← Chapters

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

အပိုင်း ၄၁

"ဘာလို့ ငါက တောင်းပန်ရမှာလဲ" ယွီချင်းချုံက မျက်ဝန်းအိမ်များ နီမြန်းလျက် သူ့ကို စိုက်ကြည့်ကာ အော်ဟစ်လိုက်သည်။

"ငါက အိပ်ပျော်ရင်း လမ်းလျှောက်တတ်တဲ့အကျင့်ရှိလို့ မသိစိတ်နဲ့လုပ်မိတာ၊ တမင်လုပ်တာ မဟုတ်ဘူး၊ ပိုင်ရန်ရန်က ငါ့ကို ပြန်တောင် ပါးရိုက်လိုက်သေးတယ်၊ သူ ဗိုလ်ကျတာကို ငါကပဲ ငြိမ်ခံနေရမှာလား။"

ဒီလိုနဲ့ ပြန်စပြန်ပြီ။

သူမ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ အကြိမ်တိုင်းမှာ ဒီလူယုတ်မာ ချန်ဟွိုက်ကျင်းက ပိုင်ရန်ရန်ဘက်ကပဲ အမြဲရပ်တည်ပေးစမြဲပင် ဖြစ်သည်။

အရင်ဘဝတုန်းကတော့ သူမ လူမှားပေါင်းခဲ့မိတယ်၊ ဒီဘဝမှာတော့ အဲဒီအမှားမျိုးကို ဘယ်တော့မှ ထပ်အဖြစ်မခံတော့ဘူး။

နေဦးပေါ့ ချန်ဟွိုက်ကျင်း။

နင် ငါ့ကို အသေအလဲ ချစ်မိသွားတဲ့အခါကြမှ နင့်ကို ငါ ရက်ရက်စက်စက် စွန့်ပစ်ပြမယ်။

နင့်ရဲ့ မာနတွေကို မြေစာထဲရောက်အောင် ငါ နင်းခြေပစ်မယ်၊ အဲဒီကြမှ နင် ဆက်ပြီး ကြွားနိုင်ဦးမလား ဆိုတာ ကြည့်ရသေးတာပေါ့။

ယွီချင်းချုံသည် ဘာကြောင့် ရန်ဖြစ်ရသည်ကိုသာ ရှင်းပြခဲ့ပြီး ပိုင်ရန်ရန်၏ စွပ်စွဲချက်များကိုတော့ ငြင်းဆိုခြင်း မပြုခဲ့ပေ။

အခြားသူများကတော့ ထိုအချက်ကို သိပ်ပြီး သတိမထားမိကြပေ။

အကြည့်တစ်စုံကတော့ သူမအပေါ်မှာသာ စွဲမြဲနေခဲ့သည်။

သူကတော့ တိတ်ဆိတ်ငြိမ်သက်ပြီး သစ္စာရှိလှတဲ့ ဇာတ်လိုက်မင်းသား ဝမ်လန် ပင် ဖြစ်သည်။

ရထားပေါ်မှာ သူမကို စတွေ့ကတည်းက ဝမ်လန်သည် ယွီချင်းချုံအပေါ် ဘာကြောင့်မှန်းမသိ ဆွဲဆောင်ခြင်း ခံခဲ့ရသည်။

အရင်ကတော့ ဒီခံစားချက်က ဘာလဲဆိုတာ သူ မဝေခွဲတတ်ခဲ့ပေ။

နှမြောစရာကောင်းတာကတော့ ဒီအလှလေးရဲ့ ရင်ထဲမှာ တခြားတစ်ယောက် ရှိနေနှင့်ပြီ။

အဲဒီလိုဆိုရင်လည်း သူက သူမကို အကောင်းဆုံး ကာကွယ်ပေးသွားရုံပေါ့။

ညဘက်က ဒရာမာပွဲကြီးမှာ ဟူဟောင်၏ ပြင်းထန်သော ဝေဖန်မှုနှင့်အတူ ပြီးဆုံးသွားခဲ့သည်။

"အားလုံး ပါးစပ်ပိတ်ထားကြစမ်း၊ နောက်တစ်ခါ ထပ်ဖြစ်ရင်တော့ ငါဂရုမစိုက်နေတော့ဘဲ ဒါကို ကွန်မြူနစ်ခေါင်းဆောင်ဆီ တိုက်ရိုက် တိုင်ပစ်မယ်။"

အရင် နှစ်ခါတုန်းက ဆူညံပွက်လောရိုက်တော့ အဖွဲ့ခေါင်းဆောင်ကို ခေါ်ပြီး ဖျန်ဖြေခိုင်းခဲ့ရသည်။

အဖွဲ့ခေါင်းဆောင်က ပြဿနာမဖြစ်ချင်သူပီပီ ရွာထဲကကိစ္စတွေကို အထက်အထိ မရောက်စေချင်သဖြင့် အမြဲတမ်း နှစ်ဦးနှစ်ဖက် ပြေလည်အောင် လုပ်ပေးလေ့ရှိသည်။

ဒါပေမယ့် ဟူဟောင်ကတော့ သည်းမခံနိုင်တော့ပေ။

နေ့တိုင်း လယ်ထဲမှာ အလုပ်လုပ်ရလို့ ပင်ပန်းနေရတဲ့ကြားထဲ ညဘက်မှာ ကောင်းကောင်းမအိပ်ရတာက နှိပ်စက်ခံနေရသလိုပင် ဖြစ်နေသည်။

သူ့စကားကို ကြားသောအခါ ယွီချင်းချုံနှင့် အခြားသူများလည်း ဆက်ပြီး ပြဿနာမရှာရဲကြတော့ပေ။

