← Chapters

အခန်း (၃၁၇-၃၁၈)

Vol. 32 Ch. 317-318

အခန်း (၃၁၇-၃၁၈)

Vol. 32 Ch. 317-318

အခန်း (၃၁၇) - ရူးသွပ်နေသော ဖန်းယိုလိ

ရွှီနင် စကားပြောဆိုအပြီးတွင် ကျန်းဟယ်၏ မျက်နှာထက်၌ အတိတ်ကို လွမ်းဆွတ်တမ်းတနေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာလေသည်။

သွမ့်ချောင်ဖုန်း တိုက်ခိုက်ခံရစဉ်က ရွှီနင်နှင့် လျိုယိတို့ တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ခဲ့စဉ် ကျန်းဟယ်သည် ၎င်းတို့နှစ်ဦး၏ တိုက်ပွဲကို အဝေးမှနေ၍ မြင်တွေ့ခဲ့ရပေသည်။

ထိုအချိန်က လျိုယိ၌ အတောင်ပံများ ထွက်ပေါ်လာခဲ့ပြီး မိစ္ဆာသားရဲတစ်ကောင်၏ လက္ခဏာရပ်များ အမှန်တကယ်ပင် ရှိနေခဲ့လေသည်။

“ဒါဆိုရင် အဲဒီလိုပေါ့”

ဖန်းယိုလိ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ရှိနေလေသည်။

“ဒါက ဖြစ်နိုင်ခြေတစ်ခုပါပဲ၊ ကျွန်တော်လည်း သေချာတော့ မသိသေးဘူး”

ရွှီနင်က ပြောလိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့စွမ်းအားကို အရင်မြှင့်တင်ဖို့က အရေးကြီးတယ်”

“အင်း...”

ဖန်းယိုလိက ခေါင်းညိတ်လိုက်ပြီး ဤကိစ္စနှင့် ပတ်သက်၍ ဆက်လက် မေးမြန်းခြင်း မပြုတော့ချေ။

သူသည် ပွင့်လင်းလွတ်လပ်သော စိတ်ထားရှိသူဖြစ်ရာ သူအမျှော်လင့်ဆုံးအရာမှာ မိမိ၏ စွမ်းအင်များ တိုးတက်လာရေးပင် ဖြစ်ပေသည်။

“ဒါတွေက မင်းအတွက် ငါသန့်စင်ထားပေးတဲ့ ဆေးလုံးတွေပဲ”

ဤတစ်ကြိမ်တွင်မူ ရွှီနင်သည် ဖန်းယိုလိအား သိုလှောင်လက်စွပ်တစ်ကွင်းသာ ပေးလိုက်လေသည်။

“ဒီလောက်တောင် များတာလား”

ဖန်းယိုလိသည် သိုလှောင်လက်စွပ်အား ယူလိုက်ပြီး လက်စွပ်အတွင်းသို့ သူ၏ စိတ်အာရုံကို ဝင်ရောက်လိုက်လေသည်။

များပြားလှစွာသော ဆေးလုံးများကို တွေ့ရှိလိုက်ရပြီးနောက် ဖန်းယိုလိမှာ အနည်းငယ် အံ့အားသင့်သွားရသည်။

သူ ယန့်လုဂိုဏ်းတွင် ရှိနေစဉ် အရင်းအမြစ်များအား လွတ်လပ်စွာ သုံးစွဲခွင့်ရခဲ့သော်လည်း ၎င်းတို့မှာ သာမန်အရင်းအမြစ်များသာ။ သို့သော် ယခု ရွှီနင် ပေးလိုက်သည့် ဆေးများမှာမူ ထိပ်တန်းအဆင့် ဆေးလုံးများချည်းသာ ဖြစ်နေပေသည်။

“ဂိုဏ်းချုပ်... ဘာလို့ ဒီဆေးလုံးတချို့ကို ကျွန်တော် အရင်က မမြင်ဖူးရတာလဲ”

ဖန်းယိုလိက မေးလိုက်လေသည်။

“ဒီဆေးလုံးတော်တော်များများက မင်းရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ ကိုက်ညီအောင် အထူးဖော်စပ်ထားတာတွေလေ။ မင်းအတွက် သီးသန့် အသစ်ဖန်တီးထားတာ ဒါမှမဟုတ် အဆင့်မြှင့်တင်ထားတာတွေပေါ့။ အဲဒီလို ဆေးလုံးမျိုးတွေက မင်းကို ဆိုးကျိုးနည်းနည်းပဲဖြစ်စေပြီး အာနိသင်ကလည်း ပိုကောင်းလိမ့်မယ်”

ပင်လယ်နီဆေးကျမ်းအား နဝမအဆင့်အထိ မြှင့်တင်ပြီးနောက်တွင် ရွှီနင်သည် ဝမ်ရှန့်ပြည်နယ်၌ ထိပ်တန်းဆေးဆရာတစ်ဦး ဖြစ်နေခဲ့ချေပြီ။

ဆေးလုံးများကို အသစ်ဖန်တီးခြင်း သို့မဟုတ် အဆင့်မြှင့်တင်ခြင်းတို့မှာ ရွှီနင်အတွက် ခက်ခဲသောကိစ္စ မဟုတ်တော့ပေ။

“ကျေးဇူးတင်ပါတယ် ဆရာ”

ဖန်းယိုလိက ကျေးဇူးတင်စကား ဆိုလိုက်သည်။ ရွှီနင်၏ သူ့အပေါ်ထားရှိသော ဂရုစိုက်မှုကို သူ ခံစားမိနေလေသည်။

သူသည် ပေါ့ပေါ့ပါးပါး နေတတ်သူ ဖြစ်သော်လည်း ရွှီနင်သည် လင်ကျယ်နှင့် ပျန့်ဟွမ်တို့ထက် သူ့အား ပို၍တန်ဖိုးထားကြောင်းကိုမူ သိသိသာသာ ခံစားသိရှိနိုင်ပေသည်။

