← Chapters

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အပိုင်း ၃၉

ထမင်းတစ်နပ် စားပြီးရုံမျှဖြင့် ထျဲလန်ယန်သည် ဝါရင့်ပညာတတ်လူငယ်အချို့နှင့် ရင်းနှီးသွားခဲ့သည်။

ညစာစားပြီးလျှင် လူတိုင်း ချက်ချင်း မနားကြသေးဘဲ ခန်းမဆောင်ထဲတွင် စုဝေးကာ စကားစမြည် ပြောလေ့ရှိကြသည်။

ဇာတ်ဆောင်ခြောက်ယောက်မှလွဲ၍ ကျန်ရှိသူအားလုံး ထိုနေရာတွင် ရှိနေကြသည်။

သူမသည် ယွီချင်းချုံတို့၏ အခန်းတွင် နေရမည်ဟု သိလိုက်ရသောအခါ လူတိုင်း၏ မျက်နှာထားများမှာ အနည်းငယ် ထူးဆန်းသွားကြသည်။

သဘောကောင်းသော အမျိုးသမီးပညာတတ်လူငယ်တစ်ဦးက သူမကို သတိပေးခဲ့သည်။

"ရဲဘော် ထျဲလန်ယန် ညဘက်အိပ်ရင် နားထဲမှာ စက္ကူဖတ်လေးတွေ ဆို့ထားဖို့ ငါ အကြံပေးချင်တယ်။"

ထျဲလန်ယန်သည် ဘာဖြစ်နေမှန်း သိသော်လည်း အံ့သြသွားဟန်ဆောင်ကာ မေးလိုက်သည်။ "ဘာလို့လဲ၊ ဘာဖြစ်လို့လဲ။"

တစ်ယောက်က ဘွင်းဘွင်းကြီး ပြောချလိုက်သည်။

"ယွီချင်းချုံနဲ့ တခြားသူတွေလေ... သူတို့ ဘာတွေဖြစ်နေကြမှန်းမသိဘူး၊ ညဉ့်နက်တဲ့အထိ အမြဲတမ်း ရန်ဖြစ်နေကြတာ။"

"ရန်ဖြစ်ရုံတင်မကဘူး ရိုက်ပါနှက်ကြတာ၊ အဖွဲ့ခေါင်းဆောင်တောင် လာတားရတယ်၊ တကယ့်ကို ဆူညံပွက်လောရိုက်နေတာပဲ။"

"ဒီလူသစ်တွေက အားတွေ သိပ်ကောင်းနေကြတာ၊ ခဏနေကြဦးပေါ့... အလုပ်တွေ လုပ်ရလို့ ပင်ပန်းလာရင် ဆက်ပြီး ပြဿနာရှာနိုင်ဦးမလား ကြည့်ရသေးတာပေါ့။"

ဟူဟောင်က ဝင်၍ ဖျန်ဖြေပေးခဲ့သည်။

"ကျွန်တော် ဒီမနက်ပဲ သူတို့ကို ပြောထားပြီးပြီ၊ ဘာမှ ထပ်မပြောကြပါနဲ့တော့၊ သူတို့ ကြားသွားရင် မကောင်းဘူး။"

ထိုစကားကြောင့် လူတိုင်း ပါးစပ်ပိတ်သွားကြတော့သည်။

ဘေးတွင် ထိုင်နေသော ဟဲအိုက်လင်း၏ မျက်ဝန်းထဲတွင်တော့ သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

လူစုကွဲသွားသောအခါ ဟဲအိုက်လင်းသည် ထျဲလန်ယန်ဆီသို့ တမင်တကာ သွားကာ ဟန်ဆောင်ပန်ဆောင်ဖြင့် ပြောလိုက်သည်။

"ရဲဘော် ထျဲလန်ယန်... နင့်အတွက် ငါ တကယ်ပဲ စိတ်ပူမိတယ်၊ အကယ်၍ ညဘက် အိပ်မရရင် ငါတို့အခန်းကို လာခဲ့ပါလား၊ ကြမ်းပြင်ပေါ်မှာ အိပ်လို့ရတာပဲ။"

ထျဲလန်ယန်က သူမပါးစပ်ကို ပိတ်လိုက်သည်။ "မလာပါဘူး... နင့်ဖင်က ပုပ်စော်နံနေတာ၊ အသက်ရှူကျပ်ပြီး သေလိမ့်မယ်။"

"နင်... နင်ကတော့လေ လုတုန်းပင်းကို ကိုက်နေတဲ့ခွေးပဲ။ ဒီလောက် စေတနာ ထားပေးတာတောင် မသိဘူး၊ နင်နဲ့ စကားမပြောတော့ဘူး။"

ဟဲအိုက်လင်းမှာ ဒေါသတကြီးဖြင့် ထွက်ပြေးသွားတော့သည်။

သူမ ဆက်နေလျှင် ထျဲလန်ယန်က ပိုပြီး နာကျင်စေမည့် စကားလုံးများ ပြောဦးမည်ကို ကြောက်သဖြင့် ထွက်သွားခြင်းကသာ အကောင်းဆုံးပင် ဖြစ်သည်။

ဟဲအိုက်လင်း ထွက်သွားပြီးချင်းမှာပင် ဘေးက မီးဖိုချောင်ထဲမှ လူတစ်ဦး ထွက်လာခဲ့သည်။

သူကတော့ ဇာတ်ဆောင် ခြောက်ယောက်ထဲက တစ်ယောက်ဖြစ်ပြီး နောက်ပိုင်းတွင် မင်းသမီးနောက် တကောက်ကောက်လိုက်မည့် ဝမ်ကျွင်းကျွင်း ပင် ဖြစ်သည်။

ဝမ်ကျွင်းကျွင်းက ထျဲလန်ယန်ကို မသိမသာ ကြည့်ကာ ပြောလိုက်သည်။ "ကျွန်တော် ဘာမှမကြားလိုက်ဘူးနော်၊ လျှို့ဝှက်ချက်အဖြစ် ထားပေးပါ့မယ်။"

ထျဲလန်ယန် လက်ယမ်းပြလိုက်သည်။ "ရပါတယ်... နင် ပြောချင်လည်း ပြောပါ၊ ငါကတော့ ဂရုမစိုက်ဘူး။"

ဘာပဲဖြစ်ဖြစ် ဒါက ဟဲအိုက်လင်းအတွက်ပဲ မကောင်းတာလေ။

ဝမ်ကျွင်းကျွင်း - .......

