အခန်း (၃၅-၃၆)
Vol. 4 Ch. 35-36
အပိုင်း ၃၅
ထျဲလန်ယန်သည် သူမကို ဂရုမစိုက်တော့ဘဲ အထုတ်အပိုးများကို သယ်ကာ အိမ်ထဲသို့ ဝင်သွားခဲ့သည်။
ပညာတတ်လူငယ်ဝင်းရှိ မြေအိမ်မှာ ရွာထဲမှ မုဆိုးဖိုအဘိုးကြီးတစ်ဦး ချန်ထားရစ်ခဲ့သည့် အိမ်ဖြစ်သည်။
အပြင်ဘက်မှကြည့်လျှင် အလွန်ဟောင်းနွမ်းစုတ်ပြတ်နေသော်လည်း အတွင်း၌မူ အခန်းပေါင်းများစွာရှိပြီး တော်တော်လေး ကျယ်ဝန်းလှသည်။
အခြားသော ပညာတတ်လူငယ်များမှာ အလုပ်မသိမ်းကြသေးပေ။
ထျဲလန်ယန်သည် အခန်းထဲသို့ ဇွတ်အတင်းမဝင်ချင်သဖြင့် သူမ၏ အိတ်များကို ခန်းမဆောင်ထဲတွင် ခဏချထားခဲ့ပြီး အပြင်သို့ လမ်းလျှောက်ထွက်ခဲ့သည်။
ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြီးနောက် အနေအထားမှာ တော်တော်လေး ကောင်းမွန်ကြောင်း သူမ တွေ့လိုက်ရသည်။
မြေအိမ်၏ နောက်ကျောဘက်တွင် တောင်တန်းများရှိပြီး ရှေ့တွင် မြစ်ငယ်လေးတစ်ခု ရှိသောကြောင့် ရေခပ်ရန်နှင့် တောဟင်းသီးဟင်းရွက်များ ရှာဖွေရန် အလွန်လွယ်ကူသည်။
ရပ်ကွက်ရုံးမှ အမျိုးသမီးမှာ နေရာရွေးချယ်ရာတွင် တော်တော်လေး တော်သည်ဟု ဆိုရမည်၊ တောင်နှင့် ရေ ဝန်းရံနေသည့် လှပသောနေရာဖြစ်သဖြင့် ဘယ်လိုပဲဖြစ်ဖြစ် ငတ်မသေနိုင်ပေ။
ခဏအကြာတွင် ရွာသားတစ်ဦး ရောက်လာပြီး စကားပြောခဲ့သည်။
"မင်းတို့က ဒီနေ့မှ ရောက်လာတဲ့ ပညာတတ်လူငယ်တွေ မဟုတ်လား။ ရွာက အဖွဲ့ခေါင်းဆောင်က စားနပ်ရိက္ခာတွေ သွားယူဖို့ ပြောခိုင်းလိုက်လို့။"
ထျဲလန်ယန်က ဒါကို သိပြီးသားဖြစ်သည်။
သူမသည် ခေတ်ဟောင်းဝတ္ထုများစွာ ဖတ်ဖူးသဖြင့် ကျေးလက်သို့ ဆင်းလာလျှင် လုပ်ဆောင်ရမည့် အဆင့်ဆင့်ကို နားလည်ထားသည်။
ပထမဆုံးနေ့တွင် သူတို့ အနားယူကြပြီး အဖွဲ့ထံမှ စားနပ်ရိက္ခာ ချေးယူကြရမည်။
ဤရိက္ခာမှာ အလကားရခြင်း မဟုတ်ဘဲ နှစ်ကုန်ပိုင်းတွင် ရိက္ခာဝေစု ခွဲဝေသည့်အခါ အလုပ်မှတ်တမ်း ရမှတ်များနှင့် ပြန်နှုတ်ခြင်း သို့မဟုတ် ငွေဖြင့် ပြန်လဲလှယ်ရခြင်း ဖြစ်သည်။
သို့သော် ယေဘုယျအားဖြင့် ကျေးရွာများမှာ ရိက္ခာအမြောက်အမြားကို မပေးနိုင်ကြပေ၊ သူတို့၌ ရှိသလောက်သာ ပေးနိုင်သည်။
ရိက္ခာတစ်စိတ်တစ်ပိုင်းကို အထက်သို့ အပ်နှံရသလို ရွာသားများကိုလည်း ခွဲဝေပေးရသဖြင့် လူတိုင်း ဝအောင်မစားရပေ။
ထို့ကြောင့် ထျဲလန်ယန်တို့ ဂိုဒေါင်သို့ သွားသည့်အခါ ရိက္ခာ ၁၅၀ ပေါင်သာ ရရှိခဲ့သည်။
၎င်းတို့အနက် ၁၀၀ ပေါင်မှာ ဆန်လုံးညိုဖြစ်ပြီး ကျန် ၅၀ ပေါင်မှာ အာလူး၊ ကန်စွန်းဥနှင့် ပြောင်းဖူးများ ဖြစ်ကာ အိတ်အကြီး နှစ်အိတ် အပြည့် ဖြစ်နေသည်။
ဟဲအိုက်လင်းသည် ထိုမျှလေးသော အိတ်များကို မသယ်နိုင်သဖြင့် ကျန်းစန်နှင့် လီစီတို့ကို အကူအညီတောင်းရတော့သည်။
"ကျွန်မကို ကူညီပေးလို့ ရမလား။ လက်တွေလည်း ကျိုးတော့မယ်၊ လုံးဝ မသယ်နိုင်တော့လို့ပါ။"
ဟဲအိုက်လင်းသည် သနားစဖွယ် ပုံစံဖမ်းလိုက်သည်။
ကျန်းစန်နှင့် လီစီတို့ စိတ်ပျော့သွားခါနီးမှာပင် ထျဲလန်ယန်၏ စောစောက ပြက်လုံးကို သတိရသွားကြသည်။
"မရဘူး... မရဘူး၊ တခြားလူပဲ အကူအညီ သွားတောင်းလိုက်ပါ။"
