အဆင့်တက်ရန် ပြင်ဆင်ခြင်း၊ စုချီ၏ လျှို့ဝှက်တာဝန်
Vol. 4 Ch. 59
အခန်း (၅၉) အဆင့်တက်ရန် ပြင်ဆင်ခြင်း၊ စုချီ၏ လျှို့ဝှက်တာဝန်
လီချင်းဇဲ့ရဲ့စကားကြောင့် ဟန်ကျွယ်ဟာ ဒီအကြောင်းတွေကို ပိုသိချင်သွားပါတယ် ‘သူတို့တွေအားလုံးက နတ်မိမယ်ရှီရွှမ်ကို ဝိုင်းကြိုက်ကြတာလား? တာအိုသခင်ကျင်းရှုက ဘာလို့မကြိုက်ကြတာလဲ? မလှလို့များလား?’
အဲဒီနောက် လီချင်းဇဲ့ဟာ ဟန်ကျွယ်ကို နှုတ်ဆက်စကား ပြောဆိုပြီး ထွက်ခွာသွားပါတယ်။ လီချန်းလုံ ရုတ်တရက် ထွက်ပေါ်လာတာဟာ လီချင်းဇဲ့ကို မသက်မသာ ဖြစ်စေပါတယ်။
ဟန်ကျွယ်ဟာ သူ့လိုဏ်ဂူထဲပြန်ပြီး ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပါတယ်။ ဒီကြမ္မာဆိုးစာအုပ်က အကောင်းစား စိတ်ဝိညာဉ်ရတနာ ဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ အရမ်းပဲစိတ်လှုပ်ရှားနေပါတယ်။ ဟန်ကျွယ်ဟာ သူ့သွေးစက်ကို စာအုပ်ပေါ်ချပြီး ရီဖိုင်းလုပ်ပါတယ်။
စုချီဟာ မျက်လုံးဖွင့်လိုက်ပြီး ဟန်ကျွယ်လက်ထဲက ကြမ္မာဆိုးစာအုပ်ကို ကြည့်လိုက်ပါတယ်။ ကြမ္မာဆိုးစာအုပ်ဟာ စာအုပ်ဆိုတာနဲ့ အနက်ရောင်စာလိပ်နဲ့ ပိုဆင်တူပါတယ်။ စုချီဟာ ဒီကြမ္မာဆိုးစာအုပ်ကို မြင်မြင်ချင်း အလွန်တရာ ရင်းနှီးနေတယ်လို့ ခံစားလိုက်ရပါတယ်။ စုချီဟာ ဒီရတနာကို နှစ်သက်သွားပါတယ်။ ဒါပေမဲ့ စုချီဟာ ဟန်ကျွယ်ဆီကနေ မတောင်းရဲတာကြောင့် ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။
ထူးချွန်ထက်မြက်တဲ့ အရည်အချင်းရှိတာကြောင့် ဟန်ကျွယ်ဟာ စုချီကို ကျောက်စိမ်းသိုင်း သင်ပေးခဲ့ပါတယ်။ ကျောက်စိမ်းသိုင်းက ယွီဂျင်ဂိုဏ်းရဲ့ အထွတ်အထိပ်သိုင်းပညာရပ် ဖြစ်ပါတယ်။ ဟန်ကျွယ် အဆင့်အတန်းနဲ့ ဒီကျောက်စိမ်းသိုင်းကို ရဖို့ဆိုတာ ခက်ခဲတဲ့အရာတစ်ခု မဟုတ်ပါဘူး။ ဒီလိုသင်ပေးလိုက်တာကြောင့် ဟန်ကျွယ်နဲ့ စုချီဟာ ဆရာတပည့်ဆက်ဆံရေးမျိုး ရှိသွားပါပြီ။