သူ ရေသောက်ဖို့ ထွက်လာကာမှ ဒီလိုကိစ္စမျိုးနဲ့ တိုးနေရသည်။

အဓိကကတော့ ဒီရဲဘော်မလေးက ကြည့်ရတာ လိမ်လိမ်မာမာလေးနဲ့ ဘာလို့ ပါးစပ်က ဒီလောက်တောင် ထက်မြတ်နေရတာလဲ။

စောစောကမှ သူမအတွက် သူ စိုးရိမ်နေမိသေးသည်။

"အဟွတ်... အဟွတ်... ဟို... ကျွန်တော် လုပ်စရာရှိလို့ သွားဦးမယ်..."

သူ သူမကို သတိပေးဖို့ အရင်က စိတ်ကူးထားသော်လည်း သူမ၏ သဘောထားကို မြင်လိုက်ရသောအခါ ဘာမှမလိုအပ်တော့မှန်း သူ သိလိုက်ရသည်။

….

ထျဲလန်ယန်သည် ပညာတတ်လူငယ်ဝင်းမှ ထွက်လာခဲ့ပြီး ရှေ့ဘက်ရှိ မြစ်ငယ်လေးဆီသို့ လျှောက်လာခဲ့သည်။

လူသူကင်းဝေးသော နေရာသို့ ရောက်သောအခါ သူမ၏ နေရာလွတ်ထဲသို့ ဝင်လိုက်သည်။

နေ့လယ်စာတုန်းက ဆန်ပြုတ်တစ်ခွက်နဲ့ ဟင်းသီးဟင်းရွက် အနည်းငယ်သာ စားခဲ့ရသဖြင့် သူမ ဗိုက်မဝသေးပေ။

သူမ၏ နေရာလွတ်ထဲတွင် စားစရာ တစ်ခုခု ရှာစားရမည်။

သူမတွင် အသားမုန့်လုံး အများကြီးအပြင် အမဲနံရိုးချက်တွေလည်း ရှိသည်။

နည်းနည်းလောက် ပြန်နွှေးလိုက်ရုံနှင့် နောက်ထပ် စားပွဲကြီးတစ်ပွဲ ဖြစ်သွားတော့သည်။

ထျဲလန်ယန်သည် အသားမုန့်လုံး အကြီးကြီး နှစ်လုံးစားကာ အမဲနံရိုးနှစ်ခုကို ကိုက်ဝါးပြီးမှ စားတာကို ရပ်လိုက်သည်။

သူမ၏ ပါးစပ်မှ အသားနံ့တွေ ရနေမည်ကို စိုးရိမ်သဖြင့် နေရာလွတ်ထဲမှ မထွက်မီ သွားတိုက်လိုက်သေးသည်။

ပညာတတ်လူငယ်ဝင်းမှာ ထိုအချိန်တွင် တိတ်ဆိတ်နေပြီး လူတိုင်း နေ့လယ်တရေး အိပ်နေကြသည်။

ထျဲလန်ယန် အိမ်ထဲဝင်ကာ ဖိနပ်နှင့် ခြေအိတ်များကို ချွတ်ပြီး အိပ်ရန် ပြင်လိုက်သည်။

ရထားပေါ်မှာ ရက်ပေါင်းများစွာ ခရီးနှင်ခဲ့ရပြီး မနက်ခင်းတစ်ခုလုံး အလုပ်လုပ်ခဲ့ရသဖြင့် သူမ တကယ်ပင် ပင်ပန်းနေပြီပင်။

ခေါင်းနှင့် ခေါင်းအုံး ထိသည်နှင့် သူမ ချက်ချင်း အိပ်ပျော်သွားတော့သည်။

ဒီတရေးမှာ ညနေစောင်းအထိး ကြာသွားခဲ့သည်။

ဝင်းထဲသို့ လူတိုင်း အလုပ်မှ ပြန်ရောက်လာသည့် အသံများကြောင့် သူမ နိုးလာခဲ့ခြင်း ဖြစ်သည်။

ညစာမှာ နေ့လယ်စာထက်ပင် ပို၍ နည်းပါးလှသည်။

အာလူးအမျှင်ဟင်း တစ်အိုးနှင့် ဆန်ပြုတ်ကျဲကျဲ တစ်အိုးသာရှိပြီး ကန်စွန်းဥတောင် မပါပေ။

ဟဲအိုက်လင်းက မျက်နှာဆိုးဖြင့် ညည်းညူခဲ့သည်။ "ဆန်ပြုတ်ကို ဒီထက်ပိုပြီး မချက်နိုင်ဘူးလား။ ကျွန်မ ဗိုက်မဝဘူး။"

ဟူဟောင် - "မရဘူး... အခု ပိုစားလိုက်ရင် လကုန်ရင် စားစရာ ပြတ်သွားလိမ့်မယ်၊ အဲဒီချိန်ကြရင် နင်တို့ ငတ်လိမ့်မယ်။"