သူတို့က ငယ်ရွယ်သေးပြီး အနာဂတ်တွေ ရှိနေသေးတာမို့လို့ မထိုက်တန်တဲ့သူတစ်ယောက်ကြောင့် သူတို့ရဲ့ ဂုဏ်သိက္ခာကို အပျက်မခံနိုင်ကြပေ။

ထိုစဉ်မှာပင်။

ထျဲလန်ယန်က ရုတ်တရက် ဝင်ပြောလိုက်သည်။ "ရဲဘော် ဟူဟောင်... သူတို့ကို အခန်းခွဲပြီး အိပ်ခိုင်းလိုက်ရင် ပိုကောင်းမယ်ထင်တယ်၊ ဒါဆို အားလုံးအတွက် အဆင်ပြေသွားတာပေါ့။"

သူမကတော့ ဒီပြဇာတ်တွေကို ကြည့်ရတာ ရိုးနေပြီဖြစ်ကာ ခဏခဏ ရန်ဖြစ်နေကြတာကို စိတ်မရှည်တော့ပေ။

ဟန်ခယ်အာက ချက်ချင်းပင် ထအော်တော့သည်။ "နင်က ဒါမျိုး ပြောထွက်သေးတယ်ပေါ့၊ စောင်ထဲမှာ ပုန်းပြီး ဖရဲစေ့ထိုင်ဝါးနေပြီးတော့ ဘာမှလည်း ဝင်မကူညီဘဲနဲ့ အခုမှ လာပြီး စိတ်ပူချင်ယောင် ဆောင်နေတယ်။"

"ဖရဲစေ့လား။" ထျဲလန်ယန်က မျက်တောင်လေး ခတ်လိုက်ကာ ပြောလိုက်သည်။ "ငါ ဘယ်တုန်းက ဖရဲစေ့စားလို့လဲ၊ လျှောက်မပြောပါနဲ့။"

ဒါကို ဟန်ခယ်အာ တစ်ယောက်ပဲ မြင်ခဲ့တာဖြစ်ပြီး ယွီချင်းချုံနဲ့ ပိုင်ရန်ရန်တို့ကတော့ ရန်ဖြစ်နေရတာနဲ့ အာရုံမရခဲ့ကြပေ။

ဟန်ခယ်အာမှာ ဒေါသထွက်သွားခဲ့သည်။ "နင် လိမ်နေတာ။ ဖရဲစေ့ခွံတွေ ကုတင်ပေါ်မှာ ရှိနေဦးမှာပဲ။"

ဒါပေမယ့် အချိန်အတော်ကြာ ရှာဖွေပြီးတဲ့နောက်မှာတော့ ဖရဲစေ့ခွံ တစ်ခုတောင် မတွေ့ရပေ။

ဘယ်မှာမှ ရှာမတွေ့ခဲ့ပေ။

ထျဲလန်ယန်ကတော့ အတွင်းစိတ်ထဲမှာ ခိုးရယ်နေခဲ့သည်။ သူမက ဖရဲစေ့ခွံတွေကို နေရာလွတ်ထဲ ပစ်ထည့်လိုက်တာဆိုတော့ သူတို့သာ ရှာတွေ့သွားရင် သူမ အရှုံးပေးလိုက်မည်။

"နင် တစ်နေရာရာမှာ ဝှက်ထားတာပဲ ဖြစ်ရမယ်။" ဟန်ခယ်အာကတော့ အလျှော့မပေးပေ။

"တော်စမ်း... မဆိုင်တဲ့သူတွေကို ဆွဲမထည့်နဲ့။" ဟူဟောင်က သူမကို စိုက်ကြည့်ကာ ပြောလိုက်သည်။

"ယွီချင်းချုံ... နင်နဲ့ ထျဲလန်ယန်က ဝါရင့်ပညာတတ်လူငယ်တွေရဲ့ အခန်းကို သွားအိပ်ကြ၊ ဟဲအိုက်လင်းနဲ့ ရှောင်ကျန်းတို့က ဒီဘက်ကို ပြောင်းခဲ့။"

ဟဲအိုက်လင်း၏ မျက်ခွံများ လှုပ်ခတ်သွားပြီး မသွားချင်ကြောင်း ငြင်းရန် ပြင်လိုက်သည်။

ဒါပေမယ့် နောက်တစ်စက္ကန့်မှာပဲ ဟူဟောင်က ပြောလိုက်သည်။ "ဒါက အတည်ပဲ။ ဘယ်သူပဲဖြစ်ဖြစ် ထပ်ပြီး ရန်ဖြစ်ရင် မနက်ဖြန်မနက် ငါ ကွန်မြူနစ်ကို တန်းသွားမယ်။"

ဒါနဲ့ပဲ အားလုံး ငြိမ်သွားတော့သည်။

အမျိုးသမီးပညာတတ်လူငယ် အချို့သည် သူတို့၏ ကုတင်နှင့် အိတ်များကို စတင် ရွှေ့ပြောင်းကြသည်။

နိုးနေကြသူတွေလည်း ပြန်အိပ်လို့မရတော့တာနဲ့ ဝိုင်းကူပေးကြသည်။

ထျဲလန်ယန်သည် အိပ်ရာလိပ်ကို လိပ်လိုက်ပြီး လက်ဆွဲအိတ်ကို လှမ်းယူမည်အပြုတွင် လက်ကြီးတစ်ဖက်က သူမထက်အရင် ဝင်ယူပေးလိုက်သည်။

သူမ မော့ကြည့်လိုက်တော့ ရွှင်ပျနေတဲ့ မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။

