အခန်း (၄၇-၄၈)
Vol. 5 Ch. 47-48
အပိုင်း ၄၇
နောက်တစ်နေ့တွင် စုန့်ပိုင်ယွမ်သည် အိမ်ပြန်မည့် ရထားပေါ်သို့ တက်ခဲ့သည်။
ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ပြင်းထန်သော လေ့ကျင့်ခန်းများ လုပ်ထားရသဖြင့် ရထားပေါ်ရောက်သည်နှင့် သူသည် ထိုင်ခုံတွင် မှီလိုက်ပြီး အနားယူရန် မျက်စိမှိတ်လိုက်တော့သည်။
အချိန်မည်မျှ ကြာသွားသည်မသိ၊ ရုတ်တရက် ကြည်လင်ပြတ်သားသော အသံတစ်ခုကို သူကြားလိုက်ရသည်။
"ဦးလေး... နည်းနည်းလောက် ဖယ်ပေးပါဦး။"
စုန့်ပိုင်ယွမ် ချက်ချင်း မျက်လုံးပွင့်သွားသည်။
ဦးလေးတဲ့လား…
သူ ခေါင်းလှည့်ကြည့်လိုက်သောအခါ မိန်းကလေးတစ်ဦးက လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို စကားပြောနေသည်ကို တွေ့ရသည်။
စုန့်ပိုင်ယွမ်၏ မျက်ဝန်းများ မှေးမှိန်သွားခဲ့သည်။
ပြုံးရိပ်များ ပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံကို သူ မတွေးဘဲမနေနိုင် ဖြစ်သွားမိသည်။
လွန်ခဲ့သည့် လဝက်ခန့်က သူသည် တာဝန်တစ်ခုမှ ပြန်ရောက်ခါစ ဖြစ်သည်။
နယ်စပ်က တောနက်တောင်နက်ထဲတွင် လုပ်ဆောင်ရသည့် ထိုတာဝန်သည် အလွန်အန္တရာယ်များပြီး သူသည် အချိန်အတော်ကြာ ချောင်းမြောင်းစောင့်ဆိုင်းခဲ့ရသည်။
လူအများ သတိမထားမိစေရန် သူသည် တမင်မုတ်ဆိတ်မွေးများ ထားကာ ဖရိုဖရဲ ဝတ်ဆင်ခဲ့ပြီး နောက်ဆုံးတွင် ရန်သူကို အလစ်အငိုက် ဖမ်းနိုင်ခဲ့သည်။
ထိုစဉ်က သူသည် လပေါင်းများစွာ ကောင်းကောင်းမွန်မွန် မစားခဲ့ရသဖြင့် နိုင်ငံပိုင် စားသောက်ဆိုင်က ဝက်သားနီချက်ကို အထူးတလည် တောင့်တနေခဲ့သည်။
တောထဲတောင်ထဲတွင် နေသားကျနေပြီး စကားပြောလေ့မရှိသဖြင့် သူသည် ပြန်လည် မချေပခဲ့ပေ။
ကြင်နာတတ်သော အမျိုးသမီးငယ်တစ်ဦးက ရှေ့သို့ထွက်လာပြီး သူ့ကို ကူညီခဲ့သည်။
သူက ကျေးဇူးတင်စကား ပြောချင်သော်လည်း သူမက ပြောသည်မှာ"မလိုပါဘူး ဦးလေးရယ်၊ ကျွန်မ ကျွေးတယ်လို့ပဲ သဘောထားလိုက်ပါ၊ ကုသိုလ်လုပ်တယ်လို့ပဲ မှတ်လိုက်နော်။" ဟူ၍ပင်။
"ဦးလေး" ဆိုသည့် စကားလုံးကြောင့် စုန့်ပိုင်ယွမ်မှာ ဆွံ့အသွားခဲ့ရသည်။
သူ သတိပြန်ဝင်လာချိန်တွင် ထိုမိန်းကလေးမှာ ထွက်သွားနှင့်ပြီ ဖြစ်သည်။
ထိုအဖြစ်အပျက်ကို ပြန်တွေးမိတိုင်း စုန့်ပိုင်ယွမ် အနည်းငယ် နောင်တရမိသည်။
ဘာပဲဖြစ်ဖြစ် သူသည် သူမကို ကျေးဇူးကြွေး တင်ရှိနေသည်။
အကယ်၍ သူမကို တစ်ခါပြန်တွေ့ခဲ့လျှင် သူသည် သေသေသေချာချာ ကျေးဇူးတင်စကားပြောပြီး ထမင်းတစ်နပ် ပြန်ကျွေးမည်ဟု တေးထားမိသည်။
ကံမကောင်းစွာဖြင့် ဒီလောက်လူအများကြီးထဲတွင် သူမကို ဘယ်မှာသွားရှာရပါမည်နည်း။
…….
