အခန်း (၄၉-၅၀)
Vol. 5 Ch. 49-50
အပိုင်း ၄၉
"ဂလု..."
တစ်စုံတစ်ယောက်၏ တံတွေးမြိုချလိုက်သည့် အသံဖြစ်သည်။
ထျဲလန်ယန် ဝမ်ကျွင်းကျွင်းကို ကြောင်တောင်တောင်ဖြင့် ကြည့်လိုက်သည်။
ဝမ်ကျွင်းကျွင်းကတော့ မျက်လုံးလေးတွေ အရောင်တောက်ကာ အားကျတကြီး မော့ကြည့်နေရင်း ပြောလိုက်သည်။
"ဒီလူရဲ့ ကိုယ်လုံးကိုယ်ပေါက်က ကျွန်တော့်ရဲ့ အိပ်မက်ပဲ၊ ကျွန်တော့်ကိုယ်ကျွန်တော် အဲဒီလိုဖြစ်အောင် အမြဲတမ်း လေ့ကျင့်ချင်ခဲ့တာ၊ တကယ်ကို ပြည့်စုံလွန်းတယ်။"
ထျဲလန်ယန်က သူ့ကို အထက်အောက် အကဲခတ်ကြည့်ပြီး ပြောလိုက်သည်။ "နင်ကတော့ အဲဒီလိုဖြစ်အောင် ဘယ်လိုမှ လေ့ကျင့်လို့ ရမှာမဟုတ်ဘူး။"
ဝမ်ကျွင်းကျွင်း - "ဘာလို့လဲ။"
ထျဲလန်ယန် ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။ "နင့်ခြေထောက်တွေက အရမ်းတိုလွန်းတယ်၊ တကယ်လို့သာ နင့်မှာ ကြွက်သားတွေရှိလာရင် အရေခွံဆုတ်ထားတဲ့ ဖားတစ်ကောင်နဲ့ တူနေမှာ၊ အရမ်းကြည့်ရဆိုးလိမ့်မယ်။"
ဝမ်ကျွင်းကျွင်းတစ်ယောက် သွေးအန်မတတ် ခံစားလိုက်ရသည်။
"အစ်မရယ်... ကျွန်တော့်ကိုလည်း မျက်နှာသာပေးပါဦး၊ ကျွန်တော့်မှာလည်း ခံစားချက် ရှိပါသေးတယ်..."
ထျဲလန်ယန် ခေါင်းညိတ်ပြလိုက်သည်။ "အင်း... နင့်မျက်နှာကတော့ အတော်လေး ကြည့်ကောင်းပါတယ်၊ အဲဒါကတော့ နင့်ရဲ့ အားသာချက်ပေါ့။"
ဝမ်ကျွင်းကျွင်းရဲ့ ရုပ်ရည်က အမွေးကောက်ကောက်နဲ့ ခွေးပေါက်လေးလို ပုံစံမျိုး ဖြစ်သည်။
တကယ်လို့သာ ဆံပင်ကို ရွှေရောင်ဆိုးလိုက်ရင် ဂိုးဒင်းရီထရိဗာ ခွေးလေးနဲ့ တူမှာ သေချာသည်။
ချီးကျူးစကားကြားလိုက်ရသည်နှင့် ဝမ်ကျွင်းကျွင်းသည် စိတ်ဓာတ်ကျနေရာမှ ချက်ချင်းပင် တက်ကြွလန်းဆန်းသွားတော့သည်။
"ဟုတ်သားပဲ၊ အစ်မပြောတာ မှန်တယ်၊ ကျွန်တော့်မှာလည်း အားသာချက် ရှိသေးတာပဲ၊ ဟီးဟီး။"
ထို့နောက် ရှေ့က ကျောပြင်ကြီးကို ကြည့်ကာ သက်ပြင်းချရင်း ပြောလိုက်သည်။ "အားကျလိုက်တာ..."
ထျဲလန်ယန် သူ့ကို မေးလိုက်သည်။ "နင် ကြည့်လို့ မဝသေးဘူးလား၊ ရဲဘော် ဝမ်လန်နဲ့လည်း တစ်ခန်းတည်း အတူနေနေတာပဲ မဟုတ်ဘူးလား။"
ဝမ်လန်သည် ဤဇာတ်လမ်းတွဲ၏ ဇာတ်လိုက်မင်းသားဖြစ်ပြီး အစစ်အမှန် ယောကျာ်းရင့်မာကြီး ပုံစံမျိုးဖြစ်သည်။
ဝမ်ကျွင်းကျွင်း ခေါင်းခါပြလိုက်သည်။ "အစ်မ မသိပါဘူး၊ ရဲဘော်ဝမ်လန်ရဲ့ ကိုယ်လုံးကိုယ်ပေါက်က မဆိုးပေမယ့် နေ့တိုင်းမြင်နေရတော့ ငြီးငွေ့နေပြီလေ။"
ထျဲလန်ယန် - ???
