← Chapters

အခန်း (၃၁၃-၃၁၄)

Vol. 32 Ch. 313-314

အခန်း (၃၁၃-၃၁၄)

Vol. 32 Ch. 313-314

အခန်း (၃၁၃) - ဆုလာဘ်

အချိန်အတော်ကြာပြီးနောက် ပင်လယ်ပြင်ကြီးမှာ နောက်ဆုံး၌ ငြိမ်သက်သွားလေတော့သည်။

ပင်လယ်နီမိစ္ဆာသခင် သွမ့်ဟွေးယောင့်သည် သွမ့်ဟွေးယွဲ့၏ ဘေးနားတွင် ထွက်ပေါ်လာလေသည်။

“မင်း သူ့ကို မတားနိုင်ခဲ့ဘူးလား”

သွမ့်ဟွေးယောင့်က မေးလိုက်သည်။

သွမ့်ဟွေးယွဲ့က ခေါင်းကို ညင်သာစွာ ယမ်းပြလိုက်သည်။

“ငါတို့နှစ်ယောက်ရဲ့ စွမ်းအားက သိမကွာဘူး။ အနိုင်အရှုံး အဖြေပေါ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ”

“အဲဒီလိုကိုး...”

သွမ့်ဟွေးယောင့်က ခေါင်းညိတ်လိုက်သည်။

“ဘယ်သူက ကမ္ဘာ့မူလရင်းမြစ်နှစ်ခုကို အရင်ပေါင်းစည်းနိုင်ပြီး ကမ္ဘာလောကတွေရဲ့ မူလရင်းမြစ်ကို အရင်နားလည်သဘောပေါက်နိုင်တဲ့ ဘယ်သူမဆို နောက်တစ်ကြိမ်တိုက်ပွဲမှာ အနိုင်ရလိမ့်မယ်”

သွမ့်ဟွေးယွဲ့က ဆက်ပြောလေသည်။

“နောက်တစ်ခါ ငါနိုင်ရင် သူသေမယ်။ တကယ်လို့ သူသာနိုင်သွားရင်တော့...”

“အဲဒီလိုသာ ဖြစ်လာခဲ့ရင် ငါသေရုံတင်မကဘူး သွမ့်မိသားစုတစ်စုလုံးလည်း သတ်ဖြတ်ခံရလိမ့်မယ်။ ဝမ်ရှန့်ပြည်နယ်ကလည်း စစ်ပွဲတွေ နေရာအနှံ့ဖြစ်ပွားနေတဲ့ ကသောင်းကနင်းခေတ်ကို ပြန်ရောက်သွားနိုင်တယ်”

သွမ့်ဟွေးယွဲ့၏ မျက်လုံးများမှာ အနည်းငယ် ကျဉ်းမြောင်းသွားချေပြီ။

“ဒီလောက်နှစ်တွေ ကြာခဲ့တာတောင် သူက သူ့ရဲ့အမုန်းတရားတွေကို မစွန့်လွှတ်နိုင်သေးဘူးလား”

သွမ့်ဟွေးယောင့် မျက်မှောင်ကြုံ့လိုက်မိသည်။

ထိုခေတ်ကာလတွင် သူသည် သွမ့်ဟွေးယွဲ့၊ ယွီကျီးယင်တို့လောက် မထူးချွန်ခဲ့သလို ယွီကျီးယင်နှင့် သူ၏ခင်မင်ရင်းနှီးမှုမှာလည်း သူတို့နှစ်ယောက်လောက် မနက်ရှိုင်းခဲ့သော်ငြား ယွီကျီးယင်နှင့် မိတ်ဆွေဖြစ်ခဲ့ဖူးပေသည်။

သို့သော် သွမ့်ဟွေးယွဲ့နှင့် ယွီကျီးယင်တို့၏ ဆက်ဆံရေး ပျက်ပြားသွားပြီးနောက်တွင်မူ သွမ့်ဟွေးယောင့်နှင့် ယွီကျီးယင်တို့သည်လည်း အဆက်အသွယ် ပျက်သွားခဲ့ကြလေသည်။

“တိုက်ပွဲက ဘယ်တော့လောက် စဖြစ်မလဲ”

သွမ့်ဟွေးယောင့်က မေးမြန်းလိုက်သည်။

“မြန်ရင် သုံးနှစ်ပေါ့။ နှေးရင်တော့ နှစ်တစ်ရာလောက် ကြာလိမ့်မယ်”

“ဒါက ကမ္ဘာလောကတွေရဲ့ မူလရင်းမြစ်ကို ဘယ်သူက အရင်နားလည်သဘောပေါက်မလဲဆိုတဲ့အပေါ် မူတည်တယ်”

သွမ့်ဟွေးယွဲ့က ဖြေလိုက်သည်။

“အင်း...”

သွမ့်ဟွေးယောင့်က တည်ငြိမ်နေသော သွမ့်ဟွေးယွဲ့ကို တစ်ချက် ကြည့်လိုက်သည်။ သွမ့်မိသားစုတစ်စုလုံး၏ အနာဂတ်သည် သွမ့်ဟွေးယွဲ့၏ လက်ထဲတွင် ရှိနေလေသည်။

“ဝမ်ရှန့်ပြည်နယ်ကို ပြန်ကြစို့”

သွမ့်ဟွေးယွဲ့က ပြောလိုက်သည်။

“ယွီကျီးယင်ရဲ့ အခြေအနေကို အတည်ပြုနိုင်ခဲ့တာက ကြီးမားတဲ့ အမြတ်တစ်ခုပဲ။ သူက ဒီတစ်လျှောက်လုံး အရိပ်ထဲမှာ ပုန်းအောင်းနေခဲ့တာဆိုတော့ အနည်းဆုံးတော့ သူ့ရဲ့ လျှို့ဝှက်ချက်တချို့ကို ငါတို့ သိလိုက်ရပြီပဲ”