ကျန်းစန်က သူ့ဗိုက်ကို ပွတ်ကာ ပြောခဲ့သည်။ "ညဘက် ဗိုက်ဆာလာရင် ဘယ်လိုလုပ်မလဲ။"

ပညာတက်လူငယ်ဟောင်း တစ်ယောက်က ပြောခဲ့သည်။ "ညဘက် စောစောအိပ်လိုက်၊ ဒါဆိုရင် ဗိုက်ဆာတာ မသိတော့ဘူး။"

လီစီ - "ညဘက် ရေများများသောက်ပြီး ဗိုက်ဖြည့်ထားရင်‌ရော ရနိုင်မလား။"

ပညာတက်လူငယ်ဟောင်းက ခေါင်းယမ်းလိုက်သည်။ "အဲဒါကိုတော့ မလုပ်ဖို့ ငါ အကြံပေးချင်တယ်။ ငါ တစ်ခါက ရေသုံးခွက် သောက်လိုက်မိတာ တစ်ညလုံး အိမ်သာပဲ ပြေးနေရပြီး ဗိုက်က ပိုတောင် ဆာလာသေးတယ်။"

အခြားသော ဝါရင့်ပညာတတ်လူငယ်များကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ကြသည်။

ထျဲလန်ယန် - .... အားလုံးကတော့ ဒုက္ခတွေနဲ့ အသားကျနေကြပြီ ထင်ပါရဲ့။

ဟဲအိုက်လင်းမှာ မျှော်လင့်ချက် ကင်းမဲ့သွားပုံရသည်။

ကျေးလက်ဘဝက ခက်ခဲတယ်လို့ သူမ ကြားဖူးသော်လည်း မျှော်လင့်ချက် အနည်းငယ်တော့ ရှိနေခဲ့သေးသည်။

သားသမီးချင်း ခွဲခြားဆက်ဆံတတ်တဲ့ မိဘတွေကို နေ့တိုင်း မတွေ့ရတော့ဘူးဆိုတော့ ပတ်ဝန်းကျင် အသစ်မှာ ပိုကောင်းလာမလားလို့ သူမ ထင်ခဲ့မိသည်။

ဒါပေမယ့် ကျေးလက်က သူမ ထင်ထားတာထက်တောင် ပိုပြီး ခက်ခဲနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ဘေးက ဝါရင့်တစ်ယောက်က သူမ၏ မျက်နှာပေးကို မြင်သောအခါ ပခုံးကို ပုတ်ကာ ပြောခဲ့သည်။

"ရဲဘော် ဟဲအိုက်လင်း... တကယ်တော့ ဗိုက်မဝတာက အဆိုးဆုံး မဟုတ်သေးဘူး၊ မနက်ဖြန် အလုပ်ဆင်းရင် နင် သိလာလိမ့်မယ်။"

ထိုစကားကြောင့် ဟဲအိုက်လင်းမှာ ငိုချင်သလိုတောင် ဖြစ်သွားသည်။

ထျဲလန်ယန်ကတော့ ဘာမှ မထူးခြားပေ။

ဗိုက်မဝရင် သူမ နေရာလွတ်ထဲက စားစရာတွေကို ခိုးစားလို့ရသလို အလုပ်က အရမ်းပင်ပန်းရင်လည်း ခိုးနားလို့ ရသည်။

ဘာပဲဖြစ်ဖြစ် သူမရဲ့ နေရာလွတ်ထဲက အသီးအနှံတွေက နောက်ထပ် လဝက်လောက်ဆိုရင် ရိတ်သိမ်းလို့ ရပြီဖြစ်ရာ စားဝတ်နေရေးအတွက် သူမ ပူစရာ မလိုတော့ပေ။

ဇာတ်လိုက်ခြောက်ယောက်ကလည်း တည်ငြိမ်နေကြသည်။

လူယုတ်မာ ချန်ဟွိုက်ကျင်းနှင့် ကြာဖြူမလေး ပိုင်ရန်ရန်တို့မှလွဲ၍ ကျန်လေးယောက်က မိသားစု အသိုင်းအဝိုင်း ကောင်းကြပြီး လစဉ် လတိုင်း ပိုက်ဆံနှင့် ရိက္ခာကူပွန်တွေ ပို့ပေးကြသည်။

စုပေါင်းထမင်း စားပြီးနောက်တွင်လည်း သူတို့ဘာသာ ဝယ်ထားသည့် မုန့်လေးများကို စားကာ ဗိုက်ဖြည့်လေ့ ရှိကြသည်။

ချန်ဟွိုက်ကျင်းမှာ ရောက်တာ နှစ်ရက်ပဲ ရှိသေးသော်လည်း သူ့ရဲ့ စကားပြောပါးနပ်မှုကြောင့် ပညာတတ်လူငယ် အများအပြားနှင့် မိတ်ဆွေဖြစ်နေပြီဖြစ်ရာ ဒါတွေကို ပူစရာ မလိုပေ။

ပိုင်ရန်ရန်ကလည်း စကားချိုချိုလေးတွေနှင့် နားအေးသူ ဟန်ခယ်အာကို ဖမ်းစားထားသဖြင့် စားစရာ ပြတ်လပ်မည် မဟုတ်ပေ။

ညစာစားပြီးနောက် ယွီချင်းချုံသည် မြေပဲအချို့ ထုတ်ယူကာ လူတိုင်းကို ဝေပေးခဲ့သည်။

နေ့လယ်တုန်းက ဝက်သားခြောက်ကြောင့် ပိုင်ရန်ရန် တစ်ယောက် လူတိုင်းရဲ့ ချီးကျူးမှုကို ရခဲ့တာကို သူမ မြင်လိုက်ရသည်။

သူမကလည်း လူတွေရဲ့ စိတ်ကို သိမ်းပိုက်ချင်သည်၊ ပိုင်ရန်ရန်ကို သဘောကျတဲ့သူ မှန်သမျှကို လုယူပစ်ချင်သည်။