ရက်အနည်းငယ်အကြာတွင် စုန့်ပိုင်ယွမ်သည် နောက်ဆုံး၌ သူ၏ဇာတိမြေသို့ ပြန်ရောက်ခဲ့သည်။
အဝေးကလှမ်းကြည့်ရုံဖြင့် ဝင်းထဲမှ သူ့အမေ၏ ကျယ်လောင်သော ဆူပူသံနှင့် ညီမငယ်၏ ငိုယိုသံကို ကြားနေရသည်။
စုန့်ပိုင်ယွမ်၏ နှုတ်ခမ်းလေးများက ပြုံးယောင်သန်းသွားသည်။
သူ့အမေ ကျန်းမာရေး ကောင်းပုံရပြီး ညီမလေးကတော့ အရင်အတိုင်း ဆိုးမြဲဆိုးဆဲပင် ရှိသည်။
စုန့်ပိုင်ယွမ်သည် အိမ်ရှေ့တံခါးဝသို့ ရောက်ရုံရှိသေးသည်။
သူ့ညီမလေး စုန့်ရွှယ်မှာ ခေါင်းကိုလက်နှင့်အုပ်ကာ အော်ဟစ်ရင်း ပြေးထွက်လာခဲ့သည်။
သူ့ကို မြင်လိုက်သည်နှင့် သူမ၏ မျက်လုံးများ တောက်ပသွားပြီး သူ့ဆီသို့ ပြေးဖက်လိုက်တော့သည်။
"အစ်ကိုကြီး၊ ပြန်လာပြီလား။ သမီး အစ်ကို့ကို အရမ်းလွမ်းနေတာ။"
အမေဖြစ်သူ ဟဲချွန်းဟွာမှာ လက်ထဲတွင် တံမြက်စည်းကိုကိုင်ကာ လိုက်လာရင်း တံခါးဝတွင် ရင်းနှီးနေသည့် အရပ်ရှည်ရှည် လူရိပ်ကို မြင်လိုက်ရသောအခါ လက်ထဲမှ တံမြက်စည်းမှာ လွတ်ကျသွားပြီး သူမ၏မျက်ဝန်းများတွင် မျက်ရည်များ ချက်ချင်း ပြည့်လျှံလာခဲ့သည်။
"ငါ့သားကြီး... နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ။"
အမေစုန့်သည် ပြေးလာကာ စုန့်ပိုင်ယွမ်ကို တင်းတင်းကြပ်ကြပ် ဖက်ထားရင်း ပြောခဲ့သည်။
"ပြန်လာတာ ကောင်းတယ်... ပြန်လာတာ တကယ်ကောင်းတယ်..."
တခြားလူတွေရဲ့ သားတွေ စစ်တပ်ထဲသွားရင် တစ်လ၊ နှစ်လတစ်ခါ အိမ်ကိုဖုန်းဆက်ပြီး ဘေးကင်းကြောင်း အကြောင်းကြားနိုင်ကြသည်။
ဒါပေမယ့် သူမသားကတော့ မတူပါ၊ သူက မကြာခဏဆိုသလို အလွန်အန္တရာယ်များသည့် တာဝန်များကို ထမ်းဆောင်ရလေ့ရှိသည်။
တာဝန်တစ်ခုအတွင်း သူမသား သေနတ်မှန်ပြီး လဝက်လောက် သတိမေ့သွားကတည်းက အမေစုန့်မှာ စတင်စိုးရိမ်လာခဲ့ခြင်း ဖြစ်သည်။
သူမသည် သားဖြစ်သူကို စစ်တပ်ကထွက်ပြီး အလုပ်ပြောင်းရန်လည်း ကြိုးစားဖြောင်းဖျခဲ့ဖူးသည်။
သို့သော် သားဖြစ်သူက ငြင်းပယ်ခဲ့ကာ စစ်သားဖြစ်ရခြင်းသည် သူ၏ တစ်သက်တာ အိပ်မက်ဖြစ်ကြောင်းနှင့် နိုင်ငံအတွက် အသက်ပေးရခြင်းသည် သူ၏ ဂုဏ်ယူစရာဖြစ်ကြောင်း ပြောခဲ့သည်။
သူ့သားက ခေါင်းမာသလို တစ်ခုခု ဆုံးဖြတ်ပြီးလျှင် ဘယ်တော့မှ နောက်မဆုတ်တမ်း လုပ်တတ်သူမျိုး ဖြစ်သည်။
အမေစုန့်သည် သူ့ကို ဆက်ဖြောင်းဖျ၍ မရနိုင်တော့မှန်း သိသဖြင့် လွှတ်ပေးထားလိုက်ရတော့သည်။
သူမသား စစ်တပ်ထဲသွားတိုင်း သူမသည် သားကို ဆုံးရှုံးရနိုင်သည်ဟု စိတ်ထဲက ပြင်ဆင်ထားခဲ့ရသည်။
သို့သော် သူ ဘေးကင်းစွာ ပြန်လာတိုင်း သူမသည် အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်ရသည်။
"သား... ပြန်လာတာ တကယ်ကောင်းတယ်။ အမေ အခုပဲ သမဝါယမဆိုင်ကို သွားလိုက်ဦးမယ်။"
"လွန်ခဲ့တဲ့ နှစ်ရက်က ဝက်သားအသစ်တွေ ရောက်တယ်လို့ ကြားတယ်၊ သားက ဝက်သားနီချက် ကြိုက်တယ်မဟုတ်လား၊ အမေ အသားသွားဝယ်ပြီး ချက်ပေးမယ်။"
စုန့်ပိုင်ယွမ်တစ်ယောက် ထိုင်တောင်မထိုင်ရသေးမီ အမေစုန့်သည် ကပျာကယာ ထွက်သွားတော့သည်။
