အခန်း (၄၀၃-၄၀၄)
Vol. 21 Ch. 403-404
အခန်း (၄၀၃) -ဂိုဏ်းတူအစ်ကိုကြီးထံ တစ်ဖန်အကူအညီတောင်းခံခြင်း
“သခင်လေးနင်းကျော့ဟာ ငါ့အပေါ်မှာ စိတ်ရင်းစေတနာအမှန်နဲ့ ဆက်ဆံခဲ့တာပဲ။ ငါကများ လွန်သွားခဲ့လေလား”
ဟန်ကျိုးသည် ထိုသို့တွေးတောမိသည်နှင့်တစ်ပြိုင်နက် နောင်တတရားတို့ တလိပ်လိပ်တက်လာကာ စိတ်မကောင်းဖြစ်ရချေသည်။
နင်းကျော့သည် မိမိ၏ဂူဗိမာန်သို့ ပြန်လည်ရောက်ရှိလာခဲ့၏။
စွန်းလင်ထုံမှာလည်း ကြိုတင်ရောက်ရှိနေနှင့်ပြီး ဖြစ်ပေသည်။
နင်းကျော့က အသံလွှင့်ကာ တိုးညှင်းစွာ မေးမြန်းလိုက်သည်။
“အကိုစွန်း”
စွန်းလင်ထုံက ခေါင်းညိတ်ပြလျက် အသံလွှင့်ကာ ပြန်လည်ဖြေကြားလေသည်။
“ဒီကောလာဟလတွေ ဘယ်ကလာလဲဆိုတာ ငါစုံစမ်းလို့ရပြီ ကျော့လေး။ ကဲ... မင်းကို တိတ်တဆိတ်ဒုက္ခပေးဖို့ နောက်ကွယ်ကနေ ကြိုးကိုင်နေတာ ဘယ်သူဖြစ်မလဲဆိုတာ မှန်းကြည့်စမ်းပါဦး”
နင်းကျော့က လှောင်ပြုံးတစ်ချက်ပြုံးလိုက်ပြီး ဆိုသည်။
“ဒီသတင်းတွေက ရုတ်ချည်းဆိုသလို ပျံ့နှံ့လာတာဆိုတော့ လင်းရှန်းရှန်းရဲ့ ဂိုဏ်းတူမောင်နှမတွေပဲ ဖြစ်ရမယ်။ သူတို့က ကျွန်တော့်ကို ပစ်မှတ်ထားနေကြတာ မဟုတ်လား”
“ပြီးတော့ အကိုစွန်း သိခဲ့တဲ့အတိုင်းပဲလေ။ လင်းရှန်းရှန်းက ကျွန်တော့်အတွက် ဝိညာဉ်အပင်စိုက်ခင်းလေး တည်ဆောက်ပေးဖို့ အကြွေးတွေအများကြီးတင်ခဲ့ပြီး ကြီးမားတဲ့ရင်းနှီးပေးဆပ်မှုတွေ လုပ်ခဲ့ရတာလေ။
အဲဒီဂိုဏ်းတူတွေက သူမရဲ့အကြွေးတွေကို ဆပ်ပေးလိုက်ကြပေမဲ့ ကျွန်တော့်အတွက်တော့ အခွင့်အရေးပေးလိုက်သလို ဖြစ်နေတာပေါ့။ သူတို့က ကျွန်တော့်ကို လင်းရှန်းရှန်းနဲ့ နီးစပ်မှာကို မလိုလားကြဘူးလေ။ အင်း... လူယုတ်မာတို့ ထုံးစံအတိုင်း သူတို့ရဲ့ စိတ်ဓာတ်အနိမ့်စားနဲ့ ကျွန်တော့်ကို တိုင်းထွာပြီး ကလဲ့စားချေချင်နေကြတာပေါ့”
စွန်းလင်ထုံက လက်ခုပ်တီးကာ ရယ်မောလျက် ဆိုလေသည်။
“ဒေါက်ခနဲပဲဟေ့။ မင်းခန့်မှန်းတာ တန်းတိုးတာပဲ။ ဟားဟားဟား”
နင်းကျော့က တည်ငြိမ်စွာပင် ဆက်လက်ပြောဆိုသည်။
“ဒါကို ခန့်မှန်းရတာ မခက်ပါဘူး အကိုစွန်းရယ်။ ဂုဏ်ယူစရာလည်း မဟုတ်ပါဘူး။ သူတို့ရဲ့ ကောလာဟလဖြန့်တဲ့ နည်းလမ်းတွေက သိပ်ကို အောက်တန်းကျလွန်းပါတယ်။ တိုးတက်ဖို့ အများကြီး လိုသေးတာပေါ့”
စွန်းလင်ထုံက ခေါင်းညိတ်လျက် ထောက်ခံသည်။
“ဟုတ်ပါ့။ အတွေ့အကြုံမရှိတဲ့ အသစ်အသစ်တွေ လုပ်ရပ်ဆိုတာ သိသာလွန်းတယ်။ သူတို့က ငါ့ကိုပါ အကွက်ဆင်ဖို့ ကြိုးစားသေးတာ။ ဒါပေမဲ့ ခြေရာလက်ရာတွေက အထင်သား ကျန်နေခဲ့တာပဲ”
ကောလာဟလ ဖြန့်ဝေသည့် အတတ်ပညာတွင်မူ စွန်းလင်ထုံနှင့် နင်းကျော့တို့မှာ ဆရာတစ်ဆူပင် ဖြစ်ကြပေရာ လင်းရှန်းရှန်း၏ ဂိုဏ်းတူမောင်နှမများ၏ လက်ရာမှာ သူတို့နှင့်ယှဉ်လျှင် ကလေးကစားစရာမျှသာ ဖြစ်တန်ရာသည်။
စွန်းလင်ထုံက နင်းကျော့ကိုကြည့်ကာ တစ်ခုခုလုပ်ချင်ကိုင်ချင်စိတ် ပြင်းပြနေဟန်ဖြင့် ဆိုသည်။
“ငါ သက်သေအထောက်အထားတွေ အကုန်စုဆောင်းထားပြီးပြီ။ ဒီကောင်တွေကို ပညာပေးဖို့ ငါတို့ အဲဒီသက်သေတွေကို ထုတ်ချလိုက်ရမလား။ ဟားဟားဟား”
နင်းကျော့က ခေါင်းခါလျက် တားမြစ်လေသည်။
“ဒါက မီးလျှံသီး မသေမျိုးမြို့တော် မဟုတ်ဘူးလေ အကိုစွန်း။ ဒါက သူတို့ရဲ့ နယ်မြေ။ ကျွန်တော် လင်းပုဖန်ရဲ့ လုပ်ဟန်ကို သိထားတယ်ဆိုပေမဲ့ အသေးစိတ်တော့ မသိသေးဘူး”
“ဒီသက်သေတွေကို အခုချက်ချင်း ထုတ်သုံးလိုက်လို့ ကျွန်တော်တို့အတွက် ဘာမှ ထူးခြားတဲ့ အကျိုးအမြတ် မရှိနိုင်သလို ဘေးအန္တရာယ်တောင် ပိုများသွားနိုင်သေးတယ်။ လင်းပုဖန်က သူ့တပည့်တွေဘက်ကနေ ကာကွယ်ပြီး ကျွန်တော်တို့ကို မဟုတ်မတရား လုပ်လာမလား ဘယ်သူသိနိုင်မှာလဲ”
“ဘာပဲဖြစ်ဖြစ် သူက ဒီတပည့်တွေကို သူ့သားသမီးတွေလို သဘောထားပြီး မွေးမြူထားတာဆိုတော့ သူတို့ကြားက သံယောဇဉ်က ခိုင်မြဲမှာပဲ”
နင်းကျော့၏ မျက်ဝန်းအစုံမှာ ထက်ရှသော အရောင်အဝါတို့ ဖြတ်ပြေးသွားကာ ဆက်လက်ပြောဆိုသည်။
“ဒီသက်သေတွေကို သိမ်းထားလိုက်ပါ။
နောင်တစ်ချိန်မှာ ဒါက အဆုံးအဖြတ်ပေးနိုင်တဲ့ အရေးကြီးလက်နက် ဖြစ်လာနိုင်တယ်။ အကယ်၍ ကျွန်တော်က ဘိုးဘေးနင်းကျိုဖန်ကို စည်းရုံးနိုင်ခဲ့ရင် သူက ဆေးပေါင်းသောင်းခြောက်ထောင်ဂူဆီကို အဲဒီမိစ္ဆာမျောက်ကြီး ခေါ်လာနိုင်လိမ့်မယ်။ အဲဒီကျရင်တော့ ကျွန်တော်တို့ ပိုပြီးကြီးမားတဲ့ အစီအစဉ်တွေကို လုပ်ဆောင်နိုင်မှာပေါ့”
“ပညာရှိတို့ ကလဲ့စားချေရာမှာ ဆယ်နှစ်ဆိုတာတောင် မနှောင်းသေးပါဘူး”
နင်းကျော့သည် အချိန်အခါကောင်းကို စောင့်ဆိုင်းရာတွင် အလွန်ထူးချွန်သူ ဖြစ်ပေသည်။
မီးလျှံသီး မသေမျိုးမြို့တော်၌ ရှိစဉ်အခါကလည်း သူသည် မိမိ၏ အရည်အချင်းအစစ်အမှန်ကို ဖုံးကွယ်ထားကာ ဆယ်နှစ်ကျော်တိုင်တိုင် အောင့်အည်းသည်းခံခဲ့ပြီးမှသာ မီးချော်ရည် နတ်သမီးနန်းတော်၌ သူ၏ တောက်ပမှုကို ထုတ်ဖော်ပြသခဲ့သည် မဟုတ်လော။
