အခန်း (၃၁၅-၃၁၆)
Vol. 32 Ch. 315-316
အခန်း (၃၁၅) - လူစုံတက်စုံ စုဝေးခြင်း
“တစ်ယောက်ယောက် ကန့်ကွက်ချင်တာ ရှိသေးလား”
အကြီးအကဲဝေ့သည် သူတို့၏ ခံစားချက်များကို သဘာဝကျကျပင် ရိပ်မိနေလေသည်။
သို့သော် ဤကိစ္စကို ပင်လယ်နီမိစ္ဆာသခင်က ဆုံးဖြတ်ထားခြင်းဖြစ်ပြီး သူက သတင်းစကားပါးရန်သာ တာဝန်ရှိပေသည်။
သူတို့အနေဖြင့် မကျေနပ်လျှင်ပင် ထုတ်ပြောနေ၍လည်း အဓိပ္ပာယ်မရှိချေ။
နောက်ဆုံးတွင် သူတို့အားလုံး ခေါင်းခါပြလိုက်ကြတော့သည်။
“ဒါဆိုရင် အားလုံး သွားလို့ရပါပြီ”
အကြီးအကဲဝေ့က ပြောလိုက်သည်။
“ဆယ်ရက်ကြာရင် မင်းတို့ရွေးချယ်ထားတဲ့ တပည့်တွေကို ဂိုဏ်းဆီ ခေါ်လာခဲ့ကြပါ။ သူတို့ရဲ့ ကိုယ်ရေးအချက်အလက်နဲ့ စွမ်းဆောင်ရည်တွေကို ငါ မှတ်တမ်းတင်ပေးမယ်”
“ဟုတ်ကဲ့ပါ”
အားလုံးက ပြန်လည်တုံ့ပြန်လိုက်ကြပြီးနောက် ကိုယ်စီအတွေးများဖြင့် ထွက်ခွာသွားကြလေသည်။
အကြီးအကဲခန်းမမှ ထွက်လာသော သွမ့်ချောင်မြန်သည် အခြားသူများကို စကားတစ်ခွန်းမျှမဆိုဘဲ အလျင်စလို ထွက်ခွာသွားချေပြီ။
ဤစစ်ဆေးမှု၏ မျက်နှာလိုက်မှုအား သွမ့်ချောင်မြန်မှာ သိသာစွာပင် သတိပြုမိလေသည်။
အခြားငါးယောက်နှင့် ယှဉ်လျှင် ဤစစ်ဆေးမှု၌ သူသည် ကြီးမားသော အားသာချက်ကို ပိုင်ဆိုင်ထားလေသည်။
ဤသည်မှာ သွမ့်ဟွေးယွဲ့မှ သွမ့်ဟွေးယောင့်အပေါ်အား ဖိအားပေးခဲ့သည့် ရလဒ်ဖြစ်နိုင်ပြီး သွမ့်တော်ဝင်စုအနေဖြင့် ဤစစ်ဆေးမှုတွင် အနိုင်ရရန် အခွင့်အရေးပိုများစေရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်မည်ဟု သွမ့်ချောင်မြန် ခန့်မှန်းမိပေသည်။
မည်သို့ပင်ဆိုစေ ယခင်က သွမ့်ဟွေးယောင့်၏ စိတ်နေသဘောထားအရ သူသည် မည်သည့်မျိုးစေ့များကိုမျှ မျက်နှာသာပေးလေ့မရှိပေ။
သွမ့်ချောင်မြန်သည် သူ၏မိခင်နှင့် ဦးလေးဖြစ်သူတို့မှ အရည်အချင်းရှိသူများကို ရှာဖွေရာတွင် ကူညီပေးနိုင်ရန် ဤကိစ္စအား မြို့တော်သို့ အမြန်ဆုံး အကြောင်းကြားလိုနေသည်။
အနာဂတ်တွင် အိမ်ရှေ့မင်းသားနှင့် ယှဉ်ပြိုင်နိုင်မည်မဟုတ်ကြောင်း သွမ့်ချောင်မြန် ကောင်းစွာ သိထားလေသည်။ ထို့ကြောင့် ပင်လယ်နီမိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်လာခြင်းသည် သူ၏အနာဂတ်အတွက် အကောင်းဆုံးလမ်းကြောင်းတစ်ခု ဖြစ်လာလေသည်။
ပင်လယ်နီမိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်လာသည်နှင့် အိမ်ရှေ့မင်းသားပင်လျှင် သူ့အပေါ် ယဉ်ကျေးစွာ ဆက်ဆံရပေလိမ့်မည်။
ထို့အပြင် အခြားဘုရင်ခံများပင်လျှင် သူ့အား ယှဉ်နိုင်တော့မည် မဟုတ်ချေ။
“ရွှီနင်... ဒီစစ်ဆေးမှုက သွမ့်ချောင်မြန်ဘက်ကို သိသိသာသာ မျက်နှာလိုက်နေတာပဲ”
သူတို့ခြောက်ယောက် လူစုကွဲသွားပြီးနောက် ယွိချောင့်သည် ရွှီနင်ကိုရှာကာ ညည်းတွားလိုက်သည်။
သူမသည် ပင်လယ်နီမိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်နေရာကို တန်ဖိုးထားနေဆဲဖြစ်ကြောင်း သိသာလှသည်။
