အခန်း (၃၁၁-၃၁၂)
Vol. 32 Ch. 311-312
အခန်း (၃၁၁) - သိုင်းလောကထိပ်သီးများ စုဝေးခြင်း
“ဗိုလ်ချုပ်ကြီး... စစ်သည်တွေ နေရာရှင်းလင်းရေး လုပ်နေကြပါပြီ”
ရွှီချန်မှာ အလယ်တွင် မတ်တတ်ရပ်နေပြီး သူ၏ဘေး၌ ဒုဗိုလ်ချုပ်ကြီးလေးဦးက ခြံရံထားလေသည်။
ဒုဗိုလ်ချုပ်ကြီးကူသည် လက်ရှိအခြေအနေကို ရွှီချန်ထံ သတင်းပို့လိုက်သည်။
“စန့်ယင်ဂိုဏ်းသားတွေအားလုံးကို သတ်တာကိုသတ်၊ ဖမ်းရမှာကိုဖမ်းပြီးပါပြီ။ ဒီကျွန်းမှာ လူနေထိုင်ဖို့အတွက် စန့်ယင်ဂိုဏ်းက ဖမ်းဆီးလာတဲ့သူတွေကိုတော့ ကျွန်တော်တို့ ဘာအနှောင့်အယှက်မှ မပေးခဲ့ပါဘူး”
“သူတို့ကို ဒုက္ခပေးစရာ မလိုပါဘူး။ စန့်ယင်ဂိုဏ်းရဲ့ စခန်းလည်း ပျက်စီးသွားပြီဆိုတော့ သူတို့ကို ဒီမှာပဲ ဆက်နေခိုင်းလိုက်ပါ”
ရွှီချန်ထံတွင် သတ်ဖြတ်လိုသော ရက်စက်မှုသိပ်မရှိချေ။
“ဒါပေမဲ့ မပြန်ခင်တော့ ဘယ်သူမှ လွတ်မသွားအောင် သေချာစစ်ဆေးဖို့တော့ လိုလိမ့်မယ်”
ရွှီချန်က ပြောလိုက်သည်။
“စိတ်ချပါ ဗိုလ်ချုပ်ကြီး”
ဒုဗိုလ်ချုပ်ကြီးကူက ပြန်လည်ဖြေကြားလေသည်။
“ဒါနဲ့... ပင်လယ်နီမိစ္ဆာဂိုဏ်းရဲ့ မျိုးစေ့တွေထဲမှာ ဘယ်သူက စွမ်းဆောင်ရည် အကောင်းဆုံးလဲ”
ရွှီချန်က မေးမြန်းလိုက်သည်။
“ယွိချောင့်နဲ့ ရွှီနင်ပါ”
ဒုဗိုလ်ချုပ်ကြီးကူက တုံဆိုင်းခြင်းမရှိဘဲ ဖြေလိုက်သည်။
“တကယ်ပဲ ဒီနှစ်ယောက် ဖြစ်နေတာကိုး...”
ရွှီချန်မှာ လုံးဝအံ့သြသွားခြင်း မရှိပေ။
“ဒီနှစ်ယောက်က ပင်လယ်နီမိစ္ဆာဂိုဏ်းရဲ့ ဂိုဏ်းချုပ်နေရာအတွက် မယှဉ်နိုင်ခဲ့ရင်တောင် ဂိုဏ်းအကြီးအကဲတစ်ယောက် ဖြစ်လာဖို့ကတော့ မခဲယဉ်းလောက်ဘူး”
“ကောင်းပြီ... ကျန်တဲ့ကိစ္စတွေကို သွားရှင်းလိုက်ဦး။ စစ်သည်တွေအားလုံးကို ဒီမှာသုံးရက်လောက် နားခိုင်းလိုက်ပါ။ သုံးရက်နေရင် ငါတို့ပြန်ကြမယ်”
ရွှီချန်ကအမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ပါ ဗိုလ်ချုပ်ကြီး”
ဒုဗိုလ်ချုပ်ကြီးကူက နာခံလိုက်လေသည်။
“ရွှီနင်”
တိုက်ပွဲအပြီးတွင် ယွိချောင့်သည် ရွှီနင်ကို ပြန်ရှာတွေ့သွားလေသည်။
“နင်စန့်ယင်ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ကို အရှင်ဖမ်းမိခဲ့တယ်ဆို”
ယွိချောင့်က မေးလိုက်သည်။
“ကံကောင်းလို့ ဖမ်းမိသွားတာပါ။ အဲဒီလူက ဒဏ်ရာရထားတဲ့အပြင် ဒုဗိုလ်ချုပ်ကြီးကူရဲ့ လိုက်လံတိုက်ခိုက်တာကို ခံနေရတော့ ငါလည်း အခွင့်ကောင်းယူပြီး ဝင်ဖမ်းလိုက်တာလေ”
ရွှီနင်ကပြန်ဖြေလိုက်သည်။
“စန့်ယင်ဂိုဏ်းကို နှိမ်နင်းတဲ့ ဒီတာဝန်မှာ နင့်ရဲ့ စွမ်းဆောင်ရည်က အကောင်းဆုံးပဲနော်”
ယွိချောင့်၏နှုတ်ခမ်းများ တွန့်ကွေးသွားသော်လည်း သူမ၏ လေသံတွင် မနာလိုမှု တစ်စုံတစ်ရာမပါဝင်ချေ။