ဝမ်ကျွင်းကျွင်း - "ရဲဘော် ထျဲလန်ယန်... မင်းအိတ်ကို ငါ သယ်ပေးမယ်။"

ထျဲလန်ယန် - "ကျေးဇူးပဲ။"

ဝါရင့်တွေရဲ့ အခန်းက ဘေးနားတင်ဆိုတော့ လမ်းအနည်းငယ်ပဲ လျှောက်ရသည်။

ထျဲလန်ယန်က အိတ်ကပ်ထဲမှ သကြားလုံးမာမာ နှစ်လုံးကို ထုတ်ကာ ပြောလိုက်သည်။ "ဒါက ကူညီပေးတဲ့အတွက် လက်ဆောင်ပါ။"

ဝမ်ကျွင်းကျွင်းက လက်ယမ်းပြကာ ငြင်းလိုက်ပြီး သူက အချိုမကြိုက်ကြောင်း ပြောသည်။

သူ ထွက်မသွားခင်မှာ သူက တတွတ်တွတ် ရွတ်သွားသေးသည်။ "ဟင်း... မိန်းမတွေကတော့ တကယ့်ကို အလုပ်ရှုပ်တာပဲ၊ ရန်ဖြစ်ရတာ ဘာများကောင်းလို့လဲဆိုတာ ငါဖြင့် နားမလည်နိုင်ဘူး။"

ဒီအချိန်မှာတော့ ဝမ်ကျွင်းကျွင်းက မင်းသမီး ယွီချင်းချုံရဲ့ နောက်လိုက် မဖြစ်သေးတာမို့လို့ အခုလို တွေးတာက သဘာဝပင် ဖြစ်သည်။

နောက်ပိုင်းကြရင်တော့ မင်းသမီးက သူ့ကို ကယ်တင်လိုက်ရာကနေ သူမကို ချစ်မိသွားပြီး ယွီချင်းချုံကို လာထိတဲ့သူမှန်သမျှကို ပြန်ကိုက်မယ့် ခွေးဆိုးတစ်ကောင်လို ဖြစ်သွားတော့မည်။

အချစ်ရဲ့ စွမ်းအားကတော့ တကယ်ကို ကြီးမားလှသည်။

ဒါပေမယ့် ဒါတွေက ထျဲလန်ယန်အတွက်တော့ အရေးမကြီးပေ။

မနက်ဖြန် အလုပ်ဆင်းရဦးမည်၊ ဆိုတော့ အိပ်ဖို့ အချိန်တန်ပြီလေ။

ထျဲလန်ယန်သည် သမ်းလိုက်ကာ နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။

နောက်တစ်နေ့တွင်တော့ အပြင်ဘက်က အသံများကြောင့် ထျဲလန်ယန် နိုးလာခဲ့သည်။

သူမ ထလိုက်တော့ အားလုံး နိုးနေကြပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

"ရဲဘော် ထျဲလန်ယန်... မြန်မြန် မျက်နှာသစ်ပြီး မနက်စာစားတော့၊ အချိန်သိပ်မရှိတော့ဘူး၊ အလုပ်ဆင်းဖို့ ခေါင်းလောင်းသံက မကြာခင် မြည်တော့မှာ။"

တံခါးဝကနေ ခေါင်းပြူထွက်လာသူကတော့ အခန်းဖော် ဝါရင့်ပညာတတ်လူငယ်တစ်ဦးပင်။

ထျဲလန်ယန် ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့ပါ အစ်မလျို။"

သူမသည် ကုတင်ပေါ်မှ ဂျွမ်းထိုးကာ ဆင်းလိုက်သည်။

ဘီးကို ထုတ်ကာ ဆံပင်ကို ခပ်မြန်မြန် ကျစ်ဆံမြီး ကျစ်လိုက်ပြီးနောက် ရေနွေးအိုးထဲက ရေနွေးကိုယူကာ မျက်နှာသစ်လိုက်သည်။

ဒီဖြစ်စဉ်တစ်ခုလုံးက ၃ မိနစ်တောင် မပြည့်ပေ။

အစ်မလျိုက ချီးကျူးသည့်အနေဖြင့် လက်မထောင်ပြကာ ပြောလိုင်သည်။ "နင့်ရဲ့ အရှိန်ကတော့ အံ့သြစရာပဲ။"

ထျဲလန်ယန် ရယ်မောလိုက်သည်။"ဒါတွေက လေ့ကျင့်ထားလို့ပါ။"

မနက်စာမှာ နေ့လယ်စာနှင့် ညစာတို့ထက်ပင် ပို၍ ရိုးရှင်းလှပြီး ကန်စွန်းဥဆန်ပြုတ် တစ်အိုးသာ ရှိသည်။

ဟူဟောင်က ဆန်ပြုတ်ကို သောက်ရင်း လူတိုင်းကို သတိပေးခဲ့သည်။

"အခုက ရိတ်သိမ်းချိန်ဆိုတော့ လယ်ထဲမှာ အလုပ်တွေ အများကြီး ရှိတယ်။"

"ပုံမှန်ဆိုရင်တော့ အလုပ်ခိုးနားလို့ ရပေမယ့် ဒီရက်ပိုင်းမှာတော့ မလုပ်တာ အကောင်းဆုံးပဲ၊ မဟုတ်ရင် အဖွဲ့ခေါင်းဆောင်က တွေ့သွားရင် မင်းတို့ပဲ ဒုက္ခရောက်လိမ့်မယ်။"

ကွေ့ဟွာရွာမှာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး ထုတ်လုပ်ရေးအဖွဲ့ လေးဖွဲ့ ခွဲထားသည်။

