← Chapters

အခန်း (၄၅-၄၆)

Vol. 5 Ch. 45-46

အခန်း (၄၅-၄၆)

Vol. 5 Ch. 45-46

အပိုင်း ၄၅

ပညာတတ်လူငယ်ဝင်းသို့ ပြန်ရောက်သောအခါ အမှောင်ထုက လွှမ်းမိုးနေပြီဖြစ်သည်။

လူတိုင်းက ဝင်းထဲတွင် ညဦးပိုင်း လေညင်းခံနေကြစဉ် အပြင်ကပြန်လာသော ထျဲလန်ယန်ကို မြင်လိုက်ရသဖြင့် အနည်းငယ် အံ့သြသွားကြသည်။

တစ်ယောက်က လှမ်းမေးခဲ့သည်။ "ထျဲကျစ်ချင်း... ဘာလို့ ဒီလောက် မိုးချုပ်တဲ့အထိ အပြင်မှာ နေနေတာလဲ။"

ထျဲလန်ယန်က သူမလက်ထဲက ထင်းခြောက်တွေကို မြှောက်ပြလိုက်သည်။

"နောက်ဘက်တောင်ကုန်းမှာ လမ်းလျှောက်ရင်း ထင်းလေးတွေပါ တစ်ခါတည်း ကောက်လာတာပါ။"

ဟူဟောင်က ကြားဖြတ်ပြောပေးခဲ့သည်။ "သူ ငါ့ကို အကြောင်းကြားထားပါတယ်၊ ထျဲကျစ်ချင်း... နင့်အတွက် ထမင်းကို အိုးထဲမှာ ထည့်ထားပေးတယ်၊ စားပြီးရင်တော့ ဆေးလိုက်ဦးနော်။"

ထျဲလန်ယန်က ခေါင်းညိတ်လိုက်သည်။ "ကောင်းပါပြီ၊ ကျေးဇူးပဲနော်။"

သူမ မီးဖိုချောင်ထဲဝင်ကာ ဒယ်အိုးလေးကို မလိုက်သောအခါ အထဲတွင် ပြောင်းဖူးဆန်ပြုတ် တစ်လုံးနှင့် ဟင်းရွက်ချဉ်တစ်ဝက်ကို တွေ့ရသည်။

သူမသည် ပန်းကန်နှင့် တူကိုယူကာ ခပ်မြန်မြန်ပင် အပြတ်ရှင်းလိုက်တော့သည်။

ပန်းကန်တွေကို အမြန်ဆေးပြီးနောက် ထျဲလန်ယန်သည် အခန်းထဲပြန်ကာ အဝတ်အစားယူပြီး ရေချိုးခန်းသို့ ထွက်လာခဲ့သည်။

ပညာတတ်လူငယ်ဝင်းက ရေချိုးခန်းဆိုသည်မှာ ဝါးထရံကာပြီး ကောက်ရိုးမိုးထားသည့် အလွန်ရိုးရှင်းသော နေရာလေးသာ ဖြစ်သည်။

ဒါက ဆောင်းဦးအစဆိုပေမယ့် ရာသီဥတုက ပူနေသေးတာကြောင့် လူတိုင်း ရေအေးအေးလေးနဲ့ပဲ ချိုးကြသည်။

ထျဲလန်ယန်သည် ဝါးတံခါးကို ပိတ်လိုက်ပြီးနောက် သူမ၏ နေရာလွတ်ထဲသို့ ခိုးဝင်လိုက်တော့သည်။

နေရာလွတ်ထဲက မြစ်ငယ်လေးက ကြည်လင်နေပြီး ရေအပူချိန်ကလည်း မအေးလွန်းတာကြောင့် ရေချိုးဖို့ အကောင်းဆုံးပင် ဖြစ်သည်။

အဝတ်အစားလဲပြီးနောက် သူမသည် ဝါးတောဝင်းထဲသို့ သွားလိုက်သည်။

ဝင်းထဲတွင်တော့ ယုန်ကလေးမှာ သူ့ရဲ့ ကံကြမ္မာကို မသိရှာဘဲ ဟိုခုန်ဒီခုန် လုပ်နေဆဲပင်။

ထျဲလန်ယန်က ယုန်နားရွက်ကို ဆွဲမကာ သေသေချာချာ ကြည့်ပြီးနောက် ဘာလုပ်ရမလဲဆိုတာ ဆုံးဖြတ်လိုက်သည်။

"ယုန်ခေါင်းကိုတော့ အစပ်ချက်မယ်၊ ယုန်သားကိုတော့ ဆီသတ်ချက်မယ်။"

စဉ်းစားပြီးတာနဲ့ ချက်ချင်း လက်တွေ့လုပ်တော့သည်။

ထျဲလန်ယန် မီးဖိုချောင်ထဲဝင်ကာ အရေခွံခွာ၊ ကလီစာထုတ်ပြီး ယုန်ကို အစိတ်အပိုင်းလေးတွေ ခုတ်ထစ်လိုက်သည်။

ယုန်သားက တစ်ထိုင်တည်းစားဖို့ များလွန်းတာကြောင့် တစ်ဝက်ကိုတော့ နောက်မှစားရန် သိမ်းထားလိုက်သည်။