“ဒါပြီးရင် မင်းအနေနဲ့ ပင်လယ်နီမိစ္ဆာဂိုဏ်းရဲ့ ဆက်ခံသူကို မြန်မြန်ရွေးချယ်သင့်ပြီ။ တစ်နှစ်ကြာလို့ မင်းရဲ့ အစစ်အမှန်မူလရင်းမြစ် ပြန်ပြည့်လာတဲ့အခါ အပြင်ဘက်ကမ္ဘာကို နောက်တစ်ကြိမ် ထပ်ဝင်ရလိမ့်မယ်”

“နားလည်ပါပြီ”

သွမ့်ဟွေးယောင့် ခေါင်းညိတ်လိုက်သည်။

…

အချိန်များ လျင်မြန်စွာ ကုန်လွန်သွားခဲ့ပြီးနောက်…

လေးလဟူသော အချိန်ကာလသည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားလေသည်။

ရွှီနင်နှင့် အခြားသူများသည်လည်း နောက်ဆုံးတွင် ဝမ်ရှန့်ပြည်နယ်သို့ ပြန်လည်ရောက်ရှိလာကြချေပြီ။

သူတို့အပြင် အခြားသော သင်္ဘောအုပ်စုနှစ်ခုလည်း ပြန်လည်ရောက်ရှိလာကြသည်။ သူတို့ဘက်တွင်လည်း တိုက်ပွဲကို အနိုင်ရရှိခဲ့ကြောင်း သိသာထင်ရှားလှပေသည်။

“ဗိုလ်ချုပ်ကြီးရွှီနဲ့ ဒုဗိုလ်ချုပ်ကြီးတို့... နှုတ်ဆက်ပါတယ်”

ဝမ်ရှန့်ပြည်နယ်သို့ ရောက်ရှိပြီးနောက် ရွှီနင်၊ ယွိချောင့်နှင့် ရွှီချန်တို့ အချင်းချင်း နှုတ်ဆက်လိုက်ကြသည်။

ရွှီနင်နှင့် ယွိချောင့်တို့၏ စွမ်းဆောင်ရည်မှာ ရွှီချန်၏ လေးစားမှုကိုသာမက ဒုဗိုလ်ချုပ်ကြီးများ၏ လေးစားမှုကိုပါ ရရှိစေခဲ့သည်။

အပြန်ခရီးစဉ်တစ်လျှောက်လုံးတွင် ရွှီနင်သည် ဗဟိုစစ်သင်္ဘောပေါ်၌ ရွှီချန်အပါအဝင် အခြားသူများနှင့် အချိန်ကြာမြင့်စွာ အတူနေထိုင်ကာ ရင်းနှီးကျွမ်းဝင်လာခဲ့လေသည်။

“ပင်လယ်နီမိစ္ဆာဂိုဏ်းရဲ့ ဆက်ခံသူရွေးချယ်တဲ့ကိစ္စ ပြီးသွားရင် မင်းတို့ ဧကရာဇ်မြို့တော်ဆီလာပြီး ငါ့ကို လာရှာလို့ရတယ်နော်”

ရွှီချန်က ဖိတ်ခေါ်လိုက်သည်။

“ကောင်းပါပြီ ဗိုလ်ချုပ်ကြီးရွှီ”

ရွှီနင်နှင့် ယွိချောင့်တို့မှာ ပြန်လည်တုံ့ပြန်လိုက်ကြသည်။

သူတို့နှစ်ဦးလုံးသည်လည်း ရွှီချန်ကို အလွန် လေးစားကြပေသည်။

ရွှီချန်သည် စွမ်းအားကြီးမားရုံသာမက ဂုဏ်အဆင့်အတန်းလည်း မြင့်မားလှသည်။ သူသည် အင်ပါယာနန်းတော်၏ ဗိုလ်ချုပ်တစ်ဦးဖြစ်ရုံသာမက သိုင်းသခင်ကြီး၏ တပည့်တစ်ပိုင်းလည်း ဖြစ်ပေသည်။

ခေတ္တမျှ စကားပြောဆိုပြီးနောက် နှစ်ဖက်လူများမှာ လမ်းခွဲလိုက်ကြလေသည်။

ရွှီချန်၏ သင်္ဘောအုပ်စုတွင် ပင်လယ်နီမိစ္ဆာဂိုဏ်းမှ မျိုးစေ့စုစုပေါင်း လေးဆယ့်တစ်ယောက် ပါဝင်ခဲ့ရာ ရှစ်ယောက်မှာ တိုက်ပွဲအတွင်း သေဆုံးသွားခဲ့ကြသည်။

ဤသေဆုံးမှုနှုန်းမှာ လက်ခံနိုင်ဖွယ် ရှိသေးသော်လည်း မျိုးစေ့တိုင်းသည် ပင်လယ်နီမိစ္ဆာဂိုဏ်း၏ ထိပ်တန်းတပည့်များ ဖြစ်ကြသည်။ ဤရှုထောင့်မှ ကြည့်မည်ဆိုပါက ပင်လယ်နီမိစ္ဆာဂိုဏ်းသည်လည်း အတော်အတန် ဆုံးရှုံးမှုများ ရှိခဲ့သည်ဟု ဆိုရပေမည်။

သို့သော် ပင်လယ်နီမိစ္ဆာသခင်မှာ ဤဆုံးရှုံးမှုများအား ကြိုတင် မျှော်လင့်ထားပြီး ဖြစ်သည်။

သူ့အမြင်တွင်မူ ဤသည်မှာ လက်ခံနိုင်စရာပင်။

နှစ်ဖက်လူများ လမ်းခွဲပြီးနောက် အင်ပါယာနန်းတော်၏ တပ်ဖွဲ့သည် ဧကရာဇ်မြို့တော်သို့ ပြန်သွားကြပြီး ရွှီနင်နှင့် အခြားသူများမှာမူ ပင်လယ်နီမိစ္ဆာဂိုဏ်းသို့ ပြန်လာခဲ့ကြလေသည်။