ဒါက တကယ်ကို ယောကျာ်းတစ်ယောက်ကို အသုံးချပြီးမှ ပစ်လိုက်တဲ့ မိန်းမတစ်ယောက်နဲ့ တူနေပြီ။
နောက်ပိုင်းမှာ သူက ဇာတ်လိုက်မရဲ့ နောက်လိုက်ခွေးလေး ဖြစ်လာမှာမှန်းသာ မသိခဲ့ရင် သူက ဂေးဘက်ကို နည်းနည်း ယိုင်နေပြီလို့တောင် သူမ ထင်မိလိမ့်မည်။
အကယ်၍ အပြင်လူတွေသာ သူတို့နှစ်ယောက်ရဲ့ စကားပြောခန်းကို ကြားသွားရင် ရွံရှာမိကြမှာ သေချာသည်။
ထိုခေတ်ကာလ၏ ပတ်ဝန်းကျင်က အလွန်တင်းကျပ်လှသည်၊ ဘယ်သူက သူတစ်ပါးရဲ့ ကိုယ်လုံးကိုယ်ပေါက်ကို အတိအလင်း ဆွေးနွေးရဲပါမည်နည်း။
ထျဲလန်ယန်က အမျိုးသမီးတစ်ဦးဖြစ်သဖြင့် ပို၍ပင် မဖြစ်သင့်ပေ။
သို့သော် ဝမ်ကျွင်းကျွင်းကတော့ စိတ်မသက်မသာ ဖြစ်သည့် အရိပ်အယောင် လုံးဝမပြဘဲ သူမနှင့် စကားပြောရသည်ကို ပျော်ရွှင်နေပုံရသည်။
ဒီလိုကြည့်မယ်ဆိုရင်တော့ သူမအနေနဲ့ သူ့ကို သူငယ်ချင်းအဖြစ် ထားလို့ရပေသည်။
ဝမ်ကျွင်းကျွင်း - "အစ်မယန်... ကျွန်တော့်ကို သူငယ်ချင်းအဖြစ် ရွေးလိုက်ပါ၊ အစစအရာရာ အဆင်ပြေစေရမယ်လို့ အာမခံပါတယ်။"
….
"ဘန်း၊ ဘန်း၊ ဘန်း။"
မလှမ်းမကမ်းတွင် အင်္ကျီမပါသည့် လူငယ်တစ်ဦးက အားတက်သရော ထင်းခုတ်နေသည်။
သူ၏ ကြွက်သားလိုင်းသားများပေါ်တွင် ချွေးများ စီးကျနေပြီး မြင်ရသူအဖို့ အလွန်ပင် ရင်သပ်ရှုမောဖွယ် ဖြစ်နေသည်။
ယွီချင်းချုံသည် သူ့ကို တစ်ချက်လှမ်းကြည့်ပြီးနောက် မျက်နှာလေး နီမြန်းသွားကာ တစ်ဖက်သို့ ချက်ချင်း လွှဲလိုက်တော့သည်။
သူမသည် အရင်ဘဝက အပျိုစင်ဘဝနှင့် သေဆုံးခဲ့ရခြင်းဖြစ်ပြီး ထိုလူယုတ်မာ ချန်ဟွိုက်ကျင်းနှင့်ပင် တိတ်တိတ်လေး လက်ချင်းကိုင်ဖူးရုံသာ ရှိခဲ့သည်။
ယခု အင်္ကျီမပါသည့် လူငယ်တစ်ဦးကို မြင်လိုက်ရသောအခါ သူမ အနည်းငယ် စိတ်လှုပ်ရှားသွားမိခြင်းမှာ သဘာဝပင်။
နောက်ကလိုက်လာသည့် ဝမ်လန်သည် သူမ၏ နီမြန်းနေသော နားရွက်လေးတွေကို မြင်လိုက်ရသဖြင့် အနည်းငယ် အံ့သြသွားသည်။
သူမက ဒီလို ကိုယ်လုံးကိုယ်ပေါက်မျိုးကို ကြိုက်တာလား။
ဒါဆိုရင် ငါကလည်း သူမရဲ့ လိုအပ်ချက်တွေနဲ့ အတော်လေး ကိုက်ညီနေတာပဲ မဟုတ်လား။
ဝမ်လန်၏ နှုတ်ခမ်းများ ကွေးညွှတ်သွားကာ အကြောင်းပြချက်မရှိဘဲ စိတ်ထဲတွင် ပျော်ရွှင်သွားမိသည်။
….
ဟန်ခယ်အာသည် ခေတ်သစ်ကနေ ကူးပြောင်းလာသူဖြစ်သဖြင့် သူမ၏ စိတ်နေစိတ်ထားက ပိုပြီး ပွင့်လင်းရဲတင်းသည်။
သူမက ထိုခိုင်ခံ့တောင့်တင်းသည့် ခန္ဓာကိုယ်ကို စိုက်ကြည့်ရင်း မနေနိုင်ဘဲ ပြောလိုက်သည်။
"ဒီလူက ဘယ်သူလဲမသိဘူး၊ တစ်ခါမှ မမြင်ဖူးဘူးနော်၊ သွားပြီး နှုတ်ဆက်ကြည့်ရအောင်။"
ဟန်ခယ်အာ တစ်ယောက် ဝမ်လန်ကို မြင်မြင်ချင်း ချစ်မိသွားခြင်းမှာ သူမသည် ယောကျာ်းရင့်မာကြီး ပုံစံမျိုးကို ကြိုက်နှစ်သက်သောကြောင့် ဖြစ်သည်။
သို့သော် ဝမ်လန်ကတော့ ငအ တစ်ယောက်လိုပင် သူမ၏ ချဉ်းကပ်မှုများကို လျစ်လျူရှုထားသဖြင့် သူမကို ဒေါသထွက်စေခဲ့သည်။
အခုတော့ သူမ အကြိုက်နဲ့ ကိုက်ညီတဲ့ တခြားတစ်ယောက် ပေါ်လာပြီမို့ ဘယ်လိုနည်းနဲ့မဆို ဆက်သွယ်ရမည်။
ပိုင်ရန်ရန် မျက်မှောင်ကြုတ်လိုက်သည်။ "သူက ရွာသားတစ်ယောက် ဖြစ်မှာပါ၊ ရွာက အကြီးကြီးပဲလေ၊ ငါတို့ မသိတာ ပုံမှန်ပါပဲ။"
သူမသည် တောသားတစ်ယောက်ကို အဖက်လုပ်ပြီး စကားမပြောချင်ပေ။
ချန်ဟွိုက်ကျင်းကလည်း သဘောတူကာ ခေါင်းညိတ်ပြသည်။ "ဟုတ်တယ်၊ ငါတို့မှာ လုပ်စရာ အရေးကြီးတာတွေ ရှိသေးတယ်၊ တောင်ထဲကို အမြန်သွားကြရအောင်။"
ကြွက်သားတွေ အများကြီးရှိနေလို့ ဘာထူးမှာလဲ၊ စကားချိုချိုပြောတတ်တာကမှ ပိုကောင်းသေးသည်။
ချန်ဟွိုက်ကျင်း၏ ရင်ထဲတွင် မချိတင်ကဲ ဖြစ်သွားသော်လည်း သူ မနာလိုဖြစ်နေသည်ကိုတော့ ဝန်မခံချင်ပေ။
…..
