း ပေါလှသဖြင့် သူကူညီနိုင်လိမ့်မည်။
နောက်ဆုံးတွေ့ခဲ့စဉ်က သူတို့အချင်းချင်း လိပ်စာ မပေးခဲ့ကြသဖြင့် မှောင်ခိုဈေးသို့ သွားကာ ကံစမ်းရှာဖွေရုံသာ ရှိတော့သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင်…
ထျဲလန်ယန် မှောင်ခိုဈေးသို့ မရောက်မီမှာပင် လမ်း၌ နျိုတပင်းနှင့် တွေ့ဆုံခဲ့သည်။
အမြဲတမ်း ပျော်ပျော်နေတတ်သော ထိုလူငယ်လေးမှာ အခုတော့ ခေါင်းငိုက်စိုက်ကျလျက် လမ်းဘေးတစ်နေရာတွင် စိတ်ပျက်လက်ပျက် ထိုင်နေရှာသည်။
ထျဲလန်ယန်က သူ့အနားသို့ လျှောက်သွားကာ နှုတ်ဆက်လိုက်သည်။ "အစ်ကို တပင်း။"
နျိုတပင်းသည် သူမကို မြင်သည်နှင့် ချက်ချင်း ထရပ်လိုက်သည်။ "အို့ မိန်းကလေးပါလား။ ပြီးခဲ့တဲ့ကိစ္စအတွက် ကျေးဇူးတောင် မဆပ်ရသေးဘူး၊ တကယ့်ကို တိုက်ဆိုင်တာပဲ။"
ထျဲလန်ယန် - "အဲဒါက ဘာမှမဟုတ်ပါဘူး၊ နောက်ပိုင်းကြတော့ စန်းဟန်ကျစ်က အစ်ကို့ကို ပြဿနာ လာရှာသေးလား။"
နျိုတပင်း - "သူက ငါ့ကို ပြဿနာရှာရဲပါ့မလား၊ ငါ့သူငယ်ချင်းနဲ့ သူ့ကို ပညာပေးလိုက်ပြီ။ ငါက လုံခြုံရေးဌာနမှာ လူသိတာပဲလေ၊ ဟဲဟဲ။"
ထျဲလန်ယန် မျက်ခုံးပင့်လိုက်မိသည်။ သူက ပေါ့ပေါ့ပါးပါး နေတတ်သော်လည်း အလုပ်ကိစ္စတွင်တော့ တော်တော်လေးကို ပြတ်သားသူဖြစ်ကြောင်း သူမ မထင်ထားခဲ့ပေ။
"အစ်ကို တပင်း... ကျွန်မ အစ်ကို့ကို အကူအညီတစ်ခု တောင်းချင်လို့။"
ထျဲလန်ယန်က သူမ မနက်ဖြန် ကျေးလက်ဆင်းတော့မည့်အကြောင်းနှင့် အိမ်ကို ငှားလိုသည့်အကြောင်း ပြောပြလိုက်သည်။
နျိုတပင်း၏ မျက်လုံးများမှာ ဝင်းလက်သွားတော့သည်။ "မိန်းကလေး၊ မင်းက ငါ့အတွက် ကံကောင်းစေတဲ့ နတ်သမီးလေးပဲ၊ ငါ အိမ်ငှားဖို့ ရှာနေတာနဲ့ အတော်ပဲ။"
နျိုတပင်းမှာ မွေးချင်းသုံးယောက်တွင် ဒုတိယမြောက်သားဖြစ်ပြီး အစ်မတစ်ယောက်နှင့် ညီတစ်ယောက် ရှိသည်။
သားလတ်ဖြစ်သဖြင့် မိသားစု၏ အချစ်ကို အနည်းဆုံးရရှိသူလည်း ဖြစ်သည်။