စွန်းလင်ထုံက ခေါင်းညိတ်လက်ခံလိုက်သည်။
“ကောင်းပြီလေ ညီလေး။ မင်းရဲ့ အစီအစဉ်အတိုင်းပဲ လုပ်ကြတာပေါ့”
ချော်ရည်နန်းတော် ဖြစ်ရပ်နောက်ပိုင်းတွင် စွန်းလင်ထုံသည် နင်းကျော့၏ ပါးနပ်မှုနှင့် နက်ရှိုင်းသော စီမံကိန်းချနိုင်စွမ်းတို့ကို ပိုမိုနားလည်လာကာ အထင်ကြီး လေးစားမိလာခဲ့သည်။
နင်းကျော့သည် တမင်တကာပင် မည်သည့်တုံ့ပြန်မှုမျှ မပြုလုပ်ဘဲ သူ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည့် ဝေဖန်သံများ ပိုမို ကျယ်လောင်လာသည်ကိုသာ ခွင့်ပြုထားလေသည်။
သူ့အား ရှုံးနိမ့်တော့မည်ဟု ဟောကိန်းထုတ်သံများလည်း အမျိုးမျိုး ထွက်ပေါ်လာခဲ့၏။
အဆုံးတွင်မူ တစ်စုံတစ်ယောက်က စိတ်မထိန်းနိုင်တော့ဘဲ နင်းကျော့ထံသို့ စိန်ခေါ်စာ ပေးပို့လာခဲ့သည်။
နင်းကျော့က ချက်ချင်းပင် လက်ခံလိုက်ကာ ထိုသူနှင့် သီးသန့်ယှဉ်ပြိုင်ပြီး ပြင်းထန်သော သစ်သားဓာတ် ပညာရပ်ဖြင့် ပြတ်ပြတ်သားသား အနိုင်ယူပြလိုက်လေသည်။
မကြာမီမှာပင် အခြားသော စိန်ခေါ်သူတစ်ဦး ပေါ်ပေါက်လာပြန်သည်။
နင်းကျော့သည် သစ်သားဓာတ် ပညာရပ်ကိုသာ ထပ်မံအသုံးပြုကာ အနိုင်ယူလိုက်ပြန်ရာ သူ၏ နာမည်ကျော်ကြားမှုမှာ ပိုမို မြင့်မားလာခဲ့၏။
တိုက်ပွဲငယ်တောင်ထိပ်ရှိ ကျင့်ကြံသူများမှာ နင်းကျော့၏ အစွမ်းအစကို စတင်အသိအမှတ်ပြုလာကြသည်။ သို့သော်လည်း လင်းရှန်းရှန်း၏ ဂိုဏ်းတူမောင်နှမများကမူ ကောလာဟလများကို ဆက်လက်မီးထိုးပေးနေဆဲပင်။
“နင်းကျော့မှာက တစ်ကွက်တည်းရှိတာပါ။ ဒီတစ်ခေါက်လည်း သစ်သားဓာတ် ပညာရပ်နဲ့ပဲ အနိုင်ရသွားတာ မဟုတ်လား။ သူ့ရဲ့ တိုက်စစ်ကိုသာ တစ်ယောက်ယောက်က ခုခံနိုင် ဒါမှမဟုတ် ပြန်တိုက်နိုင်မယ်ဆိုရင် အောင်ပွဲက လက်တစ်ကမ်းမှာပဲ ရှိပါလိမ့်မယ်”
ထိုစကားများကြောင့် ကျင့်ကြံသူအပေါင်းမှာ နင်းကျော့ကို စမ်းသပ်ကြည့်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာကြလေသည်။
အဆုံး၌မူ ထိပ်တန်း ကျင့်ကြံသူ ဆယ်ဦးစာရင်းဝင် ဟွာကူးကျိမှာ ထွက်ပေါ်လာခဲ့ပေပြီ။
ဤကျင့်ကြံသူမလေးမှာ ထင်ပေါ်ကျော်ကြားမှုကို အလွန်နှစ်သက်သူ ဖြစ်သည်။ သူမသည် စိန်ခေါ်စာ မပို့မီကပင် သူငယ်ချင်းများကို စုရုံးကာ နင်းကျော့ကို ဖိအားပေးရန်အတွက် သတင်းများကို အကြီးအကျယ် ဖြန့်ဝေခဲ့လေသည်။
အကယ်၍ နင်းကျော့သာ ဤစိန်ခေါ်မှုကို ငြင်းပယ်လိုက်ပါက သူ၏ ဂုဏ်သိက္ခာမှာ အကြီးအကျယ် ထိခိုက်ပေလိမ့်မည်။
တိုက်ပွဲငယ်တောင်ထိပ်၏ စိန်ခေါ်မှုများတွင် လုပ်ထုံးလုပ်နည်းများ ရှိပေရာ အကယ်၍ ဂူဗိမာန်တစ်ခုတည်းကိုပင် လူအများအပြားက စိန်ခေါ်လာပါက ဆေးပေါင်းသောင်းခြောက်ထောင်ဂူက စိန်ခေါ်သူ တစ်ဦးကိုသာ ရွေးချယ်ပြီး တိုက်ပွဲငယ်နေ့တွင် လူအများရှေ့၌ ယှဉ်ပြိုင်စေမည် ဖြစ်သည်။
ထိုသတ်မှတ်ထားသော တိုက်ပွဲနေ့များအပြင် အခြားအချိန်များတွင်လည်း ကျင့်ကြံသူအချင်းချင်း သီးသန့် စိန်ခေါ်ယှဉ်ပြိုင်နိုင်ကြပေသေးသည်။
နင်းကျော့သည် ဆေးပေါင်းသောင်းခြောက်ထောင် ချိုင့်ဝှမ်းတွင် ရှိနေစဉ်အတွင်း ဟန်ကျိုးနှင့် တိုက်ခိုက်ခြင်း၊ ချန်ရန်နှင့် တိုက်ခိုက်ခြင်းတို့မှာသာ တကယ့်တိုက်ပွဲငယ်နေ့များ ဖြစ်ခဲ့ပြီး ကျန်ရှိသော တိုက်ပွဲများမှာမူ လူအများရှေ့မှောက်၌ပင် ပြုလုပ်ကြသည့် သီးသန့်စိန်ခေါ်မှုများသာ ဖြစ်ပေသည်။
ယခု ဟွာကူးကျိနှင့် ပတ်သက်၍လည်း နင်းကျော့က ချက်ချင်းပင် လက်ခံလိုက်လေသည်။
ဤသတင်းသည် တိုက်ပွဲငယ်တောင်ထိပ် တစ်ခုလုံးကို အုတ်အော်သောင်းတင်း ဖြစ်သွားစေခဲ့၏။
တက်သစ်စ ကျော်ကြားလာသူ နင်းကျော့နှင့် ထိပ်တန်းစာရင်းဝင် အစွမ်းထက်သူ ဟွာကူးကျိတို့၏ တိုက်ပွဲမှာ ပုံမှန်တိုက်ပွဲငယ်နေ့များတွင်ပင် တွေ့ရခဲသည့် မြင့်မားသော အဆင့်အတန်းရှိသည့် ပြိုင်ပွဲမျိုး ဖြစ်ပေသည်။
မည်သူ အနိုင်ရမည်နည်းဟူသော ခန့်မှန်းချက်များလည်း ပလူပျံနေတော့သည်။
“ဟွာကူးကျိက အခြေခံအုတ်မြစ်တည်ဆောက်ခြင်း နောက်ဆုံးအဆင့်မှာ ရှိနေတာဆိုတော့ နင်းကျော့ထက် အသာစီးရမှာ အသေအချာပဲ”
“ချန်ရန်တုန်းကလည်း အဆင့်ချင်း ကွာခြားနေတာပဲလေ။ ဒါပေမဲ့ နင်းကျော့ရဲ့ သစ်သားဓာတ် ပညာရပ် သုံးမျိုးပေါင်း တိုက်စစ်အောက်မှာ အလဲလဲအပြိုပြို ဖြစ်သွားခဲ့တာ မဟုတ်လား”
“ဒါက မတူဘူးလေ။ ချန်ရန်က မြေကမ္ဘာဓာတ်ကို အဓိကထားတာဆိုတော့ နင်းကျော့ရဲ့ သစ်သားဓာတ်နဲ့ အနှိမ်ခံလိုက်ရတာ။ ဒါပေမဲ့ ဟွာကူးကျိကလည်း သစ်သားဓာတ် ပညာရပ်ကိုပဲ ကျွမ်းကျင်တာလေ”
“တိုက်စစ်စွမ်းရည်အကြောင်း ပြောမယ်ဆိုရင်လည်း ဟွာကူးကျိက အရမ်းကို ပြင်းထန်တဲ့ တိုက်ခိုက်ရေးပုံစံရှိတာ။ တိုက်ပွဲထဲမှာ သူမက အရမ်းကို လွှမ်းမိုးနိုင်စွမ်း ရှိတယ်နော်”