ထိုသို့တွေးကာ ယွီချင်းချုံသည် ချန်ဟွိုက်ကျင်းကို မြေပဲဝေပေးသည့်အခါ လက်တစ်ဆုပ်စာ ပိုပေးလိုက်ပြီး အပြန်အလှန်အားဖြင့် နွေးထွေးသော အပြုံးတစ်ချက်ကို ရရှိခဲ့သည်။

ယွီချင်းချုံသည် သူမ၏ နှုတ်ခမ်းကို ပြင်းပြင်းထန်ထန် ကိုက်ကာ ရင်ထဲက ထူးဆန်းသော ခံစားချက်ကို နှိပ်ကွပ်ထားလိုက်သည်။

သူမ သူ့ကို ထပ်ပြီး မချစ်မိစေရဘူး။

အရင်ဘဝတုန်းက သူမရဲ့ ကြောက်စရာကောင်းတဲ့ သေဆုံးမှုက ဒီလူယုတ်မာကြောင့်ပဲလေ။

သူ့ကို ပြန်ပေးဆပ်ခိုင်းရမည်။

ဝမ်လန်သည် သူ့လက်ထဲက မြေပဲ အနည်းငယ်ကို ကြည့်လိုက်ကာ ချန်ဟွိုက်ကျင်း လက်ထဲက မြေပဲ လက်တစ်ဆုပ်ကြီးကို ကြည့်လိုက်သည်။

သူ့နှုတ်ခမ်းက အနည်းငယ် တွန့်သွားပြီး စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငုံ့ထားလိုက်တော့သည်။

အို... ဇာတ်လိုက်မင်းသား အသည်းကွဲသွားပြီပဲ။

ဝတ္ထုထဲမှာတော့ ဇာတ်လိုက် ဝမ်လန်က တစ်ကျော့ပြန်ရှင်လာတဲ့ မင်းသမီး ယွီချင်းချုံကို အစကတည်းက ချစ်မိနေခဲ့တာပင်။

ဒါပေမယ့် သူက အူကြောင်ကြောင်နိုင်ပြီး ဖွင့်မပြောရဲရှာဘူး၊ မင်းသမီးအနားမှာပဲ တိတ်တဆိတ် စောင့်ရှောက်ပေးခဲ့တာ။

နောက်ပိုင်း မင်းသမီးက သူ့ကို သဘောကျလာပြီး ဖွင့်ပြောတော့မှ သူတို့ တွဲဖြစ်ကြတာ ဖြစ်သည်။

ဒါကြောင့် အစောပိုင်းကာလတွေမှာ မင်းသမီးက ကလဲ့စားချေဖို့အတွက် လူယုတ်မာကို တမင် ချဉ်းကပ်တဲ့အခါ ဇာတ်လိုက်က အရမ်းကို မနာလိုဖြစ်နေရရှာသည်။

အခု မြင်နေရတဲ့ မြင်ကွင်းကတော့ တကယ့်ကို နာမည်ကျော်တဲ့ အခန်းတစ်ခန်းပဲ ဖြစ်သည်။

လူတိုင်း မြေပဲစားနေကြသော်လည်း ထျဲလန်ယန် တစ်ယောက်တည်းသာ ဖရဲစေ့ကို အားရပါးရ ဝါးနေခဲ့သည်။

ဟဲဟဲ... ဝတ္ထုထဲ ရောက်လာရတာ တကယ်ကို အရသာရှိလှသည်။

၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်

အပိုင်း ၄၀

နွေရာသီ၏ ညချမ်းသည် လေပြေအေးလေးများ တိုက်ခတ်နေပြီး အနားယူရန် အလွန်ကောင်းမွန်လှသည်။

ပညာတတ်လူငယ်များသည် တစ်နေ့တာ အလုပ်ရှုပ်ပြီးနောက် ဝင်းထဲတွင် ထိုင်ကာ လေညင်းခံရင်း စကားစမြည် ပြောဆိုရသည်ကို နှစ်သက်ကြသည်။

ထျဲလန်ယန်ကတော့ ထိုအထဲတွင် မပါဝင်ခဲ့ပေ။

သူမကတော့ ဒီညဖြစ်လာမယ့် ဒရာမာပွဲကြီးကို စောင့်မျှော်နေပြီး ပွဲကြည့်ဖို့အတွက် အားအင်ဖြည့်တင်းရန် အိပ်စက်ဖို့ လိုအပ်နေသည်။

လူတိုင်း သတိမမူမိခိုက်တွင် သူမသည် သူမ၏ နေရာလွတ်ထဲသို့ဝင်ကာ ခပ်မြန်မြန် ရေချိုးပြီး စောစောအိပ်ရာဝင်လိုက်သည်။

သူမ ပြန်နိုးလာသောအခါ အခန်းထဲတွင် မှောင်အတိ ကျနေလေပြီ။

ထျဲလန်ယန်က သူမ၏ စိတ်အာရုံဖြင့် နေရာလွတ်ထဲရှိ နာရီကို ကြည့်လိုက်ရာ ည ၁၀ နာရီ ထိုးနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

ဟင်... ထူးဆန်းလိုက်တာ၊ ဒီည ပွဲမရှိဘူးလား။

ဒါက မဖြစ်နိုင်တာ။

ဇာတ်လိုက်မင်းသမီး ယွီချင်းချုံက မနေ့ညက တိုက်ခိုက်ခံခဲ့ရတာဆိုတော့ ဒီည သူမ ပြန်ကလဲ့စားချေမှာ အသေအချာပဲ။

သူမ တွေးနေတုန်းမှာပင် ထျဲလန်ယန်သည် ဘေးနားမှ လှုပ်ရှားမှုကို ခံစားလိုက်ရသည်။

ယွီချင်းချုံပဲ ဖြစ်ရမည်.....