သူမနှင့် သွမ့်ချောင်မြန်တို့ကြားရှိ ပြိုင်ဆိုင်မှုမှာ အလွန်ပြင်းထန်လှပေသည်။
ထို့ကြောင့် ရွှီနင်အား “အထွတ်အထိပ်” ဟု အကဲဖြတ်ခံရပြီးနောက် သူမသည် ရွှီနင်အပေါ် ချက်ချင်းပင် သဘောကောင်းပြခဲ့သည်။
ဤသည်မှာ သွမ့်ချောင်မြန်အပေါ် ဖိအားပိုပေးနိုင်ရန် နည်းလမ်းတစ်ခုလည်း ဖြစ်လေသည်။
“စစ်ဆေးမှုစည်းမျဉ်းကို ကျွန်တော်တို့ ပြောင်းလဲလို့မရနိုင်ဘူးလေ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အဆက်အသွယ်တွေကိုသုံးပြီး သင့်တော်တဲ့ ပါရမီရှင်တွေကို မြန်မြန်ရှာဖွေပြီးတော့ အစွမ်းထက်တဲ့ တပည့်တွေဖြစ်လာအောင် ပြုစုပျိုးထောင်ဖို့ နည်းလမ်းတွေကို လေ့လာတာက အကောင်းဆုံးပဲ”
ယွိချောင့်မှ ရွှီနင်အား ညည်းတွားပြောဆိုပြီးနောက် ရွှီနင်မှာ ယွိချောင့်ထက် များစွာ တည်ငြိမ်နေဆဲပင်။
ဤသည်ကို မြင်သောအခါ ယွိချောင့် သက်ပြင်းချလိုက်မိသည်။
ရွှီနင်သည် ပြိုင်ဆိုင်လိုစိတ် ပြင်းထန်သူတစ်ယောက် မဟုတ်ကြောင်း သူမ သိလိုက်သည်။
“ထားလိုက်ပါတော့လေ... ဒီအခြေအနေထိ ရောက်နေမှတော့ ငါလည်း စွန့်စားရတော့မှာပေါ့”
ယွိချောင့်သည် ရှုပ်ထွေးသော ခံစားချက်များစွာဖြင့် လျင်မြန်စွာ ထွက်ခွာသွားလေတော့သည်။
ရွှီနင်ကမူ သင့်လျော်သော လူသုံးယောက်ကို မည်သည့်နေရာမှ ရှာဖွေရမည်ကို တွေးတောနေလေသည်။
‘ဒီကိစ္စကို သွမ့်ချောင်ဖုန်းဆီ အပ်ထားလိုက်တာ ကောင်းမယ်။ သူ့အင်အားစုက သွမ့်ချောင်မြန်လောက် မကြီးမားပေမယ့် သင့်တော်တဲ့ လူသုံးယောက်ကို ရှာဖို့က သိပ်မခက်ခဲလောက်ဘူး’
ရွှီနင် စိတ်ထဲမှ တွေးလိုက်သည်။
သို့သော် ရွှီနင်၏ စိတ်ထဲတွင် အခြားပုံရိပ်တစ်ခု ဖြတ်ပြေးသွားလေသည်။
‘ဖန်းယိုလိကိုလည်း ခေါ်လာပြီး စမ်းကြည့်ခိုင်းရမယ်...’
ရွှီနင် အကြံတစ်ခု ရသွားသည်။
ဖန်းယိုလိ၏ ပါရမီမှာ ထူးဆန်းသော်လည်း သူ၏ တိုးတက်မှုနှုန်းမှာ အလွန်မြန်ဆန်လှသည်။ သူသည် အမှန်တကယ်ပင် အံ့ဖွယ်တစ်ခုကို ဖန်တီးနိုင်ပေလိမ့်မည်။
ဖန်းယိုလိသည် ယန့်လုဂိုဏ်းသို့ ဝင်ရောက်ရန် ကိုယ်တိုင်တောင်းဆိုခဲ့ပြီး ရွှီနင့်အား ဆရာတင်လိုကြောင်း ပြောခဲ့စဉ်ကတည်းက သူသည် သာမန်မဟုတ်ကြောင်း ရွှီနင် သတိထားမိခဲ့သည်။
ဤအချက်ကို စဉ်းစားမိပြီးနောက် နေအိမ်သို့ ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် ရွှီနင်သည် ယဲ့ဘုရင်ခံအိမ်တော်နှင့် ယန့်လုဂိုဏ်းထံသို့ စာနှစ်စောင် ချက်ချင်း ပေးပို့လိုက်လေသည်။
အချိန်များစွာ မဖြုန်းတီးမိစေရန် ရွှီနင်သည် ပင်လယ်နီမိစ္ဆာဂိုဏ်းသို့ ပထမဆုံးအကြိမ် ရောက်ရှိလာစဉ်က သူစီးနင်းခဲ့သော တာအိုနယ်ပယ် အလယ်အလတ်အဆင့်ရှိ ပျံသန်းနိုင်သည့် မိစ္ဆာသားရဲအား အသုံးပြု၍ စာပို့ခိုင်းလိုက်သည်။