ထွက်သွားသော အမေဖြစ်သူ၏ ကျောပြင်ကို ကြည့်ရင်း စုန့်ပိုင်ယွမ်၏ ရင်ထဲတွင် နွေးထွေးမှုလှိုင်းလုံးတစ်ခု ရိုက်ခတ်သွားသည်။
အိမ်ပြန်ရောက်ရတာ တကယ်ကို ကောင်းလှပေသည်။
"အစ်ကိုကြီး... သမီးအတွက် စားစရာ ဘာတွေပါလဲဟင်၊ မုန့်ချိုချိုလေးတွေ စားချင်တယ်၊ ဟီးဟီး။"
စုန့်ရွှယ်သည် သူ့အိတ်ကို မျှော်လင့်တကြီး ကြည့်နေပြီး အလိုလိုက်ခံချင်သည့် အပြုံးလေးဖြင့် ပြုံးပြနေသည်။
စုန့်ရွှယ်က အခုမှ ၈ နှစ်ပဲ ရှိသေးသည်၊ သူမက အမေစုန့်ရဲ့ အချစ်ရဆုံးသမီးလေးဖြစ်သဖြင့် အမေဖြစ်သူက သူမကို အလွန်အမင်း အလိုလိုက်ထားသည်။
သူမက အနည်းငယ် ဆိုးသော်လည်း အလွန်လိမ္မာသည်၊ ဘာလုပ်ရမည်၊ ဘာမလုပ်ရမည်ကို ကောင်းစွာ နားလည်သည်။
အကယ်၍ တခြားကလေးများသာဆိုလျှင် အခုလောက်ဆို အစ်ကိုဖြစ်သူ၏ အိတ်ကို မွှေနှောက်နေလောက်ပြီပင်။
သို့သော် စုန့်ရွှယ်ကတော့ မိဘဆိုဆုံးမမှုကောင်းသူဖြစ်သဖြင့် အနားတွင် လိမ္မာပါးနပ်စွာ ရပ်နေပြီး အစ်ကိုကြီးက ကျွေးမည့်အချိန်ကို စောင့်နေသည်။
စုန့်ပိုင်ယွမ်သည် သူ့ညီမလေးကို တကယ်ကို အသည်းစွဲ ချစ်ရှာသည်။
သူက ပြုံးပြီး သူမ၏ဆံပင်လေးတွေကို ပွတ်သပ်ပေးကာ အသံကို နှိမ့်လိုက်သည်။
"ဒီတစ်ခေါက် အစ်ကိုကြီး အလျင်စလို ပြန်လာရလို့ ဘာမှမဝယ်ခဲ့ရဘူး၊ မနက်ဖြန်ကြရင် အစ်ကိုကြီး မြို့နယ်ကုန်တိုက်ကို ခေါ်သွားပြီး စားချင်တာတွေ ဝယ်ပေးမယ် ဟုတ်ပြီလား။"
"ဟုတ် ဟုတ်။"
စုန့်ရွှယ်၏ မျက်လုံးများ တောက်ပသွားပြီး အိတ်ကပ်ထဲမှ ယုန်ဖြူ နို့သကြားလုံးတစ်လုံးကို ထုတ်လိုက်သည်။
"အစ်ကိုကြီး... ရော့၊ သကြားလုံးစား။ သမီး ဒါကို စားချင်ပေမယ့် မစားဘဲ အစ်ကို့အတွက် သိမ်းထားတာ သိလား။"
စုန့်ပိုင်ယွမ် - "အစ်ကိုကြီးက သကြားလုံး မကြိုက်ပါဘူး၊ ညီမလေးပဲ စားလိုက်ပါ။"
သို့သော် စုန့်ရွှယ်က ယုန်ဖြူကြီးသကြားလုံးကို နှစ်ခြမ်းခွဲကာ စုန့်ပိုင်ယွမ်၏ ပါးစပ်ထဲသို့ အတင်းထိုးထည့်လိုက်သည်။ "တစ်ယောက် တစ်ဝက်စီ စားမယ်လေ..."
"တစ်ဝက်စီ။"
ယုန်ဖြူ သကြားလုံး၏ နို့နံ့သင်းသည့် အချိုဓာတ်မှာ သူ၏ပါးစပ်ထဲတွင် ချက်ချင်း ပျံ့နှံ့သွားခဲ့သည်။
စုန့်ပိုင်ယွမ်သည် ပါးစပ်ထဲတွင်သာမက ရင်ထဲတွင်ပါ ချိုမြိန်သွားသလို ခံစားလိုက်ရသည်။
စုန့်ရွှယ် ပြုံးပြီး မေးလိုက်သည်။ "အစ်ကိုကြီး... ချိုရဲ့လားဟင်။"
စုန့်ပိုင်ယွမ် ခေါင်းညိတ်ပြလိုက်သည်။ "ချိုတာပေါ့။"
သူက သကြားလုံး အစားနည်းသူဖြစ်သည်။ အရင်ကတော့ မစားနိုင်ခဲ့လို့ဖြစ်ပြီး နောက်ပိုင်း စားနိုင်ချိန်မှာတော့ အရမ်းချိုလွန်းသည်ဟု ခံစားရသောကြောင့် ဖြစ်သည်။
ဒါပေမယ့် ဒီနေ့တော့ ဒီသကြားလုံးက အထူးတလည် အရသာရှိနေသည်။
စုန့်ရွှယ် သွားလေးဖြဲပြလိုက်သည်။ "ဒါ သမီးရဲ့ ယောက်မ ပေးတာ၊ သူမက တကယ်ကို စိတ်ထားကောင်းတာနော်။"
စုန့်ပိုင်ယွမ်၏ မျက်နှာ အမူအရာ တောင့်တင်းသွားခဲ့သည်။ "နင့်မှာ ယောက်မ ဘယ်ကရှိမှာလဲ၊ နင့်မှာ တခြားအစ်ကိုမှ မရှိတာ။"
သူ့ရဲ့ အဘိုးအဘွားတွေနဲ့ ဦးလေးတွေက သူတို့နဲ့ အဆက်အသွယ် ဖြတ်ထားကြတာဖြစ်ပြီး မိသားစုနှစ်စုကလည်း မပတ်သက်ကြတာကြောင့် ထိုဘက်က ဖြစ်နိုင်စရာ မရှိပေ။