“သွားပြီး လေ့ကျင့်တော့”

ရွှီနင်သည် ဖန်းယိုလိအပေါ်တွင် အမှန်တကယ်ပင် မျှော်လင့်ချက်ကြီးမားစွာ ထားရှိခဲ့လေသည်။

ပျန့်ဟွမ်နှင့် လင်ကျယ်တို့သည် မဆိုးလှသော်လည်း သွမ့်ချောင်မြန်၏ တပည့်များနှင့် နှိုင်းယှဉ်လျှင်မူ ကွာဟချက်တစ်ခု ရှိနေသေးသည်မှာ အသေအချာပင်။

သူတို့၏ ပါရမီမှာ ဝမ်ရှန့်ပြည်နယ်တွင် ထူးချွန်သည် ဆိုသော်ငြား အကောင်းဆုံးတော့ မဟုတ်ခဲ့ချေ။

နှိုင်းယှဉ်ကြည့်မည်ဆိုပါက ဖန်းယိုလိ၏ တက်လှမ်းနိုင်မည့် အမြင့်ဆုံးကန့်သတ်ချက်မှာ သိသိသာသာ ပိုမိုမြင့်မားနေပေသည်။

“ဟုတ်ကဲ့ပါ ဆရာ”

ဖန်းယိုလိသည်လည်း သူ၏ ပခုံးထက်မှ တာဝန်ဝတ္တရားများကို ခံစားမိလိုက်သည်။ သူသည် ဆေးလုံးများကို ယူဆောင်ကာ သစ်ပင်ကမ္ဘာငယ်အတွင်းသို့ ဝင်ရောက်သွားလေတော့သည်။

ကျန်းဟယ်က ပြောလိုက်သည်။

“ဒီသုံးယောက်က မင်းကို စိတ်ပျက်အောင် မလုပ်ဖို့ မျှော်လင့်ရတာပဲ”

ရွှီနင်က ပြုံးလိုက်ကာ ပြောလိုက်သည်။

“သူတို့ အစွမ်းကုန် ကြိုးစားဖို့ပဲ လိုပါတယ်”

ကျန်းဟယ်သည် ထပ်မံ၍ ဘာမျှ မပြောတော့ချေ။

ရွှီနင်သည် ယခုအခါ ပင်လယ်နီမိစ္ဆာဂိုဏ်း၏ အနာဂတ်အကြီးအကဲရာထူးကို ရရှိထားပြီး ဖြစ်သည်။ ဝမ်ရှန့်ပြည်နယ်ရှိ သူ၏ အဆင့်အတန်းမှာ သွမ့်ချောင်ဖုန်းထက် များစွာ နိမ့်ကျနေခြင်း မရှိတော့ပေ။

အကယ်၍ သူသာ ပင်လယ်နီမိစ္ဆာဂိုဏ်းအား ဦးဆောင်ခွင့် ရရှိခဲ့မည်ဆိုပါက သွမ့်မိသားစုအတွင်း ပိုမိုဩဇာညောင်းစေရန်အတွက် သွမ့်ချောင်ဖုန်းသည် ရွှီနင်၏ အင်အားကိုပင် အကူအညီယူရနိုင်ပေသည်။

…

နှစ်လတာ ကုန်လွန်သွားခဲ့ပြီးနောက်…

တဝဲဝဲ လွင့်စင်နေသော ဆီးနှင်းများကြား၌…

“ဟား”

ဖန်းယိုလိသည် ပုဆိန်ကြီးတစ်လက်အား ကိုင်ဆောင်လျက် သူ့ရှေ့ရှိ ပျန့်ဟွမ်အား ဝင်ရောက်တိုက်ခိုက်လိုက်သည်။

ပုဆိန်ကြီး၏ မျက်နှာပြင်ထက်တွင် တာအိုနယ်ပယ်စွမ်းအားများ ကပ်ညိပါဝင်နေလေသည်။

ရွှီး…

ပုဆိန်ကြီးသည် အောက်သို့ ပိုင်းချလိုက်သည်။

ပျန့်ဟွမ်က ၎င်းကို ရှောင်တိမ်းလိုက်ပြီး သူ၏ ဓားဖြင့် ပြန်လည်တိုက်ခိုက်လိုက်လေသည်။

သူ၏ ဓားမျက်နှာပြင်တွင်လည်း တာအိုနယ်ပယ်စွမ်းအားများ ကပ်ညိနေပေသည်။

လွန်ခဲ့သော နှစ်လတာကာလအတွင်း ရွှီနင်၏ လမ်းညွှန်မှုနှင့် ဆေးလုံးများ၏ အကူအညီတို့ကြောင့် ပျန့်ဟွမ်၊ လင်ကျယ်နှင့် ဖန်းယိုလိတို့သည် ဟင်းလင်းပြင်နယ်ပယ်၏ အဟန့်အတားကို တစ်ယောက်ပြီးတစ်ယောက် ကျော်ဖြတ်နိုင်ခဲ့ကြကာ တာအိုနယ်ပယ် သိုင်းပညာရှင်များ ဖြစ်လာခဲ့ကြလေသည်။

ယခုအခါ ဖန်းယိုလိသည် ပျန့်ဟွမ်နှင့် ယှဉ်ပြိုင်လေ့ကျင့်နေခြင်း ဖြစ်သည်။

ဒိုင်း... ဒိုင်း... ဒိုင်း...

