ဟင်းလင်းပြင်ပေါင်းစပ်ခြင်းအဆင့်သို့ ရောက်ရှိခြင်း၊ ဝိညာဉ်ရတနာ
Vol. 4 Ch. 60
အခန်း (၆၀) ဟင်းလင်းပြင်ပေါင်းစပ်ခြင်းအဆင့်သို့ ရောက်ရှိခြင်း၊ ဝိညာဉ်ရတနာ
ဟန်ကျွယ်ဟာ ကြက်သေသေသွားပါတယ် ‘ဂိုဏ်းတစ်ခုလုံး ပျက်စီးသွားတာလား? ဒီကြမ္မာဆိုးအင်မော်တယ် လူဝင်စားက ရွေ့လျားနျူကလိယဗုံးပဲ’
ဟန်ကျွယ်ဟာ သရဲစိမ်းဂိုဏ်းကို တစ်ခါမှ မကြားဖူးတဲ့အတွက် တစ်နေရာရာက ဂိုဏ်းငယ်လေးတစ်ခု ဖြစ်လိမ့်မယ်လို့ ကောက်ချက်ချလိုက်ပါတယ်။ အင်အားကြီးမားတဲ့ ကျင့်ကြံခြင်းဂိုဏ်းတွေဟာ နှစ်ရာချီမှာရင်ဆိုင်ရတဲ့ ကောင်းကင်ကပ်ဘေးကို မဖြတ်ကျော်နိုင်ဘူးဆိုတာ လုံးဝမဖြစ်နိုင်တဲ့အရာပါ။ ဒါကြောင့် စုချီတစ်ယောက်တည်းနဲ့ နတ်ဆိုးနိုင်ဂိုဏ်း ပျက်သုဉ်းဖို့ဆိုတာ သိပ်မဖြစ်နိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် စုချီနဲ့တွေ့တဲ့လူတွေ ကံဆိုးမိုးမှောင်ကျမှာကတော့ မြေကြီးလက်ခတ်မလွှဲပါပဲ။
ဟန်ကျွယ်ဟာ မော့ဖူချိုကို လက်ယာဂိုဏ်းသားတွေက လိုက်လံတိုက်ခိုက်တာကို သတိပြုမိသွားပါတယ်။ ကြည့်ရတာ မော့ဖူချိုတစ်ယောက် လက်ဝဲလမ်းစဉ်ထဲကို လုံးဝကျဆင်သွားပုံပါပဲ။
ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် အပြင်လောကဟာ စက္ကန့်နဲ့အမျှ ပြောင်းလဲနေတယ်ဆိုတာကို သိနိုင်ပါတယ်။
ကံကောင်းထောက်မစွာပင် ဟန်ကျွယ်ဟာ ခပ်ကုပ်ကုပ်လေး ကျင့်ကြံဖို့ ရွေးချယ်ခဲ့ပါတယ်။ မော့ဖူချို ကျိုးဖန် လီချင်းဇဲတို့လိုသာဆိုရင် တော်တော်လေး ခံစားရမှာပါ။ ဒီထဲမှာ သူ့တပည်လည်း အပါအဝင်ပါပဲ။ ကျင့်ကြံခြင်းညီလာခံကို သွားမယ်ပြောပြီး နတ်ဆိုးဘုရင်ရဲ့ တိုက်ခိုက်ခြင်းကို ခံလိုက်ရပါတယ်။ သူ့တပည်လေး အသက်ရှင်နေသေးလို့ ကံကောင်းတယ် ပြောရပါမယ်။ သူတပည့်သာ အပြင်မှာသေသွားမယ်ဆိုရင် ဟန်ကျွယ်တစ်ယောက် ဝမ်းနည်းဆို့နင့်ရမှ ကျိန်းသေသလောက်ပါပဲ။
ဒီကြားထဲမှာ လီချန်းလုံတစ်ယောက် ပျောက်ချက်သားကောင်းနေပါတယ်။ ဟန်ကျွယ် ကျိန်စာတိုက်လိုက်တာ အောင်မြင်သွားပုံပါပဲ။ ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပြီး နတ်ဆိုးတစ်သောင်းနယ်မြေကို ဦးတည်လိုက်ပါတယ်။
…
