အခန်း (၄၃-၄၄)
Vol. 5 Ch. 43-44
အပိုင်း ၄၃
နောက်ရက်အနည်းငယ်အတွင်းမှာတော့ ထျဲလန်ယန်ရဲ့ ဘဝက ပုံမှန်အတိုင်းပဲ ဆက်လက် လည်ပတ်နေခဲ့သည်။
နေ့ဘက်မှာတော့ သူမက လယ်ကွင်းထဲမှာ ဂျုံနှံတွေလိုက်ကောက်ရင်း အဒေါ်ကြီးတွေရဲ့ နောက်မှ အတင်းအဖျင်း စကားအမျိုးမျိုးကို နားထောင်နေတတ်သည်။
ညဘက် လူတွေအားလုံး အိပ်ပျော်သွားတဲ့အခါမှာတော့ သူမက သူမရဲ့ နေရာလွတ်ထဲကိုဝင်ပြီး စာလေ့လာသည်။
ပေကျင်းကနေ ကျေးလက်ကိုလာတုန်းက ထျဲလန်ယန်ဟာ မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ ကျောင်းသုံးစာအုပ်တွေကို ရှု့ရှန်းကဲ လို့ခေါ်တဲ့ စာကြည့်ဆောင်ထဲမှာ အကုန်ထည့်ထားခဲ့သည်။
နောက်ပိုင်းမှာတော့ သူမဟာ အမှိုက်ပုံဟောင်းတွေဆီကနေ သင်ထောက်ကူပစ္စည်းတချို့နှင့် ရှေးဟောင်းဆေးကျမ်းတွေကိုပါ ဝယ်ယူခဲ့ပြီး စာလေ့လာဖို့အတွက် အသုံးပြုခဲ့သည်။
ဂျုံနှံကောက်ရတာက တခြားအလုပ်တွေထက် ပိုလွယ်ကူတယ်ဆိုပေမယ့် လယ်ယာအလုပ်ဖြစ်တာကြောင့် နေပူထဲမှာ နေ့တိုင်း ချွေးတလုံးလုံးနဲ့ လုပ်ရတာက ပင်ပန်းလှသည်မှာ အမှန်ပင်။
တစ်ခါတရံမှာတော့ ထျဲလန်ယန်ဟာ စာဖတ်ရင်းနဲ့တင် အိပ်ပျော်သွားတတ်သည်။
ကံကောင်းတာက သူမရဲ့ နေရာလွတ်ထဲက အချိန်စီးဆင်းမှုဟာ အပြင်လောကထက် နှစ်ဆပိုမြန်တာကြောင့် အထဲမှာ အိပ်ချိန် ပိုရနေခြင်းဖြစ်သည်။
နေရာလွတ်ထဲက ပတ်ဝန်းကျင်ကလည်း သက်တောင့်သက်သာရှိလှတာကြောင့် အိပ်စက်ရတာက တကယ်ကို အရသာရှိလှသည်။
စာလေ့လာတာအပြင် ထျဲလန်ယန်ဟာ နေ့တိုင်း သိုင်းပညာကိုလည်း လေ့ကျင့်သည်။
ဒါက ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဖြစ်စဉ်တစ်ခုဖြစ်သလို သူမရဲ့ သိုင်းပညာကိုလည်း ပိုတိုးတက်စေသည်။
ချွေးထွက်အောင် လေ့ကျင့်ပြီးနောက် အဝစားရတဲ့ အစားအစာတွေကတော့ ထျဲလန်ယန် အမျှော်လင့်ဆုံးအရာပင် ဖြစ်နေသည်။
သူမ ကိုယ့်ကိုယ်ကိုယ် မှန်ထဲကြည့်လိုက်ရင် သိသိသာသာ ဝလာတာကို တွေ့နေရသည်။
သူမ ဒီဘဝကို စရောက်တုန်းက အလေးချိန် ၇၀ ကီလိုဂရမ်ပဲ ရှိပေမယ့် အခု ရက်အနည်းငယ်အကြာမှာတော့ ၅ ကီလို၊ ၆ ကီလိုလောက် တက်လာပြီ ဖြစ်သည်။
အစားအသောက်အကြောင်း ပြောရရင်တော့ ပညာတတ်လူငယ်ဝင်းထဲမှာ ထမင်းစားပြီးတိုင်း ထျဲလန်ယန်ဟာ နေရာလွတ်ထဲကို ခိုးဝင်ပြီး ထပ်စားဖို့ အခွင့်အရေး အမြဲရှာတတ်သည်။
သူမရဲ့ စားသောက်နိုင်စွမ်းက အတော်ကြီးပြီး လူကြီးအမျိုးသားတစ်ယောက်ထက် နှစ်ဆလောက် ပိုစားနိုင်သည်။
ပညာတတ်လူငယ်တွေရဲ့ အစားအသောက်က သူမအတွက် မလောက်ငှဘဲ သုံးပုံတစ်ပုံလောက်ပဲ ဗိုက်ပြည့်စေသည်။
တခြားသူတွေကတော့ ဆယ်ပုံပုံရင် ခြောက်ပုံ၊ ခုနစ်ပုံလောက် ဗိုက်ပြည့်ကြသည်။