ထို့ကြောင့်ပင် လူအများမှာ တိုက်ပွဲစတင်သည်နှင့် မည်သူက အရင်ဦးအောင် တိုက်ခိုက်နိုင်မလဲဆိုသည့် အချက်ပေါ်တွင် အောင်ပွဲမှာ မူတည်နေလိမ့်မည်ဟု ဆွေးနွေးနေကြတော့သည်။
ယွမ်လိုင်တောင်ရှိ လင်းပုဖန်၏ စံအိမ်တော်။
အဆောင်တော်အတွင်းရှိ စားပွဲဝိုင်းလေးတွင် လင်းရှန်းရှန်းမှာ အလွန်ပင် ပျင်းရိငြီးငွေ့ဟန်ဖြင့် မှိုင်တွေလျက် ရှိနေ၏။
စားပွဲအလယ်ရှိ ပန်းအိုးထဲတွင်မူ မြူမြေပုံ သစ်ခွပန်းတစ်ပွင့်ကို ထိုးစိုက်ထားပေသည်။
“အချိန်တွေ အများကြီး ကုန်ဆုံးသွားခဲ့ပြီပဲ။ သခင်လေးနင်းကျော့ အဆင်ပြေရဲ့လား မသိဘူး” လင်းရှန်းရှန်းသည် မြူမြေပုံ သစ်ခွပန်းကလေးကို ကြည့်လျက် ဝတ်စုံဖြူဝတ် လူငယ်လေးအကြောင်းကို တွေးတောနေမိလေသည်။
“သခင်မလေး... အစာစားချိန် ရောက်ပါပြီ” လင်းရှန်းရှန်း၏ အစေခံမလေးသည် ထမင်းချိုင့်ကို ကိုင်ဆောင်လျက် အခန်းတွင်းသို့ ဝင်လာခဲ့သည်။
လင်းရှန်းရှန်းမှာ အရသာရှိလှသော နေ့လယ်စာကို စားသုံးနေရသော်လည်း သူမအတွက်မူ ဘာအရသာမျှ မရှိသလို ခံစားနေရ၏။
မိမိသခင်မလေး၏ စိတ်နေစိတ်ထားကို ကောင်းစွာနားလည်သော အစေခံမလေးမှာ စိတ်ပူပန်ဟန်ဖြင့် အကြံပေးလေသည်။
“သခင်မလေးရယ်... ဒီနေ့ဆိုရင် ပိုပြီးပိန်သွားသလိုပဲ။ ဘာလို့ ကိုယ့်ကိုယ်ကို ဒီလို နှိပ်စက်နေတာလဲဟင်။ စိတ်ကို နည်းနည်းလောက် လျှော့ချလိုက်ပါဦး”
ထိုစကားကြောင့် လင်းရှန်းရှန်း၏ မျက်နှာမှာ ထုံထိုင်းသွားကာ မျက်ဝန်းအစုံမှာလည်း အသက်မဲ့သွားသလိုပင်။
ပုံမှန်အားဖြင့် လန်းဆန်းတက်ကြွတတ်သူ ဖြစ်ပေရာ ယခုကဲ့သို့ အကျဉ်းချထားခံရခြင်းမှာ သူမ၏ စိတ်ဓာတ်ကို အကြီးအကျယ် ထိခိုက်စေခဲ့သည် မဟုတ်လော။
အစေခံမလေးမှာ သနားမိသဖြင့် ရုတ်တရက်ပင် လွှတ်ခနဲ ပြောလိုက်မိသည်။
“ကျွန်မဆီမှာ သခင်လေးနင်းကျော့နဲ့ ပတ်သက်တဲ့ နောက်ဆုံးရသတင်းတွေ ရှိတယ်နော်”
လျှပ်စစ်ဓာတ် အစစ်ခံလိုက်ရသလိုပင် လင်းရှန်းရှန်းသည် ချက်ချင်းပင် လန်းဆန်းတက်ကြွသွားကာ မျက်ဝန်းအစုံမှာလည်း မျှော်လင့်ချက်အရောင်များဖြင့် တောက်ပလာတော့သည်။
“မြန်မြန်ပြောစမ်း။ သူ ထပ်ပြီး စိန်ခေါ်ခံရပြန်ပြီလား”
“ဟိဟိ... အဲဒီကျင့်ကြံသူ အများစုက သူ့ရဲ့ပြိုင်ဘက် မဟုတ်ကြပါဘူး။ ကြက်တွေ၊ ခွေးတွေလိုပဲ သူတို့ကတော့ အနိုင်ရမှာ မဟုတ်ဘူး”
အစေခံမလေးက သက်ပြင်းချလျက် ဆိုသည်။
“ဒါပေမဲ့ ဒီတစ်ခါ ပြိုင်ဘက်ကတော့ သာမန်မဟုတ်ဘူး သခင်မလေးရဲ့”
“အခု တိုက်ပွဲငယ်တောင်ထိပ် တစ်ခုလုံးမှာတော့ ဆူညံနေတာပဲ။ လူတိုင်းက ဒီတိုက်ပွဲကို အာရုံစိုက်နေကြတာ”
လင်းရှန်းရှန်း၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွား၏။
“ဘယ်သူလဲ။ လိုင်ဝူရင်းလား ဒါမှမဟုတ် ကျန့်ရှင်းချန်လား”
အစေခံမလေးက ခေါင်းခါပြလျက်။
“ဟွာကူးကျိပါ သခင်မလေး”
“သူမလား” လင်းရှန်းရှန်းသည် အစပိုင်းတွင် စိတ်သက်သာရာ ရသွားဟန်ရှိသော်လည်း နောက်ပိုင်းတွင်မူ ပြန်လည်မျက်မှောင်ကြုတ်လိုက်မိသည်။
“ဟွာကူးကျိက သစ်သားဓာတ် ကျင့်စဉ်ကိုပဲ ကျင့်ကြံတာ။ ပြီးတော့ သူမက သခင်လေးနင်းကျော့ထက် အချိန်အများကြီး ပိုပေးပြီး သစ်သားဓာတ် ပညာရပ်ကို လေ့ကျင့်ခဲ့တာလေ။ သူမက ပြင်းထန်တဲ့ တိုက်ခိုက်ရေးနည်းဗျူဟာတွေကိုလည်း သုံးလေ့ရှိတော့ သခင်လေးနင်းကျော့အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်တာပေါ့”
“ငါတို့ ဘာလုပ်ကြမလဲ”
လင်းရှန်းရှန်း၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ထင်ဟပ်လာခဲ့သည်။
နင်းကျော့အကြောင်း ပြောလိုက်သည်နှင့် လင်းရှန်းရှန်းမှာ အစာမစားတော့ဘဲ ဖြစ်နေသည်ကို မြင်ရသောအခါ အစေခံမလေးမှာ ပြောမိသည်ကို နောင်တရသွားကာ အကြံပေးပြန်သည်။
“သခင်မလေး... ထမင်းကို နည်းနည်းလောက် ထပ်စားလိုက်ပါဦး။ ဗိုက်ဝမှလည်း သခင်လေးနင်းကျော့ကို ဘယ်လိုကူညီရမလဲဆိုတာ စဉ်းစားလို့ရမှာပေါ့”
လင်းရှန်းရှန်းက ခေါင်းညိတ်လိုက်သည်။
“မင်းပြောတာ မှန်တယ်”
သူမသည် အစာကို ပိုမိုမြန်ဆန်စွာ စားသုံးလိုက်ရာ အစားအသောက်မှာ သိသိသာသာပင် ပြန်လည်ကောင်းမွန်လာခဲ့၏။
အစေခံမလေးမှာ ကျေနပ်နေစဉ်မှာပင် လင်းရှန်းရှန်းက ရုတ်တရက် အစာစားခြင်းကို ရပ်လိုက်ပြန်သည်။
“ဓာတ်ငါးပါး အပြန်အလှန် အကျိုးပြုခြင်းနဲ့ ဖျက်ဆီးခြင်းအရဆိုရင် ရွှေဓာတ်က သစ်သားဓာတ်ကို နှိမ်နင်းနိုင်ပြီး သစ်သားဓာတ်က မီးဓာတ်ကို ဖြစ်စေတယ်လေ။ ဒါကြောင့် သခင်လေးနင်းကျော့က ရွှေဓာတ်နဲ့ တိုက်စစ်ဆင်ပြီး မီးဓာတ်နဲ့ ကာကွယ်မယ်ဆိုရင်တော့ အသာစီး ရမှာ အသေအချာပဲ”
“သူ့အတွက် ကျင့်ကြံခြင်းဆိုင်ရာ အသိအမြင် ပန်းချီကားချပ်တွေ လိုအပ်တယ်”
“သူ့ရဲ့ ထိုးထွင်းသိမြင်မှု အရဆိုရင် ဒီတိုက်ပွဲ မစခင်မှာ မီးဓာတ်နဲ့ ရွှေဓာတ်ဆိုင်ရာ တိုက်ခိုက်ရေးပညာရပ်တွေကို အပြည့်အဝ နားလည်နိုင်လိမ့်မယ်”
“အင်း... အခုတော့ ငါက အကျဉ်းချခံထားရတာဆိုတော့ ဘယ်သူက သူ့ကို ကူညီနိုင်မှာလဲ”