နျိုတပင်းသည် ငယ်စဉ်ကတည်းကပင် အကောင်းမြင်တတ်သော စိတ်ထားဖြင့် မိမိကိုယ်ကိုယ် ရှင်သန်အောင် ကြိုးစားခဲ့ရသည်။
မိသားစုက သူ့ကို သိပ်မကြည်ဖြူသဖြင့် သူက အပြင်တွင် သူငယ်ချင်းများစွာ ရှာထားပြီး ပိုက်ဆံများများရအောင် ကြိုးစားခဲ့သည်။
နျိုတပင်း၏ မိဘများက သူ့ကို သူ၏ အစ်မနှင့် ညီဖြစ်သူတို့အား ကူညီရန် အမြဲတမ်း နားပူနားဆာ လုပ်လေ့ရှိသည်။
ချစ်ခြင်းမေတ္တာ အလိုချင်ဆုံးသူကသာ မိဘအပေါ် အသိမ်မွေ့ဆုံးဖြစ်တတ်သည်ဟူသော စကားမှာ သူနှင့် အလွန်ကိုက်ညီလှသည်။
နျိုတပင်းသည် မိဘများထံမှ ချီးကျူးစကား တစ်ခွန်းလောက် ကြားချင်သောကြောင့် သူတို့အတွက် အစွမ်းကုန် ကြိုးစားပြခဲ့သည်။
သူ၏ အစ်မမှာ အလွန် ဇီဇာကြောင်သူဖြစ်သဖြင့် အကြိမ်ကြိမ် အောင်သွယ်တော်တွေနဲ့ လွဲချော်ခဲ့ရသည်။ ထို့ကြောင့် သူကပင် စိတ်ထားကောင်းသော လူငယ်တစ်ဦးကို ရှာဖွေပေးကာ အိမ်ထောင်ချပေးခဲ့သည်။
သူ၏ ပျင်းရိသော ညီဖြစ်သူမှာလည်း တစ်နေကုန် စားလိုက်ဆော့လိုက်ဖြင့်သာ အချိန်ကုန်နေပြီး အလုပ်အကိုင်လည်း မရှိပေ။
ညီဖြစ်သူ ကျေးလက်ဆင်းရတော့မည့် အခြေအနေကို မြင်သောအခါ နျိုတပင်းသည် သူ၏ စုဆောင်းငွေ အများအပြားကို အသုံးပြုကာ သံမဏိစက်ရုံတွင် အလုပ်တစ်ခု ဝယ်ပေးခဲ့ရသည်။
သူ့ညီမှာ အလုပ်တွင် သိပ်မကြိုးစားသော်လည်း အချစ်ရေးမှာတော့ ကံကောင်းလှသည်၊ အလုပ်ဝင်ပြီး မကြာမီမှာပင် မိသားစုကောင်းမှ မိန်းကလေးတစ်ဦးနှင့် ချစ်ကြိုက်သွားခဲ့သည်။
လူငယ်သဘာဝအလျောက် စိတ်လိုက်မာန်ပါ လုပ်ဆောင်မိကြရာမှ လအနည်းငယ်အတွင်းမှာပင် ထိုမိန်းကလေးမှာ ကိုယ်ဝန်ရှိလာတော့သည်။
နျို မိဘများမှာ မြေးရတော့မည်ဖြစ်သဖြင့် အလွန်ပင် ဝမ်းသာအားရ ဖြစ်နေကြသည်။
သို့သော် သူတို့၏ မိသားစု အခြေအနေမှာ ပုံမှန်သာဖြစ်ပြီး စုဆောင်းငွေလည်း သိပ်မရှိသဖြင့် မင်္ဂလာစရိတ်နှင့် တင်တောင်းရမည့်ငွေကို မည်သို့ ရှာရမည်နည်း။
နျို၏ မိဘများက ဆင်းရဲဒုက္ခပြကာ ငိုပြသောအခါ နျိုတပင်းသည် သူ၏ ကျန်ရှိသမျှ စုဆောင်းငွေအားလုံးကို ထုတ်ပေးလိုက်ရပြန်သည်။