သို့သော် ကျန်ရှိနေသော မျိုးစေ့သုံးဆယ်ကျော်မှာမူ အတူတကွ ပြန်မလာခဲ့ကြဘဲ နှစ်ယောက် သို့မဟုတ် သုံးယောက်စီ အုပ်စုဖွဲ့ကာ ပြန်လာခဲ့ကြသည်။

အားလုံးမှာ မျိုးစေ့များ ဖြစ်ကြသော်လည်း အချင်းချင်း ဆက်သွယ်လေ့မရှိပေ။

ထို့အပြင် ယခုအချိန်သည် ဂိုဏ်းအတွင်းရှိ သူတို့၏ အနာဂတ်အဆင့်အတန်းအား ဆုံးဖြတ်ပေးမည့်အချိန် ဖြစ်လေရာ သူတို့အားလုံးမှာ ပြိုင်ဘက်များအဖြစ် သတ်မှတ်ခံထားရလေသည်။

ထိုအခြေအနေနှင့် ဆန့်ကျင်ဘက်အနေဖြင့် အလားအလာအကောင်းဆုံး မျိုးစေ့နှစ်ဦးဖြစ်သော ရွှီနင်နှင့် ယွိချောင့်တို့ကမူ အတော်လေး အဆင်ပြေကြပေသည်။ သူတို့နှစ်ဦးသည် ပင်လယ်နီမိစ္ဆာဂိုဏ်းသို့ အတူတူ ပြန်လာခဲ့ကြလေသည်။

သူတို့ ပိုမိုရင်းနှီးလာသည်နှင့်အမျှ ယခင်က ယွိချောင့်အပေါ်ထားရှိခဲ့သော ရွှီနင်၏ သူစိမ်းဆန်ဆန် ခံစားချက်များမှာလည်း လျော့ပါးသွားခဲ့လေသည်။

“ညီလေးရွှီ... မင်း ပြန်ရောက်လာပြီပဲ”

ရွှီနင်တစ်ယောက် ပင်လယ်နီမိစ္ဆာဂိုဏ်း၏ ကျွန်းပေါ်သို့ ပြန်ရောက်ရောက်ချင်းမှာပင် ကုဆုန်းယင့်မှာ သူ့အား လာကြိုလေသည်။

သူသည် ရွှီနင်အတွက် အရည်အချင်းပြည့်ဝသော အိမ်တော်ထိန်းတစ်ဦး ဖြစ်သည်။

“အစ်ကိုကြီးကု”

ရွှီနင်သည် ယွိချောင့်နှင့် လမ်းခွဲလိုက်ပြီး တောင်ခြေရှိ သူ၏ အိမ်ငယ်လေးဆီသို့ ပြန်လာခဲ့သည်။

ရွှီနင် ဘေးကင်းစွာ ပြန်ရောက်လာသည်ကို မြင်လိုက်ရသောအခါ ကုဆုန်းယင့်မှာ စိတ်သက်သာရာ ရသွားတော့သည်။

ဤစစ်ဆင်ရေးတွင် ရွှီနင် တစ်ခုခုဖြစ်သွားမည်ကို သူ စိတ်ပူနေခဲ့မိသည်။

“ညီလေးရွှီ... အကုန်လုံး အဆင်ပြေခဲ့ရဲ့လား”

ကုဆုန်းယင့် မေးလိုက်သည်။

“အခက်အခဲတချို့တော့ ရှိခဲ့ပေမယ့် အဆင်ပြေပါတယ်”

ရွှီနင်က ပြန်ဖြေလိုက်သည်။

“ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်ကလည်း အတော်လေး ကောင်းမွန်မယ်လို့ ထင်တယ်”

“ဒါဆိုရင်လည်း ကောင်းတာပေါ့”

သတင်းကို ကြားသောအခါ ကုဆုန်းယင့်မှာ အတိုင်းမသိ ဝမ်းသာသွားရလေသည်။

ရွှီနင်သည် နှိမ့်ချတတ်သူတစ်ဦး ဖြစ်သည်။

သူ့စွမ်းဆောင်ရည်မှာ ကောင်းမွန်သည်ဟု သူကိုယ်တိုင် ပြောခဲ့လျှင် သူသည် အကဲဖြတ်မှုတွင် ထူးထူးခြားခြား စွမ်းဆောင်နိုင်ခဲ့သည်မှာ အသေအချာပင်။

၎င်းသည် ရွှီနင်အား ဂိုဏ်းအကြီးအကဲတစ်ဦး ဖြစ်လာရန် အခွင့်အရေး တိုးပွားစေသည်။

အကယ်၍ ရွှီနင်သာ ဂိုဏ်းအကြီးအကဲ ဖြစ်လာခဲ့ပါက ကုဆုန်းယင့်သည် ရွှီနင်နှင့် သူ၏ ဆက်ဆံရေးမှတစ်ဆင့် အကျိုးအမြတ်များ ရရှိပေလိမ့်မည်။

နောက်ရက်အနည်းငယ်အတွင်း ရွှီနင်သည် စိတ်အေးလက်အေး အနားယူနေခဲ့သည်။ အချိန်ကြာမြင့်စွာ ခရီးနှင်ခဲ့ရသဖြင့် ရွှီနင်မှာ အနည်းငယ် ပင်ပန်းနေခဲ့ပြီ ဖြစ်သည်။

တစ်ရက်တွင်…

တပည့်တစ်ဦးသည် ရွှီနင်ထံ လာရောက်ကာ ဂိုဏ်းချုပ် ပင်လယ်နီမိစ္ဆာသခင်မှ စုဝေးရန် အမိန့်ပေးလိုက်သဖြင့် ကျွန်းအလယ်တောင်ထွတ်တွင် လာရောက်စုဝေးရန် ပြောကြားလေသည်။