“ဟန်ကျိုးဆိုတဲ့ အမွဲကောင်ကတော့ မဖြစ်နိုင်ဘူး”
“ရှောင်ကျူ... မင်း ငါ့ကို ကူညီမှဖြစ်မယ်” လင်းရှန်းရှန်းသည် ရုတ်တရက် ထရပ်လိုက်ကာ အစေခံမလေး၏ ပုခုံးကို တင်းကျပ်စွာ ဆုပ်ကိုင်လျက် ပြတ်သားသော မျက်ဝန်းများဖြင့် ကြည့်လိုက်လေသည်။
အစေခံမလေး ရှောင်ကျူမှာ မျက်နှာဖြူလျော်သွားကာ ထစ်ထစ်ငေါ့ငေါ့ဖြင့် ဆိုသည်။
“သခင်မလေး... သခင်မလေး ဘာလို့ အကျဉ်းချခံထားရသလဲဆိုတာ မေ့သွားပြီလားဟင်”
“ပြီးခဲ့တဲ့တစ်ခေါက်တုန်းကလည်း သခင်လေးနင်းကျော့ကို အရမ်းကူညီခဲ့လို့ နေ့စဉ်ကျင့်ကြံမှုတွေတောင် ပျက်ကွက်ခဲ့တာလေ။ အခုလည်း အဲဒီလို ထပ်လုပ်ဦးမလို့လား”
လင်းရှန်းရှန်းက ခေါင်းခါလိုက်သည်။
“ပြီးခဲ့တဲ့တစ်ခေါက်က ငါ အရမ်း စိတ်လိုက်မာန်ပါ ဖြစ်သွားခဲ့တာတော့ အမှန်ပဲ”
“ငါ အခုတလော ပြန်ပြီးဆင်ခြင်ကြည့်တော့ ငါ လွန်သွားခဲ့တယ်လို့ ခံစားရတယ်။ ဒါကြောင့် အဖေဖြစ်သူကိုလည်း ငါ ဘယ်တုန်းကမှ အပြစ်မတင်ခဲ့ပါဘူး။ အခုလို အကျဉ်းချခံရတာကလည်း ထိုက်တန်ပါတယ်”
“ဂိုဏ်းတူအစ်ကိုတွေက ငါ့ရဲ့အကြွေးတွေကို ဆပ်ပေးလိုက်ကြပြီဆိုတော့ ငါ့မှာ ပိုက်ဆံရှိလာတဲ့အခါ သူတို့ကို ပြန်ဆပ်မှာပါ။ ဒါတွေက အသေးအဖွဲ ကိစ္စတွေပါ”
နင်းကျော့နှင့် အဆက်အသွယ်မလုပ်ဖြစ်သည်မှာ ကြာပြီဖြစ်ပေရာ လင်းရှန်းရှန်းသည် ဗုဒ္ဓနှလုံးသား မိစ္ဆာတံဆိပ်တော်၏ လွှမ်းမိုးမှုအောက်တွင် မရှိတော့ပေ။
ထို့ကြောင့်ပင် သူမသည် ပြန်လည်တည်ငြိမ်လာကာ ပြင်ပနှောင့်ယှက်မှုများ မရှိတော့သဖြင့် သူမ၏ အတွေးများ၊ ခံစားချက်များနှင့် ထိုးထွင်းသိမြင်မှုများမှာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ဤသို့သော တည်ငြိမ်သည့် အခြေအနေတွင် သူမသည် မိမိကိုယ်မိမိ ပြန်လည်ဆင်ခြင်နိုင်ခဲ့ပြီး မိမိ၏ အမှားများကိုလည်း ဝန်ခံနိုင်ခဲ့ခြင်း ဖြစ်ပေသည်။
“အဲဒီတုန်းက ငါတကယ်ပဲ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားခဲ့တာပါ” လင်းရှန်းရှန်းမှာ မည်သည့် သံသယမျှ မရှိဘဲ သူမ၏ စိတ်လိုက်မာန်ပါ ဖြစ်မှုကြောင့်သာဟု ထင်မှတ်နေခဲ့သည်။
သို့သော်လည်း ပုံမှန်အခြေအနေတွင်ပင် လင်းရှန်းရှန်းမှာ နင်းကျော့ကို ကူညီချင်နေဆဲ ဖြစ်ပေသည်။
“ငါ ကျင့်ကြံနေရင်းနဲ့ အမြင်သစ်တွေ အများကြီး ရလာလို့ ရွှေဓာတ်နဲ့ မီးဓာတ်ဆိုင်ရာ ကျင့်ကြံခြင်းဆိုင်ရာ အသိအမြင် ပန်းချီကားချပ် အနည်းငယ် လိုအပ်တယ်လို့ပဲ ပြောလိုက်ပါ”
လင်းရှန်းရှန်းက အစီအစဉ်တစ်ခုကို ကြံဆလိုက်သည်။
အစေခံမလေး ရှောင်ကျူမှာ မျက်လုံးအပြူးသားဖြင့်။
“သခင်မလေး... တကယ်ပဲ အဲဒီလို လုပ်မှာလားဟင်”
သူမသည် ခဏမျှ တွန့်ဆုတ်နေပြီးမှ ဆိုလေသည်။
“ဂိုဏ်းချုပ်ရဲ့ တပည့်ကြီးရော ဘယ်လိုနေမလဲ”
ပြင်ပလူဖြစ်သော နင်းကျော့နှင့် နှိုင်းယှဉ်လျှင် ရှောင်ကျူအပါအဝင် အခြားသော ဂိုဏ်းတူအစ်ကိုများမှာ လင်ဟုကျို၏ လင်းရှန်းရှန်းအပေါ် ထားရှိသော ခံစားချက်ကို သိရှိကြသော်လည်း သူမကိုယ်တိုင်မှာမူ မသိနားမလည် ဖြစ်နေဆဲပင်။
ရှောင်ကျူ၏ စကားကြောင့် လင်းရှန်းရှန်း၏ မျက်ဝန်းများမှာ လင်းလက်သွားကာ ရှောင်ကျူကို ဖက်လျက် နဖူးကို နမ်းလိုက်လေသည်။
လင်းရှန်းရှန်းက စိတ်လှုပ်ရှားစွာဖြင့် ဆိုသည်။
“ဟုတ်သားပဲ... ငါ ဘာလို့ ဒါကို မစဉ်းစားမိခဲ့ပါလိမ့်”
“ငါ အစ်ကိုကြီးကို အကူအညီတောင်းရမှာပဲ”
“အခု လူတိုင်းက သခင်လေးနင်းကျော့နဲ့ ဟွာကူးကျိတို့ရဲ့ တိုက်ပွဲအကြောင်း သိနေကြတာလေ။ အကယ်၍ ငါကသာ ရွှေဓာတ်နဲ့ မီးဓာတ်ဆိုင်ရာ ပန်းချီကားချပ်တွေကို တောင်းလိုက်မယ်ဆိုရင် ဂိုဏ်းတူအစ်ကိုတွေနဲ့ ငါ့အဖေက ချက်ချင်း ရိပ်မိသွားပြီး တားမြစ်ကြမှာ အသေအချာပဲ”
“ဒါပေမဲ့ အစ်ကိုကြီးကိုသာ ကူညီခိုင်းမယ်ဆိုရင်တော့ အရာအားလုံး အဆင်ပြေသွားမှာ မဟုတ်လား”
“ရှောင်ကျူ... မင်းက ငါ့ရဲ့ အခင်ဆုံး သူငယ်ချင်းပါပဲ။ သတိပေးပေးလို့ ကျေးဇူးအများကြီး တင်ပါတယ်နော်”
ရှောင်ကျူမှာ စိုးရိမ်တကြီးဖြင့် ခေါင်းခါလျက် ဆိုသည်။
“သခင်မလေး... သခင်မလေး ကျွန်မကို အထင်လွဲနေပါပြီ။ ကျွန်မက အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး”
သို့သော်လည်း လင်းရှန်းရှန်းမှာမူ သူမ၏ စကားကို ဂရုမစိုက်တော့ဘဲ မျှော်လင့်ချက်အပြည့်ဖြင့် ဆက်ပြောနေတော့သည်။
“အစ်ကိုကြီးက ငါ့အပေါ်မှာ အမြဲတမ်း ဂရုစိုက်ပေးခဲ့တာ။ သူက ပုံမှန်အားဖြင့် ဘာမှမလုပ်ဘဲ အေးအေးဆေးဆေး နေတတ်ပေမဲ့ သဘောထားကတော့ အရမ်းကြီးပြီး တခြားသူတွေအပေါ်မှာလည်း သည်းခံတတ်တာပဲ။
တခြား ဂိုဏ်းတူအစ်ကိုတွေက သခင်လေးနင်းကျော့အပေါ်မှာ အမြင်မကြည်ကြပေမဲ့ သူကတော့ အဲဒီလို မဟုတ်တာ သေချာပါတယ်။ သူက ငါ့ကို ကူညီဖို့အတွက် အသင့်တော်ဆုံး လူပဲပေါ့”
ရှောင်ကျူမှာ မယုံနိုင်ဟန်ဖြင့် ကြည့်လျက်။