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို တစ်ရက်လုံး ရီဖိုင်းလုပ်ရပါတယ်။ ကြမ္မာဆိုးစာအုပ်က သူ့ကိုသခင်အဖြစ် အသိအမှတ်ပြုပြီဆိုတာနဲ့ ဟန်ကျွယ်ဟာ လမ်းခြောက်သွယ် စိတ်ဝိညာဉ်ချီကို ကြမ္မာဆိုးစာအုပ်ထဲ သွတ်သွင်းပြီး လီချန်းလုံကို ကျိန်စာတိုက်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ လီချန်းလုံရဲ့ပုံရိပ်ကို သူ့စိတ်ထဲမှာ ပုံဖော်ပြီး ကျိန်စာတိုက်လိုက်ခြင်း ဖြစ်ပါတယ်။
…
တောတောင်တစ်နေရာရှိ ဝါးအိမ်တစ်လုံး။
လီချန်းလုံဟာ ခြံဝမှာ ဒူးထောက်နေပါတယ် “ဆရာသခင်... ဆရာသခင်ထွက်လာအောင် ကျွန်တော် ဘာလုပ်ပေးရမလဲ?” လီချန်းလုံက အားမရှိတဲ့အသံနဲ့ မေးလိုက်ပါတယ်။
ဝါးအိမ်ထဲကနေ အဘိုးအိုတစ်ယောက်ရဲ့အသံ ထွက်ပေါ်လာပါတယ် “ငါ ကျင့်ကြံခြင်းလောကကနေ ထွက်လာတာ နှစ်ပေါင်းတစ်ထောင်ရှိပြီ၊ ဒီအရှုပ်အထွေးတွေကြားထဲ ထပ်မဝင်ချင်တော့ဘူး၊ မင်းဘာသာမင်း ကလဲ့စားသွားချေ၊ ငါမင်းကို သင်ပေးစရာရှိတာ သင်ပေးပြီးပြီ၊ ငါ့ဆီမှာ အချိန်ဖြုန်းမနေနဲ့”
လီချန်းလုံဟာ သူ့ဆရာစကားကို ကြားလိုက်ရတဲ့အခါမှာ အလွန်တရာမှ စိတ်မချမ်းမသာ ဖြစ်သွားပါတယ်။ ဒါပေမဲ့ အလွယ်လေး လက်မလျှော့ချင်တာကြောင့် အံကြိတ်ပြီး တောင်းဆိုလိုက်ပါတယ်။
“ဆရာသခင်... ကျင့်ကြံခြင်းလောကထဲ ပြန်မဝင်ချင်ရင် ကျွန်တော့်ကို နတ်အဆိပ် ဘယ်လိုဖော်စပ်ရမလဲဆိုတာ သင်ပေးပါ၊ ဒီလိုဆိုရင် ကျွန်တော့်ဘာသာ ကလဲ့စားချေနိုင်ပါပြီ”
“မရဘူး၊ ဒီဟာက ငါရဲ့ အထွတ်အထိပ် ပညာရပ်ပဲ၊ ငါမင်းကို သင်ပေးလိုက်လို့ မင်းက ငါ့ကို ဒီအဆိပ်နဲ့ ပြန်လုပ်ကြံရင် ဘယ်နှယ်လုပ်မလဲ?”