ဖန်းယိုလိ၏ တိုက်ခိုက်မှုများမှာ ပြင်းထန်လွန်းလှပြီး ပေါက်ကွဲအားများဖြင့် ပြည့်နှက်နေလေသည်။

တာအိုနယ်ပယ်၏ ပထမအဆင့်သည် ခန္ဓာကိုယ်အား ကြီးမားသော တိုးတက်မှုများကို ပေးစွမ်းနိုင်ရာ တူညီသောနယ်ပယ်၌ပင် ရှာတွေ့နိုင်ရန် မဖြစ်နိုင်တော့လောက်အောင် ဖန်းယိုလိ၏ ခန္ဓာကိုယ်ခွန်အားကို မြင့်တက်သွားစေခဲ့သည်။

ပျန့်ဟွမ်မှာမူ သူ့အား ရင်ဆိုင်ရန်ပင် ရုန်းကန်နေရလေသည်။

“ဒီဖန်းယိုလိက တကယ် အံ့ဩစရာပဲ”

ကျန်းဟယ်က ချီးကျူးလိုက်သည်။

ဤအချိန်၌ ရွှီနင်နှင့် ကျန်းဟယ်တို့သည် အဝေးရှိ တောင်ကုန်းတစ်ခုပေါ်တွင် ရပ်နေကြပြီး ထိုနှစ်ဦး၏ တိုက်ပွဲကို စောင့်ကြည့်နေကြခြင်း ဖြစ်သည်။

သူတို့၏ အနောက်တွင်မူ ဖန်းယိုလိနှင့် ယှဉ်ပြိုင်တိုက်ခိုက်ပြီးသွားခဲ့ပြီဖြစ်သော လင်ကျယ် ရှိနေလေသည်။

ဤသည်မတိုင်မီက လင်ကျယ်သည် ဖန်းယိုလိ၏ တိုက်ခိုက်မှုကြောင့် ပြန်လည်မခုခံနိုင်သည့် အခြေအနေအထိ ရိုက်နှက်ခံခဲ့ရပေသည်။

သူမနှင့် ဖန်းယိုလိ နှစ်ဦးစလုံးမှာ တာအိုနယ်ပယ် ပထမအဆင့်တွင် ရှိနေကြသော်လည်း သူမ၏ တိုက်ခိုက်နိုင်စွမ်းမှာမူ ပို၍နိမ့်ကျနေခဲ့သည်။

ရွှီနင်မှ အဘယ်ကြောင့် ဖန်းယိုလိအား ပို၍ တန်ဖိုးထားရသနည်းဆိုသည်ကို လင်ကျယ် နောက်ဆုံးတွင်တော့ နားလည်သွားခဲ့ချေပြီ။

သူ ပထမဆုံး ရောက်ရှိလာစဉ်တွင် ဖန်းယိုလိ၏ နယ်ပယ်မှာ သူမနှင့် ပျန့်ဟွမ်လောက် မမြင့်မားခဲ့သော်လည်း ရွှီနင်၏ အကူအညီဖြင့် သူသည် ပိုမိုလျင်မြန်စွာ တိုးတက်လာခဲ့သည်။

သူတို့သုံးဦးထဲတွင် သူသည် တာအိုနယ်ပယ်သို့ နောက်ဆုံးမှ တက်လှမ်းနိုင်ခဲ့သူ ဖြစ်သော်ငြား သူ၏ တိုက်ခိုက်နိုင်စွမ်းမှာမူ ပို၍ မြင့်မားနေခဲ့လေသည်။

ရွှီနင်သည် ဖန်းယိုလိ၏ စွမ်းဆောင်ရည်အပေါ် အလွန်ကျေနပ်အားရနေလေသည်။

ဖန်းယိုလိတွင် တိုက်ပွဲအတွေ့အကြုံ များများစားစား မရှိလှသော်လည်း သူ၏ တိုက်ခိုက်လိုစိတ်နှင့် အသိစိတ်မှာမူ အလွန် ပြင်းထန်ပေသည်။

တိုက်ပွဲအား စောင့်ကြည့်နေရင်း ရွှီနင်သည် စိတ်ထဲမှ တွေးလိုက်သည်။

‘ပျန့်ဟွမ် သိပ်ကြာကြာ တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး’

နောက်တစ်ခဏ၌ပင် ပျန့်ဟွမ်သည် ဖန်းယိုလိ၏ ဖိအားကို ဆက်လက် မခုခံနိုင်တော့ချေ။ ဤသည်ကို မြင်သောအခါ ဖန်းယိုလိသည် အခွင့်အရေးကို အရယူကာ သူ့အား ထူထပ်သော ဆီးနှင်းများထဲသို့ ရိုက်ချလိုက်လေတော့သည်။

“မိုက်တယ်ကွာ”

ဖန်းယိုလိမှာ သိသိသာသာ စိတ်လှုပ်ရှားနေလေသည်။

သူ၏ မျက်လုံးများမှာ နီရဲလာလေသည်။

“အစ်ကိုကြီးဖန်းက တကယ် အံ့ဩစရာပဲ၊ ကျွန်တော် ခင်ဗျားလောက် မစွမ်းဆောင်နိုင်ဘူး”

ပျန့်ဟွမ်က ဆီးနှင်းများထဲမှ ခေါင်းပြူထွက်လာကာ အရှုံးပေးလိုက်သည်။

သို့သော် ဖန်းယိုလိမှာမူ သူ့စကားအား ကြားပုံမပေါ်ချေ။ သူသည် လက်ထဲရှိ ပုဆိန်ကြီးကို ကိုင်ဆောင်ကာ ပျန့်ဟွမ်ဆီသို့ ဝှေ့ယမ်းခုတ်ပိုင်းလိုက်လေသည်။

“အစ်ကိုကြီးဖန်း”

ပျန့်ဟွမ်၏ မျက်နှာမှာ ဖြူရော်သွားပြီး လျင်မြန်စွာ ရှောင်တိမ်းလိုက်သော်လည်း သူ၏ လက်မောင်းမှာ ပုဆိန်ကြီးကြောင့် ဒဏ်ရာရသွားခဲ့သည်။