မိသားစုအခြေအနေကောင်းသူတွေကတော့ သူတို့ယူလာတဲ့ မုန့်တွေကို စားနိုင်ကြပေမယ့် ဆင်းရဲတဲ့သူတွေကတော့ ဗိုက်ဆာတာကိုပဲ အောင့်ခံနေကြရသည်။
ကံမကောင်းစွာနဲ့ပဲ ဟဲအိုက်လင်းကတော့ ဗိုက်ဆာတာကို အောင့်ခံရတဲ့အုပ်စုထဲမှာ ပါဝင်နေသည်။
ကျေးလက်ကိုရောက်တာ လဝက်တောင် မပြည့်သေးခင်မှာပဲ သူမမှာ သိသိသာသာ ပိန်သွားတော့သည်။
ဗိုက်ဆာတာက တစ်ကြောင်းဖြစ်သလို အဓိကကတော့ အလုပ်လုပ်ရလို့ ပင်ပန်းနွမ်းနယ်နေခြင်းကြောင့် ဖြစ်သည်။
အလုပ်လုပ်ရတာကမှ တကယ့်ကိစ္စကြီးဖြစ်ပြီး ထမင်းမဝတာက ကိစ္စအသေးအမွှားလေးပဲဆိုတဲ့ ဝါရင့်တွေရဲ့စကားကို သူမ အခုမှ နက်နက်နဲနဲ နားလည်သွားတော့သည်။
အကယ်၍ နောက်တစ်ကြိမ် ရွေးချယ်ခွင့်သာရှိခဲ့ရင် သားသမီးချင်း ခွဲခြားဆက်ဆံတတ်တဲ့ သူမရဲ့မိဘတွေကို အလုပ်ကို သူမမောင်လေးဆီ မပေးခိုင်းဘဲ သူမကိုယ်တိုင်ပဲ လုပ်ကိုင်ပြီး မောင်လေးအစား ကျေးလက်ကို လုံးဝ လာမှာမဟုတ်တော့ပေ။
လူတွေက အမြဲတမ်း ဗိုက်ဆာပြီး ပင်ပန်းနေတဲ့အခါမှာ သူတို့ရဲ့ စိတ်နေစိတ်ထားက ဒေါသထွက်လွယ်ပြီး စိတ်တိုတတ်လာကြသည်။
ဒါ့အပြင် သူမမှာ နှိုင်းယှဉ်စရာ ပစ်မှတ်တစ်ခုရှိနေသည်၊ ထိုသူကတော့ ထျဲလန်ယန်ပင်။
သူတို့ စတွေ့တုန်းက ထျဲလန်ယန်က တိတ်တိတ်ဆိတ်ဆိတ်နဲ့ ထုံထုံအအပုံစံမို့ ဘာမှမထူးခြားသလို ထင်ရသည်။
ဒါကြောင့် ဟဲအိုက်လင်းက သူမကို ခိုင်းစေဖို့ စိတ်ကူးခဲ့ခြင်းဖြစ်သည်။
ဒါပေမယ့် နောက်ပိုင်းမှာ ထျဲလန်ယန်ရဲ့ ပြန်လည်တုံ့ပြန်မှုတွေကြောင့် တစ်ဖက်လူဟာ ထင်သလောက် အနိုင်ကျင့်ရမလွယ်ဘူးဆိုတာ သူမ သိသွားခဲ့သည်။
အစကတော့ ဟဲအိုက်လင်းဟာ သူမနဲ့ ယှဉ်ပြိုင်ဖို့ လက်လျှော့ထားခဲ့သည်။
ဒါပေမယ့် ထျဲလန်ယန်က တကယ့်ကို စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းလွန်းလှသည်။
ဘာလို့ သူမ ကျေးလက်ကို ရောက်တာနဲ့ ပညာတတ်လူငယ်ဝင်းရဲ့ ခေါင်းဆောင် ဟူဟောင်က သူမကို ကာကွယ်ပေးနေရတာလဲ။
ပြီးတော့ အဖွဲ့ခေါင်းဆောင်ကရော ဘာလို့ သူမကို ဒီလောက်လွယ်ကူတဲ့အလုပ်တွေကိုပဲ ပေးလုပ်ပြီး အထူးအခွင့်အရေးတွေ ပေးနေရတာလဲ။
အဓိကအချက်ကတော့ ထျဲလန်ယန်ဟာ အသားမမည်းသွားတဲ့အပြင် သူမရဲ့အသားအရေက တစ်နေ့ထက်တစ်နေ့ ပိုပြီး စိုပြည်ဝင်းပလာကာ ကျေးလက်ကို ရောက်ခါစထက်တောင် ပိုလှလာခြင်းပင် ဖြစ်သည်။
ဒီလူက သူမရဲ့ မျက်စိရှေ့တင်ရှိနေတာကြောင့် ဟဲအိုက်လင်းဟာ ပိုပိုပြီး စိတ်တိုလာကာ သူမရဲ့ မနာလိုစိတ်တွေကလည်း ကြီးထွားလာတော့သည်။
ထျဲလန်ယန်ကတော့ ဝတ္ထုထဲမှာ ဇာတ်ပို့သက်သက်ဖြစ်တဲ့ ဒီလူဟာ သူမကြောင့် တဖြည်းဖြည်းနဲ့ ဗီလိန်အဖြစ် ပြောင်းလဲနေတယ်ဆိုတာ မသိရှာပေ။
ဟဲအိုက်လင်းက ထျဲလန်ယန်ကို တိုက်ရိုက် ရင်မဆိုင်ရဲတာကြောင့် ကူညီမယ့်သူရှာပေမယ့် ဘယ်သူ့ကိုမှ ရှာမတွေ့ခဲ့ပေ။
