အခန်း (၃၉၇-၃၉၈)
Vol. 21 Ch. 397-398
အခန်း (၃၉၇)ကိုယ်ခံပညာ ထူးချွန်မှုဆီသို့ အမြန်လမ်း
တိုက်ပွဲငယ်တောင်ထိပ်ရှိ ကိုယ်ခံပညာ လေ့ကျင့်ရေးကွင်းအတွင်းဝယ်
နင်းကျော့နှင့် ဟန်ကျိုးတို့သည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ယှဉ်ပြိုင်ပညာစမ်းနေကြပေသည်။
ဟန်ကျိုး၏ တိုက်ခိုက်ပုံမှာ လင်းရှန်းရှန်းနှင့် လုံးဝကွာခြားလှ၏။ သူ၏ လှုပ်ရှားမှုများမှာ ကျယ်ဝန်းလှသလို အားမာန်လည်း ပါလှပေသည်။
သူသည် ခုခံခြင်းထက် တိုက်စစ်ကိုသာ အဓိကထားပြီး အသက်အန္တရာယ်ရှိသည့် အချက်အချာနေရာများကို ကာကွယ်ရန်မှတစ်ပါး ခုခံမှုကို အနည်းငယ်သာ အသုံးပြုလေသည်။
ဟန်ကျိုးက တစ်ကြိမ်တစ်ခါ တိုက်စစ်ဆင်လိုက်သည်နှင့် သူ၏ တိုက်ကွက်များမှာ ကောင်းကင်ယံတစ်ခုလုံးကို လွှမ်းမိုးသွားသည့် ဆီးနှင်းမုန်တိုင်းကြီးပမာ မရပ်မနား ပြင်းထန်လှပေရာ နင်းကျော့မှာ အံကြိတ်ကာ ခံစစ်ဖြင့်သာ တောင့်ခံနေရရှာသည်။
ယင်းမှာ လင်းရှန်းရှန်းနှင့် ပထမဆုံးအကြိမ် ပညာစမ်းစဉ်ကကဲ့သို့ပင် ဖြစ်နေပြီး သူသည် ခုခံရန်သာ တတ်နိုင်ကာ ပြန်လည်တိုက်စစ်ဆင်ရန် အခွင့်အရေးမသာဘဲ ဖြစ်နေချေသည်။
နင်းကျော့၏ အားနည်းချက်မရှိသော ခံစစ်ကို မြင်တွေ့ရသောအခါ ဟန်ကျိုးမှာ အံ့ဩခြင်းဖြစ်ရလေသည်။
"အချိန်အနည်းငယ်အတွင်းမှာတင် နင်းကျော့ရဲ့ ကိုယ်ခံပညာက ဒီလောက်အထိ တိုးတက်လာတာလား"
သူ၏ ခံစားချက်မှာ သာမန်လူများထက် ပို၍ နက်ရှိုင်းလှသည်။ အဘယ်ကြောင့်ဆိုသော် မကြာသေးမီကမှ သူသည် နင်းကျော့ကို စိန်ခေါ်ခဲ့ဖူးပြီး ထိုစဉ်က အနီးကပ်တိုက်ခိုက်ရာတွင် နင်းကျော့၏ ခံစစ်မှာ အလွယ်တကူ ပြိုလဲသွားခဲ့ဖူးသောကြောင့် ဖြစ်သည်။
အကယ်၍ ထိုစဉ်က အဆောင်လက်ဖွဲ့သာ မကူညီခဲ့ပါက နင်းကျော့မှာ ရှုံးနိမ့်သွားခဲ့မည်မှာ မြေကြီးလက်ခတ်မလွဲပင်။
သို့သော် ယခုမူ ဟန်ကျိုးက အားကုန်သုံးကာ တိုက်စစ်ဆင်နေသော်လည်း နင်းကျော့မှာ ယိမ်းယိုင်သွားခြင်း မရှိချေ။
နင်းကျော့၏ အခြေအနေမှာ အနည်းငယ် ပင်ပန်းနွမ်းနယ်နေဟန်ရှိသော်လည်း သူ၏ ခုခံမှုမှာ အထူးကောင်းမွန်နေသဖြင့် ဟန်ကျိုးမှာ ဤအခြေအနေကို ချိုးဖျက်ရန် အခြားနည်းလမ်းကို ရှာဖွေရတော့သည်။
"သတိထားတော့... ငါ ကိုယ်ခံပညာ ကျင့်စဉ်ကို သုံးတော့မယ်" ဟု ဟန်ကျိုးက ကြိုတင်သတိပေးလိုက်သည်။
ထိုခဏ၌ပင် သူ၏ လက်သီးများမှာ နှင်းခဲလွှာများ ဖုံးလွှမ်းသွားကာ ပတ်ဝန်းကျင်၏ အပူချိန်မှာလည်း ရုတ်ချည်းပင် ကျဆင်းသွားတော့သည်။
၎င်းမှာ ကိုယ်ခံပညာတစ်ရပ်ဖြစ်သော 'ရေခဲနှင်းခဲ လက်သီးစွမ်းအား' ပင် ဖြစ်ချေသည်။
အေးစက်လှသော ဝိညာဉ်အငွေ့အသက်များမှာလည်း ပျံ့နှံ့လာလေရာ နင်းကျော့မှာ တိုက်ရိုက်ခုခံရန် မဝံ့တော့ဘဲ ခြေဖျားဖြင့် မြေပြင်ကို အသာအယာကန်ကာ နောက်သို့ ကျွမ်းကျင်စွာ ဆုတ်ခွာရှောင်တိမ်းရရှာသည်။
ဟန်ကျိုးမှာလည်း မရပ်မနား ဖိအားပေးတိုက်စစ်ဆင်လာ၏။ နင်းကျော့မှာ ရှောင်တိမ်းရန်သာ အာရုံစိုက်ထားရသော်လည်း သူ၏ လှုပ်ရှားမှုများမှာ ချောမွေ့လှပေရာ သူ၏ အခြေခံပညာ ကောင်းမွန်မှုကို ပြသနေသကဲ့သို့ ရှိသည်။
ဟန်ကျိုးသည် 'အအေးဒဏ် ခံနိုင်ရည်ရှိသော ခြေထောက်ကျင့်စဉ်' ကို အသုံးပြုကာ ပြင်းထန်သော ကန်ချက်များဖြင့် တိုက်ခိုက်ရာ လေထုထဲ၌ပင် တဝီဝီမြည်သံများ ထွက်ပေါ်နေတော့သည်။
နင်းကျော့မှာ ထိုတိုက်ကွက်များကို ခုခံရန် အသည်းအသန် ကြိုးစားနေရပြီး အခြေအနေမှာ သိသိသာသာ နိမ့်ပါးနေချေသည်။
ကြာရှည်စွာ ခုခံနေရသဖြင့် အားနည်းချက်တစ်ခု ပေါ်ထွက်လာရာ ဟန်ကျိုးက ထိုအခွင့်အရေးကို အရယူကာ အလွန်အေးစက်သော လက်သီးချက်ဖြင့် နင်းကျော့၏ မျက်နှာဆီသို့ ချိန်ရွယ်ကာ ထိုးနှက်လိုက်လေသည်။
နင်းကျော့သည် မျက်တောင်မခတ်ဘဲ ဘေးသို့ ရှောင်တိမ်းရန် ကြိုးစားလိုက်သော်လည်း သူ၏ ပုခုံးတွင် ဟန်ကျိုး၏ လက်သီးချက် ထိမှန်သွားတော့သည်။
နင်းကျော့မှာ နောက်သို့ ယိုင်သွားကာ သူ၏ ခံစစ်မှာလည်း လုံးဝ ပြိုကွဲသွားခဲ့ရသည်။ သို့သော်လည်း ဟန်ကျိုးက ဆက်လက်တိုက်ခိုက်ခြင်း မပြုတော့ဘဲ ရပ်တန့်လိုက်လေသည်။
"ကောင်းလိုက်တာ... တကယ့်ကို ကောင်းတာပဲ"
နင်းကျော့သည် သူ၏ ပုခုံးကို ဆုပ်ကိုင်ထားသော်လည်း နာကျင်မှုကို ဂရုမစိုက်ဘဲ အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်နေမိသည်။
လင်းရှန်းရှန်းနှင့် လေ့ကျင့်စဉ်က သူသည် တိုးတက်မှု အနည်းငယ်သာ ရှိသည်ဟု ခံစားခဲ့ရသော်လည်း ယခုကဲ့သို့ အခြားတစ်ဦးနှင့် ပညာစမ်းရသောအခါ သူ၏ ပညာများ ပြန်လည်နိုးထလာသကဲ့သို့ ခံစားရသည်။
အချိန်တိုအတွင်း၌ပင် သူသည် သိမြင်မှုများစွာ ရရှိခဲ့ပေရာ ယင်းတို့ကို ချက်ချင်းပင် ပြန်လည်သုံးသပ်ပြီး လေ့ကျင့်ရန် လိုအပ်လှသည်။