သူတို့ နောက်တစ်ကြိမ် အသုံးချခံလူတွေ အဖြစ်မခံလိုတော့ပေ။
မိန်းမတို့ရဲ့ စိတ်ဆိုတာ ပင်လယ်ရေအောက်ခြေလိုပဲ ခန့်မှန်းရခက်လွန်းလို့ သူတို့ ကြောက်နေကြပြီ။
ကျန်းစန်နှင့် လီစီတို့သည် တစ်ယောက်လျှင် နှစ်အိတ်စီသယ်ကာ အမြန်ပင် ထွက်ပြေးသွားကြတော့သည်။
ဟဲအိုက်လင်းမှာ ဒေါသထွက်လွန်းသဖြင့် ခြေဆောင့်နေတော့သည်။
"သူတို့က ဘယ်လိုလူတွေလဲ၊ အရမ်းတွန့်တိုတာပဲ။ မိန်းမသားတွေကို နည်းနည်းလေးတောင် မငဲ့ညှာကြဘူး။"
ထျဲလန်ယန်က ရယ်မောရင်း မီးလောင်ရာလေပင့်လိုက်သည်။
"နင့်ရဲ့ ဖိနပ်ပုံစံပေါက်နေတဲ့ မျက်နှာနဲ့ဆိုရင်တော့ ငဲ့ညှာခံရဖို့ အရည်အချင်း အပြည့်ရှိတာပဲလေ။"
ဟဲအိုက်လင်း သူမကို စိုက်ကြည့်လိုက်သည်။ "ထျဲလန်ယန်... တော်တော့နော်။ ငါ နင့်ကို ဘာမှမလုပ်ရသေးဘူး။"
"ငါလည်း နောက်နေတာပါ၊ နင်လည်း နောက်ရတာ ဝါသနာပါတာပဲ မဟုတ်လား။"
ထိုသို့ပြောပြီး ထျဲလန်ယန်သည် အိတ်နှစ်အိတ်ကို အလွယ်တကူ မကာ ထွက်သွားတော့သည်။
ဟဲအိုက်လင်းမှာ ဒေါသလည်းထွက်၊ စိုးရိမ်စိတ်လည်း ဖြစ်နေရှာသည်။
အခြားနည်းလမ်း မရှိတော့ပေ။
နောက်ဆုံးတွင်တော့ သူမ အပြင်သို့ ပြေးထွက်ကာ ရွာသားတစ်ဦးကို အကူအညီတောင်းခဲ့ရာ ထိုသူက သဘောတူခဲ့သည်။
လူအနည်းငယ် ပညာတတ်လူငယ်ဝင်းသို့ ပြန်ရောက်သောအခါ ဝင်းထဲတွင် အသက်ကြီးပိုင်း ရဲဘော်တစ်ဦး ရပ်နေသည်ကို တွေ့ရသည်။
သူ့အမည်မှာ ဟူဟောင် ဖြစ်သည်။ သူသည် ကွေ့ဟွာရွာသို့ ပထမဆုံးရောက်လာသည့် ပညာတတ်လူငယ်တစ်ဦးဖြစ်ပြီး ပညာတတ်လူငယ်ဝင်း၏ အုပ်ချုပ်သူလည်း ဖြစ်သည်။
ဝင်းအတွင်းရှိ လက်ရှိအခြေအနေများကို ပညာတတ်လူငယ်အသစ်များအား ရှင်းပြရန် ရွာလူကြီးက သူ့ကို အရင်ပြန်ခိုင်းလိုက်ခြင်း ဖြစ်သည်။
"လက်ရှိ ဝင်းထဲမှာ ပညာတတ်လူငယ် အဟောင်း ၁၀ ယောက်ရှိတယ်။ လွန်ခဲ့တဲ့ နှစ်ရက်က တောင်ပိုင်းကနေ အသစ် ၆ ယောက် ရောက်လာသေးတယ်။ အခု ပေကျင်းက ရောက်လာတဲ့ မင်းတို့ ၄ ယောက်နဲ့ဆိုရင် စုစုပေါင်း ၂၀ ရှိသွားပြီ။"
ဟဲအိုက်လင်း အံ့သြတကြီးဖြင့် ပြောလိုက်သည်။ "လူတွေ အများကြီးပဲလား။ နေဖို့ အခန်းရော လောက်ပါ့မလား။"
ဟူဟောင် ခေါင်းညိတ်ပြလိုက်သည်။ "စုစုပေါင်း အခန်း ၅ ခန်းရှိတယ်၊ အမျိုးသားအတွက် ၃ ခန်းနဲ့ အမျိုးသမီးအတွက် ၂ ခန်း။ နည်းနည်းတော့ တိုးနေရလိမ့်မယ်။"
ဟဲအိုက်လင်း၏ မျက်နှာမှာ ညှိုးငယ်သွားခဲ့သည်။ "ကျွန်မက သူများနဲ့ အခန်းအတူနေရင် အိပ်မပျော်ဘူး၊ အသားမကျသေးလို့ပါ။"
ဟဲအိုက်လင်းမှာ ပေကျင်းက လာသူဖြစ်သဖြင့် အထက်တန်းစားဟု ခံစားချက်မျိုး ရှိနေသည်။
သို့သော် သူမ၏ မိသားစုမှာ ပေကျင်းမှ သာမန် အလုပ်သမားမိသားစုသာဖြစ်ပြီး ဆင်းရဲနေသေးသည်ကို သူမ မေ့နေသည်။
သူမတွင် မောင်နှမများစွာရှိပြီး သူမက တတိယမြောက်သမီး ဖြစ်သည်။ သူမသည် သူမ၏ အစ်မနှစ်ယောက်နှင့် အခန်းအတူ အမြဲနေခဲ့ရသူ ဖြစ်သည်။
အစ်မတွေ အိမ်ထောင်ကျသွားပြီးမှသာ သူမအတွက် သီးသန့်အခန်း တစ်ခန်း ရခဲ့ခြင်း ဖြစ်သည်။