“ငါလည်း အတိုင်းအတာတစ်ခုအထိ လုပ်ဆောင်နိုင်ခဲ့ပေမဲ့ နင်နဲ့ယှဉ်ရင် အများကြီး ကွာနေသေးတယ်။ ကြည့်ရတာ သွမ့်ချောင်မြန်တစ်ယောက်လောက်ပဲ နင့်ကို ကျော်တက်နိုင်တော့မယ် ထင်တယ်”
ယွိချောင့်ကဆက်ပြောလေသည်။
သွမ့်ချောင်မြန် သွားရောက်ဖျက်စီးရသောစခန်းမှာ သူတို့နှင့် မတူညီသော်လည်း သွမ့်ချောင်မြန်၏ စွမ်းအားဖြင့်ဆိုပါက အများအပြားရရှိခဲ့မည်မှာ အသေအချာပင်။
“ရွှီနင်... နင်က ဂိုဏ်းငယ်လေးတစ်ခုရဲ့ ဂိုဏ်းချုပ်ဆို"
ယွိချောင့်ကစကားစလိုက်သည်။
“ဟုတ်တယ်... ငါ့ဂိုဏ်းနာမည်က ယန့်လုဂိုဏ်းလို့ ခေါ်တယ်။ လွန်ခဲ့တဲ့ နှစ်နှစ်သုံးနှစ်လောက်ကမှ ပြန်တည်ထောင်ထားတာ”
ရွှီနင်က ဖြေလိုက်လေသည်။
“အခွင့်အရေးရရင် အဲဒီကို ဧည့်သည်အနေနဲ့ အလည်လာခဲ့မယ်နော်”
ယွိချောင့်က ပြောလိုက်သည်။
“အချိန်မရွေး ကြိုဆိုပါတယ်”
ရွှီနင် ပြုံးလိုက်သည်။
“ဟင်”
သူတို့နှစ်ဦး ပေါ့ပေါ့ပါးပါး စကားစမြည်ပြောနေစဉ် ခေါင်းပေါ်ရှိ ကြည်လင်နေသော ကောင်းကင်ယံသည် ရုတ်တရက် အနည်းငယ် မှောင်မိုက်သွားသည်ကို ရွှီနင် သတိထားမိလိုက်သည်။
ယွိချောင့်လည်း ထိုအချက်ကို သတိပြုမိသွားသည်။
ရွှီး...
ထိုအခိုက်အတန့်တွင် ပြင်းထန်သော လေပြင်းများ ရုတ်တရက် တိုက်ခတ်လာပြီး ကျွန်းတစ်ကျွန်းလုံးအပေါ်၌ မည်းမှောင်သော တိမ်တိုက်ကြီးများ စုဝေးလာလေသည်။
ချက်ချင်းဆိုသလိုပင် ထိုတိမ်တိုက်ကြီးများသည် ကျွန်းတစ်ခုလုံးကို အပြည့်အဝ ဝါးမျိုပစ်တော့မည့်အလား သိသိသာသာ နိမ့်ဆင်းလာတော့သည်။
‘ဘာတွေဖြစ်နေတာလဲ’
ရွှီနင်သည် ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခု ချဉ်းကပ်လာသကဲ့သို့ ဖိအားများ သိသိသာသာ မြင့်တက်လာသည်ကို ခံစားလိုက်ရသည်။
အန္တရာယ်နှင့် နီးကပ်လာပြီဖြစ်ကြောင်း သဘောပေါက်သွားသဖြင့် ယွိချောင့်မှာလည်း မျက်မှောင်ကြုံ့သွားလေသည်။
မကြာမီတွင် တိမ်မည်းကြီးများသည် ဆက်လက် နိမ့်ဆင်းလာခြင်း မရှိတော့ပေ။ ထိုတိမ်တိုက်များသည် မြေပြင်နှင့် မီတာတစ်ရာပင် မကွာဝေးတော့ချေ။
မည်းမှောင်နေသော တိမ်တိုက်များထဲမှ လူရိပ်တစ်ခုသည် ဖြည်းညင်းစွာ ဆင်းသက်လာလေသည်။
ထိုသူ့ထံမှ ကြီးမားလှသော ဖိအားများ ထွက်ပေါ်နေလေသည်။ ရွှီနင်နှင့်ယွိချောင့်တို့ပင်လျှင် သူ့အား ကြည့်ရုံဖြင့် အနည်းငယ် အသက်ရှူကျပ်လာသလို ခံစားလိုက်ရသည်။
ကျွန်းပေါ်ရှိ သာမန်တာအိုနယ်ပယ် သိုင်းပညာရှင်များသည် မိမိတို့၏ ခန္ဓာကိုယ်များမှာ အမိန့်မနာခံတော့သလို ခံစားနေရပြီး တာအိုနယ်ပယ်အောက်တွင် ရှိနေသူများမှာမူ မြေပြင်ပေါ်တွင် အကူအညီမဲ့စွာ လဲကျနေကြတော့သည်။
“ဒီစွမ်းအင်အငွေ့အသက်က...”