မှောင်မိုက်နေတဲ့ တောင်ကြားတစ်ခုမှာ လီချန်းလုံဟာ တောင်နံရံကိုမှီထားပြီး လေးလေးပင်ပင် အသက်ရှူနေပါတယ်။ သူ့ဘေးနားမှာတော့ ကျင့်ကြံသူဆယ်ယောက်ကျော် မတ်တတ်ရပ်နေပါတယ်။ ဘေးဘီပတ်ဝန်းကျင်ကို ကြည့်လိုက်မယ်ဆိုရင်တော့ မရေမတွက်နိုင်တဲ့ နတ်ဆိုးသားရဲတွေက တောင်ကြားကို ဝိုင်းရံထားတာ မြင်ရမှာ ဖြစ်ပါတယ်။
လီချန်းလုံဘေးနားမှာ မတ်တတ်ရပ်နေတဲ့ ငယ်ရွယ်တဲ့ကျင်ကြံသူတစ်ဦးဟာ မနေနိုင်ဘဲ ညည်းတွားလိုက်ပါတယ် “စီနီယာလီ... စီနီယာ လမ်းမသိဘူးလား? ဘာလို့ကျွန်တော်တို့ကို သားရဲအသိုက်ထဲ ခေါ်လာရတာလဲ?” တစ်ခြားကျင့်ကြံသူတွေရဲ့ မျက်နှာဟာလည်း သွေးဆုတ်သွားပါတယ်။ ဒီကျင့်ကြံသူတွေအားလုံးက ဝေ့မိသားစုကပါ။
လီချန်းလုံဟာ သူ့ဆရာသခင်ရဲ့ ညွှန်ကြားချက်အတိုင်း ဝေ့မိသားစုကို ရှာဖွေပြီး ဝေ့မိသားစုရဲ့ အကြီးဆုံးသခင်လေးကို တပည့်အဖြစ်လက်ခံကာ ခိုင်မာတဲ့ဆက်ဆံရေးတစ်ခု တည်ဆောက်ပါတယ်။ ဒီတစ်ခါမှာ လီချန်းလုံဟာ ဝေ့မိသားစုနဲ့အတူ ရန်ကျင့်ကြံခြင်းလောကကနေ ထွက်ခွာပြီး အင်အားကြီးမားတဲ့ ကျင့်ကြံခြင်းဂိုဏ်းတစ်ခုထဲ ဝင်ရောက်ဖို့ ဆုံးဖြတ်ထားတာပါ။
ဒါပေမဲ့ ပေါ်တယ်ကို အသုံးပြုတဲ့နေရာမှာ တစ်စုံတစ်ခု ချွတ်ချော်သွားတာကြောင့် လီချန်းလုံတို့ဟာ ဦးတည်ရာကို မရောက်ဘဲ နတ်ဆိုးသားရဲအသိုက်ကို ရောက်လာပါတယ်။ ဒီအသိုက်မှာ မရေမတွက်နိုင်တဲ့ နတ်ဆိုးတွေရှိပြီး အလွန်စွမ်းအားကြီးမားတဲ့ နတ်ဆိုးဘုရင်တောင် ရှိနေပါတယ်။ လီချန်းလုံတောင် ဒီနတ်ဆိုးဘုရင်ကို အနိုင်မတိုက်နိုင်ပါဘူး။
လီချန်းလုံဟာ သေလောက်အောင် စိတ်ပျက်လက်ပျက် ဖြစ်သွားပါတယ်။ ဒီနှစ်တွေမှာ သူ့ကံတရားက တော်တော်လေးကို ဆိုးရွားနေပါတယ်။ မိုးကြိုးပစ်ချခံရသလို ကျင့်ကြံရင်းနဲ့လည်း အတွင်းနတ်ဆိုးကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒါတင်ပဲ မကသေးပါဘူး။ ငယ်ရွယ်တဲ့ကျင့်ကြံသူတစ်ဦးကို ဓားပြတိုက်တာ စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူတစ်ဦး ဖြစ်နေပြန်ရော။
ဒီတစ်ခါမှာတော့ အရင်ကထက် ပိုဆိုးရွားပြီး ဝေ့မိသားစုနဲ့အတူ နတ်ဆိုးသားရဲအသိုက်ထဲ ရောက်လာပါတယ် “မရဘူး... ငါ လက်စားမချေရသေးဘူး... ဒီနေရမှာ အသေမခံနိုင်ဘူး” လီချန်းလုံဟာ အံကြိတ်လိုက်ပါတယ်။
