← Chapters

အခန်း (၄၀၁-၄၀၂)

Vol. 21 Ch. 401-402

အခန်း (၄၀၁-၄၀၂)

Vol. 21 Ch. 401-402

အခန်း (၄၀၁) -လူငယ်သူရဲကောင်း

လျိုကျန့်သည် နင်းကျော့နှင့် ပတ်သက်သော အကြောင်းအရာတို့ကို ဆန်းလဲ့ထံတွင် ဦးစွာစုံစမ်းလေသည်။

"မင်းက နင်းကျော့အကြောင်းကို မေးတာလား ၊ ဒီနေ့ဒီရက်ပိုင်းမှာ မီးလျှံသီးမသေမျိုးမြို့တော်အတွင်း သူ့အကြောင်းမသိတဲ့သူ ခပ်ရှားရှားပဲ" ဟု ဆန်းလဲ့က အံ့အားသင့်သယောင်ဆိုသော်လည်း လျိုကျန့်အား ပြန်လည်ဖြေကြားပေးပေသည်။

"ဒါနဲ့ မင်းတို့ဂိုဏ်းက ဘယ်လိုဖြစ်လို့ နင်းကျော့ရဲ့သတင်းကို ကြားသိပြီး အခုလို လိုက်လံစုံစမ်းနေရတာလဲ" ဆန်းလဲ့က သိလိုစိတ်ဖြင့် မေးမြန်းပြန်သည်။

လျိုကျန့်သည်လည်း ထိမ်ချန်ထားရန် မလိုအပ်သည့်အတွက် အကြောင်းစုံကို ရှင်းပြလိုက်၏။ တစ်ဖက်တွင်လည်း မိမိ၏အသက်သခင် ကျေးဇူးရှင်ဖြစ်သော ဆန်းလဲ့ကို သူက အလွန်ပင် ယုံကြည်အားကိုးမိသည်။

အကြောင်းစုံကို ကြားသိရသောအခါ ဆန်းလဲ့က "အော်... ဒါကြောင့်ကိုး ၊ နင်းကျော့တစ်ယောက် မီးလျှံသီးမသေမျိုးမြို့တော်ကနေ ထွက်ခွာပြီး ခရီးလှည့်လည်နေတာ အတန်ကြာပြီ ၊ သူက အမြဲတမ်းလိုလို တံခါးပိတ်ကျင့်ကြံနေတတ်တော့ လူမြင်ကွင်းမှာ မပေါ်တာ အတော်ကြာနေပြီလို့ ထင်နေကြတာပေါ့" ဟု မှတ်ချက်ပြုလေသည်။

စင်စစ်မှာမူ နင်းကျော့သည် ဝိဇ္ဇာမိုင်တစ်ထောင်ခရီးသွားနဂါး စက်မှုရုပ်သေး၏ အကူအညီဖြင့် တိတ်တဆိတ် ထွက်ခွာသွားခြင်းဖြစ်ရာ မြို့တော်အတွင်းရှိ အဆင့်မြင့်ကျင့်ကြံသူအချို့သာ ယင်းလျှို့ဝှက်ချက်ကို သိရှိကြသည်။

ဆန်းလဲ့မှာမူ ယင်းသို့သော အဆင့်အတန်းမျိုး၌ မပါဝင်ပေ။

ထို့နောက် လျိုကျန့်က ရိုသေစွာဖြင့် "ဆရာကြီးဆန်းအနေနဲ့ နင်းကျော့အကြောင်းကို အသေးစိတ်လေး ပြောပြပေးစေချင်ပါတယ်" ဟု မေတ္တာရပ်ခံလေသည်။

ဆန်းလဲ့ကလည်း "နင်းကျော့အကြောင်း ပြောရမယ်ဆိုရင်တော့ သူက တကယ်ကို ထူးချွန်ထက်မြက်တဲ့ လူငယ်သူရဲကောင်းတစ်ယောက်ပဲ ၊ သူ့ရဲ့ ငယ်စဉ်ဘဝက မိဘတွေဟာ..." ဟု စတင်ပြောကြားလေရာ လျိုကျန့်မှာ အတန်ကြာအောင် ငြိမ်သက်သွားရသည်။

ဆန်းလဲ့ ပြောပြသမျှတို့မှာ မှန်ကန်ကြောင်း သူယုံကြည်ပေသည်။ အကြောင်းမှာ ဆန်းလဲ့အနေဖြင့် သူ့ကို လိမ်လည်လှည့်ဖြားရန် အကြောင်းမရှိသည့်အပြင် အခြားသူများထံမှလည်း အလွယ်တကူ စုံစမ်းအတည်ပြုနိုင်သောကြောင့် ဖြစ်ပေ၏။

"ဒါဆိုရင်တော့ ဒီလူငယ်နင်းကျော့က တကယ်ကို အံ့ဩစရာကောင်းပြီး စံနမူနာယူထိုက်သူပဲ" ဟု လျိုကျန့်က တွေးတောနေမိသည်။

ယနေ့အခါတွင် နင်းကျော့သည် မြို့တော်အတွင်း ကိုယ်တိုင်ရှိမနေသော်ငြား မြို့သူမြို့သားများအကြားတွင် ရေပန်းအစားဆုံး ပြောစမှတ်ပြုရသူ ဖြစ်နေချေပြီ။

သူသည် ကြီးမြတ်သော မျိုးနွယ်စုမှ ဆင်းသက်လာသူဖြစ်သော်လည်း ငယ်စဉ်က နိမ့်ကျစွာ နေထိုင်ခဲ့ရပြီး ကဲ့ရဲ့ရှုံ့ချမှုပေါင်းစုံကို ကြံ့ကြံ့ခံခဲ့ရသူ ဖြစ်သည်။

ချော်ရည်နန်းတော် ပေါ်ထွန်းလာမှုကို အခွင့်ကောင်းယူ၍ သူသည် တစ်ဟုန်ထိုး တိုးတက်လာခဲ့ပြီး မိမိ၏ အရည်အချင်းကို တဖြည်းဖြည်း ထုတ်ဖော်ပြသနိုင်ခဲ့သည်။

နောက်ဆုံးတွင် ကျန့်မျိုးနွယ်စု၏ နေရာ၌ အစားထိုးကာ နင်းမျိုးနွယ်စုခွဲသစ်တစ်ခုကို တည်ထောင်နိုင်ခဲ့ပြီး ယင်းမျိုးနွယ်စု၏ အကြီးအကဲပင် ဖြစ်လာခဲ့ပေသည်။