လီချန်းလုံဟာ သွေးအန်လုနီပါး ဖြစ်သွားပြီး သူ့ဆရာသခင်ကို စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ်။ သူ အဆိပ်ဘုရင်ရဲ့ တပည့်ဖြစ်လာတာက ကံကောင်းမှုကြောင့် မဟုတ်ပါဘူး။ နှစ်ပေါင်းတစ်ရာတောင် အဆိပ်ဘုရင်ရဲ့ အစမ်းသပ်ခံဖြစ်ခဲ့တာပါ။ ဒီနှစ်တစ်ရာမှာ အဆိပ်ဘုရင်က သူ့ကို အဆိပ်မျိုးစုံနဲ့ စမ်းသပ်ခဲ့ပါတယ်။ အဲဒီအချိန်တွေက လီချန်းလုံအတွက်တော့ သေဆုံးရတာထက် ပိုမိုဆိုးရွားတဲ့အချိန်တွေပါ။
ကံကောင်းတာတစ်ခုက သူ မသေခဲ့တဲ့အတွက် အဆိပ်ဘုရင်ဟာ သူကို တပည်အဖြစ် လက်ခံခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ အဆိပ်ဘုရင်ဟာ သူ့ပညာအကုန်လုံး သင်မပေးဘဲ အထွတ်အထိပ်ပညာရပ်ကို ဆရာစားချန်ထားပါတယ်။
ဒီအချိန်မှာ အဆိပ်ဘုရင်ရဲ့အသံဟာ ဝါးအိမ်ထဲကနေ ထွက်ပေါ်လာပါတယ်။
“တာအိုသခင်ကျိုးတီက ငါ့ကို သတိထားမိသွားပြီ၊ ငါ သူ့ကို ရန်စလို့မရဘူး၊ အခုအချိန်မှာ ယွီဂျင်ဂိုဏ်းမှာ ကောင်းကင်မှာ ထွန်းတောက်နေတဲ့ နေမင်းကြီးပဲ၊ ဘယ်ဂိုဏ်းကမှ သူတို့ကို အပြစ်မပြုရဲဘူး၊ ဒါပေမဲ့ မင်းလက်မလျှော့ချင်ဘူးဆိုရင် ဝေ့မိသားစုဆီကိုသွားချည်၊ သူတို့က ရန်ကျင့်ကြံခြင်းလောကမှာ ထိပ်တန်းမဟုတ်ပေမဲ့ ခြေဦးတည့်ရာ လျှောက်သွားတက်တဲ့အတွက် အလွန်ကျယ်ပြန်တဲ့ အဆက်အသွယ်တွေ ရှိတယ်”
လီချန်းလုံဟာ တစိမ့်စိမ့်တွေးတောရင်း မျက်လုံးတွေ တောက်ပသွားပါတယ်။
လီချန်းလုံဟာ သူ့ဆရာသခင်ဆီက ထွက်လာပြီး ငါးမိနစ်အကြာ ငါးကီလိုမီတာတောင် မရောက်သေးခင်မှာပဲ မိုးကြိုးပစ်ချတာ ခံလိုက်ရပါတယ်။ လီချန်းလုံဟာ ရုတ်တရက်မို့ အငိုက်မိသွားပြီး ရှောင်တိမ်းချိန် မရလိုက်ပါဘူး။ ဒါပေမဲ့ ကံကောင်းထောက်မစွာ လီချန်းလုံရဲ့ ကျင့်ကြံခြင်းက အတော်လေးမြင့်နေတာမို့ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိပါဘူး။
လီချန်းလုံဟာ ကောင်းကင်ကို ဒေါသတကြီး မော့ကြည့်လိုက်ပါတယ် “ဒါက တိုက်ဆိုင်မှုသက်သက်လား! ဒါမှမဟုတ် ငါ့ကို တမင်သက်သက် ဒုက္ခပေးနေတာလား?”