ယွိချောင့် မျက်မှောင်ကြုံ့လိုက်မိလေသည်။
“ဒါက သိုင်းသခင်တစ်ယောက်ရဲ့ စွမ်းအားပဲ”
“သိုင်းသခင်ရဲ့ စွမ်းအားဟုတ်လား”
ရွှီနင်၏ရင်ထဲ တင်းကျပ်သွားလေသည်။
ဝမ်ရှန့်ပြည်နယ်တွင် သွမ့်တော်ဝင်မိသားစု၏ သိုင်းသခင်တစ်ဦးတည်းသာ ဤနယ်ပယ်သို့ ရောက်ရှိထားခြင်း ဖြစ်သည်။
သို့သော် အကယ်၍ သူသာ ရောက်လာခဲ့လျှင် နန်းတော်၏ အင်အားစုများကို ဤကဲ့သို့ ဖိအားပေးမည် မဟုတ်ပေ။
“ဒီလူက ယွီကျီးယင်များ ဖြစ်နေမလား”
ယွိချောင့်က တစ်စုံတစ်ခုကို သဘောပေါက်သွားပုံ ရလေသည်။
“ယွီကျီးယင် ဟုတ်လား”
ရွှီနင်၏ စိတ်ထဲတွင် ထိတ်ခနဲ ဖြစ်သွားရသည်။
ရွှီနင်သည် ယခုအခါ စန့်ယင်ဂိုဏ်းအကြောင်းကို ကောင်းစွာ နားလည်နေပြီ ဖြစ်သည်။
ယွီကျီးယင်သည် စန့်ယင်ဂိုဏ်းအား တည်ထောင်ခဲ့သူဖြစ်ကြောင်း သူသိထားသည်။
အချိန်ကြာမြင့်စွာ ပေါ်မလာခဲ့သော်လည်း သူသည် စန့်ယင်ဂိုဏ်း၏ အမည်ခံဂိုဏ်းချုပ် ဖြစ်လေသည်။
ပြင်ပလောကတွင် ယွီကျီးယင်သည် သွမ့်မိသားစုမှ သိုင်းသခင်နှင့် ခေတ်တူ ပါရမီရှင်တစ်ဦးဖြစ်ပြီး သူတို့၏ ပါရမီများမှာ ယှဉ်နိုင်စွမ်းရှိသည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့ဖူးလေသည်။
ယွီကျီးယင်တစ်ယောက် တစ်ကိုယ်တော်ကျင့်ကြံခဲ့သည့် နှစ်များအတွင်းတွင် လူအချို့မှာ သူသည် တာအိုနယ်ပယ်၏ အဟန့်အတားကို ချိုးဖျက်ကာ သိုင်းသခင်နယ်ပယ်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ခန့်မှန်းခဲ့ကြသည်။
ယခုကြည့်ရသည်မှာ ထိုခန့်မှန်းချက်များက မှန်ကန်နေပုံရပေသည်။
‘သူ့ဂိုဏ်းဖျက်ဆီးခံလိုက်ရလို့ ယွီကျီးယင် ရောက်လာတာများလား’
ရွှီနင်နှင့်ယွိချောင့်တို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်မိကြသည်။
“ဒီလောက်လွယ်လွယ်လေးနဲ့ ပျက်စီးသွားရတယ်လို့...”
လေထဲတွင်ရပ်နေသော ထိုလူရိပ်သည် မြေပြင်ပေါ်ရှိ ရှုပ်ပွနေသော အခြေအနေများကို ငုံ့ကြည့်လိုက်သည်။
သူသည် ဝတ်ရုံရှည်ကြီးအား ဝတ်ဆင်ထားပြီး သူ၏ဆံပင်ရှည်ကြီးများသည် လေထဲတွင် လွင့်လူးနေလေသည်။ သူ၏ကိုယ်ပေါ်တွင် လူ့လောကအရေးကိစ္စများနှင့် ကင်းကွာနေသော အငွေ့အသက်များ ရှိနေလေသည်။
ထိုသူက သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။
“စန့်ယင်ဂိုဏ်းကို တည်ထောင်ခဲ့တာက စိတ်ကူးပေါက်လို့ လုပ်ခဲ့တာဆိုပေမဲ့ ဒီလိုအခြေအနေမျိုး ဖြစ်သွားတာကတော့ တော်တော်လေး အရှက်ရစရာပဲ...”
ရွှီနင်နှင့်ယွိချောင့်တို့ ခန့်မှန်းထားသည့်အတိုင်းပင် ဤသူမှာ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့သည့် စန့်ယင်ဂိုဏ်းအား တည်ထောင်သူ ယွီကျီးယင်ပင် ဖြစ်လေသည်။
“ဒီလိုဆိုတော့လည်း...”
ယွီကျီးယင်သည် လက်ကိုဝှေ့ယမ်းလိုက်ရာ
သူ့အောက်ဘက်ရှိ ဟင်းလင်းပြင်ကြီးမှာ လှုပ်ခတ်သွားလေသည်။
ထိုနေရာရှိ ရာနှင့်ချီသော နန်းတော်တပ်ဖွဲ့ဝင်များသည် အသံတစ်ချက်မျှပင် မထွက်လိုက်ရဘဲ ချက်ချင်း ဖျက်ဆီးခံလိုက်ရတော့သည်။
‘သိပ်စွမ်းလွန်းတယ်...’
ရွှီနင်နှင့်ယွိချောင့်တို့သည် တိုက်ခိုက်ခံရသောနေရာနှင့် သိပ်မဝေးလှချေ။ သူတို့သည် အရာအားလုံးကို မြင်တွေ့လိုက်ရသည်။
အကယ်၍ သူတို့သာ ထိုတိုက်ခိုက်မှုကို ခံလိုက်ရပါက ရလဒ်မှာ အတူတူပင်ဖြစ်မည်ဟု ခံစားလိုက်ရလေသည်။
ယွီကျီးယင်က လက်ကိုနောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်ပြန်သည်။
“ရပ်လိုက်စမ်း”
ထိုအခိုက်တွင် ရွှီချန်က ရုတ်တရက် ရှေ့သို့ ထွက်လာခဲ့သည်။
သူသည် မြေပြင်ပေါ်တွင်ရပ်ကာ ယွီကျီးယင်ကို မော့ကြည့်လိုက်သည်။
ကြီးမားလှသောဖိအားကြောင့် အကြောက်တရားကို ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်ထဲရှိ အရိုးများပင် အက်ကွဲသွားသော်လည်း ရွှီချန်မှာ အံကိုကြိတ်ကာ မတ်တတ်ရပ်နေဆဲပင်။
“အို... ကောင်လေး... မင်းဆီမှာ သူ့ရဲ့အရိပ်အယောင်တွေ ရှိနေပါလား”
ယွီကျီးယင်မှာ တာအိုနယ်ပယ်အဆင့်ကိုး၏ အထွတ်အထိပ်သို့ ရောက်ရှိနေသော သိုင်းပညာရှင်တစ်ဦးဖြစ်သည့် ရွှီချန်အား ကလေးတစ်ယောက်လို ငုံ့ကြည့်လိုက်သည်။
“ဒီလိုမှတော့လည်း အရင်ဆုံး ငရဲပြည်ကို သွားနှင့်လိုက်တော့”
ယွီကျီးယင်က လက်ကိုမြှောက်လိုက်ရာ ကြီးမားလှသော စွမ်းအားကြီးတစ်ခုသည် ရွှီချန်အပေါ်သို့ ကျဆင်းလာလေသည်။
သို့သော် ဤအရေးကြီးသော အခိုက်အတန့်တွင် မည်းမှောင်နေသော တိမ်တိုက်များထဲမှ ရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။
ရွှီး... ရွှီး... ရွှီး...