လမ်းခရီးတွင် ပြဿနာတစ်စုံတစ်ရာ မဖြစ်ပေါ်စေရန်အတွက် ကုဆုန်းယင့်မှာ တာအိုနယ်ပယ် အလယ်အလတ်အဆင့် ပျံသန်းနိုင်သော မိစ္ဆာသားရဲနှင့်အတူ ကိုယ်တိုင်ကိုယ်ကျ လိုက်ပါသွားခဲ့လေသည်။
စာများ ပေးပို့ပြီးနောက် ရွှီနင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရန် မလိုတော့ပေ။
သတ္တမမြောက်နေ့တွင် ကုဆုန်းယင့်သည် လူသုံးယောက်ကို ခေါ်ဆောင်ကာ ပြန်လည်ရောက်ရှိလာခဲ့သည်။
ပြုစုပျိုးထောင်ပေးရမည့် လူငယ်သုံးဦးအပြင် ကျန်းဟယ်လည်း အတူပါလာလေသည်။
“ရွှီနင်”
ကျန်းဟယ်သည် ရွှီနင်အား ပြန်လည်တွေ့ရှိရသဖြင့် ဝမ်းသာနေလေသည်။
ရွှီနင်သည် သွမ့်ချောင်ဖုန်းနှင့် ကျန်းဟယ်တို့၏ မျှော်လင့်ချက်များနှင့် အပြည့်အဝ ကိုက်ညီခဲ့ပြီး ပင်လယ်နီမိစ္ဆာဂိုဏ်း၏ အနာဂတ်အကြီးအကဲတစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်သည်။
သူသည် ပင်လယ်နီမိစ္ဆာသခင်၏ ဆက်ခံသူဖြစ်လာရန်ပင် အခွင့်အရေးရှိနေလေသည်။
“အစ်ကိုကျန်း”
ရွှီနင်က ဦးဆောင်၍ နှုတ်ဆက်လိုက်သည်။
“ဘာကိစ္စရှိလို့ ဒီအထိ ရောက်လာတာလဲ”
ရွှီနင်က ပြုံးလျက် မေးလိုက်သည်။
“မင်းဆီမှာ လူအင်အား မလုံလောက်မှာကို ဘုရင်ခံက စိတ်ပူလို့ ငါ့ကို ဒီကို စေလွှတ်လိုက်တာ”
ကျန်းဟယ်၏ မျက်နှာတွင်လည်း အပြုံးများ ပြည့်နှက်နေသည်။
“ဘုရင်ခံက တကယ့်ကို စဉ်းစားတတ်တာပဲ...”
ရွှီနင်က ပြောလိုက်သည်။
“တာအိုနယ်ပယ်အောက်က ပါရမီရှင်တပည့် နှစ်ယောက်ကို ရှာချင်တယ်ဆိုတဲ့ သတင်းကို မင်းပို့လိုက်တော့ မင်းအတွက် ဘုရင်ခံက အဆက်အသွယ်တွေကိုသုံးပြီး နေရာအနှံ့ ရှာဖွေပေးခဲ့တာ”
ကျန်းဟယ်က တပည့်နှစ်ဦးကို ရှေ့သို့ထွက်လာရန် အချက်ပြလိုက်သည်။
“သခင်လေးရွှီ”
ထိုတပည့်နှစ်ဦးမှာ ယောက်ျားလေးတစ်ဦးနှင့် မိန်းကလေးတစ်ဦးဖြစ်ပြီး နှစ်ဦးလုံးမှာ ဟင်းလင်းပြင်နယ်ပယ် ကိုးဆင့်မြောက် အစစ်အမှန်ပိုင်နက်နယ်ပယ်တွင် ရှိကြသည်။ သူတို့မှာ အသက်နှစ်ဆယ်စွန်းစွန်းခန့်သာ ရှိသေးသည်။
ဤသည်မှာ ဝမ်ရှန့်ပြည်နယ်တွင် အထွတ်အထိပ် ပါရမီရှင်များ၏ သင်္ကေတပင် ဖြစ်သည်။ မည်သည့်ဂိုဏ်းတွင်ပင် ရှိနေစေကာမူ သူတို့သည် အနာဂတ်တွင် ဂိုဏ်း၏ ထောက်တိုင်များဖြစ်လာပေလိမ့်မည်။
“မင်းတို့ နာမည်တွေက ဘယ်လိုခေါ်လဲ။ ဘယ်ကနေ လာကြတာလဲ”
ရွှီနင် မေးလိုက်သည်။
“သခင်လေးရွှီ... ကျွန်တော့်နာမည်က ပျန့်ဟွမ်ပါ။ ကုချင်းစီရင်စုရဲ့ ချန်ယဲ့ဂိုဏ်းကနေ လာတာပါ”
ယောက်ျားလေးတပည့်က ဦးစွာ မိတ်ဆက်လိုက်သည်။
“သခင်လေးရွှီ... ကျွန်မနာမည်က လင်ကျယ်ပါ။ လုကျီးစီရင်စုက လင်မိသားစုကနေ လာတာပါ”
အခြားမိန်းကလေးတပည့်က ဆက်လက်မိတ်ဆက်လိုက်သည်။
“လုကျီးစီရင်စုက လင်မိသားစု ဟုတ်လား”
ရွှီနင် အနည်းငယ် အံ့အားသင့်သွားသည်။
လုကျီးစီရင်စုသည် သွမ့်ချောင်ဖုန်း၏ ပိုင်နက် မဟုတ်ပေ။
“လင်ကျယ်ကိုတော့ မင်းသမီးမော့လန်က ကူညီရှာဖွေပေးခဲ့တာလေ”
ကျန်းဟယ်က ရှင်းပြလေသည်။
ရွှီနင် ခေါင်းညိတ်လိုက်၏။