ထျဲလန်ယန်က မျက်လုံးတစ်ဖက်ကို အသာလေးဖွင့်ကြည့်လိုက်ရာ သူမ တိတ်တဆိတ် အိပ်ရာမှ ထနေသည်ကို မြင်လိုက်ရသည်။

ပြတင်းပေါက် အပြင်ဘက်မှ လရောင်မှိန်မှိန်လေးမှာ အခန်းထဲသို့ ဖြာကျနေသည်။

အို... ပွဲကောင်းတော့မယ်။

ထျဲလန်ယန်သည် ချက်ချင်း စိတ်လှုပ်ရှားသွားပြီး နေရာလွတ်ထဲမှ ဖရဲစေ့အချို့ကို ထုတ်လိုက်သည်။

လက်ထဲမှာ ဖရဲစေ့လေးကိုင်လို့ ပွဲကြည့်ဖို့ အဆင်သင့်ပဲ။

ကဲ... ပွဲစကြစို့။

ပိုင်ရန်ရန်သည် နှစ်ခြိုက်စွာ အိပ်ပျော်နေစဉ် သူမ၏ နားနားမှ ကလစ်ကလစ် မြည်သံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။

သူမ မျက်လုံးကို ချက်ချင်း ဖွင့်ကြည့်လိုက်သည်။

ထိုအခါ အမှောင်ရိပ်ထဲက လူတစ်ယောက်သည် ကတ်ကြေးတစ်စုံကို ကိုင်ထားပြီး သူမ၏ မျက်လုံးများဆီသို့ ညွှန်ထားသည်ကို တွေ့လိုက်ရသည်။

"အား။"

ပိုင်ရန်ရန် အော်ဟစ်ကာ အိပ်ရာမှ ထပြေးရန် ကြိုးစားသော်လည်း သူမ၏ ဆံပင်များမှာ ဆွဲထားခြင်း ခံလိုက်ရသည်။

"မပြေးနဲ့... နင့်ကို ငါ ထိုးသတ်ပစ်မယ်။ ထိုးသတ်မယ်။"

ပိုင်ရန်ရန်သည် ထိုသည်က ယွီချင်းချုံ၏ အသံမှန်း ချက်ချင်း သိလိုက်သည်။

"ယွီချင်းချုံ၊ နင် ဘာလုပ်နေတာလဲ။ ဘာလို့ ငါ့ကို ကတ်ကြေးနဲ့ ထိုးဖို့ လုပ်နေတာလဲ။"

သူမဘေးတွင် အိပ်နေသော ဟန်ခယ်အာလည်း နိုးလာပြီး မီးခြစ်ခြစ်ကာ ဖယောင်းတိုင်ကို အမြန်ပင် ထွန်းလိုက်သည်။

ထိုအခါမှသာ ယွီချင်းချုံသည် မျက်လုံးကို အဝတ်စည်းထားကြောင်း သူတို့ တွေ့လိုက်ရသည်။

သူမ အိပ်ပျော်ရင်း လမ်းလျှောက်ပြီး ရူးနေတာလား။

"သေနာ ပိုးဟပ်မ။ အပုပ်နံ့နံတဲ့ ပိုးဟပ်မ။ နင် ဘယ်ကို ပြေးမှာလဲ။"

မျက်လုံးစည်းထားသည့် ယွီချင်းချုံသည် ရူးသွပ်နေသည့် မျက်နှာပေးဖြင့် ကတ်ကြေးကို ရမ်းချင်တိုင်း ရမ်းနေတော့သည်။

ပိုင်ရန်ရန်နှင့် ဟန်ခယ်အာတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ပိုင်ရန်ရန် - "ရဲဘော် ဟန်ခယ်အာ၊ မြန်မြန်လုပ်ပါဦး၊ သူ့ဆီက ကတ်ကြေးကို လုလိုက်ပါ၊ ငါ့ဆံပင်တွေ ငြိနေလို့ လှုပ်လို့မရတော့ဘူး။"

ဆံပင်အညှပ်ခံရတာက ကိစ္စမရှိပေမယ့် မျက်နှာသာ အခြစ်ခံရရင်တော့ အကြီးအကျယ် ဒုက္ခရောက်ပေလိမ့်မည်။

သူမက ဒီလောက်လှတာ၊ အကယ်၍ မျက်နှာသာ ပျက်စီးသွားရင် နောင်တစ်ချိန်မှာ အမြင့်ကို တက်လှမ်းဖို့ ဘာအရင်းအနှီးမှ ရှိတော့မှာ မဟုတ်ဘူး။

ဟန်ခယ်အာက ဘေးသို့ ရှောင်လိုက်သည်။ "ငါ မလုပ်ရဲဘူး၊ ယွီချင်းချုံက ဒီလောက် ရူးနေတာ၊ ငါ့ကို လာခြစ်ရင် ဘယ်လိုလုပ်မလဲ။"

သူမ၏ ပုံမှန်အချိန်ကို ကြည့်မနေပါနဲ့။

သူမက မောက်မာပြီး ဗိုလ်ကျတတ်သော်လည်း တကယ်တမ်း အရေးကြုံလာလျှင်တော့ သေမှာကို အရမ်းကြောက်သည့်သူမျိုး ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် သူမက ကူးပြောင်းလာကာစပဲ ရှိသေးတာ၊ သူမရဲ့ အရည်အချင်းတွေကိုတောင် ထုတ်မပြရသေးဘူးလေ။