မူလက သူမသည် ယာယီသူနာပြု အလုပ်အတွက် စာမေးပွဲအောင်မြင်ခဲ့သော်လည်း သားကိုပိုချစ်သည့် သူမ၏ မိဘများက ထိုအလုပ်ကို မောင်ဖြစ်သူအား ပေးခဲ့ပြီး သူမကိုတော့ မောင်လေးကိုယ်စား ကျေးလက်သို့ လွှတ်လိုက်ခြင်း ဖြစ်သည်။
ထို့ကြောင့် ခရီးတစ်လျှောက်လုံးတွင် ဟဲအိုက်လင်းမှာ ဒေါသများကို အောင့်အည်းထားခဲ့ရသည်။
အမျိုးသားနှစ်ဦးဖြစ်သည့် ကျန်းစန်နှင့် လီစီတို့မှာ အရပ်ရှည်ပြီး သန်မာသဖြင့် သူမ မစရဲပေ။ ထို့ကြောင့် သဘာဝအတိုင်း ထျဲလန်ယန်ကိုသာ ပစ်မှတ်ထားတော့သည်။
"အသားကျအောင် ကြိုးစားရမှာပေါ့။ ငါတို့က ကျေးလက်သစ် တည်ဆောက်ဖို့ လာတာလေ၊ ပျော်ပါးဖို့ လာတာ မဟုတ်ဘူး။"
ဟူဟောင်၏ လေသံမှာ နူးညံ့သော်လည်း သူ၏ စကားလုံးများမှာ ထက်မြက်လှသည်။
ဟဲအိုက်လင်း၏ မျက်နှာမှာ ရှက်လွန်းသဖြင့် နီမြန်းသွားသည်။
ထျဲလန်ယန်က ချက်ချင်း ပြောလိုက်သည်။ "ရဲဘော် ဟူဟောင်... စိတ်မပူပါနဲ့၊ ကျွန်မကတော့ အဖွဲ့အစည်းရဲ့ အစီအစဉ်အတိုင်းပဲ နေပါ့မယ်။ ရှင် ဘယ်လိုပဲ စီစဉ်စီစဉ် ကျွန်မ လုပ်ပါ့မယ်။"
အိမ်နှင့်ဝေးသည့်အခါတွင် စကားချိုချိုပြောခြင်းက အရာရာကို ပိုပြီး အဆင်ပြေစေသည် မဟုတ်လား။
ဟူဟောင်က ထျဲလန်ယန်ကို ကျေနပ်သည့်ပုံစံဖြင့် ကြည့်လိုက်သည်။ "အင်း... မင်းမှာ ဒီလို အသိတရားရှိတာ ကောင်းပါတယ်။"
ကျန်းစန်နှင့် လီစီတို့ကလည်း ထောက်ခံကြောင်း အမြန်ပြောကြသည်။
ဟဲအိုက်လင်းက ထျဲလန်ယန်ကို ဒေါသတကြီး ထပ်၍စိုက်ကြည့်လိုက်ပြန်သည်။
ထျဲလန်ယန်က သူမကို အေးစက်စက် တစ်ချက် ကြည့်လိုက်ရာ သူမမှာ ကြောက်လန့်တကြားဖြင့် ချက်ချင်း မျက်နှာလွှဲသွားတော့သည်။
ထို့နောက် ဟူဟောင်က အခန်းများကို ခွဲဝေပေးသည်။
"အမျိုးသားဆောင်မှာ အခန်းတစ်ခန်းရှိတယ်၊ အဲဒီမှာ လူဟောင်း ၂ ယောက်ရှိတယ်။ ကျန်းစန်နဲ့ လီစီတို့ အဲဒီမှာ ဝင်နေလို့ ရတယ်။"
"အမျိုးသမီးဆောင်ကတော့ အခန်း ၂ ခန်းစလုံးမှာ ၃ ယောက်စီ ရှိပြီးသား။ ထျဲလန်ယန်နဲ့ ဟဲအိုက်လင်းတို့ တစ်ခန်းစီ ခွဲနေလိုက်ကြ။"
ဟဲအိုက်လင်းက ချက်ချင်းပင် ဝင်ပေါက်နှင့် ပိုနီးသည့် အခန်းသို့ လျှောက်သွားကာ ပြောလိုက်သည်။ "ကျွန်မ ဒီအခန်းကို ယူမယ်။"
ဤအခန်းမှာ ဝင်းထဲနှင့် နီးသဖြင့် မီးဖိုချောင် သို့မဟုတ် အိမ်သာသွားရန် ပို၍ အဆင်ပြေသည်။
ဟူဟောင် ပြောလိုက်သည်။ "မင်း နောက်ဘက်အခန်းမှာ နေပါလား။ နောက်ခန်းမှာက လွန်ခဲ့တဲ့ နှစ်ရက်ကမှ ရောက်လာတဲ့ မိန်းကလေးတွေ ရှိတာ။ အကုန်လုံးက အသစ်တွေဆိုတော့ အတူတူနေရင် ပိုစည်ကားတာပေါ့။"
ဟဲအိုက်လင်းက ဇွတ်အတင်း ငြင်းခဲ့သည်။ "မရဘူး... ကျွန်မ ဒီမှာပဲ နေမယ်။"
သူမကို ငတုံးများ မှတ်နေလား။ အသစ်တွေနဲ့ နေရင် ပိုစည်ကားမယ်ဆိုတာ သူမကို လှည့်စားတာ သိသာလွန်းသည်။
လူသစ်တွေက လူဟောင်းတွေလောက် အသိတရား မရှိကြပေ။ သူတို့က ဆူညံပွက်လောရိုက်နေကြပြီး ဘာမှလည်း မလုပ်တတ်ကြသေးပေ။
သူမ သူတို့နှင့် အတူမနေချင်ပေ။
အကယ်၍ သူမ လူဟောင်းများနှင့် အတူနေလျှင် သူတို့နှင့် ရင်းနှီးအောင် လုပ်ပြီး အကူအညီ ရနိုင်လိမ့်မည်။
ဒီထျဲလန်ယန်ကတော့ လူတွေရဲ့ စိတ်ကို ဖမ်းစားတဲ့နေရာမှာ တော်တော်လေး တော်တာပဲ။