ကျန်တဲ့ အမယ်တွေကို ပြင်ဆင်ပြီးနောက် သူမ နေရာလွတ်ထဲက ထွက်လာခဲ့သည်။

သူမ ရေချိုးခန်းထဲ ရောက်နေတာ နာရီဝက်ကျော်ပြီဖြစ်သဖြင့် ဒီထက်ကြာလျှင် လူတွေ သံသယဝင်ကုန်လိမ့်မည်။

ထျဲလန်ယန်သည် ပခုံးပေါ်မှာ တဘက်တင်၊ လက်ထဲမှာ ရေဇလုံကိုကိုင်ကာ အပြင်သို့ ထွက်လာခဲ့သည်။

ဟန်ခယ်အာက တံခါးဝတွင် တန်းစီစောင့်နေသည်။

အပြင်ထွက်လာသူမှာ ထျဲလန်ယန် ဖြစ်နေသည်ကို မြင်သောအခါ သူမက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး

"အထဲမှာ ရှိနေတာ နင်ကိုး... ထျဲလန်ယန်။"

ဒီရက်ပိုင်းအတွင်းမှာ ဟန်ခယ်အာသည် မင်းသမီး ယွီချင်းချုံနဲ့ ပြင်းပြင်းထန်ထန် ပြိုင်ဆိုင်နေပေမယ့် တစ်ဖက်လူကို ဘာမှ ဒုက္ခမပေးနိုင်ခဲ့ပေ။

ဒါကြောင့် သူမ အနည်းငယ် စိတ်ပျက်နေပြီး ကိုယ့်ကိုယ်ကိုယ်လည်း သံသယဝင်လာမိသည်။

ဘာလို့ ဘုရားသခင်က သူမကို ဒီဘဝထဲ ကူးပြောင်းလာဖို့ ရွေးချယ်ခဲ့တာလဲ၊ ဘာလို့ သူမကို အထူးစွမ်းအားတွေ မပေးတာလဲ၊ သူမက ရွေးချယ်ခံရသူ မဟုတ်ဘူးလား။

ဒီအတွေးက သူမခေါင်းထဲ ဝင်လာသော်လည်း ချက်ချင်းပင် ပြန်ငြင်းလိုက်သည်။

မဖြစ်နိုင်တာ။

သူမက ခေတ်သစ်ကမ္ဘာက လာတဲ့သူပဲ…

သူမက ခေတ်မီတဲ့ ကမ္ဘာကနေ လာတာဖြစ်ပြီး ခေါင်းထဲမှာလည်း ခေတ်မီနည်းပညာတွေ အများကြီး ရှိနေတာကြောင့် ဒီလို နောက်ကျကျန်နေတဲ့ ခေတ်မှာ နည်းနည်းလေး သုံးလိုက်ရုံနဲ့တင် ချမ်းသာနိုင်တာပဲ။

အကယ်၍ သူမကသာ ရွေးချယ်ခံရသူ မဟုတ်ရင် ဘယ်သူမှ မဟုတ်တော့ဘူးလေ။

ယွီချင်းချုံကို အခုထိ မနိုင်သေးတာက ဒီခေတ်မှာ ကန့်သတ်ချက်တွေ များလွန်းလို့ အရာရာကို သတိထားနေရလို့ပဲ။

ဘာပဲဖြစ်ဖြစ် ဒါက သူမအမှားမဟုတ်ဘူး၊ တခြားလူတွေရဲ့ ပြဿနာပဲ။

တစ်နေ့ကြရင်တော့ ယွီချင်းချုံကို အပီအပြင် ပညာပေးဦးမည်။

ဒီလို တွေးလိုက်ပေမယ့်လည်း ဟန်ခယ်အာ စိတ်ထဲမှာတော့ အနည်းငယ် လေးလံနေဆဲဖြစ်ကာ ဒီရက်ပိုင်း စိတ်အခြေအနေက သိပ်မကောင်းပေ။

အခု သူမ မုန်းတဲ့ ထျဲလန်ယန်ကို မြင်လိုက်ရတဲ့အခါမှာတော့ သဘာဝအတိုင်းပဲ ရန်စချင်လာတော့သည်။

"နင်က ဘယ်လိုတောင် အတ္တကြီးရတာလဲ၊ ရေချိုးတာ ဘာလို့ ဒီလောက်ကြာနေရတာလဲ၊ တခြားလူတွေ တန်းစီနေတာကို မသိဘူးလား။"

"လူတွေဟုတ်လား။ ဘယ်မှာလဲ လူတွေ။"

ထျဲလန်ယန်က ဟိုဟိုဒီဒီ ကြည့်လိုက်ပြီးနောက် သူမကို စိုက်ကြည့်ကာ ပြောလိုက်သည်။ "ငါမြင်ရတာတော့ ဟောင်နေတဲ့ ခွေးတစ်ကောင်ပဲ ရှိတာပါ။"

ဟန်ခယ်အာ ချက်ချင်း ဒေါသချောင်းချောင်းထွက်သွားခဲ့သည်။ "နင်က ငါ့ကို ခွေးလို့ ပြောတာလား။"

ထျဲလန်ယန် - "ဟုတ်တယ်၊ နင့်ကို ခွေးလို့ ပြောတာ။"