ညီဖြစ်သူ လက်ထပ်ပြီး မကြာမီမှာပင် နျိုတပင်းလည်း အချစ်စစ်နှင့် တွေ့ခဲ့သည်။
သူတို့ ချစ်သူသက်တမ်း ခြောက်လခန့်ရှိပြီဖြစ်သဖြင့် လက်ထပ်ရန် စကားပြောရမည့် အချိန်သို့ ရောက်ရှိလာသည်။
နျိုတပင်းက ထိုအကြောင်းကို မိဘများကို ပြောပြသောအခါ သူတို့က အိမ်မှာ ပိုက်ဆံမရှိတော့သဖြင့် မိမိဘာသာ စီစဉ်ရန်သာ ပြောဆိုကြသည်။
ထို့အပြင် အိမ်မှာလည်း နေရာမရှိတော့သဖြင့် နျိုတပင်းအနေဖြင့် လက်ထပ်ပြီးလျှင် အပြင်တွင် အိမ်ငှားနေရန်သာ တိုက်တွန်းကြတော့သည်။
အမှန်အတိုင်း ပြောရလျှင်တော့ စိတ်ပျက်အားငယ်ရသည်မှာ အမှန်ပင်။
သို့သော်လည်း အခြားနည်းလမ်းမရှိပေ၊ အိမ်တွင် အခန်းသုံးခန်းသာရှိရာ မိဘများက တစ်ခန်း၊ အစ်မတို့ ဇနီးမောင်နှံက တစ်ခန်း၊ ညီဖြစ်သူတို့ ဇနီးမောင်နှံက တစ်ခန်း ယူထားကြသည်။
နျိုတပင်းမှာ အိပ်စရာနေရာမရှိသဖြင့် ဧည့်ခန်းထဲတွင် ကုတင်အစုတ်လေးတစ်လုံးဖြင့်သာ အိပ်နေရသည်။
သူလက်ထပ်ပြီးလျှင်တော့ သူ၏ ဇနီးလောင်းကို ဤကဲ့သို့ ဒုက္ခမပေးလိုပေ။
ထို့ကြောင့်ပင် လွန်ခဲ့သော ရက်များက နျိုတပင်းသည် မှောင်ခိုဈေးနှင့် အိမ်ကြားတွင် အိမ်ငှားရရန် အပြေးအလွှား ရှာဖွေနေခဲ့ခြင်း ဖြစ်သည်။
သို့သော် အခုလိုခေတ်ကြီးတွင် အိမ်လွတ်ရှာရန်မှာ အလွန်ခက်ခဲလှပြီး အသစ်စက်စက် အိမ်ကောင်းကောင်းရရန်မှာ ပို၍ပင် ခက်ခဲလှသည်။
သူသည် ရှာရင်းရှာရင်းနှင့်ပင် စိတ်တိုင်းကျသည့် အိမ်ကို မတွေ့ခဲ့ရပေ။
ယခုအခါ ထျဲလန်ယန်က သူမ၏ အိမ်ကို ငှားမည်ဟု ပြောလိုက်ခြင်းမှာ သူ့အတွက်တော့ ကောင်းကင်ဘုံက ကျဆင်းလာသည့် လက်ဆောင်တစ်ခုကဲ့သို့ပင် ဖြစ်နေသည်။
မိန်းကလေးရဲ့ ပွင့်လင်းပြတ်သားတဲ့ ပုံစံအရဆိုရင် အိမ်ကလည်း တကယ့်ကို ကောင်းမွန်မှာ အသေအချာပဲ။
နျိုတပင်းအတွက်တော့ စိတ်ပူစရာ မလိုတော့ပေ။
၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်
အပိုင်း ၂၈