မျက်စိတစ်မှိတ်အတွင်းမှာပင် တိမ်မည်းကြီးများ ကွဲလွင့်သွားပြီး ငွေရောင်ဆံပင်နှင့် လူငယ်တစ်ဦး၊ ဆံပင်အနက်ရောင်နှင့် အမျိုးသားတစ်ဦးတို့သည် ယွီကျီးယင်နှင့် မျက်နှာချင်းဆိုင် ရပ်လိုက်ကြသည်။
ယွီကျီးယင်၏ အစောပိုင်းတိုက်ခိုက်မှုသည်လည်း ပျက်ပြယ်သွားတော့သည်။
“အို... မင်းတို့လည်း ဒီရောက်နေတာလား”
ယွီကျီးယင်မှာ အံ့သြသွားပုံရသည်။
‘ဆရာနဲ့ ပင်လယ်နီမိစ္ဆာသခင်ပဲ’
ရွှီချန်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ပျော်ရွှင်သွားပုံရလေသည်။
ငွေရောင်ဆံပင်နှင့်လူငယ်၏ စွမ်းအားနှင့် သူ၏ဘေးတွင် ပင်လယ်နီမိစ္ဆာသခင် ရပ်နေခြင်းတို့ကြောင့် ထိုလူငယ်၏ သရုပ်မှန်ကို ရွှီနင်လည်း အတည်ပြုနိုင်လိုက်သည်။
“ယွီကျီးယင်...”
သွမ့်ဟွေးယွဲ့က လက်များကို ခါယမ်းလိုက်ရာ သူ၏ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကြီးမှာ တုန်ခါသွားလေသည်။
နောက်တစ်ခဏတွင် သူတို့သုံးဦးလုံးမှာ လေထဲ၌ ပျောက်ကွယ်သွားကြတော့သည်။
အဆုံးမဲ့ပင်လယ်ပြင်ကြီး၏အထက် မိုးကြိုးတိမ်တိုက်များကြားတွင် လူရိပ်သုံးခု ရပ်နေကြသည်။
“ယွီကျီးယင်... မင်းတကယ်ပဲ ဒုတိယအမျိုးအစား ကမ္ဘာ့မူလရင်းမြစ်ကို နားလည်သဘောပေါက်သွားပြီး တာအိုနယ်ပယ်ရဲ့ အဟန့်အတားကို ချိုးဖျက်နိုင်ခဲ့တာပဲ”
သွမ့်ဟွေးယွဲ့က သူ၏ရှေ့ရှိ အမျိုးသားအား လေးနက်သောအမူအရာဖြင့် ကြည့်လိုက်သည်။
သူ၏ဘေးတွင်ရှိသော ပင်လယ်နီမိစ္ဆာသခင် သွမ့်ဟွေးယောင့်မှာမူ ပို၍ပင် လေးနက်သောအမူအရာ ရှိနေလေသည်။
“သွမ့်ဟွေးယွဲ့... သွမ့်ဟွေးယောင့်... ငါတို့မတွေ့ရတာ နှစ်တွေတောင်ကြာခဲ့ပြီပဲ”
ယွီကျီးယင်၏မျက်နှာပေါ်တွင် မိတ်ဆွေဟောင်းများနှင့် ပြန်လည်ဆုံတွေ့ရသဖြင့် ကျေနပ်သော အမူအရာတစ်ခု ပေါ်လာလေတော့သည်။
အခန်း (၃၁၂) - ကမ္ဘာလောကများ၏ မူလရင်းမြစ်
ယွီကျီးယင်၏ စကားများကို ကြားပြီးနောက် သွမ့်ဟွေးယောင့်နှင့် သွမ့်ဟွေးယွဲ့တို့၏ မျက်လုံးများထဲတွင် အတိတ်ကို လွမ်းဆွတ်တမ်းတသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားလေသည်။
အထူးသဖြင့် သွမ့်ဟွေးယွဲ့၏ အတွေးများသည် သူ၏ ငယ်ရွယ်စဉ်ကာလများဆီသို့ ပြန်လည်ရောက်ရှိသွားချေပြီ။
ထိုအချိန်က သွမ့်အင်ပါယာမိသားစုမှ ဖွားမြင်လာသော သူနှင့် သာမန်ဂိုဏ်းတစ်ခုမှ ဖွားမြင်လာသော ယွီကျီးယင်တို့သည် ပြိုင်ဘက်ကင်း ပါရမီရှင်နှစ်ဦးအဖြစ် ချီးကျူးခံခဲ့ရပေသည်။
သူတို့ ငယ်ရွယ်စဉ်ကပင် သူတို့နှစ်ဦးသည် တာအိုနယ်ပယ်၏ အမြင့်ဆုံးအဆင့်အထိ ကြီးထွားလာမည်ဖြစ်ကြောင်း လူတိုင်းက ကောက်ချက်ချခဲ့ကြလေသည်။
သို့သော်လည်း လက်တွေ့အခြေအနေက ပို၍ပင် အံ့မခန်းဖြစ်ခဲ့ပေသည်။ သွမ့်ဟွေးယွဲ့ဖြစ်စေ၊ ယွီကျီးယင်ဖြစ်စေ သူတို့သည် လူအများမျှော်လင့်ထားသည့် အဆင့်သို့ ရောက်ရှိရုံသာမကဘဲ တာအိုနယ်ပယ်အထက်မှ သိုင်းသခင်ကြီးများပင် ဖြစ်လာခဲ့ကြလေသည်။