ရေချိုးပြီး ခေါင်းလျှော်တာ နာရီဝက်လောက် ကြာတာက သာမန်ပါပဲ။

ဟန်ခယ်အာက တမင်သက်သက် ရန်ရှာနေခြင်း ဖြစ်သည်။

သူမက ဘာမှပြန်မပြောလို့ အနိုင်ကျင့်ရလွယ်တယ်လို့ တကယ်ထင်နေတာလား။

ထျဲလန်ယန်သည် သူမကို တွန်းဖယ်ကာ တိုက်ရိုက် ထွက်သွားတော့သည်။

ဟန်ခယ်အာရဲ့ မဲမှောင်နေတဲ့ မျက်နှာကို သူမ လုံးဝ ဂရုမစိုက်ပေ။

သူမ လက်စားချေမှာကိုလည်း မကြောက်ပါ၊ သတ္တိရှိရင် လာခဲ့လေ၊ ဘယ်သူက ပိုလည်လဲ ကြည့်ကြတာပေါ့။

ထျဲလန်ယန်သည် ပညာတတ်လူငယ်ဝင်းဘေးက မြစ်ငယ်လေးဆီသို့ သွားခဲ့သည်။

အဝတ်အစားတွေကို လျှော်ဖွပ်ပြီး လှန်းပြီးတဲ့နောက် အခန်းထဲကို ပြန်ဝင်လာခဲ့သည်။

ဒီည လူတိုင်း အိပ်ပျော်သွားတဲ့အထိ စောင့်ပြီးမှ နေရာလွတ်ထဲဝင်ပြီး ယုန်ခေါင်းချက်ရမှာမို့ အရင်ဆုံး အိပ်လိုက်ဦးမည်။

ည ၁၀ နာရီအထိ သူမ အိပ်ပျော်သွားခဲ့သည်။

ထျဲလန်ယန် ထလိုက်ပြီး အပြင်သို့ ထွက်လာခဲ့သည်၊ ထို့နောက် လူသူကင်းဝေးတဲ့ နေရာတစ်ခုကို သွားပြီး နေရာလွတ်ထဲသို့ ဝင်လိုက်တော့သည်။

ခုနက ပျင်းနေတုန်းက ထျဲလန်ယန်သည် မီးဖိုချောင်ထဲမှာ မြေမီးဖို အနည်းငယ် ပြုလုပ်ထားခဲ့သည်။

သူမသည် အိမ်အတော်များများဆီကနေ ပစ္စည်းတွေ သိမ်းဆည်းခဲ့တာကြောင့် ဒယ်အိုးတွေ အများကြီးရှိနေပြီး မီးဖိုတစ်ခုချင်းစီပေါ်မှာ အိုးတစ်လုံးစီ တင်လိုက်သည်။

ထင်းအတွက်လည်း စိတ်ပူစရာမလိုပါ၊ နေရာလွတ်ထဲမှာ ဝါးတောတွေနဲ့ တောင်တွေ အပြည့်ရှိတာကြောင့် စိတ်ကြိုက် သုံးနိုင်သည်။

ထျဲလန်ယန်သည် ယုန်ခေါင်းအစပ်ချက်နှင့် ယုန်သားဆီသတ်ချက်ကို တစ်ပြိုင်တည်း ချက်ဖို့ ဆုံးဖြတ်လိုက်သည်။

စောစောက ပြင်ဆင်ထားတုန်းက ယုန်ခေါင်းနဲ့ ယုန်သားကို ဆား၊ ပဲငံပြာရည်တို့နဲ့ နယ်ထားခဲ့ပြီးသား ဖြစ်သည်။

အခုတော့ ချက်ပြုတ်ရတာ အလွန်လွယ်ကူသွားပြီ။

အချိန်မရှိတာကြောင့် ထျဲလန်ယန်သည် မီးပြင်းပြင်းနဲ့ အမြန်ချက်လိုက်သည်။

တစ်နာရီမပြည့်ခင်မှာပဲ သွားရည်ကျစရာကောင်းတဲ့ ဟင်းနှစ်ခွက် အဆင်သင့် ဖြစ်သွားခဲ့သည်။

စပ်စပ်မွှေးမွှေး ယုန်ခေါင်းချက်ကတော့ တကယ်ကို စွဲလမ်းစရာဖြစ်ပြီး စားလို့ကို မဝနိုင်ပါ၊ လက်ချောင်းတွေကိုပါ ပြောင်စင်အောင် လျက်မိတဲ့အထိပင်။

ယုန်သားဆီသတ်ချက်ကလည်း အသားက နူးညံ့ပြီး စပ်စပ်လေးနဲ့ လန်းဆန်းစေကာ တစ်လုတ်စားတိုင်း တကယ့်ကို အရသာရှိလှသည်။

ထျဲလန်ယန်သည် တစ်ခါပြန်ပြီး အရသာခံနေပြန်သည်။

သူမသည် ငရုတ်သီးဆီနဲ့ ဟင်းရည်နီနီတွေကိုတောင် အလကားအဖြစ်မခံဘဲ ခေါက်ဆွဲတစ်ပန်းကန်နဲ့ နယ်စားလိုက်သေးသည်။

စပ်စပ်လေးနဲ့ ခေါက်ဆွဲကို တပြတ်ပြတ်စားပြီး ဟင်းရည်နီနီလေးကို သောက်လိုက်ရတာက တကယ့်ကို တန်ဖိုးရှိလှပေသည်။

ယုန်သားတွေကို စားပြီးနောက် ထျဲလန်ယန်သည် မီးဖိုချောင်ကို သိမ်းဆည်းကာ အပြင်ထွက်ပြီး လမ်းလျှောက်ခဲ့သည်။