ဒဏ်ရာမှာ အလွန်နက်ရှိုင်းလွန်းသဖြင့် အရိုးများကိုပင် ရှင်းလင်းစွာ မြင်တွေ့နေရသည်။

ဖန်းယိုလိ၏ မျက်နှာပေါ်တွင် ရူးသွပ်နေသော အမူအရာတစ်ခု ဖြစ်ပေါ်နေသည်ကို ပျန့်ဟွမ် သတိပြုမိလိုက်သည်။ သူ၏ မျက်လုံးများမှာ နီရဲနေပြီး စိတ်လွတ်နေသည့်ပုံစံ ပေါက်နေလေသည်။

“ဆရာ”

ဖန်းယိုလိက အနောက်မှ အနီးကပ် လိုက်ပါလာစဉ် ပျန့်ဟွမ်သည် ရွှီနင်ရှိရာသို့ အလျင်အမြန် ပြေးသွားလိုက်သည်။

‘ဒါက နောက်တစ်ခါ ထပ်ဖြစ်လာပြန်ပြီပဲ’

ရွှီနင်၏ အမူအရာမှာ ကူကယ်ရာမဲ့နေပုံ ပေါ်သည်။

ဤကဲ့သိုဖြစ်သည်မှာ ဖန်းယိုလိ၏ ပထမဆုံးအကြိမ် မဟုတ်ပေ။

ဖန်းယိုလိသည် တာအိုနယ်ပယ်သို့ တက်လှမ်းသွားပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲရှိ သွေးမျိုးဆက်သည် သူ့အပေါ် ပိုမိုနက်ရှိုင်းစွာ လွှမ်းမိုးလာခဲ့ကြောင်း ရွှီနင် သတိပြုမိခဲ့သည်။

ဤအချက်သည် ဖန်းယိုလိ၏ တိုက်ခိုက်နိုင်စွမ်းကို ကြီးမားစွာ တိုးတက်စေခဲ့သော်လည်း နောက်ဆက်တွဲအနေဖြင့် တိုက်ပွဲများကြောင့် စိတ်လှုပ်ရှားလာတိုင်း သူ၏ အသိစိတ်များ လွတ်ထွက်သွားတတ်ခြင်းပင်။

ဤသည်မှာ ဖန်းယိုလိ၏ သွေးမျိုးဆက်မှ ဆိုးကျိုးတစ်ခုပင် ဖြစ်လေသည်။

အဆုံးတွင်တော့ သူသည် ရွှီနင်လို ဖြစ်မလာနိုင်ခဲ့ချေ။

အကယ်၍ ရွှီနင်သာ သိုင်းပညာမျက်နှာပြင်မှတစ်ဆင့် အဆင့်တက်မည်ဆိုပါက မည်သည့် ဆိုးကျိုးမျှ ရှိလာမည် မဟုတ်ပေ။ သို့သော် ဖန်းယိုလိမှာမူ ထိုသို့မရနိုင်ဘဲ အသိစိတ်လွတ်သွားရသည့် တန်ဖိုးကို ပြန်လည်ပေးဆပ်ရလေသည်။

ရွှီနင်က လှုပ်ရှားလိုက်ကာ ဖန်းယိုလိ၏ အရှေ့တွင် ပေါ်လာလေသည်။

သူသည် ဖန်းယိုလိ၏ နဖူးကို လက်ညှိုးဖြင့် ညင်သာစွာ ထောက်လိုက်သည်။

သွေးများဆူပွက်ကာ အသိစိတ်လွတ်နေသော ဖန်းယိုလိမှာ နောက်ဆုံးတွင် ပြန်လည် နိုးကြားလာတော့သည်။

“ဆရာ...”

ဖန်းယိုလိ၏ အမူအရာမှာ အနည်းငယ် လေးနက်သွားသည်။

“ခုနက ကျွန်တော် စိတ်လွတ်သွားပြန်ပြီလား”

“အင်း...”

ရွှီနင်က ခေါင်းညိတ်ပြလိုက်သည်။

“ဒါက...”

ဖန်းယိုလိသည် ရွှီနင်၏ အနောက်တွင် ဒဏ်ရာရနေသော ပျန့်ဟွမ်ကို မြင်လိုက်ရသည်။

“ညီလေးပျန့်... ငါ တောင်းပန်ပါတယ်ကွာ”

ဖန်းယိုလိ၏ လေသံမှာ တောင်းပန်မှုများဖြင့် ပြည့်နှက်နေသည်။

“ရပါတယ်ဗျာ...”

အန္တရာယ်ကင်းသွားပြီဖြစ်ကြောင်း မြင်လိုက်ရသဖြင့် ပျန့်ဟွမ်မှာ စိတ်သက်သာရာ ရသွားတော့သည်။

သို့သော် သူ၏ မျက်လုံးထဲမှ အကြောက်တရားများမှာမူ ပျောက်ကွယ်သွားခြင်း မရှိသေးချေ။

“ဆရာ... ကျွန်တော်...”

ဖန်းယိုလိသည် ရွှီနင်အား ကူကယ်ရာမဲ့နေသော အကြည့်များဖြင့် ကြည့်လိုက်သည်။

ရွှီနင်က သူ့ပခုံးကို ပုတ်လိုက်သည်။

“စိတ်မပူပါနဲ့၊ ငါ မင်းကို အချိန်တိုအတွင်းမှာ လေ့လာပြီးသွားရင် မင်းအတွက် ဖြေရှင်းနည်းတစ်ခုခု စဉ်းစားပေးပါ့မယ်”

ရွှီနင်၏ အာမခံချက်ကို ရရှိပြီးနောက် ဖန်းယိုလိမှာ စိတ်အေးသွားရလေတော့သည်။

အခန်း (၃၁၈) - အရည်အချင်းစစ်ဆေးမှုမတိုင်မီ ပြန်လည်ရောက်ရှိခြင်း

ဖန်းယိုလိအား စိတ်တည်ငြိမ်သွားအောင် နှစ်သိမ့်ပေးပြီးနောက် ရွှီနင်သည် သူ၏အမည်ခံတပည့်သုံးယောက်ကို အနားသို့ ခေါ်ယူလိုက်လေသည်။