…
ဟန်ကျွယ်ဟာ လီချန်းလုံကို ကျိန်စာတိုက်လိုက်တာ အတော်ကြာပါပြီ။ ဒါပေမဲ့ ဘယ်လိုရလဒ်ရလဲ ဆိုတာကို မတွေ့မြင်နိုင်တာကြောင့် ကျင့်ကြံခြင်းကိုပဲ ပြန်အာရုံစိုက်ပါတယ်။
တစ်လကြာတဲ့အခါမှာတော့ ရန်ထျန်တုန်း ပြန်လာပါတယ်။ စုချီနဲ့ ရန်ထျန်တုန်း တွေ့မှာစိုးတဲ့အတွက် ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူအပြင်ဘက်ကို ထွက်လိုက်ပါတယ်။
ရွှေဓာတ်လုံးအဆင့်ကို ရောက်ရှိသွားတဲ့ ရန်ထျန်တုန်းရဲ့ အရည်အချင်းဟာ ပေါ်လွင်ထင်ရှားလာပါတယ်။ သူဟာ လက်ရွေးစင်တပည့်ကနေ အဓိကတပည့်အဖြစ်ကို ခဏလေးနဲ့ ရောက်ရှိသွားခဲ့ပါတယ်။ ရန်ထျန်တုန်းဟာ ယွီဂျင်ဂိုဏ်းရဲ့ မျိုးဆက်သစ်တွေထဲမှာ အထင်ပေါ်ဆုံး အကျော်ကြားဆုံး ဖြစ်ပါတယ်။
“ဆရာသခင်... ကျွန်တော် ကျင့်ကြံခြင်းညီလာခံကို သွားချင်တယ်၊ အဲဒီကို တခြားဂိုဏ်းတွေက ထူးချွန်ထက်မြက်သူတွေလည်း လာမှာဆိုတော့ ကျွန်တော် သူတို့နဲ့ လက်ရည်စမ်းချင်တယ်၊ ဆရာသခင် ခွင့်ပြုပေးနိုင်မလား...” ရန်ထျန်တုန်းဟာ ရင်တထိတ်ထိတ်နဲ့ မေးလိုက်ပါတယ်။
နှလုံးသားမဲ့ဓားသိုင်းကို သင်ယူပြီးကတည်းက ရန်ထျန်တုန်းရဲ့ စွမ်းအားဟာ အများကြီး တိုးတက်လာပါတယ်။ ဒါပေမဲ့ ရန်ထျန်တုန်းဟာ သူ့ကိုယ်သူ အားမရသေးပါဘူး။
ဟန်ကျွယ်ဟာ ခေါင်းညိတ်ပြီး ပြောလိုက်ပါတယ် “ဒါဆိုရင် ငါတို့ဂိုဏ်း မျက်နှာမပျက်ရအောင် မင်းကို နောက်ထပ် သိုင်းပညာတစ်မျိုး ထပ်သင်ပေးမယ်၊ ဒီသိုင်းကို လေနတ်သိုင်းလို့ ခေါ်တယ်”
ရန်ထျန်တုန်းဟာ စိတ်လှုပ်ရှားသွားပြီး ဟန်ကျွယ်ကို ကျေးဇူးတင်စကား ချက်ချင်း ပြောပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဆီဟာ ရန်ထျန်တုန်းကို လေနတ်သိုင်း သင်ကြားပေးပါတယ်။ ဒီလိုနဲ့ သုံးရက်ကြာတဲ့အခါမှာတော့ ရန်ထျန်တုန်းဟာ ဟန်ကျွယ်ကို နှုတ်ဆက်ပြီး ထွက်ခွာသွားပါတယ်။
ဟန်ကျွယ်ဟာ ရန်ထျန်တုန်း ထွက်ခွာသွားလို့ တစ်အောင့်ကြာမှ တစ်စုံတစ်ခုကို မေ့သွားတယ်လို့ ခံစားလိုက်ရပါတယ် ‘အို... ဟုတ်သားပဲ၊ ငါ သူ့ကို ကောင်းကောင်ရုပ်သေးရုပ်ပေးဖို့ မေ့သွားတယ်၊ ထားလိုက်ပါတော့လေ၊ သူက ကံကောင်းတာပဲ၊ ဘာမှ မဖြစ်လောက်ပါဘူး!’