နှစ်ရက်သုံးရက်လောက်ပဲ သိတဲ့လူတစ်ယောက်အတွက်နဲ့ သူမ ဒဏ်ရာအနာတရ အဖြစ်မခံနိုင်ပါပေ။

ထိုသည်ကို ကြားလိုက်ရသည့် ပိုင်ရန်ရန်၏ မျက်နှာမှာ သွေးဆုတ်ဖြူလျော်သွားတော့သည်။

လွန်ခဲ့တဲ့ နှစ်ရက်လုံးလုံး သူမ ဟန်ခယ်အာကို အလုပ်တွေ ဝိုင်းကူပေးခဲ့တာတောင် အခုလို အရေးကြုံတဲ့အခါ ဟန်ခယ်အာက ဒီလောက် ရက်စက်လိမ့်မယ်လို့ သူမ မထင်ထားခဲ့ပေ။

ဘယ်သူမှ ကူမယ့်သူမရှိတော့မှတော့ သူမကိုယ်သူမပဲ ကယ်တင်ရတော့မည်။

ပိုင်ရန်ရန်သည် ဘေးနားရှိ ခေါင်းအုံးကို ဆွဲယူကာ ယွီချင်းချုံ၏ မျက်နှာကို ပစ်ပေါက်လိုက်သည်။

ယွီချင်းချုံကတော့ ပိုးဟပ်ကို ထိုးသတ်မယ်လို့ တတွတ်တွတ် ပြောနေဆဲဖြစ်ပြီး ခေါင်းအုံးနဲ့ အပစ်ခံရတာကိုလည်း ဘာမှ မတုံ့ပြန်ပေ။

တကယ်တော့ သူမက ဟန်ဆောင်နေတာကိုး၊ နာကျင်ရင်တောင်မှ သူမ ထုတ်ပြမှာ မဟုတ်ပါချေ။

ဒါပေမယ့် ဒီဒဏ်ချက်ကြောင့် သူမသည် ပိုင်ရန်ရန်၏ ဆံပင်ကို အနည်းဆုံးတော့ လွှတ်ပေးလိုက်ပြီး အေးစက်စက် ကြည့်နေသည့် ဟန်ခယ်အာဆီသို့ လှည့်ကာ တွားသွားလိုက်သည်။

"ဟဲ့... နင် ဘာလုပ်တာလဲ၊ ဒီဘက်ကို မလာနဲ့။"

ဟန်ခယ်အာမှာ ကြောက်လွန်းသဖြင့် ကုတင်အောက်သို့ ပြေးဝင်ချင်နေသော်လည်း သူမ၏ခြေထောက်ကို ယွီချင်းချုံက ဖမ်းဆွဲလိုက်သည်။

"ပိုင်ရန်ရန်... ငါ့ကို ကယ်ပါဦး။"

ဟန်ခယ်အာသည် ပိုင်ရန်ရန်ကို အမြန်ပင် အကူအညီ လှမ်းတောင်းတော့သည်။

ပုံမှန်သာဆိုရင် သူမ ဒီလောက် ထိတ်လန့်မှာ မဟုတ်ပေ။

ဒါ့အပြင် ယွီချင်းချုံက အခု အိပ်ပျော်ရင်း လမ်းလျှောက်ပြီး ရူးသွပ်နေတာဆိုတော့ အရူးတစ်ယောက်နဲ့ ဘာမှမခြားပေ။

"အို... ခယ်အာ... ငါ့ခြေထောက်က ကျဉ်နေလို့..."

ပိုင်ရန်ရန်မှာ ပုံမှန်ဆိုလျှင် အပြုံးချိုသော်လည်း သူမက အလည်ဆုံးပင် ဖြစ်သည်။

စောစောက သူမ ဒုက္ခရောက်နေတုန်း ဟန်ခယ်အာက ငြိမ်ကြည့်နေခဲ့တာကို သူမ အငြိုးထားနေခြင်း ဖြစ်သည်။

ထောင့်တစ်နေရာတွင်တော့ ထျဲလန်ယန်က လက်ဖြင့် ပါးစပ်ကို ပိတ်ကာ ဖရဲစေ့ကို တိတ်တဆိတ် ဝါးနေပြီး ရယ်ချင်စိတ်ကို အတင်းအကျပ် အောင့်ထားရသည်။

တကယ်ကို ဟန်ဆောင်ကောင်းတဲ့ ညီအစ်မတွေပဲ။

စတာနဲ့တင် တစ်ယောက်မျက်နှာ တစ်ယောက် ဆွဲခြစ်တော့မယ့်ပုံပဲ၊ နောင်ကျရင်ရော အဆင်ပြေပြေ နေနိုင်ကြပါဦးမလား။

သူမ ထိုသို့ တွေးလိုက်သည့် ခဏမှာပင် ပိုင်ရန်ရန် ဆက်ပြောသည်ကို ကြားလိုက်ရသည်။

"ဒါပေမယ့် ခယ်အာ... နင်က ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်းပဲလေ၊ နင့်အတွက်ဆိုရင် ငါ့ခြေထောက် ကျိုးသွားရင်တောင် ငါ ကူညီမှာပါ။"

'ဝိုး... တကယ့်ကို အပြောကောင်းတဲ့သူပဲ။'

'မင်းသမီးကို သတ်ခဲ့တဲ့ ဒေသခံ ကြာဖြူမလေးပီသပါပေတယ်၊ သူမရဲ့ ပရိယာယ်က တကယ်ကို နက်နဲလွန်းတယ်။'

"ဒါဆိုရင်လည်း မြန်မြန်လာပါဦး။ နင် ယွီချင်းချုံကို ဖမ်းထား၊ ငါ အပြင်ထွက်ပြီး အကူအညီ သွားခေါ်မယ်။"

ဟန်ခယ်အာ၏ စကားကြောင့် ပိုင်ရန်ရန်မှာ ဟန်ဆောင်ထားသမျှ ပျက်တော့မလိုပင် ဖြစ်သွားသည်။