လွန်ခဲ့သော နှစ်ပေါင်းရာချီက သူတို့နှစ်ဦးလုံး၏ ပါရမီများမှာ ထိပ်တန်းအဆင့်တွင် ရှိနေသောကြောင့် သွမ့်ဟွေးယွဲ့နှင့် ယွီကျီးယင်တို့သည် တစ်ဦးနှင့်တစ်ဦး ရင်းနှီးသော မိတ်ဆွေများ ဖြစ်လာခဲ့ကြသည်။
သို့သော် နောက်ပိုင်းတွင် ကိစ္စတစ်ခု ဖြစ်ပွားခဲ့ပြီး သူတို့နှစ်ဦး၏ ဆက်ဆံရေးကို ပျက်ပြားသွားစေခဲ့သည်။
ထိုအချိန်က ယွီကျီးယင်၏ ဆရာဖြစ်သူ၊ ယင်ဝုဂိုဏ်း၏ ဂိုဏ်းချုပ်သည် မူလအချိတ်အဆက်နယ်ပယ်တွင် တစ်ဆို့နေပြီး ရှေ့ဆက်၍ အဆင့်မတက်နိုင်ဘဲ ဖြစ်နေခဲ့သည်။
သို့သော် အဆင့်အတားအဆီးများကို ချိုးဖျက်နိုင်ရန်အတွက် ယွီကျီးယင်၏ ဆရာသည် မိစ္ဆာကျင့်စဉ်တစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့လေသည်။
သို့သော်လည်း ထိုမိစ္ဆာကျင့်စဉ်သည် ပင်လယ်နီမိစ္ဆာသခင်၏ အခြေအနေနှင့်မတူဘဲ သာမန်သိုင်းပညာလမ်းကြောင်းမှ သွေဖည်သွားရုံမျှမဟုတ်ချေ။
အဆင့်ချိုးဖျက်တက်လှမ်းနိုင်ရန်အတွက် အစွမ်းထက်သော သိုင်းပညာရှင်များ၏ သွေးများကို လိုအပ်ပေသည်။
ထို့ကြောင့် ယွီကျီးယင်၏ ဆရာသည် တရားဝင်ဂိုဏ်းများမှ တပည့်များနှင့် တာဝန်ခံအကြီးအကဲများ အပါအဝင် စွမ်းအားကြီးမားသော သိုင်းပညာရှင်များကို တိတ်တဆိတ် လိုက်လံသတ်ဖြတ်ခဲ့လေသည်။
ဤကိစ္စအား အစပိုင်းတွင် လျှို့ဝှက်ထားနိုင်ခဲ့သော်လည်း နောက်ပိုင်း၌ ယွီကျီးယင်၏ ဆရာသည် ရည်မှန်းချက် ပိုမိုကြီးမားလာခဲ့ပြီး သူ၏ လုပ်ရပ်များမှာ တဖြည်းဖြည်း ပေါ်ပေါက်လာကာ နောက်ဆုံးတွင် နန်းတွင်းမှ သိရှိသွားခဲ့တော့သည်။
နန်းတွင်း၏ စည်းမျဉ်းများအရ ယွီကျီးယင်၏ ဆရာမှာ သေဒဏ်ကျခံရမည် ဖြစ်ပေသည်။
သို့သော် ယွီကျီးယင်၏ ဆရာ ဖမ်းဆီးခံရပြီးသည်နှင့် ယွီကျီးယင်သည် သွမ့်ဟွေးယွဲ့ထံ လာရောက်ကာ တောင်းပန်ခဲ့လေသည်။
သွမ့်ဟွေးယွဲ့၏ အဆင့်အတန်းအရ သူသာ ကြားဝင်စွက်ဖက်ရန် ဆန္ဒရှိပါက ဆရာဖြစ်သူ၏ အသက်ကို အမှန်တကယ် ကယ်တင်နိုင်ပေသည်။
သို့သော် သွမ့်ဟွေးယွဲ့မှာ ယွီကျီးယင်၏ ဆရာသည် သေထိုက်သည်ဟု ခံစားရသောကြောင့် ယွီကျီးယင်၏ တောင်းဆိုမှုကို ငြင်းဆန်ခဲ့လေသည်။
ထို့ကြောင့် နောက်ဆုံးတွင် ယွီကျီးယင်၏ ဆရာသည် အသတ်ခံလိုက်ရတော့သည်။
ယွီကျီးယင်နှင့် သူ၏ ဆရာတို့ကြားတွင် နက်ရှိုင်းသော သံယောဇဉ်ရှိသောကြောင့် ဤအဖြစ်အပျက်မှာ ယွီကျီးယင်အပေါ် ကြီးမားသော သက်ရောက်မှု ဖြစ်စေခဲ့သည်။
သူ၏ စိတ်နေသဘောထားများမှာ အကြီးအကျယ် ပြောင်းလဲသွားပြီး သွမ့်ဟွေးယွဲ့နှင့် ဆက်ဆံရေးကိုလည်း ဖြတ်တောက်လိုက်တော့သည်။
ထို့နောက် ယွီကျီးယင်သည် တံခါးပိတ်ကျင့်ကြံခဲ့သည်။ မူလအစနယ်ပယ်သို့ ချိုးဖျက်တက်လှမ်းပြီးနောက် သူ၏ ကလဲ့စားချေလိုစိတ်များ တစ်ဖန် ပြန်လည်နိုးကြားလာခဲ့လေသည်။