မြို့တော်သားများအနေဖြင့် ချော်ရည်နန်းတော်အတွင်းရှိ နက်နဲသော အကြောင်းအရာတို့ကို အကုန်အစင် မသိနိုင်ကြသော်လည်း နင်းမျိုးနွယ်စုခွဲ၏ တည်ရှိမှုကပင် နင်းကျော့၏ အောင်မြင်မှုကို သက်သေထူနေပေ​၏။

ဤမျှကြီးမားသော အောင်မြင်မှုမျိုးမှာ သက်ကြီးရွယ်အိုတစ်ဦးအတွက်ပင် ရခဲလှသည်ဖြစ်ရာ အသက်ဆယ့်ခြောက်နှစ်အရွယ် လူငယ်တစ်ဦးအဖို့ အံ့မခန်းဖွယ်ရာပင် ဖြစ်တန်ရာသည်။

နင်းကျော့၏ အောင်မြင်မှုက မြို့တော်အတွင်းရှိ အောက်ခြေလူတန်းစား လူငယ်များအတွက် မျှော်လင့်ချက်အလင်းတိုင်တစ်ခု ဖြစ်လာခဲ့သည်။

"နင်းကျော့က ဒီလောက်တောင် အဆင့်အတန်း မြင့်မားသွားတာလား ၊ သူက နှစ်ပေါင်းများစွာ အနှိမ်ခံဘဝနဲ့ နေခဲ့ရပြီး အခုမှပဲ မျိုးနွယ်စုရဲ့ ရွှေအမြုတေအဆင့် ဘိုးဘေးရဲ့ မျက်နှာသာပေးမှုကို ရခဲ့တာ မဟုတ်လား" ဟု လျိုကျန့်က မယုံကြည်နိုင်စွာ ရေရွတ်မိသည်။

"သူ ဘယ်လိုလုပ်လိုက်တာပါလိမ့်... မျိုးနွယ်စုခွဲအသစ် တည်ထောင်တယ်ဆိုတာ တားမြစ်ချက်တစ်ခု မဟုတ်လား"။

နင်းကျော့သည် အဘယ်ကြောင့် ငြိမ်းချမ်းစွာဖြင့် မျိုးနွယ်စုခွဲကို တည်ထောင်နိုင်ခဲ့သနည်း။ နင်းမျိုးနွယ်စု ပင်မအနွယ်ကရော မတားဆီးကြဘူးလား။ မျိုးနွယ်စုမှာ ရွှေအမြုတေအဆင့် ဘိုးဘေး နင်းကျိုဖန် ရှိနေပါလျက်နှင့် ယင်းသို့ လုပ်ဆောင်ခွင့်ပြုခဲ့သလား။

လျိုကျန့်သည် ဤကိစ္စတွင် အပေါ်ယံထက် ပိုမိုနက်ရှိုင်းသော လျှို့ဝှက်သဘောတူညီချက်များ ရှိနေမည်ကို ရိပ်မိလိုက်သည်။ နင်းကျော့သည် ဘိုးဘေးနင်းကျိုဖန်နှင့်ရော ပင်မမျိုးနွယ်စုနှင့်ပါ တစ်စုံတစ်ရာ နားလည်မှုယူထားပြီး ဖြစ်တန်ရာသည်။

လျိုကျန့်က ဆက်လက်၍ "ဒါဆို မြို့တော်ထဲက တခြားအင်အားစုတွေကရော နင်းမျိုးနွယ်စုခွဲ တည်ထောင်တာကို ဘယ်လိုမြင်ကြလဲ" ဟု ဆန်းလဲ့ကို မေးမြန်းပြန်သည်။

ဆန်းလဲ့က ပြုံးလျက် "မင်းမေးတာ အတော်ကောင်းတယ် ၊ တခြားသူတွေအကြောင်း ထားပါဦး ၊ မျိုးနွယ်စုခွဲ တည်ထောင်တဲ့နေ့က နင်းကျော့ ကျင်းပခဲ့တဲ့ ဂုဏ်ပြုစားပွဲမှာ ဘာတွေဖြစ်ခဲ့လဲ ဆိုတာကိုပဲ ငါ ပြောပြမယ်"။

အကြောင်းစုံကို ကြားသိရသောအခါ လျိုကျန့်မှာ ဆွံ့အသွားရသည်။

"နင်းကျော့က အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ပဲ ရှိသေးတာကို ၊ ဂုဏ်ပြုစားပွဲနေ့မှာ ဖေးစီနဲ့ ကျိုးနုန်းယင်း ဆိုတဲ့ ရွှေအမြုတေအဆင့် ပညာရှင်နှစ်ယောက်က ကိုယ်တိုင်ကိုယ်ကျ လာရောက်ဂုဏ်ပြုကြတယ် ဟုတ်လား"။

"ပြီးတော့ တော်ဝင်မျိုးနွယ်ဝင် ကျူးဟို့ကပါ တက်ရောက်ခဲ့တယ်ပေါ့"။

" ရွှေအမြုတေအဆင့် ပညာရှင် စုန့်ဖူလီက လာရောက်နှောင့်ယှက်ဖို့ ကြိုးစားတာတောင် တခြားသူတွေရဲ့ ဖျန်ဖြေပေးမှုကြောင့် အရှက်တကွဲ ပြန်လှည့်သွားခဲ့ရတယ်ဆိုပဲ"။

ယင်းအကြောင်းအရာတို့က အဘယ်အရာကို ဖော်ပြနေသနည်း။ လျိုကျန့်က ကောင်းစွာ နားလည်လိုက်သည်။

"ဒါဟာ နင်းကျော့ တည်ထောင်လိုက်တဲ့ အင်အားစုအသစ်ကို မြို့တော်အတွင်းက တခြားအင်အားစုကြီးတွေက အပြည့်အဝ အသိအမှတ်ပြုလိုက်တာပဲ ၊ သူတို့က စုန့်ဖူလီကိုတောင် နောက်ဆုတ်သွားအောင် ဖျန်ဖြေပေးခဲ့ကြတယ်ဆိုတော့ နင်းကျော့ကို အတော်လေး အလေးထားကြတာပဲ ဖြစ်ရမယ်" ဟု လျိုကျန့်က ဆင်ခြင်မိသည်။

"ဒီလိုဆိုရင်တော့ နင်းမျိုးနွယ်စုခွဲရဲ့ အနာဂတ်က အတော်လေး တောက်ပလာဦးမှာပဲ ၊ အဲ့ဒီ လူငယ်လေး နင်းကျော့ကတော့ တကယ့်ကို အထင်ကြီးစရာပဲ"။