'သူမက ဒီမှာ သူငယ်ချင်းကောင်းယောင် ဆောင်နေတာကို ဟန်ခယ်အာကတော့ သူမကို အသုံးချဖို့ပဲ စဉ်းစားနေတာကိုး။'

'တကယ် စိတ်ပျက်ဖို့ကောင်းလိုက်တာ။'

ဒါပေမယ့်လည်း မတတ်နိုင်ပေ၊ ဒီလို တုံးအသူကို သူမ အသုံးချဖို့ လိုအပ်နေတာကိုး။

"ကောင်းပြီ... ငါ လာပြီ။"

ပိုင်ရန်ရန် တွားသွားပြီး ယွီချင်းချုံ၏ ခါးကို ဖမ်းလိုက်သည်နှင့် ရင်ဘတ်ကို ကန်ချက်တစ်ချက် ထိလိုက်ရသည်။

"အား။"

ပိုင်ရန်ရန် နာသွားသဖြင့် ဒေါသတကြီးဖြင့် ယွီချင်းချုံကို ပြန်ရိုက်လိုက်တော့သည်။

ဒီမိန်းမယုတ်။

ဝိညာဉ်ဝင်ပူးသလိုလို ဘာလိုလိုနဲ့၊ ကတ်ကြေးကိုင်ထားတာ ဘာများ အရေးကြီးနေလို့လဲ။

ယွီချင်းချုံမှာ လုံးဝ ဆွံ့အသွားခဲ့သည်။

သူမ သတိပြန်ဝင်လာသည့်အခါ သူမ ဟန်ဆောင်မနေတော့ဘဲ ပိုင်ရန်ရန်အပေါ်ကို ခုန်အုပ်ပြီး အတင်းအကျယ် လုံးထွေးသတ်ပုတ်တော့သည်။

သူတို့နှစ်ယောက် သတ်ပုတ်နေစဉ်မှာပင် ဟန်ခယ်အာသည် အကူအညီတောင်းရန် အိပ်ရာပေါ်မှ ချက်ချင်း ဆင်းပြေးသွားသည်။

အပြင်သို့ ထွက်သွားစဉ်မှာပင် ဖရဲစေ့ဝါးနေသည့် ထျဲလန်ယန်ကို သူမ မြင်သွားသည်။

ဟန်ခယ်အာ - ???

"နင် နိုးနေတာပဲ၊ ဘာလို့ ဝင်မကူတာလဲ၊ ဖရဲစေ့ထိုင်ဝါးနေနိုင်သေးတယ်နော်။"

ဟန်ခယ်အာက သူမကို ဒေါသတကြီး စွပ်စွဲတော့သည်။

ထျဲလန်ယန်က ဖရဲစေ့ခွံကို ထွေးထုတ်လိုက်ပြီး ဘာမှမဖြစ်သလို ပုံစံဖြင့် ပြောလိုက်သည်။

"နင်တို့က ဒီလောက် ဆူညံနေတာ ငါမှ အိပ်လို့မရတာ၊ ဖရဲစေ့လေးတောင် စားခွင့်မရှိဘူးလား။"

"နင်က ဒီလိုလူမျိုးမှန်း ငါ မသိခဲ့ဘူး၊ အေးအေးဆေးဆေးနဲ့ သဘောကောင်းသလို ဟန်ဆောင်ထားပြီးတော့ တကယ်တမ်းကြတော့ စာနာစိတ် လုံးဝမရှိဘူးပဲ။"

ဟန်ခယ်အာက သူမကို စိုက်ကြည့်ကာ ထွက်သွားတော့သည်။

ထျဲလန်ယန် မျက်ခုံးပင့်လိုက်သည်။

စာနာစိတ်လား။ သူမမှာ တကယ်ပဲ မရှိတာပါ။ သူမက သူမရဲ့ စိတ်အခြေအနေအတိုင်းပဲ လုပ်ဆောင်တာလေ။

ဒါပေမယ့် သူမ အနည်းငယ်တော့ စိတ်တိုသွားသည်။

ဟန်ခယ်အာက သူမကို အခုဆိုရင် နှစ်ခါတောင် ရန်တွေ့ပြီးပြီ။

ပြန်ပြီး မတုံ့ပြန်တာက သူမရဲ့ စတိုင်မဟုတ်ဘူး။

ဒါမှမဟုတ်... မနက်ဖြန် မြွေတစ်ကောင်ဖမ်းပြီး သူ့အိပ်ရာထဲ ထည့်လိုက်ရင်ကော။

ဟန်ခယ်အာ ထွက်သွားပြီး မကြာမီမှာပင် အပြင်ဘက်တွင် ဆူညံပွက်လောရိုက်သွားသည်။

ခဏအကြာတွင်။

ပညာတတ်လူငယ်ဝင်း အုပ်ချုပ်သူ ဟူဟောင်သည် အပေါ်အင်္ကျီကို ဝတ်လျက် တံခါးဝတွင် မကျေမနပ် ရပ်နေသည်။

"ဘာတွေ ဖြစ်နေကြပြန်ပြီလဲ၊ ဘာလို့ ထပ်ပြီး ရန်ဖြစ်နေကြတာလဲ။"

သူ ဘာပြောရမှန်းတောင် မသိတော့ပေ။ ညတိုင်း ရန်ဖြစ်နေကြသဖြင့် သူ့ရဲ့ စိတ်ရှည်သည်းခံမှုတွေ ကုန်ဆုံးလုနီးပါး ဖြစ်နေပြီပင်။