ဤတစ်ကြိမ်တွင် မော့လန်သည် သူ့ကို ကူညီရန် အမှန်တကယ် အားထုတ်ခဲ့ခြင်းပင်။
ထို့အပြင် သွမ့်ချောင်ဖုန်းနှင့် မော့လန်တို့ကြား ဆက်ဆံရေးသည်လည်း များစွာ တိုးတက်လာပုံရလေသည်။
ပျန့်ဟွမ်နှင့် လင်ကျယ်တို့သည် ရွှီနင်နှင့် မျက်နှာချင်းဆိုင်ရသောအခါ အနည်းငယ် စိုးရိမ်နေကြသည်။
သူတို့သည် အကြီးအကဲများ၏ လေးစားမှုကို ခံရပြီး ထိပ်တန်းပါရမီရှင်များအဖြစ် သတ်မှတ်ခံထားရသော်လည်း ရွှီနင်နှင့် ရင်ဆိုင်ရချိန်တွင်မူ ထိတ်လန့်နေဆဲပင်။
ရွှီနင်သည် မူလအချိတ်အဆက်နယ်ပယ် သိုင်းပညာရှင်တစ်ဦးသာမက ပင်လယ်နီမိစ္ဆာဂိုဏ်း၏ အနာဂတ်အကြီးအကဲတစ်ဦးလည်း ဖြစ်ပေသည်။
ဤကဲ့သို့သော အဆင့်အတန်းနှင့် စွမ်းအားများမှာ ထိုလူငယ်နှစ်ဦးအား ရွှီနင့်ကို မြင့်မားသော တောင်တန်းကြီးတစ်ခုအလား မှတ်ယူသွားစေခဲ့သည်။
ရွှီနင်၏ အထူးလေ့ကျင့်သင်ကြားမှုအား ခြောက်လကြာ ခံယူရမည်ဟု သိလိုက်ရပြီးနောက် သူတို့နှစ်ဦးလုံးမှာ စိတ်လှုပ်ရှားနေကြသည်။
ဤသည်က သူတို့၏ စွမ်းအားကို ပိုမိုတိုးတက်စေရုံသာမက ရွှီနင်ကဲ့သို့သော စွမ်းအားကြီးမားသော ပုဂ္ဂိုလ်တစ်ဦးနှင့် ဆက်ဆံရေး တည်ဆောက်နိုင်မည် ဖြစ်ပေသည်။
“မင်းတို့နှစ်ယောက်လုံး မဆိုးပါဘူး”
ရွှီနင်က သူ၏ အကဲဖြတ်ချက်ကို ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသဖြင့် သူတို့နှစ်ဦးလုံး အနည်းငယ် စိတ်လှုပ်ရှားသွားကြသည်။
“ဂိုဏ်းချုပ်”
လူအုပ်၏ အနောက်ဘက်တွင် ရှိနေသော ဖန်းယိုလိသည် ရှေ့သို့ တိုးထွက်လာလေသည်။
“ဂိုဏ်းချုပ်... ကျွန်တော်လည်း ရောက်နေပြီဗျ”
ဖန်းယိုလိသည် ရွှီနင်၏ရှေ့တွင် အလွန် ပေါ့ပေါ့ပါးပါးပင် ပြုမူနေသည်။
သူသည် အစကတည်းက ဘာကိုမျှ ဂရုမစိုက်တတ်သူ ဖြစ်သည်။ ယန့်လုဂိုဏ်း၏ လွှမ်းမိုးမှုကို အချိန်ကြာမြင့်စွာ ခံရပြီးနောက်တွင်တောင်ပင် သာမန်တပည့်များကဲ့သို့ ယဉ်ကျေးသိမ်မွေ့သော အမူအကျင့်မျိုး မရှိသေးပေ။
“ဟင်းလင်းပြင်နယ်ပယ် အဋ္ဌမအဆင့်တောင် ရောက်နေပြီလား”
ရွှီနင်သည် ဖန်းယိုလိ၏ စွမ်းအားကို အာရုံခံမိလိုက်ပြီး ကျေနပ်စွာ ပြုံးလိုက်လေသည်။
“ဂိုဏ်းချုပ်ကြောင့်သာ မဟုတ်ရင် ကျွန်တော့်ရဲ့ လေ့ကျင့်မှုတွေလည်း နောက်ကျမှာ မဟုတ်ဘူး။ ဟင်းလင်းပြင်နယ်ပယ် နဝမအဆင့်ကိုတောင် ရောက်နေလောက်ပြီ”
ဖန်းယိုလိ၏ လေသံတွင် မကျေမနပ်ဖြစ်နေသည့် အရိပ်အယောင်များပင် ပါဝင်နေလေသည်။
ရွှီနင်နှင့် ဖန်းယိုလိ၏ ဆက်ဆံရေးကို မြင်ပြီးနောက် လင်ကျယ်နှင့် ပျန့်ဟွမ်တို့သည် အနည်းငယ် မနာလို ဖြစ်သွားကြသည်။
သူတို့၏ အဆင့်အတန်းနှင့်ဆိုပါက ရွှီနင့်အား ဤကဲ့သို့ ပြောဆိုရဲမည် မဟုတ်ပေ။
ထိုစကားကို ကြားသောအခါ ရွှီနင် ရယ်မောလိုက်လေသည်။
“ဘာတွေလောနေတာလဲ။ အစစ်အမှန်ပိုင်နက်နယ်ပယ်ကို ဝင်ဖို့ နှစ်ရက်လေး နောက်ကျသွားတာ မဟုတ်ဘူးလား။ မင်းကို တာအိုနယ်ပယ်ဆီ မြန်မြန်ချိုးဖျက်နိုင်အောင် ကူညီပေးဖို့ ငါက အထူးတလည် ခေါ်လိုက်တာကွ”