စုန့်ရွှယ် အကျယ်ကြီး ရယ်လိုက်သည်။ "အစ်ကိုကြီးကလည်း... အူကြောင်ကြောင်နဲ့၊ အစ်ကိုကြီးက သမီးရဲ့ အစ်ကို မဟုတ်ဘူးလား။"
"ငါလား" စုန့်ပိုင်ယွမ် ဆွံ့အသွားသည်။
"ဟုတ်တယ်လေ အစ်ကိုကြီးရဲ့၊ အစ်ကိုကြီးမှာ လက်တွဲဖော်မရှိဘူးမလား၊ အဲဒါကြောင့် သမီးက အစ်ကို့အတွက် မိန်းမရှာပေးထားတာ။"
စုန့်ရွှယ်သည် ခေါင်းလေးခါ၊ ကိုယ်လေးယိမ်းကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
"သမီးရဲ့ ယောက်မက အရမ်းချောတာပဲ၊ စိတ်လည်း အရမ်းရှည်တယ်၊ သမီးက ငှက်ဥ ၅ လုံးနဲ့ ဒီယုန်ဖြူသကြားလုံး ၅ လုံးကို လဲခဲ့တာ။"
စုန့်ပိုင်ယွမ်ရဲ့ မျက်နှာအမူအရာက လေးနက်သွားခဲ့သည်။ "စုန့်ရွှယ်၊ ငှက်ဥတွေ ခိုးဖို့ သစ်ပင်ပေါ် ထပ်တက်ပြန်ပြီးလား"
စုန့်ရွှယ် ပါးဖောင်းဖောင်းလေးလုပ်ကာ ပြောလိုက်သည်။ "အို... အဲဒါက အဓိက မဟုတ်ပါဘူး၊ သမီးပြောတဲ့ ကျန်တဲ့စကားတွေကို ဘာလို့ သေချာနားမထောင်တာလဲ။"
စုန့်ပိုင်ယွမ် - "ငါ နားထောင်နေပါတယ်၊ နင်က သူမသကြားလုံးကိုပဲ မျက်စိကျနေတာပါ။"
စုန့်ရွှယ် - …
"မဟုတ်ပါဘူး၊ မဟုတ်ပါဘူးဆို။ လျှောက်မပြောနဲ့နော်။"
စိတ်ဆိုးသွားပြီ၊ ဟွန့်။
စုန့်ပိုင်ယွမ် - "ကဲ... ကဲ... စိတ်မဆိုးနဲ့တော့၊ အစ်ကိုကြီးက စတာပါ။"
"ပြီးတော့... သူ့ကို ခဏခဏ ယောက်မလို့ မခေါ်နဲ့ဦး၊ ဘာမှလည်း မရေရာသေးဘဲနဲ့ သူ့ဂုဏ်သိက္ခာ ထိခိုက်ကုန်ပါဦးမယ်။"
"သမီးသိပါတယ်" စုန့်ရွှယ်က သူ့ကို မျက်စိတစ်ချက်မှိတ်ပြကာ တခစ်ခစ်ရယ်ပြခဲ့သည်။
"ဒါဆိုရင် သမီး အစ်ကိုကြီးကို အဲဒီ မမလှလှဆီ ခေါ်သွားပေးမယ်၊ အစ်ကိုကြီးတို့ တွေ့ပြီးရင် အဆင်ပြေသွားပြီး သူမက တကယ့်ကို သမီးရဲ့ ယောက်မ ဖြစ်လာမှာပါ။"
"တော်ပြီ... တော်ပြီ... အောင်သွယ်တော်မလေးရေ၊ နောက်မနေနဲ့တော့။"
စုန့်ပိုင်ယွမ် မတ်တတ်ရပ်လိုက်သည်။ "အစ်ကိုကြီး မီးဖိုချောင်ထဲ သွားကြည့်လိုက်ဦးမယ်၊ ဘာတွေလိုလဲလို့။"
"ဟွန့်။"
စုန့်ရွှယ်က နှုတ်ခမ်းလေးစူကာ သူမ၏ မျက်လုံးလေးတွေကို ကစားလိုက်သည်။
သူမအစ်ကိုနဲ့ ထိုလှပသည့်အစ်မကြီး တွေ့ဖြစ်အောင် နည်းလမ်းတစ်ခုခု ရှာရမည်။
မဟုတ်ရင်... အကယ်၍ အဲဒီအစ်မကြီးကို တခြားလူက လုသွားရင် ဘယ်လိုလုပ်မလဲ။
ဒါဆိုရင် သူမ ယုန်ဖြူသကြားလုံး စားရတော့မှာ မဟုတ်ဘူး။
မဟုတ်ပါဘူး... အဲဒါကြောင့် မဟုတ်ဘူး၊ သူမ ကြည့်ဖို့ လှပတဲ့ အစ်မကြီး မရှိတော့မှာမို့ပါ။
ဟုတ်တယ်၊ အဲဒါက တကယ့်အကြောင်းရင်းပဲ။
သူတို့ စတွေ့တုန်းကတော့ သကြားလုံးရဖို့အတွက်ပဲ လှပတဲ့အစ်မကြီးလို့ အလွယ်တကူ ခေါ်ခဲ့ခြင်း ဖြစ်သည်။
ဒါပေမယ့် နောက်ပိုင်းမှာတော့ သူမ တကယ်ကို ခင်မင်သွားခဲ့သည်။
တစ်ခါက သူမ အဲဒီအစ်မကြီးဆီ သွားရှာတော့ မြစ်နားမှာ... ခေါင်းလျှော်နေတာကို တွေ့ခဲ့သည်။
နေဝင်ချိန်မှာ နေဝင်ဆည်းဆာ အလင်းတန်းလေးတွေက သူမရဲ့ မျက်နှာပေါ် ဖြာကျနေတာကို တွေ့လိုက်ရတော့ တကယ်ကို လှပလွန်းလှသည်။
ထိုအချိန်ကစပြီး သူမ၏အစ်ကိုနှင့် မိတ်ဆက်ပေးရန် စိတ်ကူးမိခြင်း ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် စကားပုံတစ်ခု ရှိတယ်လေ....