စုန့်ပိုင်ယွမ်သည် သူ ထင်းခုတ်ရင်း ချွေးတွေထွက်လွန်းလို့ အင်္ကျီချွတ်ထားမိခြင်းကို ဘာမှ ထွေထွေထူးထူး မစဉ်းစားခဲ့ပေ။
လူအများကြီးက သူ့ကို ဝိုင်းကြည့်နေလိမ့်မည်ဟုလည်း သူ မမျှော်လင့်ထားခဲ့ပေ။
ထင်းအားလုံး ခုတ်ပြီးသွားသည့် အချိန်မှာတော့ သူ့နောက်မှာ ဘယ်သူမှ မရှိတော့ပေ။
သူသည် ထင်းများကို ကောက်ရိုးကြိုးများဖြင့် ကျွမ်းကျင်စွာ ချည်နှောင်ပြီး မြက်ပုံကြားတွင် ဝှက်ကာ သိမ်းဆည်းလိုက်သည်။
စုန့်ပိုင်ယွမ်သည် လက်ထဲတွင် ပုဆိန်ကို ကိုင်ကာ တောထဲသို့ ဝင်လာခဲ့သည်။
သူ အိမ်ပြန်ရောက်ခါစမို့ မိသားစု ထမင်းဝိုင်းအတွက် တောကောင်တစ်ကောင်လောက်တော့ ရအောင် ဖမ်းရမည်။
ထိုအချိန်တွင် စုန့်ပိုင်ယွမ်သည် သူ၏ရှေ့တွင် မမျှော်လင့်ထားသည့် လူတစ်ယောက်နှင့် ဆုံတွေ့ရတော့မည်ကို မသိသေးပေ....
၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်
အပိုင်း ၅၀
အစက သူတို့သည် တောအုပ်အစွန်အဖျားတွင် တောဟင်းသီးဟင်းရွက်များ၊ မှိုများနှင့် ထင်းများကို ရှာဖွေစုဆောင်းနေကြခြင်းဖြစ်သည်။
ဟန်ခယ်အာက ရုတ်တရက် စိတ်ကူးပေါက်ကာ ရတနာရှာရန် တောင်နက်ထဲအထိ သွားချင်သည်ဟု ပြောလာသည်။
သူမ၏ အချိန်ကူးပြောင်းလာသူ ပိုင်ဆိုင်သည့် ကံကောင်းမှုနှင့်ဆိုလျှင် ပစ္စည်းကောင်းများစွာ တွေ့မည်မှာ သေချာသည်၊ ရှေးခေတ်နောက်ခံ ဝတ္ထုတွေထဲမှာလည်း ဒီလိုပဲ ရေးထားတာ မဟုတ်လား။
ပိုင်ရန်ရန်ကတော့ တောင်နက်ထဲက အန္တရာယ်တွေကို စိုးရိမ်သဖြင့် မသွားချင်ပေ။
ဟန်ခယ်အာ နှာခေါင်းရှုံ့လိုက်သည်။ "ရန်ရန်... ငါတို့တွေက အရင်းနှီးဆုံး ညီအစ်မတွေလေ၊ နင်မလိုက်ဘူးဆိုရင် ငါနဲ့ သူငယ်ချင်း ဆက်မလုပ်ချင်တော့လို့လား။"
ထိုစကားတစ်ခွန်းက ပိုင်ရန်ရန်ကို လုံးဝ ထိန်းချုပ်လိုက်သလို ဖြစ်သွားခဲ့သည်။
ပိုင်ရန်ရန်က အတင်းပြုံးလိုက်သည်။ "ဒါပေါ့... ငါ နင်နဲ့ သူငယ်ချင်း လုပ်ချင်တာပေါ့။"
သို့သော် သူမ၏ စိတ်ထဲမှာတော့ မျက်လုံးအစုံကို အပေါ်သို့လန်တက်သွားသည်အထိ အသည်းယားစွာ မျက်စောင်းထိုးလိုက်မိသည်။ သူမမှာ ပိုက်ဆံနှင့် စားစရာ ပြတ်လပ်မနေလျှင် ဟန်ခယ်အာကဲ့သို့ အရူးမမျိုးနှင့် ပတ်သက်နေမည်မဟုတ်ပေ။
ပိုင်ရန်ရန် လိုက်မည်ဆိုသည်ကို မြင်သောအခါ ချန်ဟွိုက်ကျင်းကလည်း လိုက်ပါရန် အလောတကြီး ဆန္ဒပြုတော့သည်။
တကယ်လို့ အန္တရာယ်နဲ့ ကြုံလာရင် သူက ကယ်တင်ရှင်လုပ်ပြီး ပိုင်ရန်ရန်ကို သူ့အပေါ် စွဲလန်းသွားအောင် လုပ်မည်ဟု တွေးရင်း ကြိုတင်ကြည်နူးနေမိသည်။
ဘေးမှာရပ်နေသည့် ယွီချင်းချုံသည် လူယုတ်မာ ချန်ဟွိုက်ကျင်း၏ လောဘတက်နေသော မျက်နှာကို မြင်ပြီး ရွံရှာမိသွားသည်။