လျိုကျန့်သည် မူလက နင်းကျော့အား လူကြီးမိဘများ၏ အရိပ်အောက်တွင် ကြီးပြင်းလာသော သူဌေးသားလေးတစ်ဦးဟုသာ ထင်မှတ်ခဲ့ခြင်းဖြစ်သည်။

ယခုမူ ယင်းလူငယ်သည် ဘာမျှမရှိရာမှ ကိုယ်တိုင်ကြိုးစားကာ မျိုးနွယ်စုခွဲတစ်ခုကို တည်ထောင်နိုင်ခဲ့သည့် အကြီးအကဲတစ်ဦး ဖြစ်နေချေပြီ။

ဆန်းလဲ့က လျှို့ဝှက်သော အမူအရာဖြင့် "သတင်းတွေအရဆိုရင် ချော်ရည်နန်းတော်အတွင်းက နောက်ဆုံးတိုက်ပွဲမှာလည်း နင်းကျော့က အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ သိရတယ်" ဟု ထပ်လောင်းပြောကြားသည်။

"တကယ်လား" လျိုကျန့်သည် စိတ်ဝင်တစား နားထောင်ရင်း အတွေးပေါင်းစုံ ဝင်လာတော့သည်။ "ဒါဟာ တကယ်ကို အတုယူစရာပဲ" ဟု သူက မချီးကျူးဘဲ မနေနိုင်တော့ပေ။

လျိုကျန့်သည် ဆန်းလဲ့ထံမှသာ စုံစမ်းသည်မဟုတ်ဘဲ မြို့တော်အတွင်း လှည့်လည်ကာ သတင်းအချက်အလက်များကိုလည်း စုဆောင်းလေသည်။

သူရရှိသော သတင်းများမှာ ဆန်းလဲ့ ပြောပြသည်နှင့် တစ်ထပ်တည်း ကျနေသည်ကို တွေ့ရသည်။

သူသည် ကျန့်မျိုးနွယ်စု၏ နေရာဟောင်းသို့ ရောက်ရှိသွားကာ နင်းမျိုးနွယ်စု၏ ဆိုင်းဘုတ်ကို ကြည့်ရင်း စိတ်လှုပ်ရှားစွာ ရေရွတ်မိသည် "နင်းကျော့... မင်းက ငယ်ပေမယ့် တကယ်ကို မရိုးရှင်းတဲ့သူပဲ"

"သူ့ရဲ့ တက်လမ်းကို ပြန်ကြည့်မယ်ဆိုရင် ငယ်စဉ်က နှိမ်ချခံခဲ့ရပေမယ့် ချော်ရည်နန်းတော် အခွင့်အရေးကို လက်လွှတ်မခံဘဲ ဆုပ်ကိုင်နိုင်ခဲ့တယ် ၊ မျိုးနွယ်စုကြီးက သခင်လေးဘဝကို စွန့်လွှတ်ပြီး မြေအောက်ဈေးကွက်ရဲ့ အရှင်သခင်အဖြစ် မြို့စားမင်းထံမှာ အမှုထမ်းခဲ့တယ်"။

"သူက တခြားသူတွေကို အသုံးချပြီး ကိုယ့်ရဲ့ ရည်မှန်းချက်အောင်မြင်အောင် လုပ်ဆောင်ရာမှာ အလွန်ကျွမ်းကျင်တာပဲ ၊ ကျိုးမျိုးနွယ်စု ၊ ကျန့်မျိုးနွယ်စုနဲ့ မြို့စားနန်းတော်က အရင်းအမြစ်တွေကိုတောင် အသုံးချနိုင်ခဲ့တယ် မဟုတ်လား"။

"မိမိမျိုးနွယ်စုအတွင်းမှာလည်း အာဏာသိမ်းပြီး ပင်မအနွယ်က မျိုးနွယ်စုဆက်ခံသူကိုတောင် ဖြုတ်ချနိုင်ခဲ့တယ် ၊ သူ့ရဲ့ နိုင်ငံရေး ပရိယာယ်တွေက တကယ့်ကို ပြတ်သားလွန်းလှချေရဲ့"။

"သူ့ကို လူငယ်သူရဲကောင်းလို့ ခေါ်တာထက် လူငယ်ပရိယာယ်ရှင်လို့ ခေါ်တာက ပိုမှန်လိမ့်မယ် ၊ ဒီလို လူစားမျိုးနဲ့ ဆက်ဆံတဲ့အခါ ဘယ်တော့မှ လျှော့မတွက်သင့်ဘူး ၊ သူ့ရဲ့ အကွက်ရွှေ့မှုတွေကို အမြဲ သတိထားရမယ်"။

လျိုကျန့်သည် မြို့တော်မှ စောစီးစွာ ထွက်ခွာခဲ့သောကြောင့် မိမိ၏ ဂိုဏ်းတူညီမငယ် လင်းရှန်းရှန်းမှာ နင်းကျော့အား ကူညီမှုလွန်ကဲသဖြင့် အကျဉ်းချခံထားရသည်ကို မသိရှိပေ။

သူသည် ရည်ရွယ်ချက်တစ်ခုဖြင့် နင်းမျိုးနွယ်စုခွဲသို့ ချဉ်းကပ်လိုက်သည်။

ကင်းစောင့်နေသော ကျင့်ကြံသူအား သူက "ကျွန်တော်က လေလွင့်ကျင့်ကြံသူတစ်ယောက်ပါ ၊ ဒီမှာ အလုပ်ခေါ်နေတယ်လို့ ကြားလို့ လာခဲ့တာပါ" ဟု ပြောဆိုလိုက်သည်။

ကင်းစောင့်က သူ့အား အကဲခတ်ကြည့်ပြီး "ဒီမှာ အလုပ်လုပ်ချင်ရင် အရင်ဆုံး မှတ်ပုံတင်ရမယ် ၊ ပြီးရင် တာဝန်ကျရာနေရာကို တစ်ယောက်ယောက်က လာခေါ်လိမ့်မယ် ၊ နင်းမျိုးနွယ်စုရဲ့ နယ်မြေထဲမှာ ခွင့်ပြုချက်မရှိဘဲ လျှောက်မသွားနဲ့ ၊ မဟုတ်ရင် ဒုက္ခရောက်လိမ့်မယ်" ဟု သတိပေးလေသည်။