အမ်…
စုန့်ရွှယ် သူမခေါင်းကို ကုတ်လိုက်ပြီး ခေါင်းထဲမှာ တစ်ခုခု ပေါ်လာခဲ့သည်..
သြော်... ဟုတ်ပြီ။ ကောင်းတဲ့ရေကို အပြင်လူဆီ မစီးစေနဲ့ တဲ့။
အို... ငါက တကယ့်ကို ဉာဏ်ကောင်းလိုက်တာ။
၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်
အပိုင်း ၄၈
စုန့်ပိုင်ယွမ်တစ်ယောက် မီးဖိုချောင်ကို တစ်ပတ်ပတ်ကြည့်လိုက်တော့ လုပ်စရာတွေ အများကြီးရှိနေမှန်း သိလိုက်ရသည်။
ရေအိုးကြီးထဲမှာ ရေက ကုန်သလောက် ဖြစ်နေပြီမို့ သူ ရေသွားခပ်ရမည်။
စုန့်ပိုင်ယွမ်သည် သစ်သားရေပုံးနှစ်လုံးကို ဆွဲကာ အပြင်သို့ ထွက်လာခဲ့သည်။
ရွာထဲက ရေတွင်းက စုန့်မိသားစုအိမ်နဲ့ သိပ်မဝေးလှပေ။
စုန့်ပိုင်ယွမ် သုံးခေါက်လောက် ခေါက်တုံ့ခေါက်ပြန် သွားလိုက်ရုံနှင့် ရေအိုးကြီး ပြည့်သွားခဲ့သည်။
ထောင့်နားမှာလည်း ထင်းက သိပ်မကျန်တော့ပေ။
စုန့်ပိုင်ယွမ်သည် ညီမလေး စုန့်ရွှယ်ကို နှုတ်ဆက်ပြီး ပုဆိန်ကိုယူကာ အပြင်သို့ ပြန်ထွက်လာခဲ့သည်။
သူ နောက်ဖက်တောင်ကုန်းမှာ ထင်းသွားခုတ်ရင်း တောကောင်လေး ဘာလေး ရမလားလို့ သွားကြည့်မလို့ ဖြစ်သည်။
လမ်းမှာတွေ့သမျှ ရွာသားတွေက သူ့ကို အရင်ဦးအောင် လှမ်းနှုတ်ဆက်ကြသည်။
"ရှောင်ယွမ် ပြန်ရောက်ပြီပဲ၊ စစ်တပ်မှာ ရာထူးကြီးကြီး ရနေပြီလို့ ကြားတယ်၊ ဂုဏ်ယူပါတယ်ကွာ။"
"ရာထူးကြီးရုံတင် ဘယ်ကမလဲ၊ သူက အခု တပ်ရင်းမှူးနော်၊ လူ ရာနဲ့ချီပြီး အုပ်ချုပ်နေရတာ။"
"အို... အံ့သြစရာပဲ၊ လစာတွေလည်း အများကြီးရမှာပဲ။ ဟဲချွန်းဟွာတော့ ကံကောင်းပြီ၊ အားကျလိုက်တာ... ငါ့သားကြတော့ ဘာမှကို အသုံးမကျတာ။"
"ရှောင်ယွမ်... ငါ့မှာ အိမ်ထောင်မရှိသေးတဲ့ တူမလေးတစ်ယောက်ရှိတယ်၊ မင်းအမေနဲ့ စကားပြောပေးရမလား..."
"မလိုပါဘူး အန်တီ" စုန့်ပိုင်ယွမ် ချက်ချင်း စကားဖြတ်လိုက်သည်။ "ကျွန်တော် အလုပ်လေး ရှိသေးလို့ သွားလိုက်ဦးမယ်။"
သူ ပြန်လာတိုင်း ဒီလိုကိစ္စမျိုးတွေကို အကြောက်ဆုံးပင်၊ ရှောင်လွှဲလို့လည်း မရနိုင်ပေ။
နာရီဝက်ခန့်အကြာတွင် စုန့်ပိုင်ယွမ်သည် နောက်ဖက်တောင်ကုန်း၏ အဝင်ဝသို့ ရောက်ရှိလာသည်။
အဝင်ဝမှာ တောအုပ်လေးတစ်ခု ရှိသည်။
စုန့်ပိုင်ယွမ်သည် သစ်ပင်ကြီးတစ်ပင်ဆီ လျှောက်သွားကာ ပုဆိန်ကို ဝှေ့ယမ်းပြီး ထင်းစတင် ခုတ်တော့သည်။
……
အခြားတစ်ဖက်၊ ပညာတတ်လူငယ်ဝင်းတွင်မူ။
မကြာသေးမီက လူတိုင်းသည် ရိတ်သိမ်းရေးလုပ်ငန်းများဖြင့် အလုပ်ရှုပ်နေခဲ့ကြသည်။
အဖွဲ့ခေါင်းဆောင်က အဖွဲ့ဝင်အားလုံးကို အထူးအနေဖြင့် နှစ်ရက် နားခွင့်ပေးထားသည်။
မနက်စာစားချိန်တွင် ပညာတတ်လူငယ်ဝင်းကို တာဝန်ယူထားသည့် ဟူဟောင်က လူတိုင်းကို ပြောလိုက်သည်။