အစကတော့ သူမဟာ ဟန်ခယ်အာကို အကူအညီတောင်းဖို့ စဉ်းစားခဲ့သည်။
ဒါပေမယ့် မကြာသေးခင်က ဟန်ခယ်အာရဲ့ ကုတင်ပေါ်မှာ မြွေတစ်ကောင် ပေါ်လာခဲ့ပြီး သူမက ယွီချင်းချုံ လုပ်တယ်လို့ သံသယဝင်ကာ ရန်ဖြစ်လုနီးပါး ဖြစ်ခဲ့သေးသည်။
ဟူဟောင်ရဲ့ သတိပေးချက်ကို ပြန်သတိရသွားတာကြောင့် သူမ အောင့်အည်းလိုက်ရသည်။
ဒီရက်ပိုင်းမှာ သူမက ယွီချင်းချုံကို နောက်ကွယ်ကနေ ဒုက္ခပေးဖို့ပဲ ကြိုးစားနေရတာမို့ တခြားသူတွေကို ဂရုစိုက်ဖို့ အချိန်မရှိပေ။
ဟဲအိုက်လင်းဟာ ဇွတ်မလုပ်ရဲတာကြောင့် တစ်ယောက်တည်း စိုးရိမ်သောကရောက်နေရုံပဲ တတ်နိုင်တော့သည်။
ထျဲလန်ယန်ကို တွေ့တိုင်း သူမဟာ မကျေမနပ်နဲ့ မျက်စောင်းထိုးပြကာ သူမရဲ့ ဒေါသကို ဖော်ပြတတ်သည်။
တစ်ခါမှာတော့ သူမ မျက်စောင်းထိုးနေတာကို ထျဲလန်ယန် မိသွားပြီး ခြိမ်းခြောက်လိုက်သည်။
"နင် ငါ့ကို နောက်တစ်ခါ မျက်စောင်းထပ်ထိုးရင် ညဘက် နင့်ကုတင်ပေါ်တက်ပြီး နင့်မျက်လုံးတွေကို ကတ်ကြေးနဲ့ ထိုးဖောက်လိုက်မယ်။"
ထျဲလန်ယန်က တကယ်လုပ်မှာကို ကြောက်တာကြောင့် ဟဲအိုက်လင်းလည်း အတော်လေး ငြိမ်သွားတော့သည်။
ဒါပေမယ့် သူမ နောက်ထပ် ပြဿနာတစ်ခုနဲ့ ထပ်တွေ့ပြန်သည်။
မင်းသမီး ယွီချင်းချုံက သူမကို သိမ်းသွင်းဖို့ ကြိုးစားနေပုံရပြီး မုန့်လေးတွေပေးကာ မျက်နှာသာပေးတတ်သည်။
ဥပမာအားဖြင့် သူမနဲ့အတူ အပြင်သွားဖို့ စောင့်နေတာမျိုး ဒါမှမဟုတ် ထမင်းစားပြီးရင် မြေပဲ ဒါမှမဟုတ် ဖရဲစေ့လေးတွေကို မုန့်အဖြစ် ပေးတတ်တာမျိုး ဖြစ်သည်။
ထျဲလန်ယန် ငြင်းလိုက်တိုင်း သူမက သူမရဲ့ လက်ထဲကို အတင်းထည့်ပေးတတ်သည်။
သူမက ထပ်ပြီး သတိပေးသေးသည်။ "နင် ငါ့ပစ္စည်းတွေကို လက်ခံရင် ငါ့လူပဲ၊ နောက်ဆို ပိုင်ရန်ရန်တို့ ဟန်ခယ်အာတို့နဲ့ မပတ်သက်ရဘူးနော်။"
ထျဲလန်ယန် - .....
မဟုတ်ဘူးလေ၊ ငါ့ရဲ့ နေရာလွတ်ထဲမှာ အစားအသောက်တွေ အပုံလိုက်ရှိတာကို နင့်ရဲ့ မြေပဲနဲ့ ဖရဲစေ့လေးတွေကို ငါက လိုချင်ပါ့မလား။
ပြန်လည်မွေးဖွားလာတဲ့ ဒီမင်းသမီးရဲ့ လက်စားချေမှုက မူလတန်းကျောင်းသားတစ်ယောက်လိုပင် ကလေးဆန်လွန်းသည်။
သူမ ရင်ထဲမှာတော့ တိုင်တန်းနေမိပေမယ့် ခိုင်းတဲ့အတိုင်းတော့ လုပ်ပေးလိုက်သည်။
ကျန်တဲ့နှစ်ယောက်နဲ့ ယှဉ်ရင်တော့ မင်းသမီး ယွီချင်းချုံက ပေါင်းသင်းရတာ ပိုပြီး လွယ်ကူသည်။
သူတို့က အခန်းချင်းလည်း တူတာကြောင့် တစ်ယောက်နဲ့တစ်ယောက် ရှောင်လို့မရတာမို့ အဆင်ပြေပြေနေတာက အကောင်းဆုံးပင် ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ဟန်ခယ်အာရဲ့ ကုတင်ပေါ် မြွေတင်တဲ့ကိစ္စမှာ ယွီချင်းချုံက သူမကိုယ်စား အပြစ်တင်ခံပေးခဲ့တာလေ။
အဟမ်း.......