…
ငါးနှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ စိတ်ဝိညာဉ်ပြောင်းလဲခြင်း နဝမအဆင့်ကို ထိုးဖောက် ရောက်ရှိသွားပါတယ်။ ဟင်းလင်းပြင်ပေါင်းစပ်ခြင်း အဆင့်ဟာ ဟန်ကျွယ်ရဲ့ လက်တစ်ကမ်းကို ရောက်ရှိလာခဲ့ပါပြီ။ အဲဒီမတိုင်ခင်တော့ ဟန်ကျွယ်ဟာ သူ့ကျင့်ကြံခြင်းအဆင့်ကို စိတ်ဝိညာဉ်ပြောင်းလဲခြင်း ထိပ်ဆုံးထိ ရောက်ရှိအောင် မြှင့်တင်ဖို့ လိုအပ်ပါတယ်။
ဟန်ကျွယ်ဟာ စုချီကို ကြည့်လိုက်ပြီး သူ့လိုဏ်ဂူထဲမှာ စုချီကို အမြဲတမ်း ကျင့်ကြံခိုင်းတာက အဆင်မပြေဘူးလို့ ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်ဟာ စုချီကို အပြင်ဘက်ကို စေလွှတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ချောင်းတစ်ချက် ဆိုးလိုက်ပါတယ်။
ချောင်းဆိုးသံကြောင့် စုချီဟာ ဟန်ကျွယ်ကို ကြည့်လိုက်ပါတယ်။
“မင်း ငါနဲ့ အတူရှိနေခဲ့တာ အတော်ကြာပြီ၊ အခုဆိုရင် မင်းလည်း ကျင့်ကြံခြင်းလမ်းပေါ်ကို ရောက်နေပြီ”
“ဒါက စီနီယာရဲ့ ကျေးဇူးကြောင့်ပါ”
“ငါ မင်းကို တာဝန်တစ်ခုပေးမယ်၊ ဒီတာဝန်ကို မင်း အောင်မြင်အောင် ထမ်းဆောင်နိုင်ရင် မင်းကို ငါ့တပည့်အဖြစ် လက်ခံမယ်”
ဟန်ကျွယ်စကားကြောင့် စုချီရဲ့ မျက်လုံးတွေဟာ ညသန်းခေါင်ယံ ကောင်းကင်ထက်က ကြယ်တွေလို တောက်ပသွားပြီး ဘာတာဝန်လဲဆိုတာ ချက်ချင်းမေးလိုက်ပါတယ်။
“ငါ မင်းကို မြောက်ပိုင်းပြည်နယ်ဆီသွားပြီး အဲဒီမှာရှိတဲ့ နတ်ဆိုးနိုင်ဂိုဏ်းထဲ ဝင်စေချင်တယ်၊ မင်းဘာမှလုပ်စရာ မလိုဘူး၊ မင်းသရုပ်မှန်ကို ဖုံးကွယ်ပြီး အဲဒီမှာ ကျင့်ကြံအားထုတ်ရုံပဲ၊ နောက်ကျလို့ အဲဒီဂိုဏ်းကို ငါဖျက်ဆီးတဲ့အချိန်ကျရင် မင်းက ငါ့အတွက် သူလျှိုလုပ်ပေးရမယ်၊ အခုကတည်းက ကြိုပြောထားမယ်၊ နတ်ဆိုးနိုင်ဂိုဏ်းက အရမ်းအစွမ်းထက်တယ်၊ ဟင်းလင်းပြင်ပေါင်းစပ်ခြင်း ကျင့်ကြံသူတွေတောင် သာမန်အကြီးအကဲပဲ ဖြစ်နိုင်တယ်” ဟန်ကျွယ်ဟာ အဓိပ္ပာယ်ရှိရှိ ပြောလိုက်ပါတယ်။
စုချီဟာ အံဩတကြီး ဖြစ်သွားပါတယ်။ စုချီဟာ ကျင့်ကြံခြင်းအဆင့်တွေကို နားလည်နေပါပြီ။ ယွီဂျင်ဂိုဏ်းရဲ့ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်တောင် စိတ်ဝိညာဉ်ပြောင်းလဲခြင်း အဆင့်ပဲ ရှိပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် နတ်ဆိုးနိုင်ဂိုဏ်းက ဘယ်လောက် အစွမ်းထက်လဲဆိုတာ ခန့်မှန်းနိုင်ပါတယ်။ ဒီထက်ပိုပြီး အရေးကြီးတာက နတ်ဆိုးနိုင်ဂိုဏ်းကို ဟန်ကျွယ်က ဖျက်ဆီးချင်နေတာပါ ‘သူက ဘယ်လောက်ထိတောင် စွမ်းအားကြီးတာလဲ?’