“ဒါဆိုရင်လည်း ဂိုဏ်းချုပ်ပြောတဲ့အတိုင်း ကတိတည်ရမယ်နော်”
ရွှီနင်၏ စကားကို ကြားသောအခါ ဖန်းယိုလိက ရိုးသားဖြူစင်စွာ ပြုံးပြလိုက်လေတော့သည်။
အခန်း (၃၁၆) - ဝါးမြိုခြင်းသားရဲ
သူတို့သုံးယောက် ရောက်လာပြီးနောက် ရွှီနင်သည် သူတို့အား အကြီးအကဲဝေ့ထံ ခေါ်ဆောင်သွားကာ အချက်အလက်များ စစ်ဆေးပြီး မှတ်တမ်းတင်လိုက်လေသည်။
အကြီးအကဲဝေ့နှင့် စကားပြောပြီးနောက် သွမ့်ချောင်မြန်သည်လည်း တပည့်သုံးယောက်ကို ရွေးချယ်ထားကြောင်း ရွှီနင် သိလိုက်ရသည်။ ယွိချောင့်နှင့် အခြားမျိုးစေ့သုံးယောက်မှာမူ သူတို့ရွေးချယ်ထားသော တပည့်များကို ခေါ်မလာကြသေးပေ။
ထိုအချက်ကို ကြည့်ခြင်းအားဖြင့် ဤစမ်းသပ်မှုတွင် သွမ့်ချောင်မြန်၏ အသာစီးရနေမှုကို ရွှီနင် ခံစားမိနေလေသည်။
သူ့နောက်ခံအင်အားစုများ၏ အကူအညီဖြင့် သွမ့်ချောင်မြန်၏ လုပ်ဆောင်နိုင်စွမ်းမှာ အခြားသူများထက် သေချာပေါက် ပိုမိုမြင့်မားနေပေလိမ့်မည်။
အကြီးအကဲဝေ့ထံမှ ပြန်လာပြီးနောက် ရွှီနင် ပထမဆုံးလုပ်ခဲ့သည့်အရာမှာ တာအိုလက်နက်များနှင့် စွမ်းအင်စုပ်ယူ၍မရသော အခြားအရင်းအမြစ်များကို ဆေးလုံးများ၊ ဝိညာဉ်ဆေးပင်များနှင့် လဲလှယ်ခြင်းပင် ဖြစ်သည်။
ပင်လယ်နီမိစ္ဆာဂိုဏ်းရှိ ရွှီနင်၏ လက်ရှိဂုဏ်ပုဒ်အရ ဤမျှများပြားသော အရင်းအမြစ်များကို လဲလှယ်ရန်မှာ မခက်ခဲလှပေ။
အချိန်တိုအတွင်းမှာပင် သူသည် စွမ်းအင်ယူနစ် သန်းနှစ်ဆယ်ကို ထပ်မံရရှိခဲ့လေသည်။
ထိုစွမ်းအင်များကို စုပ်ယူပြီးနောက် ရွှီနင်သည် ပင်လယ်နီဆေးကျမ်းကို အဆင့်ကိုးအထိ မြှင့်တင်ရန် အားလုံးကို အသုံးပြုလိုက်လေသည်။
ယင်းသို့လုပ်ဆောင်ရခြင်း၏ အကြောင်းရင်းမှာ ရွှီနင်အတွက် ဆေးလုံးများဖော်စပ်ခြင်းက သူ၏တပည့်သုံးယောက် ကျင့်ကြံရာတွင် ကူညီပေးနိုင်မည့် အစွမ်းထက်ဆုံး ဝှက်ဖဲဖြစ်နေသောကြောင့်ပင်။
ပင်လယ်နီမိစ္ဆာဂိုဏ်းတွင် ပင်လယ်နီမိစ္ဆာသခင်မှလွဲ၍ ဆေးပညာအား အထူးပြုလေ့လာသော ဆေးဆရာကြီး သုံးဦးသာရှိပြီး သူတို့၏ သိုင်းပညာအဆင့်မှာလည်း တာအိုနယ်ပယ်၏ အခြေခံအဆင့်တွင်သာ ရှိလေသည်။
ထို့ကြောင့် ပင်လယ်နီမိစ္ဆာဂိုဏ်း၌ သိုင်းပညာနှင့် ဆေးပညာ နှစ်ရပ်စလုံးတွင် ဤမျှကြီးမားသော အောင်မြင်မှုမျိုး ရရှိထားသူဆို၍ ရွှီနင်နှင့် ပင်လယ်နီမိစ္ဆာသခင် နှစ်ယောက်သာ ရှိပေသည်။
အထောက်အကူပြုဆေးလုံးအချို့ကို ဖော်စပ်ရန်အတွက် ဝိညာဉ်ဆေးပင်များနှင့် ဆေးဖက်ဝင်ပစ္စည်းအချို့ကို လဲလှယ်ပြီးနောက် ရွှီနင်သည် ကျန်းဟယ်နှင့်အတူ သူ၏တပည့်သုံးယောက်ကို ခေါ်ဆောင်ကာ ပင်လယ်နီမိစ္ဆာဂိုဏ်း၏ အခြေစိုက်ကျွန်းမှ ထွက်ခွာလာခဲ့လေသည်။
ရွှီနင်သည် ပြင်ပမှ နှောင့်ယှက်မှုများကို အစွမ်းကုန်တားဆီးနိုင်ရန်အတွက် လူသူအရောက်အပေါက်နည်းပါးပြီး တိတ်ဆိတ်သော နေရာတစ်ခုသို့ သူတို့ကို ခေါ်သွားရန် ပြင်ဆင်ထားလေသည်။