ညနက်မှ အများကြီးစားမိတာကြောင့် အစာကြေဖို့ ခက်မည်ဖြစ်ရာ လမ်းလျှောက်ပြီး လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်အတွက် ကောင်းသည်။

နာရီဝက်ကြာပြီးနောက် ထျဲလန်ယန် စာကြည့်ဆောင်ကို သွားပြီး စာခဏဖတ်လိုက်သည်။

နောက်ဆုံးမှာတော့ သွားတိုက်ပြီး နေရာလွတ်ထဲကထွက်ကာ အခန်းထဲပြန်ပြီး အိပ်လိုက်တော့သည်။

သန်းခေါင်ကျော်နေပြီဖြစ်ရာ လူတိုင်း အိပ်မောကျနေကြပြီး သူမ အပြင်ထွက်သွားတာကို ဘယ်သူမှ သတိမထားမိကြပေ။

ထျဲလန်ယန်သည် ကုတင်ပေါ်တက်၊ စောင်လေးခြုံကာ ကျေနပ်စွာ အိပ်ပျော်သွားတော့သည်။

နောက်တစ်နေ့မနက်တွင်။

ထျဲလန်ယန် သွားတိုက်နေစဉ် မိန်းကလေးတစ်ဦး အပြင်ကနေ ပြေးဝင်လာခဲ့သည်။

သူမ ကျေးလက်ကို စရောက်တဲ့နေ့က လမ်းပြပေးခဲ့တဲ့ စုန့်ရွှယ် ဆိုတဲ့ ကောင်မလေးပင် ဖြစ်သည်။

သူတို့ စတွေ့ကတည်းက ဒီမိန်းကလေးက သူမဆီကို ခဏခဏ လာကစားတတ်သည်။

ဒီကလေးမလေးက ပါးစပ်ကလည်း အလွန်ချိုသည်၊ ထျဲလန်ယန်က ချိုသာတဲ့စကားတွေ ကြားရတာ ကြိုက်မှန်းသိတော့ တွေ့တာနဲ့ ပျော်ပျော်ရွှင်ရွှင် လှမ်းခေါ်လိုက်သည်။

"မမလှလှ... သမီး ပြန်လာပြီနော်။"

သူမရဲ့ လက်ထဲမှာလည်း ငှက်ဥအချို့ကို ကိုင်ထားပြီး ထျဲလန်ယန်ကို ဂုဏ်ယူစွာ ပြလိုက်သည်။

"ကြည့်ပါဦး... ဒီမနက်စောစောကမှ သွားယူထားတာ၊ နွေးနေတုန်းပဲ။"

ထျဲလန်ယန်က မျက်ခုံးတစ်ချက်ပင့်ကာ ပြုံးလိုက်သည်။ "နင် ငှက်ဥတွေ သွားခိုးပြန်ပြီပေါ့၊ နင့်အမေ ဝါးခြမ်းစိတ်နဲ့ ရိုက်မှာကို မကြောက်ဘူးလား။"

သူတို့ စတွေ့တုန်းက ဒီကလေးမလေး ကျောင်းပြေးပြီး ငှက်ဥခိုးလို့ အမေဖြစ်သူက ဝါးခြမ်းစိတ်နဲ့ရိုက်လို့ အကျယ်ကြီး အော်ငိုခဲ့တာကို သူမ မှတ်မိနေသေးသည်။

စုန့်ရွှယ်က ဒါကိုကြားတော့ သူမကို အမြန် အသံတိတ်ခိုင်းလိုက်သည်။

"အစ်မကြီး... ဒါကို သမီးအမေကို မပြောပါနဲ့နော်၊ သူ သိရင် တကယ် စိတ်ဆိုးလိမ့်မယ်။"

ထျဲလန်ယန်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

ပညာတတ်လူငယ်တွေက သူတို့အလုပ်နဲ့သူတို့ အလုပ်ရှုပ်နေကြပြီး အချို့က မျက်နှာသစ်၊ အချို့က ထမင်းချက်နဲ့ ဘယ်သူမှ ဒီဘက်ကို ဂရုမစိုက်ကြပေ။

သူမက ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီလေ... အစ်မကြီး လျှို့ဝှက်ပေးထားမယ်၊ ဒါပေမယ့် အပြန်အလှန်အနေနဲ့ ဘာပေးမှာလဲ။"

မိန်းကလေးရဲ့ စပျစ်သီးအရွယ် မျက်လုံးလေးတွေက ကစားသွားပြီး လည်လည်ဝယ်ဝယ် အပြုံးလေးတစ်ခု ပေါ်လာသည်။

"မမလှလှ... သမီး ဒီငှက်ဥတွေကို အစ်မကြီးကို ပေးလိုက်မယ်လေ၊ ဒါဆိုရင် သမီး သွားခိုးတယ်ဆိုတာ ဘယ်သူမှ သိတော့မှာ မဟုတ်ဘူး။"

၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်

အပိုင်း ၄၆

ထျဲလန်ယန်တစ်ယောက် မရယ်ဘဲမနေနိုင်တော့ပေ။ "နင်က တကယ်ပဲ အဲဒီလောက် ရက်ရောနေတာလား။"

လမ်းပြရုံလေးနဲ့ သကြားလုံးတောင်းတတ်တဲ့ ဒီကလေးမလေးက ငှက်ဥတွေကို အလကားပေးမယ်ဆိုတာ သူမ လုံးဝမယုံပေ။

စုန့်ရွှယ်လေးက သူမဖင်သူမကုတ်ရင်း ရယ်မောလိုက်ကာ ပြောလိုက်သည်။

"ဟိုလေ... မမလှလှကလည်း၊ ကြည့်ပါဦး... သမီးက ဒီငှက်ဥတွေရအောင် အပင်ပန်းခံ ရှာထားရတာဆိုတော့... သမီးကို သကြားလုံးလေး နည်းနည်းလောက် ပေးလို့ရမလားဟင်..."