လျိုကျန့်အနေဖြင့် လျှောက်သွားရန် အစီအစဉ်မရှိပေ။ အကြောင်းမှာ သူသည် ယခင်က ဒဏ်ရာရထားပြီး အင်အားချည့်နဲ့နေသောကြောင့် ဖြစ်သည်။

ယခု သူ၏ ရည်ရွယ်ချက်မှာ အလုပ်သမားအဖြစ် ဝင်ရောက်ကာ နင်းမျိုးနွယ်စုခွဲ၏ အခြေအနေကို ကိုယ်တိုင်ကိုယ်ကျ စုံစမ်းရန်သာ ဖြစ်သည်။

မကြာမီတွင် လျိုကျန့်နှင့် အခြားသော အလုပ်သမားများကို ဝိညာဉ်စွမ်းအားသန့်စင်ခန်းအတွင်းသို့ ခေါ်ဆောင်သွားကြသည်။

ယင်းအခန်းအတွင်း၌ ပစ္စည်းကိရိယာများ သန့်စင်ရန်အတွက် မီးဖိုပေါင်းများစွာကို နေ့ညမပြတ် ထိုးထားကြလေသည်။

တာဝန်ခံ၏ ညွှန်ကြားချက်အရ လျိုကျန့်သည် မိမိ၏ နေရာ၌ စတင်အလုပ်လုပ်ကိုင်လေသည်။ သို့သော် နံနက်ခင်း တစ်ပိုင်းအတွင်းမှာပင် သူ၏ အားနည်းသော ခန္ဓာကိုယ်ကြောင့် မျက်စိထဲတွင် ကြယ်များ လွင့်စင်လာရသည်။

"အလုပ်က တကယ့်ကို ပင်ပန်းတာပဲ ၊ မနက်ခင်း တစ်ပိုင်းလုံး နားချိန်တောင် မရဘူး"။

လျိုကျန့်သည် ဖုန်တောထဲတွင် စိတ်ပျက်အားငယ်သွားရသည်။

သူ ဆက်လက် မလုပ်ကိုင်နိုင်တော့ပေ။ ထို့ကြောင့် တာဝန်ခံထံသို့ သွားရောက် ပြောကြားလိုက်သည်။

တာဝန်ခံက သူ၏ အလုပ်လုပ်နှုန်းကို မကျေနပ်သဖြင့် "ဘာဖြစ်လို့ ဒီလောက်တောင် ခံနိုင်ရည်မရှိရတာလဲ" ဟု မေးရာ

လျိုကျန့်က သက်ပြင်းချလျက် "အလုပ်က ဒီလောက် ပင်ပန်းမယ်လို့ မထင်ထားလို့ပါ" ဟု ပြန်ပြောသည်။

တာဝန်ခံက ခေါင်းခါရင်း "ဒါကြောင့်ပဲ နင်းမျိုးနွယ်စုက လုပ်ခလစာကို အများကြီး ပေးတာပေါ့၊ ခင်ဗျား တကယ်ကို မလုပ်နိုင်တော့ဘူး ထင်တယ် ၊ သွားတော့... သွားတော့"။

"ခင်ဗျား မလုပ်နိုင်ရင် တခြားလုပ်မယ့်သူတွေ အများကြီး ရှိတယ်"။

စကားပြောနေစဉ်အတွင်း လက်တစ်ဖက်ပြတ် ကျင့်ကြံသူတစ်ဦး ဒေါသတကြီး ဝင်လာကာ "ဘာလို့ အခန်း (၃) ရဲ့ ထွက်ကုန်က တခြားအခန်းတွေထက် နည်းနေရတာလဲ" ဟု အော်ဟစ်လေသည်။

"ဒီမှာ ဘာတွေဖြစ်နေတာလဲ ၊ အချိန်မီ အပြီးသတ်ရမယ်ဆိုတာ မသိကြဘူးလား ၊ မြန်မြန် မလုပ်ရင် နောက်ထပ်ရောက်လာမယ့် ပစ္စည်းတွေက ပုံလာတော့မှာ ၊ မျိုးနွယ်စုရဲ့ သိုလှောင်ရုံကလည်း ပြည့်တော့မယ်"။

ယင်းလက်တစ်ဖက်ပြတ် ကျင့်ကြံသူမှာ မြေအောက်ဈေးကွက်မှ နာမည်ကြီး လက်တစ်ဖက်ပြတ် လက်မှုပညာရှင် ဖြစ်သည်။

နင်းကျော့က မျိုးနွယ်စုခွဲကို တည်ထောင်ပြီးနောက် သူ့ကို ရုပ်သေးသန့်စင်ရေး အကြီးအကဲအဖြစ် ခန့်အပ်ထားခြင်း ဖြစ်သည်။ သူသည် မိမိ၏ ရာထူး၌ အလွန်ပင် ပျော်မွေ့နေကာ စိတ်အားထက်သန်စွာ လုပ်ကိုင်နေသည်ကို တွေ့ရသည်။

လျိုကျန့်သည် နင်းမျိုးနွယ်စု နယ်မြေအတွင်းမှ ထွက်ခွာလာချိန်တွင် မျိုးနွယ်စုခွဲ၏ တက်ကြွလှုပ်ရှားသော အငွေ့အသက်ကို ကောင်းစွာ ရိပ်မိလိုက်သည်။

ပြင်ပမှ ခန့်အပ်ထားသော အကြီးအကဲပင်လျှင် မိမိ၏ အလုပ်ကို ကိုယ်ပိုင်အလုပ်ကဲ့သို့ တန်ဖိုးထား လုပ်ကိုင်နေကြသည် မဟုတ်လော။

သူ ထွက်လာစဉ်တွင်ပင် စိတ်ဓာတ်တက်ကြွစွာ စကားပြောဆိုနေကြသော လူငယ်ကျင့်ကြံသူတစ်စု ဝင်လာသည်ကို တွေ့ရပြန်သည်။

ထိုလူငယ်တို့မှာ ငယ်ရွယ်သော်လည်း အမူအရာမှာ ထက်မြက်လှပြီး နင်းမျိုးနွယ်စုဝင်များကလည်း သူတို့ကို ရိုသေလေးစားစွာ ဆက်ဆံကြသည်။

အချို့လူငယ်များမှာ မိစ္ဆာသားရဲများ၏ အကြွင်းအကျန်များကို သယ်ဆောင်လာကြရာ တိုက်ပွဲဝင်လိုသော စိတ်ဓာတ်များ ကိန်းအောင်းနေသည်ကို မြင်နိုင်သည်။ သူတို့သည် အမဲလိုက်ရာမှ ပြန်လာကြခြင်း ဖြစ်တန်ရာသည်။