ဝမ်ရှန့်ပြည်နယ်၏ မြောက်ပိုင်းအလယ်ဗဟိုတွင် ဆက်တိုက်သွယ်တန်းနေသော ဆီးနှင်းတောင်တန်းတစ်ခု ရှိလေသည်။
ဤနေရာရှိ ပတ်ဝန်းကျင်မှာ အလွန်အမင်း အေးခဲနေပြီး တစ်နှစ်ပတ်လုံး နှင်းမုန်တိုင်းများ တိုက်ခတ်နေတတ်ရာ ဟင်းလင်းပြင်နယ်ပယ်အောက်ရှိ သိုင်းပညာရှင်များအတွက် ဤနေရာတွင် အသက်ရှင်သန်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။
ဟင်းလင်းပြင်နယ်ပယ်သို့ ရောက်နေလျှင်ပင် ဤနေရာ၌ အသက်ရှင်ရပ်တည်ရန်မှာ အန္တရာယ်များလှပေသည်။
အကြောင်းမှာ ဤနေရာတွင် တာအိုနယ်ပယ်ရှိ မိစ္ဆာသားရဲမြောက်မြားစွာ ခိုအောင်းနေသောကြောင့် ဖြစ်သည်။
သို့သော် ရွှီနင်နှင့် ကျန်းဟယ်တို့ အနားတွင်ရှိနေသဖြင့် ဖန်းယိုလိ၊ ပျန့်ဟွမ်နှင့် လင်ကျယ်တို့မှာ လုံခြုံရေးအတွက် စိုးရိမ်ရန် မလိုတော့ချေ။
“ဒီသစ်ပင်ကမ္ဘာငယ်ကို ဒီမှာပဲ ထားလိုက်ကြစို့။”
ကျန်းဟယ်က မျိုးစေ့ကို မြေကြီးထဲသို့ ပစ်ချလိုက်ရာ သစ်ပင်ကြီးတစ်ပင်သည် မြေကြီးထဲမှ လျင်မြန်စွာ ပေါက်ရောက်လာလေသည်။
ဤအရာမှာ သွမ့်ချောင်ဖုန်းမှ ကျန်းဟယ်အား ယူဆောင်သွားရန် မှာကြားခဲ့သော ပစ္စည်းပင် ဖြစ်လေသည်။
သစ်ပင်ကမ္ဘာငယ်ဆိုသည်မှာ ကျင့်ကြံခြင်းအတွက် အထောက်အကူဖြစ်စေသော ဟင်းလင်းပြင်နယ်မြေ ရတနာတစ်ခု ဖြစ်သည်။
ယခင်က သွမ့်ချောင်ဖုန်းသည် ရွှီနင်အား သစ်ပင်ကမ္ဘာငယ်တစ်ခုအား ပေးခဲ့ဖူးပြီး ထိုအရာမှာ ယန့်လုဂိုဏ်းတွင် ကျန်ရစ်နေခဲ့လေပြီ။
“ဒီနေ့ကစပြီး နောက်လာမယ့် နှစ်ဝက်အတွင်းမှာ မင်းတို့သုံးယောက်ကို ငါ့စွမ်းရည်တွေအကုန်ထုတ်ပြီး လေ့ကျင့်သင်ကြားပေးမယ်။”
ရွှီနင်က ဖန်းယိုလိနှင့် ကျန်နှစ်ယောက်ကို ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်။”
“ကျေးဇူးတင်ပါတယ် ဆရာရွှီ။”
ဖန်းယိုလိမှာ ယခင်ကအတိုင်း ရိုးသားပွင့်လင်းသောဟန်ပန် ရှိနေဆဲပင်။
ပျန့်ဟွမ်နှင့် လင်ကျယ်တို့ကမူ အလွန် နှိမ့်ချရိုသေကြလေသည်။
“မင်းတို့သုံးယောက်ကို အခု ငါ့ရဲ့ အမည်ခံတပည့်တွေအဖြစ် သတ်မှတ်လိုက်ပြီ။”
ရွှီနင် ထပ်ပြောလိုက်သည်။
ပျန့်ဟွမ်နှင့် လင်ကျယ်တို့မှာ အလွန်တုန်လှုပ်သွားကြသည်။
သူတို့သည် အမှန်တကယ်ပင် ဆရာရွှီ၏ တပည့်များ ဖြစ်လာခဲ့ကြလေပြီ။
“ဆရာ”
သူတို့နှစ်ယောက်မှာ အလျင်အမြန်ပင် အရိုအသေပေးလိုက်ကြလေသည်။
ဤသည်မှာ ရွှီနင်နှင့် သာမန်ပတ်သက်မှုမျိုး မဟုတ်တော့ဘဲ သူတို့သည် အမှန်တကယ်ပင် ဆရာနှင့်တပည့်များ ဖြစ်လာခဲ့ကြချေပြီ။
ဤတစ်ကြိမ်တွင်မူ ဖန်းယိုလိတစ်ယောက် အနည်းငယ် စိတ်လှုပ်ရှားသွားရသည်။
သူ ယန့်လုဂိုဏ်းသို့ ပထမဆုံးဝင်ရောက်စဉ်က ဂိုဏ်းချုပ်၏ တပည့်ဖြစ်လိုခဲ့သော်လည်း ရွှီနင်က ငြင်းပယ်ခဲ့လေသည်။
ယခုမူ သူ၏ဆန္ဒ ပြည့်ဝသွားပြီဖြစ်ရာ ဖန်းယိုလိမှာ ဝမ်းသာပျော်ရွှင်နေမိသည်။