"အားလုံး သွားမယ်ဆိုမှတော့ ငါလည်း လိုက်တာပေါ့။"
သူမသည် ချန်ဟွိုက်ကျင်းနှင့် ပိုင်ရန်ရန်တို့အတွက် အခွင့်အရေး မပေးနိုင်ပေ၊ သူတို့အစီအစဉ်ကို ဖျက်ဆီးရမည်။
ဝမ်ကျွင်းကျွင်းကတော့ အစပိုင်းတွင် တုံ့ဆိုင်းနေခဲ့သည်။
သူက ထျဲလန်ယန်ကို သွားမလားဟု မေးရာ ထျဲလန်ယန်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
"သွားတာပေါ့... တောယုန်တွေ၊ တောကြက်တွေတောင် မိနိုင်သေးတာပဲ။"
သူမသည် အရင်ကလည်း တောယုန်တစ်ကောင် ဖမ်းဖူးထားသည်။
ယခု ဇာတ်လိုက်ခြောက်ယောက်စလုံး စုံနေပြီဖြစ်ရာ သူတို့၏ အရှိန်အဝါများကြောင့် ကံကောင်းခြင်းနတ်သမီး အမှန်ပင် ရောက်ရှိလာလိမ့်မည်။
သူမကတော့ သူတို့နောက်ကနေ လိုက်ပြီး အကြွင်းအကျန်လေးတွေ ကောက်ရင်း ပွဲကြည့်ချင်ရုံသာ ဖြစ်သည်။
……
မကြာမီမှာပင် ထိုအုပ်စုသည် တက်ကြွစွာဖြင့် တောအုပ်ထဲသို့ ထွက်ခွာလာခဲ့ကြသည်။
လူစုလူဝေးနှင့်မို့ သတ္တိတွေတက်လာပြီး တောင်ပေါ်လမ်းအတိုင်း အရှိန်အဟုန်ဖြင့် လျှောက်လာကြသည်။
စကားများလှသည့် ဝမ်ကျွင်းကျွင်းပင် စကားမပြောတော့ဘဲ ရတနာရှာဖို့ကိုပဲ အာရုံစိုက်နေတော့သည်။
ထျဲလန်ယန်ကတော့ တမင်တကာပင် နောက်ဆုံးကနေ ဖြည်းဖြည်းချင်း လိုက်လာခဲ့သည်။
လူတိုင်း အာရုံလွဲနေခိုက် သူမသည် တောဟင်းသီးဟင်းရွက်များနှင့် ဆေးဖက်ဝင်အပင်များကို သူမ၏ နေရာလွတ်ထဲသို့ ထည့်လိုက်သည်။
ဘာပဲဖြစ်ဖြစ် သူမ၏ နေရာလွတ်က အကျယ်ကြီးမို့ အလကားရတာမှန်သမျှ သိမ်းဆည်းထားခြင်းက တန်သည်။
တောအုပ်အလယ်ပိုင်းသို့ ရောက်သောအခါ ကံကောင်းခြင်းနတ်သမီး အမှန်တကယ် ရောက်ရှိလာတော့သည်။
မလှမ်းမကမ်းရှိ မြစ်ကမ်းနားတွင် ၀ဖြိုးလှသည့် တောဝက်ကြီးတစ်ကောင် ရေသောက်နေသည်။
ဟန်ခယ်အာ၏ မျက်လုံးများမှာ ချက်ချင်း အရောင်တောက်သွားခဲ့သည်။ "ဘုရားရေ... တောဝက်ကြီးပဲ၊ တော်တော်ကြီးတာပဲ။"
ကိုယ်ထည်က ကြီးရုံတင်မကဘဲ အလျား နှစ်မီတာခန့်ရှိပြီး အလေးချိန် ၃၀၀ ကီလိုဂရမ်ခန့် ရှိမည်ဟု ခန့်မှန်းရသည်။
အကယ်၍ ဤတောဝက်ကိုသာ အမိဖမ်းနိုင်လျှင် အချိန်အတော်ကြာ စားနပ်ရိက္ခာ ဖူလုံသွားမည်ဖြစ်သည်။
တစ်ရွာလုံးကလည်း သူတို့ကို ကျေးဇူးတင်ကြလိမ့်မည်။
စိတ်လှုပ်ရှားမှုများက ဟန်ခယ်အာ၏ ဦးနှောက်ထဲသို့ လွှမ်းမိုးသွားခဲ့သည်။
သူမသည် ထိုတောဝက်ကို ဖမ်းမည်ဟု ချက်ချင်းပင် ကြေညာလိုက်တော့သည်။
တောဝက်ကြီးမှာ မာကြောသည့် အမွေးမည်းများဖြင့် ဖုံးလွှမ်းနေပြီး ပါးစပ်မှ အစွယ်ရှည်နှစ်ချောင်း ထွက်နေကာ ကြည့်ရသည်မှာ အတော်ပင် ကြောက်စရာကောင်းသည်။
ပိုင်ရန်ရန်က ကြောက်ရွံ့စွာဖြင့် ပြောလိုက်သည်။"ဒီတောဝက်ကြီးက ကြည့်ရတာ အရမ်းကြမ်းမယ့်ပုံပဲ၊ ငါ စိုးရိမ်တယ်..."