"အားလုံး အလုပ်ကြိုးစားထားကြတာ ငါသိပါတယ်၊ ဒါကြောင့် ဒီနေ့တော့ ဝင်းတစ်ခုလုံးကို သန့်ရှင်းရေး အကြီးအကျယ် လုပ်ကြမယ်၊ ပြီးရင် ကောင်းကောင်းစားပြီး မနက်ဖြန်တော့ နားကြတာပေါ့။"
လူတိုင်းက သဘောတူကြသည်။
လွန်ခဲ့တဲ့ရက်တွေက လယ်ထဲမှာပဲ အလုပ်ရှုပ်နေကြလို့ အခန်းတွေကို သေသေချာချာ မရှင်းဖြစ်ကြပေ၊ နေရာတိုင်းမှာ ရှုပ်ပွနေတာကြောင့် သန့်ရှင်းရေးလုပ်ဖို့ အချိန်တန်ပြီဖြစ်သည်။
ဟူဟောင် - "ကောင်းပြီ၊ ငါတို့ လူဟောင်းတွေက ဝင်းထဲမှာပဲ သန့်ရှင်းရေးလုပ်မယ်။ မင်းတို့ လူသစ်တွေကတော့ တောထဲသွားပြီး တောဟင်းသီးဟင်းရွက်တွေ၊ အသားတွေ ရှာခဲ့ကြ၊ ပြီးတော့ ထင်းလည်း နည်းနည်း ကောက်လာခဲ့ကြဦး။"
ဟဲအိုက်လင်းက ချက်ချင်းပြောခဲ့သည်။ "ကျွန်မကတော့ ဝင်းထဲမှာပဲ နေခဲ့မယ်၊ ကျွန်မ မပါလည်း ဖြစ်ပါတယ်။"
သူမသည် ထိုပြဿနာရှာတတ်သူတွေနဲ့ အတူမသွားချင်ပေ၊ ပြဿနာတက်လာရင် အခက်တွေ့လိမ့်မည်။
ကျန်းစန်နဲ့ လီစီတို့ကလည်း ရေအိုးကြီးထဲမှာ ရေမရှိတော့တာကြောင့် ရေသွားခပ်ပေးမယ်လို့ သဘောတူလိုက်ကြသည်။
ထျဲလန်ယန်ကတော့ ဘာမှမပြောပေ။
သွားပေါ့... ဘာကြောက်စရာ ရှိလို့လဲ။
အဓိကက သူမလည်း ဖရဲစေ့တွေ စားရမှာပဲလေ။
လူတွေ ဒီလောက်အများကြီး စုနေမှတော့ ပြဿနာကတော့ တစ်ခုမဟုတ်တစ်ခု တက်မှာ သေချာသည်။
ထျဲလန်ယန် - "ဒီဇာတ်လိုက်တွေနဲ့ ဝေးဝေးနေမယ်လို့ ငါပြောထားတာကို၊ အခုတော့ ပြန်နီးစပ်နေပြီ။ အဟမ်း... ငါ့စကားနဲ့ငါ ကိုယ့်မျက်နှာကိုယ် ပြန်ရိုက်နေသလို ဖြစ်နေပြီ။"
ဒါပေမယ့်လည်း တောမြို့လေးက ဘဝက ပျင်းစရာကောင်းပြီး ငြီးငွေ့ဖို့ကောင်းလွန်းသည်၊ ဒရာမာလေးတွေ မရှိရင် တကယ်ကို အဓိပ္ပာယ်မဲ့နေမှာ သေချာသည်။
…..
မကြာမီမှာပင် လူတိုင်း ဝင်းထဲကနေ ထွက်လာပြီး နောက်ဖက်တောင်ကုန်းဆီသို့ ဦးတည်ထွက်ခွာလာခဲ့ကြသည်။
လမ်းတစ်လျှောက်တွင် လူ ၇ ယောက်သည် အုပ်စု ၃ စု ကွဲသွားသည်။
ဇာတ်လိုက်မ ယွီချင်းချုံကတော့ ရှေ့ဆုံးကနေ တစ်ယောက်တည်း လျှောက်နေသည်။
သူမ ပြန်လည်မွေးဖွားလာကတည်းက စိတ်တိုလွယ်နေပြီး တွေ့သမျှလူတိုင်းနဲ့ ရန်ဖြစ်ချင်နေသည်။
ထို့ကြောင့် ပညာတတ်လူငယ်ဝင်းထဲက လူအတော်များများက သူမနဲ့ အဆင်မပြေကြပေ။
သူမရဲ့ ကလဲ့စားချေမယ့် အစီအစဉ်ကလည်း သိပ်ပြီး အဆင်မပြေလှပေ။
သူမ ထိုလူယုတ်မာကို မြူဆွယ်ဖို့ ကြိုးစားတိုင်း အရင်ဘဝက သူ သူမအပေါ် လုပ်ခဲ့တာတွေကို ပြန်တွေးမိပြီး ဆက်မလုပ်နိုင်တော့ပေ။
ဒီလို တစ်ခါတလေ ကောင်းလိုက်၊ တစ်ခါတလေ ဆိုးလိုက်ဖြစ်နေတဲ့ အမူအရာက ချန်ဟွိုက်ကျင်းကို ရူးမတတ် ဖြစ်စေသလို သူ့ကို ပိုင်ရန်ရန်နဲ့ ပိုပြီး နီးစပ်သွားစေသည်။
ယွီချင်းချုံသည် အလွန်ဒေါသထွက်နေပြီး ဘယ်လိုပြန်ပြင်ရမလဲဆိုတာ မသိဖြစ်နေသည်။
သူမသည် အပေါင်းအဖော်တစ်ယောက် လိုချင်နေသည်။