စကားတစ်ခွန်းတည်းနဲ့ ဟူဟောင်က သူမဘက်ကနေ ကူပြောပေးအောင် လုပ်နိုင်ခဲ့သည်။
ဟွန်း... တကယ့်ကို ဖားတတ်တဲ့သူပဲ။
ဟဲအိုက်လင်းက ဇွတ်ငြင်းနေသဖြင့် ဟူဟောင်လည်း ဘာပြောရမှန်း မသိတော့ပေ။
သူက ထျဲလန်ယန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "ဒါဆိုရင် မင်းပဲ နောက်ဘက်အခန်းမှာ နေလိုက်တော့။ အဲဒီမှာက... နည်းနည်းတော့ ဆူညံလိမ့်မယ်။"
ဆူညံရုံတင် မဟုတ်ဘဲ နားကွဲမတတ်ကို အော်ဟစ်နေကြခြင်း ဖြစ်သည်။ သူတို့က ညတိုင်း ရန်ဖြစ်နေကြသူများ ဖြစ်သည်။
ဒီအုပ်စု ရောက်လာတာ နှစ်ရက်ပဲ ရှိသေးသော်လည်း ဖြေရှင်းပေးဖို့ ရွာလူကြီးကို နှစ်ကြိမ်တောင် ခေါ်ခဲ့ရပြီးပြီ ဖြစ်သည်။ သူလည်း တကယ်ကို ခေါင်းခြောက်နေရပြီဖြစ်သည်။
ဒီနေ့ ရောက်လာတဲ့ အုပ်စုထဲမှာတော့ ဟဲအိုက်လင်းကလွဲလို့ ကျန်တဲ့ သုံးယောက်ကတော့ ပုံမှန်ပဲ ရှိသေးသည်။
အထူးသဖြင့် ထျဲလန်ယန်ပေါ့။ ဒီမိန်းကလေးငယ်လေးက တိတ်ဆိတ်ငြိမ်သက်ပြီး သိမ်မွေ့သလို စကားနားထောင်မယ့်ပုံစံလည်း ပေါက်နေသည်။
ထျဲလန်ယန် ပြုံးပြီး ပြန်ဖြေလိုက်သည်။ "ရပါတယ်... ရှင့်ရဲ့ အစီအစဉ်အတိုင်းပဲ နေပါ့မယ်။ ဘယ်နေရာမှာမဆို နေလို့ ရပါတယ်။"
သူမက အခုမှ ကျေးလက်ကို ရောက်ကာစဖြစ်သဖြင့် ပတ်ဝန်းကျင်ကို အရင် လေ့လာပြီး အခြေအနေကြည့်နေဦးမည် ဖြစ်သည်။
အချိန်တန်ပြီဆိုလျှင်တော့ သူမ အပြင်ထွက်ပြီး တစ်ယောက်တည်း နေထိုင်တော့မည် ဖြစ်သည်။
ထိုစကားကို ကြားသောအခါ ဟူဟောင် တော်တော်လေး စိတ်သက်သာရာ ရသွားသည်။
ကြည့်စမ်း... ဘယ်လောက် လိမ်မာတဲ့ ကလေးမလေးလဲ။ အရင်က ဟိုဟိုဒီဒီ ခုန်ပေါက်ပြီး ပြဿနာရှာတဲ့ သူတွေထက် အများကြီး ပိုကောင်းသည်။
ထျဲလန်ယန် ခေါင်းညိတ်လိုက်သည်။ 'ဟုတ်တယ်... ဟုတ်တယ်။ ကျွန်မက လိမ်မာတဲ့ ကလေးမလေးပါ၊ ဘေးကနေ ပွဲကြည့်ပြီး ပြဿနာ မရှာတတ်တဲ့သူပေါ့။'
၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်
အပိုင်း ၃၆
ထျဲလန်ယန် အခန်းထဲသို့ လှမ်းဝင်လိုက်သည်။
အမျိုးသမီး ပညာတတ်လူငယ်ဆောင်တွင် စုပေါင်းအိပ်စင်အကြီးကြီးတစ်ခု၊ စားပွဲတစ်လုံးနှင့် ဗီရိုတစ်လုံးသာရှိပြီး အလွန်ပင် ရိုးရှင်းလှသည်။
စုပေါင်းအိပ်စင်မှာ တော်တော်လေး ကျယ်ဝန်းပုံရသည်။
အကယ်၍ လူတိုင်းက သူတို့၏ အိပ်ရာခင်းများကို ဘေးချင်းကပ် ခင်းလိုက်မည်ဆိုလျှင် လေးငါးယောက်ခန့် အိပ်ရန် နေရာအလုံအလောက် ရှိသည်။
သို့သော်…
ရှိနှင့်ပြီးသား အိပ်ရာခင်း သုံးခုမှာ တစ်ခုနှင့်တစ်ခု အဝေးကြီး ခွာထားကြပြီး အိပ်စင်တစ်ခုလုံးကို နေရာဦးထားကြသည်။
သူမအတွက် နေရာမရှိတော့ပေ၊ သူမ ဘယ်မှာ အိပ်ရမည်နည်း။
သုံးစက္ကန့်မျှသာ တွန့်ဆုတ်နေပြီးနောက် ထျဲလန်ယန်သည် သူမဘာသာ ဆုံးဖြတ်ချက်ချလိုက်သည်။
သူမသည် ခါးကုန်းလိုက်ပြီး နောက်ဘက်မှ အိပ်ရာခင်းကို ဘေးသို့ အနည်းငယ် ရွှေ့ရန် ပြင်လိုက်သည်။
တံခါးဝဆီမှ အေးစက်စက် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"နင်က ဘယ်သူလဲ။ ငါ့အိပ်ရာကို ဘာလုပ်နေတာလဲ။"
မကြာမီမှာပင် တည်ငြိမ်အေးစက်သော မိန်းကလေးတစ်ဦး ဝင်လာခဲ့သည်။