"ဘာကြောက်နေတာလဲ၊ ငါတို့ လူတွေအများကြီးပဲဟာကို၊ တောဝက်တစ်ကောင်တည်းကို မနိုင်ဘဲ နေမလား။"
ချန်ဟွိုက်ကျင်းကတော့ ဝက်သားစားရဖို့ကိုပဲ တွေးနေပြီး မဖမ်းနိုင်ဘဲ ပြန်အန္တရာယ်ပြုခံရမည့် အခြေအနေကို လုံးဝ ထည့်မတွေးပေ။
"ဒီမှာ အကဲခတ်ဖို့ လူအနည်းငယ် ထားခဲ့ပြီး ကျန်တဲ့လူတွေက ရွာကိုပြန်ပြီး အကူအညီသွားတောင်းရင် ပိုစိတ်ချရမယ် ထင်တယ်။"
ဝမ်လန်ကတော့ အသိဉာဏ်ရှိဆုံးလူပီပီ အကျိုးအကြောင်းပြ၍ ပြောလိုက်သည်။
ချန်ဟွိုက်ကျင်း - "မဖြစ်ဘူး။ တောဝက်ကြီး ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ။ အခုချက်ချင်းပဲ ဖမ်းရမယ်။"
ယွီချင်းချုံ၏ မျက်ဝန်းများ ဝေ့ဝဲသွားကာ သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ "ငါလည်း အဲဒီလိုပဲ ထင်တယ်။"
တကယ်တော့ သူမသည် ထိုတောဝက်ကြီး ရူးသွပ်သွားမည်ကိုသာ မျှော်လင့်နေခြင်းဖြစ်သည်။
ဒါမှသာ ထိုလူယုတ်မာနှစ်ယောက်ကို ဝက်နဲ့တိုက်သတ်ပြီး တစ်ခါတည်း အပြတ်ရှင်းပစ်နိုင်မည် မဟုတ်ပါလား။
ဝမ်ကျွင်းကျွင်းက ဘာမှမပြောဘဲ ထျဲလန်ယန်ကိုသာ စိုက်ကြည့်နေသည်။
မြွေကိုတောင် ဖမ်းရဲသည့် ထျဲလန်ယန်ကဲ့သို့ လူမျိုးကတော့ ကြောက်မည်မဟုတ်ဟု သူထင်နေသည်။
သို့သော် သူကြားလိုက်ရသည့် အဖြေက လုံးဝ ခြားနားနေသည်။
"ဒီပျော်စရာမှာ ကျွန်မမပါဝင်ဘူး၊ ရှင်တို့သွားပြီး ဖမ်းလိုက်ကြ"
မဖြစ်နိုင်တာ၊ သူမကတော့ သူတို့နဲ့အတူ အသေခံမည်မဟုတ်ပေ။
တောဝက်ဆိုသည်မှာ ဒေါသထွက်လာလျှင် တော၏ဘုရင်ဖြစ်သည် ကျားပင်လျှင် ယှဉ်နိုင်ဖို့ ခဲယဉ်းသည်။
အတတ်ပညာရှိသည့် ဝမ်လန်မှအပ ကျန်တဲ့လူတွေအားလုံးက အားနွဲ့သူတွေသာ ဖြစ်သည်။
တောဝက်ကြီးသာ တစ်ချက်ဝှေ့လိုက်လျှင် သေလျှင်သေ၊ မသေလျှင် ဒုက္ခိတဖြစ်သွားနိုင်သည့် အလွန်အန္တရာယ်များသော အခြေအနေဖြစ်သည်။
အကယ်၍ ထျဲလန်ယန် တစ်ယောက်တည်းသာဆိုလျှင် သူမ၏ နေရာလွတ်ထဲရှိ ကိရိယာများနှင့် သူမ၏ အရည်အချင်းကြောင့် အခွင့်အရေးရှိကောင်း ရှိနိုင်လိမ့်မည်။
သို့သော် ဤလူစုထဲတွင် ရောပါနေခြင်းကတော့ မျှော်လင့်ချက်မရှိရုံတင်မကဘဲ ဘေးဒုက္ခပါ ဖိတ်ခေါ်သလို ဖြစ်နေမည်။
ထျဲလန်ယန် ငြင်းဆိုသည်ကို ကြားသောအခါ ဟန်ခယ်အာက နှာခေါင်းရှုံ့လိုက်သည်။
"ဟွန့်... သူရဲဘောကြောင်လိုက်တာ။ ငါတို့ တောဝက်မိရင်တော့ နင် တစ်ကိုက်တောင် မစားရဘူးနော်။"
ထျဲလန်ယန် လှောင်ပြုံးပြုံးလိုက်သည်။ "အရင်မိအောင် ဖမ်းနိုင်ဖို့ပဲ ကြိုးစားပါဦး။"
ဟန်ခယ်အာက ကဲ့ရဲ့စွာ ပြောလိုက်သည်။ "ရယ်ရလိုက်တာ၊ ကြောက်တတ်တဲ့လူက ကြောက်တတ်တာပဲ။ နင် ဘာလုပ်လုပ် အဲဒီအချက်ကိုတော့ ပြောင်းလဲလို့ ရမှာမဟုတ်ဘူး။"
"ဪ... ဟုတ်လား။"
ထျဲလန်ယန်၏ မျက်လုံးများ အေးစက်သွားကာ သူမ၏ ပါးကို ဖြတ်ခနဲ ရိုက်ချလိုက်သည်။