“သခင်မလေး... တကယ်ပဲ အတည်ပြောနေတာလားဟင်”
“အတည်ပေါ့... အတည်ပေါ့” လင်းရှန်းရှန်းက အားရပါးရ အော်ဟစ်လိုက်ကာ ရှောင်ကျူအား တိုက်ပွဲကြီးတောင်ထိပ်ရှိ မိစ္ဆာပေါင်းသောင်းခြောက်ထောင်ဂူသို့ သွားရောက်ကာ လင်ဟုကျိုထံမှ အကူအညီတောင်းရန် စေခိုင်းလိုက်လေတော့သည်။
ရှောင်ကျူမှာ အစေခံတစ်ဦးဖြစ်သဖြင့် လင်းရှန်းရှန်း၏ အမိန့်ကို မလွန်ဆန်နိုင်ဘဲ နာခံရန်သာ ရှိပေတော့သည်။
“အလို... ဘုရားရေ။ ဒီကမ္ဘာကြီးကတော့ တကယ်ပဲ ရူးသွပ်နေပါပြီလား”
“ဘာဖြစ်လို့ အစ်ကိုကြီးက ဒီလို ညှဉ်းပန်းနှိပ်စက်ခံရမှုကို အောင့်အည်းသည်းခံနေရတာပါလိမ့်”
“ဒါ ငါ့အမှားတော့ မဟုတ်ပါဘူးနော်... မဟုတ်ရပါဘူး”
အခန်း (၄၀၄) - လောကအလယ်မှ ထူးချွန်ထက်မြက်သော လူငယ်များ
သန်းခေါင်ယံအချိန် ဖြစ်ချေသည်။
လကွယ်စပြုနေသဖြင့် ထူထပ်သော တိမ်တိုက်များက လရောင်ကို ခဏတာ ဖုံးကွယ်ထားလေသည်။
ရှောင်ကျူသည် တောင်ပတ်လမ်းအတိုင်း သတိကြီးစွာဖြင့် အလျင်အမြန် လျှောက်လှမ်းလာခဲ့ရာ လမ်းတစ်လျှောက်တွင်လည်း ဘေးဘီဝဲယာသို့ မကြာခဏ ကြည့်ရှုနေမိ၏။
သူမ ကိုင်ဆောင်လာသော မီးအိမ်မှာ ကင်းထောက်ရန်နှင့် အချက်ပေးရန်အတွက် အသုံးပြုသည့် ဝိညာဉ်လက်နက်တစ်ခုပင် ဖြစ်သည်။
တောင်ပတ်လမ်း ဘေးရှိ သစ်ပင်များမှာ လေတိုက်ခတ်မှုကြောင့် တရှဲရှဲ အသံမြည်နေပြီး လေတိုက်သံမှအပ သူမ၏ ခြေသံနှင့် ရင်ခုန်သံတို့ကိုသာ ကြားနေရပေရာ ယင်းက သူမ၏ စိတ်ကို ပို၍ စိုးထိတ်စေသည်။
ရေတံခွန်မှ ကျဆင်းလာသော ရေသံမှာ ပိုမိုကျယ်လောင်လာပြီး အခြားအသံများကို ဝါးမြိုသွားလေတော့၏။
မကြာမီတွင်ပင် နက်ရှိုင်းသော ရေကန်တစ်ခုကို တွေ့လိုက်ရသဖြင့် ရှောင်ကျူသည် ရေကန်အနီး၌ ကြာရှည်မနေလိုဘဲ ခြေလှမ်းကို အရှိန်မြှင့်လိုက်လေသည်။
သူမသည် ရေတံခွန်ဆီသို့ ရောက်ရှိလာပြီး တောင်ပတ်လမ်းအတိုင်း ဆက်လက် တက်လှမ်းလာခဲ့ရာ ရေတံခွန်၏ ဟိန်းဟောက်သံမှာ ညမှောင်ယံတွင် ပို၍ပင် နားကွဲမတတ် ကြားနေရတော့၏။
လေထုထဲတွင် မြူနှင်းများ ဖုံးလွှမ်းနေပြီး ကျောက်နံရံပေါ်ရှိ ရေမှော်များနှင့် နွယ်ပင်များမှာလည်း စိုစွတ်နေချေသည်။
မီးအိမ်မှ ထွက်ပေါ်လာသော အလင်းရောင်သည် ကျောက်နံရံပေါ်တွင် လှုပ်ရှားနေသော အရိပ်များကို ထင်ဟပ်စေ၏။
ရှောင်ကျူ ရှေ့ဆက်လျှောက်လာရင်း မိစ္ဆာပေါင်းသောင်းခြောက်ထောင်ဂူ၏ အဝင်ဝကို မြင်လိုက်ရသည့်အခါမှ သူမ၏ စိတ်ထဲ၌ အတန်ငယ် ဝမ်းသာသွားမိသည်။
သို့သော်လည်း လင်းရှန်းရှန်းက သူမအား အပ်နှံထားသော တာဝန်ကို ချက်ချင်း သတိရသွားပြီး စိတ်ဖိစီးမှုများ ပြင်းထန်စွာ ခံစားလိုက်ရပြန်၏။
သူမသည် ဂူအဝင်ဝသို့ ရောက်ရှိသော်လည်း ဂူအတွင်းသို့ မဝင်ရဲဘဲ တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်နေလေတော့သည်။
ထိုစဉ် ဂူအတွင်းမှ လင်ဟုကျို၏ အသံ ထွက်ပေါ်လာချေသည်
"ကျောက်ကုတင်ထက်မှာ နွေးထွေးတဲ့ လေပြေကို ခံစားရင်း လဲလျောင်းနေမိတယ်"
"ဂူရဲ့ အနက်ရှိုင်းဆုံးနေရာမှာတော့ အိပ်မက်တွေက မှန်းဆဖို့ ခက်ခဲလွန်းလှပါလား"
"နိုးထလာတဲ့အခါမှာတော့ လရောင်က ထင်းရှူးပင်တွေပေါ်မှာ အရိပ်ထင်နေပြီ"
"ခြေသံတွေကလည်း တဖြည်းဖြည်း နီးကပ်လာနေပါပေါ့လား၊ ဘယ်သူများလဲလို့ မေးလိုက်ချင်တယ်"
မိမိ ရောက်ရှိနေသည်ကို လင်ဟုကျို သိရှိသွားပြီမှန်း သိလိုက်သဖြင့် ရှောင်ကျူသည် စိတ်ကို တင်းထားပြီး သူမ မည်သူဖြစ်ကြောင်း အသိပေးလိုက်ရ၏။
လင်ဟုကျိုသည် ရှောင်ကျူမှာ လင်းရှန်းရှန်း၏ အနီးကပ်အစေခံမလေးဖြစ်ကြောင်း သိထားပြီးဖြစ်ရာ သူမကို ချက်ချင်းပင် အထဲသို့ ဝင်လာရန် ခေါ်လိုက်လေသည်။ ရှောင်ကျူသည် စိုးရိမ်ထိတ်လန့်နေသော စိတ်ဖြင့် ဂူအတွင်းသို့ ဝင်လာခဲ့၏။
ဂူအတွင်း၌ အလင်းရောင်မှာ မှိန်ဖျော့နေပြီး ဂူနံရံများပေါ်တွင် ကပ်နေသော ရေမှော်များမှာ အချိန်ကာလနှင့် သမိုင်းကြောင်းများကို ပြောပြနေသကဲ့သို့ ဖြစ်နေသည်။
ရှောင်ကျူသည် ကျောက်ကုတင်တစ်ခုကို မကြာမီပင် တွေ့လိုက်ရ၏။ ထိုကျောက်ကုတင်ပေါ်တွင် ပိန်ပါးသော ကျင့်ကြံသူတစ်ဦး လဲလျောင်းနေချေသည်။
သူသည် ဘေးစောင်းလျက် လွတ်လပ်ပေါ့ပါးသော ဟန်ပန်ဖြင့် လဲလျောင်းနေပြီး ကိုယ်ပေါ်တွင်လည်း အရက်နံ့များ ထွက်နေလေ၏။
သူ၏ မျက်ဝန်းများမှာ မကြည်မလင် ဖြစ်နေသော်လည်း လောကီရေးရာ အရှုပ်အထွေးအားလုံးမှာ သူနှင့် မသက်ဆိုင်သကဲ့သို့ အေးချမ်းစွာ ရှိနေပေရာ ယင်းမှာ လင်ဟုကျိုပင် ဖြစ်ချေသည်။
သူသည် ရှောင်ကျူကို ကြင်နာစွာ ပြုံးပြရင်း "ဒီလောက် ညဉ့်နက်နေတဲ့အချိန်မှာ ဂူထဲကို ငါ့ဆီ အရောက်လာခဲ့တာဆိုတော့ ညီမလေးက ငါ့အကူအညီ လိုလို့များလား" ဟု မေးလိုက်လေသည်။
ရှောင်ကျူသည် အသက်ကို ပြင်းပြင်းရှူပြီး ဦးစွာ အလေးအမြတ်ပြုကာ လင်းရှန်းရှန်း၏ တောင်းဆိုချက်ကို လင်ဟုကျိုထံသို့ ပြတ်သားစွာ ပြောကြားလိုက်၏။