"သမီးက အလကားယူမှာ မဟုတ်ပါဘူး၊ ငှက်ဥနဲ့ လဲမှာပါ။ ဒီမှာ ငှက်ဥ ၅ လုံးရှိတယ်၊ အစ်မကြီးက သမီးကို သကြားလုံး ၄ လုံးပဲ ပေး၊ အစ်မကြီးအတွက် အများကြီး တန်တယ်နော်။"

ထျဲလန်ယန် မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။

ဒီကလေးမလေးက တကယ့်ကို လည်လွန်းသည်၊ စီးပွားရေးလုပ်တတ်လိုက်တာ။

အရင်နှစ်ခေါက် သူမဆီ လာကစားတုန်းက ခဏပဲကစားပြီး ပြန်သွားတာဖြစ်ပြီး သကြားလုံးကို ဘယ်တော့မှ အတင်းမတောင်းခဲ့ပေ။

သူမက သကြားလုံးနဲ့ လဲဖို့အတွက်ကိုပဲ သီးသန့် ငှက်ဥသွားခိုးလာတာ သေချာသည်။

ပြောရရင်တော့ ဒီလိုနည်းလမ်းမျိုးက ထျဲလန်ယန်အတွက်တော့ အတော်လေး ချီးကျူးစရာပင်။

သူမက အလကားလိုချင်တာမဟုတ်ဘဲ ပစ္စည်းချင်းလဲလှယ်တာဖြစ်လို့ ဒီကလေးမလေးရဲ့ စိတ်ဓာတ်က တကယ်ကို မဆိုးလှပေ။

ထျဲလန်ယန်က စုန့်ရွှယ်ကို ခဏစောင့်ခိုင်းပြီး အခန်းထဲ ပြန်ဝင်သွားခဲ့သည်။

သူမ ပြန်ထွက်လာတော့ လက်ထဲမှာ ယုန်ဖြူကြီး နို့သကြားလုံး ၅ လုံး ပါလာသည်။

"ငါ နင့်ကို ယုန်ဖြူ သကြားလုံးတွေနဲ့ လဲပေးမယ်၊ နင့်အပေါ် အခွင့်ကောင်းတော့ မယူပါဘူး။"

"တကယ်လား... အားလုံး သမီးအတွက်လားဟင်။"

ဒါတွေက ယုန်ဖြူသကြားလုံးတွေဖြစ်ပြီး သစ်သီးသကြားလုံးတွေထက် အများကြီး ပိုအရသာရှိသလို ပိုလည်း ဈေးကြီးသည်။

သူမ ဒါကို နောက်ဆုံးစားခဲ့ရတာက လွန်ခဲ့တဲ့ တစ်နှစ်က သူမအစ်ကို စစ်တပ်က ပြန်လာတုန်းက ဝယ်ပေးခဲ့တာဖြစ်သည်။

တကယ်ကို ချိုမြိန်လှသည်။

"အင်းလေ... ငါတို့ လဲလှယ်ကြတာပဲကို။"

ထျဲလန်ယန်က ပြုံးပြီး သကြားလုံးတွေကို ကလေးမလေးလက်ထဲ ထည့်ပေးကာ ငှက်ဥ ၅ လုံးကို ယူလိုက်သည်။

"ငါ ငှက်ဥ တစ်ခါမှ မစားဖူးသေးဘူး၊ ဒီနေ့တော့ စားကြည့်ရတော့မယ်။ ဒါပေမယ့် နောက်တစ်ခါ ငှက်ဥသွားခိုးရင် ငါ့ကို အသိပေးဦးနော်။"

စုန့်ရွှယ်လေးမှာတော့ ယုန်ဖြူသကြားလုံးလေးတွေ ရလိုက်တဲ့ ပျော်ရွှင်မှုထဲမှာ နစ်မြောနေဆဲပင်။

ဒါကို ကြားတော့ သူမ ခေါင်းလေးစောင်းပြီး နားမလည်စွာ မေးလိုက်သည်။ "ဘာလို့ အစ်မကြီးကို ပြောရမှာလဲဟင်။"

သူမပုံစံလေးက တကယ့်ကို ချစ်ဖို့ကောင်းနေသည်။

ထျဲလန်ယန်က သူမနှာခေါင်းလေးကို လက်နဲ့ မနာအောင် လှမ်းတို့ပြီး ပြောလိုက်သည်။

"နင်တစ်ယောက်တည်း သစ်ပင်တက်တာ အရမ်းအန္တရာယ်များတယ်လေ၊ နောက်တစ်ခါ ငှက်ဥသွားခိုးရင် ငါ့ကိုခေါ်၊ ငါက အောက်ကနေ စောင့်ကြည့်ပေးမယ်။"

စုန့်ရွှယ်ရဲ့ မျက်လုံးလေးတွေ စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာပြီး ဝမ်းသာအားရ ပြောလိုက်သည်။

"မမလှလှလေးက တကယ်ကို စိတ်ထားကောင်းတာပဲ၊ သမီးရဲ့ ယောက်မ လုပ်ပါလားဟင်၊ သမီးရဲ့ အစ်ကိုကြီးနဲ့ မိတ်ဆက်ပေးမယ်လေ။"

…….