သူသည် ဆရာဖြစ်သူအား ဖမ်းဆီးခဲ့သော နန်းတွင်းမှ သိုင်းပညာရှင်များကို သတ်ဖြတ်ခဲ့ပြီး ဤကိစ္စနှင့် ပတ်သက်နေသူ အများအပြားကိုလည်း ကလဲ့စားချေခဲ့သည်။
သဘာဝကျစွာပင် နန်းတော်မှာ အကြီးအကျယ် ဒေါသထွက်သွားခဲ့သည်။ သူတို့သည် ယွီကျီးယင်အား သတ်ဖြတ်ရန် အမိန့်ထုတ်ခဲ့ပြီးနောက် ယင်ဝုဂိုဏ်းကိုလည်း အတင်းအကျပ် ဖျက်သိမ်းပစ်ခဲ့လေသည်။
ဤကိစ္စအား သွမ့်ဟွေးယွဲ့ ကြားသိရပြီးနောက် ယွီကျီးယင်နောက်သို့ ကိုယ်တိုင်ကိုယ်ကျ လိုက်လံဖမ်းဆီးခဲ့သည်။ သူ့ကို မီသွားသောအခါ သူတို့နှစ်ဦးကြားတွင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ပေသည်။
နောက်ဆုံးတွင် နှစ်ဦးလုံး ဒဏ်ရာရရှိခဲ့ကြသော်လည်း ယွီကျီးယင်မှာမူ အဝေးသို့ ထွက်ပြေးလွတ်မြောက်သွားပြီး ပင်လယ်ရပ်ခြားတွင် ပျောက်ကွယ်သွားခဲ့တော့သည်။
နှစ်ပေါင်းရာချီကြာပြီးနောက် ယင်ဝုဂိုဏ်းနှင့် အမည်ဆင်တူသော စန့်ယင်ဂိုဏ်း ပေါ်ပေါက်လာပြီး ဝမ်ရှန့်ပြည်နယ်တွင် ပြဿနာများ စတင်ဖန်တီးလာခဲ့သည်။ ဤအချိန်တွင် ယွီကျီးယင်၏ အမည်သည် တစ်ဖန် ပြန်လည်ထွက်ပေါ်လာခဲ့ပြန်သည်။
ယခုမူ အချိန်ကြာမြင့်စွာ ကုန်လွန်ပြီးနောက် နှစ်ဖက်လုံးမှာ နောက်ဆုံးတွင် ပြန်လည်ဆုံတွေ့ခဲ့ကြချေပြီ။
“ယွီကျီးယင်၊ မင်းက စန့်ယင်ဂိုဏ်းကို တည်ထောင်ပြီး အကြောင်းမဲ့ သတ်ဖြတ်မှုတွေ လုပ်ခဲ့တယ်၊ ပြီးတော့ ဝမ်ရှန့်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးကိုလည်း ဖျက်ဆီးခဲ့တယ်။ မင်းက ခွင့်လွှတ်လို့မရတဲ့ အပြစ်တွေကို ကျူးလွန်ခဲ့တာပဲ”
သွမ့်ဟွေးယွဲ့၏ မျက်လုံးများထဲမှ လွမ်းဆွတ်နေသည့် အရိပ်အယောင်များ ပျောက်ကွယ်သွားခဲ့လေပြီ။
သူ့ရှေ့ရှိ ယွီကျီးယင်မှာ သူ၏ မိတ်ဆွေမဟုတ်တော့ဘဲ ရန်သူသာ ဖြစ်နေချေပြီ။
“သွမ့်ဟွေးယွဲ့၊ မင်းနဲ့ငါက အခုဆိုရင် ဒီလိုအဆင့်အထိ ရောက်နေကြပြီလေ။ ဒီစကားတွေ ပြောနေတာက အဓိပ္ပာယ်ရှိသေးတယ်လို့ မင်းထင်နေတာလား”
ယွီကျီးယင်က ရယ်မောလိုက်သည်။
“ကမ္ဘာ့မူလရင်းမြစ် နှစ်ခုကို နားလည်သဘောပေါက်ပြီးတဲ့နောက်မှာ ငါတို့က အဲဒီပုရွက်ဆိတ်တွေနဲ့ တူညီတဲ့အဆင့်မှာ မရှိတော့ဘူး”
“ဒါပေမဲ့ မင်းကိုယ်တိုင်လည်း ပုရွက်ဆိတ်တစ်ကောင်ဘဝကနေ တစ်ဆင့်ချင်း ကြီးပြင်းလာခဲ့ရတာပဲလေ”
သွမ့်ဟွေးယွဲ့က လေးနက်သောအသံဖြင့် ပြောလိုက်သည်။
ယွီကျီးယင်က ခေါင်းခါလိုက်သည်။
“မင်းသဘောပါပဲ”
“ဒီနေ့ မင်းရောက်လာပြီဆိုတော့ စန့်ယင်ဂိုဏ်းကို ဖျက်ဆီးခဲ့တဲ့ ဒီလူတွေကို ငါလွှတ်ပေးလိုက်ပါ့မယ်”
ယွီကျီးယင်က ဆက်ပြောသည်။
“ဘယ်လိုပဲဖြစ်ဖြစ် စန့်ယင်ဂိုဏ်းဆိုတာ ငါစိတ်ကူးပေါက်လို့ ဖန်တီးခဲ့တဲ့ ကစားစရာတစ်ခုပဲ။ ဒါက ကိစ္စသေးသေးလေးတစ်ခုပါ။ ဖျက်ဆီးခံလိုက်ရရင်လည်း ဖျက်ဆီးခံလိုက်ရတာပေါ့...”