ယင်းကို ကြားပြီးနောက် ရွှီနင်သည် စုဝေးရာနေရာသို့ အလျင်အမြန် သွားရောက်လိုက်သည်။

သူ ကျွန်းအလယ်တောင်ထွတ်သို့ ရောက်ရှိချိန်တွင် သူ့အပြင် အခြားလူငါးယောက်ပါ ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

သူတို့အထဲတွင် ယွိချောင့်နှင့် သွမ့်ချောင်မြန်တို့အား ရွှီနင် မှတ်မိလိုက်သည်။

ကျန်သုံးယောက်ကို အနည်းငယ် မှတ်မိနေသေးသော်လည်း သူတို့သည် အဆက်အသွယ်

သိပ်မရှိပေ။

‘ငါတို့ခြောက်ယောက်က ပဏာမရွေးချယ်မှုကနေ ရွေးချယ်ခံရတဲ့ အကောင်းဆုံး ခြောက်ယောက်များလား...’

ရွှီနင် ခန့်မှန်းလိုက်မိသည်။

သူတို့ခြောက်ယောက်လုံး စုံလင်သွားပြီးနောက် ခေတ္တမျှ စောင့်ဆိုင်းနေလိုက်ကြသည်။

ရုတ်တရက် ကျွန်းပေါ်တွင် အမည်းရောင် မြူခိုးတစ်ခု ဖြတ်ပြေးသွားလေသည်။

ထို့နောက် ပင်လယ်နီမိစ္ဆာသခင် သွမ့်ဟွေးယောင့်သည် ကျွန်းအလယ်တောင်ထွတ်ပေါ်တွင် ထွက်ပေါ်လာလေတော့သည်။

“ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်”

သူတို့ခြောက်ယောက်လုံး တစ်ပြိုင်နက် အရိုအသေပေးလိုက်ကြသည်။

“စန့်ယင်ဂိုဏ်းကို ချေမှုန်းရတဲ့ ဒီစစ်ဆင်ရေးမှာ မင်းတို့ခြောက်ယောက်လုံးရဲ့ စွမ်းဆောင်ရည်က အရမ်းကောင်းတယ်”

သွမ့်ဟွေးယောင့်က ပြောလိုက်သည်။

“အခု မင်းတို့ခြောက်ယောက်က ပြိုင်ပွဲရဲ့ နောက်ဆုံးအပိုင်းကို ယှဉ်ပြိုင်ရမယ်။ အကောင်းဆုံး စွမ်းဆောင်နိုင်တဲ့သူက ပင်လယ်နီမိစ္ဆာဂိုဏ်းရဲ့ ဂိုဏ်းချုပ်ရာထူးကို ဆက်ခံရလိမ့်မယ်၊ ကျန်တဲ့ငါးယောက်ကတော့ အကြီးအကဲအဆင့်အတန်းကို ရရှိပြီး အနားယူတော့မယ့် အကြီးအကဲတွေရဲ့ နေရာမှာ အစားထိုးဝင်ရောက်ရမယ်”

ထိုစကားကို ကြားလိုက်ရသည်နှင့် ခြောက်ယောက်လုံး စိတ်ဝင်တစား ဖြစ်သွားကြလေသည်။

ပြိုင်ပွဲ၏ နောက်ဆုံးရလဒ်မှာ မည်သို့ပင်ဖြစ်စေကာမူ သူတို့ခြောက်ယောက်သည် အနည်းဆုံး အကြီးအကဲတစ်ဦး၏ အဆင့်အတန်းကို ရရှိမည် ဖြစ်ပေသည်။

“နောက်လာမယ့် နှစ်ဝက်အတွင်းမှာ မင်းတို့တွေ နောက်ဆုံးအကဲဖြတ်မှုကို ခံယူရလိမ့်မယ်။ ဒီကိစ္စကို အခြားအကြီးအကဲတွေနဲ့ ငါ ဆွေးနွေးနေတုန်းပဲ၊ ဒါပေမဲ့ လဝက်အတွင်း မင်းတို့ကို ငါ အသိပေးမယ်”

သွမ့်ဟွေးယောင့်က ဆက်ပြောလေသည်။

“ပြီးတော့ မင်းတို့က အခုစစ်ဆင်ရေးမှာ ကောင်းကောင်း ကူညီပေးခဲ့လို့ အင်ပါယာနန်းတော်က မင်းတို့ကို ဆုလာဘ်တချို့ပေးဖို့ ဆုံးဖြတ်ထားတယ်”

ထိုသို့ပြောပြီးနောက် သွမ့်ဟွေးယောင့်သည် သိုလှောင်လက်စွပ် ခြောက်ကွင်းကို ပစ်ပေးလိုက်ရာ အားလုံး၏ အရှေ့တွင် ကျရောက်သွားလေသည်။

“ဒီသိုလှောင်လက်စွပ်တွေထဲမှာ အင်ပါယာနန်းတော်နဲ့ ဂိုဏ်းကပေးတဲ့ အရင်းအမြစ်တွေနဲ့ အပိုဆုလာဘ်တွေ ပါတယ်”

သွမ့်ဟွေးယောင့်က ပြောလိုက်သည်။

“သိုလှောင်လက်စွပ်တစ်ခုချင်းစီမှာပါတဲ့ အရင်းအမြစ်ပမာဏတွေကတော့ မတူဘူး။ အဲဒီအထဲမှာ ရွှီနင်... မင်းက ဆုလာဘ်အများဆုံးပဲ။ ရွှီချန်က အစီရင်ခံစာကို တင်ပြတဲ့အခါ မင်းကို အရမ်းချီးကျူးခဲ့တာ။ ပြီးတော့ မင်းရဲ့ တိုက်ပွဲရလဒ်တွေကလည်း အတော်လေး အထင်ကြီးစရာ ကောင်းတယ်။ တာအိုနယ်ပယ် အဆင့်ကိုးမှာရှိတဲ့ စန့်ယင်ဂိုဏ်း အကြီးအကဲတစ်ယောက်ကိုတောင် မင်းက အရှင်လတ်လတ် ဖမ်းဆီးနိုင်ခဲ့တာကိုး”