ပေကျင်း၊ ကြည်းတပ် တိုက်ခိုက်ရေးတပ်ဖွဲ့။

လေ့ကျင့်ရေးဆင်းနေတဲ့ စုန့်ပိုင်ယွမ်တစ်ယောက် ရုတ်တရက် နှာချေလိုက်မိသည်။

ဘေးက ရဲဘော်တစ်ယောက်က ချက်ချင်းမေးခဲ့သည်။ "ဗိုလ်ကြီးစုန့်... ဘာဖြစ်လို့လဲ၊ အအေးမိနေတာလား။"

စုန့်ပိုင်ယွမ် - "မဟုတ်ပါဘူး။"

သူ လေ့ကျင့်ခန်းလုပ်တာ ပြင်းထန်သွားလို့ နှာခေါင်းထဲ ဖုန်ဝင်သွားတာ ဖြစ်နိုင်သည်။

စုန့်ပိုင်ယွမ်ခမျာ ယုန်ဖြူနို့သကြားလုံး ၅ လုံးကြောင့် သူ့ရဲ့ညီမလေးက သူ့ကို ရောင်းစားဖို့ လုပ်နေပြီဆိုတာ မသိရှာပေ။

……

ကွေ့ဟွာကျေးရွာက ပညာတတ်လူငယ်ဝင်းသို့ ပြန်ရသော်။

စုန့်ရွှယ်ရဲ့ စကားကို ကြားတော့ ထျဲလန်ယန်က ပြုံးပြီး ခေါင်းခါကာ ပြောလိုက်သည်။

"စုန့်ရွှယ်... နင်က ငယ်သေးတယ်၊ ဒီလိုစကားမျိုးတွေ မပြောရဘူးလေ။"

"သမီးက ဒီနှစ် ၈ နှစ်ရှိပြီနော်၊ မငယ်တော့ပါဘူး။"

စုန့်ရွှယ်က ဒီလိုပြောပြီး သူမနားကို တိုးတိုးလေး ကပ်ပြောလိုက်သည်။

"မမလှလှ... လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်၊ သမီးမှာ ရည်းစားရှိတယ် သိလား။"

ထျဲလန်ယန် မျက်လုံးအဝိုင်းသား ဖြစ်သွားခဲ့သည်။ "တကယ်လား... နင့်ရည်းစား နာမည်က ဘယ်သူလဲ၊ ဘယ်နှစ်နှစ်ရှိပြီလဲ။"

စုန့်ရွှယ် - "သူ့နာမည်က ကောတန်းတဲ့၊ သမီးထက် တစ်နှစ်ငယ်တယ်၊ အစ်မကြီး ဒါကို လျှို့ဝှက်ပေးထားရမယ်နော်။"

ထျဲလန်ယန် အကျယ်ကြီး ရယ်မိတော့သည်။

ကောတန်းတဲ့လား... နာမည်ကလည်း ရိုးရှင်းလိုက်တာ။

တစ်နှစ်ငယ်တယ်ဆိုတော့... ၇ နှစ်ပဲ ရှိသေးတာလား။

ကလေးတွေက တကယ်ကို ရိုးသားပြီး ချစ်ဖို့ကောင်းလွန်းသည်။

"ကျေးဇူးပါ အစ်မကြီး။" စုန့်ရွှယ်က တောက်ပစွာ ပြုံးလိုက်ပြီးနောက် အလေးအနက် ဆက်ပြောခဲ့သည်။

"အဲဒါကြောင့်လေ အစ်မကြီး... သမီးရဲ့ ယောက်မ လုပ်ပါလားဟင်။ သမီးအစ်ကိုက တကယ်ကို ချောတာ၊ သူက စစ်တပ်မှာ တပ်ရင်းမှူးတောင် ဖြစ်နေပြီနော်။"

သူမ ဒီလိုပြောလိုက်ရင် လှပတဲ့အစ်မကြီးကတော့ စိတ်လှုပ်ရှားသွားမှာ သေချာတယ်၊ ဟီးဟီး။

ထျဲလန်ယန် - "မလိုပါဘူး၊ ငါ အခုထိတော့ ရည်းစားရှာဖို့ မစဉ်းစားသေးဘူး။"

ထျဲလန်ယန်ကတော့ ရည်းစားရှာဖို့ လုံးဝ မလောပေ။

သူမက အခုမှ ၁၇ နှစ်ပဲ ရှိသေးတာဖြစ်ပြီး အနာဂတ်မှာ ဖြစ်နိုင်ခြေတွေ အများကြီး ရှိပါသေးသည်၊ အချစ်ဆိုတာကလည်း ကံတရားအတိုင်းပါပဲ။