“လွန်ခဲ့တဲ့နှစ်လအတွင်း မင်းတို့အားလုံး တော်တော်လေး တိုးတက်လာခဲ့ကြတယ်။ ငါ အရမ်းကို ကျေနပ်အားရမိတယ်”

ရွှီနင်က သူတို့၏တိုးတက်မှုအပေါ် အသိအမှတ်ပြုစကားကို ဦးစွာဆိုလိုက်သည်။

“နောက်လာမယ့် လေးလအတွင်းမှာ မင်းတို့အားလုံး ကြယ်တာရာချီနယ်ပယ်ကို အဆင့်တက်လှမ်းနိုင်လိမ့်မယ်လို့ ငါမျှော်လင့်ထားတယ်။ ဒါပေမဲ့ မူလအစပြန်သွားခြင်းနယ်ပယ်ကို ချိုးဖျက်နိုင်ရင်တော့ အကောင်းဆုံးပေါ့”

သူတို့အား တာအိုနယ်ပယ်သို့ ရောက်ရှိပြီးသိပ်မကြာမီမှာပင် လာမည့်လေးလအတွင်း နယ်ပယ်နှစ်ဆင့်ကို ဆက်တိုက်ချိုးဖျက်နိုင်ရန် ရည်မှန်းချက်တစ်ခုကို သူချမှတ်ပေးခဲ့ခြင်းဖြစ်လေသည်။

ပြင်ပလူများသာ ဤစကားကို ကြားလိုက်ရပါက စိတ်ကူးယဉ်အိပ်မက်တစ်ခုဟု သေချာပေါက် ထင်မှတ်သွားကြပေလိမ့်မည်။

သို့ရာတွင် သူတို့သုံးယောက်လုံးကမူ ထိုအချက်အပေါ် မည်သို့မျှ မှားယွင်းနေသည်ဟု မခံစားရချေ။

ရွှီနင်သည် သူတို့တစ်ဦးချင်းစီ၏ ထူးခြားသော အခြေအနေများနှင့် ကိုက်ညီစေမည့် အထူးဆေးလုံးများကို ဖော်စပ်ပေးခဲ့လေသည်။ ရွှီနင်၏ နက်ရှိုင်းသော သိုင်းပညာနားလည်မှုများအပြင် လွန်ခဲ့သောနှစ်လအတွင်း သူတို့အား ဂရုတစိုက် လမ်းညွှန်ပြသပေးခဲ့မှုများမှာ ရွှီနင်၏မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဟူသော သူတို့၏ယုံကြည်မှုကို ပိုမိုခိုင်မာသွားစေခဲ့သည်။

“ဟုတ်ကဲ့ပါ ဆရာ”

သုံးယောက်သား ယုံကြည်မှုအပြည့်ဖြင့် ပြန်လည်ဖြေကြားလိုက်ကြလေသည်။

ထို့နောက်တွင်တော့ သူတို့သုံးဦးလုံးသည် သစ်ပင်ကမ္ဘာငယ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြချေပြီ။

“ရွှီနင်... ဖန်းယိုလိရဲ့ကိစ္စကို မင်း အလေးအနက်ထားဖို့ လိုတယ်နော်...”

ကျန်းဟယ်၏မျက်နှာအမူအရာမှာ အနည်းငယ် လေးနက်တည်ကြည်နေသည်

“ကျွ‌န်တော် သိပါတယ်”

ရွှီနင် ခေါင်းညိတ်လိုက်သည်။

“လွန်ခဲ့တဲ့နှစ်ရက်အတွင်းမှာ သူ့ရဲ့ မွေးရာပါသဘာဝ ပေါက်ကွဲထွက်လာတာကို ထိန်းချုပ်နိုင်မယ့် ဆေးတစ်မျိုးကို စပြီးဖော်စပ်နေပါပြီ”

ကျန်းဟယ်နှင့် ရွှီနင်တို့မှာ အရည်အချင်းစစ်ဆေးမှုအတွင်း ဖန်းယိုလိသည် အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသနိုင်မည့် အလားအလာအရှိဆုံးသူဖြစ်ကြောင်း ကောင်းစွာ သိရှိထားကြလေသည်။

အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားလေသည်။

နောက်ထပ် လေးလတာကာလသည်လည်း ကုန်လွန်သွားပြန်သည်။

“နှစ်ဝက်တောင် ပြည့်သွားခဲ့ပြီပဲ...”

ရွှီနင်သည် တောင်ထိပ်တစ်ခုပေါ်တွင် မတ်တတ်ရပ်နေလေသည်။ အောက်ခြေရှိ အရာခပ်သိမ်းအား ဖြူလွှာသောနှင်းများဖြင့် ဖုံးလွှမ်းနေပေသည်။

“ပင်လယ်နီမိစ္ဆာဂိုဏ်းဆီ ပြန်ရမယ့်အချိန် ရောက်ပြီပဲ...”

ရွှီနင်သည် သူ၏တပည့်သုံးယောက်အား သစ်ပင်ကမ္ဘာငယ်ထဲမှ ခေါ်ထုတ်လိုက်သည်။

“ဆရာ”

ဖန်းယိုလိ၊ ပျန့်ဟွမ်နှင့် လင်ကျယ်တို့က ရိုသေလေးစားစွာ ဦးညွှတ်လိုက်ကြသည်။

လွန်ခဲ့သောနှစ်ဝက်ခန့်ကနှင့် နှိုင်းယှဉ်ပါက ဤတပည့်သုံးယောက်၏ အငွေ့အသက်များသည် များစွာ ပြောင်းလဲသွားခဲ့လေပြီ။

လွန်ခဲ့သော လေးလတာကာလအတွင်း သူတို့သုံးဦးလုံးသည် တာအိုနယ်ပယ်၏ တတိယအဆင့်သို့ ရောက်ရှိသွားခဲ့ကြလေသည်။