“ဒီလို စွမ်းဆောင်ရည်ကောင်းကို ဆက်ထိန်းထား၊ ရွှီချန်ကို စိတ်ပျက်အောင် မလုပ်နဲ့”

သွမ့်ဟွေးယောင့်သည် လူတိုင်း၏ရှေ့တွင် ရွှီနင် တစ်ယောက်တည်းကိုသာ ချီးကျူးစကား ပြောလိုက်လေသည်။

အခန်း (၃၁၄) - တာအိုနယ်ပယ် အဋ္ဌမအဆင့်၊ မူလအချိတ်အဆက်နယ်ပယ်

“ဟုတ်ကဲ့ပါ၊ ဂိုဏ်းချုပ်ကြီး”

ရွှီနင်သည် ပင်လယ်နီမိစ္ဆာသခင်မှ သူ့အား ဤကဲ့သို့ ချီးကျူးလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ သူ အတော်လေး အံ့အားသင့်သွားမိလေသည်။

ဤကိစ္စနှင့်ပတ်သက်၍ သွမ့်ချောင်မြန်၊ ယွိချောင့်နှင့် အခြားသုံးဦးတို့ကမူ သူ့အား တစ်ချက်မျှသာ လှမ်းကြည့်လိုက်ကြသည်။

“ကောင်းပြီ၊ မင်းတို့အားလုံး သွားလို့ရပြီ”

သွမ့်ဟွေးယောင့်က လက်ဝှေ့ယမ်းပြလိုက်သည်။

“နောက်ထပ်သတင်းတွေကိုပဲ စောင့်နေကြပါ”

“ဟုတ်ကဲ့ပါ”

ရွှီနင်နှင့် အခြားသူများသည် တောင်ထွတ်ပေါ်မှ ဆင်းလာခဲ့ကြလေသည်။

သူတို့ကို နှုတ်ဆက်ပြီးနောက် ရွှီနင်သည် သူ၏နေအိမ်သို့ ပြန်ရန် မစောင့်နိုင်တော့ချေ။

အခြားသူများအတွက် အရင်းအမြစ်များဆိုသည်မှာ ကျင့်ကြံခြင်းအတွက် အထောက်အပံ့များသာ ဖြစ်သော်လည်း ရွှီနင်အတွက်မူ ၎င်းသည် အဆင့်တက်ရန် အတိုဆုံးနှင့် အမှန်ကန်ဆုံး လမ်းကြောင်းပင် ဖြစ်ပေသည်။

ရွှီနင်၏ စိတ်အာရုံသည် သိုလှောင်လက်စွပ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

‘ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ အရင်းအမြစ်ပမာဏလဲ’

ရွှီနင်မှာ တုန်လှုပ်သွားရလေသည်။

ဤအရင်းအမြစ်ပမာဏသည် ယန့်လုဂိုဏ်းမှ ချန်ရစ်ခဲ့သော အရင်းအမြစ်များထက် ဆယ်ဆမက ပိုမိုများပြားနေပေသည်။

‘ဒီအရင်းအမြစ်တွေထဲမှာ ဆေးလုံးတွေနဲ့ ဝိညာဉ်ဆေးပင်တွေရဲ့ တန်ဖိုးကတင် စွမ်းအင်ယူနစ် သန်း ၆၀ ကျော်နေပြီ။ လျှို့ဝှက်ရတနာတွေ၊ တာအိုလက်နက်တွေ၊ မှော်ပစ္စည်းတွေနဲ့ အခြားအရင်းအမြစ်တွေလည်း ပါသေးတယ်။ စုစုပေါင်းဆိုရင် ဒီအရင်းအမြစ်တွေက စွမ်းအင်ယူနစ် သန်း ၉၀ ကျော်တယ်၊ သန်း ၁၀၀ နီးပါးတောင် ဖြစ်နေပြီပဲ’

ရွှီနင်ပင်လျှင် အရမ်း အံ့အားသင့်သွားပြီး လေအေးတစ်ချက်ကို စုပ်သွင်းလိုက်မိလေသည်။

ဤစွမ်းအင်ပမာဏသည် ရွှီနင်အား တာအိုနယ်ပယ် အဋ္ဌမအဆင့်သို့ ထိုးဖောက်ဝင်ရောက်သွားစေနိုင်ပေသည်။

‘စန့်ယင်ဂိုဏ်းရဲ့ အပျက်အစီးတွေထဲကနေ သူတို့ရှာတွေ့ခဲ့တဲ့ အရင်းအမြစ်အားလုံးကို ဆုလာဘ်တွေအဖြစ် အသုံးပြုခဲ့တယ်ထင်တယ်။ ပြီးတော့ ပင်လယ်နီမိစ္ဆာသခင် ပြောစကားအရ ဂိုဏ်းကလည်း ဒီထဲကို အရင်းအမြစ်တချို့ ထည့်ပေးထားသေးတယ်။ ကြည့်ရတာ ဒီမှာ စွမ်းအင်ယူနစ် သန်း ၁၀၀ နီးပါးလောက် ရှိနေတဲ့ပုံပဲ’

ရွှီနင်သည် ထပ်မံ၍ မစောင့်ဆိုင်းနိုင်တော့ချေ။ သူသည် အတွင်းရှိ ဆေးလုံးများနှင့် ဝိညာဉ်ဆေးမြစ်များမှ စွမ်းအင်များကို ချက်ချင်း စတင်စုပ်ယူလေတော့သည်။