ထျဲလန်ယန်က ဒီလိုပြောလိုက်တာကြောင့် စုန့်ရွှယ် အနည်းငယ် စိတ်ဓာတ်ကျသွားသော်လည်း ချက်ချင်းပင် ပြန်ပြီး တက်ကြွလာသည်။

သူမအစ်ကိုက အရမ်းတော်တာပဲလေ၊ သူစစ်တပ်က ပြန်လာရင် သူတို့နှစ်ယောက်ကို လျှို့ဝှက်တွေ့ပေးမယ်၊ အဲဒီအခါကြရင် လှပတဲ့အစ်မကြီးက သူ့ကို ကြိုက်သွားမှာ သေချာသည်။

သူတို့နှစ်ယောက် စကားပြောနေတုန်းမှာပဲ ပညာတတ်လူငယ်ဝင်းရဲ့ မနက်စာ စားချိန်နီးလာခဲ့ပြီပင်။

စုန့်ရွှယ်က ထျဲလန်ယန်ကို နှုတ်ဆက်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ထွက်သွားတော့သည်။

မနက်စာ စားပြီးတာနဲ့ အလုပ်ဆင်းဖို့ ခေါင်းလောင်းသံ မြည်လာသည်။

ထျဲလန်ယန် ခပ်မြန်မြန် ပြင်ဆင်ပြီး လန်းလန်းဆန်းဆန်းနဲ့ ဝင်းထဲကနေ ထွက်လာခဲ့သည်။

နေ့သစ်တစ်နေ့မှာ အလုပ်ကို ကြိုးကြိုးစားစား လုပ်ရဦးမည်။

….

အခြားတစ်ဖက်တွင်မူ။

ကွင်းထဲမှာ လေ့ကျင့်ရေးတွေ လုပ်ပြီးနောက် စုန့်ပိုင်ယွမ်သည် ဟွမ်ကျန်းဝေ၏ ရုံးခန်းသို့ သွားခဲ့သည်။

ဟွမ်ကျန်းဝေ - "မင်း အိမ်ပြန်ဖို့ ခွင့်တောင်းချင်လို့လား။"

စုန့်ပိုင်ယွမ် ခေါင်းညိတ်ပြခဲ့သည်။ "ဟုတ်ကဲ့၊ ကျွန်တော် အိမ်မပြန်ဖြစ်တာ တစ်နှစ်နီးပါး ရှိပြီဆိုတော့ ပြန်ကြည့်ချင်လို့ပါ။"

ဟွမ်ကျန်းဝေကလည်း ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။ "ကောင်းပြီ၊ မင်းကို ခွင့် နှစ်ပတ်ပေးမယ်။ အိမ်ပြန်ပြီး မိသားစုနဲ့ ပျော်ပျော်ပါးပါး ဆုံကြပေါ့၊ ဖြစ်နိုင်ရင်တော့ မင်းရဲ့ တစ်သက်တာကိစ္စကိုပါ တစ်ခါတည်း အပြီးသတ်ခဲ့။"

စုန့်ပိုင်ယွမ် - "မလောပါဘူး။"

နိုင်ငံရေးမှူးဟွမ်က မျက်မှောင်ကြုတ်လိုက်မိသည်။

"ဘာလို့ မလောတာလဲ၊ မင်းက ၂၄ နှစ်ရှိပြီ၊ နှစ်သစ်ကူးပြီးရင် ၂၅ ဖြစ်တော့မယ်။ အခုထိ လူပျိုကြီး လုပ်နေတုန်းပဲ၊ ဒါက စစ်တပ်အတွက် မကောင်းဘူး။"

စုန့်ပိုင်ယွမ် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။ "စစ်တပ်ထဲမှာ ကျွန်တော်တစ်ယောက်တည်း လူပျိုဖြစ်နေတာမှ မဟုတ်တာ။ အကယ်၍ ဒါက စစ်တပ်အတွက် မကောင်းဘူးဆိုရင် ကျွန်တော် ထွက်ရမှာလား။"

ဟွမ်ကျန်းဝေ - …

ဒီကောင်စုတ်လေးကတော့ ငါ့ကို ရူးအောင်လုပ်နေပြီ။ ငါနဲ့ စကားနိုင်လုဖို့ပဲ သိတယ်။

"သွား... သွားတော့။ မနက်ဖြန်ရောက်တာနဲ့ ထွက်သွားတော့။"

စုန့်ပိုင်ယွမ် ထွက်သွားဖို့ ပြင်လိုက်ပေမယ့် တံခါးဝရောက်မှ ပြန်လှည့်ပြောသည်။

"နောက်တစ်လမှာ တာဝန်တစ်ခု ရှိတယ်နော်၊ အထက်က ကျွန်တော့်ကို သွားဖို့ သတ်မှတ်ထားတာ၊ ကျွန်တော် သွားရဦးမှာလား။"

ဟွမ်ကျန်းဝေက သူ့ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ "သွားတာ မသွားတာ မင်းဘာသာ ဆုံးဖြတ်၊ ငါ့ကို လာမမေးနဲ့။"

ဒါကတော့ လိုက်လျောလိုက်ခြင်းပင်။

စုန့်ပိုင်ယွမ် ခေါင်းညိတ်လိုက်သည်။ "ကျွန်တော် ပြန်လာရင် နေရပ်က လက်ဖက်ခြောက် ယူလာခဲ့ပါ့မယ်။"