ဇာတ်လိုက် ခြောက်ယောက်အုပ်စုထဲက အမျိုးသမီးတွေတင် ရန်ဖြစ်နေကြတာမဟုတ်ဘဲ အမျိုးသားတွေလည်း အငြိမ်မနေကြပေ။
အဓိကကတော့ လူယုတ်မာ ချန်ဟွိုက်ကျင်းပင် ဖြစ်သည်။
ယွီချင်းချုံနဲ့ ပိုင်ရန်ရန်တို့က သူ့ကို ကြိုက်နေနိုင်တယ်ဆိုတာ သိသွားကတည်းက ချန်ဟွိုက်ကျင်းရဲ့ ယုံကြည်မှုက မိုးပေါ်ထိ ထိုးတက်သွားတော့သည်။
သူ အပြင်ထွက်တိုင်း တကူးတက ပြင်ဆင်တတ်ပြီး ချောမောခံ့ညားတဲ့ပုံစံ ဖမ်းတတ်သည်။
ဆံပင်တွေကိုလည်း ခေါင်းလိမ်းဆီတွေနဲ့ သေသေချာချာ ဖိကပ်ထားတတ်သည်။
သူက ဆံပင်ကို အလယ်ခွဲ ခွဲထားတာကြောင့် သစ္စာဖောက်တစ်ယောက်ရဲ့ ဆံပင်ပုံစံနဲ့ တူနေသည်။
ဒါကို တွေ့တိုင်း ထျဲလန်ယန်မှာ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသည်။
ချန်ဟွိုက်ကျင်းရဲ့ ရုပ်ရည်ကို အမှတ်ပေးရမယ်ဆိုရင် ၇ မှတ်၊ ၈ မှတ်လောက် ရနိုင်ပေမယ့် ဒီသစ္စာဖောက်ဆံပင်ပုံစံက သူ့ရဲ့အမှတ်ကို ၃ မှတ်လောက် တန်းပြီး လျှော့ချပစ်လိုက်သည်။
အဓိကက ချန်ဟွိုက်ကျင်းက တကယ့်ကို ဘဝင်မြင့်နေပြီး အပြင်ထွက်တိုင်း အတောင်ဖြန့်ပြနေသည့် ဒေါင်းတစ်ကောင်လို ဖြစ်နေခြင်းပင် ဖြစ်သည်။
ဒါပေမယ့် ဒါက ကျေးလက်ဖြစ်ပြီး နေ့တိုင်း လယ်ထဲမှာ အလုပ်လုပ်ရတယ်ဆိုတာကို သူ မေ့နေပုံရသည်။
အလုပ်ကနေ ပြန်လာတိုင်း သူက ဖုန်တွေတလုံးလုံးနဲ့ ဆံပင်တွေကလည်း ဦးရေခွံမှာ ကပ်နေပြီး အိုးအဖုံးတစ်ခုလို ဖြစ်နေတော့သည်။
ဒါတောင်မှ ရွာထဲက မိန်းကလေးတချို့က သူ့ကို စိတ်ဝင်စားနေကြပြီး ပညာတတ်လူငယ်ဝင်းဆီကို နေ့တိုင်း လာရှာတတ်ကြသည်။
ထျဲလန်ယန်သည် ချန်ဟွိုက်ကျင်း ရွာကမိန်းကလေးတစ်ယောက်နဲ့ တောထဲမှာ ချိန်းတွေ့နေတာကိုတောင် မြင်လိုက်သေးသည်။
ချိန်းတွေ့ပြီးတာနဲ့ သူက ပညာတတ်လူငယ်ဝင်းကို ပြန်လာပြီး အဲဒီက အမျိုးသမီးတွေကို ဆက်ပြီး သွေးဆောင်ဖြားယောင်းနေသည်။
သူကတော့ တကယ့်ကို အားအင်အပြည့်နဲ့ တက်ကြွနေသည်။
ထျဲလန်ယန်လည်း ဒါကိုတော့ ဝန်ခံရပေမည်။
သူက မင်းသမီးကို သေအောင် လှည့်ဖြားနိုင်တဲ့ တကယ့် လူယုတ်မာပင် ဖြစ်သည်။
မင်းသမီး ယွီချင်းချုံကတော့ အခုအချိန်မှာ လက်စားချေဖို့ပဲ စိတ်အားထက်သန်နေပြီး ချန်ဟွိုက်ကျင်းက သူမနောက်ကို တကောက်ကောက်လိုက်လာအောင် လုပ်ဖို့ စိတ်ကူးနေကာ တစ်ခါတလေကြရင် သူ့ကို အချိုလေးတွေ ကျွေးတတ်သည်။
ဇာတ်လိုက်မင်းသား ဝမ်လန်ကတော့ အဝေးကနေ ကြည့်နေပြီး သူ့ရဲ့ မျက်ဝန်းတွေက မှေးမှိန်နေကာ ကြည့်ရတာ တကယ့်ကို သနားစရာကောင်းလှသည်။
ဘေးကနေ ကြည့်နေတဲ့ ပရိသတ်တစ်ယောက်အနေနဲ့ ထျဲလန်ယန်ကတော့ ဖရဲစေ့နဲ့ မြေပဲတွေကို စားရင်း ဒီပြဇာတ်ကြီးကို ထိုင်ကြည့်နေတော့သည်။
ရုတ်တရက်ဆိုသလို သူမရဲ့ ဘေးနားမှာ ဖရဲသီးစားဖော်စားဖက် မောင်လေး ဝမ်ကျွင်းကျွင်း ပေါ်လာသည်။
"ကျွတ်စ် ကျွတ်စ်... ကျွတ်စ်... ရဲဘော် ထျဲလန်ယန်၊ ဝမ်လန်ရဲ့ မျက်နှာကို ကြည့်ဦး၊ သနားစရာကြီး။"
"ချန်ဟွိုက်ကျင်းကလည်း ဆံပင်ခေါင်းလိမ်းဆီတွေ အများကြီး သုံးလွန်းတယ်။ ငါက သူ့ဘေးမှာ အိပ်ရတာလေ၊ အိပ်ရာခင်းတွေနဲ့ ခေါင်းအုံးတွေမှာ ဆီတွေ ပေကုန်တာ စိတ်ရှုပ်ဖို့ ကောင်းလိုက်တာ။"
"ရဲဘော် ယွီချင်းချုံကရော ရူးနေတာလား၊ ဒီလို ဝင့်ကြွားနေတဲ့ ချန်ဟွိုက်ကျင်းရဲ့ ဘာကို ကြည့်ပြီး သဘောကျနေတာလဲ မသိဘူး။"
ထျဲလန်ယန် -.....