"အခု ငါ နင့်ကို ရိုက်လိုက်ပြီလေ၊ ပြန်ရိုက်ရဲလား။"
တောက်... ဒီမိန်းမက တကယ်ကို နားငြီးဖို့ကောင်းပြီး တတွတ်တွတ်နဲ့ စိတ်ရှုပ်စရာ ကောင်းလွန်းသည်။
ကံတရားရဲ့ သက်ရောက်မှုကိုသာ မစိုးရိမ်လျှင် သူမ ဟန်ခယ်အာကို စောစောစီးစီးကတည်းက ရိုက်နှက်လိုက်ပြီးသား ဖြစ်လိမ့်မည်။
အခုတော့ သူမ ထိန်းမထားနိုင်တော့တာကြောင့် ဘာဖြစ်ဖြစ် ဂရုမစိုက်တော့ပေ။
ဟန်ခယ်အာသည် ပါးရိုက်ခံလိုက်ရသဖြင့် ကြောင်သွားပြီး သတိဝင်လာသည်နှင့် ထျဲလန်ယန်ကို အတင်း ခုန်အုပ်တော့သည်။
"နင် ငါ့ကို ရိုက်ရဲတယ်ပေါ့လေ။ နင်နဲ့ ငါတော့ အသေအကျေပဲ။"
"ထွက်သွားစမ်း။"
ထျဲလန်ယန်သည် လက်ကို အိတ်ကပ်ထဲထည့်ကာ မောက်မာသည့် အရှိန်အဝါဖြင့် သူမ၏ ရင်ဘတ်ကို လှမ်းကန်လိုက်သည်။
ဟန်ခယ်အာသည် မြေပြင်ပေါ်သို့ ဘုန်းကနဲ လဲကျသွားကာ တလိမ့်ခေါက်ကွေး ဖြစ်သွားတော့သည်။
ကျန်တဲ့လူတွေအားလုံး ဆွံ့အသွားကြသည်။
အမြဲတမ်း အေးအေးဆေးဆေးနေတတ်သည့် ထျဲလန်ယန်တွင် ဤကဲ့သို့သော အရှိန်အဝါမျိုး ရှိနေလိမ့်မည်ဟု သူတို့ မယုံနိုင်ကြပေ။
သူမ၏ ပုံစံက... တကယ်ကို ကြောက်စရာကောင်းလှသည်။
ဝမ်လန်နှင့် ချန်ဟွိုက်ကျင်းတို့က ထျဲလန်ယန်ကို သိပ်မသိသဖြင့် ထွေထွေထူးထူး မတွေးမိကြပေ။
ပိုင်ရန်ရန်၏ မျက်လုံးများ ကစားသွားကာ သူမ ထျဲလန်ယန်ကို စော်ကားမိတာရှိလားဟု ချက်ချင်း ပြန်စဉ်းစားနေမိသည်။
တကယ်လို့ ရှိခဲ့ရင်တောင် အူကြောင်ကြောင် ဟန်ခယ်အာကို ခိုင်းခဲ့တာဆိုတော့ သူမနဲ့တော့ မဆိုင်ဘူးဟု တွေးလိုက်သည်။
ဇာတ်လိုက်မ ယွီချင်းချုံကတော့ အအံ့သြဆုံးပင် ဖြစ်နေသည်။
အရင်က ထျဲလန်ယန်ကို သူမအုပ်စုထဲ ဆွဲသွင်းဖို့ ကြိုးစားခဲ့တာတွေကို သတိရပြီး ရှက်သလိုလို ဖြစ်သွားသည်။
ထျဲလန်ယန် သူမကို လက်မခံခဲ့တာ မဆန်းတော့ပေ။
ဖော်ရွေဟန်ရှိသည့် သူမ၏ အပြင်ပန်းသဏ္ဌာန်နောက်ကွယ်တွင် ရဲတင်းမောက်မာသည့် သဘာဝတစ်ခု ရှိနေခဲ့သည်ကိုး။
ပွဲကြည့်ဝါသနာပါသည့် ဝမ်ကျွင်းကျွင်း၏ မျက်လုံးများကတော့ တောက်ပနေသည်။
ဘုရားရေ... အစ်မယန် ချတဲ့ပုံစံက အရမ်းမိုက်တာပဲ၊ သူ သဘောကျသွားပြီ။
ဒေါသထွက်နေသည့် ဟန်ခယ်အာသည် ပိုင်ရန်ရန်၏ အကူအညီဖြင့် ထလာကာ ထျဲလန်ယန်ကို ထပ်မံ တိုက်ခိုက်ရန် ပြင်လိုက်သည်။
ထျဲလန်ယန်က စကားတစ်ခွန်းတည်းဖြင့် သူမကို တားဆီးလိုက်သည်။
"နင်သာ ဆက်ပြီး ဆူညံနေရင်တော့ နင် သဲသဲလှုပ်ဖြစ်နေတဲ့ တောဝက်ကြီး ထွက်ပြေးသွားလိမ့်မယ်။"
မြစ်နားက တောဝက်ကြီးသည် တစ်စုံတစ်ခုကို ကြားလိုက်ရသလို ခေါင်းကို ဟိုကြည့်ဒီကြည့် လုပ်နေသည်။
ဟန်ခယ်အာ အံကြိတ်လိုက်သည်။ "နင်နဲ့ ငါနဲ့ နောက်မှ ရှင်းကြတာပေါ့။"
ထျဲလန်ယန်က သူမကို လျစ်လျူရှုကာ ဝမ်ကျွင်းကျွင်းဆီ လျှောက်သွားခဲ့သည်။ "နင် ငါနဲ့အတူ ပြန်မလား။"
"ဟို... အစ်မယန်..."