"အစ်ကိုဟန်ကျိုး... မင်းနဲ့ ပညာစမ်းရတာ တကယ်ကို အချိန်ကိုက်ပါပဲ... ကျွန်တော် အများကြီး လေ့လာခွင့်ရခဲ့ပါတယ်... ကျေးဇူးတင်ပါတယ်"
နင်းကျော့က စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သည်။ ဟန်ကျိုး၏ မျက်လုံးများမှာလည်း တောက်ပနေ၏။ အမှန်စင်စစ် သူ၌ လျှို့ဝှက်ထားသော ရည်ရွယ်ချက်တစ်ခု ရှိနေသည်။
နင်းကျော့နှင့် ပညာစမ်းချိန် ကြာလာလေလေ နင်းကျော့ကို သူ၏ ကျင့်စဉ်သို့ ကူးပြောင်းရန် ပို၍ လွယ်ကူလာလေလေ ဖြစ်မည်ဟု သူက ယူဆထားသောကြောင့်ပင်။
အဘယ်ကြောင့်ဆိုသော် 'အခြေခံအုတ်မြစ်တည်ဆောက်ခြင်း' အဆင့်တွင်ပင် ကျင့်စဉ်ကို ပြောင်းလဲ၍ ရနိုင်သေးသောကြောင့် ဖြစ်သည်။
"ဒါပေမဲ့ မင်းမှာက ဒါနဲ့ပတ်သက်တဲ့ ကိုယ်ခံပညာတွေ မရှိဘူးဖြစ်နေတယ်... မဟုတ်ရင် ငါ့ရဲ့ ရေခဲနှင်းခဲလက်သီးနဲ့ ခြေထောက်ကျင့်စဉ်တွေကို မင်း ပြန်တိုက်ခိုက်နိုင်မှာပဲ"
"ညီလေးနင်းကျော့. မင်းရဲ့ ကျင့်စဉ်က ဝိညာဉ်စွမ်းအား သိုလှောင်မှုကိုပဲ အဓိကထားတော့ အနီးကပ်တိုက်ပွဲမှာ အားနည်းချက် ရှိနေတယ်"
"အဲ့ဒါကြောင့် ကိုယ်ခံပညာတချို့ကို လေ့ကျင့်ထားဖို့ ငါ အကြံပေးချင်တယ်... ဒါတွေက ကျင့်စဉ်အစစ်အမှန် မဟုတ်ပေမဲ့ မင်းရဲ့ ခန္ဓာကိုယ်နဲ့ စွမ်းအင်တွေကို ထိထိရောက်ရောက် အသုံးချနိုင်အောင် ကူညီပေးလိမ့်မယ်"
နင်းကျော့ကလည်း ပြန်လည်တုံ့ပြန်သည်။ "အစ်ကို့ဟန်ကျိုးမှာ အကြံကောင်းတွေ ရှိရင် ပြောပြပါဦး... ကျွန်တော် နားထောင်ဖို့ အသင့်ပါပဲ"
ဟန်ကျိုးက ချက်ချင်းပင် "ညီလေးနင်းကျော့သာ စိတ်မရှိဘူးဆိုရင် ငါ့ရဲ့ ရေခဲနှင်းခဲ လက်သီးစွမ်းအားနဲ့ တခြား ကိုယ်ခံပညာတွေကို သင်ပေးဖို့ အသင့်ပဲ" ဟု ဆိုလိုက်သည်။
နင်းကျော့က မျက်မှောင်ကြုတ်ကာ "ဒါက သင့်တော်ပါ့မလား" ဟု မေးလိုက်သည်။
"သင့်တော်တာပေါ့... သင့်တော်တာထက်တောင် ပိုသေးတယ်" ဟု ဟန်ကျိုးက စိတ်ထဲမှ ရယ်မောရင်း တွေးနေမိသည်။
"ဒီပညာတွေကို သင်ယူခြင်းအားဖြင့် မင်းက ငါ့ရဲ့ 'ဆီးနှင်းကမ္ဘာ အေးမြခြင်း' ကျင့်စဉ်ဘက်ကို ပိုပြီး ယိမ်းလာလိမ့်မယ်... အဲ့ဒီအခါကျမှ မင်းကို ငါ့ဘက်ပါအောင် ဆွဲဆောင်ရတာ ပိုလွယ်မှာပေါ့"
အပြင်ပန်း၌မူ ဟန်ကျိုးက ဤသို့ ဆိုလေသည်။ "ညီလေး.နင်းကျော့.. မင်းဟာ ဆီးနှင်းတွေရဲ့ အေးမြတဲ့ အနှစ်သာရကို နားလည်ထားတော့ 'ဆီးနှင်းကမ္ဘာ အေးမြခြင်း' ကျမ်းစာနဲ့ ရေစက်ရှိတယ်လို့ ပြောလို့ရတယ်... ဒါဟာ ကံကြမ္မာပဲ"
"ငါတို့ဟာ တိုက်ပွဲကတစ်ဆင့် ရရှိလာတဲ့ သူငယ်ချင်းတွေပဲလေ... အခြေခံကျင့်စဉ် မဟုတ်တဲ့ ကိုယ်ခံပညာ သင်ပေးတာက ဘာမှ အရေးမကြီးပါဘူး"
"တကယ်တော့ ဒီကျမ်းစာကိုယ်တိုင်တောင် သင်ပေးလို့ မရတာ မဟုတ်ပါဘူး... အရင်က ငါဟာ သူတောင်းစားတစ်ယောက်ပါ... အေးစက်ပျက်စီးနေတဲ့ ဘုရားကျောင်းတစ်ခုမှာ ဒီကျမ်းစာတွေကို သင်ယူခွင့်ရခဲ့လို့သာ ကျင့်ကြံခြင်းလမ်းပေါ် ရောက်လာခဲ့တာ"
"ငါ မင်းကို ကိုယ်ခံပညာ သင်ပေးတာဟာ တစ်ချိန်က တစ်စုံတစ်ယောက်က ငါ့ကို ကျမ်းစာတွေ သင်ပေးခဲ့သလိုပါပဲ... ဒါဟာ ကောင်းမှုမျိုးစေ့ကို စိုက်ပျိုးတာပဲလေ"
ထိုအခါမှ နင်းကျော့က "အစ်ကို့စကားကို နားထောင်ရတာ ကျွန်တော့်ရဲ့ ထင်မြင်ချက်ကို အတည်ပြုပေးသလို ဖြစ်နေတယ်... 'ဆီးနှင်းကမ္ဘာ အေးမြခြင်း' ကျမ်းစာဟာ ဗုဒ္ဓဘာသာ ကျမ်းစာတစ်စောင် ဖြစ်တယ် မဟုတ်လား" ဟု မေးမြန်းလိုက်သည်။
ဟန်ကျိုးမှာ အနည်းငယ် တွေဝေသွားသော်လည်း နောက်ဆုံးတွင် ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်ပါတယ်... ဒါပေမဲ့ ဒါကို တခြားလူတွေကို မပြောပါနဲ့ဦး... ငါ့ရဲ့ အခြေခံကို တခြားလူတွေ သိသွားမှာ စိုးလို့ပါ"
"'ဆီးနှင်းကမ္ဘာ အေးမြခြင်း' ကျမ်းစာဟာ မဟာယာန ဗုဒ္ဓဘာသာရဲ့ သွန်သင်ချက်တွေကနေ ဆင်းသက်လာတာဖြစ်ပြီး မိမိကိုယ်ကိုယ် ကယ်တင်ခြင်းကို အဓိကထားတယ်... 'သံသရာ ဝဲဩဃဟာ အတိုင်းအဆမရှိလှဘူး... ပြင်းထန်တဲ့ အေးစက်မှုနဲ့ ဒုက္ခတွေကို ကြံ့ကြံ့ခံနိုင်မှသာ တန်ဖိုးရှိတဲ့ ရတနာခန္ဓာနဲ့ ကျင့်ကြံလိုတဲ့ စိတ်ဓာတ်ကို တည်ဆောက်နိုင်မှာ ဖြစ်တယ်' လို့ ဆိုရိုးရှိတယ် မဟုတ်လား"
"ဒီကျမ်းစာဟာ ဘဝမှာ ကြုံတွေ့ရတဲ့ ဒုက္ခဆင်းရဲတွေကို ကျင့်ကြံခြင်းအတွက် အာဟာရအဖြစ် ပြောင်းလဲပေးတာ ဖြစ်တယ်"
နင်းကျော့က ခေါင်းညိတ်လျက် "ဒါဆိုရင်တော့ အစ်ကိုဟန်ကျိုးဆီကနေ ကိုယ်ခံပညာတွေကို သင်ယူပါရစေဦး" ဟု ဆိုလေသည်။
ဟန်ကျိုးက အသာအယာ ပြုံးလိုက်ရင်း "မင်းကို အချိန်တိုအတွင်းမှာ အောင်မြင်နိုင်မယ့် နည်းလမ်းတစ်ခု ငါ့မှာ ရှိတယ်" ဟု ပြောလိုက်သည်။