သူတို့အထဲတွင် ဖန်းယိုလိမှာ ပထမဆုံး အဆင့်တက်လှမ်းနိုင်ခဲ့သူဖြစ်ပြီး လင်ကျယ်မှာမူ နောက်ဆုံးဖြစ်လေသည်။

ဤအဆင့်တက်လှမ်းသည့် အမြန်နှုန်းသည် ရွှီနင်၏ ယခင်တုန်းကထက်ပင် ပို၍မြန်ဆန်နေပေသည်။

မည်သို့ပင်ဆိုစေကာမူ ထိုစဉ်က ရွှီနင်၌ လုံလောက်သော အရင်းအမြစ်များ မရှိခဲ့ချေ။ သူ၏ အရင်းအမြစ်အားလုံးအား ကိုယ်တိုင်စူးစမ်းရှာဖွေမှုနှင့် စွန့်စားမှုများမှတစ်ဆင့်သာ ရရှိခဲ့ခြင်း ဖြစ်သည်။

သို့သော် ဤလူသုံးယောက်တွင်မူ ကန့်သတ်ချက်မရှိသော အရင်းအမြစ်များ ရှိနေသည့်အပြင် သူကိုယ်တိုင်ကပါ အနီးကပ် လမ်းညွှန်ပြသပေးခဲ့ခြင်း ဖြစ်လေသည်။

သူတို့မှာ တာအိုနယ်ပယ်၏ အခြေခံအဆင့်တွင်သာ ရှိနေသေးသဖြင့် ရွှီနင်မှ ဤမျှမြန်မြန်ဆန်ဆန် တိုးတက်လာအောင် လုပ်ဆောင်ပေးနိုင်ခြင်း ဖြစ်သည်။

သို့သော် တာအိုနယ်ပယ်၏ အလယ်အလတ်အဆင့်သို့ ရောက်ရှိသွားသည်နှင့် သူတို့၏တိုးတက်မှုနှုန်းမှာ မလွဲမသွေ နှေးကွေးသွားပေလိမ့်မည်။ ရွှီနင်မှ မည်မျှပင် လမ်းညွှန်ပြသမှုများ ပေးစေကာမူ သူတို့၏ အဆင့်တက်လှမ်းမှုမှာ ယခင်ကဲ့သို့ မြန်ဆန်တော့မည် မဟုတ်ချေ။

“နှစ်ဝက် ကုန်လွန်သွားခဲ့ပြီဆိုတော့ ပင်လယ်နီမိစ္ဆာဂိုဏ်းကိုပြန်ပြီး အရည်အချင်းစစ်ဆေးမှုကို စောင့်ရမယ့်အချိန် ရောက်ပြီ”

ရွှီနင်က သူတို့သုံးဦးကို တစ်ချက် ဝေ့ကြည့်လိုက်သည်။

ရွှီနင် စကားပြောဆိုအပြီးတွင် သုံးယောက်လုံး တုန်လှုပ်သွားကြလေသည်။

နှစ်ဝက်ကြာအောင် ကျင့်ကြံပြီးနောက် ၎င်းတို့၏ စွမ်းဆောင်ရည်ကို ထုတ်ဖော်ပြသရမည့်အချိန် ရောက်ရှိလာပြီဖြစ်သည်။

သူတို့သုံးဦးလုံးသည် ကြီးမားသော ဖိအားများအောက်သို့ ကျရောက်နေကြသည်။ သုံးယောက်အနက် ဖန်းယိုလိမှာ အမြဲတမ်း ပူပင်သောကကင်းသူဖြစ်သဖြင့် အခြေအနေပိုကောင်းသော်လည်း ပျန့်ဟွမ်နှင့် လင်ကျယ်တို့မှာမူ ဖိအားများကို အပြင်းအထန် ခံစားနေရလေသည်။

သူတို့၏ စွမ်းဆောင်ရည်များသည် ဆရာဖြစ်သူ ရွှီနင်အပေါ်သို့ တိုက်ရိုက်အကျိုးသက်ရောက်မှုရှိမည်ကို သူတို့အားလုံး ကောင်းစွာ သိရှိထားကြသည်။

ဤသည်က ဝမ်ရှန့်ပြည်နယ်ရှိ ထိပ်တန်းအသိုင်းအဝိုင်းများ၏ အနာဂတ်ကိုပင် အဆုံးအဖြတ်ပေးနိုင်ပေသည်။

ထိုသို့သော ဖိအားမျိုးက သူတို့အား အသက်ရှူကျပ်လုမတတ် ခံစားရစေသည်။

“စိတ်ကို လျှော့ထားကြပါ”

ရွှီနင်သည်လည်း သူတို့၏ စိတ်ပိုင်းဆိုင်ရာအခြေအနေကို သတိပြုမိလိုက်သည်။

သူက နှစ်သိမ့်သောလေသံဖြင့် ဆိုလိုက်သည်။

“ဘယ်လိုဖိအားမျိုးမှ ခံစားနေဖို့ မလိုဘူး။ ပင်လယ်နီမိစ္ဆာဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်လာဖို့ကိုလည်း ငါ ဂရုမစိုက်ပါဘူး။ မင်းတို့တွေ အစွမ်းကုန်ကြိုးစားဖို့နဲ့ မင်းတို့ရဲ့ ကြိုးစားအားထုတ်မှုတွေအတွက် ထိုက်တန်ဖို့ပဲ လိုတယ်။ နောက်ဆုံးမှာ ရလဒ်ကောင်းတွေ မရခဲ့ရင်တောင် ငါ မင်းတို့ကို အပြစ်တင်မှာ မဟုတ်ဘူး”

ဤစကားများက သူတို့သုံးဦးလုံး၏ ရင်ကို ထိရှသွားစေခဲ့သည်။

“ဆရာ... ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားပါ့မယ်”