လျိုကျန့်က ကင်းစောင့်အား စုံစမ်းကြည့်ရာ ထိုလူငယ်များမှာ နင်းကျော့နှင့်အတူ ကျောင်းနေဖက်များ ဖြစ်ကြောင်း သိရသည်။

အထူးသဖြင့် ခေါင်းဆောင်ဖြစ်သော နင်းယုံနှင့် နင်းချန်တို့မှာ မျိုးနွယ်စုခွဲ မတည်ထောင်မီကပင် နင်းကျော့၏ အနား၌ ရှိခဲ့သူများ ဖြစ်သည်။

"ဒါဆို သူတို့က နင်းကျော့ရဲ့ ယုံကြည်ရတဲ့ လက်ရုံးတွေပေါ့ ၊ မျိုးနွယ်စုရဲ့ အနာဂတ် ဒေါက်တိုင်တွေပဲ"။

"ဒါပေမဲ့ သူတို့ရဲ့ ကျင့်ကြံမှုက အားနည်းသေးတာကို ၊ ဘယ်လိုဖြစ်လို့ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် သားရဲတွေကို အမဲလိုက်နိုင်ကြတာလဲ" ဟု လျိုကျန့်က စိတ်ဝင်တစား မေးမြန်းမိသည်။

အဖြေကို ကြားရသောအခါ လျိုကျန့်မှာ အံ့အားသင့်သွားရပြန်သည်။ အကြောင်းမှာ နင်းကျော့၏ မျိုးနွယ်စုခွဲမှ ကျင့်ကြံသူအများအပြားသည် ချော်ရည်နန်းတော်အတွင်း၌ အရေးပါသော ရာထူးများကို ရရှိထားကြသောကြောင့် ဖြစ်သည်။

ထိုရာထူးများမှတစ်ဆင့် နန်းတော်၏ အင်အားကို အသုံးချကာ အမဲလိုက်နိုင်ခြင်း ဖြစ်ပေသည်။

"ဒါဆို နင်းမျိုးနွယ်စုခွဲက ချော်ရည်နန်းတော်ကို တော်တော်လေး စိုးမိုးထားနိုင်တာပေါ့"။

လျိုကျန့်၏ စိတ်ထဲတွင် နင်းမျိုးနွယ်စုခွဲအပေါ် အထင်ကြီးမှုမှာ ပိုမိုမြင့်မားလာတော့သည်။ နင်းမျိုးနွယ်စုခွဲသည် ရုပ်သေးနှင့် ကိရိယာများကို အမြောက်အမြား ထုတ်လုပ်ကာ စီးပွားဖြစ် လုပ်ကိုင်နေကြရာ အကျိုးအမြတ်မှာလည်း မနည်းလှပေ။

သူသည် နင်းကျော့ကို အလွန်ပင် အားကျမိသည်။ "ငါက သူ့ထက် အသက်အများကြီး ကြီးတာတောင် ၊ အခုထိ ဘာမှ မမယ်မယ်ရရ မလုပ်နိုင်သေးဘူး ၊ တကယ်ပဲ အသက်ရှင်ခဲ့ရတာ အလဟဿ ဖြစ်နေလား" ဟု လျိုကျန့်က စိတ်ပျက်လက်ပျက် တွေးတောမိသည်။

နောက်ဆုံးတွင် သူသည် စုဆောင်းရရှိသမျှ သတင်းများကို ကျောက်စိမ်းပြားအတွင်းသို့ မှတ်တမ်းတင်ကာ တောင်ပိုင်းဧကရာဇ်မင်းမြတ် အုပ်ချုပ်ရာ တမ်းတခြင်းပြည်ရှိ စခန်းတစ်ခုမှတစ်ဆင့် ပေးပို့လိုက်လေသည်။

ထို့နောက် သူသည် ဆန်းလဲ့နှင့်အတူ ဆေးပေါင်းသောင်းခြောက်ထောင် ချိုင့်ဝှမ်းသို့ ပြန်လည်ထွက်ခွာသွားတော့သည်။

အခန်း (၄၀၂) သခင်လေးနင်းကျော့သည်ကား

ယခုထက်တိုင် ဖြူစင်လွန်းပါသေးသည်

တိုက်ပွဲကြီးတောင်ထိပ်၏ နောက်ဘက်ရှိ မိစ္ဆာပေါင်းသောင်းခြောက်ထောင်ဂူ

“စီနီယာအကိုကြီး”

“အစ်ကိုကြီး ... ကျွန်တော်တို့ လာလည်တာပါ”

ဂူအဝင်ဝတွင် လူတစ်စု၏ အော်ဟစ်နှုတ်ဆက်သံများ ပျံ့လွင့်သွားချေသည်။ ခဏအကြာတွင်မူ လင်ဟုကျို၏ အေးဆေးတည်ငြိမ်သော အသံက ပြန်လည်ထွက်ပေါ်လာ၏။

“ဝင်ခဲ့ကြလေ”

လောင်ဒေ ဦးဆောင်သော ဂိုဏ်းတူညီနောင်တစ်စုသည် မိစ္ဆာပေါင်းသောင်းခြောက်ထောင်ဂူအတွင်းသို့ တရုန်းရုန်းဝင်ရောက်လာကာ လင်ဟုကျိုအား ရိုသေစွာ ဂါရဝပြုကြကုန်သည်။

“အစ်ကိုကြီး ... ဒီမှာ နေရတာ အဆင်ပြေရဲ့လား” ဟု လောင်ဒေက အရင်ဆုံး စကားဆိုရာ လင်ဟုကျိုက ပုခုံးကို အသာအယာတွန့်လျက်—

“အဆင်ပြေပါတယ၊ ငါက ဒီနေရာနဲ့ ယဉ်ပါးနေတာ မင်းတို့လည်း သိသားပဲ၊ ဒါထက် ငါက ငါတို့ညီမလေးအတွက် စိတ်ပူနေတာပါ၊ သူက အငြိမ်နေတတ်သူမဟုတ်တော့ အခုလို အခန်းထဲမှာပဲ ပိတ်လှောင်ခံထားရတာဆိုတော့ တော်တော်လေး စိတ်ညစ်နေရှာမှာပဲ”

ထိုစကားကို ကြားသော် ကျန်ဂိုဏ်းတူညီနောင်များကလည်း သက်ပြင်းကိုယ်စီချကာ ဝိုင်းဝန်းပြောဆိုကြလေသည်။

“ဟုတ်ပါ့ အစ်ကိုကြီးရယ် ... ကျွန်တော်တို့လည်း စိတ်ပူနေတာ၊ မနေ့ကပဲ အသံပြုအဆိပ်အသစ် ခြောက်မျိုးကို ဖန်ခွက်ထဲထည့်ပြီး သူ့ရဲ့အစေခံမလေးကတစ်ဆင့် အပျင်းပြေကစားဖို့ ပေးလိုက်သေးတယ်”

“အော် ... ငါကတော့ ဟိုတစ်နေ့ကမှ စက်မှုရုပ်သေးတစ်ရုပ် ပို့ပေးလိုက်တာ”

“ကျွန်တော်လည်း ဆရာ့ကို သွားတောင်းပန်ပေးပါသေးတယ်၊ ဒါပေမဲ့ ပြန်အဟောက်ခံလိုက်ရတာပဲ အဖတ်တင်တယ်ဗျာ၊ ဟူး ...”