နင်းကျော့မှာ စိတ်ဝင်စားသွားကာ ချက်ချင်းပင် မေးမြန်းတော့သည်။ ဟန်ကျိုးသည် သူ၏ ခါးပတ်အိတ်အတွင်းမှ ရေအနည်းငယ်ပါသော ပန်းကန်လုံးလေးတစ်လုံးကို ထုတ်ယူလိုက်သည်။
"အဲ့ဒီနှစ်က ငါ့ကို ဒီကျမ်းစာတွေ သင်ပေးခဲ့တဲ့ ဆရာကြီးဟာ ဒီပစ္စည်းကိုပဲ အသုံးပြုခဲ့တာ"
"ဒီထဲက ရေတွေဟာ 'ခါးသီးသောရေ' ကနေ ဖော်စပ်ထားတာ ဖြစ်ပြီး 'ဆီးနှင်းကမ္ဘာ အေးမြခြင်း' ကျမ်းစာရဲ့ အနှစ်သာရတွေ ပါဝင်နေတယ်... ညီလေးအနေနဲ့ အနည်းငယ် မြည်းစမ်းကြည့်ရုံနဲ့ ဒီကိုယ်ခံပညာတွေရဲ့ အချက်အချာတွေကို ချက်ချင်း နားလည်သွားလိမ့်မယ်"
"သာမန်လူတွေကတော့ ဒီနည်းလမ်းကို သုံးဖို့ ခက်လိမ့်မယ်... ဘာလို့လဲဆိုတော့ ဒီ 'ခါးသီးသောရေ' ဟာ သောက်ရတာ အရမ်းခက်ခဲလို့ပဲ... အဲ့ဒီ ခါးသီးမှုဟာ လူကို စိတ်ဓာတ်ကျစေပြီး လောကကြီးဟာ မှောင်မိုက်နေသလို ခံစားရစေကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ချင်စိတ်တွေတောင် ပေါ်လာတတ်တယ်"
"ဒါပေမဲ့ မင်းက ငါ့ရဲ့ အေးမြတဲ့ ဝိညာဉ်စွမ်းအားတွေကို ခံနိုင်ရည်ရှိပြီး ကျမ်းစာရဲ့ အနှစ်သာရကိုလည်း နားလည်ထားတော့ ဒီဗုဒ္ဓကျမ်းစာနဲ့ ရေစက်ရှိတယ်လို့ ဆိုနိုင်တယ်... စမ်းကြည့်မလား"
နင်းကျော့သည် ပန်းကန်လုံးထဲမှ ရေကို ကြည့်လိုက်ရာ အပြာရောင် ရင့်ရင့် ဖြစ်နေပြီး အေးစက်သော အလင်းတန်းများ ထွက်ပေါ်နေသည်ကို တွေ့ရသည်။
အနားသို့ ကပ်လိုက်သောအခါ စိတ်ဝိညာဉ်ကိုပင် ခဲသွားစေနိုင်လောက်သည့် အေးစက်မှုကို သိသိသာသာ ခံစားလိုက်ရသည်။
"'ခါးသီးသောရေ' အကြောင်း ကျွန်တော် ကြားဖူးပါတယ်... ဒါဟာ ရေဓာတ်ဆိုင်ရာ အကုသိုလ် ရတနာတစ်ပါးပဲ မဟုတ်လား" ဟု နင်းကျော့က ရေရွတ်လိုက်သည်။
မီးလျှံသီး မသေမျိုးမြို့တော်တွင် သူသည် ရေဓာတ်ဆိုင်ရာ ကုသိုလ်ရတနာ ဖြစ်သော 'အကောင်းဆုံးသော တရားသည် ရေကဲ့သို့ ဖြစ်ခြင်း' ကို တွေ့ကြုံခဲ့ဖူးသည်။
ယခုမူ ယင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သော 'ခါးသီးသောရေ' ကို တွေ့မြင်ရပြန်ရာ ၎င်းမှာ အကုသိုလ် ရတနာတစ်ပါး ဖြစ်သည်မှာ သေချာလှပေသည်။
ဤ 'ခါးသီးသောရေ' သည် အတိုင်းအဆမရှိသော နာကျင်မှုနှင့် နောင်တမျက်ရည်များမှ ပေါင်းစုဖြစ်ပေါ်လာခြင်း ဖြစ်သည်ဟု ဆိုကြသည်။ ယင်းနှင့် ထိတွေ့မိသူတိုင်းသည် မိမိတို့၏ အမှားများ၊ ဝမ်းနည်းမှုများနှင့် နာကျင်မှုများကို ရင်ဆိုင်ရမည် ဖြစ်သည်။
အချိန်ကြာမြင့်စွာ လက်ဝယ်ထားရှိပါက ကျင့်ကြံသူ၏ စိတ်ဝိညာဉ်ကို တိုက်စားသွားကာ ထာဝရ ဒုက္ခဝေဒနာများထဲ၌ နစ်မွန်းသွားစေနိုင်သည်။
နင်းကျော့မှာ အထူးသတိထားနေရသည်။
ဟန်ကျိုးကလည်း "ညီလေး... စိုးရိမ်မနေပါနဲ့... ဒီရေကို ငါ သန့်စင်ထားပြီးသားပါ... ငါ့ရဲ့ စောင့်ကြပ်မှုအောက်မှာဆိုရင် မင်းအတွက် ကိုယ်ခံပညာ ခုနစ်မျိုးကို ချက်ချင်း နားလည်သွားစေဖို့ ကူညီပေးနိုင်လိမ့်မယ်" ဟု အားပေးစကား ဆိုသည်။
"ဒါပေမဲ့ ကတိတစ်ခုတော့ ရှိတယ်"
"အဲ့ဒါကတော့ ဒီခါးသီးတဲ့ စိတ်အာရုံကို မင်း ကြံ့ကြံ့ခံနိုင်ရမယ့်အပြင် အဲ့ဒီကနေ သိမြင်မှုတစ်ခုကိုလည်း ရအောင်ယူရမယ်... မင်းရဲ့ စိတ်ဟာ အဲ့ဒီ ဒုက္ခတွေထဲမှာ နစ်မွန်းသွားလို့ မဖြစ်ဘူး"
"အကယ်၍ မင်းသာ စိတ်ဓာတ်ကျသွားရင် ပညာတွေ နားလည်ဖို့ထက် သာမန်အခြေအနေ ပြန်ရောက်ဖို့ကိုတင် ကြီးမားတဲ့ ရင်းနှီးမှုတွေ ပေးရလိမ့်မယ်... ဒါဟာ စွန့်စားရမှု တစ်ခုပဲ"
နင်းကျော့က ခဏမျှ စဉ်းစားပြီးနောက် ပြုံးကာ "အစ်ကိုက ပွင့်ပွင့်လင်းလင်း ပြောပြတာပဲ... ကျွန်တော် အစ်ကို့ကို ယုံပါတယ်... စမ်းကြည့်ကြတာပေါ့" ဟု ဆိုလိုက်သည်။
"ဒါပေမဲ့ ဒီနေရာကတော့ မသင့်တော်ဘူးထင်တယ်... ဒီရေတချို့ကို ကျွန်တော် ယူသွားလို့ ရမလား"
ဟန်ကျိုးကလည်း "ရတာပေါ့" ဟု ဆိုကာ ပုလင်းလေးတစ်လုံးထဲသို့ ရေထည့်ပေးလိုက်သည်။
နင်းကျော့သည် ဟန်ကျိုးကို နှုတ်ဆက်ပြီး သူ၏ ဂူကျောင်းဆောင်ဆီသို့ ပြန်လာခဲ့သည်။ သူသည် ဦးစွာ စွန်းလင်ထုံနှင့် တိုင်ပင်ကာ ဤရေသည် အမှန်တကယ် ဘေးကင်းခြင်း ရှိ၊ မရှိကို သေချာအောင် စစ်ဆေးလိုက်သည်။
ထို့နောက် စွန်းလင်ထုံကို အနားတွင် စောင့်ကြည့်ပေးရန် ပြောကာ 'ခါးသီးသောရေ' ကို မြည်းစမ်းရန် ပြင်ဆင်တော့သည်။
စွန်းလင်ထုံမှာလည်း စိတ်ဝင်စားနေကာ သူကိုယ်တိုင်လည်း မမြည်းစမ်းဖူးသဖြင့် နင်းကျော့ကို သူ၏ ဝေစုအတွက် ချန်ထားရန် စနောက်ပြောဆိုနေသေးသည်။ ထို့နောက် သူတို့နှစ်ဦးမှာ ဝိညာဉ်အပင်များ ထားရှိရာ အခန်းထဲသို့ ဝင်သွားကြသည်။
ထိုအခန်းထဲရှိ 'ရွှမ်ဟွမ်မြေဆီလွှာ' မှာ အရင်ကထက် ပါးလွှာသွားသည်ကို တွေ့ရသည်။ အခန်း၏ အလယ်တွင်မူ 'ဝိညာဉ်ဖုံးကွယ်မိုးမခပင်' တစ်ပင် ရှိနေ၏။