…
သားရဲအဆောင်
ယွီဂျင်ဂိုဏ်းတပည့် လေးငါးဆယ်ယောက်ဟာ စုစည်းနေကြပါတယ်။ ဒီထဲမှာ တာအိုသခင်ကျင်းရှုလည်း ပါဝင်ပါတယ်။
“အခုအချိန်ကစပြီး တပည့်တွေအကုန်လုံး နတ်ဆိုးတစ်သောင်းနယ်မြေထဲ မဝင်ရဘူး၊ ပြန်ဖွင့်မဲ့ရက်ကို ထပ်ကြော်ငြာပေးမယ်” တာအိုသခင်ကျင်းရှုဟာ ခံစားချက်ကင်းမဲ့စွာ ပြောလိုက်ပါတယ်။
အဓိကတောင်ထိပ်က တပည့်တစ်ဦးဟာ မနေနိုင်ဘဲ မေးလိုက်ပါတယ် “ဆရာသခင်... နတ်ဆိုးတစ်သောင်းနယ်မြေက ဘာဖြစ်လို့လဲ?” တစ်ခြားတပည့်တွေဟာလည်း သိချင်သွားပါတယ်။ တပည့်တိုင်းဟာ နတ်ဆိုးတစ်သောင်းနယ်မြေကိုသွားပြီး နတ်ဆိုးသားရဲတွေကို ဖမ်းဆီးပါတယ်။ ဒီဟာက သူတို့ရဲ့ ယုံကြည်မှုကို တိုးတက်စေပါတယ်။
တာအိုသခင်ကျင်းရှုက တည်ငြိမ်တဲ့မျက်နှာနဲ့ ပြောလိုက်ပါတယ် “နတ်သတ်အကြီးအကဲက ကောင်းကင်ကပ်ဘေးကို ဖြတ်ကျော်နေတယ်၊ ဒါမှမဟုတ် ဆန်းကြယ်စွမ်းအားကို လေ့ကျင့်နေတာလည်း ဖြစ်နိုင်တယ်”
တာအိုသခင်ကျင်းရှုဟာ ဟန်ကျွယ်ဟာ ဟင်းလင်ပြင်ပေါင်းစပ်ခြင်း အဆင့်ကို တက်နေတယ်လို့ လုံးဝမတွေးထားပါဘူး။ ဒီလောက်နှစ်လေးနဲ့ ဟန်ကျွယ်တစ်ယောက် ဟင်းလင်းပြင်ပေါင်းစပ်ခြင်း အဆင့်ကို ရောက်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။
တာအိုသခင်ကျိုးတီဟာ ဟင်းလင်းပြင်ပေါင်းစပ်ခြင်းအဆင့်ကို ရောက်ရှိဖို့အတွက် နှစ်တစ်ထောင်ကျော် ကြာခဲ့ပါတယ်။ ဒါတောင် တာအိုသခင်ကျိုးတီဟာ ရန်ကျင့်ကြံခြင်းလောကရဲ့ နံပါတ်တစ် ပါရမီရှင်ပါ။
တာအိုသခင်ကျင်းရှုရဲ့စကားကြောင့် တပည့်တွေဟာ အုတ်အုတ်ကျက်ကျက် ဖြစ်သွားကြပါတယ်။
“နတ်သတ်အကြီးအကဲက အထဲမှာလား”
“ဝိုး... ငါ နတ်သတ်အကြီးအကဲကို တစ်ခါမှာ မမြင်ဖူးသေးဘူး”
“နတ်သတ်အကြီးအကဲက ယွီဂျင်ဂိုဏ်းရဲ့ အသန်မာဆုံးထောက်တိုင်လို့ ပြောကြတယ်... သူက အမြဲတမ်းလိုလို ဂူအောင်းကျင့်ကြံနေတာ”
“နတ်သတ်အကြီးအကဲရဲ့ ဝီရိယက ဘယ်သူမှ လိုက်မမှီဘူး၊ နောက်ပြီး နတ်သတ်အကြီးအကဲရဲ့ ရုပ်ရည်က လောကမှာရှိတဲ့ ယောက်ျား မိန်းမတွေအားလုံးထက် ပိုကြည့်ကောင်းတယ်”
“နတ်သတ်အကြီးအကဲရဲ့ ရုပ်ရည်အစစ်အမှန်ကို ငါမြင်ချင်လိုက်တာ”
“နတ်သတ်အကြီးအကဲက တပည့်လက်မခံဘူးလား”