ဤတပည့်တစ်စုသည် ငယ်စဉ်ကတည်းက ဂိုဏ်းချုပ်လင်းပုဖန်၏ လက်အောက်တွင် အတူတူကြီးပြင်းလာကြသူများဖြစ်ရာ တစ်ဦးနှင့်တစ်ဦး သံယောဇဉ် အလွန်ကြီးမားကြပေသည်။

ထိုစဉ် လောင်ဒေက စကားလမ်းကြောင်းကို အသာပြောင်းလိုက်လျက်—

“ကျွန်တော့်အမြင်ပြောရရင် ညီမလေးက ဒီတစ်ခါတော့ လွန်သွားပြီ ဟိုနင်းကျော့ဆိုတဲ့ကောင်က ဘာတွေများ ပြုစားထားလဲမသိဘူး၊ သူ့ကို ဒီလောက်တောင် အစွမ်းကုန်ကူညီနေရတယ်လို့၊ အစ်ကိုကြီး ...

ကျွန်တော်တို့ ညီအစ်ကိုတွေ စုပေါင်းပြီး ညီမလေးရဲ့ အပြင်က အကြွေးတွေကိုတော့ အကုန်ဆပ်ပေးလိုက်ပါပြီ၊ ဒါပေမဲ့ နင်းကျော့ကိုတော့ ဒီအတိုင်း လွှတ်မထားနိုင်ဘူး၊ သူ့ကို ပညာလေးဘာလေး ပေးရမယ်၊ မဟုတ်ရင် ဘယ်သူမှ ကျေနပ်ကြမှာမဟုတ်ဘူး”

နင်းကျော့အကြောင်း စကားစပ်မိသည်နှင့် အားလုံး၏ ဒေါသက ပြန်လည်ဦးမော့လာချေသည်။

“ဟုတ်တယ် ... အဲဒီနင်းကျော့က တော်တော်လေး လည်တာ၊ သူ့ရဲ့ ရုပ်ရည်နဲ့ အပြောအဆိုကိုသုံးပြီး ညီမလေးကို လှည့်စားထားတာပဲ”

“ငါတို့တွေကသာ အကုန်အကျခံခဲ့ရတာ၊ အကျိုးအမြတ်ကျတော့ သူက အကုန်ယူသွားတာပဲ၊ ဒါတော့ မတရားဘူးလေ”

“အစ်ကိုကြီး ... ကျွန်တော်တို့ ညီအစ်ကိုတွေထဲမှာ အစ်ကိုကြီးက ညီမလေးအပေါ် အကောင်းဆုံးပဲ၊ တခြားသူကိုတော့ ကျွန်တော်တို့ အသိအမှတ်မပြုနိုင်ဘူး၊ အစ်ကိုကြီးကိုပဲ အသိအမှတ်ပြုတာ”

“ဟုတ်တယ် အစ်ကိုကြီး ... ကျွန်တော်တို့ တိုင်ပင်ထားတာတစ်ခုရှိတယ်၊ နင်းကျော့ကို ကျွန်တော်တို့ကိုယ်တိုင် သွားနှိပ်ကွပ်ရင် ကြည့်မကောင်းဘူးလေ၊ အဲဒီတော့ ဂိုဏ်းရဲ့စည်းမျဉ်းကို သုံးပြီး တခြားကျင့်ကြံသူတွေကို နင်းကျော့ကို ပြဿနာရှာအောင် ဆွပေးရင်ရော ဘယ်လိုလဲ၊

အစ်ကိုကြီး မသိသေးဘူး၊ ညီမလေးက အခန်းထဲမှာ နေ့တိုင်း ညှိုးငယ်နေရတာ၊ အဲဒီကောင်ကတော့ ဘာမှမဖြစ်သလိုပဲ၊ ဟန်ကျိုးနဲ့ ပေါင်းပြီး ကိုယ်ခံပညာတွေ လေ့ကျင့်လိုက်၊ သူငယ်ချင်းအသစ်တွေနဲ့ ပျော်ပါးလိုက်နဲ့ ညီမလေးကို သတိတောင်ရပုံမပေါ်ဘူး”

ထိုစကားကို ကြားသော် လင်ဟုကျို၏ မျက်နှာက ချက်ချင်း တည်တံ့သွားကာ ခေါင်းကို အသာခါယမ်းလျက်—

“ဒါမျိုးတော့ မလုပ်သင့်ဘူး၊ လောကမှာ ဖုံးဖိလို့မရတဲ့ အရာဆိုတာ မရှိဘူး၊ မင်းတို့သာ တခြားသူတွေကို မြှောက်ပင့်ပြီး နင်းကျော့ကို ပြဿနာရှာခိုင်းမယ်ဆိုရင် ဒါဟာ ဆေးပေါင်းသောင်းခြောက်ထောင်ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို အများကြီး ထိခိုက်စေလိမ့်မယ်၊

နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲ တည်ဆောက်ခဲ့ရတဲ့ ဂိုဏ်းရဲ့အရှိန်အဝါကို ကိုယ်ရေးကိုယ်တာ ကိစ္စလေးတစ်ခုအတွက်နဲ့ အဖျက်မခံနိုင်ဘူး၊ မင်းတို့ ဒီအတွေးကို လက်စဖျောက်လိုက်ကြပါ”

ဂိုဏ်းတူညီနောင်များမှာ တစ်ဦးကိုတစ်ဦး ကြည့်လျက် တိတ်ဆိတ်သွားကြသော်လည်း လောင်ဒေကမူ လက်မလျှော့ချင်သေးပေ။