သာယာသော သံစဉ်များက သူတို့ကို ဝန်းရံထားပြီး နွေဦးလေပြေညင်းများကြောင့် မိုးမခပင်၏ ကိုင်းဖျားများမှာ လှုပ်ခတ်နေကြသည်။
စွန်းလင်ထုံက "ညီလေး... ကြည့်စမ်း... ခြောက်သွေ့နေတဲ့ အကိုင်းတွေ ပြန်လည် စိုပြည်လာပြီပဲ" ဟု ဝမ်းသာအားရ ပြောလိုက်သည်။
နင်းကျော့က သက်ပြင်းချကာ "ဒီမိုးမခပင်က ထင်ထားတာထက် ပိုပြီး စွမ်းအင်တွေ ကုန်ဆုံးနေတာပဲ" ဟု ဆိုလေသည်။
" တတ်နိုင်သမျှ အကောင်းဆုံး ရတနာတွေကို သုံးထားပေမဲ့ ဒီအပင်ရဲ့ ပြန်လည်ရှင်သန်နှုန်းကတော့ အားရစရာ မရှိသေးဘူး"
နင်းကျော့သည် အပင်၏ အမြစ်နားရှိ မြေဆီလွှာကို ကြည့်လိုက်သောအခါ ယခင်က ထည့်ထားသည့် 'ပဉ္စရောင် နတ်ဘုရားသဲ' နှင့် 'ရတနာသုံးပါး ဝိညာဉ်မြေဆီလွှာ' တို့မှာ ဆယ်ပုံတစ်ပုံခန့်သာ ကျန်တော့သည်ကို တွေ့ရသည်။
ယခင်က ထည့်ထားသည့် 'ကြယ်စင်မြစ် ဝိညာဉ်ရည်' များကြောင့် မြေဆီလွှာမှာ စိုစွတ်နေခဲ့သော်လည်း ယခုမူ အားလုံး ကုန်ခမ်းသွားကာ ခြောက်သွေ့နေချေပြီ။
နင်းကျော့က "ဒီအပင်ကို ထိန်းသိမ်းဖို့ဆိုတာ မလွယ်ဘူးပဲ... ဆက်ပြီးတော့ပဲ ရင်းနှီးရဦးမယ်ထင်တယ်" ဟု ဆုံးဖြတ်ချက် ချလိုက်သည်။
စွန်းလင်ထုံကလည်း မျက်မှောင်ကြုတ်လျက် "အခု အခြေအနေက ရိုးရိုးနည်းလမ်းနဲ့တော့ မရတော့ဘူး... လင်းရှန်းရှန်းဟာ ဂိုဏ်းချုပ်ရဲ့ အချစ်တော် ဖြစ်ပေမဲ့ အခုတော့ အကျဉ်းချခံထားရတယ်"
"ဒါပေမဲ့ ဆေးပေါင်းသောင်းခြောက်ထောင် ချိုင့်ဝှမ်းမှာတော့ ဝိညာဉ်မြေဆီလွှာတွေနဲ့ နတ်ဘုရားသဲတွေ ရှိနေဦးမှာပဲ... ဖြစ်နိုင်ရင်တော့..."
အခန်း (၃၉၈) ခါးသီးသောရေကို မြည်းစမ်းခြင်း
နင်းကျော့က ခေါင်းယမ်းလိုက်ပြီး ယင်းသို့ ဆိုချေသည်။
“ဒါက သိပ်တော့ မမှန်သေးဘူး။ ကျွန်တော့်မှာ ဒီလို လိုအပ်ချက်တွေ ရှိနေတာကို လူအများကြီးက သိနေကြပြီလေ။ တကယ်လို့ ဒီရတနာပစ္စည်းတွေသာ အခိုးခံရမယ်ဆိုရင် သူတို့ အရင်ဆုံး သံသယဝင်မှာက ကျွန်တော့်ကိုပဲ ဖြစ်လိမ့်မယ်”
စွန်းလင်ထုံက ပုခုံးတွန့်ပြကာ ပြန်ပြောလိုက်၏။
“ဒါဆိုလည်း သူတို့ဆီမှာ ရှိသမျှ အကုန်လုံးကို တစ်ပြိုင်နက်တည်း သိမ်းကျုံးယူလိုက်ရင် မပြီးဘူးလား”
နင်းကျော့က သက်ပြင်းကို လေးလံစွာ ချလိုက်ပြီးမှ
“ဝိညာဉ်သန္ဓေတည်ခြင်းအဆင့် ကျင့်ကြံသူတွေရဲ့ မျက်စိအောက်မှာ ခိုးယူဖို့ဆိုတာက တကယ်ကို အန္တရာယ် များလွန်းတယ်”
“ဒါပေမဲ့ တခြား နည်းလမ်းသာ မရှိတော့ဘူးဆိုရင်တော့ ကျွန်တော်တို့ အဲဒီအတိုင်းပဲ လုပ်ရတော့မှာပေါ့”
“အခုတော့ ဒီအကြောင်းတွေကို ခဏထားလိုက်ပါဦး။ အစ်ကိုစွန်း... ကျွန်တော့်ကို အနားကနေ စောင့်ရှောက်ပေးပါဦး”
စွန်းလင်ထုံက ခေါင်းကို တရစပ် ငြိမ့်ပြကာ ဆို၏။
“ကျော့လေး... မင်းဘာသာမင်း အေးအေးဆေးဆေး စဉ်းစားဆင်ခြင်ပါ၊ အစ်ကို ဒီကနေ ကြည့်ပေးထားမယ်”
ထိုအခါ နင်းကျော့သည် ရှေ့သို့ ခြေလှမ်းအနည်းငယ် တက်လှမ်းသွားပြီး ဝိညာဉ်ဖုံးကွယ်မိုးမခပင်၏ အောက်တွင် ရပ်တန့်လိုက်ချေသည်။
ဝိညာဉ်ဖုံးကွယ်မိုးမခပင်သည် နင်းကျော့ကို သိရှိသွားဟန်ဖြင့် ၎င်း၏ သစ်ကိုင်းလေးများဖြင့် နင်းကျော့၏ မျက်နှာကို ခပ်ဖွဖွလေး လာရောက် ပွတ်သပ်နေပြန်၏။
နင်းကျော့က မိုးမခပင်၏ ကြိုဆိုမှုကို ခံစားမိသဖြင့် အနည်းငယ် ပြုံးလိုက်ပြီး
“မိုးမခပင်လေး... မိုးမခပင်လေး... ရက်အနည်းငယ်လောက်ပဲ ခွဲခွာရသေးတာကို မင်းက ငါ့ကို လွမ်းနေတာလား”
“ခါးသီးတဲ့ရေကို မြည်းစမ်းကြည့်ဖို့ မင်းရဲ့ စွမ်းအားကို ငါ တစ်ခေါက်လောက် ထပ်ငှားရဦးမယ်”
“မင်းအတွက် ပိုကောင်းတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးနိုင်ဖို့ ငါ ပိုပြီး သန်မာလာဖို့ လိုတယ်လေ”
စွန်းလင်ထုံက ဘေးမှနေ၍ တခိခိ ရယ်မောကာ
“ညီလေး... မင်းကတော့ တကယ်ကို ထူးဆန်းတာပဲ။ မိုးမခပင်နဲ့ စကားပြောနေတယ်ပေါ့။ ကဲ... မြန်မြန်သာ သောက်လိုက်ပါတော့”
နင်းကျော့က လှည့်ကြည့်ကာ စွန်းလင်ထုံကို ပြန်ပြောပြ၏။
“အစ်ကိုစွန်း... ကျွန်တော် ဒီအပင်ကို မြင်လိုက်ရတဲ့ အချိန်ကစပြီး တစ်မျိုးကြီး ရင်းနှီးနေသလို ခံစားရတယ်။ ဒါကြောင့်လည်း အလိုလိုနေရင်း စကားပြောမိသွားတာပါ”
“ဒါက ကျွန်တော် ပညာမီးလျှံဖြင့် ဝိညာဉ်ချေဖျက် လွတ်မြောက်ရာကျမ်းကို ကျင့်ကြံထားလို့လည်း ဖြစ်နိုင်တယ်၊ အရာခပ်သိမ်းရဲ့ ဝိညာဉ်သဘာဝကို ပိုပြီး အာရုံခံနိုင်လာတာလေ။
ဝိညာဉ်ဖုံးကွယ်မိုးမခပင်လိုမျိုး ကျွန်တော်တို့ရဲ့ အသိဉာဏ်ကို ပွင့်လင်းစေနိုင်တဲ့ အပင်ဆိုရင် ဝိညာဉ်စွမ်းအားက ပိုတောင် ကြီးမားဦးမှာပေါ့”
“ဒါပေမဲ့ သူ့မှာက ပါးစပ်လည်း မပါ၊ နှာခေါင်းလည်း မရှိတော့ စကားလည်း မပြောနိုင်သလို အမူအရာလည်း မပြနိုင်ဘူးလေ”
“အမှန်အတိုင်း ပြောရရင် သူ့ကို စကားပြောလိုက်တိုင်း ကျွန်တော့်ရဲ့ စိတ်အခြေအနေက အလိုလို ငြိမ်သက်သွားတာပဲ”