ပျန့်ဟွမ်က လက်နှစ်ဖက်ကို ယှက်ကာ ပြတ်သားစွာ ပြောလိုက်သည်။

“ကျွန်မတို့ ဆရာ့ကို သေချာပေါက် စိတ်ပျက်အောင် လုပ်မှာမဟုတ်ပါဘူး”

လင်ကျယ်ကလည်း အံကိုတင်းတင်းကြိတ်ကာ ဆိုလေသည်။

“ကျွန်တော်လည်း အတူတူပါပဲ”

ဘေးနားရှိ ဖန်းယိုလိသည်လည်း ခေါင်းကိုမော့ကာ ရင်ဘတ်ကို ကော့ထားပြီး သူ၏မျက်လုံးများမှာ မျှော်လင့်ချက်များဖြင့် တောက်ပနေလေသည်။

ဖန်းယိုလိ၏ အသိစိတ်လွတ်သွားတတ်သော အခြေအနေမှာ ယခုအခါ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိနေပြီဖြစ်သည်။

လွန်ခဲ့သောလေးလက ဖန်းယိုလိနှင့် ပျန့်ဟွမ်တို့ တိုက်ခိုက်ကြရာတွင် ဖန်းယိုလိမှ ပျန့်ဟွမ်အား ဒဏ်ရာရစေခဲ့ပြီးနောက် ဖန်းယိုလိ၏ အသိစိတ်လွတ်သွားမှုကို ကုသနိုင်မည့် ဆေးတစ်မျိုးကို ရွှီနင် ဖော်စပ်နိုင်ခဲ့လေသည်။

တိုက်ပွဲမစမီ ဖန်းယိုလိအနေဖြင့် ဤဆေးတစ်လုံးကို မျိုချထားလိုက်ရုံဖြင့် သူ၏ အသိစိတ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။

ဤသည်က ရောဂါလက္ခဏာများကိုသာ ကုသနိုင်ပြီး ပြဿနာ၏ မူလဇစ်မြစ်ကို မကုသနိုင်သော်ငြား လတ်တလောတွင်မူ အကောင်းဆုံး ဖြေရှင်းချက်တစ်ခု ဖြစ်နေပေသည်။

ဟား...

အော်ဟစ်သံတစ်ခု ထွက်ပေါ်လာလေသည်။

ကျန်းဟယ်သည် တာအိုနယ်ပယ် အလယ်အလတ်အဆင့် ပျံသန်းနိုင်သော မိစ္ဆာသားရဲတစ်ကောင်ကို စီးနင်းကာ ရောက်ရှိလာလေသည်။

သူသည် သစ်ပင်ကမ္ဘာငယ်ကို သိမ်းဆည်းထားပြီးဖြစ်လေသည်။

“သွားကြစို့”

ရွှီနင်က ပြောလိုက်ပြီးနောက် ပျံသန်းနိုင်သော မိစ္ဆာသားရဲ၏ ကျောပေါ်သို့ ခုန်တက်လိုက်သည်။

ဖန်းယိုလိနှင့် ကျန်နှစ်ယောက်သည်လည်း အနောက်မှ အနီးကပ် လိုက်ပါလာကြသည်။

ပျံသန်းနိုင်သော မိစ္ဆာသားရဲမှာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီးနောက် ကျဆင်းနေသော နှင်းပွင့်များကြားတွင် ပျောက်ကွယ်သွားတော့သည်။

…

ရက်အနည်းငယ် ကြာပြီးနောက်…

“ကျွန်တော်တို့ ပြန်ရောက်ပြီ”

နောက်ဆုံးတွင် ရွှီနင်နှင့် အခြားသူများသည် ပင်လယ်နီမိစ္ဆာဂိုဏ်း တည်ရှိရာ ကျွန်းပေါ်သို့ ပြန်လည်ရောက်ရှိလာကြလေသည်။

“မင်းတို့သုံးယောက် အကြီးအကဲဝေ့နဲ့ သွားတွေ့ဖို့ ငါ့နောက်ကိုလိုက်ခဲ့ကြ”

ရွှီနင်သည် အကြီးအကဲဝေ့ကိုရှာရန် ဖန်းယိုလိ၊ လင်ကျယ်နှင့် ပျန့်ဟွမ်တို့အား ခေါ်ဆောင်လာခဲ့သည်။

“အကြီးအကဲဝေ့”

ရွှီနင်သည် အကြီးအကဲဝေ့အား နှုတ်ဆက်လိုက်သည်။

“ရွှီနင်လား”

အကြီးအကဲဝေ့သည် ရွှီနင်၏အနောက်ရှိ တပည့်သုံးယောက်အား အံ့အားသင့်သော မျက်နှာထားဖြင့် လှမ်းကြည့်လိုက်သည်။

မူလအစပြန်သွားခြင်းနယ်ပယ် သိုင်းပညာရှင်သုံးဦး…

လွန်ခဲ့သောနှစ်ဝက်ခန့်က ၎င်းတို့အနက် နှစ်ဦးမှာ ဟင်းလင်းပြင်နယ်ပယ် နဝမအဆင့်တွင်သာ ရှိခဲ့ပြီး ကျန်တစ်ဦးမှာ ဟင်းလင်းပြင်နယ်ပယ် အဋ္ဌမအဆင့်တွင်သာ ရှိခဲ့လေသည်။

“မင်းရဲ့ တပည့်လေ့ကျင့်ပေးတဲ့ စွမ်းရည်ကလည်း ပထမတန်းစားပဲကွ”

အကြီးအကဲဝေ့က ရယ်မောလိုက်လေသည်။

“အကြီးအကဲဝေ့က အထင်ကြီးလွန်းနေပါပြီ”

ရွှီနင်က ပြုံးလိုက်သည်။

“နောက်ဆုံး အရည်အချင်းစစ်ဆေးမှုလုပ်ဖို့ ဆယ်ရက်လိုပါသေးတယ်။ အခုအချိန်အထိ မင်းကလွဲရင် ဘယ်သူမှ ပြန်မရောက်ကြသေးဘူး”