လင်ဟုကျိုသည် တိတ်ဆိတ်စွာပင် ရပ်နေလေသည်...။
ရှောင်ကျူသည် သူ့ကို စိုးရိမ်တကြီး ကြည့်နေမိ၏။
လင်ဟုကျိုသည် မျက်မှောင်ကြုတ်ကာ သက်ပြင်းကို ပြင်းပြင်းချလိုက်ပြီး ကျောက်ကုတင်ပေါ်မှ ထကာ လက်ကို နောက်ပစ်လျက် ဂူအတွင်း၌ ဟိုဒီ လျှောက်လှမ်းနေတော့သည်။
ထိုခဏတွင် လင်ဟုကျို၏ လောကပြင်ပမှ လာသည့်အလား မြင့်မြတ်လှသော အရှိန်အဝါမှာ လောကီရေးရာများကြောင့် အတန်ငယ် လျော့ပါးသွားပြီး လူသားဆန်သော အမူအရာများ ပိုမို ပေါ်လွင်လာသည်ဟု ရှောင်ကျူ ခံစားလိုက်ရ၏။
သူမသည် စဉ်းစားခန်း ဝင်နေသော လင်ဟုကျိုကို မြင်ပြီး များစွာ စာနာမိသွားသည်။ လင်ဟုကျိုကသာ လင်းရှန်းရှန်း၏ တောင်းဆိုချက်ကို အနည်းငယ်မျှ ငြင်းဆိုသည့် အရိပ်အယောင် ပြလိုက်လျှင် သူမသည် ချက်ချင်းပင် လှည့်ထွက်သွားတော့မည်ဟု ဆုံးဖြတ်ထား၏။
အမျိုးသမီးတစ်ဦးအနေဖြင့် ဤကိစ္စမှာ လင်ဟုကျိုအတွက် အလွန်ပင် စိတ်ပင်ပန်းစေပြီး ခက်ခဲလှသည်ဟု သူမ ခံစားမိသောကြောင့် ဖြစ်ပေရာသည်။
လင်ဟုကျိုသည် ရုတ်တရက် ခြေလှမ်းများကို ရပ်လိုက်ပြီး "ငါ ဂူထဲမှာ နေတာ ကြာသွားလို့ အပြင်က အပြောင်းအလဲတွေကို မသိလိုက်ဘူး ဖြစ်နေတာပဲ" ဟု သက်ပြင်းချကာ ပြောလိုက်သည်။
"ဒီတစ်ခါတော့ ညီမလေးက ငါ့အကူအညီကို မတောင်းခဲ့ရင်တောင် ငါ ဝင်ပါသင့်တာပေါ့"။
"ရှောင်ကျူ၊ ငါ့ရဲ့ အမှတ်လက္ခဏာကို ယူသွားပြီး ကျမ်းစာတိုက်ကို သွားပါ။ အဲဒီကနေ ရွှေဓာတ်နဲ့ မီးဓာတ်ဆိုင်ရာ ကျင့်ကြံခြင်းဆိုင်ရာ အသိအမြင် ပန်းချီကားချပ်တွေကို ယူခဲ့ပါ။ ပြီးတော့ နင်းကျော့ဆီကို သွားနေတဲ့ ကျင့်ကြံသူတွေဆီက ရနိုင်သမျှ အကုန်လုံးကို သခင်လေးနင်းကျော့ဆီ ပေးလိုက်ပါ"။
"အဲဒါတွေကို သူ့ကို ပေးတဲ့အခါမှာ ငါက စီနီယာအစ်ကိုကြီးတစ်ယောက်အနေနဲ့ ငါ့ညီမလေးကို ကာကွယ်ချင်စိတ် စောသွားမိလို့ပါလို့ ပြောပေးပါ။
သခင်လေးနင်းကျော့အနေနဲ့ စိတ်ထဲမှာ မထားဖို့လည်း တောင်းပန်ခဲ့ပါဦး"။
"ဒီအသိအမြင် ပန်းချီကားချပ်တွေကို ဆေးပေါင်းသောင်းခြောက်ထောင်ဂူရဲ့ တရားဝင် တောင်းပန်မှုလို့ပဲ မှတ်ယူလိုက်ပါ"။
ရှောင်ကျူသည် လင်ဟုကျိုက အဘယ်ကြောင့် ဤကဲ့သို့ ပြောရသနည်းဟု နားမလည်နိုင်ဘဲ ဇဝေဇဝါ ဖြစ်နေလေသည်။
လင်ဟုကျိုက သူမကို ပြုံးပြပြီး လက်ကာပြကာ "မင်း ပြန်ရောက်တဲ့အခါ ညီမလေးကို ပြောလိုက်ပါ၊ ဒီတစ်ခါတော့ သူ ဘာမှ ပေးစရာ မလိုပါဘူးလို့၊ အစ်ကိုကြီးတစ်ယောက်အနေနဲ့ ငါပဲ အကုန် စီစဉ်ပေးပါ့မယ်" ဟု ဆိုလေသည်။
"မနက်ဖြန် မနက်စောစော အရင်ဆုံး သွားလိုက်ပါ၊ ဒီတာဝန်ကို မဖြစ်မနေ အောင်မြင်အောင် လုပ်ရမယ်နော်၊ ပြီးရင် ငါ့ကို ပြန်ပြီး အစီရင်ခံပါဦး"။
"ဟုတ်ကဲ့၊ ရှောင်ကျူ နားလည်ပါပြီ"။ ရှောင်ကျူသည် လင်ဟုကျို၏ အမှတ်လက္ခဏာကို ကိုင်ဆောင်ကာ သံသယများစွာဖြင့် ယွမ်လိုင်တောင်သို့ ပြန်လာခဲ့လေသည်။
လင်းရှန်းရှန်းနှင့် တွေ့ဆုံပြီးနောက် လင်ဟုကျို ပြောလိုက်သမျှ အကြောင်းအရာများကို အကုန်လုံး ပြန်လည် တင်ပြလိုက်၏။
လင်းရှန်းရှန်းသည် ခဏမျှ ဇဝေဇဝါ ဖြစ်သွားပြီးနောက် မျက်မှောင်ကြုတ်ထားသည်မှာ ပြေလျော့သွားပြီး အကြောင်းရင်းကို သိရှိသွားဟန်ဖြင့် "ဩော်... ငါ သိပြီ" ဟု ညည်းတွဲလိုက်လေသည်။
"သခင်မလေး၊ 'ငါ သိပြီ' ဆိုတာက ဘာကို ပြောတာလဲဟင်"။ ရှောင်ကျူမှာတော့ ပဟေဠိဖြစ်နေဆဲပင်။
လင်းရှန်းရှန်းက "လောင်ဒေတို့ စီနီယာအစ်ကိုတွေက သခင်လေးနင်းကျော့ကို ဆန့်ကျင်ဖို့ လူတွေကို လှုံ့ဆော်ခဲ့တာကြောင့် အခုလို ကျင့်ကြံသူတွေက သူ့ကို စိန်ခေါ်နေကြတာ ဖြစ်ရမယ်" ဟု ရှင်းပြလေသည်။
"အစ်ကိုကြီးက ဒါကို သိလို့ပဲ သခင်လေးနင်းကျော့ကို တောင်းပန်တဲ့အနေနဲ့ ဒီတာဝန်ကို မင်းကို လုပ်ခိုင်းလိုက်တာပေါ့"။
"အာ... ငါတို့ရဲ့ မြင့်မြတ်လှတဲ့ ဆေးပေါင်းသောင်းခြောက်ထောင်ဂူက ဘာလို့ သူစိမ်းတစ်ယောက်ကို တောင်းပန်နေရတာလဲဟင်"။ ရှောင်ကျူသည် ဤအချက်ကို မယုံနိုင်ဘဲ လင်ဟုကျိုအတွက် မတရားသဖြင့် ခံစားနေရလေသည်။
လင်းရှန်းရှန်းက ခေါင်းယမ်းလိုက်၏။
သူမသည် ငယ်စဉ်ကတည်းက လေ့ကျင့်ပျိုးထောင်ခံခဲ့ရသူ ဖြစ်သဖြင့် သူမ၏ အမြင်နှင့် သိမြင်နားလည်မှုမှာ အစေခံမလေးတစ်ဦးနှင့် ကွာခြားနေပေရာသည်။
"အစ်ကိုကြီး လုပ်တာ မှန်ပါတယ်"။
"လာရောက်လည်ပတ်တဲ့ ကျင့်ကြံသူတွေဆိုတာ ငါတို့ ဂိုဏ်းရဲ့ ဂုဏ်ဒြပ်တစ်ခုဖြစ်သလို ဂိုဏ်းရဲ့ အဓိက ဗျူဟာတစ်ခုလည်း ဖြစ်တယ်လေ"။
"တကယ်လို့ ဒီကိစ္စသာ အပြင်မှာ ပေါက်ကြားသွားရင် ငါတို့ ဆေးပေါင်းသောင်းခြောက်ထောင်ဂူတစ်ခုလုံးအတွက် ထိခိုက်မှုတွေက ကြီးမားလွန်းလိမ့်မယ်"။
"အစ်ကိုကြီးက ဒီအတွက် တာဝန်ယူပေးချင်တယ်ဆိုရင်လည်း သူ့ကို ပေးလုပ်လိုက်ပါ၊ ဆေးပေါင်းသောင်းခြောက်ထောင်ဂူရဲ့ အစ်ကိုကြီးတစ်ယောက်အနေနဲ့ သူ ဒါကို လုပ်ဖို့ လိုအပ်တာပေါ့"။