စွန်းလင်ထုံက ပုခုံးတွန့်လိုက်ပြီး
“ဒါဆိုရင်လည်း မဆိုးပါဘူး၊ မင်းရဲ့ စိတ်ကို တည်ငြိမ်အောင် ထိန်းညှိပေးတဲ့ နည်းလမ်းတစ်ခု ဖြစ်တာပေါ့”
နင်းကျော့က စကားပြောခြင်းကို ရပ်တန့်ကာ ထိုင်ခုံတစ်ခု ထုတ်၍ တင်ပလ္လင်ခွေ ထိုင်လိုက်ချေသည်။ ထို့နောက် ခါးသီးသောရေ အနည်းငယ်ပါဝင်သည့် ကျောက်စိမ်းပုလင်းငယ်လေးကို ထုတ်ယူလိုက်၏။
နင်းကျော့သည် အသက်ရှူခြင်းကို ခဏတာ ထိန်းညှိကာ သူ၏ စိတ်အခြေအနေကို အပြည့်အဝ ပြင်ဆင်လိုက်ရာ သူ၏ စိတ်သည် ရှေးဟောင်း ရေတွင်းအလား အေးချမ်းတည်ငြိမ်သွားပြီး အတွေးစများမှာလည်း ကြည်လင်ပြတ်သားလာချေသည်။
နင်းကျော့သည် ပုလင်းအဖုံးကို ဖွင့်ကာ ခါးသီးသောရေကို သူ၏ ပါးစပ်အတွင်းသို့ ဖြည်းညှင်းစွာ လောင်းထည့်လိုက်၏။
ခါးသီးသောရေသည် လျှာဖျားနှင့် ထိတွေ့လိုက်သည်နှင့်တစ်ပြိုင်နက် ဖော်ပြ၍မရနိုင်လောက်အောင် ပြင်းထန်လှသည့် ခါးသက်မှုကို နင်းကျော့ ခံစားလိုက်ရချေသည်။
ထိုခါးသက်မှုသည် လျှာပေါ်ရှိ အရသာခံအဖုများကိုသာမက သူ၏ ဝိညာဉ်အတွင်းပိုင်းအထိပါ တိုက်ရိုက် ထိမှန်သွားသဖြင့် လည်ချောင်းတစ်ခုလုံး ပူလောင်သွားကာ ဝိညာဉ်သည်လည်း နာကျင်စွာ အော်ဟစ်နေရသကဲ့သို့ ဖြစ်သွား၏။
ခါးသီးသောရေသည် လည်ချောင်းတစ်လျှောက် စီးဆင်းသွားသည်နှင့်အမျှ အလွန်အေးမြသည့် ရေစီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ တစ်ကိုယ်လုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားချေသည်။
နင်းကျော့သည် ဗိုက်ထဲမှတစ်ဆင့် ခြေလက်များအထိ စီးဆင်းသွားသည့် အေးစိမ့်မှုကို ခံစားလိုက်ရရာ တစ်ခါမျှ မကြုံဖူးသေးသည့် ချမ်းစိမ့်တုန်လှုပ်မှုကို ရရှိသွား၏။
နှလုံးခုန်သံမှာလည်း သိသိသာသာ မြန်ဆန်လာကာ နဖူးပေါ်တွင် ချွေးစေးများ ထွက်လာပြီး ခန္ဓာကိုယ်မှာလည်း ထိန်းမနိုင်သိမ်းမရ တုန်ယင်လာချေသည်။
သူ၏ အတွေးထဲတွင် သူပြုလုပ်ခဲ့မိသည့် အပြစ်များ၊ သူနစ်နာအောင် လုပ်ခဲ့မိသည့်သူများ သို့မဟုတ် မအောင်မြင်ခဲ့သည့် အရာများနှင့် သူမှားယွင်းခဲ့သည့် အမှားများက တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာ၏။
ဟွမ်မျိုးနွယ်စုမှ သရဲသုံးကောင်၊ နင်းကျန်ကျိ၊ နင်းကျိ၊ နင်းကျဲ၊ နင်းရှောင်ဟွေ့၊ ကျူးရွှမ်းကျိ၊ မုန့်ချုံ၊ ကျားနက်မိစ္ဆာ၊ တိမ်မြေခွေးနတ်သမီး၊ လင်းရှန်းရှန်း...
ထိုမှတ်ဉာဏ်များသည် အလွန်ထင်ရှားလှပြီး အသေးစိတ်အချက်အလက်များမှာလည်း အသက်ဝင်နေသဖြင့် သူသည် ရှောင်လွှဲ၍လည်း မရ၊ ထွက်ပြေး၍လည်း မရနိုင်ပေ။
သူ၏ နားထဲတွင် တိုးတိုးလေး ရေရွတ်သံများနှင့် ငိုယိုသံများ စတင် ပဲ့တင်ထပ်လာရာ ယင်းတို့မှာ သူလျစ်လျူရှုခဲ့သည့် အသံများ၊ သူ၏ စိတ်နှလုံး နက်ရှိုင်းသော နေရာမှ နောင်တရမှုနှင့် အပြစ်ရှိစိတ်တို့ ဖြစ်ချေသည်။
မမြင်နိုင်သော ဖိအားတစ်ခုက သူ့ကို ဝန်းရံထားပြီး မရေတွက်နိုင်သော လက်များက သူ၏ ဝိညာဉ်ကို ဆွဲငင်ကာ အဆုံးမဲ့သည့် အကုသိုလ် ချောက်ကမ်းပါးထဲသို့ ဆွဲချနေသကဲ့သို့ ခံစားနေရ၏။
နင်းကျော့က ခါးသီးသောရေကို သောက်လိုက်သည်ကို မြင်သောအခါ စွန်းလင်ထုံသည် သူ၏ ညီလေး၏ မျက်နှာ ပျက်ယွင်းသွားသည်ကို မြင်လိုက်ရချေသည်။
နင်းကျော့၏ မျက်နှာမှာ အလွန်အမင်း နာကျင်နေသည့် အမူအရာ ပေါ်ပေါက်နေကာ တင်းတင်းစေ့ထားသည့် မျက်ဝန်းများမှ မျက်ရည်များ လျင်မြန်စွာ စီးကျလာ၏။
စွန်းလင်ထုံက သွားကို တင်းတင်းကြိတ်ကာ စိတ်ထဲမှသာ အော်ဟစ်နေမိသည်။
“ကျော့လေး”
သူသည် အလွန် စိုးရိမ်နေသဖြင့် လက်သီးကို တင်းတင်းဆုပ်ထားမိသော်လည်း ဘာမှ မတတ်နိုင်ဘဲ ကြည့်နေရုံမှတစ်ပါး အခြားမရှိချေ။
သို့သော် ခဏအကြာတွင် နင်းကျော့က နှာခေါင်းတစ်ချက် ရှုံ့လိုက်သံကို သူ ကြားလိုက်ရ၏။
ဝိညာဉ်ဖုံးကွယ်မိုးမခပင်၏ အောက်တွင် ဝတ်စုံဖြူဝတ် လူငယ်လေးသည် အေးစက်လှသည့် အသွင်အပြင်ကို ပြသနေကာ ယခင်က ခံစားနေရသည့် နာကျင်မှုများနှင့် ပျက်ယွင်းနေသည့် အမူအရာများမှာလည်း ထိုအေးစက်မှုအောက်တွင် ပျောက်ကွယ်သွားဟန် ရှိချေသည်။
နင်းကျော့သည် သူ၏ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ရာ သူ၏ အကြည့်များမှာ အလွန် တည်ငြိမ်နေ၏။ သူက စိတ်ထဲမှနေ၍ အေးစက်စွာ ရယ်မောလိုက်ပြီးမှ
“လောကမှာ ရှိသမျှ အရာအားလုံးက သဘာဝအတိုင်း ယှဉ်ပြိုင်နေကြတာပဲ၊ အားလုံးက ကြိုးစားနေကြတာ။ ကျင့်ကြံခြင်းလမ်းစဉ်က ကျယ်ပြန့်ပုံရပြီး ကျင့်ကြံခြင်းဆိုင်ရာ အတတ်ပညာတွေကလည်း အများကြီးရှိနေသလို ထင်ရပေမဲ့ တကယ်တမ်းကျတော့ လမ်းက တစ်ခုတည်းရှိတာ”
“ဒါကတော့ အောင်မြင်မှုအတွက် တိုက်ပွဲဝင်ရတဲ့ လမ်းပဲ”