ဤစကားများကို ပြောပြီးနောက် နျိုတပင်းက သက်ပြင်းချကာ ပြောလိုက်သည်။ "ညီမလေး ငါ့ကို ကြည့်ပြီး ရယ်နေမိမှာပဲ။"
ထျဲလန်ယန် ခေါင်းခါလိုက်သည်။ "အဲ့လို မပြောပါနဲ့၊ အိမ်တိုင်းမှာ သူ့အပူနဲ့သူ ရှိကြတာပါပဲ။ ဒါပေမယ့် ကျွန်မ မသိတာတစ်ခုက အစ်ကိုက အပြင်မှာ ဒီလောက် အစွမ်းအစရှိတာကို အိမ်မှာကြတော့ ဘာလို့ ဒီလောက်တောင် အလျှော့ပေးနေရတာလဲ။"
"ဟင်း... ငါကိုယ်တိုင်လည်း နားမလည်တော့ဘူး။ မိသားစုကို ငါပဲ ထောက်ပံ့နေတာပါ၊ ဒါပေမယ့် အိမ်မှာဆိုရင် အမြဲတမ်း မျက်နှာငယ်နေရသလို ခံစားရတယ်။"
ဤအကြောင်းကို ပြောရင်း နျိုတပင်း၏ အသံမှာ တုန်ရီလာသည်။ "ငါ့ရဲ့ စုဆောင်းငွေတွေအကုန် အစ်မနဲ့ ညီအတွက် အလုပ်တွေရှာပေး၊ အိမ်ထောင်ချပေးတာနဲ့တင် ကုန်သွားတာ။"
"အခု ငါ့အလှည့် ရောက်တော့မှ အိမ်ကလူတွေက ပိုက်ဆံမရှိဘူးလို့ ပြောကြတယ်၊ အစ်မနဲ့ ညီကလည်း ငါ့ဘက်က မရပ်တည်ပေးကြဘူး။ ငါ ဘာများမှားခဲ့လို့လဲ၊ ငါက အိမ်မှာ အသိတရားအရှိဆုံးလူပါ။"
"ဒါပေမယ့် နောက်ဆုံးတော့ ဘယ်သူကမှ ငါ့ကို မချစ်ကြဘူး။ ငါက တကယ်ပဲ အဲဒီလောက်အထိ ဆိုးနေလို့လား။"
ထျဲလန်ယန် - "မဟုတ်ပါဘူး၊ အစ်ကိုက တကယ့်လူကောင်းတစ်ယောက်ပါ။ အလုပ်လည်း ကြိုးစားတယ်၊ စိတ်ထားလည်း ကောင်းတယ်။ အစ်ကို့လို လူမျိုးနဲ့ သူငယ်ချင်းဖြစ်ရတာ ကျွန်မ တကယ်ဝမ်းသာပါတယ်။"
"မိသားစုအတွက် အစ်ကို လုပ်ပေးခဲ့တာတွေက လုံလောက်နေပါပြီ။ မှားတာက သူတို့ပါ၊ အစ်ကို့မှာ ဘာအပြစ်မှ မရှိဘူး။"
ထိုစကားကို ကြားလိုက်ရချိန်တွင် နျိုတပင်းမှာ ထိန်းမထားနိုင်တော့ဘဲ ငိုချလိုက်တော့သည်။ "ညီမလေး ငါ့ကို နားလည်ပေးတာ မင်းတစ်ယောက်ပဲ ရှိတယ်။"
"ဒီအကြောင်းတွေကို ငါ့ချစ်သူကိုလည်း မပြောပြရဲဘူး၊ သူမက မိသားစုအပေါ် အမြင်မကြည်လင် ဖြစ်သွားမှာ စိုးတယ်။ ဒီရက်ပိုင်း စိတ်ညစ်လွန်းလို့ အောင့်ထားရတာ ရင်ကွဲတော့မလိုပဲ။"
"ညဆိုရင်လည်း အိပ်မပျော်ဘူး၊ ငါ့မိသားစုက ငါ့အပေါ် ဘာလို့ ဒီလိုဆက်ဆံရတာလဲလို့ပဲ တွေးနေမိတာ..."