ပညာတတ်လူငယ်ဝင်းထဲက လူတွေအားလုံးကိုတော့ စတုတ္ထမြောက် အဖွဲ့ဆီ ပို့ထားသည်၊ ထိုအဖွဲ့တွင် ရွာက လူအို၊ လူမမာနှင့် မသန်စွမ်းသူများသာ ရှိကြသည်။

မတတ်နိုင်ပေ၊ သူတို့က မြို့ကြီးပြကြီးက လာကြသူတွေမို့လို့ လယ်ယာအလုပ်မှာ မကျွမ်းကျင်ကြသဖြင့် တခြားအဖွဲ့တွေက သူတို့ကို မလိုချင်ကြခြင်း ဖြစ်သည်။

စတုတ္ထအဖွဲ့သည် တစ်ရွာလုံးမှာ အနှေးကွေးဆုံးနှင့် အလုပ်လုပ်နှုန်း အညံ့ဖျင်းဆုံး အဖွဲ့ပင် ဖြစ်သည်။

ဒီအဖွဲ့ကို ဦးဆောင်တဲ့သူကတော့ အဖွဲ့ခေါင်းဆောင် ကျန်း ဖြစ်သည်။

သူသာ ရွာလူကြီးရဲ့ ဝမ်းကွဲမောင်နှမ မဟုတ်ရင် ဒီတာဝန်ကို လုံးဝ ယူချင်မှာ မဟုတ်ပေ။

အဖွဲ့ခေါင်းဆောင်ကျန်းက သဘောကောင်းသူဖြစ်ပြီး အမြဲတမ်း ပြုံးရယ်နေတတ်သည်။

ဒါပေမယ့် ဒီရက်ပိုင်းမှာတော့ ရိတ်သိမ်းချိန် အလုပ်များနေသဖြင့် သူ့ရဲ့ စိတ်က အရင်ကထက် ပိုတိုနေခဲ့သည်။

ဟူဟောင်ရဲ့ သတိပေးစကားက လူသစ်တွေကို သတိဝင်လာအောင် ပြောလိုက်ခြင်း ဖြစ်သည်။

ဝါရင့်တွေကတော့ ပြဿနာမရှိပါ၊ သူတို့က စိုက်ပျိုးရေးအလုပ်ကို လုပ်လာတာ ကြာပြီဖြစ်လို့ အသားကျနေကြပြီ ဖြစ်သည်။

ဇာတ်လိုက် ခြောက်ယောက်ကတော့ ရောက်တာ နှစ်ရက်သုံးရက် ရှိပြီဖြစ်ကာ ဇာတ်လိုက်မင်းသား ဝမ်လန်ကလွဲလို့ ကျန်တဲ့သူတွေက အလုပ်ခိုးနားနေကြသဖြင့် အဖွဲ့ခေါင်းဆောင်က မကျေမနပ် ဖြစ်နေတာ ကြာပြီဖြစ်သည်။

ဒါကို ကြားလိုက်သောအခါ ထျဲလန်ယန်က ပထမဆုံး တုံ့ပြန်လိုက်သည်။ "ရဲဘော် ဟူဟောင်... စိတ်မပူပါနဲ့၊ ကျွန်မက အလုပ်လုပ်ဖို့ အတက်ကြွဆုံး လူတစ်ယောက်ပါ။"

အရင်ဆုံး ရင်းနှီးအောင် လုပ်ထားရမည်၊ ဒါမှ နောက်ပိုင်း အလုပ်ခိုးနားရတာ လွယ်ကူမှာ ဖြစ်သည်။

ဟဲအိုက်လင်းက ခပ်တိုးတိုး ရွတ်လိုက်သည်။ "ဖားနေတာပဲ။"

ထျဲလန်ယန် - "ရဲဘော် ဟဲအိုက်လင်း... နင် ဒီထက် နည်းနည်းလောက် ကျယ်ကျယ် ပြောရဲလား။"

ဟဲအိုက်လင်းက ဇွတ်ငြင်းခဲ့သည်။ "ငါ ဘာမှ မပြောဘူး။"

တခြားသူတွေကတော့ ဒီနှစ်ယောက် ဘာလို့ ရန်ဖြစ်နေကြတာလဲဆိုတာ နားမလည်နိုင် ဖြစ်နေကြသည်။

ရဲဘော် ဟူဟောင်က မျက်မှောင်ကြုတ်ကာ ဟဲအိုက်လင်းကို ကြည့်လိုက်သည်။ "ရဲဘော် ဟဲ... မင်း အဲဒီလို စကားမျိုး မပြောသင့်ဘူး၊ နောက်ကြရင် ပိုပြီး ဆင်ခြင်ပါ။"

ရဲဘော် ထျဲလန်ယန်က တကယ့်ကို နားလည်ပေးတတ်ရှာတာ၊ အပြောခံရရင်တောင် ပြန်မပြောဘူး၊ သူကပဲ တရားမျှတအောင် လုပ်ပေးရတော့မည်။

ဟူဟောင်က လူပုံအလယ်မှာ ဝေဖန်လိုက်သဖြင့် ဟဲအိုက်လင်းမှာ အရှက်ရသွားကာ ထျဲလန်ယန်ကို စိုက်ကြည့်ပြီး ထွက်ပြေးသွားတော့သည်။

ထျဲလန်ယန်လည်း ဆက်ပြီး မလိုက်တော့ပေ၊ ဘာကြောင့်လဲဆိုတော့ အလုပ်ဆင်းချိန် ခေါင်းလောင်းသံ မြည်လာသောကြောင့် ဖြစ်သည်။