[စုချီသည် သင့်အပေါ် အကောင်းမြင်စိတ် တိုးလာပြီဖြစ်သည်။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်ငါးပွင့်ခွဲ။]
ဒီစာကြောင်းကြောင့် ဟန်ကျွယ်ဟာ ခေါင်းစားသွားပါတယ်။
စုချီက ချက်ချင်းပဲ တာဝန်ယူလိုက်ပါတယ် “ကျွန်တော် ဒီတာဝန်ကို အောင်မြင်အောင် ထမ်းရွက်ပါ့မယ်!”
“ဒီဟာက လျှို့ဝှက်တာဝန်၊ ယွီဂျင်ဂိုဏ်းက ဘယ်သူနဲ့မှ မပတ်သက်မိစေနဲ့! မင်း အခုသွားလို့ရပြီ”
“ဟုတ်ကဲ့” စုချီဟာ စိတ်လှုပ်ရှားစွာ မတ်တတ်ရပ်လိုက်ပါတယ်။ အဲဒီနောက် ကျင့်ကြံခြင်းလိုဏ်ဂူ အပြင်ဘက်ကို လျှောက်သွားပါတယ်။ နွေးထွေးလှတဲ့ နေရောခြည်ဟာ စုချီကိုယ်ပေါ်ကို ကျရောက်လာပါတယ်။ စုချီဟာ နှစ်ပေါင်းများစွာ ကုန်ဆုံးသွားသလို ခံစားလိုက်ရပါတယ်။ အဲဒီနောက် လက်သီးတင်းတင်း ဆုပ်လိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်ပါတယ်။
‘ဆရာသခင်ရဲ့ စမ်းသပ်မှုကို ငါ အောင်မြင်ရမယ်’ စုချီဟာ ချက်ချင်းပဲ တောင်အောက် ဆင်းသွားပါတယ်။ တောင်အောက်ဆင်းတဲ့လမ်းမှာ စုချီဟာ ပဋိပက္ခကောင်းကင်ခွေးနဲ့ ငရဲကြက်နက်တို့ တိုက်ခိုက်နေကြတာကို တွေ့လိုက်ရပါတယ်။
ငရဲကြက်နက်ရဲ့ သွေးစည်းဟာ နိုးထနေတုန်းပဲ ဖြစ်ပါတယ်။ ပဋိပက္ခကောင်းကင်ခွေးကတော့ နတ်သားရဲဖြစ်တာကြောင့် သူ့ကျင့်ကြံခြင်းဟာ ငရဲကြက်နက်နဲ့ သိပ်မကွာလှပါဘူး။ ဒီခွေးဝတုတ်ဟာ ညီငယ်မဖြစ်ချင်ပေဘဲ အစ်ကိုကြီးဖြစ်ချင်ပါတယ်။ ငရဲကြက်နက်ကလည်း မလိမ္မာတဲ့ညီခွေးကို သင်ခန်းစာပေးဖို့ လိုပါတယ်။ ဒါကြောင့် ဒီသားရဲနှစ်ကောင်ဟာ မကြာခဏဆိုသလို တိုက်ခိုက်ကြပါတယ်။
ဒါပေမဲ့ သူတို့နှစ်ကောင်ရဲ့ တိုက်ခိုက်မှုဟာ ထိခိုက်ဒဏ်ရာ ရလောက်တဲ့အထိ မပြင်းထန်ပါဘူး။ ပဋိပက္ခကောင်းကင်ခွေးဟာ မာနအရမ်းကြီးပေမဲ့ ငရဲကြက်နက်နဲ့ အရမ်းနီးကပ်ပါတယ်။ ပဋိပက္ခကောင်းကင်ခွေးကို ငရဲကြက်နက်က ဥဖောက်ခဲ့တာ ဖြစ်တဲ့အတွက် သားအဖလို့တောင် ပြောလို့ရပါတယ်။
စုချီဟာ ပြုံးလိုက်ပါတယ် “တော်တော်ဝတဲ့ ခွေးပဲ၊ ကြက်နဲ့ခွေး တိုက်ခိုက်တာ စိတ်ဝင်စားဖို့တော့ ကောင်းသားပဲ”
ပဋိပက္ခကောင်းကင်ခွေးဟာ စုချီကို ချက်ချင်း လှည့်ကြည့်လိုက်ပြီး တဟုန်ထိုး ပြေးလာပါတယ်။ စုချီဟာ ကြောက်လန့်သွားပြီး ခြေကုန်သုတ် ထွက်ပြေးပါတော့တယ်။ တောင်ကနေ ထွက်သွားတော့မှာ စုချီဟာ ပဋိပက္ခကောင်းကင်ခွေး လိုက်တာကနေ လွတ်မြောက်သွားပါတယ်။
ရုတ်တရက် စုချီဟာ တစ်စုံတစ်ခုကို သတိရသွားပါတယ် ‘မြောက်ပိုင်းပြည်နယ်က ဘယ်နားမှာလဲ? ထားလိုက်ပါတော့... ဒီကိစ္စက အရေးမကြီးပါဘူး၊ ငါ တဖြည်းဖြည်းနဲ့ သိလာမှာပဲ၊ ဒီဟာ ဆရာသခင်ရဲ့ စမ်းသပ်မှုတစ်ခုပဲ ဖြစ်ရမယ်!’