ထိုမိန်းကလေးမှာ အေးစက်သည့် မျက်နှာထားရှိပြီး သူမ၏ မျက်ခုံးနှင့် မျက်လုံးများမှာ ပန်းချီကားတစ်ချပ်ကဲ့သို့ လှပသော်လည်း သူမ၏ မျက်ဝန်းအစုံက ထျဲလန်ယန်ကို စိုက်ကြည့်နေသည်။
ထျဲလန်ယန် - "ကျွန်မက ဒီနေ့မှ ရောက်လာတဲ့ ပညာတတ်လူငယ်အသစ်ပါ။ ရဲဘော် ဟူဟောင်က ကျွန်မကို ဒီအခန်းမှာ နေဖို့ စီစဉ်ပေးလိုက်တာ။"
ထိုမိန်းကလေးက လှောင်ပြောင်ပြီး မေးခဲ့သည်။"မင်းအိပ်ယာခင်းချင်ရင် တခြားတစ်ယောက်ရဲ့အိပ်ယာကို ရွှေ့လို့ရတယ်။ ငါ့အိပ်ယာကို ဘာလို့ရွှေ့ရမှာလဲ။ ငါ့ကို အနိုင်ကျင့်ရတာ လွယ်တယ်လို့ မင်းထင်လား"
ထျဲလန်ယန် - ....
မဟုတ်သေးပါဘူး... ဒီလူက ဘာလို့ ယမ်းပုံလို ဖြစ်နေရတာလဲ၊ ဒေါသကလည်း ဘာလို့ ဒီလောက် ကြီးနေရတာလဲ။
သူမက သူမအိပ်ရာအတွက် နေရာရွှေ့တာပဲလေ၊ နောက်မှ တခြားသူတွေဟာကို ရွှေ့ပေးမှာပေါ့။ ဘာထူးခြားနေလို့လဲ။
ထျဲလန်ယန် ပြန်ချေပရန် ပြင်လိုက်စဉ်မှာပင် တံခါးဝမှ နောက်ထပ် လှောင်ပြောင်သံတစ်ခု ထွက်ပေါ်လာပြန်သည်။
"ယွီချင်းချုံ... နင်က လူသစ်ကို အနိုင်ကျင့်နေတာပဲ။ ပညာတတ်လူငယ်ဝင်းက နင့်အိမ် မဟုတ်ဘူး၊ သူ ဘယ်မှာ အိပ်ရမလဲဆိုတာ နင် ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။"
ထျဲလန်ယန် - ကောင်းတယ်၊ ငါပြောချင်တာကို သူ ပြောပေးသွားပြီ။ လက်ခုပ်တီးပေးချင်လိုက်တာ။
သူမ ခေါင်းလှည့်ကြည့်လိုက်ရာ တောက်ပပြီး လှပသော မျက်နှာတစ်ခုနှင့် ဆုံလိုက်ရသည်။
သူမ ကျေးဇူးတင်စကား ပြောရန် ပြင်လိုက်စဉ်မှာပင် အပြင်မှ သွယ်လျသော နောက်ထပ် လူတစ်ယောက် ဝင်လာသည်။
"အို... ဒီမှာ ဘာတွေ ဖြစ်နေကြတာလဲ။ ဘာလို့ ထပ်ပြီး ရန်ဖြစ်နေကြပြန်တာလဲ။ ငါတို့အားလုံးက ကျေးလက်ကို လာကြတဲ့ ပညာတတ်လူငယ်တွေပဲ၊ စည်းစည်းလုံးလုံး နေကြရမှာပေါ့။"
ယွီချင်းချုံက သူမကို အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"ပိုင်ရန်ရန်... ပါးစပ်ပိတ်ထားစမ်း။ နင်က ကိုယ့်ကိုယ်ကိုယ် သိပ်ပြီး မြင့်မြတ်လှပြီ ထင်နေတာလား၊ နင်က ဘာကောင်မို့လို့လဲ။"
ထျဲလန်ယန် မျက်ခုံးပင့်လိုက်မိသည်။
ဒီညီအစ်မနှစ်ယောက်ကတော့ ဒေါသတွေက ပေါက်ကွဲထွက်နေတာပဲ၊ ဘယ်သူနဲ့မဆို ချဖို့ အဆင်သင့်ပဲ။
ဒါပေမယ့်... ယွီချင်းချုံ၊ ပိုင်ရန်ရန် တဲ့လား။
ဒီနာမည်တွေက... တစ်နေရာရာမှာ ကြားဖူးသလိုလို။
"ရဲဘော် ဟန်ခယ်အာ... ကြည့်ပါဦး၊ ရဲဘော် ယွီချင်းချုံက ကျွန်မကို မကောင်းတာတွေ ထပ်ပြောနေပြန်ပြီ။ ကျွန်မမှာတော့ တကယ်ကို မတရား ခံနေရတာပဲ။"
ပိုင်ရန်ရန်သည် မျက်လုံးများ နီရဲလျက် ဟန်ခယ်အာကို သနားစဖွယ် လေသံဖြင့် တိုင်တောနေတော့သည်။
ထျဲလန်ယန်မှာ ခြေချော်ပြီး လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။
နေပါဦး...။
ယွီချင်းချုံ၊ ပိုင်ရန်ရန်၊ ဟန်ခယ်အာလား။
သူမ မှတ်မိသွားပြီ။
သူမ၏ ယခင်ဘဝ ကမ္ဘာပျက်ကပ်မတိုင်မီက ခေတ်ဟောင်းနောက်ခံ ဝတ္ထုတစ်ပုဒ် ဖတ်ခဲ့ဖူးသည်။
ဇာတ်လိုက်မင်းသမီးရဲ့ နာမည်က ယွီချင်းချုံ ဆိုတာ သူမ မှတ်မိနေသည်။
ပိုင်ရန်ရန်နှင့် ဟန်ခယ်အာတို့ကတော့ ထိုဇာတ်လမ်းထဲက ရက်စက်ယုတ်မာတဲ့ ဗီလိန်အရံတွေပဲ မဟုတ်လား။