“ဖြောင့်မတ်တဲ့လမ်းပဲဖြစ်ဖြစ်၊ ယုတ်ညံ့တဲ့လမ်းပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် မိစ္ဆာလမ်းပဲဖြစ်ဖြစ်၊ နောက်ဆုံးတော့ အင်အားက ပထမပဲ။ အင်အားသာ အလုံအလောက်ရှိရင် လူတွေက ငါ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံကြပြီး စည်းမျဉ်းစည်းကမ်းတွေအကြောင်းကို ပြုံးပြုံးလေး ပြောကြလိမ့်မယ်”
“ငါ့မှာသာ အင်အား အလုံအလောက်ရှိခဲ့ရင် မီးလျှံသီးတောင်မှာတင် အမေကို နိုးထလာအောင် လုပ်နိုင်ခဲ့မှာ၊ အခုလိုမျိုး ဟိုပြေးဒီပြေး လုပ်နေဖို့ မလိုဘူး”
“ကိုယ့်ရဲ့ အင်အားကို မြှင့်တင်နိုင်မှသာ အခြေခံနဲ့ အနှစ်သာရကို တည်ဆောက်နိုင်မှာ။ ဒီလောက် ခါးသီးတဲ့ရေလေးက ငါ့ရဲ့ စိတ်ဓာတ်ကို ဘယ်လိုလုပ် တုန်လှုပ်စေနိုင်မှာလဲ”
“ဆုတ်နစ်မှုမရှိဘဲ ရှေ့သို့ ဆက်တိုက် တိုးသွားမယ်၊ ကိစ္စသေးလေးတွေကို ဂရုမစိုက်ဘဲ အောင်မြင်မှုရအောင် အမြဲတမ်း ကြိုးစားနေမယ်၊ ဒါက ငါနင်းကျော့ရဲ့ အောင်မြင်မှု လမ်းစဉ်ပဲ”
လူသားတစ်ဦးနှင့်တစ်ဦးမှာ မတူညီကြပေ။ ဆင်းရဲဒုက္ခနှင့် ရင်ဆိုင်ရသည့်အခါ လူတိုင်း၏ ခံစားချက်၊ ရွေးချယ်မှုနှင့် အပြုအမူများမှာ ကွဲပြားကြသည်။
အချို့က ခက်ခဲမှုများမှ ခွန်အားကို ရယူကာ သူတို့၏ အင်အားကို ဆက်တိုက် မြှင့်တင်ကြ၏။ သူတို့သည် စိတ်ဓာတ်ကို ဘယ်တော့မှ မယိမ်းယိုင်စေဘဲ အခက်အခဲအားလုံးမှာ ယာယီသာဖြစ်သည်ဟု ယုံကြည်ကြချေသည်။
သူတို့တွင် ခိုင်မာသော စိတ်ဓာတ်သာ ရှိနေပါက မည်မျှ ကြီးမားသည့် အခက်အခဲဖြစ်စေကာမူ ဘဝ၏ စမ်းသပ်ချက်တစ်ခုသာ ဖြစ်တော့၏။
နင်းကျော့သည် အသက် (၁၆) နှစ်အရွယ် လူငယ်လေးတစ်ဦးသာ ဖြစ်သော်လည်း သူ၏ ကြီးပြင်းလာခဲ့ရသည့် အတွေ့အကြုံမှာ အလွန် ဖိနှိပ်ခံခဲ့ရချေသည်။
သူသည် အမြဲတမ်း ဝေဖန်မှုများနှင့် မကောင်းမွန်သည့် ဆက်ဆံမှုများကို ရင်ဆိုင်ခဲ့ရသဖြင့် မိမိကိုယ်ကိုယ် အမြဲတမ်း ဖုံးကွယ်ထားရပြီး အမေနှင့် ခွဲခွာနေရသည့် ဒဏ်ကိုလည်း အောင့်အည်း သည်းခံခဲ့ရ၏။
ထို့အပြင် စွန်းလင်ထုံ၏ လေ့ကျင့်ပေးမှုအောက်တွင် စမ်းသပ်မှုများကို ခံယူခဲ့ရသလို ရွှေအမြုတေအဆင့်နှင့် ဝိညာဉ်သန္ဓေတည်ခြင်းအဆင့်ရှိသည့် ရန်သူများကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကိုလည်း သူ၏ ဉာဏ်အားလုံးကို သုံး၍ စဉ်းစားခဲ့ရချေသည်။
ထိုအချိန်တွင် သူသည် ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့်တွင်သာ ရှိသေးသည်။
ဆီးနှင်းကမ္ဘာ အေးမြခြင်းကျမ်း...
ဟန်ကျိုးက ရှင်းရှင်းလင်းလင်း ပြောခဲ့ဖူးသည်မှာ ဤကျမ်းသည် အလွန်အေးမြသည့် ဒဏ်မှ ခွန်အားကို ရယူကာ မိမိကိုယ်ကိုယ် မြှင့်တင်ရန်နှင့် နောက်ဆုံးတွင် လွတ်မြောက်မှုရရှိရန် ဖြစ်သည်ဟု ဆို၏။
နင်းကျော့သည် ဤ (၁၆) နှစ်တာလုံးလုံး မိမိကိုယ်ကိုယ် လွတ်မြောက်အောင် ကြိုးစားနေခဲ့ရသည် မဟုတ်လော။
ဟန်ကျိုး ပြောခဲ့သည်မှာ အလွန် မှန်ကန်ချေသည် နင်းကျော့သည် ဆီးနှင်းကမ္ဘာ အေးမြခြင်းကျမ်း၏ စစ်မှန်သော ရည်ရွယ်ချက်နှင့် အမှန်တကယ် ကိုက်ညီနေခဲ့သည်။
ဗုဒ္ဓနှလုံးသား မိစ္ဆာတံဆိပ်တော်၏ အကာအကွယ်မှာ အပေါ်ယံမျှသာဖြစ်ပြီး နင်းကျော့၏ စစ်မှန်သော သဘာဝမှာ အမှန်တကယ်ပင် ယင်းသို့ ဖြစ်ချေသည်။
ငါသည် ဆင်းရဲနိမ့်ပါးနေပါစေ၊ ပြင်ပမှ ရန်သူများသည် တောင်တန်းများနှင့် ကောင်းကင်ကြီးအလား ကြီးမားနေပါစေ၊ ငါ့ရဲ့ ရည်မှန်းချက်ကို သူတို့ မနှိမ်နှင်းနိုင်သလို ငါ့ရဲ့ စိတ်ကူးတွေကိုလည်း မတားဆီးနိုင်ဘူး။
ငါက ဒီစိန်ခေါ်မှုအားလုံးကို ငါ့ကို ပိုပြီး ထက်မြက်လာစေမယ့် သွေးကျောက်တွေအဖြစ်ပဲ သဘောထားတယ်၊ ဒါက ပုန်းကွယ်နေတဲ့ နဂါးတစ်ကောင် ပျံတက်ဖို့ စောင့်ဆိုင်းနေတဲ့ ရွှံ့နွံအိုင်ကြီးလိုပေါ့။
ဓားတစ်လက်ရဲ့ အသွားက သွေးယူရခြင်းကနေ ထက်မြက်လာရသလို နှင်းဆီပွင့်ရဲ့ ရနံ့ကလည်း ပြင်းထန်တဲ့ အေးမြမှုကို အံတုခြင်းကနေ ရရှိလာတာပဲ။
ဒီလို ခါးသီးအေးမြမှုဆိုတာက ဘဝက ပေးတဲ့ လက်ဆောင်တစ်ခုပါပဲ။
ပြီးတော့ ဒီခါးသီးတဲ့ရေကို သေချာမြည်းစမ်းကြည့်တဲ့အခါမှာ ချိုမြိန်တဲ့ အရသာလေးတစ်ခု ရှိနေသလို ခံစားရတယ်။
နင်းကျော့သည် သူ၏ စိတ်ခံစားမှုကို တည်ငြိမ်အောင် လုပ်နိုင်ခဲ့ရုံသာမက ဤအခွင့်အရေးကို အသုံးချကာ သူ၏ စိတ်ဓာတ်ကိုလည်း ထပ်မံ မြှင့်တင်လိုက်ချေသည်။
ခါးသီးသောရေထဲတွင် ပါဝင်သည့် စစ်မှန်သော အနှစ်သာရသည် သူ၏ နှလုံးသားထဲတွင် ကြီးမားသည့် မြစ်ကြီးတစ်စင်းအလား စီးဆင်းသွား၏။
ရေခဲနှင်းခဲ လက်သီးစွမ်းအား၊ အေးမြလှသည့် ခြေထောက်ကျင့်စဉ်၊ ဝိညာဉ်အသွေးအသား ခံနိုင်ရည်ကျင့်စဉ်၊ လုပ်အားပေးခြင်း၊ ခါးသီးသောရေကို လောင်းထည့်ခြင်း...