ရှောင်ကျူသည် ယခုမှပင် အနည်းငယ် နားလည်သွားတော့၏။
နောက်တစ်နေ့ နံနက်စောစောတွင် ရှောင်ကျူသည် သူမ၏ အလုပ်များကို စတင်လိုက်လေသည်။
ဦးစွာ လင်ဟုကျို၏ အမှတ်လက္ခဏာကို အသုံးပြုကာ ဂိုဏ်းအတွင်းမှ အမှတ်များစွာကို အသုံးပြုပြီး မီးဓာတ်နှင့် ရွှေဓာတ်ဆိုင်ရာ ကျင့်ကြံခြင်းဆိုင်ရာ အသိအမြင် ပန်းချီကားချပ်များကို ရယူလိုက်၏။
ထို့နောက် သူမသည် ထိုပန်းချီကားချပ်များကို ယူဆောင်ကာ နေရာရွှေ့ပြောင်း အစီအရင်အတွင်းသို့ ဝင်ရောက်လိုက်ပြီး တိုက်ပွဲငယ်တောင်ထိပ်တွင် ချက်ချင်း ပေါ်လာခဲ့သည်။
သူမသည် သူမ၏ ရုပ်ရည်ကို အနည်းငယ် ပြောင်းလဲလိုက်ပြီး သူစိမ်းတစ်ယောက်ကဲ့သို့ ဝတ်ဆင်ကာ နင်းကျော့ လက်ရှိ နေထိုင်ရာ ဂူဗိမာန်ဆီသို့ တိုက်ရိုက် သွားခဲ့လေသည်။
သူမသည် မိမိ၏ မည်သူမည်ဝါဖြစ်ကြောင်းနှင့် လာရင်းအကြောင်းကို အသိပေးရန်အတွက် ပျံလွှားသတင်းလွှာကို ပေးပို့လိုက်၏။
နင်းကျော့သည် ဂူအတွင်း၌ ပညာရပ် သုံးမျိုးကို ကျင့်ကြံနေစဉ် ထိုသတင်းကို ရရှိခဲ့သဖြင့် ရှောင်ကျူကို ဂူအတွင်းသို့ ဝင်လာရန် ချက်ချင်းပင် အသံဖြင့် ဖိတ်ခေါ်လိုက်လေသည်။
ရှောင်ကျူသည် ဧည့်ခန်းဆောင်၌ ထိုင်နေစဉ် ခြေသံများကို ကြားလိုက်ရပြီး မကြာမီမှာပင် လူငယ်တစ်ဦးသည် ကာရံထားသော အကာအရံကို ကျော်လွန်ကာ သူမ၏ ရှေ့မှောက်၌ ပေါ်လာချေသည်။
ရှောင်ကျူသည် နင်းကျော့ကို မြင်လိုက်ရသည့်အခါ သူမ၏ မျက်ဝန်းများမှာ တောက်ပသွားတော့၏။ နင်းကျော့သည် တိမ်တိုက်များကဲ့သို့ ဖြူစင်လှသော လက်စွပ်ကျယ် ဝတ်ရုံကို ဝတ်ဆင်ထားချေသည်။
သူ၏ ရုပ်ရည်မှာ ခန့်ညားလှပြီး သူ၏ မျက်ဝန်းများမှာလည်း ကန်ရေပြင်ကဲ့သို့ ကြည်လင်နေကာ စစ်မှန်သော စိတ်ထားများဖြင့် တောက်ပနေလေ၏။
သူသည် နွေဦးလေပြေကဲ့သို့ နူးညံ့သိမ်မွေ့သော အပြုံးကို ဆောင်ထားရာ လူတိုင်းက သူ့ကို မြင်လိုက်ရုံဖြင့် ခင်မင်လိုစိတ်များ ဖြစ်ပေါ်လာစေပေရာသည်။
"သခင်မလေးလင်းက သူ့အပေါ်မှာ ဒီလောက်တောင် သဘောကျပြီး အခုလိုတွေအထိ ကူညီပေးနေတာ မဆန်းပါဘူးလား" ဟု ရှောင်ကျူက သူမ၏ စိတ်ထဲ၌ တွေးမိလိုက်သည်။
သူမသည် နင်းကျော့နှင့် ကိုယ်တိုင် မတွေ့ဆုံမီအထိ လင်းရှန်းရှန်း၏ လုပ်ရပ်များကို နားမလည်နိုင်ဘဲ လင်ဟုကျိုအတွက်သာ စိတ်မကောင်း ဖြစ်နေခဲ့မိသည်။
သို့သော် ယခု နင်းကျော့နှင့် လူကိုယ်တိုင် တွေ့ဆုံလိုက်ရသည့်အခါတွင်မူ လင်းရှန်းရှန်းကို များစွာ ပို၍ နားလည်သွားတော့၏။
"ကျင့်ကြံသူမျိုးနွယ်စုက သားတစ်ယောက်အနေနဲ့ သူက ငါတို့ သခင်မလေးလိုပဲ အဆင့်အတန်း မြင့်မားလိမ့်မယ်လို့ ထင်ထားတာ၊ ဒါပေမဲ့ သူက ဒီလောက် ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားပါလား"။
"ဒါကြောင့်လည်း သခင်မလေးက သူ့ကို သဘောကျတာပေါ့"။
"တကယ်တော့ ငါ့အမြင်မှာတော့ သခင်လေးနင်းကျော့နဲ့ သခင်လေးလင်ဟုကျိုတို့က တစ်ယောက်နဲ့တစ်ယောက် အတူတူပါပဲလား"။
ရှောင်ကျူသည် ထိုလူငယ်နှစ်ဦးကို သူမ၏ စိတ်ထဲ၌ နှိုင်းယှဉ်နေမိ၏။ လင်ဟုကျိုသည် လန်းဆန်းသော လေပြေကဲ့သို့ ခန့်ညားထည်ဝါပြီး လွတ်လပ်ကာ နူးညံ့သိမ်မွေ့သူ ဖြစ်သည်ဟု သူမ ခံစားရသည်။
နင်းကျော့မှာမူ နံနက်ခင်း၏ အလင်းရောင်ကဲ့သို့ ဖြူစင်သန့်ရှင်းပြီး စစ်မှန်ကာ နွေးထွေးလှပေရာသည်။ ဝတ်ရုံဖြူနှင့် ထိုလူငယ်သည် လပြည့်ဝန်းကဲ့သို့ ကြည်လင်တောက်ပသော အမူအရာ ရှိချေသည်။
လေပြေနှင့် လမင်းမှာ တစ်ခုစီ သင့်လျော်သကဲ့သို့ပင် နှစ်ဦးစလုံးမှာ လောကအလယ်မှ ထူးချွန်ထက်မြက်သော လူငယ်များပင် ဖြစ်ကြတော့သည်။
ရှောင်ကျူသည် မတ်တပ်ရပ်ပြီး နင်းကျော့ကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်ရာ သူမ၏ အသံမှာလည်း ပိုမိုနူးညံ့သွားတော့၏။
နင်းကျော့သည် ပြုံးလျက် အဓိကနေရာ၌ ထိုင်ကာ ရှောင်ကျူကိုလည်း ထိုင်ရန် လက်ဟန်ပြလိုက်လေသည်။
သို့သော်လည်း ရှောင်ကျူသည် မထိုင်ဘဲ "ကျွန်မက သခင်မလေးရဲ့ အစေခံတစ်ယောက်ပဲမို့လို့ သခင်လေးနင်းကျော့နဲ့ တစ်တန်းတည်း မထိုင်ရဲပါဘူး" ဟု ဆိုလေသည်။
"ကျွန်မက သခင်လေးအတွက် ရတနာတွေ လာပေးတာပါ"။
ရှောင်ကျူသည် ရွှေဓာတ်နှင့် မီးဓာတ်ဆိုင်ရာ ကျင့်ကြံခြင်းဆိုင်ရာ အသိအမြင် ပန်းချီကားချပ်များ အားလုံးကို ထုတ်ယူကာ နင်းကျော့ထံသို့ ကမ်းပေးလိုက်၏။
နင်းကျော့က သိလိုစိတ်ဖြင့် "သခင်မလေးလင်းက အကျဉ်းချခံထားရတာ မဟုတ်လား၊ သူက ဘယ်လိုလုပ်ပြီး ဒီလောက်များပြားတဲ့ အသိအမြင် ပန်းချီကားချပ်တွေကို ငါ့ဆီ ငှားပေးနိုင်တာလဲ" ဟု မေးလိုက်လေသည်။
ယခင်က သူသည် သစ်သားဓာတ်ဆိုင်ရာ အသိအမြင် ပန်းချီကားချပ် သုံးချပ်ကိုသာ ငှားခဲ့ဖူးပြီး ထိုစဉ်ကပင် သူ၏ ဂုဏ်ယူဖွယ် နှင်းပန်းချီကားကို အလဲအလှယ်အဖြစ် ပေးခဲ့ရသေးသည် မဟုတ်လော။