ဝမ်ကျွင်းကျွင်းက ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ထားခဲ့သည်။
သူ့အပြုအမူက အဖြေကို သိသာစေသည်။
သူ တကယ်ကို အသားစားချင်နေသည်။
နေ့တိုင်း ဆန်ပြုတ်နဲ့ ဟင်းသီးဟင်းရွက်တွေပဲ စားနေရသဖြင့် သူ့ပါးစပ်ထဲမှာ ဘာအရသာမှ မရှိတော့ပေ။
ဒါ့အပြင် တခြားယောကျာ်းလေးတွေလည်း ရှိနေတာကြောင့် သူတစ်ယောက်တည်း ပြန်သွားဖို့ကလည်း အဆင်မပြေပေ။
ထျဲလန်ယန်က ဆက်မတိုက်တွန်းတော့ဘဲ လှည့်ထွက်လာခဲ့သည်။
သူမသည် အူကြောင်ကြောင်လူတွေ၊ အထူးသဖြင့် ကိုယ့်ကိုယ်ကိုယ် ဘေးဖြစ်အောင် လုပ်တတ်သည့် လူမိုက်တွေနှင့် မပတ်သက်ချင်ပေ။
အကယ်၍ သူမသာ ရှိနေခဲ့လျှင် အန္တရာယ်က အတော်လေး လျော့နည်းသွားမည် ဖြစ်သော်လည်း…
သူမ ဘာကြောင့် သူတို့ကို ကယ်ရမှာလဲ။
သူတို့က သူမရဲ့ အကြံဉာဏ်ကိုမှ နားမထောင်တာ၊ သူတို့ဘာသာသူတို့ ဖြစ်ချင်ရာဖြစ်ပါစေတော့။
ထျဲလန်ယန် ထွက်သွားတော့မည်ကို မြင်သောအခါ ဝမ်ကျွင်းကျွင်းက အလောတကြီး လှမ်းပြောခဲ့သည်။
"အစ်မယန်... ကျွန်တော်တို့နဲ့ပဲ နေပါဦး၊ တစ်ယောက်တည်း ပြန်သွားရတာ မလုံခြုံပါဘူး။"
"မဟုတ်ဘူး၊ နင် မှားနေပြီ။"
ထျဲလန်ယန်က သူ့ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။
"နင်တို့နဲ့ အတူရှိနေတာကမှ အန္တရာယ်အရှိဆုံးပဲ။"
ဝမ်ကျွင်းကျွင်းသည် သူမ၏ အကြည့်ကြောင့် ကြောက်လန့်သွားခဲ့သည်။
သူ တစ်ခုခုပြောဖို့ ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင်တော့ သူမ ထွက်သွားသည်ကို ငေးကြည့်နေမိတော့သည်။
……
ထျဲလန်ယန်သည် လာလမ်းအတိုင်း ပြန်လှည့်လာကာ လမ်းတစ်လျှောက် တောထဲမှ ပစ္စည်းအချို့ကို ထပ်မံ သိမ်းဆည်းလာခဲ့သည်။
သို့သော် နာရီဝက်ခန့်အကြာတွင်…
သူမ၏ဘေးရှိ ချုံပုတ်ထဲမှ နောက်ထပ် တောဝက်တစ်ကောင် ထွက်လာသည်။
ဒီတောဝက်က အရင်တွေ့ခဲ့တဲ့တစ်ကောင်ထက် ပိုငယ်သည်။
သို့သော် မျက်လုံးများက သွေးရောင်လွှမ်းနေပြီး တံတွေးများ တစိုစိုနှင့် "ဟမ့် ဟမ့်" ဟု အသံပြုနေပုံမှာ အခြေအနေမကောင်းမှန်း သိသာလှသည်။
တစ်နေရာရာမှာ အဆွခံလိုက်ရတာ သို့မဟုတ် အဆိပ်ရှိတဲ့ မြက်တစ်မျိုးမျိုး စားမိတာ ဖြစ်နိုင်သည်။
ထျဲလန်ယန် စဉ်းစားနေဖို့ အချိန်မရှိပေ၊ တောဝက်ကြီးက သူမဆီသို့ ပြင်းထန်စွာ ပြေးဝင်လာတော့သည်။
၎င်း၏ ခြေထောက်များက မြေပြင်ကို ယက်ကာ ဖုန်တလုံးလုံး ထနေသည်။
ထျဲလန်ယန် လျင်မြန်စွာပင် ဘေးသို့ ရှောင်လိုက်သည်။
ခါးတွင် အမြဲဆောင်ထားသည့် မြှောင်ဦးကို ဆွဲထုတ်ကာ တောဝက်၏ နံဘေးကို လှမ်းခုတ်လိုက်သည်။
"အွင့်... အွင့်... အွင့်။"
ထက်လှသည့် ဓားမြှောင်က တောဝက်၏ ကိုယ်ထည်ပေါ်တွင် သွေးချင်းချင်းနီသည့် အပေါက်ကြီးတစ်ခု ဖြစ်သွားစေခဲ့သည်။
တောဝက်ကြီးက ဝက်သံပေးကာ အော်ဟစ်တော့သည်။
ပြင်းထန်သည့် သွေးညှီနံ့က သူမ၏ နှာခေါင်းထဲသို့ တိုးဝင်လာသည်။
"အာ..."