ယွီဂျင်ဂိုဏ်းတပည့်တွေဟာ အရမ်းစိတ်လှုပ်ရှားပြီး တစ်စက္ကန့်တောင် မရပ်နားဘဲ ဆွေးနွေးကြပါတယ်။ ဒီသတင်းဟာ အလွန်လျင်မြန်စွာ ပျံ့နှံ့သွားပြီး တပည့်တွေအများကြီး ထပ်ရောက်လာတာကြောင့် သားရဲအဆောင်ထဲ ဝင်မရအောင် ကြိတ်ကြိတ်တိုး စည်ကားသွားပါတယ်။ ယွီဂျင်ဂိုဏ်းထဲမှာ နတ်သတ်အကြီးအကဲအကြောင်း မသိတဲ့သူ တစ်ယောက်မှ မရှိပါဘူး။ ယွီဂျင်ဂိုဏ်း ဒီနေ့လိုနေ့မျိုး ရောက်လာတက နတ်သတ်အကြီးအကဲကြောင့်လို့ လူတစ်ချို့က ပြောကြပါတယ်။
လေးငါးခြောက်ရက် အကြာမှာတော့ ကွမ်းယိုကုန်း ရောက်လာပါတယ်။ သားရဲအဆောင်အပြင်ဘက်မှာ ကြိတ်ကြိတ်တိုးနေတဲ့ တပည့်တွေကို မြင်ရတဲ့အခါမှာ ဒေါသတကြီး ပြောလိုက်ပါတယ် “မင်းတို့အကုန်လုံး ထွက်သွားကြစမ်း... ဒီနေရာမှာ ဆက်ရှိနေရင် အပြင်စည်းရှိ နှင်ထုတ်ခံရမယ်”
ကွမ်းယိုကုန်းရဲ့စကားကြောင့် တပည့်အကုန်လုံးဟာ ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားကြပါတယ်။ ကွမ်းယိုကုန်းဟာ ကောင်တာဆီ လျှောက်သွားပြီး ပြောလိုက်ပါတယ် “ပေါ်တယ်ကို ဖွင့်လိုက်... ငါ နတ်ဆိုးတစ်သောင်းနယ်မြေကို သွားမလို့”
“တာအိုသခင်ကျင်းရှုက ဘယ်သူကိုမှ ဝင်ခွင့်မပေးဘူးလို့...”
“မင်းက ငါ့ကို ဘယ်သူလို့ ထင်နေတာလဲ”
ကွမ်းယိုကုန်းရဲ့ ဟောက်သံကြောင့် ကောင်တာကလူဟာ ချက်ချင်းပဲ ပေါ်တယ်ကို ဖွင့်ပေးလိုက်ပါတယ်။
…
ခုနစ်ရက်နဲ့ ခုနစ်ညတိုင်တိုင် ခုခံပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ ကောင်းကင်ကပ်ဘေးကို အသက်ရှင်လျင် ဖြတ်ကျော်နိုင်ခဲ့ပြီး ဟင်းလင်းပြင်ပေါင်းစပ်ခြင်း ကျင့်ကြံသူအဖြစ်ကို ရောက်ရှိသွားပါပြီ။ ဟန်ကျွယ့်အရည်အချင်းနဲ့ ကောင်းကင်ကပ်ဘေးက သူ့ကို သတ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
[ဟင်းလင်းပြင်ပေါင်းစပ်ခြင်း အဆင့်ကို ရောက်ရှိခြင်းအတွက် ဂုဏ်ယူပါသည်။ ဝိညာဉ်ရတနာကို ရရှိမည်။]
[ဝိညာဉ်ရတနာသည် သင့်ဝိညာဉ်နှင့် ပေါင်းစပ်မည်ဖြစ်ပြီး သင်တစ်ဦးတည်းကိုသာ အသိအမှတ်ပြုမည် ဖြစ်သည်။ သင် အင်အား ပိုကြီးလေလေ ဝိညာဉ်ရတနာလည်း ပိုအစွမ်းထက်လေလေ ဖြစ်သည်။]
[ဝိညာဉ်ရတနာအတွက် သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]