"ဒေါင်... ဒေါင်... ဒေါင်"

ဒါက အလုပ်ခေါ်တဲ့ ခေါင်းလောင်းသံဖြစ်ကာ မိနစ် ၂၀ အတွင်း သူတို့ ရောက်ရှိရမည် ဖြစ်သည်။

လူတိုင်း ခပ်မြန်မြန် လှုပ်ရှားကြလိုက်ရာ အားလုံးလည်း အလုပ်ရှုပ်ကုန်ကြတော့သည်။

၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်

အပိုင်း ၄၂

ရွာအဝင်ရှိ ဂိုဒေါင်တံခါးရှေ့က ကောက်နယ်တလင်းသည် ရွာသားများ စုဝေးရာနေရာပင် ဖြစ်သည်။

အားလုံး စုံလင်သွားသောအခါ အဖွဲ့ခေါင်းဆောင်သည် အသံချဲ့စက်ကိုယူကာ ထိုနေ့အတွက် လုပ်ဆောင်ရမည့် လယ်ယာအလုပ်များကို စတင်ရှင်းပြတော့သည်။

ရှင်းပြပြီးနောက် သူက ပညာတတ်လူငယ်အသစ်များကို မိတ်ဆက်ခိုင်းသည်။

ရွာထဲသို့ ပညာတတ်လူငယ်အသစ်များ ရောက်လာတိုင်း ဤလုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်ရစမြဲပင်။

လွန်ခဲ့သော သုံးရက်က ဇာတ်လိုက်ခြောက်ယောက် မိတ်ဆက်တုန်းကတော့ တစ်ရွာလုံး ပွက်လောရိုက်သွားခဲ့သည်။

တခြားကြောင့်မဟုတ်ပါ၊ ထိုခြောက်ယောက်လုံးမှာ ရုပ်ရည်ချောမောလှပလွန်းလှသဖြင့် လူတိုင်းက မျက်တောင်မခတ်တမ်း ငေးကြည့်ခဲ့ရသောကြောင့် ဖြစ်သည်။

ရွာထဲက အပျို၊ လူပျိုအချို့ဆိုလျှင် သူတို့နှင့် စကားပြောခွင့်ရရန် အခွင့်အရေးကို အမြဲစောင့်ကြည့်နေကြတော့သည်။

ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ ပညာတတ်လူငယ် ၄ ယောက်ပဲရှိပြီး ရုပ်ရည်ကလည်း အသင့်အတင့်သာရှိသဖြင့် အားလုံးက သိပ်ပြီး စိတ်မဝင်စားကြပေ။

ဒါက ထျဲလန်ယန် အတိအကျ လိုချင်နေသည့် အခြေအနေပင် ဖြစ်နေသည်။

သူမသာ သူမ၏ အရှေ့ဆံပင်တွေကို အပေါ်လှန်လိုက်ပြီး မျက်မှန်ကို ချွတ်လိုက်မည်ဆိုပါက သူမ၏ ရုပ်ရည်မှာ မင်းသမီး ယွီချင်းချုံနှင့် ခွဲခြားမရနိုင်အောင်ပင် လှပမည်ဖြစ်သည်။

ဒါပေမယ့် သူမ ထိုသို့မဖြစ်ချင်ပေ။

လူရှေ့သူရှေ့ထင်ပေါ်ခြင်းက ပြဿနာများကို ဖိတ်ခေါ်သလိုဖြစ်ပြီး မလိုအပ်သော အခက်အခဲများ ဖြစ်စေနိုင်သည်။

သူမ ကျေးလက်ကို ရောက်ကာစပဲ ရှိသေးတာမို့လို့ ခပ်အေးအေးပဲ နေတာက အကောင်းဆုံးပင်။

သူမ အတည်တကျ ဖြစ်သွားပြီဆိုမှ သူမ လုပ်ချင်တာတွေလုပ်ပြီး သူမရဲ့ ရုပ်ရည်အမှန်ကို ထုတ်ပြလိုက်ရုံပင် ရှိသည်။

စတုတ္ထအဖွဲ့က အဖွဲ့ခေါင်းဆောင် ကျန်းမှာတော့ ခေါင်းကိုက်နေရသည်။

သူက ပြဿနာရှာတတ်သူ အချို့နှင့် တွေ့ထားနှင့်ပြီဖြစ်ရာ အခု ထပ်ပြီး ၄ ယောက် တိုးလာပြန်သဖြင့် တကယ်ကို စိတ်ညစ်နေရခြင်း ဖြစ်သည်။

အဖွဲ့ခေါင်းဆောင်ကျန်းက ထျဲလန်ယန်ကို ကြည့်လိုက်သောအခါ သူ့ပါးစပ်မှာ မသိမသာ တွန့်သွားသည်။

ဒီလို ပိန်ပိန်ပါးပါး ကိုယ်လုံးလေးနဲ့ သူမ ဘာလုပ်နိုင်မှာလဲ။

လေတစ်ချက် တိုက်ရုံနဲ့တင် လဲသွားမယ့်ပုံပဲ၊ သူမ တစ်ခုခု ဖြစ်သွားမှာကိုတောင် သူ စိုးရိမ်နေမိသည်။

"ထျဲ... အော် ရဲဘော်ထျဲပေါ့၊ နင်ကတော့ အနောက်ကနေ လိုက်ပြီး ဂျုံနှံတွေပဲ လိုက်ကောက်ပါ၊ အတင်းကြီး အားစိုက်မလုပ်နဲ့၊ အခက်အခဲရှိရင်တော့ ပြောနော်။"

အလုပ်ကို အပီအပြင် လုပ်ဖို့ ပြင်ထားတဲ့ ထျဲလန်ယန်ကတော့.........