ဤတစ်ကြိမ်တွင်မူ ပမာဏမှာ များစွာ ပိုမိုများပြားနေချေသည်။ လင်းရှန်းရှန်းသည် အကျဉ်းချခံထားရပြီးနောက်တွင် သူမ၏ အာဏာနှင့် နည်းလမ်းများမှာ ဤမျှအထိ တိုးတက်လာသည်မှာ မဖြစ်နိုင်ပေရာသည်။
ရှောင်ကျူက ပြုံးလျက် "ဒီကိစ္စအကြောင်းကို သခင်လေးကို အခုပဲ ပြောပြတော့မလို့ပါ" ဟု ဆိုကာ ထိုအသိအမြင် ပန်းချီကားချပ်များ၏ အစအနနှင့် လင်ဟုကျိုက နင်းကျော့ကို တောင်းပန်လိုက်သည့် အကြောင်းများကို ရှင်းပြလိုက်လေသည်။
နင်းကျော့က "ဩော်... ဒီလိုကိစ္စတွေ ရှိနေခဲ့တာလား" ဟု အံ့အားသင့်ဟန်ဖြင့် ရေရွတ်လိုက်၏။
"ဒါဆိုရင် ဒီနေ့ ငါ့ကို ကျင့်ကြံသူတွေ အများကြီး လာစိန်ခေါ်နေတာက ဆေးပေါင်းသောင်းခြောက်ထောင်ဂူက တပည့်တွေ နောက်ကွယ်ကနေ လှုံ့ဆော်ခဲ့ကြတာကြောင့်ပေါ့"။
"ငါ သိပါပြီ၊ ဟားဟား"။
နင်းကျော့သည် သူ ယခုမှ သိရှိသွားသကဲ့သို့ ဟန်ဆောင်ကာ ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။
သူသည် မတ်တပ်ရပ်ပြီး အသိအမြင် ပန်းချီကားချပ်များကို ရှောင်ကျူ၏ လက်ထဲသို့ ပြန်လည် ထည့်ပေးလိုက်ကာ "ဒီလိုဆိုရင်တော့ ငါ ဒီပန်းချီကားချပ်တွေကို လက်မခံနိုင်တော့ဘူး" ဟု ဆိုလေ၏။
ရှောင်ကျူသည် များစွာ အံ့အားသင့်သွားပြီး "ကျွန်မ သခင်လေးကို မေးပါရစေ၊ အဲဒါက ဘာကြောင့်လဲဟင်" ဟု မေးလိုက်သည်။
နင်းကျော့က တည်ငြိမ်စွာဖြင့် "အရင်တုန်းက ငါ့အပေါ်မှာ သခင်မလေးလင်းက များစွာ ချစ်ခင်ပြီး အားပေးကူညီခဲ့တာကြောင့် သူစိမ်းတစ်ယောက်ဖြစ်တဲ့ ငါက ဆေးပေါင်းသောင်းခြောက်ထောင်ဂူနဲ့ တိုက်ပွဲငယ်တောင်ထိပ်မှာ မြန်မြန်ဆန်ဆန် အသားကျနိုင်ခဲ့တာပါ" ဟု ဆိုလေသည်။
"ငါက ဒီကျေးဇူးကို ငါ့ရဲ့ နှလုံးသားထဲမှာ အမြဲတမ်း စွဲမှတ်ထားပြီး ဘယ်တော့မှ မမေ့ပါဘူး၊ နောင်တစ်ချိန်မှာ အခွင့်အရေးရရင် ဒီကျေးဇူးကို ပြန်ဆပ်ရမယ်လို့လည်း တွေးထားတာပါ"။
"ငါ့ကို ကူညီဖို့အတွက် သခင်မလေးလင်းက ဘယ်လောက်တောင် ပေးဆပ်ခဲ့ရလဲဆိုတာ ငါ မသိဘဲ နေမလား"။
"သူ အကျဉ်းချခံလိုက်ရတယ်ဆိုတဲ့ သတင်းကို ကြားလိုက်ရတဲ့အခါမှာလည်း ငါ တကယ် စိတ်မကောင်း ဖြစ်ခဲ့ရတယ်၊ ယွမ်လိုင်တောင်ကိုလည်း မကြာခဏ သွားခဲ့ပေမဲ့ အမြဲတမ်း အတားခံခဲ့ရတာပဲ။ ငါ ပေးပို့လိုက်တဲ့ ပျံလွှားသတင်းလွှာတွေလည်း သခင်မလေးလင်းဆီကို ရောက်မှာ မဟုတ်ဘူးလို့ ငါ ထင်ပါတယ်"။
ရှောင်ကျူက ခေါင်းညိတ်ပြလိုက်၏။ နင်းကျော့သည် နေ့စဉ်လိုလို ယွမ်လိုင်တောင်သို့ လာရောက်ခဲ့သော်လည်း သူ၏ စာများကို လောင်ဒေတို့က လုံးဝ ကြားဖြတ် ဖျောက်ပစ်ခဲ့ကြသည်ကို သူမ သိထားပေရာသည်။
နင်းကျော့က "ငါ့ကိုယ်ငါ ပြန်မေးကြည့်ဖူးတယ်၊ တကယ်လို့ ငါ့ကို ကူညီပေးလို့ သခင်မလေးလင်း အကျဉ်းချခံရမယ်ဆိုတာကို ငါ ကြိုသိခဲ့မယ်ဆိုရင်တောင် သူ့ရဲ့ အကူအညီကို ငါ လက်ခံမှာလားလို့ပေါ့"။
"ငါ လက်ခံမှာပါ"။
ရှောင်ကျူသည် အံ့ဩစွာဖြင့် ရေရွတ်မိသွားသည်၊ နင်းကျော့က ငြင်းဆိုလိမ့်မည်ဟု သူမ ထင်ထားခဲ့သော်လည်း သူက ပြတ်သားစွာပင် ဝန်ခံလိုက်လေသည် မဟုတ်လော။
နင်းကျော့သည် ရှောင်ကျူ၏ မျက်ဝန်းများကို ကြည့်ပြီး "ဘာလို့လဲဆိုတော့ သခင်မလေးလင်းက ငါ့ကို သူ့ရဲ့ စိတ်ရင်းအစစ်အမှန်နဲ့ ကူညီခဲ့တာကို ငါ နားလည်လို့ပဲ" ဟု ဆို၏။
"ဒီလို စိတ်ထားမျိုးဟာ ငါ သူ့ဆီ ပေးပို့ခဲ့တဲ့ မြူမြေပုံ သစ်ခွပန်းလိုပဲ ကမ္ဘာပေါ်မှာ ရှားပါးလှတဲ့ ရတနာတစ်ခုမို့လို့ မြတ်မြတ်နိုးနိုး တန်ဖိုးထားဖို့ လိုအပ်ပါတယ်"။
"ပထမဆုံး တွေ့ဆုံချိန်မှာတင် ရင်းနှီးသွားစေပြီး အချိန်တိုအတွင်းမှာ အခုလို အားတက်သရော ကူညီပေးနိုင်တဲ့ ခင်မင်မှုမျိုး လောကကြီးမှာ ဘယ်မှာ ရှိဦးမှာလဲ"။
"တကယ်လို့ ငါက သခင်မလေးလင်းရဲ့ အကူအညီကို ငြင်းပယ်လိုက်မယ်ဆိုရင် အဲဒါက ဒီလို ရတနာမျိုးကို လွှတ်ချလိုက်သလို ဖြစ်နေမှာပေါ့"။
"ဒါက ကောင်းကင်ဘုံက ပေးတဲ့ လက်ဆောင်ကို ဖြုန်းတီးလိုက်သလို ဖြစ်လိမ့်မယ်"။
"သူက အခု ငါ့ကို ကူညီနေတာဖြစ်လို့ နောင်တစ်ချိန်မှာ ငါကလည်း သူ့ကို ပြန်ပြီး ကူညီမှာပါ၊ ဒါကပဲ ခင်မင်မှုရဲ့ သင်္ကေတဖြစ်ပြီး ဒီလောကကြီးရဲ့ ရတနာကို ထိန်းသိမ်းဖို့ အကောင်းဆုံး နည်းလမ်းဖြစ်မှာပေါ့"။
ရှောင်ကျူမှာ ပြောစရာ စကားပင် မရှိတော့ဘဲ မှင်တက်သွားရလေတော့သည်။
နင်းကျော့က ဤကဲ့သို့ ပြောဆိုလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။
နံနက်ခင်း အလင်းရောင်ကဲ့သို့ တောက်ပနေသော ဝတ်ရုံဖြူနှင့် ထိုလူငယ်ကို ကြည့်ရင်း သူ၏ ကြည်လင်သော မျက်ဝန်းများမှတစ်ဆင့် သူ၏ စစ်မှန်သော နှလုံးသားကို သူမ ခံစားလိုက်ရ၏။
"ဩော်... ဒါကြောင့်ကိုး"။ သူမသည် ယုံကြည်သွားတော့၏။
နင်းကျော့က အဘယ်ကြောင့် ယခု အသိအမြင် ပန်းချီကားချပ်များကို ငြင်းဆိုနေသည်ကိုလည်း သူမ အတန်ငယ် ရိပ်မိသွားချေသည်။
"ဒါဟာ... ခင်မင်မှု သက်သက်ပဲလား"။