[၁။ ဓား]
[၂။ ခံစစ်ရတနာ]
ဟန်ကျွယ်ဟာ ခေါင်းအစခြေအဆုံး ခံစစ် စိတ်ဝိညာဉ်ရတနာတွေ ဝတ်ဆင်ထားတာကြောင့် ဓားကို ရွေးချယ်လိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူ့က ဓားကျင့်ကြံသူပါ။ ဒါကြောင့် နံပါတ်တစ်ကို ရွေးချယ်ကို တုံ့ဆိုင်းမနေပါဘူး။
[ဟွမ့်သွမ့်ဓားအား ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]
[ဟွမ့်သွမ့်ဓား: သင်သည် သာမန်နည်းဖြင့် ပြန်လည်မွေးဖွာလာခြင်း မဟုတ်ဘဲ အာဒိကပ္ပကို ဖြတ်သန်း၍ ဝိညာဉ်လွှဲပြောင်းလာခြင်းကြောင့် သင့်ခန္ဓာကိုယ်ထဲရှိ အာဒိကပ္ပချီသည် ဝိညာဉ်ရတနာအား ရီဖိုင်းလုပ်လိုက်ပြီဖြစ်သည်။]
အာဒိကပ္ပချီ။
ဟန်ကျွယ်ဟာ မှင်သက်သွားပါတယ်။
အာဒိကပ္ပချီက ဘာလဲ။
စနစ်က ဟန်ကျွယ်ကို အဖြေပြန်မပေးပါဘူး။
ဟန်ကျွယ်ဟာ အများကြီး မတွေးတောဘဲ သူ့ကျင့်ကြံခြင်းကို တောင့်တင်းခိုင်မာအောင် လုပ်ပါတယ်။
ဟန်ကျွယ်ရဲ့ ကိုယ်ရေးအကျည်းကတော့-
[အမည်: ဟန်ကျွယ် ]
[သက်တမ်း: ၂၂၇/၈၉၄၀ ]
[မျိုးနွယ်စု: လူသား(မော်တယ်အသွင်ပြောင်းလဲခြင်း)]
[ကျင့်ကြံခြင်းအဆင့်: ဟင်းလင်းပြင်ပေါင်းစပ်ခြင်း ပထမအဆင့်]
[ကျင့်စဉ်: ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ် (အမွေဆက်ခံ၍ ရရှိသည်) ]
[မှော်ပညာပညာ: ပြိုင်ဘက်ကင်း ဓါးလက်ချောင်းသိုင်း၊ ပုံရိပ်ယောင် ခြေခုနစ်လှမ်း၊ ပြိုင်ဘက်ကင်း အရိပ်သုံးပါးဓားသိုင်း၊ နတ်ဆိုးနှင် နဂါးကိုးကောင်တံဆိပ်၊ မိုးကြိုးမုန်တိုင်းကြီး၊ လေနတ်သားသိုင်း]
[ဆန်းကြယ်စွမ်းအား: လမ်းခြောက်သွယ်စုပ်ယူခြင်း၊ ကောင်းကင်ဒဏ်ပေး တစ္ဆေဓား၊ မိုးနှင့်မြေ၊ တိမ်ကျွမ်းထိုး၊ ဓားတစ်သောင်း(အမွေဆက်ခံ၍ ရရှိသည်)၊ ရူလိုင်မန္တန်]
[အသုံးအဆောင်: ရွှေရောင်ဆန်းကြယ်နတ်ဝတ်ရုံ (စိတ်ဝိညာဉ်ရတနာ သတ္တမအဆင့်)၊ စကြာဝဠာခါးပတ်၊ ချီလင်ဓား၊ နတ်ဆိုးချည်ကြိုး၊ မီးမိစ္ဆာခေါင်းလောင်း(စိတ်ဝိညာဉ်ရတနာ ဆဋ္ဌမအဆင့်)၊ ကြယ်ကိုးစင်းဖိနပ်(စိတ်ဝိညာဉ်ရတနာ ပဥ္စမအဆင့်)၊ ရေခဲဘုရင်၏ သရဖူ(စိတ်ဝိညာဉ်ရတနာ စတုတ္ထအဆင့်)၊ ကြမ္မာဆိုးစာအုပ်(အကောင်းစား စိတ်ဝိညာဉ်ရတနာ)]
[ဝိညာဉ်ရတနာ: ဟွမ့်သွမ့်ဓား]