မဟုတ်ဘူးလေ၊ သူမက အဆင်သင့် ဖြစ်နေတာကို သူက ဒီလိုလုပ်လိုက်တယ်ပေါ့။

ဒါကတော့ တကယ်ကို ရှက်ဖို့ကောင်းလိုက်တာ၊ ဟီးဟီး။

အဖွဲ့ခေါင်းဆောင်ကျန်း၏ စီစဉ်မှုကို ကြားလိုက်ရသောအခါ ဘေးနားရှိ ဟဲအိုက်လင်းမှာ မကျေမနပ် ဖြစ်သွားသည်။

ဒါပေမယ့် သူမ ဘာမှတော့ မပြောရဲပေ။

ဘာပဲဖြစ်ဖြစ် သူက အဖွဲ့ခေါင်းဆောင်လေ၊ သူ့ကို သွားဆန့်ကျင်မိရင် ဝိုင်းပယ်တာ ခံရလိမ့်မည်။

ကူးပြောင်းလာတဲ့ မိန်းကလေး ဟန်ခယ်အာကတော့ သူမရဲ့ မကျေနပ်ချက်ကို တိုက်ရိုက်ပင် ထုတ်ဖော်ပြောလိုက်တော့သည်။

"အဖွဲ့ခေါင်းဆောင်ကျန်း၊ ဒါက မတရားဘူးလေ၊ ဘာလို့ ရဲဘော် ထျဲလန်ယန်က ဂျုံနှံပဲ ကောက်ရပြီး ကျွန်မတို့ကြတော့ ဂျုံရိတ်ရမှာလဲ။ ကျွန်မတို့က သူ့ထက် အများကြီး ပိုပင်ပန်းတဲ့ အလုပ်ကို လုပ်ရမှာလေ။"

အစကတော့ ဟန်ခယ်အာက ထျဲလန်ယန်ကို ဂရုမစိုက်ခဲ့ပေ။

ဒါပေမယ့် မနေ့ညက ဖြစ်ရပ်ပြီးနောက် ဒီမိန်းမက တကယ်ကို လည်တယ်ဆိုတာ သူမ သိသွားခဲ့သည်။

ဟန်ခယ်အာက သူမကို မကြိုက်သဖြင့် သူမကို အခက်တွေ့အောင် လုပ်ချင်နေခြင်း ဖြစ်သည်။

အဖွဲ့ခေါင်းဆောင်ကျန်းက သူမကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။ "တရားတယ်၊ မတရားဘူးဆိုတာ မရှိဘူး၊ လူတိုင်း လယ်ယာအလုပ် လုပ်ရမှာပဲ၊ ပင်ပန်းတယ်လို့ ထင်ရင် မလုပ်ဘဲ နေနိုင်တယ်။"

ဒီမိန်းကလေးရဲ့ မျက်လုံးတွေ ကစားနေတာကို ကြည့်ရုံနဲ့တင် သူမက လူကောင်းမဟုတ်ဘူးဆိုတာ သိသာလှသည်။

ဟန်ခယ်အာမှာ သူ့စကားကြောင့် ဆွံ့အသွားကာ ဒေါသထွက်ဖို့ ပြင်စဉ်မှာပင် ပိုင်ရန်ရန်က သူမကို တားလိုက်သည်။

"အဖွဲ့ခေါင်းဆောင်ကျန်း၊ ရဲဘော် ဟန်ခယ်အာက အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး၊ စိတ်ထဲ မထားပါနဲ့။"

အဖွဲ့ခေါင်းဆောင်ကျန်းက နှာတစ်ချက်ရှုံ့လိုက်ကာ တခြားညွှန်ကြားချက်အချို့ ပေးပြီး ထွက်သွားတော့သည်။

သူ ထွက်သွားသည်နှင့် ဟန်ခယ်အာက ပိုင်ရန်ရန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။"နင် ဘာလို့ ငါ့ကို တားရတာလဲ။"

ပိုင်ရန်ရန်က သူမကို နှစ်သိမ့်ပြီး အကျိုးအကြောင်း ရှင်းပြလိုက်မှသာ ဟန်ခယ်အာလည်း စိတ်ငြိမ်သွားတော့သည်။

ထျဲလန်ယန် ခေါင်းယမ်းလိုက်သည်။

ဒီနောက်လိုက်မလေးကတော့ တကယ့်ကို တော်ပါပေတယ်၊ အမေတစ်ယောက်လိုပဲ ဂရုစိုက်ပေးနေရတာ တကယ်ကို မလွယ်ကူဘူး။

ဒါက ရိတ်သိမ်းချိန်ဆိုတော့ လယ်ကွင်းထဲမှာ လူတွေနဲ့ စည်ကားနေသည်။

ဂျုံရိတ်သူတွေနဲ့ ဂျုံစည်းသူတွေက အရှေ့မှာရှိနေပြီး အနောက်ကနေ ဂျုံနှံလိုက်ကောက်သူတွေ ရှိနေသည်။

ပုံမှန်ဆိုလျှင် ဂျုံနှံကောက်သူများမှာ အဘိုးအဘွားများနှင့် ကလေးသူငယ်များသာ ဖြစ်သည်။

ထျဲလန်ယန်ကတော့ ပထမဆုံးအကြိမ် လယ်ထဲဆင်းတာဖြစ်ပြီး သူတို့နှင့်အတူ ဂုဏ်ယူစွာ ပူးပေါင်းလိုက်တော့သည်။