ဤလုပ်ငန်းစဉ်သည် ရွှီနင်အတွက် နှစ်ရက်တိတိ အချိန်ယူခဲ့ရသည်။

ဆေးလုံးများနှင့် ဝိညာဉ်ဆေးပင်များထံမှ စွမ်းအင်အားလုံးကို စုပ်ယူပြီးနောက် ရွှီနင်သည် စွမ်းအင်ယူနစ် ၆၂ သန်းကို ရရှိခဲ့လေသည်။

ထို့ပြင် မူလအစနယ်ပယ်မှ မူလအချိတ်အဆက်နယ်ပယ်သို့ အဆင့်တက်ရန်အတွက် စွမ်းအင်ယူနစ် သန်း ၆၀ သာ လိုအပ်ပေသည်။

“သိုင်းပညာမျက်နှာပြင်”

ရွှီနင်သည် သိုင်းပညာမျက်နှာပြင်ကို ဖွင့်လိုက်ပြီး “+” ကို နှိပ်လိုက်သည်။

—

နယ်ပယ်အဆင့်မြှင့်တင်ရန် စွမ်းအင်ယူနစ် သန်း ၆၀ အသုံးပြုမည်လော။

လုပ်မည်/မလုပ်ပါ

—

ရွှီနင်သည် တုံ့ဆိုင်းနေခြင်းမရှိဘဲ “လုပ်မည်” ကို ရွေးချယ်လိုက်လေသည်။

နောက်တစ်ခဏတွင် ရွှီနင်၏နယ်ပယ်မှာ တိုးတက်သွားခဲ့ချေပြီ။

ရွှီနင်၏ အမြုတေနှင့် ခန္ဓာကိုယ်မှာ စတင်ပြောင်းလဲလာတော့သည်။

မူလက ရွှီနင်၏ အမြုတေနှင့် ခန္ဓာကိုယ်သည် ရင်းမြစ်စွမ်းအား တစ်စွန်းတစ်စကိုသာ သိုလှောင်နိုင်ခဲ့သော်လည်း ယခုအခါတွင်မူ ရွှီနင်သည် ဝိညာဉ်စွမ်းအင်များကို စုပ်ယူသကဲ့သို့ ရင်းမြစ်စွမ်းအားများကိုပါ စုပ်ယူနိုင်လာခဲ့ပြီ ဖြစ်သည်။

‘အရင်တုန်းက ငါ့ရဲ့ တာအိုနယ်ပယ်စွမ်းအားတွေက ပတ်ဝန်းကျင်ကနေ စုပ်ယူလိုက်တဲ့ ဝိညာဉ်စွမ်းအင်တွေကနေ ပြောင်းလဲလာခဲ့တာ။ ဒါပေမဲ့ အခုတော့ ငါ့ရဲ့ တာအိုနယ်ပယ်စွမ်းအားတွေကို ရင်းမြစ်စွမ်းအားကနေတစ်ဆင့် အပြည့်အဝ အသွင်ပြောင်းနိုင်သွားပြီ’

ရွှီနင်သည် သူ့ခန္ဓာကိုယ်တွင်းရှိ ပြောင်းလဲမှုများကို ခံစားလိုက်ရသည်။

‘ဒါပြီးသွားရင်တော့ ငါ့ရဲ့ခွန်အားက နောက်ထပ် အရည်အသွေးပိုင်းဆိုင်ရာ အပြောင်းအလဲတစ်ခုကို ဖြတ်သန်းရတော့မှာပဲ’

အဆင့်တက်ပြီးနောက် သူ၏ခွန်အား မည်မျှတိုးတက်လာကြောင်း သိရှိသွားသောအခါ ရွှီနင်သည် မိမိနယ်ပယ်ထက်မြင့်သော ရန်သူများကို အနိုင်ယူနိုင်စွမ်းရှိသည့် သူ၏စွမ်းဆောင်ရည်အပေါ် လေးစားအားကျသွားမိလေသည်။

‘မူလအချိတ်အဆက်နယ်ပယ်ကိုလည်း ရောက်သွားပြီ၊ ကမ္ဘာကြီးက အရမ်းကျယ်ဝန်းတာဆိုတော့ ငါ ဘယ်နေရာကိုမဆို သွားလာနိုင်ပြီ။ ဝိညာဉ်စွမ်းအင် ပါးပါးလျလျပဲရှိတဲ့ နေရာတွေကို ဝင်ရောက်ဖို့အတွက်လည်း ထပ်ပြီး စိုးရိမ်ပူပန်နေစရာ မလိုတော့ဘူး။ ငါ့ခန္ဓာကိုယ် ကန့်သတ်ခံရမှာကို ထပ်ပြီး ကြောက်နေစရာ မလိုတော့ဘူးပဲ’

ရွှီနင်က သူ့ဘာသာ တွေးလိုက်သည်။

‘ဘာပဲဖြစ်ဖြစ် ရင်းမြစ်စွမ်းအားဆိုတာ နေရာတိုင်းမှာ ရှိနေတာပဲလေ။ ငါ ဘယ်နေရာကိုပဲသွားသွား ဒါကို မြန်မြန်ပြန်လည်ဖြည့်တင်းနိုင်တယ်’

ဤသည်မှာ အဆုံးမဲ့ပင်လယ်တစ်ဝိုက် သွားလာခရီးနှင်ရန်အတွက် ရွှီနင်၏ လက်မှတ်တစ်စောင်ပင် ဖြစ်လေသည်။

“ညီလေးရွှီ... မင်း အဆင့်တက်သွားပြီလား”

ထိုစဉ် ကုဆုန်းယင့် ဝင်လာလေသည်။

သူသည် ဂိုဏ်းရှိ အလုပ်များကို ပြီးစီး၍ ခြံဝင်းအတွင်းသို့ ဝင်ရောက်လာစဉ် နယ်ပယ်ထိုးဖောက်ခြင်း၏ လှိုင်းဂယက်များကို ခံစားလိုက်ရခြင်း ဖြစ်သည်။