နင်းကျော့သည် အမျိုးမျိုးသော ကိုယ်ခံပညာရပ်များကို ရရှိခဲ့ပြီး ယင်းတို့၏ အနှစ်သာရကိုလည်း လျင်မြန်စွာ တတ်မြောက်သွားချေသည်။
အနှစ်သာရကို နားလည်သွားသည့်အခါ ယင်းကို မိမိကိုယ်ကိုယ် ပြန်လည် အသုံးချရန်မှာ အလွန် သဘာဝကျပြီး လွယ်ကူသွားတော့၏။
နင်းကျော့သည် ဆင်ခြင်ခြင်းကို အဆုံးသတ်ကာ မတ်တတ်ရပ်လိုက်သောအခါ စွန်းလင်ထုံက ချက်ချင်း အနားသို့ ရောက်လာပြီး သူ၏ အခြေအနေကို မေးမြန်းချေသည်။
နင်းကျော့၏ မျက်လုံးများမှာ တောက်ပနေကာ သူ၏ စိတ်ဓာတ်မှာလည်း ပြောင်းလဲသွားပြီး အလွန် တက်ကြွ လန်းဆန်းနေပုံရ၏။
“အစ်ကိုစွန်း... ကျွန်တော် အခု အရမ်း နေလို့ကောင်းသွားပြီ”
သူသည် ဝိညာဉ်ဖုံးကွယ်မိုးမခပင်ကို လှည့်ကြည့်လိုက်၏။
ဝိညာဉ်ဖုံးကွယ်မိုးမခပင်ပေါ်တွင် မိုးမခကိုင်း တစ်ဝက်ခန့်သာ ညှိုးနွမ်းသွားသည့် လက္ခဏာ ပေါ်ပေါက်နေချေသည်။
ခါးသီးသောရေ၏ ခက်ခဲမှုမှာ နားလည်သဘောပေါက်ရန် မဟုတ်ဘဲ ဝိညာဉ်အပေါ် မေးခွန်းထုတ်မှုများနှင့် ရိုက်ခတ်မှုများကို မည်သို့ ခံနိုင်ရည်ရှိအောင် လုပ်ရမည်၊ စိတ်ဓာတ်ကို မည်သို့ တည်ငြိမ်အောင် ထားရမည်နှင့် မကောင်းသည့် စိတ်ခံစားမှုအားလုံးကို မည်သို့ ဖြေဖျောက်ရမည် ဆိုသည့်အချက်ပင် ဖြစ်ချေသည်။
စွန်းလင်ထုံက နင်းကျော့ကို အပေါ်အောက် အကဲခတ်ကြည့်ကာ အနည်းငယ် အံ့သြသွားပြီးမှ
“မင်း တစ်ခုခု ပြောင်းလဲသွားသလိုပဲလို့ ငါ ခံစားနေရတယ်”
“ခါးသီးတဲ့ရေရဲ့ အရသာက ဘယ်လိုလဲ”
နင်းကျော့က ပြန်ဖြေရန် ပြင်လိုက်စဉ်မှာပင် စွန်းလင်ထုံက လက်မြှောက်၍ ချက်ချင်း တားလိုက်ချေသည်။
“မပြောနဲ့ဦး... ငါ ကိုယ်တိုင် မြည်းစမ်းကြည့်မယ်။ ဟီးဟီးဟီး”
“တကယ်ကို မျှော်လင့်နေတာ”
စွန်းလင်ထုံက လက်နှစ်ဖက်ကို ပွတ်ကာ မျက်လုံးလေးများ မှေးသွားသည်အထိ ပြုံးနေ၏။
“အစ်ကိုစွန်း... ကျွန်တော် စောင့်ကြည့်ပေးမယ်လေ”
နင်းကျော့က ထိုင်ခုံမှ ဖယ်ပေးလိုက်ရာ စွန်းလင်ထုံက ထိုနေရာတွင် ဝင်ထိုင်လိုက်ချေသည်။
စွန်းလင်ထုံက ခါးသီးသောရေကို သောက်လိုက်သောအခါ သူ၏ မျက်နှာအမူအရာမှာလည်း သိသိသာသာ ပြောင်းလဲသွား၏။
“အစ်ကိုစွန်း... အောင့်ထားနော်”
နင်းကျော့က စိတ်ထဲမှနေ၍ အားပေးနေမိချေသည်။
စွန်းလင်ထုံသည်လည်း သူ့ကို စိတ်မပျက်စေဘဲ သူ၏ စိတ်ကို လျင်မြန်စွာ ပြန်လည် ထိန်းချုပ်နိုင်ခဲ့၏။
ခဏအကြာတွင် သူသည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ကာ စိတ်ပျက်နေသည့် အမူအရာဖြင့် ဆိုချေသည်။
“ညီလေး... ဟန်ကျိုးကတော့ မရိုးသားဘူးပဲ၊ သူ မင်းကို ထောင်ချောက်ဆင်လိုက်တာ”
“ဒီကိုယ်ခံပညာရပ်တွေက ဝိညာဉ်အသွေးအသား ခံနိုင်ရည်ကျင့်စဉ်ကို အခြေခံပြီး လုပ်ထားတာပဲ”
“ရေခဲနှင်းခဲ လက်သီးစွမ်းအားတို့၊ အေးမြတဲ့ ခြေထောက်ကျင့်စဉ်တို့ ဆိုတာက အတွင်းပိုင်းကနေ အပြင်ဘက်ကို ဆီးနှင်းကမ္ဘာ အေးမြခြင်း အငွေ့အသက်တွေ ထွက်လာဖို့ လိုတာလေ။ အရင်ဆုံး ကိုယ့်ကိုယ်ကို နာကျင်အောင် လုပ်ပြီးမှ ရန်သူကို တိုက်ခိုက်ရတာ”
“ဝိညာဉ်အသွေးအသား ခံနိုင်ရည်ကျင့်စဉ်က အတိုက်ခံရလေလေ၊ ပိုပြီး သန်မာလာလေလေပဲ။ ဒါပေမဲ့ မင်းနဲ့ ငါနဲ့ နှစ်ယောက်လုံးမှာက အဲဒီ ဆီးနှင်းကမ္ဘာ အေးမြခြင်း အငွေ့အသက် မရှိဘူးလေ၊ ငါတို့က အဲဒီလို စွမ်းအင်မျိုး ရအောင် ဆီးနှင်းကမ္ဘာ အေးမြခြင်းကျမ်းကို သီးသန့် ကျင့်ကြံထားတာမှ မဟုတ်တာ”
နင်းကျော့က ခေါင်းငြိမ့်ကာ
“ဒါက မှန်ပါတယ်”
“ကျွန်တော် ကျင့်ကြံထားတဲ့ ဓာတ်ငါးပါး အပြန်အလှန် အကျိုးပြုခြင်းနှင့် ဖျက်ဆီးခြင်းပညာရပ်က ဓာတ်ငါးပါး ဝိညာဉ်စွမ်းအားကိုပဲ ထုတ်ပေးတာလေ။ ဓာတ်ငါးပါး ဝိညာဉ်စွမ်းအားက ကျွန်တော့် ခန္ဓာကိုယ်အတွင်းပိုင်းက အဆစ်အမြစ်တွေအထိ ထိုးဖောက်ဝင်ရောက်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး။
ဒါက ကျွန်တော့် ခန္ဓာကိုယ်ကို အများကြီး ထိခိုက်စေနိုင်တယ်၊ လက်သီးနဲ့ ခြေထောက် စွမ်းအားတွေကို မြှင့်တင်ပေးနိုင်တယ် ဆိုပေမဲ့လည်း ဒါက မထိုက်တန်ဘူးလေ”
“ဒါပေမဲ့ အစ်ကိုစွန်း... အစ်ကို တစ်ခု မေ့နေပုံရတယ်၊ ကျွန်တော်က ပညာရပ် သုံးခုကို တစ်ပြိုင်တည်း ကျင့်ကြံနေတာလေ။ ဓာတ်ငါးပါး ဝိညာဉ်စွမ်းအားက ကျွန်တော့်ရဲ့ ဝိညာဉ်ပင်လယ်ထဲမှာ ရှိနေတဲ့ စွမ်းအားတွေထဲက တစ်ခုပဲ ရှိသေးတာ၊