အင်း... သူမကတော့ ဒါကို လုံးဝ ရှက်မနေပေ။

သူမကတော့ ပေါ်တင်ကြီး အလုပ်ခိုးနားလို့ရတာဆိုတော့ တကယ့်ကို မိုက်လှသည်။

လယ်ကွင်းတိုင်းမှာ ဂျုံနှံကောက်သူတွေ ရှိနေပြီး အဖွဲ့လိုက် အလုပ်လုပ်ကြသည်။

စကားပုံအတိုင်းပင် မိန်းမသုံးယောက်ရှိလျှင် ပြဇာတ်တစ်ပုဒ် ဖြစ်သည်ဆိုသလို ဒီမိန်းမသုံးယောက်မှာ အလုပ်စကတည်းက ပါးစပ်က မနားတမ်း ပြောနေကြတော့သည်။

သူတို့တွေက ဘေးအိမ်က အဘိုးကြီးဝမ်အကြောင်း ပြောနေတာမဟုတ်ဘဲ ရွာအပြင်က မုဆိုးမရဲ့ ကောလာဟလတွေအကြောင်း ပြောနေကြခြင်း ဖြစ်သည်။

ပြီးနောက်မှာတော့ ပညာတတ်လူငယ်ဝင်းထဲက အမျိုးသမီးတွေအကြောင်း စပြောကြတော့သည်။

"အဲဒီ လျိုကျစ်ချင်း ဆိုတဲ့ ပညာတတ်မလေးက တင် တော်တော်ကြီးတာပဲ၊ ကြည့်ရတာ သားတွေ အများကြီး မွေးမယ့်ပုံပဲ။ ငါ့သားအတွက် ချွေးမအဖြစ် တော်ချင်စရာပဲအေ။"

"နင်ကလည်း စိတ်ကူးယဉ်မနေနဲ့၊ သူမက မြို့ကလာတာလေ၊ နင့်သားကို ဘယ်လိုလုပ်စိတ်ဝင်စားပါ့မလဲ။ မျှော်လင့်ချက်မထားတာ အကောင်းဆုံးပဲ။"

"အဲဒီလိုလည်း မဟုတ်ပါဘူး၊ ငါ့သားက အရပ်ရှည်ပြီး သန်မာတယ်၊ မိဘကိုလည်း လုပ်ကျွေးတယ်၊ နည်းနည်းလေး ပုတာကလွဲရင် ကျန်တာ အကုန်ပြည့်စုံတယ်၊ သူနဲ့ဆို တန်တယ်ဆိုတာထက်တောင် ပိုသေးတယ်။"

အနောက်ကနေ လိုက်လာတဲ့ ထျဲလန်ယန်ကတော့ မျက်နှာပျက်သွားတော့သည်။

လျိုကျစ်ချင်း ဆိုတဲ့ ပညာတတ်မလေးက ဒီမနက် သူမကို နှိုးပေးတဲ့ ဝါရင့်ပညာတတ်မလေးဖြစ်ပြီး သူမက လူကောင်းတစ်ယောက်ပါ။

အဲဒီမိန်းမရဲ့ သားကိုလည်း သူမ တွေ့ဖူးသည်၊ မျက်နှာမှာ ကျောက်ပေါက်တွေနဲ့ အရပ်ကလည်း ၁.၆ မီတာတောင် မပြည့်လောက်ပေ။

လျိုကျစ်ချင်းကတော့ သူ့ကို လုံးဝ ကြည့်မှာ မဟုတ်ပါဘူး။

** ကျစ်ချင်း = ပညာတက်လူငယ်

ဒီမိန်းမကတော့ တကယ့်ကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေတာပဲ။

အခြားမိန်းမတစ်ယောက်က ပြောခဲ့သည်။ "ငါကတော့ ယွီချင်းချုံက ပိုကောင်းတယ်လို့ ထင်တယ်၊ နတ်သမီးလေးလို လှတာ၊ သူမကိုသာ နေ့တိုင်း ပြုစုရမယ်ဆိုရင်တောင် ငါကတော့ သဘောတူမိမှာပဲ။"

"ပိုင်ကျစ်ချင်းလည်း မဆိုးပါဘူး၊ အသားက ဖြူဖွေးနေတာပဲ၊ ထုံးသုတ်ထားလားတောင် အောက်မေ့ရတယ်၊ တကယ်ကို အားကျမိတယ်။"

"နောက်ပြီး ဟန်ခယ်အာ လည်းရှိသေးတယ်၊ မျက်နှာလေးက ချစ်စရာလေး၊ ပန်းသီးနီလေးလိုပဲ၊ တစ်ကိုက်လောက်ဖြစ်ဖြစ် ကိုက်စားချင်လိုက်တာ။"

ထျဲလန်ယန်မှာ ရယ်ချင်စိတ်ကို အောင့်ထားရသည်။

ဟန်ခယ်အာသာ သူမမျက်နှာကို တစ်ယောက်ယောက်က ကိုက်စားချင်နေတယ်ဆိုတာ သိသွားရင်တော့ ရူးသွားလောက်သည်။

ဒါပေမယ့် သူတို့က တစ်ယောက်ပြီးတစ်ယောက် ပြောနေကြတာ၊ သူမအကြောင်းကြတော့ ဘာလို့ မပြောကြတာလဲ။

ဒီလို တွေးလိုက်မိတဲ့ ခဏမှာပင်…

နောက်တစ်စက္ကန့်မှာပဲ လျိုကျစ်ချင်းအကြောင်းပြောတဲ့ မိန်းမက ပြောလိုက်သည်။

"အဲဒီ ထျဲကျစ်ချင်းဆိုတဲ့ တစ်ယောက်ကတော့ မဟုတ်သေးဘူး၊ ဝါးလုံးလို ပိန်ခြောက်နေတာ၊ တင်ပါးကလည်း သေးသေးလေး၊ ကြည့်ရတာ ကလေးတောင် မွေးနိုင်ပါ့မလား မသိဘူး။"

"ဟုတ်တယ်၊ မျက်မှန်လည်း တပ်ထားသေးတယ်၊ မျက်စိမကောင်းတာက မျိုးရိုးလိုက်တတ်တယ်လို့ ပြောကြတယ်။ သူ့ကိုတော့ ချွေးမအဖြစ် လုံးဝ မယူသင့်ဘူး။"

ထျဲလန်ယန် - .........