သူမသည် ထျဲလန်ယန်ကို အမြဲတမ်း နောက်ပြောင်ချင်သည့် သဘောထားမျိုးဖြင့် ဆက်ဆံလေ့ရှိသည်။
ထျဲလန်ယန်ကတော့ သူမကို ဂရုစိုက်ဖို့ ပျင်းနေသဖြင့် သူမရဲ့ အကွက်ထဲကို လုံးဝမဝင်ပေ။
ထို့ကြောင့် လွန်ခဲ့သည့် နှစ်ရက်အတွင်း ယွီချင်းချုံသည် အလွန်စိတ်ဓာတ်ကျနေပြီး အမြဲတမ်း တစ်ယောက်တည်း ဖြစ်နေခဲ့သည်။
သူမနောက်မှာတော့ ဝမ်လန်က ဖြည်းဖြည်းချင်း လိုက်ပါလာသည်။
သူ့ရဲ့ အကြည့်တွေက ယွီချင်းချုံရဲ့ ကျောပြင်ပေါ်မှာ ရပ်တန့်နေပြီး စိုးရိမ်ပူပန်မှု အရိပ်အယောင်တွေ မျက်ဝန်းထဲမှာ ဖြတ်ပြေးသွားခဲ့သည်။
အလယ်အုပ်စုတွင်မူ။
ဟန်ခယ်အာက ယွီချင်းချုံ တစ်ယောက်တည်း လျှောက်နေတာကို မြင်တော့ ပါးစပ်ကိုအုပ်ပြီး ရယ်လိုက်သည်။
"တကယ် ရယ်ရတယ်၊ ယွီချင်းချုံကို ကြည့်ပါဦး... သူငယ်ချင်းတစ်ယောက်တောင် မရှိဘူး၊ ပြီးတော့ ဒေါသတကြီးနဲ့ အမြန်ကြီး လျှောက်နေတာ။"
ပိုင်ရန်ရန်က ချိုသာသောအသံဖြင့် ပြောလိုက်သည်။ "ခယ်အာ... အသံ သိပ်မကျယ်နဲ့ဦး၊ သူကြားသွားရင် တစ်ခါ ပြန်ရန်ဖြစ်ရဦးမယ်။"
ဟန်ခယ်အာ - "ဟွန့်... ငါကတော့ မကြောက်ပါဘူး၊ သူမက အပြောပဲရှိတဲ့ စက္ကူကျားကြီးလေ။"
ချန်ဟွိုက်ကျင်း - "ရပါတယ်၊ နောက်ကြရင် ရဲဘော် ယွီချင်းချုံနဲ့ ကျွန်တော် စကားပြောလိုက်ပါ့မယ်၊ သူမက တကယ်ကို လွန်လွန်းနေပြီ။"
ပိုင်ရန်ရန်က ချန်ဟွိုက်ကျင်းကို ကျေးဇူးတင်သည့် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ "ရဲဘော် ချန်ဟွိုက်ကျင်း... ရှင့်စိတ်ထားက တကယ်ကို ကောင်းတာပဲ။"
ဟန်ခယ်အာကလည်း တခစ်ခစ်ရယ်ခဲ့သည်။ "ရဲဘော်ချန်က တကယ်ကို တော်တာပဲ။"
နှစ်ယောက်လုံးရဲ့ ချီးကျူးမှုကို ရလိုက်တော့ ချန်ဟွိုက်ကျင်းတစ်ယောက် အတော်လေး ဂုဏ်ယူဝင့်ကြွားသွားခဲ့သည်။
"ဒါက ဘာမှမပြောပလောက်ပါဘူး။ နောက်ကြရင် ဘာအခက်အခဲပဲရှိရှိ ကျွန်တော့်ကို ပြောနော်။"
ဘာပဲဖြစ်ဖြစ် ယွီချင်းချုံက သူ့ကို တကယ်ကြိုက်နေတာမို့လို့ သူမ သူ့စကားကို နားမထောင်ဘဲ မနေရဲဘူးဟု သူ ထင်နေသည်။
……
နောက်ဆုံးမှာတော့ ထုံးစံအတိုင်း ထျဲလန်ယန်နဲ့ ဝမ်ကျွင်းကျွင်းတို့ ဖြစ်သည်။
အစက ထျဲလန်ယန်သည် ဘယ်သူမှ သတိမထားမိအောင် တိတ်တိတ်လေး ဇာတ်လမ်းနားထောင်ချင်ခဲ့ခြင်း ဖြစ်သည်။
ဒါပေမယ့် အခုတော့... အမြီးလေး တစ်ခု ပါလာပြီ။
ထျဲလန်ယန် ကြည့်လိုက်တော့…
"နင်က ငါ့နောက်ကို ဘာလို့ လိုက်နေတာလဲ" ထျဲလန်ယန်က ဝမ်ကျွင်းကျွင်းကို မေးလိုက်သည်။
ဝမ်ကျွင်းကျွင်းကတော့ စိတ်လှုပ်ရှားစွာနဲ့ သူ့နှာခေါင်းကို ပွတ်ပြီး ပြောခဲ့သည်။
"ငါ လိုက်နေတာ မဟုတ်ပါဘူး၊ အားလုံးက နောက်ဖက်တောင်ကုန်းကို သွားနေကြတာဆိုတော့ လမ်းကြုံနေလို့ပါ။"
ထျဲလန်ယန် - "..."