“ကျွန်တော် အခုလေးတင် မူလအချိတ်အဆက်နယ်ပယ်ကို အဆင့်တက်သွားတာပါ”

ရွှီနင်က ပြန်ဖြေလိုက်သည်။

“ညီလေးရွှီက အံ့ဩစရာကောင်းလိုက်တာ”

ကုဆုန်းယင့်သည် အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း ထို့နောက်တွင် ရယ်မောလိုက်လေသည်။

ရွှီနင်၏ တိုးတက်မှုနှုန်းမှာ အလွန်အမင်း မြန်ဆန်လွန်းလှပေသည်။

ကုဆုန်းယင့်နှင့် ရွှီနင်တို့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်က ရွှီနင်သည် တာအိုနယ်ပယ်၏ ပဉ္စမအဆင့်တွင်သာ ရှိသေးသော်လည်း ယခု နှစ်နှစ်ပင် မပြည့်သေးသည့်အချိန်တွင် ရွှီနင်သည် အဋ္ဌမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

အထူးသဖြင့် ယခု ရွှီနင်သည် မျိုးစေ့များကြားတွင် ထင်ပေါ်နေပြီဖြစ်ရာ အနာဂတ်တွင် ပင်လယ်နီမိစ္ဆာဂိုဏ်း၏ အကြီးအကဲတစ်ဦး သေချာပေါက် ဖြစ်လာပေလိမ့်မည်။ ကုဆုန်းယင့်သည် ရွှီနင်အပေါ် သူ၏ရင်းနှီးမြှုပ်နှံမှုကို ပိုမိုသဘောကျလာတော့သည်။

မူလအချိတ်အဆက်နယ်ပယ်သို့ အဆင့်တက်ပြီးနောက် ရက်အနည်းငယ် ကုန်လွန်သွားခဲ့ပြီးနောက် ရွှီနင်နှင့် အခြားသူများသည် ထပ်မံဆင့်ခေါ် ခံရလေသည်။

သို့သော် ယခုတစ်ကြိမ်တွင်မူ သူတို့သည် ကျွန်းလယ်တောင်ထွတ်သို့မဟုတ်ဘဲ အကြီးအကဲခန်းမသို့ ဖြစ်သည်။

သူတို့ကို ဆင့်ခေါ်သူမှာ ပင်လယ်နီမိစ္ဆာသခင် မဟုတ်ဘဲ ရွှီနင်၏ ယခင်လမ်းညွှန်ဖြစ်သူ အကြီးအကဲဝေ့ပင် ဖြစ်လေသည်။

အကြီးအကဲဝေ့သည် အမြင့်ဆုံးနယ်ပယ် သို့မဟုတ် အကြီးမားဆုံးခွန်အားကို မပိုင်ဆိုင်ထားသော်လည်း ပင်လယ်နီမိစ္ဆာသခင်မှာ သူ့အား အလွန်ယုံကြည်ပေသည်။

“အကြီးအကဲဝေ့”

လူခြောက်ယောက်သည် အကြီးအကဲဝေ့အား အနည်းငယ် ဦးညွှတ်လိုက်ကြသည်။

သူတို့သည် အနာဂတ်အကြီးအကဲများအဖြစ် အတည်ပြုခံထားရပြီးဖြစ်သော်လည်း တပည့်များ ဖြစ်နေကြဆဲပင်။

“ဂိုဏ်းရဲ့ အနာဂတ်အကြီးအကဲတွေ ဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ်။ ဂိုဏ်းရဲ့အနာဂတ်က မင်းတို့လက်ထဲမှာ ရှိနေလိမ့်မယ်”

အကြီးအကဲဝေ့၏ သဘောထားမှာ အလွန်ကြင်နာတတ်လေသည်။

မကြာမီတွင် ဤလူများသည် သူ့နည်းတူ တူညီသောအဆင့်အတန်းကို ပိုင်ဆိုင်လာကြပေတော့မည်။

သူတို့ စကားစမြည်ပြောဆိုနေစဉ် အကြီးအကဲဝေ့သည် ရွှီနင်အား အထူးတလည် လှမ်းကြည့်လိုက်လေသည်။

သူ ရွှီနင်အား ဂိုဏ်းထဲသို့ လက်ခံခေါ်ယူခဲ့သည်မှာ တစ်နှစ်ပင် မပြည့်သေးချေ။

“နောက်ထပ် စစ်ဆေးမှုရဲ့ အကြောင်းအရာတွေကိုတော့ အတည်ပြုပြီးသွားပြီ”

အကြီးအကဲဝေ့က ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ လူခြောက်ယောက်လုံး စိတ်ဝင်စားသွားကြပြီး အကြီးအကဲဝေ့ ဆက်ပြောမည့်စကားကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေကြသည်။

“အရင်စစ်ဆေးမှုတုန်းက မင်းတို့ရဲ့ သိုင်းပညာစွမ်းအားကို စစ်ဆေးခဲ့တာ။ ဒါပေမဲ့ ဒီတစ်ခါတော့ လူငယ်မျိုးဆက်သစ်တွေကို လေ့ကျင့်ပေးနိုင်တဲ့ မင်းတို့ရဲ့စွမ်းရည်ကို စစ်ဆေးသွားမှာ”

အကြီးအကဲဝေ့မှ ပြောလိုက်သည်။

“လူငယ်မျိုးဆက်သစ်တွေကို လေ့ကျင့်ပေးနိုင်တဲ့ စွမ်းရည်ဟုတ်လား”