ဘုရားရေ... သူမက အချိန်ကိုပဲ ဖြတ်သန်းလာခဲ့တာ မဟုတ်ဘဲ ဝတ္ထုဇာတ်လမ်းထဲကိုပါ ရောက်နေတာလား။
ထျဲလန်ယန်မှာ လုံးဝ ဆွံ့အသွားတော့သည်။
သာမန် ဝတ္ထုထဲကို ရောက်တာဆိုရင်တော့ မဆိုးလှပေ။
ပြဿနာက ဒီဇာတ်လမ်းက ကိုယ်ကျင့်တရားတွေ ကမောက်ကမဖြစ်နေတဲ့ အသည်းယားစရာ ဇာတ်လမ်းဖြစ်နေခြင်းပင် ဖြစ်သည်။
ဇာတ်အိမ်က တုန်လှုပ်စရာကောင်းလွန်းသဖြင့် သူမ စိတ်ထဲတွင် စွဲထင်နေခဲ့ခြင်း ဖြစ်သည်။
စာအုပ်ခေါင်းစဉ်ကတော့ "ခုနစ်ဆယ်ပြည့်နှစ်များ၌ တစ်ဖန်ပြန်မွေးဖွားခြင်း - လှပသောပညာတတ်လေး၏ ရက်စက်သော ကလဲ့စားချေခြင်း" ဖြစ်သည်။
ခေါင်းစဉ်ကြည့်ရုံနဲ့တင် ဒါက ယဉ်ကျေးမှုတော်လှန်ရေးခေတ်နောက်ခံ ကလဲ့စားချေခြင်း ဇာတ်လမ်းဆိုတာ သိသာလှသည်။
သူမ၏ ယခင်ဘဝထဲတွင် ဇာတ်လိုက်မင်းသမီး ယွီချင်းချုံမှာ ကျေးလက်ဆင်းရေးလှုပ်ရှားမှုကြောင့် ရောက်လာသည့် မိန်းကလေးတစ်ဦး ဖြစ်သည်။
သူမက ရိုးသားပြီး အလုပ်ကြိုးစားသူဖြစ်သဖြင့် ပညာတတ်လူငယ်ဝင်း၏ သဘောကောင်းတဲ့ မိန်းကလေး ဟု လူသိများသည်။
လူယုတ်မာ ချန်ဟွိုက်ကျင်းနှင့် သူမ၏ သူငယ်ချင်းဆိုသူ ပိုင်ရန်ရန်တို့မှာ သူမနှင့်အတူ ကျေးလက်သို့ ရောက်လာကြသည့် အထက်တန်းကျောင်းနေဖက် သူငယ်ချင်းများ ဖြစ်ကြသည်။
အပြင်ပန်းတွင် ချန်ဟွိုက်ကျင်းက နူးညံ့သိမ်မွေ့ပုံရသော်လည်း အမှန်တကယ်တော့ သူက အလွန်ပင် အတ္တကြီးသူဖြစ်သည်။
ယွီချင်းချုံက သူ့အပေါ် စိတ်ရှိနေတာကို သူ သိသွားသည့်အခါ သူမကို ကြင်နာပြသလိုလို လုပ်ခဲ့ရာ သူမမှာ အသည်းအသန် ချစ်မိသွားတော့သည်။
ထိုအချိန်မှစ၍ သူမသည် သူ့အတွက် လယ်ထဲတွင် ကူလုပ်ပေးရုံတင်မက အဝတ်လျှော်၊ ဘောင်းဘီဖာသည်အထိ အကုန်လုပ်ပေးခဲ့သည်။
လူတိုင်းက ယွီချင်းချုံကို တဖက်သတ်ချစ်နေတဲ့ အချစ်ရူးမလေးဟု ထင်ကာ လှောင်ပြောင်ကြသည်။
ချန်ဟွိုက်ကျင်းကတော့ ဘာမှရှင်းမပြဘဲ သူမ၏ လုပ်အားများကို တိတ်တဆိတ် မွေ့လျော်နေခဲ့သည်။
ပထမတော့ ယွီချင်းချုံမှာ စိတ်ထိခိုက်မိသော်လည်း သူမ၏ သူငယ်ချင်းကောင်း ပိုင်ရန်ရန်က သူမကို နှစ်သိမ့်ပေးခဲ့သည်။
ပိုင်ရန်ရန်က သူမကို အများကြီးမတွေးဖို့ ပြောသည်၊ ဘာပဲဖြစ်ဖြစ် သူမ လုပ်ပေးသမျှကို ချန်ဟွိုက်ကျင်းက သိမှာပါတဲ့လေ။
အကယ်၍ သူက သူတို့ပတ်သက်မှုကို လူသိရှင်ကြား မထုတ်ပြသေးရင်လည်း အကြောင်းရှိမှာပေါ့၊ နင်က ပိုပြီး နားလည်ပေးသင့်တယ်လို့ ပြောခဲ့သည်။
ယွီချင်းချုံကလည်း ထိုစကားကို ယုံကြည်သွားပြီး နှစ်နှစ်တိုင်တိုင် အစေခံအချစ်ရူးမလေးအဖြစ် ဆက်လက် နေထိုင်ခဲ့သည်။
ထို့နောက် နှစ်နှစ်အကြာတွင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ပြန်လည်ကျင်းပခဲ့သည်။
ပညာတတ်လူငယ်ဝင်းတစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး လူတိုင်း စာမေးပွဲဖြေရန် စာရင်းပေးကြသည်။
စာမေးပွဲဖြေပြီးနောက် ယွီချင်းချုံက ချန်ဟွိုက်ကျင်းနှင့် သူမတို့၏ ပတ်သက်မှုကို လူသိရှင်ကြား ထုတ်ဖော်ရန် အချိန်တန်ပြီဟု ခံစားလိုက်ရသည်။