နျိုတပင်းမှာ မထိန်းနိုင်တော့ဘဲ အသည်းအသန် ငိုကြွေးနေရှာသည်။
"ငါ့ချစ်သူက ဒါတွေ ဘာမှမသိသေးဘူး။ သူနဲ့တွေ့ရင် အမြဲတမ်း ဟန်ဆောင်ပြုံးပြနေရတာ။ သူမက တကယ်ကို ကောင်းတယ်။ သူမအတွက် စိတ်မကောင်းဘူး ဝူးးးး"
ပေါင် ၂၀၀ ကျော်ရှိသော နျိုတပင်းမှာ ကလေးတစ်ယောက်ကဲ့သို့ အော်ဟစ်ငိုယိုနေတော့သည်။
ထျဲလန်ယန်ကတော့ ဘာမှမပြောဘဲ သူ ရင်ဖွင့်နေသမျှကို အနားတွင် ရပ်စောင့်ပေးနေခဲ့သည်။
၁၀ မိနစ်ခန့်အကြာတွင်တော့ နျိုတပင်း၏ ငိုသံများ တိတ်သွားသည်။
သူက မျက်ရည်နှင့် နှပ်ချေးများကို ရှက်ကိုးရှက်ကန်းဖြင့် သုတ်ကာ ပြောလိုက်သည်။ "ညီမလေး ငါ့ကို ရယ်နေပြန်ပြီမလား။"
"ဒါက ရယ်စရာလား။ ကဲ... လာပါ၊ ကျွန်မအိမ်ကို သွားကြည့်ရအောင်။"
ထျဲလန်ယန်သည် သူ့ကို ထပ်ပြီး မနှစ်သိမ့်ရဲတော့ပေ။
တကယ်လို့ ထပ်ပြီး တစ်ခုခုပြောမိလျှင် သူ ထပ်ငိုဦးမှာစိုးသဖြင့် အကြောင်းအရာကို ချက်ချင်း ပြောင်းလိုက်ခြင်း ဖြစ်သည်။
အိမ်ကြည့်မည်ဆိုသော စကားကြောင့် နျိုတပင်း ပြန်လည်တက်ကြွလာသည်။ "ဟုတ်ပြီလေ၊ သွားကြတာပေါ့။"
……
ထျဲလန်ယန်၏ အိမ်ရှေ့သို့ ရောက်သောအခါ နျိုတပင်းက ခြံဝင်းတံခါးဝတွင် ရပ်ပြီး ပြောလိုက်သည်။ "ညီမဘေး ညီမက ခြံဝင်းနဲ့ အိမ်နဲ့ နေတာဆိုတော့ အိမ်ငှားခက အရမ်းစျေးကြီးမှာပဲ"
နျိုတပင်းတွင် ပိုက်ဆံ သိပ်မကျန်တော့သဖြင့် လက်ထပ်ရန်အတွက် ချန်ထားရမည်ဖြစ်ရာ အိမ်ငှားခ ဈေးကြီးလျှင် သူ မတတ်နိုင်ပေ။
ဤသည်မှာ လွန်ခဲ့သော ရက်များက သူ အိမ်မရရခြင်း၏ အဓိကအကြောင်းရင်းလည်း ဖြစ်သည်။
ထျဲလန်ယန် - "မကြီးပါဘူး၊ အစ်ကိုက ကျွန်မရဲ့ သူငယ်ချင်းပဲလေ၊ မိတ်ဆွေဈေးနဲ့ပဲ ပေးပါ့မယ်။"
သူမအနေဖြင့် အမြတ်အစွန်း လိုချင်၍ မဟုတ်ပေ။
ဒီအိမ်က လူမနေဘဲ ပစ်ထားတာ ကြာလျှင် ဘယ်သူမှလည်း ဂရုတစိုက် မရှိတာကြောင့် အိမ်မှာ လူမရှိဘဲ ဖုန်များတက်ကာ ပျက်စီးသွားလိမ့်မည်။
ပရိဘောဂများ၊ နံရံများနှင့် အခြားအရာများမှာ မှိုတက်ကာ ပိုးမွှားနှင့် ကြွက်များ၏ ဖျက်ဆီးမှုကို ခံရလိမ့်မည်။