“ငါသွားတော့မယ်၊ ဒါပေမဲ့ နောက်တစ်ခါ ငါတို့တွေ့တဲ့အခါကျရင်တော့ သေခြင်းရှင်ခြင်းတိုက်ပွဲ ဆင်နွှဲရမယ့်အချိန် ဖြစ်နေလိမ့်မယ်”
ယွီကျီးယင်က သူ့အင်္ကျီလက်စများကို ပေါ့ပေါ့ပါးပါး ခါယမ်းလိုက်သည်။
“နောက်တစ်ခါအထိ စောင့်နေစရာ မလိုပါဘူး၊ ငါတို့ အခုပဲ တိုက်ခိုက်လို့ ရနေပြီပဲ
သွမ့်ဟွေးယွဲ့၏ ခန္ဓာကိုယ်အတွင်းမှ မူလစွမ်းအင်များ ဆူပွက်လာလေသည်။
သို့သော် သူ၏ မူလစွမ်းအင်သည် ရွှီနင်တို့၏ စွမ်းအင်များနှင့် မတူညီပေ။ သူ၏ မူလစွမ်းအင်သည် မတူညီသော လည်ပတ်မှုလမ်းကြောင်း နှစ်ခုနှင့် ရောနှောနေသဖြင့် သိသာစွာပင် ပို၍ နက်နဲနေလေသည်။
ကမ္ဘာနှစ်ခု၏ မူလရင်းမြစ်များမှာ ပါဝင်လျက်ရှိပြီး မူလရင်းမြစ်များ၏ နက်နဲသော အခြေခံသဘောရားကို နားလည်သူများသာလျှင် ၎င်းတို့ကို အပြန်အလှန် အတည်ပြုနိုင်ပြီး တာအိုနယ်ပယ်၏ အဆင့်အတားအဆီးကို ချိုးဖျက်နိုင်ပေလိမ့်မည်။
“ငါတို့ တကယ်ပဲ တိုက်ခိုက်ရတော့မှာလား”
ယွီကျီးယင်မှာ ကြောက်ရွံ့နေခြင်း မရှိပေ။
သူက ခေါင်းကို ညင်သာစွာ ယမ်းလိုက်ပြီး ပြောလိုက်သည်။
“တကယ်တော့ ငါတို့ရဲ့ ခွန်အားတွေက ကွာခြားချက် မရှိဘူး။ တိုက်ခိုက်နေလည်း အဓိပ္ပာယ်မရှိဘူးလေ”
“ဟွေးယောင့်၊ ဘေးဖယ်နေလိုက်”
သွမ့်ဟွေးယွဲ့က သူ့ဘေးရှိ သွမ့်ဟွေးယောင့်ကို သတိပေးလိုက်သည်။
သူသည် တိုက်ခိုက်ရန် ပြတ်သားစွာ ဆုံးဖြတ်ထားပြီး ဖြစ်သည်။
“ဂရုစိုက်ပါ”
သွမ့်ဟွေးယောင့်က သတိပေးလိုက်ပြီးနောက် တိုက်ပွဲမြေပြင်မှ ပျောက်ကွယ်သွားလေသည်။
သူသာ ဤနေရာတွင် ဆက်ရှိနေပါက သွမ့်ဟွေးယွဲ့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်သွားပေလိမ့်မည်။
ယွီကျီးယင်သည် သွမ့်ဟွေးယောင့် ထွက်သွားသည်ကို တားဆီးရန် မည်သည့်ရည်ရွယ်ချက်မျှမရှိဘဲ ကြည့်နေလိုက်သည်။
“ယွီကျီးယင်၊ ဒီနေ့ အရာအားလုံးကို အဆုံးသတ်လိုက်ကြစို့”
သွမ့်ဟွေးယွဲ့၏ ခန္ဓာကိုယ်အတွင်းမှ မူလစွမ်းအင်များ ပေါက်ကွဲထွက်လာလေသည်။
သူ၏ စွမ်းအင်အရှိန်အဝါများ ရုတ်တရက် မြင့်တက်လာပြီး ကြီးစိုးနိုင်စွမ်းရှိသော အငွေ့အသက်များ ပျံ့နှံ့သွားတော့သည်။
ယခုအချိန်တွင် သူတို့အောက်ရှိ အဆုံးမဲ့ပင်လယ်ကြီးမှ မိုင်ရာပေါင်းများစွာ အကွာအဝေးအထိ မည်သည့် သက်ရှိသတ္တဝါများ၏ အရိပ်အယောင်မျှ မရှိတော့ချေ။
ပင်လယ်မိစ္ဆာသားရဲများ အားလုံးသည် ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီးမှ လွတ်မြောက်ရန်အတွက် ရူးသွပ်စွာ ထွက်ပြေးနေကြလေသည်။
ယွီကျီးယင်က ဤသည်ကို မြင်သောအခါ စကားဆက်မပြောတော့ပေ။
သူ၏ စွမ်းအင်အရှိန်အဝါများလည်း ပေါက်ကွဲထွက်လာလေသည်။
“ပျက်သုဉ်းစေ”
သွမ့်ဟွေးယွဲ့သည် တိုက်ခိုက်လိုက်သည့် အခိုက်အတန့်တွင် သူ၏ ဝှက်ဖဲများအားလုံးကို အသုံးပြုလိုက်လေသည်။
သူ၏ အနောက်ဘက်တွင် ကြယ်တာရာ ကောင်းကင်ယံကြီးတစ်ခု ပေါ်လာပြီး ကြယ်ရောင်များက သွမ့်ဟွေးယွဲ့၏ ခန္ဓာကိုယ်ပေါ်သို့ စုဝေးလာကြသည်။
အခြားတစ်ဖက်တွင်မူ ယွီကျီးယင်၏ အနောက်ဘက်၌ မရေမတွက်နိုင်သော မိစ္ဆာသားရဲများ၏ ပုံရိပ်ယောင်များ ရှိနေလေသည်။
ထူးဆန်းသော သားရဲများနှင့် မိစ္ဆာသားရဲအများစုမှာ ဤကမ္ဘာမှ မဟုတ်ကြပေ။
ထိုသားရဲများ၏ ခန္ဓာကိုယ်များမှ မှိန်ဖျော့ဖျော့ အနီရောင်အလင်းတန်းများသည် ယွီကျီးယင်၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ဝင်ရောက်သွားကြသည်။
“သားရဲလိုက်လံခြင်း”
ယွီကျီးယင်နှင့် သွမ့်ဟွေးယွဲ့တို့သည် တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြလေသည်။
ဘုန်း...