ဟေ့လူ... ရှင်က နောက်ပိုင်းမှာ မင်းသမီးရဲ့ အကြီးမားဆုံး နောက်လိုက်ဖြစ်လာမယ့်သူဆိုတာကို မှတ်မိသေးရဲ့လား၊ ရှင် အခုပြောနေတာတွေက ဇာတ်ကောင်စရိုက်နဲ့ မကိုက်ညီဘူးနော်။
၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်
အပိုင်း ၄၄
ဝမ်ကျွင်းကျွင်း၏ ရင်းနှီးပွင့်လင်းမှုကြောင့် ထျဲလန်ယန် အနည်းငယ် အံ့သြသွားမိသည်။
ဒီလူက ကြည့်ရတာတော့ အူကြောင်ကြောင်နဲ့ လူတိုင်းကို ပြုံးပြနေပေမယ့် တကယ်တမ်းတော့ အတွေးနက်တဲ့သူတစ်ယောက် ဖြစ်သည်။
သူက လူတိုင်းနဲ့ အဆင်ပြေအောင် နေတတ်ပေမယ့် ဘယ်သူ့ကိုမှ ရင်မဖွင့်သလို ခပ်တန်းတန်း အနေအထားကိုလည်း ထိန်းသိမ်းထားတတ်သည်။
အကယ်၍ သင်က အကဲခတ်မတော်ရင်တော့ သူ့ရဲ့ အပေါ်ယံပုံစံကြောင့် အလွယ်တကူ လှည့်စားခံရလိမ့်မည်။
ထျဲလန်ယန်ကတော့ အပြင်လူတစ်ယောက်ရဲ့ အမြင်နဲ့ ကြည့်နေတာကြောင့် သူ့ကို အထင်းသား မြင်နေရခြင်းဖြစ်သည်။
သူ့ရဲ့ ရည်ရွယ်ချက်ကို သူမ မသိတာကြောင့် သူ့ကို ဂရုမစိုက်တာက အကောင်းဆုံးပင် ဖြစ်လိမ့်မည်။
"ရဲဘော် ဝမ်ကျွင်းကျွင်း... ရှင် အရမ်းစကားများတာပဲ။"
ထျဲလန်ယန်က ဖရဲစေ့ကို တိတ်တိတ်ဆိတ်ဆိတ်ပဲ ထိုင်စားချင်တာဖြစ်ပြီး သူများ သိသွားမှာကို မလိုလားပေ။
သူမ ထရပ်ပြီး ထွက်သွားဖို့ ပြင်လိုက်စဉ်မှာပဲ အနောက်က ဝမ်ကျွင်းကျွင်းက ရုတ်တရက် ပြောလိုက်သည်။
"ရဲဘော် ထျဲလန်ယန်... အဲဒီနေ့က နင် မြွေကိုဖမ်းပြီး ပညာတတ်လူငယ်ဝင်းထဲ ယူလာတာကို ငါမြင်လိုက်တယ်နော်။"
ထျဲလန်ယန် ခြေလှမ်းတွေ တန့်သွားပြီး သူ့ဘက် လှည့်ကြည့်လိုက်သည်။
"အဲ့တော့ ဘာဖြစ်လဲ။"
သူက ငွေညှစ်ဖို့ ကြိုးစားနေတာလား၊ ဒါမှမဟုတ် တခြားတစ်ခုခုကို ကြံစည်နေတာလား။
ဝမ်ကျွင်းကျွင်း သူ့ခေါင်းနောက်စေ့ကို ကုတ်လိုက်ကာ ရယ်မောလိုက်သည်။
သူနဲ့ ဟန်ခယ်အာက မြို့တူတူကနေ ကျေးလက်ကို အတူတူ လာခဲ့ကြသူတွေ ဖြစ်သည်။
လမ်းတောက်လျှောက်မှာ ဟန်ခယ်အာက သူ့ကို ဗိုလ်ကျပြီး အမြဲခိုင်းစေခဲ့တာကြောင့် သူ တကယ်ကို စိတ်ကုန်နေပြီဖြစ်သည်။
ပညာတတ်လူငယ်ဝင်းကို ရောက်တော့လည်း ဟန်ခယ်အာက သူ့ကို လယ်ယာအလုပ်တွေ ကူခိုင်းဖို့ လုပ်နေသေးတာကြောင့် သူကတော့ အပြတ်ငြင်းလိုက်သည်။
ဒါကြောင့် ဟန်ခယ်အာက သူ့အပေါ် အငြိုးထားကာ တခြားပညာတတ်လူငယ်တွေရှေ့မှာ သူ့အတင်းကို လျှောက်ပြောတော့သည်။
ဝမ်ကျွင်းကျွင်းက သဘောထားကြီးသူဖြစ်ပြီး မိန်းမတစ်ယောက်နဲ့ ရန်မဖြစ်ချင်ပေမယ့် စိတ်ထဲမှာတော့ နည်းနည်း အောင့်သက်သက် ဖြစ်နေရသည်။
ထျဲလန်ယန်က ဟန်ခယ်အာကို လက်စားချေလိုက်တာက သူ့အတွက်တော့ တကယ်ကို ကျေနပ်စရာကောင်းလှသဖြင့် သူမကို အထင်ကြီးလေးစားသွားတော့သည်။
ဝမ်ကျွင်းကျွင်း - "ငါက မင်းနဲ့ သူငယ်ချင်းဖြစ်ချင်ရုံတင်ပါ၊ တခြား အများကြီး မတွေးပါနဲ့။"
သူက ဒီစကားတွေကို ရိုးရိုးသားသားပဲ ပြောလိုက်ခြင်း ဖြစ်သည်။
ထျဲလန်ယန် အနည်းငယ် အံ့သြသွားသော်လည်း မျက်နှာအမူအရာကိုတော့ မပြပေ။
"ကျွန်မတို့အားလုံးက ကျေးလက်ကိုလာတဲ့ တော်လှန်ရေးရဲဘော်တွေပဲလေ၊ သူငယ်ချင်းတွေ ဖြစ်နေကြပြီးသားပါပဲ။"
ဒါက တကယ့်ကို တရားဝင်ဆန်တဲ့ စကားဖြစ်ပေမယ့် အနည်းဆုံးတော့ သူမ ငြင်းမလွှတ်လိုက်ပေ။
ဝမ်ကျွင်းကျွင်းက သူမကို ပြုံးပြကာ ပြောခဲ့သည်။ "နောက်ဆိုရင် ပြဇာတ်တွေကြည့်ဖို့ နင့်နောက် လိုက်ခဲ့လို့ ရမလား။ နင့်နောက်လိုက်ရင် အမြဲတမ်း စိတ်ဝင်စားစရာတွေ တွေ့ရတတ်လို့။"
ထျဲလန်ယန် - ......