[ကျင့်ကြံခြင်းစွမ်းရည်: စိတ်ဝိဉာဉ်ခြောက်သွယ် ခန္ဓာကိုယ်၊ ထိပ်တန်း မီး, ရေ, လေ, မြေ, သစ်သား, မိုးကြိုး ကျင့်ကြံခြင်းစွမ်းရည်၊ ကောင်းချီးအနည်းငယ် ပေးသည်]
[ကောင်းချီးများမှာ အောက်ပါအတိုင်း ဖြစ်သည်]
[ပြိုင်ဘက်ကင်း စစ်သည်တော် : အင်မော်တယ်ရုပ်ရည်၊ ထိပ်တန်းဆွဲဆောင်မှု]
[ကံကြမ္မာဓါးရူး: ထိပ်တန်း ဓါးပညာပါရမီ၊ ထိပ်တန်း ဓါးပညာနားလည်မှု]
[ကိုယ်ဖော့သိုင်း: ထိပ်တန်း ကိုယ်ဖော့သိုင်းပါရမီ]
[အမတဧကရာဇ် မျိုးဆက်: ဂိမ်းကို စတင်ပြီး၍ ပြိုင်ဘက်ကင်းကျင့်စဉ်နှင့် အကောင်းစား စိတ်ဝိဉာဉ်ကျောက်တုံး တစ်ထောင် ရရှိပြီး ဖြစ်သည်။]
[လူမှုဆက်ဆံရေးကို စစ်ဆေးမည်]
…
ဟန်ကျွယ်ရဲ့ သက်တမ်းဟာ ၈၉၄၀နှစ် ဖြစ်သွားသလို သူ့မျိုးနွယ်စုကလည်း လူသား(မော်တယ်ပြောင်းလဲခြင်းအဆင့်) ဖြစ်သွားပါပြီ။ ဒီဟာက ငါ အင်မော်တယ်ဖြစ်လာမှာလို့ ဆိုလိုတာလား။ ဟန်ကျွယ်ဟာ စိတ်ကောင်းဝင်သွားပါတယ်။
နှစ်ပေါင်းနှစ်ရာ တရစပ် ကျင့်ကြံနေရင် ဘယ်သူမဆို ရူးသွားနိုင်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ကတော့ မရူးတဲ့အပြင် ဒီလိုကျင့်ကြံရတာကို အရသာတွေ့နေပါတယ်။
တဖြည်းဖြည်း အစွမ်းထက်လာတဲ့ ခံစားချက် တော်တော်လေး ခံစားလို့ကောင်းတာပဲ။
မော်တယ်တွေ ကျင့်ကြံခြင်းကို မနှစ်သက်ရတာက သူတို့အစွမ်းထက်လာတာကို သူတို့ကိုယ်တိုင် မခံစားနိုင်လို့ပါ။ ဒါပေမဲ့ ဟန်ကျွယ်က တစ်ခြားသူတွေနဲ့ မတူပါဘူး။ သူ့ပါရမီက ထူးချွန်ထက်မြက်လွန်းတဲ့အတွက် တစ်နေ့တစ်ခြား စွမ်းအားကြီးမားလာပါတယ်။
ဟင်းလင်းပြင်ပေါင်းစပ်ခြင်း အဆင့်ကို ရောက်ရှိသွားတဲ့အတွက် ဟန်ကျွယ်ဟာ ရန်ကျင့်ကြံခြင်းလောကမှာ ပြိုင်ဘက်ကင်း ဖြစ်သွားပါပြီ။
ဟန်ကျွယ်ရဲ့ နောက်ထပ်ခြေလှမ်းကတော့ ခန္ဓာကိုယ်ပေါင်းစပ်ခြင်းအဆင့်ပါ။ ဟန်ကျွယ်ဟာ ပြတ်သားစွာ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။
ဒီအချိန်မှာပဲ အသံတစ်သံကို ကြားလိုက်ရပါတယ် “နတ်သတ်အကြီးအကဲ၊ ကျုပ်က ကွမ်းယိုကုန်းပဲ၊ ခင်ဗျားကျင့်ကြံခြင်းကို တောင့်တင်းခိုင်မာအောင် လုပ်ပြီးရင် ကျုပ်တို့တွေ တစ်ပွဲတစ်လမ်း အကဲစမ်းကြရအောင်၊ ခင်ဗျားကို ကျုပ်အနိုင်ယူနိုင်ရင် ကျုပ် ဂိုဏ်းချုပ်ဖြစ်ပြီ”