“ဒါဆို အစ်ကိုကြီးက နင်းကျော့ကို ဒီအတိုင်းပဲ လွှတ်ထားတော့မလို့လား၊ သူ အခုလို ကျင့်ကြံမှုတွေ တိုးတက်နေတာက ကျွန်တော်တို့ ပိုက်ဆံတွေနဲ့ ဝယ်ထားတဲ့ အရင်းအမြစ်တွေကြောင့်လေ

ကျွန်တော်တို့ဘက်က အရိပ်အယောင်လေး ပြလိုက်ရုံနဲ့ အပြင်က ကျင့်ကြံသူတွေက ငါးညှီနံ့ရတဲ့ ကြောင်တွေလိုပဲ နင်းကျော့ကို ဒုက္ခပေးဖို့ တကောက်ကောက် လိုက်လာကြမှာ၊ သူတို့ကို နှုတ်ပိတ်ဖို့အတွက် ကတိကဝတ် စာချုပ်တွေ ချုပ်ခိုင်းထားလိုက်ရင် ရပြီလေ”

လင်ဟုကျိုက သက်ပြင်းတစ်ချက်ကို ခပ်လေးလေးချလိုက်ကာ—

“လူ့သဘာဝဆိုတာ ပြောင်းလဲတတ်စမြဲပါ၊ အခု သူတို့ ငါတို့အပေါ် ဘယ်လောက်ပဲ ကပ်ဖားနေပါစေ၊ တစ်ချိန်မှာ အဲဒီလောက်ပဲ ပြန်မုန်းသွားနိုင်တယ်၊ တကယ်တော့ စိတ်ဓာတ်ခိုင်ကြည်တဲ့သူတွေကသာ ပိုပြီး အားကိုးထိုက်တာ၊

ဒီလို မသန့်ရှင်းတဲ့ နည်းလမ်းတွေဟာ လူကောင်းသူကောင်းတွေ လုပ်အပ်တဲ့ အလုပ်မဟုတ်ဘူး၊ ဒီကိစ္စကို ထပ်မပြောနဲ့တော့၊ တကယ်တော့ ငါကိုယ်တိုင်လည်း နင်းကျော့ဆိုတဲ့ လူငယ်ကို စိတ်ဝင်စားမိတယ်၊ ငါ အပြင်ထွက်လာတဲ့အခါ သူ့ကို ကိုယ်တိုင် သွားတွေ့လိုက်ပါ့မယ်”

လောင်ဒေလည်း မတတ်သာတော့ဘဲ—

“အစ်ကိုကြီး ဒီလောက်တောင် ပြောနေမှတော့ အစ်ကိုကြီးကိုယ်တိုင်ပဲ စီစဉ်ပါတော့”

ထို့နောက် သူတို့တစ်စုသည် ရယ်ရယ်မောမောနှင့် စကားခဏမျှ ထပ်မံပြောဆိုပြီးမှ လမ်းခွဲခဲ့ကြလေသည်။ တိုက်ပွဲကြီးတောင်ထိပ်မှ ထွက်လာကြသော် ကျန်ညီအစ်ကိုများက မကျေမနပ်ဖြစ်နေကြဆဲပင်။

“တကယ်ပဲ ဒီအတိုင်း လွှတ်ထားတော့မှာလား”

“အစ်ကိုကြီးက ပြောနေမှတော့ သူခိုင်းတဲ့အတိုင်းပဲ လုပ်ရမှာပေါ့”

“အစ်ကိုကြီး အကျဉ်းကျနေတာ လအတော်ကြာဦးမှာ၊ သူ ထွက်လာတဲ့အချိန်ကျရင် ဒီကိစ္စက အေးစက်သွားလောက်ပြီ၊ နင်းကျော့ကလည်း ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ”

“သူက ပိုက်ဆံမက်တာ တစ်ပိုင်းထားဦး၊ အခုက ညီမလေးရဲ့ ခံစားချက်တွေကို ကစားသွားတာလေ၊ ဒါကို ဘယ်လိုမှ သည်းမခံနိုင်ဘူး”

လောင်ဒေက အနည်းငယ် ပြုံးလိုက်လျက်—

“အစ်ကိုကြီးက ဆေးပေါင်းသောင်းခြောက်ထောင်ဂိုဏ်းရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းမှာကို စိုးရိမ်နေတာလေ၊ အဲဒီတော့ ငါတို့က ဗြောင်ကျကျ မလုပ်ဘဲ ကောလာဟလပဲ လွှင့်ကြတာပေါ့၊ နင်းကျော့က တိုးတက်မှု အရမ်းမြန်နေတာလေ၊ အဆင့် ၂၀၀ ကျော်ကနေ အခုဆို ထိပ်တန်း ၁၀ ယောက်စာရင်းထဲ ရောက်နေပြီ၊

အဲဒါက တကယ်ကော သူ့အစွမ်းလား၊ ချန်ရန်ကို နိုင်သွားတာကရော ကံကောင်းလို့ မဟုတ်ဘူးလားဆိုပြီး လူတွေ သံသယဝင်အောင် လုပ်လိုက်ရင် ရပြီ၊ အဲဒီအခါကျရင် သူ့ကို စိန်ခေါ်မယ့်သူတွေ အလိုလို ပေါ်လာလိမ့်မယ်”

ကျန်လူများက ထိုအကြံကို ကြားသော် မျက်လုံးများ တောက်ပသွားကာ ဝိုင်းဝန်းချီးကျူးကြတော့သည်။

“ကောင်းတဲ့ အကြံပဲ၊ ငါတို့ လက်မပေဘဲနဲ့ လေတိုက်ပေးရုံနဲ့တင် ရပြီ”

တိုက်ပွဲငယ်တောင်ထိပ်ရှိ ကိုယ်ခံပညာ လေ့ကျင့်ရေးကွင်း

ထိုနေရာတွင် နင်းကျော့နှင့် ဟန်ကျိုးတို့ လေ့ကျင့်နေကြသော်လည်း ယခင်နှင့်မတူဘဲ နင်းကျော့က အသာစီးရနေသည်ကို တွေ့ရပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် နင်းကျော့၏ ပတ်ပတ်လည်တွင် စက်မှုလက်တံများနှင့် ခြေတံများက လေထဲတွင် ဝဲပျံနေသောကြောင့် ဖြစ်၏။

နင်းကျော့သည် ထိုစက်မှုအစိတ်အပိုင်းများကို ထိန်းချုပ်ကာ ရေခဲနှင်းခဲ လက်သီးစွမ်းအားနှင့် အေးမြလှသည့် ခြေထောက်ကျင့်စဉ်များကို တစ်ပြိုင်နက်တည်း အသုံးပြုနေခြင်းဖြစ်ပေသည်။