"ဝက်ကြီးရေ... နင် သွားမတိုက်တာ ဘယ်လောက်တောင် ကြာပြီလဲ။"
ထျဲလန်ယန် အန်ချင်စိတ်တောင် ပေါက်သွားခဲ့သည်။
သူမ အံကြိတ်ကာ မြေပြင်ပေါ်တွင် လိမ့်လိုက်ပြီး ဝက်၏ ဗိုက်သားကို ထပ်မံ လှီးဖြတ်လိုက်ပြန်သည်။
သူမအနေနဲ့ သူမရဲ့ နေရာလွတ်ထဲကို ဝင်ပြေးလို့ ရသော်လည်း…
အခုတော့ စိတ်ကူးပြောင်းသွားပြီ။
ဒီဝက်ကို ဖမ်းပြီးရင် သူမရဲ့ နေရာလွတ်ထဲမှာ တောဝက်သား အဝစားပွဲ လုပ်ပစ်မည်။
ဘယ်သူက သူ့ကို ပါးစပ်ဒီလောက် နံခိုင်းလို့လဲ၊ သူမတောင် မေ့လဲမတတ် ဖြစ်သွားရသည်။
ထျဲလန်ယန်က ခြေထောက်မှ နောက်ထပ် ဓားမြှောင်တစ်ချောင်းကို ထပ်ထုတ်လိုက်သည်။
ဓားမြှောင်နှစ်ချောင်းသည် သူမ၏လက်ထဲတွင် ကျွမ်းကျင်စွာ လည်ပတ်နေပြီး သတ်ဖြတ်လိုသည့် အရှိန်အဝါများ ပြည့်နှက်နေတော့သည်။
ထိုအချိန်မှာပင်။
စုန့်ပိုင်ယွမ်သည် အနီးအနားတွင် တောကြက်တစ်ကောင် ဖမ်းမိပြီးကာစတွင် ရှေ့မှ ဆူညံသံများကို ကြားလိုက်ရသည်။
သူ၏ မျက်နှာက တည်ကြည်သွားကာ အသံလာရာဆီသို့ အရှိန်အဟုန်ဖြင့် လျှောက်သွားလိုက်သည်။
သူသည် ပိတ်ဆို့နေသည့် သစ်ရွက်များကို ဖယ်လိုက်သောအခါ ရှေ့က မြင်ကွင်းကို မြင်လိုက်ရသည်။
စုန့်ပိုင်ယွမ်တစ်ယောက် နေရာမှာတင် ဆွံ့အသွားတော့သည်။
မလှမ်းမကမ်းတွင် မိန်းကလေးတစ်ဦးသည် တောဝက်တစ်ကောင်နှင့် အပြင်းအထန် တိုက်ခိုက်နေသည်။
မိန်းကလေးမှာ သွေးများဖြင့် စိုရွှဲနေပြီး လက်ထဲတွင် ဓားမြှောင်နှစ်ချောင်းကို ကိုင်ထားကာ သူမ၏ လှုပ်ရှားမှုများက သွက်လက်ကျွမ်းကျင်လွန်းလှသည်။
မကြာမီမှာပင် သူမက အသာစီးရလာပြီး တောဝက်၏ ကျောပေါ်သို့ ခွစီးကာ အဆက်မပြတ် ထိုးနှက်တော့သည်။
တောဝက်ကြီးမှာ ဓားမြှောင်ရာတွေ ဗရပွနှင့် နာကျင်လွန်းသဖြင့် ခေါင်းကို ရမ်းခါကာ အော်ဟစ်ပြေးလွှားနေတော့သည်။
မိန်းကလေးနှင့် ဝက်ကြီးသည် ကျောက်ဆောင်ကြီးတစ်ခုကို ဝင်တိုက်တော့မည့် အခြေအနေတွင် သူမက ဝက်ကျောပေါ်မှ လျင်မြန်စွာ လိမ့်ဆင်းလိုက်သည်။
တောဝက်ကြီးကလည်း ချက်ချင်းရပ်ကာ ပြန်လှည့်လာပြီး သူမဆီသို့ ကြမ်းတမ်းစွာ ပြေးဝင်လာပြန်သည်။
လေထုထဲတွင် ကလဲ့စားချေခြင်းနှင့် သတ်ဖြတ်ခြင်း အငွေ့အသက်များ ပြည့်နှက်နေသည်။
စုန့်ပိုင်ယွမ် ကျောရိုးထဲအထိ စိမ့်တက်သွားခဲ့သည်။
သူ ကူညီရန် အပြေးထွက်သွားတော့မည့်ဆဲဆဲတွင် မိန်းကလေးက မြေပြင်ပေါ် လိမ့်ကာ ဝက်၏ အသက်အန္တရာယ်ရှိသော တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်ကို မြင်လိုက်ရသည်။
တစ်ချိန်တည်းမှာပင် သူမလက်ထဲမှ ဓားမြှောင်က တောဝက်၏ မျက်လုံးထဲသို့ တိကျစွာ စိုက်ဝင်သွားခဲ့သည်။
"အွင့်... အွင့်... အွင့်။"
တောဝက်ကြီးသည် နားကွဲမတတ် အသည်းအသန် အော်ဟစ်လိုက်တော့သည်။
မိန်းကလေးက ထိုအခွင့်အရေးကိုယူကာ ထရပ်ပြီး ဝက်၏ နောက်သို့ ပတ်သွားကာ အမြင့်သို့ ခုန်တက်လိုက်သည်။
ထက်လှသည့် ဓားမြှောင်နှစ်ချောင်းက တောဝက်၏ လည်ပင်းဆီသို့ စိုက်ဝင်သွားတော့သည်။
"ဘုန်း။"
အင်အားကုန်နေသည့် တောဝက်ကြီးသည် ခေတ္တမျှ ရုန်းကန်ပြီးနောက် ၎င်း၏ ကြီးမားသော ကိုယ်ထည်ကြီးက မြေပြင်ပေါ်သို့ ပြိုလဲကျသွားတော့သည်။
မိန်းကလေးမှာ ထိုနေရာတွင် ရပ်နေရင်း ရင်ဘတ်မှာ မောဟိုက်ကာ နိမ့်လိုက်မြင့်လိုက် ဖြစ်နေသော်လည်း သူမ၏ နှုတ်ခမ်းထောင့်တွင်တော့ အောင်နိုင်သူ၏ အပြုံးတစ်ခု ရှိနေသည်။
တောက်ပသည့် နေရောင်ခြည်က သူမအပေါ်သို့ ဖြာကျနေပြီး ရွှေရောင်အလင်းတန်းလေးတွေက သူမကို ပို၍ တောက်ပစေသည်။
ထိုအခိုက်အတန့်တွင် စုန့်ပိုင်ယွမ်၏ နှလုံးသားသည် စည်တီးသကဲ့သို့ တဒိတ်ဒိတ် ခုန်နေပြီး လုံးဝ တည်ငြိမ်၍ မရနိုင်တော့ပေ....