ဒီလူကတော့ တကယ့်ကို အပျော်အပါး မက်တာပဲ။
"ကောင်းပြီလေ၊ ဒါပေမယ့် စည်းကမ်းချက်တစ်ခုတော့ ရှိတယ်။"
ဝမ်ကျွင်းကျွင်း မျက်နှာ တောက်ပသွားခဲ့သည်။ "ဘာစည်းကမ်းလဲ၊ ပြောသာပြော၊ ငါ သဘောတူဖို့ ကတိပေးတယ်။"
ထျဲလန်ယန် - "ပါးစပ်ပိတ်ထားဖို့ပဲ။"
ဝမ်ကျွင်းကျွင်း - ........
"အစ်မရယ်... အဲဒါက နည်းနည်းတော့ ခက်တယ်... ငါ့မှာ ပါးစပ်သာ မရှိရင်တော့ ဖြစ်နိုင်ပေမယ့် ရှိနေသရွေ့တော့ မထိန်းနိုင်လောက်ဘူး။"
သူက အမြဲတမ်း စကားပြောရတာ ဝါသနာပါသူမို့ စကားမပြောရတာက သူ့ကိုသတ်တာထက်တောင် ပိုပြီး ခက်ခဲနေသည်။
"အဲဒါဆိုရင်တော့ ရှင့်သဘောပါ၊ ကျွန်မကတော့ တိတ်ဆိတ်တာကို ကြိုက်တယ်။"
ထိုစကားကို ပြောပြီးနောက် ထျဲလန်ယန် ထွက်သွားတော့သည်။
တကယ်တော့ သူမက ဝမ်ကျွင်းကျွင်းကို အနားကနေ ဖယ်ထုတ်ချင်နေခြင်း ဖြစ်သည်။
မဟုတ်ရင် ဒီလိုလူကောင်ကြီးကြီးတစ်ယောက် အနောက်က လိုက်နေတာကို တခြားသူတွေ သတိမထားမိဘဲ မနေပေ။
အဲဒီအချိန်ကြရင် သူမ ဘယ်လိုလုပ်ပြီး ဖရဲစေ့ကို ခိုးစားလို့ ရတော့မှာလဲ။
……
ထျဲလန်ယန်သည် ဟူဟောင်ကို အကြောင်းကြားပြီးနောက် ပညာတတ်လူငယ်ဝင်းမှ ထွက်လာခဲ့သည်။
သူမ လယ်ထဲမှာ အလုပ်လုပ်နေတာ ဆယ်ရက်ရှိပြီဖြစ်သော်လည်း တောထဲကိုတော့ မရောက်သေးပေ။
ဒီနေ့က အားလပ်ရက်ဖြစ်တာကြောင့် တောင်ပေါ်မှာ လမ်းလျှောက်ဖို့ ဆုံးဖြတ်လိုက်သည်။
သူမရဲ့ နေရာလွတ်ထဲက အသားပေါက်စီတွေက ကုန်သလောက်ရှိနေပြီဖြစ်ပြီး အမဲသားနံရိုးတွေလည်း အများကြီး မကျန်တော့ပေ။
အကယ်၍ ကံကောင်းရင် တောင်ပေါ်မှာ တောကောင်အချို့ အမဲလိုက်လို့ ရနိုင်သည်မှာ မဆိုးလှပေ။
ထျဲလန်ယန်သည် အစောပိုင်းတွင် တောစပ်တစ်ဝိုက်မှာသာ လမ်းလျှောက်ခဲ့သော်လည်း ထူးခြားတာ ဘာမှမတွေ့ရပေ။
သာမန်လူတွေက တောနက်ထဲကို မဝင်ရဲကြတာကြောင့် တောစပ်မှာပဲ လှည့်ပတ်နေကြတတ်သည်။
တန်ဖိုးရှိတာတွေ ရှိရင်တောင် တခြားသူတွေ ခူးယူသွားကြလောက်ပြီပင်။
ထျဲလန်ယန်၏ ခန္ဓာကိုယ်မှာ အတော်လေး ပြန်လည်ကျန်းမာလာပြီဖြစ်ကာ သူမ၏ အရည်အချင်းတွေကလည်း ကမ္ဘာပျက်ကပ်တုန်းက အခြေအနေအတိုင်း ပြန်ဖြစ်လာခဲ့သည်။
စက်တင်ဘာလအစောပိုင်းဖြစ်တာကြောင့် တောထဲမှာ အေးမြနေသော်လည်း ခြင်နဲ့ ပိုးမွှားတွေကတော့ အတော်လေး ပေါလှသည်။
ထျဲလန်ယန်သည် ကောက်ရိုးဦးထုပ်ဆောင်း၊ လက်ရှည်အကျီဝတ်၊ အဝါရောင် ရော်ဘာဖိနပ်ကို စီးကာ လက်ထဲမှာ သစ်သားတုတ်တစ်ချောင်းကို ကိုင်ပြီး တက်ကြွစွာ ထွက်လာခဲ့သည်။
နာရီဝက်ကျော် လမ်းလျှောက်ပြီးနောက်မှာတော့ ထျဲလန်ယန်သည် တောမှိုအစုအဝေးတစ်ခုကို နောက်ဆုံးမှာ ရှာတွေ့သွားခဲ့သည်။
မှိုတွေကို ကြက်ဥနဲ့ ဟင်းချိုချက်သောက်ရင် တကယ်ကို အရသာရှိတာကြောင့် သူမကတော့ သိမ်းဆည်းရပေမည်။