ပထမဆုံး တိုက်ခိုက်မှုအပြီးတွင် ချီလှိုင်းလုံးကြီးတစ်ခု တိုက်ခတ်သွားလေသည်။
သူတို့အောက်ရှိ ပင်လယ်မျက်နှာပြင်မှာ ပေါက်ကွဲသွားပြီး မီတာတစ်ရာခန့်မြင့်သော လှိုင်းလုံးကြီးတစ်ခုသည် ပတ်ဝန်းကျင်သို့ ရိုက်ခတ်သွားတော့သည်။
သူတို့အထက်ရှိ ထူထပ်သော တိမ်မည်းကြီးများမှာလည်း ပြန့်ကျဲသွားပြီး ထိုဒေသတစ်ခုလုံးမှာ ချက်ချင်းပင် ကြည်လင်သော ကောင်းကင်ယံအဖြစ် ပြောင်းလဲသွားလေသည်။
သူတို့နှစ်ဦး ရပ်နေသော နေရာမှစ၍ လောကကြီးမှာ ရုတ်တရက် အလွန်အမင်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့လေသည်။
ဝှစ်... ဝှစ်... ဝှစ်...
နောက်ဆုံးတွင် သူတို့အောက်ရှိ ပင်လယ်ရေများသည် ပြင်းထန်သော ရေစီးကြောင်းများနှင့်အတူ ပြန်လည်စီးဆင်းသွားကြလေသည်။
တိုက်ခိုက်မှု တစ်ကြိမ်အပြီးတွင် သွမ့်ဟွေးယွဲ့၏ မျက်လုံးများထဲ၌ ကူကယ်ရာမဲ့မှုနှင့် ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု ပေါ်လာလေသည်။
ယွီကျီးယင်၏ လက်ရှိခွန်အားသည် သူနှင့် တူညီနေကြောင်း သိလိုက်သည်။ ထို့ကြောင့် သူ့အနေဖြင့် ယွီကျီးယင်အား သတ်ဖြတ်ရန် သို့မဟုတ် ဖမ်းဆီးရန် လုံးဝ မဖြစ်နိုင်တော့ချေ။
“ငါပြောခဲ့သလိုပဲ၊ ငါတို့ရဲ့ ရန်ငြိုးကို ဒီနေ့ အဆုံးသတ်လို့ မရနိုင်ပါဘူး...”
ယွီကျီးယင်က ပြောလိုက်သည်။
“ငါတို့ ကမ္ဘာ့မူလရင်းမြစ် နှစ်ခုကို ပေါင်းစပ်ပြီး ကမ္ဘာလောကတွေရဲ့ မူလရင်းမြစ်ကို နားလည်သဘောပေါက်သွားတဲ့အခါကျရင်တော့ ငါတို့ကြားက တိုက်ပွဲကို အဆုံးအဖြတ်ပေးလို့ ရသွားလိမ့်မယ်”
“ငါတို့နှစ်ယောက်ထဲက ကမ္ဘာလောကတွေရဲ့ မူလစွမ်းအင်ကို အရင်ဆုံး ထိန်းချုပ်နိုင်တဲ့သူက အသက်ရှင်ပြီး ကျန်တဲ့သူက သေရမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ”
ယွီကျီးယင်မှာ ယခင်ကကဲ့သို့ပင် တည်ငြိမ်နေဆဲ ဖြစ်သည်။
“ငါသွားတော့မယ်”
ယွီကျီးယင်က လှည့်ကာ သွမ့်ဟွေးယွဲ့ကို တစ်ချက် ကြည့်လိုက်သည်။
“ငါ့ကို စိတ်ပျက်အောင် မလုပ်နဲ့နော်”
ထိုစကားနှင့်အတူ ယွီကျီးယင်သည် ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်သွားလေတော့သည်။
ဤတစ်ကြိမ်တွင်မူ သွမ့်ဟွေးယွဲ့သည် သူ၏နောက်သို့ လိုက်မသွားတော့ပေ။
“နှမြောစရာပဲ...”
အစပိုင်းတွင် သွမ့်ဟွေးယွဲ့၏ မျက်လုံးများထဲ၌ နောင်တရမှုများ ပေါ်လာခဲ့သော်လည်း ရုတ်တရက် စိတ်သက်သာရာရသွားသည့် အရိပ်အယောင်များက သူ့မျက်လုံးများထဲတွင် ဖြတ်ပြေးသွားလေသည်။