…
စုချီထွက်ခွာသွားတဲ့အခါမှာ ဟန်ကျွယ်ဟာ ဆက်လက်ကျင့်ကြံ အားထုတ်ပါတယ်။
ဒီလိုနဲ့ နှစ်နှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ရဲ့ ထိပ်ဆုံးကို ရောက်ရှိသွားပြီး ဟင်းလင်းပြင်ပေါင်းစပ်ခြင်းအဆင့်ကို ထိုးဖောက်လုနီးပါး ဖြစ်သွားပါတယ်။ ဟန်ကျွယ်ဟာ သူ့စိတ်လှုပ်ရှားမှုတွေကို ထိန်းချုပ်လိုက်ပြီး လူမှုဆက်ဆံရေးကို အရင်ဆုံး စစ်ဆေးလိုက်ပါတယ်။
[သင့်တပည့် ရန်ထျန်တုန်းသည် နတ်ဆိုးဘုရင်၏ တိုက်ခိုက်မှုကို ခံရပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်တပည့် ရန်ထျန်တုန်းသည် ကံအားလျော်စွာ တွေ့ဆုံမှုတစ်ခုကြောင့် နတ်ဆိုးပညာရှိသွေးစည်းကို နိုးထနိုင်ခဲ့သည်။]
[သင့်နတ်သားရဲ ပဋိပက္ခကောင်းကင်ခွေးသည် ကျင့်ကြံခြင်း၌ အမှားတစ်ခု ပြုလုပ်မိ၍ နှစ် ၂၀ စွမ်းအား ဆုံးရှုံးသွားသည်။]
[သင့်မိတ်ဆွေကောင်း မော့ဖူချိုသည် လက်ယာဂိုဏ်းသားများ၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။] x၁၀၄
[သင့်မိတ်ဆွေကောင်း ချန်ယွီအာသည် ကံအားလျော်စွာ တွေ့ဆုံမှုတစ်ခုကြောင့် ကျင့်ကြံခြင်းအများကြီး တိုးတက်သွား၏။]
[သင့်တပည့် စုချီသည် လက်ဝဲဂိုဏ်းသားတစ်ဦး၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။] x၂၇
[သင့်တပည့် စုချီသည် သရဲစိမ်းဂိုဏ်း၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။]
[သင့်တပည့် စုချီသည် သူ၏ကြမ္မာဆိုးကို ဖြန့်ကျက်ခဲ့သောကြောင့် သရဲစိမ်းဂိုဏ်းသည် နှစ်ရာချီတွင် ရင်ဆိုင်ရသည့် အလွန်တရာရှားပါးလှသော ကောင်းကင်ကပ်ဘေးနှင့် ရင်ဆိုင်ခဲ့ရပြီး သရဲစိမ်းဂိုဏ်းတစ်ခုလုံး ပျက်သုဉ်းသွားခဲ့ရပြီဖြစ်သည်။]