ထျဲလန်ယန်သည် နေရာလွတ်ထဲက ဂေါ်ပြားအသေးလေးကို ထုတ်ယူကာ ခပ်မြန်မြန်ပင် တူးယူလိုက်သည်။
တူးပြီးနောက် သူမ ဆက်လက် ရှာဖွေစူးစမ်းခဲ့သည်။
လမ်းတောက်လျှောက်မှာ ထျဲလန်ယန်သည် တောဟင်းသီးဟင်းရွက် အချို့ကိုလည်း တွေ့ခဲ့သေးသည်။
မှိုနားရွက်၊ ပေါင်းပင်၊ တရုတ်သစ်ပင်ဖူးလေးတွေနဲ့ တရုတ်မြက်ပင်တွေ... အကုန်စားလို့ရတာတွေပဲ၊ အကုန်သိမ်းတာပေါ့။
ဝါးတောဝင်းထဲမှာ မြေလွတ်အချို့ ရှိတာကြောင့် ဒီတောဟင်းသီးဟင်းရွက်တွေကို အဲဒီမှာ စိုက်ပျိုးမည်။
ခဏအကြာမှာတော့ မွန်းတည့်ချိန် ရောက်လာခဲ့သည်။
ထျဲလန်ယန်သည် နေရာလွတ်ထဲမှာ သန့်ရှင်းရေးလုပ်ကာ အသားပေါက်စီ ၅ လုံးနဲ့ ပန်းသီးတစ်လုံးကို ဗိုက်ပြည့်အောင် စားလိုက်သည်။
နေ့လယ်စာစားပြီးနောက် သူမ ဆက်ထွက်ခဲ့သည်။
တစ်နာရီလောက် ထပ်ပြီး လမ်းလျှောက်ပြီးတဲ့နောက်။
ထျဲလန်ယန်သည် ချုံပုတ်တစ်ခုအောက်မှာ တန်ဖိုးရှိတဲ့အရာတစ်ခုကို နောက်ဆုံးမှာ ရှာတွေ့ခဲ့သည်။
ဒါကတော့ သွေးတိတ်စေခြင်း၊ သွေးလည်ပတ်မှုကောင်းစေခြင်းနဲ့ အနာရောင်တာတွေကို သက်သာစေတဲ့ ထျန်းချီလို့လည်း ခေါ်တဲ့ တောဆေးမြစ်ပင်တွေပင် ဖြစ်သည်။
ဒီဆေးမြစ်ပင်တွေက ရင့်မှည့်ဖို့အတွက် အနည်းဆုံး ၃ နှစ်ကနေ ၅ နှစ်အထိ ကြာတတ်တာဖြစ်ပြီး ဒီအပင်ရဲ့ ပုံစံအရဆိုရင် အနည်းဆုံး ၁၀ နှစ်လောက် ရှိနေပြီ ဖြစ်သည်။
ဟီးဟီး... တောဆေးမြစ်တွေက တကယ်ကို တန်ဖိုးကြီးတယ်လို့ ပြောကြတာပဲ။
သူမရဲ့ နေရာလွတ်ထဲမှာ နှံစားသီးနှံတွေ၊ သစ်သီးဝလံတွေနဲ့ ဟင်းသီးဟင်းရွက်တွေ စိုက်ထားပေမယ့် ဆေးဘက်ဝင်အပင်တွေတော့ မရှိသေးတာကြောင့် ဒီနေ့တော့ စိုက်ဖို့ အချိန်တန်ပြီ။
ထျဲလန်ယန်သည် ဂေါ်ပြားကိုသုံးကာ ဆေးမြစ်ပင်အားလုံးကို ဂရုတစိုက် တူးလိုက်သည်။
သူမ တူးထုတ်ပြီး နေရာလွတ်ထဲ ထည့်လိုက်ကာ ရတနာရှာပုံတော်ကို ဆက်လက် လုပ်ဆောင်ခဲ့သည်။
အစကောင်းခဲ့တာကြောင့် ဖြစ်နိုင်သည်၊ အဲဒီနောက်ပိုင်းမှာ အရာအားလုံးက ချောချောမွေ့မွေ့ ဖြစ်နေတော့သည်။
မကြာခင်မှာပဲ ထျဲလန်ယန်သည် အခြားဆေးမြစ်ပင်တစ်မျိုးဖြစ်တဲ့ ဟဲရှို့ဝူကို ထပ်တွေ့ပြန်သည်။
ဟဲရှို့ဝူ ဆေးမြစ်က သွေးအားကောင်းစေခြင်း၊ အသည်းနဲ့ ကျောက်ကပ်ကို အားဖြည့်ပေးခြင်း စတဲ့ အစွမ်းသတ္တိတွေရှိပြီး နှစ်ပေါင်း ရာချီ၊ ထောင်ချီ သက်တမ်းရှိတဲ့ အပင်တွေကတော့ ပိုပြီး ရှားပါးလှသည်။
ထျဲလန်ယန်သည် ဟဲရှို့ဝူကို တူးလိုက်ကာ အရွယ်အစားကို နှိုင်းယှဉ်ကြည့်လိုက်တော့ ဆယ်စုနှစ်အချို့လောက် သက်တမ်းရှိမည်ဟု ခန့်မှန်းရသည်။
ဒါက အရေးမကြီးပါ၊ သူမရဲ့ နေရာလွတ်က စိုက်ပျိုးဖို့ အကောင်းဆုံးဖြစ်တာကြောင့် အဲဒီမှာ စိုက်ထားရင် အပင်တွေက အမြန်ကြီးထွားလာမှာ ဖြစ်သည်။