ဟွမ်ကျန်းဝေ နှာခေါင်းရှုံ့လိုက်သည်။ "ဘယ်သူက မင်းရဲ့ လက်ဖက်ခြောက်ကို လိုချင်လို့လဲ။"

ထိုလူ ထွက်သွားပြီးနောက်မှာတော့ သူသည် လက်ဖက်ရည်ဖျော်ရန် ခပ်မြန်မြန် ထရပ်လိုက်သည်။

သူ တစ်ခုခု မေ့နေသလို ခံစားနေရတာ၊ တကယ်တမ်းတော့ သူအကြိုက်ဆုံး လက်ဖက်ရည် မဖျော်ရသေးတာကိုး။

မြန်မြန်ဖျော်မှပဲ၊ မဟုတ်ရင် ဒီနေ့တစ်နေ့လုံး နေရတာ ခက်လိမ့်မည်။

……

ဘေးခန်းက ရဲဘော်က သူ အိမ်ပြန်တော့မယ်ဆိုတာ သိတော့ ပြေးလာပြီး ပြောခဲ့သည်။

"ဗိုလ်ကြီးစုန့်... ခွင့်အကြာကြီး ယူထားတာဆိုတော့ အိမ်ပြန်ရင် မိန်းမ သွားရှာမှာလား။ ကျွန်တော့်ရဲ့ ဝမ်းကွဲညီမလေးနဲ့ မိတ်ဆက်ပေးမယ်လေ။"

စုန့်ပိုင်ယွမ်က အထုပ်အပိုးတွေ ပြင်ရင်း ခေါင်းမော့ကြည့်ကာ ပြောလိုက်သည်။ "အရင်က စစ်တပ်ကို ဆွေမျိုးလာမေးတဲ့ တစ်ယောက်လား။"

ရဲဘော်ရဲဘက် - "ဟုတ်တယ်၊ ဟုတ်တယ်၊ ဗိုလ်ကြီးနဲ့ တစ်ခါဆုံဖူးတယ်လေ။ သူမက ဗိုလ်ကြီးကို တကယ်ကြိုက်နေတာ၊ ပြောဖို့ပဲ ရှက်နေတာ။"

စုန့်ပိုင်ယွမ် - "မလိုပါဘူး။"

ရဲဘော်ရဲဘက် : "ဘာလို့လဲ၊ ကျွန်တော့်ညီမက တော်တော်ချောတာနော်၊ သူမက ပေကျင်းစစ်တပ် အနုပညာအဖွဲ့ထဲမှာတောင် ပါတာ။"

စုန့်ပိုင်ယွမ် - "မသင့်တော်ပါဘူး။"

ရဲဘော်ရဲဘက်က ဇွဲမလျှော့ခဲ့ပေ။ "ဘာလို့ မသင့်တော်တာလဲ၊ သူ့မိသားစုကလည်း စစ်တပ်မိသားစုပဲလေ။ မျိုးဆက်သုံးဆက်လုံးက ထူးချွန်တဲ့သူတွေချည်းပဲ၊ ဗိုလ်ကြီးရဲ့ မိသားစုကကြတော့..."

ဗိုလ်ကြီးတို့ မိသားစုက လယ်သမားမျိုးရိုးဆိုတော့ သူက ဗိုလ်ကြီးအတွက် အများကြီး သာပါတယ်လို့ သူ စိတ်ထဲက ပြောနေသော်လည်း အပြင်ကိုတော့ ထုတ်မပြောဝံ့ပေ။

စုန့်ပိုင်ယွမ်က လေ့ကျင့်ရေးလုပ်ရာမှာ အရူးအမူးဖြစ်တဲ့သူမို့လို့ သူ အပြင်ထုတ်မပြောရဲခြင်း ဖြစ်သည်။

အကယ်၍ သူ့ကို စိတ်ဆိုးအောင်လုပ်မိရင် လူကို ဆွဲခေါ်ပြီး သေအောင် လေ့ကျင့်ခိုင်းပေလိမ့်မည်။

စုန့်ပိုင်ယွမ် - "ထွေထွေထူးထူး အကြောင်းပြချက် မရှိပါဘူး၊ ကျွန်တော်တို့ အဆင်မပြေလို့ပါ။"

ရဲဘော်ရဲဘက်က ကြောင်သွားခဲ့သည်။ "အဲဒါက အကြောင်းပြချက်လား။"

စုန့်ပိုင်ယွမ် ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်၊ အဲဒါက အကြောင်းပြချက်ပဲ။"

"ကျွန်တော်ကတော့ ကျွန်တော်နဲ့ အဆင်ပြေမယ့်သူကိုပဲ ရှာချင်တယ်၊ တကယ်လို့ အဆင်မပြေရင်တော့ တစ်သက်လုံး လူပျိုကြီးပဲ လုပ်သွားတော့မယ်။"

ရဲဘော်ရဲဘက် - …

ဘယ်လို အမျိုးသမီးမျိုးက ဗိုလ်ကြီးစုန့်ရဲ့ မျက်စိကျခြင်းကို ခံရမလဲဆိုတာ သူ တကယ်ကို သိချင်သွားမိသည်။

"ဟတ်ချိုး။"

ကွေ့ဟွာကျေးရွာက လယ်ကွင်းထဲမှာရှိနေတဲ့ ထျဲလန်ယန် တစ်ယောက် ရုတ်တရက် နှာချေလိုက်မိတော့သည်....

All Chapters