ဤအိမ်မှာ မူလပိုင်ရှင်၏ မိဘများ ပင်ပင်ပန်းပန်း ဆောက်လုပ်ထားခဲ့ခြင်း ဖြစ်သဖြင့် သူမအနေဖြင့် သေချာစွာ ထိန်းသိမ်းထားလိုသည်။
ထို့ကြောင့် သူမသည် အိမ်ငှားခကို လျှော့ပေးမည်ဖြစ်သော်လည်း လိုအပ်ချက်တစ်ခုမှာ အိမ်ကို ပုံမှန်သန့်ရှင်းရေးလုပ်ပေးရန်နှင့် မည်သည့်အရာမှ မပျက်စီးစေရန်ပင် ဖြစ်သည်။
ထျဲလန်ယန်၏ တောင်းဆိုချက်ကို ကြားသောအခါ နျိုတပင်းက သူ၏ ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်သည်။"ညီမလေး စိတ်မပူနဲ့၊ ငါက အိမ်အလုပ်တွေဆို တော်တော်ကျွမ်းတာ၊ အိမ်ကို အမြဲတမ်း သန့်ရှင်းနေစေရမယ်။"
ထျဲလန်ယန် မျက်ခုံးပင့်လိုက်သည်။ "အစ်ကိုက သန့်ရှင်းရေး လုပ်တတ်လို့လား။"
နျိုတပင်း - "ဒါပေါ့၊ ငါ့ချစ်သူက ထမင်းချက်ရတာ ပင်ပန်းမှာပဲလေ၊ ပန်းကန်ဆေးတာနဲ့ သန့်ရှင်းရေးလုပ်တာကတော့ ငါ့အလုပ်ပေါ့။"
ထျဲလန်ယန်က သူ့ကို လက်မထောင်ပြလိုက်သည်။ "တကယ့် ယောက်ျားကောင်းပဲ။"
"ဒါပေါ့" နျိုတပင်းက ရယ်မောလိုက်သည်။
ကျန်ရှိသည့် ကိစ္စများမှာ အဆင်ပြေချောမွေ့သွားသည်။
ထျဲလန်ယန်က ဈေးနှုန်း၏ ထက်ဝက်ဖြစ်သော လေးယွမ်ကိုသာ တောင်းဆိုခဲ့သည်။ ထို့နောက် သူမ ကျေးလက်သို့ ဆင်းသွားသည့်အခါ ရောက်ရှိမည့် မြို့နယ်စာတိုက်သို့ ထိုငွေများကို လစဉ် ပေးပို့ရန် နျိုတပင်းကို မှာကြားလိုက်သည်။
နျိုတပင်းက အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ "ညီမလေး ငါ့ကို ဒီလောက်ယုံတာလား၊ တကယ်လို့ ငါ ပိုက်ဆံမပို့ရင် ဘယ်လိုလုပ်မလဲ။"
ထျဲလန်ယန်က သူ့ကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။ "အဲဒါဆိုရင်တော့ ညသန်းခေါင်ယံမှာ အစ်ကို့အိမ်ကို လာပြီး ခုတ်သတ်ပစ်မှာပေါ့။"
"အာ" နျိုတပင်းတစ်ယောက် ကျောချမ်းသွားတော့သည်။
ထျဲလန်ယန် တစ်ယောက်တည်းနှင့် လူအများကြီးကို ရိုက်နှက်ခဲ့ပုံနှင့် စန်းဟန်ကျစ်ကို နှာခေါင်းသွေးထွက်အောင် လုပ်ခဲ့ပုံများကို သူ ရုတ်တရက် သတိရသွားသည်။