အဲဒါလည်း ဟုတ်သားပဲ၊ သူမ ဘာမှ ပြန်မပြောနိုင်တော့ပေ။
ဝမ်ကျွင်းကျွင်းက သူမကို ကြည့်ပြီး တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ပြောလိုက်သည်။ "အစ်မ မျက်နှာက... အဆင်ပြေရဲ့လားဟင်။"
မနေ့ညက မိုးသည်းထန်စွာ ရွာထားတာကြောင့် ဝင်းရဲ့ အဝင်ဝမှာ ရေမှော်တွေ တက်နေခဲ့သည်။
ထျဲလန်ယန် တစ်ယောက် မနက်စောစော အိမ်သာသွားဖို့ ထလာတုန်း ချော်လဲပြီး မျက်နှာမှာ ပွန်းပဲ့သွားခဲ့သည်။
သူမသည် တရုတ်တိုင်းရင်းဆေးစာအုပ်ထဲက နည်းလမ်းတစ်ခုကို တွေ့လိုက်ရပြီး တောထဲကနေ တူးလာတဲ့ စန်း-ချီ ဆေးမြစ်ကို အမှုန့်ကြိတ်၊ အနှစ်လုပ်ပြီး ပါးနှစ်ဖက်လုံးမှာ လိမ်းထားလိုက်သည်။
ဆေးနံ့က နည်းနည်း နံသော်လည်း မျက်နှာမှာ အေးမြနေတာကြောင့် မဆိုးလှပေ။
သို့သော် အပြင်လူတွေအတွက်တော့ ထျဲလန်ယန်ရဲ့ ပါးနှစ်ဖက်မှာ အမည်းကွက်ကြီးတွေ ကပ်နေတာကြောင့် အတော်လေး ကြောက်စရာ ကောင်းနေသည်။
ထျဲလန်ယန် - "အဆင်ပြေပါတယ်။"
စက္ကန့်အနည်းငယ် ကြာပြီးနောက် သူမ ထပ်ပြောလိုက်သည်။
"နင် ငါ့နောက်က လိုက်ချင်ရင်လည်း လိုက်၊ ဒါပေမယ့် တိတ်တိတ်နေနော်၊ ငါက ဆူညံတာ မကြိုက်ဘူး။"
ဝမ်ကျွင်းကျွင်းက ယုံကြည်မှုအပြည့်နဲ့ ခေါင်းညိတ်ပြလိုက်သည်။ "ကောင်းပါပြီ၊ ကျွန်တော် ပါးစပ်ပိတ်ထားမယ်လို့ ကတိပေးပါတယ်။"
မိနစ်နှစ်ဆယ် ကြာပြီးနောက်။
"ဝါး၊ ကြည့်ပါဦး၊ ဟိုမှာကြည့်။ ဟိုကလူက ထင်းခုတ်နေတာ၊ သူ့ကြွက်သားတွေက အံ့သြစရာပဲ။ ကျွန်တော့်ကို တစ်ချက်လောက် ထိုးလိုက်ရင်တောင် သေသွားနိုင်တယ်။"
ဝမ်ကျွင်းကျွင်းက စိတ်လှုပ်ရှားစွာနဲ့ မျောက်တစ်ကောင်လို ဟန်ချက်ပျက်ပြီး အော်ဟစ်ခုန်ပေါက်နေတော့သည်။
သူ့အသံက ထျဲလန်ယန်ရဲ့ နားတွေကိုတောင် ကွဲထွက်မတတ် ဖြစ်သွားစေသည်။
ထျဲလန်ယန်က သူ့ခေါင်းကို အားနဲ့ တစ်ချက် ရိုက်လိုက်သည်။
"ပါးစပ်ပိတ်စမ်း၊ နင် အရမ်းဆူတာပဲ။"
ဝမ်ကျွင်းကျွင်းကတော့ သနားစရာကောင်းတဲ့ ပုံစံနဲ့ သူ့မျက်နှာကို ကာပြီး သူ့ရဲ့ ဆံပင်ကောက်ကောက်လေးတွေကလည်း တုန်ခါနေသည်။
"ဒါပေမယ့် အဲဒီလူက တကယ်ကို ချောတာပဲ..."
ထျဲလန်ယန်လည်း သူ့အကြည့်တွေနောက်ကို လိုက်ကြည့်လိုက်မိသည်။
ရှေ့ဘက်ရှိ တောအုပ်ထဲတွင်။
လူငယ်တစ်ယောက်က အင်္ကျီမပါဘဲ ထင်းခုတ်နေသည်။
ထိုလူက သူတို့ကို ကျောခိုင်းထားတာကြောင့် မျက်နှာကိုတော့ မမြင်ရပေ။
သို့သော် သူ၏ ကျယ်ပြန့်ပြီး ခိုင်ခံ့သော ကျောပြင်ကို ကြည့်ရုံနှင့် သူသည် အင်အားတောင့်တင်းသော အမျိုးသားတစ်ဦး ဖြစ်ရမည်ဟု ခန့်မှန်းနိုင်သည်။
"ဘန်း။"
သူ ပုဆိန်ကို တစ်ချက် ဝှေ့ယမ်းလိုက်တိုင်း လက်မောင်းကြွက်သားတွေက ချက်ချင်း တင်းကနဲ ဖြစ်သွားပြီး အင်အားအပြည့် ပါဝင်နေသည်။
သစ်ရွက်ကြားတွေကနေ ဖြာကျလာတဲ့ နေရောင်ခြည်က သူ၏ ကြေးရောင် အသားအရေပေါ်သို့ ကျရောက်နေပြီး ကျန်းမာသန်စွမ်းသည့် ကိုယ်ရောင်ကိုယ်ဝါတွေ ထွက်ပေါ်နေသည်။
ပူနွေးသော ချွေးစက်လေးတွေက ကြွက်သားလိုင်းတွေအတိုင်း စီးကျနေတာက လူတစ်ယောက်ကို အမျိုးမျိုး စိတ်ကူးယဉ်စေနိုင်သည်....