လူခြောက်ယောက်လုံး အံ့အားသင့်သွားကြလေသည်။

“ဂိုဏ်းတွေဆိုတာ အမွေဆက်ခံခြင်းကို အထူးဂရုစိုက်ကြတယ်။ မျိုးဆက်သစ်တွေ ရှေ့ထွက်မလာဘူးဆိုရင် ဂိုဏ်းတစ်ခုက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ အချိန်ရဲ့ရေစီးကြောင်းရှည်ကြီးထဲမှာ ရှောင်လွှဲလို့မရဘဲ ပျက်စီးသွားမှာပဲ”

အကြီးအကဲဝေ့က ဆက်ပြောလိုက်သည်။

“မူလကတော့ ဒီစစ်ဆေးမှုရဲ့ အကြောင်းအရာက ဂိုဏ်းရဲ့ အုပ်ချုပ်မှုကို ရည်ရွယ်ထားတာ။ ဒါပေမဲ့ ဂိုဏ်းချုပ်ကြီးမှာ အရေးကြီးတဲ့ လုပ်စရာတွေ ရှိနေသေးတဲ့အတွက် စစ်ဆေးမှုအကြောင်းအရာတွေကို ရိုးရှင်းအောင် လုပ်လိုက်တာပဲ။ ဒါကြောင့် မင်းတို့ရဲ့ တာဝန်အတွက် တာအိုနယ်ပယ်အောက်မှာရှိတဲ့ လူငယ်မျိုးဆက်သစ် သုံးယောက်ကို ရွေးချယ်ရမယ်။ ပြီးရင် သူတို့ရဲ့ သိုင်းပညာကျင့်ကြံမှုကို ကူညီပေးဖို့ အချိန်ခြောက်လ သုံးရမယ်။ ခြောက်လကြာတဲ့အခါ မင်းတို့ရဲ့ တပည့်တွေ အချင်းချင်း ယှဉ်ပြိုင်တိုက်ခိုက်ရလိမ့်မယ်။ စွမ်းဆောင်ရည် အကောင်းဆုံးလူကို ဂိုဏ်းချုပ်ကြီးက သူ့ရဲ့ဆက်ခံသူအဖြစ် ရွေးချယ်သွားလိမ့်မယ်”

“ဟင်”

စည်းမျဉ်းများကို ကြားပြီးနောက် လူခြောက်ယောက်၏ မျက်နှာများမှာ ကွဲပြားသွားကြလေသည်။

တစ်နည်းအားဖြင့်ဆိုရလျှင် ဤစစ်ဆေးမှုမှာ တရားမျှတမှု မရှိပေ။

သူတို့လေ့ကျင့်ပေးရမည့် တပည့်သုံးဦးမှာ တာဝန်ချပေးခြင်းမဟုတ်ဘဲ သူတို့ကိုယ်တိုင် ရွေးချယ်ရမည် ဖြစ်သည်။

ထိုသို့ဆိုလျှင် သွမ့်မိသားစု၏ တတိယမြောက်မင်းသားဖြစ်သော သွမ့်ချောင်မြန်အနေဖြင့် သေချာပေါက် ကြီးမားသော အားသာချက်တစ်ခု ရှိနေပေလိမ့်မည်။

သူ၏ အဆင့်အတန်းအရဆိုပါက အထွတ်အထိပ် ပါရမီရှင်များကို တပည့်အဖြစ် အလွယ်တကူ စုဆောင်းနိုင်ပြီး ထို့နောက် ၎င်းတို့အား ပျိုးထောင်ပေးရန်အတွက် ကြီးမားသော အရင်းအမြစ်များကို အသုံးပြုနိုင်ပေသည်။

ထိုသို့သော အခြေအနေမျိုးတွင် သူတို့၏နယ်ပယ်များသည် ရှောင်လွှဲ၍မရနိုင်လောက်အောင် လျင်မြန်စွာ တိုးတက်လာပေလိမ့်မည်။

ထို့အပြင် ထိုကဲ့သို့သော တပည့်များသည် ခိုင်မာသော အခြေခံအုတ်မြစ် ရှိထားမည်ဖြစ်ရာ အခြားသူများထက် ပိုမိုသန်မာလာစေမည် ဖြစ်သည်။

ထို့ကြောင့် ဤစစ်ဆေးမှုမှာ ဘက်လိုက်နေကြောင်း သိသာထင်ရှားလှပေသည်။

‘ဘာပဲဖြစ်ဖြစ် ပင်လယ်နီမိစ္ဆာသခင်က တော်ဝင်မိသားစုက ဆင်းသက်လာတာဆိုတော့ သွမ့်မိသားစုဝင်တွေကို မျက်နှာသာပေးတာက ပုံမှန်ပါပဲ’

ရွှီနင်သည် ထူးထူးခြားခြား မကျေမနပ်ဖြစ်နေခြင်း မရှိပေ။

မူလအချိတ်အဆက်နယ်ပယ်သို့ အဆင့်တက်ပြီးနောက် ရွှီနင်သည် အရင်းအမြစ်များကို ပိုမိုရယူလိုရုံသာ ဖြစ်သည်။ ပင်လယ်နီမိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်ရာထူးကို သူ သိပ်ပြီး မက်မောနေခြင်း မရှိချေ။

သို့သော် ရွှီနင်မှာ မည်သို့မျှ မခံစားရသော်လည်း ယွိချောင့်နှင့် အခြားသုံးဦးတို့မှာမူ မျက်မှောင်အနည်းငယ် ကြုံ့သွားကြသည်။ ဤဘက်လိုက်သော စစ်ဆေးမှုအား သူတို့ သဘောမတူကြောင်း သိသာလှသည်။

သို့သော် ဤကိစ္စနှင့်ပတ်သက်၍ သူတို့၏ မကျေနပ်ချက်များကို ထုတ်‌ဖော်ပြောဆိုနိုင်ခြင်းမရှိဘဲ တိတ်ဆိတ်စွာဖြင့်သာ လက်ခံလိုက်ကြရလေတော့သည်။

All Chapters