"ညီမလေး ငါ မှားသွားပါတယ်။ ငါ စတာပါ။ ညီမလေးက ငါ့အပေါ် ဒီလောက်ကောင်းတာပဲ၊ ငါ ကတိဖျက်မှာ မဟုတ်ပါဘူး။"
နျိုတပင်းက အမြန်ပင် ရှင်းပြလေသည်။
ထျဲလန်ယန် ရယ်မောလိုက်သည်။ "ကျွန်မလည်း စတာပါ၊ အစ်ကို့ကို ယုံပါတယ်။"
သူမ၏ လူအကဲခတ်မှုမှာ မှားမည်မဟုတ်ပေ။
စာချုပ်သက်တမ်းမှာ နှစ်နှစ်ဖြစ်ပြီး နှစ်နှစ်ကြာလျှင် သူမ ပြန်လာမည်ဖြစ်သည်။
နျိုတပင်း - "အဆင်ပြေပါတယ်၊ နှစ်နှစ်ဆိုရင် ငါ ပိုက်ဆံစုဖို့ လုံလောက်တယ်၊ အဲဒီအချိန်ကြရင် အိမ်တစ်လုံး ဝယ်နိုင်မှာပါ။"
ထူးဆန်းသည်မှာ သူသည် ကြီးပြင်းလာသည့်တစ်လျှောက် ကိုယ်ပိုင်အခန်း တစ်ခါမျှ မရှိခဲ့ဖူးပေ။ မိဘများ အိမ်အသစ်ရသည့်တိုင်အောင် သူ့အတွက် နေရာမရှိခဲ့ပေ။
မည်သို့ပင် နေရာချပါစေ၊ သူ့အတွက်တော့ အခန်းတစ်ခန်း မရှိခဲ့ဖူးပေ။
ထျဲလန်ယန်နှင့် နျိုတပင်းတို့သည် ရပ်ကွက်ရုံးသို့ သွားကာ အိမ်ငှားစာချုပ်ကို အမြန်ဆုံး အပြီးသတ်ခဲ့ကြသည်။
နျိုတပင်းက သူမကို နိုင်ငံပိုင် စားသောက်ဆိုင်တွင် ထမင်းကျွေးချင်သော်လည်း ထျဲလန်ယန်က မလိုအပ်ကြောင်း ငြင်းဆိုလိုက်သည်။
"အစ်ကို့အတွက် အရေးကြီးဆုံးက အစ်ကို့ချစ်သူကို အိမ်က အခြေအနေတွေ အမှန်အတိုင်း ပြောပြဖို့ပဲ။ နောက်ဆိုရင် ဒီလောက်အထိ အလိုက်မသိသလိုမျိုး မနေပါနဲ့၊ ကိုယ့်အတွက်ကိုယ်လည်း ပိုတွေးဦး။"
နျိုတပင်း စိတ်လှုပ်ရှားသွားခဲ့သည်။ "ငါ နားလည်ပါပြီ၊ ကျေးဇူးတင်ပါတယ် ညီမလေး။"
ရင်ဖွင့်ပြီးနောက်တွင်တော့ သူ အများကြီး နားလည်သွားသည်။
သူ တကယ်ပင် တုံးအလွန်းခဲ့သည်။
ယခုအခါတွင်တော့ သူ၏ ပိုက်ဆံအားလုံးကို မိသားစုထံ ပုံအောပေးတော့မည် မဟုတ်ပေ။
သူ အိမ်ထောင်ပြုပြီးလျှင် ကိုယ်ပိုင်မိသားစုကိုသာ ဦးစားပေးကာ ဇနီးသည်နှင့်အတူ ပျော်ရွှင်စွာ နေထိုင်သွားတော့မည် ဖြစ်သည်။
ကျန်သည့်မိသားစုအရေးအတွက်မူ မည်သူကပင် တာဝန်ယူလိုသည်ဖြစ်စေ သူနှင့်မဆိုင်တော့သဖြင့် သူတို့ဘာသာ စီစဉ်ကြပါစေတော့ဟု ပြတ်သားစွာ ဆုံးဖြတ်လိုက်သည်။
နျိုတပင်းသည် အရှုံးသမားဘဝကို နောက်တစ်ခါ ဘယ်တော့မှ ပြန်သွားတော့မည် မဟုတ်ပေ။