ငါ့ရင်တွေ ကွဲပါပြီ အဒေါ်ကြီးတို့ရယ်၊ နည်းနည်းလောက် တိုးတိုးပြောလို့ မရဘူးလား။

စကားမပြောရသေးသော အခြားမိန်းမတစ်ယောက်က သူတို့ကို အမြန် သတိပေးလိုက်သည်။

"ဟဲ့... တော်ကြတော့၊ အဲဒီကလေးမက နင်တို့ အနောက်တင်ရှိနေတာ၊ သူ ကြားသွားရင် ရှက်စရာကြီး။"

ထျဲလန်ယန်က အမြန် ခေါင်းညိတ်လိုက်သည်၊ ဟုတ်တယ်... သူမ တကယ်ကို ရှက်နေမိပါပြီ။

"စိတ်မပူပါနဲ့၊ အဆင်ပြေပါတယ်၊ ဒီကလေးမက မျက်စိမကောင်းတာဆိုတော့ နားလည်း သိပ်မကောင်းလောက်ဘူး၊ သူမ ကြားမှာ မဟုတ်ဘူး။"

ဖူး။ ထျဲလန်ယန်သာ ဆိုဒါသောက်နေရင် သူမမျက်နှာကို ထွေးထုတ်မိမှာ အသေအချာပဲ။

ဘယ်သူက နားမကြားရမှာလဲ။ သူမက အသက် ခုနစ်ဆယ်၊ ရှစ်ဆယ် အဘွားကြီးမှ မဟုတ်တာ။

ထျဲလန်ယန်က ဒေါသတကြီးဖြင့် ဂျုံနှံကောက်တာကို အရှိန်မြှင့်လိုက်ပြီး အတင်းပြောနေကြတဲ့ အဒေါ်ကြီးတွေကို ချက်ချင်း ကျော်တက်သွားတော့သည်။

ဟွန်း... သူတို့ ကြည့်ထားလိုက်ကြစမ်း၊ သူမက တက်ကြွလှုပ်ရှားနေတဲ့ လူငယ်တစ်ယောက်ပါ၊ အဘွားကြီး မဟုတ်ဘူး။

"ဟဲ့ ကြည့်ဦး... ထျဲ ဆိုတဲ့ ပညာတတ်မလေးက ငါတို့ကို ကျော်သွားပြီ၊ မြန်လိုက်တာ။"

"သူမက ငတုံးလား၊ အဲဒါ တခြားအဖွဲ့ရဲ့ နေရာလေ။"

"ကြည့်ရတာ ဒီ ထျဲကျစ်ချင်းဆိုတဲ့ တစ်ယောက်က မျက်စိနဲ့ နားတင် မကောင်းတာ မဟုတ်ဘူး၊ ဦးနှောက်လည်း သိပ်မကောင်းတဲ့ပုံပဲ။"

ထျဲလန်ယန် - ........

သူမ ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်ပြီး စိတ်ကို ထိန်းလိုက်ရသည်။ ဒေါသမထွက်နဲ့၊ ဒေါသမထွက်နဲ့၊ ဒေါသထွက်ရင် ကိုယ်ပဲ အိုစာတတ်တယ်။

နေ့လယ် အလုပ်နားချိန်မှာတော့ ထျဲလန်ယန်သည် နောက်ဘက်တောင်ကုန်းကို သွားပြီး မြွေတစ်ကောင် ဖမ်းလိုက်သည်။

ဒီလူကြီးတွေနဲ့ သူမ သွားပြီး ရန်မဖြစ်ချင်ပေမယ့် သူမရဲ့ ဒေါသတွေကိုတော့ တစ်ယောက်ယောက်အပေါ်မှာ ပုံချရပေမည်။

မွန်းလွဲပိုင်းမှာတော့ အမျိုးသမီးပညာတတ်လူငယ်တွေရဲ့ အခန်းထဲကနေ စူးရှတဲ့ အော်ဟစ်သံကြီး ထွက်ပေါ်လာတော့သည်။

"အား... အား... မြွေကြီး။ ကယ်ကြပါဦး။"

ဘေးခန်းမှာတော့။

ထျဲလန်ယန်သည် ခေါင်းအုံးအောက်က တစ်ရှူးကိုထုတ်ကာ သူမရဲ့ နားထဲကို ကျွမ်းကျင်စွာ ထိုးထည့်လိုက်သည်။

သူမ မွန်းလွဲပိုင်းမှာ အလုပ်ဆင်းရဦးမည်ဖြစ်သဖြင့် ဒီလို ဆူညံပွက်လောရိုက်နေတဲ့ ကိစ္စတွေမှာ သူမ ဝင်မပါချင်တော့ပေ။

သူမသည် တစ်ဖက်သို့ လှည့်လိုက်ကာ နှစ်ခြိုက်စွာ ဆက်၍ အိပ်စက်နေတော့သည်......

All Chapters