ယောက်ျားနှင့် မိန်းမ ရှောင်ကြဉ်ရမည်ဖြစ်ရာ ဟူဟောင်သည် အခန်းထဲသို့ ဝင်မလာပေ။

အခြား အမျိုးသမီးပညာတတ်လူငယ်များ တစ်ယောက်ပြီးတစ်ယောက် ဝင်လာကြသည်။

ကုတင်ပေါ်တွင် သတ်ပုတ်နေသည့် ယွီချင်းချုံနှင့် ပိုင်ရန်ရန်တို့ကို မြင်သောအခါ သူတို့ အမြန်ပင် သွားရောက် ဆွဲထုတ်ကြသည်။

သူတို့နှစ်ဦးကို အတင်းအကျပ် ဆွဲခွာလိုက်သော်လည်း သူတို့နှစ်ယောက်လုံး၏ မျက်နှာတွင် အခြစ်ရာများ ရှိနေလေပြီ။

ပိုင်ရန်ရန်သည် လူအများကြီးကို မြင်လိုက်ရသောအခါ ချက်ချင်းပင် အမူအရာ ပြောင်းလိုက်ပြီး မျက်နှာကိုအုပ်ကာ သနားစဖွယ် ငိုရှိုက်တော့သည်။

"ဝူး... ဝူး... ရဲဘော် ယွီချင်းချုံ၊ နင် ဘာလို့ ငါ့ကို ကတ်ကြေးနဲ့ ထိုးဖို့ လုပ်ရတာလဲ။"

"ငါတို့က သူငယ်ချင်းဟောင်းတွေလေ၊ ရဲဘော် ချန်ဟွိုက်ကျင်းက နင့်ကို ဂရုမစိုက်တာနဲ့တင် ငါ့အပေါ်ကို ဒေါသပုံချလို့ မရဘူးလေ။"

ထိုစကားထွက်လာသည်နှင့် ထိုနေရာရှိ လူအားလုံးမှာ အံ့သြတုန်လှုပ်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

လွန်ခဲ့တဲ့ ရက်ပိုင်းက သူတို့တွေ ရန်ဖြစ်နေတာက ဒီအကြောင်းကြောင့်ပဲလား။

အမျိုးသမီး အချင်းချင်း ယောက်ျားတစ်ယောက်အတွက်နဲ့ ရန်ဖြစ်နေကြတာကတော့ တကယ်ကို ရှက်စရာကောင်းလှသည်။

တံခါးဝတွင် ရပ်နေသည့် ချန်ဟွိုက်ကျင်းလည်း အံ့အားသင့်သွားသည်။

သူ့ကိုယ်သူ ဒီလောက်တောင် ဆွဲဆောင်မှု ရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ယွီချင်းချုံနဲ့ ပိုင်ရန်ရန်လို လှပတဲ့ အမျိုးသမီးနှစ်ယောက်လုံးက သူ့ကို သဘောကျနေကြတာကတော့ တကယ့်ကို မမျှော်လင့်ထားတဲ့ ကိစ္စပင်။

ဒါပေမယ့် သူ ရွေးရမယ်ဆိုရင်တော့ ပိုင်ရန်ရန်ကိုပဲ ရွေးချယ်မှာပါ။

ယွီချင်းချုံက အရင်တုန်းက အရမ်းအေးစက်လွန်းတယ်၊ ကျေးလက်ရောက်တော့မှ သူမက သူ့အပေါ် စိတ်ဝင်တစား ရှိလာသလိုလိုနဲ့ တစ်ခါတလေကြရင်လည်း ပြန်ပြီး အေးစက်သွားတတ်သေးသည်။

ဒီလို တစ်လှည့်စီ ပြောင်းလဲနေတဲ့ သဘောထားကို သူ သည်းမခံနိုင်ပေ။

ပိုင်ရန်ရန်ကတော့ ပိုကောင်းသည်။

ပိုင်ရန်ရန်က နူးညံ့ပြီး ဂရုစိုက်တတ်တယ်၊ ပြီးတော့ သူ့ကို အမြဲတမ်း အထင်ကြီးလေးစားတဲ့ မျက်လုံးတွေနဲ့ ကြည့်တတ်တာက သူ့ရင်ကို ခုန်စေသည်။

ဒါပေမယ့် သူကတော့ ဘယ်သူနဲ့မဆို လွယ်လွယ်နဲ့ တွဲမှာ မဟုတ်ဘူး။

သူ ကျေးလက်ကို ရောက်ကာစပဲ ရှိသေးတာမို့လို့ ခဏလောက် ထပ်ပြီး စောင့်ကြည့်ရဦးမည်။

.

အကယ်၍ ပိုင်ရန်ရန်က သူ့အတွက် ဘာမှအသုံးမဝင်တော့ဘူးဆိုရင်တော့ သူမက နှစ်သိမ့်ဆုအဆင့်လောက်ပဲ ရှိမှာပါ။

ချန်ဟွိုက်ကျင်းသည် စိတ်ကူးယဉ် အကောင်းကြီး ယဉ်နေခဲ့သည်။

ဒါပေမယ့် သူ့ရှေ့က အမျိုးသမီးနှစ်ယောက်လုံးက သူ့ကို တကယ် ချစ်နေကြတာ မဟုတ်ဘူးဆိုတာ သူ မသိခဲ့ပေ။

တစ်ယောက်က ကလဲ့စားချေဖို့ဖြစ်ပြီး နောက်တစ်ယောက်ကတော့ သူ့ကို အသုံးချဖို့ပဲ ဖြစ်သည်။

ထိုအချိန်တွင် သူက ဝင့်ကြွားနေဆဲဖြစ်ကာ အပြစ်တင်သည့် လေသံဖြင့် ပြောလိုက်သည်။

"ယွီချင်းချုံ... မင်း မှားသွားပြီ၊ ပိုင်ရန်ရန်ကို အမြန်ဆုံး တောင်းပန်လိုက်။"

All Chapters