သို့သော် သူမ သူ့ကိုသွားရှာသည့်အခါ ပိုင်ရန်ရန်ကို ဖက်ထားသည့် သူ့ကို တွေ့လိုက်ရသည်။
သူတို့၏ စကားဝိုင်းမှတစ်ဆင့် တုန်လှုပ်ချောက်ချားဖွယ် အမှန်တရားကို သူမ သိလိုက်ရသည်မှာ ဒါတွေအားလုံးက အစကတည်းက ကြံစည်ထားတဲ့ အကွက်တွေ ဖြစ်နေခြင်းပင် ဖြစ်သည်။
ချန်ဟွိုက်ကျင်းက သူမကို တစ်ခါမှ မချစ်ခဲ့ဖူးပေ။ သူ တကယ်ချစ်တာက ပိုင်ရန်ရန် ဖြစ်သည်။
လယ်ထဲမှာ အလုပ်မလုပ်ချင်တာရယ်၊ သူချစ်ရသူကို သက်တောင့်သက်သာ ထားချင်တာရယ်ကြောင့် သူက ယွီချင်းချုံကို တမင် သွေးဆောင်ဖြားယောင်းပြီး ဝန်ထုပ်ဝန်ပိုးအားလုံးကို သူမကပဲ စေတနာအပြည့်နဲ့ ထမ်းပိုးပေးအောင် လုပ်ခဲ့ခြင်း ဖြစ်သည်။
အဆိုးဆုံးကတော့ သူတို့က သူမရဲ့ တက္ကသိုလ်ဝင်ခွင့်စာကိုတောင် ခိုးယူဖို့ ကြံစည်နေကြခြင်းပင် ဖြစ်သည်။
ပိုင်ရန်ရန်၏ စာမေးပွဲရလဒ်မှာ ညံ့ဖျင်းသဖြင့် သူမ ဘယ်တော့မှ တက္ကသိုလ်တက်ခွင့် ရမှာ မဟုတ်ပေ။
ထို့ကြောင့် ချန်ဟွိုက်ကျင်းက ပိုင်ရန်ရန်ကို ယွီချင်းချုံရဲ့ နာမည်သုံးပြီး သူမကိုယ်စား တက္ကသိုလ်တက်ဖို့ စီစဉ်ခဲ့သည်။
သစ်ပင်ရိပ်အောက်တွင် တစ်ဦးကိုတစ်ဦး ဖက်ထားရင်း သူတို့၏ နောက်ထပ် အစီအစဉ်များကို တိုင်ပင်နေကြရာ ယွီချင်းချုံက အားလုံးကို ကြားနေရသည်ကို သူတို့ မသိခဲ့ကြပေ။
မင်းသမီးမှာ ဒေါသတွေပေါက်ကွဲပြီး သူတို့ဆီ ပြေးသွားကာ ဘာလို့ ဒီလိုလုပ်ရတာလဲဆိုပြီး ငိုယိုကာ မေးခွန်းထုတ်တော့သည်။
သူမက သူတို့ကို ကိုယ်ကျင့်တရားပျက်ပြားမှုနဲ့ အထက်ကို တိုင်တောမယ်လို့တောင် ခြိမ်းခြောက်ခဲ့သေးသည်။
ထိုစကားကို ကြားလိုက်ရသည်နှင့် ချန်ဟွိုက်ကျင်းနှင့် ပိုင်ရန်ရန်တို့၏ မျက်နှာများ ပျက်သွားပြီး ယုတ်မာသော အတွေးများ ဝင်လာကြတော့သည်။
နောက်ဆုံးတွင်တော့ သူတို့က မင်းသမီးကို မြစ်ကမ်းနားသို့ လှည့်ဖြားခေါ်ဆောင်သွားပြီး မြစ်ထဲသို့ တွန်းချလိုက်ကြသည်။
သူမသည် နာကျည်းချက်များစွာဖြင့် မတရား သေဆုံးခဲ့ရရှာသည်။
သို့သော် သူမ သေဆုံးသွားသည့် ခဏမှာပင် ကျေးလက်သို့ စတင်ရောက်ရှိခဲ့သည့် ပထမဆုံးနေ့သို့ ပြန်လည် အသက်ဝင်လာခဲ့သည်။
ယခင်ဘဝမှ နာကျည်းချက်များကြောင့် သူမ ပြန်မွေးဖွားလာချိန်တွင် စရိုက်က လုံးဝ ပြောင်းလဲသွားခဲ့သည်။
သူမ၏ နှလုံးသားထဲတွင် ကလဲ့စားချေလိုသည့် ဒေါသမီးများ တောက်လောင်နေပြီး ထိုလူယုတ်မာနှင့် သူငယ်ချင်း အတုအယောင်တို့ကို အစွမ်းကုန် ပြန်လည် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။
သူမရဲ့ ပထမဆုံး ကလဲ့စားချေမှုက ဘာလဲသိလား... ချန်ဟွိုက်ကျင်းကို မြှူဆွယ်တာတဲ့လေ။
ဟုတ်တယ်... ရှင်တို့ ဖတ်လိုက်တာ မှန်ပါတယ်။
ဒါက သူမရဲ့ ဦးနှောက်က ထွက်လာတဲ့ ထက်မြက်လှတဲ့ အစီအစဉ်ကြီးပေါ့။
လူယုတ်မာက သူမရဲ့ သူငယ်ချင်းကောင်းကို ချစ်တာဆိုတော့ ပိုင်ရန်ရန် ခံစားရအောင် သူငယ်ချင်းဆီကနေ အဲဒီလူကို လုယူမယ်လို့ သူမက တွေးလိုက်တာပါ။
ပြီးတော့ ချန်ဟွိုက်ကျင်းက သူမကို အရူးအမူး ချစ်သွားတဲ့အခါမှ သူ့ကို အရှက်ခွဲပြီး ပစ်ချလိုက်မယ်၊ အသည်းကွဲပြီး သေလုမတတ် ခံစားရအောင် လုပ်မယ်တဲ့။
ထျဲလန်ယန် - .....