အကြီးအကဲဝေ့က ပြောလေသည်။

“ဘယ်သူမှ ပြန်မရောက်သေးဘူးလား”

ရွှီနင် မျက်ခုံးပင့်သွားမိသည်။

“ကြည့်ရတာ သူတို့အားလုံး နောက်ဆုံးအဆင့်ထိ ကြိုးစားနေကြတယ်နဲ့ တူတယ်”

“မင်းတို့ရဲ့ တပည့်တွေကြား ယှဉ်ပြိုင်မှုကို ဆယ်ရက်နေရင် ကျွန်းလယ်တောင်ထွတ်မှာ ကျင်းပလိမ့်မယ်။ အဲဒီအချိန်ကျရင် ဂိုဏ်းချုပ်ကိုယ်တိုင် တက်ရောက်မယ့်အပြင် သိုင်းသခင်ကြီးလည်း ရှိနေလိမ့်မယ်”

အကြီးအကဲဝေ့က ရှင်းပြလေသည်။

ဝမ်ရှန့်ပြည်နယ်တွင် သိုင်းသခင်ကြီးဟု အခေါ်ခံရသူမှာ သွမ့်တော်ဝင်မိသားစုမှ သွမ့်ဟွေးယွဲ့ တစ်ဦးတည်းသာ ရှိလေသည်။

“သိုင်းသခင်ကြီးလည်း တက်ရောက်မှာလား”

ရွှီနင် အနည်းငယ် အံ့အားသင့်သွားရသည်။

ယခင်က စစ်ဆင်ရေးအတွက် ပင်လယ်ရပ်ခြားသို့ သွားရောက်ခဲ့စဉ် သွမ့်ဟွေးယွဲ့ ခဏတာ ပေါ်လာသည်ကို ရွှီနင် မြင်ဖူးခဲ့လေသည်။

ထိုစဉ်က သွမ့်ဟွေးယွဲ့၏ အရှိန်အဝါမှာ ရွှီနင်အား ကြီးမားသော တုန်လှုပ်မှုတစ်ခု ပေးစွမ်းနိုင်ခဲ့ပေသည်။

ဖန်းယိုလိ၊ ပျန့်ဟွမ်နှင့် လင်ကျယ်တို့သည် ဤစကားအား ကြားသောအခါ သူတို့အပေါ် ကျရောက်နေသော ဖိအားများ ပိုမိုမြင့်တက်သွားတော့သည်။

သိုငိးသခင်ကြီးဆိုသည်မှာ ဝမ်ရှန့်ပြည်နယ်တွင် အသန်မာဆုံးသော သူဖြစ်ပြီး ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပေသည်။

ရက်အနည်းငယ်ကြာလျှင် သူတို့သည် ထိုပုဂ္ဂိုလ်ကြီး၏ ကြည့်ရှုစစ်ဆေးခြင်းနှင့် အကဲဖြတ်ခြင်းကို ခံရပေတော့မည်။

ဤအချက်က သူတို့၏ ရင်ကို တဒိန်းဒိန်း ခုန်စေလေသည်။

“မင်းရဲ့ တပည့်တွေက အခြေခံကောင်းပါတယ်။ ဒီနှစ်မှာတော့ အံ့သြစရာတွေ ရှိလာနိုင်လောက်တယ်”

အကြီးအကဲဝေ့က ထပ်လောင်းပြောဆိုပြီးနောက် တိတ်ဆိတ်သွားကာ တပည့်သုံးဦး၏ အချက်အလက်များကို မှတ်တမ်းတင်နေလေသည်။

ထို့နောက် ရွှီနင်သည် တပည့်သုံးယောက်ကို ခြံဝင်းဆီသို့ ခေါ်ဆောင်သွားပြီး အရည်အချင်းစစ်ဆေးမှု စတင်မည့် ဆယ်ရက်အကြာကို စောင့်ဆိုင်းနေလိုက်သည်။

နောက်ရက်အနည်းငယ်အတွင်း ရွှီနင်အပြင် အခြားသော ကိုယ်စားလှယ်လောင်း ငါးဦးနှင့် သူတို့၏တပည့်များသည်လည်း ကျွန်းပေါ်သို့ ပြန်လည်ရောက်ရှိလာကြလေသည်။

ရွှီနင်၏ စုံစမ်းမှုအရ တပည့်တစ်ဦးအား တာအိုနယ်ပယ် စတုတ္ထအဆင့် သိုင်းပညာရှင်တစ်ယောက်ဖြစ်လာအောင် လေ့ကျင့်ပေးနိုင်ခဲ့သော သွမ့်ချောင်မြန်မှလွဲ၍ ကျန်သူများထဲတွင် အသန်မာဆုံးဆိုလျှင်ပင် တာအိုနယ်ပယ် တတိယအဆင့်၌သာ ရှိနေသေးကြောင်း သိလိုက်ရသည်။

ဤအချက်သည် ရွှီနင်အား ပို၍ယုံကြည်မှု ရှိလာစေသည်။

လက်ရှိတွင် ဖန်းယိုလိသည် မူလအစပြန်သွားခြင်းနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ရာ မိမိနယ်ပယ်ထက်ပိုမိုမြင့်မားသော သိုင်းပညာရှင်အား တိုက်ခိုက်နိုင်စွမ်း ရှိနေလေပြီ။

အကယ်၍ သူသာ ဤအခွင့်အရေးအား ကောင်းကောင်းအသုံးချပြီး စည်းမျဉ်းများမှာ သူ့အတွက် အတော်အသင့် အဆင်ပြေနေမည်ဆိုပါက နောက်ဆုံး အရည်အချင်းစစ်ဆေးမှုတွင် အနိုင်ရရှိသွားနိုင်ခြေ ရှိပေသည်။

All Chapters