သူသည် ရွှီနင်၏တပည့် ဖြစ်လိုရခြင်းမှာ ဂိုဏ်းချုပ်၏တပည့်ဟူသော ဂုဏ်ပုဒ်ကိုသုံး၍ အရင်းအမြစ်များ ပိုမိုခံစားခွင့်ရလိုသောကြောင့် ဖြစ်သော်ငြား ရွှီနင်၏စွမ်းရည်ကို မြင်တွေ့ပြီးနောက်တွင်မူ ရွှီနင်၏တပည့်ဖြစ်လိုသော သူ၏ဆန္ဒမှာ လုံးဝလျော့ကျမသွားခဲ့ချေ။
နောက်ဆုံးတွင် ယနေ့၌ သူသည် အမည်ခံတပည့်တစ်ဦး ဖြစ်လာခဲ့လေပြီ။
“ပျန့်ဟွမ်၊ လင်ကျယ်။”
ရွှီနင် သူတို့နှစ်ယောက်ကို ကြည့်လိုက်သည်။
သူတို့နှစ်ဦးလုံး တစ်ပြိုင်နက် နားထောင်လိုက်ကြသည်။
“မင်းတို့နှစ်ယောက်ရဲ့ သိုင်းပညာအခြေခံကို ငါ သဘောပေါက်ထားပြီးပြီ။ နောက်တစ်ဆင့်အနေနဲ့ မင်းတို့ကို တာအိုနယ်ပယ်အထိ ချိုးဖျက်တက်လှမ်းနိုင်အောင် ငါကူညီပေးမယ်။ အဲဒီနောက်တော့ မင်းတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည် တိုးတက်လာအောင် ဒီဆီးနှင်းတောင်တန်းထဲက တာအိုနယ်ပယ် မိစ္ဆာသားရဲတွေနဲ့ တိုက်ခိုက်ကြရမယ်။”
ရွှီနင်က ဆေးပုလင်းနှစ်လုံးကို ထုတ်ကာ သူတို့နှစ်ဦးထံ ကမ်းပေးလိုက်သည်။
“ဒီထဲက ဆေးပြားတွေက မင်းတို့အတွက် သီးသန့် ဖော်စပ်ထားတာ။ ဒီဆေးတွေကို နေ့တိုင်း တစ်လုံးစီ သောက်ဖို့ မှတ်ထားပါ။ ပုလင်းထဲကဆေးတွေ ကုန်သွားရင် မင်းတို့အတွက် နောက်ထပ် ဆေးတစ်မျိုးကို ငါ ထပ်ဖော်စပ်ပေးမယ်။”
“ဒီဆေးပြားတွေကို အလွန်အကျွံ သောက်မိမှာကိုဖြစ်စေ၊ မင်းတို့ရဲ့ အလားအလာတွေကို ထိခိုက်သွားမှာကိုဖြစ်စေ စိတ်ပူစရာမလိုဘူး။ ဒီဆေးပြားတွေက မင်းတို့နဲ့ အံဝင်ခွင်ကျဖြစ်အောင် ဖန်တီးထားတာမို့လို့ မင်းတို့အတွက် အကျိုးပဲရှိပြီး အဆိုးမရှိစေရဘူး။”
ရွှီနင် ပြောနေသည်များမှာ အမှန်တရားပင် ဖြစ်လေသည်။
ပင်လယ်နီမိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်ရာထူးကို ရယူခြင်းသည် ရွှီနင်အတွက် ဆွဲဆောင်မှုရှိနေသော်လည်း ထိုအရာအား မဖြစ်မနေ ရယူရန်မူ မလိုအပ်ပေ။
သူတို့သုံးယောက်၏ အလားအလာများကို အကုန်အစင် ညှစ်ထုတ်ပြီး စွမ်းအားများ လျင်မြန်စွာ ပေါက်ကွဲထွက်လာစေရန် လုပ်ဆောင်မည့် အစီအစဉ်မျိုး သူ့တွင် မရှိချေ။
ထိုသို့လုပ်ဆောင်ပါက သူတို့၏ အနာဂတ်အလားအလာများ ခမ်းခြောက်သွားပြီး ရှေ့ဆက်တက်လှမ်းနိုင်မည့် လမ်းကြောင်းများ ကန့်သတ်ခံရပေလိမ့်မည်။
“ကျေးဇူးတင်ပါတယ် ဆရာ။”
ပျန့်ဟွမ်နှင့် လင်ကျယ်တို့သည် ရိုရိုသေသေဖြင့် လှမ်းယူလိုက်ကြသည်။
ရွှီနင်မှ သူတို့အား ဒုက္ခပေးမည်ကို သူတို့ စိုးရိမ်ပူပန်ခြင်း မရှိကြပေ။
ရွှီနင်မှ သူတို့၏အလားအလာများကို မီးရှို့ဖျက်ဆီးမည်ဆိုလျှင်ပင် သူတို့နှစ်ဦးမှာ လက်ခံကြပေလိမ့်မည်။
သူတို့အမြင်တွင် ရွှီနင်၏ အမည်ခံတပည့် ဖြစ်ရခြင်းကပင် အလွန်ကြီးမားသော အမြတ်အစွန်းတစ်ခု ဖြစ်နေလေပြီ။
ထို့အပြင် သူတို့သုံးယောက်သည် ရွှီနင်အား ပင်လယ်နီမိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်လာစေရန် ကူညီပေးရမည့် နယ်ရုပ်များဖြစ်ကြောင်းကိုလည်း သူတို့အားလုံး သိထားကြသည်။