ကျွန်တော့်ရဲ့ အနှစ်သာရ ပင်လယ်ထဲမှာ အသွေးအသားဖြင့် ခန္ဓာကိုယ်တည်ဆောက်ခြင်း ကျင့်စဉ်ကနေ ရထားတဲ့ အနှစ်သာရ သွေးစွမ်းအားတွေ ရှိနေသေးတယ်လေ”
စွန်းလင်ထုံက သူ၏ နဖူးကို လက်ဖြင့် ရိုက်လိုက်ပြီး
“ဟာ... ငါ အဲဒါကို မေ့သွားတာပဲ။ မင်းက အခုတလော ရန်သူတွေကို တိုက်ခိုက်တဲ့အခါ ဓာတ်ငါးပါး ဝိညာဉ်စွမ်းအားကိုပဲ သုံးနေတာကိုး”
နင်းကျော့က ပြုံးလိုက်ချေသည်။ သူသည် ယခုအခါ ဆီးနှင်းကမ္ဘာ အေးမြခြင်းကျမ်းမှ ကိုယ်ခံပညာရပ်များ၏ အနှစ်သာရကို တတ်မြောက်သွားပြီ ဖြစ်သလို အသွေးအသားဖြင့် ခန္ဓာကိုယ်တည်ဆောက်ခြင်း ကျင့်စဉ်နှင့် ကိုက်ညီသည့် ကိုယ်ခံပညာရပ်များကိုလည်း ကြံဆထားပြီး ဖြစ်ရာ တစ်နေ့နေ့တွင် အခြားသူများကို အံ့အားသင့်သွားစေရန် တိတ်တဆိတ် လေ့ကျင့်ရန်သာ လိုတော့၏။
တိုက်ပွဲငယ်တောင်ထိပ်၊ ကိုယ်ခံပညာ လေ့ကျင့်ရေးကွင်း။
နင်းကျော့သည် ချိန်းဆိုထားသည့်အတိုင်း ရောက်ရှိလာရာ ဟန်ကျိုးနှင့် တွေ့ဆုံလိုက်ချေသည်။
သူတို့ တွေ့ဆုံလိုက်သည်နှင့်တစ်ပြိုင်နက် ဟန်ကျိုးက ခါးသီးသောရေကို သောက်ပြီးပြီလားဟု မေးမြန်း၏။ နင်းကျော့ကလည်း မြည်းစမ်းကြည့်ပြီးပြီဖြစ်ကြောင်း၊ အသိအမြင်အချို့ ရရှိခဲ့ကြောင်းနှင့် ယနေ့တွင်လည်း လမ်းညွှန်မှုပေးရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောပြလိုက်ချေသည်။
ဟန်ကျိုးက အံ့သြသွားသည့် အမူအရာဖြင့် နင်းကျော့နှင့် စတင် ယှဉ်ပြိုင် လေ့ကျင့်လိုက်၏။ နင်းကျော့သည် မည်သည့် ထူးခြားသည့် ကိုယ်ခံပညာရပ်ကိုမျှ ထုတ်မပြသော်လည်း ဟန်ကျိုး၏ ရေခဲနှင်းခဲ လက်သီးစွမ်းအား၊ အေးမြသည့် ခြေထောက်ကျင့်စဉ်နှင့် ဝိညာဉ်အသွေးအသား ခံနိုင်ရည်ကျင့်စဉ်တို့ကို ယခင်ကထက် ပိုမို ကောင်းမွန်စွာ တုံ့ပြန်နိုင်လာရာ ယခင်က ခက်ခဲခဲ့သည်များကို ယခုအခါ အလွယ်တကူ ကိုင်တွယ်နိုင်လာချေသည်။
လေ့ကျင့်မှုအပြီးတွင် ဟန်ကျိုးက အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်၏။
“နင်းကျော့... မင်းက ငါတို့ရဲ့ ကိုယ်ခံပညာရပ်တွေကို အနည်းငယ်ပဲ သိသေးတာတောင် အကုန်လုံးကို ကျွမ်းကျင်သွားပြီပဲ။ ခါးသီးတဲ့ရေကို သောက်လိုက်ရတာက တကယ်ကို အကျိုးရှိသွားတာပဲနော်”
နင်းကျော့က ပြုံး၍
“ဒါက အကိုဟန်ကျိူးရဲ့ စေတနာကြောင့်ပါ”
ဟန်ကျိုးက နင်းကျော့၏ အမူအရာကို သေချာ ကြည့်လိုက်ရာ သူ၏ စိတ်ဓာတ်မှာ တောက်ပနေသည်ကို မြင်ရသဖြင့် ပို၍ပင် အံ့သြသွားကာ လက်ခါပြလိုက်ပြီးမှ
“ဒါက မင်းမှာ ဒါကို သုံးနိုင်တဲ့ အရည်အချင်းရှိလို့ပါ”
“ကျင့်ကြံသူ အများစုက တိုက်ခိုက်ရေးစွမ်းရည်တွေ ကောင်းပြီး ကျင့်ကြံမှုအဆင့်တွေ မြင့်နေကြပေမဲ့ တကယ်တမ်းကျတော့ ဒီခါးသီးတဲ့ရေကို သုံးစွဲဖို့ အရည်အချင်း မပြည့်မီကြဘူးလေ”
“အခုတော့ ငါ တကယ်ကို ယုံကြည်သွားပြီ ကျင့်ကြံဖော် နင်းကျော့... မင်းက အရည်အချင်း ထူးချွန်ရုံတင်မကဘဲ မင်းရဲ့ စိတ်ဓာတ်ကလည်း တကယ်ကို ကြံ့ခိုင်တာပဲ”
နင်းကျော့က နှိမ့်ချစွာဖြင့် စကားအနည်းငယ် ပြန်ပြောပြီးနောက် ကျင့်ကြံခြင်းဆိုင်ရာ အသိအမြင် ပန်းချီကားချပ် နှစ်ချပ်ကို ထုတ်ယူလိုက်ချေသည်။ ယင်းတို့မှာ ဆီးနှင်းအောင်ပွဲ ပုံရိပ်နှင့် ဂုဏ်ယူဖွယ် နှင်းပန်းချီတို့ ဖြစ်၏။
“အစ်ကိုဟန်ကျိုး... အရင်က ကျွန်တော့်ကို ခါးသီးတဲ့ရေ လက်ဆောင်ပေးခဲ့တာဆိုတော့ ကျွန်တော်လည်း တစ်ခုခု ပြန်ပေးရမှာပေါ့”
“ဒီ ကျင့်ကြံခြင်းဆိုင်ရာ အသိအမြင် ပန်းချီကားချပ် နှစ်ချပ်က ကျွန်တော့်ရဲ့ နင်းမျိုးနွယ်စုကနေ လာတာပါ၊ ဒါတွေက ရေခဲနဲ့ နှင်းဆိုင်ရာ မှော်ပညာရပ် နှစ်ခုဖြစ်ပြီး အစ်ကို့အနေနဲ့ ဆင်ခြင်ကြည့်ဖို့အတွက် ငှားပေးပါရစေ”
“ကျွန်တော့်မှာလည်း ဆီးနှင်းကမ္ဘာ အေးမြခြင်းကျမ်းနဲ့ ပတ်သက်ပြီး နားလည်မှုအချို့ ရှိပါတယ်။ ဆီးနှင်းကမ္ဘာ အေးမြခြင်း စွမ်းအားကို သုံးပြီး ရေခဲနဲ့ နှင်းမှော်ပညာရပ်တွေကို အသုံးပြုမယ်ဆိုရင် တကယ်ကို ထိရောက်မှာပါ”
ဟန်ကျိုးက ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ၎င်း၏လက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်ကာ ပုံရိပ်ကားချပ် နှစ်ချပ်ကို လှမ်းယူလိုက်ချေသည်။