နေပါဦး... ဒါကို ကလဲ့စားချေတယ်လို့ ခေါ်တာလား။
ထျဲလန်ယန် ထိုအပိုင်းကို ဖတ်တုန်းကဆိုရင် ရထားပေါ်က အဘိုးကြီးပုံစံ meme လိုမျိုး အူကြောင်ကြောင် မျက်နှာပေးမျိုး ဖြစ်သွားခဲ့သည်။
ဝတ္ထုကတော့ မင်းသမီးဟာ ပညာတတ်လူငယ်ဝင်းထဲမှာ အချစ်ဇာတ်လမ်းတွေနဲ့ ထပ်ပြီး ပတ်သက်နေတာမျိုးနဲ့ ဆက်သွားနေသည်။
ဇာတ်လမ်းတစ်ခုလုံးက သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းတွေ၊ စိတ်ခံစားမှု ဒရာမာတွေနဲ့ပဲ လည်ပတ်နေတာဆိုတော့ စာရေးသူက အချစ်ဇာတ်လမ်းတွေကို အရူးအမူးဖြစ်နေတာလားလို့ ထျဲလန်ယန် ပြင်းပြင်းထန်ထန် သံသယဝင်မိသည်။
အခြေအနေက အရမ်း ရယ်စရာကောင်းလွန်းနေသဖြင့် သူမ တစ်ဝက်မှာတင် ဖတ်တာကို ရပ်လိုက်သည်။
သိချင်စိတ်ကြောင့် ဇာတ်သိမ်းကို ကျော်ဖတ်လိုက်ရာတွင် ဝေဖန်မှုတွေ အလွန်များလွန်းသဖြင့် ဝတ္ထုကို ဒီအတိုင်း ပစ်ထားလိုက်ပြီဖြစ်ကြောင်း သိလိုက်ရသည်။
ကဲ... အားလုံးက သူမလိုပဲ ထင်ကြပုံရသည်။
အကယ်၍ သူမသာ ဇာတ်လိုက်မင်းသမီးဆိုရင်တော့ ထိုနှစ်ယောက်ကို အိတ်ထဲထည့်၊ သတိလစ်သွားအောင် ရိုက်ပြီး ငါးမန်းစာအဖြစ် ပင်လယ်ထဲ ပစ်ချလိုက်မှာ အသေအချာပင်။
ကလဲ့စားချေတယ်ဆိုတာ မြန်ဆန်ပြီး အားရကျေနပ်စရာ ကောင်းရမယ်လေ၊ မဟုတ်ရင် ညဘက် ဘယ်လိုလုပ် အိပ်ပျော်မှာလဲ။
အကယ်၍ ထိုလူယုတ်မာနှစ်ယောက်သာ သူမ လမ်းမှာ လာရှုပ်ရင် ပထမဆုံး အခန်းမှာတင် သေသွားလောက်ပြီ။
သို့သော် ဝတ္ထုထဲမှာတော့ လူယုတ်မာနဲ့ သစ္စာဖောက်မက အပြစ်ပေးမခံရဘဲ အကြာကြီး ကဲနေကြပြီး ဇာတ်သိမ်းအထိတောင် ပါသွားကြသေးသည်။
အဆိုးဆုံးက ဘာလဲဆိုတော့ ဇာတ်လမ်းက ရုတ်တရက်ကြီး ပြီးသွားတယ်၊ မင်းသမီးကလည်း ကလဲ့စားချေတာတွေ မလုပ်တော့ဘဲ နောက်ထပ် အချစ်စစ် အသစ်နောက်ကိုပဲ ပြေးလိုက်သွားတာတဲ့လေ။
တကယ်ကြီးကို... တကယ့်ကို စိတ်ပျက်စရာကြီး။
ထျဲလန်ယန် ဒါတွေအားလုံးကို ပြန်တွေးမိတဲ့အခါ ယွီချင်းချုံကို စိတ်ပျက်တဲ့ အကြည့်လေးနဲ့ ကြည့်လိုက်မိသည်။
အစ်မရေ... အသက်တစ်ကျော့ ပြန်ရှင်ခွင့်ရတာတောင် ဦးနှောက်ကို ကောင်းကောင်းအသုံးမချသေးဘူးလား။
တကယ့်ကို ကောင်းမွန်လှတဲ့ အခွင့်အရေးကြီးကို ဖြုန်းတီးပစ်လိုက်တာပဲ။