ဟန်ကျိုးမှာ လက်နှစ်ဖက်၊ ခြေနှစ်ဖက်ကို ရင်ဆိုင်ရရုံသာမကဘဲ တစ်ပြိုင်နက်တည်း လက်ဆယ်ဖက်၊ ခြေဆယ်ဖက်၏ တိုက်ခိုက်မှုကို ခံနေရသဖြင့် အသည်းအသန် ခုခံနေရရှာသည်။

“တော်ပြီ ... တော်ပြီ ... ခဏလောက် နားရအောင်” ဟု ဟန်ကျိုးက လက်ပြလျက် အနားတောင်းလိုက်ရချေသည်။

နင်းကျော့ကမူ အားမရသေးသည့်လေသံဖြင့်—

“အစ်ကိုဟန်ကျိုး... ကျွန်တော် မကျေနပ်သေးဘူးဗျ၊ ခုနက တိုက်ခိုက်နေတုန်း အတွေးသစ်လေးတွေ ရလာလို့ ဆီးနှင်းကမ္ဘာ အေးမြခြင်း ကျင့်စဉ်နဲ့ ပေါင်းစပ်ကြည့်ချင်သေးတယ်”

ဟန်ကျိုးက အံ့အားသင့်စွာဖြင့်—

“ညီလေးနင်းကျော့... မင်းရဲ့ စက်မှုထိန်းချုပ်မှုပညာက မင်းရဲ့ ကိုယ်ခံပညာတွေထက်တောင် ပိုပြီး အားကောင်းနေပါလား၊ တကယ်တော့ မင်းက မင်းရဲ့ အရည်အချင်းစစ်ကို ဖုံးကွယ်ထားတာပဲ”

နင်းကျော့က နွေးထွေးစွာ ပြုံးပြလိုက်ရာ ဟန်ကျိုးမှာလည်း ဗုဒ္ဓနှလုံးသား မိစ္ဆာတံဆိပ်တော်၏ လွှမ်းမိုးမှုကြောင့် သို့မဟုတ် နင်းကျော့၏ အပြုံးကြောင့်ပင်ဖြစ်စေ ခေါင်းညိတ်ကာ ဆက်လက်ကူညီပေးလေသည်။

နင်းကျော့က အားတက်သရော လေ့ကျင့်နေသည်ကို ကြည့်ပြီး ဟန်ကျိုးကလည်း ပြုံးလျက်—

“ညီလေးနင်းကျော့က ငါနဲ့ နေရတာ တော်တော်လေး ပျော်ပုံရတယ်၊ အရင်ကဆို သူက စိတ်ညစ်စရာတွေ ရှိနေသလိုပဲ၊ အခုတော့ နေ့တိုင်း ပြုံးပျော်နေတာ မြင်ရတာ ငါလည်း စိတ်ချမ်းသာမိတယ်” ဟု တွေးတောနေမိ၏။

လေ့ကျင့်ခန်းအပြီး လမ်းခွဲခါနီးတွင် ဟန်ကျိုးက သတိရဟန်ဖြင့်—

“ညီလေးနင်းကျော့ ... သတိပေးစရာတစ်ခုရှိတယ်၊ အခုတလော မင်းနဲ့ပတ်သက်ပြီး မကောင်းတဲ့ ကောလာဟလတွေ ထွက်နေတယ်”

နင်းကျော့က နားမလည်သလိုဖြင့်

“ဘာဖြစ်လို့လဲ အစ်ကိုဟန်ကျိုး”

“မင်းက မောက်မာတယ်၊ လူတွေကို အထင်သေးတယ်၊ အစွမ်းကလည်း တကယ်မရှိဘဲ ချန်ရန်ကို နိုင်ခဲ့တာက ကံကောင်းလို့ဆိုပြီး ပြောနေကြတာ၊ တကယ်တော့ မင်းက ထိပ်တန်း ၁၀ ယောက်စာရင်းဝင် ဂူမှာ နေနေရလို့ လူတွေက မနာလိုဖြစ်ပြီး စိန်ခေါ်ချင်နေကြတာ၊ အဲဒါကြောင့် မင်းကို တခြားသူတွေ ဝိုင်းစိန်ခေါ်အောင် လှုံ့ဆော်နေကြတာပဲ”

နင်းကျော့က မျက်မှောင်ကြုတ်လျက်—

“ဒါမျိုးတွေ ဖြစ်နေတာလား၊ သတိပေးလို့ ကျေးဇူးတင်ပါတယ် အစ်ကိုကြီး၊ မဟုတ်ရင် ကျွန်တော် ဘာမှသိမှာမဟုတ်ဘူး” ဟု ရိုသေစွာ ကျေးဇူးတင်စကားဆိုလေသည်။

ဟန်ကျိုးက သက်ပြင်းချကာ

“ညီလေးရာ ... မင်းက လေ့ကျင့်တာတစ်ခုတည်း စိတ်မသွင်းနဲ့ဦး၊ ဒီနေရာက မင်းတို့ မိသားစုထဲမှာ နေရသလို မဟုတ်ဘူး၊ ပရိယာယ်တွေ အရမ်းများတယ်၊ မင်း အမြန်ဆုံး တစ်ယောက်ယောက်ကို စိန်ခေါ်ပြီး မင်းရဲ့ စက်မှုပညာကို ပြလိုက်တာက အကောင်းဆုံးပဲ၊ အဲဒါမှ ဒီကောလာဟလတွေ ရပ်သွားမှာ”

နင်းကျော့က ထပ်ဖန်တလဲလဲ ကျေးဇူးတင်စကားဆိုကာ ထွက်ခွာသွားသော်လည်း ဟန်ကျိုးမှာမူ စိတ်မအေးနိုင်ဘဲ

“နင်းကျော့က တကယ့်ကို ဖြူစင်တဲ့ မိသားစုက ဆင်းသက်လာတဲ့ သခင်လေးပဲ၊ သူက လူ့လောကရဲ့ မကောင်းတဲ့ စိတ်ဓာတ်တွေကို ဘာမှမသိရှာဘူး၊ တကယ်တော့ ငါကိုယ်တိုင်လည်း သူ့ကို လွှမ်းမိုးဖို့အတွက် ကြိုးစားခဲ့မိတာဆိုတော့ တော်တော်လေး ရှက်မိသားပဲ” ဟု တွေးတောရင်း ကျန်ရစ်ခဲ့လေတော့သတည်း။

All Chapters