အကယ်၍ သူတို့သာ စွမ်းဆောင်ရည်ကောင်းမွန်ပြီး ရွှီနင်အား အကူအညီပေးနိုင်ခဲ့လျှင် ရွှီနင်၏ တပည့်ရင်းများ ဖြစ်လာနိုင်ချေ ရှိပေသည်။
ထိုအချိန်သို့ရောက်လျှင် ဝမ်ရှန့်ပြည်နယ်၏ ထိပ်တန်းအဆင့်သို့ တက်လှမ်းနိုင်ကြပေလိမ့်မည်။
“မင်းတို့ သစ်ပင်ကမ္ဘာငယ်ထဲဝင်ပြီး ကျင့်ကြံကြတော့။”
ရွှီနင်က ပြောလိုက်သည်။
“ဖန်းယိုလိ၊ မင်းကတော့ နေခဲ့။”
“ဟုတ်ကဲ့ပါ ဆရာ။”
လင်ကျယ်နှင့် ပျန့်ဟွမ်တို့သည် နာခံမှုအပြည့်ဖြင့် ပြန်ဖြေလိုက်ကြသည်။
ဖန်းယိုလိအား အထူးတလည် ဆက်ဆံနေကြောင်း သိသော်လည်း သူတို့အနေဖြင့် မကျေနပ်သည့် မည်သည့်အရိပ်အယောင်မျှ မပြရဲကြပေ။
“ဖန်းယိုလိ။”
ရွှီနင်က ပြောလိုက်သည်။
“လွန်ခဲ့တဲ့ရက်အနည်းငယ်က သေချာစဉ်းစားပြီးတဲ့နောက် မင်းရဲ့ထူးခြားချက်နဲ့ ပတ်သက်ပြီး ငါ ခန့်မှန်းမိတာလေးတွေ ရှိတယ်”
ဖန်းယိုလိ အာရုံစိုက်သွားလေသည်။
ဖန်းယိုလိသည်လည်း အရင်းအမြစ်များကို မျိုချလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် သိုင်းပညာအဆင့်များမှာ အဘယ့်ကြောင့် တိုးတက်လာရသနည်းဆိုသည်ကို သိချင်နေခဲ့မိသည်။
သူ၏ နောက်ခံနှင့်ပတ်သက်၍ သူ ဘာမျှ မသိထားခဲ့ပေ။
“မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ဝါးမြိုခြင်းသားရဲရဲ့ သွေးမျိုးဆက် ဆက်ခံမှု ရှိနေတယ်လို့ ငါ သံသယဖြစ်မိတယ်။”
ရွှီနင်က ပြောလိုက်သည်။
“ဝါးမြိုခြင်းသားရဲရဲ့ သွေးမျိုးဆက် ဆက်ခံမှု ဟုတ်လား”
ဖန်းယိုလိ အံ့အားသင့်သွားရသည်။
အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သော ကျန်းဟယ်သည်လည်း အံ့ဩသွားသည့်ပုံ ပေါ်လေသည်။
ညသားရဲကဲ့သို့ပင် ဝါးမြိုခြင်းသားရဲဆိုသည်မှာ ဝမ်ရှန့်ပြည်နယ်ရှိ ထိပ်တန်း မိစ္ဆာသားရဲ ခြောက်ကောင်အနက် တစ်ကောင်အပါအဝင် ဖြစ်ပေသည်။
“ဒီလိုကိစ္စမျိုးလည်း ရှိသေးတာလား။”
ကျန်းဟယ်က ဦးစွာ မေးလိုက်သည်။
“ငါ့ရဲ့ စူးစမ်းလေ့လာမှုအရ ဖန်းယိုလိရဲ့ အဆင့်တက်တဲ့ ပုံစံက ဝါးမြိုခြင်းသားရဲနဲ့ အရမ်းဆင်တူနေတယ်။ ပြီးတော့ သူ့သွေးကြောထဲမှာ ထူးဆန်းတဲ့ စွမ်းအင်တစ်ခုလည်း ရှိနေတယ်။ အမှန်တော့ အစပိုင်းမှာ သူက မိစ္ဆာသားရဲသွေးမျိုးဆက်တစ်ခုနဲ့ ပေါင်းစပ်နေတယ်လို့ သံသယဝင်ခဲ့ပေမယ့် ဒီခန့်မှန်းချက်က ရယ်စရာကောင်းနေတယ်လို့ ခံစားခဲ့မိတယ်။ ဘာပဲဖြစ်ဖြစ် မိစ္ဆာသားရဲသွေးမျိုးဆက်က လူသားသွေးမျိုးဆက်နဲ့ ဘယ်လိုလုပ် အတူတကွ တည်ရှိနေနိုင်မှာလဲ။”
“ဒါပေမဲ့ ယဲ့ဘုရင်ခံအိမ်တော်ကို တိုက်ခိုက်ခံရတုန်းက စန့်ယင်ဂိုဏ်းက သိုင်းပညာရှင်တစ်ယောက်နဲ့ ငါ ထိပ်တိုက်တွေ့ခဲ့ရတယ်။ အဲဒီအချိန်တုန်းက သူက ထိပ်တန်း မိစ္ဆာသားရဲတစ်ကောင်ရဲ့ သွေးကို သူ့သွေးထဲ ပေါင်းစပ်ထည့်သွင်းထားခဲ့ပြီးတာ့ အဲဒီမိစ္ဆာသားရဲရဲ့ သားရဲပုံစံအဖြစ်တောင် ပြောင်းလဲနိုင်ခဲ့တယ်။”
“ဒါကြောင့်မို့လို့ ငါ ဒီလိုခန့်မှန်းရတာပဲ။”
ရွှီနင်က ရှင်းပြလေသည်။