အရင်စိုက်ထားတဲ့ နှံစားသီးနှံတွေလည်း မှည့်တော့မှာဖြစ်လို့ ရက်အနည်းငယ်အတွင်းမှာ ရိတ်သိမ်းလို့ ရတော့မည်။
ထို့နောက် ထျဲလန်ယန်သည် ကျောက်ဆောင်တစ်ခုအောက်မှာ ခရမ်းညိုရောင် လင်ဇီးမှိုကြီး အချို့ကို တွေ့ခဲ့သည်။
သူမရဲ့ နေရာလွတ်ထဲက နှစ်တစ်ထောင်သက်တမ်းရှိတဲ့ လင်ဇီးမှိုတွေနဲ့ ယှဉ်ရင်တော့ သေးသေးလေးဖြစ်ပေမယ့် ဒါတွေကလည်း နှစ်တစ်ရာလောက်တော့ သက်တမ်းရှိလောက်သည်။
ဒါတွေက တကယ့်ကို ရှားပါးရတနာတွေပဲ၊ ပိုက်ဆံတွေ အများကြီး ရနိုင်တာပဲလေ၊ တူးသာတူးစမ်း။
ထျဲလန်ယန်သည် ပျော်ပျော်ရွှင်ရွှင်နဲ့ သီချင်းဆိုရင်း လင်ဇီးမှိုတွေကို တူးလိုက်သည်။
"တူးမယ်၊ တူးမယ်... ဥယျာဉ်လေးထဲမှာ..."
သီချင်းတစ်ပုဒ်အဆုံးမှာတော့ လင်ဇီးမှိုတွေအားလုံး သူမရဲ့ နေရာလွတ်ထဲကို အောင်အောင်မြင်မြင် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ကံကောင်းခြင်းတွေ ပွင့်သွားတာလားတော့ မသိပေ။
ထျဲလန်ယန် သိပ်အဝေးကြီး လမ်းမလျှောက်ရသေးခင်မှာပဲ တောဂျင်ဆင်း အကွက်လိုက်ကို ထပ်တွေ့ပြန်သည်။
ဒါကတော့ "ဆေးဘက်ဝင်အပင်တွေရဲ့ ဘုရင်" လို့ တင်စားရတဲ့ တန်ဖိုးကြီး ဆေးမြစ်ပင်ပဲ၊ သူမတော့ ကံထူးပြီ။
"တူးမယ်၊ တူးမယ်... ဥယျာဉ်လေးထဲမှာ...."
ရင်းနှီးနေတဲ့ သီချင်းလေးကို ညည်းရင်း ထျဲလန်ယန် အလုပ်ပြန်စလိုက်သည်။
တောဂျင်ဆင်းတွေကို တူးပြီးတဲ့နောက်မှာတော့ ညနေ ၅ နာရီနီးပါး ရှိနေပြီဖြစ်သည်။
နေဝင်တော့မည်ဖြစ်ရာ ညဘက် တောနက်ထဲမှာနေတာ မလုံခြုံတာကြောင့် ထျဲလန်ယန် ပြန်ဖို့ ဆုံးဖြတ်လိုက်သည်။
အပြန်လမ်းမှာတော့ သူမ တကယ်ကို ကံကောင်းလှပြီး မြက်ပင်တွေကြားမှာ ငြိနေတဲ့ တောယုန်တစ်ကောင်ကို တွေ့ခဲ့သည်။
ယုန်လေးက အတော်လေး ဝဖြိုးနေပြီး ၇ ကီလို၊ ၈ ကီလိုလောက် ရှိမည်။
ထျဲလန်ယန်က ယုန်လေးရဲ့ နားရွက်ကနေ ကိုင်ထားလိုက်ရာ ယုန်လေးမှာ တုန်ယင်နေပြီး အတင်းရုန်းကန်နေတော့သည်။
"မကြောက်ပါနဲ့၊ ငါ နင့်ကို နာကျင်အောင်မလုပ်ပါဘူး။"
ထျဲလန်ယန်က ယုတ်မာတဲ့ အပြုံးလေးနဲ့ ပြောလိုက်သည်။
"ငါက နင့်ကို... စားရုံပဲ စားမှာပါ။"
ယုန်လေးတွေက အရမ်းချစ်ဖို့ကောင်းတာကြောင့် ဦးခေါင်းကိုပဲ ချက်စားရမည်။
အစပ်ချက်ထားတဲ့ ယုန်ခေါင်းက အကောင်းဆုံးပဲ၊ စပ်စပ်လေးနဲ့ လျှာတွေပါ ထုံသွားအောင် စားရတာ တကယ်ကို အရသာရှိတာလေ။
ဒါကို တွေးလိုက်မိတာနဲ့ ထျဲလန်ယန်သည် အမြန်ဆုံး အိမ်ပြန်ဖို့ အရှိန်မြှင့်လိုက်တော့သည်။
သူမ ယုန်သားစားဖို့ကို မစောင့်နိုင်တော့ပေ။
ဒီနေ့ တောထဲသွားရတာ တကယ်ကို အကျိုးအမြတ်များလှသဖြင့် သူမ တကယ်ကို ပျော်ရွှင်နေတော့သည်။